← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း ( ၁၀၁ ) – ရုပ်ဆိုးသော ဓာတ်ပုံများ

"ကျွန်မ... အခုတော့ အရမ်းရှုပ်ထွေးနေပြီ..."

"ဆုံးဖြတ်ချက်ချဖို့ မလောပါနဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပြီး ဒါကိုလုပ်ရင် နောင်တရမလားဆိုတာ စဉ်းစားကြည့်ပါဦး။"

ဘာပဲပြောပြော ရှန်းတန်သည် နောင်တွင် မြောင်မြောင်၏ ယောင်းမ ဖြစ်လာတော့မည် ဖြစ်ပြီး သူတို့သည် ဂိမ်းထဲတွင် သူငယ်ချင်းများအဖြစ် အချိန်အတော်ကြာ အတူဆော့ကစားခဲ့ကြဖူးသည်ဖြစ်ရာ ရှန်းတန်သည် မြောင်မြောင် နောင်တရခြင်း သို့မဟုတ် နောင်တွင် သူတို့နှစ်ဦးကြား ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်းကို မလိုလားခဲ့ပါ။

သူမသည် မြောင်မြောင်နှင့် နောက်ထပ် တစ်ပွဲ ဆော့လိုက်သည်။ မြောင်မြောင်သည် ဂိမ်းဆော့ရန် စိတ်မပါပုံရပြီး ကောင်းကောင်းမွန်မွန် မဆော့နိုင် ဖြစ်နေခဲ့သည်။ ထိုအရာကိုမြင်သော ရှန်းတန်က မြောင်မြောင်ကို နားလည်ပေးပြီး သူမကို အတင်းအကြပ် ဆက်မဆော့ခိုင်းတော့ဘဲ နောက်တစ်ခါမှ ထပ်ဆော့ရန် ဖိတ်ခေါ်ခဲ့သည်။

တစ်ဖက်တွင်မူ မြောင်မြောင် သို့မဟုတ် ကုယွင်အန်းသည် သူမ၏ ရင်ထဲတွင် စိတ်ရှုပ်ထွေးနေခဲ့သည်။

သူမသည် ဂိမ်းမှ ထွက်ခွာလာပြီးနောက် အစ်မလျန့်က သူမထံ စာပို့ထားသည်ကို တွေ့လိုက်ရသည်။ သို့သော် ဂိမ်းဆော့နေစဉ် အနှောင့်အယှက် မပေးရန် သတ်မှတ်ထားသောကြောင့် သူမ မမြင်ခဲ့ရပေ။

ကုယွင်အန်းသည် မက်ဆေ့ချ်ကို ဖွင့်လိုက်ရာ အစ်မလျန့်သည် သူမ မည်မျှ နာကျင်နေကြောင်း ဖော်ပြထားသည်မှာ အမှန်ပင်။

[အစ်မလျန့် : ယွင်အန်း၊ ကျေးဇူးပြုပြီး၊ အစ်မ နောက်ဆုံးအကြိမ်ပဲ ထပ်ကြိုးစားကြည့်ပါရစေ။ မအောင်မြင်ဘူးဆိုရင် အစ်မ လက်လျှော့လိုက်ပါတော့မယ်၊ အဲ့လိုဆိုရင်ရော ရမလား။]

ကုယွင်အန်းသည် ထိုမက်ဆေ့ချ်ကို အချိန်အကြာကြီး ပြန်မဖြေခဲ့ပေ။

ညဥ့်နက်မှ ကျိုးချင်းလျန့်သည် ဆေးအလွန်အကျွံသောက်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့ကြောင်း သူမ သိလိုက်ရသည်။

ကံကောင်းစွာဖြင့် သူမကို အချိန်မီ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်နိုင်ခဲ့ပြီး ကယ်နိုင်ခဲ့သည်။

ကုယွင်အန်းက သူမကြောင့်သာ ဖြစ်သည်ဟု ခံစားခဲ့ရသည်။ သူမသည် အချိန်အကြာကြီး သဘောမတူခဲ့သောကြောင့် အစ်မလျန့်သည် မိုက်မဲသော အရာတစ်ခုကို လုပ်ခဲ့ခြင်း ဖြစ်သည်။

သူမ ဆေးရုံသို့ ရောက်သောအခါ လူနာဆောင်၏ အပြင်ဘက်တွင် တွေဝေစွာ ရပ်နေခဲ့ပြီး အတွင်းသို့ ဝင်ရန် မရဲခဲ့ပေ။

ပြတင်းပေါက်မှတစ်ဆင့် အစ်မလျန့်၏ မျက်နှာသည် ဖြူဖျော့ဖျော့ ဖြစ်နေပြီး အရောင်အသွေး မရှိသည်ကို သူမ မြင်နိုင်ခဲ့သည်။

ကုယွင်အန်းသည် ကိုယ့်ကိုယ်ကိုယ် ပို၍ ပို၍ အပြစ်တင်မိသည်။

ကောင်မလေးတစ်ဦး ထွက်လာပြီး အတွင်းရှိ လူကို တစ်ခုခု ပြောပြီးနောက် စိတ်မရှည်စွာ ပြောသည်။ "အစ်မလျန့် သေလား မသေလား လာကြည့်တာလား၊ ဘာလို့ ရောက်လာတာလဲ။"

ကုယွင်အန်း နှစ်လှမ်း နောက်ဆုတ်သွားပြီး ခေါင်းခါရင်း "ကျွန်မ မလုပ်ပါဘူး..." ဟု ပြောသည်။

"နင့်ကြောင့်သာ မဟုတ်ရင် အစ်မလျန့်က ဘယ်လိုလုပ်…"

"အဟွတ်၊ အဟွတ်၊ အဟွတ်။"

အခန်းထဲမှ ချောင်းဆိုးသံ ကြားလိုက်ရသဖြင့် ကောင်မလေးသည် အလျင်အမြန် ပြန်ဝင်သွားသည်။

ကျိုးချင်းလျန့်က တံခါးဘက်သို့ ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ "ယွင်အန်း၊ မင်း ရောက်နေတာပဲ၊ ဘာလို့ မဝင်လာတာလဲ။ စိတ်မပူပါနဲ့၊ မင်းကြောင့် မဟုတ်ပါဘူး၊ ဒီတိုင်း..."

ဝမ်းနည်းစရာ တစ်ခုခုကို ပြောနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူမ စကားသံတို့ တိမ်ဝင်ပျောက်ကွယ်သွားသည်။

ကောင်မလေးသည် ကုယွင်အန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ကျိုးချင်းလျန့်ကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

ကုယွင်အန်းသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ အရာအားလုံး ဒီလိုဖြစ်လာပုံကို သူမ သိပ်နားမလည်နိုင်ခဲ့ပေ။

သူမသည် အစ်မလျန့်ကို အခြားသူများ၏ ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကူညီရန်သာ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ငြင်းဆန်ခြင်းက သူမကို လူသတ်သမားနီးပါး ဖြစ်အောင် မည်သို့လုပ်နိုင်မည်နည်း။

အချိန်အကြာကြီးကြာမှ ကျိုးချင်းလျန့် အနည်းငယ် စိတ်ငြိမ်သွားသော်လည်း သူမ၏ မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားသည်။

သူမက ကုယွင်အန်းကို ကြည့်ပြီး တောင်းပန်သော လေသံဖြင့် ခေါ်လာခဲ့သည်။ "ယွင်အန်း..."

ကုယွင်အန်းက မျက်လုံးများကို မှိတ်လိုက်သည်။ "အစ်မလျန့်၊ ကျွန်မ ရှင့်ကို ဒီတစ်ခါ နောက်ဆုံးအကြိမ်အဖြစ် ကူညီပေးပါ့မယ်။"

"ကျေးဇူးတင်ပါတယ် ယွင်အန်း၊ ကျေးဇူးတင်ပါတယ်..."

မကြာမီတွင် ရှန်းတန်သည် သူမ၏ ဇာတ်ဝင်ခန်းများကို ရိုက်ကူးပြီးစီးပြီး အိမ်ပြန်ရန် ပြင်ဆင်ခဲ့သည်။

ချီယွဲ့က သူမအား သေတ္တာတစ်လုံးကို ဆိုးသွမ်းစွာ ပြုံးပြရင်း ပေးလိုက်သည်။ "ရော့၊ နင့်အတွက် လက်ဆောင်။ ဒီည ဖွင့်ကြည့်လိုက်နော်၊ ဟုတ်ပြီလား။"

ရှန်းတန်သည် အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။ သူမသည် စိတ်ထဲတွင် ကြောင်တစ်ကောင်က တစ်ခုခုကို ကုတ်ခြစ်နေသကဲ့သို့ ဖြစ်နေပြီး ချက်ချင်း ဖွင့်ကြည့်ချင်နေခဲ့သည်။

ဒါကို မြင်တော့ ချီယွဲ့က ရှန်းတန်ရဲ့ နှာခေါင်းကို တို့ပြီး ပြောသည်။ "စောစောမဖွင့်နဲ့၊ မဟုတ်ရင် နင့်ရဲ့ ရုပ်ဆိုးတဲ့ ဓာတ်ပုံတွေကို ငါ ဖော်ထုတ်လိုက်မယ်။"

ရှန်းတန် : "!!!"

"နေပါဦး၊ နင်က ငါ့ရဲ့ ရုပ်ဆိုးတဲ့ ဓာတ်ပုံတွေ ကို ဘယ်လိုရတာလဲ။"

"ငါ့ကို မယုံဘူးလား။"

ချီယွဲ့က သူမရဲ့ ဖုန်းကို ထုတ်ပြီး ရှန်းတန်ရဲ့ စားနေတဲ့ပုံတွေ၊ အိပ်နေတဲ့ပုံတွေ၊ ပါးစပ်ကျယ်ကြီးနဲ့ ရယ်နေတဲ့ပုံတွေ အပြည့်အစုံရှိတဲ့ အယ်လ်ဘမ်တစ်ခုကို ဖွင့်ပြလိုက်သည်။

ရှန်းတန် : "......"

ဝိုး၊ တကယ့် ညီအစ်မအရင်းတွေပါပဲလား။ တစ်ပုံမှ လှတာလည်း မရှိဘူး။

"မြန်မြန်ဖျက်လိုက်။"

ရှန်းတန်က ဖုန်းကို လှမ်းဆွဲလိုက်သည်။ သူမသည် ထိုသို့သော ဓာတ်ပုံများ ရှိနေခြင်းကို လုံးဝ ခွင့်မပြုနိုင်ပါ။

ချီယွဲ့က သူမ၏ ဖုန်းမျက်နှာပြင်ကို ချက်ချင်း လော့ခ်ချ လိုက်သည်။ "စိတ်မပူပါနဲ့၊ တခြား ဘယ်သူ့ကိုမှ မပြပါဘူး။ မှတ်ထားနော်၊ ဒီည ဖွင့်လိုက် သိလား။ ဓာတ်ပုံရိုက်ပြီး ငါ့ကို ပို့ပေး။"

"ဒါဆို နင် ပြီးရင် ဓာတ်ပုံတွေ အားလုံး ဖျက်ပေးရမယ်။"

ချီယွဲ့က ခဏစဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ၊ ဒီည ဝတ်ပြီး ဓာတ်ပုံရိုက်ပြပြီးတာနဲ့ ဓာတ်ပုံတွေ အားလုံး ဖျက်ပေးမယ်။"

"ဝတ်ပြီးတော့လား။"

ရှန်းတန်သည် သူမ၏ စိတ်ထဲ မကောင်းတဲ့ ခံစားချက်တစ်ခု ဝင်လာသည်။ အဲ့ဒီလို အဝတ်အစားမျိုးများလား။

သို့သော် ချီယွဲ့က လက်ဝှေ့ယမ်းပြီး ထွက်သွားသည်ကို သူမ မြင်လိုက်ရသည်။ "နောက်ရက်အနည်းငယ်အတွင်း ပြန်တွေ့ကြမယ်။"

ရှန်းတန်သည် သူမ၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီးစီးကာ ယွမ်ယွမ်ကို ရက်အနည်းငယ် ခွင့်ပေးလိုက်သည်။ သူမ အောက်ထပ်ကို ဆင်းလာသည်နှင့် ကုဟွိုင်အန်း၏ ကားကို မြင်လိုက်ရပြီး ပထမတော့ သူမသည် မြင်ယောင်နေသည်ဟု ထင်ခဲ့သည်။

လက်ထောက်ကန်းက ကားထဲမှ ထွက်လာသည်အထိပင် "မဒမ်၊ ဥက္ကဋ္ဌကုက မဒမ်ကို လာကြိုဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ။"

"ဪ၊ အလုပ်များနေတဲ့ကြားက ကျွန်မကို လာကြိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ဒီလောက်နဲ့တင် မဒမ်က အလွန်ကြင်နာလွန်းနေပါပြီ။"

ကားထဲတွင် ထိုင်နေစဉ် ရှန်းတန်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲပင်။ သူမ ကိုယ်တိုင် သွားနိုင်တာကို ကုဟွိုင်အန်းက ဘာလို့ အလုပ်အရမ်းများနေတဲ့ လက်ထောက်ကန်းကို လွှတ်လိုက်တာလဲ။

နောက်ဆုံးတွင် ကားသည် ရပ်တန့်သွားသည်။ ဗီလာတွင်မဟုတ်ဘဲ ကုဟွိုင်အန်း၏ ကုမ္ပဏီအနီးရှိ နေအိမ်တစ်လုံးတွင် ဖြစ်သည်။

သူမ ဒီနေရာကို တစ်ခါလာဖူးသည်၊ သို့သော် အစားအစာ မပို့ပေးဖြစ်သွားခဲ့ဘူး။ ထိုအစား သူမသည် ချီယွဲ့ကို သိကျွမ်းခဲ့သည်။

ဒါက ကြာပြီဖြစ်သော်လည်း သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ယခုအချိန်မှာ အဲ့တာကို ပြန်တွေးကြည့်တော့လည်း ရှန်းတန် မရယ်မောဘဲ မနေနိုင်ပေ။

သူမသည် လက်ထောက်ကန်း နောက်သို့ လိုက်ကာ အပေါ်ထပ်သို့ တက်သွားပြီး နေရာကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။ အနက်နှင့် အဖြူ၊ အေးစက်သော အရောင်အသွေးသည် သိပ်မလှပသော်လည်း အလွန်သပ်ရပ်သည်။ တံခါးဝရှိ ပန်းရောင်ဖျော့ဖျော့ ဖိနပ်က အလွန်ထင်ရှားသည်။

ဤအရာများကို သူမအတွက် အထူးပြင်ဆင်ထားသည်မှာ ထင်ရှားပါသည်။

လက်ထောက်ကန်းက ရှင်းပြသည်။ "ဥက္ကဋ္ဌကု ကိုယ်တိုင် ဝယ်ခဲ့တာပါ။"

ကုဟွိုင်အန်း ဒီလောက် အားထုတ်ခဲ့တဲ့အတွက် ရှန်းတန် စိတ်လှုပ်ရှားသွားသည်။ သူမ၏ ရင်ထဲတွင် ချိုမြိန်မှုများ ပြည့်လျှံလာသည်။

လက်ထောက်ကန်းက နာရီကို ကြည့်လိုက်သည်။ "ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးလို့ သွားတော့ပါမယ်။ ညစာကို မှာထားပြီးပါပြီ၊ မကြာခင် ရောက်လာပါလိမ့်မယ်။"

"ကျေးဇူးပါ လက်ထောက်ကန်း။"

"ကျွန်တော့်ရဲ့ အလုပ်ကို လုပ်တာပဲမလို့ ပြောစရာ မလိုပါဘူး။"

ရှန်းတန် ခံစားမိသည်မှာ သူ၏ မြင့်မားသော လစာနှင့် အလုပ်ဝန်ပိမှုနှင့် မတူဘဲ လက်ထောက်ကန်းသည် ၂၄ နာရီ အနားမယူဘဲ မမောမပန်း အလုပ်လုပ်ခဲ့သည်။ သူသည် ကုဟွိုင်အန်း၏ အလုပ်များကို စနစ်တကျ ကိုင်တွယ်ရုံသာမက သူ့ဘဝ၏ အသေးအမွှားကိစ္စများကိုပါ ဂရုစိုက်ခဲ့သည်။ ထိုသို့သော အလုပ်မျိုးကို ဘယ်သူမဆို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

လက်ထောက်ကန်း ထွက်ခွာသွားပြီးနောက် ရှန်းတန်သည် အခန်းထဲတွင် လှည့်ပတ်ပြီး လျှောက်ကြည့်သည်။ အိမ်သည် ကြီးမားပြီး ဗလာဖြစ်နေသော်လည်း သူမ၏ နေထိုင်မှုပုံစံနှင့်အညီ ပစ္စည်းများစွာဖြင့် အပြင်အဆင် ပြုလုပ်ထားသည်။

ဥပမာအားဖြင့် ဗီလာရှိ ဆိုဖာပေါ်တွင် သူမ မကြာခဏ အသုံးပြုလေ့ရှိသော အဝါရောင် ခေါင်းအုံး၊ သူမ အကြိုက်ဆုံး ပိုက်နှင့် ရေခွက်၊ သန့်စင်ခန်းသုံးပစ္စည်းများ စသည်တို့ ဖြစ်သည်။

ပြောရမယ်ဆိုလျှင် ပစ္စည်းအများစုက စုံတွဲပစ္စည်း များ ဖြစ်နေသည်။

ရှန်းတန် : "တောက်။"

အခန်း ( ၁၀၂ ) – ပါးစပ်ပိတ်မနေတာကို မုန်းမိတယ်

လက်ထောက်ကန်း ထွက်ခွာသွားပြီး မကြာခင်မှာပင် အစားအစာပို့ဆောင်ပေးသူ ရောက်လာခဲ့သည်။

ရှန်းတန်သည် အစားအစာယူရန် တံခါးဖွင့်ပေးလိုက်သော်လည်း ပို့ဆောင်ပေးသူက သူ့ကို ခဏခဏကြည့်နေသည်ကိုတော့ သတိမထားမိခဲ့ပေ။

"အပင်ပန်းခံပြီး ပို့ပေးတာ ကျေးဇူးတင်ပါတယ်ရှင်။"

"ရပါတယ်ဗျာ။"

ရှန်းတန် တံခါးပိတ်လိုက်သည်နှင့် အပြင်ဘက်မှာတော့ ပို့ဆောင်သူသည် ပါးစပ်ကို ပိတ်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့သည်။

သူသည် အုပ်စုစကားပြောခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် စာပို့လိုက်သည် : [ကိုယ့်လူတို့၊ ငါ ခုနလေးတင် တန်တန်ကို မြင်လိုက်ရတယ်ထင်တယ်။ တကယ့် တန်တန်ပဲ၊ သူမ အသက်ရှင်နေတယ်။]

တခြားသူများကတော့ [အသက်ရှင်နေတာကလွဲလို့ ဘယ်သူ ဖြစ်နိုင်သေးလဲ။]

[ဟေ့၊ ပါးစပ်ထိန်းပြီး ပြောစမ်း။]

[ဘုရားရေ၊ အဲဒါ ရှန်းတန်လား။ သူမ အွန်လိုင်းမှာ မြင်ရတဲ့အတိုင်း လှလား။]

[သူမ အွန်လိုင်းမှာ မြင်တာထက်တောင် ပိုလှတယ်။ သူမရဲ့ အသားအရေက ဖြူဥပြီး တောက်ပနေတာပဲ၊ ပြီးတော့ ငါ့ကို ကျေးဇူးတင်ပါတယ်လို့တောင် ပြောသွားသေးတယ်။ အာ အာ အာ အာ၊ ညီအစ်ကိုတို့၊ ငါ သေပြီ။]

ထိုသို့ အလွန်စိတ်လှုပ်ရှားစွာ ပြောဆိုနေခဲ့ခြင်းကို ရှန်းတန်ကတော့ လုံးဝ မသိခဲ့ပေ။

သူမ အစားအစာထည့်သည့်ဘူးကို ဖွင့်ကာ တစ်ကိုက်လောက် ကိုက်စားလိုက်သောအခါ အရသာက အစ်မလန် လုပ်ပေးသည့်အတိုင်းပဲဟု ရင်းနှီးစွာ ခံစားလိုက်ရသည်။

သူမ ကုဟွိုင်အန်းကို ဝီချက်မှာ အလျင်အမြန် မက်ဆေ့ခ်ျပို့ပြီး အတည်ပြုလိုက်ရာ အတည်ပြုသည့် အဖြေရပြီးနောက် သူမ ဖြည်းဖြည်းချင်း ထမင်းစားခဲ့သည်။

အစ်မလန်နှင့် စကားမပြောဖြစ်တာလည်း ရက်အနည်းငယ် ကြာပြီဖြစ်၍ ရှန်းတန်သည် သူ့အတွက် ပြင်ဆင်ထားသည့် လက်ဆောင်ကို ထုတ်ကာ သပ်ရပ်စွာ ဘေးမှာ ချထားခဲ့သည်။

ရုတ်တရက် သူမ ထောင့်မှာရှိသည့် ဘူးကို သတိထားမိလိုက်သောအခါ ဒါက ချီယွဲ့ ပေးသည့် လက်ဆောင်ပဲဟု သိလိုက်ရကာ စိတ်အားထက်သန်စွာ ဖွင့်ကြည့်လိုက်သည်။

ဘူးလေးက ပါးလွှာပြီး အတွင်းမှာတော့ အဝတ်အစားတစ်စုံ ရှိနေသည်။

"ရေတပ်ယူနီဖောင်းလား။"

ကြည့်လိုက်တော့ ဘာမှ ပြဿနာရှိပုံမရသော်လည်း တစ်ခုခုတော့ လွဲနေသည်ဟု ခံစားခဲ့ရသည်။

သူမ ဝတ်ကြည့်လိုက်မှ အံ့အားသင့်သွားရတော့သည်။

အင်္ကျီက အလွန်တိုပြီး ရင်ဘတ်ကို မနည်းဖုံးရုံသာမက ခါးတိုအင်္ကျီထက်တောင် ပိုပေါ်လွင်နေသည်။

စကတ်ကလည်း နည်းနည်းလေး ငုံ့လိုက်တာနဲ့ အတွင်းသားများ ပေါ်ကုန်လိမ့်မည်။

ရှန်းတန်သည် ချီယွဲ့၏ အရင်စကားများကို ပြန်သတိရလိုက်သောအခါ ထိုကိစ္စကို သိပ်ဆန့်ကျင်တာမျိုး မရှိခဲ့ပေ။ သူတို့က မိန်းကလေးများသာဖြစ်၍ ကြည့်ရုံသက်သက်ဆို ဘာမှ အရေးမကြီးဟု ထင်ခဲ့သည်။

ထို့ကြောင့် သူမ ဖုန်းကို ထုတ်ကာ ကိုယ်တိုင်ဓာတ်ပုံ အနည်းငယ် ရိုက်လိုက်သည်။ အသင့်တော်ဆုံး ပုံကို ရွေးကာ ချီယွဲ့ဆီ ပို့လိုက်သည်။

သူမ ချီယွဲ့ စိတ်ကျေနပ်လားဟု မေးမလို့ပင် ရှိသေးတယ်၊ ပုံကို လူမှားပို့မိသွားမှန်း သိလိုက်ရပါတော့သည်။ ကုဟွိုင်အန်းဆီကို ပို့မိသွားခြင်း ဖြစ်သည်။

သူတို့ မကြာသေးခင်ကမှ စကားပြောထားခြင်းကြောင့် သူ့ရဲ့ စကားပြောခန်းက အပေါ်ဆုံးမှာ ရှိနေခဲ့ခြင်း ဖြစ်သည်။

ရှန်းတန်သည် အလျင်အမြန် ဓာတ်ပုံကို ပြန်ဖျက်ရန် ကြိုးစားခဲ့သော်လည်း သူ အလုပ်များနေ၍ မမြင်လိုက်ပါစေနှင့်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။

သို့သော် တကယ်တမ်းမှာတော့ လက်တွေ့သည် အမြဲ ရက်စက်တတ်တာကြောင့် ကုဟွိုင်အန်းသည် ပဟေဠိဆန်သည့် မေးခွန်းစာလုံးအများအပြား ပြန်ပို့လိုက်သည်။

[အချစ်ရူးမျောက်မ : ဆောရီး၊ လူမှားပို့မိသွားတယ်။]

[ကုဟွိုင်အန်း : ဘယ်သူ့ကို ပို့ချင်တာလဲ။]

ရှန်းတန်သည် မျက်နှာကို ဖုံးလိုက်သည်။ သေပြီ၊ ဒါက နားလည်မှုလွဲတာပဲ။

[အချစ်ရူးမျောက်မ : ချီယွဲ့ကိုပါပဲ...]

[ကုဟွိုင်အန်း : ခွင့်မပြုနိုင်ဘူး။]

[အချစ်ရူးမျောက်မ : သူက မိန်းကလေးပဲလေ၊ ဘာမှမဖြစ်ပါဘူး။]

[ကုဟွိုင်အန်း : မရဘူး၊ ဒီလိုပုံတွေကို မြင်ခွင့်ရှိတာက ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ရမယ်။]

ရှန်းတန်၏ မျက်နှာလေး ရဲတက်သွားသည်။ ဝိုး၊ ဘာလို့ ဒီလောက်တောင် အာဏာရှင်စီအီးအိုဆန်နေရတာလဲ။ သူမကတော့ ကြိုက်မိနေပါပြီ၊ ဟဲဟဲဟဲ။

သို့သော် သူမ ချီယွဲ့ကို ကတိပေးထားပြီးသားဖြစ်ကာ ချီယွဲ့ထံမှာ သူမ၏ ရုပ်ဆိုးသည့် ဓာတ်ပုံများလည်း ရှိနေသေးသည်ဖြစ်ရာ အဲဒါများသည် အလွန်ရှက်စရာကောင်း၍ ချီယွဲ့ကို သိမ်းထားခွင့်မပေးနိုင်ပေ။

ရှန်းတန်သည် ကုဟွိုင်အန်းနှင့် သူမ၏ စကားပြောထားသည့် screenshot ကို ယူပြီး ချီယွဲ့ဆီ ပို့ပြီး ဘာလုပ်ရမလဲဟု မေးလိုက်သည်။ သူက ပို့ခွင့်မပြုဘူးဟု ပြောလိုက်သောကြောင့် ဖြစ်သည်။

[ချီယွဲ့ : ငါက နင်တို့နှစ်ယောက်ရဲ့ ကစားပွဲထဲက အစိတ်အပိုင်းတစ်ခုပဲလား။]

[ချီယွဲ့ : တန်တန်၊ နင် သူ့ကိုတော့ ပြတယ်၊ ငါ့ကိုကျတော့ ဘာလို့မပြတာလဲ။ ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား။ 😥]

[အချစ်ရူးမျောက်မ : ငါ နင့်ကို ငါ့တင်ပါးကိုတောင် ပြနိုင်တယ်။]

[ချီယွဲ့ : ဒါဆို ငါ ဓာတ်ပုံတွေ အကုန်ဖျက်ရင် နင် ငါ့ကိုပြမလား။]

[အချစ်ရူးမျောက်မ : ကောင်းပြီ၊ နင် အရင်ဖျက်။]

ချီယွဲ့သည် သူမ၏ ဓာတ်ပုံအယ်ဘမ်ကို ရှင်းလင်းလိုက်သည့် screenshot ကို ပို့ပြီး "အခု ငါကြည့်လို့ရပြီလား" ဟု မေးလိုက်သည်။

ရှန်းတန်က ဆိုးဆိုးဝါးဝါး ခပ်ပါးပါး ရယ်လိုက်ပြီး အသံမက်ဆေ့ခ်ျဖြင့် "ဟားဟားဟား၊ မရဘူး" ဟု ပို့လိုက်သည်။

ချီယွဲ့ကလည်း ရယ်ကာ "ငါ နင့်ကို လှည့်စားလိုက်တာ၊ ငါလည်း တကယ် မဖျက်လိုက်ဘူး" ဟု ပြန်ပို့လိုက်သည်။

ရှန်းတန်ကတော့ စကားပင် မပြောနိုင်တော့ပေ။

တကယ်ပင် သူငယ်ချင်းကောင်းများဟု ဆိုသည့်အတိုင်းပါပဲ၊ နှစ်ယောက်စလုံးက တကယ် စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် လှည့်စားနေကြသည်။ သူတို့ နန်းတော်ထဲမှာ အကြံအစည်များ သွားပြိုင်လို့ပင် ရနိုင်သည်ဟု တွေးလိုက်မိသည်။

မမျှော်လင့်ဘဲ ချီယွဲ့သည် ဗီဒီယိုဖုန်းခေါ်လိုက်ရာ ရှန်းတန်က လျင်မြန်စွာ တုံ့ပြန်ပြီး ချက်ချင်းကိုင်လိုက်သည်။

ဗီဒီယို၏ ရှုထောင့်က အတော်လေး ဆွဲဆောင်မှုရှိနေပြီး သူမ၏ ဖြူဥသွယ်လျသည့် ခါးကို ကွက်တိပြနေသည်။

"ယိုး ယိုး ယိုး၊ မင်းနဲ့ ကွက်တိ လိုက်မယ်ဆိုတာ ငါသိသားပဲ" ဟု ချီယွဲ့ ပြောလိုက်သောအခါ ရှန်းတန်က ငုံ့ကြည့်ပြီး "ဒါ ဘယ်လိုလုပ် လိုက်ရမှာလဲ၊ ငါ အဝတ်မပါသလို ဖြစ်နေတယ်" ဟု ပြောလိုက်သည်။

ချီယွဲ့က "နင် မသိပါဘူး၊ ဒီလို တစ်ဝက်ပေါ်၊ တစ်ဝက်ဖုံးတဲ့ ခံစားချက်မျိုးက တကယ် လိုချင်တဲ့ အရာပဲ။ ဘယ်ယောကျ်ားမဆို ဒါကို မြင်လို့ရှိရင် ရမက်စိတ်တွေနဲ့ ရူးခါသွားလိမ့်မယ်။ ဒီည ဥက္ကဋ္ဌကုကို အောင်မြင်စွာ မြှူဆွယ်နိုင်မယ်ဆိုတာ သေချာတယ်" ဟု ထပ်ပြောသည်။

ရှန်းတန်ကတော့ ရမက်စိတ်ဖြင့် ရူးသွားမည်ဆိုသည်ကို ပြန်ငြင်းဆိုနိုင်မည် ဟု ခံစားခဲ့ရသည်။ ကုဟွိုင်အန်းကဲ့သို့ အလုပ်သရဲတစ်ယောက်အတွက် သူမ အဝတ်မပါဘဲ သူ့ရှေ့မှာ ရပ်နေလျှင်ပင် သူက အလုပ်က ပိုအရေးကြီးသည်ဟု ထင်လိမ့်မည်ဟု တွေးလိုက်မိသည်။

ချီယွဲ့က ပြောလာသည်။ "နင် သံသယမဝင်နေပါနဲ့ဟယ်။"

"ဒါဆို နင့်မှာ အတွေ့အကြုံ ရှိတယ်ပေါ့ ဟုတ်လား။"

စကားတစ်ခွန်းတည်းဖြင့် ချီယွဲ့ ပါးစပ်ပိတ်သွားခဲ့သည်။ "လက်တွေ့မှာတော့ အတွေ့အကြုံ သိပ်မရှိပေမဲ့လို့ ငါ့ရဲ့ သီအိုရီကျတဲ့ ဗဟုသုတကတော့ အရမ်း ကျယ်ပြန့်တာလေ။"

သူမ၏ ပတ်ဝန်းကျင်မှ ချမ်းသာပြီး မိန်းကလေးများကို အပျော်ကြံတတ်သည့် သူငယ်ချင်းများ အားလုံးသည် တကယ့်ကို အကွက်ကျကျ ကစားနိုင်ကြသူများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက နောက်တစ်ယောက်ထက် ပိုဆိုးသည်။ တစ်ခါတလေ သူတို့ဆီမှ ကိစ္စများ ကြားရသောအခါ သူမ အမြင်များ ပွင့်သွားခဲ့သည်ဟုလည်း ပြောပြသည်။

ရှန်းတန်က မျက်ခုံးပင့်လိုက်သည်။ "ဘယ်သူကများ ဗဟုသုတ မရှိလို့လဲ၊ ငါဆို ၀တ္ထုတွေ ဘယ်နှစ်အုပ် ဖတ်ဖူးမှန်းတောင် မသိဘူး။"

သူတို့နှစ်ဦးသည် ဝတ္ထုများမှ ကာတွန်းများ၊ ဗီဒီယိုများအထိ အရာအားလုံးကို ဆွေးနွေးရင်း အရင်းအမြစ်များစွာကို တစ်ယောက်နှင့်တစ်ယောက် မျှဝေခဲ့ကြသည်။

နှစ်ယောက်သား သတိမထားမိလိုက်ခင်အချိန်အတွင်း နှစ်နာရီကျော်ကြာ စကားပြောဖြစ်ခဲ့ကြသည်။

အခန်းတံခါးပွင့်လာသည့်အခါ ရှန်းတန် လန့်သွားပြီး တံခါးဘက်ကို ကြည့်လိုက်သည်။ "ကုဟွိုင်အန်း၊ ရှင် ဒီလောက် အစောကြီး ပြန်လာတာလား" ဟု မေးလိုက်သည်။

ချီယွဲ့က ခပ်ဆိုးဆိုး အပြုံးဖြင့် ပြုံးလိုက်ပြီး ချက်ချင်း ပါးစပ်ပိတ်သွားသည်။ ထို့နောက် ရှန်းတန်ကို ကုဟွိုင်အန်း၏ ရင်ခွင်ထဲ ဆွဲသွင်းသည်ကို သူမ မြင်လိုက်ရသည်။

သူမက ပိုက်ဆံမကုန်ဘဲ ကြည့်လို့ရသည့် မြင်ကွင်းမျိုးကို ကြည့်ချင်ခဲ့သော်လည်း တကယ်တမ်း ခွေးစာစားရ သောအခါ ချီယွဲ့က သူ ဒီလိုခံရတာ သူ့အပြစ်ဟု ခံစားခဲ့ရသည်။

သို့သော် သူမ ဗီဒီယိုဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ရန်တောင် မလုပ်ရသေးမီ ဖုန်းမျက်နှာပြင်က မှောင်သွားခဲ့သည်။

ကုဟွိုင်အန်းက ဖုန်းချလိုက်ခြင်း ဖြစ်ပုံရသည်။

"ချီး၊ ယောကျ်ားတွေများ" ဟု ချီယွဲ့ ရေရွတ်လိုက်သည်။

ထိုအချိန် ရှန်းတန်၏ မျက်နှာသည် ကုဟွိုင်အန်း၏ ရင်ဘတ်နှင့် တင်းတင်းဖိကပ်နေပြီး သူ၏ တည်ငြိမ်ပြီး အားကောင်းသည့် နှလုံးခုန်သံကို ကြားနေရသည်။

"မင်း..."

"တန်တန်..." ဟု ကုဟွိုင်အန်း စပြောလိုက်သောအခါ ရှန်းတန် သူ၏ ရင်ဘတ်မှ တုန်ခါမှုကိုပင် ခံစားမိသည်။

"အွန်း၊ ရှိတယ်။"

ကုဟွိုင်အန်းသည် သူမကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူမကို သူ၏ ရင်ခွင်ထဲမှာ ပေါင်းစပ်ပစ်လိုက်ချင်သလိုမျိုးပင်။

ရှန်းတန်သည် နည်းနည်းလေး ရုန်းကန်လိုက်မိသည်။ သူမသည် အားကို ကောင်းကောင်း မထိန်းနိုင်ဘဲ ကုဟွိုင်အန်းကို တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။

ရှန်းတန် : "......"

သူမ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူးဟု ပြောလျှင် သူ ယုံမည်လားဟု တွေးလိုက်မိသည်။

ကုဟွိုင်အန်းသည် သူ့ခန္ဓာကိုယ်ကို နည်းနည်းစောင်းကာ လည်ချောင်းရှင်းရင်း "အဝတ်အစားလဲချင်လား" ဟု မေးလိုက်သည်။

အဲဒီကြမှ ရှန်းတန်သည် သူမ ရေတပ်ယူနီဖောင်းကို ဝတ်ထားဆဲဖြစ်သည်ကို သတိထားမိကာ သူမ၏ မျက်နှာသည် ချက်ချင်း နီရဲလာခဲ့သည်။

သူမသည် ကုဟွိုင်အန်း၏ မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်သည်။ "တွေ့လား၊ သူမ သိသားပဲ သူ ဘာမှ တုံ့ပြန်မှာ မဟုတ်ဘူး။ သူက အလုပ်ကို အချစ်ဆုံးပဲ" ဟု တွေးလိုက်မိသည်။

ကုဟွိုင်အန်း၏ အသံသည် နည်းနည်း အက်ရှနေသည်၊ "ဘာမှ စိတ်ထဲမထားပါနဲ့။ ကိုယ် ခဏနေရင် မင်းကို ကိုယ့်သူငယ်ချင်းတွေနဲ့ လိုက်တွေ့ခိုင်းမယ်။"

"ရှင့်မှာ သူငယ်ချင်းတွေ ရှိတာလား။" ဟု မဆင်မခြင် ထွက်ပြောလိုက်သည်။

ကုဟွိုင်အန်းက ရယ်မောလိုက်သည်။ "နည်းနည်းတော့ ရှိတယ်။ မင်း မတွေ့ချင်ရင် မတွေ့ခိုင်းပါဘူး။"

"တွေ့မယ်၊ တွေ့မယ်" ဟု ရှန်းတန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

သူငယ်ချင်းများနှင့် တွေ့ဆုံခြင်းသာဖြစ်၍ ဘာမှ အရေးမကြီးပေ။

ချစ်သူသက်တမ်းတွင် တစ်ယောက်နှင့် တစ်ယောက် သူငယ်ချင်းများကို တွေ့ဆုံသင့်သည်ဟု ပြောကြသည်။ သူမ စဉ်းစားကြည့်သောအခါ ကုဟွိုင်အန်းကို သူမ၏ သူငယ်ချင်းများနှင့် မတွေ့ခိုင်းရသေးဟု ထင်မိသောကြောင့် ရှန်းတန်သည် ရုတ်တရက် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

သို့သော် ပြန်တွေးကြည့်သောအခါ သူတို့ ဆက်ဆံရေးကို အတည်ပြုတာ မကြာသေးခြင်းနှင့် အလုပ်များနေခြင်းတို့ကြောင့် သူမ ဘာမှ မှားတာ မရှိဘူးဟု တွေးလိုက်သည်။

ဤသို့တွေးလိုက်သောအခါ ရှန်းတန်၏ နောက်ကျောသည် ပြန်တည့်မတ်သွားခဲ့သည်။

ကုဟွိုင်အန်းသည် သူမကို ဗီရိုဆီ တွန်းလိုက်သည်။ "မြန်မြန် သွားလဲလိုက်ပါဦး။"

"အိုး..."

ကုဟွိုင်အန်းသည် ရေချိုးခန်းထဲဝင်ကာ မျက်နှာကို ရေအေးများဖြင့် ပက်လိုက်သည်။ နောက်ဆုံးတော့ သူ့ရင်ထဲမှ စိတ်မငြိမ်မသက်ဖြစ်မှု ကို ဖိနှိပ်လိုက်နိုင်ခဲ့သည်။

ရှန်းတန် ထိုသို့သော အဝတ်အစားမျိုးဖြင့် ရှိနေသည်ကို မြင်ရခြင်းက သူ့အတွက် ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းသည်ကို ကောင်းကင်ဘုံကသာ သိလိမ့်မည်။

သူသည် ကာမရာဂစိတ် ပြင်းထန်သူ မဟုတ်သော်လည်း အရင်က သူ့ကို မြှူဆွယ်ရန် ကြိုးစားသည့် တခြားမိန်းကလေးများ မနည်းမနော ရှိခဲ့ဖူးသည်။ သို့သော် သူသည် သူတို့အပေါ် ဘာမှ မခံစားခဲ့ရ၊ ရှန်းတန် ကဲ့သို့ တုံ့ပြန်မှု မရှိခဲ့ပေ။

သူ နှစ်သက်သည့် မိန်းမ သူ့မျက်စိရှေ့မှာ ရှိနေချိန်တွင် တပ်မက်စိတ် မဖြစ်ဘဲနေရန် ခက်ခဲသည်။

ထိုသို့သော ကိစ္စများအတွက် သူသည် နောက်တစ်ကြိမ်ကို မျှော်လင့်သလို ကြောက်လည်း ကြောက်မိသည်။

တခြားသူများနှင့် မတူဘဲ ကုဟွိုင်အန်းသည် သူ့စိတ်နှလုံးထဲတွင် နည်းနည်းတော့ ရိုးရာဆန်သည့်သူ တစ်ယောက် ဖြစ်သည်။

သူသည် ရှန်းတန်ကို ခမ်းနားသည့် မင်္ဂလာပွဲတစ်ခု ပေးချင်သည်။ သူတို့နှစ်ဦး၏ မင်္ဂလာဦးည အမှတ်တရ လှလှပပလေးများကို ထိန်းသိမ်းထားချင်သည်။ သူတို့ တရားဝင် လက်ထပ်ပြီးသား ဖြစ်နေသော်လည်း သူ့ကို ဒီလောက် ပေါ့ပေါ့ဆဆ သဘောမထားချင်ပေ။ ကုဟွိုင်အန်းသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။

သူ စိတ်ငြိမ်သွားသောအခါ ပြန်ထွက်လာသည်။

ဒီအချိန်မှာ ရှန်းတန်သည် အဝတ်လဲပြီးတာတောင် တော်တော်ကြာနေပြီ ဖြစ်သည်။ သူ ဒီလောက်ကြာမှ ထွက်လာသည်ကို မြင်သောအခါ သူမ အနည်းငယ် အံ့ဩသွားသည်။ "ရှင် ဝမ်းချုပ်နေတာလား။"

ကုဟွိုင်အန်း : "......"

တစ်ခါတလေ သူမ ပါးစပ်ပိတ်ပြီး မနေနိုင်သည်ကို တကယ်မုန်းမိသည်။

ရှန်းတန်က ခေါင်းစောင်းလိုက်သည်။ "ရှင် လိပ်ခေါင်းရောဂါ ပြန်ထနေတာလား။ အဲ့လိုဆိုရင် ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးနေပါနဲ့။"

ကုဟွိုင်အန်း မခံနိုင်တော့ပေ။ သူသည် ခေါင်းငုံ့ကာ သူမ၏ စကားတပြောပြော ပါးစပ်ကို သူ၏ အနမ်းလေးဖြင့် ပိတ်လိုက်သည်။

All Chapters