← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း။ ၁၀၉

ထိုသို့နှင့်ပင်...

ရွှီရန်သည် အာရုံကိုစုစည်းကာ သူ၏တစ်ကိုယ်လုံးမှ နီရဲသော အလင်းတန်းများကို ထုတ်

လွှတ်လျက် စူပါပေါက်ကွဲအားပြင်း ခုတ်ချက်ကို စတင်လေ့ကျင့်တော့သည်။

[စူပါပေါက်ကွဲအားပြင်းခုတ်ချက် တိုးတက်မှု +၁...]

[စူပါပေါက်ကွဲအားပြင်းခုတ်ချက် တိုးတက်မှု +၁...]

[စူပါပေါက်ကွဲအားပြင်းခုတ်ချက် တိုးတက်မှု +၁...]

တစ်နာရီခန့်အကြာတွင်...

တစ်နေ့တာအတွက် အများဆုံးရရှိနိုင်သော ကျွမ်းကျင်မှုအမှတ် ၁၀၀ ပြည့်သွားခဲ့သည်။

ရွှီရန် လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကွင်းပါဓားရှည်ကို မြှောက်၍ အသေအချာ စစ်ဆေးကြည့်လိုက်သည်။ အလယ်အလတ်အဆင့်ရှိသော ထိုဓားရှည်မှာ အကြိမ်ပေါင်း ရာနှင့်ချီ၍ ပြင်းထန်စွာ ခုတ်ယမ်းခဲ့ပြီးနောက်တွင် ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများပင် ပေါ်နေပြီဖြစ်သည်။

"အလယ်အလတ်အဆင့် လက်နက်တစ်ခုက ငါ့ရဲ့ ပြင်းထန်တဲ့ ဓားသိုင်းဒဏ်ကို မခံနိုင်ဘူးပဲ... ကျောင်းအုပ်ကြီးဆီမှာ ပိုပြီး အရည်အသွေးကောင်းတဲ့ ဓားတစ်လက်နဲ့ လဲခိုင်းရမယ် ထင်တယ်"

သူ၏ ဓားသိုင်းနှင့်ပတ်သက်သော ဆန်းကြယ်အတတ်ပညာများသည် အစကတည်းက အဆင့်မြင့်လွန်းပြီး ပြင်းထန်လွန်းနေ။

ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ရင်း "ငါမှတ်မိသေးတယ်။ ကျောင်းအုပ်ကြီး ခုနကပဲ ပြောသွားတာ... အထူးအဆင့်မြင့် လက်နက်ကိုတောင် ငါ့ရဲ့အင်အားအပြည့်နဲ့ မသုံးနိုင်သေးဘူးတဲ့။ ခဏနေရင်တော့ သူ့ကို အံ့အားသင့်စရာလေး တစ်ခု ပေးရမှာပေါ့"

ထိုသို့တွေးတောရင်း ခန့်ညားသော ပုံရိပ်တစ်ခုသည် ကျင့်ကြံရေးခန်းမမှ လျှပ်စီးတန်းတစ်ခုအလား လျင်မြန်စွာ ထွက်ခွာသွားပြီး ကျောင်းအုပ်ကြီး၏ ရုံးခန်းအဆောက်အအုံဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးမှာ အနည်းငယ် ဟဟပွင့်နေသဖြင့် ရွှီရန်က အသာအယာ ခေါက်လိုက်သည်။

ကျောင်းအုပ်ကြီး : "ဘယ်သူလဲ"

ရွှီရန် : "ကျွန်တော်ပါဗျ"

ကျောင်းအုပ်ကြီးက မော့ကြည့်လိုက်ပြီး "ဘာကိစ္စလဲ ငါ့တံခါးကို ဘာလို့ ပြန်လာခေါက်နေတာလဲ"

ရွှီရန် : "ကျောင်းအုပ်ကြီး... ကျွန်တော် အဆင့်မြင့်လက်နက်တစ်ခုနဲ့ လဲလှယ်ဖို့ လာလျှောက်ထားတာပါ။ အလယ်အလတ်အဆင့် ကွင်းပါဓားရှည်က သုံးရတာ သိပ်အဆင်မပြေတော့လို့ပါ"

ကျောင်းအုပ်ကြီးက အံ့အားသင့်သွားပြီး "အလယ်အလတ်အဆင့်ဓားက မလောက်ဘူး ဟုတ်လား အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ အလယ်အလတ်အဆင့် လက်နက်တစ်ခုရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်နိုင်ဖို့ဆိုရင် မင်းမှာ အနည်းဆုံး သွေးအင်အားတန်ဖိုး ၁၀၀,၀၀၀ လောက်ရှိဖို့ လိုတယ်။ မင်းမှာက အခု ၆,၀၀၀ ပဲ ရှိသေးတာလေ။ အဝေးကြီး လိုပါသေးတယ်"

ရွှီရန်က စကားအရှည်ကြီး မပြောတော့ဘဲ ဓားကို ချလန်ခနဲ ဆွဲထုတ်ကာ ကျောင်းအုပ်ကြီးကို ကြည့်ဖို့အတွက် ကမ်းပေးလိုက်သည်။

"ကျွန်တော် တစ်နာရီလောက်ပဲ လေ့ကျင့်ရသေးတယ်။ ဒါပေမဲ့ ဒီဓားက မခံနိုင်တော့ဘူး။ အခုဆိုရင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်တော့မယ့် အနေအထားပဲ"

ကျောင်းအုပ်ကြီးသည် ဓားပေါ်ရှိ အက်ကြောင်းများကို မြင်လိုက်ရသောအခါ သူ၏မျက်နှာမှာ မယုံကြည်နိုင်သည့် အမူအရာသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

"ဟမ်"

သူ လုံးဝ နားမလည်နိုင်တော့ဘဲ "မင်းခိုးထွက်ပြီး ရန်ငြိုးနတ်ဘုရားကို သွားခုတ်နေတာလား"

ရွှီရန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း "မဟုတ်ပါဘူးဗျာ သာမန် ဓားသိုင်းလေ့ကျင့်ခန်း လုပ်နေတာပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်ဖန်တီးထားတဲ့ ဓားသိုင်းက နည်းနည်းတော့ အစွမ်းထက်လွန်းနေတယ် ထင်တယ်"

"ဟုတ်တယ်... ကျွန်တော်ကိုယ်တိုင်တောင် ဒါက အစွမ်းထက်လွန်းနေတယ်လို့ ခံစားရတယ်"

တကယ့်ကိုပင်... လျှို့ဝှက်ခြေလှမ်း၊ ကိုယ်ဖျောက်အတတ်၊ စက္ကူရုပ်ဝိညာဉ်ချည်နှောင်ခြင်း၊ ကောင်းကင်နှင့်မြေပြင် လွှင့်ပစ်ခြင်း၊ ကိုယ်လက်အင်္ဂါ ပြန်လည်ဖြစ်တည်ခြင်း၊ ရေနတ်ဘုရား၏ ကောင်းချီး နှင့် အဆင့်မြင့် ဉာဏ်အလင်းပွင့်မှု စသည့် စွမ်းရည်များကို ပိုင်ဆိုင်ထားသော ကိုယ်တိုင်ထိန်းကျောင်းမှု ဘုရင်ကြီးအတွက်ပင် ဤအရာက အံ့ဩစရာ ဖြစ်နေရသည်။

တစ်နာရီအတွင်းမှာတင် နောက်ထပ် ကျွမ်းကျင်မှုတစ်ခုကို ဖန်တီးလိုက်ပြန်ပြီလား။

ကျောင်းအုပ်ကြီးမှာ ပြောစရာ စကားလုံးပင် ပျောက်ရှသွားတော့သည်။

"..."

ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးရှိတဲ့သူတွေက တကယ်ပဲ သူတို့ စိတ်တိုင်းကျ လုပ်နိုင်ကြတာလား။

ကျောင်းအုပ်ကြီးက ထရပ်လိုက်ရင်း "ကောင်းပြီလေ ဒါဆိုရင် ကျောင်းရဲ့ ရတနာတိုက်ဆီ သွားကြတာပေါ့။ ငါ မင်းအတွက် အဆင့်မြင့်ဓား တစ်လက် ထုတ်ပေးမယ်။ ဒါပေမဲ့... နောက်မှ မင်းဖန်တီးထားတဲ့ ဓားသိုင်းကို ငါ့ကို ပြရမယ်နော်"

ရွှီရန် : "ပြဿနာမရှိပါဘူးဗျ"

မကြာမီမှာပင်...

ရွှီရန်သည် အဆင့်မြင့် ကွင်းပါဓားရှည်အသစ်တစ်လက်ကို ရရှိခဲ့သည်။ ဓားသွားမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး ပုံစံဒီဇိုင်းမှာလည်း အလွန်ပင် သပ်ရပ်လှပလှသည်။

သို့သော် ထိုဓားကို သူ၏လက်ဖြင့် ကိုင်စွဲလိုက်သည့် ခဏမှာပင်...

ဒီဓားလည်း သက်တမ်းသိပ်ရှည်မှာ မဟုတ်ဘူးဆိုသည့် အာရုံတစ်ခုမှာ သူ၏ရင်ထဲ၌ ပေါ်ပေါက်လာပြန်သည်။

ရွှီရန် : "..."

သွားပြီ... ငါ့ရဲ့ ဓားသိုင်းဒဏ်ကို အဆင့်မြင့်ဓားတောင် ခံနိုင်မှာမဟုတ်ဘူးထင်တယ်။ အထူးအဆင့်မြင့်ဓားဆိုရင်တောင် ပျက်စီးတာ မြန်သွားနိုင်တယ်။ ငါ့ရဲ့ ကြီးမြတ်မှုကို ဒီဓားတွေက မခံနိုင်တော့ဘူးပဲ။

ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "ငါနဲ့ ထိုက်တန်မယ့် ဓားမျိုးက ဘယ်လိုမျိုး ဖြစ်မလဲ။ ဖြစ်နိုင်ရင် ရွှေနီရောငအရည်အသွေးမျိုး ဖြစ်ရမယ်"

"ဒါပေမဲ့ ရွှေနီရောင် အရည်အသွေးရှိတဲ့ ရတနာတွေက ရှာရမလွယ်ဘူး။ ငါ့ကိုယ်ပေါ်က ရွှေနီရောင် ပုလဲလုံးလေးဆိုရင်လည်း မြူနှင်းတွေ ဖုံးနေလို့ အထဲမှာ ဘာရှိမှန်း မသိရသေးဘူး"

သူ ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားနေစဉ် ကျောင်းအုပ်ကြီးက သူ၏ပခုံးကို ပုတ်ကာ "ကဲ... အဆင့်မြင့်ဓားကို ကိုင်ရတာ ဘယ်လို ခံစားရလဲ"

ရွှီရန် : "အသင့်အတင့်ပါပဲဗျာ"

ကျောင်းအုပ်ကြီး : "ကောင်းပြီ ဒါဆိုရင် မင်းကိုယ်တိုင် ဖန်တီးထားတဲ့ ဓားသိုင်းက ဘယ်လိုမျိုးလဲဆိုတာ ငါ့ကို ပြတော့လေ"

သူတို့နှစ်ဦး ရတနာတိုက်ထဲမှ ထွက်လာခဲ့ကြသည်။

ရွှီရန် : "ကျောင်းအုပ်ကြီး... ကျင့်ကြံရေးခန်းမထဲက ကျောက်ရုပ်တွေကို ခုတ်ရတာက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းတော့ဘူးဗျ။ ကျွန်တော် တကယ့်အသက်ရှိတဲ့ အမြုတေသားရဲတစ်ကောင်ကိုပဲ စမ်းပြီး ခုတ်ကြည့်ချင်တယ်"

ကျောင်းအုပ်ကြီး : "စည်းကမ်းအရဆိုရင်တော့ မင်းက အနည်းဆုံး အသက် ၈ နှစ်ပြည့်ပြီး ၃ လကျော် လေ့ကျင့်ပြီးမှ သားရဲတွေနဲ့ တိုက်ခိုက်ခွင့်ရှိတာ။ ဒါပေမဲ့ မင်းကတော့ အထူးဖြစ်ရပ်မို့လို့... လာငါ လိုက်ပို့ပေးမယ်"

ကျောင်းအုပ်ကြီးက အရှိန်မြှင့်လိုက်သည်။

ရွှီရန်ကလည်း လျင်မြန်စွာပင် နောက်မှ အမီလိုက်လာခဲ့၏။

ကျောင်းအုပ်ကြီး : "မဆိုးဘူးကွ မင်းရဲ့ မိုးကြိုးခြေလှမ်း သုံးထောင်က တကယ့်ကို ထူးခြားတာပဲ။ ဖုန်းယန်ထက်တောင် ပိုမြန်နေသေးတယ်။ ဖုန်းယန်က မင်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိလိမ့်မယ်"

ရွှီရန်က ပြန်လည်ချီးကျူးလိုက်သည်။

"သုံးပုံတစ်ပုံဆိုတာတောင် ပါရမီအတော်လေး ထူးချွန်တယ်လို့ ဆိုရမှာပါဗျ"

ကျောင်းအုပ်ကြီး : "မင်း စကားပြောပုံက ဖုန်းယန်ကို ချီးကျူးနေတာလား။ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်နေတာလားဆိုတာ ခွဲရခက်လိုက်တာ"

စကားပြောရင်းနှင့်ပင် သူတို့သည် ချီယွန်းတောင်၏ အခြားတစ်ဖက် ခြေရင်းတွင်ရှိသော သားရဲတိုက်ခိုက်ရေးကွင်းသို့ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာတွင် ထူးခြားသည့် သားရဲတိုက်ခိုက်ရေးကွင်းကြီးတစ်ခု တည်ရှိသည်။ ထိုကွင်းမှာ ဘောလုံးကွင်း ၁၀ ကွင်းစာလောက် ကျယ်ဝန်းပြီး အောက်ခြေနှင့် နံရံများကို အထူးအနက်ရောင် သတ္တုရိုင်းများဖြင့် တည်ဆောက်ထားသည်။ သတ္တုရိုင်းများကို ထိန်းချုပ်နိုင်သည့် အမြုတေအရိုး ပိုင်ရှင်တစ်ဦးက တည်ဆောက်ပုံကို စနစ်တကျ ပြုပြင်ဖန်တီးထားခြင်း ဖြစ်သောကြောင့် တစ်ကွင်းလုံးမှာ ခိုင်ခန့်လွန်း၍ မဖောက်ထွင်းနိုင်သည့် အနေအထားတွင် ရှိနေသည်။

ကွင်းကြီးနှင့် မလှမ်းမကမ်းတွင် သားရဲများထားရှိသည့် သီးသန့် အခန်းငယ်လေးများ ရှိသည်။ အနည်းငယ် ပိုဝေးသော နေရာတွင်မူ အဆင့်မြင့် နံရံများနှင့် ဟင်းလင်းပြင် ကာကွယ်ရေး ကိရိယာများဖြင့် ဝန်းရံထားသည့် ကျယ်ပြောလှသော တောအုပ်ကြီး ရှိသည်။ တောအုပ်ကြီးကို မှောက်ထားသော ပန်းကန်လုံးပုံစံ အလင်းကာကွယ်ရေး အလွှာတစ်ခုက ဖုံးအုပ်ထားပြီး ထိုနေရာတွင် အမြုတေသားရဲအမျိုးမျိုးကို မွေးမြူထားခြင်းပင်။

တိုက်ခိုက်ရေးကွင်း၏ အပေါ်ဘက်တွင် ရင်းနှီးပြီးသား မျက်နှာအချို့မှာ ဟိုဒီပြေးလွှားနေကြသည်ကို တွေ့ရသည်။

အံ့ဩစရာကောင်းသည်မှာ ကျူးယွီဟန်နှင့် အခြားသူများသည် ထိုကွင်းကြီးအတွင်း၌ တကယ့်တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခြင်းပင်။

သူတို့၏ ပြိုင်ဘက်မှာ ပုံပျက်ပန်းပျက် ဖြစ်နေသော ပင့်ကူတစ်ကောင် ဖြစ်သည်။ ခြေထောက် ခြောက်ချောင်း၊ လုံးဝိုင်းသော ပင့်ကူဝမ်းဗိုက် ရှိသော်လည်း ကိုယ်ထည်မှာ လူပုံစံ ဖြစ်နေသည်။ လက်မောင်း ရှစ်ချောင်း၊ လင်းနို့မျက်နှာ၊ ပြူးထွက်နေသော အစွယ်များနှင့် နီရဲသော မျက်လုံးများ ရှိ၏။

၎င်း၏ သွေးအင်အားတန်ဖိုးမှာ ၂၀,၀၀၀ အထိ ရှိပြီး ၎င်း၏ ခြေထောက်ခြောက်ချောင်းမှာ စက်ရုပ်ခြေတံများကဲ့သို့ မြေပြင်ပေါ်တွင် ကုတ်ခြစ်သွားသည့်အသံမှာ နားမခံသာအောင် ထွက်ပေါ်နေသည်။

ကျူးကော့ဟွမ်ကျင်း : "အား... အား... ငါတို့ ပူးပေါင်းဆောင်ရွက်လို့ မရဘူးလား ငါ ထပ်မပြေးနိုင်တော့ဘူး"

ကျူးယွီဟန် : "ဒီကောင်ရဲ့ သွေးအင်အားက ငါ့ထက် အများကြီး သာနေတယ်။ အရာအားလုံးရပ်တန့်ခြင်းက သူ့ကို နှစ်စက္ကန့်ပဲ ထိန်းထားနိုင်တယ်"

ဖုန်းယန်က အမောတကောဖြင့် "မြန်မြန်လုပ်ကြ ဒါက ငါတို့ရဲ့ ထွက်ပြေးနိုင်စွမ်းကို လေ့ကျင့်ပေးနေတာ။ ငါ့ကို မိုးကြိုးခြေလှမ်း သုံးထောင်တောင် သုံးခွင့်မပေးဘူး"

အားလုံးမှာ သားရဲ၏ရန်မှ လွတ်မြောက်ရန် အသည်းအသန် ရှောင်တိမ်းနေကြရသည်။

ကျားမလေးမှာမူ အသက် ၈ နှစ်ပြည့်ရန် နှစ်လအလို ဖြစ်သောကြောင့် သွေးအင်အားကို မလည်ပတ်နိုင်သေးဘဲ ပွဲကြည့်စင်ပေါ်မှသာ စိတ်လှုပ်ရှားစွာ ကြည့်နေရရှာသည်။ သို့သော် ပွဲကြည့်ရသည်မှာ သူမအတွက် အလွန်ပျော်စရာကောင်းပုံရပြီး သူမ၏ မျက်လုံးလေးများမှာ စူးစိုက်ကြည့်နေရင်းမှ မှိတ်ရန်ပင် မေ့လျော့နေပုံရသည်။

အခန်း။ ၁၁၀

"အဆင်ပြေတယ် အဆင်ပြေတယ် အဆင်ပြေတယ်"

"ထွက်ပြေးဖို့ချည်းပဲ အာရုံမစိုက်ကြနဲ့ဦး။ ပြန်ပြီးတော့ တိုက်ခိုက်ကြည့်ကြပါဦးလား အားနည်းချက်တွေ အများကြီးပဲဟာကို ပြန်တိုက်လို့ရတာကိုကွာ…. ဟင်း"

ကျားမလေးသည် သူမ၏လက်သီးလေးများကို ဝှေ့ယမ်းကာ အားပေးနေသည်။ သူမ၏ ပခုံးထိရှည်သော နက်မှောင်သည့် ဆံပင်လေးများမှာ သူမ၏ လှုပ်ရှားမှုနှင့်အတူ လွင့်မျောနေပြီး တက်ကြွမှုများ ပြည့်နှက်နေ၏။ သို့သော် သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးပေါ်တွင် အနည်းငယ် စိတ်ပျက်သည့် အရိပ်အယောင်များ ရှိနေသည်။ ထွက်ပြေးနေရုံသက်သက်ကတော့ သူမအတွက် တကယ်ကို အဓိပ္ပာယ်မရှိလွန်းလှပေ။

ရွှီရန်နှင့် ကျောင်းအုပ်ကြီးတို့သည် ကျားမလေး၏ ဘေးတွင် လာရောက်ရပ်လိုက်ကြသည်။

ရွှီရန်ကို မြင်လိုက်ရသည်နှင့် ကျားမလေး၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး ခုန်ပေါက်ကာ "အစ်ကိုရွှီရန် နောက်ဆုံးတော့ ပေါ်လာပြီပဲ။ ဒီရက်ပိုင်းမှာ အစ်ကို့ကို လုံးဝ မတွေ့ရဘူး"

ရွှီရန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး "အစ်ကို ကျင့်ကြံနေလို့ပါကွာ။ နောက်နှစ်လဆိုရင် မင်းလည်း ရှစ်နှစ်ပြည့်တော့မယ်။ အဲဒီကျရင် မင်းလည်း အချိန်အတော်ကြာအောင် သီးသန့်ကျင့်ကြံရတော့မှာ"

ကျားမလေး : "နှစ်လ မဟုတ်ပါဘူး၊ ၅၈ ရက်နဲ့ ၁၄ နာရီ ကျန်တာပါ"

ဟား... သူမက အချိန်ကို အတိအကျကို တွက်ထားတာပဲလား။ ကြည့်ရတာ ကျားမလေးတစ်ယောက် ရှစ်နှစ်ပြည့်ဖို့ တကယ်ကို မျှော်လင့်နေပုံပဲ။

ကျားမလေးက စပ်စုချင်စိတ်ဖြင့် "အစ်ကိုရွှီရန် သားရဲတိုက်ခိုက်ရေးကွင်းကို လာတယ်ဆိုတော့ ကျင့်စဉ်ကို သင်ယူပြီးသွားလို့လား"

ရွှီရန် : "မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ မဟုတ်ဘူး အစ်ကို ကျင့်စဉ်ကို သင်ယူနေတာ မဟုတ်ဘူး"

ကျားမလေး : "ဒါဆို... ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးလိုက်တာလား"

ရွှီရန်က မျက်ခုံးပင့်လိုက်ပြီး "ဝါး... မင်း တကယ်ပဲ ဉာဏ်တွေ ပွင့်နေပြီပေါ့"

ကျားမလေးက လည်ပတ်စွာ ပြုံးလိုက်ရင်း "ဟဲဟဲ အန်တီလင်းဆီကနေ သတင်းရထားတာလေ"

ရွှီရန် : "မင်းကတော့ တကယ့်ကို ထက်မြက်တဲ့ ကောင်မလေးပဲ"

ကျားမလေးက ဂုဏ်ယူသလို ရင်ဘတ်လေးကို ပင့်လိုက်ပြီး "ဟဲဟဲ အစ်ကို ဖန်တီးထားတဲ့ နည်းစနစ်ကို ကျွန်မကိုရော သင်ပေးလို့ ရမလား"

ရွှီရန်က လျှို့ဝှက်ထားရန် ရည်ရွယ်ချက် မရှိပေ "ရတာပေါ့ မင်း သင်ယူနိုင်သရွေ့ အစ်ကို သင်ပေးမှာပါ"

ကျားမလေး၏ မျက်နှာလေးမှာ ပိုမိုတောက်ပသွားကာ "အစ်ကိုရွှီရန်က အကောင်းဆုံးပဲ"

"ဒါနဲ့ အစ်ကိုရွှီရန်က အမြုတေသားရဲတွေကို တိုက်ဖို့ လာတာလား"

ရွှီရန် : "ဟုတ်တယ်"

"ဒါဆိုရင် ကျွန်မ အစ်ကိုတိုက်တာကို ကြည့်ချင်တယ်။ ယွီဟန်တို့ တိုက်နေတာက တကယ်ကို ပျင်းဖို့ကောင်းလွန်းတယ်"

ရွှီရန် တစ်ယောက် တဟားဟား ရယ်မောမိတော့သည်။

ဒီကောင်မလေးက ငါနဲ့မှ နှစ်လပဲ ငယ်တာ။ ကျူးယွီဟန် ကိုတော့ အစ်မလို့ ခေါ်ပြီး သူတို့ရဲ့ တိုက်ရိုက်တိုက်ခိုက်ရေး စွမ်းရည်တွေကိုတော့ အထင်သေးနေတာပဲ။

ရွှီရန် : "ဘေးကနေ စိတ်ကြိုက်သာ ကြည့်နေလိုက်တော့"

"ဒါနဲ့ ကျောင်းအုပ်ကြီး... ကျွန်တော် ဘယ်နေရာမှာ တိုက်ရမလဲ"

ကျောင်းအုပ်ကြီးက မလှမ်းမကမ်းက နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

"ဟိုဘက်က သားရဲတိုက်ခိုက်ရေးကွင်း အငယ်စားလေးဆီ သွားလိုက်။ မင်းအတွက် သွေးအင်အား ၂၀,၀၀၀ ရှိတဲ့ အမြုတေသားရဲ တစ်ကောင် ငါရှာပေးမယ်။ အဲဒါမှ ကျူးယွီဟန်တို့ ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့နေလဲဆိုတာ မင်းကိုယ်တိုင် ခံစားကြည့်နိုင်မှာ"

ရွှီရန် : "..."

ဗျာ…

သွေးအင်အား ၂၀,၀၀၀ ရှိတဲ့ သားရဲနဲ့ တိုက်ခိုင်းပြီး ကျွန်တော့်ကို မျှော်လင့်ချက်မဲ့အောင် လုပ်မလို့လား။

ခေတ္တမျှ ရွှီရန် ဘာပြန်ပြောရမှန်းပင် မသိတော့ဘဲ "ကောင်းပြီလေ" ဟုသာ ပြောလိုက်သည်။

သူကတော့ သိပ်ပြီး အရေးတယူ မရှိလှပေ။

ဘာပဲဖြစ်ဖြစ် ဒါက ဓားသိုင်းကို ပြသရုံသက်သက် ပြပွဲတစ်ခုလိုပဲ။

သွေးအင်အား ၂၀,၀၀၀ ဆိုတာကတော့ ပြပွဲတစ်ခုအတွက် လုံလောက်ပါတယ်။ တကယ်လို့ အတည်တကျ တိုက်ခိုက်ရမယ်ဆိုရင်တော့ အနည်းဆုံး သွေးအင်အား ၁၀၀,၀၀၀ ရှိတဲ့ သားရဲမျိုးပဲ့ ငါ့အတွက် ထိုက်တန်တာ။

ဒါပေမဲ့ သွေးအင်အား ၁၀၀,၀၀၀ ရှိတဲ့ သားရဲတစ်ကောင်ကိုမှ ပြပွဲအတွက် အသုံးချရမယ်ဆိုရင်တော့... တကယ့်ကို နှမြောစရာကောင်းတယ်။

ငါသာ သွေးအင်အား မီးအိမ်ထွန်းညှိခြင်း ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံပြီးသွားရင်တော့... တစ်ကမ္ဘာလုံးက တိုက်ပွဲမြေပြင်ဆီသွားပြီး အကြီးအကျယ် တိုက်ခိုက်ပြီးတော့ ရွှေရောင်အောင်မြင်မှုဘွဲ့တံဆိပ်တစ်ခုနဲ့အတူ ပြန်လာရမယ်။

ထိုသို့ တွေးတောနေစဉ်မှာပင် သားရဲတိုက်ခိုက်ရေးကွင်းအငယ်စား၏ သံတံခါးကြီး ပွင့်လာခဲ့သည်။

အမြုတေချပ်ဝတ် ငရဲခွေးတစ်ကောင်သည် ကွင်းအတွင်းသို့ ဒေါသတကြီး ခုန်ဝင်လာခဲ့၏။

ထိုငရဲခွေးမှာ ခွေးမျိုးနွယ်ဝင် အမြုတေသားရဲတစ်မျိုး ဖြစ်သော်လည်း အရပ်အမြင့်မှာ တစ်မီတာခွဲခန့် ရှိသည်။ မိကျောင်းခေါင်း၊ ဂေါ်ရီလာကိုယ်ထည်နှင့် မတ်တပ်ရပ်လုနီးပါး အနေအထားရှိပြီး အောက်ပိုင်းခြေလက်များမှာ သန်မာလှသည်။ အပေါ်ပိုင်း လက်ချောင်းများမှာ ဓားသွားများကဲ့သို့ ထက်ရှနေပြီး ဦးခေါင်းနောက်ဘက်ရှိ ဆူးချွန်ကြီးမှလည်း စိတ်ဝိညာဉ်

ညစ်ညမ်းမှုများကို ထုတ်လွှတ်နေသည်။ အရေပြားလက်မတိုင်းမှာ အမြုတေအကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး နီရဲသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

ကျောင်းအုပ်ကြီးက မိတ်ဆက်ပေးသည်။

"အမြုတေချပ်ဝတ် ငရဲခွေးဆိုတာ အရှိန်၊ ခုခံအားနဲ့ တိုက်ခိုက်ရေးစွမ်းရည် အားလုံးမှာ ပြည့်စုံတဲ့ သားရဲမျိုးပဲ။ တခြားကမ္ဘာက ကြယ်တိုက်ပွဲမြေပြင်တွေမှာ အတွေ့ရအများဆုံး ဘီဒီုးတစ်မျိုးပေါ့။ သူက အလောင်းတွေကို စားရတာ ဝါသနာပါပြီး အဝေးကနေ ပစ်ခတ်တိုက်ခိုက်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်။ မင်း သူ့ကို ရင်ဆိုင်ရဲရဲ့လား"

"ပြဿနာမရှိပါဘူးဗျာ"

ရွှီရန်သည် ကိုယ်ကိုတစ်ချက်ယိမ်းကာ ကွင်းအတွင်းသို့ လွှားခနဲ ခုန်ဝင်လိုက်သည်။

အမြုတေချပ်ဝတ် ငရဲခွေးသည် ရွှီရန်ကို မြင်လိုက်ရသောအခါ ၎င်း၏ မိကျောင်းမျက်နှာကြီးဖြင့် ရက်စက်ကြမ်းကြုတ်စွာ ပြုံးပြလိုက်သည်။

နောက်တစ်စက္ကန့်တွင် ၎င်းသည် သားကောင်ကို ဖမ်းယူမည့် အမဲလိုက်သတ္တဝါတစ်ကောင်ကဲ့သို့ အပြည့်အဝ ယုံကြည်မှုရှိရှိဖြင့် ရွှီရန်ထံသို့ ခုန်အုပ်လာတော့သည်။

ရွှီရန် : "….."

မဟုတ်မှလွဲရော... သွေးအင်အား ၂၀,၀၀၀ ပဲရှိတဲ့ ငါးစာလေးက တကယ်ပဲ ငါ့ကို အရင်စပြီး တိုက်ခိုက်ရဲတာလား။

All Chapters