အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း (၁၈၁) -ကြီးမားသော ရိတ်သိမ်းမှုနှင့် ယွင်ကျန်းဂိုဏ်း၏ ကစဉ့်ကလျား ဖြစ်ရပ်များ (အပိုင်း ၃)
~သို့သော်လည်း ဝိညာဉ်အမြစ် (၄) မျိုးစလုံးကို တစ်ပြိုင်နက်တည်း လေ့ကျင့်ရသည့်အတွက် အရင်းအမြစ် ကုန်ကျစရိတ်သည် စုယွီ စိတ်ကူးထားသည်ထက်ပင် အဆမတန် များပြားလွန်းလှပေသည်။ ကြောက်ခမန်းလိလိပင်။
တစ်နှစ်အတွင်းမှာပင် ရေခဲမီးပုလဲထဲက စွမ်းအား (၁၀) ပုံ (၁) ပုံခန့် ကုန်ခမ်းသွားခဲ့ရလေတော့၏။
ဒါတင်မကသေးပေ။ နေ့စဉ် ကျင့်ကြံရန်အတွက် သူသည် "ဒုတိယအဆင့် အစပျိုးဆေးလုံး" အဆင့်မြင့် (၄) လုံးခန့် သောက်သုံးရသည်။ ၎င်းသည် ဆေးလုံးတစ်သုတ်စာ ကုန်ကျစရိတ်နှင့် ညီမျှနေ၏။ ထို့အပြင် သဘာဝ ဝိညာဉ်စွမ်းအင် မလုံလောက်မှုအား ဖြည့်တင်းရန်အတွက် "အဆင့်လတ် ဝိညာဉ်ကျောက်တုံး" တစ်တုံးကိုလည်း နေ့တိုင်း သုံးစွဲရသေးသည်။
အားလုံး ပေါင်းလိုက်မည် ဆိုပါက... လွန်ခဲ့သော တစ်နှစ်အတွင်း သူ့တစ်ယောက်တည်း သုံးစွဲလိုက်သည့် အရင်းအမြစ် စုစုပေါင်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆၀,၀၀၀) ကျော်သွားခဲ့လေတော့၏။
'အိုး ရှစ်... ငါ မွဲတော့မှာပဲ'
ပြန်တွေးကြည့်တော့မှ စုယွီ ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ သေချာ တွက်ချက်ကြည့်လိုက်တော့မှ ဤမျှလောက် များပြားနေမှန်း သိလိုက်ရသောကြောင့် ဖြစ်၏။
ဒါတောင် ဝိညာဉ်အမြစ် (၄) ခုတည်း ရှိသေး၍ ဖြစ်၏။ တကယ်လို့များ ဓာတ်ကြီးငါးပါးစလုံးသာ တပြိုင်တည်း ကျင့်ကြံရမည် ဆိုပါက... တွေးတောင် မတွေးရဲစရာပင်။
'ကံကောင်းလို့ ငါ့ရုပ်သေးက ဆိုင်ဖွင့်ထားလို့ပေါ့... တာ့ယွဲ့တောင်တန်းက လူစည်ကားမှုနဲ့ အခွင့်အလမ်းတွေကြောင့် တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ကနေ (၂၀,၀၀၀) လောက် ဝင်ငွေရှိနေတာ... မဟုတ်ရင် အပြင်မှာ ကျင့်ကြံရတဲ့ စရိတ်နဲ့တင် ငါ ခွက်ဆွဲရလောက်ပြီ'
စုယွီ သက်ပြင်းချရင်း ဖြေသိမ့်လိုက်ရသည်။
သူ၏ စိတ်အာရုံကို ကျွမ်းကျင်မှု မျက်နှာပြင် ဆီသို့ ပို့လွှတ်လိုက်ရာ ရေခဲနှင့် မီး သိုင်းကွက်များ အားလုံးသည် လွန်ခဲ့သော တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိရသည်။
အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်အတွက် တရားဝင် ကျင့်စဉ်တစ်ခု ဖန်တီးနိုင်သည့် အချိန်လောက်ဆိုလျှင် ဤသိုင်းကွက်များသည် အမြင့်ဆုံး ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားလောက်ပြီ ဖြစ်၏။
အမြင့်ဆုံး ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသော သိုင်းကွက်တစ်ခု၏ အမြန်နှုန်းနှင့် စွမ်းအား ဆိုသည်မှာ သာမန်လူတို့ လိုက်မှီနိုင်သည့်အရာ မဟုတ်တော့ချေ။
"ဟူး..."
စုယွီသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်၏။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု သူ့ထံမှ ဖြာထွက်လာ၏။ ဓာတ်သဘာဝ (၄) မျိုးစလုံး ရောထွေးနေသော အရှိန်အဝါကြီး ဖြစ်ပေသည်။ သာမန်လူတစ်ဦးသာ ဤကဲ့သို့ ဝိညာဉ်အမြစ် (၄) မျိုးကို တပြိုင်တည်း ကျင့်ကြံမည် ဆိုပါက သူ၏ ဘဝတစ်ခုလုံး အလဟဿ ဖြုန်းတီးပစ်လိုက်သကဲ့သို့ ဖြစ်သွားမည်မှာ သေချာလှသည်။
သို့သော် စုယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မတူညီသည့် အရှိန်အဝါ (၄) ခုမှာမူ ထူးဆန်းစွာပင် ငြိမ်သက်ပြီး ဟန်ချက်ညီနေသည်။
ကျွမ်းကျင်မှု မျက်နှာပြင်၏ အကူအညီဖြင့် သူသည် အစီအစဉ်အတိုင်း တိတိကျကျ လိုက်နာရုံသာ ဖြစ်၏။ ကျင့်စဉ် ကျွမ်းကျင်မှုများသည် တဖြည်းဖြည်း တိုးတက်လာပြီး ယခင်ကနှင့် ဘာမှ မကွာခြားလှပေ။
အခြားသော ဝိညာဉ်အမြစ်များ၏ အနှောင့်အယှက် ပေးခြင်းကို လုံးဝ မခံရချေ။
"ဝီ..."
နောက်တစ်ခဏတွင် စုယွီ၏ ဒန်တျန် အတွင်းရှိ အဆင့်နိမ့် မှော်ရတနာ "ရေခဲမီးပုလဲ" သည် တုန်ခါသွားသည်။ ချက်ချင်းဆိုသလိုပင် "ကောင်းကင်နှင်းခဲကျဆင်းခြင်း" နှင့် "ဖီးနစ်နိဗ္ဗာန် သိုင်းကျမ်း" တို့၏ အရှိန်အဝါများသည် လုံးဝ ပြန်လည် ရုပ်သိမ်းသွားပြီး ဒန်တျန်ကို ကာကွယ်ထားလိုက်ကြသည်။ ရေခဲမီး ချီ စွမ်းအင် များ အပြင်သို့ မထွက်နိုင်အောင် ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်၏။
ဤသို့ဖြင့် စုယွီသည် မြေနှင့် သစ်သား အရှိန်အဝါ နှစ်မျိုးတည်းသာ ကျန်ရစ်ပြီး ပုံမှန် ကျင့်ကြံသူတစ်ဦးကဲ့သို့ ဖြစ်သွားပါတော့၏။
သို့သော် ဤ ရိုးရှင်းသော ဓာတ်သဘာဝ နှစ်မျိုး ချီ စွမ်းအင် ကပင် သာမန် အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် ကျင့်ကြံသူများထက် အများကြီး ပိုကြောက်စရာကောင်းပြီး ပိုသန်စွမ်းနေပြီ ဖြစ်၏။
တံခါးပိတ် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်၏။
ဤတစ်ခေါက် စုယွီသည် လျှို့ဝှက်ခန်းထဲတွင် လဝက်ခန့် နေထိုင်ခဲ့သည်။ အားလပ်ချိန် တစ်ဝက်ခန့်ကို အဆောင်ရေးဆွဲသည့် နေရာတွင် အသုံးပြုပြီး၊ ကျန်ရှိသော အချိန်ကိုတော့ "ရေခဲမီး လျှို့ဝှက်ကျင့်စဉ်" ၏ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်စဉ်ကို ဖန်တီးရန် စဉ်းစားသုံးသပ်ရင်း ကုန်ဆုံးခဲ့ခြင်း ဖြစ်၏။ အရာအားလုံးသည် ချောမွေ့နေခဲ့ပါ၏။
အခန်းထဲမှ ထွက်လာပြီး ခြံဝင်းထဲ ရောက်သောအခါ နေ့လယ်ခင်းပင် ရောက်နေပါတော့၏။
နေဝင်ရီတရော ရွှေရောင် အလင်းတန်းများသည် ခြံဝင်းထဲသို့ ဖြာကျနေသည်။ သူ ဝေ့ဝဲကြည့်လိုက်ရာ မည်သူ့ကိုမျှ မတွေ့ရချေ။
နားရွက်ကို အနည်းငယ် လှုပ်လိုက်ပြီးနောက် စုယွီသည် အိမ်ရှေ့ ခြံဝင်းဘက်သို့ ထွက်လာခဲ့လိုက်၏။
ထိုနေရာသို့ ရောက်သောအခါ ယွီလင်းဖုန်း နှင့် ယွီခယ်အာ တို့ စကားပြောနေကြသည်ကို တွေ့ရသည်။ စုယွီ ထွက်လာသည်ကို မြင်သောအခါ ယွီလင်းဖုန်းက ဝမ်းသာအားရ အော်ပြောလိုက်၏။
"သခင်လေး... တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီလား... တော်သေးတာပေါ့ဗျာ"
စုယွီက အနားသို့ လျှောက်သွားပြီး သံသယဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
ယွီလင်းဖုန်းက စိုးရိမ်သော ပုံစံဖြင့် ပြန်ဖြေလိုက်၏။
"သခင်လေး မွေးထားတဲ့ ရေခဲကြေးခွံ ငါးဘုရင် လေ... ဒီရက်ပိုင်း အရမ်း သောင်းကျန်းနေလို့... သခင်လေးကို တွေ့ချင်နေပုံပဲ... ကျွန်တော်က ဗိုက်ဆာတယ် ထင်လို့ သားရဲဆေးလုံးတွေ ကျွေးပေမယ့် မရဘူး... ဆက်ပြီး ရုန်းရင်းဆန်ခတ် လုပ်နေတာပဲ"
"သူက စကားလည်း မပြောတတ်၊ စာလည်း မရေးတတ်ဆိုတော့ ဘာလိုချင်မှန်း ကျွန်တော်လည်း မသိဘူး ဖြစ်နေတယ်"
ရေခဲကြေးခွံ ငါးဘုရင်...
ဒီနာမည်ကို ကြားလိုက်မှ စုယွီ ခဏလောက် ကြောင်သွားမိသည်။ ပြီးမှ သတိရသွားသည်။
'သေစမ်း... ဟုတ်သားပဲ... ငါ့မှာ အဲဒီ ငါးစုတ် ရှိသေးတာပဲ'
မေ့တောင် မေ့နေတော့၏။
"ရေခဲဝိညာဉ်ပုလဲ" ၏ မူလ ချီ စွမ်းအင် တစ်မျှင်ကို ထိုငါးထံသို့ လွှဲပြောင်းပေးခဲ့ဖူးသည်ကို သတိရသွားသောအခါ စုယွီ စိတ်ဝင်စားသွားမိသည်။
"ဟုတ်... သွားကြည့်ရအောင်ဗျ"
သူတို့သုံးယောက်သား တောင်ခြေရှိ ရေခဲကန်ငယ်လေးဆီသို့ ပျံသန်းသွားကြသည်။
လမ်းခရီးတွင်...
ယွီခယ်အာက စကားစလိုက်၏။
"အစ်မ စုဇီက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ထွက်သွားပါပြီ... ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲရဲ့ တပည့်ရင်း လော့ချန်ယွီလေ... သူ ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးနယ်မြေကနေ ပြန်ရောက်လာပြီတဲ့... ကြားတာတော့ အဲဒီမှာ ထူးခြားတဲ့ အမွေအနှစ်တစ်ခု ရခဲ့တယ် ဆိုပဲ... အပျက်အစီးနယ်မြေထဲမှာ ဖုန်းလော် စံအိမ် က အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ပါရမီရှင် တစ်ယောက်ကိုတောင် သူ ခုတ်ပိုင်း သတ်ဖြတ်ခဲ့တယ်လို့ ပြောကြတယ်"
"ဒါ့အပြင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် က နတ်မိမယ် ဖုန်းလင် ရယ်... ဆေးပညာရှင် လီမိသားစုရဲ့ သားမက် အသုံးမကျတဲ့ကောင် ရွှီချန်ချင်းရယ်... တခြားသူတွေပါ ဘေးကင်းစွာ ပြန်ရောက်လာကြပြီ... သူတို့လည်း အကျိုးအမြတ်တွေ အများကြီး ရလာပုံပဲ"
"အဲဒီနေ့က ငါ.. သူတို့ကို အဝေးကနေ လှမ်းမြင်လိုက်ရတယ်... သူတို့ရဲ့ အရှိန်အဝါတွေက ကြောက်စရာကြီးပဲ... ပါရမီရှင်များ ဆုံစည်းပွဲ တုန်းကထက် အများကြီး ပိုစွမ်းအားကြီးလာကြတယ်"
စုယွီ၏ မျက်နှာထား လေးနက်သွားသည်။ သူ အံ့ဩတကြီး မေးလိုက်မိ၏။
"တာအိုရောင်းရင်း လော့ နဲ့ နတ်မိမယ် ဖုန်းလင်တို့ ပြန်ရောက်လာကြပြီလား... သူတို့ အခု ဘယ်မှာလဲ"
ယွီခယ်အာက ပြန်ဖြေလိုက်၏။
"အစ်မ စုဇီနဲ့ တာအိုရောင်းရင်း လော့ တို့က တာ့ယွဲ့မြို့တော် ဈေးကွက်ကနေ ထွက်သွားကြပါပြီ... ယွင်ကျန်းဂိုဏ်းမှာ အရေးပေါ် ကိစ္စရှိလို့တဲ့... ဒါကြောင့် နင် ထွက်လာတာကိုတောင် မစောင့်နိုင်ဘဲ သွားကြတာ... ငါ့ကို ပြောပြထားခဲ့တယ်"
စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ ယွီခယ်အာ ပြောပြသော သတင်းကို ပြန်စဉ်းစားနေမိသည်။
လော့ချန်ယွီက ဖုန်းလော် စံအိမ်မှ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ပါရမီရှင်ကို သတ်ဖြတ်နိုင်ခဲ့သည် ဆိုသည်မှာ သေးငယ်သော ကိစ္စ မဟုတ်ပေ။
ပြီးတော့ နတ်မိမယ် ဖုန်းလင်တို့လည်း ကောင်းကင် ဖီးနစ် နန်းတော် အပျက်အစီးနယ်မြေကို သွားခဲ့ကြသည်ပဲ။ သူတို့၏ အရှိန်အဝါများ ကြောက်စရာ ကောင်းလာသည် ဆိုခြင်းကို ကြည့်လျှင် သူတို့ဘက်ကလည်း အကျိုးအမြတ်များစွာ ရလာသည်မှာ သေချာလှသည်။
'နတ်မိမယ် ဖုန်းလင်တို့ရဲ့ စွမ်းရည်တွေ ဘယ်လောက်အထိ တိုးတက်သွားကြပြီလဲ...'
စုယွီ၏ ရင်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ဝင်ရောက်လာသည်။ ဤ ပါရမီရှင်များကို လျှော့တွက်၍ မရချေ။ သူ ဒီမှာနေပြီး အခွင့်အလမ်းတချို့ ရရှိခဲ့သလိုပင်၊ လော့ချန်ယွီတို့၊ နတ်မိမယ် ဖုန်းလင်တို့သည်လည်း ငြိမ်နေကြသည် မဟုတ်ကြောင်း ထင်ရှားနေလေတော့၏။
"ဝှစ်... ဝှစ်... ဝှစ်..."
မြူခိုးများ ဝေနေသော တောအုပ်ထဲတွင် စိမ်းပြာရောင် ဝတ်ရုံနှင့် လူငယ်တစ်ဦး ပျံသန်းသွားနေသည်။
သူ၏ ပုံသဏ္ဌာန်သည် လေပြေညင်းလေးပမာ ပေါ့ပါး လွတ်လပ်နေပြီး၊ ဆံပင်ရှည်များ လွင့်ပျံနေပုံမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သား တစ်ပါးအလားပင်။
အခန်း (၁၈၂) - ကြီးမားသော ရိတ်သိမ်းမှုနှင့် ယွင်ကျန်းဂိုဏ်း၏ ကစဉ့်ကလျား ဖြစ်ရပ်များ (အပိုင်း ၄)
~အနက်ရောင် ပိုးသား ဂါဝန်အဆင့်မြင့်ကို ဝတ်ဆင်ထားပြီး၊ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာ ကောက်ကြောင်းများ ပေါ်လွင်နေသည့် ရင့်ကျက်သော အမျိုးသမီး တစ်ဦးသည် လူငယ်၏ နောက်မှ နေ၍ ခပ်သွက်သွက် လိုက်ပါလာလေ၏။
သူတို့၏ အနောက်ဘက်တွင်မူ... ဆံပင်ဖြူ အဘိုးအို တစ်ဦးသည် ရှိသမျှ ချီ စွမ်းအင်ကို အစွမ်းကုန်ထုတ်သုံး၍ လိုက်ပါလာရင်း အမောတကြီး အော်ဟစ်နေသည်။
"သခင်လေး... သခင်မလေး... နေကြပါဦးဗျ... ခြေထောက်နာ အဘိုးကြီးကိုလည်း ငဲ့ကြပါဦးဗျာ..."
နောက်ဆုံးတွင် အဘိုးအိုသည် သူတို့နှစ်ဦးကို လိုက်မီသွားပြီး၊ လူသုံးယောက်စလုံးသည် တောင်ခြေရှိ ရေခဲကန်ငယ်လေး၏ ဘေးသို့ ဆင်းသက်လိုက်ကြသည်။
"ဗွမ်း..."
နောက်တစ်ခဏတွင် ရေခဲကန်၏ မျက်နှာပြင် ကွဲအက်သွားပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော ဧရာမ ငါးမိစ္ဆာကြီး တစ်ကောင် ခုန်ထွက်လာသည်။ ၎င်း၏ ကိုယ်ခန္ဓာသည် ပေ (၂၀) ကျော် ရှည်လျားပြီး၊ ထွက်ပေါ်လာသော အရှိန်အဝါသည် ဒုတိယအဆင့် အလယ်အလတ် သားရဲ တစ်ကောင်နှင့် ညီမျှနေလေ၏။
၎င်းကတော့ ရေခဲကန်ကို စောင့်ရှောက်နေသော "ရေခဲကြေးခွံ ငါးဘုရင်" ပင် ဖြစ်ချေသည်။
ငါးဘုရင်ကြီး၏ အရှိန်အဝါကို ခံစားမိလိုက်သောအခါ စုယွီ အံ့အားသင့်သွားရသည်။
'ဟင်... ဒီကောင်ကြီး တကယ်ပဲ သွေးမျိုးဆက် ကန့်သတ်ချက် ကို ကျော်ဖြတ်ပြီး ဒုတိယအဆင့် သားရဲ ဖြစ်သွားတာလား'
ကန်ထဲရှိ အခြားသော ရေခဲကြေးခွံငါးများမှာ ပထမအဆင့် အဆင့်နိမ့်၊ အလယ်အလတ်လောက်နှင့် ညီမျှသည့် သာမန် ဝိညာဉ်သတ္တဝါများသာ ဖြစ်ကြ၏။ ငါးဘုရင်ကြီးသည် ပထမအဆင့် အထွတ်အထိပ် သို့ ရောက်ရှိလာပြီး ကန်ထဲရှိ ငါးများ၏ ဘုရင် ဖြစ်လာခြင်းသည်ပင် စုယွီ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
ယခုမူ ငါးဘုရင်ကြီး၏ ကန့်သတ်ချက်သည် ဤနေရာတွင် ရပ်တန့်မနေဘဲ ယခင်ကထက် အဆမတန် ပိုမို သန်မာလာခဲ့ပါတော့၏။
ငါးဘုရင်ကြီးသည် ရေထဲမှ ခုန်ထွက်လာပြီး စုယွီ၏ ဘေးသို့ ရောက်ရှိလာသည်။ ထူးဆန်းသော အသံများ ပြုလုပ်ရင်း ရေယက်များကို ပုတ်ခတ်ကာ ပျော်ရွှင်နေပုံ ရလေ၏။ ထို့နောက် စုယွီကို နောက်တစ်ကြိမ် ထပ်မံ အော်ခေါ်ပြီး ရေထဲသို့ ပြန်ငုပ်သွားတော့၏။
သခင်ဖြစ်သူ စုယွီ၏ စိတ်ထဲတွင်မူ ၎င်း၏ အဓိပ္ပာယ်ကို လွယ်ကူစွာပင် နားလည်လိုက်၏။
'ဂူထဲမှာ ရတနာအသစ် ပေါ်လာပြီ... လိုက်ခဲ့ပြီး ကြည့်ပေးပါဦးတဲ့'
"ရတနာအသစ်..."
စုယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။ သူသည် ယွီခယ်အာကို လှည့်ကြည့်ပြီး ပြောလိုက်လေ၏။
"ငါ အောက်ဆင်းပြီး သွားကြည့်လိုက်ဦးမယ်"
"ရွှစ်..."
"ဗွမ်း..."
စုယွီသည် ယင်ယန် ကိုယ်ဖော့ပညာ ၏ ရေကြောင်း ကိုယ်ဖော့ပညာကို အသုံးပြုပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ငါးဘုရင်ကြီးကို အမီလိုက်သွားသည်။ သို့သော် နောက်တစ်ခဏတွင် ငါးဘုရင်ကြီးသည် ရေငုပ်နှုန်းကို နှစ်ဆခန့် တင်လိုက်ပြီး သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားလေတော့၏။
စုယွီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
'ဒါ ဘယ်လို နတ်ဘုရား အမြန်နှုန်းကြီးလဲဟ'
သေချာ ပြန်လည် စဉ်းစားကြည့်လိုက်မှသာ ငါးဘုရင်ကြီး၏ ရေထဲမှ အမြန်နှုန်းသည် အခြေခံတည်ဆောက်ခြင်း အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး ရေကြောင်း ကိုယ်ဖော့ပညာ အသုံးပြုသည်နှင့် တူညီနေကြောင်း သဘောပေါက်လိုက်၏။
'ဒီကောင်ကြီးက ဒီလောက်တောင် ထူးခြားတဲ့ ပြောင်းလဲမှုကြီး ဖြစ်သွားတာလား'
"ဝူး..."
စဉ်းစားနေရင်းနှင့် စုယွီသည် အရှိန်တင်ပြီး လိုက်သော်လည်း ငါးဘုရင်ကြီးကို မမီတော့ချေ။ တာအိုဆရာ ပင်းယွီ ၏ ဂူထဲသို့ ရောက်ရှိသွားမှသာ ကန်ရေပြင်ရှေ့တွင် သူ့ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသော ငါးဘုရင်ကြီးကို တွေ့လိုက်ရသည်။
ဂူထဲသို့ ဝင်ရောက်လာသည်နှင့် စုယွီ၏ မျက်လုံးများသည် အနက်ရှိုင်းဆုံး နေရာရှိ ရေကန်ဆီသို့ တန်းမတ်စွာ ရောက်ရှိသွားလေ၏။
ထိုနေရာ၌... နောက်ထပ် "ခုန်းလင်ပန်း" တစ်ပွင့် ပေါက်ရောက်နေသည်။
ရင် ခုန်လာပြီး စုယွီ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
'တာအိုဆရာ ပင်းယွီက ဒီ ခုန်းလင်ပန်း ထွက်ရှိနိုင်တဲ့ ရေကန်ကြောင့် ဒီဂူကို ချန်ထားခဲ့တာများလား'
အသစ်ပေါက်လာသော ကြာပန်းသည် နုနယ်သေးပြီး ရင့်ရန် နောက်ထပ် (၁၀) နှစ်ခန့် လိုဦးမည် ဖြစ်သော်လည်း၊ ဤအချက်ကပင် စုယွီကို ရူးမတတ် ပျော်ရွှင်သွားစေခဲ့လေတော့၏။ ယခင်ကလည်း ဤနေရာမှနေ၍ ကြာပန်းတစ်ပွင့် ရရှိခဲ့ဖူးသည်လေ။
ယခု နောက်ထပ် တစ်ပွင့် ထပ်မံ ပေါက်ရောက်လာပြီ ဖြစ်၍ "ဟောင်ထျန်း ဆေးလုံး" ဖော်စပ်ရန် ကုန်ကြမ်း ပူပန်စရာ မလိုတော့ချေ။
မျက်လုံးများ အရောင်လက်လာပြီး စုယွီ တီးတိုး တွက်ချက်လိုက်၏။
"အပြင်ဈေးကွက်မှာ ဆိုင်ဖွင့်ခိုင်းထားတဲ့ ရုပ်သေးကလည်း ပစ္စည်းတွေ တော်တော်များများ စုဆောင်းမိနေပြီ... ဟောင်ထျန်း ဆေးလုံး ဖော်ဖို့ လိုတဲ့ ပစ္စည်းတချို့လည်း ပါတယ်။ ခုန်းလင်ပန်း မပါဘဲနဲ့တောင် ကုန်ကြမ်း (၃) ပုံ (၁) ပုံလောက်တော့ ရနေပြီ"
နောက်ထပ် (၃) ပုံ (၂) ပုံခန့်သာ လိုတော့၏။ ထိုပမာဏ ပြည့်မီပါက ဟောင်ထျန်း ဆေးလုံး ဖော်စပ်ရန် ပစ္စည်းအစုံ ရရှိပြီ ဖြစ်ပေသည်။
ဘေးနားသို့ ရောက်ရှိလာပြီး ၎င်း၏ အောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားစွာ ပြသနေသော ငါးဘုရင်ကြီးကို ကြည့်ရှုရင်း စုယွီ မပြုံးဘဲ မနေနိုင်တော့ချေ။ သူသည် လက်လှမ်းပြီး ၎င်း၏ ခေါင်းကြီးကို ပုတ်ပေးလိုက်၏။
"လုပ်တာ ကောင်းတယ်... ဒီနေ့ကစပြီး မင်း ဒီရေကန်ကို စောင့်နေ... ငါက လွဲရင် ဘယ်သူ့ကိုမှ အောက်ဆင်းခွင့် မပေးနဲ့ကွ"
"အွန်း..."
ငါးဘုရင်ကြီးက အသံကျယ်ကြီး ပြုလုပ်ပြီး သခင်၏ အမိန့်ကို ချက်ချင်း နာခံလိုက်၏။ ကျေနပ်အားရစွာဖြင့် စုယွီ ခေါင်းညိတ်ပြီး ရယ်လိုက်လေ၏။
"မဆိုးဘူး"
ထို့နောက် သူ၏ သိုလှောင်အိတ်ထဲမှ ဒုတိယအဆင့် အလယ်အလတ် အရည်အသွေး "ပြီးပြည့်စုံသော သားရဲဆေးလုံး" (၂) ပုလင်းကို ထုတ်လိုက်၏။ ၎င်းတို့သည် အမွှေးနက် သိမ်းငှက် နှင့် မြေကမ္ဘာ မီးမျောက်ဝံ တို့ကို ကျွေးမွေးရန် ဖော်စပ်ထားခြင်း ဖြစ်ပေသည်။ တိမ်တိုက်ကျား သည်လည်း ရံဖန်ရံခါ စားသုံးရလေ့ ရှိ၏။
ဤကဲ့သို့ ပြီးပြည့်စုံသော အရည်အသွေးရှိသည့် ဆေးလုံးများသည် ဖြစ်ပေါ်လာသောအခါတွင် ကိုယ်ပိုင် ဆေးလုံး အဆင်ကွက်များ ပါဝင်လာတတ်သည်။ ကောင်းကင်နှင့် မြေကြီး၏ နက်နဲသော အမှတ်အသားများ ပါဝင်နေသဖြင့် သားရဲများ မကြာခဏ စားသုံးပါက များစွာ အကျိုးရှိစေပေသည်။
ဥပမာအားဖြင့် နောင်တစ်ချိန် တတိယအဆင့်သို့ တက်လှမ်းရန် ကြိုးစားသောအခါ သွေးမျိုးဆက် အခြေခံ အားနည်းနေသည် ဆိုပါစို့။ ဤဆေးလုံးများမှ ရရှိလာသော ကောင်းကင်နှင့် မြေကြီး၏ အာရုံခံစားမှု အခြေခံများ စုဆောင်းမိလာပါက၊ ထို အရေးကြီးသော အခိုက်အတန့်တွင် တွန်းအားတစ်ခု ဖြစ်လာပြီး တတိယအဆင့်သို့ ရောက်ရှိသွားစေနိုင်ပေသည်။
အခြား ဆေးပညာရှင်များသည် အရည်အသွေး ကောင်းသော ဆေးလုံးများ ဖော်စပ်ရန်ပင် ခက်ခဲနေကြရ၏။ ပြီးပြည့်စုံသော အရည်အသွေး ဆိုသည်မှာ ကံကောင်းမှ ရရှိတတ်သော အရာမျိုး ဖြစ်ပေသည်။
ဘယ်သူကများ စုယွီကဲ့သို့ ပြီးပြည့်စုံသော ဆေးလုံးများကို နေ့စဉ် အစာသဖွယ် သဘောထားပြီး သားရဲများကို ကျွေးမွေးနိုင်ပါမည်နည်း။
"ရော့... ဒါ မင်းအတွက်... နေ့တိုင်း စားဖို့ သိမ်းထားလိုက်"
စုယွီက ဆေးလုံး (၂၀) ပါဝင်သော ပုလင်း (၂) လုံးကို ငါးဘုရင်ကြီးအား ပေးလိုက်၏။ ပြီးနောက် ရေကန်ထဲရှိ ခုန်းလင်ပန်းကို နောက်တစ်ခေါက် လှမ်းကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် ဂူထဲမှ ပြန်ထွက်လာခဲ့လိုက်တော့၏။
ခဏအကြာတွင်...
စုယွီ၊ ယွီခယ်အာနှင့် ယွီလင်းဖုန်းတို့သည် ဝိညာဉ်တောင်ထိပ်ရှိ အိမ်တော်သို့ ပြန်လည် ရောက်ရှိလာကြသည်။ ယွီလင်းဖုန်း ပြန်တော့မည့် အချိန်တွင် စုယွီက သူ့ကို ရုတ်တရက် တားလိုက်လေ၏။
"ဦးလေး လင်းဖုန်း... ကျွန်တော်နဲ့ လိုက်ခဲ့ပါဦး"
သူသည် ယွီလင်းဖုန်းကို လျှို့ဝှက်ခန်းထဲသို့ ခေါ်ဆောင်သွားပြီး "အမှောင်နတ်ဘုရား ဆေးလုံး" တစ်လုံးနှင့် "အခြေခံတည်ဆောက်ခြင်း ဆေးလုံး" တစ်လုံးကို ထားပေးခဲ့လိုက်၏။
အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းရန် ကြိုးစားခွင့် ပေးလိုက်ခြင်း ဖြစ်ပေသည်။
အခန်း (၁၈၃) - ကြီးမားသော ရိတ်သိမ်းမှုနှင့် ယွင်ကျန်းဂိုဏ်း၏ ကစဉ့်ကလျား ဖြစ်ရပ်များ (အပိုင်း ၅)
~မကြာမီတွင် စုယွီသည် လျှို့ဝှက်ခန်းထဲမှ ထွက်လာပြီး အပြင်မှ နေ၍ တံခါးကို ပြန်လည် ကြည့်လိုက်၏။
'သူ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်... အောင်မြင်သွားရင် သူ့သက်တမ်းက နှစ်ပေါင်းများစွာ တိုးလာမှာ... အသက် (၁၆၀)၊ (၁၇၀) လောက်ထိ နေနိုင်ဖို့က ပြဿနာ မရှိဘူး'
စုယွီ တိတ်တဆိတ် ဆုတောင်းပေးလိုက်မိသည်။
ယွီလင်းဖုန်းသည် အသက် (၁၀၀) ကျော်နေလေပြီ။ ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့်မြောက်တွင် ရပ်တန့်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အကယ်၍များ အခြေခံတည်ဆောက်ခြင်း အဆင့်ကို မတက်ရောက်နိုင်ပါက နောက်ထပ် (၁၀) နှစ်၊ (၂၀) ထက် ပိုပြီး အသက်ရှင်နိုင်ရန် မလွယ်ကူတော့ချေ။
နောင်တစ်ချိန်တွင် ဤဂူစံအိမ်ကို အခြားသူများ ဝင်ရောက် စီမံခန့်ခွဲကြလိမ့်မည်။ စုယွီသည် ထိုကိစ္စကို သိပ်ဘဝင်မကျလှပေ။ အထူးသဖြင့် ယခု ရေခဲကန်အောက်ရှိ ဂူထဲတွင် နောက်ထပ် "ခုန်းလင်ပန်း" တစ်ပွင့် ထပ်မံ ပေါက်ရောက်လာသော အချိန်၌ ပို၍ပင် စိတ်မချ ဖြစ်ရသည်။
အကယ်၍သာ ယွီလင်းဖုန်း အောင်မြင်သွားခဲ့လျှင်၊ ပြီးတော့ ရေခဲကြေးခွံ ငါးဘုရင်ကြီးကလည်း ရေကန်ကို စောင့်ကြပ်ပေးထားမည် ဆိုပါက... စုယွီ စိတ်အေးရပြီ ဖြစ်၏။
ခြံဝင်းထဲသို့ ဝင်လိုက်သောအခါ ဇရပ်ဆောင်ထဲရှိ ကျောက်စားပွဲတွင် ယွီခယ်အာက လက်ဖက်ရည်ကြမ်း နှပ်ရင်း သူ့ကို စောင့်နေသည်ကို တွေ့ရသည်။
စုယွီက အနားသို့ လျှောက်သွားပြီး သူမကို သိမ်းဖက်လိုက်၏။
ယွီခယ်အာ့ မျက်နှာလေး နီရဲသွားပြီး လျှို့ဝှက်ခန်းဘက်သို့ ခိုးကြည့်လိုက်လေ၏။
"မကဲပါနဲ့... ငါ အလုပ်ရှုပ်နေတယ်"
သူမက ခပ်တိုးတိုး မာန်မဲလိုက်ရှာသည်။ စုယွီသည် သူ၏ နတ်ဘုရား အာရုံ ဖြင့် ပတ်ဝန်းကျင်ကို ဖြန့်ကျက် စစ်ဆေးလိုက်ပြီး ပြောလိုက်၏။
"အဆင်ပြေပါတယ်ကွာ... ဘယ်သူမှ မရှိပါဘူး"
ခဏကြာသော်...
စုယွီက တစ်စုံတစ်ခုကို စဉ်းစားလိုက်ပြီး သူ၏ သားရဲထိန်းအိတ် ထဲမှ ဖမ်းဆီးထားသော "ဒုတိယအဆင့် အထွတ်အထိပ် လက်ရှစ်ဖက် နှံကောင်" ကို ထုတ်ယူလိုက်၏။ ပြီးနောက် ယွီခယ်အာကို ပေးလိုက်လေ၏။
"ဒီကောင်ကို ကြည့်လိုက်ပါဦး... မင်း လိုချင်လား... လိုချင်ရင် ယဉ်ပါးသွားအောင် ကိုယ် ကူညီပေးမယ်"
ဤ နှံကောင်သည် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် ညီမျှသည်။ အကယ်၍ ယွီခယ်အာသာ ၎င်းကို ထိန်းချုပ်နိုင်မည် ဆိုပါက သူမအတွက် အားကိုးရသော လက်နက်ကောင်းတစ်ခု ဖြစ်လာမည်မှာ သေချာလှသည်။
နောက်ထပ် တစ်လ ကြာမြင့်ပြီးနောက်...
ယွီလင်းဖုန်းသည် လျှို့ဝှက်ခန်းထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။ အခြေခံတည်ဆောက်ခြင်း ပထမအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ဤအထိမ်းအမှတ် အနေဖြင့် စုယွီသည် ဂူစံအိမ်ထဲတွင် နေထိုင်သူများ အားလုံးကို ဖိတ်ကြားပြီး စားပွဲသောက်ပွဲများ ကျင်းပပေးခဲ့သည်။ သို့သော် ခေါင်းစဉ်ကိုမူ အမျိုးမျိုး တပ်ပြီး လုပ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ဤလုပ်ရပ်ကြောင့် ယွီလင်းဖုန်း မျက်ရည်ကျသွားပြီး စုယွီကို ထိုနေရာတွင်ပင် ဒူးထောက် ဂါရဝပြုလိုက်မိသည်။
သို့သော် သူ၏ အဆင့်တက်သွားသော ကိစ္စကိုမူ လျှို့ဝှက်ထားရန် စုယွီက မှာကြားလိုက်ပါသည်။ အကယ်၍ တစ်စုံတစ်ယောက်က မေးမြန်းလာပါက မထင်မှတ်ထားသော အခွင့်အရေး တစ်ခု ရလိုက်၍ ဖြစ်ကြောင်းသာ ပြောဆိုရန် မှာကြားထားလိုက်၏။
အချိန်များသည် သဲပွင့်လေးများကဲ့သို့ပင် တိတ်တဆိတ် ကုန်ဆုံးသွားပြန်သည်။
တာ့ယွဲ့မြို့တော် ဈေးကွက်ရှိ သားရဲဒီရေလှိုင်းကြီးလည်း နောက်ဆုံးတွင် လုံးဝ ငြိမ်သက်သွားခဲ့လေတော့၏။
စုယွီသည် ဤအခွင့်အရေးကို အသုံးချပြီး သားရဲပစ္စည်းများနှင့် ဝိညာဉ်ဆေးပင် အရင်းအမြစ်များကို အများအပြား ဝယ်ယူ စုဆောင်းထားလိုက်၏။
ပထမအဆင့် ဖြစ်စေ၊ ဒုတိယအဆင့် ဖြစ်စေ အကုန်သိမ်းကျုံး ဝယ်ယူထားပါသည်။
မကြာမီတွင် ဤပစ္စည်းများ ဈေးကွက်ထဲ၌ ရှားပါးသွားပြီး ဈေးနှုန်းများ ခေါင်ခိုက်သွားလိမ့်မည်ဟု သူ အာရုံရနေသည်။
ဒါက နတ်ဘုရား အာရုံ သက်သက်သာ ဖြစ်ပေသည်။
*
လော့ချန်ယွီနှင့် စုဇီတို့ တာ့ယွဲ့မြို့တော် ဈေးကွက်မှ ထွက်ခွာသွားပြီး (၅) လ အကြာတွင်...
ကျင့်ကြံ၍ ပြီးကာစ စုယွီသည် လျှို့ဝှက်ခန်းထဲမှ ထွက်လာရာ ယွီလင်းဖုန်း ပေးလာသော စုမိသားစုထံမှ စာတစ်စောင်ကို လက်ခံရရှိလိုက်၏။
စာအိတ်ကို ဖွင့်ဖောက်ပြီး ဖတ်ရှုလိုက်သည်နှင့် စုယွီ မျက်မှောင်ကြုတ်သွားရလေ၏။
"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က အကြီးအကဲ ထျန်းဖူ က ယွင်ကျန်းဂိုဏ်း ကို ရောက်လာပြီး ပထမအကြီးအကဲကို စိန်ခေါ်ခဲ့တယ်... တိုက်ပွဲမှာ ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ ရှုံးနိမ့်သွားပြီး လက်တစ်ဖက် ပြတ်သွားရတဲ့အပြင် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်..."
ဤသတင်းကို ဖတ်ပြီး စုယွီ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
'အကြီးအကဲ ထျန်းဖူ... ဒါကတော့ လွန်လွန်းသွားပြီ'
ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲသည် ရွှေကျောက်စိမ်း အင်မော်တယ် ဂိုဏ်း အပျက်အစီးနယ်မြေတွင် လက်တစ်ဖက် ဆုံးရှုံးခဲ့ဖူးသည်။ "အသားပြန်လည်ဖြစ်ပေါ်စေသော ဆေးလုံး" ဖြင့် ကုသပြီးကာမှ ယခု အကြီးအကဲ ထျန်းဖူက ဂိုဏ်းထဲထိ လာရောက်စိန်ခေါ်ပြီး နောက်ထပ် လက်တစ်ဖက်ကို ဖြတ်ယူသွားပြန်ပြီ ဖြစ်၏။
သူတို့ကြားတွင် မည်သို့သော ရန်ငြိုးများ ရှိနေကြပါသနည်း။
ဆက်လက် ဖတ်ရှုလိုက်ရာ စုယွီ မျက်လုံးများ ပြူးကျယ်သွားရသည်။
"နတ်မိမယ် ဖုန်းလင် က ယွင်ကျန်းဂိုဏ်းက လော့ချန်ယွီ ကို စိန်ခေါ်စာ ပို့လိုက်တယ်... နောက် (၃) လ နေရင် ပြိုင်ပွဲတစ်ခု လုပ်မယ်တဲ့... အဲဒီပြိုင်ပွဲမှာ အသက်အန္တရာယ် အတွက် တာဝန်မယူဘူး ဆိုပဲ"
ပြိုင်ပွဲတဲ့လား။
အသက်အန္တရာယ် အတွက် တာဝန်မယူဘူးတဲ့လား။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ဘာတွေ ကြံစည်နေတာလဲ။
မျက်ခွံများ တဆတ်ဆတ် လှုပ်နေပြီး စုယွီ စိတ်မသန့် ဖြစ်လာသည်။
စုမိသားစု၏ အင်အားသည် ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ၏ အင်အားစုနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေခြင်း ဖြစ်၏။ အကယ်၍ ပထမအကြီးအကဲ ဘက်တွင် တစ်စုံတစ်ခု ဖြစ်သွားပါက စုမိသားစုလည်း ဂယက်ရိုက်မည်မှာ သေချာလှပေသည်။
'တကယ်လို့...'
'တကယ်လို့ ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ ကျဆုံးသွားမယ်... တာအိုရောင်းရင်း လော့ လည်း ကျဆုံးသွားမယ် ဆိုရင်... ယွင်ကျန်းဂိုဏ်းမှာ ဂိုဏ်းချုပ်နဲ့ တခြားလူတွေပဲ ကျန်တော့မယ်... ပြီးတော့ ကုန်းစွန်းယီ တို့၊ ချန်ပိုင်လိုင် တို့လို 'ကောင်းကင်ဘုံက ရွေးချယ်ခံရသူ' ဆိုတဲ့ ကောင်တွေပဲ ကျန်တော့မှာ...'
'ယွင်ကျန်းဂိုဏ်း တည်ထောင်သူ ဘိုးဘေးကြီးရဲ့ သက်တမ်း ကုန်သွားတဲ့အချိန်ကျရင် ကုန်းစွန်းယီတို့လို လူတွေက ယွင်ကျန်းဂိုဏ်းကို ဆက်ပြီး ထိန်းထားနိုင်ပါ့မလား'
မဖြစ်နိုင်။
စုယွီ သေချာပေါက် ပြောရဲသည်။
တာ့ယွဲ့မြို့တော် ဈေးကွက်တွင် ကျင်းပသည့် ပါရမီရှင်များ ဆုံစည်းပွဲတုန်းက နတ်မိမယ် ဖုန်းလင်ကို မျက်နှာလိုမျက်နှာရ လုပ်နေသော ဂိုဏ်းချုပ်၏ တပည့် ကုန်းစွန်းယီ အကြောင်းကို ပြန်တွေးမိပြီး သူ့မျက်ခုံးများ တွန့်ချိုးသွားရသည်။
ပထမဆုံး အကြီးအကဲ ထျန်းဖူက ပထမအကြီးအကဲကို ဒဏ်ရာ အပြင်းအထန် ရစေသည်။ ယခု နတ်မိမယ် ဖုန်းလင်က လော့ချန်ယွီကို သေရေးရှင်ရေး စိန်ခေါ်သည်။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ယွင်ကျန်းဂိုဏ်းကို အမြစ်ဖြတ်ချင်နေသည်ပင်။
စုယွီ စိတ်ထဲရှိ မရေရာမှုများကို ဖိနှိပ်လိုက်ပြီး ယွီလင်းဖုန်းကို ကောင်းကင် အပျက်အစီး ခန်းမဆောင် မှ တာအိုဆရာ ရှုယွီ ကို သွားရောက် ခေါ်ယူခိုင်းလိုက်၏။
*
မကြာမီတွင်…၊ တာအိုဆရာ ရှုယွီ ရောက်ရှိလာသည်။
စုယွီကို တွေ့သည်နှင့် သူက မေးလိုက်လေ၏။
"တာအိုရောင်းရင်း စု... ခင်ဗျား ဆွေးနွေးချင်တာက ယွင်ကျန်းဂိုဏ်းနဲ့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အကြောင်းလား"
'ခင်ဗျားလည်း သိနေတာလား...'
စုယွီက ရှုယွီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်... တာအိုရောင်းရင်း ရှုယွီ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ဘာတွေ ကြံစည်နေလဲ ခင်ဗျား သိလား"
ရှုယွီက ပြုံးလိုက်ပြီး လက်ညှိုး တစ်ချောင်း ထောင်ပြလိုက်၏။
"ဒီသတင်းအတွက်... အဆင့်လတ် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျပါမယ်"
ထိုစကားကို ကြားသော် စုယွီ မျက်လုံးအိမ် ကျဉ်းမြောင်းသွားရသည်။
ဒါက သူ ကြားဖူးသမျှထဲတွင် ဈေးအကြီးဆုံး သတင်းပင်။
အဆင့်လတ် ဝိညာဉ်ကျောက်တုံး (၁၀၀) ဆိုသည်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ကျော်နှင့် ညီမျှနေသည်။
စုယွီ ခေတ္တမျှ စဉ်းစားပြီးမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်၏။
"ပြောပါဗျာ"
ရှုယွီ ပြောပြသော သတင်းကို ကြားပြီးနောက်တွင်မူ စုယွီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများ အထင်းသား ပေါ်လာလေတော့၏။
ခဏအကြာတွင် ရှုယွီ ပြန်သွားသည်။
"..."
*
တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် စုယွီသည် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်သွားပြီး "ဝိဉာဉ် ရုပ်သေး တာအို ခန္ဓာ" ကို သူ၏ ဒန်တျန်ထဲ ထည့်သွင်းကာ ပြုစုပျိုးထောင်လိုက်၏။
တစ်နှစ်ကျော်ကြာ ..ရတနာအမျိုးမျိုး၏ အနှစ်သာရများကို စုပ်ယူပြီး အဆင့်မြှင့်တင်လာခဲ့သည့်အတွက် ယခုအခါ ရုပ်သေး၏ အရှိန်အဝါသည် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက် သာမန် ကျင့်ကြံသူတစ်ဦးနှင့် ထပ်တူနီးပါး ဖြစ်နေပါတော့၏။
သူ့၏ မာကျောခိုင်ခံ့သော ရုပ်ခန္ဓာကိုပါ ထည့်တွက်မည် ဆိုပါက... အခြေခံ တည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူတစ်ဦးနှင့် အကြိတ်အနယ် တိုက်ပွဲတွင်ပင် တောင့်ခံနိုင်စွမ်း ရှိကောင်း ရှိပေလိမ့်မည်။