အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း။ ၁၀၁
ကျောင်းအုပ်ကြီးသည် အိပ်ချင်မူးတူးဖြစ်နေရာမှ အသိပြန်ဝင်လာကာ "စိတ်မပူပါနဲ့ မင်းရသင့်တာတွေကို ဘယ်သူမှ ချန်ထားမှာမဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
ရွှီရန် : "ကောင်းတာပေါ့။ ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးနဲ့ ကျင့်စဉ်တွေ၊ မှော်အတတ်တွေကို သင်ယူရတာ ဘယ်လောက်တောင် မြန်ဆန်မလဲဆိုတာ ကျွန်တော် တကယ်ကို ရင်ခုန်နေပြီဗျ"
သူ၏ အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုတိုးတက်မှုမှာ ၁၀၀,၀၀၀ တွင် ၆၀,၀၀၀ သို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်ထပ် အဆင့်သို့ ရောက်ရှိရန် ရက်ပေါင်း ၄၀၀ သာ လိုတော့သည်။
ဤတိုးတက်မှုနှုန်းအရဆိုလျှင် မှော်အတတ်များကို သင်ယူရာတွင် တစ်ဝက်အားစိုက်ရုံဖြင့် နှစ်ဆအကျိုးရှိမည်ဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။
သူ တွေးတောနေစဉ်အတွင်း ကျောင်းအုပ်ကြီးမှာ အဝတ်အစားလဲပြီးသွားပြီဖြစ်သည်။
"မင်းကတော့လေ... ဟူး... နောက်ထပ် ရက်ပေါင်း ၃၃၀ ကြာရင် ကျင်းပမယ့် နတ်ဘုရားသတ်တပ်ဖွဲ့ရွေးချယ်ပွဲကတော့ ကြည့်ရတာ သိပ်ပြီး အခြေအနေမကောင်းဘူး..."
"မနေ့ညက ငါ နောက်ဆုံးရသတင်းတွေ ရထားတယ်။ မြို့တော်၊ ရှန်ဟိုင်းနဲ့ အနောက်မြောက်
ဒေသတွေမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ ပါရမီရှင်တွေ ပုန်းအောင်းနေကြတယ်..."
"လာမယ့်နှစ် ရွေးချယ်ပွဲမှာ မင်းတို့အားလုံး အောင်မြင်မှုတွေရပြီး ငါ့ကို ဂုဏ်တက်အောင် လုပ်ပေးကြလိမ့်မယ်လို့ ငါ မျှော်လင့်ထားတာ။ ဒါပေမဲ့ အခုတော့ အဲဒါက နည်းနည်း ခက်ခဲသွားပုံပဲ"
ကျောင်းအုပ်ကြီးသည် စကားပြောရင်း သက်ပြင်းကို ထပ်ခါတလဲလဲ ချနေမိသည်။
ရွှီရန် : "ကျောင်းအုပ်ကြီးကတော့ သူများကို အမွမ်းတင်ပြီး ကိုယ့်လူတွေကို အားငယ်အောင် လုပ်နေပြန်ပြီ။ ရှေးခေတ် စစ်မက်ဖြစ်ပွားချိန်မှာ ခင်ဗျားလိုလူမျိုးဆိုရင် စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင်လုပ်လို့ ယဇ်ပူဇော်တဲ့နေရာမှာ အသတ်ခံရမှာ သေချာတယ်ဗျ"
ကျောင်းအုပ်ကြီး : "..."
"ဘာတွေ လျှောက်ပြောနေတာလဲ ငါက အဲဒီပါရမီရှင်တွေကို မြင်လိုက်ရလို့ စိတ်ဓာတ်နည်းနည်း ကျသွားရုံတင်ပါကွာ။ ဟူး"
ရွှီရန်က တည်တည်ငြိမ်ငြိမ်ဖြင့် "အဲဒီပါရမီရှင်တွေက ဘယ်လောက်အထိ အစွမ်းထက်လို့လဲ အသေးစိတ် အချက်အလက်တွေ ရှိလား ကျွန်တော့်ကို ပြောပြပါဦး" ဟု ပြောလိုက်သည်။
သူသည် လုံလောက်စွာ သန်မာနေပြီဖြစ်သော်လည်း ရန်သူ့အကြောင်းနှင့် မိမိအကြောင်းကို သိပါက တိုက်ပွဲပေါင်း တစ်ရာတွင် တစ်ရာစလုံး အောင်နိုင်သည်ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားဆဲပင်။ ပြိုင်ဘက်၏ စွမ်းရည်ကိုပင် မသိဘဲ တိုက်ပွဲဝင်ခြင်းမှာ မည်မျှပင် အစွမ်းထက်စေဦးတော့ အမှားအယွင်းတစ်ခုကြောင့် အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်။
ကျောင်းအုပ်ကြီးက စဉ်းစားဟန်ဖြင့် "သတင်းအချက်အလက်တွေကတော့ ရှိပါတယ်။ ဒါပေမဲ့ မင်း တကယ်ပဲ နားထောင်ချင်လို့လား အဲဒီ ပါရမီရှင်တွေ တစ်ယောက်ချင်းစီက အသက်ရှူရကျပ်စေလောက်အောင်ကို အစွမ်းထက်ကြတာနော်"
ကျောင်းအုပ်ကြီး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်မှာ သိသာလှသည်။
ရွှီရန် : "ပြောပါ... မြန်မြန်ပြောပြပါ"
ကျောင်းအုပ်ကြီးက "သေချာနားထောင်ပါ။ သူတို့အားလုံးဟာ မင်းအတွက် တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက်တွေပဲ။ သူတို့ရဲ့ အမြုတေအရိုးတွေနဲ့ နတ်ဘုရားအတတ်တွေက တကယ့်ကို ထူးဆန်းလွန်းတယ်။ မင်းရဲ့ ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးကို သုံးပြီး သူတို့ကို တန်ပြန်နိုင်မယ့် နည်းလမ်းရှိမလားဆိုတာ ကြည့်ကြည့်ပေါ့" ဟု ပြောလိုက်သည်။
စကားပြောနေစဉ်အတွင်း ကျောင်းအုပ်ကြီး၏ မျက်နှာမှာ တစ်စက္ကန့်အတွင်း တည်ကြည်လေးနက်သွားတော့၏။
"ပထမဆုံး ခြိမ်းခြောက်မှုကတော့ မှန်ရိပ်အရှင်သခင်ချင်းယီဟို့ပဲ။ သူမက ကျင့်ကြံသူ အများအပြားရဲ့ နတ်ဘုရားအတတ်တွေကို ပုံတူကူးယူနိုင်ရုံတင်မကဘဲ အဲဒီအတတ်တွေကို မှန်ကမ္ဘာ ထဲမှာ တဖြည်းဖြည်း မြှင့်တင်နိုင်စွမ်း ရှိတယ်။ အခုဆိုရင် သူမက တိုက်စစ်၊ ခံစစ်၊ အရှိန်၊ အစွမ်းမြှင့်တင်မှုနဲ့ ကုသမှု... စတဲ့ ကောင်းကင်ပေး နတ်ဘုရားအတတ်အမျိုးပေါင်း ၁၀ မျိုးကျော်ကို ပေါင်းစပ်ထားနိုင်ပြီလို့ သိရတယ်။ အဲဒီထဲမှာ ရွှေရောင်အမြုတေအရိုးရဲ့ အတတ်တွေတောင် ပါဝင်နေသေးတယ်"
ရွှီရန် မျက်ခုံးပင့်လိုက်မိသည်။ တကယ့်ကို အထင်ကြီးစရာကောင်းသော အမြုတေအရိုးပင်။
ပုံတူကူးယူနိုင်ရုံသာမက ၎င်းတို့ကို ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ခြင်း၊ တိုက်စစ်၊ ခံစစ်၊ အရှိန် နှင့် ကုသမှု အစရှိသည့် နယ်ပယ်စုံတွင် အတတ်ပေါင်းများစွာ ပိုင်ဆိုင်ထားခြင်းကြောင့်ကျောင်းအုပ်ကြီး သက်ပြင်းချရသည်မှာ မဆန်းပေ။ တကယ့်ကို ကြောက်စရာကောင်းသော ပြိုင်ဘက်ပင်။
ရွှီရန်၏ အမူအရာကို မြင်သောအခါ ကျောင်းအုပ်ကြီးက ခေါင်းကို အသာခါယမ်းလျက် "အံ့ဩသွားတယ် မဟုတ်လား။ ပုံတူကူးရုံတင်ဆိုရင်တော့ သိပ်မဆန်းသေးပါဘူး။ အဓိကက သူမက အဲဒီအတတ်တွေကို ပြီးပြည့်စုံအောင် လုပ်နိုင်တာပဲ။ အတတ်ပေါင်း တစ်
ဒါဇင်ကျော်လောက်ကို ပြီးပြည့်စုံအောင် တတ်မြောက်ထားတော့ သူမက နယ်ပယ်စုံ ကျွမ်းကျင်စစ်သည်တစ်ယောက်လို ဖြစ်နေပြီ။ နောက်ပြီး သူမက အသက် ၁၀ နှစ် ရှိပြီ။ မင်းထက် ကျင့်ကြံချိန် နှစ်နှစ်တောင် ပိုသာနေတယ်"
"ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူမက ခရစ္စတယ်သားရဲတွေ၊ ရန်ငြိုးဝိညာဉ်သားရဲတွေနဲ့ တစ္ဆေတွေကို သတ်ဖြတ်ပြခဲ့တာတွေက တကယ့်ကို အံ့မခန်းပဲ။ မြို့တော်က အစွမ်းထက်တဲ့သူတွေ အားလုံးကတော့ ဒီနှစ်ရဲ့ နံပါတ် ၁ ဟာ သူမပဲလို့ တထစ်ချ ယုံကြည်နေကြတယ်"
ရွှီရန်က တည်ငြိမ်စွာပင် "သူမရဲ့ သွေးအင်အားတန်ဖိုးက ဘယ်လောက်လဲ" ဟု မေးလိုက်သည်။
ကျောင်းအုပ်ကြီး : "၄၃,၀၀၀ ဝန်းကျင်လောက် ရှိတယ်"
ရွှီရန်က ဟန်ဆောင်ပန်ဆောင် အံ့ဩပြလိုက်ရင်း "ကျွန်တော့်ထက် နှစ်နှစ် ပိုကျင့်ထားပြီး သွေးအင်အား ၄၃,၀၀၀ တောင် ရှိတာလား... အထင်ကြီးစရာပဲ အထင်ကြီးစရာပဲ"
အင်း... အမှန်အတိုင်း ပြောရရင်တော့... ၄၀,၀၀၀ ကျော်လောက်ဆိုတာ ရွှီရန် အတွက်တော့ ဘာမှ မဟုတ်ပေ။
လွန်ခဲ့သော နှစ်နှစ်ကပင် သူသည် သွေးအင်အား ၄၀,၀၀၀ ရှိသော သားရဲကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခု နှစ်နှစ် ထပ်မံကုန်လွန်သွားပြီးနောက် သူသာ အပြင်ထွက်၍ ဝိညာဉ်အသစ်အချို့ကို ဖမ်းယူကာ လူသတ်ပုစဉ်းရင်ခွဲကို အဆင့်မြှင့်တင်လိုက်လျှင် သွေးအင်အား ၁၀၀,၀၀၀ ရှိသော ပြိုင်ဘက်ကိုပင် အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။
မှန်ရိပ်အရှင်သခင် ဟုတ်လား။
ရွှီရန်သည် ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။
"ဒုတိယတစ်ယောက်က ဘယ်သူလဲ"
ကျောင်းအုပ်ကြီး၏ မျက်မှောင်များ ပိုမိုတွန့်ချိုးသွားကာ "ဒုတိယ ခက်ခဲတဲ့ ပြိုင်ဘက်ကတော့ ချီမုန့်လီလို့ ခေါ်တယ်။ သူမမှာ သေးငယ်သော ပုံသဏ္ဌာန်တစ်ထောင်ဆိုတဲ့ ကောင်းကင်ပေး နတ်ဘုရားအတတ် ရှိတယ်။ သူမက အရမ်းသေးငယ်တဲ့ အဆိပ်မှုန့်တွေ၊ အိပ်မွေ့ချမှုန့်တွေနဲ့ ထုံဆေးမှုန့်တွေကို ဖန်တီးနိုင်တယ်။ အဲဒီအမှုန့်တွေက လူ့အရေပြားပေါ် ကပ်ငြိရုံနဲ့တင် လှုပ်ရှားမှု မပြုနိုင်တော့တဲ့အထိ ပြင်းထန်တယ်။ ပိုပြီး ကြောက်စရာကောင်းတာက သူမက အခုထိ သူမရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးရသေးတာပဲ။ သူမမှာ ဒီထက်ပိုပြီး ဆန်းကြယ်တဲ့ နည်းလမ်းတွေ ရှိနေဦးမယ်လို့ လူတွေက ခန့်မှန်းနေကြတယ်"
ရွှီရန် : "အင်း... ဒီတစ်ယောက်ကတော့ တကယ်ကို ခုခံဖို့ ခက်ခဲမယ့်ပုံပဲ..."
တကယ့်ကို ဆန်းကြယ်လှပေသည်။ သို့သော် သူ၏ သန့်စင်သော ဝိညာဉ်ခန္ဓာမှာ ထိုကဲ့သို့သော အတတ်များအတွက် သဘာဝတရားက ပေးထားသည့် ဝိညာဉ်အဆင့် ရန်သူတော်ကြီးပင်။
ရွှီရန်သည် သူ၏ဝှက်ဖဲကို တွေးတောရင်း ခပ်ဖွဖွ ပြုံးလိုက်ကာ "တတိယမြောက် တစ်ယောက်ကရော ဘယ်သူလဲ" ဟု မေးလိုက်သည်။
ကျောင်းအုပ်ကြီး : "တတိယမြောက် ခက်ခဲတဲ့ ပြိုင်ဘက်ကတော့ ဟိုယွမ် လို့ ခေါ်တယ်။ သူက သန့်စင်သော မိုးကြိုးတစ်ထောင်ဆိုတဲ့ ကောင်းကင်ပေး နတ်ဘုရားအတတ်ကို ပိုင်ဆိုင်ထားပြီး မိုးကြိုးစွမ်းအား အမျိုးမျိုးကို ကျွမ်းကျင်စွာ အသုံးချနိုင်တယ်။ သန့်စင်ခြင်း၊ ပြင်းထန်သော တိုက်စစ်၊ လျှပ်စီးအလား လျင်မြန်မှုတွေအပြင် နတ်ဘုရားမိုးကြိုးချပ်ဝတ်ကိုပါ ဖန်တီးနိုင်တဲ့ တိုက်စစ်ရော ခံစစ်ပါ ပြီးပြည့်စုံတဲ့ နယ်ပယ်စုံ ကျွမ်းကျင်စစ်သည် တစ်ယောက်ပဲ"
"စတုတ္ထမြောက် တစ်ယောက်ကတော့ ချန်ကျွင်းဖြစ်ပြီး နတ်ဘုရားသတ် ချပ်ဝတ်အမြုတေအရိုး စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဘယ်အရာကမှ ဖျက်ဆီးလို့မရတဲ့ ချပ်ဝတ်တန်ဆာကို သူ ဖန်တီးနိုင်တယ်..."
"ပဉ္စမမြောက် တစ်ယောက်ကတော့ ပိုင်ဖုန်း။ သူမမှာ စိတ်ဝိညာဉ် အမြုတေအရိုး ဖြစ်တဲ့ လက်ရှစ်ဖက်ပါသော နတ်သားလောင်းရှိတယ်။ သူမရဲ့ စိတ်ဝိညာဉ်အရိုးဟာ အကောင်းဆုံးဆိုတဲ့ အဆင့်တွေထက်တောင် အဆပေါင်းများစွာ ပိုပြီး သာလွန်တယ်။ သူမ အသက် ရှစ်နှစ်အရွယ်တုန်းကတင် ခန္ဓာကိုယ်အပြင်ဘက်မှာ လက်ရှစ်ဖက်ပါတဲ့ စိတ်ဝိညာဉ်ခန္ဓာကို ထုတ်ဖော်နိုင်ခဲ့ပြီး အဲဒီဝိညာဉ်ခန္ဓာရဲ့ တိုက်ခိုက်မှုကြောင့် တောင်ကုန်းနယ်ပယ်ကျင့်ကြံသူတွေတောင် ခေါင်းမူးသွားခဲ့ရတယ်"
"သူတို့ရဲ့ အားသာချက်က အမြုတေအရိုးတွေတင် မကဘူး။ အားလုံးက မင်းထက် ကျင့်ကြံချိန် နှစ်နှစ် ပိုသာနေတာပဲ။ ငါ့အမြင်မှာတော့ အဲဒီငါးယောက်က ထိပ်ဆုံးငါးယောက် ဖြစ်လိမ့်မယ်။ မင်းကတော့ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ဖို့ပဲ ကြိုးစားရမှာ..."
ရွှီရန် : "ကျောင်းအုပ်ကြီး... သတ္တိရှိရှိသာ ခန့်မှန်းလိုက်စမ်းပါ။ ကျွန်တော်က နံပါတ် ၁ ဖြစ်မှာပါ"
ကျောင်းအုပ်ကြီးက လက်ခါပြလိုက်ရင်း "နံပါတ် ၁ ဆိုတာ အလွန်တရာကို ခက်ခဲလွန်းပါတယ်။ ငါ မင်းကို ဖိအားတွေ အများကြီး မပေးချင်ပါဘူး။ မင်းသာ ထိပ်ဆုံးငါးယောက်ထဲ ပါခဲ့ရင် ငါ့ဘိုးဘွားတွေကိုတောင် ဆီမီးပူဇော်ပြီး ကျေးဇူးတင်ရလိမ့်မယ်" ဟု ပြောလိုက်သည်။
ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး "ကျောင်းအုပ်ကြီး... ဒီလို ပြောကြရအောင်။ တကယ်လို့ ကျွန်တော်သာ နံပါတ် ၁ ရခဲ့ရင် အထူးဆုလာဘ်တွေ ပေးမှာလား" ဟု မေးလိုက်သည်။
ကျောင်းအုပ်ကြီးသည် ရွှီရန်ကို တည်ကြည်သော မျက်နှာပေးဖြင့် ကြည့်ကာ "မင်းသာ နံပါတ် ၁ ရနိုင်ခဲ့ရင် ငါ မင်းကို အရမ်ူထူးခြားတဲ့ အခွင့်အရေးတစ်ခု ဖော်ပြပေးမယ်"
"ဒီအခွင့်အရေးကို ငါ့နှလုံးသားထဲမှာ မြှုပ်နှံထားတာ နှစ်ပေါင်း တစ်ရာ့ငါးဆယ်တောင် ရှိနေပြီ၊ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ အဲဒီထဲမှာ နတ်ဘုရားအဆင့်ရတနာတွေ ရှိနိုင်သလို လူသားမျိုးနွယ်တွေ တစ်ခါမှ နားမလည်ခဲ့တဲ့ နယ်ပယ်အသစ်တွေကိုလည်း ဖော်ပြပေးလိမ့်မယ်"
ရွှီရန် မျက်ခုံးပင့်လိုက်မိသည်။
"အဲဒါက ဘာမို့လို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ။ အသေးစိတ်လေး နည်းနည်းလောက် ပြောပြပါဦး"
ကျောင်းအုပ်ကြီး : "မင်း အရင်ဆုံး နံပါတ် (၁) ရအောင် လုပ်ပြဦး"
ရွှီရန် : "ရပြီးပြီလို့သာ မှတ်လိုက်တော့။ အခုပဲ ပြောပြလိုက်ပါဗျာ"
ကျောင်းအုပ်ကြီး : "နောက်မနေနဲ့ဦး။ ပြည်နယ်အသီးသီးက ဆရာတွေရဲ့ ရှေ့မှောက်မှာ အဲဒီ ပါရမီရှင်တွေကို အနိုင်ယူပြီး နံပါတ် ၁ ကို သိမ်းပိုက်နိုင်တဲ့အခါမှ ငါ အားလုံးကို ပြောပြမယ်။ မင်း စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်"
ရွှီရန်က လက်ယမ်းပြလိုက်ရင်း ကျောင်းအုပ်ကြီးနှင့် ဆက်လက် ငြင်းခုံမနေတော့ပေ။
သူသည် ရွှေရောင်အောင်မြင်မှုဘွဲ့တံဆိပ် အရှင်သခင်လူငယ်ကို ရယူရမည်ဖြစ်ရာ ဤနံပါတ် ၁ နေရာမှာ သူနှင့်သာ ထိုက်တန်ပေသည်။
ရွှေရောင်အောင်မြင်မှုဘွဲ့တံဆိပ်ကို ရယူရန် ပြင်ဆင်နေသော ရွှီရန်ကို မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
"ကောင်းပါပြီ ကောင်းပါပြီ။ ကျွန်တော် နံပါတ် ၁ ရတဲ့အခါမှပဲ ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို နားထောင်တော့မယ်။ အခုတော့ အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကို နှိမ်နင်းခဲ့တဲ့ ဆုလာဘ်ကို အရင်သွားယူရအောင်။ ကျင့်ကြံဖို့အတွက် ကျွန်တော် တကယ်ကို စိတ်စောနေပြီဗျ"
ကျောင်းအုပ်ကြီး : "ကောင်းပြီ ငါ မျက်နှာ အမြန်သစ်လိုက်ဦးမယ်"
စကားအဆုံးတွင် ထိုလူအိုကြီးသည် မျက်နှာသစ်၊ သန့်စင်ခြင်းများကို ခပ်သွက်သွက် လုပ်ဆောင်ပြီးနောက် ရွှီရန်ကို လျှို့ဝှက်ခန်းမဆောင်ဆီသို့ ဦးဆောင်ခေါ်သွားသည်။
"လူသားတွေက ကောင်းကင်ဝိညာဉ်လိပ်လိုမျိုး ခရစ္စတယ်သားရဲတွေရဲ့ ရတနာအရိုးပေါ်မှာ မှော်အတတ်တွေကို ရေးထွင်းလိုက်ရင် နားလည်သဘောပေါက်ဖို့ ပိုလွယ်ကူတယ်ဆိုတာကို တွေ့ရှိခဲ့ကြတယ်။ အကယ်၍ တစ်ခုခု မှားယွင်းနေရင်တောင် အဲဒီအရိုးကနေ သဲလွန်စတွေ ပြသပေးနိုင်တယ်ဆိုတာ မင်း စာအုပ်တွေထဲမှာ ဖတ်ဖူးမှာပါ"
"ဒါကြောင့် ငါတို့က အဆင့်မြင့်မှော်အတတ်တော်တော်များများကို အရည်အသွေးအကောင်းဆုံး ကောင်းကင်ဝိညာဉ်လိပ်ခွံတွေပေါ်မှာ ရေးထွင်းထားခဲ့ကြတယ်။ ကလေးတွေ သင်ယူရတာ အဆင်ပြေအောင်လို့ပေါ့"
"ကျင်းပြည်နယ်ရဲ့ နတ်ဘုရားတစ်ပိုင်း ရင်သွေးငယ်ကျောင်း မှာ အထူးအဆင့်မြင့် သွေးအင်အားကျင့်စဉ်စုစုပေါင်း (၁၆) မျိုး ရှိတယ်။ ဒါက ဟွာရှအထက်တန်းလွှာတွေရဲ့ အသိဉာဏ်ပညာတွေ စုစည်းနေတဲ့ အရာတွေပဲ။ ဒီကျောင်းက ကလေးတွေပဲ အကန့်အသတ်မရှိ ရွေးချယ်ခွင့်ရှိတာ တခြားသူတွေဆိုရင်တော့ ထူးချွန်ဆုတွေ၊ အထူးဂုဏ်ပြုဆုတွေ ဒါမှမဟုတ် ရန်သူသတ်ဖြတ်မှု အရေအတွက် အများကြီးပြနိုင်မှ ရွေးချယ်ခွင့်ရှိတာမျိုး"
"ဒီကျောင်းရဲ့ ကလေးတစ်ယောက်အနေနဲ့ မင်းကြိုက်ရာတစ်ခုကို ရွေးချယ်လိုက်တော့"
ကျောင်းအုပ်ကြီးသည် အစွန်ဆုံးရှိ လျှို့ဝှက်ခန်းမတံခါးကို တွန်းဖွင့်လိုက်သည်။
လှပခမ်းနားလှသော နေရာတစ်ခု သူ၏မျက်စိရှေ့တွင် ပေါ်လာပြီး အထူးဖန်ဗီဒိုများမှ ရွှေရောင်အလင်းတန်းများ ပြန်ကန်ထွက်နေသည်။ သေချာကြည့်လိုက်သောအခါ ဖန်ဗီဒိုများအတွင်း၌ လက်ဝါးခန့်ရှိသော ကောင်းကင်ဝိညာဉ်လိပ်ခွံများ ရှိနေပြီး ၎င်းတို့ပေါ်ရှိ စာလုံးများသည် အရောင်အသွေးစုံလင်စွာ တောက်ပလျက် ဆန်းကြယ်သော လှိုင်းအငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
ဖန်ဗီဒို၏ အောက်ခြေတွင် ကျင့်စဉ်များ၏ မူလအစ၊ ရေးထွင်းသူ၊ အားသာချက်၊ အားနည်းချက်နှင့် ထူးခြားချက်များကို နားလည်လွယ်စေရန် ဖော်ပြချက်များ ကပ်ထားသည်။
ရွှီရန်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။
"ဓားအမြုတေအရိုးနှင့် အကိုက်ညီဆုံး သွေးအင်အားကျင့်စဉ်..."
"စိတ်ဝိညာဉ်စွမ်းအားနှင့် အကိုက်ညီဆုံးဖြစ်ပြီး စိတ်ဝိညာဉ်သန့်စင်မှုအတတ်ပါဝင်သော သွေးအင်အားကျင့်စဉ်..."
"ဒိုင်းအမြုတေအရိုးနှင့် အသင့်တော်ဆုံး သွေးအင်အားကျင့်စဉ်..."
"လေအမြုတေအရိုးနှင့် အသင့်တော်ဆုံး သွေးအင်အားကျင့်စဉ်..."
"ချန်ဖန်းဖန်တီးထားသော တစ်မူထူးခြားသည့်ကျင့်စဉ် အလွန်ခက်ခဲသဖြင့် သတိပြုရွေးချယ်ရန်..."
ရွှီရန်သည် နောက်ဆုံးရှိ အနီရောင်လိပ်ခွံကို စိုက်ကြည့်လိုက်သည်။
ကျောင်းအုပ်ကြီး : "ချန်ဖန်းဆိုတာ ရှားနိုင်ငံရဲ့ ခေါင်းဆောင်ပဲ။ လူသားကျင့်ကြံမှုလောကကို စတင်တည်ထောင်သူပေါ့။ သူဖန်တီးထားတဲ့ ဒီထူးခြားတဲ့ကျင့်စဉ်က အနက်နဲဆုံးနဲ့ အခက်ခဲဆုံးပဲ။ ဒါပေမဲ့ ဒီကျင့်စဉ်နဲ့ ကျင့်ကြံလို့ရလာမယ့် တိုးတက်မှုတွေကတော့ ကြောက်စရာကောင်းလောက်အောင် မြင့်မားတယ်။ မင်း ဒါကို ရွေးချယ်ချင်လို့လား"
"ဒီကျင့်စဉ်က ပိုင်ရှင်ရဲ့ ကိုယ်ပိုင်လက္ခဏာ အရမ်းပြင်းထန်လွန်းလို့ ရွေးချယ်သူ အလွန်နည်းတယ်။ ငါကတော့ မင်းကို တခြားဟာတစ်ခု ရွေးဖို့ အကြံပေးချင်..."
ရွှီရန် : "ကျောင်းအုပ်ကြီး... ကျွန်တော့်မှာ ထူးခြားတဲ့ တောင်းဆိုချက်တစ်ခု ရှိတယ်။ ခင်ဗျား သဘောတူပေးနိုင်မလား"
ကျောင်းအုပ်ကြီး မျက်ခုံးပင့်သွားပြီး ဘယ်ဘက်မျက်ခွံက သိသိသာသာ လှုပ်ခတ်သွားသည်။ ဤကလေးငယ်သည် တစ်စုံတစ်ခုသော ထူးဆန်းထွေပြားသည့်အရာကို လုပ်ဆောင်တော့မည်ဟု သူ ခံစားလိုက်ရသည်။
"ပြောပါဦး... သိပ်ပြီး အလွန်အကျွံ မဖြစ်ဘူးဆိုရင်တော့ ငါ စဉ်းစားပေးပါ့မယ်..."
အခန်း။ ၁၀၂
ရွှီရန်သည် အထူးအဆင့်မြင့် သွေးအင်အားကျင့်စဉ် ၁၆ မျိုးရှိရာ ဖန်ဗီဒိုကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် ပြင်းပြသော စိတ်အားထက်သန်မှုများ ဝင်းလက်လျက် "ကျွန်တော် ဒီသွေးအင်အားကျင့်စဉ် ၁၆ မျိုးလုံးကို လေ့လာချင်ပါတယ်။ အဲဒီလို လုပ်ခွင့်ရှိမလားခင်ဗျာ"
ကျောင်းအုပ်ကြီး : "..."
ကဲ ကြည့်ကြပါဦး... ဉာဏ်အလင်းပွင့်မှု အမြုတေအရိုး ပိုင်ရှင်တွေရဲ့ အတွေးအခေါ်ကတော့ တကယ်ကို ထူးခြားဆန်းပြားလွန်းတယ်။
ကျောင်းအုပ်ကြီး : "မင်းက ကိုယ်ပိုင်လမ်းစဉ်သစ်တစ်ခုကို ဖောက်ထွက်ပြီး ဖန်တီးချင်လို့လား"
ရွှီရန်က ခေါင်းငြိမ့်ပြလိုက်သည်။
ကျောင်းအုပ်ကြီးသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြတ်သားစွာပင် ပြန်လည်ဖြေကြားလိုက်
သည်။
"မင်းက နက်နဲသော ခြေလှမ်း နဲ့ ကိုယ်ဖျောက်အတတ် တွေကိုတောင် ကိုယ်တိုင် ဖန်တီးနိုင်ခဲ့တာပဲ... ဒါက မင်းမှာ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြနေတာပဲ။ ကောင်းပြီ... ငါ ခွင့်ပြုလိုက်မယ်"
ရွှီရန် : "ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
"ဒါပေမဲ့…."
ကျောင်းအုပ်ကြီး၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"စိတ်မလောပါနဲ့ဦး... မင်းအတွက် ငါ ကန့်သတ်ချက်တစ်ခုတော့ ထားရလိမ့်မယ်"
ရွှီရန် : "ဘာကန့်သတ်ချက်လဲခင်ဗျာ"
ကျောင်းအုပ်ကြီး : "နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၃၀ ပဲ ကျန်တော့တယ်။ မင်းက အရွယ်လည်း ငယ်သေးသလို တခြား ပါရမီရှင်တွေထက် ကျင့်ကြံချိန် နှစ်နှစ်တောင် နောက်ကျနေတာ"
"ဒီကျင့်စဉ် ၁၆ မျိုးကို သုတေသနလုပ်ရင်းနဲ့ ရက်ပေါင်း နှစ်ရာ၊ သုံးရာလောက် အချိန်ဖြုန်းနေမှာကို ငါ မလိုလားဘူး။ မင်းသာ အချိန် နှစ်ရာလောက် သုံးလိုက်မယ်ဆိုရင် တခြားသူတွေထက် နှစ်နှစ်ခွဲလောက် နောက်ကျကျန်ရစ်ခဲ့သလို ဖြစ်သွားလိမ့်မယ်"
"နှစ်နှစ်ခွဲလောက် ကွာဟသွားတာက အရမ်းများလွန်းတယ်။ ဒါက လုံးဝ မဖြစ်သင့်တဲ့ အရာပဲ"
ကျောင်းအုပ်ကြီးတွင် ကိုယ်ပိုင်စဉ်းစားချက်များ ရှိနေသည်။ နတ်ဘုရားသတ်တပ်ဖွဲ့ရွေးချယ်ပွဲသည် ဘဝ၏ အရေးကြီးဆုံးသော မှတ်တိုင်တစ်ခုဖြစ်ပြီး ပါရမီရှင်တစ်ဦးအတွက် တစ်သက်လုံး လက်တွဲသွားရမည့် အသင်းဖော်များကို သတ်မှတ်ပေးမည့်ပွဲ ဖြစ်သည်။ အသင်းဖော်များ ပိုမိုသန်မာလေ ဂြိုဟ်သားစစ်မြေပြင်တွင် ပိုမိုဘေးကင်းလေဖြစ်ပြီး အနာဂတ်အောင်မြင်မှုများလည်း ပိုမိုကြီးမားလေဖြစ်သည်။
"ဒါကြောင့် မင်းတကယ်ပဲ ကြိုးစားကြည့်ချင်တယ်ဆိုရင် ရက်ပေါင်း ၅၀ ပဲ အချိန်ပေးနိုင်မယ်။ အကယ်၍ ရက် ၅၀ အတွင်းမှာ ဘာမှထူးခြားမလာဘူးဆိုရင်တော့ ကျင့်စဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လေ့ကျင့်ရမယ်။ ဘယ်လိုလဲ"
တိုးတက်မှုနှုန်း ၆၀,၀၀၀ ရှိသော အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုကို ပိုင်ဆိုင်ထားသည့် ရွှီရန်မှာ "..."
ဘယ်သူ့ကို လာပြီး အထင်သေးနေတာလဲ။ ဘာဖြစ်လို့ ရက်ပေါင်း ၅၀ တောင် ကြာရမှာလဲ။
ရွှီရန် : "သုံးရက်ပဲပေးပါ။ အကယ်၍ သုံးရက်အတွင်းမှာ ကျွန်တော် ဘာမှမလုပ်နိုင်ဘူးဆိုရင် ချန်ဖန်းရဲ့ ကျင့်စဉ်ကိုပဲ ရွေးပါ့မယ်"
ကျောင်းအုပ်ကြီးမှာ ဆွံ့အသွားပြီး " ဟင် မင်းအတည်ပြောနေတာလား သုံးရက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား"
"တစ်လဆိုရင်ရော ဘယ်လိုလဲ ငါမင်းကို တစ်လ အချိန်ပေးမယ်။ မင်း ဒီအခန်းကို နေ့တိုင်းလာပြီး လေ့လာနိုင်တယ်။ မင်း စိတ်ကြိုက်ဝင်ထွက်နိုင်ဖို့အတွက် အုပ်ချုပ်ရေးမှူးကိုလည်း ငါပြောထားပေးမယ်။ ဒီသော့တွဲကို ယူထားလိုက် ဒါပေမဲ့ နေ့တိုင်း ပြန်မထွက်ခင်မှာ သော့ကို အုပ်ချုပ်ရေးမှူးဆီ ပြန်အပ်ရမယ်နော်"
ရွှီရန်သည် သော့ကို လက်ခံရယူလိုက်ပြီး "... ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
"ကြိုးစားပါဦး ငါ မင်းကို အနှောင့်အယှက် မပေးတော့ဘူး"
ထိုသို့ပြောကြားပြီးနောက် ကျောင်းအုပ်ကြီးသည် ရွှီရန်၏ ပခုံးကို ပုတ်၍ အားပေးခဲ့သည်။
ကျောင်းအုပ်ကြီး အခန်းပြင်သို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရွှီရန်သည် ဖန်တံခါးကို ချက်ချင်းဖွင့်ကာ ချန်ဖန်း၏ သီးသန့်ကျင့်စဉ်ကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အာရုံကို အစွမ်းကုန် စုစည်းလိုက်၏။
နှစ်နာရီခန့်အကြာတွင်...
လူငယ်လေး၏ မျက်နှာမှာ ဝင်းလက်သွားခဲ့သည်။
"နှလုံးသားနဲ့ အောက်ပိုင်း ဒန်ထျန်ကို စွမ်းအင်ဗဟိုချက်အဖြစ် ထားပြီး မျက်စိနဲ့မမြင်နိုင်ပေမဲ့ တကယ်ရှိနေတဲ့ စွမ်းအားလိုင်းတွေကို တည်ဆောက်ရမှာကိုး"
"ဒီလိုင်းတွေက တစ်ခုနဲ့တစ်ခု အစအဆုံး ဆက်သွယ်သွားပြီး စွမ်းအင်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာမယ်။ စက်ကွင်းဖြစ်ပေါ်လာပြီဆိုတာနဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ သွေးအင်အားတွေက ဖရိုဖရဲ မဖြစ်တော့ဘဲ စွမ်းအင်စက်ကွင်းကို ဖြတ်သန်းပြီး စနစ်တကျ လည်ပတ်တော့မှာပဲ"
"စွမ်းအင်စက်ကွင်းကို ဖြတ်သန်းစီးဆင်းတဲ့အခါ ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့စွမ်းအင်တွေ မြင့်တက်လာပြီး ထွက်ပေါ်လာတဲ့ သွေးအင်အားတွေက ပိုပြီး ပျစ်ခဲသန့်စင်လာတာပဲ... ဒါက ဂြိုဟ်တွေရဲ့ ဆွဲအားစက်ကွင်းသီအိုရီနဲ့ ဆင်တူနေတာ မဟုတ်လား"
စကားပြောနေရင်းနှင့်ပင်...
ရွှီရန်သည် ရုတ်တရက် အကုန်လုံးကို နားလည်သဘောပေါက်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာသည်။ နှလုံးသားနှင့် ဒန်ထျန်တို့မှာ ကြယ်နှစ်ပွင့်ကဲ့သို့ပင်။ ၎င်းတို့သည် ဆွဲအားလိုင်းများကို ဆွဲထုတ်ကာ ထို ဂြိုဟ် နှစ်လုံးကြားတွင် စွမ်းအင်စက်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။ ထိုဆွဲအားလိုင်းများမှ ဖြာထွက်လာသော အလင်းတန်းများမှာ နတ်ဘုရားတစ်ပါး၏ ရောင်ခြည်တော်ကဲ့သို့ပင် တောက်ပနေ၏။
သွေးအင်အားများသည် သွေးကြောများကို ဖြတ်သန်းကာ ဆွဲအားလိုင်းများကြားသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသောအခါ ဆွဲအားစက်ကွင်းတစ်ခုလုံး အရောင်အသွေးစုံလင်စွာဖြင့် တက်ကြွလှုပ်ရှားလာတော့သည်။
"သဘောပေါက်ပြီ ဆွဲအားလိုင်းတွေ ပိုပြီးစိပ်လေ သွေးအင်အားတန်ဖိုးက ပိုပြီးတိုးလာလေပဲ။ ပြီးတော့ နှလုံးသားနဲ့ ဒန်ထျန်ရဲ့ စွမ်းအင်သိပ်သည်းဆ မြင့်မားလေလေ ဆွဲအားလိုင်းတွေ ပိုပြီးများလာလေလေပဲ"
"ဒါကြောင့် ရွှေရောင်အမြုတေအရိုး ပိုင်ရှင်တွေက ပိုပြီးအမြန်ကျင့်ကြံနိုင်တာကိုး။ သူတို့ရဲ့ စွမ်းအင်သိပ်သည်းဆက အလွန်မြင့်မားတော့ ဆွဲအားလိုင်းတွေက စိပ်နေတာပဲ။ သွေးအင်အားက တစ်ခါဖြတ်စီးတိုင်းမှာ တိုးတက်မှုက အဆပေါင်းများစွာ ဖြစ်သွားတာ"
"ငါ့မှာ အခုလောလောဆယ် အမြုတေအရိုး မရှိသေးပေမဲ့ ငါ့ခန္ဓာကိုယ်က ပင်ကိုယ်စွမ်းရည် သန့်စင်မှု သုံးကြိမ်တောင် လုပ်ထားတာဆိုတော့ ငါ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်သိပ်သည်းဆကလည်း နည်းမှာမဟုတ်ဘူး"
အခြေခံသဘောတရားများကို အမိအရ ဆုပ်ကိုင်နိုင်သွားပြီဖြစ်ရာ...
ရွှီရန်သည် သိမ်မွေ့စွာ ပြုံးလိုက်မိသည်။
ဤအခိုက်အတန့်တွင် သူသည် မည်မျှအထိ ပါရမီထူးချွန်သည်ကို ကိုယ်တိုင် သဘောပေါက်သွားခဲ့သည်။ ဤပါရမီမှာ သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သော အခြေခံကောင်းများကြောင့်သာမက အဆင့်မြင့် ဉာဏ်အလင်းပွင့်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းကြောင့်လည်း ဖြစ်သည်။
ချန်ဖန်း၏ သီးသန့်ကျင့်စဉ်ကို နှစ်နာရီအတွင်း တတ်မြောက်သွားသည်ဆိုလျှင် အဆင့်မြင့် ဉာဏ်အလင်းပွင့်မှု၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ငါသာ အားစိုက်ထုတ်လိုက်ရင် ငါ့ရဲ့ ကိုယ်ပိုင်သီးသန့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖန်တီးဖို့ဆိုတာ အေးဆေးပဲ မဟုတ်လား။
ရွှီရန်သည် နွေးထွေးစွာ ပြုံးရင်း အေးအေးဆေးဆေးပင် နောက်သို့ မှီလိုက်တော့သည်။
"အင်း... တခြားကျင့်စဉ်တွေကိုလည်း ဆက်ကြည့်ရအောင်။ အားလုံးရဲ့ အားသာချက်တွေကို စုစည်းပြီး ငါ့ရဲ့ အဆင့်မြင့် ဉာဏ်အလင်းပွင့်မှု စွမ်းအားနဲ့ပေါင်းစပ်ပြီး ငါ့ရဲ့ ကိုယ်ပိုင်သီးသန့်ကျင့်စဉ်ကို ဖန်တီးပစ်မယ်"
သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း...
ရွှီရန်သည် လိပ်ခွံကို မူလနေရာသို့ ပြန်ထားလိုက်ပြီးနောက် အခြားလိပ်ခွံတစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အာရုံစိုက် လေ့လာပြန်သည်။
တစ်နာရီခန့်အကြာတွင်...
ရွှီရန်သည် ခေါင်းမော့လိုက်ပြီး "ပထမကျင့်စဉ်ရဲ့ အခြေခံကို နားလည်သွားတော့ ဒုတိယကျင့်စဉ်က ပိုလွယ်သွားတာပဲ။ ကိုးကားစရာ ကွဲပြားတဲ့ ရှုထောင့်တွေ အများကြီး ရှိနေပြီ" ဟု ပြောလိုက်သည်။
တတိယမြောက် ကျင့်စဉ်...
လျှို့ဝှက်ခန်းမအတွင်းတွင် ရွှီရန်သည် မတ်တပ်ရပ်လိုက် ကျင့်စဉ်များကို ထုတ်ယူလိုက် ပြန်ထိုင်လိုက်နှင့် ထိုသံသရာကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ လုပ်ဆောင်နေတော့သည်။
ခန်းမအပြင်ဘက်တွင်မူ...
အုပ်ချုပ်ရေးမှူးသည် ဖန်နံရံမှတစ်ဆင့် ကြည့်ရင်း ပိုမိုဇဝေဇဝါ ဖြစ်လာခဲ့သည်။
"ဒါကတော့ အံ့ဩစရာပဲ။ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်က ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးဖို့ ကြံစည်နေတာလား... ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးက တကယ်ပဲ ဒါကို လုပ်နိုင်လို့လား"
"နာရီပိုင်းအတွင်းမှာတင် ကျင့်စဉ်အမျိုးမျိုးကို ပြောင်းလဲကြည့်နေတာက စိတ်မတည်ငြိမ်လို့ ဖြစ်တာများလား"
အုပ်ချုပ်ရေးမှူးသည် သူ၏ အသိဉာဏ်ဖြင့်သာ တိတ်တဆိတ် ခန့်မှန်းနေရသဖြင့် ရွှီရန်၏ ကြောက်မက်ဖွယ်ကောင်းသော နားလည်သဘောပေါက်မှု စွမ်းအားကို လုံးဝ ရိပ်မိခြင်း မရှိပေ။
ခြောက်နာရီခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။
မွန်းတည့် ၁၂ နာရီသို့ ရောက်ရှိလာခဲ့ပြီ။
ကျောင်းအုပ်ကြီးသည် နေ့လယ်စာ ယူဆောင်လာရင်း ရွှီရန်၏ သုတေသနကို ခေတ္တရပ်နားစေခဲ့သည်။
"လူဆိုတာ သံလိုပဲ အစားအစာက သံမဏိပဲကွ။ အရင်စားလိုက်ဦး ပြီးမှ ဆက်ပြီး သုတေသနလုပ်"
ရွှီရန်သည် ရတနာအရိုးကို ချလိုက်ပြီး နေ့လယ်စာကို လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
ရွှီရန် အားရပါးရ စားသောက်နေသည်ကို ကြည့်ပြီးနောက် ကျောင်းအုပ်ကြီးသည် ဗန်းကိုသိမ်းကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
"ကြိုးစားပါဦး လူငယ်လေး"
သူသည် ရွှီရန်၏ တိုးတက်မှုကို တစ်ချက်ကလေးမျှ မမေးမြန်းခဲ့ပေ။
ပထမဆုံးနေ့ပဲ ရှိသေးတာ။ ဘယ်လို တိုးတက်မှုမျိုး ရှိနိုင်မှာလဲ။
ဉာဏ်အလင်းပွင့်မှု အမြုတေအရိုး ရှိသည့်တိုင်အောင် အထူးအဆင့်မြင့် ကျင့်စဉ်ကို ပထမဆုံးနေ့မှာတင် တတ်မြောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးဟု သူ ယူဆထားသည်။
ဒါက ဟာသတစ်ခုမှ မဟုတ်ဘဲ။
ထို့ကြောင့် ကျောင်းအုပ်ကြီးမှာ ဘာမှမမေးတော့ဘဲ စိတ်နှလုံးမပါသော ထမင်းပို့စက်ရုပ်တစ်ရုပ်ကဲ့သို့သာ ပြန်သွားတော့သည်။