← Chapters

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀) - အင်အားသုံး၍ ဖိနှိပ်ခြင်း (အပိုင်း ၃)

~ဤအခိုက်အတန့်တွင် လီတာအိုချန်နှင့် အခြားနှစ်ယောက်၏ ရင်ထဲ၌ နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခု အမြစ်တွယ်လာခဲ့သတည်း။

သူတို့သည် စုစုပေါင်း လူ (၈) ယောက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။ အခြားဂိုဏ်းများမှ ပူးပေါင်းပါဝင်လာကြသော မဟာစွမ်းအားရှင် (၅) ယောက်နှင့် အစစ်အမှန် အမွေခံများစွာကိုပါ ထည့်ပေါင်းလိုက်လျှင် လူအင်အားအရရော၊ စွမ်းအားအရပါ အခြား မည်သည့်ဂိုဏ်းကိုမဆို အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်သည့် အနေအထား ဖြစ်၏။

ထို အစစ်အမှန် အမွေခံများ အကြောင်းကို ပြောရလျှင် လီတာအိုချန်သည် အောက်ဘက်သို့ အလျင်အမြန် ငုံ့ကြည့်လိုက်မိသည်။ ရှင်းလင်းနေသည်မှာ သူတို့၏ ဆရာသခင် အကြီးအကဲများပင်လျှင် နင်ချီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူတို့သည်လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ၏ ဓားချက်အောက်တွင် သေဆုံးသွားကြပြီမှာ သဘာဝကျဖြစ်ပါ၏။

အခုရော... ဘာဖြစ်သွားပြီလဲ။ သူတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ရောက်ရှိလာသည်မှာ အချိန်အနည်းငယ်သာ ရှိသေးသော်လည်း လူတိုင်း သေဆုံးကုန်ကြပြီ ဖြစ်ပြီး သူတို့ (၃) ယောက်တည်းသာ ကျန်ရစ်တော့သည်။

သူတို့ကို ပိုမို၍ အားကိုးရာမဲ့သွားစေသည့် အချက်မှာ သူတို့သည် မောက်မာသော စိတ်ဓာတ်ဖြင့် ရောက်ချလာခဲ့ခြင်း ဖြစ်၏။ အနည်းဆုံး ရည်မှန်းချက် အနေဖြင့် နင်ချီကို ဂိုဏ်းသို့ ဖမ်းခေါ်သွားရန် ဖြစ်ပြီး၊ အများဆုံး ရည်မှန်းချက် အနေဖြင့် အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ဖြစ်၏။ ဤခရီးစဉ်တွင် အသက်ပေါင်းများစွာကို သေချာပေါက် သတ်ဖြတ်ရလိမ့်မည်ဟု သူတို့ တွေးထားခဲ့ကြသည်။

သို့သော် ယခုအချိန်အထိ သူတို့ဘက်က အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူတစ်ယောက်ကိုမျှ မသတ်နိုင်ခဲ့ချေ။ အစစ်အမှန် အမွေခံ တစ်ယောက်ကိုပင် မသတ်နိုင်ခဲ့ဘဲ သူတို့ဘက်ကသာ လူပြောင်သလောက် ဖြစ်သွားခဲ့ရလေ၏။

နောက်ဆုံးတော့ သူတို့ကပဲ မောက်မာလွန်းခဲ့တာလား... ဒါမှမဟုတ် အကန့်အသတ်မဲ့ ဓားဂိုဏ်းကပဲ သိပ်ပြီး အစွမ်းထက်လွန်းနေတာလား...

သူတို့က ပေ့ရွှမ်နယ်မြေရဲ့ အသန်မာဆုံးဂိုဏ်းလား... ဒါမှမဟုတ် အကန့်အသတ်မဲ့ ဓားဂိုဏ်းက အသန်မာဆုံးလား...

သူတို့၏ အမှားမှာ အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် ဂိုဏ်းချုပ်သစ် ဖြစ်လာမည့် အင်မော်တယ်မျိုးစိတ် နင်ချီကို လျှော့တွက်ခဲ့မိခြင်းပင်။

အကယ်၍ ယခင်က အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ ယဲ့မိသားစုက နင်ချီကို ရှင်းလင်းရန် ဆက်သွယ်လာစဉ်က သူတို့သာ ပိုပြီး ဂရုတစိုက် ရှိခဲ့လျှင် ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည် မဟုတ်ပေ။

နာရီဝက်ခန့်သာ ကြာမြင့်သော ဤအချိန်တိုလေး အတွင်းတွင် လီတာအိုချန်၏ ခေါင်းထဲ၌ အတွေးပေါင်းများစွာ ဖြတ်သန်းသွားခဲ့သည်။ ထိုအချိန်တိုလေး အတွင်းမှာပင် သူတို့သည် ဆိုးရွားလာသော အခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြရသည်။

အစပိုင်းတွင် သူတို့ (၃) ယောက်သည် ဓားဘိုးဘေးကြီးကို မည်သို့ ဝိုင်းရံသတ်ဖြတ်ရမည်ကို ဆွေးနွေးခဲ့ကြသည်။ နောက်ပိုင်းတွင် နင်ချီ၏ ပထမဆုံး ဓားချက်သည် လျှို့ဝှက်နည်းစနစ် တစ်ခုခုကို သုံးထားခြင်း ဟုတ်မဟုတ် ဆွေးနွေးခဲ့ကြသည်။ ယခုအခါတွင်မူ ဓားဘိုးဘေးကြီးနှင့် နင်ချီတို့၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို မည်သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးနေကြရသတည်း။

သို့သော် ဓားဘိုးဘေးကြီး ပြောခဲ့သကဲ့သို့ပင် လက်ရှိတွင် သူတို့သည် ထိုနှစ်ယောက်၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားကြရသည်။

လီတာအိုချန်က ဝိညာဉ်အသံဖြင့် အလျင်အမြန် ပေးပို့လိုက်လေ၏။

“ဂိုဏ်းတူ ညီအစ်ကိုတို့... ငါတို့ (၃) ယောက် ဒီကပ်ဘေးကနေ လွတ်ချင်မှ လွတ်တော့မှာ... ဒါပေမဲ့ သေရမယ် ဆိုရင်တောင် ငါတို့ ဂုဏ်သိက္ခာရှိရှိ သေဆုံးကြတာပေါ့ကွာ...”

ကျောက်ကန်း နှင့် ချူရီရှန်း တို့သည် ထိုစကားကို ကြားလိုက်ရသောအခါ သူတို့၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ တိုးပွားလာကြသည်။

“ငါတို့ လူစုကွဲလို့ မဖြစ်ဘူး... ကံဆိုးတာက ငါတို့ ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ဘုံ လူသား အင်မော်တယ် အသွင်ပြောင်း အခင်းအကျင်း က မပြည့်စုံမလုံလောက် ဖြစ်နေတာပဲ... အဲဒါသာ ပြည့်စုံနေရင် သူတို့ ဘယ်လောက်ပဲ သန်မာပါစေ... ငါတို့ ပူးပေါင်းထားတဲ့ စွမ်းအားကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...”

ဤအချိန်တွင် ဓားဘိုးဘေးကြီးသည် နင်ချီနှင့် မျက်နှာချင်းဆိုင်တွင် မတ်မတ် ရပ်နေသည်။

လီတာအိုချန်နှင့် အခြားနှစ်ယောက်သည် ရုတ်တရက် လျင်မြန်စွာ လည်ပတ်လိုက်ကြသည်။ သူတို့၏ အရှိန်သည် မြန်ဆန်လွန်းသဖြင့် မူလဝိညာဉ် အာရုံခံနိုင်စွမ်းဖြင့် ကြည့်လျှင်ပင် လိုက်မီရန် ခက်ခဲလှသည်။

သူတို့၏ လည်ပတ်လမ်းကြောင်းတွင် စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များ ထွက်ပေါ်လာပြီး တဖြည်းဖြည်းချင်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားကာ ကောင်းကင် ပြိုကျတော့မည့်အလား ဖြစ်ပေါ်နေလေ၏။

ထို (၃) ယောက်သည် လေနှင့် တိမ်တိုက်များကို မွှေနှောက်လိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များဖြင့် ဖွဲ့စည်းထားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အောက်ဘက်မှ လူများသည် အဝေးက အကြည့် ပို့လွှတ်နေရုံဖြင့်ပင် ထိုမုန်တိုင်း၏ ကြီးမားသော အရှိန်အဝါအောက်တွင် မျောပါသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

ထိုမုန်တိုင်းသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပုံရပြီး ကောင်းကင်ထက်သို့ ထိုးတက်ကာ မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များကိုပါ ဆွဲယူနေလေ၏။ အနားသို့ ကပ်သွားပါက မိမိတို့၏ မူလဝိညာဉ်ပါ ဆွဲထုတ်ခံလိုက်ရမည်ကို လူတိုင်း ကြောက်ရွံ့နေကြသည်။

သို့သော် စည်းမျဉ်း မုန်တိုင်း၏ အတွင်းနှင့် အပြင်တွင် ရှိနေကြသော နင်ချီနှင့် ဓားဘိုးဘေးကြီး တို့မှာမူ ကျောက်ဆောင်များပမာ မလှုပ်မယှက် တည်ရှိနေကြဆဲပင်။

သူတို့နှစ်ဦး မျက်လုံးချင်း ဆုံလိုက်ကြပြီး တစ်ယောက်၏ အတွေးကို တစ်ယောက် နားလည်လိုက်ကြသည်။

တစ်ပြိုင်နက်တည်းမှာပင် သူတို့သည် ဓားကို ဆွဲထုတ်လိုက်ကြပြီး ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း ဓားကွက်ကို ထုတ်ဖော်လိုက်ကြသည်။

“ရွှမ်း...”

အလွန်အမင်း ခိုင်မာတောင့်တင်းသော ဓားတာအို စည်းမျဉ်း နှစ်ခုသည် မုန်တိုင်း၏ အတွင်းနှင့် အပြင်ဘက်မှနေ၍ ဟင်းလင်းပြင်ကို ထိုးဖောက်သွားကြသည်။ ဟင်းလင်းပြင် တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး လည်ပတ်နေသော ကြောက်မက်ဖွယ် စည်းမျဉ်း မုန်တိုင်းကြီးကို အတင်းအဓမ္မ ဆွဲဆုတ် ဖြိုခွင်းပစ်လိုက်လေ၏။

အောက်ဘက်မှ လူများသည် စာရွက်တစ်ရွက် ရက်ရက်စက်စက် ဆွဲဆုတ်ခံလိုက်ရသကဲ့သို့၊ သို့မဟုတ် ပိတ်ထားသော ခြံဝင်းတံခါးကြီး ရိုက်ချိုးခံလိုက်ရသကဲ့သို့ မြင်တွေ့လိုက်ကြရသည်။

မုန်တိုင်း၏ စုတ်ပြဲသွားသော နေရာမှ လေတိုးသံများ ထွက်ပေါ်လာပြီး စုတ်ပြတ်နေသော ဝါးယပ်တောင်မှ ဝါးခြမ်းပဲ့များ ထွက်ပေါ်လာသကဲ့သို့ စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် များစွာ ပေါ်ထွက်လာသည်။

နောက်ဆုံးတွင် မုန်တိုင်းကြီးသည် တဖြည်းဖြည်း ရပ်တန့်သွားပြီး ရေတွက်၍မရနိုင်သော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များသည် ဟင်းလင်းပြင်ထဲသို့ ပြန့်ကျဲသွားကာ လူရိပ် (၃) ခု ပြုတ်ကျလာခဲ့လေ၏။

ပထမဆုံး ထွက်ပေါ်လာသူမှာ ကျောက်ကန်း ဖြစ်၏။ သူ့နာမည်ကဲ့သို့ သံမဏိလို မာကျောခြင်း မရှိတော့ပေ။ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ကြွက်သားများနှင့် အရိုးများ အားလုံး ကြေမွသွားပြီး ချက်ချင်းပင် အသားရွှံ့ပုံကြီးအဖြစ် ပြိုလဲကျသွားလေ၏။

ဒုတိယလူမှာ ချူရီရှန်း ဖြစ်၏။ သူ့အဖြစ်က ကျောက်ကန်းထက် အနည်းငယ် သာလွန်ပြီး ခေါင်းတစ်လုံးသာ ကျန်ရစ်ခဲ့သည်။ ထိုခေါင်းပြတ်ကြီးသည် အခမ်းအနား လာရောက်ကြည့်ရှုကြသော မဟာစွမ်းအားရှင်များ ရှိရာဘက်သို့ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လိမ့်ဆင်းလာခဲ့သည်။

ခေါင်းပြတ်ကြီး တစ်လုံး မိမိတို့ဆီ လိမ့်လာသည်ကို မြင်လိုက်ရသဖြင့် လူအုပ်ကြီး လန့်ဖျပ်သွားကြပြီး ချက်ချင်း လက်ဦးမှု ရယူကာ ထိုခေါင်းကို အမှုန့်ဖြစ်သွားသည်အထိ ဖျက်ဆီးပစ်လိုက်ကြတော့သည်။

နောက်ဆုံးလူမှာ လီတာအိုချန် ဖြစ်ပြီး သူသည် အတော်အတန် ပြည့်စုံသေးသည်ဟု ဆိုရမည်။ လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်သာ ပြတ်တောက်သွားခြင်း ဖြစ်၏။

လီတာအိုချန်သည် နင်ချီ ရှိရာဘက်သို့ လွင့်စင်လာခဲ့သည်။

ထိုအခိုက်၊ နင်ချီသည် လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ပြီး ဟင်းလင်းပြင်ကို ညွှန်ပြလိုက်လေ၏။

ဟင်းလင်းပြင် တစ်ခုလုံး ခဲသွားသကဲ့သို့ ဖြစ်သွားပြီး လီတာအိုချန်၏ ကိုယ်ခန္ဓာသည်လည်း မလှုပ်မယှက် ငြိမ်သက်သွားတော့သည်။

“အဟွတ်...”

ဓားဘိုးဘေးကြီးသည် ပြန့်ကျဲနေသော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များကြားမှ လမ်းလျှောက် ထွက်လာပြီး နင်ချီ၏ ဘေးတွင် ရပ်တန့်လိုက်၏။

အောက်ဘက်တွင်မူ အဆုံးမဲ့သော အော်ဟစ် ကြွေးကြော်သံများ ဆက်တိုက် ထွက်ပေါ်လာလေ၏။

“ဓားဘိုးဘေးကြီးနဲ့ ဂိုဏ်းချုပ် နှစ်ယောက်ပေါင်းပြီး ကျူးကျော်သူတွေကို နှိမ်နင်းလိုက်ပြီဟေ့... ဓားဘိုးဘေးကြီးနဲ့ ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီးကို ဂုဏ်ပြုပါတယ်...”

“ဓားဘိုးဘေးကြီးနဲ့ ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီးကို ဂုဏ်ပြုပါတယ်...”

ဓားဘိုးဘေးကြီးသည် အောက်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး နင်ချီကို ပခုံးချင်း တိုက်ကာ ပြောလိုက်လေ၏။

“ကောင်လေး... ငါ မင်းရဲ့ ဇာတ်လိုက်ကျော် နေရာကို ဝင်လုသလို ဖြစ်သွားလို့ ငါ့ကို အပြစ်မတင်ဘူးမလား...”

နင်ချီ သူ့ကို အလျှော့ပေးလိုက်ရသည်။ ဓားဘိုးဘေးကြီးက စည်းကမ်းတွေကို ဘယ်တော့မှ ဂရုမစိုက်ဘူးဟု ပြောခဲ့သည်မှာ မမှားပေ။

သို့သော် နင်ချီသည် ဤကဲ့သို့သော လူမျိုးကို အလွန် ခင်မင်ဖွယ်ကောင်းပြီး လေးစားစရာ ကောင်းသည်ဟု ခံစားမိသည်။

နင်ချီက ညင်သာစွာ ပြန်လည် သတိပေးလိုက်လေ၏။

“ဓားဘိုးဘေးကြီး... ရန်သူတွေကို ဘယ်သူက ပိုသတ်ခဲ့လဲ ဆိုတာတော့ မမေ့နဲ့ဦးနော်...”

ဓားဘိုးဘေးကြီး ခဏတာ တွေဝေသွားပြီးမှ ပြောလိုက်၏။

“ငါတို့က ပူးပေါင်းဆောင်ရွက်နေကြတာပဲကွာ... ဘာလို့ ခွဲခြားနေမှာလဲ...”

နင်ချီ ပြန်မပြောနိုင်ခင်မှာပင် သူက ခဲနေသော လီတာအိုချန်ကို ကြည့်လိုက်၏။

“ဒီကောင်ကို အရင် ရှင်းလိုက်ကြရအောင်...”

နင်ချီ.. ခေါင်းခါရင်း ရယ်မောလိုက်မိသည်။

လီတာအိုချန်သည် ဟင်းလင်းပြင်ထဲတွင် တွဲလွဲခိုနေပြီး လှုပ်ရှား၍ မရသော်လည်း သူ၏ ဂိုဏ်းတူ ညီအစ်ကို နှစ်ယောက်၏ ကံကြမ္မာကို သိရှိလိုက်၏။

သူသည် ခါးသီးစွာ ပြုံးလိုက်ရင်း ပြောလိုက်လေ၏။

“မင်းတို့ သတ်ချင်ရင် သတ်လိုက်ကြ... ဒါပေမဲ့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး... မင်းတို့လည်း ဒီလောကထဲမှာ နေရမယ့်ရက် သိပ်မကျန်တော့ပါဘူး...”

ဓားဘိုးဘေးကြီးသည် လျှပ်တပြက်.. လီတာအိုချန်၏ ရှေ့သို့ ရောက်ရှိသွားပြီး ခါးသီးနေသော မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်လေ၏။

အခန်း (၆၁၁) - အင်အားသုံး၍ ဖိနှိပ်ခြင်း (အပိုင်း ၄)

~"လီတာအိုချန်... ငါတို့ သိကျွမ်းလာခဲ့တာ နှစ်ပေါင်း တစ်သောင်း ရှိခဲ့ပြီပဲ... အခု ငါ့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေ အားလုံးလည်း မရှိကြတော့ဘူး... ရုတ်တရက်ကြီး ငါ မင်းကို မသတ်ချင်တော့ဘူးကွာ..."

လီတာအိုချန် အံ့သြသွားလေ၏။ ဤမြင်ကွင်းသည် တစ်စုံတစ်ခုနှင့် ဆင်တူနေပြီး ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားလိုက်ရကာ သူ၏ အတိတ်က အမှတ်ဉာဏ်များ ရုတ်တရက် ပြန်လည် နိုးကြားလာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက ဓားဘိုးဘေးကြီးသည် သူ၏ စီနီယာအစ်ကို ချီဖေးယန် ကို ထိုစကားအတိုင်း ပြောခဲ့ဖူးသည်ကို ပြန်လည် သတိရလိုက်၏။ ကွာခြားချက်မှာ "နှစ်တစ်သောင်း" နှင့် "နှစ်တစ်ရာ" ဟူသော အချိန်ကာလ တစ်ခုတည်းသာ ရှိလေ၏။

ထိုစဉ်က သူ၏ စီနီယာအစ်ကိုချီသည် အရှုံးမပေးဘဲ လျှို့ဝှက်ရတနာ တစ်ခုကို တိတ်တဆိတ် ထုတ်သုံးပြီး ဓားဘိုးဘေးကြီးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ သို့သော် အဆုံးသတ်တွင်မူ သေမင်းလက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။

ထိုအချိန်တွင် ပြိုင်ဘက်နှစ်ယောက်၏ အားပြိုင်မှုကြားမှ လီတာအိုချန်သည် အသနားခံ တောင်းပန်ခဲ့ခြင်းကြောင့်သာ ကပ်ဘေးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်၏။

ယခု နှစ်တစ်သောင်း ကြာပြီးနောက် လီတာအိုချန် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။ ယခုတစ်ကြိမ်ရော သူ လွတ်မြောက်နိုင်ပါဦးမည်လော။

“တကယ် ပြောတာလား...” သူ ရုတ်တရက် မေးလိုက်၏။

“လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းကတောင် ငါ မင်းကို လွှတ်ပေးခဲ့သေးတာပဲ... အခု ဘာလို့ သံသယ ဝင်နေရတာလဲ...”

လီတာအိုချန်သည် သံသယ ရှိနေဆဲ ဖြစ်သော်လည်း အသက်ရှင်လိုစိတ် ပြင်းပြနေသဖြင့် မျှော်လင့်ချက် ရောင်ခြည်သန်းကာ ရေလိုက်ငါးလိုက် နေလိုက်တော့သည်။

“ပြောပါ... မင်းရဲ့ အပေးအယူ အခြေအနေက ဘာလဲ...”

“မင်းတို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး အခု ဘယ်မှာလဲ...” ဓားဘိုးဘေးကြီးက မေးလိုက်၏။

လီတာအိုချန် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေလိုက်၏။ နောက်ဆုံးတွင် နင်ချီသည်လည်း သူ၏ ရှေ့သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ နင်ချီ၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်၊ ခံစားချက် ဟူ၍ ဘာမျှ မရှိပေ။

သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး လီတာအိုချန်၏ နဖူးတည့်တည့်ကို ထိုးစိုက်ရန် ရွယ်လိုက်လေ၏။

သို့သော် နောက်ဆုံးတွင် ဓားဘိုးဘေးကြီးက လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ဓားကို ညှပ်ဖမ်းလိုက်၏။

လီတာအိုချန်၏ နဖူးနှင့် ထိလုနီးပါး ဖြစ်နေသော ဓားထိပ်ဖျားကို စိုက်ကြည့်ရင်း ထက်ရှသော ဓားဆန္ဒနှင့် ဓားတာအို စည်းမျဉ်းများသည် သူ၏ အသားအရေနှင့် မူလဝိညာဉ်ကိုပါ နာကျင်စွာ ထိုးခွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

“ဘိုးဘေးကြီး ကျိုးထျန်းဇီ က ပျက်စီးသွားတဲ့ နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ ကို သွားစစ်ဆေးမယ် ပြောတယ်... ပြီးတော့ ကောင်းကင်ကြယ်တာရာ အဆင့်မြင့်ဂိုဏ်း ကိုလည်း ဝင်ဦးမယ်လို့ ပြောသွားတယ်...”

“နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ... ကောင်းကင်ကြယ်တာရာ အဆင့်မြင့်ဂိုဏ်း...”

ဓားဘိုးဘေးကြီးသည် နင်ချီကို အကြည့် ပို့လွှတ်လိုက်၏။ တစ်ကိုယ်တော် ကျင့်ကြံသူ ဖူချန် က သဟဇာတဖြစ်ခြင်း နက်ရှိုင်းသော စွမ်းရည် ကို လုယူသွားခဲ့ကြောင်း နင်ချီ ပြောပြခဲ့သည်ကို သူ ပြန်သတိသွားမိသည်။

ထို့ပြင် နင်ချီသည် လျှို့ဝှက်နယ်မြေထဲတွင် ကောင်းကင်ကြယ်တာရာ အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် တစ်ယောက် အဖြစ် ရုပ်ဖျက်ပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ လူများကို သတ်ဖြတ်ခဲ့သည် မဟုတ်လော။

ဒါဆိုရင် ဖြစ်နိုင်တာက...

နင်ချီကမူ ဘာမှ ဝင်မပြောဘဲ တည်ငြိမ်စွာပင် ရှိနေသည်။

ဓားဘိုးဘေးကြီး တွေဝေနေသည်ကို မြင်လိုက်ရသောအခါ လီတာအိုချန်သည် ဟန်ဆောင် ခြိမ်းခြောက်ရန် မမေ့ခဲ့ချေ။

“ဒါကြောင့် မင်းတို့ ငါ့ကို လွှတ်ပေးတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင် ငါတို့ ဘိုးဘေးကြီးက ကောင်းကင်ကြယ်တာရာ အဆင့်မြင့်ဂိုဏ်းက ဘိုးဘေးကြီးကိုပါ ခေါ်လာခဲ့ရင်... မင်းတို့ နှစ်ယောက် ဘယ်လောက်ပဲ သန်မာပါစေ... အကန့်အသတ်မဲ့ ဓားဂိုဏ်း ကတော့ မျိုးတုန်းသွားမှာ သေချာတယ်...”

“တစ်ယောက် ပိုလာတာနဲ့ လျော့သွားတာ ဘာထူးမှာလဲ... ငါ ဓားဘိုးဘေးကြီးက ကြောက်တတ်တဲ့ ကောင်လို့ မင်း ထင်နေသလား...”

လီတာအိုချန် စကားဆို့သွားရသည်။ ထိုစကားတွင် အမှန်တရား အချို့ ပါဝင်နေသောကြောင့်ပင်။

ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးများ ဆင်းသက်လာလျှင် တစ်ယောက်လာလာ၊ နှစ်ယောက်လာလာ ရလဒ်က အတူတူပင် မဟုတ်ပါလော။

ဓားဘိုးဘေးကြီးက နင်ချီကို မေးလိုက်သည်။

“ထားလိုက်ပါတော့ကွာ... သူ့ကို ဆက်မမေးနေနဲ့တော့... မင်းပဲ ရှင်းလိုက်တော့... မင်း ဝိညာဉ်ရှာဖွေခြင်း နည်းစနစ် ကို သုံးတတ်တယ်မလား...”

နင်ချီ ခေါင်းငြိမ့်ပြလိုက်၏။

လီတာအိုချန်၏ မျက်နှာထား ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားလေ၏။

“ကျင်းရှောင်... မင်း ကတိမတည်ဘူးပဲ...”

“အန္တရာယ်ကြုံရင် အသနားခံပြီး... အားနည်းသူကို တွေ့ရင် အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ မင်းလို ကောင်မျိုးအတွက် ကတိတည်စရာ လိုသေးလို့လား... ခွေးပါးစပ်ထဲ နတ်သုဒ္ဓါ ထည့်ပေးသလို ဖြစ်မနေဘူးလား... နှစ်တစ်သောင်းတောင် ကြာခဲ့ပြီ... မင်းက ခုထိ အဲဒီလောက် ရိုးအ နေတုန်းလား...”

လီတာအိုချန်ခမျာ ဒေါသကြောင့် မေ့လဲလုမတတ် ဖြစ်သွားရှာသည်။

နင်ချီသည် သူ့ကို အသက်ရှင်ခွင့် ပေးရန် ဆန္ဒ လုံးဝ မရှိချေ။ သူ၏ လက်တစ်ဖက်ဖြင့် လီတာအိုချန်၏ နဖူးကို အုပ်မိုးလိုက်ပြီး မဟာပြောင်းပြန်လှန် ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြုလိုက်လေ၏။

လီတာအိုချန်၏ အော်ဟစ်သံများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး သူ၏ ခန္ဓာကိုယ်သည် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ဤတိုက်ပွဲကြီးသည် နောက်ဆုံးတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အပြတ်အသတ် အနိုင်ယူမှုဖြင့် ပြီးဆုံးသွားခဲ့လေ၏။ သူတို့ဘက်မှ တစ်ယောက်မျှ ထိခိုက်သေဆုံးခြင်း မရှိခဲ့ပေ။

လူတိုင်းသည် ဤရလဒ်ကြောင့် အလွန်အမင်း ဝမ်းမြောက်နေကြသော်လည်း ဤအောင်မြင်မှုသည် နင်ချီကြောင့် ဖြစ်သည်ကို ကောင်းစွာ သတိပြုမိကြသည်။

နင်ချီနှင့် ဓားဘိုးဘေးကြီးတို့သည် ရင်ပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာကြသည်။

“ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တဲ့ ဂိုဏ်းချုပ်နင်ကို ဂုဏ်ပြုပါတယ်ဗျာ...”

“ဂိုဏ်းချုပ်နင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ပြီး လောကကြီးကို တုန်လှုပ်စေတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတာ... ကျုပ်တို့ တကယ်ပဲ လေးစားအားကျမိပါတယ်...”

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ မအော်ဟစ်နိုင်မီ အခြားဂိုဏ်းများမှ မဟာစွမ်းအားရှင်များသည် တစ်ယောက်ပြီးတစ်ယောက် အလုအယက် ချီးကျူးစကား ဆိုလိုက်ကြလေ၏။

ထိုစကားများကို ကြားရသောအခါ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများမှာ ရင်ကော့သွားကြပြီး ဂုဏ်ယူဝံ့ကြွားစွာ ခံစားလိုက်ကြရသည်။

နင်ချီသည် ပင်မထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ကို ဖြည်းညှင်းစွာ ဖိချလိုက်ရာ ရင်ပြင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

“ဧည့်သည်တော်ကြီးများခင်ဗျာ... ဒီနေ့ ခင်ဗျားတို့ကို ဖိတ်ကြားခဲ့တာက မင်္ဂလာပွဲလေး ဆင်နွှဲဖို့ပါ... ဒါပေမဲ့ ခင်ဗျားတို့ကို ဒီလို ဟာသပွဲမျိုး ကြည့်ခိုင်းဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး...”

“ဂိုဏ်းချုပ်နင်က အရမ်း နှိမ့်ချလွန်းနေပါပြီ... ဒီလိုသာ မဖြစ်ခဲ့ရင် ဂိုဏ်းချုပ်နင်ရဲ့ အစွမ်းအစကို ကျုပ်တို့ ဘယ်လိုလုပ် သိခွင့်ရမှာလဲဗျ...”

နင်ချီသည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်၏။

မြှောက်ပင့်စကားများကြောင့် သူ၏ စိတ်ခံစားချက် ပြောင်းလဲခြင်း မရှိပေ။ သူက ဆက်ပြောလိုက်၏။

“အခု အခမ်းအနား ပြီးဆုံးသွားပြီဆိုတော့... တရားဝင် ကိစ္စလေးတွေ ဆွေးနွေးကြရအောင်...”

“ပွင့်ပွင့်လင်းလင်းသာ ပြောပါ ဂိုဏ်းချုပ်နင်...”

နင်ချီ ပြောလိုက်၏။

“ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းက ပြိုင်ဘက်ကင်းအောင် ဖိနှိပ်ချုပ်ချယ်တတ်တယ် ဆိုတာ ခင်ဗျားတို့အားလုံး သိကြပါတယ်... သူတို့က ကျွန်တော်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ပစ်မှတ်ထားနေကြတာ... ကျွန်တော်တို့ ဓားဂိုဏ်းသား ဘယ်သူမှ သူတို့ကို မကြောက်ပါဘူး... ဒါပေမဲ့ တကယ်လို့ ကျွန်တော်တို့သာ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း လက်ချက်နဲ့ ကျဆုံးသွားမယ်ဆိုရင်... နောက်ထပ် အလှည့်ကျမယ့် မိတ်ဆွေတို့ရဲ့ အနာဂတ်ကလည်း သိပ်ကောင်းမှာ မဟုတ်ဘူး... အဲဒါကြောင့် ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိကြသလား ဆိုတာ သိချင်ပါတယ်...”

နင်ချီသည် ကြားနေဂိုဏ်းများအတွက် ရွေးချယ်စရာ လမ်းတစ်ခု ပေးလိုက်ခြင်း ဖြစ်၏။

လှိုင်းလုံးများကြားမှ သဲကို ရှာဖွေမည့်သူ ရှိမလား... ရေစီးကြောင်း ပြောင်းပြန်ကြားမှ အလင်းရောင်ကို မြင်မည့်သူ ရှိမလား...

မဟာစွမ်းအားရှင်များသည် စဉ်းစားခန်း ဝင်သွားကြသည်။ ဤကိစ္စသည် ကြီးလေးလွန်းသဖြင့် သူတို့ ချက်ချင်း မဆုံးဖြတ်နိုင်ကြောင်း၊ မိမိတို့၏ ဂိုဏ်းများသို့ ပြန်လည် တင်ပြပြီးမှ ဆွေးနွေး အဖြေပေးနိုင်မည် ဖြစ်ကြောင်း တောင်းပန်လိုက်ကြသည်။

သေချာသည်မှာ သူတို့အများစု၏ စိတ်ထဲတွင် ကန့်ကွက်နေကြပြီး ထုတ်မပြောရဲကြခြင်းသာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် နင်ချီသည် အလွန်အမင်း အစွမ်းထက်လွန်းသဖြင့် သူတို့ကို ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ယခုအချိန်တွင် နင်ချီကို တိုက်ရိုက် ဆန့်ကျင်ရဲသူ မရှိပေ။ သို့သော် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်လျှင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးများကို တွေးမိရုံဖြင့် သေလမ်းရှာသကဲ့သို့ ခံစားနေရသည် မဟုတ်ပါလော။

လူတိုင်း၏ အဖြစ်အပျက်ကို မြင်လိုက်ရသောအခါ နင်ချီသည် ဂရုမစိုက်တော့ချေ။

ထို့နောက် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် မပြီးပြတ်သေးသော အခမ်းအနား အစီအစဉ်များကို ဆက်လက် လုပ်ဆောင်လိုက်၏။

နေ့ဝက်ခန့် ကြာပြီးနောက် အခြားဂိုဏ်းများမှ မဟာစွမ်းအားရှင်များသည် သူတို့၏ အစစ်အမှန် အမွေခံများကို ခေါ်ဆောင်ကာ အလျင်အမြန် ထွက်ခွာသွားကြလေ၏။ အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည်လည်း တဖြည်းဖြည်း ပျံ့နှံ့သွားလေတော့သည်။

ဂိုဏ်းချုပ် ခန်းမဆောင် အတွင်းတွင် အကြီးအကဲများ အားလုံးနှင့် ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး စုဝေးနေကြသည်။

ကျူးကျော်သူများကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး အကြောင်းကို တွေးမိပြီး လူတိုင်း စိုးရိမ်ပူပန်နေကြဆဲ ဖြစ်၏။

ဓားဘိုးဘေးကြီး ကိုယ်တိုင်ပင်လျှင် စိတ်လက်ပေါ့ပါးစွာ မနေနိုင်တော့ချေ။

အတန်ကြာ ဆွေးနွေးပြီးနောက် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ဖွင့်လှစ်ရန်နှင့် ရေရှည် တောင်တံခါး ပိတ်ထားရန် အကြံပြုလိုက်ကြသည်။

လူတိုင်း၏ အခြေအနေကို မြင်ရသဖြင့် နင်ချီသည် မကန့်ကွက်တော့ဘဲ သဘောတူလိုက်လေ၏။

လက်ရှိတွင် ပေ့ရွှမ်နယ်မြေရှိ မည်သည့်ဂိုဏ်းကမျှ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကူညီလိမ့်မည် မဟုတ်ပေ။ ကံကောင်းသည်မှာ နင်ချီသည် နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ အတွင်း နွားမိစ္ဆာ နျူမန် နှင့် တွေ့ဆုံခဲ့သည်ကို သတိရလိုက်ခြင်းပင်။

သူတို့သည် နတ်ဆိုးဘုရား သစ္စာဆိုခြင်း ကို ပြုလုပ်ထားပြီး နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း နှင့် မဟာမိတ်ဖွဲ့ကာ အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်မှ ရပ်တည်ပေးမည်ဟု ကတိပြုထားခဲ့ကြသည်။

ဤသတင်းကောင်းသည် စိုးရိမ်ပူပန်နေသော လူအုပ်ကြီးကို ချက်ချင်း ပြန်လည် အသက်သွင်းပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ဂိုဏ်းချုပ်သည် ဆက်ဆံရေးကောင်းများကို ကြိုတင် တည်ဆောက်ထားခဲ့ပြီး ယခုမှသာ ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်၏။

ဓားဘိုးဘေးကြီးသည် နင်ချီကို သွားခွင့်မပေးဘဲ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း၏ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးထံမှ အကူအညီ တောင်းခံမည့် တာဝန်ကို ကိုယ်တိုင် ယူလိုက်လေ၏။ နင်ချီ၏ ပါရမီသည် အလွန် အဖိုးတန်လွန်းသဖြင့် လမ်းခရီးတွင် အချိန်မကုန်စေလိုသောကြောင့် ဖြစ်၏။

ထို့ကြောင့် သူသည် ဤကာလအတွင်း နင်ချီကို ကြိုးစားကျင့်ကြံရန် တိုက်တွန်းလိုက်၏။ တစ်ခါတည်းနှင့် ပေါင်းစည်းခြင်း နယ်ပယ် သို့ တက်လှမ်းနိုင်လျှင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ကြောက်စရာ လိုတော့မည် မဟုတ်ပေ။

အမှန်တကယ်တွင် လူတိုင်း သိနားလည်ထားကြသည်။

ဓားဘိုးဘေးကြီးနှင့် ဂိုဏ်းချုပ် နှစ်ယောက်စလုံးသည် သူတို့၏ အဆင့်တွင် ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။ အကယ်၍ တစ်ယောက်ယောက်သာ ပေါင်းစည်းခြင်း နယ်ပယ် သို့ အဆင့်ချိုးဖြတ်တက်ရောက်နိုင်ပါက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသည် ခြိမ်းခြောက်မှု တစ်ခု မဖြစ်နိုင်‌တော့ချေ။

ဓားဘိုးဘေးကြီးသည် မိမိ၏ အခြေအနေကို နားလည်သဖြင့် နင်ချီကို မလွှတ်ရန် သဘာဝကျကျ ရွေးချယ်လိုက်ခြင်း ဖြစ်၏။

ထိုအခါ၊ နင်ချီသည် လျှို့ဝှက်နယ်မြေထဲတွင် နျူမန် ပေးခဲ့သော တံဆိပ်ပြားကို သက်သေအဖြစ် ဓားဘိုးဘေးကြီးထံ ပေးအပ်လိုက်လေ၏။

နောက်ပိုင်းတွင် အစည်းအဝေး ပြီးဆုံးသွားပြီး လူတိုင်း မိမိတို့ တာဝန်ရှိရာသို့ ပြန်သွားကြလေ၏။

နင်ချီသည် ထွက်ခွာသွားသော ဓားဘိုးဘေးကြီး၏ ကျောပြင်ကို ကြည့်ရင်း သူကိုယ်တိုင်လည်း တံခါးပိတ် ကျင့်ကြံမည် ဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

တံခါးများ တင်းကျပ်စွာ ပိတ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်လေတော့သည်။

စောင့်ဆိုင်းခြင်းသည် နင်ချီ၏ အကျင့်စရိုက် လုံးဝ မဟုတ်ပေ။ သူ့ကို ကြောက်ရွံ့အောင် လုပ်ဆောင်သူ မည်သူ့ကိုမဆို သူကိုယ်တိုင် ကိုယ်ကျ ပြန်လည် ပေးဆပ်သွားမည် ဖြစ်ပေသတည်း။

အခန်း (၆၁၂) - ရန်သူ့တံခါးဝသို့ စစ်ဆင်ခြင်း

~အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌...

ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ အခမ်းအနား ပြီးဆုံးသွားပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် တစ်ဒါဇင်ကျော်ကို သုတ်သင်ရှင်းလင်းပြီးနောက် နင်ချီသည် တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့လေ၏။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးများ၏ ရောက်ရှိလာနိုင်မည့် အန္တရာယ်သည် လူတိုင်းအပေါ် ကြီးမားသော ဖိအားများကို သက်ရောက်စေခဲ့သည်။ ထို့ကြောင့် မရှိမဖြစ် လိုအပ်သော အစောင့်အရှောက်များမှလွဲ၍ ကျန်သူများအားလုံးသည် နင်ချီ၏ နောက်သို့လိုက်ကာ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်ကြတော့သည်။

အကြီးအကဲများ အားလုံးသည် ဓားဘိုးဘေးကြီး၏ လမ်းညွှန်မှုများကို ဦးစွာ ရယူခဲ့ကြပြီး နောက်ပိုင်းတွင် နင်ချီထံမှ စည်းမျဉ်းကျောက်စိမ်း အပိုင်းအစများကို လက်ခံရရှိခဲ့ကြသည်။ ကြီးမားသော ဖိအားအောက်တွင် သူတို့အားလုံးသည် စိတ်ဓာတ်ခွန်အားများ တက်ကြွနေကြပြီး ကျင့်ကြံခြင်း အဆင့် တိုးတက်စေရန် ကြိုးစားနေကြလေ၏။

နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေသို့ နင်ချီနှင့်အတူ လိုက်ပါခဲ့ကြသော အစစ်အမှန် အမွေခံ (၈) ယောက်သည်လည်း ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ အဆင့်ချိုးဖြတ်တက်ရောက်ရန် ပြင်ဆင်နေကြသည်။

ဤတစ်ကြိမ်တွင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသည် အကြီးအကျယ် ဆုံးရှုံးသွားခဲ့ရာ သူတို့၏ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး ကျိုးထျန်းဇီ ဘယ်အချိန် ရောက်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။

သူတို့သည် ကျိုးထျန်းဇီကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသော်လည်း ဂိုဏ်း၏ အခက်အခဲကာလတွင် အခြားသော ပေ့ရွှမ် မဟာစွမ်းအားရှင်များကို ရင်ဆိုင်နိုင်ရန်အတွက် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ အမြန်ဆုံး ရောက်ရှိလိုကြသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးသည် ယခင်ကထက် ပိုမို စည်းလုံးညီညွတ်နေပြီး စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားကြလေ၏။

...

ထိုအချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၌ ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တိုက်ပွဲသတင်းသည် ပေ့ရွှမ်နယ်မြေ တစ်ခုလုံးသို့ လေအလျင် တိုက်ခတ်သွားခဲ့လေ၏။

ကြယ်ပျံဂိုဏ်းတွင် အကြီးအကဲ လူရီရှင်းသည် ဂိုဏ်းချုပ်ထံသို့ ကိုယ်တိုင် သတင်းပို့နေ၏။

ကြယ်ပျံဂိုဏ်းချုပ်သည် မိန်းမောတွေဝေနေသော လူရီရှင်းကို စူးစမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“အကြီးအကဲလူ... ခင်ဗျား ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ စည်းရုံးမှုကို နားမယောင်ခဲ့တာ တော်တော် ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ... မဟုတ်ရင် ကျုပ်တို့ ခင်ဗျားအတွက် လက်စားချေပေးနိုင်မှာ မဟုတ်ဘူး...”

“ကံကောင်းလို့ လန် က ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာပါ... အဲဒီတုန်းကသာ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ဓားဘိုးဘေးကြီးကို ဝင်တိုက်မိရင် ကျွန်တော်ရော တပည့်တွေပါ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး...”

လူရီရှင်းက ထပ်ပြောလိုက်၏။

“ဂိုဏ်းငါးဂိုဏ်းက မဟာစွမ်းအားရှင်တွေ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ မြှောက်ပင့်မှုကို ခံလိုက်ရတယ် ဆိုတော့... အခု သူတို့ဂိုဏ်းတွေ တော်တော် ပူပန်နေလောက်ပြီ... သူတို့ ဘာဆက်လုပ်မလဲ ဆိုတာ ဘယ်သူမှ မပြောတတ်ဘူး...”

“သူတို့တွေ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို တစ်ယောက်တည်း သွားမတွေ့ရဲပါဘူး... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း လှုပ်ရှားတာကို စောင့်ပြီး လေသင့်ရာ ရွက်လွှင့်ကြဦးမှာပါ...”

ထိုအခါ၊ ကြယ်ပျံဂိုဏ်းချုပ် ပြုံးလိုက်လေ၏။

“လေသင့်ရာ ရွက်လွှင့်တယ် ဟုတ်လား... ဟို ဂိုဏ်းငါးဂိုဏ်းက လူတွေလည်း အစတုန်းက အဲဒီလို တွေးခဲ့ကြတာပဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ လူရီရှင်းနှင့် အတူပါလာသော အစစ်အမှန် အမွေခံများ မှင်သက်သွားကြသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌ လူ (၅) ယောက် သေဆုံးသွားခဲ့ရသော မြင်ကွင်းကို ပြန်လည် မြင်ယောင်လာမိကြသည်။

လူရီရှင်း သတိပြန်ဝင်လာပြီး ဂိုဏ်းချုပ်ကို ကြည့်ကာ မေးလိုက်၏။

“နင်ချီက သူ့ရဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကူညီပေးဖို့ ကမ်းလှမ်းထားပါတယ်... ဂိုဏ်းချုပ် ဘယ်လို သဘောရပါသလဲ...”

ခဏတာ စဉ်းစားပြီးနောက် ကြယ်ပျံဂိုဏ်းချုပ်က ပြောလိုက်၏။

“တကယ်လို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးက အစောပိုင်း ၊ ဒါမှမဟုတ် အလယ်အလတ် အဆင့်ပဲ ရှိသေးတယ် ဆိုရင်တော့... ကျုပ်.. နင်ချီ့ဘက်ကနေ ရပ်တည်ပြီး ဂိုဏ်းရဲ့ အနာဂတ်ကို လောင်းကြေးထပ်ရဲတယ်...”

“ဒါပေမဲ့ ကျိုးထျန်းဇီ က ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်နေတာ ကြာလှပြီ... အခုဆိုရင် ပြီးပြည့်စုံခြင်း အဆင့်ကိုတောင် ရောက်နေလောက်ပြီ... အန္တရာယ် များလွန်းတယ်... မပူးပေါင်းတာ ပိုကောင်းလိမ့်မယ်...”

လူရီရှင်းနှင့် အခြားသူများသည် ဂိုဏ်းချုပ်၏ ရွေးချယ်မှုကို ကောင်းစွာ နားလည်ကြသည်။

ကြယ်ပျံဂိုဏ်းချုပ်သည် လူရီရှင်း၏ နောက်မှ အစစ်အမှန် အမွေခံများကို ရုတ်တရက် အကြည့် ပို့လွှတ်လိုက်၏။

သူတို့အားလုံး မျက်လွှာချထားကြသော်လည်း မျက်နှာပေါ်တွင်တော့ ထိတ်လန့်မှု အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။ ဤခရီးစဉ်သည် သူတို့၏ စိတ်ကို နက်ရှိုင်းစွာ ရိုက်ခတ်သွားကြောင်း ထင်ရှားလှပါ၏။

သူတို့ကိုယ်တိုင်လည်း အစစ်အမှန် အမွေခံများ ဖြစ်ကြသဖြင့် အစပိုင်းတွင် နင်ချီကို ရွယ်တူတန်းတူဟု သတ်မှတ်ကာ မနာလိုဝန်တိုစိတ် အနည်းငယ် ဖြစ်ခဲ့ကြသည်။

သို့သော် ယခုအခါတွင်မူ ထိုခံစားချက်များ ပျောက်ကွယ်သွားပြီး အတိုင်းအဆမဲ့ လေးစားအားကျမှုနှင့် ဖျောက်ဖျက်၍မရသော ကြောက်ရွံ့မှုများသာ ကျန်ရစ်တော့သည်။

“ကိုယ့်ရွယ်တူချင်းက အရမ်း ထူးချွန်နေလို့ စိတ်ဓာတ် မကျကြပါနဲ့... သမိုင်းတစ်လျှောက်မှာ အဲဒီလို ပါရမီရှင်တွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်... ဒါပေမဲ့ ဘယ်နှစ်ယောက်ကများ အဆုံးထိ ရောက်ခဲ့ကြလို့လဲ...”

ကြယ်ပျံဂိုဏ်းချုပ်က သက်ပြင်းချသံဖြင့် ပြောလိုက်လေ၏။

ဂိုဏ်းချုပ်၏ အားပေးစကားကြောင့် သူတို့ စိတ်သက်သာရာ ရသွားကြသည်။ နင်ချီကို မယှဉ်နိုင်လျှင်ပင် ကြယ်ပျံဂိုဏ်း၏ အနာဂတ်ကို ထမ်းဆောင်နိုင်ရန် ကြိုးစားကျင့်ကြံကြမည်ဟု ဆုံးဖြတ်ချက် ချလိုက်ကြသည်။

သူတို့သည် ဂိုဏ်းချုပ်ကို မော့ကြည့်လိုက်ကြသည်။ ဂိုဏ်းချုပ်သည် ကောင်းကင်ကို မော့ကြည့်နေပြီး ခဏအကြာတွင် တီးတိုး ရေရွတ်လိုက်လေ၏။

“နှမြောစရာပဲ... သက်ပြင်းချစရာပဲ... တကယ်လို့ နင်ချီသာ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ရင် သူက သေချာပေါက် ကောင်းကင်ပေါ်အထိ ပျံတက်သွားမှာပဲ... အဲဒီကျရင် ငါတို့တောင် သူ့ကို မော့ကြည့်ရတော့မှာ...”

“ငါ့ရဲ့ ကြယ်ပျံဂိုဏ်းမှာကျတော့ ဘာလို့ နင်ချီ တို့ ၊ ဓားဘိုးဘေးကြီး တို့လို ပါရမီရှင်မျိုး တစ်ယောက်မှ မပေါ်လာရတာလဲကွာ...”

အစစ်အမှန် အမွေခံများ - “...”

သူတို့၏ ရင်ထဲတွင် နာကျင်သွားကြလေ၏။

လူရီရှင်း - “?”

စောစောကမှ လူငယ်တွေကို အားပေးစကား ပြောနေပြီး တောက်ပတဲ့သူတွေက ကြာကြာမခံပါဘူး ဆို... အခုကျမှ ကိုယ့်ဂိုဏ်းမှာ ပါရမီရှင် မရှိလို့ နောင်တရနေတာလား...

အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဂိုဏ်းတိုင်းလိုလိုတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပွားနေလေ၏။ သေဆုံးသွားသော မဟာစွမ်းအားရှင် (၅) ယောက်၏ ဂိုဏ်းများမှ လွဲ၍ပေါ့။

ထို ဂိုဏ်း (၅) ဂိုဏ်းသည် လူရီရှင်း ထင်မှတ်ထားသည့်အတိုင်းပင် ဗျာများနေကြသည်။

တစ်ဖက်တွင် သူတို့သည် နင်ချီက သူတို့ဂိုဏ်းမှ မဟာစွမ်းအားရှင်များကို သတ်ဖြတ်လိုက်သည့်အတွက် မုန်းတီးနေကြပြီး၊ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းက သူတို့လူများကို ခဏတာ မျှားခေါ်သွားသည့်အတွက်လည်း နာကြည်းနေကြသည်။

အခြားတစ်ဖက်တွင်မူ လက်စားချေရန်အတွက် အလွန် ကြောက်ရွံ့နေကြသည်။

ထိုငါးဂိုဏ်းသည် အချင်းချင်း ဆက်သွယ်တိုင်ပင်ကြသော်လည်း နောက်ဆုံးတွင် မည်သည့် အဖြေမှ ထွက်မလာခဲ့ချေ။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ဓားဘိုးဘေးကြီး ထွက်ပေါ်လာခြင်းနှင့် အင်မော်တယ်မျိုးစိတ် နင်ချီ ရှိနေခြင်းတို့ကြောင့် ထိုဂိုဏ်းများ အနေဖြင့် မည်သို့မျှ ထိပါး၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် နောက်ဆုံးတွင် ကပ်ဘေးနှင့် ကြုံတွေ့ရဦးမည် ဖြစ်ကြောင်း သူတို့ နားလည်ထားကြသည်။

...

နင်ချီသည် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို အလွယ်တကူ ဖြတ်သန်းပြီး မည်သူမျှ သတိမထားမိဘဲ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေ၏။

ခမ်းနားထည်ဝါသော အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီးကို ပြန်လှည့်ကြည့်လိုက်ရာ နင်ချီ၏ မျက်လုံးများထဲတွင် နတ်ဘုရား အလင်းရောင်များ ဖျတ်ခနဲ လက်သွားသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ တွင် အခြေခံအုတ်မြစ် ချနိုင်ရန် ကြိုးစားခဲ့ရသည်၊ ဓာတ်ကြီးငါးပါးတောင်ထွတ်၏ သခင် ဖြစ်လာခဲ့သည်၊ ထိပ်တန်း အစစ်အမှန် အမွေခံများကို စုစည်းခဲ့သည်၊ နောက်ဆုံးတွင် ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ ဤအုတ်မြစ်များကို အလွယ်တကူ ပြိုလဲပျက်စီးခံမည်လော။

သူသည် မြောက်ဘက်သို့ လှည့်လိုက်ပြီး သူ၏ ကိုယ်ခန္ဓာသည် မရေရာသော အသွင်သို့ ပြောင်းလဲသွားလေ၏။ သာမန် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် မဟာစွမ်းအားရှင်များပင် သတိထားမိရန် ခက်ခဲသော ပုံသဏ္ဌာန်မျိုး ဖြစ်၏။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသည် ပေ့ရွှမ်နယ်မြေ၏ မြောက်ဘက်တွင် တည်ရှိပြီး အကျယ်ပြန့်ဆုံးနှင့် အကောင်းဆုံး နယ်မြေများကို ပိုင်ဆိုင်ထားကာ မြောက်ပိုင်းတွင် ဘုရင်တစ်ဆူသဖွယ် စိုးမိုးထားလေ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် တောင်ဘက်တွင် တည်ရှိသဖြင့် နင်ချီ မည်မျှပင် စွမ်းအားကြီးပါစေ၊ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသို့ ရောက်ရှိရန် အချိန်အတန်ကြာ ပျံသန်းရပေဦးမည်။

နင်ချီ အနည်းငယ် စိတ်ရှုပ်သွားမိသည်။ ခရီးသွားချိန် ကြာမြင့်မှုကို လျှော့ချရန်အတွက် နောင်တွင် တောင်နှင့် ပင်လယ် ကမ္ဘာ ၌ နေရာရွှေ့ပြောင်း အခင်းအကျင်း များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် လုပ်ဆောင်ရမည်ဟု တွေးလိုက်မိသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ တွင် နေရာ ရွှေ့ပြောင်း အခင်းအကျင်းများ လုံးဝ မရှိသေးပေ။

ဖြစ်နိုင်သည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ၏ အလိုဆန္ဒ က တမင်တကာ ကန့်သတ်ထားခြင်း ဖြစ်နိုင်သည်။ အသေးစိတ် အကြောင်းရင်းကိုမူ နင်ချီ နားမလည်သေးချေ။

သို့သော် အစစ်အမှန်သိုင်း ကမ္ဘာ ၏ သခင် ဖြစ်သူ နင်ချီ အနေဖြင့် ကမ္ဘာများကြားတွင် ဟင်းလင်းပြင် လမ်းကြောင်းများကို လွတ်လပ်စွာ ဖွင့်လှစ်နိုင်စွမ်း ရှိသဖြင့် ယခုအချိန်တွင် နေရာ ရွှေ့ပြောင်း အခင်းအကျင်းများကို တပ်ဆင်နိုင်နေပြီ ဖြစ်၏။

တွေးမိသည်နှင့် တစ်ပြိုင်နက် နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အပြင်ဘက်ရှိ လျှို့ဝှက်သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီး ဝိညာဉ်ကျောက်တုံး များနှင့် အခြားသော ကောင်းကင်မြေကြီး ရတနာများကို အသုံးပြုကာ ပြန်လာမည့် လမ်းခရီးအတွက် နေရာ ရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို ကြိုတင် တည်ဆောက်လိုက်လေတော့သည်။

All Chapters