အခန်း (၆၀၄-၆၀၆)
Vol. 41 Ch. 604-606
အခန်း (၆၀၄)-ဓားတစ်လက်
~အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ဖိတ်ကြားခြင်း မရှိခဲ့သော်လည်း ယခုအချိန်တွင် သူတို့သည် ဧည့်မဖိတ်ဘဲ ရောက်လာခဲ့ကြသတည်း။
ထို့ပြင် ရောက်ရှိလာသော လူအရေအတွက်မှာ အခြားဂိုဏ်းများထက် ပိုမိုများပြားနေပြီး မဟာစွမ်းအားရှင် (၇) ယောက်တိတိ စုစည်းရောက်ရှိလာကြခြင်း ဖြစ်၏။ ဤအရေအတွက်သည် အခြားဂိုဏ်းများမှ ရောက်ရှိနေသော မဟာစွမ်းအားရှင် စုစုပေါင်း အရေအတွက်ကိုပင် ယှဉ်နိုင်မတတ် ရှိနေသည်။
ထိုလူ (၇) ယောက် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တောင်တံခါးဝတွင် ဧည့်သည်များကို ကြိုဆိုနေကြသော အစစ်အမှန် အမွေခံများနှင့် အကြီးအကဲများကို ချက်ချင်း ဖမ်းချုပ်လိုက်ကြပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ လွှမ်းမိုးကြီးစိုးလိုမှုကို ပြသလိုက်ကြတော့သည်။
ဤအခိုက်အတန့်တွင် အခြားဂိုဏ်းများမှ မဟာစွမ်းအားရှင်များသည် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ လူ (၇) ယောက်နှင့် ဂိုဏ်းချုပ်ရာထူးကို ဆက်ခံတော့မည့် နင်ချီအား အပြန်အလှန် ကြည့်ရှုလိုက်ကြပြီး တီးတိုး ဝေဖန်ဆွေးနွေးလိုက်ကြလေ၏။
“တခြား အဆင့်မြင့်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ရာထူး ဆက်ခံမှုကို တားဆီးဖို့ လုပ်တာက... ဒီ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းက သိပ်ပြီး အနိုင်ကျင့် ဗိုလ်ကျလွန်းရာ မရောက်ဘူးလား...”
“သူတို့က အမြဲတမ်း ဗိုလ်ကျနေကျပါပဲ... ဒါပေမဲ့ ဒီလို လူအင်အားနဲ့ ရောက်လာပုံထောက်ရင် ဒါက ဗိုလ်ကျရုံ သက်သက် မဟုတ်တော့ဘူး... ဂိုဏ်းစစ်ပွဲ ဆင်နွှဲချင်တဲ့ သဘော ဖြစ်နေပြီ...”
“ဘုရားရေ... ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိတဲ့ မဟာစွမ်းအားရှင် (၃) ယောက်တောင် လွှတ်လိုက်တာလား... တချို့ဂိုဏ်းတွေဆိုရင် အဲဒီအဆင့်မျိုး တစ်ယောက်တည်း ထုတ်ဖို့တောင် မနည်း ကြိုးစားရတာ... ဒီ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းက ဘာသဘောလဲ...”
“သူတို့ ဘာသဘောပဲ ရှိရှိ... အခုတော့ ငါတို့အတွက် ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာတော့မယ်... အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ် နင်ချီက ဘယ်လို တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့...”
ယခင်က မိမိတို့ဂိုဏ်း ဘိုးဘေးများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရဖူးသော အခြားဂိုဏ်းမှ အစစ်အမှန် အမွေခံများသည် နင်ချီထံသို့ အကြည့်ရောက်သွားကြသည်။
နင်ချီ၏ လျင်မြန်သော ကျင့်ကြံခြင်း တိုးတက်မှုနှုန်းနှင့် မကြာမီ ဂိုဏ်းချုပ်ရာထူး ရရှိတော့မည့် အခြေအနေကြောင့် သူတို့အများစု၏ ရင်ထဲတွင် မနာလို ဝန်တိုစိတ်များ ထိန်းချုပ်မရအောင် ဖြစ်ပေါ်နေကြသည်။
ယခုအခါ ပေ့ရွှမ်နယ်မြေ၏ အကြီးအကဲဂိုဏ်းကြီးက အနိုင်ကျင့် ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် ခေါင်းခါလိုက်ကြသည်။
အရာအားလုံးကို ထွင်းဖောက်မြင်နေရသူများ အလား ဟန်ဆောင်လိုက်ကြပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်ကြ၏။
'အို... နင်ချီ... မင်းရဲ့ ပါရမီက ငါတို့ကို ကျော်တက်သွားတာ မှန်ပါတယ်... ဒါပေမဲ့ အပင်မြင့်လေ လေတိုက်ခံရလေ ဆိုတာ မင်း သိထားသင့်တယ်... ဒီအချိန်မှာ မင်းသာ တချက်လောက် အမှားအယွင်း လုပ်လိုက်တာနဲ့ မင်းအသက် ပါသွားနိုင်တယ်... အဲဒီကျရင် ပါရမီ ရှိနေတာ ဘာအသုံးဝင်တော့မှာလဲ...'
ရင်ပြင်ကျယ် အလယ်ရှိ ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ အခမ်းအနားသည် ရုတ်တရက် ရပ်တန့်သွားလေ၏။
ကျန်းပိုင်ချွမ်းသည် ဂိုဏ်းပိုင်ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားပြီး နင်ချီ၏ အောက်ဘက်တွင် ရပ်ကာ ဓားကို မြှောက်ထားဆဲ ဖြစ်၏။
နင်ချီသည် ဓားကို လက်ခံရယူခြင်း မရှိသေးပေ။
ကျန်းပိုင်ချွမ်းသည် ဧည့်သည်များကို ကျောခိုင်းထားသော်လည်း လက်ရှိ အခြေအနေ မည်မျှ အရေးကြီးကြောင်း ကောင်းစွာ သတိပြုမိလေ၏။
လောလောဆယ်တွင် သူ၏ စိတ်ထဲ၌ သက်သာရာ ရသလိုလိုနှင့် စိုးရိမ်ပူပန်မှုတို့ ဒွန်တွဲနေသည်။
သက်သာရာ ရသည့်အချက်မှာ ကံကောင်းထောက်မစွာဖြင့် သူသည် ဂိုဏ်းချုပ် မဟုတ်တော့သည့်အတွက် ရန်သူများကို တိုက်ရိုက် ရင်ဆိုင်ဖြေရှင်းစရာ မလိုတော့ခြင်းပင်။
စိုးရိမ်ပူပန်ရသည့် အချက်မှာ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို အညှာအတာမရှိ ပစ်မှတ်ထား တိုက်ခိုက်လာမည်ကိုပင်။
ကျန်းပိုင်ချွမ်းသည် ဓားဘိုးဘေးကြီးနှင့် နင်ချီတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသဖြင့် သာမန် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် ရှိသူများသည် သူတို့၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထားသည်။ သို့သော် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၇) ယောက်သည်လည်း သာမန် ပုဂ္ဂိုလ်များ မဟုတ်ကြပေ။
နင်ချီသည် ရင်ပြင်၏ ဗဟိုချက်မ နေရာတွင် မတ်တတ်ရပ်နေ၏။
ဂိုဏ်းသားအားလုံးသည် ရောက်ရှိလာသော ရန်သူများကို အကြည့် ပို့လွှတ်လိုက်ကြသည်။ သူတို့၏ မျက်နှာများ လေးနက်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ။ကြောက်ရွံ့ခြင်း မရှိကြပေ။
နင်ချီသည် မျက်လုံးများကို အနည်းငယ် ပင့်မလိုက်ပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ လူများကို စိုက်ကြည့်လိုက်လေ၏။ အထူးသဖြင့် စောစောက စကားပြောခဲ့သော သူကိုပင်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းက ဂိုဏ်းချုပ်သစ် ခန့်အပ်တာနဲ့ ပတ်သက်ပြီး သူတို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ခွင့်တောင်းရဦးမည်လော။
နင်ချီသည် ဤကာလအတွင်း ဂိုဏ်းချုပ်ရာထူးကို ဆက်ခံရန်အတွက် အိမ်စာများစွာ လုပ်ထားခဲ့သည်။
သူသည် တောင်ပိုင်းနှင့် မြောက်ပိုင်း နယ်မြေများမှ ကျော်ကြားသော မဟာစွမ်းအားရှင် အားလုံး၏ အကြောင်းကို လေ့လာထားပြီးဖြစ်ရာ ထိုလူကို သဘာဝကျကျပင် မှတ်မိနေသည်။
လီတာအိုချန် ဟု အမည်ရသော ထိုလူသည် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ မဟာ အကြီးအကဲ ဖြစ်ပြီး တောင်ပိုင်းရော မြောက်ပိုင်းနယ်မြေတွင်ပါ နှစ်ပေါင်း တစ်သောင်းကျော်တိုင်အောင် ကျော်ကြားခဲ့သူ ဖြစ်၏။ သူသည် ဓားဘိုးဘေးကြီးနှင့် ခေတ်ပြိုင် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါ၏။
သူ့ဘေးရှိ အခြားသော ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိသူ (၂) ယောက်မှာမူ ကျောက်ကန်း နှင့် ချူရီရှန်း တို့ ဖြစ်ကြပြီး ဓားဘိုးဘေးကြီး၏ နောက်ပိုင်းခေတ်မှ ပေါ်ပေါက်လာသူများ ဖြစ်ကြသည်။
နင်ချီ၏ အကြည့်သည် ထို (၃) ယောက်၏ နောက်ဘက်ရှိ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် မဟာစွမ်းအားရှင် (၂) ယောက်ထံသို့ ရောက်သွားလေ၏။ ထိုသူများသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန် အမွေခံ တစ်ဦးနှင့် အကြီးအကဲ တစ်ဦးကို ကြက်ကလေးများသဖွယ် လည်ပင်းမှ ကိုင်ကာ မြှောက်ထားကြသည်။
အဖမ်းခံထားရသူ နှစ်ဦးစလုံးသည် အသက်ရှူကျပ်ပြီး မျက်နှာများ ခရမ်းရောင် သမ်းနေသော်လည်း အရှုံးပေးမည့် အရိပ်အယောင် လုံးဝ မပြကြပေ။
လီတာအိုချန်က နင်ချီကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
“နင်ချီ... မင်းက ငါတို့ဂိုဏ်းရဲ့ ပါရမီရှင်ကို သတ်ခဲ့တယ်... ငါနဲ့အတူ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို လိုက်ခဲ့စမ်း... ဒါမှမဟုတ်ရင် ဒီနေ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွေးချောင်းစီးစေရမယ်...”
နင်ချီ ပြန်မပြောမီမှာပင် ဂိုဏ်းမှ အကြီးအကဲများနှင့် အစစ်အမှန် အမွေခံ များစွာက ပြိုင်တူ ငေါက်ငမ်းလိုက်ကြသည်။
“မင်းတို့ တော်တော် ရဲတင်းပါလား... ဂိုဏ်းချုပ်ရဲ့ နာမည်ကို မင်းတို့ ခေါ်ချင်တိုင်း ခေါ်ခွင့်မရှိဘူး... ဂိုဏ်းချုပ်ကို ဖမ်းချင်ရင် ငါတို့ရဲ့ အလောင်းတွေကို အရင်ကျော်သွားလိုက်...”
ထိုအခါ၊ လီတာအိုချန်က သူ့နားကို လက်သန်းဖြင့် ကလော်လိုက်လေ၏။
“ငါ့နားနားမှာ တဝီဝီ မြည်နေတဲ့ ယင်ကောင်တွေက ဘယ်ကောင်တွေလဲကွ...”
လူအုပ်ကြီးသည် ဒေါသအိုး ပေါက်ကွဲသွားကြတော့သည်။
အကယ်၍ ဂိုဏ်းချုပ်၏ အမိန့်ကို စောင့်ဆိုင်းနေရ၍သာ မဟုတ်ပါက သူတို့သည် လှုပ်ရှားခဲ့ကြပြီး ဖြစ်ပေလိမ့်မည်။
အားလုံးသည် နင်ချီကို ကြည့်လိုက်ကြပြီး ရန်သူကို တိုက်ထုတ်ရန်အတွက် အမိန့်ချက်ချင်း ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။
နင်ချီသည် ကျန်းပိုင်ချွမ်း၏ လက်ထဲမှ ဂိုဏ်းပိုင်ဓားကို ယူလိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့၏။
သို့သော် ရုတ်တရက်... သူ့နောက်ကျောဘက်ဆီမှ ရင်ပြင် တစ်ခုလုံးကို လွှမ်းခြုံသွားစေသည့် မောက်မာ ရိုင်းစိုင်းသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“ဘယ် အရူးခွေးက အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲကို လာနှောင့်ယှက်နေတာလဲ... သေစမ်း...”
အသံဆုံးသည်နှင့် တပြိုင်နက် လူအုပ်ကြီးသည် စကားပြောသူ ဘယ်သူလဲ ဆိုသည်ကို မမြင်လိုက်ရဘဲ ထိပ်တိုက် တွေ့နေကြသော နှစ်ဖက်ကြားရှိ ဟင်းလင်းပြင်ကြီး ကွဲအက်သွားသည်ကို တွေ့လိုက်ကြရသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန် အမွေခံနှင့် အကြီးအကဲကို လည်ပင်းညှစ်ထားကြသော ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် မဟာစွမ်းအားရှင် (၂) ယောက်သည် မည်သို့မျှ ပြန်လည် တုံ့ပြန်ချိန် မရလိုက်ဘဲ နေရာမှာတင် ရုပ်ခန္ဓာရော ဝိညာဉ်ပါမကျန် လုံးဝ ပျက်စီးသွားကြလေ၏။
လူအုပ်ကြီးသည် ချက်ချင်းပင် နှိုင်းယှဉ်၍မရနိုင်အောင် ထိတ်လန့် တုန်လှုပ်သွားကြတော့သည်။
သူတို့သာမက လီတာအိုချန်နှင့် အခြား (၂) ယောက်လည်း နောက်သို့ လှည့်ကြည့်လိုက်ကြရာ မျက်နှာများတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်နေလေ၏။
ယခုအချိန်ကျမှ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် (၂) ယောက်ကို မည်သည့်အရာက သတ်ဖြတ်လိုက်သနည်း ဆိုသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။
ပေပေါင်း (၃၀၀) ကျော် ရှည်လျားသော ဓားတာအို စည်းမျဉ်း အရိပ် တစ်ခုသည် ဟင်းလင်းပြင်ထဲမှ ထိုးထွက်နေခြင်းပင်။
“အဲဒါ ဘာကြီးလဲဗျ...”
အခြားဂိုဏ်းများမှ မဟာစွမ်းအားရှင် တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။
“လောကကြီးထဲမှာ စည်းမျဉ်းကို ဒီအဆင့်ထိ အသုံးချနိုင်တဲ့သူ ဘယ်သူ ရှိလို့လဲ... ဒီနေ့ ဒီနေရာကို လာရတာ တကယ်ပဲ ဗဟုသုတ တိုးစေတာပဲ...”
ဟု တစ်စုံတစ်ယောက်က ချီးကျူးလိုက်သည်။
အခြားတစ်ယောက်ကမူ ကြောက်ရွံ့သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ဒီဓားက မြန်လွန်းတယ်... ငါတို့တောင် ဘာမှ ပြန်မလုပ်နိုင်လိုက်ဘူး... အဲဒီဓားသာ ငါတို့ကို ပစ်မှတ်ထားလိုက်ရင် ငါတို့လည်း ချက်ချင်း သေသွားနိုင်တယ် ဆိုတဲ့ သဘောလား...”
ထိုစဉ်၊“အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဝှက်ဖဲ ပေါ်လာပြီလား…”
ဟု တစ်စုံတစ်ယောက်က ချက်ချင်း ထင်ကြေးပေးလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီးသည် အသံလာရာဆီသို့ ခေါင်းလှည့် ကြည့်လိုက်ကြသည်။
နင်ချီ၏ နောက်ကျောဘက်ရှိ ဟင်းလင်းပြင် အက်ကြောင်းထဲမှ လက်ရှည်အင်္ကျီ ဝတ်ဆင်ထားသော လူရိပ်တစ်ခု လမ်းလျှောက် ထွက်လာခဲ့လေ၏။ တစ်ယောက်တည်း ဖြစ်သော်လည်း ကမ္ဘာတစ်ခုလုံး ပါဝင်နေသကဲ့သို့ ခံစားရပြီး လူများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်မိစေရန် ဆွဲဆောင်နေလေ၏။
ဘေးမှ ကြည့်ရှုနေကြသော မဟာစွမ်းအားရှင်များထဲမှ တာအိုဆရာ အဘိုးအို တစ်ဦးသည် ထိုသူကို မှတ်မိသွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
“ကျင်းရှောင်... ခင်ဗျား ဖြစ်နေတာလား...”
ထိုနာမည်ကို ကြားလိုက်ရသောအခါ ရောက်ရှိနေကြသော မဟာစွမ်းအားရှင်များ အားလုံး အလွန်အမင်း အံ့သြသွားကြလေတော့သည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲသို့ တက်ရောက်လာကြသူ အများစုသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ အတွင်း ပေါ်ပေါက်လာခဲ့ကြသူများသာ ဖြစ်လေ၏။
အခန်း (၆၀၅) -ဓားတစ်လက် (အပိုင်း ၂)
~ထိုအဘိုးအို တစ်ဦးတည်းသာ ဓားဘိုးဘေးကြီးကို မှတ်မိသော်ငြားလည်း အခြားသူများသည် တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်မြေ သမိုင်းကြောင်းကို အနည်းငယ်မျှ လေ့လာထားဖူးသဖြင့် ဝေဝါးသော အမှတ်ရမှုအချို့ ရှိနေကြသည်။
တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လျက် နက်နက်နဲနဲ စဉ်းစားလိုက်လေ၏။
“ဓားဘိုးဘေးကြီး ကျင်းရှောင်... ဟုတ်လား... လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ပါရမီရှင်ကို ပြောတာလား...”
“သူပဲ ဖြစ်ရမယ်... အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲမှာ သူကလွဲရင် လိုအပ်တဲ့အချိန်မှာ ဘယ်တော့မှ တွေဝေမနေဘဲ ပြတ်ပြတ်သားသား သတ်ဖြတ်ရဲတဲ့သတ္တိ ဘယ်သူ့မှာ ရှိသေးလို့လဲ...”
“ငါကြားဖူးတာတော့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက သူတစ်ယောက်တည်း ဓားတစ်လက်တည်းနဲ့ ပေ့ရွှမ်နယ်မြေ တစ်ခုလုံးမှာရှိတဲ့ သူ့ထက် အဆင့်မြင့်တဲ့ ပြိုင်ဘက်တွေကို အကုန်လုံး အနိုင်ယူခဲ့ဖူးသတဲ့... အဲဒီခေတ်အခါတုန်းကတော့ သူက တောက်ပဆုံး ပါရမီရှင်ပဲ...”
အချို့ကလည်း လေးစားအားကျစွာဖြင့် ပြောဆိုလိုက်ကြသည်။
“ငါက အကန့်အသတ်မဲ့ ဓားဂိုဏ်းက မဟုတ်ပေမဲ့ ငါလည်း ဓားလမ်းစဉ်ကို ကျင့်ကြံသူပါ... ဒီပုဂ္ဂိုလ်ရဲ့ ဓားလမ်းစဉ်က ဘယ်သူမှ မှန်းဆလို့မရတဲ့ အဆင့်ကို ရောက်နေပြီ... ဒါဟာ ငါတို့ ဓားကျင့်ကြံသူတွေရဲ့ ဘဝရည်မှန်းချက် ပန်းတိုင်ပဲ...”
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူများမှာမူ ဓားဘိုးဘေးကြီး ဝင်ရောက်ကူညီလိုက်သည့်အတွက် အလွန်တရာ အားတက်သွားကြလေ၏။
ဓားဘိုးဘေးကြီးက မဟာစွမ်းအားရှင် တစ်ယောက်ကို သုတ်သင်လိုက်ပြီးနောက် ဓားစာခံအဖြစ် အဖမ်းခံထားရသူ (၂) ယောက်သည်လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ ရှိရာဘက်သို့ အလျင်အမြန် ပြန်လည် ရောက်ရှိလာကြသည်။
ယခင်ကမူ ဓားဘိုးဘေးကြီးသည် လူလုံးထွက်ပြခြင်း မရှိခဲ့ပေ။
နင်ချီသည် ဂိုဏ်းချုပ်ရာထူးကို ဆက်ခံခဲ့သော်လည်း ဓားဘိုးဘေးကြီးသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ လျှို့ဝှက်အခြေခံအုတ်မြစ် ဖြစ်နေသဖြင့် သူရှိနေခြင်း၊ မရှိခြင်းနှင့် သူ၏ အခြေအနေတို့ကို လျှို့ဝှက်ထားနိုင်လေ အကန့်အသတ်မဲ့ ဓားဂိုဏ်းအတွက် အကျိုးရှိလေ ဖြစ်၏။
သို့သော် ယခုအခါတွင်မူ သူတစ်ပါးက အိမ်တိုင်ရာရောက် လာရောက် ရန်စနေပြီး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိသူ (၃) ယောက် ပါဝင်နေသဖြင့် ဓားဘိုးဘေးကြီး အနေဖြင့် ဆက်လက် ပုန်းကွယ်နေရန် မဖြစ်နိုင်တော့ချေ။
ကျန်ရှိနေသော ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၅) ယောက်သည် လွတ်မြောက်သွားသော (၂) ယောက်ကို လျစ်လျူရှုလိုက်ပြီး သူတို့၏ အာရုံစိုက်မှု အားလုံးကို ဓားဘိုးဘေးကြီးထံသို့ ပုံအောထားလိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူ လီတာအိုချန် သည် မျက်မှောင်ကြုတ်လိုက်ပြီး ဓားဘိုးဘေးကြီးကို အချိန်အတန်ကြာ စူးစမ်းကြည့်ရှုပြီးမှ ပြောလိုက်လေ၏။
“ကျင်းရှောင်... မင်း အသက်ရှင်နေသေးတယ်ပေါ့...”
ထိုအခါ၊ ဓားဘိုးဘေးကြီးသည် ဟင်းလင်းပြင်ထဲမှ ပျံသန်း ထွက်ခွာလာသည်။ နင်ချီ၏ ဘေးနားတွင် ခြေချလိုက်ပြီးမှ၊ ပြန်လည် တုံ့ပြန်လိုက်၏။
“ငါက ဘယ်သူများလဲလို့... ကြည့်ရတာ ဟိုးအရင်တုန်းက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ ပါရမီရှင် ချီဖေးယန် ရဲ့ နောက်လိုက်ပါလား... မင်းက ငါ့ရဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ ပြဿနာ လာရှာရဲတယ်ပေါ့... မင်းရဲ့ သခင် ချီဖေးယန်တောင် ငါ့ဓားအောက်မှာ ခေါင်းပြတ်သွားခဲ့တယ် ဆိုတာ မင်း မေ့သွားပြီလား...”
ပရိသတ်အပေါင်း အံ့အားသင့်သွားကြလေ၏။
ဤနှစ်ယောက်သည် အချင်းချင်း သိကျွမ်းခဲ့ဖူးပြီး ထိုကဲ့သို့သော နောက်ကွယ်မှ ဇာတ်လမ်းများ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
လီတာအိုချန် မျက်မှောင်ကြုတ်မှု ပိုမိုနက်ရှိုင်းသွားသည်။
“အဲဒီတုန်းက စီနီယာအစ်ကိုချီ က မင်းနဲ့ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိသူတွေတောင် မထိရဲတဲ့ လျှို့ဝှက်ရတနာကို ထုတ်သုံးခဲ့တာတောင်မှ မင်းက တောင့်ခံနိုင်ခဲ့သေးတယ်ပေါ့...”
ဓားဘိုးဘေးကြီးက မထီမဲ့မြင် ပြုလိုက်လေ၏။
“ဟွန့်၊ ပေါက်ကရတွေ... ဘာတွေ ငါနဲ့ တိုက်ခိုက်ခဲ့တာလဲ... ဘာ လျှို့ဝှက်ရတနာလဲ... ချီဖေးယန်က ငါ့ကို အောက်တန်းကျတဲ့ နည်းနဲ့ လုပ်ကြံခဲ့တာကွ... အဲဒါကြောင့်ပဲ မင်းတို့ကောင်တွေ အသက်ဘေးက လွတ်သွားခဲ့တာ...”
ထိုစကားများအား ကြားရသောအခါ၊ လီတာအိုချန်၏ မျက်နှာထားမှာ မကောင်းတော့ချေ။
ဓားဘိုးဘေးကြီး အသက်ရှင်နေသေးလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပေ။ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ဘက်မှ မဟာစွမ်းအားရှင် (၂) ယောက်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။
ထိုကဲ့သို့ ပြတ်သားပြီး ရက်စက်သော စိတ်နေသဘောထားသည် လွန်ခဲ့သော နှစ်တစ်သောင်းခန့်ကနှင့် တစ်ပုံစံတည်း တူညီနေဆဲပင်။
သူတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ရောက်လာချိန်တွင် ချက်ချင်း မသတ်ဖြတ်ဘဲ လူနှစ်ယောက်ကို ဓားစာခံလုပ်ပြီးမှ ဝင်ရောက်လာခဲ့ကြောင်း သတိပြုသင့်ပါ၏။
လူတစ်ယောက်အတွက် ဂုဏ်သိက္ခာသည် သစ်ပင်တစ်ပင်အတွက် အခေါက်ကဲ့သို့ အရေးကြီးလှ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရှိနေသည်ကို မြင်လိုက်ရသဖြင့် လီတာအိုချန်၏ နောက်ဘက်ရှိ ချူရီရှန်း က တိတ်တဆိတ် အသံပေးပို့ မေးမြန်းလိုက်လေ၏။
“အကြီးအကဲလီ... ကျုပ်တို့ အခု ဘယ်လိုလုပ်ကြမလဲ...”
“ဘာလို့ လန့်နေတာလဲ... ကျင်းရှောင်က အစွမ်းထက်တာ မှန်ပေမဲ့ ငါတို့ကိုလည်း လျှော့တွက်လို့ မရဘူးကွ...”
လီတာအိုချန်က ရုတ်တရက် ထပြောလိုက်လေ၏။
“ကျင်းရှောင်... ငါတော့ မင်းရဲ့ လှည့်စားမှုကို ခံလိုက်ရမလို့ပဲ... မင်း ထွက်လာပြီး ငါ့ရဲ့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းက လူနှစ်ယောက်ကို သတ်ပြလိုက်တာ ငါတို့ကို ခြိမ်းခြောက်ချင်တဲ့ ဗျူဟာပဲ...”
“ငါ မင်းရဲ့ အရှိန်အဝါကို ကြည့်ရတာ ငါနဲ့ တန်းတူလောက်ပဲ ရှိသေးတယ်... မင်းရဲ့ ပါရမီနဲ့ဆိုရင် ငါ့လို ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်မှာပဲ ရပ်တန့်နေစရာ အကြောင်းမရှိဘူး... ကြည့်ရတာ ဒီနှစ်တစ်သောင်းအတွင်းမှာ မင်း ကံမကောင်းခဲ့ဘူး ထင်တယ်...”
ထိုအခါ၊ ဓားဘိုးဘေးကြီးက ခပ်ဖွဖွ ချောင်းဟန့်လိုက်လေ၏။
“မင်းရဲ့ လူကဲခတ်တဲ့ အရည်အချင်းကတော့ ဒီနှစ်တစ်သောင်းအတွင်း တကယ် တိုးတက်လာတာပဲ... ဒါပေမဲ့ မင်းတို့ကောင်တွေကို ရှင်းပစ်ဖို့ကတော့ ငါ့အတွက် အလွယ်ကလေးပါ...”
ထိုအခါ၊ လီတာအိုချန်က ဟားတိုက် ရယ်မောလိုက်လေ၏။
“ကျင်းရှောင်... ဘာလို့ ဟန်ဆောင်နေတာလဲ... ဒါ မင်းရဲ့ ပုံစံမဟုတ်ဘူး... တကယ်လို့ မင်းသာ တကယ် ယုံကြည်ချက် ရှိနေရင် စကားတွေ အများကြီး ပြောမနေဘဲ ငါတို့ကို တန်းပြီး သတ်ပစ်လိုက်မှာပေါ့...”
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း နားလည်လိုက်ကြသည်မှာ ထိုနှစ်ယောက်၏ စကားလုံးများသည်လည်း ထက်ရှသော လက်နက်များသဖွယ် ဖြစ်နေပြီး မိမိတို့ဘက်မှ အသာစီးရယူရန် အပြန်အလှန် တိုက်ခိုက်နေကြခြင်း ဖြစ်ကြောင်းပင်။
ရုတ်တရက် အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်များထဲမှ အကြီးအကဲ တစ်ယောက် မတ်တတ်ရပ်လိုက်လေ၏။
သူသည် လေပေါ်သို့ ပျံတက်လာပြီး လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်၏။
“ကျင်းရှောင်... မင်း ငါ့ကို မှတ်မိသေးလား...”
ထိုအကြီးအကဲ၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်နေလေ၏။
ဂိုဏ်းနှစ်ဂိုဏ်း ထိပ်တိုက်တွေ့နေသည့် ကြားထဲမှ ဤအကြီးအကဲ ထွက်ပေါ်လာခြင်းသည် အတော်လေး သတ္တိရှိသည်ဟု ဆိုရမည် ဖြစ်သော်လည်း သူ အဘယ်ကြောင့် ယခုအချိန်မှ ထွက်လာရသနည်း ဆိုသည်ကို လူတိုင်း နားမလည်နိုင် ဖြစ်နေကြသည်။
ဓားဘိုးဘေးကြီးက ထိုအကြီးအကဲကို တစ်ချက်ကြည့်လိုက်၏။
“အဘိုးကြီး... ခင်ဗျားက ဘယ်သူတုန်း...”
ထိုအကြီးအကဲခမျာ ဒေါသကြောင့် အူနု ကျွဲခတ် ဖြစ်သွားရှာသည်။ သူသည် ဓားဘိုးဘေးကြီးကို လက်ညှိုးထိုးရင်း အသက်ပြင်းပြင်း ရှူနေလေရာ အဆုံးမဲ့သော နာကြည်းချက်များကို သိုဝှက်ထားသည့်အလား ထင်မှတ်ရသည်။
ထိုအခါ လီတာအိုချန်က ဝင်ပြောလိုက်လေ၏။
“ကျင်းရှောင်... သူက ကြယ်ပျံဂိုဏ်း က လူရီရှင်း လေ...”
“လူရီရှင်း... လူရီရှင်း...”
ဓားဘိုးဘေးကြီးသည် ထိုနာမည်ကို နှစ်ခါမျှ ရေရွတ်လိုက်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်လေ၏။
“တောင်းပန်ပါတယ်ကွာ... ငါ တကယ်ပဲ ဒီလူကို မမှတ်မိတော့ဘူး...”
အကြီးအကဲ လူရီရှင်း၏ လက်ချောင်းများ တဆတ်ဆတ် တုန်ခါနေပြီး သူက ပြောလိုက်လေ၏။
“မင်း ငါ့ကို မမှတ်မိရင်တောင်... လန် ကိုတော့ မှတ်မိမှာပါ...”
“လန်...”
ဓားဘိုးဘေးကြီး အံ့သြသွားပြီး နောက်ဆုံးတွင် တစ်စုံတစ်ခုကို ပြန်လည် သတိရသွားသည့်ဟန် ပေါ်လာသည်။
“ဩော်... မင်းပြောတာက ကြယ်ပျံဂိုဏ်းချုပ်ရဲ့ သမီး... တစ်ချိန်တုန်းက ငါ့ကို ကြိုက်တယ်လို့ ပြောဖူးတဲ့ ကောင်မလေးကို ပြောတာလား... သူ အခု ဘယ်လိုနေလဲ...”
ဤမြင်ကွင်းကြောင့် ရောက်ရှိနေသူ အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် ကြောင်အမ်းအမ်း ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ကြီးကျယ်ခမ်းနားသော ဓားသိုင်းပညာ ပြိုင်ပွဲကြီးကနေ မိတ်ဟောင်းဆွေဟောင်းများ ပြန်လည်ဆုံတွေ့ပွဲ အဖြစ် ဘယ်လိုလုပ် ပြောင်းလဲသွားရသနည်း။
သို့သော်ငြားလည်း သူတို့သည် ဤဇာတ်လမ်းကို ဆက်လက် နားစွင့်နေရပေဦးမည်။
လူရီရှင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေ၏။
“လန် က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ဆုံးသွားပါပြီ...”
“ဟုတ်လား...”
ဓားဘိုးဘေးကြီးက ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။
“ဒါဆို မင်းက ဘာလို့ ထွက်လာတာလဲ... မင်းလည်း ငါ့ရဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းနဲ့ ရန်သူ ဖြစ်ချင်လို့လား...”
အကြီးအကဲလူ ၏ မှုန်ဝါးနေသော မျက်လုံးအိုကြီးများက ဓားဘိုးဘေးကြီးကို စိုက်ကြည့်ရင်း ပြောလိုက်လေ၏။
“ငါ မင်းကို ပြောပြချင်တာက... သူ ငါ့ကို လက်ထပ်ခဲ့တယ်...”
“ကောင်းတာပေါ့...”
အကြီးအကဲလူ ၏ မျက်လုံးများ စိုစွတ်လာလေ၏။
“ဒါပေမဲ့... သူ သေခါနီးအချိန်ထိ မင်းနာမည်ကို တဖွဖွ ခေါ်နေတုန်းပဲ...”
ဓားဘိုးဘေးကြီး၏ မျက်နှာအိုကြီး ရဲခနဲ ဖြစ်သွားသည်။ ဒါ ဘယ်လို ဇာတ်လမ်းမျိုးပါလိမ့်။
သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အကြီးအကဲများနှင့် အစစ်အမှန် အမွေခံများ အားလုံးသည် ဤအခိုက်အတန့်တွင် သူတို့၏ ဘိုးဘေးကြီးသည် သွေးနှင့်သားနှင့် တည်ဆောက်ထားသော လူသား တစ်ယောက် ဖြစ်ကြောင်း ခံစားလိုက်ကြရလေ၏။
“ကဲပါ... လူရီရှင်း... ဟုတ်လား... မင်း ပြန်ရောက်ရင် ငါ့အတွက် အမွှေးတိုင် တစ်တိုင်လောက် ထွန်းပေးလိုက်ပါကွာ... လောလောဆယ်တော့ ငါ မင်းကို ဖြေရှင်းပေးဖို့ အချိန်မရသေးဘူး...”
လူရီရှင်း၏ မျက်လုံးအိုကြီးများသည် ဘေးနှစ်ဖက်စလုံးကို ဝေ့ဝဲကြည့်လိုက်၏။ သူ့အကြည့်ထဲတွင် မကျေနပ်မှုများ ရှိနေဆဲ ဖြစ်သော်လည်း သူသည် နေရာတွင် ပြန်လည် ထိုင်လိုက်လေ၏။
သူ့စိတ်ထဲတွင် အလွန် ရှုပ်ထွေးနေသည်။ တစ်ဖက်တွင် သူသည် လန် ၏ နောက်ဆုံးဆန္ဒကို ဓားဘိုးဘေးကြီးထံ ကိုယ်တိုင် ပြန်လည် ပြောပြပေးချင်စိတ် ဖြစ်မိသည်။
အခန်း (၆၀၆) -ဓားတစ်လက် (အပိုင်း ၃)
~တစ်ဖက်တွင်မူ ယောက်ျားတစ်ယောက်၏ မာနတရားကြောင့် လူရီရှင်းသည် ဓားဘိုးဘေးကြီးကို အသည်းထဲက နာကျင်မုန်းတီးနေမိသည်။
ယခုအချိန်တွင် သူ့စိတ်နှလုံးသားသည် ချစ်ခြင်းနှင့် မုန်းခြင်းကြားတွင် လွန်ဆွဲနေပြီး သူ ဘာတွေ တွေးနေသလဲ ဆိုသည်ကို မည်သူမျှ အတတ်မပြောနိုင်ကြပေ။
ပွဲကြည့်ပရိသတ်များမှာမူ ဤအတင်းအဖျင်း ဇာတ်လမ်းလေး ဆုံးသွားသဖြင့် အားမလိုအားမရ ဖြစ်ကျန်ရစ်ခဲ့ကြသည်။
ရုတ်တရက် ဓားဘိုးဘေးကြီးသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ဘေးနားရှိ နင်ချီ၏ ပခုံးကို ပုတ်ကာ အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေ၏။
နင်ချီ ချက်ချင်း သဘောပေါက်လိုက်၏။
ထို့နောက် ဓားဘိုးဘေးကြီးသည် လီတာအိုချန်နှင့် အခြားသူများကို အကြည့် ပို့လွှတ်လိုက်၏။
“ပြန်မလား... သေမလား...”
“ဟွန်း... ကျင်းရှောင်... မင်းက ဘာတွေ ဒီလောက်တောင် လောနေရတာလဲ... တကယ်လို့ မင်း စိတ်မရှည်တော့ဘူး ဆိုရင်လည်း စတင် တိုက်ခိုက်လိုက်လေ...”
လီတာအိုချန် နှာခေါင်းရှုံ့လိုက်၏။ ဓားဘိုးဘေးကြီး၏ အခြေအနေ မမှန်ကန်ကြောင်း သူ ရိပ်မိနေသည်။
ဓားဘိုးဘေးကြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးဘဲ လီတာအိုချန် ဘာကြံစည်နေသည်ကို စောင့်ကြည့်ချင်နေသည်။
လီတာအိုချန်သည် အောက်ဘက်ရှိ အခမ်းအနား တက်ရောက်လာကြသော အခြားဂိုဏ်းများမှ မဟာစွမ်းအားရှင်များကို,,။ငုံ့ကြည့်လိုက်ပြီး မေးလိုက်လေ၏။
“မင်းတို့အားလုံးက အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကူညီဖို့ ရောက်နေကြတာလား...”
လူအုပ်ကြီးက ပြန်မဖြေကြပေ။ သူတို့သည် ကြားနေအဖြစ် ဆက်လက်နေထိုင်ပြီး ပွဲကောင်းကြည့်ခြင်းကသာ အကောင်းဆုံးဟု တွေးတောထားကြသည်။
သို့သော် လီတာအိုချန်က ထပ်ပြောလိုက်ပြန်သည်။
“မင်းတို့ရဲ့ ရည်ရွယ်ချက်ကို ငါတို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းက သိပြီးသားပါ... မင်းတို့ သဘောထားကို အခုကတည်းက မှန်မှန်ကန်ကန် ပြသတာ ကောင်းလိမ့်မယ်... ဒါမှမဟုတ်ရင်တော့...”
သူ၏ ခြိမ်းခြောက်မှုက ဗြောင်ကျလွန်းလှသည်။
မဟာစွမ်းအားရှင်များသည် သူ့ကို မကျေမနပ် ကြည့်လိုက်ကြသည်။
သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသည် ပေ့ရွှမ်နယ်မြေတွင် အင်အားအကြီးဆုံး ဂိုဏ်းဖြစ်ပြီး ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိသော စွမ်းအားရှင်ကြီးများ ပိုင်ဆိုင်ထားသဖြင့် သူတို့ ယှဉ်ပြိုင်ရန် မဖြစ်နိုင်သောကြောင့်ပင်။
“ဒါပေမဲ့... တကယ်လို့ မင်းတို့က အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဖမ်းဆီးရာမှာ ငါတို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ကူညီမယ်ဆိုရင်... ငါတို့ဘက်က ကောင်းကင်မြေကြီး ပေါင်းစည်းဆေးလုံး တစ်လုံးနဲ့ စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် (၃) ချောင်းကို လျော်ကြေးအဖြစ် ပေးမယ်... ဘယ်လိုလဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ မဟာစွမ်းအားရှင်များ အံ့သြသွားကြလေ၏။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းက ဘယ်အချိန်ကစပြီး သူတို့ကို မျက်နှာချိုသွေးတတ်သွားသနည်း။
သို့သော်လည်း သူတို့ပြောသည့်အတိုင်းသာ အမှန်ဖြစ်ပါက ကူညီရသည်မှာ ဝန်လေးစရာ မရှိပေ။ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းနှင့် ဆက်ဆံရေး ကောင်းမွန်သွားမည့်အပြင် အကျိုးအမြတ်ပါ ရရှိဦးမည် မဟုတ်ပါလား။
ကောင်းကင်မြေကြီး ပေါင်းစည်းဆေးလုံး ဆိုသည်မှာ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးများ အသုံးပြုသော ဆေးလုံးဖြစ်ပြီး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ရှိသူများအတွက် အလွန်အသုံးဝင်လှသည်။ ထို့ပြင် နယ်ပယ် (၃) ခုလုံးတွင် အသုံးပြုနိုင်သော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် များသည်လည်း တန်ဖိုးဖြတ်မရနိုင်ပေ။
ချက်ချင်းဆိုသလိုပင် မဟာစွမ်းအားရှင် (၅) ယောက်သည် သူတို့၏ အစစ်အမှန် အမွေခံများကို ဦးဆောင်ပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းဘက်သို့ ဝင်ရောက် ပူးပေါင်းလိုက်ကြတော့သည်။
လီတာအိုချန်၏ အကြည့်က လူရီရှင်းထံသို့ ရုတ်တရက် ကျရောက်သွားလေ၏။
“လူရီရှင်း... မင်း ကျင်းရှောင် ကို မကြည့်ချင်မှန်း ငါသိပါတယ်... ဒီတစ်ကြိမ် ငါတို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ကူညီလိုက်ပါလား... ရတနာလည်း ရမယ်... မင်းရဲ့ အမုန်းတရားတွေကိုလည်း ဖြေဖျောက်ရာ ရောက်တာပေါ့... ဒါ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲ မဟုတ်လား...”
မထင်မှတ်ထားသည်မှာ လူရီရှင်းက သူ့ကို လှည့်ပင် မကြည့်ခြင်းပင်။
“ငါ.. လန် ကို.. ကတိပေးထားတယ်... သူ့ကို ဒုက္ခမပေးပါဘူး လို့...”
လီတာအိုချန် ခေါင်းကိုက်သွားရသည်။
ဒီလူကတော့ ကယ်လို့မရတော့ဘူး။ ထားလိုက်ပါတော့လေ... တစ်ယောက်လျော့သွားလည်း ကိစ္စမရှိပါဘူး။
ဓားဘိုးဘေးကြီး ကိုယ်တိုင်ပင်လျှင် လူရီရှင်းက ဤမျှ မူပိုင်မည်ဟု ထင်မထားခဲ့မိပေ။ ဖြစ်နိုင်သည်မှာ ချစ်ခြင်းတရား ကြီးမားလွန်းသောကြောင့် ဖြစ်လိမ့်မည်။
ထိုအခါမှ လီတာအိုချန်က ဓားဘိုးဘေးကြီးကို ပြောလိုက်လေ၏။
“လာစမ်းပါ... တစ်ချိန်တုန်းက ပါရမီရှင်ကြီးနဲ့ ငါတို့ (၃) ယောက် ယှဉ်ပြိုင်ကြည့်ကြတာပေါ့...”
ဓားဘိုးဘေးကြီး ဘာမှ ဆက်မပြောတော့ချေ။ သူ၏ အရပ်ရှည်ရှည် ကိုယ်ခန္ဓာကြီးသည် ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်။ လီတာအိုချန်နှင့် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိသူ (၂) ယောက်သည်လည်း နောက်မှ ချက်ချင်း လိုက်ပါသွားကြပြီး ဝိုင်းရံထားလိုက်ကြသည်။
ကောင်းကင်ယံထက်တွင် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
တဆက်တည်း၌၊ စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် အများအပြား ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာကာ သည်းကြီ တိုက်ပွဲကြီး စတင်လေတော့သည်။
ဓားဘိုးဘေးကြီးကို လူ (၃) ယောက် ဝိုင်းရံထားသော်လည်း သူ၏ ဓားတာအို စည်းမျဉ်းများသည် ငါးကလေးများသဖွယ် သူ့ကို အလယ်မှ ကာကွယ်ပေးထားလေ၏။
လူအများ မမြင်ကွယ်ရာတွင် သူသည် ပါးစပ်ထောင့်မှ စီးကျလာသော သွေးစကို လက်ခုံဖြင့် သုတ်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
'နင်ချီ... ငါ သူတို့ရဲ့ အဓိက အင်အားစုကို မျှားခေါ်ထားလိုက်ပြီ... အခု ကျန်တာ မင်းအပေါ်မှာပဲ မူတည်တော့တယ်...'
'မင်း တခြားလူတွေကို ရှင်းပစ်လိုက်တာနဲ့... ငါတို့ အတွင်းအပြင် ညှပ်တိုက်ကြတာပေါ့...'
လီတာအိုချန် ပြောခဲ့သကဲ့သို့ပင် စောစောက ဓားဘိုးဘေးကြီး ထွက်ပေါ်လာပြီး မဟာစွမ်းအားရှင် (၂) ယောက်ကို တစ်ပြိုင်နက် သတ်ဖြတ်လိုက်ခြင်းသည် သူ၏ စွမ်းအား ကုန်ဆုံးလုနီးပါး ဖြစ်သွားစေခဲ့သည်။
သူသည် မဟာလမ်းစဉ် ဒဏ်ရာ ရရှိထားသူ ဖြစ်သဖြင့် ခဏတာသာ အစွမ်းကုန် ထုတ်သုံးနိုင်၏။ လီတာအိုချန်နှင့် အခြားနှစ်ယောက်က ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်များ ဖြစ်ကြရာ ချက်ချင်း အနိုင်ယူရန် မသေချာပေ။
ယခု သူတို့ကို ထိန်းထားလိုက်ခြင်းဖြင့် ကျန်တာကို ရှင်းလင်းရန် နင်ချီ့ကို တာဝန်လွှဲပေးလိုက်ခြင်း ဖြစ်၏။
သူတို့နှစ်ဦးသည် တစ်ယောက်၏ စွမ်းရည်ကို တစ်ယောက် ကောင်းစွာ သိရှိကြသဖြင့် ပြီးပြည့်စုံသော နားလည်မှု ရှိနေကြသည်။
အောက်ဘက်တွင်မူ...
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ကူညီရန် ဆုံးဖြတ်လိုက်သော မဟာစွမ်းအားရှင် (၅) ယောက်သည် ကျန်ရှိနေသေးသော ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၂) ယောက်နှင့် ပူးပေါင်းလိုက်ကြသည်။
သူတို့ဘက်တွင် လူအင်အား များပြားသော်လည်း ထို (၂) ယောက်၏ ဦးဆောင်မှုကိုသာ ခံယူထားကြသည်။
အဘယ်ကြောင့်ဆိုသော် ထို (၂) ယောက်သည်လည်း ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်လုနီးပါး ရှိနေကြပြီး အခြားဂိုဏ်းများ ယှဉ်ပြိုင်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ဖြစ်၏။
ခေါင်းဆောင်ဖြစ်သူက ပြောလိုက်လေ၏။
“ကျင်းရှောင်ကို ငါတို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ မဟာ အကြီးအကဲ (၃) ယောက်က ပိတ်မိထားပြီ... မကြာခင် သူ ကျဆုံးတော့မှာပဲ... အခု အကန့်အသတ်မဲ့ ဓားဂိုဏ်းက တခြားလူတွေက ဘာမှ သုံးစားမရတော့ဘူး... အားလုံးပဲ တိုက်ခိုက်ပြီး နင်ချီကို ဖမ်းကြ...”
“ဟုတ်ကဲ့...”
ရုတ်တရက် မဟာစွမ်းအားရှင် (၅) ယောက် ပြိုင်တူ လှုပ်ရှားလိုက်ကြသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်မှ အကြီးအကဲများကလည်း ချက်ချင်း တုံ့ပြန်လိုက်ကြပြီး ဝင်ရောက် တိုက်ခိုက်ကြလေတော့သည်။
အခမ်းအနား တက်ရောက်လာကြသော အခြားဧည့်သည်များမှာမူ ပွဲကြည့်ကောင်းနေကြသော်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။
ယခုမှသာ သူတို့ နားလည်လိုက်ကြသည်။ စိတ်အေးလက်အေး ပွဲကြည့်ရသည်မှာ မလွယ်ကူပါလား ဟူ၍။
အနာဂတ်သည် မရေရာတော့ချေ။ အကယ်၍ အကန့်အသတ်မဲ့ ဓားဂိုဏ်းသာ မတောင့်ခံနိုင်ပါက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသည် ပိုမို ကြီးထွားလာမည်ဖြစ်ပြီး နောင်တစ်ချိန်တွင် သူတို့အတွက်ပါ ကပ်ဘေး ဆိုက်ရောက်လာနိုင်လေ၏။
ကျန်ရှိနေသော ဓားဂိုဏ်း အစစ်အမှန် အမွေခံများသည် အလွန် စိုးရိမ်ပူပန်နေကြပြီး ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ဖွင့်လှစ်လိုနေကြသည်။
သို့သော် ယနေ့ အခမ်းအနားကြောင့် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း နေရာအများအပြားကို ခေတ္တ ဒပိတ်ထားခဲ့ရသဖြင့် အချိန်တိုအတွင်း ပြန်လည် ဖွင့်လှစ်ရန် မဖြစ်နိုင်တော့ချေ။ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
နင်ချီ၏ မျက်လုံးများကမူ တည်ငြိမ်နေဆဲပင်။ သူ့ဘေးနားရှိ ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် သည်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်သွားပြီ ဖြစ်၏။
“ဂိုဏ်းချုပ်... ဓားကို လက်ခံပေးပါ...”
နင်ချီ၏ ရှေ့မှ လှေကားထစ်များပေါ်တွင် ရပ်နေသော ဂိုဏ်းချုပ်ဟောင်း ကျန်းပိုင်ချွမ်း သည် ဂိုဏ်းပိုင်ဓားကို မြှောက်ကိုင်ထားဆဲဖြစ်ပြီး ထိုအခိုက်အတန့်တွင် ပြောလိုက်လေ၏။
သူ၏ အခြေအနေမှာ ထူးခြားနေသည်။ တိုက်ပွဲမဝင်မီ အခမ်းအနား ပြီးဆုံးအောင် လုပ်ဆောင်ရန် လိုအပ်သဖြင့် နင်ချီ ဓားကို လက်ခံမည့်အချိန်ကို စောင့်ဆိုင်းနေရခြင်း ဖြစ်၏။
သူသည် ခေါင်းငုံ့ထားရာမှ နင်ချီကို မော့ကြည့်လိုက်၏။
သူ့မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရှိနေသော်လည်း နင်ချီ၏ အကြည့်နှင့် ဆုံစည်းလိုက်သောအခါ ကျန်းပိုင်ချွမ်း၏ ရင်ထဲမှ ပူပန်မှုများသည် အကြောင်းပြချက်မရှိဘဲ ငြိမ်သက်သွားလေ၏။
ကျန်းပိုင်ချွမ်း စိတ်ထဲ တုန်လှုပ်သွားရသည်။ နင်ချီသည် ငယ်ရွယ်သော်လည်း သူ မလုပ်ဆောင်နိုင်သော တည်ငြိမ်မှုမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားပါလား။
နင်ချီသည် ဂိုဏ်းပိုင်ဓားကို လှမ်းယူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။
“သွားပါတော့...”
“ဟုတ်ကဲ့...”
ကျန်းပိုင်ချွမ်း ချက်ချင်း အမိန့်နာခံလိုက်၏။
ယခုအချိန်တွင် နင်ချီ ဘာလုပ်နေသည်ကို ဂရုစိုက်သူ နည်းပါးလှသည်။
သူတို့အားလုံးသည် ကောင်းကင်ယံထက်မှ ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့် (၃) ယောက်နှင့် ဓားဘိုးဘေးကြီးတို့၏ တိုက်ပွဲကိုသော်လည်းကောင်း၊ အောက်ဘက်ရှိ ရှုပ်ထွေးနေသော တိုက်ပွဲကိုသော်လည်းကောင်း အာရုံရောက်နေကြသောကြောင့် ဖြစ်၏။