← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း ( ၁၀၉ ) – နာမည်ဆိုးကို သေချာပေါက် အတည်ပြုပေးရမယ်လေ

ကုဟွိုင်အန်းသည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။"

ရှန်းတန် မျက်မှောင်ကြုတ်လိုက်သည်။ "ဝန်ထမ်းကောင်မလေးက ယွင်အန်းက ကျွန်မကို ရှာနေတယ်လို့ ပြောတယ်၊ ပြီးတော့ သူမဆီကို တစ်ယောက်တည်း လာဖို့၊ ဆွေးနွေးတိုင်ပင်စရာ တစ်ခုခု ရှိတယ်လို့ ပြောတယ်။"

ဒီဆင်ခြေက တကယ်ကို ဆင်ခြေသက်သက်ပဲဆိုတာ သိသာတယ်။ တကယ်ပါပဲ၊ မျက်စိရှိတဲ့သူတိုင်း တစ်ခုခု မှားနေတယ်ဆိုတာ တပ်အပ် ပြောနိုင်ပေသည်။

"ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်" ကုဟွိုင်အန်းက စိတ်ပူပန်နေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် သူဌေးတွေမှာ ပိုပြီး ယုတ်မာသော နည်းလမ်းများ ရှိသဖြင့် သူ ရှန်းတန်ကို အန္တရာယ်ဖြစ်ခွင့် မပေးနိုင်ပေ။

ရှန်းတန်က ခေါင်းခါလိုက်သည်။ "ကျွန်မ ကိုယ်တိုင်သွားမယ်၊ တကယ်တမ်း ဘာတွေဖြစ်လာမလဲဆိုတာ သိချင်တယ်။"

ကုဟွိုင်အန်း အနည်းငယ် အားကိုးရာမဲ့ ဖြစ်သွားခဲ့သည်။ ရှန်းတန်က ဆုံးဖြတ်ပြီးသားဖြစ်နေတာကို မြင်တော့ သူ ထွက်သွားဖို့သာ ခွင့်ပြုလိုက်သည်။

"ကိုယ် တစ်ယောက်ယောက်ကို မင်းနောက်ကနေ လျှို့ဝှက်ပြီး လိုက်ခိုင်းလိုက်မယ်၊ မှတ်ထားနော်၊ မင်း သတိထားပြီး အဆင်မပြေတာတွေ မလုပ်မိစေနဲ့။"

"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့၊ ရှင် စိတ်လျှော့ပါဦး။"

ရှန်းတန်သည် ဝန်ထမ်း ခုနက ပြောခဲ့သော နေရာဖြစ်သည့် ဥယျာဉ်ငယ်ဆီသို့ သွားခဲ့သည်။

ဥယျာဉ်ဘေးတွင် ရေကူးကန်တစ်ခု ရှိသည်။ ရှန်းတန်သည် ဝတ္ထုများမှ အကြံအစည်ဆိုးများဖြင့် လှည့်စားခြင်း ဇာတ်လမ်းများကို ချက်ချင်း သတိရမိပြီး မသိစိတ်မှပင် အနည်းငယ် အလှမ်းခွာ ထားလိုက်သည်။

ခဏအကြာတွင် ကုယွင်အန်း ထွက်လာခဲ့သည်။

ရှန်းတန်၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု တစ်စွန်းတစ်စ ပေါ်လာသည်။ မြောင်မြောင်က နောက်ဆုံးတော့ သူမကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား။

"နင် ငါ့ကို ရှာနေတာလား။"

"ကျွန်မ..."

ကုယွင်အန်း ခဏတာ တုံ့ဆိုင်းသွားပြီးမှ "မရီး... မရီး၊ ကျွန်မ မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ။"

"ဘာလဲ။"

"မရီးနဲ့ ကျွန်မ အစ်ကိုကြီးက တကယ်ချစ်နေကြတာလား။"

ဒီမေးခွန်းကြောင့် မထင်မှတ်ဘဲ မေးလိုက်ရာ ရှန်းတန် ခဏတာမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ဒါက ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ မေးခွန်းလဲ၊ တကယ်ချစ်တာ မဟုတ်ရင် ဘာလို့ လက်ထပ်မှာလဲ။"

ရှန်းတန်သည် အရင်က သဘောတူညီခဲ့သော လက်ထပ်မည့် စာချုပ်ကို အလိုအလျောက် လျစ်လျူရှုထားလိုက်သည်။

ကုယွင်အန်း၏ အကြည့်များ တဖြည်းဖြည်း ခိုင်မာလာခဲ့သည်။ "မရီးတို့နှစ်ယောက် တကယ်ချစ်ကြတယ်ဆိုရင်တော့ မရီးတို့ ပျော်ရွှင်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။"

ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်သွားခဲ့သည်။

ရှန်းတန် ကြောင်အသွားသည်၊ ဒါပဲလား။

အရိပ်ထဲတွင် ပုန်းအောင်းနေသော ကျိုးချင်းလျန့်သည် ဤအခြေအနေကို မြင်သောအခါ အံကြိတ်လိုက်သည်။ ဒီကုယွင်အန်းကတော့ တကယ့်ကို အသုံးမဝင်တဲ့သူပဲ၊ တောက်...။

"ငါ သူ့ကို အားကိုးလို့ မရဘူးဆိုတာ သိတယ်။"

သူမဘေးနားရှိ မိန်းကလေးက ခပ်အေးအေး ရယ်လိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်မကို လွှဲပေးလိုက်ပါ။"

သူမ ပြေးထွက်သွားပြီး ရှန်းတန် ဘေးသို့ ရောက်လာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အိုး...၊ ဒါက မင်းသမီး ရှန်းတန် မဟုတ်လား။"

ရှန်းတန်သည် သူ့ရှေ့ကလူကို ဘယ်တုန်းကမှ မမြင်ဖူးသူဖြစ်ပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်မပဲ။"

"အွန်လိုင်းပေါ်က ပုံတွေနဲ့ သိပ်မတူဘူးနော်၊ ပလတ်စတစ်ဆာဂျရီ လုပ်ထားတာလား။"

ဒီနေရာက လူပြတ်ပေမဲ့ လုံးဝ လူမရှိတာတော့ မဟုတ်ဘူး။

ဒီစကားကို ကြားတော့ အကြည့်များစွာက ရှန်းတန်ဘက်ကို လှည့်လာခဲ့သည်။

ရှန်းတန်က သူမ၏ လက်များကို ရင်ဘတ်ပေါ်တွင် ပိုက်လိုက်သည်။ "စိတ်မကောင်းပါဘူး၊ ဒါက ကျွန်မအမေ ပေးထားတဲ့ မျက်နှာပါ။ ရှင့်ရဲ့ အတုအယောင် မေးစေ့က လုံးဝ သဘာ၀ကျမနေဘူး။ ကြည့်ရတာ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုက သိပ်မကောင်းဘူးနဲ့တူပါတယ်။"

ထိုအမျိုးသမီးသည် သူမ၏ မေးစေ့ကို အလိုအလျောက် ထိလိုက်သည်။ လူတွေ သူမကို ကြည့်နေတာကို သတိပြုမိတော့ သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

"ဒါလည်း ကျွန်မအမေ ပေးထားတဲ့ မျက်နှာပဲ၊ ဘာတွေပြောနေတာလဲ။"

"ဪ၊ ဟုတ်လား၊ စိတ်မကောင်းပါဘူး၊ ကျွန်မ သတိမထားမိလိုက်ဘူး။" ရှန်းတန်က ထိုသို့ ပြောဆိုသော်လည်း သူမ၏ စကားသံတွင် စိတ်မကောင်းဖြစ်သည့် အရိပ်အယောင် လုံးဝမပါဝင်ခဲ့ပေ။

ထိုမိန်းကလေး၏ မျက်လုံးများ လင်းလက်သွားပြီး ရှန်းတန်၏ အနားသို့ လျှောက်လာရင်း ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ ကျွန်မ ဂရုမစိုက်ပါဘူး..."

ပြောရင်းဆိုရင်း သူမသည် ရှန်းတန်ကို တွန်းလိုက်သလို ဟန်ဆောင်လိုက်သည်။ ရှန်းတန်သည် သူမ၏ လက်ဖြင့် အလိုအလျောက် ပြန်ခုခံကာကွယ်လိုက်သည်။

ထိုအမျိုးသမီးက ခပ်ဆိုးဆိုးအပြုံး ပြုံးလိုက်ပြီး နောက်သို့ မှီလိုက်ကာ ရေကူးကန်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။

အဝေးမှ ကြည့်လိုက်လျှင် ရှန်းတန်က သူ့ကို တွန်းချလိုက်သလို ထင်ရစေသည်။

ရှန်းတန် : "......"

ရှန်းတန်သည် ထိုအမျိုးသမီးက သူမကို တွန်းချလိမ့်မယ်လို့ ထင်ခဲ့တာဖြစ်ပြီး သူမကိုယ်တိုင် ရေကန်ထဲ ခုန်ချလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ရိုးရိုးသားသားပြောရလျှင် ရှန်းတန်က ဒီလို ကိုယ်တိုင် ဒဏ်ရာရအောင်လုပ်ပြီး သူတစ်ပါးကို အပြစ်ပုံချတာမျိုး ကို သိပ်နားမလည်ခဲ့ဘူး။

သူမသည် သူမ၏ ခန္ဓာကိုယ်ကို အလွန်တန်ဖိုးထားသူဖြစ်သည်။

အထူးသဖြင့် အခုလို ဆောင်းဦးရာသီမှာ အေးခဲနေတဲ့အတွက် ကြည့်ရုံနဲ့တင် ရှန်းတန် အေးစက်စက် ခံစားလိုက်ရသည်။

ဒီအမျိုးသမီးက တကယ်ကို အသက်စွန့်ပြီးတော့ကို လုပ်နေပြီပဲ။

ထိုအမျိုးသမီးသည် ရေထဲတွင် ရုန်းကန်နေရင်း "ကယ်ကြပါဦး" ဟု အော်ဟစ်အကူအညီတောင်းနေခဲ့သည်။

"ကယ်... ကယ်ပါ။"

"ကျွန်မ ရေမကူးတတ်ဘူး။"

ရှန်းတန်က ပတ်ဝန်းကျင်မှ လူများ သတိပြုမိပြီး ထိုအမျိုးသမီးကို ကယ်ဆယ်ရန် အလျင်အမြန် သွားကြသည်ကို ခပ်အေးအေးပဲ ကြည့်နေခဲ့သည်။

ကယ်တင်ခံရပြီးနောက် ရေချိုးဝတ်စုံဖြင့် ပတ်ထားသော ထိုအမျိုးသမီးသည် ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ သူမ၏ စိုစွတ်နေသော ဆံပင်များ တစ်ခွေတည်း ကပ်နေပြီး အလွန်သနားစရာကောင်းပုံရသည်။

သူမ၏ မိတ်ကပ်က ပုံမပျက်သေးပေ၊ ရေစိုခံမိတ်ကပ် သုံးထားတာ ဖြစ်ရမည်။

ကျိုးချင်းလျက န့်ပြေးလာပြီး သူမကို ဖက်လိုက်သည်။ သူမ၏ မျက်လုံးများ နီရဲနေပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ယိုယို၊ မင်း အဆင်ပြေရဲ့လား။"

"ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်… အဟွတ်၊ အဟွတ်၊ အဟွတ်။"

ဒီလိုမြင်တော့ ကျိုးချင်းလျန့်က ရှန်းတန်ကို ရန်လိုစွာ ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။ "ယိုယိုနဲ့ ရှင့်ကြားမှာ ဘာရန်ငြိုးများ ကြီးမားနေလို့ ရှင် ဒီလိုမျိုး သူ့ကို ထိခိုက်အောင် လုပ်ရတာလဲ။ သူ ရေမကူးတတ်ဘူးဆိုတာ ရှင် မသိဘူးလား။ ရှင် သူ့ကို တကယ်သတ်ဖို့ ကြိုးစားနေတာပဲ။"

ရှန်းတန်က "ဪ" ဟု အသံပြုလိုက်သည်။ "သူ ကိုယ်တိုင် ခုန်ချတာ၊ ကျွန်မနဲ့ ဘာဆိုင်လို့လဲ။"

"အဓိပ္ပာယ်မရှိတာ၊ နင် ငါ့ကို တွန်းချတယ်ဆိုတာ ဒီလောက်ရှင်းနေတာလေ" ယိုယို အမည်ရှိ အမျိုးသမီးက ပြောလိုက်သည်။

"ကျွန်မ တွန်းချတာ သေချာလား" ရှန်းတန်က မျက်ခုံးပင့်လိုက်သည်။

ယိုယိုက ရှန်းတန် ဘာကြောင့် ဒီလို မေးမှန်း မသေချာသော်လည်း သူတို့ ကြိုတင်စုံစမ်းထားသည်မှာ ဒီနေရာတွင် ခုနက ဖြစ်ပျက်ခဲ့တာကို မြင်နိုင်သည့် ကင်မရာများ မရှိပေ။

ဒါကြောင့် သူမက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ အစောပိုင်းက ငါ နင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့မိတာ ဝန်ခံပါတယ်၊ ဒါပေမဲ့ နင် ငါ့ကို ရေကူးကန်ထဲ တွန်းချစရာတော့ မလိုဘူးလေ..."

ပတ်ဝန်းကျင်မှ တီးတိုးသံများ ထွက်ပေါ်လာသည်။ သို့သော် လူတိုင်းက သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို အလေးထားတဲ့သူတွေဖြစ်တာမို့ ဘယ်သူ့မျက်နှာကိုမှ လက်ညှိုးထိုးမပြကြဘူး။ နောက်ကွယ်မှာ ဘာတွေပြောကြမလဲဆိုတာကိုတော့ ဘယ်သူ့မှ မသိကြဘူး။

မကြာမီ ကုဟွိုင်အန်းလည်း ရောက်လာခဲ့သည်။

ကုယွင်အန်းက သူ့နောက်ကွယ်မှ ငုံးတစ်ကောင်လို လိုက်ပါလာပြီး ရှန်းတန်ကို တစ်ချက်ကြည့်ပြီးနောက် အပြစ်ရှိသလို ခေါင်းငုံ့လိုက်သည်။

"ဘာဖြစ်တာလဲ။"

ရှန်းတန် စကားပြောခါနီးတွင် ကျိုးချင်းလျန့်က ငိုယိုလာခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး အလွန်သနားစရာကောင်းသည့်ပုံပေါက်လာခဲ့သည်။

"ဘာမှ မဟုတ်ပါဘူး၊ မစ္စရှန်းနဲ့ မဆိုင်ပါဘူး။ ယိုယိုက အရင် ရိုင်းခဲ့တာပါ။ ရေကူးကန်ထဲ တွန်းချခံရတာတောင် သိပ်အရေးမကြီးပါဘူး။"

ယိုယိုက နှုတ်ခမ်းဆူပြီး မျက်လုံးနီရဲကာ ခေါင်းလှည့်လိုက်သည်။ "မစ္စရှန်းကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့ ကျွန်မ အပြစ်တွေချည်းပဲ..."

ရှန်းတန် ခပ်အေးအေး ရယ်လိုက်သည်။ ဒီနှစ်ယောက်က စကားပြောတာ လိုက်ဖက်ညီလိုက်တာ။

နှမြောစရာပဲ…

"ဪ၊ မင်း ပြောချင်တာက တန်တန်က သူ့ကို တွန်းချတယ်ပေါ့။"

ယိုယိုက ခေါင်းညိတ်ပြီးမှ အလျင်အမြန် ခေါင်းခါလိုက်ကာ ရှန်းတန်ကို ကြောက်ရွံ့စွာ တစ်ချက်ခိုးကြည့်လိုက်သည်။ "မဟုတ်ဘူး... မစ္စရှန်း တွန်းချတာ မဟုတ်ဘူး၊ ကျွန်မ ကိုယ်တိုင် ခုန်ချတာပါ..."

ဒီတုံ့ပြန်မှုက ရှန်းတန် လုပ်ခဲ့တာကို ပိုပြီး အတည်ပြုသလို ဖြစ်သွားသည်။

ရှန်းတန်က သူတို့ရဲ့ ပြကွက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ကုဟွိုင်အန်း ရှိနေတာကြောင့် လူအများအပြား တစ်ခုခုပြောချင်ပေမဲ့ မပြောဝံ့တာ ရှင်းရှင်းလင်းလင်း မြင်သာသည်။

ကျိုးချင်းလျန့်သည်လည်း တစ်ခုခု မှားနေကြောင်း သတိပြုမိသည်။ ဒါက သူတို့ စိတ်ကူးထားတာနဲ့ မတူဘူး။

သူတို့ဘက်ကနေ တစ်ယောက်မှ စကားမပြောဘူး။

သူမသည် ကုယွင်အန်းကို ကြည့်လိုက်ပြီး ရှင်းပြပေးဖို့ အကူအညီ တောင်းချင်သော်လည်း သူမက ခေါင်းငုံ့ထားပြီး အပေါ်ကိုတောင် မကြည့်ခဲ့ပေ။

မြေပြင်မှာ ဘာတွေစိတ်ဝင်စားစရာကောင်းလို့ သူမ၏ အာရုံကို လုံးဝ ဖမ်းစားထားလဲဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ပေ။

ကျိုးချင်းလျန့်က မျက်တောင်ခတ်လိုက်ရာ သူမ၏ မျက်ရည်များ ချက်ချင်းဆိုသလိုပင် ကျဆင်းလာခဲ့သည်။ "ဒီကိစ္စကို ထားလိုက်ပါတော့။ ယိုယို၊ မစ္စရှန်းကို မြန်မြန် တောင်းပန်လိုက်ချေ။"

ယိုယိုက ရှိုက်ကြီးတငင် ငိုပြီး နှာချေလိုက်သည်။ ထို့နောက် သူမက မှုန်ကုပ်ကုပ်ဖြင့် "ကျွန်မ တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

ကုဟွိုင်အန်းသည် လူအုပ်ဘက်သို့ ကြည့်လိုက်ရာ စမ်စုန့်ပိုင် ထွက်လာခဲ့သည်။ စမ်စုန့်ပိုင်သည် သူ၏ ဖုန်းကို ဝှေ့ယမ်းပြလိုက်သည်။ "ရယ်စရာကောင်းတာက ကျွန်တော် ဒီမှာ ဗီဒီယို ရိုက်နေတုန်း မတော်တဆ စိတ်ဝင်စားစရာကောင်းတဲ့ အရာတချို့ကို မှတ်တမ်းတင်မိသွားတယ်။"

ယိုယိုနှင့် ကျိုးချင်းလျန့်တို့၏ မျက်နှာအမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ကျိုးချင်းလျန့်၏ မျက်နှာအမူအရာ ထိန်းချုပ်နိုင်မှုက ယိုယိုထက် ပိုကောင်းနေဆဲပင်။ ကျိုးချင်းလျန့်သည် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရရှိလိုက်သည်။ "ယိုယို ဖျားနေပြီ။ သူ့ကို အဝတ်အစားလဲဖို့ ခေါ်သွားလိုက်ပါဦးမယ်၊ ခွင့်ပြုပါဦး။"

ထိုသို့ပြောရင်း သူမသည် ယိုယိုကို ဘေးမှ ဖေးမကူညီကာ ထွက်ခွာရန် ပြင်လိုက်သည်။

ရှန်းတန်က သူတို့ကို လမ်းပိတ်ထားလိုက်သည်။ "ဘာဖြစ်လို့ ထွက်သွားဖို့ ဒီလောက် အလျင်လိုနေရတာလဲ။ ကျွန်မက ရှင့်ကို တွန်းချခဲ့တယ်လို့ မပြောခဲ့ဘူးလား။ သက်သေတွေနဲ့တောင် အတည်မပြုရသေးတာကို စိတ်ပျက်စရာကောင်းလိုက်တာနော်။"

ယိုယိုက အလျင်အမြန် နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။ "နင် ဘာဖြစ်ချင်နေတာလဲ။"

ရှန်းတန်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်သည်။ "သေချာပေါက်၊ ဒီလို နာမည်ဆိုးကို အတည်ပြုဖို့ပေါ့။"

အခန်း ( ၁၁၀ ) – ငါ့ကို အပြစ်တင်စွပ်စွဲဖို့ နင့်ကို ဘယ်သူက စေခိုင်းတာလဲ

ယိုယို ထိတ်လန့်သွားသည်။

သူမသည် ရှန်းတန်၏ အရင်က အလွန်သန်မာသော ဂုဏ်သတင်းကို ကြားဖူးသည်။ ယိုယိုမှာ ကိုယ်တိုင် အလွန်ပိန်လှီသောကြောင့် ရှန်းတန်၏ လက်သီး နှစ်လုံးစာမျှပင် မသန်မာပေ။

သို့သော် သူမ ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ လူအများကြီး ရှိနေသောကြောင့် ရှန်းတန်က တကယ်ပဲ ထိုသို့ လုပ်ဆောင်လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။

ရှန်းတန်သည် သူမ၏ ဂုဏ်သတင်းကို လုံးဝ လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။

သို့သော် သူမက တကယ်ပဲ လျစ်လျူရှုခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယိုယို ရှောင်မနေသောကြောင့် ရှန်းတန်သည် သူမ၏ ကော်လာကို ဆွဲကိုင်ကာ ရေကူးကန်ဘက်သို့ လျှောက်သွားခဲ့သည်။

ယိုယို အလွန်ကြောက်လန့်သွား၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ "ဘာလုပ်နေတာလဲ၊ ငါ့ကို လွှတ်ပေး။"

ကျိုးချင်းလျန့်ကလည်း ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း အမျိုးသမီးနှစ်ဦး၏ ခွန်အားသည် ရှန်းတန်၏ ခွန်အားနှင့် နှိုင်းယှဉ်လျှင် ရထားလုံးကို တားဆီးရန် ကြိုးစားနေသော ဓားခုတ်ကောင် တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူတို့မှာ မထိန်းချုပ်နိုင်ဘဲ ရေကူးကန်နှင့် ပိုမို နီးကပ်လာခဲ့သည်။

ဒီလှုပ်ရှားမှုက လူအများအပြားကို တကယ်ပဲ ထိတ်လန့်သွားစေခဲ့သည်။

"သူမကို မြန်မြန် တားလိုက်။"

"ဒါ... မလိုအပ်ပါဘူး..."

"စီအီးအိုကု၊ ခင်ဗျားရဲ့ ဇနီးကို ဒီလိုဖြစ်နေတာ ထိုင်ကြည့်နေတော့မှာလား။"

“အင်း၊ ငါ့ဇနီးကို အကြောင်းပြချက်မရှိဘဲ မပြစ်မှားသင့်ဘူးလေ။”

ကုဟွိုင်အန်းက ဒီလိုစကားမျိုး ပြောလာလိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့်လားမသိ၊ အခြားသူများက သူတို့ ရှေ့ထွက်ပြီး တားသင့်သလား၊ မတားသင့်ဘူးလားဆိုတာ မသိတော့ပေ။

သူတို့ ပါဝင်ပတ်သက်မိရင်၊ သူက သူတို့ကို မကျေနပ်ရင် ဘာဖြစ်မလဲ။

သူတို့ ဒီကို စီးပွားရေးမိတ်ဖက် ရှာဖွေဖို့လာတာ၊ ရန်သူရှာဖို့ လာတာ မဟုတ်ဘူး။

ဒါကြောင့် ခဏတာမျှ ဘယ်သူမှ ရှေ့ထွက်ပြီး မကူညီခဲ့ပေ။

ကျိုးချင်းလျန့်သည် သူမ၏ စိတ်ထဲမှာ ဒေါသထွက်နေပြီး ပတ်ဝန်းကျင်က လူတွေရဲ့ လျစ်လျူရှုမှုကို မုန်းတီးနေခဲ့သလို သူမကိုယ်တိုင်လည်း ပါဝင်ပတ်သက်မိမှာကို ကြောက်ရွံ့နေခဲ့သည်။

ရှန်းတန်က ဒီအခွင့်အရေးယူပြီး သူမကိုပါ တွန်းချလိုက်ရင် အရမ်း ရှက်စရာကောင်းလိမ့်မည်။

ယိုယိုသည်လည်း သေမတတ် ကြောက်လန့်နေပြီး ကျိုးချင်းလျန့်နှင့် ရှန်းတန်၏ လက်မောင်းများကို မလွှတ်တမ်း တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။

ရေကူးကန်အစွန်းတွင် ယိုယို မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေခဲ့သည်။ "ကျွန်မ မှားပါတယ်၊ ကျွန်မ တကယ်ကို မှားပါတယ်။ မစ္စရှန်းကို မတရားစွပ်စွဲတာမျိုး မလုပ်သင့်ပါဘူး။ ကျွန်မကို မပစ်ချပါနဲ့..."

သူမ တကယ် ရေမကူးတတ်ပါ။ အရင်က နစ်မွန်းလုနီးပါး ဖြစ်ခဲ့တာ အတုအယောင် မဟုတ်ခဲ့ဘူး။ သူမ တကယ် ရေနစ်လုနီးပါး ဖြစ်ခဲ့တာ အမှန်ပင်။

ဒါပေမဲ့ သူမ အစောပိုင်းက သိပ်မကြောက်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ လိုအပ်ရင် အနီးအနားမှာ လူတွေ စီစဉ်ထားပြီးသား ဖြစ်လို့ပါ။

သို့သော် ရေနစ်လုနီးပါး ခံစားရမှုက သူမကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအချို့ ကျန်ရစ်စေခဲ့သည်။ သူမသည် ရှန်းတန်က သူ့ကို ပစ်ချမှာကို တကယ် အလွန်ကြောက်နေခဲ့သည်။

အခု ဘယ်သူမှ မကူညီတော့၊ ဒီတစ်ကြိမ် ပစ်ချခံရရင် ဘယ်သူမှ လာမကယ်ဘဲ တကယ်နစ်သွားမှာကို သူမ စိုးရိမ်ခဲ့သည်။

သူမ တကယ်ကို ကြောက်နေပြီ။

ပတ်ဝန်းကျင်က လူတွေက ဒါကမှ အမှန်တရား ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူတို့က ရှန်းတန်က မိန်းကလေးကို တွန်းချတယ်လို့ ထင်ခဲ့ကြတာ ဖြစ်သည်။

စမ်စုန့်ပိုင် ခပ်အေးအေး လှောင်ပြောင်လိုက်သည်။ "တွေ့လား၊ သူမ ကိုယ်တိုင် ပြုတ်ကျတာလို့ ကျွန်တော် ပြောခဲ့တယ်လေ။"

"ဆိုးလိုက်တာ။"

ယိုယိုက အလွန်အကျွံ တင်းတင်းဆုပ်ကိုင်ထားခဲ့သောကြောင့်လားမသိ၊ ကျိုးချင်းလျန့်သည် အလိုအလျောက် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့ကို အနည်းငယ် တွန်းလိုက်သည်။ ယိုယို ပြုတ်ကျလုနီးပါး ဖြစ်သွားသော်လည်း ရှန်းတန်က သူမ၏ လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ပြန်ဆွဲတင်လိုက်သည်။

ဟုတ်ပါတယ်၊ လက်တစ်ဖက်တည်းနဲ့ပါ။

"အိုး...။"

ပတ်ဝန်းကျင်မှ လူများ အံ့အားသင့်သွားကြသည်။

"သူက အရမ်းသန်မာတာပဲ။"

"ဒါမှမဟုတ် မိန်းကလေးက အရမ်းပိန်လွန်းလို့လား..."

"ကျွန်တော်လည်း အဲလိုပဲ ထင်တယ်၊ ကျွန်တော်လည်း လုပ်နိုင်တယ်။"

ထိုသို့ပြောသူ၏ ပိန်လှီသော ခန္ဓာကိုယ်ကို မြင်သောအခါ စမ်စုန့်ပိုင် မျက်လုံးလှန်လိုက်သည်။ မင်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။

ကျိုးချင်းလျန့်သည် နီမြန်းနေသောမျက်လုံးများဖြင့် တောင်းပန်လိုက်သည်။ "ယိုယို၊ စိတ်မကောင်းပါဘူး။ အစ်မ တမင်လုပ်တာ မဟုတ်ဘူး။ မင်း ခုနက အရမ်းတင်းတင်း ဆုပ်ကိုင်ထားလို့..."

ပြောရင်းဆိုရင်း သူမသည် သူ၏ လက်မောင်းပေါ်ရှိ အနီကွက်များကို တမင်တကာ ပြသလိုက်သည်။

ယိုယိုသည် အစောပိုင်းက အနည်းငယ် ဒေါသထွက်နေခဲ့သော်လည်း ကျိုးချင်းလျန့် ဒီလိုဖြစ်နေတာကို မြင်သောအခါ သူမ၏ ဒေါသများ ပြေပျောက်သွားသည်။

"ဘာမှ မဖြစ်ပါဘူး၊ အစ်မလျန့်။ ကျွန်မ အပြစ်မတင်ပါဘူး။"

"ကျွန်မ ပြောနေတာက..."

ရှန်းတန်သည် လူနှစ်ဦး၏ ဒရာမာကို ဖြတ်ပြောလိုက်သည်။ "မင်း တစ်ခုခု မေ့နေတာ မဟုတ်ဘူးလား။"

“အမှန်အတိုင်း ပြောမလား ဒါမှမဟုတ် ကျွန်မပဲ အပြစ်တင်ခံလိုက်မယ်လေ။”

သူမက အရာအားလုံးကို ဒီလောက်တောင် ထုတ်ဖော်လိုက်ပြီဆိုတော့ ယိုယိုက ဘာမှ ဆက်ဖုံးကွယ်မထားတော့ပေ။ ယိုယိုသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ "ဟုတ်တယ်၊ ကျွန်မပါ။ ဘယ်သူမှ မခိုင်းပါဘူး။ ကျွန်မ ရှင့်ကို တမင် အပြစ်ပုံချပြီး ကိုယ်တိုင် ရေကန်ထဲ ခုန်ချခဲ့တာ။ စိတ်မကောင်းပါဘူး၊ ရပြီလား။"

"မင်းကို ဘယ်သူက ငါ့ကို အပြစ်ပုံချခိုင်းတာလဲ။"

"မဟုတ်ဘူး၊ ဘယ်သူမှ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို မကြိုက်ရုံသက်သက်ပဲ။ ရှင့်လို နာမည်ပျက်ပြီး ဖြတ်လျှောက်သရုပ်ဆောင်အဆင့်က ကျွန်မတို့လို ပွဲကို တက်ဖို့ ဘာအခွင့်အရေးရှိလို့လဲ။"

ဒီစကားတွေကို ကြားတော့ ကုဟွိုင်အန်း၏ မျက်နှာအမူအရာက ချက်ချင်း မှုန်မှိုင်းသွားပြီး မုန်တိုင်းတစ်ခု ဖန်တီးတော့မလို ဖြစ်သွားသည်။

ရိုးရိုးသားသားပြောရရင် ရှန်းတန်က တကယ်တော့ သိပ်ပြီး ဒေါသမထွက်ခဲ့ဘူး။ ဒါပေမဲ့ သူမ ဒီလိုပြောတာကို ကြားတော့ သူမ မယုံကြည်ခဲ့ဘူး။

"ကျွန်မ ရှင့်ကို သိတောင် မသိဘူး။ ရှင်က ကျွန်မကို မကြိုက်ရုံနဲ့ တမင်တကာ ရေထဲ ခုန်ချပြီး ကျွန်မကို အပြစ်ပုံချတယ်ပေါ့လေ။ ရှင့်ရဲ့ အကြောင်းပြချက်က ဒီထက် ပိုပြီး အဓိပ္ပာယ်မရှိ နိုင်တော့ဘူးလား။"

ယိုယိုသည် ကျိုးချင်းလျန့်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။

"ဟုတ်တယ်၊ ကျွန်မ တစ်ယောက်တည်းပဲ။ ဘယ်သူမှ မခိုင်းဘူး။"

အချို့သော ငြိမ်းချမ်းရေးလိုလားသူများက ရှန်းတန်၏ စစ်ဆေးမေးမြန်းမှုလို အပြုအမူသည် အလွန်အကျွံ ဖြစ်နေသည်ဟု ခံစားရသည်။ သူတို့ထဲမှ တစ်ဦးက ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။ "လူကြီးမင်းတို့၊ ဒီကိစ္စကို ကျွန်တော့်မျက်နှာနဲ့ ထားလိုက်ပါတော့။ မစ္စရှန်းလည်း ဘာမှ မထိခိုက်ခဲ့ပါဘူး၊ ဒီက မိန်းကလေးလည်း သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားခဲ့ရပြီးပါပြီ။"

ရှန်းတန်က ပြောလိုက်ချင်မိသည်၊ ရှင်က ဘယ်သူမိုလို့လဲ။

"ဒါက ကျိုးကြောင်းဆီလျော်တယ် လို့ ထင်တယ်။"

"ဟုတ်တယ်၊ ဒီလောက်နဲ့ပဲ ထားလိုက်ပါ။ စိတ်သဘောထား မသေးသိမ်သင့်ဘူး။”

ကုဟွိုင်အန်းက မျက်ခုံးပင့်လိုက်သည်။ "ဪ၊ ခင်ဗျားတို့အားလုံး ဒီလိုပဲ ထင်ကြတာလား။"

ထိုနေရာရှိ လူများ အကုန်လုံး ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သူတို့ထဲက ဘယ်သူမှ ကုဟွိုင်အန်းလောက် အဆင့်အတန်း မြင့်မားသူ မရှိပေ။

ကုဟွိုင်အန်းဟာ အလွန်ဩဇာကြီးမားပြီး ဂုဏ်သရေရှိပုဂ္ဂိုလ် ဖြစ်တာကြောင့် သူ့လိုလူတစ်ယောက်က ဒီလိုပွဲမျိုးကို လာတက်ရောက်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြဘူး။ သူ တက်ရောက်လာသောအခါမှာ လူအများအပြား အံ့အားသင့်ခဲ့ကြရသည်။

ကျိုးမိသားစုဟာ တစ်ချိန်က ကုမိသားစုနှင့် ယှဉ်ပြိုင်နိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ တစ်ဖက်က အထက်ကို မြင့်တက်သွားပြီး တစ်ဖက်က အောက်ကို အများကြီး ကျဆင်းသွားခဲ့ပြီ။

ကျိုးချင်းလျန့်သည် သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ သူမ၏ မျက်လုံးများက တောင်းပန်နေဟန်ဖြင့် စကားဆိုလာခဲ့သည်။ "စီအီးအိုကု၊ ဒီကိစ္စမှာ ကျွန်မမျက်နှာကို ထောက်ထားပြီး ယိုယိုကို အဝတ်လဲဖို့ အရင် သွားခွင့်ပြုပါလား။ အပြင်မှာ အရမ်းအေးနေတယ်၊ သူ ဖျားလိမ့်မယ်။"

ကုဟွိုင်အန်းသည် ရှန်းတန်ကို ကြည့်လိုက်ရာ သူမက ခေါင်းညိတ်ပြလာခဲ့သည်။ ထိုအခါမှ သူ လျှော့ပေးလိုက်သည်။ "ကောင်းပြီ၊ သွားတော့။"

ယိုယိုသည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ထွက်ပြေးခဲ့သည်။ ယိုယိုသည် သူမ၏ အဝတ်အစားများကို လျင်မြန်စွာ ပတ်ကာ ပြေးထွက်သွားခဲ့သည်။

သူမ ဒီနေ့ မျက်နှာကို အိုးမည်းအသုတ်ခံလိုက်ရပြီ။ ဒီနောက်ပိုင်း လူထုအလယ်မှာ မျက်နှာပြနိုင်တော့မှာ မဟုတ်ဘူး။

ကျိုးချင်းလျန့်သည် သူတို့ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးမှ ယိုယို၏ အနောက်သို့ လိုက်သွားခဲ့သည်။

ပတ်ဝန်းကျင်က လူတွေလည်း တဖြည်းဖြည်း ပြန့်ကျဲသွားကြသည်။ သူတို့ တကယ်တော့ ဒီလို စည်ကားတဲ့ မြင်ကွင်းကို ဆက်ကြည့်ချင်ပေမဲ့ ကုဟွိုင်အန်း ရှိနေတာကြောင့် ကြည့်ဖို့ မသင့်လျော်ပေ။ ဒါက သူတို့ ကြည့်လို့ရတဲ့ ပြပွဲ မဟုတ်ဘူး။

တကယ်တော့ ရှန်းတန်က သူ့ကို တကယ် တွန်းချဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။

ဟုတ်ပါသည်၊၊ ယိုယိုက ဆက်လက် တွယ်ကပ်နေပြီး မလွှတ်တမ်း ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

စမ်စုန့်ပိုင်၏ အစောပိုင်းစကားများနှင့် ပတ်သက်၍ ရှန်းတန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ "တကယ် ဗီဒီယို ရိုက်မိခဲ့တာလား။"

"ရိုက်မိတယ်၊ ဒါပေမဲ့ မရှင်းလင်းဘူး။"

စမ်စုန့်ပိုင်က သက်ပြင်းချလိုက်သည်။ မဟုတ်ရင် သူက အရင်ထုတ်ပြမှာပေါ့။

သူ၏ မရီးက အတော်လေး ထက်မြက်တာ ကံကောင်းသည် ဟု ပြောရမည်။ တခြားသူဆိုလျှင် မတရားမှုကိုသာ ဖက်တွယ်နေရမည် ဖြစ်သည်။

ကုယွင်အန်းသည် ရှန်းတန်၏ အနားသို့ ကြောက်ရွံ့စွာ လျှောက်လာပြီး ခါးကိုင်းကာ ဦးညွတ်လိုက်ပြီး အသံတိုးတိုးဖြင့် "စိတ်မကောင်းပါဘူး" ဟု ပြောလိုက်သည်။

ကုဟွိုင်အန်း၏ မျက်နှာက အေးစက်နေပြီး "အသံကျယ်ကျယ် ပြောစမ်း၊ ထမင်းမစားရသေးဘူးလား" ဟု ဆူပူလိုက်သည်။

"စိတ်မကောင်းပါဘူး။"

ကုယွင်အန်းက ဒီလိုပြောလိုက်သည်နှင့် သူမ၏ မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာသည်။ ကြောက်လို့လား၊ စိတ်ဆင်းရဲလို့လား၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လားဆိုတာ ဘယ်သူမှ မသိခဲ့ပေ။

ရှန်းတန်သည် ကုဟွိုင်အန်း ဒီလို ပြင်းထန်ခက်ထန်စွာ ပြုမူတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူမ တစ်ရှူး ထုတ်ပေးလိုက်ချင်သော်လည်း သူမ ဝတ်ဆင်ထားသည့် ဝတ်စုံတွင် အိတ်ကပ် မရှိကြောင်း သတိပြုမိလိုက်သည်။

စမ်စုန့်ပိုင်သည် အလျင်အမြန် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ကာ ကုယွင်အန်းအား ကမ်းပေးလိုက်သည်။ "စိတ်မရှိဘူးဆိုရင် ဒါကို သုံးလိုက်ပါ။"

ကုယွင်အန်းသည် လက်ကိုင်ပဝါကို ယူကာ မျက်ရည်များကို သုတ်လိုက်သည်။

ထို့နောက် ရှန်းတန်က "ဘာအတွက် တောင်းပန်နေတာလဲ" ဟု ပြောလိုက်သည်။

"ကျွန်မ... ကျွန်မ သူတို့ရဲ့ အကြံအစည်တွေကို သိပါတယ် ဒါပေမဲ့ မရီးကို မပြောပြခဲ့မိဘူး..."

"စိတ်မကောင်းပါဘူး။ ကျွန်မ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ အစ်မလျန့်က အရင်တုန်းက ကျွန်မကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားပြီး ဆေးရုံတက်ခဲ့ရဖူးတယ်။ သူ ထပ်ပြီး သေကြောင်းကြံမှာကို ကြောက်လို့ ကျွန်မ... ကျွန်မ အစ်ကိုကြီးကို ပျော်အောင်လုပ်ပေးဖို့ မရီးကို ထောင်ချောက်ဆင်ဖို့ ကူညီဖို့ သဘောတူခဲ့တာပါ..."

ကုယွင်အန်းသည် ပြောရင်းဆိုရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။

သူမ မှားမှန်းသိသော်လည်း ဘာမှ တကယ်မလုပ်ခဲ့ရသေးဘဲနဲ့ သူမ၏ အစ်ကိုဖြစ်သူက သူမကို ဆူပူနေတာကြောင့် မတရားခံရသလိုလည်း ခံစားရသည်။

ကုဟွိုင်အန်း နောက်ကျမှ ရောက်လာရသည့် အကြောင်းရင်းက သူ ကုယွင်အန်းကို ဆူပူနေခဲ့လို့ပင် ဖြစ်သည်။

သူက စိတ်ရှည်တဲ့သူ မဟုတ်ဘူး။ သူ ဆဲဆိုတာမျိုး မလုပ်ပေမဲ့ သူ့စကားတွေက နားထောင်ရ ခက်ခဲသည်။

ကုယွင်အန်းသည် မထိန်းချုပ်နိုင်အောင် ငိုကြွေးနေခဲ့သည်။ ရှန်းတန်က သက်ပြင်းချပြီး သူ့အနားသို့ လျှောက်သွားကာ လက်မောင်းကို ဖက်လိုက်ပြီး နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။ "မငိုပါနဲ့။ ကျွန်မ အပြစ်မတင်ပါဘူး။"

သူမ တကယ် တစ်ခုခု လုပ်ချင်ခဲ့တာဆိုရင် ကျိုးချင်းလျန့် ခုနက ကိုယ်တိုင် ဆင်းလာမှာ မဟုတ်ဘူး။

တစ်ခါတစ်ရံ နှစ်သိမ့်ပေးမဲ့သူ မရှိခြင်းက ပိုကောင်းသည်။ တစ်ယောက်ယောက်က နှစ်သိမ့်ပေးရင် စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ ပိုခက်ခဲစေသည်။

သူမ ဒီလို ဖြစ်နေတာတောင် ရှန်းတန်က သူ့ကို အပြစ်မတင်တာကို တွေးမိတော့ ကုယွင်အန်းသည် ပို၍ အပြစ်ရှိသလို ခံစားရပြီး မျက်ရည်များကို မတားဆီးနိုင်တော့ပေ။

ဖလပ် ကနဲ အသံဖြင့် နှာခေါင်းမှ ပူဖောင်း တစ်ခု ထွက်လာခဲ့သည်။

သူမ ခဏတာမျှ ကြောင်သွားသည်။ သူမ၏ ရှေ့မှ မျက်နှာသုံးခုပေါ်ရှိ မထိန်းချုပ်နိုင်အောင် ပြုံးရယ်သွားသော အပြုံးများကို သတိပြုမိလိုက်သည်။ ကုယွင်အန်းသည် ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးတော့သည်။

သူမ တကယ်ကို မျက်နှာအိုးမည်းသုတ် ခံလိုက်ရပြီ။

All Chapters