← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း ( ၁၀၃ ) – ဆယ်ကျော်သက်အချစ် မဟုတ်ဘူး

နာရီဝက်ခန့်အကြာတွင် နှစ်ဦးသား အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

လမ်းတစ်လျှောက်လုံး ရှန်းတန် ဘာစကားမှ ထပ်မပြောတော့ဘဲ ပါးပြင်တို့ နီမြန်းနေကာ နှုတ်ခမ်းတို့ကလည်း ရဲရဲတောက်နေသဖြင့် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို ထင်ရှားစွာ မြင်နိုင်သည်။

ရှန်းတန်သည် ကားပါကင်သို့ ရောက်သောအခါ တစ်စုံတစ်ဦးက သူ့ကို ချောင်းကြည့်နေသလို အာရုံခံစားမိသော်လည်း လှည့်ကြည့်လိုက်သောအခါ ဘာမှ မတွေ့ရပေ။

ဒါဟာ သူမ စိတ်ထင်နေတာများလား။

"ဘာဖြစ်တာလဲ။"

"ဘာမှ မဟုတ်ဘူး။"

ရှန်းတန်ကတော့ ဒါဟာ သူမရဲ့ စိတ်ထင်ယောင်ထင်မှားသာ ဖြစ်ပြီး လမ်းသွားလမ်းလာတစ်ဦးက ရိုးရိုးလေး ကြည့်လိုက်တာပဲ ဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။

ကုဟွိုင်အန်း ပြောသည့် နေရာသည် အသင်းဝင်ကတ်ရှိမှ ဝင်ခွင့်ရသည့် ကလပ်တစ်ခု ဖြစ်ပြီး ဝင်ကြေးမှာ အလွန်မြင့်မားသည်။

အနည်းဆုံးတော့ ရှန်းတန်သည် ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။

ကုဟွိုင်အန်းကတော့ ပုံမှန်ဧည့်သည်တစ်ဦးကဲ့သို့ ဖြစ်နေသည်။ ကားပါကင်ဝန်ထမ်းနှင့် ဝိတ်တာများအားလုံးက သူ့ကို ရင်းနှီးကျွမ်းဝင်ကြပြီး သီးသန့်ခန်း 8888 သို့ တိုက်ရိုက်ခေါ်သွားကြသည်။

"ဒီအခန်းနံပါတ်က ကောင်းလှချည်လား။"

"စီးပွားရေးသမားတွေက ဒါကို ပိုပြီး ဂရုစိုက်ကြတယ်" ကုဟွိုင်အန်းပင်လျှင် ခြွင်းချက် မရှိပေ။

ကုဟွိုင်အန်း တံခါးဖွင့်လိုက်သောအခါ သီချင်းဟု ပြောရန်ပင် ခက်ခဲသည့် ဆူညံသံများက သူတို့နားထဲသို့ တိုးဝင်လာသည်။

ရှန်းတန် : "..."

ဘုရားရေ၊ ဒါဟာ ငရဲခန်းထဲက အသံဆူညံမှုပဲ။

သူတို့ ဝင်လာသည်ကို မြင်သောအခါ နှစ်ဦးသား သူတို့၏ မိုက်ခရိုဖုန်းများကို အလျင်အမြန် ချလိုက်ကြသည်။

"ကဲ… အစ်ကိုကုနဲ့ မရီးတို့ ရောက်လာကြပါပြီ။"

"ဝင်လာပြီး ထိုင်ပါဦး၊ မရီးက အရမ်းလှတာပဲ၊ ပထမဆုံးအကြိမ် တွေ့တာဆိုတော့ ဒီလက်ဆောင်လေးက ဘာမှ မဟုတ်ပါဘူး။"

ထိုသို့ပြောလိုက်သည့် အမျိုးသားက Black card တစ်ခု ထုတ်ပေးလိုက်သည်။

ဘေးနားရှိ ဆံပင်နီအမျိုးသားက အံ့ဩတုန်လှုပ်စွာ မျက်လုံးပြူးကြည့်သည်။ "မင်း လူဆိုး၊ ငါ မင်းကို အရင်က ဘာလက်ဆောင်ပြင်ထားလဲ မေးတော့ ဘာမှ မပြင်ထားဘူးလို့ ပြောခဲ့တယ်လေ။"

"မင်းလည်း ဘာမှ မပြင်ထားဘူးလို့ မပြောခဲ့ဘူးလား၊ ဒါဆို မင်းလက်ထဲမှာ ဘာကိုင်ထားတာလဲ။"

ဆံပင်နီအမျိုးသားက သူ၏ လက်ထဲရှိ ကားသော့များကို ရှန်းတန်ဆီ လှမ်းပစ်ပေးလိုက်သည်။ "မရီးက အရမ်း လှပပြီး နူးညံ့တယ်၊ ဒီကားက မိန်းကလေးတွေ မောင်းဖို့ ပိုသင့်တော်တယ်၊ ဒါ မရီးအတွက် လက်ဆောင်ပဲ။"

ရှန်းတန်သည် ကားသော့များကို အလိုအလျောက် ဖမ်းလိုက်မိပြီး ခဏတာမျှ ကြောင်သွားသည်။ နှုတ်ဆက်လက်ဆောင်တွေက ဒီလိုမျိုး အမြဲ ရက်ရောတတ်သည်လား။

သူမ အကူအညီ တောင်းရန် ကုဟွိုင်အန်းကို ကြည့်လိုက်သည်။

ကုဟွိုင်အန်းက ခေါင်းညိတ်လိုက်သည်။ "ယူလိုက်ပါ၊ သူတို့လည်း ကိုယ့်ဆီကနေ အများကြီး အမြတ်ထုတ်ခဲ့ကြတာပဲ။"

"အစ်ကိုကု ပြောတာကို ကြည့်ပါဦး၊ အဲဒါ ဘယ်လိုလုပ်ပြီး အမြတ်ထုတ်တာ ဖြစ်နိုင်မှာလဲ။"

"ဟုတ်တယ်၊ အဲဒါ ညီအစ်ကို မေတ္တာသက်သက်ပဲ။"

ကုဟွိုင်အန်းသည်လည်း ထိုအချိန်တွင် အလွန်ပေါ့ပါးနေသည်ကို မြင်ရသည်။ ဤနှစ်ဦးသည် သူ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ပုံရသည်။

ဆံပင်ပြာနှင့် ဆံပင်နီ ကောင်လေးတို့ကတော့ သိပ်ထက်မြက်ကြပုံမရပေ။

"မရီး၊ ထိုင်ပါဦး၊ သောက်စရာ ဒါမှမဟုတ် အသီးအနှံ တစ်ခုခု လိုချင်လား။"

"ကျေးဇူးတင်ပါတယ်၊ မလိုပါဘူး။"

ပြောရမည်ဆိုလျှင် ဆံပင်နီအမျိုးသားက အလွန်ဂရုစိုက်သည်ဖြစ်ရာ သူမ အထူးတလည် ဂုဏ်ယူသလို ခံစားရသည်။ ဆံပင်ပြာအမျိုးသားကလည်း အလျှော့မပေးဘဲ ရှိနေသော်လည်း ကုဟွိုင်အန်းက သူ့ကို ရှေ့မတိုးနိုင်အောင် နောက်ကို ပြန်ဆွဲလိုက်သည်။

"တော်လောက်ပြီ၊ မင်းတို့နှစ်ယောက် ပြန်ထိုင်၊ ဘာလို့ ဒီလို အပြုအမူတွေ လုပ်နေကြတာလဲ။"

"ကောင်းပါပြီ၊ အစ်ကိုကု ပြောတာကို နားထောင်ပါ့မယ်။ မရီး၊ လွတ်လွတ်လပ်လပ် သုံးဆောင်ပါ။"

ဆံပင်ပြာအမျိုးသားက အလွန်မွန်းကြပ်နေပုံရသည်။

"ငါ မင်းတို့ကို မင်းတို့နာမည်တွေနဲ့ပဲ ခေါ်မယ်။"

ထိုညတွင် ရှန်းတန်သည် ၎င်းချော့မြူတတ်သည့် ကောင်လေးနှစ်ဦးကြောင့် အလွန်အမင်း ဂုဏ်ယူရသလို ခံစားခဲ့ရသည်။

သူမ ကုဟွိုင်အန်းကို သံသယဖြင့် ကြည့်လိုက်သည်။ ဤနှစ်ဦး၏ စကားချိုသာတာကိုကြည့်ပြီး ကုဟွိုင်အန်းက သူတို့နှင့် တကယ်ပဲ ရင်းနှီးပါရဲ့လား။

တောက်၊ ဒီလူ၊ တကယ်ပဲ လူကို ပုံပန်းသဏ္ဍာန်နဲ့ ဆုံးဖြတ်လို့ မရဘူးပဲ။

လူသုံးဦးသည် လျင်မြန်စွာ ရင်းနှီးသွားကြသည်။ အထူးသဖြင့် ထိုနှစ်ဦးသည် ရှန်းတန်က Glory legend ဖြစ်သည်ကို သိလိုက်သောအခါ သူတို့သည် အမြီးတနန့်နန့်ဖြင့် ပို၍ပင် ပျော်ရွှင်စွာ ခါယမ်းနေကြသည်။

"မရီးက မျှော်လင့်ထားတဲ့အတိုင်း တကယ် ဂိမ်းကို ကောင်းကောင်းဆော့နိုင်သားပဲ။"

"ဟုတ်တယ်၊ မရီး၊ ကျွန်တော်တို့နဲ့အတူ ဂိမ်းနှစ်ပွဲလောက် ဆော့ကြရအောင်လား။"

"ဟုတ်ပြီ။"

ရှန်းတန်က ဂိမ်းဖွင့်လိုက်သည်။ ပထမတော့ သုံးယောက်တန်းစီ ကစားရန် ဖြစ်သော်လည်း သူမ ရုတ်တရက် ကုဟွိုင်အန်းသည်လည်း Glory ကစားနိုင်သည်ကို သတိရသွားပြီး "အတူတူ ဆော့ချင်လား" ဟု မေးလိုက်သည်။

ဆံပင်နီအမျိုးသားက ကြောင်သွားသည်။ "အစ်ကိုကုလည်း ဂိမ်းဆော့တတ်တာလား။"

ဆံပင်ပြာအမျိုးသားက ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ဘူး၊ သူက အရမ်းညံ့တယ်။ ဒီလိုမျိုး ဆော့မှာ မဟုတ်ဘူး။"

"ရပါတယ်၊ ငါ အရင် update လုပ်လိုက်ဦးမယ်။" ကုဟွိုင်အန်းသည် မကြာသေးမီက အလွန်အလုပ်များနေ၍ ဂိမ်း မကစားဖြစ်ခဲ့ပေ။

ဒီတစ်ခါမှာတော့ ဆံပင်နီနှင့် ဆံပင်ပြာအမျိုးသားတို့ အံ့အားသင့်သွားကြသည်။ သူတို့ အစ်ကိုကု ဒီလိုဂိမ်းမျိုး ကစားတတ်သည်ကို တကယ်မသိခဲ့ကြပေ။

ဆံပင်နီအမျိုးသားက အလွန်အမင်း အံ့ဩတုန်လှုပ်နေသည် : "အစ်ကိုကု၊ ခင်ဗျား ဒီဂိမ်းက အသုံးမဝင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။"

ကုဟွိုင်အန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ငါ အဲဒီလို ပြောခဲ့လိုက်တာလား။"

ဆံပင်နီအမျိုးသားက ခေါင်းကုတ်လိုက်သည်။ "ကျွန်တော်... အမှတ်မှားတာနေမယ်။ ဖူကျွင်းရှန့်က ပြောခဲ့တာပဲ ဖြစ်လိမ့်မယ်။"

ဖူကျွင်းရှန့် ခေါ် ဆံပင်ပြာအမျိုးသား : "..."

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော် အကုန်ပြောခဲ့တာ။"

ထိုသို့ဖြင့် ထို လူအနည်းငယ်သည် တစ်နာရီလျှင် ထောင်ပေါင်းများစွာ ကုန်ကျသည့် သီးသန့်ခန်း တစ်ခန်းတွင် ထိုင်ကာ Glory ကစားခဲ့ကြသည်။

ရှန်းတန်က ဤနှစ်ဦးသည် အတော်လေး တော်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့သည် အလွန်ညံ့ဖျင်းနေသော သူများသာ ဖြစ်နေသည်။

သီးသန့်ခန်းအတွင်းတွင် အချိန်အတန်ကြာ အကူအညီတောင်းသံများ ပဲ့တင်ထပ်နေသည်။

"မရီး၊ ကယ်ပါဦး။"

"မရီး၊ မြန်မြန်လာပါဦး။"

"မရီးရေ…"

"ပါးစပ်ပိတ်" ကုဟွိုင်အန်းသည် ဤနှစ်ဦးကို သည်းမခံနိုင်တော့ပေ၊ သူတို့သည် တကယ် ငှက်ငါးရာကျော်ထက်ပင် စကားအများကြီးပြောနိုင်လှသည်။

ပွဲအနည်းငယ် ကစားပြီးနောက် သူတို့သည် ထိုပွဲအရေအတွက်အတိုင်းပင် ရှုံးခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့အဖွဲ့တွင် ရန်သူအတွက် ထောက်လှမ်းရေး နှစ်ယောက် ရှိနေသည်ဖြစ်ရာ သုံးယောက်တည်းဖြင့် ခုနစ်ယောက်ကို အနိုင်မရနိုင်သည်မှာ အံ့ဩစရာ မဟုတ်ပေ။

ရှန်းတန်သည် ဆက်မကစားတော့ဘူးဟု ပြောရန် အားနာနေသော်လည်း ကုဟွိုင်အန်းက "ညဥ့်နက်လာပြီ၊ နောက်တစ်ခါမှ ပြန်ဆော့ကြစို့" ဟု ဦးဆောင် ပြောလိုက်သည်။

ရှန်းတန်က သူ့ကို သဘောတူသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ သူသည် သူမ၏ ချစ်သူကောင်းဖြစ်သည့်အလျောက် သူမ ဘာတွေးနေသည်ကို သူ နားလည်ခဲ့သည်။

ကုဟွိုင်အန်း၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွတ်သွားသည်။

လူအနည်းငယ်သည် ညစာကို အတူတူစားပြီးမှ လမ်းခွဲခဲ့ကြသည်။ အိမ်ပြန်ဖို့ မောင်းနှင်နေစဉ် ကုဟွိုင်အန်းက အခြားနှစ်ဦးနှင့် သူ၏ ရာဇဝင်ကို ရှင်းပြခဲ့သည်။

"ကိုယ်တို့ သုံးယောက်က ကလေးဘဝ သူငယ်ချင်းတွေအနေနဲ့ အတူတူ ကြီးပြင်းခဲ့ကြတာလေ။ ကိုယ်က ငယ်ငယ်ကတည်းက ကျောင်းမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တော့ မိဘတွေရဲ့ မျက်စိထဲမှာ စံပြကလေးတစ်ယောက်လို ဖြစ်ကောင်းဖြစ်နေနိုင်တယ်။

ပထမတော့ သူတို့က ကိုယ့်ကို မကြိုက်ခဲ့ကြသလို တစ်ခါတလေဆိုရင် သူတို့က ကိုယ့်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ ကိုယ်က သူတို့ကို ပြန်ရိုက်နှက်ခဲ့ပြီး အဲ့အချိန်ကနေစလို့ သူတို့က ကိုယ့်ရဲ့ လက်ပါးစေတွေ ဖြစ်လာခဲ့တာပဲ။ ကိုယ် တက္ကသိုလ်တက်ဖို့ နိုင်ငံခြားကို ထွက်သွားပြီး လုပ်ငန်းစတင်ခဲ့တဲ့အခါမှာတောင် သူတို့က ကိုယ့်နောက်ကိုပဲ လိုက်ခဲ့ကြတာ။ သူတို့က နည်းနည်းတော့ မိုက်ရူးရဲဆန်ကြပေမဲ့လည်း မိတ်ဆွေဖွဲ့ထိုက်တဲ့ လူကောင်းတွေပါပဲ" ဟု ကုဟွိုင်အန်း ရှင်းပြသည်။

ရှန်းတန် ခေါင်းညိတ်လိုက်သည်။ သူတို့က တကယ်ပင် အတော်လေး တုံးအလွန်းသည်ဟု သူမ ပြောနိုင်သည်၊ သို့သော် လူကောင်းများ ဖြစ်ကြသည်။

သို့သော် သူမ အနည်းငယ် အံ့ဩနေဆဲပင်၊ ကုဟွိုင်အန်းသည်လည်း ရန်ဖြစ်ဖူးသည့် အချိန်တစ်ခု ရှိခဲ့သည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

သူမ ဘာတွေးနေသည်ကို ကုဟွိုင်အန်းက သိပုံရသည်၊ ကုဟွိုင်အန်းမှာ ပြုံးလျက် "တကယ်တော့ ကိုယ် အရင်က တော်တော်လေး ဆိုးသွမ်းခဲ့တာပါ၊ မင်း ထင်ထားသလို ဖြစ်မှာ မဟုတ်ဘူး။" ဟု ပြောလိုက်သည်။

ရှန်းတန်က ခေါင်းစောင်းကြည့်လိုက်သည်။ "ရှင် ကျောင်းမှာ ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာတို့၊ ဆယ်ကျော်သက်အရွယ်အချစ်ရေးရှိခဲ့တာတို့၊ ပြီးတော့ စာမသင်ဘဲ ကျောင်းပြေးခဲ့တယ် လို့တော့ ပြောမှာ မဟုတ်ပါဘူးနော်။"

ကုဟွိုင်အန်းက အလေးအနက်ထားကာ "ကိုယ့်မှာ အရင်တုန်းက ဆယ်ကျော်သက်အရွယ် သမီးရည်းစား ဆက်ဆံရေး မရှိခဲ့ဖူးပါဘူး" ဟု ပြန်ဖြေသည်။

ဤအချက်ကို လုံးဝ နားလည်မှု အလွဲမခံနိုင်ပေ။

အခန်း ( ၁၀၄ ) – ကူစဉ်းစားပေးကြဦး

“ဖွီး.....”

ကုဟွိုင်အန်း၏ အတည်ပေါက်ရှင်းပြနေပုံက တကယ့်ကို ချစ်စရာကောင်းလှသည်။

"မင်းရော၊ အရင်က ဘယ်လိုလဲ။"

ရှန်းတန်သည် ကုဟွိုင်အန်း၏ စကားကို ကြားသောအခါ သူမ၏ အတွေးများက အတိတ်ဆီသို့ ထိန်းမနိုင် သိမ်းမရ ရောက်သွားခဲ့သည်။

သူမသည် မိဘမဲ့တစ်ဦး ဖြစ်သောကြောင့် စာကျက်ခြင်းနှင့် ကလေးများကို ဂရုစိုက်ခြင်းမှလွဲ၍ ရှန်းတန် အများဆုံး လုပ်ခဲ့သည်မှာ အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ခြင်းပင်။

ထိုအချိန်က သူမသည် ငယ်ရွယ်သေးသဖြင့် ဆိုင်ပိုင်ရှင်အများစုက သူမကို အလုပ်ခန့်ရန် မလိုလားခဲ့ကြပေ။ နောက်ဆုံးတွင် သူမသည် တစ်ဝက်လောက်သော လုပ်ခကိုသာ တောင်းခံလိုက်မှ တစ်စုံတစ်ဦးက သူ့ကို အလုပ်ခန့်ရဲခဲ့သည်။

အခြားသူများ အပြင်ထွက်ကစားနေချိန်တွင် သူမသည် အလုပ်လုပ်နေသည်။ အခြားသူများကို မိဘများက အလိုလိုက်ချော့မော့နေချိန်တွင်လည်း သူမ အလုပ်လုပ်နေခဲ့သည်။

တစ်နှစ်ပတ်လုံး သူမ အများဆုံးဝတ်ဆင်ခဲ့သည်မှာ ကျောင်းဝတ်စုံပင်။ ရိုးရိုးသားသားပြောရလျှင် ထိုအချိန်က သူမ မပင်ပန်းခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် အလွန်ပြည့်စုံသည်ဟု ခံစားခဲ့ရသည်။

သို့သော် ယခုမူ ထိုကဲ့သို့ ပြန်လည်နေထိုင်ရမည်ဆိုလျှင် သူမ ထိုသို့သော ဇွဲလုံ့လမျိုး ရှိတော့မည်မဟုတ်ဟု ထင်သည်။

ဆောင်းတွင်းနှင်းကျသည့်အချိန်တွင် မီးဖိုချောင်၌ ပန်းကန်များ ဆေးကြောခဲ့ရပုံကို သူမ မှတ်မိနေဆဲဖြစ်ပြီး လက်များပင် အရေပြား ရောင်ရမ်းခြင်းကြောင့် အလွန်ယားယံခဲ့သည်။

ဤအတွေးများကို ကြားလိုက်သောအခါ ကုဟွိုင်အန်း၏ မျက်လုံးများ နာကျင်မှုကြောင့် ရဲလာခဲ့သည်။

သူ၏ တန်တန်သည် အရင်က ဒီလောက်တောင် ခက်ခဲပင်ပန်းခဲ့ရသည်ကိုး…

ရှန်းတန်က ပြုံးလျက် "ကျောင်းတက်တုန်းက ဘာမှ ပြောစရာ သိပ်မရှိပါဘူး။ အဲဒီတုန်းက ကျွန်မက အေးအေးဆေးဆေးနေတတ်တော့ သူငယ်ချင်း အများကြီး မရှိခဲ့ဘူး" ဟု ပြောလိုက်သည်။

သူမသည် ဝတ္ထုများထဲမှာလို အနိုင်ကျင့်ခံရခြင်း၊ နှိပ်စက်ခံရခြင်းမျိုး မကြုံတွေ့ခဲ့ရပေ။ ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ ဝတ္ထုမှ မဟုတ်ဘဲလေ…

သူမ၏ အတန်းဖော်အများစုက အလွန်ကောင်းမွန်ကြသည်။ အဆင်မပြေသည့် အနည်းငယ်သော သူများကိုလည်း သူမက သူငယ်ချင်းဖြစ်အောင် ပြန်လည်ရင်ဆိုင်ဖြေရှင်းပြီး ရင်းနှီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ကုဟွိုင်အန်း ဘေးသို့ လှည့်ကာ သူ့ကို ရင်ခွင်ထဲ ထွေးပွေ့လိုက်ပြီး သူမ၏ ချောမွေ့သည့် ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ "မင်းကို ကိုယ် ကောင်းကောင်း ဆက်ဆံပါ့မယ်။"

ရှန်းတန်သည် မနည်းရုန်းကန်ကာ မော့ကြည့်လိုက်သည်။ "ဘယ်လောက် ကောင်းကောင်းလဲ။ ရှင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကျွန်မကို ထိခွင့်ပေးမလား။"

ရှေ့ခုံတွင် ထိုင်နေသည့် ယာဉ်မောင်းသည် ကားအနောက်ဘက် အခြမ်းကို ကာရံသည့် နံရံကို အသံတိတ် မြှင့်တင်လိုက်သည်။

ဒါက သူ အခမဲ့ နားထောင်နိုင်တဲ့ အကြောင်းအရာတွေလား။

ကုဟွိုင်အန်း၏ အရင်က စိတ်ခံစားမှုများ ရှန်းတန်၏ စကားများကြောင့် လွင့်ပျောက်သွားခဲ့သည်။

"မင်းခေါင်းထဲမှာ ဘာတွေ အမြဲတွေးနေတာလဲ။"

"ဝမ်းဗိုက်ကြွက်သားတွေ။"

"ဪ၊ ရင်ဘတ်ကြွက်သားတွေလည်း ပါတယ်။"

ကုဟွိုင်အန်း : "..."

သူသည် ရှန်းတန်၏ လက်ကို ယူကာ သူ့အဝတ်အစားထဲသို့ ဖြည်းဖြည်းချင်း ထည့်ပေးလိုက်သည်…။

နူးညံ့အေးစက်သည့် လက်သေးသေးလေးသည် သူ၏ ဝမ်းဗိုက်ပေါ်တွင် ရှေ့နောက် ပွတ်သပ်ကိုင်ကြည့်နေသည်။ ကုဟွိုင်အန်းသည် သူ၏ ဝမ်းဗိုက်အောက်ပိုင်း တင်းကျပ်လာကာ တစ်ကိုယ်လုံး မသက်မသာ ဖြစ်လာသည်ကိုသာ ခံစားရသည်။

ခဏအကြာတွင် သူသည် အသံသြသြဖြင့် "မင်း ဒီလောက်ဆို ထိရတာ လုံလောက်ပြီလား" ဟု မေးလိုက်သည်။

[ဝိုး၊ ဒါက ဝမ်းဗိုက်ကြွက်သားတွေကို ထိလိုက်ရတဲ့အခါမှာ ရတဲ့ ခံစားချက်မျိုးပါလား...]

[သေချာမထိရသေးဘူး၊ သေချာမထိရသေးဘူးလေ။]

စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေသော်လည်း လက်တွေ့တွင် ရှန်းတန်သည် တည်ငြိမ်ဟန်ဆောင်ကာ သူမ၏ လက်ကို ပြန်ထုတ်လိုက်သည်။ "ဒီလောက်ဆို လုံလောက်ပါပြီ။"

ကုဟွိုင်အန်း သက်ပြင်းချလိုက်ပြီးနောက် သူမ၏ လက်ကို ပြန်ဆွဲယူလိုက်သည်။ "မင်းကို နောက်ထပ် နည်းနည်း ထပ်ထိခွင့်ပေးမယ်။"

အိုး… ပြောရမည်ဆိုလျှင် သူ ရွေးချယ်ထားသူကိုတော့ အလိုလိုက်ရပေမည် မဟုတ်ပါလား။

ရုပ်နာမ်သည် မတည်မြဲခြင်း၊ မတည်မြဲခြင်းသည် ရုပ်နာမ်ပင်။ ကုဟွိုင်အန်းသည် ဤစာသားကို သူ့စိတ်ထဲတွင် ရွတ်ဆိုနေသော်လည်း အလုပ်မဖြစ်ပေ။

သူ၏ အာရုံသည် သူ့ဝမ်းဗိုက်ပေါ်ရှိ နူးညံ့အေးစက်သည့် လက်ကလေးဆီသို့ မလွဲမသွေ ကျရောက်နေပြီး သူ့အရေပြားကို ယားယံစေသည်။

သူသည် ရှန်းတန်၏ လက်ကို ဆွဲကိုင်လိုက်သည်။ "နောက်တစ်ခါမှ ထပ်ထိရတော့မယ်။"

ရှန်းတန်သည် အလုံအလောက် မထိရသေးသော်လည်း ကုဟွိုင်အန်း၏ အနည်းငယ် အသက်ရှူမြန်ခြင်းနှင့် သြရှရှအသံမှတစ်ဆင့် သူ့ထံတွင် တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်သည်။

သူမသည် သူ့ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ကျန်ခရီးတစ်လျှောက်လုံး နောက်ထပ် အမှားများ မလုပ်တော့ပေ။

စကားကြီးစကားကျယ် ပြောကောင်းပြောနိုင်သော်လည်း လက်တွေ့တွင် သူမ၏ ရဲစွမ်းသတ္တိမှာ အလွန်နည်းပါးဆဲပင်။

နှစ်ဦးသား အိမ်ပြန်ရောက်သည်အထိ တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့ကြသည်။ ထိုအခါမှ ရှန်းတန်သည် ဤနေရာတွင် အိပ်ခန်းတစ်ခန်းတည်းသာ ရှိသည်ကို သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူတို့နှစ်ဦး အတူတူ အိပ်ရမည်လား။

ရှန်းတန်ကတော့ အဆင်ပြေသော်လည်း ကုဟွိုင်အန်းမှာ စိတ်လှုပ်ရှားပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေသည်။ "မင်း အရင် ရေချိုးမလား ဒါမှမဟုတ် ကိုယ် အရင်သွားရမလား။"

"ကျွန်မ အရင်သွားမယ်၊ ကျွန်မ ဆံပင်အခြောက်ခံတာ ပိုကြာတယ်။"

"ကောင်းပြီ၊ ဒါဆို ကိုယ် အရင်ဆုံး နိုင်ငံတကာ အစည်းအဝေး ခေါ်ဆိုမှု တစ်ခု လုပ်လိုက်ဦးမယ်။"

အချိန်ကို ကြည့်လိုက်သောအခါ သန်းခေါင်ယံနီးနေပြီ။ ရှန်းတန်သည် သူ ဤမျှ နောက်ကျသည့်အထိ အလုပ်လုပ်ရဦးမည်ဟု မမျှော်လင့်ခဲ့ပေ။

သူမ ရေချိုးပြီး ထွက်လာသည့်အခါတွင်ပင် ကုဟွိုင်အန်းသည် မပြီးသေးပေ။

ရှန်းတန်သည် သူ့ဆံပင်ကို သုတ်ရင်း လျှောက်လာခဲ့သည်။ အရင်ကလို အခြေအနေမျိုး ကြုံမှာစိုးရိမ်သဖြင့် အဝေးမှသာ တစ်ချက်ကြည့်လိုက်ရာ တကယ်တမ်း သူသည် ဗီဒီယိုအစည်းအဝေးတက်နေသည်ကို မြင်လိုက်ရသည်။

သူ့ကို မနှောင့်ယှက်ဘဲ သူမ ဆံပင်အခြောက်ခံကာ ဖုန်းကြည့်ရင်း ကုတင်ပေါ် လဲလျောင်းလိုက်သည်။

သို့သော် ဗီဒီယိုအတိုအထွာများနှင့် ဟာသများသည် မည်မျှပင် စိတ်ဝင်စားဖွယ် ကောင်းနေပါစေ၊ သူမ တကယ်တမ်း စိတ်မဝင်စားနိုင်ခဲ့ပေ။ သူမ၏ စိတ်ထဲတွင် မကြာမီ ကုတင်အတူမျှဝေကာ အိပ်စက်ရတော့မည့် အတွေးများ ပြည့်နှက်နေသည်။

ရှန်းတန်က သူမ၏ ပါးပြင်ကို ညင်သာစွာ ပုတ်လိုက်သည်။ "ရှန်းတန်၊ နင်က တကယ် သတ္တိကို မရှိတာပဲ။ အရင်ကလည်း အတူတူ မနေဖူးတာမှ မဟုတ်တာ။"

သို့သော် ထိုစဉ်က အခြေအနေသည် ကွာခြားသည်။ ထိုအချိန်က သူက ရှူးဂါးဒယ်ဒီ ဖြစ်ပြီး သူမ၏ သဘောထားမှာ သူ့ကို ကောင်းကောင်း ဝန်ဆောင်မှုပေးရန်ပင်။

ယခုမူ နှစ်ဦးသား ချစ်သူရည်းစားများ ဖြစ်လာပြီ။ အချို့ကိစ္စများကို ရှောင်လွှဲနိုင်မည် မဟုတ်တော့ပေ။

ရှန်းတန် တွေးလေလေ၊ ပို၍ပင် မသင့်တော်လေလေ ဖြစ်လာပြီး နောက်ဆုံးတွင် စောင်အောက်သို့ လုံးဝ ပုန်းအောင်းနေလိုက်သည်။

ဧည့်ခန်းတွင် အစည်းအဝေးတက်နေဆဲဖြစ်သည့် ကုဟွိုင်အန်း ရုတ်တရက် တောင့်ခနဲ ဖြစ်သွားသည်။

မေးခွန်း : စိတ်ကူးစိတ်သန်း အရမ်း ဆိုးရွားတဲ့ ချစ်သူရည်းစားတစ်ယောက် ရှိခြင်းက ဘယ်လိုလဲ။

ဒီမေးခွန်းကို ကုဟွိုင်အန်း တစ်ယောက်တည်းသာ ဖြေဆိုနိုင်လိမ့်မည် ဖြစ်သည်။

ထိုအစည်းအဝေးရှိ အများတကာအလယ်တွင် သူ့ချစ်သူ၏ စိတ်ထဲမှ စိတ်ကူးထားသည့် မတော်တရော် အကြောင်းအရာများကို ရုတ်တရက် ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာအမူအရာကို မနည်းထိန်းထားရသည်။

ဤအစည်းအဝေးသည် ယခုအချိန်တွင် လုံးဝ လိုအပ်နေသည်လား။

တကယ်ပင် လိုအပ်နေသည်သာ။

ဘာပဲဖြစ်ဖြစ်၊ ၎င်းသည် နိုင်ငံတကာ အစည်းအဝေး ခေါ်ဆိုမှုဖြစ်ပြီး မတူညီသော အချိန်ဇယားများဖြင့် ဖြစ်လေသည်။

ကုဟွိုင်အန်းသည် သူ၏ ထွက်သွားချင်သည့် စိတ်ဆန္ဒကို ဖိနှိပ်ကာ အစည်းအဝေးကို အလေးအနက် ထားကာ ဆက်လက် တက်ရောက်ခဲ့သည်။

နောက်ဆုံးတွင် အစည်းအဝေး ပြီးဆုံးသောအခါ သူက အိပ်ခန်းသို့ အလျင်အမြန် ပြန်လာခဲ့သည်။ ရှန်းတန်မှာမူ အိပ်ပျော်နေပြီဖြစ်ပြီး ခေါင်းမှာ စောင်ဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်သည်။

သူသည် စောင်၏ အပိုင်း တစ်ခုကို ညင်သာစွာ လှန်ချလိုက်သည်။

ရှန်းတန်က မျက်လုံးပင် မဖွင့်ဘဲ မူးနောက်နောက်ဖြင့် "အလုပ်ပြီးပြီလား" ဟု ရေရွတ်လိုက်သည်။

"အွန်း၊ မင်း အရင် ပြန်အိပ်လိုက်ဦး၊ ကိုယ် ရေသွားချိုးလိုက်ဦးမယ်။"

"အိုး..."

ဆူညံသံ အလွန်ကျယ်မည်ကို စိုးရိမ်သဖြင့် ကုဟွိုင်အန်းသည် ရိုးရိုးရှင်းရှင်းသာ ကိုယ်လက်ဆေးကြောပြီးနောက် အိပ်ခန်းသို့ ပြန်လာခဲ့သည်။

ကုတင်သည် အလွန်ကြီးမားပြီး သူသည် တစ်ဖက်တွင် လဲလျောင်းလိုက်သည်။ သူတို့ အချင်းချင်း ထိတွေ့နိုင်ခြင်း မရှိသော်လည်း သူသည် စိတ်လှုပ်ရှားစွာဖြင့် ခဏတာမျှ အိပ်မပျော်နိုင်ခဲ့ပေ။

သူ ဝီချက်ကို ဖွင့်လိုက်သောအခါ သူ့တို့၏ အဖွဲ့ငယ်ရှိ အခြားနှစ်ယောက်က ညဇီးကွက်များ ဖြစ်သည့်အတိုင်း စကားပြောနေကြဆဲ ဖြစ်သည်။

[ကုဟွိုင်အန်း : အဆိုပြုချက် ကောင်းကောင်းလေး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ကူစဉ်းစားပေးကြဦး။]

[စမ်စုန့်ပိုင် : ဘာကြီး… အဆိုပြုချက်လား။]

[ဖူကျွင်းရှန့် : အစ်ကိုကု၊ ခင်ဗျားတို့နှစ်ယောက်က လက်ထပ်ပြီးသား မဟုတ်ဘူးလား။]

[ကုဟွိုင်အန်း : ငါတို့ မှတ်ပုံတင်ထားရုံပဲ ရှိသေးတယ်။ လက်ထပ်ခွင့်တောင်းတာတွေ၊ မင်္ဂလာပွဲတွေ မလုပ်ရသေးဘူး။]

[စမ်စုန့်ပိုင် : အစ်ကိုကု၊ ခင်ဗျားရဲ့ လုပ်ငန်းစဉ်က တကယ်ပဲ တခြားသူတွေနဲ့ မတူဘူး။]

[ကုဟွိုင်အန်း : လက်ထပ်ခွင့်တောင်းဖို့ နည်းလမ်းကောင်းလေးတွေ ကူစဉ်းစားပေးပါဦး။]

တကယ်တော့ စမ်စုန့်ပိုင်နှင့် ဖူကျွင်းရှန့် နှစ်ဦးစလုံးသည် ယခုအချိန်အထိ တစ်သက်လုံး လူပျိုကြီးများ ဖြစ်နေကြဆဲပင်။ သူတို့၏ မိသားစုများကလည်း သူတို့ကို အတင်းအကျပ် တိုက်တွန်းနေကြသော်လည်း ယခင်က ကုဟွိုင်အန်းကို ဒိုင်းကာအဖြစ် အသုံးပြုခဲ့ကြသည်။

မကြာသေးမီက သူသည် ခိုးကြောင်ခိုးဝှက် လက်ထပ်လိုက်သည်အထိပင်။

နှစ်ဦးသား အများဆုံး စိုးရိမ်သည်မှာ သူတို့၏ မိသားစုများက ဤအကြောင်းကို သိသွားပြီး သူတို့ကိုလည်း အလျင်အမြန် တစ်စုံတစ်ဦးကို ရှာဖွေလက်ထပ်ရန် အတင်းအကျပ် တိုက်တွန်းမည်ကိုပင်။

သူတို့သည် ထင်ပေါ်ကျော်ကြားသော မိသားစုများအကြား စီစဉ်ထားသည့် လက်ထပ်ထိမ်းမြားခြင်းမျိုးကို မလိုလားကြသလို အချိန်တိုအတွင်း သူတို့ ကြိုက်နှစ်သက်သည့် မိန်းကလေးတစ်ဦးကိုလည်း ရှာမတွေ့နိုင်သေးသဖြင့် ဘယ်မှာ သွားလက်ထပ်ရမည်နည်း။

သူတို့၏ မိဘများသည် ကျောင်းတက်စဉ်က ရည်းစား မထားရန် အလွန်တင်းကြပ်ခဲ့သော်လည်း ဘွဲ့ရပြီးနောက်တွင်မူ အလျင်အမြန် လက်ထပ်ကာ ကလေးယူရန် တိုက်တွန်းလာကြသည်။ ဤမိဘများက သူတို့ကို တကယ်ပင် စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။

ထို့ကြောင့် ၎င်းလူပျိုကြီးနှစ်ဦး အကြံပြုသည့် ရည်စားစကားပြောခြင်း နည်းလမ်းများကလည်း သိပ်မကောင်းလှပေ။

[စမ်စုန့်ပိုင် : မြေပြင်ပေါ်မှာ နှင်းဆီ ၉၉၉ ပွင့်ကို အသည်းပုံ ပုံစံ လုပ်၊ ဖယောင်းတိုင်တွေ တန်းစီပြီး ဒူးထောက်ပြီး ရည်စားစကားပြောတာ ဘယ်လိုလဲ။]

[ဖူကျွင်းရှန့် : ခေတ်မမီဘူး။]

[စမ်စုန့်ပိုင် : ဒါဆို မင်း အကြံပေးစမ်းပါဦး။]

[ဖူကျွင်းရှန့် : ငါပြောမယ်၊ အနောက်တိုင်းစားသောက်ဆိုင် တစ်ခုလုံးကို ကြိုတင်မှာယူပြီး သီချင်းနားထောင်၊ မီးရောင်စုံထိန်ထိန်လင်းနေတဲ့ ညစာစားပွဲမှာ အတူတူစား၊ ပြီးရင် မရီး စားမဲ့ အချိုပွဲထဲကို လက်စွပ်ထည့်၊ သူမ စားတဲ့အခါ အစ်ကိုကုက ဒူးထောက်ပြီး ရည်စားစကားပြောလိုက်။]

[စမ်စုန့်ပိုင် : အချိုပွဲထဲကို လက်စွပ်ထည့်တာ၊ အဲဒါက မသန့်ရှင်းပုံမပေါ်ဘူးလား။ မဟုတ်ဘူး၊ မင်း ဘယ်လိုများ ဒါကို စဉ်းစားမိလဲ။]

[ဖူကျွင်းရှန့် : ငါ တီဗီရှိုးတစ်ခုမှာ မြင်ဖူးတယ်၊ သူတို့ ဒီလိုလုပ်တယ် ဆိုတာကလည်း အကြောင်းပြချက်ရှိရမယ်။ အမျိုးသမီးဇာတ်ဆောင် မျက်ရည်ကျလောက်အောင် စိတ်လှုပ်ရှားသွားတာ ငါမြင်ခဲ့တာ၊ မင်း ဘာသိလို့လဲကွ။]

[စမ်စုန့်ပိုင် : အကြံပြုရုံပဲကို၊ ဘာလို့ လူတွေကို စဆဲနေတာတုန်း။]

ထိုသို့ဖြင့် နှစ်ဦးသား စကားများရန်ဖြစ်ကြတော့သည်။

ကုဟွိုင်အန်း : "..."

ကုဟွိုင်အန်းသည် ဤအကြံပြုချက်ကလည်း သိပ်မကောင်းဘူးဟု ခံစားခဲ့ရသည်။

သူ မိုက်မဲသည်၊ ဤနှစ်ဦးကို မမေးသင့်ခဲ့ပေ။

All Chapters