အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း။ ၁၀၃
ကျောင်းအုပ်ကြီး ထွက်ခွါသွားခဲ့ကာ လျှို့ဝှက်ခန်းမ၏ တံခါးမှာ ပြန်လည်ပိတ်သွားပြီး ပြင်ပလောကနှင့် လုံးဝအဆက်အပြတ် ဖြစ်သွားတော့သည်။ ထိုအခန်းကျဉ်းလေးအတွင်း၌ ဆိတ်ငြိမ်စွာ လေ့လာနေသော ပုံရိပ်ကလေးတစ်ခုသာ ကျန်ရစ်ခဲ့၏။
ညဉ့်နက်သန်းခေါင်အချိန်တွင် ရွှီရန်သည် သူ၏တပ်မှူးတံဆိပ်ကို ထုတ်ယူကာ အချိန်ကို ကြည့်လိုက်သည်။
"ညရှစ်နာရီတောင် ရှိပြီလား အိမ်ပြန်ပြီး အိပ်ရမယ့်အချိန်ပဲ။ မနက်ဖြန်ဆိုရင်တော့ သုတေသနတွေ အကုန်ပြီးလောက်ပြီ။ အဲဒီကျမှ ငါ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်ကို စပြီး ဖန်တီးတော့မယ်"
...
နောက်တစ်နေ့တွင်လည်း ရွှီရန်၏ ပုံရိပ်မှာ မနေ့ကအတိုင်းပင် ရှိနေခဲ့သည်။
အုပ်ချုပ်ရေးမှူးမှာ ရံဖန်ရံခါ ကင်းလှည့်ရင်း လျှို့ဝှက်ခန်းမရှေ့မှ ဖြတ်သွားတတ်ပြီး အတွင်းသို့ လှမ်းကြည့်ကာ "ဒီကလေးက ကျင့်စဉ်တွေကို ဒီလောက်အမြန် ကြည့်နေတာလား အပေါ်ယံပဲ ဖတ်နေတာများလား"
"တကယ့်ကို နားလည်ရခက်တဲ့ ကလေးပဲ"
အုပ်ချုပ်ရေးမှူးမှာ ခေါင်းကိုသာ ခါယမ်းပြီး သူ၏ကင်းလှည့်ခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ညနေ ငါးနာရီအချိန်...
ရွှီရန်သည် ၁၆ ခုမြောက် ရတနာအရိုးကို မူလနေရာသို့ ပြန်ထားလိုက်သည်။ သူ၏မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းများ ဝင်းလက်နေ၏။
"ပညာရှင် တစ်ယောက်ချင်းစီရဲ့ အတွေးအခေါ် အနှစ်သာရတွေကို ပေါင်းစပ်လိုက်တော့ ငါ့မှာ ပိုပြီး သန့်စင်တဲ့ စိတ်ကူးသစ်အချို့ ရလာပြီ..."
"အင်း... ငါဖန်တီးမယ့် ကျင့်စဉ်က အခုရှိနေတဲ့ အထူးအဆင့်မြင့် ကျင့်စဉ်တွေအားလုံးထက် ဆယ်ဆလောက် ပိုပြီး ရှုပ်ထွေးနက်နဲလိမ့်မယ်"
ထိုသို့တွေးတောရင်း ရွှီရန် မတ်တပ်ရပ်လိုက်သည်။ သူသည် လျှို့ဝှက်ခန်းမမှ ထွက်လာကာ တံခါးကို သေချာခတ်ပြီးနောက် သော့ကို အုပ်ချုပ်ရေးမှူးထံ ပြန်အပ်လိုက်သည်။
အုပ်ချုပ်ရေးမှူးက စူးစမ်းလိုစိတ်ဖြင့် "နှစ်ရက်အတွင်းမှာပဲ အကုန်လုံးကို ကြည့်ပြီးသွားပြီလား"
ရွှီရန် : "ဟုတ်ကဲ့"
အုပ်ချုပ်ရေးမှူးမှာ ဆွံ့အသွားပြီး "တကယ်လို့ ထပ်ကြည့်ဖို့ လိုအပ်ရင် ငါ့ဆီမှာ သော့လာတောင်းလို့ ရသေးတယ်နော်" ဟု ပြောလိုက်သည်။ ရွှီရန် ပြန်လာဦးမည်ဟု သူကတော့ အသေအချာ ယုံကြည်နေဆဲပင်။
ရွှီရန်က ခေါင်းငြိမ့်ပြကာ "ကောင်းပါပြီ" ဟု ပြောပြီးနောက် လှည့်ထွက်လာခဲ့သည်။ သူသည် ညစာစားပြီးသည်နှင့် ကျင့်ကြံရေးခန်းမဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်တော့သည်။
သို့သော် သူ ကျင့်ကြံရေးခန်းမသို့ မရောက်ရှိသေးမီမှာပင်...
ကျောင်းအုပ်ကြီးသည် ရွှီရန်၏ ဘေးနားသို့ ဆင်းသက်လာခဲ့သည်။
"မင်း အကုန်လုံး ကြည့်ပြီးသွားပြီလား"
ရွှီရန် : "ဟုတ်ကဲ့ အခုပဲ ကျင့်ကြံရေးခန်းမကိုသွားပြီး စမ်းသပ်ကြည့်မလို့ပါပဲ"
ကျောင်းအုပ်ကြီးက သံသယစိတ်ဖြင့် "ကြည့်ရုံကြည့်ပြီးတာနဲ့ ချက်ချင်းစမ်းတော့မလို့လား မင်းက တကယ်ကို သတ္တိရှိလွန်းတာပဲ။ နေဦး နေဦး"
"ရော့... ငါ မင်းအတွက် ရတနာအရိုးအသစ်တစ်ခု ယူလာပေးတယ်။ အရင်ဆုံး မင်းရဲ့ စိတ်ကူးတွေကို ဒီအပေါ်မှာ ရေးထွင်းကြည့်ဦး။ အမှားအယွင်း ရှိမရှိ အရင်စစ်ဆေးရမယ်။ အမှားမရှိတော့မှ မင်းကျင့်ကြံလို့ရမယ်။ မင်းရဲ့ အနာဂတ်ကို လောင်းကြေးမထပ်စမ်းပါနဲ့"
ရွှီရန် : "ဒါလည်း ဟုတ်တာပဲ။ ကျောင်းအုပ်ကြီးက တကယ်ကို အမြော်အမြင်ရှိတာပဲဗျာ"
သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသော်လည်း လိပ်ခွံပေါ်တွင် အရင်စမ်းသပ်ခြင်းမှာ နစ်နာစရာမရှိပေ။ အချိန်လည်း အများကြီးပေးရမည် မဟုတ်ပေ။
ကျောင်းအုပ်ကြီး : "ဒါပေါ့... ငါက အသက်ကြီးလာတာနဲ့အမျှ အတွေ့အကြုံရှိလာတာကိုး။ ကဲ... ကျင့်ကြံရေးခန်းမကို သွားကြရအောင်။ မင်းရဲ့ ချဉ်းကပ်ပုံကို ငါကိုယ်တိုင် မြင်ချင်တယ်။ တစ်ခုခု အခက်အခဲရှိရင် ငါကူညီရှင်းပြပေးလို့ ရတာပေါ့"
ရွှီရန် : "ကောင်းပါပြီ"
ထို့နောက် သူတို့နှစ်ဦးသည် ကျင့်ကြံရေးခန်းမသို့ သွားရောက်ကာ တံခါးပိတ်ကျင့်ကြံဆောင်တစ်ခုကို ငှားရမ်းလိုက်ကြသည်။ လိပ်ခွံကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက်...
ကျောင်းအုပ်ကြီး : "ကဲ... မင်းရဲ့ စိတ်ကူးက ဘယ်လိုမျိုးလဲ"
ရွှီရန်က အာရုံစူးစိုက်လိုက်ပြီး "ကျွန်တော် သတိထားမိတာက အထူးအဆင့်မြင့် ကျင့်စဉ်တွေ အားလုံးမှာ နှလုံးသားနဲ့ ဒန်ထျန်ဆိုတဲ့ ဆွဲအားစက်ကွင်း နှစ်ခုပဲ ရှိကြတယ်"
"ဒါပေမဲ့ ကျွန်တော် ခံစားမိတာက နှလုံးသားတစ်ခုတည်းတင် ဆွဲအားစက်ကွင်း ဖန်တီးနိုင်တာ မဟုတ်ဘူး။ အရိုးတိုင်းကလည်း ဖန်တီးနိုင်တယ်။ ကျောရိုးမှာ အရိုးဆစ် ၂၆ ခု ရှိတယ်။ လူ့ခန္ဓာကိုယ်မှာ စုစုပေါင်း အရိုးပေါင်း ၂၀၄ ခု ရှိတယ်။ ကိုယ်တွင်းအင်္ဂါ ၅ ခုကိုပါ ထည့်တွက်ရင် အလွန်ရှုပ်ထွေးတဲ့ ဆွဲအားစက်ကွင်းကြီးတစ်ခုကို တည်ဆောက်လို့ရတယ်။ ဆွဲအားစက်ကွင်း အရေအတွက် များလာရင် ဆွဲအားလိုင်း အရေအတွက်ကလည်း လိုက်ပြီး များလာမှာပဲ"
"အကယ်၍သာ ဒါကို အောင်မြင်အောင် တည်ဆောက်နိုင်ရင် သွေးအင်အားတန်ဖိုးက အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်"
ကျောင်းအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားပြီး "ကလေး... မင်း အတည်ပြောနေတာလား အရင်ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတဲ့ ပါရမီရှင်တစ်ယောက် ဒါကို စမ်းသပ်ဖူးတယ်။ ဒါပေမဲ့ သူ မသန်မစွမ်း ဖြစ်သွားခဲ့ရတယ်..."
ရွှီရန် : "စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး ပါရမီရှင်အချင်းချင်းမှာတောင် ကွာခြားချက်တွေ ရှိကြတာပဲလေ"
ကျောင်းအုပ်ကြီး : "ငါ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။ အရင်ဆုံး မင်းရဲ့ စိတ်ကူးကို လိပ်ခွံပေါ်မှာ အကြမ်းဆွဲကြည့်ဦး။ လိပ်ခွံရဲ့ တုံ့ပြန်မှုမှာ ပြဿနာရှိတယ်ဆိုရင်တော့ ဆက်မလုပ်ပါနဲ့တော့။ ချန်ဖန်းရဲ့ ကျင့်စဉ်ကိုပဲ သုံးလိုက်ပါ"
ရွှီရန်က ခေါင်းငြိမ့်ပြကာ အထူးထွင်းထုဓားကို ကောက်ကိုင်လိုက်တော့သည်။
ထွင်းထုဓားကို ကိုင်လိုက်သည့် ခဏမှာပင် ရွှီရန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးအင်အားတို့မှာ ဓားဆီသို့ စီးဝင်သွားပြီး တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရသည်။
"ဒါက ဘာဖြစ်တာလဲ"
ကျောင်းအုပ်ကြီး : "ဒါက တကယ့် ရတနာပဲ အရမ်းတန်ဖိုးကြီးတယ်။ အာရုံစိုက်ပြီး ထွင်းထုစမ်း မောလာရင် ချက်ချင်းရပ်လိုက်"
"ကောင်းပါပြီ"
ရွှီရန်သည် ကျောင်းအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဓားသွားကို ငေးကြည့်လိုက်သည်။
ဓားသွားသည် ရတနာအရိုးပေါ်သို့ ထိလိုက်သည်နှင့် စက္ကူပေါ်တွင် ကလောင်တံဖြင့် ရေးခြစ်နေသကဲ့သို့ ချောမွေ့နေတော့သည်။ သူ ရေးထွင်းလိုက်သည့် အကြောင်းအရာများမှာ သူ၏ စိတ်ကူးထဲရှိ ပုံရိပ်များနှင့် တစ်ထပ်တည်း ကျနေ၏။
ရွှေရောင်ဆွဲအားလိုင်းများသည် ကိုယ်တွင်းအင်္ဂါ ၅) ခုမှ စတင်ထွက်ပေါ်လာပြီး ကျောရိုးဆစ်များဆီသို့ ပေါင်းစပ်သွားသည်။ ထို့နောက် ကျောရိုးရှိ ဆွဲအားလိုင်းများသည် ဒန်ထျန်ဆီသို့ စီးဝင်သွားပြီး ထိုမှတစ်ဆင့် ခြေလက်အင်္ဂါရှိ အရိုးများဆီသို့ ဆက်လက် ပြန့်နှံ့သွားတော့သည်။
အထူးအဆင့်မြင့် ကျင့်စဉ်များတွင် ဆွဲအားစက်ကွင်း ၂ ခုသာ ပါဝင်သော်လည်း ရွှီရန် ရေးဆွဲလိုက်သည်မှာ ၁၁ ခုအထိ ရှိသည်။ ထိုစက်ကွင်း ၁၁ ခုအတွင်း၌လည်း ရှုပ်ထွေးလှသော ကြယ်စုစနစ်တစ်ခုကဲ့သို့ ဆွဲအားစက်ကွင်းအငယ်စားပေါင်း ၃၀၀ ခန့် ပါဝင်နေသေးသည်။ သို့သော် ထိုကြယ်စုစနစ်တစ်ခုလုံးတွင် အကြီးဆုံးသော ကြယ်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။
အချိန်ကြာလာသည်နှင့်အမျှ ကျောင်းအုပ်ကြီးမှာ ပို၍ပို၍ အံ့ဩလာခဲ့သည်။
"ဒီလောက် ရှုပ်ထွေးတဲ့ ကျင့်စဉ်ကို တစ်ချက်ကလေးတောင် မနားဘဲ ဒီလောက်အထိ ချောချောမွေ့မွေ့ ရေးထွင်းနိုင်တာလား။ သူ တကယ်ပဲ အောင်မြင်သွားတာလား"
ကျောင်းအုပ်ကြီးအနေဖြင့် အခြားဖြစ်နိုင်ခြေကို မစဉ်းစားနိုင်တော့ပေ။ အကယ်၍ ဖန်တီးလိုက်သည့် နည်းစနစ်မှာ ချို့ယွင်းချက်ရှိပါက ရေးထွင်းနေစဉ်အတွင်း အခက်အခဲများစွာနှင့် ကြုံတွေ့ရမည်ဖြစ်သလို လိပ်ခွံမှာလည်း အက်ကွဲသွားပေလိမ့်မည်။
သို့သော် ရွှီရန်ထံတွင် ထိုသို့သော ပြဿနာမျိုး တစ်ခုမှ မရှိခဲ့ချေ။
ရေးထွင်းမှုမှာ ချောမွေ့ရုံတင်မကဘဲ လိပ်ခွံမှာလည်း အက်ကွဲခြင်းမရှိသည့်အပြင် ရွှေရောင်
လိုင်းများမှာ ပို၍ပင် တောက်ပလာခဲ့သည်...
ဒါက ဘာကို ဆိုလိုတာလဲ။
၎င်းသည် ဤလူငယ်လေးမှာ သူ၏ကိုယ်ပိုင်လမ်းစဉ်ကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း အနည်းဆုံးတော့ သီအိုရီအရ မှန်ကန်နေကြောင်း သက်သေပြနေခြင်းပင်။
ကျောင်းအုပ်ကြီးမှာ အံ့ဩလွန်း၍ မှင်တက်နေတော့သည်။
"ဘုရားရေ... ငါက ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးကို အထင်သေးခဲ့မိတာလား။ ဒါက တကယ်ပဲ အကန့်အသတ် မရှိတာလား။ နောက်ဆို ဒါကို ဖန်တီးမှု အမြုတေအရိုးလို့ပဲ ခေါ်ရတော့မလား..."
"ဒါပေမဲ့ ဒါက အရမ်းကြီး ရှုပ်ထွေးလွန်းမနေဘူးလား။ အခြား အဆင့်မြင့်ကျင့်စဉ်တွေထက် အဆပေါင်းများစွာ ပိုရှုပ်ထွေးနေတာပဲ။ တကယ်ရော ကျင့်ကြံလို့ အောင်မြင်နိုင်ပါ့မလား"
ကျောင်းအုပ်ကြီး၏ စိတ်ထဲတွင် မေးခွန်းထုတ်စရာများစွာ ရှိနေစဉ်မှာပင်...
ရွှီရန်သည် ဓားကို ချလိုက်သည်။ သူ၏ စိတ်ဓာတ်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်လည်း မျက်နှာထက်တွင်မူ ဝမ်းမြောက်ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေ၏။
"ဖန်တီးမှု အောင်မြင်ပြီ"
ကျောင်းအုပ်ကြီးက လိပ်ခွံကို ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားတော့သည်...
မည်သို့ပင်ဆိုစေ ရွှီရန်၏ ကျင့်စဉ်မှာ တစ်ခုတည်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
၎င်းမှာ အလွန်ပင် နက်နဲဆန်းကြယ်ပြီး ရှုပ်ထွေးလွန်းလှခြင်းပင်။ သို့သော် ထိုရှုပ်ထွေးမှုများကြားတွင်လည်း ထူးဆန်းသော လျှို့ဝှက်ချက်အချို့ ရှိနေသယောင်...
သူ အကြာကြီး စိုက်ကြည့်နေမိသည်။
ကျောင်းအုပ်ကြီးမှာ ထိုကျင့်စဉ်၏ ဆွဲဆောင်မှုအတွင်းသို့ နစ်ဝင်သွားပြီး သူ၏ မျက်စိရှေ့တွင် ပုံရိပ်ယောင်များ ပေါ်လာတော့သည်။ ရုတ်တရက်ဆိုသလို သူသည် ခန္ဓာကိုယ်၏ အရိုးတိုင်း၊ အင်္ဂါအစိတ်အပိုင်းတိုင်းမှာ ဂြိုဟ်များအဖြစ် ပြောင်းလဲသွားပြီး လိပ်ခွံပေါ်တွင် ကြယ်တာရာများကဲ့သို့ လည်ပတ်လှည့်ပတ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
အခန်း။ ၁၀၄
ကျောင်းအုပ်ကြီးမှာ အံ့အားသင့်သွားပြီး သေချာစွာ ပြန်လည်အာရုံစိုက်ကြည့်လိုက်မှသာ ၎င်းသည် လှုပ်ရှားမှုမရှိသော ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း သတိပြုမိတော့သည်။
ရွှီရန် : "ကျောင်းအုပ်ကြီး ကျောင်းအုပ်ကြီး ဘာတွေ မိန်းမောနေတာလဲဗျ၊ ကျွန်တော် ကျင့်စဉ်ဖန်တီးတာ အောင်မြင်သွားပြီလို့"
ကျောင်းအုပ်ကြီး : "အင်း... ဂုဏ်ယူပါတယ်ကွာ။ ဒါက တကယ့်ကို ထူးခြားဆန်းပြားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပုံရပေမဲ့ အရမ်းကို ရှုပ်ထွေးလွန်းတယ်။ တကယ့်ကို အလွန်အကျွံပဲ လူ့ခန္ဓာကိုယ်ထဲမှာ ဒီလောက်အထိ ကျယ်ပြန့်တဲ့ တည်ဆောက်မှုမျိုးကို တကယ်ရော လုပ်နိုင်ပါ့မလား"
ရွှီရန် : "တခြားသူတွေ လုပ်နိုင်မလုပ်နိုင်တော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ သေချာပေါက် လုပ်နိုင်တယ်"
ကျောင်းအုပ်ကြီး : "မင်း ဘယ်လောက်အထိ ယုံကြည်ချက်ရှိလဲ"
ရွှီရန် : "ကိုးဆယ်ရှစ် ရာခိုင်နှုန်းပါ"
ကျောင်းအုပ်ကြီးက သေချာအောင် ထပ်မေးသည်။
"တကယ်လား မင်း နောက်နေတာ မဟုတ်ဘူးနော်"
ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပနေသည်။
"အမှန်အတိုင်း ပြောရရင် ကိုးဆယ်ကိုး ဒသမ ရှစ် ရာခိုင်နှုန်းပါဗျာ"
ကျောင်းအုပ်ကြီး စဉ်းစားလိုက်သည်။ သူ ယုံကြည်သွားပြီ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ရွှီရန်သည် မည်သည့်အခါမျှ အဓိပ္ပာယ်မရှိသော စကားများကို မပြောတတ်သောကြောင့်ပင်။
"ကောင်းပြီလေ... မင်းမှာ ယုံကြည်မှု အပြည့်ရှိနေမှတော့ မနက်ဖြန် မင်းရဲ့ အခြေအနေ တည်ငြိမ်သွားတာနဲ့ ကျင့်စဉ်ကို စတင်စမ်းသပ်ကြည့်လိုက်တော့ ငါနဲ့ ယဲ့ဖျင်တို့ မနက်ဖြန် မင်းကို ကူညီစောင့်ရှောက်ပေးဖို့ လာခဲ့ပါ့မယ်"
ရွှီရန်မှာ တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။
"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး စီစဉ်တဲ့အတိုင်းပဲ လုပ်ပါ့မယ်"
ထို့နောက် သူတို့နှစ်ဦးသည် ကျင့်ကြံရေးခန်းမမှ ထွက်လာခဲ့ကြသည်။
ကျင့်ကြံရေးခန်းမမှ ထွက်လာချိန်တွင် ကောင်းကင်မှာ မှောင်နေပြီဖြစ်သည်။ ကျောင်းအုပ်ကြီးသည် ရွှီရန်ကို အိမ်အရောက် လိုက်ပို့ပေးခဲ့ပြီး အိမ်မှ ထွက်ပေါ်နေသော နွေးထွေးသည့် အလင်းရောင်လေးကို ကြည့်ကာ သူ၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေတော့သည်။
"ငါ အခုလေးတင် နတ်ဘုရားအဆင့်ဝှက်ဖဲတစ်ချပ်ကို ဆွဲထုတ်လိုက်မိတာလား"
"ဒီလိုမျိုး ကျင့်စဉ်တစ်ခုကို အလွယ်တကူ ဖန်တီးလိုက်တာလား။ သူ ရက်ပေါင်း ခြောက်
ဆယ်လောက် ကြာလိမ့်မယ်လို့ ငါထင်ထားတာ ဒါပေမဲ့ နှစ်ရက်တည်းနဲ့ ပြီးသွားတာလား"
ကျောင်းအုပ်ကြီးသည် ဆောင်းဦးလေ၏ အေးစက်စက် လေထုကို အဆုတ်ဝအောင် ရှူသွင်းလိုက်ရင်း တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ဒီလိုအနှိုင်းမဲ့ ဖန်တီးနိုင်စွမ်း ပါရမီမျိုး...
သို့သော် ကောင်းကင်ပေး နတ်ဘုရားအတတ် များနှင့်ပင် နှိုင်းယှဉ်နိုင်သော ကိုယ်ဖျောက်
အတတ်ကို သူ အသက် သုံးလေးနှစ်သား အရွယ်ကတည်းက ဖန်တီးနိုင်ခဲ့သည်ကို ပြန်တွေးကြည့်လျှင် အသက်ရှစ်နှစ်အရွယ်တွင် ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခြင်းမှာ ဖြစ်သင့်ဖြစ်
ထိုက်သော အရာပင်။
ကျောင်းအုပ်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လှည့်ထွက်လာရင်း သူ၏ မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။
"သူ တကယ်ပဲ ရွေးချယ်ပွဲမှာ နံပါတ် ၁ ရနိုင်တာလား"
"သူ့ဘာသာ ဖန်တီးထားတဲ့ ကျင့်စဉ်က အထူးအဆင့်မြင့် ကျင့်စဉ်တွေထက် အဆပေါင်းများစွာ ပိုရှုပ်ထွေးတယ်။ သွေးအင်အား တိုးတက်မှုကလည်း အဆပေါင်းများစွာ ပိုများနိုင်တယ်။ ဒါကြောင့် သူက ကျင့်ကြံချိန် နှစ်နှစ်ခွဲလောက် နောက်ကျနေရင်တောင် သူ့ရဲ့ ထူးခြားတဲ့ကျင့်စဉ်ကြောင့် ပြန်လိုက်မီသွားနိုင်တာပဲ"
"မဖြစ်သေးပါဘူး... အောင်ပွဲကို ကြိုပြီး မခံစားသင့်သေးဘူး။ မနက်ဖြန် သူ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်မှပဲ ဂုဏ်ပြုရမယ်"
ကျောင်းအုပ်ကြီးသည် ချောင်းနှစ်ချက်ဟန့်ကာ ကျောင်းဝင်းအတွင်း ပျံသန်းကြည့်ရှုရင်း
လှည့်ပတ်သွားလာနေခဲ့သည်။ သေချာသည်မှာ သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုနေခြင်းသက်သက် မဟုတ်ဘဲ သူ၏ရင်ထဲတွင် ဖြစ်ပေါ်နေသော ဝမ်းသာပီတိများကို မည်သို့ထုတ်ဖော်ရမှန်းမသိ၍ လမ်းလျှောက်နေခြင်းသာ….
နောက်ဆုံးတွင် သူသည် ချီယွမ်တောင်ထိပ်တွင် ရပ်ကာ ရင်သွေးငယ်ကျောင်းတစ်ခုလုံးကို ငေးကြည့်နေမိသည်။
"နတ်မင်းအပေါင်းတို့... ရွှီရန်ရဲ့ မနက်ဖြန် ကျင့်ကြံမှု အောင်မြင်ဖို့အတွက်ဆိုရင် ကျွန်တော့်ရဲ့ သက်တမ်း အနှစ်နှစ်ဆယ်ကိုတောင် လျှော့ပေးလိုက်ပါ့မယ်။ ဘာပြဿနာမှ မရှိပါစေနဲ့..."
ကျောင်းအုပ်ကြီးသည် သူ့ဘာသာ တီးတိုး ဆုတောင်းနေမိသည်။
ထိုတစ်ညလုံး ကျောင်းအုပ်ကြီး တစ်ခါပြန်၍ အိပ်မပျော်နိုင်ခဲ့ချေ... နောက်တစ်နေ့ နံနက် ခြောက်နာရီခွဲအထိ အောင့်အည်းစောင့်ဆိုင်းပြီးနောက် ရွှီရန်၏ အိမ်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ကွက်တိပင်။
ရွှီရန်သည် ခြောက်နာရီတွင် နိုးထခဲ့သည်။
ကိုယ်လက်သန့်စင်ပြီးနောက် ခြံဝင်းတံခါးမှ ထွက်လာချိန်တွင် ကျောင်းအုပ်ကြီး လမ်းဘေး၌ ရပ်နေသည်ကို လှမ်းမြင်လိုက်ရသည်။
ရွှီရန်က နှုတ်ဆက်လိုက်သည်။
"ကျောင်းအုပ်ကြီး... စောစောစီးစီးပါလား... နေဦး ညက တစ်ညလုံး မအိပ်ခဲ့ဘူးလား"
ကျောင်းအုပ်ကြီးက ခေါင်းငြိမ့်ပြကာ "ဟဲဟဲ... အသက်ကြီးလာရင် အိပ်မပျော်တော့ဘူးကွ... ကဲ လာလေ ကျင့်ကြံရေးခန်းမကို သွားကြရအောင်။ မင်းဦးလေး ယဲ့ဖျင်လည်း ခုနစ်နာရီဆို ရောက်လာတော့မှာ"
ရွှီရန် : "ဟုတ်ကဲ့ပါ သွားကြရအောင်"
ကျင့်ကြံရေးခန်းမသို့ ရောက်သောအခါ ကျောင်းအုပ်ကြီး၏ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။
"ခဏနေရင် မင်းကျင့်စဉ်ကို စမ်းသပ်တဲ့အခါ ဆွဲအားစက်ကွင်းကို တစ်ဆင့်ချင်းစီ တည်ဆောက်သွားပါ။ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရတာနဲ့ ချက်ချင်း ရပ်လိုက်ပါ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အစွန်းအထွက်လေးတစ်ခုတောင် ကျန်မနေပါစေနဲ့ နားလည်လား"
"တောင်စိမ်းကြီးသာ ရှိနေမယ်ဆိုရင် ထင်းအတွက် ပူစရာမလိုဘူးကွ။ တကယ်လို့ မင်းရဲ့ ကိုယ်ပိုင်ကျင့်စဉ် မအောင်မြင်ခဲ့ရင်တောင် တခြားသူရဲ့ ကျင့်စဉ်ကို ကျင့်လို့ရသေးတယ်။ မင်း ယွဲ့နယ်ပယ်ကို ရောက်တဲ့အခါမှ မင်းရဲ့ကျင့်စဉ်ကို ပြန်ပြီး ပြီးပြည့်စုံအောင် လုပ်လို့ရတာပဲ"
ရွှီရန်သည် ပြတ်သားသော မျက်ဝန်းများဖြင့် "နားလည်ပါပြီ။ ဒါပေမဲ့ ကျွန်တော် မရှုံးဘူးလို့ ခံစားနေရတယ်ဗျ" ဟု ပြန်ပြောလိုက်သည်။
ကျောင်းအုပ်ကြီး : "...ယုံကြည်မှုရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ သတိထားပါ ဦးလေးယဲ့ ရောက်လာတဲ့အထိ စောင့်ပြီးမှ တရားဝင် စတင်ကြတာပေါ့"
ရွှီရန်က ပခုံးတွန့်ပြလိုက်ရင်း "တကယ်တော့ စောင့်စောင့် မစောင့်စောင့် သိပ်တော့ မထူးခြားပါဘူး"
ကျောင်းအုပ်ကြီး : "စောင့်ကို စောင့်ရမယ် ဘေးကင်းတာက အကောင်းဆုံးပဲ"
ရွှီရန် : "ဟုတ်ကဲ့ပါ"
ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက် ယဲ့ဖျင် ကျင့်ကြံရေးခန်းမသို့ ရောက်ရှိလာခဲ့သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ သူ ရှစ်နှစ်ပြည့်တာ နှစ်ရက်ပဲ ရှိသေးတာ မဟုတ်လား အခုပဲ ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးပြီးသွားပြီလား"
"ဒါက တကယ်ပဲ ဘယ်လိုဖြစ်နိုင်မှာလဲ"
ယဲ့ဖျင်၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ရွှီရန်က ပခုံးတွန့်ကာ "ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးဆိုတာ ဒီလိုပါပဲဗျာ" ဟု ပြောလိုက်သည်။
ယဲ့ဖျင် : "..."
သူ ဘာမှပြန်မပြောနိုင်တော့ပေ။ ဉာဏ်အလင်းပွင့်မှု အမြုတေအရိုး ဆိုသည်မှာ မည်သည့်အခါမဆို ဤမျှအထိ ထူးခြားဆန်းပြားနေတတ်သည်။
သူ စိတ်ကို ပြန်ထိန်းလိုက်ပြီး "မင်းရဲ့ကျင့်စဉ်ကို ငါ့ကို ပေးကြည့်ဦး။ ရတနာအရိုးပေါ်မှာ ရေးထွင်းထားတာ မဟုတ်လား"
ကျောင်းအုပ်ကြီးသည် လိပ်ခွံကို ထုတ်ယူကာ ယဲ့ဖျင်ထံသို့ ကမ်းပေးလိုက်သည်။
ယဲ့ဖျင်သည် မိနစ်အနည်းငယ်ကြာအောင် စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် သူ၏ မျက်စိသူငယ်အိမ်များမှာ သိသိသာသာ ပြန့်ကားသွားခဲ့သည်။
"ဒီလောက်တောင် ရှုပ်ထွေးတာလား"
"ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ်ဖျောက်အတတ် တုန်းကလည်း ဒီလောက်ပဲ ရှုပ်ထွေးခဲ့တာပဲလေ။ ကောင်းပြီ... ကောင်းပြီ... ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကို ငါဝန်ခံရတော့မှာပဲ..."
ယဲ့ဖျင်က ဆွံ့အစွာဖြင့် "ကဲ... ဆွဲအားစက်ကွင်းကို စပြီး တည်ဆောက်တော့ ငါနဲ့ ကျောင်းအုပ်ကြီးက မင်းဘေးကနေ စောင့်ရှောက်ပေးမယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်လည်း သတိထားဦး အရမ်းဇွတ်မလုပ်နဲ့နော်"
ရွှီရန် : "နားလည်ပါပြီ... စလိုက်ရအောင်... ကျွန်တော် မစောင့်နိုင်တော့ဘူးဗျ"
စကားအဆုံးတွင် ရွှီရန်သည် အထူးကျင့်ကြံရေးစင်မြင့်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ မျက်လုံးများကို မှိတ်ကာ အာရုံစူးစိုက်လိုက်ပြီး သူ၏ စိတ်စွမ်းအားကို စတင်အသုံးချလိုက်တော့သည်။
သူ၏ ကိုယ်တွင်းအင်္ဂါများ၊ ကျောရိုးဆစ်များ၊ နှလုံးသား၊ ဒန်ထျန်နှင့် ခန္ဓာကိုယ်အတွင်းရှိ အရိုးတိုင်းသည် ဂြိုဟ်များအသွင်ပြောင်းလဲသွားကြပြီး ရွှေရောင်ဆွဲအားစက်ကွင်းများကို ထုတ်လွှတ်လိုက်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ရွှီရန်၏ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးတိုင်းသည် တောက်ပသော နှင်းဆီရောင်များအဖြစ် ဝင်းလက်လာခဲ့သည်။ ၎င်းမှာ ဟင်းလင်းပြင်နက်နက်ထဲမှ လှပလွန်းလှသည့် ကြယ်တိမ်တိုက်များကဲ့သို့ပင်။
လေးနာရီခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။
ရွှီရန် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏မျက်ဝန်းများအတွင်း၌ တောက်ပသောအလင်းတန်းများ ဖြတ်ပြေးသွား၏။
လေးနာရီတိုင်တိုင် စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သော ကျောင်းအုပ်ကြီးနှင့် ယဲ့ဖျင်တို့မှာ ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြပြီး ပြိုင်တူမေးလိုက်ကြသည်။
"အောင်မြင်သွားပြီလား"
ရွှီရန်က သိမ်မွေ့စွာ ပြုံးလိုက်ရင်း "သေချာတာပေါ့... အောင်မြင်သွားပြီဗျ"
သူ၏ ကျင့်ကြံမှုမှာ အလွန်ပင် လျင်မြန်လှသည်။ မည်သည့် အနှောင့်အယှက် အတားအဆီးမျှ မရှိခဲ့ချေ။
ဒါက ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးနှင့် ကိုယ်ပိုင်ဖန်တီးထားသော ကျင့်စဉ်တို့ ပေါင်းစပ်
လိုက်တဲ့ အကျိုးရလဒ်လား။
အဓိပ္ပာယ်မရှိလောက်အောင်ပင် အစွမ်းထက်နေသော်လည်း လက်တွေ့တွင်မူ ဖြစ်ပျက်နေခဲ့သည်။
ကျောင်းအုပ်ကြီးမှာ စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ "ဘယ်လိုခံစားရလဲ ကျင့်ကြံမှု စွမ်းဆောင်ရည်က ဘယ်လောက်အထိ တိုးတက်သွားလဲ ဒီလောက် ရှုပ်ထွေးတဲ့ ကိုယ်ပိုင်ကျင့်စဉ်ဆိုမှတော့ အထူးအဆင့်မြင့် ကျင့်စဉ်တွေထက် အများကြီး ပိုသာမှာပဲ မဟုတ်လား"
"နှစ်ဆလောက် ရှိမလား။ အကယ်၍သာ နှစ်ဆဆိုရင်တောင် အံ့ဩစရာပဲဆိုတဲ့ စကားလုံးကလွဲလို့ တခြားပြောစရာ မရှိတော့ဘူး"
ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ပြီး "နှစ်ဆပဲလား ကျောင်းအုပ်ကြီး... ဦးလေးယဲ့... ခင်ဗျားတို့ရဲ့ စိတ်ကူးစိတ်သန်းတွေက နည်းနည်းလေး ကျဉ်းမြောင်းနေသလားလို့။ စိတ်ကြိုက်သာ ခန့်မှန်းကြည့်ကြစမ်းပါဗျာ"
ကျောင်းအုပ်ကြီး : "..."
ယဲ့ဖျင် : "..."
သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး ထူးဆန်းသော မျက်နှာပေးများဖြင့် "နှစ်ဆတောင် နည်းနေသေးတယ် ဟုတ်လား ဒါဆို ၃ ဆ လောက်လား"
ရွှီရန်က ခေါင်းခါပြလိုက်ပြန်သည်။
"ခင်ဗျားတို့ရဲ့ စိတ်ကူးစိတ်သန်းက လုံလောက်အောင် မကြွယ်ဝသေးဘူးဗျ... ထပ်ပြီး ခန့်မှန်းကြည့်ပါဦး"