အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း။ ၁၁၇
ဖမ်းဆီးခေါ်ဆောင်ခံရမယ်….
အိပ်မက်ဆိုး ကလဲ့စားချေမိခင် သေဆုံးသွားပြီးကတည်းက သူ၏ နတ်ဘုရားလူသားအသွင်သည် ဘေးထွက်ဆိုးကျိုးများ မရှိတော့ချေ။ သို့သော်လည်း ကိုယ်ပိုင်ဘေးကင်းရေးအတွက် သူသည် ရှေ့တန်းသို့ အတင်းအဓမ္မသွားရန် မဇွတ်တိုးတော့ပေ။
ရွှီရန်သည် ဦးနှောက်မပါသော လူမိုက်တစ်ယောက် မဟုတ်ပေ။ မိမိကို ကာကွယ်ပေးမည့် ထိပ်သီးအစွမ်းထက်သူ အချို့ရှိနေခြင်းက ဘေးကင်းမှုအတိုင်းအတာကို များစွာ မြှင့်တင်ပေးနိုင်သည်။ သူ၌ အသက်ကယ်နည်းစနစ်များစွာ ရှိသော်လည်း ထပ်ဆင့်ကာကွယ်မှုများ ရှိနေခြင်းကို သူ မငြင်းဆန်ပေ။ ထိုသို့ဆိုလျှင် နတ်ဘုရားတစ်ပါးပါး၏ ပစ်မှတ်ထားခြင်းကို မတော်တဆ ခံရလျှင်ပင် ဘေးကင်းစွာ ဆုတ်ခွာနိုင်မည့် အခွင့်အရေး ရှိနေပေလိမ့်မည်။
ထိုသို့တွေးတောပြီးနောက် ရွှီရန်က ခေါင်းညိတ်လိုက်သည်။
"အရင်ဆုံး တံဆိပ်ကို အားသွားဖြည့်ရအောင်။ အားဖြည့်ပြီးရင် အဲဒီမှာပဲ ကျွန်တော့်ကို ကာကွယ်ပေးမယ့်သူတွေကို စောင့်ကြတာပေါ့"
ယဲ့ဖျင် သက်ပြင်းချနိုင်သွားသည်။
"ကောင်းပြီ ပြဿနာမရှိဘူး"
သူတို့နှစ်ဦး လမ်းမအတိုင်း လျှောက်လာခဲ့ကြသည်။
ရုတ်တရက် ရွှီရန် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာတွင် ဝေခွဲမရသော အမူအရာများ ပေါ်လာသည်။ ထိုခဏ၌ပင် သူ၏အမြင်အာရုံထဲရှိ ထူထဲသော နံရံကြီးတစ်ခုထဲမှ တစ်ကိုယ်လုံး အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသော မိန်းကလေးငယ်တစ်ဦး ထွက်ပေါ်လာသည်။
သူမသည် လမ်းမပေါ်တွင် ဟိုခုန်ဒီလွှား ပြေးလွှားနေသော်လည်း မည်သူတစ်ဦးတစ်ယောက်၏ အာရုံစိုက်မှုကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိချေ။
ရွှီရန် အံ့အားသင့်သွားပြီး ဦးလေးယဲ့ကို လှည့်ကြည့်လိုက်သည်။ ဦးလေးယဲ့သည် ထိုအပြာရောင်အလင်းနှင့် မိန်းကလေး ရှိနေသည်ကို လုံးဝ သတိမထားမိပေ။
ရွှီရန် : "အဲဒါ ဘာတည်ရှိမှုကြီးလဲ တစ္ဆေလား"
သူသည် ထိုမိန်းကလေးငယ်ကို စိုက်ကြည့်နေမိသည်။ သူမကမူ သူ၏အကြည့်ကို သတိမပြုမိဘဲ ဝိညာဉ်လေးတစ်ခုလို ဆော့ကစားရင်း နောက်ထပ်နံရံတစ်ခုကို ဖြတ်ကျော်ကာ ရွှီရန်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
ရွှီရန်သည် နှုတ်ဆိတ်ကာ ကြည့်ကျန်ရစ်ခဲ့သည်။ ထိုမိန်းကလေးငယ် ဤမျှမြန်မြန် ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဘာတွေဖြစ်နေတာလဲ။ တခြားလူတွေ မမြင်ရတဲ့ မိန်းကလေးငယ်တစ်ယောက် ဘေးကင်းဇုန်ထဲမှာ ဘယ်လိုဖြစ်ပြီး ရှိနေရတာလဲ။ သူမက တစ္ဆေသတ္တဝါလား။
မဟုတ်ဘူး မဟုတ်သေးဘူး... တစ္ဆေဆိုရင် အာရုံခံလို့ ရရမယ်။ အထူးသဖြင့် ဝိညာဉ်အမြုတေအရိုးရှိတဲ့ ဦးလေးယဲ့ဆိုရင် တစ္ဆေတွေအပေါ် အာရုံခံနိုင်စွမ်းက ပိုပြီး ထက်မြက်ရမှာ။ ဒါပေမဲ့ သူက နံရံဖြတ်သွားတဲ့ မိန်းကလေးကို လုံးဝ သတိမထားမိဘူး။
ဒါက တစ်စုံတစ်ယောက်ရဲ့ ထူးခြားတဲ့ အမြုတေအရိုး စွမ်းအင်များလား။
"အဲဒါလည်း မဟုတ်သေးဘူး။ ထူးခြားတဲ့ အမြုတေအရိုး ရှိသူဆိုရင် အသားနဲ့သွေး ရှိရမှာပဲ။ ဒါပေမဲ့ အဲဒီကောင်မလေးက စိတ်အာရုံမှားမှုတစ်ခုလိုပဲ... အတွေးတစ်ခုလိုမျိုးလား"
"ငါတစ်ယောက်တည်းပဲ ဒီလို ဆန်းကြယ်တဲ့ တည်ရှိမှုကို မြင်နိုင်တာလား"
ရွှီရန်က မျက်ခုံးပင့်လိုက်မိသည်။ ထိုမိန်းကလေး ပျောက်ကွယ်သွားသည့် ဘက်ကို လက်ညှိုးထိုးပြရင်း "ဦးလေးယဲ့... အဲ…ခုနက အဲဒီနံရံထဲကနေ ထွက်လာပြီး ဟိုဘက်နံရံထဲကို ဝင်သွားတဲ့ တစ်ကိုယ်လုံး အပြာရောင်အလင်းတွေ ထွက်နေတဲ့ မိန်းကလေးငယ်ကို ဦးလေး အာရုံမရဘူးလား"
ယဲ့ဖျင်၏ နှုတ်ခမ်းများ တွန့်သွားသည်။
"ရွှီရန်... မင်း ငါ့ကို သရဲအကြောင်း ပြောပြနေတာလား"
"ငါက ရန်ငြိုးဖွဲ့နတ်ဘုရား ကိုတောင် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတာ။ ဒီလို သရဲပုံပြင်လောက်ကို ကြောက်နေမယ် ထင်လို့လား"
ရွှီရန် : " မဟုတ်ဘူးဗျ ကျွန်တော် အတည်ပြောနေတာ။ အပြာရောင် မိန်းကလေးငယ်ကို တစ်ခါမှ ဘယ်သူမှ မတွေ့ဖူးကြဘူးလား"
ယဲ့ဖျင်က ရွှီရန်ကို သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီး "မရှိပါဘူး။ မင်း တစ်ခုခု ထူးထူးဆန်းဆန်း မြင်လိုက်တာလား အန္တရာယ်ရှိတဲ့ ခံစားချက်ရော ရလား"
ရွှီရန် : "အန္တရာယ်ရှိတဲ့ ခံစားချက်တော့ မရှိပါဘူး။ တကယ်တော့ တော်တော်လေး အေးချမ်းတဲ့ ခံစားချက်မျိုးပါ"
ယဲ့ဖျင် : "ဒါကတော့ ထူးဆန်းတာပဲ။ ငါလည်း တစ်ခါမှ မကြားဖူးဘူး... ဒီမိန်းကလေးအကြောင်း ဘယ်သူမှ သိပုံမရဘူး"
ရွှီရန် ခေတ္တစဉ်းစားလိုက်သည်။
"ကျွန်တော် လေ့ကျင့်ရေးပြီးရင်တော့ ဒီဘေးကင်းဇုန်ထဲမှာပဲ သူမနဲ့ ထပ်တွေ့နိုင်မယ် ထင်ပါတယ်"
ယဲ့ဖျင် : "ကောင်းပြီလေ"
ပြောပြောဆိုဆိုဖြင့် သူတို့နှစ်ဦးသည် ဆဋ္ဌမမြောက်ခရိုင်၏ ဝန်ဆောင်မှုဗျူရိုသို့ ရောက်ရှိလာခဲ့သည်။
ယဲ့ဖျင် : "ဒီတံဆိပ်ကို အားလေး နည်းနည်း ဖြည့်ပေးပါဦး"
တာဝန်ကျအရာရှိက ရုံးသုံးလေသံဖြင့် "တံဆိပ်ပေးပါ" ဟု ပြောလိုက်သည်။
ရွှီရန်က သူ၏ အထူးတပ်မှူးတံဆိပ်ကို ချွတ်ပေးလိုက်၏။ အရာရှိရှေ့တွင် တံဆိပ်မှ ထွက်ပေါ်နေသော တောက်ပသည့် အလင်းရောင်ကို မြင်လိုက်ရသောအခါ ထိုအရာရှိမှာ ဆွံ့အသွားရသည်။
သူသည် ကျောကို ဆန့်လိုက်ပြီး လည်ပင်းကို ဆန့်ကာ ရွှီရန်ကို ကြည့်လိုက်သည်။
ဒီလောက် ငယ်တဲ့ ကောင်လေးက အထူးတပ်မှူးတံဆိပ် တောင် ရနေပြီလား။
သူ့မျက်နှာတွင် အံ့အားသင့်မှုများ အတိုင်းသား ပေါ်နေပြီးနောက် သူ၏ မွေးရာပါ နတ်ဘုရားအတတ်ကို အသုံးပြုကာ တံဆိပ်ကို အမြန်ဆုံး အားဖြည့်ပေးလိုက်သည်။ အားဖြည့်ပြီးနောက် သူသည် တံဆိပ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပြန်ကမ်းပေးလိုက်သည်။
"ကျေးဇူးပြုပြီး သေသေချာချာ သိမ်းဆည်းထားပါခင်ဗျာ"
ယဲ့ဖျင် : "ကျေးဇူးတင်ပါတယ် အခုနက မြင်လိုက်တာတွေကိုတော့ အပြင်မှာ လျှောက်မပြောပါနဲ့ဦး"
အရာရှိ : "စိတ်ချပါဗျာ။ ကျွန်တော်တို့က လျှို့ဝှက်ချက် ထိန်းသိမ်းရာမှာ အလွန် စေ့စပ်ပါတယ်"
"ဒါနဲ့... တကယ်လို့ ချပ်ဝတ်တန်ဆာ လိုအပ်မယ်ဆိုရင်တော့ ဟိုဘက်မှာ သွားပြီး ထုတ်ယူလို့ ရပါတယ်"
ယဲ့ဖျင်က ရွှီရန်ကို ကြည့်လိုက်ပြီး "မင်း ချပ်ဝတ်တန်ဆာ လိုလား"
ရွှီရန်က ခေါင်းခါပြသည်။
"မလိုပါဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင် ချပ်ဝတ်ရှိပြီးသားပါ"
ယဲ့ဖျင်က မျက်ခုံးပင့်လိုက်ရင်း "ကောင်းပြီလေ" ဟု ပြောကာ သူတို့နှစ်ဦး ဝန်ဆောင်မှုဗျူရိုမှ ထွက်လာခဲ့ကြသည်။
ယဲ့ဖျင် : "ငါတို့ ကြံ့ခိုင်မှုသစ်ပင်အောက်မှာပဲ ကာကွယ်ပေးမယ့်သူတွေကို စောင့်ကြတာပေါ့"
ယဲ့ဖျင်သည် အနီရောင်ဖဲကြိုးများ ချည်နှောင်ထားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ဆီသို့ လျှောက်သွားလိုက်သည်။
"ဒါကို ကြံ့ခိုင်မှုသစ်ပင် လို့ ခေါ်တယ်။ ဆဋ္ဌမမြောက် ဘေးကင်းဇုန်ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုပေါ့။ မြို့ဖျက်တိုက်ပွဲပေါင်း ၁၆၀ ကျော်ကို ကြံ့ကြံ့ခံပြီး အသက်ရှင်ကျန်ရစ်ခဲ့တာ တကယ်ကို မလွယ်ဘူး။ ကျင့်ကြံသူတွေကတော့ ဒီနေရာမှာ ဆုတောင်းလေ့ရှိကြတယ်"
ရွှီရန်သည် ထိုဧရာမ သစ်ပင်ကြီးကို ကြည့်လိုက်သည်။ လူသုံးယောက်ဖက်စာမက ထူထဲသော ပင်စည်ပေါ်တွင် တိုက်ပွဲများ၏ အမာရွတ်များစွာ ရှိနေပြီး ကြိတ်ဆုံကျောက်ခဲခန့် ကျယ်သော အပေါက်ကြီးများပင် ရှိနေသော်လည်း သစ်ပင်ကြီးမှာမူ စိမ်းလန်းစိုပြည်ကာ သက်ရှိရောင်ဝါများ ပြည့်နှက်နေဆဲပင်။
သစ်ပင်အောက်တွင် ရပ်နေစဉ် လေအေးလေးတစ်ချက် ဝေ့ဖြတ်တိုက်ခတ်သွားရာ သူ၏စိတ်မှာ ကြည်လင်အေးမြသွားတော့သည်။
ရွှီရန်သည် အပြာရောင်အလင်းနှင့် မိန်းကလေးအကြောင်းကို ပြန်တွေးမိသွားပြီး "ဦးလေးယဲ့... ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်။ ဒီဘေးကင်းဇုန်တွေက ဘယ်လိုပေါ်လာတာလဲ ဘယ်သူက ဖန်တီးခဲ့တာလဲ"
ယဲ့ဖျင်က ပခုံးတွန့်ပြရင်း "ငါလည်း မသိဘူး။ လူသားမျိုးနွယ် တစ်ခုလုံး ပျက်သုဉ်းတော့မယ့် အခြေအနေရောက်မှ ဒီဘေးကင်းဇုန်တွေက ရုတ်တရက် ပေါ်လာတာ။ ဘယ်သူမှ ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကို မသိကြဘူး။ ထိပ်သီး နတ်ဘုရားသတ်တပ်ဖွဲ့ တွေတောင်မှ ဒီဇုန်တွေကို ဘယ်သူဖန်တီးတာလဲ။ ဘယ်က လာတာလဲဆိုတာ မသိကြဘူး"
ရွှီရန်က အလေးအနက် စဉ်းစားလိုက်သည်။
"ဒါ နတ်ဘုရားတွေရဲ့ လက်ချက်များလား ကျွန်တော်တို့ ဟွာရှမှာရော နတ်ဘုရားတွေ ရှိလား"
ယဲ့ဖျင်က ခေါင်းခါပြသည်။
"အမှန်အတိုင်းပြောရရင် ငါလည်း မသိဘူး..."
"ငါသိသလောက်တော့ ဟွာရှမှာ နတ်ဘုရားမရှိဘူး၊ဟ။ အဆင့်နိမ့် ရန်ငြိုးဖွဲ့နတ်ဘုရားတွေရဲ့ ရုပ်ခန္ဓာကိုပဲ ဖျက်ဆီးနိုင်ပြီး သူတို့ရဲ့ အနှစ်သာရ ဝိညာဉ်ကိုတော့ မဖျက်ဆီးနိုင်တဲ့ နတ်ဘုရားသတ်တပ်ဖွဲ့ တွေပဲ ရှိတာ"
ပြောပြောဆိုဆိုဖြင့် ယဲ့ဖျင်က ရွှီရန်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်းရော... ဒီရန်ငြိုးဖွဲ့နတ်ဘုရားတွေကို အမြစ်ပြတ်အောင် တိုက်ခိုက်နိုင်မယ့် နတ်ဘုရားအတတ်တစ်ခုလောက် ဖန်တီးနိုင်မလား"
ရွှီရန် ဆွံ့အသွားရသည်။
"..."
ဒီနေရာမှာပဲ ဆုတောင်းနေတာလား။ ကျောင်းအုပ်ကြီးဆီကနေ အတုယူထားတာ ဖြစ်ရမယ်...
မဟုတ်ဘူး နေဦး။
ဒီဆုတောင်းက တကယ်ပဲ ပြည့်နေပြီ မဟုတ်ဘူးလား။
ပြည့်နေပြီဖြစ်သော နတ်ဘုရားတို့၏ နေဝင်ချိန်ဟူသော ရွှေနီရောင် အောင်မြင်မှုဘွဲ့တံဆိပ် သည် နတ်ဘုရားများကို သတ်ဖြတ်ပြီးနောက် သူတို့၏ ရုပ်အလောင်းများကိုပါ အစအနမကျန် ရှင်းလင်းပစ်နိုင်စွမ်း ရှိသည်။
ရွှီရန်က ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်"
ယဲ့ဖျင် : "ကြိုးစားစမ်းပါ အံ့ဖွယ်အမြုတေအရိုးရေ"
သူတို့နှစ်ဦး အေးအေးလူလူ စကားပြောနေကြစဉ် နာရီဝက်ခန့် ကြာပြီးနောက် ပင်စည်ကဲ့သို့ သန်မာသော ကြွက်သားများရှိသည့် အမျိုးသားတစ်ဦးသည် သူတို့နောက်မှ လှမ်းခေါ်လိုက်သည်။ သူ၏အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်နေ၏ "ဟေး... အစ်ကိုယဲ့ဖျင် ခင်ဗျားရဲ့ ဒဏ်ရာကော ဘယ်လိုလဲ"
ယဲ့ဖျင်က ခေါင်းခါပြလိုက်ရင်း "ကုလို့မရတော့ဘူးကွာ။ ရှေ့တန်းမှာ ထပ်မတိုက်နိုင်တော့လို့ နောက်တန်းမှာပဲ တိုင်းပြည်ကို စောင့်ရှောက်နေရတော့မယ်"
ထိုကြွက်သားကြီးနှင့် လူက သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲဗျာ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ကျောက်စိမ်းပုလွေ နတ်ဘုရားတေးသွားက ဒီလိုဖြစ်သွားရတယ်လို့..."
ယဲ့ဖျင် "အတိတ်တွေကို လွမ်းမနေစမ်းပါနဲ့။ အသက်ရှင်နေတာကပဲ အကြီးမားဆုံး ကံကောင်းခြင်းပဲ"
"ကဲ... မိတ်ဆက်ပေးရဦးမယ်။ ဒါက ရွှီရန်တဲ့။ ကျင်းပြည်နယ် မူကြိုကျောင်းရဲ့ ၄၉ သုတ်မြောက် ပါရမီရှင် ကြယ်ပွင့်လေးပေါ့"
ထို့နောက် ရွှီရန်ကို နှစ်မီတာခန့် အရပ်ရှည်သော ထိုလူကြီးနှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ လီဝေ ၂၅ သုတ်မြောက်က ပါရမီရှင်တစ်ယောက်ပဲ။ ယွဲ့နယ်ပယ်အဆင့်ရှိတဲ့ ဒိုင်းကာစွမ်းအားရှင်ပေါ့။ ငါတို့ကတော့ သူ့ကို လိပ်ကြီးလီလို့ ခေါ်ကြတယ်"
လီဝေက ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ ရွှီရန်၏ လက်ကို လှုပ်ယမ်းနှုတ်ဆက်လိုက်ပြီး ပြုံးဖြဲဖြဲဖြင့် "အစ်ကိုယဲ့ဖျင်က အချိန်အမြုတေအရိုးရှိတဲ့ ကောင်မလေးကို ကာကွယ်ဖို့ ပြန်သွားတာဆို... အခုတော့ ဘယ်လိုဖြစ်ပြီး ဒီကောင်လေးကို တိုက်ပွဲမြေပြင်အထိ ခေါ်လာရတာလဲ"
"သူ့ရဲ့ အရိုးတည်ဆောက်ပုံအရဆိုရင် အခုမှ ရှစ်နှစ်ပြည့်တာ မဟုတ်လား"
ရွှီရန် : "..."
ယဲ့ဖျင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်ပြီး "ရွှီရန်ကို လျှော့မတွက်နဲ့နော်။ သူက ဒီနှစ် နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ရေးပြိုင်ပွဲ မှာ သေချာပေါက် အနိုင်ရမယ့်သူပဲ"
လီဝေ ကြောင်အသွားရသည်။
"ဗျာ"
သူသည် မယုံကြည်နိုင်သလို ခေါင်းခါရင်း လက်ကာပြလိုက်သည်။
"ကျင်းပြည်နယ်က အကြိမ် ၃၀ လောက်ရှိပြီ... ချန်ပီယံဆုနဲ့ ဝေးကွာနေတာ။ အခုက ကြိုတင်ပြီး ချန်ပီယံလို့ ကြေညာနေတာလား"
ယဲ့ဖျင်က လီဝေ၏ ပုခုံးကို ပုတ်လိုက်ပြီး "လူဆိုတာ အိပ်မက်ရှိရတယ်ကွ အိပ်မက်မရှိရင်..."
စကားမဆုံးသေးမီမှာပင် ဒီဘက်သို့ လျှောက်လာသော ကျင့်ကြံသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး နှစ်ဦးလုံးမှာ ယွဲ့နယ်ပယ် အဆင့်ရှိသူများဖြစ်သည်။ အမျိုးသမီးမှာ ၁.၄ မီတာခန့်သာ အရပ်ရှိပြီး ရွှီရန်ထက်ပင် ၂၀ စင်တီမီတာခန့် ပိုပုနေသည်။ အမျိုးသားမှာမူ ၁.၇ မီတာခန့် အရပ်ရှိပြီး ရုပ်ဖြောင့်ကာ ရင်ဘတ်တွင် ရောင်စုံပုံဆောင်ခဲတစ်ခု ဆွဲထားသည်။
၁.၄ မီတာအရပ်ရှိသည့် အမျိုးသမီးက လေသံအေးအေးဖြင့် "အခုတင် ငါဘာကြားလိုက်လဲ သိလား အစ်ကိုယဲ့ဖျင်က ဒီနှစ် ချန်ပီယံက ဒီကောင်လေး ဖြစ်ရမယ်လို့ အတည်ကြီး ပြောနေတာ"
ယဲ့ဖျင်က ပြန်နောက်လိုက်သည်။
"ဟေး လိပ်ကြီး မင်းကတော့ ဒီခန္ဓာကိုယ်ကြီးနဲ့ ကြောက်နေတုန်းပဲလား"
ထို့နောက် ယဲ့ဖျင်က ကျန်နှစ်ဦးကို ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။
"ကဲ... ဒါကတော့ ဒီနှစ်ရဲ့ ချန်ပီယံလောင်း ရွှီရန် ပြီးတော့ ဒါက ၂၅ သုတ်မြောက်က မင်းရဲ့ အန်တီ ချိုက်မြောင်ပဲ။ အန်တီချိုက်လို့ ခေါ်ပေါ့။ နောက်တစ်ယောက်ကတော့ လူချောလေး ဖူလင်။ သူကလည်း ၂၅ သုတ်မြောက်ပဲ။ သူ့ရဲ့ အမြုတေအရိုးက ရန်ငြိုးဖွဲ့နတ်ဘုရားတွေရဲ့ ညစ်ညမ်းမှုကို သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိတယ်"
ရွှီရန် : "မင်္ဂလာပါ အန်တီချိုက် မင်္ဂလာပါ ဦးလေး"
အပြင်ရောက်နေချိန်တွင် လူကြီးသူမများကို ချိုချိုသာသာ ပြောဆိုဆက်ဆံခြင်းက အလွန်
အရေးကြီးသည်။
ထိုနှစ်ဦးစလုံးမှာ ပြုံးလျက် ခေါင်းညိတ်ကြပြီး ရွှီရန်နှင့် ခင်မင်သွားကြသည်။ အရပ် ၁.၄ မီတာသာ ရှိသော အန်တီချိုက်က နူးညံ့သောအသံဖြင့် မေးလိုက်သည်။
"မင်းက တကယ်ပဲ ချန်ပီယံဆုကို ရနိုင်မယ်လို့ ထင်လို့လား"
အခန်း။ ၁၁၈
ရွှီရန်က လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ပြီး နွေးထွေးစွာ ပြုံးပြရင်း "... ချန်ပီယံဆိုတာ လက်ရှိရုံနဲ့တင် ရနိုင်တာ မဟုတ်ဘူးလားဗျာ"
သန်မာလှသော လီဝေ: "..."
အန်တီ ချိုက်မြောင်: "..."
ရုပ်ဖြောင့်သော ဖူလင်: "..."
ချန်ပီယံဆိုတာ လက်ရှိရုံနဲ့ ရနိုင်တယ်ဆိုသော ရွှီရန်၏ ရဲတင်းလွန်းသည့် စကားကို ကြားလိုက်ရသောအခါ သုံးဦးစလုံးမှာ ဆွံ့အသွားကြပြီး "မင်းကို ယဲ့ဖျင်က လမ်းမှားအောင် ဆွဲဆောင်
လိုက်တာလား။ ဒါမှမဟုတ် မင်းက အစကတည်းကိုက ဒီလိုပဲလား"
"ငါမှတ်မိသလောက် ကျောင်းအုပ်ကြီးက ဒီလိုလူမျိုး မဟုတ်ပါဘူး။ မျက်နှာသေနဲ့ လီချင်းဟုန် ကလည်း ဒီလိုမဟုတ်ဘူး... မင်းသာ လမ်းမှားရောက်နေတယ်ဆိုရင်တော့ အဲဒါ ဒီကောင် ယဲ့ဖျင် ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဖြစ်ရမယ်"
သုံးဦးသား အလေးအနက် စဉ်းစားနေကြစဉ် ယဲ့ဖျင်က ကြားဖြတ် ကာကွယ်ပေးလိုက်သည်။
"ငါ သူ့ကို လမ်းမမှားစေခဲ့ပါဘူးကွာ။ သူက အမှန်တရားကို ပြောနေတာပဲ။ သူ့အတွက်တော့ ချန်ပီယံဖြစ်ဖို့ဆိုတာ တကယ်ပဲ လက်ရှိဖို့ပဲ လိုတာလေ"
သုံးဦးစလုံးက ပြိုင်တူအော်လိုက်ကြသည်။
"ဒါတောင် မင်းက လမ်းမမှားစေခဲ့ဘူးလို့ ပြောနိုင်သေးတယ်ပေါ့"
ယဲ့ဖျင်က တဟဲဟဲ ရယ်မောလိုက်ပြီး ဘာမှ ထပ်ရှင်းမပြတော့ဘဲ "ကဲ... မင်းတို့နဲ့ အပိုတွေ ပြောမနေတော့ဘူး။ ရွှီရန်ရဲ့ လေ့ကျင့်ရေးက အရေးကြီးဆုံးပဲ"
ထိုသို့ပြောပြီးနောက် သူ၏ အမူအရာမှာ ရုတ်ချည်း တည်ကြည်သွားသည်။
"အားလုံးပဲ... ဒီလေ့ကျင့်ရေး ခရီးစဉ်မှာ သူ့ကို စောင့်ရှောက်ပေးဖို့ ငါ မင်းတို့ကို အားကိုးပါတယ်။ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံလာပါစေ။ ရွှီရန်ကိုတော့ အထိခိုက်မခံဘဲ ကာကွယ်ပေးရမယ်နော်"
လီဝေ: "ကျောင်းအုပ်ကြီးရဲ့ ညွှန်ကြားချက်ပဲ ငါတို့ အစွမ်းကုန် ကြိုးစားမှာပေါ့"
"ဒါနဲ့... လေ့ကျင့်ရေးရဲ့ အကြောင်းအရာက ဘာလဲ"
ယဲ့ဖျင်က မျက်ရိပ်ပြလိုက်ရာ ရွှီရန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ကျွန်တော် သွေးအင်အား ၁၀၀,၀၀၀ ကျော်တဲ့ တစ္ဆေမျိုးနွယ် သတ္တဝါ ၁၀,၀၀၀ ကို သတ်ရမယ်။ ပြီးရင် သွေးအင်အား ၁၅၀,၀၀၀ စီရှိတဲ့ ပုံဆောင်ခဲ သားရဲအကောင်ငါးဆယ်ကို သတ်နိုင်ရင်တော့ ဒီလေ့ကျင့်ရေး ပြီးဆုံးပါပြီ"
သုံးဦးစလုံး၏ မျက်နှာပေးများမှာ တစ်မျိုးကြီး ဖြစ်သွားကြသည်။
"ဟမ်... ငါတို့က အဲဒီတစ္ဆေသတ္တဝါတွေကို မသေရုံတမယ် ဖြစ်အောင် အရင်ချပေးပြီးမှ မင်းက အဆုံးသတ်လိုက်မှာလား"
ရွှီရန်က ခေါင်းခါပြလိုက်ရင်း "မဟုတ်ဘူးဗျ ကျွန်တော်ပဲ အကုန်ကိုင်တွယ်မှာ။ အစ်ကိုတို့ အန်တီတို့က ကျွန်တော့်နောက်ကနေ ကာကွယ်ပေးထားရုံပဲ လိုတာ"
သုံးဦးသား ဆွံ့အသွားကြပြန်သည်။
"ဟင် မင်း အတည်ပြောနေတာလား"
ယဲ့ဖျင်က လက်ကာပြလိုက်ကာ "ဟင်တွေ ဟာတွေ လုပ်မနေနဲ့တော့ သွားကြမယ်"
ပြောပြောဆိုဆိုဖြင့် ယဲ့ဖျင်နှင့် ရွှီရန်တို့သည် ခုနစ်ယောက်စီး ကားပေါ်သို့ တန်းတက်သွားကြတော့သည်။
လီဝေ၊ ချိုက်မြောင်နှင့် ဖူလင်တို့မှာတော့ ကြောင်တောင်တောင်နှင့် ကျန်ရစ်ခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ဝေခွဲမရသော အမူအရာများဖြင့် ကြည့်နေကြသည်။ သူတို့ တကယ်ကို ဇဝေဇဝါ ဖြစ်နေကြခြင်းပင်။
ယဲ့ဖျင်သည် နောက်ပိုင်းတွင် နားမလည်နိုင်သော လုပ်ရပ်များကို ခပ်စိပ်စိပ် လုပ်လာသည်။
အခုလည်း ကြိုတင်ချန်ပီယံ ဆိုတာကြီးကို ခေါ်လာပြန်ပြီ။ သူ့တူလေးကလည်း တစ်ခွန်းမကျန် ပြန်ပြောတတ်လွန်းနေတာ….
သူတို့ ဘာပြောရမှန်းကို မသိတော့ချေ။
သူတို့ သုံးယောက် ထိုနေရာတွင် ကြောင်အောက်အောက်နှင့် ရပ်နေသည်ကို မြင်သောအခါ ယဲ့ဖျင်က ကားမှန်ချလိုက်ပြီး "အမြန်တက်ကြတော့လေ အချိန်ဆွဲမနေနဲ့။ သွေးအင်အား တစ်သိန်းကျော်တဲ့ တစ္ဆေသတ္တဝါ တစ်သောင်းကို သတ်ဖို့ဆိုတာ အချိန်အတော်ပေးရဦးမှာ"
"အေးပါ... လာပြီ လာပြီ"
သူတို့ သုံးယောက် ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်ကြသည်။
လီဝေ: "ငါတို့ နားကြားမှားတာလား။ ဒီတူလေးက တကယ်ပဲ တောင်တန်းနယ်ပယ်အဆင့်ရှိတဲ့ တစ္ဆေတွေကို သတ်နိုင်တဲ့ ခွန်အားရှိလို့လား"
ဖူလင်: "သူက အခုမှ ရှစ်နှစ်ပဲ ရှိသေးတာလေ။ သူ့ရဲ့ သွေးအင်အားက အလွန်ဆုံးရှိလှ ၆,၀၀၀ ကျော်ပဲ ရှိမှာ။ အဲဒီတုန်းက ငါတို့ဆို သွေးအင်အား ၂၀,၀၀၀ ရှိတဲ့ သားရဲတစ်ကောင်ကို သတ်ဖို့တောင် အတော်ရုန်းကန်ခဲ့ရတာ မဟုတ်လား"
ချိုက်မြောင်: "ငါတို့ ရှစ်နှစ်သားအရွယ်တင် မဟုတ်ဘူး။ ၁၂ နှစ်သား အရွယ်မှာတောင် သွေးအင်အား တစ်သိန်းရှိတဲ့ သားရဲမျိုးဆိုရင် ဝေးဝေးက ရှောင်ကြတာပဲလေ"
ယဲ့ဖျင်ကတော့ ဘာမှ ရှင်းမပြဘဲ တဟဲဟဲနှင့် ရယ်နေတော့သည်။
ယဲ့ဖျင်က လူတတ်ကြီးလုပ်ကာ တိတ်နေသည်ကို မြင်သောအခါ ထိုသုံးဦးမှာ ရွှီရန်၏ ထိုင်ခုံဘက်သို့ တိုးကပ်လာကြသည်။
အန်တီ ချိုက်မြောင်: "တူလေး... အန်တီတို့ကို အရိပ်အမြွက်လေးတော့ ပြောပြပါဦး။ မင်းရဲ့ လက်ရှိ သွေးအင်အားက ဘယ်လောက်ရှိပြီလဲ"
ရွှီရန်: "မပြောဘဲ နေလို့ရမလားဗျ"
အန်တီ ချိုက်မြောင်က လက်မလျှော့ဘဲ ထပ်မေးသည်။
"ဒါဆို အမြုတေအရိုးကော အမြုတေအရိုး အမျိုးအစားတော့ ပြောပြလို့ ရတယ် မဟုတ်လား"
ရွှီရန်: "ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးပါ"
သုံးဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး "ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးဆိုတာ သုတေသန လုပ်တဲ့နေရာမှာ သုံးတာ မဟုတ်လား။ အင်း... ဒါဆို ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ကကော ဘာလဲ"
ရွှီရန်: "စက္ကူရုပ် လူစားထိုးအတတ်ဖြစ်မယ် ထင်တယ်..."
ထိုသုံးဦး၏ မျက်လုံးများတွင် "စက္ကူရုပ် လူစားထိုးအတတ် ကြည့်ရတာ သိပ်တော့ အထင်ကြီးစရာ မကောင်းလှပါလား..." ဟူသော အဓိပ္ပာယ်များ ပေါ်လွင်နေသည်။ သူတို့ကတော့ စပ်စုချင်ဇောဖြင့် ဆက်လက် မေးမြန်းရန်သာ ပြင်နေကြ၏။
ယဲ့ဖျင်က လက်ကာပြလိုက်ရင်း "ထပ်မမေးကြနဲ့တော့။ ခဏနေရင် စစ်မြေပြင်ရောက်ရင် ဦးလေးတို့ မျက်လုံးနဲ့ပဲ သေသေချာချာ ကြည့်လိုက်ကြတော့။ ဒီနှစ်ရဲ့ ချန်ပီယံတင် မကဘူး... ဝိညာဉ်နတ်ဘုရား မူကြိုကျောင်း တည်ထောင်ခဲ့သမျှ ကာလတစ်လျှောက်လုံးမှာ အသန်မာဆုံး ချန်ပီယံပဲ"
သုံးဦးစလုံး: "..."
ကြွားလိုက်တာမှ ကမ်းကုန်နေတာပဲ။ ဒီလောက်အထိ ချဲ့ကားပြောဖို့ လိုလို့လား။
ဝိညာဉ်နတ်ဘုရား မူကြိုကျောင်းမှာ သင်တန်းအသုတ်ပေါင်း ၄၉ သုတ်၊ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ ခန့် ရှိခဲ့ပြီဖြစ်သည်။
ထိုသမိုင်းတစ်လျှောက်လုံးမှာ အသန်မာဆုံးဆိုသည်မှာ ဖြစ်နိုင်ပါ့မလား။
သူတို့၏ သံသယမျက်နှာပေးများမှာ ပို၍ပင် လေးလံလာတော့သည်။
ကားကြီးသည် မြို့ပြင်ဘက်သို့ တစ်ရှိန်ထိုး မောင်းနှင်လာခဲ့သည်။ အဝေးမှနေ၍ မိုးကုတ်စက်ဝိုင်းဆီမှ ပေါက်ကွဲသံများကို ကြားနေရပြီး ထိုနေရာတွင် ဟွာရှကျင့်ကြံသူများနှင့် သားရဲနတ်ဆိုးများ တိုက်ပွဲဖြစ်ပွားနေကြခြင်း ဖြစ်သည်။
ကားကြီးက ရုတ်တရက် ရပ်တန့်သွားသည်။
ယာဉ်မောင်းက နောက်သို့လှည့်ကြည့်ကာ "လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော် ဒီထက်ပိုပြီး ရှေ့တိုးလို့ မရတော့ဘူး။ ရှေ့မှာ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ ကားထိခိုက်သွားမှာ စိုးရိမ်ရပါတယ်။ ဒီနားကနေပဲ လမ်းလျှောက်သွားပေးကြပါဦး"
"ရပါတယ်။ ငါတို့ ဒီမှာပဲ ဆင်းမယ်။ မင်း ကားကို ဂရုတစိုက်နဲ့ ပြန်လှည့်မောင်းသွားတော့"
ရွှီရန်၊ ယဲ့ဖျင်၊ လီဝေ၊ အန်တီ ချိုက်မြောင် ဟနှင့် ဦးလေး ဖူလင်တို့ ငါးဦးစလုံး ကားပေါ်မှ ဆင်းလိုက်ကြသည်။ သူတို့အားလုံး၏ အကြည့်များမှာ အဝေးမှ မီးခိုးများ အူထွက်နေသော မြို့ပြင်ပိုင်းဆီသို့ ရောက်ရှိသွားကြသည်။
ယဲ့ဖျင် : "စွမ်းအားရှင်ကြီးတွေ လွတ်သွားတဲ့ အားအနည်းဆုံး သတ္တဝါလေးတွေကတောင် ဘေးကင်းဇုန်ရဲ့ မြို့ပြင်ပိုင်းကို ဒီလောက်အထိ ဖျက်ဆီးပစ်နိုင်တယ်..."
ဘေးကင်းဇုန်၏ တိုက်ခိုက်ရေးပုံစံမှာ ဇကာတစ်ခုကဲ့သို့ အဆင့်ဆင့် စစ်ထုတ်ခြင်း ဖြစ်သည်။
ပထမခံစစ်လိုင်းအားကို ယွဲ့နယ်ပယ်စွမ်းအားရှင်များက အသန်မာဆုံး သတ္တဝါကြီးများကို တိုက်ခိုက်သည်။ သူတို့သည် ထိုနတ်ဆိုးကြီးများအပေါ်၌သာ အာရုံစိုက်ထားရသဖြင့် တောင်တန်းနယ်ပယ်အဆင့် သတ္တဝါများကို သတ်ဖြတ်ရန် အင်အားမပိုတော့ချေ။
ဒုတိယခံစစ်လိုင်းသည် ပထမလိုင်းမှ လွတ်လာသော တောင်တန်းနယ်ပယ် သတ္တဝါများကို ထိုအဆင့်ရှိ ကျင့်ကြံသူများက ရင်ဆိုင်ရသည်။ ထိုမှတစ်ဆင့် တောင်ကုန်းနယ်ပယ်သတ္တဝါများ လွတ်ထွက်သွားတတ်ပြန်သည်။
တတိယခံစစ်လိုင်းကို တောင်ကုန်းနယ်ပယ် ကျင့်ကြံသူများက နောက်ဆုံးအတားအဆီးအဖြစ် ခုခံကြသည်။
မမျှော်လင့်ဘဲ ယခုအကြိမ်တွင် ပျံသန်းနေသော ခေါင်းပြတ်တစ္ဆေများကြောင့် တတိယခံစစ်လိုင်းမှာ ပြိုလဲသွားခဲ့ပြီး မြို့ပြင်အဆောက်အဦးများမှာ မီးဟုန်းဟုန်းတောက်ကာ အလွန်ပင် ကြေကွဲဖွယ်ရာ မြင်ကွင်းဖြစ်နေတော့သည်။
ရွှီရန်သည် မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။
သူ တစ္ဆေသတ္တဝါတွေကို မြင်လိုက်ရသည်။
မြို့ပြင်ပိုင်းတွင် သောင်းကျန်းနေကြသည်မှာ လေထဲတွင် ပျံဝဲနေသော ခရမ်းပုပ်ရောင် ခေါင်းပြတ်ကြီးများပင်။ ကျားခေါင်း၊ မိကျောင်းခေါင်း၊ မြွေခေါင်း၊ ဝက်ဝံခေါင်းနှင့် ပုပ်ပွနေသော လူခေါင်းများပင်။
၎င်းတို့အားလုံးမှာ ခေါင်းသက်သက်သာဖြစ်ပြီး လည်ပင်းများမှာ ချောမွေ့စွာ ဖြတ်တောက်ခံထားရသည့်အလား သွေးကြောများမှာ အထင်းသား ပေါ်နေသော်လည်း သွေးတစ်စက်မျှ ထွက်မလာချေ။ သူတို့၏ မျက်လုံးများမှာ ပြူးထွက်ကာ သွေးကြောများ ယှက်သန်းနေပြီး ပလိပ်ရောဂါဖြင့် ရုတ်တရက် သေဆုံးသွားသူများ၏ တစ္ဆေနှင့် ဆင်တူလှသည်။
သူတို့သည် ဒေါသတကြီးဖြင့် ပါးစပ်ကြီးများကို ဖြဲကာ အစွယ်များကို ပြသရင်း နားကွဲမတတ် ရယ်မောနေကြသည်။ ထိုအသံများသည် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသော လှိုင်းများကို ထုတ်လွှတ်နေသဖြင့် အနီးနားရှိလူများကို ပျို့အန်ချင်စိတ်နှင့် မူးဝေမှုကို ဖြစ်ပေါ်စေသည်။
"ဒီကနေ အမြန်ဆုံး လစ်လိုက်ကြတော့"
လူသားကျင့်ကြံသူတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝက်ဝံခေါင်းတစ္ဆေတစ်ကောင်ထံသို့ ရွှေရောင် သန့်စင်ခြင်းအဆောင် တစ်ခုကို ပစ်ပေါက်လိုက်သည်။ ထိုဝက်ဝံခေါင်းမှာ ရှောင်တိမ်းခြင်းမရှိဘဲ အဆောင်၏ စွမ်းအားကြောင့် ခေါင်းတစ်ခုလုံး အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။