အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း ( ၁၀၇ ) – သန်းသုံးရာ
ရှန်းတန်သည် ချီတုံချတုံဖြစ်နေခဲ့ပြီး ရှင်းရှင်းလင်းလင်း မေးမြန်းချင်စိတ် ပြင်းပြနေခဲ့သည်။ သို့သော် သူမသည် ငွေကြေးကိုသာ စိတ်ဝင်စားသူ၊ လက်တွေ့ဆန်သူဟု ထင်သွားမည်ကိုလည်း စိုးရိမ်ခဲ့ရာ ဒါက သိပ်မကောင်းလှဘူးဟု ခံစားခဲ့ရသည်။
ကုဟွိုင်အန်းမှာ သူမ၏ အတွေးများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပြီး မသိချင်ယောင်ဆောင်နေခဲ့သည်။
ရှန်းတန်သည် များစွာသော စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ပိုက်ဆံကို ကြိုက်နှစ်သက်ခြင်း အတွက် ရှက်စရာမရှိဘူးဟု ဆုံးဖြတ်လိုက်သည်။ သူမ ဘာကိုမှ စိတ်မသက်မသာ ဖြစ်နေစရာ မလိုတော့ပေ။
"အမ်၊ အဟမ်း..."
"ဘာလဲ" ကုဟွိုင်အန်းက မသိချင်ယောင်ဆောင်လိုက်သည်။
"အဲဒီ စာချုပ်က အခုထိ အတည်ဖြစ်သေးလား။"
"သေချာပေါက် မတည်တော့ဘူးလေ။"
ရှန်းတန်၏ မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားသည်။ "ဒါဆို ကျွန်မရဲ့ ပိုက်ဆံ..."
"ကိုယ် ကိုယ်တိုင်က မင်းရဲ့လူပဲဆိုတော့ ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံကလည်း မင်းရဲ့ ပိုက်ဆံပဲပေါ့။"
ရှန်းတန် : "..."
ကဲ… လာပါပြီ၊ နောက်ကျမှ ပေးသော ချိုမြိန်သည့် ကတိများ ရောက်လာခဲ့ပြီ။
ယောက်ျားတွေက အမြဲ ဒီလိုစကားမျိုး ပြောတတ်သည် မဟုတ်လား။
သူမ၏ အခင်ဆုံးသူငယ်ချင်း၏ ရည်းစားကလည်း သူ့အတိတ်မှာ ဒီလိုပဲ ပြောခဲ့ဖူးသည်။ ထို့နောက် ထိုအမျိုးသားသည် အိမ်ဝယ်မည်ဟုဆိုကာ သူ့လစာကို စုဆောင်းခဲ့ပြီး အမျိုးသမီး၏ ပိုက်ဆံကိုတော့ သူတို့နှစ်ဦးအတွက် နေထိုင်စရိတ်အဖြစ် အသုံးပြုခဲ့သည်။
ဟုတ်ပါသည်၊ သူမသည် ကုဟွိုင်အန်းကို အမှိုက်တွေနဲ့ နှိုင်းယှဉ်နေခြင်း မဟုတ်ပေ။
ကုဟွိုင်အန်းကတော့ သေချာပေါက် ဂုဏ်သိက္ခာကို ထိခိုက်စေမဲ့ အရာတွေ လုပ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားသူရဲ့ ပိုက်ဆံကို သုံးတာနဲ့ ကိုယ့်ပိုက်ဆံကို သုံးတာက လုံးဝကို မတူညီတဲ့ ကိစ္စတွေလေ။
သူမ ပိုက်ဆံကို ကြိုက်ပေမဲ့ တခြားသူတွေဆီကနေ အမြဲတမ်း တောင်းနေချင်တာ မဟုတ်ပါဘူး။
ကုဟွိုင်အန်းသည် သူမ၏ အတွေးများကို ကျယ်လောင်ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူသည် ရှန်းတန်၏ ဆံပင်ကို သူ့လက်ဖြင့် ဖွလိုက်မိသည်။ မထူးဆန်းပါဘူး၊ သူမက သူ့ဇနီးပဲကို။
"မင်း ကတ်ကို စစ်ပြီးပြီလား။"
"မစစ်ရသေးဘူး။"
"အခု စစ်ကြည့်လိုက်။"
ရှန်းတန်က ဘာဖြစ်ခဲ့လဲဆိုတာ ခန့်မှန်းမိလိုက်သည်။ ရှန်းတန်သည် သူမ၏ ဖုန်းအက်ပလီကေးရှင်းသို့ ဝင်ရောက်ပြီး လက်ကျန်ငွေကို ကြည့်လိုက်ရာ ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့သည်။
"နေပါဦး၊ ဒါက ဘယ်လောက်တောင်လဲ။"
"ကြည့်ရအောင်၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး... ဂဏန်းကိုးလုံးဆို ဘယ်လောက်လဲ။ ခု ဆယ်ရာ ထောင် သောင်း သိန်း သန်း။"
ရှန်းတန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "ဒါက သန်းသုံးရာလား။"
"ဟုတ်တယ်။"
"ဘာလို့ ကျွန်မကို ဒီလောက် ပိုက်ဆံ အများကြီး ပေးရတာလဲ။"
ဤဘီလီယံပေါင်းများစွာနှင့် နှိုင်းယှဉ်လျှင် သူမ၏ အရင်က စုဆောင်းငွေများသည် အရေးမပါတော့ပေ။
"ဒါက ကိုယ့်ဇနီးကို ထောက်ပံ့ဖို့လေ။"
"ဟာ။"
"အွန်လိုင်းမှာ မြင်ဖူးတာ ကောင်လေးတွေက အမြဲတမ်း သူတို့ရဲ့ လစာကို ပြန်လွှဲပေးတာ မဟုတ်ဘူးလား။"
"ဒါပေမဲ့ ဒီလောက် အများကြီးတော့ မဟုတ်ဘူးလေ…"
ရှန်းတန်မှာ မဟုတ်မမှန်သေးသလို ခံစားနေရဆဲပင်။ သူမ ချမ်းသာသွားပြီလား။
ရှန်းတန်သည် ပိုက်ဆံက သူမ၏ လက်ကို ပူလောင်စေသည်ဟုပင် ခံစားခဲ့ရပြီး ပြန်ပေးချင်စိတ် ပေါက်ခဲ့သည်။
မရဘူး ရှန်းတန်၊ နင့်ရဲ့ ပိုက်ဆံကို ချစ်တဲ့ အကျင့်စရိုက်ကို မေ့သွားလို့ မဖြစ်ဘူးလေ။
"ကျွန်မ..."
သူမသည် ပိုက်ဆံကို ပြန်မပေးချင်သော်လည်း သိမ်းထားဖို့လည်း ချီတုံချတုံ ဖြစ်နေခဲ့သည်။ ပိုက်ဆံရူး ရှန်းတန်မှာ စိတ်နှစ်ခွဖြစ်နေခဲ့သည်။
ကုဟွိုင်အန်းက ညင်သာစွာ ရယ်လိုက်သည်။ "ကိုယ် မင်းကို ပေးလိုက်ပြီဆိုကတည်းက အဲ့တာက မင်းရဲ့ အပိုင် ဖြစ်သွားပြီလေ။ ဒါတွေက ကိုယ် နှစ်ပေါင်းများစွာ စုထားတဲ့ လစာတွေပဲ။ အကုန်လုံး မင်းအတွက်ပါပဲ။ ကိုယ့်ရဲ့ဟာတွေက အခု မင်း ပိုင်သွားပြီ ဖြစ်သလို မင်းမှာ ရှိနေသေးတာတွေကလည်း မင်းအပိုင်ပါပဲ။"
ရှန်းတန်က တံတွေးမြိုချလိုက်ပြီး "ဒါက ကတိလား" ဟု မေးလိုက်သည်။
"ဒါပေါ့။"
"ဒါဆို ရှင်ကရော ဘာနဲ့ ဝယ်သုံးမှာလဲ။"
ကုဟွိုင်အန်းက ရှန်းတန်၏ လက်ကို ယူလိုက်သည်။ "နောင်ဆို ကိုယ်က ကိုယ့်ဇနီးလေးပေါ်မှာ မှီခိုရတော့မယ်နဲ့ တူတယ်။"
"ဘယ်သူက ရှင့်ဇနီး ဖြစ်ရမှာတုန်း။"
သူတို့ ခုမှ ချစ်သူဖြစ်စပဲ ရှိသေးတာကို သူက ဇနီးလို့ ခေါ်နေပြီ၊ သူတို့ နောက်ဆုံးတော့ အတူတူ အိပ်ရတော့မှာ မဟုတ်ဘူးလား။
ဘယ်လောက် ချစ်စရာကောင်းလိုက်လဲ၊ နမ်းပစ်ချင်စရာကောင်းလိုက်တာ။
ကုဟွိုင်အန်းက မထိန်းချုပ်ထားတော့ပေ။ သူသည် ရှန်းတန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ ပါးပြင်လေးကို အကြိမ်များစွာ ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။
ဟုတ်ပါသည်၊ သူ့မျက်နှာကို ရည်ရွယ်ပြီး နမ်းတာပါ။
ရှန်းတန်သည် မျက်နှာအမူအရာ ကင်းမဲ့စွာ သူ့မျက်နှာကို သုတ်လိုက်သည်။ ဒီကောင် ရူးများ ရူးနေတာလား။
ထိုညတွင် ရှန်းတန်သည် သူ၏ မန်နေဂျာထံမှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။
ရှန်းတန်က ဒါကို မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားရခက်နေသည်။ ကုဟွိုင်အန်းက ဖုန်းဘေးသို့ ရွှေ့လာပြီး "ဟုတ်တယ်၊ ကျွန်တော်တို့ အခု တွဲနေကြပြီ" ဟု ပြောလိုက်သည်။
ဖေးခယ့်စုန့်က အထွေအထူး သိပ်မပြောဘဲ "သိပြီ" နှင့် "သတိထား" ဟူ၍သာ ပြောလိုက်သည်။
ပထမတော့ ရှန်းတန်က သူမရဲ့ စခန်းချခရီးထွက်လာတာကို သူ သိပြီး ဘေးကင်းရေးကို စိုးရိမ်တာလို့ ထင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဖေးခယ့်စုန့်က ထို "သတိထား" ဆိုသည်မှာ တစ်မျိုးတစ်ဖုံကို ဆိုလိုကြောင်း သူမ သဘောပေါက်လိုက်သည်။
ရှန်းတန် : "..."
လူတိုင်းက သူမနဲ့ ကုဟွိုင်အန်း ကြားမှာ တစ်ခုခု ဖြစ်သွားပြီလို့ ထင်နေကြတာလား။
စောင်အောက်မှာ စကားပြောရင်း ရိုးရိုးသားသား အိပ်နေကြတာကို ဘယ်သူမှ မယုံကြဘူးလား။
ကုဟွိုင်အန်းက တိတ်ဆိတ်နေခဲ့သည်။ ရိုးရိုးသားသားပြောရရင် သူကိုယ်တိုင် မဟုတ်ရင် သူလည်း သိပ်ယုံကြည်မိမှာ မဟုတ်ဘူး။
ပျော်ရွှင်စရာအချိန်တွေက အမြဲ လျင်မြန်စွာ ကုန်ဆုံးတတ်သည်။ ကုဟွိုင်အန်းနှင့် တွေ့ဆုံပြီး နှစ်ရက်အကြာမှာ ရှန်းတန်က ရိုက်ကူးရေးအဖွဲ့ကို ပြန်သွားရသည်။
သူမသည် အမြဲတမ်း ဇာတ်လမ်းတွဲတွေ ရိုက်နေခဲ့သည်ဟု ထင်ရသော်လည်း မည်သည့် ဇာတ်လမ်းကိုမျှ ပြသသေးခြင်း မရှိခဲ့ပေ။
ကုဟွိုင်အန်းမှာ ခွဲခွာရမည်ကို ဝန်လေးနေခဲ့သည်။ "ကိုယ် မင်းနဲ့အတူ ရိုက်ကူးရေးအဖွဲ့ကို လိုက်လာသင့်လားလို့ တွေးမိတယ်။"
"ဒါဆို ရှင့်အလုပ်ကို ဘယ်သူ ကိုင်တွယ်မလဲ။"
"လက်ထောက်ကန်းကို လွှဲပေးလိုက်မယ်လေ။"
လက်ထောက်ကန်းက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။
"???"
"မဟုတ်ဘူး၊ စီအီးအိုကု၊ ခင်ဗျား…"
"ရှင် လက်ထောက်ကန်းကို တစ်ယောက်တည်း အမြဲ အနိုင်ကျင့်လို့ မရဘူးလေ။ သူ့မှာ ချစ်သူရှာဖို့ အချိန်တောင် မရဘူး။"
လက်ထောက်ကန်း သူ့မျက်မှန်ကို ညှိလိုက်ကာ "မှန်တယ်" ဟု ထောက်ခံလိုက်သည်။
"ခင်ဗျားကို လစာ ၅% တိုးပေးမယ်။"
ကုဟွိုင်အန်း၏ စကားကို ကြားသောအခါ လက်ထောက်ကန်းက ချက်ချင်းဆိုသလို ပြုံးပျော်သွားသည်။
"စီအီးအိုကုကို ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။"
ရှန်းတန် : "..."
လက်ထောက်ကန်း ပြောဖူးသည့် လစာကို သတိရရင်း ရှန်းတန်က ၅% တိုးလာမည့် ပမာဏကို စိတ်ထဲမှာ တွက်ချက်ကြည့်ပြီး အံ့ဩမိသွားသည်။
သူမသည် ဇာတ်လမ်းတွဲများ ရိုက်ကူးနေသော်လည်း သူမ၏ ရေပန်းစားမှုက မမြင့်မားသေးပေ။ သူမ၏ ဝင်ငွေမှာလည်း အဓိက သရုပ်ဆောင်များလောက် မများပေ။
သို့သော်လည်း ပုံမှန်လူများ ရရှိသည်ထက် အများကြီး ပိုများနေဆဲပင်။
"လာပါဦး၊ ကျွန်မ ရိုက်ကူးရေးအဖွဲ့ကို ပြန်သွားရတော့မယ်။ ရှင့်အလုပ်တွေကို မြန်မြန် ပြီးအောင် လုပ်လိုက်ပါဦး၊ ပြီးမှ ကျွန်မတို့ အပြင်ထွက်လည်ကြမယ်။ ကျွန်မ ဘယ်တုန်းကမှ လည်ပတ်ဖူးတာ မဟုတ်ဘူး။"
ထင်ထားသည့်အတိုင်း ဤစကားကို ကြားသောအခါ ကုဟွိုင်အန်း၏ မျက်လုံးများတွင် စိတ်မသက်မသာဖြစ်ခြင်း တစ်စွန်းတစ်စ ပေါ်လာသည်။
"ကောင်းပြီ၊ မင်း သွားချင်တဲ့နေရာ ဘယ်နေရာမဆို သွားကြမယ်။ အနာဂတ်မှာ ကမ္ဘာတစ်ပတ် ခရီးသွားကြမယ်။"
ရှန်းတန်က လက်ပြလိုက်သည်။ "ကျွန်မကို လာခေါ်တဲ့ကားရောက်နေပြီ၊ အခုတော့ ဘိုင့်ဘိုင်ပါ။"
ကားထဲသို့ ဝင်ရန် ပြင်လိုက်စဉ် ရှန်းတန်က ရုတ်တရက် လှည့်ကာ ပြန်ပြေးလာခဲ့သည်။ ခြေဖျားထောက်ကာ ကုဟွိုင်အန်း၏ နှုတ်ခမ်းကို "ပြွတ်စ်" ကနဲ အသံမြည်အောင် နမ်းလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်၊ ကျွန်မ မကြာခဏ အဆက်အသွယ်လုပ်ပါ့မယ်။"
"မင်းရောပဲ။"
လက်ထောက်ကန်းသည် မျက်နှာ အမူအရာ ကင်းမဲ့စွာဖြင့် ခွေးစာ တစ်ပန်းကန်လုံး စားလိုက်ရသည်။
နှစ်ဦးသား မခွဲခွာနိုင်သလို နှုတ်ဆက်ပြီးမှ ရှန်းတန်တစ်ယောက် နောက်ဆုံး ကားထဲသို့ ဝင်ကာ ထွက်သွားခဲ့သည်။
ကုဟွိုင်အန်းသည် လက်ထောက်ကန်းကို ကြည့်လိုက်ရာ သူက ချက်ချင်းပင် ပါးစပ်ပိတ်ဟန်အမူအရာပြလိုက်ပြီး တစ်စက္ကန့်အတွင်း နားလည်လိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ ငါတို့က ချစ်စကြင်နာစအချိန်မှာလေ။"
လက်ထောက်ကန်းမှာ မသိချင်ဘူးဟု ပြောချင်စိတ် ပြင်းပြနေခဲ့သည်။
သူ့မှာ သိချင်စိတ်လည်း မရှိခဲ့ပေ။
စီအီးအိုကုက အခုမှ ချစ်သူအဖြစ် စတွဲရုံပဲ ရှိသေးတာကို ဘာလို့ သူ့ဝိညာဉ်ကို တစ်ယောက်ယောက် လာလဲလိုက်သလိုမျိုး ခံစားနေရတာပါလိမ့်။
လက်ထောက်ကန်းက စတင် ကြောက်ရွံ့ထိတ်လန့်လာခဲ့သည်။
စီအီးအိုကု မမြင်စေရန် သေချာအောင် သူသည် လက်မောင်းပေါ်ရှိ ကြက်သီးထနေသည်များကို အလျင်အမြန် ပွတ်ဖယ်လိုက်သည်။
ဒါက လုံးဝကို ကြောက်စရာကောင်းလွန်းသည်။
ရိုက်ကူးရေးစခန်းသို့ ပြန်ရောက်ပြီးနောက် ရှန်းတန်ကို ဒါရိုက်တာနှင့် ချီယွဲ့တို့က ချက်ချင်းပင် ချဉ်းကပ်လာခဲ့ကြသည်။
ချီယွဲ့က ရှန်းတန်၏ လက်မောင်းကို ဆွဲကာ ဘေးသို့ ဆွဲခေါ်သွားပြီး ညင်သာစွာ မေးလိုက်သည်။ "ဟိုဟာ နင် လုပ်လိုက်ပြီလား။"
ရှန်းတန် ပြန်မဖြေရသေးမီ ဒါရိုက်တာက နားစွင့်နေသည်ကို သူမ မြင်လိုက်ရသည်။
ရှန်းတန် : "..."
လူတိုင်းက တစ်ယောက်ထက် တစ်ယောက် အတင်းအဖျင်း ပိုပြောချင်နေကြတာပဲ။
"နင် စိတ်ထင်တာတွေပါ။ ဘာမှ မဖြစ်ခဲ့ပါဘူး။"
ချီယွဲ့သည် သူမ၏ မေးစေ့ကို ပွတ်သပ်ရင်း အံ့အားသင့်စွာ ပြောလိုက်သည်။ "ဒါ မဖြစ်နိုင်ဘူး။ သူက ပန်းသေနေတာများလား။"
ဒါရိုက်တာက သူ့ခေါင်းကို ရှေ့တိုးကာ ပိုပြီး အာရုံစိုက်နားထောင်လိုက်သည်၊ "ဘယ်သူလဲ၊ စီအီးအို ကုဟွိုင်အန်းလား။ တန်တန်၊ မင်းတို့နှစ်ယောက် တွဲနေတယ်လို့ သတင်းတွေက ပြောတယ်။ အမှန်ပဲလား။"
"မဟုတ်ဘူး၊ အဲ့တာ အလိမ်အညာတွေ။"
ဒါရိုက်တာက "ရှူး" ကနဲ အသံပြုလိုက်သည်။ "မင်း လိမ်နေတယ်။"
"အဖြေကို သိနေတာများ ဘာလို့ လာမေးနေတာလဲ။"
ဒါရိုက်တာက စိတ်လှုပ်ရှားစွာ သူ၏ပါးစပ်ကို ဖုံးလိုက်သည်။ "ဒါဆို မင်းတို့ တကယ်တွဲနေကြတာပေါ့။"
အခန်း ( ၁၀၈ ) – နင့်မိသားစုဝင် ရောက်လာတယ်
နေ့ရက်တွေက ပုံမှန်လေးအတိုင်း တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ရှန်းတန်သည် သူမ၏ ဇာတ်လမ်းတွဲကို ရိုက်ကူးနေရခြင်းကြောင့် အမြဲအလုပ်များနေခဲ့ပြီး ကုဟွိုင်အန်းမှာမူ ချွဲတတ်သော ခွေးကလေးတစ်ကောင်လို နေ့စဉ် မနက်တိုင်းနှင့် ညတိုင်း သူမထံ ဘာလုပ်လုပ် အကြောင်းကြားနေခဲ့သည်။
ရှန်းတန်သည် ဤအခြေအနေကို အတော်လေး နှစ်သက်ပြီး လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
ထူးဆန်းသည်မှာ မြောင်မြောင်သည် ရက်ပေါင်းများစွာကြာအောင် သူ့ကို ဆက်သွယ်ခြင်း မရှိခဲ့ပေ။ ကျိုးချင်းလျန့်ဘက်မှလည်း တိတ်ဆိတ်နေပြီး မည်သည့် ပြဿနာမှ မဖြစ်ပေါ်ခဲ့ပေ။
ရှန်းတန်သည် ကုဟွိုင်အန်းထံမှ ပွဲတစ်ခုသို့ အဖော်ပြုရန် မက်ဆေ့ချ် လက်ခံရရှိမှသာ အခွင့်အရေး ရောက်လာပြီဟု သိရှိခဲ့သည်။
ဤပွဲကို ကျိုးမိသားစုက ကျင်းပခြင်းဖြစ်ပြီး ဖိတ်ကြားခံရသူအားလုံးမှာ လူမှုအသိုင်းအဝိုင်းတူသူများ ဖြစ်ကြသည်။
ရှန်းတန်သည် ကုဟွိုင်အန်း၏ မိသားစုဝင်တစ်ဦးအနေဖြင့် တက်ရောက်ခြင်း ဖြစ်သည်။ သူမသည် ထိုနေ့တွင် အလုပ်ကို စောစီးစွာ အပြီးသတ်ခဲ့ပြီး ကုဟွိုင်အန်းက သူမအား ကြိုတင်ပြင်ဆင်ရန် စတိုင်လ်လစ်အဖွဲ့ ကို စေလွှတ်ထားခဲ့သည်။
သူတို့သည် ရှန်းတန်ကို အရင်က အလှအပပြင်ဆင်ဖန်တီးပေးခဲ့ဖူးသည့် အဖွဲ့သားများဖြစ်ရာ လူတိုင်း အလွန်ရင်းနှီးပြီး အလုပ်များကို ထိရောက်စွာ လုပ်ဆောင်ခဲ့ကြသည်။
ရှန်းတန် သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် သူ၏ အိတ်ကိုယူကာ အောက်ထပ်သို့ ဆင်းသွားသောအခါ ချီယွဲ့ နှင့် တွေ့ဆုံခဲ့ရာ သူမလည်း သပ်ရပ်လှပစွာ ဝတ်စားဆင်ယင်ထားသည်ကို တွေ့ရသည်။
"ယွဲ့ယွဲ့၊ မင်း ဒီနေ့ အရမ်းလှတယ်" ဟု ရှန်းတန်က ပြောလိုက်သည်။
ချီယွဲ့က ဆံပင်ကို ချစ်စဖွယ်ရာ လှန်တင်လိုက်သည်။ "ဟုတ်တာပေါ့။ ငါတို့ ညီအစ်မတွေ ဒီည လူအများအလယ်မှာ ထင်ပေါ်စေရမယ်။"
ရှန်းတန် : "..."
ငါ မင်းကို ချီးကျူးလိုက်ရုံနဲ့ အလွန်အကျွံ မလုပ်ပါနဲ့ဦး။
သူတို့နှစ်ဦးစလုံး၏ ယနေ့ညအတွက် ဝတ်စားဆင်ယင်မှုများမှာ အမှန်တကယ်ပင် မျက်စိပသာဒ ဖြစ်စရာကောင်းသော်လည်း ဒီလိုပွဲမျိုးအတွက် ဘယ်သူကများ အလှပြင်မှာ မဟုတ်ဘဲ နေမလဲ။
ချီယွဲ့က အမြဲတမ်း ကိုယ့်ကိုယ်ကို အလွန်ယုံကြည်မှု ရှိခဲ့သူဖြစ်သည်။
ရှန်းတန် ချီယွဲ့ ၏ ကားထဲသို့ ဝင်တော့မည့်အချိန်တွင် ကုဟွိုင်အန်း နောက်ထပ်ကားတစ်စီးမှ ဆင်းလာခဲ့သည်။
"တန်တန်ရေ~"
သူ၏ အသံက အလွန်နူးညံ့လွန်း၍ ချီယွဲ့ ချက်ချင်းပင် မျက်လုံးလှန်လိုက်သည်။ "ကောင်းပြီလေ၊ နင့်ရဲ့ မိသားစုဝင် ရောက်လာပြီ ဆိုတော့ နင် ငါနဲ့အတူ မစီးနိုင်တော့ဘူး ထင်တယ်။"
ရှန်းတန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်ကို ထိန်းမရပေ။ "ဟဲဟဲ၊ ငါတို့ နေ့တိုင်း တွေ့နေကြတာပဲ။ သိပ်တော့ ကွာခြားမှာ မဟုတ်ပါဘူး။"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကြည့်ပါဦး၊ နင် သူ့ဆီ သွားဖို့ကိုတောင် မတုံ့မဆိုင်းဘဲ ချက်ချင်းလက်ခံနေတာနော်။ သွား သွား၊ ဒီမှာ မျက်စိနောက်အောင် မလုပ်နဲ့တော့။"
ရှန်းတန်က သူ၏ ဒေါက်မြင့်ဖိနပ်ဖြင့် တတောက်တောက်မြည်အောင် လျှောက်သွားလိုက်သည်။ "ရှင် ရောက်လာပြီပဲ။"
ကားမောင်းရမည့် ခရီးက နှစ်နာရီကြာမည်ဖြစ်ပြီး အပြန်ခရီးကလည်း နှစ်နာရီ ကြာဦးမည်။ ဒါကို စဉ်းစားလိုက်သည်နှင့် ရှန်းတန် အတော်လေး ပင်ပန်းသလို ခံစားနေရပြီ။
ကုဟွိုင်အန်းသည် ရှန်းတန်ကို ဖက်လိုက်ပြီး သူ့မျက်နှာကို သူမ၏ ဆံပင်ထဲသို့ တိုးဝင်ကာ "မင်းကို လွမ်းနေတာ" ဟု တီးတိုးပြောလိုက်သည်။
ထိုစကားများက ရှန်းတန်၏ စွမ်းအင်အားလုံးကို ချက်ချင်းပင် ကုန်ခန်းစေခဲ့သည်။
"ကျွန်မ... ကျွန်မလည်း ရှင့်ကို လွမ်းပါတယ်။"
ဒီလိုမြင်ရတော့ နောက်ကားထဲက ချီယွဲ့က သူ့နှုတ်ခမ်းကို မဲ့လိုက်ပြီး ကန့်လန့်ကာကို ချက်ချင်း ပိတ်လိုက်သည်။
နှစ်ဦးသား ခဏတာ ဖက်တွယ်ပြီးနောက် ခွဲခွာသွားကြသည်။ ဘာပဲဖြစ်ဖြစ် ရှန်းတန်က လူသိရှင်ကြား သိနေကြတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ကို အချိန်တိုင်း စောင့်ကြည့်နေသော မျက်လုံးများ ရှိနေသည်။
ကားထဲရောက်သည်နှင့် ကားက အရှိန်အဟုန်ဖြင့် မောင်းထွက်သွားသည်။ ချီယွဲ့သည်လည်း သူမ၏ ယာဉ်မောင်းအား အလျင်အမြန် ထွက်ခွာရန် ပြောလိုက်သည်။
ကားနှစ်စီး ထွက်သွားပြီးနောက် လူတစ်ဦးသည် ဘဲနှုတ်သီးဦးထုပ် ဆောင်းကာ လမ်းမထောင့်ကနေ ထွက်ပေါ်လာခဲ့သည်။ သူ ရိုက်ထားသော ဓာတ်ပုံများကို တစ်ချက်ကြည့်လိုက်ပြီး ကောက်ကျစ်သော အပြုံး တစ်ခု သူ၏ မျက်နှာတွင် ပျံ့နှံ့သွားသည်။ "ဒါကို ဖြန့်လိုက်ရင်တော့ သတင်းကြီးသွားမှာပဲ။"
ပါပါရာဇီများအတွက် ပထမဆုံး နာမည်ကြီးသူကို ဆက်သွယ်ပြီး ဓာတ်ပုံများကို ပြန်ရောင်းရန် ကမ်းလှမ်းခြင်းသည် ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ တစ်ခုတည်းသော ပန်းတိုင်မှာ ပိုက်ဆံဖြစ်သောကြောင့်ပင်။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ကုကော်ပိုရေးရှင်းထံသို့ အီးမေးလ် ပို့ပြီးနောက် အချိန်အတော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။
၎င်းက သူ့ကို ဘာလုပ်ရမှန်း မသိအောင် ဖြစ်စေခဲ့သည်။ ရောင်းသင့်သလား၊ မရောင်းသင့်ဘူးလား။ သူ၏ တောင်းဆိုသောဈေးနှုန်းကလည်း မမြင့်မားလှ၊ ဂဏန်းခုနစ်လုံးသာ ဖြစ်သည်။ ကုကော်ပိုရေးရှင်းက ထိုမျှသော ပိုက်ဆံလေးကိုပင် မတတ်နိုင်စရာ အကြောင်းမရှိပေ။
သို့သော် ၎င်းသည် နောင်မှ ပြောမည့် ဇာတ်လမ်း ဖြစ်သည်။ ရှန်းတန်နှင့် အခြားသူများ ပွဲသို့ ရောက်ရှိလာခြင်း အကြောင်းကို ပြန်ဆက်ရလျှင် သူတို့ ဝင်လာသောအခါ လူတိုင်း၏ မျက်လုံးများက သူတို့ဆီသို့ စူးစိုက်လာခဲ့သည်။
ကျိုးချင်းလျန့်က အိမ်ရှင်ဖြစ်သောကြောင့် သဘာဝအတိုင်း နှုတ်ဆက်ရန် ရောက်လာခဲ့သည်။ သူမသည် သန့်ရှင်းဖြူစင်လွန်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ပတုန်းနက်ရောင် ဆံနွယ်များက ကျောပေါ်သို့ ကပ်ကျနေကာ ပါးလွှာသော မိတ်ကပ်ဖြင့် လှပနေခဲ့သည်။
ပြောရမည်ဆိုလျှင် သူမသည် ဒီည အမှန်ပင် လှပနေခဲ့သည်။ ပုံမှန်မဟုတ်သော ထူးခြားသည့် အလှ တစ်မျိုးက လူများကို သူမအား ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
"ဟွိုင်အန်း၊ ရှင် ရောက်လာပြီပဲ။ မစ္စရှန်း၊ မတွေ့တာ ကြာပြီနော်။"
ကုဟွိုင်အန်း၏ မျက်နှာအမူအရာမှာ ခပ်တည်တည် ဖြစ်နေခဲ့သည်။ ရှန်းတန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "မစ္စကျိုး၊ တွေ့ရတာဝမ်းသာပါတယ်။"
အပေါ်ယံအားဖြင့် သူတို့နှစ်ဦးကြား မည်သည့် သဘောထားကွဲလွဲမှု မှ မရှိခဲ့ပေ။
ကျိုးချင်းလျန့်က ဤအပေါ်ယံငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် ဆန္ဒရှိခြင်းက အကောင်းဆုံးပင်။ အဘယ်ကြောင့်ဆိုသော် ရှန်းတန်သည် မည်သည့် သေးငယ်သော ရန်ပွဲ ကိုမျှ ဆင်နွှဲရန် ဆန္ဒမရှိခဲ့ပေ။
သို့သော် ဘာကြောင့်မှန်းမသိ ရှန်းတန်မှာ ကျိုးချင်းလျန့်၏ သဘောထားကြောင့် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ခဏတာ စကားပြောဆိုပြီးနောက် သူတို့ အနည်းငယ် ခွဲခွာသွားကြသည်။ ရှန်းတန်က ကျိုးချင်းလျန့်ကို ခဏကြည့်ပြီးမှ သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
"ရှင့်ရဲ့ ညီမရော ရောက်နေလား။"
"မသေချာဘူး။"
ရှန်းတန် နှုတ်ခမ်းများကို ဖိလိုက်သည်။ မြောင်မြောင်ကို မေးချင်သော်လည်း သူမ၏ အခြားအကောင့်ကို ယခု ဖော်ထုတ်ရန် မလိုလားခဲ့ပေ။
သူမ၏ အတွင်းစိတ် မရေရာမှုကို မြင်သောအခါ ကုဟွိုင်အန်းက "ကိုယ် မေးကြည့်လိုက်မယ်" ဟု ပြောသည်။
မကြာမီ သူ ပြန်ဖြေလိုက်သည်။ "သူမ ရောက်နေတယ်၊ အပေါ်ထပ်မှာ။"
ရှန်းတန်၏ နှလုံးသား တင်းကြပ်သွားသည်။ မြောင်မြောင်၊ ဘာမှ အဆင်မပြေတာတွေ မလုပ်မိပါစေနဲ့။
ထိုစဉ် ရုတ်တရက် ထူးခြားမှုများ ပြောရင်းဆိုရင်း ပေါ်လာခဲ့သည်။
မကြာမီ ကုယွင်အန်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အဝေးမှနေ၍ ရှန်းတန်သည် သူ၏ ပုံမှန်မဟုတ်သော မျက်နှာအမူအရာကို သတိပြုမိလိုက်သည်။ သူ ဖျားနေတာလား။
ကုယွင်အန်းက လူအုပ်ကို စစ်ဆေးလိုက်ပြီး ရှန်းတန်၏ မျက်လုံးများနှင့် ဆုံတွေ့ပြီးနောက် လျှောက်လာခဲ့သည်။
ရှန်းတန် သာမက ကုဟွိုင်အန်း၏ မျက်နှာလည်း မှောင်မှိုင်းသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ကုယွင်အန်းက သူ၏ ညီမအရင်း မဟုတ်ပေ။ ပြီးတော့ သူ၏ မိဘများ မကြာသေးမီက လုပ်ဆောင်ခဲ့သော လှည့်စားမှုများကြောင့် သူမအပေါ် သူ၏ သည်းခံစိတ် ကုန်ခန်းလုနီးပါး ဖြစ်နေခဲ့သည်။
သူမသည် ရှန်းတန်ကို တစ်စုံတစ်ရာ မကောင်းကြံစည်ရဲပါက သူတို့ ဆွေမျိုးများ ဖြစ်နေသော်လည်း ထို သံယောဇဉ်များကို ဂရုမစိုက်ဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဖြစ်သည်။
ကုယွင်အန်းမှာ လုံးဝကို ရှုပ်ထွေးနေခဲ့သည်။ သူမ အစ်မလျန့် ပြောသည့်အတိုင်း တကယ် လုပ်သင့်သလား။
သူမ စိတ်ထဲတွင် မှားမှန်းသိသော်လည်း နောက်ဆုံးအကြိမ်က သူမ ငြင်းဆိုသောအခါ အစ်မလျန့်သည် ဆေးသောက်၍ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည်။ ထပ်ဖြစ်ပါက သူတို့ အချိန်မီ ကယ်တင်နိုင်မည် မဟုတ်ပေ။
သို့သော် သူမသည် ရှန်းတန် အပေါ် ထိုသို့ လုပ်ဆောင်ရန်လည်း မလိုလားခဲ့ပေ။ ၎င်းက သူမကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
မူးနောက်နောက်ဖြစ်နေသော ကုယွင်အန်းသည် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ရှန်းတန် တကယ်ရောက်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားခဲ့သည်။
"အိုး။"
သူမသည် တစ်စုံတစ်ဦးနှင့် တိုက်မိသွားပြီး ထိုသူမှာ အတော်လေး ဒေါသထွက်နေခဲ့သည်။ သို့သော် ကုယွင်အန်း၏ ဖျားနာနေသော မျက်နှာအမူအရာကို မြင်သောအခါ သူတို့ စိုးရိမ်စိတ် မဖြစ်ပေါ်ဘဲ မနေနိုင်ခဲ့ပေ။
"ဟေး၊ အဆင်ပြေရဲ့လား။"
ကုယွင်အန်း ခေါင်းခါလိုက်သည်။ "ကျွန်မ အဆင်ပြေပါတယ်..."
"မင်း လုံးဝ အဆင်မပြေဘူး..." ထိုလူက ဆက်ပြောချင်သေးသော်လည်း ကုယွင်အန်းမှာ ထွက်သွားနှင့်ပြီးဖြစ်သည်။
သူမ၏ မျက်လုံးများက ရှန်းတန်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
ထိုလူက ခေါင်းကို ဝေခွဲမရစွာ ကုတ်လိုက်ပြီး ထွက်သွားခဲ့သည်။
ရှန်းတန်သည် ကုယွင်အန်းကို အချိန်တိုင်း စောင့်ကြည့်နေခဲ့ပြီး ဤမြင်ကွင်းကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။
မြောင်မြောင်ဆီကနေ သူမ၏ အမှန်တကယ် ဖြစ်တည်မှုကို ဝှက်ထားခြင်းသည် အမှားတစ်ခု ဖြစ်နေပြီလားဟု သူမ မတွေးဘဲ မနေနိုင်ခဲ့ပေ။
မြောင်မြောင်က သူမ၏ အစ်မမျောက်သည် တကယ်တမ်း ရှန်းတန်ဖြစ်ကြောင်း သိခဲ့ပါက သူမ ဒီလိုမျိုး စိတ်ထွေပြားနေစရာ မလိုလောက်ဘူးမလား။
သို့မဟုတ် သူမသည် ကျိုးချင်းလျန့်၏ တောင်းဆိုမှုကို လုံးဝ ငြင်းပယ်သွားနိုင်သည်။
ဟုတ်ပါတယ်၊ ဒါတွေက ရှန်းတန်ရဲ့ ခန့်မှန်းချက်တွေသာ ဖြစ်သည်။
အမှန်တရားမှာ သူမသည် မြောင်မြောင်ကို အချိန်တိုအတွင်း၌သာ သိကျွမ်းခဲ့ပြီး ကျိုးချင်းလျန့်နှင့် သူမ၏ သိကျွမ်းခဲ့ချိန်ထက် အများကြီး နည်းပါးသည်။
သူမ၏ အထောက်အထား ဖော်ထုတ်ခံရပါက မြောင်မြောင်က ဘယ်ဘက်ကနေ ရပ်တည်ပေးမည်ကို သူမ အမှန်တကယ် မသေချာခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူတို့မှာ ကြာရှည်သော သူငယ်ချင်းဆက်ဆံရေး ရှိခဲ့သည်။ ရှန်းတန်သည် သူတို့နှစ်ဦး ရန်ဖြစ်နေသည်ကိုလည်း မမြင်ချင်ခဲ့ပေ။
"အစ်ကိုကြီး၊ မရီး" ဟု ကုယွင်အန်း တီးတိုးပြောလိုက်သည်။
"မင်း မျက်နှာ အရမ်းဖြူဖျော့နေတယ်။ နေမကောင်းဘူးလား။"
ကုယွင်အန်း သူမ၏ ဝတ်စုံအစွန်းကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်မ နေမကောင်းတာ မဟုတ်ပါဘူး၊ နည်းနည်း ပင်ပန်းနေလို့ပါ။"
"ဪ၊ ဟုတ်ပါပြီ။ သေချာအနားယူဦးနော်။"
"ကောင်းပါပြီ..."
စကားပြောပြီးနောက် ကုယွင်အန်းသည် မလှမ်းမကမ်းတွင် ထိုင်ချလိုက်ပြီး အလွန်စိတ်ပူပန်နေပုံရသည်။
သူမ၏ အခြေအနေကို မြင်သောအခါ ရှန်းတန်မှာ စိတ်မသက်မသာ မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။
ကျိုးချင်းလျန့်က သူ့ကို ဘာတွေ လုပ်ခိုင်းနေတာလဲ၊ အခုပုံစံမှာ အလွန် ရက်စက်ပုံရသည်။
လူများ ပိုများလာကာ စကားပြောဆိုလာသည်နှင့်အမျှ ရှန်းတန်မှာ နောက်ထပ် ဘာမှ တွေးတောရန် အချိန်မရှိတော့ပေ။ သူမ၏ စိတ်သည် ပွဲရှိ လူအများနှင့် ပြောဆိုနှုတ်ဆက်ခြင်းသာ ပြည့်နှက်နေခဲ့သည်။
ဒါက အရမ်းပင်ပန်းတာပဲ။ ရှန်းတန်မှာ အမြဲပြုံးနေရလို့ သူမ၏ မျက်နှာ အေးခဲသွားတော့မလို ခံစားခဲ့ရသည်။
ထိုစဉ် ဝန်ထမ်းတစ်ဦးသည် သူမ၏ ဘေးနားသို့ ရောက်လာကာ သူ့ကို တီးတိုး တစ်စုံတစ်ရာ ပြောလိုက်သည်။ ချက်ချင်းပင် ရှန်းတန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
"ကောင်းပြီ၊ ကျွန်မ အခု သွားလိုက်မယ်။"