အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အခန်း (၁၈၄) - ကြီးမားသော ရိတ်သိမ်းမှုနှင့် ယွင်ကျန်းဂိုဏ်း၏ ကစဉ့်ကလျား ဖြစ်ရပ်များ (အပိုင်း ၆)
~စုယွီသည် သူ၏ ရုပ်သေးကိုယ်ပွားကို သိမ်းဆည်းလိုက်၏။ ထို့နောက် ယွီခယ်အာကို ရှာဖွေကာ စုချီ၊ လီပင်ချန်းနှင့် အခြားသူများကိုပါ တစ်ပါတည်း ဆင့်ခေါ်လိုက်လေ၏။
"ကဲ... သွားကြစို့... ဆေးလုံးတောင် ကို အခုချက်ချင်း ပြန်ကြမယ်"
နာရီဝက်ခန့် ကြာမြင့်သောအခါ...
တာ့ယွဲ့မြို့တော် ဈေးကွက် ရှိ တောင်ကုန်းတစ်ခုပေါ်မှနေ၍ တာအိုဆရာ ရှုယွီ သည် ကောင်းကင်ယံသို့ လှမ်းမျှော်ကြည့်လိုက်၏။ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထုတ်လွှတ်နေသော တိမ်တိုက်ကျား ကြီးတစ်ကောင်သည် ယွင်ကျန်းဂိုဏ်း တည်ရှိရာ အရပ်မျက်နှာဆီသို့ ဦးတည် ပျံသန်းသွားသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရသည်။
'ဒီလိုအချိန်မျိုးမှာမှ သူက ပြန်သွားဖို့ ရွေးချယ်လိုက်တာလား... အဲဒီမှာ သူပါ သားကောင် ဖြစ်သွားမှာ မကြောက်ဘူးလား'
တကယ့်ကို မမျှော်လင့်ထားသော ကိစ္စပင်။ မူလက တာအိုဆရာ ရှုယွီ တွက်ဆထားသည်မှာ စုယွီ၏ စိတ်နေသဘောထားအရ တာ့ယွဲ့မြို့တော် ဈေးကွက်၌သာ ဆက်လက် နေထိုင်ပြီး အခြေအနေကို စောင့်ကြည့်လိမ့်မည် ဟူ၍ ဖြစ်၏။
သို့သော် မထင်မှတ်ဘဲ အချိန်တိုအတွင်းမှာပင် ယွင်ကျန်းဂိုဏ်း ဒေသသို့ ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ရှုယွီ ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်လေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ပုံရိပ်သည် လေထုထဲ၌ အစအနမကျန် ပျောက်ကွယ်သွားတော့၏။
'သွားချင်ရင်လည်း သွားပါစေတော့လေ'
'အင်မော်တယ် လမ်းစဉ် မှာ လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပဲ မဟုတ်လား'
*
တိမ်တိုက်ကျား၏ ကျောပေါ်၌...
စုယွီသည် စုမိသားစုထံမှ ပေးပို့လိုက်သော စာလွှာကို ယွီခယ်အာ၊ စုချီနှင့် အခြားသူများအား ပေးဖတ်လိုက်၏။
"ယွင်ကျန်းဂိုဏ်းတော့ ဒုက္ခ တွေ့နေပြီ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က အကြီးအကဲ ထျန်းဖူက ယွင်ကျန်းဂိုဏ်းကို သွားပြီး ပထမအကြီးအကဲကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်။
ဒါတင် မကသေးဘူး... နောက် (၃) လ၊ ဒါမှမဟုတ် (၂) လကျော်လောက် အကြာကျရင် အရှင်သခင် ပိုင်ယွဲ့ရဲ့ ဒုတိယတပည့်ရင်း နတ်မိမယ် ဖုန်းလင်ကလည်း ယွင်ကျန်းဂိုဏ်းကို သွားပြီး တာအိုရောင်းရင်း လော့ချန်ယွီနဲ့ စကားစစ်ထိုးပွဲ လုပ်ကြဦးမှာ”
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် စုယွီသည် လေးနက်သော လေသံဖြင့် ဆက်လက် ပြောကြားလိုက်၏။
"အသက်အန္တရာယ် အတွက် တာဝန်မယူဘူး ဆိုပဲ"
ဤသတင်းကို ကြားလိုက်ရသော စုချီ၊ စုရွီအန်းနှင့် အခြားသူများသည် အံ့အားသင့်သွားကြပြီး မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
လီပင်ချန်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဖြူဖပ်ဖြူရော် မျက်နှာဖြင့် စုယွီဘက်သို့ လှည့်ကာ မေးမြန်းလိုက်မိသည်။
"ခန်းမသခင်... ဒါဆိုရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ယွင်ကျန်းဂိုဏ်းကို တိုက်ခိုက်တော့မယ်လို့ ဆိုလိုတာလားဗျ"
စုယွီ ခေတ္တမျှ စဉ်းစားပြီး ခေါင်းကို မသိမသာ ခါယမ်းပြလိုက်၏။
လီပင်ချန်းနှင့် အခြားသူများ သက်ပြင်းချလိုက်မိစဉ်မှာပင် စုယွီက အသံကို နှိမ့်၍ ဆက်ပြောလိုက်ပြန်သည်။
"အကြီးအကဲ ထျန်းဖူ.. ယွင်ကျန်းဂိုဏ်းကို မသွားခင်... မဟုတ်ဘူး... လော့ချန်ယွီ ယွင်ကျန်းဂိုဏ်းကို ပြန်မရောက်ခင်တုန်းက ယွင်ကျန်းဂိုဏ်းချုပ်ဟာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို တိတ်တဆိတ် သွားရောက်ခဲ့ဖူးတယ်"
ယွီခယ်အာ မျက်မှောင်ကြုတ်သွားသော်လည်း ဝင်ရောက် ပြောဆိုခြင်း မပြုချေ။
လီပင်ချန်းမှာမူ လန့်ဖျပ်သွားပြီး စုယွီကို ပြူးပြူးကြီး စိုက်ကြည့်နေမိသည်။ စုယွီ၏ စကားအဓိပ္ပာယ်ကို သူ ယခုမှ သဘောပေါက်သွားခြင်း ဖြစ်၏။
စုယွီ ဆက်မပြောတော့ချေ။ တာအိုဆရာ ရှုယွီက ဤထက်ပိုသော သတင်းအချက်အလက်များကို ပေးခဲ့သေးသော်လည်း၊ ကျန်ရှိသည်များကို ထုတ်ပြောနေလျှင်လည်း အပိုပင် ဖြစ်ပေမည်။ ယွီခယ်အာတို့၊ လီပင်ချန်းတို့ သိရှိလျှင်လည်း သူတို့အနေဖြင့် မည်သို့မျှ တတ်နိုင်ကြမည် မဟုတ်ပေ။
"ဂါး..."
တိမ်တိုက်ကျားသည် ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားသည်။ ဒုတိယအဆင့် အထွတ်အထိပ် သားရဲကြီး၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် အောက်ဖက် တောအုပ်အတွင်းရှိ ငှက်များ၊ သားရဲများ အားလုံးသည် ထိတ်လန့်တကြား ထွက်ပြေး ပုန်းအောင်းကုန်ကြသည်။
လမ်းတစ်လျှောက်လုံးတွင် အောက်မှ ကျင့်ကြံသူ အငယ်စားလေးများသည် ကောင်းကင်ကို မော့ကြည့်ပြီး ကြောက်လန့်တကြား ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
ပြန်လာသည့် လမ်းခရီးတစ်လျှောက်လုံး စုယွီသည် တန်ပြန်မည့် နည်းလမ်းများကို စဉ်းစားနေခဲ့၏။ ယွင်ကျန်းဂိုဏ်း ဒေသသို့ ရောက်ရှိချိန်တွင်မူ သူ ဆုံးဖြတ်ချက် ချပြီးသွားခဲ့လေတော့၏။ ယွီခယ်အာကို ယွီမိသားစုထံသို့ ဦးစွာ စေလွှတ်လိုက်၏။ ယွီမိသားစု၏ ဘိုးဘေးနှင့် မိသားစုခေါင်းဆောင် ယွီပိုင်ရှန် တို့နှင့် လျှို့ဝှက် ဆွေးနွေးမှု ပြုလုပ်လိုသောကြောင့် ဖြစ်၏။
တိမ်တိုက်ကျားသည် (၁၁) ရက်ခန့်သာ အချိန်ယူပြီး တာ့ယွဲ့မြို့တော် ဈေးကွက်မှနေ၍ ယွီမိသားစုထံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
နောက်တစ်ရက်တွင်...
စုယွီသည် အကျိုးအမြတ်များစွာနှင့်အတူ ယွီမိသားစုထံမှ ပြန်လည် ထွက်ခွာလာခဲ့၏။ တိမ်တိုက်ကျားသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဆေးလုံးတောင် ဆီသို့ ဦးတည် ထွက်ခွာသွားလေတော့၏။
တစ်ဖက်တွင်မူ...
ရုပ်သေးကိုယ်ပွား သည် တိတ်တဆိတ် ထွက်ခွာသွားပြီး "ခုန်းလင်ပန်း" နှင့် အခြား ဆေးဖက်ဝင် ပစ္စည်းများကို သယ်ဆောင်ကာ အမွှေးနက် သိမ်းငှက် ကို စီးနင်းလျက် နာမည်ကျော် "ဆေးပညာရှင် လီမိသားစု" ထံသို့ ဦးတည် ခရီးနှင်နေသည်။
အမွှေးနက် သိမ်းငှက်၏ ကျောပေါ်တွင် ရုပ်သေးကိုယ်ပွားသည် "ဟောင်ထျန်း ဆေးလုံး" အတွက် ကုန်ကြမ်းများကို သေချာစွာ ရေတွက်ကြည့်ပြီး သက်ပြင်းချလိုက်၏။
'ကံကောင်းလို့ ယွီမိသားစုက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဘဏ္ဍာတိုက်က ငါ့ကို စိတ်ပျက်မသွားစေခဲ့ဘူး... ခုန်းလင်ပန်းကလွဲရင် ဟောင်ထျန်း ဆေးလုံးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးနီးပါး သူတို့ဆီမှာ ရှိနေတာပဲ'
ဆေးပညာရှင် လီမိသားစု၏ စံအိမ်သည် တာ့ယွဲ့ပြည်နယ် ၏ အနောက်ဘက် အစွန်းတွင် တည်ရှိသည်။ တာ့ယွဲ့မြို့တော် ဈေးကွက်ထက်စာလျှင် အနည်းငယ် ပိုမို နီးကပ်ပေသည်။
အမွှေးနက် သိမ်းငှက်သည် (၉) ရက်ပင် မကြာလိုက်ချေ။ နာမည်ကျော် ဆေးပညာရှင် လီမိသားစု၏ စံအိမ်အနီးသို့ ရောက်ရှိလာခဲ့လေတော့၏။
လီမိသားစု စံအိမ်နှင့် မိုင်အနည်းငယ်ခန့် အလိုတွင် ရုပ်သေးကိုယ်ပွားသည် အမွှေးနက် သိမ်းငှက်ကို သားရဲထိန်းအိတ် အတွင်းသို့ ထည့်သွင်းလိုက်၏။ ထို့နောက် အရပ်ပုပု၊ ဆံပင်ဖြူဖြူ၊ လက်ထဲတွင် ကျောက်စိမ်းယပ်တောင် ကိုင်ဆောင်ထားသည့် ခန့်ညားသော အဘိုးအိုတစ်ဦးအသွင် ပြောင်းလဲလိုက်၏။ သူ၏ အရှိန်အဝါကို အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်ခန့်တွင် ထိန်းညှိထားပြီး လီမိသားစု စံအိမ်ရှိရာသို့ လျှောက်လှမ်းသွားလိုက်လေတော့၏။
တချိန်တည်းမှာပင်... ဆေးလုံးတောင် ပေါ်၌...
စုယွီသည် မြေအောက် မီးတောင်အက်ကွဲကြောင်း၌ တည်ရှိသော စုမိသားစု ဂူစံအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ "ဆေးဖော်စပ်ရာ မျှော်စင်" အတွင်းသို့ ဝင်ရောက်လိုက်သောအခါ သူ အနည်းငယ် အံ့အားသင့်သွားရသည်။
မျှော်စင်အတွင်း၌ လူများ ပုံမှန်ထက် ပိုမို များပြားနေသောကြောင့် ဖြစ်၏။ တသီးပုဂ္ဂလ ကျင့်ကြံသူများနှင့် ကျင့်ကြံသူ မိသားစု အငယ်စားလေးများ ဆေးလုံးများ လာရောက် တောင်းခံနေကြခြင်းပင်။
ဒုတိယအကြီးအကဲ စုကျန်း မှာမူ ပြီးခဲ့သော အခေါက် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းရင်း မအောင်မြင်ခဲ့သဖြင့် ဒဏ်ရာများစွာ ရရှိခဲ့ရှာသည်။ ယခု စုယွီ ပြန်ရောက်လာချိန်တွင် အနည်းငယ် သက်သာနေပြီ ဖြစ်သော်လည်း သိသိသာသာ အိုစာသွားခဲ့လေတော့၏။ ဆံပင်များ ဖြူဖွေးကုန်ပြီး မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ပြည့်နှက်နေပါတော့၏။
စုယွီ ပြန်ရောက်လာသည်ကို ကြိုဆိုရင်း စုကျန်းက တိုးတိုးတိတ်တိတ် ပြောကြားလိုက်၏။
"အကြီးအကဲ ထျန်းဖူ.. ယွင်ကျန်းဂိုဏ်းကို လာပြီး ပထမအကြီးအကဲကို အနိုင်ယူသွားတဲ့ ကိစ္စက ယွင်ကျန်းဂိုဏ်း ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်... အခြေအနေတွေက တော်တော်လေး မငြိမ်မသက် ဖြစ်နေကြတယ် ခန်းမသခင်"
"အဲဒါကြောင့်လည်း ဆေးလုံးတောင်မှာ ဆေးလာဝယ်တဲ့သူတွေ များလာတာပေါ့"
အသက်အရွယ် ကြီးရင့်သွား၍ပင်လော မသိရချေ။ စုကျန်း၏ စကားပြောပုံသည် ယခင်ကကဲ့သို့ ချောမွေ့ပြေပြစ်မှု မရှိတော့သော်လည်း စကားတော့ ပိုများလာသည်။
စုကျန်းသည် သက်ပြင်းချလိုက်ပြီး ဆက်လက် ပြောဆိုသည်။
"ဝိညာဉ်ဆေးပင်တွေနဲ့ တခြား ပစ္စည်းဈေးတွေလည်း ပြန်တက်လာပြီ... ဆေးလုံးတွေ၊ အဆောင်တွေ ဈေးလည်း တက်တာပဲ... အပြင်မှာ သတင်းထွက်နေတာက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ယွင်ကျန်းဂိုဏ်းကို တိုက်ခိုက်တော့မယ်တဲ့... အင်အားကြီး နှစ်ခုကြားမှာ စစ်ပွဲဖြစ်တော့မယ် ဆိုပြီး လူတွေ ထိတ်လန့်နေကြတာလေ"
ခေတ္တမျှ ရပ်တန့်ပြီးနောက် စုကျန်းက အသံကို ပို၍ နှိမ့်လိုက်၏။
"ဒါပေမဲ့ ကျွန်တော့်အထင် ပြောရရင်... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က တိုက်မယ်ဆိုရင်တောင် ယွင်ကျန်းဂိုဏ်းရဲ့ ဘိုးဘေးကြီး သေပြီးမှ တိုက်လိမ့်မယ် ထင်တယ်"
"အဲလို မဟုတ်ဘဲနဲ့ ယွင်ကျန်းဂိုဏ်းရဲ့ အင်အားကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားတာက ဒီအချိန်မှာ ပညာရှိတဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ထင်တာပဲ"
စုယွီသည် စုကျန်းကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ ယခင်က အကြီးအကဲ စုကျန်းကို စတင် တွေ့ဆုံစဉ်က အသက် (၇၀) ကျော်ခန့် ရှိမည်။ စကားပြော အလွန် ကောင်းမွန်သော်လည်း ရိုးသားမှုကို မခံစားရချေ။
သို့သော် ယခု အိုမင်းသွားသော စုကျန်းကို မြင်တွေ့ရသောအခါ သူ၏ ထံမှ ဉာဏ်ပညာ အလင်းရောင်တချို့ ထွက်ပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။
စုကျန်း တွက်ဆသည်မှာ မမှားပေ။ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သည် ယွင်ကျန်းဂိုဏ်းကို ယခုချက်ချင်း ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိချေ။
သို့သော် အချို့လူများသည် သည်းမခံနိုင်ကြတော့ပေ။
စုယွီက ခေါင်းညိတ်ပြီး မေးမြန်းလိုက်၏။ "ယွင်ကျန်းဂိုဏ်း အခြေအနေ ဘယ်လိုရှိလဲဗျ"
စုကျန်း ခေါင်းကို ခါယမ်းလိုက်လေ၏။
"ပထမအကြီးအကဲက ဒဏ်ရာအပြင်းအထန် ရထားတယ်... အခုတော့ စုဇီရဲ့ ဆရာတူအစ်မ လော့ချန်ယွီက ပထမအကြီးအကဲရဲ့ အင်အားစုကို ဦးဆောင်နေပုံရတယ်... အဲဒီ ကောင်မလေးက တကယ်ကို စွမ်းတယ်ဗျ... ဂိုဏ်းကို ပြန်ရောက်ရောက်ချင်း ဒုတိယအကြီးအကဲရဲ့ လက်ဝါးကို ဓားနဲ့ ထိုးဖောက်လိုက်ပြီး ခေါင်းကိုတောင် ဖြတ်မလို လုပ်ခဲ့တာတဲ့"
"ဒုတိယအကြီးအကဲ ဆိုတာက တုပ အမြုတေ အဆင့် နော်... အခုတော့ ယွင်ကျန်းဂိုဏ်း ငြိမ်သက်နေပါတယ်... အားလုံးက နောက် (၂) လ နေရင် ရောက်လာမယ့် နတ်မိမယ် ဖုန်းလင်နဲ့ လော့ချန်ယွီတို့ရဲ့ စကားစစ်ထိုးပွဲကို စောင့်နေကြတာ... စကားစစ်ထိုးပွဲလို့သာ ပြောတာ... တကယ်တမ်းကျတော့ ယွင်ကျန်းဂိုဏ်းရဲ့ အတောက်ပဆုံး ပါရမီရှင်ကို လာသတ်တာပဲ ဖြစ်မယ်"
"ကျုပ်အမြင် ပြောရရင်... ယွင်ကျန်းဂိုဏ်းသာ လော့ချန်ယွီကို ဆုံးရှုံးလိုက်ရရင်... ဂိုဏ်းပြိုကွဲဖို့ သိပ်မလိုတော့ဘူး"
"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က လူတွေက ဒီအချက်ကို ကောင်းကောင်းကြီး သိနေကြတယ်"
ထိုစကားကို ကြားသော် စုယွီ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ လူအများ သိရှိနေသော ကိစ္စကို ယွင်ကျန်းဂိုဏ်းမှ လူများကျမှ အဘယ်ကြောင့် မမြင်နိုင်ကြပါသနည်း။
စုကျန်းက ဆက်လက် ပြောဆိုသည်။
"ဒါနဲ့... စုဇီ ပြောပြတဲ့ သတင်းတစ်ခု ရှိသေးတယ်... ယွင်ကျန်းဂိုဏ်းထဲမှာ ကောလာဟလတွေ ထွက်နေတာက ဘိုးဘေးကြီးဟာ သူ့ရဲ့ သက်တမ်းမကုန်ခင်မှာ သူ့ရဲ့ အမွေအနှစ်ကို တပည့်ရင်း ကုန်းစွန်းယီ ဆီ လွှဲပြောင်းပေးလိမ့်မယ်တဲ့"
"ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက အပြောင်းအလဲ ဖြစ်သွားပုံရတယ်... လော့ချန်ယွီ ဂိုဏ်းကို ပြန်ရောက်ပြီးတဲ့နောက် ဘိုးဘေးကြီးက ခေါ်တွေ့ပြီး အမွေအနှစ်ကို လော့ချန်ယွီဆီ လွှဲပေးချင်တယ်လို့ ပြောခဲ့သတဲ့... ဒါပေမဲ့..."
"စုဇီ ပြောတာကတော့... လော့ချန်ယွီက ငြင်းလိုက်တယ်တဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ အံ့အားသင့်သွားပြီး ခြေလှမ်းတုံ့သွားသည်။
'ငြင်းလိုက်တယ် လား'
ဒါဟာ အမြုတေဖွဲ့စည်းခြင်း အဆင့် သို့ တန်းမတ်စွာ ရောက်ရှိသွားနိုင်မည့် အခွင့်အရေးကြီးလေ။
ထိုအရာကို သူမက ငြင်းပယ်လိုက်သည်တဲ့လား...။
သေချာစွာ စဉ်းစားကြည့်လိုက်မှသာ စုယွီ သဘောပေါက်သွားလေတော့၏။
'ရည်မှန်းချက် ကြီးမားလိုက်တာ'
အမွေအနှစ် လက်ခံခြင်းသည် ကောင်းမွန်သော်လည်း၊ အတင်းအကြပ် ကြီးထွားအောင် ပြုလုပ်သကဲ့သို့ ဖြစ်နေပေသည်။ ပါရမီရှင် တစ်ဦးသည် ဤအမွေအနှစ်ကို လက်ခံလိုက်ပါက ချီ စွမ်းအင်များကို ချေဖျက်ပြီးသည့်အခါ သူ၏ ပါရမီသည် သာမန်အဆင့်သို့ လျော့ကျသွားနိုင်ချေ ရှိသည်။
လော့ချန်ယွီက ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီး၏ အမွေအနှစ်ကို ငြင်းပယ်လိုက်ခြင်းသည် သူမ ဤအရာကို စိတ်မဝင်စားကြောင်း ပြသနေခြင်းပင် ဖြစ်၏။
သို့သော် လာမည့် အန္တရာယ်များကို မည်သို့ ဖြေရှင်းမည်ကိုရော လော့ချန်ယွီ တွေးတောထားပါရဲ့လား။
အကယ်၍ သူမ မတောင့်ခံနိုင်တော့ပါက စုယွီသည် တွေဝေနေမည် မဟုတ်ချေ။
စုမိသားစုကို ခေါ်ဆောင်ပြီး ဤနေရာမှ ချက်ချင်း ထွက်ခွာမည်မှာ သေချာလှသည်။ သူ့တွင် လျှောက်လှမ်းရမည့် အင်မော်တယ် လမ်းခရီးသည် အများကြီး ကျန်ရှိနေသေး၏။ သူသည် ယခုမှ အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်သာ ရှိသေးပြီး သက်တမ်းမှာ အနည်းဆုံး နှစ် (၂၀၀) ခန့် ကျန်ရှိနေသေးသည်။
ကောင်းကင် ပြိုကျလာလျှင်တောင် သူက ဝင်ရောက် ထမ်းပိုးပေးနိုင်မည် မဟုတ်ချေ။
နောက်ထပ် နှစ် (၁၀၀)၊ (၁၈၀) ခန့် ကြာသောအခါမှသာ ပြန်လာပြီး မိသားစု ရန်ကြွေးများ ဆပ်ရင်း လော့ချန်ယွီအတွက် အမွှေးတိုင် လာရောက် ထွန်းညှိပေးနိုင်ပေလိမ့်မည်။
မိသားစု နယ်မြေထဲသို့ ပြန်ရောက်သောအခါ စုယွီသည် မိသားစုခေါင်းဆောင် စုဖုန်း ၊ ပဉ္စမ အဘိုး စုပင်းနှင့် အခြားသူများနှင့် တွေ့ဆုံလိုက်၏။
ယွင်ကျန်းဂိုဏ်း အခြေအနေကို ဆွေးနွေးပြီးနောက်... သူတို့ သဘောတူညီမှု တစ်ခု ရရှိလိုက်ကြသည်။
'စောင့်ကြည့်မယ်... အခြေအနေ မဟန်တာနဲ့ စုမိသားစု တစ်ခုလုံး ယွင်ကျန်းဂိုဏ်း နယ်မြေကနေ အကုန်ရွှေ့ပြောင်းကြမယ်'
အသက်ရှင်နေသရွေ့တော့ ပြန်လာနိုင်မည့် မျှော်လင့်ချက် ရှိသေးသည် မဟုတ်ပါလော။
မိမိတွင် အသက်ရှင်နိုင်မည့် နည်းလမ်း မရှိဘဲနှင့်တော့ မိုက်မဲသော အလုပ်များကို မလုပ်ဆောင်ပါချေ။
အခန်း (၁၈၅) - ကြီးမားသော ရိတ်သိမ်းမှုနှင့် ယွင်ကျန်းဂိုဏ်း၏ ကစဉ့်ကလျား ဖြစ်ရပ်များ (အပိုင်း ၇)
~ကြယ်တွေ စုံနေသော ညတစ်ည...
ဖျော့တော့သော အဖြူရောင် အလင်းတန်းလေး တစ်ခုသည် မြေအောက် မီးတောင်အက်ကွဲကြောင်း စခန်း တစ်ခုလုံးကို လွှမ်းခြုံထားသည်။ မနီးမဝေးတွင် မီးတောင်ကြီး (၅) လုံးသည် ကောင်းကင်ယံသို့ ထိုးတက်နေပြီး၊ မီးတောင်ဝမှ ပူပြင်းလှသော အနီရောင် အပူလှိုင်းများသည် အဆုံးအစမဲ့ မီးတောင်ချော်ရည်များအသွင်ဖြင့် ပန်းထွက်နေသည်။
မီးတောင်၏ အောက်ခြေ အနက်ရှိုင်းဆုံး နေရာ၌မူ... အလင်းအလွှာပါးလေး တစ်ခုသည် ရေခဲစမ်းရေကန်ကို ဖုံးအုပ်ထားပြီး ပြင်ပလောကနှင့် သီးခြား ခွဲထုတ်ထားသည်။
"ဝှစ်..."
စုယွီသည် ကိုယ်ဖော့ပညာကို အသုံးပြုပြီး ရောက်ရှိလာခဲ့သည်။ "ရေခဲမီးပုလဲ" ကို အသုံးပြု၍ အောက်ဖက်ရှိ အခင်းအကျင်း အကာအကွယ်ကြီးကို ဖွင့်လိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တတိယအဆင့် ရေခဲမီး ဂူစံအိမ်ထဲသို့ ဝင်ရောက်သွားလေတော့၏။
ဝင်လိုက်သည်နှင့် တပြိုင်နက် ဖျော့တော့သော ရေခဲနှင့် မီး စွမ်းအားများနှင့်အတူ တတိယအဆင့် ဝိညာဉ်ကြောမှ ထွက်ပေါ်နေသော ထူထဲသိပ်သည်းလှသည့် ဝိညာဉ်စွမ်းအင်များသည် သူ့ကို ဆီးကြို နှုတ်ဆက်လိုက်ကြသည်။
တစ်နှစ်ကျော်ကြာ ကွဲကွာနေပြီးမှ တာ့ယွဲ့ကျွန်း ပေါ်သို့ ပြန်လည် ခြေချမိချိန်တွင် စုယွီသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဤနေရာ၏ အငွေ့အသက်ကို အပြည့်အဝ ခံစားလိုက်၏။
ကြွယ်ဝလှသော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးများသည် သူ့ခန္ဓာကိုယ်ထဲသို့ အလုအယက် တိုးဝင်နေသယောင် ခံစားလိုက်ရသည်။
"ဟူး... နေလို့ ကောင်းလိုက်တာကွာ..."
စုယွီ သက်ပြင်းချလိုက်မိသည်။ ဤ တတိယအဆင့် ဝိညာဉ်ကြော ဂူစံအိမ်သည် တကယ့်ကို သက်တောင့်သက်သာ ရှိလှပေသည်။
ဤနေရာရောက်မှသာ သဘာဝ ဝိညာဉ်စွမ်းအင်များကို အကန့်အသတ်မရှိ သုံးစွဲနိုင်ခြင်း၏ အရသာကို ခံစားရတော့၏။ တာ့ယွဲ့မြို့တော် ဈေးကွက်ရှိ ယွီမိသားစု ဂူစံအိမ်နှင့် လုံးဝ မတူကွဲပြားလှပေသည်။ ထိုနေရာတွင်မူ ကျင့်စဉ်တစ်ခု လေ့ကျင့်ပြီးတိုင်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်သွားလေ့ ရှိသည်။
ဒုတိယအဆင့် ဝိညာဉ်ကြော ဂူစံအိမ်သည် ယခုအခါ သူ၏ နေ့စဉ် ကျင့်ကြံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မလွယ်ကူတော့ချေ။
သူ တင်ပျဉ်ခွေ ထိုင်လိုက်၏။
ဂူစံအိမ်အတွင်း စုဆောင်းမိနေသော ရေခဲနှင့် မီး စွမ်းအားများကို တစ်ချက် ဝေ့ကြည့်လိုက်ရာ... တစ်နှစ်ကျော် ကာလအတွင်း ယခင်ရှိခဲ့သော ပမာဏ၏ (၁၀) ပုံ (၁) ပုံပင် ပြည့်မီအောင် ပြန်လည် မဖြည့်တင်းနိုင်သေးကြောင်း တွေ့ရှိလိုက်ရသည်။
တကယ်တော့ တာ့ယွဲ့ကျွန်း ဂူစံအိမ် တစ်ခုလုံးသည် သိပ်မကျယ်ဝန်းလှချေ။ အခင်းအကျင်း အကာအကွယ်သည် (၂) မိုင်ခန့်သာ ရှိပေသည်။
'ကြည့်ရတာ တာ့ယွဲ့ကျွန်းရဲ့ ရေခဲမီး စွမ်းအားတွေ ပြန်ပြည့်ဖို့ ဆိုရင် ဆယ်စုနှစ်နဲ့ချီပြီး ကြာဦးမယ့် ပုံပဲ... ဒီနှုန်းက မနှေးဘူး ဆိုပေမယ့်... အခြေခံတည်ဆောက်ခြင်း အဆင့်မှာတော့ လုံလောက်ကောင်း လုံလောက်နိုင်ပါတယ်... ဒါပေမဲ့ အမြုတေဖွဲ့စည်းခြင်း အဆင့် ကို ရောက်သွားရင်တော့ ဒီ တတိယအဆင့် ဂူစံအိမ်ရဲ့ စွမ်းအားက ငါ့ရဲ့ နေ့စဉ် ကျင့်ကြံမှုအတွက် လောက်ငဖို့ မလွယ်တော့ဘူး'
စုယွီ၏ မျက်နှာတွင် တွေဝေသော အရိပ်အယောင်များ ပေါ်လာသည်။
'ဒါဆိုရင် ငါ့အနေနဲ့ အချိန်တန်ရင် စတုတ္ထအဆင့် ဝိညာဉ်ကြော ဂူစံအိမ် တစ်ခု ရှာမှ ဖြစ်တော့မယ်ပေါ့'
စုယွီသည် နက်နက်ရှိုင်းရှိုင်း တွေးတောနေမိပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
တာအိုဆရာ ပင်းယွီ ၏ ခရီးသွား မှတ်တမ်း အမွေအနှစ်များအရ စတုတ္ထအဆင့် ဝိညာဉ်ကြော ဂူစံအိမ် တစ်ခု တည်ရှိရာ နေရာကို သူ သိထားပေသည်။ ၎င်းသည် ရှေးဟောင်း အင်အားစုကြီး "လော့ယွဲ့ မဟာမိတ်အဖွဲ့" ၏ ဌာနချုပ် တည်ရှိရာ "လော့ယွဲ့ ရေကန်" အလယ်ရှိ
ရှေးဟောင်းကျွန်းကြီးပေါ်တွင် တည်ရှိသည်။
သို့သော် ထိုဂူစံအိမ်၏ တည်နေရာ အတိအကျကိုမူ သူ မသိရှိချေ။
လက်ရှိ ပထဝီ အနေအထား ပြောင်းလဲမှုများကို ကြည့်လျှင် ထိုရှေးဟောင်း ဗဟိုကျွန်းကြီးသည် ယခု "တာ့ယွဲ့တောင်တန်း" တည်ရှိရာ နေရာပင် ဖြစ်နေသည်။
တာ့ယွဲ့တောင်တန်း အတွင်းပိုင်းသို့ ဝင်ရောက်ရန်မူ သူ မရဲဝံ့သေးချေ။
'အခွင့်အရေးရရင် ရုပ်သေးကို လွှတ်ပြီး စုံစမ်းခိုင်းကြည့်ရမယ်'
သူသည် ထိုအတွေးများကို ဖိနှိပ်လိုက်ပြီး သူ၏ "သိုလှောင်အိတ်" ကို ထုတ်ယူလိုက်၏။
သူ၏ နတ်ဘုရား အာရုံသည် သိုလှောင်အိတ် အတွင်းသို့ ဝင်ရောက်သွားပြီး ကျယ်ပြောလှသော နေရာလွတ်ကြီးထဲတွင် တာ့ယွဲ့မြို့တော် ဈေးကွက်၌ စုဆောင်းထားခဲ့သော ပစ္စည်းများကို ကြည့်ရှုလိုက်၏။
အဓိက ပစ္စည်းများမှာ ဒုတိယအဆင့်များ ဖြစ်ကြပြီး၊ အများစုမှာ သူ လိုအပ်သော ပစ္စည်းများ ဖြစ်ကြသည်။
တာ့ယွဲ့နန်းတော် ထံမှ ရရှိထားသော ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကုန်ကြမ်း (၄၀၀) ကိုမူ သူ မသုံးစွဲရသေးပေ။
တာ့ယွဲ့မြို့တော် ဈေးကွက်တွင် နေထိုင်ခဲ့သော တစ်နှစ်ကျော် ကာလအတွင်း ကောင်းကင် အပျက်အစီး ခန်းမဆောင် မှ တာအိုဆရာ ရှုယွီ ထံမှ ဒုတိယအဆင့် အထွတ်အထိပ် ကုန်ကြမ်း (၃၀၀) ခန့်ကို ကြိုကြားကြိုကြား ရရှိခဲ့ဖူးသည်။
ဒုတိယအဆင့် အထွတ်အထိပ် သစ်သားဓာတ် "သစ်သားဝိညာဉ် နတ်ဘုရားဝါးမြို အဆောင်" ရေးဆွဲရာတွင် အောင်မြင်မှုနှုန်းသည် ယခုအခါ (၄၀) ရာခိုင်နှုန်း ကျော်လွန်လာပြီး (၅၀) ရာခိုင်နှုန်းသို့ နီးကပ်လာခဲ့ပြီ ဖြစ်၏။
ကောင်းကင် အပျက်အစီး ခန်းမဆောင်ကို ပြန်ပေးခဲ့သည်မှာ အဆောင် (၈၀) ကျော်သာ ရှိသည်။
ခြုံငုံကြည့်လျှင် သူသည် ကောင်းကင် အပျက်အစီး ခန်းမဆောင်အား အောင်မြင်မှုနှုန်း (၃၅) ရာခိုင်နှုန်းခန့် ရှိကြောင်း ပြသခဲ့ခြင်း ဖြစ်၏။ ၎င်းသည် မဆိုးလှသော နှုန်းထားပင် ဖြစ်၏။
သူ့အတွက်မူ သစ်သားဝိညာဉ် နတ်ဘုရားဝါးမြို အဆောင် (၁၁) ချပ်ကို သီးသန့် ဖယ်ချန်ထားလိုက်၏။
စုယွီ၏ နတ်ဘုရား အာရုံသည် သိုလှောင်အိတ် အတွင်းရှိ ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကုန်ကြမ်း အရေအတွက်ကို စစ်ဆေးကြည့်လိုက်ရာ မျက်နှာထား ပြေလျော့သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။
"တာ့ယွဲ့နန်းတော်က ပေးတဲ့ ကုန်ကြမ်း (၄၀၀) အပါအဝင်ဆိုရင်... စုစုပေါင်း ကုန်ကြမ်း (၇၀၀) ကျော်လောက် ရှိနေပြီပဲ"
"တာ့ယွဲ့နန်းတော်က ဒုတိယအဆင့် အထွတ်အထိပ် အဆောင် (၁၀၀) လိုချင်တာ... ငါ့ရဲ့ လက်ရှိ အောင်မြင်မှုနှုန်းနဲ့ဆိုရင် ကုန်ကြမ်း (၂၀၀) လောက် သုံးရင် ရလောက်ပြီ"
"ဒါဆိုရင် ငါ့အတွက် ကုန်ကြမ်း (၅၀၀) လောက် သုံးလို့ ရတာပေါ့"
သူ ခေတ္တမျှ စဉ်းစားလိုက်၏။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ နတ်မိမယ် ဖုန်းလင် ယွင်ကျန်းဂိုဏ်းသို့ လာရောက်ရန် (၂) လကျော်ကျော်သာ လိုတော့၏။ အချိန် သိပ်မရှိတော့ချေ။
"နည်းနည်းလောက် ပိုကြိုးစားပြီး နောက်ထပ် အဆောင် (၁၈၀) လောက် ရအောင် ရေးကြည့်ရမယ်"
စုယွီသည် အခြားသော ဒုတိယအဆင့် အထွတ်အထိပ် အဆောင်များကို ရေးဆွဲရန် စိတ်ကူးကို စွန့်လွှတ်လိုက်၏။ အခြား အဆောင်နည်းစနစ်များကို လေ့ကျင့်ပြီး အောင်မြင်မှုနှုန်း မြှင့်တင်ရန် သူ့တွင် အချိန်မရှိတော့ပေ။
"သစ်သားဝိညာဉ် နတ်ဘုရားဝါးမြို အဆောင်" တစ်မျိုးတည်းကိုသာ အာရုံစိုက် ရေးဆွဲရပေမည်။
ဤအဆောင်သည် တစ်ဦးချင်း တိုက်ခိုက်သော အဆောင်မျိုး မဟုတ်သော်လည်း...
'စဉ်းစားကြည့်စမ်း... ဒုတိယအဆင့် အထွတ်အထိပ် အဆောင် (၁၈၀) လောက်ကို တပြိုင်တည်း ထုတ်သုံးလိုက်ရင်... ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး အရေအတွက်ကနေ အရည်အသွေး ပြောင်းလဲမှုတစ်ခု ဖြစ်သွားနိုင်တယ်... အဲဒီ မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာပဲ'
စုယွီ တံတွေးမြိုချလိုက်မိသည်။ ထို့နောက် ကျောက်စိမ်းခုံမြင့် တစ်ခု၊ ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ရေးစုတ်တံ တစ်ချောင်းနှင့် အဆောင်ကုန်ကြမ်းများကို လက်တစ်ဖက် ဝှေ့ယမ်းကာ ထုတ်ယူလိုက်၏။ သူ၏ မျက်နှာထားသည် လေးနက်သွားပြီး စိတ်ကို ငြိမ်သက်စေကာ "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို လည်ပတ်စေလိုက်၏။ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိအောင် ပြင်ဆင်ပြီးနောက် အဆောင်ရေးဆွဲခြင်းကို စတင်လိုက်လေတော့၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေ၏။
စုယွီ၏ နေ့စဉ် လုပ်ငန်းဆောင်တာမှာ အဆောင်ရေးဆွဲခြင်းနှင့် တတိယအဆင့် ရေခဲမီး ဂူစံအိမ်တွင် ကျင့်ကြံခြင်းသာ ဖြစ်သည်။
ဤ တတိယအဆင့် ဝိညာဉ်ကြော ဂူစံအိမ်၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆကြောင့် ဒုတိယအဆင့် အထွတ်အထိပ် အဆောင်တစ်ခု အောင်မြင်သွားလျှင်တောင်မှ အပြင်ဘက် ဆေးလုံးတောင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။
ဆေးလုံးတောင် အောက်ခြေတွင် တတိယအဆင့် ဂူစံအိမ်တစ်ခု ဝှက်ထားကြောင်း မည်သူမျှ မသိရှိကြချေ။
ထိုဂူထဲတွင် စုယွီတစ်ယောက် အရူးအမူးနှင့် အဆောင်များ ရေးဆွဲနေကြောင်းကိုလည်း မည်သူမျှ မသိနိုင်ကြပေ။
"ဆေးပညာရှင် လီမိသားစု" သည် အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးများ ပိုင်ဆိုင်သော အင်အားစုတစ်ခု ဖြစ်ပြီး တာ့ယွဲ့နန်းတော် လက်အောက်တွင် သာမက တာ့ယွဲ့ပြည်နယ် တစ်ခုလုံးတွင်ပါ "နံပါတ်တစ် ဆေးပညာရှင် မိသားစု" အဖြစ် ကျော်ကြားသည်။
သူတို့၏ မိသားစု တည်နေရာမှာ "ကြာနီကန်" ဟု ခေါ်သည်။ ကန်အလယ်တွင် လီမိသားစုက "ကောင်းကင်ဆေးလုံးကျွန်း" ဟု အမည်ပေးထားသော ကျွန်း တစ်ကျွန်း ရှိသည်။ ၎င်းသည် လီမိသားစုက နှစ်ပေါင်းများစွာ သိမ်းပိုက်ထားသော တတိယအဆင့် ဝိညာဉ်ကြော တစ်ခုဖြစ်ပြီး အဖိုးတန် နိဗ္ဗာန်ဘုံ တစ်ခု အဖြစ် ဖန်တီးထားကြခြင်း ဖြစ်၏။
ကြာနီကန်၏ ရေသည် ဖျော့တော့သော အနီရောင် ရှိပြီး ကန်ရေပြင်ပေါ်တွင် ကြာနီပန်းများ အများအပြား ပေါက်ရောက်နေသည်။
ရုပ်သေးကိုယ်ပွားသည် လီမိသားစုထံ ရောက်ရှိပြီး (၂၀) ရက်ခန့် အကြာတွင် ကောင်းကင်ဆေးလုံးကျွန်းမှ အောင်မြင်စွာ ပြန်လည် ထွက်ခွာလာခဲ့သည်။
သူ လီမိသားစုထံ သွားရောက်ရခြင်း အကြောင်းရင်းမှာ လီမိသားစု၏ တတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် ဘိုးဘေးကြီး အား "ဟောင်ထျန်း ဆေးလုံး" ဖော်စပ်ပေးရန် အကူအညီ တောင်းခံလို၍ ဖြစ်၏။
ကုန်ကျစရိတ်မှာ အဆင့်လတ် ဝိညာဉ်ကျောက်တုံး (၈၀၀) ။
၎င်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈၀,၀၀၀) ကျော်နှင့် ညီမျှသည်။
အခန်း (၁၈၆) - ကြီးမားသော ရိတ်သိမ်းမှုနှင့် ယွင်ကျန်းဂိုဏ်း၏ ကစဉ့်ကလျား ဖြစ်ရပ်များ (အပိုင်း ၈)
~အဆင့်လတ် ဝိညာဉ်ကျောက်တုံး (၈၀၀) ဆိုသော ဈေးနှုန်းကြောင့် စုယွီ သွားများကို တင်းတင်းစေ့ထားမိပြီး ရင်ထဲတွင် တနင့်နင့်ဖြင့် နောင်တရနေမိသည်။
မကြာသေးမီက ဆေးဖော်ခြင်းကို လေ့ကျင့်ရန် အခွင့်မသာခဲ့သည့်အပြင်၊ ဟောင်ထျန်း ဆေးလုံး သည် တတိယအဆင့် အဆင့်နိမ့် ဆေးလုံးနှင့် ညီမျှလုနီးပါး ခက်ခဲသောကြောင့်သာ... မတတ်သာ၍ လီမိသားစုထံ လာရောက် အကူအညီ တောင်းခံခဲ့ရခြင်း ဖြစ်၏။
ထိုမျှမကသေးပေ။ လီမိသားစု၏ ဘိုးဘေးကြီး ဖြစ်သူ တတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင်၏ အရည်အချင်းသည်လည်း သာမန်မျှသာ ဖြစ်နေပြန်သည်။ ထိပ်တန်း အရည်အသွေးရှိသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုကာ ဆေးဖော်စပ်ခဲ့သော်လည်း ဆေးလုံး (၃) လုံးသာ ထွက်ရှိခဲ့ပြီး၊ ထို (၃) လုံးစလုံးသည်လည်း သာမန် အဆင့်မီရုံ အရည်အသွေးများသာ ဖြစ်နေသည်။
ဤအချက်က စုယွီကို ပို၍ လက်မှိုင်ချစေသည်။
သူ့လက်ထဲတွင် ခုန်းလင်ပန်း အချို့ ကျန်ရှိနေသေးခြင်းနှင့် အချိန်မရှိတော့ခြင်းတို့သာ မရှိခဲ့လျှင်... သူ ဒေါသထွက်လွန်း၍ သွေးအန်မိလောက်ပေသည်။
"ရွှစ်..."
ရုပ်သေးကိုယ်ပွားသည် ကြာနီကန် မှ ထွက်ခွာလာပြီး ချက်ချင်းပင် "မြေကမ္ဘာ ကိုယ်ဖော့ပညာ" ကို အသုံးပြုကာ အရှေ့ဘက်သို့ ဦးတည် ထွက်ခွာသွားသည်။
လူသူကင်းမဲ့သော တောရိုင်းဒေသသို့ ရောက်ရှိသည်နှင့် တပြိုင်နက် မြေကြီးထဲမှ ထွက်လာပြီး "သစ်သား ကိုယ်ဖော့ပညာ" ကို အသုံးပြုကာ လီမိသားစု နယ်မြေနှင့် ဝေးရာသို့ လျင်မြန်စွာ ခရီးဆက်လေတော့၏။
သို့သော်...၊
လီမိသားစုနှင့် မိုင် (၃၀၀) ပင် မဝေးကွာသေးသော နေရာတွင် ရုပ်သေးကိုယ်ပွား ရပ်တန့်လိုက်ရသည်။
ရှေ့ရှိ တောင်ထိပ် တစ်ခုပေါ်တွင် ချီ စွမ်းအင် အလင်းတန်းများ လွှမ်းခြုံထားသော ပုံရိပ် တစ်ခုသည် သစ်ပင်ထိပ်ဖျားတွင် ငြိမ်သက်စွာ ရပ်နေသည်။ သူ၏ မျက်နှာကို သဲကွဲစွာ မမြင်ရချေ။
ရုပ်သေးကိုယ်ပွား ထိုနေရာသို့ ရောက်ရှိလာချိန်တွင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခုသည် သူ့ကို ချိန်ရွယ်ထားပြီး ဖြစ်နေသည်။
ရုပ်သေးကိုယ်ပွား မျက်မှောင်ကြုတ်လိုက်သော်လည်း အံ့ဩပုံ မရချေ။
ရှေ့ရှိ ပုံရိပ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး "လီမိသားစုက အကြီးအကဲလား”
ဟု မေးလိုက်၏။
သို့သော် ထိုသူသည် မည်သို့မျှ မတုံ့ပြန်ဘဲ၊ အက်ကွဲပြီး တိုးညှင်းသော အသံ တစ်သံကိုသာ ပေးပို့လိုက်၏။
"ဟောင်ထျန်း ဆေးလုံးကို ထားခဲ့... ဒါဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်"
စကားပြောနေစဉ် သူ၏ မျက်လုံးများသည် ရုပ်သေးကိုယ်ပွားကို စိုက်ကြည့်နေပြီး လူမိုက်တစ်ယောက်ကို အကဲခတ်နေသကဲ့သို့ ရှိသည်။ သူ၏ အသံတွင် စူးစမ်းလိုစိတ်နှင့် သတိထားမှုများ ရောယှက်နေသည်။
" အခြေခံတည်ဆောက်ခြင်း အဆင့် ပဲ ရှိတဲ့ ကောင်လေးကများ... ဟောင်ထျန်း ဆေးလုံး ကုန်ကြမ်းတွေကို ကြွားဝါရဲတယ်ပေါ့လေ... မင်းကို မိုက်မဲတယ်လို့ ခေါ်ရမလား... ဒါမှမဟုတ်... အရူးလို့ ခေါ်ရမလား"
ရုပ်သေးကိုယ်ပွားသည် စကားပြန်ပြောမနေတော့ဘဲ ချက်ချင်းပင် "သစ်သား ကိုယ်ဖော့ပညာ" ကို အသုံးပြုကာ ပျောက်ကွယ်သွားလေတော့၏။
ထိုတုံ့ပြန်မှုကို မြင်လိုက်ရသောအခါ တောင်ထိပ်ပေါ်ရှိ လူသည် အနည်းငယ် စိတ်အေးသွားပုံ ရသည်။ အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူနှင့် တွေ့ဆုံရသော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတိုင်း၏ ပုံမှန် တုံ့ပြန်မှုပင် မဟုတ်ပါလော။
သူ၏ နတ်ဘုရား အာရုံ သည် ပတ်ဝန်းကျင်ကို ထပ်ခါတလဲလဲ ဖြန့်ကြက် ရှာဖွေလိုက်သော်လည်း ဖုံးကွယ်ထားသော အခြား အရှိန်အဝါ တစ်ခုမျှ မတွေ့ရချေ။
'ဒါဆိုရင် ဒီကောင်မှာ ဘာအကာအကွယ်မှ မပါလာဘူး ဆိုတဲ့ သဘောပေါ့'
'တကယ်လို့သာ အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦး ပါလာခဲ့ရင်... ဟောင်ထျန်း ဆေးလုံး ကုန်ကြမ်းတွေကို လီမိသားစုဆီ တိုက်ရိုက် ယူလာတာက ပိုကောင်းတာပေါ့... အခုလို ခိုးကြောင်ခိုးဝှက် လုပ်နေစရာမှ မလိုတာ'
အတွေးများ ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသော်လည်း ချက်ချင်း ပြန်လည် ဖိနှိပ်လိုက်၏။ ထိုလူသည် ထွက်ပြေးသွားသော ရုပ်သေးကိုယ်ပွားကို ကြည့်ရင်း မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူက ခပ်ဖွဖွ ရေရွတ်လိုက်လေ၏။
"မင်းသာ ထွက်ပြေး လွတ်မြောက်သွားမယ် ဆိုရင်... ငါ့သိက္ခာ ဘယ်မှာ သွားထားရမလဲ"
"ဝီ..."
သူ တွေးလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးတွင် အစိမ်းရောင် ချီ စွမ်းအင် အလင်းတန်းများ ပိုမို တောက်ပလာသည်။ မဝေးလှသော နေရာသို့ ထွက်ပြေးသွားသော ရုပ်သေးကိုယ်ပွားသည် သက်ရှိသတ္တဝါများအလား လှုပ်ရှားလာသော သစ်ပင်အမြစ်ပေါင်းများစွာ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။
ကြောက်မက်ဖွယ် ကောင်းသော အစိမ်းရောင် မြွေကြီးများအလား ၎င်းတို့သည် လိမ့်ဝင်လာကြခြင်း ဖြစ်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရုပ်သေးကိုယ်ပွားသည် အငိုက်မိသွားပြီး သန်မာလှသော သစ်မြစ်များ၏ ချည်နှောင်ခြင်းကို ခံလိုက်ရကာ လှုပ်မရအောင် ဖြစ်သွားလေတော့၏။
အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ရှေ့မှောက်တွင် အခြေခံတည်ဆောက်ခြင်း အဆင့် ရုပ်သေးကိုယ်ပွား တစ်ခုအနေဖြင့် ခုခံရန် နေရာလပ် မရှိချေ။
"ဒီကို လာခဲ့စမ်း"
လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ သစ်မြစ်များသည် ရုပ်သေးကိုယ်ပွားကို သူ၏ ရှေ့မှောက်သို့ ဆွဲယူလာကြသည်။
သူသည် ရုပ်သေးကိုယ်ပွား၏ သိုလှောင်အိတ်ကို ချက်ချင်း လုယူခြင်း မပြုသေးပေ။ သစ်ပင်ထိပ်ဖျားတွင် ရပ်လျက် လွယ်ကူစွာ ဖမ်းမိထားသော ရုပ်သေးကိုယ်ပွားကို ငုံ့ကြည့်လိုက်၏။ သူတို့နှစ်ဦးကြားတွင် ပေအနည်းငယ်မျှသာ ကွာဝေးသည်။
သူ ဖြည်းဖြည်းချင်း ပြောလိုက်၏။
"ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ်... ဟောင်ထျန်း ဆေးလုံးကို ထုတ်ပေးလိုက်... ဒါဆိုရင် မင်းကို အသက်ချမ်းသာ ပေးချင် ပေးလိုက်မယ်"
"ဝူး... ဝူး... ဝူး..."
လေပြေညင်းသည် မြေပြင်ကို ဖြတ်သန်း တိုက်ခတ်သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ယိမ်းနွဲ့သွားစေသည်။
အသံတိတ်သွားပြီးနောက် တောအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကြောက်မက်ဖွယ် ကောင်းသော အမြုတေဖွဲ့စည်းခြင်း အဆင့် အရှိန်အဝါသည် မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး ကောင်းကင်နှင့် မြေကြီးသည် မှောင်မိုက်သွားသကဲ့သို့ ခံစားရသည်။ အသက်ရှူရန်ပင် အလွန် ခက်ခဲလာလေ၏။
"ကျွီ... ကျွီ..."
သစ်မြစ်များက ရုပ်သေးကိုယ်ပွားကို ပိုမို တင်းကျပ်စွာ ရစ်ပတ်လိုက်သဖြင့် အရိုးများ ကျိုးပဲ့သံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်သည် ကြေမွသွားတော့မည့်အလား ဖြစ်နေသည်။ သို့သော် ထိုအချိန်တွင် ရုပ်သေးကိုယ်ပွားသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်၏။ စကားတစ်ခွန်းမျှ မပြောဘဲ ထိုလူကို အေးစက်စွာ စိုက်ကြည့်လိုက်လေ၏။
နောက်တစ်ခဏတွင်...
"ဝုန်း..."
ရုပ်သေးကိုယ်ပွားထံမှ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု လျှပ်တပြက်.. ပေါက်ကွဲထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် စိတ်ကူးဖြင့်ပင် ပုံဖော်၍ မရနိုင်သော အေးစက်သော စွမ်းအားကြီးတစ်ခုသည် ကောင်းကင်နှင့် မြေကြီး အနှံ့သို့ ပျံ့နှံ့သွားလေတော့၏။ အရိုးထဲထိ စိမ့်ဝင်သွားစေသော အအေးဓာတ်သည် ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်း ရေခဲရိုက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
အေးစက်သော အရှိန်အဝါသည် ပေအနည်းငယ် အကွာတွင် ရပ်နေသော ထိုလူကို ဖြတ်သန်း တိုက်ခတ်သွားရာ... သူ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ဘဲ တုန်ယင်သွားမိသည်။ ရေခဲငရဲ အတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ်ပါမကျန် ခဲသွားမတတ် ဖြစ်သွားရလေ၏။
ချွေးစေးများ ပြန်လာပြီး ဦးရေပြားများ ထုံကျဉ်သွားကာ မကြုံစဖူးသော အန္တရာယ် အာရုံသည် နှလုံးသားမှတဆင့် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာထိ ထိုးဖောက် ဝင်ရောက်လာလေတော့၏။
'သေစမ်း...'
ထိုအခိုက်အတန့်တွင် ထိုလူသည် ဤနေရာသို့ လာမိခြင်းအတွက် နောင်တရသွားမိသည်။
သို့သော် နည်းနည်းတော့ နောက်ကျသွားပါတော့၏။
"ဒိုင်း..."
ရုပ်သေးကိုယ်ပွားကို ချည်နှောင်ထားသော သစ်မြစ်များသည် ချက်ချင်းပင် အခဲလိုက် ဖြစ်သွားပြီး၊ နောက်တစ်ခဏတွင် ရုပ်သေးကိုယ်ပွား၏ ခန္ဓာကိုယ်မှ စွမ်းအား တုန်ခါသွားရာ သစ်မြစ်များသည် အမှုန့်အမွှားများ ဖြစ်သွားပြီး နှင်းခဲများအသွင်ဖြင့် မြေပြင်ပေါ်သို့ ကြွေကျသွားကြသည်။
ချီ စွမ်းအင် အလင်းတန်းများ လွှမ်းခြုံထားသော ထိုလူသည် ပြန်လည် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်... အရပ်ပုပု၊ ဆံပင်ဖြူဖြူ အဘိုးအိုအသွင် ဆောင်ထားသော ရုပ်သေးကိုယ်ပွားသည် လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ဤလက်ဝါးချက်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းနေသော "အမြုတေအဆင့် မှော်ရတနာ" ဖြစ်သည့် "ရေခဲဝိညာဉ်ပုလဲ" ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။
လက်ဝါး ရိုက်ချက်နှင့်အတူ (၁၀) မိုင် ပတ်လည်ရှိ ကမ္ဘာလောကကြီး တစ်ခုလုံးသည် ချက်ချင်းပင် ရေခဲပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေတော့၏။
ရုပ်သေးကိုယ်ပွား၏ အေးစက်သော အသံသည် ထိုလူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"ခင်ဗျားက ကျုပ်ကို သားကောင်လို့ ထင်နေတာလား... ခင်ဗျား ကိုယ်တိုင်က ကျုပ်ရဲ့ သားကောင် ဖြစ်နေတာကို မသိရှာဘူးပဲ"
ထိုအသံသည် ထိုလူကို လုံးဝ ထိတ်လန့်တုန်လှုပ်သွားစေပြီး သူ၏ မျက်လုံးများထဲတွင် အဆုံးစွန်သော ကြောက်ရွံ့မှုများ ထင်ဟပ်နေလေတော့၏။
"ဝုန်း..."
မမျှော်လင့်ထားသော အဖြစ်အပျက်များသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။
ရုပ်သေးကိုယ်ပွား အတွင်းမှ ကြမ်းတမ်းသော စွမ်းအားများ ပေါက်ကွဲထွက်လာချိန်မှစ၍ လက်ဝါး ရိုက်ချက် ကျရောက်သွားချိန် အထိ အရာအားလုံးသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းလှပေသည်။ မနီးမဝေးတွင် ရှိနေသော ထိုလူ ပြန်လည် တုံ့ပြန်နိုင်ချိန်တွင်မူ... အေးစက်သော စွမ်းအားလှိုင်းကြီး တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့လေတော့၏။