အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
အခန်း (၁၉၀) - နည်းဗျူဟာအစုံ ခင်းကျင်းခြင်းနှင့် အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး၏ ကျဆုံးခန်း (အပိုင်း၃)
~ယွီပိုင်ဟယ် ခေတ္တမျှ တွေဝေသွားပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်၏။
"အစ်ကိုကြီးနဲ့ တွေ့တာက ကိစ္စမရှိပါဘူး... ဒါပေမဲ့ ဘိုးဘေးကြီးနဲ့ တွေ့ဖို့ဆိုတာ..."
ထိုအခါ၊ စုယွီက အသံလွှင့် စနစ်ဖြင့် စကားတစ်ခွန်း ပေးပို့လိုက်၏။
"ဟောင်ထျန်း ဆေးလုံးပါ"
ယွီပိုင်ဟယ် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ စုယွီကို မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်မိ၏။
ထို့နောက် အလျင်အမြန် ပြောလိုက်၏။
"ငါ့နောက်က လိုက်ခဲ့ပါ"
"ရွှစ်... ရွှစ်..."
သူတို့နှစ်ဦးသည် ယွီမိသားစု တတိယအိမ်တော်ရှိ ဝိညာဉ်တောင်ပေါ်မှ ပျံသန်းထွက်ခွာသွားပြီး ယွီမိသားစု၏ အနက်ရှိုင်းဆုံး ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားကြသည်။ ထိုနေရာသည် ယွီမိသားစု ပင်မအိမ်တော် တည်ရှိရာ နေရာဖြစ်ပြီး ယွီမိသားစုခေါင်းဆောင် ယွီပိုင်ရှန် နှင့် ဘိုးဘေးကြီး တို့ ကျင့်ကြံရာ နေရာလည်း ဖြစ်ပေသည်။
ခဏအကြာတွင်...
ယွီမိသားစု ပင်မအိမ်တော် ဝိညာဉ်တောင်၏ ထိပ်ဖျားတွင် တိမ်များ၊ မြူများ ဝေဆာနေသော တောအုပ်လေး တစ်ခု ရှိသည်။ တောအုပ်အတွင်းရှိ ရှင်းလင်းသော ကွင်းပြင်တစ်ခုတွင် ရှေးဟောင်း သစ်သားအိမ်လေး တစ်လုံး ပေါ်ထွက်လာသည်။
ယွီပိုင်ရှန်၊ ယွီပိုင်ဟယ်နှင့် စုယွီတို့ ထိုနေရာသို့ ရောက်ရှိလာကြသည်။
သာမန် ရိုးရှင်းသော အဘိုးအို တစ်ဦးသည် ခြံဝင်းထဲတွင် ပြန့်ကျဲနေသော ဝိညာဉ်ကြက်များကို အစာကျွေးနေလေသည်။
ထိုကြက်များသည် တစ်ကိုယ်လုံး မီးနီရောင် အမွှေးအတောင်များ ရှိပြီး တစ်ကောင်လျှင် တစ်ပေခန့် မြင့်မားသည်။ ဆူဖြိုးအာဟာရ ပြည့်ဝနေပြီး ပေါင် (၃၀)၊ (၄၀) ခန့် ရှိပေမည်။ သူတို့၏ အသားအရည်အသွေးသည် တတိယအဆင့် ဝိညာဉ်ဆေးပင်များနှင့် ယှဉ်နိုင်လေသည်။
ယွီပိုင်ရှန်၊ ယွီပိုင်ဟယ်နှင့် စုယွီတို့ ရောက်လာသည်ကို မြင်သောအခါ အဘိုးအိုသည် မော့ကြည့်လိုက်၏။ အနည်းငယ် အံ့အားသင့်သွားပြီးနောက် လက်ထဲမှ အဆင့်လတ် ဝိညာဉ်ဆန်စပါးများကို ကြက်များရှေ့သို့ ကြဲချလိုက်ရင်း မေးလိုက်၏။
"ဘာကိစ္စရှိလို့ ရောက်လာကြတာတုန်း"
ယွီပိုင်ရှန်က ခြံဝင်းတံခါးကို ဖွင့်လိုက်ပြီး ယွီပိုင်ဟယ်နှင့် စုယွီတို့ကို ခေါ်ဆောင်ကာ ဝင်ရောက်သွားသည်။
ယွီပိုင်ရှန်နှင့် ယွီပိုင်ဟယ် နှစ်ဦးစလုံး ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
"အဖေ"
ထို့နောက် သူတို့နှစ်ဦးသည် အနောက်မှ ပါလာသော စုယွီကို လှည့်ကြည့်လိုက်ကြသည်။
စုယွီသည် ယွီမိသားစု၏ ဘိုးဘေးကြီးကို ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဟောင်ထျန်း ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်၏။ ထို့နောက် တည်ငြိမ်စွာ ပြောကြားလိုက်၏။
"အရင် မိသားစုခေါင်းဆောင်တုန်းက ကျွန်တော့်ကို ဟောင်ထျန်း ဆေးလုံးအတွက် အထောက်အကူပြု ဆေးဝါးတွေ ပေးခဲ့ဖူးပါတယ်... အခုတော့ ကျွန်တော် ယွီမိသားစုကို ဟောင်ထျန်း ဆေးလုံး တစ်လုံး ပြန်ပေးဆပ်ပါရစေ"
ဟောင်ထျန်း ဆေးလုံး.......
ယွီမိသားစု ဘိုးဘေးကြီး၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ပင့်သက် ရှိုက်သွင်းလိုက်မိသည်။ သူ၏ မျက်လုံးများသည် ဟောင်ထျန်း ဆေးလုံးအပေါ်တွင် စွဲကပ်နေသည်။
ယွီပိုင်ရှန်နှင့် ယွီပိုင်ဟယ်တို့လည်း ထိုနည်းလည်းကောင်းပင်။
အထူးသဖြင့် ယွီပိုင်ရှန် ဖြစ်၏။ စုယွီ လက်ထဲမှ ဟောင်ထျန်း ဆေးလုံး၏ ရနံ့ကို ရလိုက်သည်နှင့် တံတွေး အကြိမ်ကြိမ် မျိုချလိုက်မိသည်။ သူသည် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်တွင် ရပ်တန့်နေသည်မှာ ကြာမြင့်လှပြီ မဟုတ်ပါလော။
အကယ်၍ အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ဖိအားပေး၍ တက်လှမ်းရန် မရွေးချယ်လျှင်၊ ဤ ဟောင်ထျန်း ဆေးလုံးသည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။
သို့သော် ခဏအကြာတွင် ယွီပိုင်ရှန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သန်မာသော စိတ်ဓာတ်ဖြင့် ဆေးလုံးမှ အကြည့်ကို လွှဲလိုက်၏။
ယွီမိသားစုတွင် ဟောင်ထျန်း ဆေးလုံးကို အလိုအပ်ဆုံး လူမှာ သူတို့၏ ဖခင်ကြီးပင် ဖြစ်၏။
သူက နောက်ထပ် နှစ် (၁၀၀) အနည်းဆုံး နေနိုင်သေးသည်။
သို့သော် သူတို့ဖခင်ကြီးမှာမူ နောက်ထပ် နှစ် (၄၀)၊ (၅၀) ခန့်သာ ကျန်ရှိတော့၏။
အကယ်၍ ဖခင်ကြီးသာ ဤဆေးလုံးကို ရရှိပြီး "တုပ အမြုတေ အဆင့်"သို့ တက်လှမ်းနိုင်ခဲ့လျှင် သက်တမ်းကို အနည်းဆုံး နှစ် (၁၀၀) ခန့် ထပ်မံ တိုးမြှင့်နိုင်ပေလိမ့်မည်။
ယွီမိသားစုအတွက် ဤအရာသည် ကြီးမားသော အကျိုးကျေးဇူးပင် ဖြစ်ပေသည်။
သူ့အတွက်မူ နောင်အချိန်များ ရှိပါသေးသည်။
ယွီပိုင်ရှန် အကြည့်လွှဲလိုက်ပြီး မကြာမီမှာပင် ယွီမိသားစု ဘိုးဘေးကြီးသည်လည်း စုယွီ လက်ထဲမှ ဆေးလုံးမှ အကြည့်ကို ခွာလိုက်၏။ စုယွီကို ကြည့်ပြီး လေးစားအားကျစွာ သက်ပြင်းချလိုက်ကာ ညင်သာစွာ ပြုံးလျက် ခေါင်းညိတ်လိုက်၏။
"လူငယ်တွေက ကြောက်စရာ ကောင်းလောက်အောင် တော်ကြပါလား"
"လာကြ... အိမ်ထဲဝင်ကြ... ငါ့မှာ သိမ်းထားတာ ကြာပြီဖြစ်တဲ့ တန်ဖိုးကြီး ဝိညာဉ်လက်ဖက်ခြောက်လေး နည်းနည်း ရှိတယ်"
"ရွှေကျောက်စိမ်း အင်မော်တယ် ဂိုဏ်း အပျက်အစီးနယ်မြေထဲက ရလာတာလေ"
"ဒီနေ့တော့ ငါတို့ သားအဖ၊ မြေးအဘိုးတွေ ကောင်းကောင်း သောက်ကြတာပေါ့"
ပြောပြီးသည်နှင့် ဘိုးဘေးကြီးသည် လှည့်ထွက်သွားပြီး သစ်သားအိမ်ဆီသို့ လျှောက်လှမ်းသွားသည်။
ခဏအကြာတွင်... သစ်သားအိမ် ခန်းမဆောင်ရှိ သစ်သားစားပွဲဝိုင်းတွင် ဘိုးဘေးကြီး ကိုယ်တိုင် လက်ဖက်ရည် နှပ်နေသည်။ ဆူပွက်နေသော ဝိညာဉ်စမ်းရေထဲသို့ လှော်ထားသော ဝိညာဉ်လက်ဖက်ခြောက် အရွက်တစ်ရွက်ကို ထည့်လိုက်၏။
ထည့်နေရင်း သူက ပြောလိုက်၏။
"ဒီလက်ဖက်ခြောက်က အရသာ အရမ်းပြင်းတာ... တစ်ရွက်ဆို လုံလောက်ပြီ"
စကားဆုံးသည်နှင့် ထူးခြားပြင်းရှသော လက်ဖက်ရနံ့သည် အခန်းတစ်ခုလုံး ပြည့်နှက်သွားလေတော့၏။
ဘိုးဘေးကြီးသည် ပထမဆုံး စုယွီအတွက် တစ်ခွက် ငှဲ့ပေးလိုက်၏။ ပြီးနောက် သူ့အတွက် တစ်ခွက် ငှဲ့လိုက်၏။ နောက်ဆုံးတွင် လက်ဖက်ရည်အိုးကို ညီအစ်ကို နှစ်ယောက်ဖြစ်သော ယွီပိုင်ရှန်နှင့် ယွီပိုင်ဟယ်တို့ ရှေ့တွင် ချပေးလိုက်ပြီး လက်ကာပြကာ ပြောလိုက်၏။
"မင်းတို့ဘာသာ ငှဲ့သောက်ကြတော့"
ယွီပိုင်ရှန်၊ ယွီပိုင်ဟယ် - "..."
သူတို့ မငြင်းဆန်ရဲကြပေ။ ယွီပိုင်ရှန်က ယွီပိုင်ဟယ်ကို တစ်ချက် ကြည့်လိုက်၏။
ယွီပိုင်ဟယ် - "..."
သူသည် တိတ်ဆိတ်စွာပင် လက်ဖက်ရည်အိုးကို ကိုင်လိုက်ပြီး သူ့အစ်ကိုကြီးနှင့် သူ့အတွက် တစ်ခွက်စီ ငှဲ့လိုက်ရသည်။
'အခု ငါ့အဆင့်အတန်းက အောက်ဆုံး ရောက်သွားပြီလား'
လက်ဖက်ရည်ကို မြည်းစမ်းကြည့်လိုက်သောအခါ စုယွီ တစ်ငုံ သောက်လိုက်၏။ ချက်ချင်းပင် အေးမြသော ခံစားမှုတစ်ခု ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး အသိစိတ်အာရုံများ ကြည်လင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အာနိသင်သည် "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" နှင့်ပင် ယှဉ်နိုင်ပေသည်။
ဘိုးဘေးကြီးက ပြုံးရွှင်စွာဖြင့် သူ့ကို ကြည့်ပြီး မေးလိုက်၏။
"ဘယ်လိုလဲ... ဒီလက်ဖက်ရည်က မဆိုးဘူး မဟုတ်လား... ဟားဟားဟား"
"ငါကိုယ်တိုင်တောင် သောက်ဖို့ နှမြောနေတာ... တစ်နှစ်နေမှ အရွက် (၁၀) ရွက်လောက်ပဲ ရတာလေ... ရှားပါးလွန်းတယ်ကွာ... ဟူး..."
စုယွီ ခေါင်းညိတ်ထောက်ခံလိုက်၏။ "တကယ် ကောင်းပါတယ်"
ဤကဲ့သို့သော ဝိညာဉ်လက်ဖက်ရည်မျိုးကို တွေ့ရခဲလှပေသည်။
လက်ဖက်ရည် သောက်ပြီးနောက် ဘိုးဘေးကြီးသည် လိုရင်းကို ပြောလိုက်၏။
"ဟောင်ထျန်း ဆေးလုံး ဆိုတာ အဖိုးတန်လွန်းပါတယ်... ငါတို့ ယွီမိသားစုက မင်းကို အမြတ်မထုတ်ပါဘူး... ဒါကြောင့် မောင်ရင် စု မှာ လိုချင်တာများ ရှိမလား"
စုယွီ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
"ဝိညာဉ်သစ်သီးပင် တစ်ပင် လိုချင်ပါတယ်ဗျ"
"..."
ယွီပိုင်ရှန်နှင့် ယွီပိုင်ဟယ်တို့ အနည်းငယ် မျက်ခုံး ကျုံ့သွားကြသော်လည်း ချက်ချင်း ပြန်လည် ပြေလျော့သွားကြသည်။
ဝိညာဉ်သစ်သီးပင်သည် တန်ဖိုးရှိပြီး "အခြေခံတည်ဆောက်ခြင်း ဆေးလုံး" ဖော်စပ်ရန် အဓိက ကုန်ကြမ်း ဖြစ်သော်လည်း... သူတို့တွင် ရှိသော အပင် (၂) ပင်အနက် တစ်ပင်ကို ပေးလိုက်ရခြင်းက ဟောင်ထျန်း ဆေးလုံးနှင့် လဲလှယ်ရာတွင် ယွီမိသားစုအတွက် အမြတ်ထွက်နေသေးသော အရောင်းအဝယ် ဖြစ်နေသောကြောင့်တည်း။
ဘိုးဘေးကြီးသည် မျက်နှာအမူအရာ မပျက်ဘဲ အေးဆေးစွာ စဉ်းစားလိုက်၏။
ခဏအကြာတွင် စုယွီကို ကြည့်ပြီး ပြောလိုက်၏။
"ဒါ့အပြင် ဒုတိယအဆင့် အထွတ်အထိပ် သားရဲ တစ်ကောင်ပါ ထပ်ဆောင်းပေးလိုက်မယ်... အဲ့ဒါရှိရင် မင်းတို့ စုမိသားစုအနေနဲ့ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက် လာတိုက်ရင်တောင် ခံနိုင်ရည် ရှိသွားမှာပါ"
ညီမျှသော လဲလှယ်မှု ဆိုသည်မှာ - ဟောင်ထျန်း ဆေးလုံး အထောက်အကူပြု ပစ္စည်း (၃) စုံ၊ ဝိညာဉ်သစ်သီးပင် တစ်ပင်၊ နှင့် ဒုတိယအဆင့် အထွတ်အထိပ် သားရဲ တစ်ကောင်... ဤအရာ အားလုံးကို ဟောင်ထျန်း ဆေးလုံး တစ်လုံးဖြင့် လဲလှယ်ခြင်း ဖြစ်ပေသည်။
ဘိုးဘေးကြီး၏ အမြင်တွင် ဒါက အလွန် တန်သော အရောင်းအဝယ် ဖြစ်ပြီး စုမိသားစုကို အမြတ်ထုတ်ခြင်း လုံးဝ မဟုတ်ချေ။
နေ့ဝက်ခန့် ကြာမြင့်ပြီးနောက်...
စုယွီ၏ ရုပ်သေးကိုယ်ပွားသည် ကျောက်မည်းတောင်ရှိ ယွီမိသားစုထံမှ ပြန်လည် ထွက်ခွာလာခဲ့သည်။ "အမွှေးနက် သိမ်းငှက်" သည် ဆေးလုံးတောင်ဘက်သို့ ဦးတည်၍ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ လင်းယုန်၏ ကျောပေါ်တွင် တင်ပျဉ်ခွေ ထိုင်ရင်း စုယွီသည် သိုလှောင်အိတ်ထဲရှိ ဝိညာဉ်သစ်သီးပင်လေးကို နတ်ဘုရား အာရုံဖြင့် ကြည့်ရှုကာ ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။
'ဒီအပင်လေး ရှိရင်... နောက်ဆို ငါတို့မိသားစုအတွက် အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဖော်ဖို့ ပစ္စည်းရှာရတာ အများကြီး လွယ်ကူသွားတော့မယ်'
စုယွီ စိတ်သက်သာရာ ရသွားမိသည်။
ဒီတစ်ခေါက် သူ ဟောင်ထျန်း ဆေးလုံး (၂) လုံး၊ တတိယအဆင့် ဆေးပညာရှင်၏ အမွေအနှစ်နှင့် ဝိညာဉ်သစ်သီးပင် တစ်ပင် ရရှိခဲ့သည်။
ဟောင်ထျန်း ဆေးလုံးကို လောလောဆယ် အသုံးမလိုသေးသော်လည်း၊ ဝိညာဉ်သစ်သီးပင်သည် စုမိသားစုအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်ပေသည်။ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကုန်ကြမ်းအတွက် အကန့်အသတ်များကို ဖြေလျော့ပေးနိုင်ပြီး အခြေခံအုတ်မြစ် တစ်ခုကို တည်ဆောက်ပေးလိုက်ခြင်း ဖြစ်ပေသည်။
ဒါက စုမိသားစု အသည်းအသန် လိုအပ်နေသော အရင်းအမြစ်ပင် ဖြစ်ချေသည်။
တတိယအဆင့် ဆေးပညာရှင် အမွေအနှစ်နှင့် အခြား အကျိုးအမြတ်များမှာမူ စုယွီ ကိုယ်တိုင် ရရှိသော အမြတ်အစွန်းများ ဖြစ်ပေသည်။
"ဒါ့အပြင် ယွီမိသားစုကလည်း ဟောင်ထျန်း ဆေးလုံး တစ်လုံး ရသွားတယ်... ဘိုးဘေးကြီး အနေနဲ့ တုပ အမြုတေ အဆင့်ကို တက်လှမ်းနိုင်လောက်တယ်... ဒါဆိုရင် သူက သူ့ရဲ့ သားရဲတွေကို တဖြည်းဖြည်းချင်း အဆင့်မြှင့်ပေးနိုင်ပြီး တတိယအဆင့် အဆင့်နိမ့် သားရဲထိန်း ဖြစ်လာဖို့ မျှော်လင့်ချက် ရှိလာနိုင်တယ်"
စုယွီ၏ မျက်လုံးများတွင် အပြုံးရိပ်များ ယှက်သန်းနေသည်။
ထို့ကြောင့် ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ အုပ်စု ရှုံးနိမ့်သွားလျှင်တောင်မှ...
ယွင်ကျန်းဂိုဏ်းက လွဲလျှင် ကျန်းမိသားစု ၊ သို့မဟုတ် ဟွမ်မိသားစုကို သူတို့ ကြောက်စရာ မလိုတော့ပေ။
ယွီမိသားစုက ထိုသူများကို ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။
ထိုမျှ မကသေး...။
ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ အုပ်စု ရှုံးနိမ့်မည်ဟု တပ်အပ် ပြော၍ မရသေးချေ။
စုယွီသည် ယွင်ကျန်းဂိုဏ်း ဝင်ပေါက် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်ကာ တွေးတောလိုက်မိသည်။
"တာအိုရောင်းရင်း လော့... နတ်မိမယ် ဖုန်းလင်ကို ယှဉ်ပြိုင်နိုင်မယ့် စွမ်းအား ရှိလောက်မှာပါ... ဟုတ်တယ်မလား"
သေချာ စဉ်းစားပြီးနောက်... တစ်နေ့ကျရင် သူ၏ ရုပ်သေးကိုယ်ပွားကို ယွင်ကျန်းဂိုဏ်းသို့ ကိုယ်တိုင် စေလွှတ်ပြီး သူတို့၏ စကားစစ်ထိုးပွဲ ရလဒ်ကို သွားရောက် ကြည့်ရှုခိုင်းရပေမည်။
အမွှေးနက် သိမ်းငှက်သည် ဆေးလုံးတောင်သို့ နီးကပ်လာသောအခါ ရုပ်သေးကိုယ်ပွားက ၎င်းကို သားရဲထိန်းအိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် တိတ်ဆိတ်စွာပင် ဆေးလုံးတောင်သို့ ပြန်လာပြီး မြေအောက် ပေတစ်ထောင် အနက်သို့ တိုးဝင်သွားသည်။
တတိယအဆင့် ဂူစံအိမ်၏ ရေခဲမီး အကာအကွယ်ကို ဖြတ်ကျော်ပြီး "နေလမင်း ကျွန်း" ပေါ်သို့ ဆင်းသက်လိုက်လေသည်။
စုယွီသည် ဝိညာဉ်သစ်သီးပင်ကို နေလမင်း ကျွန်းထောင့်ရှိ ဝိညာဉ်မြေဆီလွှာတွင် စိုက်ပျိုးလိုက်ပြီး ဝိညာဉ်စမ်းရေဖြင့် ရေလောင်းပေးလိုက်၏။ ထို့နောက် ရေခဲနှင့် မီး စွမ်းအားများကို ကာကွယ်ရန် အခင်းအကျင်းတစ်ခု တည်ဆောက်ပေးလိုက်၏။
ကြီးထွားမှုကို အနှောင့်အယှက် မဖြစ်စေရန် ဖြစ်ပါသည်။
"ရှင်သန်နိုင်လောက်ပါတယ်"
စုယွီသည် ပတ်ဝန်းကျင်ကို ကြည့်ပြီး အနည်းငယ် စိုးရိမ်မိသော်လည်း သူ၏ သစ်သားဓာတ် ချီ စွမ်းအင်ဖြင့် အာဟာရ ဖြည့်တင်းပေးလိုက်သောအခါ စိတ်သက်သာရာ ရသွားသည်။
ကျွန်းတစ်ခုလုံးကို ပြန်ကြည့်လိုက်ရာ ယခင်က ခြောက်သွေ့နေသော ကျွန်းသည် ယခုအခါ သက်ရှိစွမ်းအားများဖြင့် တောက်ပနေသကဲ့သို့ ရှိသည်။
ရုတ်တရက် ဤဂူစံအိမ်သည် အနည်းငယ် ပြောင်းလဲသွားသယောင် ခံစားလိုက်ရသည်။
စုယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဆက်လက် တွေးတောလိုက်၏။ အချိန်ကို တွက်ချက်ကြည့်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။
"နတ်မိမယ် ဖုန်းလင် း.. ယွင်ကျန်းဂိုဏ်းကို လာဖို့ (၂၆) ရက် လိုသေးတယ်... ဒုတိယအဆင့် အထွတ်အထိပ် အဆောင်တွေ ထပ်ရေးလိုက်ဦးမယ်"
သိုလှောင်အိတ်ထဲရှိ "သစ်သားဝိညာဉ် နတ်ဘုရားဝါးမြို အဆောင်" (၁၀၃) ချပ်ကို ကြည့်ပြီး စိတ်မလုံခြုံသေးသလို ခံစားနေရသည်။
‘အချိန်ကျရင် ရုပ်သေးကိုယ်ပွားကို အဆောင် (၁၀၀) ပေးပြီး ယွင်ကျန်းဂိုဏ်းကို လွှတ်လိုက်မယ်။ ငါကတော့ ဒီမှာ နေပြီး အဆောင်တွေ ဆက်ရေးနေမယ်။’
ထိုသို့ တွေးမိသောအခါ စုယွီသည် စိတ်လောသွားရပြီး ကျောက်စိမ်းခုံမြင့်သို့ အမြန် ပြန်သွားကာ စိတ်ကို ငြိမ်သက်စေပြီး "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို အသက်သွင်း၍ အဆောင်ရေးဆွဲခြင်းကို ဆက်လက် လုပ်ဆောင်လိုက်တော့၏။
သူ မသိလိုက်သည်မှာ...
ဒုတိယအဆင့် အထွတ်အထိပ် အဆောင် (၁၀၀) ဆိုသည်မှာ... အမြုတေဖွဲ့စည်းခြင်း အစောပိုင်း အဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦးပင်လျှင် ရှောင်တိမ်းရမည့် စွမ်းအားမျိုး ဖြစ်ပေသည်။
ထိုသူက တရားနည်းလမ်းကျကျ တိုက်ခိုက်ဖို့ လာတာမှ မဟုတ်သည်ပိုး။
ပြီးစီးပြီးသော အဆောင်များအပြင် စုယွီတွင် ကုန်ကြမ်း (၅၀၀) ကျော် ကျန်ရှိနေသေးသည်။ မည်မျှ ပြီးစီးအောင် ရေးဆွဲနိုင်မည်ကိုတော့ မသေချာပေ။
ရုပ်သေးကိုယ်ပွားသည် ဘေးတွင် တင်ပျဉ်ခွေ ထိုင်လျက် ရုပ်သေးဝိညာဉ် စွမ်းအားနှင့် "ရုပ်သေးပညာရပ်" ကို လည်ပတ်စေကာ အောက်ဖက်ရှိ တတိယအဆင့် သတ္တုရိုင်းနှင့် တောက်ပသော ဝိညာဉ်ကျောက်တုံးတို့၏ အနှစ်သာရကို စုပ်ယူပြီး ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နေသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားလေ၏။
တာအိုဆွေးနွေးပွဲ မတိုင်မီ (၃) ရက် အလိုတွင်... စုယွီသည် သူ၏ ရုပ်သေးကိုယ်ပွားကို ဂူစံအိမ်မှ ထွက်ခွာစေပြီး ယွင်ကျန်းဂိုဏ်းဆီသို့ စေလွှတ်လိုက်လေတော့၏။
အခန်း (၁၉၁) - အမျိုးသမီးနှစ်ဦး၏ တာအိုဆွေးနွေးပွဲ (လော့ချန်ယွီ Vs နတ်မိမယ် ဖုန်းလင်) (အပိုင်း ၁)
~(၂၀) ရက်ကျော် အတွင်းမှာပင်... ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံး၏ လေထုသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ တင်းမာသော အငွေ့အသက်များသည် တသီးပုဂ္ဂလ ကျင့်ကြံသူများနှင့် မိသားစု အသီးသီးမှ ကျင့်ကြံသူများကို လွှမ်းခြုံထားပြီး၊ အားလုံးသည် ဖိအား တစ်ခုအောက်တွင် ရောက်နေသကဲ့သို့ ခံစားနေကြရသည်။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ အကြီးအကဲ ထျန်းဖူ သည် ယွင်ကျန်းဂိုဏ်းသို့ တက်ရောက်ပြီး ပထမအကြီးအကဲကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည့် သတင်းသည် လူတိုင်းကို ကြက်သီးထစေခဲ့သည်။
ထို့အပြင် နတ်မိမယ် ဖုန်းလင်သည် ယွင်ကျန်းဂိုဏ်း၏ ပါရမီရှင် လော့ချန်ယွီ နှင့် သေရေးရှင်ရေး စကားစစ်ထိုးပွဲ ပြုလုပ်ရန် လာရောက်တော့မည် ဟူသော သတင်းသည် ပို၍ပင် ဂယက်ရိုက်ခတ်စေခဲ့သည်။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သည် ယွင်ကျန်းဂိုဏ်းကို တိုက်ခိုက်တော့မည် ဟူသော သတင်းများလည်း လျင်မြန်စွာ ပျံ့နှံ့နေသည်။
ရုပ်သေးကိုယ်ပွားသည် စကားစစ်ထိုးပွဲကို ကြည့်ရှုရန် ယွင်ကျန်းဂိုဏ်းသို့ ထွက်ခွာလာချိန်တွင် ကောလာဟလ အမျိုးမျိုးသည် နေရာအနှံ့ ပျံ့လွင့်နေပြီ ဖြစ်၏။
မူလက စုယွီ ထင်ထားသည်မှာ ဤကဲ့သို့ အခြေအနေမျိုးတွင် ယွင်ရှန်းဈေး ရှိ ကျင့်ကြံသူများသည် ထွက်ပြေးတိမ်းရှောင်ကြလိမ့်မည် ဟူ၍ ဖြစ်၏။ အနည်းဆုံးတော့ အခြေအနေ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းကြလိမ့်မည်ဟု ယူဆထားခဲ့သည်။
သို့သော် ယွင်ရှန်းဈေးသို့ ရောက်ရှိသောအခါ... လူများဖြင့် ပြည့်ကျပ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
အနယ်နယ် အရပ်ရပ်မှ ကျင့်ကြံသူများသည် ဒီရေအလား ဝင်ရောက်လာကြခြင်း ဖြစ်၏။
သူတို့သည်လည်း ရှားပါးလှသော ပါရမီရှင် နှစ်ဦး၏ စကားစစ်ထိုးပွဲကို မျက်ဝါးထင်ထင် ကြည့်ရှုလိုကြသောကြောင့် ဖြစ်ပေသည်။
ယွင်ရှန်းဈေး...
"အရပ်လေးမျက်နှာ အင်မော်တယ် စားသောက်ဆိုင်" တွင်...
"နန်းတွင်း ဝိညာဉ်ကြက်သားဟင်း ၊ ရေခဲမီး ချောက်ကမ်းပါး ဟင်းလျာ၊ ကောင်းကင်ဘုံ အရသာ ၊သားရဲတစ်ရာ ခစားခြင်း၊ အသက်ရှည် ခရုဟင်းချို နဲ့ နှစ် (၃၀) သက်တမ်းရှိတဲ့ ရေခဲစမ်းချောင်း ဝိညာဉ်ဝိုင် တစ်အိုး... အားလုံး ရပါပြီခင်ဗျာ... သုံးဆောင်နိုင်ပါပြီ အရှင်တို့"
စားပွဲထိုးလေးသည် ဟင်းပွဲများကို စားပွဲပေါ်သို့ ရိုသေစွာ ချပေးပြီးနောက် ဖြည်းညှင်းစွာ ဆုတ်ခွာသွားသည်။
စားပွဲပေါ်ရှိ ဟင်းပွဲများ အားလုံးသည် ဈေးကြီးပေးရသော ရှားပါး အစားအစာများ ချည်းသာ ဖြစ်သည်။
"နန်းတွင်း ဝိညာဉ်ကြက်သားဟင်း" ကို ရှားပါးသော "မီးကတ္တီပါ ဝိညာဉ်ကြက်" ဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်ပြီး အရသာ ရှိရုံသာမက ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများလည်း ပါဝင်သည်။
"ရေခဲမီး ချောက်ကမ်းပါး ဟင်းလျာ" သည် "ရေခဲစမ်းချောင်း ဝိညာဉ်ငါး"ကို ဝိညာဉ်ဆေးပင်များဖြင့် ချက်လုပ်ထားသော ဆီပူလောင်းထားခြင်း ဖြစ်ပြီး ရေခဲနှင့် မီး အရသာကို ပေါင်းစပ်ပေးထားသည်။
"သားရဲတစ်ရာ ခစားခြင်း" မှာမူ ဝိညာဉ်ငှက်သားများဖြင့် ပြုလုပ်ထားပြီး သွေးနှင့် စွမ်းအင် အနှစ်သာရများ ကြွယ်ဝလှပေ၏။
"အသက်ရှည် ခရုဟင်းချို" သည် အမှန်တကယ် အသက်ရှည်စေသည် မဟုတ်သော်လည်း နှစ်ပေါင်းများစွာ သက်တမ်းရှိသော "ခရုမိစ္ဆာဘုရင်" ဖြင့် ပြုလုပ်ထားသဖြင့် အလွန် အာဟာရ ဖြစ်စေသည်။
နောက်ဆုံးတွင် ရင်းနှီးပြီးသား အရသာနှင့် အေးမြသော "ရေခဲစမ်းချောင်း ဝိညာဉ်ဝိုင်" လည်း ပါဝင်သည်။
စုယွီသည် ယဉ်ကျေးမနေတော့ဘဲ စတင် စားသောက်လိုက်၏။ ရှေ့တွင် ထိုင်နေသော နတ်သမီးကဲ့သို့ လှပသော အမျိုးသမီးများကို တစ်ချက် ကြည့်လိုက်ပြီး ဝိုင်တစ်ငုံ သောက်လိုက်၏။ အေးမြသော ဝိုင်အရသာကို ခံစားရင်း သက်ပြင်းချကာ ပြောလိုက်၏။
"အရသာက အရင်အတိုင်းပါပဲလား... ဒီ ရေခဲစမ်းချောင်း ဝိညာဉ်ဝိုင်ကို သောက်လာတာ နှစ် (၂၀) တောင် ပြည့်တော့မယ်"
"နောင်လည်း ဆက်သောက်ခွင့် ရပါ့မလား မသိတော့ဘူး"
စားပွဲ၏ တစ်ဖက်တွင် လော့ချန်ယွီသည် တည်ငြိမ်စွာ ထိုင်နေသည်။ သူမလည်း စတင် စားသောက်လိုက်လေ၏။ ရှေ့ရှိ ဝိညာဉ်အသားများနှင့် ဆေးပင်များဖြင့် ချက်ပြုတ်ထားသော အစားအစာများသည် သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူး မရှိသော်လည်း အရသာခံရန်အတွက်မူ ကောင်းမွန်လှပေသည်။
လော့ချန်ယွီ၏ ဘေးတွင် စုဇီ၊ ထျယ်မုန်ကျူး ၊ ရှီလုအာ နှင့် ချန်ကျားယင်း တို့ ထိုင်နေကြသည်။
လော့ချန်ယွီသည် အဖြူရောင် ရှည်ဖျားသော ဂါဝန်ကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိဘဲ သဘာဝအတိုင်း လှပနေသည်။ သူမ၏ အသားအရေသည် ဖြူဝင်းပြီး ပန်းရောင်သမ်းနေကာ နုနယ်လွန်းလှသဖြင့် ထိလိုက်လျှင်ပင် ပျက်စီးသွားမည့်အလား ထင်မှတ်ရသည်။ သူမသည် အေးစက်သော်လည်း ရက်စက်ပုံ မရချေ။
သူမ၏ ဘေးတွင် စုဇီသည် ခရမ်းရောင် ဖျော့ဖျော့ အင်္ကျီနှင့် စကတ်ကို ဝတ်ဆင်ထားသည်။ ခါးကို စည်းနှောင်ထားသဖြင့် သူမ၏ ပြေပြစ်သော ကိုယ်ခန္ဓာ အချိုးအစားကို ပိုမို ပေါ်လွင်စေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကကဲ့သို့ပင် သူမ၏ အသားအရေသည် ပန်းချီကား တစ်ချပ်အလား ဖြူဝင်းနေဆဲ ဖြစ်၏။
ထျယ်မုန်ကျူးသည် အနက်ရောင် ပိုးသား ပန်းပွင့်ဂါဝန်ကို ဝတ်ဆင်ထားပြီး ထူးခြားစွာ လှပနေသော်လည်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူမ၏ ဘေးတွင် ရှီလုအာသည် ဗာဒံစေ့ပုံသဏ္ဌာန် မျက်လုံးများဖြင့် ကြည့်ကောင်းနေပြီး သူမ၏ ခန္ဓာကိုယ်သည် ပိုမို ရင့်ကျက်လာကာ ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်၏။ နောက်ဆုံးတွင် ချန်ကျားယင်းသည် အရပ်ပိုရှည်လာပြီး တိတ်ဆိတ် ငြိမ်သက်ကာ ယဉ်ကျေးသိမ်မွေ့သော အလှကို ပိုင်ဆိုင်ထားသည်။
နတ်သမီး (၅) ပါး စုဝေးနေကြပြီး စုယွီသည် ဝိုင်ကို သောက်ရင်း ရံဖန်ရံခါ သူတို့ကို လှမ်းကြည့်နေမိသည်။
ဝိုင်အနည်းငယ် သောက်ပြီးနောက် လော့ချန်ယွီ၏ မျက်နှာသည် အနည်းငယ် နီရဲလာပြီး စကားစပြောလိုက်၏။
"နောက် (၂) ရက်နေရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က နတ်မိမယ် ဖုန်းလင် ရောက်လာလိမ့်မယ်... ငါ့ အမြင်အရတော့... သူနဲ့ စကားစစ်ထိုးပွဲမှာ အနိုင်ရဖို့ အခွင့်အရေးက (၁၀) ရာခိုင်နှုန်းတောင် မရှိဘူး ထင်တယ်... သူ ပြန်ရောက်လာတုန်းက ငါ တွေ့ခဲ့တယ်... ပါရမီရှင်များ ဆုံစည်းပွဲတုန်းကထက် အများကြီး ပိုသန်မာလာတယ်... သူ့ကို ယှဉ်နိုင်မယ့်သူ ရှားပါးလိမ့်မယ်"
"ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးနယ်မြေထဲမှာ နတ်မိမယ် ဖုန်းလင်က ထူးခြားတဲ့ အခွင့်အရေးတွေ ရခဲ့တာ သေချာတယ်... အသေးစိတ် မသိရပေမယ့် တစ်စိတ်တစ်ပိုင်း ခန့်မှန်းလို့ ရပါတယ်... သူ့ရဲ့ စွမ်းအားက သာမန် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေထက် အများကြီး သာလွန်နေပြီ"
"ဒါပေမဲ့... သူ..ငါ့ကို အနိုင်ယူဖို့ အခွင့်အရေးကလည်း မများပါဘူး... တကယ်လို့ အမြုတေဖွဲ့စည်းခြင်း အဆင့်ကို မတက်လှမ်းနိုင်သရွေ့ပေါ့"
ပြောရင်းနှင့် လော့ချန်ယွီက အေးစက်စွာ ရယ်လိုက်၏။
"အဟင်း..ဒါက မဖြစ်နိုင်ပါဘူး... နတ်မိမယ် ဖုန်းလင် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်ကို ရောက်နေတာ လွန်ခဲ့တဲ့ နှစ် (၆၀) ကျော်ကတည်းကပဲ... ဒီနှစ်တွေ အားလုံးမှာ သူ အဆင့်မတက်ဘဲ အောင့်ထားတာ... အခုကျမှ တက်ချင်တယ် ဆိုတာ မဖြစ်နိုင်ဘူး"
"အဲလိုသာ လုပ်လိုက်ရင် သူ.. အရင်က ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့"
အပြင်ပန်းတွင် စုယွီ တည်ငြိမ်နေသော်လည်း ရင်ထဲတွင် အံ့အားသင့်သွားမိသည်။
'ဒါဆိုရင် နတ်မိမယ် ဖုန်းလင်က အမြုတေဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းရုံထက် ပိုတဲ့ အရာကို မျှော်မှန်းနေတာလား'
လော့ချန်ယွီ၏ လေသံကို နားထောင်ရသည်မှာ နတ်မိမယ် ဖုန်းလင် ဘာကို လိုချင်နေသည် ဆိုတာကို သူမ သိနေပုံ ရသည်။
'ရွှေရောင် အမြုတေ လမ်းစဉ် .. နတ်မိမယ် ဖုန်းလင်က ရွှေရောင် အမြုတေ လမ်းစဉ်ကို လိုက်စားနေတာလား'
စုယွီ နှုတ်ဆိတ်နေလိုက်၏။
ရှေ့တွင် ထိုင်နေသော လော့ချန်ယွီသည်လည်း ထိုလမ်းစဉ်ကိုပင် လိုက်စားနေသည် မဟုတ်ပါလော။
ထို့ကြောင့်သာ ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီး၏ ချီ စွမ်းအင် လွှဲပြောင်းပေးမှုကို ငြင်းပယ်ခဲ့ခြင်း ဖြစ်တန်ရာ၏။
သို့သော်...
ရွှေရောင် အမြုတေ လမ်းစဉ် ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
စုယွီသည် တာအိုဆရာ ပင်းယွီ၏ အဖြစ်အပျက်များကို ပြန်လည် သတိရမိသည်။ တာအိုဆရာ ပင်းယွီသည် ထူးချွန်သော အခြေခံတည်ဆောက်ခြင်း မျိုးစေ့ ဖြစ်ပါလျက်နှင့် အခြေခံတည်ဆောက်ရန် (၁၀) နှစ် ကြာမြင့်ခဲ့ရသည်။ ရွှေရောင် အမြုတေ လမ်းစဉ်ကို လိုက်စားရန်အတွက် သူသည် နှစ်ပေါင်း (၁၆၀) တိုင်တိုင် ကြိုးစားအားထုတ်ခဲ့ရပြီးမှ ပထမအဆင့် ပြောင်းလဲမှုကိုသာ ရရှိခဲ့ခြင်း ဖြစ်၏။
အခန်း (၁၉၂) - အမျိုးသမီး နှစ်ဦး၏ တာအိုဆွေးနွေးပွဲ (လော့ချန်ယွီ Vs နတ်မိမယ် ဖုန်းလင်) (အပိုင်း ၂)
~နတ်မိမယ် ဖုန်းလင်သည် လွန်ခဲ့သော နှစ်ပေါင်း (၆၀) အတွင်း သူ့ကိုယ်သူ သွေးကောင်းအောင် မွေးမြူခဲ့ပြီး၊ ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးများထဲမှ အခွင့်အရေးများ ရရှိခဲ့သည်။ ထို့ကြောင့် သူမ၏ အဆင့်အတန်းနှင့် စွမ်းရည်သည် အပြောင်းအလဲများ ဖြစ်ပေါ်ကာ မြင့်တက်လာခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် သူမ ရွှေအမြုတေ လမ်းစဉ်ကို အောင်မြင်ချင်သည် ဆိုလျှင်တော့၊ အချိန်အတော်ကြာ ယူရဦးမည်ဟု ခန့်မှန်းရသည်။
လော့ချန်ယွီ ပြောခဲ့သည့် "နတ်မိမယ် ဖုန်းလင် အနေနဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကို အခုချက်ချင်း ချိုးဖျက်ဝင်ရောက်ချင်မှာ မဟုတ်ဘူး" ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က ဒါပဲ ဖြစ်လောက်သည်။
တကယ်လို့သာ သူမ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှကို စွန့်လွှတ်လိုက်ရမည် ဆိုလျှင်၊ သူမ ရူးသွားလောက်သည်။
အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ မရောက်ရှိသေးသမျှ ကာလပတ်လုံး၊ လော့ချန်ယွီ၏ ပါရမီနှင့် ထူးခြားသော စွမ်းအားအရ ဆိုလျှင် သူတို့နှစ်ဦးကြား အင်အားကွာခြားချက်သည် သိပ်မကြီးမားလှပေ။
ဒါကြောင့် စကားစစ်ထိုးပွဲ မှာ လော့ချန်ယွီ ရှုံးနိမ့်နိုင်ချေ အလွန် နည်းပါးသည်။
စုယွီ ခဏမျှ တိတ်ဆိတ်နေပြီးနောက် တွန့်ဆုတ်စွာ မေးလိုက်သည်။
“ဒါနဲ့... တာအိုမိတ်ဆွေ လော့... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က အဲဒီနှစ်ယောက် ဘာလို့ ယွင်ကျန်းဂိုဏ်း ကို တစ်ယောက်ပြီး တစ်ယောက် လာလည်ချင်နေကြတာလဲ ဆိုတာ သိလား...”
“ပြင်ပလောကမှာ ပြောနေကြသလိုပဲ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ယွင်ကျန်းဂိုဏ်းကို တိုက်ခိုက်ချင်နေတာလား...”
သူက လော့ချန်ယွီကို မပေါ့ဆဖို့ သတိပေးချင်နေခြင်း ဖြစ်သည်။
လော့ချန်ယွီသည် စုယွီကို တစ်ချက် ကြည့်လိုက်ပြီး၊ သူမ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
“တာ့ယွဲ့ နယ်မြေ တစ်ခုလုံးမှာ တာ့ယွဲ့ နန်းတော်ကလွဲရင်၊ ဘယ်အင်အားစုကမှ ယွင်ကျန်းဂိုဏ်းကို ကျော်တက်နိုင်တယ်လို့ အာမ မခံရဲဘူး...”
“ငါတို့ ဂိုဏ်းရဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲ မရှိတော့ရင်တောင်မှ... တာအိုမိတ်ဆွေ စု ယုံပါ့မလား... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က အရှင်သခင် ပိုင်ယွဲ့ တောင်မှ ယွင်ကျန်းဂိုဏ်း နယ်မြေကို ခြေချရဲမှာ မဟုတ်ဘူး ဆိုတာကိုလေ...”
သူမ၏ စကားများသည် တည်ငြိမ်ပြီး ယုံကြည်ချက် ပြည့်ဝနေသည်။
စုယွီသည် လော့ချန်ယွီ၏ ယုံကြည်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ်ကို သတိထားမိလိုက်သည်။
သူမက သူ့မေးခွန်းကို တိုက်ရိုက် မဖြေခဲ့သော်လည်း၊ ပြောစရာ ရှိတာ အကုန် ပြောလိုက်ခြင်း ဖြစ်၏။
မှန်ပါသည်။ ယွင်ကျန်းဂိုဏ်း အကြီးအကဲရဲ့ သက်တမ်း ကုန်ဆုံးတော့မှာ သေချာပါသည်။
ယွင်ကျန်းဂိုဏ်း အတွင်းမှာ ရှုပ်ထွေးမှု အနည်းငယ် ရှိနေတာလည်း မှန်ပါသည်။
သို့ရာတွင် ဘာဖြစ်သနည်း။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာ သတ္တိ အဆတစ်ရာ ရှိနေပါစေဦး၊ အရှင်သခင် ပိုင်ယွဲ့မှာ သတ္တိ အဆတစ်ရာ ရှိနေပါစေဦး၊ သူတို့ ယွင်ကျန်းဂိုဏ်းကို တကယ်ပဲ တိုက်ခိုက်ရဲကြပါ့မလား။ အင်အားသုံးဖို့ ဆိုတာ ဝေးပါသေးသည်။
အမှန်တကယ် ကြောက်စရာ ကောင်းတာက ယွင်ကျန်းဂိုဏ်း သူ့အလိုလို ပြိုကွဲသွားမည်ကိုပါပင်။ ဒါကမှ သူတို့အတွက် အကောင်းဆုံး မဟာဗျူဟာ ဖြစ်မည်ပင်။
စုယွီသည် လော့ချန်ယွီကို ခွက်မြှောက် ဂုဏ်ပြုလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ကျွန်တော် တာအိုမိတ်ဆွေ လော့ ကို ယုံကြည်ပါတယ်... ဒါပေမဲ့ ယွင်ကျန်းဂိုဏ်းချုပ် ကိုတော့ သတိထားသင့်တယ်... ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... ပါရမီရှင်တွေ ဆိုတာ အမြဲတမ်း သူများ မနာလိုတာ ခံရတတ်တယ်လေ... အရင်တုန်းက ခင်ဗျား ဂိုဏ်းနဲ့ ဝေးနေတုန်းကတော့ ကိစ္စမရှိပေမယ့်၊ အခု ပြန်ရောက်လာပြီ ဆိုတော့... ပိုပြီး သတိထားသင့်တယ်ဗျ...”
ထိုအခါ၊ လော့ချန်ယွီ၏ အကြည့်များ ရွေ့လျားသွားသည်။
တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင်၊ အခန်းအပြင်ဘက်မှ လူတစ်ယောက် ရောက်လာပြီး တံခါးခေါက်သံ ကြားလိုက်ရသည်။
စုယွီ လက်ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအား တစ်ချက် ပေါ်လာပြီး အခန်းတံခါး ပွင့်သွားသည်။
တံခါးအပြင်ဘက်တွင် ရပ်နေသူ။
တာ့ယွဲ့ မှောင်ခိုဈေးကွက်၌ တစ်ကြိမ် တွေ့ဖူးခဲ့သော လော့ချန်ကုန်းပင် .. ။
( လော့ချန်ကုန်း- လော့ချန်ယွီ၏ မောင်ဝမ်းကွဲ )
လော့ချန်ကုန်းသည် မီးခိုးရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ တောက်ပသော အစိမ်းရောင် ကျောက်စိမ်းယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
မျက်နှာပေါ်တွင် အပြုံးမရှိဘဲ အနည်းငယ် လေးနက်သော အမူအရာဖြင့် အခန်းထဲသို့ ဝင်လာပြီး၊ လက်ဝှေ့ယမ်းကာ တံခါးကို ပြန်ပိတ်လိုက်လေသည်။
ထို့နောက် လော့ချန်ကုန်းသည် လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး အသံလုံ အခင်းအကျင်း တစ်ခု ဖန်တီးလိုက်သည်။
လော့ချန်ကုန်းသည် လော့ချန်ယွီ၊ စုဇီ ၊ စုယွီ နှင့် အခြားသူများကို ကြည့်လိုက်ပြီး၊ အလွန် လေးနက်သော အမူအရာဖြင့် အသံခပ်အုပ်အုပ် ပြောလိုက်သည်။
“ကိစ္စအကြီးကြီး ဖြစ်နေပြီဗျ...”
စုယွီ ရင်ထဲ ထိတ်ပျာသွားသည်။
ကိစ္စအကြီးကြီး... ဘာများ ဖြစ်လို့လဲ။
လော့ချန်ယွီ မျက်မှောင်ကြုတ်လိုက်ပြီး၊ စုယွီ ဘေးနားရှိ ထိုင်ခုံကို ညွှန်ပြကာ လော့ချန်ကုန်းကို ထိုင်ခိုင်းလိုက်သည်။
“ဘာဖြစ်တာလဲ... ပြီးတော့ နင် မနေ့ကတည်းက ရောက်နေပြီ ပြောတယ်မလား... ဘာလို့ အခုမှ လာတာလဲ...”
“တာအိုမိတ်ဆွေ စု..မဂ်လာပါ..”
လော့ချန်ကုန်းသည် မထိုင်မီ စုယွီကို ဂါရဝပြု နှုတ်ဆက်လိုက်သည်။ ထို့နောက် လော့ချန်ယွီနှင့် အခြားသူများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် မိသားစုဆီကနေ လာတာပါ... မတော်တဆမှုသာ မဖြစ်ခဲ့ရင်၊ မနေ့ကတည်းက ယွင်ရှန်း ဈေးကို ရောက်နေသင့်တာ...”
“ဒါပေမဲ့ ဆေးပညာရှင် လီမိသားစု နယ်မြေကို ဖြတ်လာတုန်း၊ အဲဒီက သတင်းတစ်ခု ကြားလိုက်ရလို့ အားလုံး လန့်သွားကြတာ... ဒါကြောင့် အဲဒီမှာ ခဏလောက် နေခဲ့ရတယ်...”
လော့ချန်ယွီ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
“ဆေးပညာရှင် လီမိသားစု... သူတို့ ဘာဖြစ်လို့လဲ...”
လော့ချန်ကုန်း အသံကို နှိမ့်လိုက်ပြီး၊ ကြောက်လန့်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။
“အဲဒီကနေ သတင်း တစ်ခု ထွက်လာတယ်... ဆေးပညာရှင် လီမိသားစုရဲ့ ဘိုးဘေးကြီး ကျဆုံးသွားပြီတဲ့... ကြာနီကန် နဲ့ မိုင် သုံးရာလောက် အကွာမှာ တိုက်ပွဲ အစအနတွေ တွေ့ရတယ်...”
“တိုက်ပွဲနေရာကို ရှင်းလင်းပြီး ပြန်လည် ပြုပြင်ထားပေမယ့်... ကျန်ရစ်ခဲ့တဲ့ အစအနတွေအရ ဆိုရင် ဒါဟာ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အရှင်သခင် နှစ်ပါးကြားက တိုက်ပွဲ ဆိုတာ သေချာတယ်...”
“ပြီးတော့... တိုက်ပွဲ အစအနတွေက သိပ်မကျန်ခဲ့ဘူး... ရိုးရှင်းပြီး ရှင်းလင်းတယ်... ဆိုလိုတာက တိုက်ပွဲက စစချင်းမှာတင် အချိန်တိုအတွင်း ပြီးဆုံးသွားတယ် ဆိုတဲ့ သဘောပဲ...”
လော့ချန်ကုန်း ဆက်လက်၍ အသံခပ်အုပ်အုပ်ဖြင့် ပြောလာသည်။
“ကျွန်တော်နဲ့ ကျွန်တော်တို့ ဘိုးဘေးကြီး အဲဒီမှာ တစ်ရက်လောက် နေခဲ့တယ်... ကျွန်တော်တို့ စုံစမ်းသိရသလောက် ဆိုရင်... သတင်း မပျံ့ခင်လေးမှာ လီမိသားစု အတွင်း ကိစ္စကြီး တစ်ခု ဖြစ်ခဲ့တယ်တဲ့...”
“ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က၊ ကောင်းကင်ဘုံ ဆေးလုံး ဖော်စပ်တဲ့ ပစ္စည်းကို ယူလာပြီး၊ လီမိသားစု ဘိုးဘေးကြီးကို ဆေးဖော်ပေးဖို့ တောင်းဆိုခဲ့သတဲ့...”
“နောက်ဆုံးမှာ အဲဒီ ဆေးပေါင်းအိုး တစ်အိုးထဲကနေ ကောင်းကင်ဘုံ ဆေးလုံး သုံးလုံး အောင်မြင်စွာ ထွက်လာတယ်... အခုတော့ အဲဒီ ဆေးလုံးတွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး...”
“မကြာခင်မှာပဲ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အရှင်သခင်တွေရဲ့ တိုက်ပွဲနေရာကို လူတွေ တွေ့ရှိခဲ့ကြတယ်... ပြီးတာနဲ့ လီမိသားစု ဘိုးဘေးကြီး ကျဆုံးသွားပြီ ဆိုတဲ့ ကောလာဟလတွေ ထွက်လာတာပဲ...”
“တချို့လူတွေက ဒီသတင်း အမှန် အမှား သိချင်လို့၊ ဆေးဖော်ခိုင်းတဲ့ အကြောင်းပြချက်နဲ့ လီမိသားစု ဘိုးဘေးကြီးကို တွေ့ခွင့်တောင်းကြတယ်... ဒါပေမဲ့ လီမိသားစုက သူတို့ ဘိုးဘေးကြီး တံခါးပိတ် ကျင့်ကြံနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းလွှတ်လိုက်ကြတယ်... အဲဒီအချိန်ကစပြီး လီမိသားစု ဘိုးဘေးကြီး တစ်ခါမှ ထွက်မလာတော့ဘူး...”
ဘုရားရေ…
လော့ချန်ယွီ၊ စုဇီ၊ ထျဲမုန်ကျူး၊ ရှီလုအာ ၊ ချန်ကျားယင်းနှင့် စုယွီ တို့အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြမှုများ ပေါ်လာသည်။ အထူးသဖြင့် စုယွီသည် ကိုယ်ခန္ဓာပင် အနည်းငယ် တုန်ယင်သွားပြီး၊ မထိန်းနိုင်ဘဲ အာမေဋိတ်သံ ထွက်သွားသည်။
“ဆေးပညာရှင် လီမိသားစုရဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ဘိုးဘေးကြီး ကျဆုံးသွားပြီ ဟုတ်လား...”
“ဘယ်သူ လုပ်တာလဲ...”
ဟု စုယွီက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
လော့ချန်ယွီ၏ မျက်လုံးများ စူးရှသွားပြီး မျက်နှာ တည်ကြည်လေးနက်သွားသည်။ သူမ၏ မောင် ဝမ်းကွဲ လော့ချန်ကုန်းကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“ဘယ်သူ လုပ်တာလဲ ဆိုတာ သိရလား... သတင်း ဘာကြားသေးလဲ...”
အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၃) ရှိသော အရှင်သခင် တစ်ပါး ကျဆုံးခြင်းသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။
ဒါက လူသတ်သမားသည် လီမိသားစု ဘိုးဘေးကြီးထက် အဆမတန် သာလွန်သော စွမ်းအား ရှိနေကြောင်း ပြသနေခြင်း ဖြစ်သည်။