← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း။ ၁၁၅

ရွှီရန်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် "စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး ကျွန်တော် ဒီလေ့ကျင့်ရေးကို အောင်မြင်ဖို့အတွက် အယုတ်ညံ့ဆုံး၊ အကောက်ကျစ်ဆုံး နည်းလမ်းတွေကိုပဲ သုံးသွားမှာပါ" ဟု ကတိပေးလိုက်သည်။

ထိုစကားကို ကြားမှ ကျောင်းအုပ်ကြီးမှာ သက်ပြင်းချနိုင်တော့သည်။ ကိုယ်ဖျောက်အတတ် နှင့် စက္ကူရုပ်လူစားထိုးအတတ် ရှိသည့် ရွှီရန်သာ အမှန်တကယ် ကောက်ကျစ်ဖို့ ဆုံးဖြတ်လိုက်လျှင် ကျောင်းအုပ်ကြီးအနေဖြင့် များစွာ စိတ်အေးသွားရသည်။

အချိန်များမှာ အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ရက်တာ ကာလသို့ ရောက်ရှိလာခဲ့သည်။

ဝိညာဉ်နတ်ဘုရားကျင့်စဉ်၏ အကျိုးကျေးဇူးကြောင့် ရွှီရန်၏ သွေးအင်အားမှာ တစ်ရက်လျှင် ၁၀၁ မှတ်နှုန်းဖြင့် တိုးတက်လာခဲ့ရာ ယခုအခါ ၃၃,၀၀၀ မှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မနက် ရှစ်နာရီအချိန်တွင် အထူးအဆင့်မြင့်လက်နက်မှာ မူကြိုကျောင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။

ကျောင်းအုပ်ကြီးက ဓားကို ရွှီရန်ထံ ကမ်းပေးရင်း "ဘယ်လိုလဲ သဘောကျရဲ့လား" ဟု မေးမြန်းလိုက်သည်။

ရွှီရန်က ဓားကို ဆွဲထုတ်ကာ တစ်ချက်ဝှေ့ယမ်းကြည့်လိုက်ပြီး "ဓားကောင်းပဲ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး" ဟု ဝမ်းသာအားရ ပြောလိုက်သည်။

ဤဓားဖြင့်ဆိုလျှင် စူပါပေါက်ကွဲအားပြင်း ခုတ်ချက်ကို အကြိမ်ရေ ၃,၀၀၀ ခန့်အထိ အသုံးပြုနိုင်မည်ဟု သူ ခန့်မှန်းလိုက်သည်။ အဆင့်မြင့်ဓားမှာ အကြိမ် ၃၀၀ သာ ခံနိုင်ရည်ရှိရာ ဤအထူးအဆင့်မြင့်ဓားမှာ ဆယ်ဆမက ပိုမိုစွမ်းအားကြီးမားလှသည်။

ကျောင်းအုပ်ကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင် မင်းရဲ့ ဦးလေးယဲ့နဲ့အတူ ထွက်ခွာလို့ ရပြီ။ ဘေးကင်းဇုန်ကို ရောက်တာနဲ့ ငါ့ကို အကြောင်းကြားလိုက်ဦး။ ငါ့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး မင်းအတွက် ဒိုင်းကာစောင့်ရှောက်သူ တစ်ယောက်နဲ့ ကုသရေးစောင့်ရှောက်သူ တစ်ယောက် စီစဉ်ပေးမယ်"

"ယဲ့ဖျင်... မင်းလည်း ဒီကောင်လေးကို သေသေချာချာ ထိန်းဦးနော်။ အဆင့် ၁ ညစ်ညမ်းနယ်မြေရဲ့ ဗဟိုချက်ထဲကို ပေါ့ပေါ့ဆဆ မဝင်မိစေနဲ့။ ပြီးတော့ ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်ဘက်ကို လှည့်တောင်မကြည့်မိစေနဲ့"

ယဲ့ဖျင်က အိုးတိုးအောင့်တည်းဖြင့် "ကျောင်းအုပ်ကြီးဗျာ... ကျွန်တော်ကိုယ်တိုင်တောင် အဲဒီ အဆင့် ၁ ညစ်ညမ်းနယ်မြေရဲ့ ဗဟိုချက်ထဲကို ဝင်ဖို့ မရဲပါဘူး..."

ကျောင်းအုပ်ကြီး : "ဒါတောင်မှ ဂရုစိုက်ရမယ်။ အချို့ ရန်ငြိုးဖွဲ့ နတ်ဘုရား တွေက လူတွေကို ညစ်ညမ်းနယ်မြေ အနက်ရှိုင်းဆုံးထဲ ရောက်သွားအောင် စိတ်အာရုံမှားမှုတွေ ဖန်တီးနိုင်ကြတယ်။ အဲဒါကို ငါ အစိုးရိမ်ဆုံးပဲ... သတိထားကြပါ"

ကျောင်းအုပ်ကြီးသည် ရွှီရန်၏ ပုခုံးကို ပုတ်ကာ အဘွားကြီးတစ်ယောက်လိုပင် တတွတ်တွတ် မှာကြားနေတော့သည်။

"သတိထားနော် ကောင်လေး"

ရွှီရန်: "စိတ်အေးအေးထားပါဗျာ၊ ကျွန်တော် ပြန်လာရင် ကျောင်းအုပ်ကြီးအတွက် ပထမဆုကြီး ယူလာပေးပါ့မယ်"

ကျောင်းအုပ်ကြီးက စကားတစ်ခွန်း ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် "ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင်ပဲ တော်ပါပြီ" ဟုသာ ပြောလိုက်တော့သည်။

ရွှီရန်က နွေးထွေးစွာ ပြုံးပြလိုက်သည်။

သူသည် ဓားလွယ်ကြိုးကို ပုခုံးတွင် သေသေသပ်သပ် လွယ်လိုက်ပြီးနောက် အိမ်သို့ပြန်ကာ မိခင်ဖြစ်သူကို နှုတ်ဆက်ခဲ့သည်။ မိခင်ဖြစ်သူမှာမူ သူသည် တိုက်ပွဲမြေပြင်သို့ သွားမည်ကို မသိဘဲ လွန်ခဲ့သည့် အခေါက်ကကဲ့သို့ လေ့ကျင့်ရေးသွားသည်ဟုသာ ထင်မှတ်နေရှာသည်။

ပြင်ဆင်မှုများ အားလုံးပြီးဆုံးသွားခဲ့ကာ ရွှီရန်သည် ယဲ့ဖျင်၏ ဘေးတွင် လိုက်ပါရင်း တောင်အောက်သို့ စတင်ဆင်းသက်လာခဲ့တော့သည်။

မူကြိုကျောင်း၏ အဝင်ဝတွင် ဇိမ်ခံကားတစ်စီးမှာ အဆင်သင့် စောင့်ကြိုနေခဲ့ပြီ ဖြစ်သည်။

ကားမှန်ကျလာသောအခါ ဝဖြိုးဖြိုး အမျိုးသမီး ယာဉ်မောင်းတစ်ဦး ပေါ်ထွက်လာပြီး "မင်္ဂလာပါ စစ်ဆေးရေးမှူးယဲ့" ဟု နှုတ်ဆက်လိုက်သည်။

ယဲ့ဖျင်: "အင်း။ ယွင်မန့်ကျယ် တခြားကမ္ဘာ တိုက်ပွဲမြေပြင် အဝင်ဝကို မောင်းပေးပါ"

အမျိုးသမီး ယာဉ်မောင်း: "ဟုတ်ကဲ့ပါရှင့်။ ရောက်ဖို့ နှစ်နာရီလောက် ကြာပါမယ်"

ယဲ့ဖျင်က ခေါင်းညိတ်ပြလိုက်ပြီး ရွှီရန် ဘက်သို့ လှည့်ကာ "မင်း နှစ်နာရီလောက် အနားယူလို့ ရတယ်" ဟု ပြောလိုက်သည်။

သို့သော် ရွှီရန်က ခေါင်းခါပြလိုက်ပြီး သူ၏ဖုန်းကို ထုတ်ကာ အွန်လိုင်းစာကြည့်တိုက်သို့ ဝင်၍ စာဖတ်ခြင်းအပေါ်၌သာ အာရုံစူးစိုက်ထားတော့သည်။

ယဲ့ဖျင်: "..."

"ဒီအချိန်မှာတောင် စာဖတ်နေတာလား။ မင်း ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားပေးလွန်းနေပြီ မဟုတ်လား"

ရွှီရန်က ခပ်ပြုံးပြုံးသာ တုံ့ပြန်လိုက်သည်။ သူ၏ အပြုံးမှာ "ကျွန်တော်တို့လို စည်းကမ်းကြီးတဲ့ ပါရမီရှင်တွေရဲ့ ပျော်ရွှင်မှုကို ဦးလေး ဘယ်နားလည်ပါ့မလဲ" ဟု ဆိုလိုနေသည့်အလား။

ကြိုးစားမှုတိုင်းက ရလဒ်ကောင်းတွေ ပြန်ပေးနေတာထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာ ဘာရှိဦးမှာလဲ။

ထို့အပြင် ယခုအခါ သူ၏ ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ၆၀,၄၀၀ သို့ ရောက်ရှိနေပြီဖြစ်ရာ ကျွမ်းကျင်အဆင့်ရောက်ရန် ၃၉၆ ရက်စာလောက်သာ လိုတော့သဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချရမည်ပင်။

ရွှီရန်၏ အမူအရာကို ကြည့်ပြီး ယဲ့ဖျင်မှာ ဘာပြောရမှန်းမသိဖြစ်ကာ သူလည်း သူ၏ဖုန်းကို ထုတ်၍ သတင်းများကိုသာ ဖတ်နေတော့သည်။

ဇိမ်ခံကားကြီးသည် လေကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်နာရီကြာသွားခဲ့ပြီ ဖြစ်သည်။

[ဂုဏ်ယူပါသည် တိုးတက်မှုနှုန်း +၁၀၀... လက်ရှိ အဆင့်မြင့် ဉာဏ်အလင်းပွင့်မှု တိုးတက်မှုနှုန်း: ၆၀,၅၀၀/၁၀၀,၀၀၀...]

အကြောင်းကြားစာ အသံကို ကြားလိုက်ရသောအခါ ရွှီရန်၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားသည်။

"အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားတာနဲ့ တစ်ချက်ကြည့်ရုံနဲ့တင် စာ ၁၀ ကြောင်းလောက်ကို နားလည်သွားလိမ့်မယ်။ တစ်ရက်ကို တိုးတက်မှုမှတ် ၁၀၀ အထိ ရနိုင်တော့မှာဆိုတော့ စွမ်းဆောင်ရည်က ၅ ဆလောက် တိုးလာမှာပဲ။ ကျေနပ်စရာကြီး"

သူသည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး ရှေ့ရှိ လမ်းမကြီးကို မော့ကြည့်လိုက်သည်။

ဝဖြိုးဖြိုး အမျိုးသမီး ယာဉ်မောင်းသည် မြန်နှုန်းမြင့် ရထားဘူတာရုံနှင့် တူသော အဆောက်အဦးတစ်ခု ရှေ့တွင် ကားကို ရပ်လိုက်ပြီး "ရောက်ပါပြီ စစ်ဆေးရေးမှူးယဲ့" ဟု အသိပေးလိုက်သည်။

"ကောင်းပြီ"

ယဲ့ဖျင်နှင့် ရွှီရန်တို့သည် ကားတံခါးများကို ဖွင့်ကာ အပြင်သို့ ထွက်ကြည့်လိုက်ကြသည်။

ဘူတာရုံကြီးမှာ မြင့်မားထည်ဝါလှပြီး ၎င်း၏ နောက်ကွယ်တွင်မူ နတ်ဘုရားတို့၏ တောင်

ဘက်ကောင်းကင်တံခါးနှင့် ဆင်တူသော ဧရာမ အဆောက်အအုံကြီးတစ်ခု ရှိနေသည်။ ထိုတံခါးကြီးပေါ်တွင်မူ နီရဲသော အလင်းတန်းများမှာ လှိုင်းများကဲ့သို့ စီးဆင်းနေကြသည်။

"ဒီ အထူးတံခါးကြီးက နီရဲနေတာလား"

ရွှီရန် စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး အနည်းငယ် အံ့အားသင့်သွားသည့် ပုံပေါ်နေသည်။

ယဲ့ဖျင် : "ဟိုမှာမြင်ရတဲ့ စူပါတံခါးကြီးကို မြင်လား အဲဒီတံခါးကြီးရဲ့ နောက်ကွယ်မှာ ဟွာရှရဲ့ ဘေးကင်းဇုန်ရှိတယ်။ လာ... မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေ အရင်စာရင်းသွင်းရအောင်"

ရွှီရန် : "ဟုတ်ကဲ့"

သူတို့နှစ်ဦးသည် ဘူတာရုံ၏ ခန်းမကြီးအတွင်းသို့ လျှောက်လှမ်းဝင်လာခဲ့ကြသည်။ ဤခန်းမကြီးမှာ သုံးထပ်ရှိပြီး အလွန်ပင် ကျယ်ဝန်းလှရာ ကျင့်ကြံသူပေါင်း တစ်သောင်းခန့်ကို တစ်ပြိုင်နက်တည်း လက်ခံထားနိုင်စွမ်းရှိသည်။ ခန်းမ၏ အရှေ့ဘက်တွင်မူ ဧရာမမျက်နှာပြင်ကြီးတစ်ခု ရှိနေသည်။

ထိုမျက်နှာပြင်ပေါ်တွင် သတင်းများ၊ ဆုကြေးထုတ်ပြန်ချက်များနှင့် အလိုရှိနေသော သတင်းအချက်အလက်များမှာ တဖျတ်ဖျတ် စီးဆင်းနေသည်

ပထမဘေးကင်းဇုန်သည် ကပ်ဘေးအဆင့် ရန်ငြိုးဖွဲ့နတ်ဘုရားပေါ်ထွက်လာသည်။ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အတွင်း မည်သည့်ကျင့်ကြံသူမျှ အပြင်မထွက်ရ။

ပဉ္စမဘေးကင်းဇုန်၌ နှလုံးခွဲဦးနှောက်နတ်ဆိုးဟူသော အဆင့်မြင့်သားရဲအသစ် ပေါ်ထွက်လာသည်။ ၎င်း၏နှလုံးခုန်သံနှင့် မိမိနှလုံးခုန်သံ တစ်ထပ်တည်းမကျစေရန် သတိထားရန်။ အကြိမ် ၁၀၀ တစ်ထပ်တည်းကျပါက နှလုံးကွဲအက်သေဆုံးနိုင်သည်။

ဆဋ္ဌမဘေးကင်းဇုန်တွင် ပျံသန်းနေသော ခေါင်းပြတ်တစ္ဆေများ စတင်ကျူးကျော်လာသဖြင့် စစ်ကူလိုအပ်နေသည်။

အဋ္ဌမဘေးကင်းဇုန်တွင် ရေနစ်သူဟုခေါ်သော တစ္ဆေအသစ် ပေါ်လာသည်။ မိုးရွာနေစဉ် အပြင်မထွက်ရန် သတိပေးထားသည်။

ယဲ့ဖျင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး "ကိုးခုမြောက် ဘေးကင်းဇုန်ကတော့ အေးအေးဆေးဆေးပဲရှိသေးတယ်။ အဲဒီမှာပဲ သွားပြီး လေ့ကျင့်မလား"

ရွှီရန်က ခေါင်းခါပြလိုက်ပြီး "ကျွန်တော့်ရဲ့ အလိုလိုသိစိတ်ကတော့ အေးဆေးနေတာက ပိုပြီးအန္တရာယ်များတယ်လို့ ပြောနေတယ်။ ခုနစ်ခုမြောက် ဘေးကင်းဇုန်ကိုပဲ သွားရအောင်။ အဲဒီမှာ သားရဲလှိုင်းတွေကို သွားတိုက်ခိုက်မယ်"

ယဲ့ဖျင်က ဇဝေဇဝါဖြင့် "ဒါက ဘယ်လိုအလိုလိုသိစိတ်မျိုးလဲ"

ရွှီရန် : "ဘာမှမဟုတ်ပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကိုးခုမြောက်ဇုန်ကိုတော့ ကျွန်တော် မသွားဘူး"

ယဲ့ဖျင်က မျက်ခုံးပင့်လိုက်သော်လည်း ဘာမှထပ်မမေးတော့ဘဲ ရွှီရန်ကို တတိယထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ပထမထပ်မှာ သာမန်ကျင့်ကြံသူများအတွက်ဖြစ်ပြီး ဒုတိယထပ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကဲ့သို့သော အထူးအဆင့်ရှိသူများအတွက် ဖြစ်သည်။ တတိယထပ်မှာမူ လျှို့ဝှက်ချက် အဆင့်မြင့်မားသော အထူးမှတ်ပုံတင်နယ်မြေ ဖြစ်သည်။

သူတို့နှစ်ဦး တတိယထပ်သို့ တက်လာသောအခါ ပတ်ဝန်းကျင်မှာ ရုတ်ချည်းပင် အဆပေါင်းများစွာ တိတ်ဆိတ်သွားတော့သည်။

အထူးတိုက်ပွဲဝင်ဝတ်စုံများ ဝတ်ဆင်ထားပြီး တိုက်ခိုက်ရေးအဖွဲ့တစ်ခုနှင့် တူသော ကျင့်ကြံသူအချို့သည် ဝိုင်းတော်တစ်ခုတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း မြေပုံတစ်ခုကို အာရုံစိုက် ဆွေးနွေးနေကြသည်။

ထူးခြားသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် လူတိုင်း ခေါင်းလှည့်ကြည့်လိုက်ကြရာ မျက်ဝန်းများ ဝင်းလက်သွားပြီး ထရပ်ကာ နှုတ်ဆက်ကြသည်။

"အစ်ကို ယဲ့ဖျင်"

ယဲ့ဖျင်က ခပ်မှိန်မှိန် ပြုံးပြရင်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

"အားနာနာနဲ့ပဲ နှုတ်ဆက်စကားတွေ သိပ်မပြောတော့ဘူးနော်။ ငါ ဒီကလေးကို လေ့ကျင့်ပေးဖို့ ခေါ်သွားရဦးမှာမို့လို့"

လူတိုင်းက ခေါင်းစောင်းကာ ရွှီရန်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ စိတ်ဝင်စားပုံရသော်လည်း မည်သည့်မေးခွန်းမျှ ထပ်မမေးကြတော့ချေ။ ယဲ့ဖျင်နှင့် ရွှီရန်တို့ သတင်းအချက်အလက် မှတ်တမ်းတင်ပြီးနောက် စူပါတံခါးဆီသို့ လျှောက်လှမ်းသွားသည်ကို ကြည့်ရင်းမှသာ ဆွေးနွေးပွဲ စတင်တော့သည်။

"အဲဒီကလေးက အချိန်အမြုတေအရိုးပိုင်ရှင်လား ရွေးချယ်ရေးပြိုင်ပွဲတောင် မပြီးသေးဘူး။ တိုက်ပွဲမြေပြင်ကို လာလေ့ကျင့်တာ တကယ်ပဲ အဆင်ပြေပါ့မလား"

"ဘယ်သူသိမှာလဲ။ အစ်ကိုယဲ့ဖျင် ကိုယ်တိုင် ခေါ်လာတာဆိုတော့ တစ်ခုခု ထူးခြားတာ ရှိလို့နေမှာပေါ့"

"နေဦး... မင်းတို့ ပညာရေးသတင်းတွေကို သတိမထားမိကြဘူးလား အချိန်အမြုတေအရိုး ပိုင်ရှင်က မိန်းကလေးလေ"

"ဟင် ဒါဆို အခုနက ကောင်လေးက ဘယ်သူလဲ။ ကျင်းပြည်နယ်ရဲ့ ဒီတစ်သုတ်အတွက် လျှို့ဝှက်လက်နက်များလား"

"ငါကြားတာတော့ ဒီတစ်ခါ နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ရေးပြိုင်ပွဲမှာ ပြည်နယ်တော်တော်များများက သူတို့ရဲ့ ထိပ်သီးလျှို့ဝှက်လက်နက်တွေကို ဝှက်ထားကြတယ်တဲ့ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမယ့် ပြပွဲကို စောင့်နေကြတာ"

အဖွဲ့အချို့မှာ တီးတိုးပြောဆိုရင်း ကျန်ရစ်ခဲ့ကြသည်။

တစ်ဖက်တွင်မူ ထိုကောင်လေးသည် ဦးလေးယဲ့နှင့်အတူ စူပါတံခါးကို ဖြတ်ကျော်ကာ ဘေးကင်းဇုန်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

တံခါးကို ဖြတ်ကျော်နေစဉ်အတွင်း ရွှီရန်သည် သူ၏ခန္ဓာကိုယ်ကို စိတ်စွမ်းအားကဲ့သို့ ဆန်းကြယ်သော အရာတစ်ခုက ထွေးပိုက်ထားသည်ကို ခံစားလိုက်ရသည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်ပင် နူးညံ့သိမ်မွေ့လှသည်။

ရွှီရန်သည် စူပါတံခါး ကို ပြန်လည်လှည့်ကြည့်ရင်း တွေးတောနေမိသည်။

ဒီတံခါးကြီးက သက်ရှိတစ်ခုလိုပဲလား။

ယဲ့ဖျင်က ရွှီရန်၏ ပုခုံးကို ပုတ်ကာ "ဘာတွေ ကြည့်နေတာလဲ"

ရွှီရန်က ခေါင်းခါပြလိုက်ပြီး ပတ်ဝန်းကျင်ကို စတင် လေ့လာတော့သည်။

စူပါတံခါးမှာ ဧရာမ အကာအကွယ်အတားအဆီးကြီး၏ အစွန်းတွင် တည်ရှိနေပြီး ထိုအတားအဆီး၏ တစ်ဖက်တွင်မူ ကျယ်ပြောလှသော မြို့ကြီးတစ်မြို့ ရှိနေသည်ကို သူတွေ့လိုက်ရသည်။ မြို့အတွင်း၌ လူလုပ်အိုင်များ၊ တောအုပ်များ၊ ပန်းခြံများ၊ လူနေအိမ်ခြေများ၊ သားရဲတိုက်ခိုက်ရေးကွင်းနှင့် ကျင့်ကြံရေးခန်းမများမှာ အပြာရောင်ကြယ်ကမ္ဘာနှင့် များစွာ မခြားနားလှချေ။

တစ်ခုတည်းသော ကွာခြားချက်မှာ ဘေးကင်းဇုန်၏ အထက်တွင် မှောက်ထားသော ဖန်ခွက်တစ်လုံးကဲ့သို့ ပါးလွှာသည့် အကာအကွယ်အတားအဆီးကြီး ရှိနေပြီး ပြင်ပမှ နက်မှောင်သော တိမ်တိုက်ကဲ့သို့ ညစ်ညမ်းမှုများကို ပိတ်ဆို့ထားခြင်းပင်။

ယဲ့ဖျင်သည် လေကို ဝဝရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ချက်ချင်းပင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်သော အခြေအနေသို့ ရောက်ရှိသွားသည်။

"ဒါနဲ့ ရှောင်ရန်... မင်းကို လွန်ခဲ့တဲ့ နှစ်နှစ်ရာက အာဇာနည်တွေ ချန်ထားခဲ့တဲ့ ကျောက်စာတိုင်တွေကို သွားကန်တော့ဖို့နဲ့ စိတ်ဓာတ်ရေးရာ ပညာပေးတာတွေ လုပ်ဖို့ ခေါ်သွားရမလား"

ရွှီရန်က အဝေးတစ်နေရာကို စိုက်ကြည့်ရင်း "မလိုပါဘူးဗျာ။ အဲဒါတွေကို စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ဒါ့အပြင် ရွေးချယ်ရေးပြိုင်ပွဲ ပြီးရင်လည်း ကျောင်းက ကျွန်တော်တို့ကို အဲဒီအတွက် ခေါ်လာဦးမှာပဲ။ အဲဒီကျမှ အသင်းဖော်တွေနဲ့အတူ တက်ရောက်လိုက်ပါ့မယ်"

"အခုလောလောဆယ်တော့... ကျွန်တော် အပြတ်အသတ် သတ်ဖြတ်ချင်နေပြီ..."

ရွှီရန်သည် မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ တိုက်ပွဲမြေပြင်၏ ရှေ့တန်းစစ်မျက်နှာကို မြင်နေရသည့်အလားပင်။

သတ်ဖြတ်လိုစိတ် အရှိန်အဟုန်၊ ထာဝရမီးလျှံ၊ အနှိုင်းမဲ့ခန္ဓာကိုယ်နှင့် စွမ်းအားများ ထပ်မံခုန်ပျံတိုးတက်မည့် အခွင့်အရေးမှာ သူ့ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အခန်း။ ၁၁၆

ယဲ့ဖျင် : "အရမ်းကြီး မလောပါနဲ့ဦး။ မင်းရဲ့ အထူးတပ်မှူး တံဆိပ်ရော ထုတ်ပြီး တစ်ချက်လောက် စစ်ကြည့်ဦး။ အားကုန်နေရင် အားအရင်သွားဖြည့်ရမယ်။ မဟုတ်ရင် တိုက်ပွဲအလယ်ကျမှ အားကုန်သွားရင် မင်း ဒုက္ခရောက်လိမ့်မယ်"

တံဆိပ်တွင် အားကုန်သွားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ဝတ်ဆင်ထားသူသည် သားရဲများကို မည်မျှပင် သတ်ဖြတ်ပါစေ အောင်မြင်မှုမှတ်တစ်မှတ်မှ ရရှိမည်မဟုတ်ပေ။ အလကား အလုပ်လုပ်ပေးရသလို ဖြစ်သွားပေလိမ့်မည်။

ရွှီရန်သည် လည်ပင်းတွင် ဆွဲထားသော တံဆိပ်ကို ထုတ်ကြည့်လိုက်ပြီး "အော်... ကျွန်တော် မစစ်ဖြစ်တာ တစ်နှစ်လောက် ရှိပြီပဲ။ အားသွားဖြည့်ဖို့ တကယ် လိုအပ်တာပဲ။ ဘယ်မှာ သွားဖြည့်ရမလဲဗျ"

ယဲ့ဖျင်က စိတ်ရှည်လက်ရှည်ပင် "ဘေးကင်းဇုန်တိုင်းရဲ့ ဗဟိုချက်မှာ ဝန်ဆောင်မှုဗျူရိုရှိတယ်။ အဲဒီဗျူရိုမှာ ပြဿနာတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်တယ်"

"ဒီတံဆိပ်လိုမျိုး အရာတွေကို အားဖြည့်ပေးရုံတင်မကဘူး။ တကယ်လို့ တိုက်ပွဲမှာ သားရဲတွေကြောင့် ပျက်စီးသွားရင်လည်း အဲဒီမှာ ပြုပြင်လို့ ရတယ်။ အဲဒီမှာ ထူးခြားတဲ့ အမြုတေအရိုးပိုင်ရှင် သုတေသီတွေနဲ့ သိပ္ပံပညာရှင်တွေ ရှိကြတယ်။ သူတို့က ရန်ငြိုးဖွဲ့သားရဲတွေ၊ တစ္ဆေတွေ၊ ပုံဆောင်ခဲသားရဲတွေ၊ တိုက်ပွဲမြေပြင်တွေနဲ့ ညစ်ညမ်းမှု အမျိုးမျိုးကို လေ့လာနေကြတာ။ ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေနဲ့ မှတ်တမ်းတင်တံဆိပ်တွေကိုလည်း သူတို့ပဲ ဖန်တီးတာလေ..."

သိပ္ပံပညာရှင်များ... သုတေသီများ...

ထိုစကားများကို ကြားလိုက်ရသောအခါ ရွှီရန်သည် ဆန်းကြယ်သော အဆောင်အကြောင်းကို ရုတ်တရက် သတိရသွားသည်။

"ဒါနဲ့ ဦးလေးယဲ့... ကောင်းကင်ဘုံ တုယောင်ဆောင်နန်းဆောင်အောက်က သုတေသနဌာနကို ပို့လိုက်တဲ့ အဆောင် ပထမအသုတ်ကရော ဘာတွေ ထူးခြားလာပြီလဲ"

ယဲ့ဖျင်က ခေါင်းခါပြလိုက်ရင်း "မထူးခြားပါဘူး..."

"အဲဒီ ပထမအသုတ်အဆောင်က သိပ်ကို ရှုပ်ထွေးလွန်းတဲ့အပြင် ပြင်းအားမြင့်တဲ့ ညစ်ညမ်းမှုတွေလည်း ပါလာလို့ ထိပ်တန်းသုတေသီ အချို့တောင် အသက်အန္တရာယ် ကြုံခဲ့ရသေးတယ်။ ဒါကြောင့် ကောင်းကင်ဘုံ တုယောင်ဆောင်နန်းဆောင်က အဲဒီသုတေသနကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ပထမအသုတ် အဆောင်တွေကို သိမ်းဆည်းပိတ်ပင်လိုက်ပြီ"

"ဒုတိယအသုတ် ဆန်းကြယ်တဲ့ အဆောင် တွေကိုတော့ သုတေသန လုပ်နေဆဲပဲ။ ဒါပေမဲ့ အောင်အောင်မြင်မြင် ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်။ သုတေသီတွေရဲ့ အယူအဆအရတော့ ဒီအဆောင်တွေကို နတ်ဘုရားတစ်ပါးပါးက ဖန်တီးထားတာ ဖြစ်ရမယ်

တဲ့။ ဒါမှမဟုတ် ဒီအဆောင်ပညာစနစ်ဆိုတာ လူသားမျိုးနွယ်ရဲ့ ဖွဲ့စည်းပုံကိုပါ ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ ကျင့်စဉ်စနစ်တစ်ခု ဖြစ်မှာ သေချာတယ်။ စိတ်မကောင်းစရာကတော့ အခြေခံ သဘောတရားတွေကိုတောင် ဘယ်သူမှ နားမလည်နိုင်ကြတာပဲ"

ရွှီရန် : " နှစ်နှစ်နီးပါး ကြာပြီကို အခုထိ ဘာရလဒ်မှ မထွက်သေးဘူးလား"

ယဲ့ဖျင် : "ဒါက နတ်ဘုရားအဆင့် ရန်ငြိုးဖွဲ့နတ်ဘုရားတစ်ပါးရဲ့ ဖန်တီးမှုလေကွာ..."

ရွှီရန်သည် မူလက အားမလိုအားမရ ဝေဖန်ရန် ပြင်လိုက်သော်လည်း ပြန်လည်စဉ်းစားမိသွားသည်။ သူကိုယ်တိုင်ပင် အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုတိုးတက်မှုမှတ် ၆၀,၀၀၀ ရှိနေပါလျက်နှင့် ဒုတိယအသုတ် အဆောင်တွေကို ဖတ်ရသည်မှာ နားမလည်နိုင်သော ကောင်းကင်ဘုံစာအုပ်ကို ဖတ်နေရသကဲ့သို့ပင်။ အခြား သိပ္ပံပညာရှင်များလည်း သူတို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေကြမည်မှာ ဧကန်ပင်။

သို့သော်လည်း ရန်ငြိုးဖွဲ့နတ်ဘုရားများသည် လူသားတို့ အစွမ်းကုန် ကြိုးစားနေသည် မကြိုးစားသည်ကို ဂရုမစိုက်ဘဲ ကပ်ဘေးများကိုသာ ကျရောက်စေတတ်ကြသည်။

တကယ်လို့ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသာ တိတ်တဆိတ် တစ်ခုခု ကြံစည်နေမည်ဆိုပါက ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ လျှော့တွက်၍မရချေ။ နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ရေးပြိုင်ပွဲ အရှိန်တက်နေစဉ်အတွင်း အကွက်ချ တိုက်ခိုက်လာပြီး ပါရမီရှင် မျိုးဆက်သစ် တစ်ခုလုံးကို ယဇ်ပူဇော်ရန် ကြိုးစားလာမည်ဆိုလျှင်...

ရွှီရန်သည် ရုတ်တရက် သတိရှိသွားကာ "ဒီလေ့ကျင့်ရေးပြီးတာနဲ့ ကျွန်တော်တို့ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားကို ရှာမှဖြစ်တော့မယ်။ သူပေးတဲ့ အန္တရာယ် အငွေ့အသက်က အိပ်မက်ဆိုး ကလဲ့စားချေမိခင်ထက်တောင် ပိုပြီး ပြင်းထန်နေသလိုပဲ"

ယဲ့ဖျင်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ငါတို့ ပြန်ရောက်တာနဲ့ နယ်မြေရှင်းလင်းရေးတွေ ထပ်လုပ်ဖို့ ငါ အမိန့်ပေးလိုက်မယ်။ သူ့ကို သွေးတွေနဲ့ အားဖြည့်ခွင့် လုံးဝ မပေးနိုင်ဘူး"

ရွှီရန်က ခေါင်းညိတ်လိုက်ပြီး ဦးလေးယဲ့နောက်မှ လိုက်ပါကာ ဆဋ္ဌမမြောက်ခရိုင် ဝန်ဆောင်မှုဗျူရို ဆီသို့ တန်းတန်းမတ်မတ် လာခဲ့ကြသည်။ ဤဘေးကင်းဇုန်ကြီးမှာ အလွန်ပင် ကျယ်ဝန်းလှရာ မြို့တော်ကြီးတစ်ခုနှင့်ပင် တူလှသည်။

ကျယ်ပြောလှသော လမ်းမကြီးများပေါ်တွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားပြီး ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများသည် မြို့ပြင်ဘက်သို့ အလျင်အမြန် ဦးတည်သွားနေကြသည်။

ထိုစဉ် တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ သူတို့အနားသို့ ချဉ်းကပ်လာ၏။

သူတို့သည် ဒဏ်ရာကိုယ်စီနှင့်ဖြစ်ပြီး ချပ်ဝတ်တန်ဆာများမှာလည်း ပျက်စီးအက်ကွဲနေကာ လမ်းလျှောက်ရင်း တတွတ်တွတ် ဆဲဆိုနေကြသည်။

"ဒီရက်ပိုင်းတွေ့ရတဲ့ တစ္ဆေကောင်တွေက တကယ်ကို ထူးထူးဆန်းဆန်းတွေပဲ တောက်"

"ရိုက်ခွဲပစ်လိုက်ရင်တောင် ပြန်ပြီး စုစည်းသွားကြတယ် ပြီးတော့ ပြန်တိုက်ခိုက်သေးတာ"

"ဒီကောင်တွေကို သတ်လို့ကို မသေနိုင်ဘူး။ တကယ့် တိရစ္ဆာန်တွေပဲ လူကြီးတွေ ပြောတာတော့ ဒီပျံသန်းနေတဲ့ ခေါင်းပြတ်တစ္ဆေတွေဆိုတာ အဆင့်မြင့်တစ္ဆေကြီး တစ်ကောင်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်နိုင်တယ်တဲ့။ နောက်ထပ် ရမယ့် အမှတ် ၃၀,၀၀၀ သာ မရှိရင် ဒီလို ရွံစရာကောင်းတဲ့ ခေါင်းပြတ်တစ္ဆေတွေကို လုံးဝ မတိုက်ချင်ဘူး"

"ရွံစရာကောင်းလိုက်တာမှ အန်တောင် ထွက်ချင်တယ်"

ထိုအဖွဲ့၏ ဆဲဆိုညည်းညူသံများကို ကြားလိုက်ရသောအခါ ရွှီရန်၏ မျက်မှောင်မှာ အလိုလို ကြုတ်သွားတော့သည်။

ပြဿနာတစ်ခုခုတော့ ရှိနေပြီ။ တစ်ခုခုကတော့ မမှန်ဘူး။

ပျံသန်းနေတဲ့ ခေါင်းပြတ်တစ္ဆေတွေက သတ်လို့မသေဘူးလား။ အဆင့်မြင့်တစ္ဆေကြီး တစ်

ကောင်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်နိုင်တယ် ဟုတ်လား။

တကယ်လို့ သူတို့အားလုံးက အစိတ်အပိုင်းတွေပဲ ဆိုရင်တော့... ငါ့ အနေနဲ့ ဘယ်လောက်ပဲ အငမ်းမရ သတ်ဖြတ်ပါစေ။ တိုးတက်မှုမှတ်က တစ်မှတ်ပဲ တက်လာမှာ မဟုတ်ဘူးလား။

"တောက် တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါလား"

ရွှီရန်သည် ထိုလူအချို့ကို တားလိုက်ပြီး "ခဏလောက်ဗျာ... ပျံသန်းနေတဲ့ ခေါင်းပြတ်တစ္ဆေဆိုတာ သွေးအင်အား ၆၀,၀၀၀ ရှိတဲ့ အလယ်အလတ်အဆင့် တစ္ဆေတွေ မဟုတ်ဘူးလား သိပ်ပြီး ခြိမ်းခြောက်မှု မရှိပါဘူး။ အရင်က သူတို့က သတ်လို့မရတာမျိုး မရှိခဲ့ဖူးဘူး မဟုတ်လား ဒါက မျိုးစိတ်သစ်များလားဗျ"

ထိုလူများက "အေး... ဘယ်သူသိမှာလဲ ငါတို့ သူတို့ကို ရှင်းလင်းနေတာ ရက်အတော်ကြာပြီ။ အခုလေးတင်ပဲ ခံစစ်သုံးကြောင်းလုံး ကျိုးပေါက်သွားပြီး မြို့ပြင်ပိုင်း တစ်ခုလုံးမှာ ခေါင်းပြတ်တစ္ဆေတွေ ပြည့်နေတာပဲ။ ငါတို့ကို ဒုက္ခပေးဖို့ ရောက်လာတဲ့ တစ္ဆေမျိုးစိတ်သစ်တွေ ထင်တာပဲ။ တော်တော်ကို များတာကွာ ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူး"

ရွှီရန်သည် သူ၏ ရွှေရောင်အောင်မြင်မှုဘွဲ့တံဆိပ် သတ်ဖြတ်လိုစိတ် အရှိန်အဟုန်အတွက် စိန်ခေါ်မှုအသေးစားလေး တစ်ခု ကြုံလာရပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"ကျေးဇူးပါပဲ အစ်ကိုတို့။ မြန်မြန် သက်သာပါစေဗျာ"

ထိုသူစိမ်းများက မျက်ခုံးပင့်ကာ ရွှီရန်ကို ကြည့်လိုက်ကြသည်။

အသံက ကလေးအသံနဲ့။ ကလေး တစ်ယောက်လား

သူတို့က "ရပါတယ သတိတော့ထားဦး မြို့ပြင်ပိုင်းကတော့ ပရမ်းပတာ ဖြစ်နေပြီ။ မြို့ထဲပိုင်းအထိတောင် ကျူးကျော်ခံရနိုင်တယ်"

နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် ထိုသူများသည် ဟိုတယ်ဆီသို့ အလျင်အမြန် ထွက်ခွာသွားကြသည်။

ရွှီရန်က ယဲ့ဖျင်ကို ကြည့်လိုက်ပြီး "ဘေးကင်းဇုန်ထဲကို တစ္ဆေတွေ အများကြီး ဝင်ရောက်နေပြီတဲ့။ မြို့ပြင်ပိုင်းလည်း ပျက်စီးသွားပြီ"

ယဲ့ဖျင်ကတော့ တည်တည်ငြိမ်ငြိမ်ပင် "ဒါက ဖြစ်နေကျပဲ။ ဘေးကင်းဇုန်ဆိုတာ နတ်ဘုရားအဆင့်သားရဲတွေကိုပဲ အဓိက ကာကွယ်တာ"

"နတ်ဘုရားအဆင့်အောက်က သားရဲလှိုင်းတွေကြောင့် ဒီနေရာ ပျက်စီးခဲ့တာ အကြိမ်တစ်ထောင် မကရင်တောင် အနည်းဆုံး ရှစ်ရာလောက်တော့ ရှိပြီ..."

ရွှီရန် : "ကျွန်တော် ဆိုလိုတာက အခြေအနေကို အရင်သွားကြည့်သင့်တယ် မဟုတ်လား"

ယဲ့ဖျင်က ခေါင်းခါပြသည်။

"နာရီဝက်လောက် စောင့်ဦး။ ငါ ညွှန်ကြားရေးမှူးဆီ အစီရင်ခံထားပြီးပြီ။ သူ မင်းအတွက် ဒိုင်းကာစွမ်းအားရှင်နဲ့ ကုသရေးစွမ်းအားရှင်တစ်ယောက်ကို မကြာခင် စီစဉ်ပေးလိမ့်မယ်"

ရွှီရန် : "တကယ်တော့ အဲဒါတွေ မပါလည်း ရပါတယ်။ ကျွန်တော် အန္တရာယ် မရှိနိုင်ပါဘူး"

ယဲ့ဖျင် : "မလုပ်ပါနဲ့ဦး မြို့ပြင်ပိုင်းတောင် ကျိုးပေါက်သွားပြီဆိုမှတော့ သတိထားတာ အကောင်းဆုံးပဲ။ ငါတို့ ဘာမှမသိသေးတဲ့ အဆင့်မြင့်တစ္ဆေတွေရဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိသေးတယ်။ အိပ်မက်ဆိုး ကလဲ့စားချေမိခင်လိုမျိုးပေါ့..."

"အဲဒီနတ်ဆိုးကတောင် ငါတို့ကို ခေါင်းခဲစေခဲ့တာ။ ဒီတိုက်ပွဲမြေပြင်မှာတော့ ပိုပြီး ထူးဆန်းတဲ့ တည်ရှိမှုတွေပဲ ရှိမှာ။ တကယ်လို့ ဆန်းကြယ်တဲ့ နတ်ဘုရားတစ်ပါးပါးက မင်းကို ဖမ်းခေါ်သွားရင် ငါ ကျောင်းအုပ်ကြီးကို ဘာပြန်ပြောရမလဲ"

All Chapters