အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
အခန်း (၆၀၁) - ခမ်းနားသော အခမ်းအနား (အပိုင်း ၂)
~“ဒီပစ္စည်းရဲ့ မူလအစကို ငါမသိဘူး... ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင်ကို ဖိနှိပ်နိုင်စွမ်း ရှိပုံရတယ်... ဒီအရာက လျှို့ဝှက်ချက်
ကြီးကြီးမားမား တစ်ခုခုကို ဖုံးကွယ်ထားမှာ သေချာတယ်...”
ဓားဘိုးဘေးကြီးသည် သော့ကို တော်တော်ကြာအောင် ကိုင်တွယ်ကြည့်ရှုနေပြီးမှ နင်ချီလက်ထဲသို့ ပြန်ထည့်ပေးလိုက်လေ၏။
“ငါတော့ ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းလို့မရဘူး... ဒါပေမဲ့ ဝိညာဉ်ကမ္ဘာနဲ့ ပတ်သက်နေမယ်လို့ ခံစားမိတယ်... မင်းရဲ့ ကံတရားက ကြီးမားပါတယ်... မင်းပဲ သိမ်းထားလိုက်ပါ... တစ်နေ့ကျရင် ဒီအရာရဲ့ လျှို့ဝှက်ချက် အားလုံးကို မင်း ဖွင့်နိုင်မှာပါ... ငါ့ရဲ့ မဟာလမ်းစဉ် ဒဏ်ရာကို ကုသပေးနိုင်မယ့်သူက မင်းပဲ ဖြစ်လောက်တယ်...”
တစ်ရက်ကြာပြီးနောက် နင်ချီ ထွက်ခွာလာခဲ့လေ၏။
ဓားဘိုးဘေးကြီးကား သာမန်မဟုတ်သော ပုဂ္ဂိုလ်ထူးဖြစ်ရာ နင်ချီသည် သူ့ဝေဒနာကို ကုစားပေးချင်စိတ် ဖြစ်မိ၏။
သူ့တစ်သက်တာတွင် ဓားဘိုးဘေးကြီးကဲ့သို့ ပါရမီရှင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
အကယ်၍သာ ဓားဘိုးဘေးကြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာပါက အလွန်အစွမ်းထက်သော မဟာမိတ်တစ်ယောက် ရရှိလာမည်ဟု နင်ချီ ယုံကြည်ထားပါ၏။
အစစ်အမှန်သိုင်းကမ္ဘာမှ လူများစွာကို သိုင်းကမ္ဘာသို့ ဝင်စားစေခဲ့သော်ငြားလည်း သူတို့၏ တိုးတက်မှုနှုန်းမှာ နင်ချီနှင့် ယှဉ်လျှင် နှေးကွေးလွန်းလှသည်။
နင်ချီသည် ဓားဘိုးဘေးကြီး လျှောက်လှမ်းနေသော လမ်းစဉ်ကို အကဲခတ်ကြည့်လိုက်ရာ အဖြေတစ်ခု ထွက်ပေါ်လာတော့သည်။
အကယ်၍ ဓားဘိုးဘေးကြီးသာ ပြန်ကောင်းသွားပါက တစ်ရက်တည်းဖြင့် တသားတည်းဖြစ်ခြင်းနယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းနိုင်ပေလိမ့်မည်။ ထို့ပြင် တသားတည်းဖြစ်ခြင်းနယ်ပယ် အဆင့်ရှိသူများကိုပင် ပြန်လည်သတ်ဖြတ်နိုင်စွမ်း ရှိလာနိုင်ချေရှိ၏။
ဒါက အဆုံးသတ် မဟုတ်
သေးပေ။ အင်မော်တယ်လမ်းစဉ်၏ နောက်ပိုင်းအဆင့်များတွင်လည်း ဓားဘိုးဘေးကြီးသည် ဆက်လက် တိုးတက်နိုင်ဦးမည် ဖြစ်၏။
ဒါကား “ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း... လမ်းစဉ်တစ်ခုဖြင့် လမ်းစဉ် တစ်သောင်းကို အမိန့်ပေးခြင်း” ၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားပေတည်း။
နင်ချီကိုယ်တိုင်ပင်လျှင် ဓားဘိုးဘေးကြီး၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး သူ၏ အနာဂတ် ကျင့်ကြံခြင်း လမ်းကြောင်းကို ဤလမ်းစဉ်ပေါ်သို့ ပြောင်းလဲရန် ဆုံးဖြတ်လိုက်လေ၏။
နင်ချီ့အနေဖြင့် မတတ်သာတော့ချေ။
သူသည် နယ်မြေများပင်လယ် အတွင်းရှိ စည်းမျဉ်းစွမ်းအားများကို အလွန်အမင်း ဆာလောင်မွတ်သိပ်နေပြီ ဖြစ်ပါ၏။
အကယ်၍ မိမိကိုယ်တိုင်
စည်းမျဉ်းကျောက်စိမ်းများကို လိုက်လံစုဆောင်းပြီး စည်းမျဉ်းမူလအစ တစ်ခုချင်းစီကို ကျင့်ကြံနေရမည် ဆိုလျှင် အချိန် ကြန့်ကြာလွန်းပေလိမ့်မည်။
အကယ်၍သာ ၊ ဓားဘိုးဘေးကြီး၏ လမ်းစဉ်ကို သင်ယူလိုက်ပါက နယ်မြေများပင်လယ် အတွင်းရှိ လမ်းစဉ်အမျိုးမျိုးကို တိုက်ရိုက် ခုတ်ပိုင်းရယူနိုင်ပြီး အစစ်အမှန်သိုင်းကမ္ဘာ ထဲသို့ ပေါင်းစည်း ထည့်သွင်းနိုင်ပေလိမ့်မည် မဟုတ်ပါလော။
ထို့နောက် နင်ချီသည် ဓာတ်ကြီးငါးပါးတောင်ထွတ်သို့ ပြန်ရောက်လာခဲ့လေ၏။
အနာဂတ် ကိစ္စရပ်များ ဆွေးနွေးရန်အတွက် တောင်ထွတ်ရှိ အစစ်အမှန် အမွေခံများကို ဆင့်ခေါ်လိုက်၏။
ယခုအခါ ဂိုဏ်းချုပ်ရာထူးကို လက်ခံရယူတော့မည် ဖြစ်ရာ သူ့အာရုံစိုက်မှုသည် ဂိုဏ်းတစ်ခုလုံးဆီသို့ ပြောင်းလဲရပေတော့မည်။
ဂိုဏ်းချုပ် ဖြစ်လာမည့်သူ ပီပီ ဂိုဏ်းချုပ်၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရပေမည်။
မကြာမီမှာပင် ဓာတ်ကြီးငါးပါးတောင်ထွတ်ရှိ တပည့်အားလုံး ရောက်ရှိလာကြသည်။
နင်ချီ အံ့သြသွားရသည်မှာ နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေသို့ သူနှင့်အတူ လိုက်ပါခဲ့ကြသည့် ကျန်ရှိနေသော အစစ်အမှန် အမွေခံ (၈) ယောက်သည်လည်း ဓာတ်ကြီးငါးပါးတောင်ထွတ်တွင် အခြေချနေကြခြင်းပင်။ သူတို့၏ မူလတောင်ထွတ်များကို ဓာတ်ကြီးငါးပါးတောင်ထွတ်နှင့် ပေါင်းစည်းလိုက်သည့်နှယ် ဖြစ်နေသည်။
ဤကိစ္စများ အားလုံးသည် ဂိုဏ်း၏ ခွင့်ပြုချက် လိုအပ်ပါ၏။
သို့သော် နင်ချီသည် ဂိုဏ်းချုပ် ဖြစ်နေပြီဖြစ်ရာ အကြီးအကဲများက ဝင်ရောက် မစွက်ဖက်ဘဲ ဂိုဏ်းချုပ်သဘောအတိုင်း စီမံစေရန် လွှတ်ထားလိုက်ကြခြင်း ဖြစ်၏။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်...”
တောင်ထွတ်ရှိ အစစ်အမှန် အမွေခံ အားလုံးက အရိုအသေ ပေးလိုက်ကြသည်။
“ဘာလဲ... မင်းတို့က ဂိုဏ်းချုပ်ကိုပဲ မြင်ပြီး မင်းတို့ရဲ့ စီနီယာအစ်ကိုကြီးကိုကျတော့ မမြင်တော့ဘူးလား...”
အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြပြီးမှ မျက်နှာထားများ ပြန်လည် လျော့ရဲသွားကြလေ၏။
သူတို့၏ အကြီးမားဆုံး ကြောက်ရွံ့မှုမှာ နင်ချီ ဂိုဏ်းချုပ်ဖြစ်သွားပြီးနောက် သူတို့နှင့် စိမ်းကားသွားမည်ကိုပင်။
ချင်မင်ဟောက်က အိုးတိုးအမ်းတမ်း ရယ်ချလိုက်လေ၏။
“ဒါဆိုရင်လည်း... ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ်ဗျာ...”
“ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ်...”
နင်ချီမှာ ဘာမှမတတ်နိုင်တော့ဘဲ သူတို့ စိတ်တိုင်းကျ ခေါ်ဝေါ်စေလိုက်တော့သည်။
နင်ချီ၏ အကြည့်က ချင်မင်ဟောက်ထံသို့ ရောက်ရှိသွား၏။
“ဂျူနီယာညီငယ်မင်ဟောက်... ဒီနေ့ကစပြီး ဓာတ်ကြီးငါးပါးတောင်ထွတ်ကို မင်း တာဝန်ယူလိုက်တော့...”
ချင်မင်ဟောက်.. ဆွံ့အသွားရသည်။
သူသာမက ရှိနေကြသော အစစ်အမှန် အမွေခံများ အားလုံးလည်း မှင်သက်သွားကြလေ၏။
သူတို့အားလုံး ဓာတ်ကြီးငါးပါးတောင်ထွတ်သို့ ဝင်ရောက်လာခြင်းမှာ နင်ချီ၏ နောက်သို့ လိုက်ပါလိုကြ၍ ဖြစ်၏။
စီနီယာအစ်ကိုနင်က ဓာတ်ကြီးငါးပါးတောင်ထွတ်ကို စွန့်ပစ်တော့မည်လော။
ကြည်လင်ပြတ်သားသော စိတ်အခြေအနေ ရှိသူ ဖြစ်ရာ နင်ချီသည် သူတို့၏ အတွေးများကို သဘာဝကျကျပင် ဖောက်ထွင်းမြင်နိုင်ပြီး ခပ်ဟဟ ရယ်လိုက်လေ၏။
“မင်းတို့က ငါ ဂိုဏ်းချုပ်ဖြစ်လာတာကို ဝမ်းသာနေကြတာမလား... အခု ငါက ဂိုဏ်းချုပ်ကောင်း တစ်ယောက် ဖြစ်ချင်လို့ လုပ်တာလေ... ဘာလို့ မလိုလားကြတာလဲ...”
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာပြန်ပြောရမှန်း မသိ ဖြစ်နေကြသည်။
ထိုအခါ နင်ချီက သူတို့ကို စိတ်အေးစေရန် ပြောလိုက်၏။
“ငါ ဂိုဏ်းချုပ်ဖြစ်သွားရင်တောင် အချိန်ရတိုင်း မင်းတို့အားလုံးကို ကိုယ်တိုင် လမ်းညွှန်ပြသပေးသွားမှာပါ... ဒါကြောင့် စိတ်ပူစရာ မလိုပါဘူး...”
ချင်မင်ဟောက်က လူတိုင်းကို အရိပ်အကဲကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်လေ၏။
“ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီးက ဒီလိုပြောမှတော့... အစ်ကိုကြီးရဲ့ ကိုယ်စား ဓာတ်ကြီးငါးပါးတောင်ထွတ်ကို ကျွန်တော် တာဝန်ယူပါ့မယ်...”
အစစ်အမှန် အမွေခံ (၈) ယောက်မှာမူ မျက်နှာပျက်နေကြရှာသည်။
လျှို့ဝှက်နယ်မြေထဲတွင်တုန်းက သူတို့သည် နင်ချီနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ကြပြီး သူတို့၏ လက်အောက်ခံ တောင်ထွတ်များကိုပါ ဓာတ်ကြီးငါးပါးတောင်ထွတ်သို့ ယူဆောင်လာခဲ့ကြခြင်း ဖြစ်၏။
သို့သော် စီနီယာအစ်ကိုနင်က ဂိုဏ်းချုပ် ဖြစ်သွားခဲ့သတည်း။
နင်ချီသည် သဘာဝကျကျပင် သူတို့ကို မေ့မထားခဲ့ပေ။
“ချင်းရွှယ်... မင်ကွမ်း... ချင်းရှောင်... ပြီးတော့ မင်းတို့ (၆) ယောက်... မင်းတို့က ငါ့နောက်လိုက်ဖို့ ဆန္ဒရှိမှတော့ ငါက သဘာဝကျကျ လက်ခံတာပေါ့... ဒါပေမဲ့ အပြောင်းအလဲတွေက မြန်ဆန်လွန်းတယ်... ဒါကြောင့် မင်းတို့က တောင်ထွတ်သခင်တွေ အဖြစ် ဆက်လက်ရှိနေပြီး အောက်က အစစ်အမှန် အမွေခံတွေကို စီမံခန့်ခွဲရာမှာ ငါ့ကို ကူညီပေးကြပါ... ဟုတ်ပြီလား...”
ကျန်းချင်းရွှယ်နှင့် အခြားသူများက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။
“ဟုတ်ကဲ့ပါ...”
“ငါ တာအို ဟောပြောတဲ့အခါကျရင် မင်းတို့အားလုံး အတူတူ လာခဲ့ကြပေါ့...”
သူတို့မျက်နှာများ ချက်ချင်း ဝင်းပသွားကြလေ၏။
နင်ချီ၏ ကိုင်တွယ်ဖြေရှင်းပုံက လူတိုင်းကို ကျေနပ်ဝမ်းမြောက်သွားစေခဲ့၏။
“အခု ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ လူစာရင်းမှာ အစစ်အမှန် အမွေခံ (၈) ယောက်ပဲ ကျန်တော့တယ်... ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက် ပြည့်မီဖို့အတွက် နောက်ထပ် (၂) ယောက် ထပ်မံ ရွေးချယ်ဖို့ ငါ ဆုံးဖြတ်လိုက်တယ်...”
ယဲ့ချန် သေဆုံးသွားခြင်းနှင့် နင်ချီ ဂိုဏ်းချုပ်ဖြစ်လာခြင်းတို့ကြောင့် အစစ်အမှန် အမွေခံ နေရာတွင် (၈) ယောက်သာ ကျန်ရှိပြီး (၂) နေရာ လစ်လပ်သွားခြင်း ဖြစ်၏။
“ဝမ်ယဲ့... မင်းက ဟဲထျန်းနဲ့ ရင်းနှီးတယ်မလား... သူ့ကို ဒီခေါ်လာခဲ့လိုက်...”
“ဟုတ်ကဲ့ပါ...”
ထို့နောက်၊ နင်ချီ၏ အကြည့်က ဓာတ်ကြီးငါးပါးတောင်ထွတ်မှ အစစ်အမှန် အမွေခံများထံသို့ ရောက်ရှိသွားလေ၏။
သူက ထိုအထဲမှ တစ်ယောက်ကို ရွေးထုတ်လိုက်ပြီး ပြောလိုက်၏။
“စွန်းရှင်း... မင်းက ကျန်နေတဲ့ နေရာလွတ်ကို ဖြည့်ဆည်းလိုက်တော့...”
စွန်းရှင်း အမည် ရှိသော လူငယ်သည် အစစ်အမှန်သိုင်းကမ္ဘာမှ ဝင်စားသူ ဖြစ်ပြီး ဓာတ်ကြီးငါးပါးတောင်ထွတ်တွင် နင်ချီ လက်ခံထားသူ ဖြစ်ပါသည်။
“ဟုတ်ကဲ့ပါ...”
ဝမ်ယဲ့က ဟဲထျန်းကို ဓာတ်ကြီးငါးပါးတောင်ထွတ်သို့ ခေါ်ဆောင်လာချိန်တွင် ဟဲထျန်းခမျာ ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။
နင်ချီက သူ့ကို ဆင့်ခေါ်ပြီး အစစ်အမှန် အမွေခံ အဆင့်အတန်းကို ပြန်လည် ပေးအပ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။ နိမ့်ချည်မြင့်ချည် လောကဓံက မြန်ဆန်လွန်းလှပါ၏။
ကံကောင်းသည်မှာ ဟဲထျန်းသည် လူမှုဆက်ဆံရေး ညက်ညောသူ ဖြစ်ရာ ဦးဦးဖျားဖျားပင် ပြောလိုက်တော့သည်။
“ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီး... ဒီနေ့ကစပြီး ကျွန်တော် အစ်ကိုကြီးနောက်ကို လိုက်ပါပြီးတော့ တခြား စီနီယာအစ်ကိုတွေ၊ အစ်မတွေနဲ့အတူ လက်အောက်က အစစ်အမှန် အမွေခံတွေကို စီမံခန့်ခွဲရာမှာ ကူညီပေးပါ့မယ်...”
နင်ချီက ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်၏။
ဓာတ်ကြီးငါးပါးတောင်ထွတ်မှ လူများနှင့် အစစ်အမှန် အမွေခံ (၈) ယောက်ကို အခြေအနေများ ရှင်းပြပြီးနောက်၊ ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) နေရာကို ပြန်လည် ဖြည့်ဆည်းကာ၊ အသေးအဖွဲ ကိစ္စရပ်များကို ဖြေရှင်းပြီးချိန်တွင် နင်ချီသည် ဂိုဏ်းချုပ်ရာထူးကို တရားဝင် လက်ခံရယူလိုက်လေတော့သည်။
သူသည် ဤလူများကို အလေးပေး ဆက်ဆံလေ၏။
အနာဂတ်တွင် အချိန်ရသည်နှင့် တစ်ရက်လျှင် တစ်ယောက်ကျ လူတိုင်း၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးရန် ရည်ရွယ်ထားသည်။
တစ်ချိန်တည်းမှာပင် သူတို့ကို ဖွဲ့စည်းပုံ စနစ်ကျစေရန် ညွှန်ကြားလိုက်ပါ၏။ ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး၏ တောင်ထွတ်များမှ တစ်နေ့လျှင် တပည့်တစ်ယောက်ကျ ရွေးချယ်ပြီး အောက်ခြေရှိ အစစ်အမှန် အမွေခံများကို တာအို ပြန်လည် ဟောပြောပေးရမည် ဖြစ်၏။
ထို အစစ်အမှန် အမွေခံများကလည်း ဂိုဏ်းအပြင်စည်း တပည့်များ၏ ကျင့်ကြံခြင်းကို ပြန်လည် ကူညီပေးရပေမည်။
နင်ချီ၏ စီမံခန့်ခွဲမှုကို မြင်လိုက်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် အတိုင်းအဆမဲ့ ကျေးဇူးတင်ခြင်းများ ပြည့်နှက်သွားကြလေတော့သည်။
အခန်း (၆၀၂) -ခမ်းနားသော အခမ်းအနား (အပိုင်း ၃)
~ဂိုဏ်းချုပ် ရာထူးလွှဲပြောင်းပွဲ အခမ်းအနား မကျင်းပရသေးသော်လည်း စီနီယာအစ်ကိုနင်သည် ဂိုဏ်းတစ်ခုလုံးကို အပြောင်းအလဲများ စတင် လုပ်ဆောင်နေပြီ ဖြစ်၏။
ယခင်ကမူ ထို အစစ်အမှန် အမွေခံများသည် တစ်သီးပုဂ္ဂလဆန်စွာ နေထိုင်ခဲ့ကြပြီး အခြားသူများကို ပြိုင်ဘက်များအဖြစ် ရှုမြင်ကာ အချင်းချင်း ဆက်ဆံပြောဆိုမှု နည်းပါးလှသည်။
သို့သော် နင်ချီက ထိုအစဉ်အလာဆိုးကို လုံးဝ ပြောင်းလဲပစ်လိုက်လေ၏။ ဤကဲ့သို့သော အပြောင်းအလဲများကြောင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် လျင်မြန်သော တိုးတက်မှု အရှိန်အဟုန်တစ်ခုကို မလွဲမသွေ ကြုံတွေ့ရတော့မည်မှာ ထင်ရှားလှပါ၏။
ထိုသတင်းကို ကြေညာလိုက်သည်နှင့် တပည့်များအားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး နင်ချီကို ဂုဏ်ပြုကြိုဆိုကြလေတော့သည်။
တပည့်များ၏ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် နင်ချီသည် ဂိုဏ်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးလိုက်၏။
သူသည် အပြင်စည်းမှသည် အတွင်းစည်းအထိ တောင်ထွတ်အသီးသီးကို စစ်ဆေးခဲ့ပြီး ဂိုဏ်းရှိ ခန်းမဆောင် အသီးသီးသို့ ဝင်ရောက်ကာ အကြီးအကဲများ အားလုံးနှင့် တွေ့ဆုံခဲ့သည်။
အကြီးအကဲများမှာမူ နင်ချီ့ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် နင်ချီသည် စည်းမျဉ်းကျောက်စိမ်းများကို အပျက်အစီးမရှိစေဘဲ ခွဲခြားပေးနိုင်ကြောင်း၊ ထိုသို့ ခွဲခြားပေးလိုက်ပါက သူတို့၏ ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ပြုနိုင်ကြောင်း အစစ်အမှန် အမွေခံများ၊ ဇီယန်နှင့် ကျန်းရူဟိုင်တို့ထံမှ သတင်းကြားထားကြသောကြောင့်တည်း။
ထို့ကြောင့် နင်ချီသည် အချိန်အနည်းငယ်ယူကာ အကြီးအကဲတို့၏ စည်းမျဉ်းကျောက်စိမ်းများကို ယူဆောင်စေပြီး လိုအပ်သော စည်းမျဉ်းများကို ပြန်လည် ခွဲထုတ်ပေးလိုက်လေ၏။
သဘာဝကျကျပင် ဤဖြစ်စဉ်မှတဆင့် နင်ချီသည်လည်း အမြတ်အစွန်း များစွာ ရရှိလိုက်၏။
သို့တိုင်အောင် အကြီးအကဲတိုင်းသည် အလွန် ကျေနပ်နေကြပါသည်။ အရောင်တစ်မျိုးတည်း ရှိသော စည်းမျဉ်းကျောက်စိမ်းများကို ရရှိလိုက်သဖြင့် သူတို့၏ စွမ်းအားများမှာလည်း များစွာ တိုးတက်လာပေလိမ့်မည်။
ဂိုဏ်း၏ အကြီးဆုံး မိသားစုဖြစ်သော ကျန်းမိသားစုသည် နင်ချီက လူတိုင်း၏ သစ္စာရှိမှုကို မည်မျှ လျင်မြန်စွာ ရယူနိုင်ခဲ့သည်ကို စောင့်ကြည့် အကဲခတ်နေခဲ့ကြသည်။ ထို့နောက် သူတို့သည် ယခင်က ထားရှိခဲ့သော မာနတရားများကို ချက်ချင်း ဘေးဖယ်လိုက်ကြပြီး နင်ချီ၏ အုပ်ချုပ်မှုအောက်တွင် တစ်သားတည်း ဖြစ်စေရန် ဆုံးဖြတ်လိုက်ကြတော့သည်။
အထူးသဖြင့် ကျန်းရူဟိုင်နှင့် ကျန်းချင်းရွှယ်တို့က ကျန်းမိသားစုဝင်များကို စုစည်းပြီး လေးလေးနက်နက် တိုက်တွန်းပြောဆိုခဲ့ရာ ကျန်းမိသားစုသည် မည်သို့မျှ မငြင်းဆန်ရဲတော့ချေ။
နင်ချီသည် ဂိုဏ်းချုပ်ရာထူးကို တရားဝင် မရယူမီမှာပင် လူတိုင်း၏ သစ္စာရှိမှုကို ရရှိထားပြီ ဖြစ်ရာ အကန့်အသတ်မဲ့ ဓားဂိုဏ်း သမိုင်းတစ်လျှောက်တွင် အလေးစားခံရဆုံး ဂိုဏ်းချုပ် ဖြစ်လာမည်မှာ မလွဲဧကန်ပင်။
...
နောက်ပိုင်းတွင် နင်ချီသည် ဂိုဏ်းချုပ်၏ စံအိမ်တော်သို့ ပြန်လာခဲ့လေ၏။
ဂိုဏ်းချုပ်၏ စံအိမ်တော်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး ဗဟိုတောင်ထွတ်များကြားတွင် တည်ရှိပြီး ဂိုဏ်း၏ အူတိုင်နေရာဟု သတ်မှတ်နိုင်ပါ၏။
တစ်လဟူသော အချိန်ကာလမှာ ကုန်ဆုံးခါနီးပြီဖြစ်ရာ နင်ချီသည် နေရာထိုင်ခင်း ကိစ္စကို သိပ်ပြီး အာရုံမစိုက်တော့ပါ။ သူသည် ငြိမ်သက်စွာ ထိုင်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ခြင်း ပြုလုပ်လိုက်လေ၏။
ဤကာလအတွင်း ရရှိခဲ့သော အကျိုးအမြတ်များကို တိတ်ဆိတ်စွာ ပြန်လည် ချေဖျက်ရင်း နင်ချီ သူ့ကိုယ်သူ စစ်ဆေးလိုက်၏။
ယခုအခါ သူ၏ ဝင်စားခန္ဓာသည် ပေါင်းစည်းခြင်း နယ်ပယ် သို့ ရောက်ရှိရန် အချိန်များစွာ လိုအပ်နေသေးသည်။ ဒါက နားလည်သဘောပေါက်နိုင်စွမ်းနှင့် မဆိုင်ဘဲ အချိန်ကာလတစ်ခု ကြာမြင့်စွာ စုဆောင်းရမည့် ကိစ္စဖြစ်ပြီး သီအိုရီအရဆိုလျှင် နှစ်ပေါင်း (၁၀၀) သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်နိုင်သည်။
သေချာသည်မှာ သူသည် လောကကြီးကို တုန်လှုပ်ချောက်ချားဖွယ် မဖြစ်စေရန် သူ၏ တိုးတက်မှုနှုန်းကို လျှော့ချရပေမည်။
အကယ်၍သာ နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ ကဲ့သို့သော နေရာမျိုးနှင့် ကြုံတွေ့ရပါက သူ၏ တိုးတက်မှုကို သဘာဝကျကျပင် အရှိန်မြှင့်တင်နိုင်ပေလိမ့်မည်။
သို့သော် လောလောဆယ်တွင်မူ မျှော်လင့်စရာ မရှိသေးပေ။ ဓားဘိုးဘေးကြီး ပြောပြခဲ့သော စကြဝဠာ စစ်ပွဲကြီး ဖြစ်လာမှသာ သူ့ကို အကူအညီ ပေးနိုင်ချေ ရှိသည်။
ဓားဘိုးဘေးကြီး၏ ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း နှင့် လမ်းစဉ် တစ်သောင်းကို လွှမ်းမိုးခြင်း ပညာရပ်များကို အဓိကထား လေ့လာလိုက်လေ၏။
တစ်ချိန်တည်းမှာပင် လမ်းခရီးတလျှောက် ရရှိခဲ့သော ပြန့်ကျဲနေသည့် ဉာဏ်အလင်းများနှင့် သူ ကျွမ်းကျင်ပိုင်နိုင်ထားသော စည်းမျဉ်းစွမ်းအားများကို ပေါင်းစပ်ပြီး စည်းမျဉ်းအခြေခံ နတ်ဘုရား စွမ်းရည်အချို့ကို ဖန်တီးလိုက်လေ၏။
...
တစ်ရက်တွင် ဂိုဏ်းချုပ်ရာထူး လွှဲပြောင်းမည့် ရက်စွဲသို့ နီးကပ်လာခဲ့သတည်း။
အပြင်လောကသို့ ရောက်ရှိနေကြသော အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ တပည့်များအားလုံး ပြန်လည် ရောက်ရှိလာကြပြီး တံခါးပိတ် ကျင့်ကြံနေသူများလည်း နိုးထလာကြလေ၏။
ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် သည်လည်း တံခါးသုံးပေါက် တောရိုင်းမြေ မှ ပြန်လည် ရောက်ရှိလာခဲ့သည်။
ဓားဘိုးဘေးကြီး ပြန်လည်ထွက်ပေါ်လာပြီး နင်ချီက ဂိုဏ်းချုပ်အဖြစ် ဆက်ခံမည့်သတင်းကို ကြားလိုက်ရချိန်တွင် ချန်ဝမ်ဟယ် တစ်ယောက် အံ့သြလွန်းသဖြင့် သူ စီးနင်းလာသော တိမ်တိုက်ပေါ်မှ ပြုတ်ကျမတတ်ပင် ဖြစ်သွားရရှာသည်။
'ငါ ခရီးသွားနေတုန်း ငါ့အထက်လူကြီးက ဘယ်လိုလုပ် ပြောင်းသွားတာလဲ... ပြီးတော့ အဲဒီလူက ဟိုကောင်လေး နင်ချီ တဲ့လား...'
ယဲ့ချန်နှင့် ယဲ့ချင်းထျန်းတို့ သေဆုံးသွားချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ သတင်းရောက်ရှိလာခဲ့ပြီး ယဲ့မိသားစုက ပြဿနာ အကြီးအကျယ် ရှာခဲ့ကြသည်။
ထိုအခြေအနေကို ဝင်ရောက်ထိန်းသိမ်းပေးခဲ့သူမှာ ချန်ဝမ်ဟယ်ပင် ဖြစ်၏။
သူသည် နင်ချီနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိပြီး ဂိုဏ်းထဲတွင် နင်ချီကို ပထမဆုံး တန်ဖိုးထားခဲ့သည့် အကြီးအကဲလည်း ဖြစ်ပါသည်။
ထို့ကြောင့် အခြေအနေ မရိုးရှင်းသည်ကို ချက်ချင်း သဘောပေါက်လိုက်ပြီး ဒုဂိုဏ်းချုပ် အနေဖြင့် ကိုယ်တိုင် စုံစမ်းစစ်ဆေးရန် တံခါးသုံးပေါက် တောရိုင်းမြေ သို့ သွားရောက်ခဲ့ခြင်းပင်။
ယဲ့မိသားစုက နင်ချီနှင့် ပတ်သက်ပြီး မဟုတ်မမှန် သက်သေအထောက်အထားများ ဖန်တီးမည်ကို သူ စိုးရိမ်ခဲ့မိသည်။
သို့သော် မထင်မှတ်ထားသည်မှာ ယဲ့မိသားစု တစ်ခုလုံး ပျောက်ကွယ်သွားခြင်းပင်။
ချန်ဝမ်ဟယ်မှာ မယုံနိုင်စွာဖြင့် ရယ်မောလိုက်မိသည်။ အကယ်၍ နင်ချီဆိုသော ကောင်လေးတွင် ဤမျှ စွမ်းရည်ရှိကြောင်းသာ သိခဲ့လျှင် သူသည် စုံစမ်းစစ်ဆေးရန် ဤမျှ အဝေးကြီးသို့ သွားခဲ့မည် မဟုတ်ချေ။
သူသည် နင်ချီကို တွေ့ရန် အလျင်အမြန် လာခဲ့လိုက်ရာ သဘာဝကျကျပင် ထပ်ခါတလဲလဲ တုန်လှုပ်ရလေတော့သည်။
ထိုအချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌ လူရိပ်တစ်ခုသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့လေ၏။
ကျက်သရေရှိသော ကိုယ်နေဟန်ထားနှင့် ပြည့်စုံပြီး တက်ကြွလန်းဆန်းသော ခရမ်းရောင် ဝတ်စုံဖြင့်။
သူမ၏ မျက်လုံးများက ဓားသွားများကဲ့သို့ စူးရှနေ၏။
ခရမ်းရောင် ဓားတာအိုဆရာ ဟု အမည်တွင်သော မာနကြီးသည့် အမျိုးသမီး ဓားကျင့်ကြံသူ လုဇီယွဲ့ ပင် ဖြစ်ပါ၏။
လုဇီယွဲ့သည် နင်ချီကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်သဖြင့် လမ်းခရီးတလျှောက် လူများစွာ၏ မနာလို ဝန်တိုခြင်းကို ခံခဲ့ရဖူးသည်။
သို့သော် ယခုအချိန်တွင်မူ မည်သူမျှ ထိုကဲ့သို့ မတွေးတောရဲကြတော့ချေ။ အကြောင်းမှာ နင်ချီသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် သို့ ရောက်ရှိနေပြီဖြစ်ပြီး ဂိုဏ်းချုပ် အဖြစ်သို့ပင် တက်လှမ်းတော့မည် ဖြစ်သောကြောင့်ပင်။
လုဇီယွဲ့သည် နင်ချီ၏ သတင်းကို ကြားလိုက်ရသောအခါ ပန်းရောင်သမ်းနေသော နှုတ်ခမ်းလွှာကို ကိုက်လိုက်မိသည်။ သူမ၏ လှပသော မျက်ဝန်းအစုံသည် ဗဟိုတောင်ထွတ်များ ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ရင်း မျက်ရည်စများ ဝေ့သီလာခဲ့လေ၏။
သူမသည် နင်ချီ၏ ကြီးပြင်းလာမှု ဖြစ်စဉ်တစ်ခုလုံးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူ ဖြစ်ပါသည်။ အစပိုင်းတွင် အံ့သြခဲ့ရသည်၊ ထို့နောက် နင်ချီကို အကျော်မခံရစေရန် ဆုံးဖြတ်ခဲ့သည်၊ ထို့နောက် စီနီယာအစ်မ ဘဝမှ ဂျူနီယာညီမလေး အဖြစ်သို့ ရောက်ခဲ့ရသည်။ နောက်ဆုံးတွင်မူ သူ့ကို မော့ကြည့်ရသော ဘဝသို့ ရောက်ရှိသွားခဲ့သတည်း။
လုဇီယွဲ့သည် အချိန်ကာလကို တွက်ချက်ကြည့်လိုက်၏။
ဆယ်စုနှစ် အနည်းငယ်သာ ရှိသေးသော်လည်း အဘယ်ကြောင့် သူမအတွက် နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားနေရပါသနည်း။
အချိန်အတော်ကြာပြီးနောက် သူမသည် အသက်ပြင်းပြင်း ရှူလိုက်လေ၏။ မျက်ဝန်းထဲမှ မျက်ရည်စများ ပျောက်ကွယ်သွားပြီး ခရမ်းရောင် ဓားတာအိုဆရာ ၏ ပြိုင်ဘက်ကင်းသော ဟန်ပန်ကို ပြန်လည် ရယူလိုက်တော့သည်။
'နင် ဘာတွေ လျှောက်တွေးနေတာလဲ... နင် သူ့ကို ပွေ့ဖက်ဖူးတယ်လေ... သူ ဒီနေ့လို အောင်မြင်မှု ရသွားတော့ နင်လည်း ဝမ်းသာရမှာပေါ့... ဟုတ်တယ်မလား...'
သူမသည် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်ရင်း အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ဗဟိုတောင်ထွတ်များ ရှိရာသို့ ပျံသန်းသွားလေတော့သည်။
...
တစ်လတာ အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပါသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း နေရာအနှံ့အပြားတွင် မီးပုံးများနှင့် အလှဆင် ပစ္စည်းများဖြင့် တန်ဆာဆင်ထားကြသည်။
ဂိုဏ်းအတွင်း၌ ပန်းမန်များနှင့် သစ်သီးဝလံ ပင်များကို စိုက်ပျိုးထားသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး မွှေးပျံ့သော ရနံ့များဖြင့် သင်းပျံ့နေလေ၏။
ဖိတ်စာများ ပေးပို့ထားသဖြင့် လာသင့်သူများ အားလုံးလည်း ရောက်ရှိနေကြပြီ ဖြစ်၏။
ယနေ့တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တောင်တံခါးဝသို့ ပြင်းထန်သော စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု အချိန်ကိုက် ရောက်ရှိလာကြသည်။ ဧည့်ကြို အစစ်အမှန် အမွေခံများနှင့် အကြီးအကဲများက ဧည့်သည်များကို ဂိုဏ်းအတွင်းသို့ လမ်းပြ ခေါ်ဆောင်သွားကြသည်။
ရာထူးလွှဲပြောင်းပွဲ အခမ်းအနားကို ဗဟိုတောင်ထွတ်များတွင် ကျင်းပခြင်း ဖြစ်၏။
လက်ရှိအချိန်တွင် ကောင်းကင်သို့ ဓားများသဖွယ် ထိုးတက်နေသော တောင်ထွတ်ပေါင်း (၁၀၀) မှ ဝိညာဉ်မြူခိုးများ သဘာဝအလျောက် ထွက်ပေါ်နေပြီး ဓားစည်းမျဉ်းများသည် ရေစီးကြောင်းများသဖွယ် စီးဆင်းနေကြသည်။
ကောင်းကင်ယံထက်တွင်မူ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း ကြယ်တာရာများ ထွန်းလင်းနေပြီး ဟင်းလင်းပြင်ကို ထင်ဟပ်နေသဖြင့် ဤနေရာသည် စကြဝဠာ၏ ဗဟိုချက်မ တစ်ခုသဖွယ် ဖြစ်တည်နေလေတော့သည်။
ပေ့ရွှမ်နယ်မြေ တွင် အဆင့်မြင့်ဂိုဏ်း (၁၀) ဂိုဏ်းနှင့် အခြားသော ဂိုဏ်းငယ်ပေါင်း ဒါဇင်များစွာ ရှိပါ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ဖိတ်ကြားခံရသော ဂိုဏ်းများမှ မဟာစွမ်းအားရှင်များသည် ရင်ပြင်ကျယ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တဖြည်းဖြည်း နေရာယူလိုက်ကြသည်။
သူတို့၏ နောက်တွင် အစစ်အမှန် အမွေခံများက မတ်တတ်ရပ်နေကြလေ၏။
အခန်း (၆၀၃) -ခမ်းနားသော အခမ်းအနား (အပိုင်း ၄)
~နယ်မြေနှစ်ခုလုံးတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေပြီး အခြေအနေများ ရှုပ်ထွေးနေသော်ငြားလည်း သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မျက်နှာကို ထောက်ထားသောအားဖြင့် ရောက်ရှိလာခဲ့ကြလေ၏။
အစပိုင်းတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းက နင်ချီကို ဂိုဏ်းချုပ်သစ်အဖြစ် ခန့်အပ်တော့မည့်သတင်းကို ကြားလိုက်ရချိန်၌ သူတို့၏ တပည့်များမှာ ကိုယ့်နားကိုယ်..မယုံနိုင် ဖြစ်ခဲ့ကြရသည်။
သူတို့ သိထားသည်မှာ နင်ချီသည် သာမန် အစစ်အမှန် တပည့်တစ်ယောက်သာ ဖြစ်သည်ဟုသာ။
စည်းမျဉ်းစည်းကမ်းများအရ ဂိုဏ်းတစ်ဂိုဏ်း၏ အစစ်အမှန် အမွေခံတစ်ယောက်သည် နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ မှ ပြန်ထွက်လာပြီးနောက် မဟာစွမ်းအားရှင် အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း ရာချီ သို့မဟုတ် ထောင်ချီ ကြာမြင့်တတ်စမြဲ ဖြစ်၏။ ထိုအဆင့်သို့ ရောက်မှသာလျှင် ဂိုဏ်းချုပ်ရာထူးကို ဆက်ခံနိုင်မည့် အခွင့်အရေး ရှိလာမည် ဖြစသည်။
နင်ချီတွင် မည်သို့သော အရည်အချင်းနှင့် စွမ်းရည်များ ရှိနေ၍ ဤမျှ လျင်မြန်သော တိုးတက်မှုကို ရရှိခဲ့သနည်း။ သို့တည်းမဟုတ် အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် အရည်အချင်းရှိသူ ရှားပါးသွားပြီလော။
သူတို့သည် ရံဖန်ရံခါ ဘေးဘီဝဲယာသို့ အကဲခတ်ကြည့်လိုက်ကြသည်။ မဟာစွမ်းအားရှင် များသည်ပင်လျှင် စိတ်ထဲတွင် တိတ်တဆိတ် တွေးတော သံသယဝင်နေကြ၏။
အရှိန်အဝါကို အကဲခတ် ကျွမ်းကျင်သူများကမူ စွမ်းအင်စီးကြောင်း အသီးသီးကို တိတ်တဆိတ် စစ်ဆေးကြည့်ရှုလိုက်ကြသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့အားလုံး အံ့အားသင့် တုန်လှုပ်သွားကြရတော့၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် မည်သို့သော အကြောင်းကြောင့် ဤမျှ အံ့မခန်း ဖြစ်တည်နေရသနည်း။
ဂိုဏ်းတစ်ခုလုံး တစ်သားတည်း ဖြစ်တည်နေပြီး စည်းလုံးညီညွတ်နေသည့်အပြင် ဂိုဏ်း၏ ကံတရား အရှိန်အဝါသည် ကောင်းကင်ယံသို့ ထိုးတက်နေလေ၏။
ဤဖြစ်ရပ်က ကြီးမားသော စည်ပင်ဝပြောမည့် နိမိတ်လက္ခဏာပင်။
သူတို့သည် တစ်သက်တာလုံး ဂိုဏ်းပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများပင်လျှင် ဤမျှ အခြေအနေကောင်းမွန်ခြင်း မရှိကြောင်း ဝန်ခံရပေမည်။
သာမန်အားဖြင့် ဂိုဏ်းများတွင် လူသားတို့၏ သဘာဝ၊ ဆန္ဒနှင့် ကျင့်ကြံခြင်း မတူညီမှုများကြောင့် စွမ်းအင်စီးကြောင်းများသည် ကွဲပြားနေတတ်ပြီး အများအားဖြင့် ရှုပ်ထွေးနေတတ်ပါသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းကဲ့သို့ ဖြစ်တည်ရန်အတွက် ပြိုင်ဘက်ကင်းသော ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာပြီး အတားအဆီး အားလုံးကို ကျော်ဖြတ်ကာ ဂိုဏ်းကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် စုစည်းနိုင်မှသာ ဖြစ်နိုင်ပေမည်။
ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က ဤသတင်းကို လူတိုင်းထံသို့ ပေးပို့လိုက်လေ၏။
လူအုပ်ကြီးသည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မလာရောက်မီက သူတို့တွင် အထင်သေးသော သဘောထားများ ရှိခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုစိတ်များကို ဘေးဖယ်လိုက်ကြပြီး မျက်နှာတွင် အပြုံးများဆင်ကာ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ မဟာစွမ်းအားရှင်များကို လက်သီးဆုပ် ဂါရဝပြုလိုက်ကြလေ၏။
“ဂုဏ်ယူပါတယ်ဗျာ... တကယ် ဂုဏ်ယူပါတယ်...”
“ခင်ဗျားတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကတော့ နဂါး တစ်ကောင် မွေးထုတ်လိုက်နိုင်ပြီပဲ...”
ထိုအခါ၊ တာအိုဆရာ ဇီယန်က ပြန်ပြောလိုက်၏။
“လူကြီးမင်းတို့... ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ... ကျုပ်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထားကြပါ...”
သူ့ဖိတ်ခေါ်မှုကြောင့်၊ လူအုပ်ကြီး အားလုံး အသာပြုံးလိုက်ကြပြီး တစ်ယောက်က ဝင်ပြောလေ၏။
“အကြီးအကဲ ဇီယန် ပြောတာ မှန်ပါတယ်... တကယ်လို့သာ ကျုပ်တို့ဂိုဏ်း ဖြစ်နေရင်တော့ ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကို လုယူရတော့မှာပဲ...”
တာအိုဆရာ ဇီယန်သည် မုတ်ဆိတ်မွှေးကို သပ်လိုက်ရင်း ပြန်ပြောလိုက်၏။
“သေချာတာပေါ့... ဒါပေမဲ့ အဲဒါက ခင်ဗျားတို့ရဲ့ စွမ်းရည်အပေါ်မှာ မူတည်လိမ့်မယ်...”
သူတို့ စကားပြောဆိုနေပြီး မကြာမီမှာပင် အချိန်ကျရောက်လာခဲ့လေ၏။
တောင်ထွတ်များထက်မှ ဓားမြည်သံများ ပျံ့လွင့်လာပြီး ထောင်ပေါင်းများစွာသော ကြယ်တာရာ အလင်းတန်းများ ကျဆင်းလာခဲ့သည်။
ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် သည် ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ အခမ်းအနားကို ဦးစီးကျင်းပပြီး အစီအစဉ် တစ်ခုချင်းစီကို စနစ်တကျ လုပ်ဆောင်လျက် ရှိသည်။
နောက်ဆုံးတွင် လူတိုင်းသည် နင်ချီ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေ၏။
လူများစွာသည် နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ အဝင်ဝတွင် နင်ချီကို မြင်ဖူးခဲ့ကြသည်။
ယခုတစ်ဖန် ပြန်လည် မြင်တွေ့ရချိန်တွင် ထိုတပည့်များသည် မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိကြသော်လည်း မဟာစွမ်းအားရှင် များ၏ မျက်ဝန်းအိမ်များမှာမူ တုန်လှုပ်သွားကြလေ၏။
သူတို့သည် နင်ချီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါကို အာရုံခံမိလိုက်ကြသည်။
လပိုင်းအနည်းငယ် အတွင်းမှာပင် သူသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
မဟာစွမ်းအားရှင်များ၏ နောက်ဘက်ရှိ များပြားလှသော အစစ်အမှန် တပည့်များသည် သူတို့၏ ဆရာသခင်များ တိတ်ဆိတ်ငြိမ်သက်သွားသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် အသံပေးပို့ မေးမြန်းလိုက်ကြသည်။
“ဆရာ... နင်ချီက ဘာဖြစ်လို့လဲဟင်...”
သို့သော် ဆရာသခင် သို့မဟုတ် အကြီးအကဲများထံမှ ပြန်လာသော အဖြေစကားက သူတို့၏ နှလုံးသားကို ဆို့နင့်သွားစေခဲ့သည်။
“မင်းက မေးတောင် မေးနေသေးတယ်လား... နှစ်ယောက်စလုံးက အစစ်အမှန် တပည့်တွေ ဖြစ်ပေမဲ့ သူက ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် ကို ရောက်နေပြီကွ...”
ထို အစစ်အမှန် တပည့်များ၏ မျက်နှာထားများ ရှုပ်ထွေးသွားကြသည်။ သူတို့ နင်ချီကို ပြန်ကြည့်လိုက်ကြသောအခါ သူတို့၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများသာ ပြည့်နှက်နေတော့သည်။
သူတို့ ဝန်မခံချင်ကြသော်လည်း သူတို့၏ အကြီးအကဲများက မုသားစကား ပြောဆိုမည် မဟုတ်ပေ။ ထို့ပြင် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူများသည်လည်း အရူးများ မဟုတ်ကြချေ။
သို့သော် ဘာကြောင့် ဤသို့ ဖြစ်ရသနည်း။
သူတို့အားလုံး လျှို့ဝှက်နယ်မြေမှ အသက်ရှင် လွတ်မြောက်လာခဲ့ကြသူချင်း တူသော်လည်း အဘယ်ကြောင့် နင်ချီက ဤမျှ ထူးချွန်ပြောင်မြောက်နေရသနည်း။
ဤတွင်…အခမ်းအနားသည် ဓားအပ်နှင်းသည့် အစီအစဉ်သို့ ရောက်ရှိလာခဲ့သတည်း။
ဂိုဏ်းချုပ်ဟောင်း ကျန်းပိုင်ချွမ်းသည် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ဂိုဏ်းပိုင်ဓားကို ကိုင်ဆောင်ကာ နင်ချီရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
ဤဓားသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မျိုးဆက်ပေါင်းများစွာသော ပညာရှိတို့၏ ဓားဆန္ဒများကို စုစည်းပြီး ဖြစ်ပေါ်လာသော ဓားဖြစ်၏။ ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ တစ်ပါး မဟုတ်သော်ငြားလည်း ၎င်း၏ စွမ်းအားကို လျှော့တွက်၍ မရချေ။
“ဓားကို အပ်နှင်းစေ...”
ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် က တည်ကြည်စွာ ကြေညာလိုက်လေ၏။
ကျန်းပိုင်ချွမ်းသည် ဂိုဏ်းပိုင်ဓားကို မြှောက်ကိုင်လိုက်ပြီး တိမ်တိုက်လှေကားထစ်များပေါ်သို့ တက်လှမ်းကာ နောက်ဆုံးတွင် နင်ချီ၏ ရှေ့၌ ရပ်တန့်လိုက်၏။
သူသည် အောက်ဘက်တွင် ရပ်နေပြီး နင်ချီက အထက်တွင် ရှိနေခြင်းဖြင့် ဂိုဏ်းချုပ်သစ်အပေါ် ထားရှိသော လေးစားမှုကို ပြသလိုက်ခြင်း ဖြစ်၏။
နင်ချီက ဂိုဏ်းပိုင်ဓားကို လှမ်းယူတော့မည့် ဆဲဆဲ။
ရုတ်တရက် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အပြင်ဘက်ဆီမှ...
မာရေကျောရေ ရှိသည့် အသံတစ်ခုသည် အခင်းအကျင်းများစွာကို ထိုးဖောက်ဝင်ရောက်လာခဲ့လေ၏။
“နေဦး... အကန့်အသတ်မဲ့ ဓားဂိုဏ်းက ဂိုဏ်းချုပ်သစ် ခန့်အပ်တာနဲ့ ပတ်သက်ပြီး ငါတို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို အကြောင်းကြားပြီးပြီလား...”
အခြားဂိုဏ်းများမှ မဟာစွမ်းအားရှင်များသည် မျက်နှာထားကို ထိန်းသိမ်းထားရင်း ထိုနေရာသို့ အကြည့် ပို့လွှတ်လိုက်ကြသော်လည်း စိတ်ထဲတွင်မူ တက်ကြွလှုပ်ရှားနေကြသည်။
'ပြဿနာကောင် ရောက်လာပြီဟေ့... ကြည့်ကောင်းမယ့် ပွဲတော့ လာတော့မယ်...'
မဟာစွမ်းအားရှင် အများအပြားသည် အတင်းအဓမ္မ ဝင်ရောက်လာကြပြီး ထိုအထဲမှ နှစ်ယောက်သည် ဧည့်သည်များကို ကြိုဆိုနေကြသော အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန် တပည့်များနှင့် အကြီးအကဲများကို လက်တစ်ဖက်တည်းဖြင့် ဖမ်းချုပ်ထားလိုက်ကြသည်။
ခေါင်းဆောင် သုံးယောက်စလုံးမှာမူ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့် သို့ ရောက်ရှိနေကြပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဓားဘိုးဘေးကြီးထက် အနည်းငယ်သာ နိမ့်ကျသူများ ဖြစ်ကြ၏။