အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း(၆၁၃)-ရန်သူ့တံခါးဝသို့ စစ်ဆင်ခြင်း (အပိုင်း ၂)
~သို့မှသာ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ပျက်စီးသွားချိန်တွင် သတင်းစကားသည် သူ မရှိသည့်တိုင်အောင် အကန့်အသတ်မဲ့ ဓားဂိုဏ်းထံသို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် လုံခြုံရေးအတွက် သူသည် အပြင်ဘက်၌ အရှိန်အဝါကို ဖုံးကွယ်ခြင်း၊ နေရာ ရွှေ့ပြောင်း တုန်ခါမှုလှိုင်းများကို ဖုံးကွယ်ခြင်းနှင့် ကာကွယ်ရေး အခင်းအကျင်းများကိုပါ စုံလင်စွာ ခင်းကျင်းထားလိုက်၏။
ဒါက သူတစ်ယောက်တည်းသာ အသုံးပြုနိုင်သော တစ်လမ်းသွား နေရာ ရွှေ့ပြောင်း အခင်းအကျင်း ဖြစ်ပြီး လိုအပ်သည့်အချိန်တွင် ဤနေရာမှတဆင့် ဂိုဏ်းသို့ လျင်မြန်စွာ ပြန်လာနိုင်မည် ဖြစ်သည်။
အရာအားလုံး ပြီးစီးသွားသောအခါ နင်ချီသည် နေရာမှာတင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
လမ်းခရီးတွင် နင်ချီသည် ကျင့်ကြံသူ အများအပြားနှင့် ဆုံတွေ့ခဲ့ရာ သူ၏ အားကောင်းလှသော မူလဝိညာဉ် အာရုံခံနိုင်စွမ်းကို အသုံးပြုပြီး သူတို့၏ ပြောစကားများကို ခိုးနားထောင်ခဲ့သည်။
သူ ထင်မှတ်ထားသည့်အတိုင်းပင် အခြားဂိုဏ်းများသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အဖြစ်အပျက်နှင့် ဓားဘိုးဘေးကြီး ထွက်ပေါ်လာမှု၊ နင်ချီ၏ ကြောက်မက်ဖွယ် စွမ်းအားတို့ကို အံ့သြတုန်လှုပ်နေကြသော်လည်း မည်သူကမျှ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကူညီရန် ဆန္ဒမရှိကြပေ။
နင်ချီသည် ထို အမြော်အမြင် နည်းပါးသော ဂိုဏ်းများကို ဂရုမစိုက်တော့ချေ။ ထိုစဉ်ကလည်း သူသည် သာမန်ကာလျှံကာသာ ပြောခဲ့ခြင်း ဖြစ်၏။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ယှဉ်ပြိုင်ရန်အတွက် ထိုဂိုဏ်းများ၏ အကူအညီကို သူ အမှန်တကယ် လိုအပ်ပါသလော။
သူသည် မိမိ၏ အရှိန်အဝါ အားလုံးကို ဖုံးကွယ်ထားပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း တည်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။
လမ်းခုလတ်တွင် သူ၏ ရုပ်သွင်ကို ပြောင်းလဲလိုက်ရာ ဆံပင်ဖြူဖြူနှင့် အင်မော်တယ် အရှိန်အဝါများ ပြည့်နှက်နေသော အလွန် စွမ်းအားကြီးသည့် အဘိုးအို တစ်ဦးအသွင် ဖြစ်ပေါ်လာလေသည်။
...
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း။
ဤနေရာတွင် ဂိုဏ်းအတွင်းရှိ မဟာစွမ်းအားရှင်များနှင့် အစစ်အမှန် အမွေခံများ၏ ဝိညာဉ်မီးအိမ်များ ထားရှိရာ ဝိညာဉ် ခန်းမဆောင် တစ်ခု ရှိလေ၏။
အစစ်အမှန် အမွေခံများ၏ ဝိညာဉ်မီးအိမ်များကို ရွေးချယ်ခံထားရသော အစစ်အမှန် အမွေခံများက စောင့်ကြည့်ရပြီး၊ မဟာစွမ်းအားရှင်များ၏ ဝိညာဉ်မီးအိမ်များကိုမူ မဟာစွမ်းအားရှင် အချင်းချင်း ပြန်လည် စောင့်ရှောက်ရသည်။
ဤနေရာသည် ယေဘုယျအားဖြင့် ထူးခြားမှု မရှိဘဲ အေးဆေးသက်သာသော တာဝန် တစ်ခု ဖြစ်၏။
ထို့ကြောင့် စောင့်ကြပ်သူများသည် များသောအားဖြင့် တိတ်ဆိတ်စွာ ကျင့်ကြံနေလေ့ ရှိပြီး မူလဝိညာဉ် အာရုံ အနည်းငယ်ကိုသာ ခွဲထုတ်၍ စောင့်ကြည့်လေ့ ရှိကြသည်။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၈) ယောက်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၌ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသဖြင့် သူတို့၏ ဝိညာဉ်မီးအိမ်များသည်လည်း သဘာဝကျကျပင် အသီးသီး ငြိမ်းသွားကြလေ၏။
မဟာစွမ်းအားရှင်များ၏ ဝိညာဉ်မီးအိမ်များကို စောင့်ရှောက်ရန် တာဝန်ကျသူမှာ ကျူးကျန့်ရှင်း ဖြစ်သည်။
အသက်မီးလျှံ ငြိမ်းသွားသည့် ခဏမှာပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ ချက်ချင်း အာရုံခံမိလိုက်၏။
ကျူးကျန့်ရှင်းသည် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး ဝိညာဉ်မီးအိမ်များကို ကြည့်လိုက်ရာ ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့် မဟာစွမ်းအားရှင် နှစ်ယောက်၏ အသက်မီးလျှံများ ပြိုင်တူ ငြိမ်းသွားသည်ကို ဦးစွာ တွေ့လိုက်ရသဖြင့် အတော်လေး တုန်လှုပ်သွားလေ၏။
သို့သော် သူသည် ဂိုဏ်းချုပ်ထံသို့ သတင်းပို့ရန် ဝိညာဉ် ခန်းမဆောင်မှ ချက်ချင်း ထွက်မသွားသေးပေ။
အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဖျက်ဆီးရန် မဟာစွမ်းအားရှင် (၈) ယောက် သွားရောက်ခဲ့ခြင်း ဖြစ်ရာ သေဆုံးမှု ရှိနိုင်သည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သဖြင့် ထိတ်လန့်စရာ မလိုဟု သူ ယူဆလိုက်၏။
“အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာလည်း အစွမ်းအစ အနည်းငယ်တော့ ရှိတာပဲ... ဒါပေမဲ့ ငါတို့ဂိုဏ်းက နှောင်းပိုင်းအဆင့် မဟာစွမ်းအားရှင် နှစ်ယောက်ကို သတ်ဖို့အတွက် သူတို့ဘက်က အသက်ဘယ်နှချောင်း ပေးဆပ်လိုက်ရလဲ ဆိုတာတော့ မသိဘူး...”
“လီတာအိုချန် တို့ (၃) ယောက်အပြင် မဟာ အကြီးအကဲ ရှုချန် ပါ ပါသွားတာဆိုတော့... သူတို့ဂိုဏ်း တစ်ခုလုံး မျိုးတုန်းလောက်နေပြီ...”
ကျူးကျန့်ရှင်းသည် တုန်လှုပ်မှုကို ထိန်းချုပ်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်လေ၏။
“ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးဖို့အတွက် မဟာစွမ်းအားရှင် နှစ်ယောက်ရဲ့ အသက်နဲ့ လဲလိုက်ရတယ် ဆိုတာ နားထောင်ရ ဆိုးပေမဲ့... တန်တော့ တန်ပါတယ်လေ...”
ယခုအချိန်တွင် သူ၏ အာရုံစိုက်မှု အားလုံးသည် ဝိညာဉ်မီးအိမ်များ အပေါ်၌ ရောက်ရှိနေသည်။
ရလဒ်ကို သူ ကြိုတင် မှန်းဆထားပြီး ဖြစ်သော်လည်း မမျှော်လင့်ထားသော အဖြစ်အပျက်များ မဖြစ်ပေါ်စေရန် ဝိညာဉ်မီးအိမ်များကို မျက်ခြည်မပြတ် စောင့်ကြည့်နေရပေမည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက်... ရုတ်တရက် နောက်ထပ် အသက်မီးလျှံ တစ်ခုသည် ကျူးကျန့်ရှင်း၏ မျက်စိရှေ့မှောက်တွင် ငြိမ်းသတ်သွားလေ၏။ ထိုမီးလျှံသည် သိသိသာသာ ကြီးမားသော မီးလျှံတစ်ခု ဖြစ်ရာ ၎င်းပိုင်ရှင် မဟာစွမ်းအားရှင်သည် သာမန်မဟုတ်ကြောင်း ညွှန်ပြနေသည်။
ကျူးကျန့်ရှင်း မိမိမျက်လုံးကိုယ် မိမိ သံသယ ဝင်သွားမိသည်။
သူသည် မျက်လုံးများကို အားပါပါ ပွတ်သပ်လိုက်ပြီး မူလဝိညာဉ် အာရုံဖြင့် သေချာစွာ ထပ်မံ စစ်ဆေးလိုက်၏။ အတည်ပြုပြီးသွားသောအခါ ယခင်က ထိန်းချုပ်ထားသော တုန်လှုပ်မှုများသည် သူ၏ မျက်နှာပေါ်တွင် အကြောက်တရား အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဘယ်လိုလုပ်ပြီး မဟာ အကြီးအကဲ ရှုချန် ရဲ့ အသက်မီးလျှံ ဖြစ်နေရတာလဲ... သူက ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်လေ...”
ကျူးကျန့်ရှင်း ထခုန်မိသွားသည်။
ယခင်က ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့် နှစ်ယောက်၏ မီးအိမ်များ ငြိမ်းသွားခြင်းကို နားလည်ပေးနိုင်သော်လည်း ယခု မဟာ အကြီးအကဲ ရှုချန်၏ မီးအိမ် ရုတ်တရက် ငြိမ်းသွားခြင်းကမူ ကျူးကျန့်ရှင်းအတွက် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။
အခြားသူ တစ်ယောက်ယောက်နှင့် နေရာလဲပြီး စဉ်းစားကြည့်လျှင်ပင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၈) ယောက်သည် သာမန် အဆင့်မြင့်ဂိုဏ်း တစ်ခုကို သွားရောက် ဖျက်ဆီးရာ၌ အသန်မာဆုံး ပုဂ္ဂိုလ်ကြီး သေဆုံးသွားနိုင်သည် ဆိုသည်ကို မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
ယုတ္တိဗေဒအရ ဆိုလျှင် အားအနည်းဆုံး သူများက အရင် သေဆုံးပြီးမှ အားအကြီးဆုံးသူများ အလှည့် ရောက်သင့်သည် မဟုတ်ပါလော။
သို့သော် မျက်မြင်ကိုယ်တွေ့ အခြေအနေများက ကျူးကျန့်ရှင်းကို အမှန်တရားအား လက်ခံရန် ဖိအားပေးနေပြီ ဖြစ်သဖြင့် သူသည် ဝိညာဉ် ခန်းမဆောင် အတွင်းမှ အလျင်အမြန် ပြေးထွက်သွားပြီး ဂိုဏ်းချုပ်ရှိရာသို့ တန်းတန်းမတ်မတ် သွားရောက်လေတော့သည်။
မကြာမီမှာပင် ကျူးကျန့်ရှင်းသည် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုးချင်တောက် နှင့်အတူ ပြန်ရောက်လာခဲ့သည်။
သူတို့နှစ်ဦး ဝိညာဉ်မီးအိမ်များကို ထပ်မံ ကြည့်ရှုလိုက်ရာ နောက်ထပ် မီးအိမ် နှစ်လုံး ငြိမ်းသွားသည်ကို တွေ့လိုက်ရပြန်သည်။
သူတို့၏ မျက်လုံးများသည် မြင်ကွင်းကို မယုံကြည်နိုင်သကဲ့သို့ ပြူးကျယ်သွားကြလေ၏။
ထိပ်တန်းအဆင့် မဟာစွမ်းအားရှင် (၈) ယောက် အတူတကွ ထွက်ခွာသွားခြင်း ဖြစ်၏။ သူတို့သည် ပေ့ရွှမ်နယ်မြေ တစ်ခုလုံးကို စိတ်ကြိုက် လှည့်လည်သွားလာနိုင်ပြီး မည်သည့်ဂိုဏ်းကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြောင်း ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း အတွင်း၌ လူတိုင်း သိရှိထားကြသည်။
အခြားဂိုဏ်းများ၏ အခြေခံအုတ်မြစ်များ ထွက်ပေါ်လာလျှင်ပင် ထို (၈) ယောက် ပေါင်းစည်းထားသော စွမ်းအားအောက်တွင် အသနားခံ တောင်းပန်ရမည်သာ ဖြစ်၏။
ထို့ကြောင့်လည်း ဂိုဏ်းချုပ် ကျိုးချင်တောက် သည် ထို (၈) ယောက်ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ စေလွှတ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအခါ (၅) ယောက်တိတိ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ကျိုးချင်တောက်၏ အသက်ရှူသံများ ပြင်းထန်လာပြီး ဘေးနားရှိ ကျူးကျန့်ရှင်း မှာမူ အသံပင် မထွက်ရဲတော့ချေ။
ဒါက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း တည်ထောင်ပြီးကတည်းက အကြီးမားဆုံးသော ဆုံးရှုံးမှုကြီး ဖြစ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။
“သူတို့ တကယ်ရော အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွားခဲ့ကြတာ ဟုတ်ရဲ့လား...”
ကျိုးချင်တောက် လက်ခံရန် ခက်ခဲနေပြီး အသံထွက် ပြောလိုက်မိသည်။
ကျူးကျန့်ရှင်း ပြန်မဖြေရဲပေ။ သူကိုယ်တိုင်လည်း မယုံကြည်နိုင် ဖြစ်နေသောကြောင့်ပင်။
ထို မဟာစွမ်းအားရှင် (၈) ယောက်သည် ပေါင်းစည်းခြင်း နယ်ပယ် အစောင့်အရှောက်များ ရှိနေသော အဆင့်မြင့်ဂိုဏ်း တစ်ခုခုသို့ မှားယွင်း သွားရောက်ခဲ့မိခြင်းများ ဖြစ်နေမလား။
ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးများသာလျှင် မဟာ အကြီးအကဲ ရှုချန် ကဲ့သို့သော ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်မည် ဖြစ်၏။
ကျိုးချင်တောက် သည် အခြေအနေ၏ လေးနက်မှုကို သိရှိလိုက်၏။ ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့်လည်းကောင်း၊ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး ကျိုးထျန်းဇီ ၏ မျိုးဆက် တစ်ယောက် အနေဖြင့်လည်းကောင်း သူသည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
ထိပ်တန်း မဟာစွမ်းအားရှင် (၈) ယောက် ဆိုသည်မှာ သူတို့ဂိုဏ်း အင်အား၏ ထက်ဝက်တိတိ ဖြစ်၏။ ကျန်ရှိနေသော ထက်ဝက်မှာ အားနည်းသူများ ဖြစ်သော်လည်း အရေအတွက် များပြားသည်။ ဂိုဏ်းချုပ် ကျိုးချင်တောက် အပြင် အခြား (၁၅) ယောက် ရှိသေးသည်။
လက်ရှိတွင် လီတာအိုချန်နှင့် သူ၏ ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့် (၂) ယောက်၏ မီးအိမ်များ လင်းနေဆဲ ဖြစ်သော်လည်း မဟာ အကြီးအကဲ ရှုချန် ပင်လျှင် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူတို့လည်း...
ကျိုးချင်တောက် သည် လူစုရန် ဆုံးဖြတ်လိုက်၏။ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရှိ မဟာစွမ်းအားရှင် အားလုံးကို ဝိညာဉ် ခန်းမဆောင် သို့ ဆင့်ခေါ်လိုက်ပြီး ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်စေရန် ရည်ရွယ်လိုက်၏။
ထို (၈) ယောက်ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ စေလွှတ်ခြင်းသည် သူတစ်ယောက်တည်း၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ မဟာစွမ်းအားရှင် အားလုံး ပူးပေါင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်၏။
မကြာမီမှာပင် မဟာစွမ်းအားရှင် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။
ဝိညာဉ် ခန်းမဆောင် အတွင်း၌ မဟာစွမ်းအားရှင် (၁၆) ယောက်သည် လီတာအိုချန်နှင့် အခြားနှစ်ယောက်၏ ဝိညာဉ်မီးအိမ်များကို စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများသည် တဖြည်းဖြည်း မည်းမှောင်လာကြလေ၏။
ရုတ်တရက်... အသက်မီးလျှံ နှစ်ခုသည် လေပြင်းတိုက်ခတ် ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားပြီး မီးခိုးငွေ့များသာ ကျန်ရစ်တော့သည်။
မဟာစွမ်းအားရှင် (၁၆) ယောက်၏ မျက်နှာများ ချက်ချင်း အေးခဲသွားကြသည်။
သူတို့၏ အာရုံစိုက်မှုသည် နောက်ဆုံး ကျန်ရစ်သော တစ်ယောက်၏ အသက်မီးလျှံပေါ်သို့ ရောက်ရှိသွားသည်။ ထိုသူကား လီတာအိုချန် ပင်တည်း။
အခန်း (၆၁၄) - ရန်သူ့တံခါးဝသို့ စစ်ဆင်ခြင်း (အပိုင်း ၃)
~အသက်မီးလျှံသည် တောက်ပနေသေးသော်လည်း ၎င်း၏ ယိုယွင်းပျက်စီးလာသော လက္ခဏာများကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နေကြရသည်။
မကြာမီမှာပင် ထင်မှတ်ထားသည့်အတိုင်း လီတာအိုချန်၏ အသက်မီးလျှံသည် တစ်စုံတစ်ယောက်က မီးစကို လက်ဖြင့် ချေမွလိုက်သကဲ့သို့ ရုတ်တရက် ငြိမ်းသတ်သွားလေတော့သည်။
ဝိညာဉ် ခန်းမဆောင် အတွင်း၌ မဟာစွမ်းအားရှင် (၁၆) ယောက်တို့သည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ သို့သော် မမြင်နိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် ခန်းမအတွင်းမှ ပြန့်နှံ့ထွက်ပေါ်လာပြီး အပြင်ဘက် ခန်းမဆောင်၌ အစစ်အမှန် အမွေခံများ၏ ဝိညာဉ်မီးအိမ်များကို စောင့်ကြပ်နေကြသော တပည့်များကို သေလုမတတ် ကြောက်ရွံ့သွားစေသည်။
ဂိုဏ်းချုပ် ကျိုးချင်တောက် သည် သူ စကားပြောမှ ဖြစ်တော့မည်ကို သိလိုက်၏။
သူသည် ခက်ခဲစွာဖြင့် ပါးစပ်ဟလိုက်ပြီး မေးလိုက်လေ၏။
“အကြီးအကဲတို့... ဘယ်လို မြင်ကြသလဲ...”
သူ့ဘေးနားရှိ အကြီးအကဲ ကျူးကျန့်ရှင်း မှာမူ အသံပင် မထွက်ရဲတော့ချေ။
သို့သော် အခြား အကြီးအကဲ တစ်ယောက်က ဝင်ပြောလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော့်အမြင် ပြောရရင် သူတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွားခဲ့တာ သေချာပေါက် မဟုတ်ဘူး... ဒါက ကျွန်တော်တို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို သက်သက်မဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ လက်ချက်ပဲ ဖြစ်ရမယ်...”
မဟာစွမ်းအားရှင် (၁၆) ယောက်စလုံး နီးပါး ခေါင်းငြိမ့် ထောက်ခံလိုက်ကြသည်။
သို့သော် အကယ်၍သာ ဤအချက် မှန်ကန်ခဲ့လျှင် ပြဿနာကြီးပြီ ဖြစ်၏။
ပေ့ရွှမ်နယ်မြေ တစ်ခုလုံးတွင် မည်သူက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ပစ်မှတ်ထားရဲသနည်း။ တောင်ပိုင်း အစစ်အမှန်နယ်မြေ မှ ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီးများက တိတ်တဆိတ် ပူးပေါင်းပြီး ပေ့ရွှမ်နယ်မြေကို ကျူးကျော်ရန် ကြံစည်နေကြခြင်းလော။
ထိုအချိန်တွင် မဟာစွမ်းအားရှင် တစ်ယောက်က ရုတ်တရက် ပြောလိုက်၏။
“ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားတွေကို အရင် စစ်ဆေးကြည့်ရအောင်... သူတို့ (၈) ယောက်ဆီက ဘာသတင်းမှ မရဘူးလား...”
မဟာစွမ်းအားရှင် အားလုံးသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားများကို အလျင်အမြန် ထုတ်ယူလိုက်ကြသည်။ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းတွင် မဟာစွမ်းအားရှင် အများအပြား ရှိကြပြီး ထိုအထဲမှ အတော်များများသည် သေဆုံးသွားသော (၈) ယောက်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြသူများ ဖြစ်၏။
သို့သော် နောက်တစ်စက္ကန့်တွင် အားလုံးက ခေါင်းခါပြလိုက်ကြသည်။ သူတို့ထံမှ မည်သည့်သတင်းစကားမျှ မရရှိကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်၏။
“နှမြောစရာ ကောင်းလိုက်တာ... သူတို့ ကျဆုံးသွားတာတောင် သတင်းတစ်ခွန်းမှ ပြန်မပို့နိုင်ခဲ့ကြဘူး... ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ...”
အမှန်စင်စစ်တွင် ဒါက ထို (၈) ယောက်၏ အပြစ် မဟုတ်ပေ။ လီတာအိုချန်နှင့် အဖွဲ့သည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်ကာ အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲသို့ ဗြောင်ကျကျ ဝင်ရောက်သွားခဲ့ကြခြင်း ဖြစ်၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ သတ်ဖြတ်ခြင်း ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း သည် ထိုနေ့တွင် ချက်ချင်း အလုပ်မလုပ်ခဲ့သော်လည်း ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့သည့် အခင်းအကျင်းမှာမူ လျင်မြန်စွာ ပွင့်သွားခဲ့သည်။
ဓားဘိုးဘေးကြီးက လူနှစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသောအခါ အကန့်အသတ်မဲ့ ဓားဂိုဏ်း အကြီးအကဲ တစ်ယောက်က ပြင်ပ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန် အခင်းအကျင်းကို ချက်ချင်း ဖွင့်လိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် နောက်ပိုင်းတွင် လီတာအိုချန်တို့ အဖွဲ့ သတင်းပို့ချင်လျှင်ပင် ပို့၍ မရနိုင်တော့ချေ။
မဟာစွမ်းအားရှင် (၁၆) ယောက်သည် မျက်မှောင်ကြီးများ ကြုတ်ထားကြပြီး ဘာဖြစ်သွားမှန်း မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေကြသည်။
“လောလောဆယ်တော့... အကန့်အသတ်မဲ့ ဓားဂိုဏ်း ဘက်က အခြေအနေကို စုံစမ်းကြည့်တာ အကောင်းဆုံးပဲ...”
ဟု မဟာစွမ်းအားရှင် တစ်ယောက်က အကြံပြုလိုက်၏။
ထို့ကြောင့် သူတို့အားလုံးသည် ပြင်ပမှ တပည့်များ သို့မဟုတ် အခြားဂိုဏ်းများကို ဆက်သွယ်ပြီး သတင်းအချက်အလက် စုဆောင်းရန် ကြိုးစားလိုက်ကြသည်။
နေ့ဝက်ခန့် ကြာပြီးမှသာ သတင်းအချက်အလက် အချို့ တဖြည်းဖြည်း ရောက်ရှိလာလေ၏။ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ အခမ်းအနား ပြီးဆုံးပြီး အခြားဂိုဏ်းများ ပြန်လည် ထွက်ခွာလာချိန်နှင့် တိုက်ဆိုင်နေသည်။
သို့သော် ဤမျှ ကြီးမားသော အဖြစ်အပျက်ကို သက်ဆိုင်ရာ ဂိုဏ်းချုပ်များထံသို့သာ ဦးစွာ တင်ပြရမည် ဖြစ်သဖြင့် မည်သူမျှ သတင်းများကို ပေါက်ကရ ဖြန့်ဝေရဲခြင်း မရှိကြပေ။
ထို့ကြောင့် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင်များထံသို့ သတင်းရောက်ရှိချိန်တွင် နေ့ဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ပင်မ ခန်းမဆောင်။
သတင်းများကို လက်ခံရရှိလိုက်သောအခါ မဟာစွမ်းအားရှင် (၁၆) ယောက်စလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြတော့သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ပါရမီရှင် ဓားဘိုးဘေးကြီး ပြန်လည် ထွက်ပေါ်လာပြီး... ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့် နှစ်ယောက်ကို ချက်ချင်း သတ်ဖြတ်လိုက်တယ် တဲ့...”
“ဂိုဏ်းချုပ်သစ် နင်ချီက နှစ်သန်းပေါင်းများစွာမှ တစ်ယောက် ပေါ်ထွန်းမယ့် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပြီး... ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသလို... ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင် တစ်ယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်လိုက်တယ် တဲ့...”
“နင်ချီ တစ်ယောက်တည်းက မဟာစွမ်းအားရှင် (၁၁) ယောက်ကို သတ်ဖြတ်လိုက်တာပါ တဲ့...”
ပြန်လည် ရောက်ရှိလာသော သတင်းအချက်အလက်များသည် တောင်ပိုင်း အစစ်အမှန်နယ်မြေမှ ထိပ်တန်းဂိုဏ်းကြီးများ ပူးပေါင်း တိုက်ခိုက်သည် ဆိုသော အချက်ထက်ပင် လက်ခံရန် ခက်ခဲနေဖြစ်ပါ၏။
သို့သော် အမှန်တရားသည် အမှန်တရားသာ ဖြစ်၏။ လက်ခံရန် မည်မျှပင် ခက်ခဲပါစေ သူတို့ နှာခေါင်းပိတ်ပြီး အသိအမှတ်ပြုလိုက်ရုံသာ ရှိတော့သည်။
ခဏတာမျှ ပင်မ ခန်းမဆောင်ကြီး တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း၏ ရင်ထဲတွင် တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ လေးလံနေကြသည်။ ထိပ်တန်း မဟာစွမ်းအားရှင် (၈) ယောက် ဆုံးရှုံးလိုက်ရခြင်းသည် သူတို့အတွက် သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ကိစ္စဖြစ်၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်မှ အခြေအနေသည် ပို၍ပင် လက်ခံနိုင်စရာ မရှိပေ။
“ဂိုဏ်းချုပ်...”
ကျိုးချင်တောက် သည် ငိုင်ကျနေရာမှ သတိဝင်လာပြီး စကားပြောလိုက်သူကို အကြည့် ပို့လွှတ်လိုက်သည်။
ထိုသူက ပြောလိုက်၏။
“အခုအချိန်မှာ တစ်ခုတည်းသော နည်းလမ်းကတော့ ဘိုးဘေးကြီးကို တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာဖို့ ပန်ကြားတာပါပဲ... အကန့်အသတ်မဲ့ ဓားဂိုဏ်းသာ ဆက်ပြီး ကြီးထွားလာရင်... ကျွန်တော်တို့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းအတွက် အန္တရာယ် ကြီးမားပါတယ်...”
ကျိုးချင်တောက် မျက်မှောင်ကြုတ်လိုက်၏။
“ဒါပေမဲ့ ဘိုးဘေးကြီးက မနေ့ကမှ ပြန်ရောက်တာ... ပြီးတော့ ကျန်းမာရေး သိပ်ကောင်းပုံ မရဘူး... ဂိုဏ်းကို တိုက်ခိုက်မလာသရွေ့ သူ့ကို မနှောင့်ယှက်နဲ့... ကိုယ့်ဘာသာ ဆုံးဖြတ်ကြလို့ မှာထားတယ်...”
မဟာစွမ်းအားရှင် အားလုံးသည် ဘိုးဘေးကြီး ကျိုးထျန်းဇီ ၏ ဂရုမစိုက်တတ်သော သဘာဝကို နားလည်ကြသည်။ သူ၏ မျိုးဆက်ရင်းများမှလွဲ၍ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရှိ အခြားသူများကို သာမန်အချိန်များတွင် သူ တန်ဖိုးထားလေ့ မရှိပေ။
ချူရှောင်ထျန်း နှင့် အဖွဲ့ နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ သို့ သွားရောက်စဉ်ကမှ ဘိုးဘေးကြီးသည် ချူရှောင်ထျန်းကို တွေ့ဆုံခဲ့ပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အစစ်အမှန် အမွေခံများကို သတ်ဖြတ်ရန်နှင့် သဟဇာတဖြစ်ခြင်း နက်ရှိုင်းသော စွမ်းရည် ကို ရှာဖွေရန် ညွှန်ကြားခဲ့ခြင်း ဖြစ်၏။
မထင်မှတ်ထားသည်မှာ ချူရှောင်ထျန်းသည် နင်ချီ လက်ချက်ဖြင့် သေဆုံးသွားခဲ့သော်လည်း ကျိုးထျန်းဇီ သည် ဂရုမစိုက်တော့ချေ။
သတင်းရရှိချိန်တွင် သူသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ရှင်းလင်းရန် ညွှန်ကြားခဲ့ပြီး၊ သူကိုယ်တိုင်မှာမူ ပျက်စီးသွားသော လျှို့ဝှက်နယ်မြေ သို့ သွားရောက်ကာ တစ်ကိုယ်တော် ကျင့်ကြံသူ ဖူချန် ကို ရှာဖွေပြီး တန်ဖိုးဖြတ်မရနိုင်သော သဟဇာတဖြစ်ခြင်း နက်ရှိုင်းသော စွမ်းရည် ကို ရယူကာ တသားတည်းဖြစ်ခြင်း နယ်ပယ် သို့ အမြန်ဆုံး တက်လှမ်းရန် ကြိုးစားခဲ့သည်။
ကျိုးချင်တောက် သည် ကျိုးထျန်းဇီ၏ မျိုးဆက်ဖြစ်သဖြင့် အခြားသူများထက် ပိုမို သိရှိထားသည်။
ကျိုးထျန်းဇီ၏ ခရီးစဉ်တွင် ကောင်းကင်ကြယ်တာရာ အဆင့်မြင့်ဂိုဏ်းမှ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီး တစ်ပါးနှင့် အနည်းငယ် ယှဉ်ပြိုင်ခဲ့ရခြင်းလည်း ပါဝင်သည်။
ကျိုးထျန်းဇီ သည် သဟဇာတဖြစ်ခြင်း နက်ရှိုင်းသော စွမ်းရည် ကို ရှာမတွေ့ခဲ့သည့်အပြင် ကောင်းကင်ကြယ်တာရာ အဆင့်မြင့်ဂိုဏ်းမှ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးနှင့် ယှဉ်ပြိုင်ရာတွင် အနည်းငယ် အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း တံခါးပိတ် ကျင့်ကြံခဲ့ပြီး မည်သူမျှ မနှောင့်ယှက်ရန် မှာကြားခဲ့ခြင်း ဖြစ်၏။
ပင်မ ခန်းမဆောင် အတွင်း၌...
ကျန်ရှိနေသော မဟာစွမ်းအားရှင် (၁၅) ယောက်သည် ထိုစကားကို ကြားလိုက်ရသဖြင့် ဆက်လက် ပြောဆိုနိုင်စွမ်း မရှိတော့ပေ။
သူတို့သည် ဗျူဟာများစွာ ဆွေးနွေးခဲ့ကြသော်လည်း နောက်ဆုံးတွင် တစ်ညီတစ်ညွတ်တည်းသော အဖြေတစ်ခု ထွက်ပေါ်လာသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဖျက်ဆီးရန် နောက်တစ်ကြိမ် လူစုသင့်သလော။
လူအင်အား အရ ထက်ဝက်ခန့် သာလွန်နေသော်လည်း သူတို့တွင် ယုံကြည်မှု မရှိတော့ပေ။
ထို့ပြင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ဖွင့်လှစ်ထားပြီး ဖြစ်ပေလိမ့်မည်။ ယခင်က မဟာစွမ်းအားရှင် (၈) ယောက်သည် ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ အခမ်းအနား ကျင်းပချိန်တွင် အခင်းအကျင်း ခေတ္တ ပိတ်ထားမည့် အချိန်ကို ရွေးချယ်ပြီး ဝင်ရောက်ခဲ့ကြခြင်း ဖြစ်၏။
သို့မဟုတ်ပါက ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ရှိနေသမျှ ကာလပတ်လုံး သူတို့ မည်မျှပင် စွမ်းအားကြီးပါစေ ဘိုးဘေးကြီး ဝင်ရောက် တိုက်ခိုက်ခြင်း မပြုလျှင် ဖောက်ထွက်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် နောက်ဆုံးတွင် လူတိုင်းသည် ဂိုဏ်းချုပ် ကျိုးချင်တောက် ကိုသာ ပြန်လည် ကြည့်လိုက်ကြသည်။ ဘိုးဘေးကြီးက မနှောင့်ယှက်နဲ့လို့ မှာထားခဲ့ရင်တောင်မှ... သူ့ကို တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာအောင် ဖိတ်ခေါ်မှ ဖြစ်တော့မည်။
ထို့နောက် အားလုံးသည် ကျိုးထျန်းဇီ တံခါးပိတ် ကျင့်ကြံနေသော နေရာသို့ ထွက်ခွာလာခဲ့ကြလေတော့သည်။
အခန်း (၆၁၅) - ရန်သူ့တံခါးဝသို့ စစ်ဆင်ခြင်း (အပိုင်း ၄)
~ဂိုဏ်းချုပ် ကျိုးချင်တောက် သည် ကာကွယ်ရေး အခင်းအကျင်းကို လှုံ့ဆော်လိုက်လေ၏။ ဘိုးဘေးကြီးသည် ထို အခင်းအကျင်း အတွင်း၌ ရှိနေသည်မှာ သေချာလှသည်။
သို့သော် သူ မည်မျှပင် လှုံ့ဆော်ပါစေ၊ အတွင်းဘက်ရှိ ကျိုးထျန်းဇီ ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
မဟာစွမ်းအားရှင် တစ်ယောက်က ထင်ကြေးပေးလိုက်၏။
“ဘိုးဘေးကြီးက သေခြင်းတရား ဝင်ရောက်ခြင်း အဆင့်ကို ရောက်နေတာများလား...”
“တစ်ရက်ပဲ ရှိသေးတာလေ... သေခြင်းတရား ဝင်ရောက်ခြင်း အဆင့်ကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ရင်တောင် ဒီလောက် မြန်မြန် ဖြစ်နိုင်ပါ့မလား...”
“ဒါဆိုရင် ဘိုးဘေးကြီးက ငါတို့ကို တမင် ရှောင်နေတာလား...”
မဟာစွမ်းအားရှင် (၁၆) ယောက်မှာ ချက်ချင်းပင် မျှော်လင့်ချက်မဲ့သွားကြတော့သည်။
သေစမ်း... သူတို့ တကယ်ပဲ လက်လျော့လိုက်ချင်ပြီ။ ဂိုဏ်းချုပ် ကျိုးချင်တောက် ၏ မျက်နှာသည်လည်း မည်းမှောင်နေသတည်း။ သူ၏ မျိုးဆက်ရင်း ကိုယ်တိုင် ရောက်လာတာတောင်မှ ဘိုးဘေးကြီးက ထွက်မတွေ့ဘူး ဆိုတော့ ဒါက သူ့မျိုးဆက်ကို လျစ်လျူရှုရာ မရောက်လွန်းဘူးလား။
ကျိုးချင်တောက် တွင် ရွေးချယ်စရာ မရှိတော့သဖြင့် ကာကွယ်ရေး အခင်းအကျင်းကို မရပ်မနား ဆက်တိုက် လှုံ့ဆော်နေလိုက်၏။ အခြား မဟာစွမ်းအားရှင် များမှာမူ ထိုသို့ လုပ်ဆောင်ရဲသော သတ္တိ မရှိကြပေ။
ကာကွယ်ရေး အခင်းအကျင်း ပေါ်တွင် စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ပြန့်နှံ့သွားပြီး တဖြည်းဖြည်း ပိုမို ထူပြောလာသည်။
လက်ရှိတွင် ကျိုးချင်တောက် ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော် ဤ ကာကွယ်ရေး အခင်းအကျင်းကို လှုံ့ဆော်ရသည်မှာ သူ့နဖူးပေါ်တွင် ချွေးစများ ပြန်လာစေသည်။
နောက်ဆုံးတွင် အကြိမ်ပေါင်း မည်မျှ ကြိုးစားပြီးမှန်း မသိတော့သော အချိန်၌ ကာကွယ်ရေး အခင်းအကျင်း ပွင့်ဟသွားခဲ့လေ၏။
အတွင်းဘက်မှ လူရိပ်တစ်ခု လမ်းလျှောက် ထွက်လာသည်။ ထိုသူ၏ အရပ်အမောင်းမှာ ပုသေးသော်လည်း သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် လူတိုင်း၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုအဘိုးအို၏ မျက်လုံးများတွင် နတ်ဘုရား အလင်းရောင်များ တောက်ပနေပြီး လူအုပ်ကြီးကို အကြည့် ပို့လွှတ်လိုက်ရာ ဓားသွားဖြင့် မွှန်းလိုက်သကဲ့သို့ စူးရှနေလေ၏။
“ဂိုဏ်းကို တိုက်ခိုက်လာသူ မရှိသရွေ့ ငါ့ကို မနှောင့်ယှက်နဲ့လို့ ငါ ပြောထားတယ် မဟုတ်လား... အခု မင်းတို့ ဘာလုပ်ကြမလို့လဲ...”
လူအုပ်ကြီးသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် ချလိုက်ကြသည်။
ဂိုဏ်းချုပ် ကျိုးချင်တောက် သည် အဖြစ်အပျက် အားလုံးကို ဘိုးဘေးကြီး ကျိုးထျန်းဇီ ထံသို့ ချက်ချင်း တင်ပြလိုက်လေ၏။
အကြောင်းစုံကို ကြားသိလိုက်ရသောအခါ ကျိုးထျန်းဇီ ၏ ကိုယ်ခန္ဓာမှ ကြယ်တာရာများ ကြွေကျလာသကဲ့သို့ ဖြစ်သွားပြီး ရုတ်တရက် အမျက်ဒေါသများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“တိုက်တိုက်ဆိုင်ဆိုင် ငါကလည်း စိတ်အခြေအနေ သိပ်မကောင်း ဖြစ်နေတာ... ပေ့ရွှမ်နယ်မြေ ထဲမှာ ငါ့ကို ဒီလောက် ဒေါသထွက်အောင် လုပ်ရဲတဲ့ကောင် မပေါ်လာတာ တော်တော် ကြာပြီပဲ...”
“ဒီနေ့... အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို နမူနာအနေနဲ့ သုံးပြီး... ငါ့ရဲ့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ကို စော်ကားရင် ဘာဖြစ်သွားမလဲ ဆိုတာ ဂိုဏ်းအားလုံး သိအောင် ပြရမယ်...”
“ဘိုးဘေးကြီး သဘောအတိုင်းပါခင်ဗျာ...”
ဘိုးဘေးကြီးက အကန့်အသတ်မဲ့ ဓားဂိုဏ်းကို အရေးယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ လူအုပ်ကြီးသည် ဘိုးဘေးကြီး နောက်သို့ လိုက်ပါရန်အတွက် လူအင်အား စီစဉ်ကြတော့သည်။ သူတို့သည် အသင့်ပြင်ဆင်ထားရမည် ဖြစ်ပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ၏ ကြီးကျယ်ခမ်းနားသော စစ်တပ်ကြီး အသွင်ဖြင့် ချီတက်ရမည် ဖြစ်၏။
သူတို့သည် ကျိုးထျန်းဇီ ၏ တံခါးပိတ် ကျင့်ကြံရာ နေရာမှ ပျံသန်းထွက်ခွာလာစဉ်မှာပင်...
ရုတ်တရက် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း တစ်ခုလုံး၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း သည် ပြင်းထန်စွာ တုန်ခါသွားလေ၏။
လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ချက်ချင်း ပြည့်နှက်သွားကြသည်။ ဘိုးဘေးကြီး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်ကို မမြင်ကြဘူးလော။ ဒီအချိန်ကျမှ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ကို လာရောက် ပြဿနာရှာရဲသောသူ ရှိသေးသည်လား။
အားလုံးသည် တောင်တံခါးဝ ရှိရာသို့ ချက်ချင်း ပျံသန်းသွားကြလေ၏။
ကျိုးထျန်းဇီ ကမူ လိုက်ပါသွားခြင်း မရှိပေ။ သူ၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်း အရ လာရောက်သူ ဘယ်သူဘယ်ဝါမှန်း အတည်မပြုရသေးဘဲ ဂျူနီယာများကဲ့သို့ ကပျာကယာ ပြေးထွက်သွားရန် မသင့်တော်ချေ။ ထိုသို့ ပြုလုပ်ခြင်းသည် သူကဲ့သို့ ပုဂ္ဂိုလ်ကြီး တစ်ယောက်အတွက် အခြေအနေမငြိမ်မသက် ဖြစ်လွန်းရာ ရောက်ပေလိမ့်မည်။
သို့သော်ငြားလည်း ကျိုးထျန်းဇီ ၏ မျက်နှာထားသည် အလွန်အမင်း အေးစက်နေလေ၏။
ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ၏ တုန်ခါမှု အရှိန်အဟုန်ကို ကြည့်ရသည်မှာ ကောင်းကင် ကြယ်တာရာ အဆင့်မြင့်ဂိုဏ်း က ကောင်တွေများ မကျေနပ်နိုင်သေးဘဲ ထပ်ရောက်လာကြပြန်ပြီလား။
တကယ်လို့ အဲဒီလိုသာ ဟုတ်ခဲ့ရင် ဒါက တော်တော် လွန်လွန်းနေပြီ။
သို့သော်... တောင်တံခါးကြီး ပွင့်သွားချိန်တွင်...
လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာသူမှာ စိမ်းသက်နေသော အဘိုးအို တစ်ဦး ဖြစ်နေသည်။
ထိုအဘိုးအို၏ ဝတ်စားဆင်ယင်မှုသည် ရှေးကျလွန်းပြီး ဟောင်းနွမ်းနေသဖြင့် သင်္ချိုင်းဂူထဲမှ အခုလေးတင် တွားသွား ထွက်လာသူ တစ်ယောက်နှင့် တူနေ၏။
“ခင်ဗျား ဘယ်သူလဲ...”
ရောက်လာသူမှာ သဘာဝကျကျပင် ရုပ်ဖျက်ထားသော နင်ချီ ဖြစ်ပါသည်။
လူအများအပြား ဤမျှ လျင်မြန်စွာ ရောက်ရှိလာကြသည်ကို မြင်လိုက်ရသဖြင့် သူ အနည်းငယ် အံ့အားသင့်သွားသည်။
သေချာကြည့်လိုက်သောအခါ မဟာစွမ်းအားရှင် တစ်ဒါဇင်ကျော် ပါဝင်ပြီး ရေတွက်၍ မရနိုင်သော အစစ်အမှန် အမွေခံ များစွာလည်း လာနေကြသည်ကို တွေ့လိုက်ရ၏။
နင်ချီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူက ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ကို တိုက်ခိုက်လိုက်ရုံဖြင့် ဤမျှ လူအင်အား အများအပြား ချက်ချင်း စုဝေးရောက်ရှိလာရန် မဖြစ်နိုင်ပေ။ ဒါက ကြိုတင် စီစဉ်ထားသော စစ်တပ်ကြီး တစ်ခု ဖြစ်ကြောင်း ထင်ရှားလှလေ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို သွားရောက် တိုက်ခိုက်မည့် ကိစ္စမှလွဲ၍ ဤမျှ လူအင်အား အများအပြား စုဆောင်းစရာ အခြား အကြောင်းပြချက် မရှိနိုင်ချေ။
နင်ချီ သက်ပြင်းချလိုက်မိသည်။ အချိန်မီ ရောက်လာခဲ့သည်မှာ ကံကောင်းလေစွ။
နင်ချီက အဘိုးအို၏ လေသံဖြင့် ပြောလိုက်၏။
“မင်းတို့ ဘိုးဘေးကြီးကို တွေ့တာတောင် ဒူးထောက်ပြီး မကြိုဆိုကြဘူးလား...”
မဟာစွမ်းအားရှင် တစ်ဒါဇင်ကျော် မှင်သက်သွားကြသည်။
“ဘိုးဘေးကြီး...”
ဒီ စိမ်းသက်နေတဲ့ အဘိုးအိုက သူ့ကိုယ်သူ သူတို့ရဲ့ ဘိုးဘေးကြီး လို့ ပြောနေပါလား။ ဒီလူ ရူးနေတာများလား။
“ဟေ့ကောင် အရူး... မင်း ပေါက်ကရတွေ ဆက်ပြောနေမယ် ဆိုရင် ငါတို့ မင်းကို အသားစဉ်းလိုက်ရလိမ့်မယ်...”
“ငါ သင်ပေးခဲ့တဲ့ ဟင်းလင်းပြင် နတ်ဘုရား ဝိညာဉ် သန့်စင်ခြင်း နည်းစနစ် အစစ်အမှန်ကို မင်းတို့အားလုံး ကျင့်ကြံနေကြတယ် မဟုတ်လား... အဲဒီ နည်းစနစ်ရဲ့ မူလအစကို မင်းတို့ မသိကြဘူးလား... ကျိုးထျန်းဇီ က မင်းတို့ကို မပြောပြထားဘူးလား...”
မဟာစွမ်းအားရှင်များ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။
ဒီ စိမ်းသက်နေတဲ့ အဘိုးကြီးက တော်တော် ရဲတင်းတာပဲ။ သူတို့ ကျင့်ကြံနေတဲ့ ဟင်းလင်းပြင် နတ်ဘုရား ဝိညာဉ် သန့်စင်ခြင်း နည်းစနစ် က သူ သင်ပေးခဲ့တာပါ လို့ ပြောနေပါလား။
အမှန်တကယ်တွင် သူတို့အားလုံး ထိုပညာရပ်ကို ကျင့်ကြံကြသည် မှန်သော်လည်း ကျိုးထျန်းဇီ ထံမှသာ ရရှိခဲ့ခြင်း ဖြစ်ပြီး အခြား မည်သူကမျှ လက်ဆင့်ကမ်းခဲ့ခြင်း မရှိပေ။
သို့သော် နင်ချီသည် တိုက်ရိုက်ပင် လှုပ်ရှားလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ပေပေါင်း (၄၀) ခန့် ရှည်လျားသော စွမ်းအားရှင် မူလဝိညာဉ် ဓားကြီး တစ်လက်သည် သူ့ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ဖွဲ့စည်း ဖြစ်ပေါ်လာသည်။ စည်းမျဉ်းများ စုဝေးနေသော ထိုဓားကြီးဖြင့် တစ်ချက်တည်း ဝှေ့ယမ်း ပိုင်းချလိုက်လေ၏။
ဟင်းလင်းပြင် တစ်ခုလုံး ချက်ချင်း ကွဲအက်သွားပြီး ပြန်လည် တုံ့ပြန်ချိန် မရလိုက်သော မဟာစွမ်းအားရှင် (၃) ယောက်သည် ဓားအောက်တွင် ချက်ချင်း ပြတ်ပိုင်း သေဆုံးသွားကြလေ၏။
အခြား မဟာစွမ်းအားရှင်များ ထိတ်လန့်သွားကြသည်။ မဟာစွမ်းအားရှင် (၃) ယောက် သေဆုံးသွားခြင်းထက် ဤဓားချက်က သူတို့ကို ပိုမို တုန်လှုပ်စေသည်။ အကြောင်းမှာ ဤဓားကွက်သည် သူတို့၏ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ပိုင် စစ်မှန်သော ပညာရပ် ဖြစ်နေသောကြောင့်ပင်။
ပို၍ ကြောက်စရာ ကောင်းသည်မှာ ဤမျှ ကြီးမားသော မူလဝိညာဉ် ဓားကြီး မျိုးကို သူတို့ထဲမှ မည်သူမျှ ဖန်တီးနိုင်စွမ်း မရှိသလို၊ ဘိုးဘေးကြီး ကျိုးထျန်းဇီ ပင်လျှင် ဤအဆင့်ထိ မရောက်နိုင်ချေ။
သူတို့သည် ဟင်းလင်းပြင် နတ်ဘုရား ဝိညာဉ် သန့်စင်ခြင်း နည်းစနစ် ကို ကျင့်ကြံလာသည်မှာ ကြာပြီဖြစ်၍ ၎င်း၏ စွမ်းအားကို ကောင်းစွာ သိရှိကြသည်။
ယခု အဘိုးအို ထုတ်ဖော်လိုက်သော ပညာရပ်သည် သူတို့ထက် ပိုမို ပြည့်စုံပြီး သန့်စင်နေသည်မှာ ထင်ရှားလှသည်။ မူလ ဖန်တီးရှင် တစ်ယောက်၏ လက်ရာနှင့်ပင် တူနေလေ၏။
ဖြစ်နိုင်တာက... ဒီလူက ဟင်းလင်းပြင် နတ်ဘုရား ဝိညာဉ် သန့်စင်ခြင်း နည်းစနစ် ကို ဖန်တီးခဲ့တဲ့ ဘိုးဘေးကြီး အစစ်များလား...
မဟာစွမ်းအားရှင် တစ်ယောက်က တုန်ရီစွာဖြင့် မေးလိုက်၏။
“စီနီယာ ဘိုးဘေးကြီးရဲ့ နာမည်နာမကို သိခွင့်ရမလားခင်ဗျာ... ဘိုးဘေးကြီး ကျိုးထျန်းဇီ လည်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပါပြီ... ကျွန်တော်တို့ သူ့ကို အကြောင်းကြားပေးပါ့မယ်...”
သူသည် လေးစားသမှုဖြင့် ဟန်ဆောင် ပြောဆိုလိုက်သော်လည်း တကယ်တမ်းတွင် ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိသော ကျိုးထျန်းဇီ ထွက်လာပြီ ဖြစ်ကြောင်း ပြောဆိုပြီး နင်ချီကို ခြိမ်းခြောက်လိုက်ခြင်းတည်း။
မထင်မှတ်ထားသည်မှာ နင်ချီသည် သူ၏ မုတ်ဆိတ်ရှည်ကြီးကို သပ်လိုက်ပြီး ပြောလိုက်လေသည်။
“ငါ့နာမည်က သခင်ကြီး ဇန်ရွှမ်... သွား... ကျိုးထျန်းဇီ ကို သွားပြောလိုက်... ဟိုးအရင်တုန်းက ငါ့ရဲ့ ဂူသင်္ချိုင်းရှေ့မှာ သူ အပေါ့သွားခဲ့တာကို မှတ်မိသေးလား လို့... အခု ဒီဘိုးဘေးကြီး ပြန်လည် မွေးဖွားလာပြီ ဆိုတော့... သူ လာပြီး ဂါရဝ ပြုသင့်တယ် မဟုတ်လား…”