အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း။ ၁၂၃
ပြောရင်းနှင့်ပင် သူသည် ချဉ်းကပ်လာသော ကျန်းမန်ကို လှည့်ကြည့်ကာ "ဘေးကင်းဇုန်ရဲ့ ဗဟိုချက်ကတော့ အဖောက်မခံရဘူး မဟုတ်လား"
ကျန်းမန်က စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီး "မရှိပါဘူး ခေါင်းပြတ်တစ္ဆေတွေက မြို့တွင်းပိုင်းထဲအထိ မကျူးကျော်နိုင်ခဲ့ကြပါဘူး"
နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးမှာ ကျန်းမန်၏ ရှေ့တွင် ဆင်းသက်လိုက်ကြသည်။
"ပြောပါဦး ဘာတွေဖြစ်ခဲ့တာလဲ ခေါင်းပြတ်တစ္ဆေတွေရဲ့ အားနည်းချက်ကို ရှာတွေ့သွားတဲ့ သူရဲကောင်းက ဘယ်သူလဲ"
ကျန်းမန်က "သူက ရုပ်သေးရုပ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ပါရမီရှင် ထိပ်သီးလေးတစ်
ယောက်ပဲ။ တကယ်ကို အထင်ကြီးစရာကောင်းတယ်။ လူတစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခု တည်ဆောက်ပြီး တစ်ချက်တည်းနဲ့ ခေါင်းပြတ်တစ္ဆေတစ်ကောင်ကို အဆုံးသတ်နိုင်တာ။ ခုတ်
ပိုင်းရုံတင်မကဘူး။ အစအနမကျန် အမြစ်ပြတ်အောင် သုတ်သင်နိုင်တာ။ တတိယခံစစ်လိုင်းမှာရှိတဲ့ ခေါင်းပြတ်တစ္ဆေ ကိုယ်ပွားတစ်သောင်းကျော်ကို သူတစ်ယောက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်တာပဲ"
နတ်ဘုရားသတ် အထူးချွန်ဆုံး ၁၄ ဦး: "..."
သူတို့အားလုံး ဆွံ့အသွားကြသည်။
ကျန်းမန်က ပုခုံးတွန့်ပြရင်း "မင်းတို့ မယုံဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဆဋ္ဌမခရိုင်မှာ ဒီလိုပါရမီရှင်မျိုး တကယ်ပဲ ရုတ်တရက် ပေါ်လာတာ။ ထူးဆန်းတဲ့ စက္ကူရုပ်တပ်မတော်နဲ့ တစ်ယောက်တည်း စစ်တပ်တည်ပြီး တတိယခံစစ်လိုင်းတစ်ခုလုံးကို ရှင်းပစ်လိုက်တာလေ..."
လင်းဖုန်း မျက်ခုံးပင့်လိုက်မိသည်။
"ဒီလောက်အံ့သြဖို့ကောင်းတဲ့ ပါရမီရှင်က ဘယ်ကရောက်လာတာလဲ"
ကျန်သောအဖွဲ့ဝင်များကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် "သီအိုရီအရတော့ ပင်မခန္ဓာကိုယ်ကို မဖျက်ဆီးသရွေ့ ကိုယ်ပွားတွေက အလျင်အမြန် ပြန်ရှင်လာနိုင်စွမ်းရှိတယ်။ ဒါက ခေါင်းပြတ်
တစ္ဆေတွေရဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ပဲ။ ဒီအတတ်ကြောင့် ငါတို့ကိုယ်တိုင်တောင် ကိုယ်ပွားတွေကို အမြဲတမ်း ပျက်စီးအောင် မလုပ်နိုင်ဘူး... ဒါကို အဲဒီလူက ဘယ်လိုနည်းနဲ့ အဲဒီစွမ်းရည်ကို ကျော်လွှားပြီး အတင်းအဓမ္မ အမြစ်ပြတ်အောင် သတ်နိုင်တာလဲ"
"ဘယ်လို ထူးခြားတဲ့ပုဂ္ဂိုလ်မျိုးလဲ ဒီလိုလူမျိုးဆိုရင် ငါတို့ ကြားဖူးရမှာပဲ မဟုတ်လား။ ဒီအတိုင်းကြီးတော့ ရုတ်တရက် ပေါ်မလာနိုင်ဘူးလေ"
ကျန်းမန်: "အဲဒါကတော့... ငါလည်း မသိဘူး။ အစ်ကို ယဲ့ဖျင် ခေါ်လာတဲ့ ပါရမီရှင်ပဲ။ သူတို့ရဲ့ အချက်အလက်တွေကို ငါတို့ မမေးရသေးဘူး"
လင်းဖုန်း: "အော်... ယဲ့ဖျင်လား အချိန်အမြုတေအရိုးပိုင်ရှင်လား သူဆိုရင်တော့ ဖြစ်နိုင်ခြေ အနည်းငယ် ရှိတာပေါ့။ ကဲ... သွားကြစို့ အဖွဲ့ဆီ ပြန်မယ်။ တာဝန်ပြီးဆုံးပြီဆိုတော့ ဘေးကင်းဇုန်မှာ အနားယူရင်း အဲဒီ ပါရမီရှင် ထိပ်သီးလေးနဲ့ သွားတွေ့ကြတာပေါ့"
သူ့နောက်မှ အဖွဲ့သားများကလည်း "အစ်ကို မပြောရင်တောင် ကျွန်တော်တို့က သွားတွေ့ချင်နေတာပါ"
ထိုသို့ဖြင့် ယွဲ့နယ်ပယ်အထက်ရှိ စွမ်းအားရှင် အုပ်စုကြီးသည် ဘေးကင်းဇုန်ဆီသို့ ခန့်ညားထည်ဝါစွာ ချီတက်လာကြတော့သည်။
ဘေးကင်းဇုန်အတွင်းတွင် ရွှီရန်သည် သူ၏ စက္ကူရုပ်တပ်မတော်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကိုယ်ပျောက်အခြေအနေမှ ပြန်လည်ထွက်ပေါ်လာသည်။
ယဲ့ဖျင်: "ပြီးသွားပြီလား မင်း အကောင်တစ်သောင်း သတ်နိုင်ခဲ့ရဲ့လား"
ရွှီရန်က ခေါင်းခါပြရင်း "မရသေးဘူး။ အဲဒါတွေက ကိုယ်ပွားတွေချည်းပဲ။ တစ်ကောင်မှ အစစ်မဟုတ်ဘူး။"
"ကံကောင်းတာကတော့ ကျွနါတော့်ရဲ့ စက္ကူရုပ်တွေက တစ္ဆေစွမ်းအင်တွေကို ဝါးမျိုပြီး အဆပေါင်းများစွာ ပိုသန်မာလာတာပဲ။ သွေးအင်အား တစ်သိန်းကျော်ရှိတဲ့ သားရဲအကောင်တစ်သောင်းကို သတ်ဖို့ဆိုရင်တော့ ဘေးကင်းဇုန်အပြင်ဘက်ကို ထွက်ရလိမ့်မယ်။ အခုပဲ ထွက်ကြရအောင် ခေါင်းပြတ်တစ္ဆေတွေရဲ့ ပင်မခန္ဓာကတော့ အနှိမ်နင်းခံလိုက်ရပြီ ထင်တယ်။ အပြင်မှာ အခုဆို ပိုဘေးကင်းလောက်ပြီ။ ဘေးကင်းဇုန်အပြင်မှာ နတ်ဘုရားအဆင့် သားရဲကြီး နှစ်ကောင် တစ်ပြိုင်နက်တည်း ရှိနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးမလား"
ယဲ့ဖျင်က လီဝေ၊ ချိုက်မြောင်နှင့် ဖူလင်တို့ကို ကြည့်ကာ "မင်းတို့ရော ဘယ်လိုထင်လဲ"
လီဝေ: "နတ်ဘုရားသတ်တပ်ဖွဲ့ ပြန်လာတာကို အရင်စောင့်ကြရအောင်။ ပြီးမှ သတင်းအချက်အလက်တွေ မေးမြန်းကြည့်တာပေါ့"
ယဲ့ဖျင်: "ကောင်းပြီ အချက်အလက်အရင်မေးတာ ပိုကောင်းပါတယ်။ နတ်ဘုရားသတ်တပ်ဖွဲ့ဝင်တွေက ပထမအဆင့် ညစ်ညမ်းဇုန်တွေ၊ ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်တွေကို ဖြတ်သန်းသွားလာနေကျဆိုတော့ ဘယ်နေရာမှာ နတ်ဘုရားအဆင့် သားရဲတွေ ပုန်းနေတတ်သလဲဆိုတာ သူတို့က ပိုသိကြတယ်လေ"
ရွှီရန် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့"
သူတို့ စကားပြောနေစဉ်မှာပင် တတိယခံစစ်လိုင်းမှ ကွပ်ကဲမှုအဖွဲ့မှူးများနှင့် တိုက်ခိုက်ရေးအဖွဲ့များမှာ ဘေးကင်းဇုန်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြတော့သည်။
"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီပဲ။ ခေါင်းပြတ်တစ္ဆေတွေရဲ့ မရိုးနိုင်တဲ့ ပြန်လည်ရှင်သန်နိုင်
စွမ်းက ပေးတဲ့ဖိအားကတော့ တကယ်ကို ရွံစရာကောင်းတာပဲဗျာ"
"ငါတော့ ကောင်းကောင်းအိပ်ဖို့ လိုနေပြီ"
"ဒါပေမဲ့ အရင်ဆုံး ဒီလောက်ကြီးမားတဲ့ စွမ်းဆောင်ရည်ပြခဲ့တဲ့ လူကြီးမင်းကို သွားပြီး နှုတ်ဆက်ကြရအောင်လား"
ကွပ်ကဲမှုအဖွဲ့မှူး နှစ်ဦးသည် ရွှီရန်ထံသို့ ချဉ်းကပ်လာကြသည်။
"မင်္ဂလာပါ မင်းရဲ့ ကြီးမားလှတဲ့ ကူညီစွမ်းဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဘေးကင်းဇုန်ကနေ ထိုက်တန်တဲ့ ဆုလာဘ်တစ်ခု ထုတ်ပေးပါလိမ့်မယ်"
ယဲ့ဖျင်က ရှေ့သို့တိုးလိုက်ပြီး သူ၏ စစ်ဆေးရေးမှူးရင်ထိုးတံဆိပ်ကို ထုတ်ပြလိုက်သည်။
"ဆုလာဘ်ကိစ္စကိုတော့ ခဏလောက် အချိန်ယူပြီး ပြင်ဆင်ထားပေးပါ။ ကျွန်တော်တို့မှာ ကိုင်တွယ်စရာ ကိစ္စတချို့ ရှိနေသေးလို့ အရင်မှတ်သားထားပေးပါဦး။ နောက်မှ ပြန်လာထုတ်ပါ့မယ်"
ကွပ်ကဲမှုအဖွဲ့မှူး နှစ်ဦးသည် ရင်ထိုးတံဆိပ်ကို ကြည့်လိုက်ပြီးနောက် "ကောင်းပါပြီ"
"ဝန်ဆောင်မှုဗျူရိုမှာ ခဏလောက် နားချင်ပါသလား"
ချိုက်မြောင်နှင့် အခြားသူများက လက်ယမ်းပြလိုက်ကြသည်။
"မလိုပါဘူး ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်ရဦးမယ်။ မင်းတို့လည်း မင်းတို့အလုပ် ဆက်လုပ်ကြပါ။ မြို့ပြင်ပိုင်းက ပြန်လည်တည်ဆောက်ဖို့ လိုနေသေးတာပဲ..."
ကွပ်ကဲမှုအဖွဲ့မှူးများ "နားလည်ပါပြီ ဒါဆို ကျွန်တော်တို့ အရင်သွားခွင့်ပြုပါဦး"
ကွပ်ကဲမှုအဖွဲ့မှူး နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်...
သူတို့အားလုံး ဘေးကင်းဇုန်၏ အစွန်းဘက်သို့ လျှောက်သွားကြပြီး ပြန်လာမည့် နတ်ဘုရားသတ်တပ်ဖွဲ့ ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ငါးမိနစ်ခန့် ကြာပြီးနောက် ကောင်းကင်ယံထက်တွင် မီးလျှံလေကာအင်္ကျီများနှင့် ရွှေရောင်လေကာအင်္ကျီများ တဖျတ်ဖျတ် လွင့်ပျံနေကြသည်။
တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ သူတို့အားလုံး ရွှီရန်၊ ယဲ့ဖျင်၊ ချိုက်မြောင်၊ ဖူလင်နှင့် လီဝေတို့ရှေ့သို့ ဆင်းသက်လိုက်ကြသည်။ ရွှီရန်သည် နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များကို စူးစမ်းကြည့်လိုက်ရာ သူတို့၏ လေကာအင်္ကျီများမှာ အတော်ပင် ခန့်ညားလှသည်ကို တွေ့ရသည်။ ၎င်းတို့ကို ညစ်ညမ်းမှုများကို နှိမ်နင်းနိုင်သည့် ပိုးမွှားများနှင့် ပုရွက်ဆိတ်များထံမှရသော သွေးမျှင်များဖြင့် ရက်လုပ်ထားခြင်းဖြစ်ပြီး အခြားသော အထူးစွမ်းရည်များလည်း ရှိနိုင်သည်။
"ဟေ့... ဖျင်လေး"
လင်းဖုန်းက လှမ်းနှုတ်ဆက်ရင်း "မင်းခေါ်လာတဲ့ ပါရမီရှင်လေးက အကြီးအကျယ် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ငါတို့ ကြားထားတယ်။ ငါတို့ကို မိတ်ဆက်ပေးဦးလေ"
ယဲ့ဖျင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရွှီရန်ကို ရှေ့သို့ ဆွဲထုတ်လိုက်ပြီး "ရွှီရန်တဲ့။ အခုမှ ရှစ်နှစ်ပြည့်တာ။ ကျင်းပြည်နယ် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း၊ အတန်း ၄၉ က ကျောင်းသားလေးပေါ့။"
နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံး မှင်တက်သွားကြတော့သည်။
"ရှစ်နှစ်ပဲ ရှိသေးတာလား"
"ရှစ်နှစ်သားလေးက ခေါင်းပြတ်တစ္ဆေ ကိုယ်ပွားတစ်သောင်းကို တစ်ယောက်တည်း ဖျက်ဆီးပစ်လိုက်တာလား။ အဲဒီကိုယ်ပွားတွေက အနည်းဆုံး သွေးအင်အား ၆၀,၀၀၀ စီ ရှိကြတာ မဟုတ်လား"
"ဒါ ဘယ်လို လူသားမျိုးနွယ်လဲဗျာ..."
သူတို့၏ အကြည့်များမှာ ရှားပါးရတနာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ ရွှီရန် အပေါ်တွင်သာ စွဲထင်နေတော့သည်။ ရွှီရန်က ပုခုံးတွန့်ပြရင်း နှိမ့်ချစွာဖြင့် "ကံကောင်းသွားတာပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ရဲ့ စွမ်းရည်က တစ္ဆေအမျိုးအစား သတ္တဝါတွေကို နှိမ်နင်းနိုင်လို့ပါ" ဟု ပြောလိုက်သည်။
လင်းဖုန်းက ခေါင်းခါလိုက်ပြီး "ခေါင်းပြတ်တစ္ဆေ တစ်သောင်းကို ရှင်းပစ်နိုင်တာက ကံကောင်းတာနဲ့တင် မဆိုင်ဘူး။ ဒါက မင်းရဲ့ အစစ်အမှန် ခွန်အားကြောင့်ပဲ။ ရှစ်နှစ်... တကယ်ပဲ ရှစ်နှစ်သားလား"
မီးလျှံတပ်ဖွဲ့ခေါင်းဆောင် လျိုယန်က "ဒီမျိုးဆက်က တကယ့်ကို သန်မာတာပဲ။ ပုံရိပ်ယောင် အရှင်သခင်၊ သန့်စင်ခြင်း မိုးကြိုးတစ်သောင်း၊ အဏုကြည့် ပုံသဏ္ဌာန်တစ်သောင်းတို့လို ပါရမီရှင်တွေလည်း ရှိနေပြီ..."
"မျိုးဆက်သစ်တွေ ဒီလောက်သန်မာနေမှတော့ ငါတို့ နတ်ဘုရားသတ်တပ်ဖွဲ့တွေလည်း အသက်နဲ့ရင်းပြီး ကြိုးစားရတော့မှာပေါ့။ ဘေးကင်းဇုန်ကိုတော့ အဖောက်ခံလို့ မဖြစ်ဘူး"
လင်းဖုန်း၏ မျက်လုံးများက စူးရှသွားပြီး "အင်း... ဂြိုဟ်သားသားရဲတွေက နောက်သုံးနှစ်အတွင်းမှာ ငါတို့ရဲ့ ဘေးကင်းဇုန်ကို ဖျက်ဆီးဖို့ ကြံစည်နေကြတယ်။ ငါတို့ကတော့ ဒီဇုန်ကို ငါးနှစ် ဆယ်နှစ်အထိ တည်တံ့နေအောင် လုပ်ရမယ်"
ရွှီရန် မျက်ခုံးပင့်လိုက်ရင်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"ဘေးကင်းဇုန်ကလည်း ပြိုကွဲနိုင်တာလား"
လျိုယန်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး "ဟုတ်တယ်"
"ဘေးကင်းဇုန် တည်ရှိလာတာ ၁၇၀ ကျော်ပြီ။ တစ်ချိန်ကတော့ ငါတို့ ဒါကို ထာဝရတည်ရှိမယ့်။ ငါတို့ တိုင်းပြည်အတွက် ထာဝရခိုလှုံရာ ဖြစ်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးရရှိတဲ့ သတင်းတွေအရဆိုရင် ဂြိုဟ်သားတွေက ဗဟိုချက်ဇုန်တွေကိုသာ ဆက်တိုက် ထိုးဖောက်
နိုင်ခဲ့ရင် အတိုင်းအတာတစ်ခုရောက်တဲ့အခါ ဘေးကင်းဇုန်ကြီး တစ်ခုလုံး ပြိုကွဲသွားလိမ့်မယ်"
အခန်း။ ၁၂၄
အဖွဲ့သားနောက်တစ်ဦးက ထပ်လောင်းပြောကြားသည်။
"ဟွာရှဲ့ရဲ့ ဘေးကင်းဇုန်တွေဟာ ငါတို့ကို ကာကွယ်ပေးထားရုံတင်မကဘူး။ နတ်ဘုရားအဆင့် သလင်းကျောက်သားရဲတွေနဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားတွေ၊ ကမ္ဘာမြေထဲကို ကျူးကျော်မလာနိုင်အောင် တားဆီးပေးထားတာ။ တကယ်လို့ ဘေးကင်းဇုန်သာ ပြိုကွဲသွားရင် အဲဒီနတ်ဘုရားအဆင့် သတ္တဝါတွေက ကမ္ဘာမြေကို နင်းခြေဖျက်ဆီးပြီး တစ်ကမ္ဘာလုံးကို ညစ်ညမ်းဇုန်အဖြစ် ပြောင်းလဲပစ်ကြလိမ့်မယ်"
ရွှီရန် အံ့အားသင့်သွားပြီး စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာသည်။
"ဒါဆိုရင်... အိပ်မက်ဆိုး ကလဲ့စားချေမိခင်က ဘယ်လိုလုပ်ပြီး အပြာရောင်ကြယ်ထဲကို ရောက်လာတာလဲ"
နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံး ကြောင်အသွားကြသည်။
"ဒါကတော့... ငါတို့လည်း မသိဘူး"
ရွှီရန်: "မသိဘူး ဟုတ်လား"
လင်းဖုန်းက ပုခုံးတွန့်ပြရင်း "အေးလေ ငါတို့က နတ်ဘုရားအဆင့် စွမ်းရည်တွေ ရှိတာမှ မဟုတ်တာ။ ဒါကြောင့် အဲဒီအကြောင်းရင်းကို ငါတို့ တကယ်မသိဘူး"
လျိုယန်ကလည်း ခေါင်းခါပြသည်။
"ငါတို့တွေ အဖွဲ့လိုက်ပူးပေါင်းပြီး နတ်ဘုရားရဲ့ ရုပ်ခန္ဓာကို ခက်ခက်ခဲခဲ ဖျက်ဆီးနိုင်တယ်ဆိုဦးတော့ သူ့ရဲ့ အနှစ်သာရဖြစ်တဲ့ နက်နဲသောမျက်လုံးကိုတော့ ငါတို့ လုံးဝ မဖျက်ဆီးနိုင်ဘူး။ အဲဒီမျက်လုံးက အတားအဆီးအားလုံးကို လျစ်လျူရှုပြီး ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်ဆီကိုဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂြိုဟ်သားဆီကိုဖြစ်ဖြစ် တဖြည်းဖြည်း ပျံသန်းသွားလိမ့်မယ်။ ပြီးရင် သူ့ရဲ့ အသိုက်အအုံထဲမှာ အင်အားပြန်ဖြည့်ပြီး တစ်ကျော့ပြန် လာဦးမှာပဲ"
နက်နဲသောမျက်လုံးဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် ရွှီရန် ချက်ချင်း စိတ်ဝင်တစား ဖြစ်သွားသည်။
"နက်နဲသောမျက်လုံး ဟုတ်လား အဲဒါက ခရမ်းပုပ်ရောင်သန်းပြီး ဝဲဂယက်တစ်ခုလို ကြယ်စုတန်းတစ်ခုလိုမျိုးလား။ အမြင်အာရုံ၊ ဟင်းလင်းပြင်၊ အလင်းတန်းနဲ့ ဝိညာဉ်စွမ်းအားတွေကို တွန့်လိမ်သွားစေတဲ့... ရွံစရာကောင်းတဲ့ ယုတ်မာသောမျက်လုံးမျိုးလား"
နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးက ရွှီရန်ကို သံသယမျက်လုံးဖြင့် ကြည့်လိုက်ကြသည်။
"ကျောင်းသုံးစာအုပ်တွေထဲမှာ အဲဒီပုံတွေ အများကြီး ပါတာပဲလေ။ ဒါကို ဒီလောက်ကြီး စိတ်လှုပ်ရှားနေစရာ လိုလို့လား"
ရွှီရန်: "...အဲဒီမျက်လုံးက အခု ဘယ်မှာလဲ"
လင်းဖုန်းက အဝေးတစ်နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။
"အဲဒါက ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်ဆီကို ပျံသွားပြီ။"
ရွှီရန် တစ်ချက်တည်းနှင့် ခုန်ထလိုက်ကာ "ကျွန်တော့်ကို လမ်းပြပေးနိုင်မလား အဲဒီမျက်လုံးကို အခုချက်ချင်း ရှာတွေ့ဖို့ လိုတယ်"
နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးမှာ အကြောင်းရင်းကိုပင် မမေးနိုင်သေးမီမှာပင်...
ရွှီရန်က သူတို့၏ စကားဝိုင်းကို ဖြတ်ပြောလိုက်သည်။
"အဲဒီမျက်လုံးက အမြန်ကြီး ပျံနေတာလား ကျွန်တော်တို့ မှီနိုင်ပါဦးမလား မြန်မြန် မြန်မြန်... မေးခွန်းတွေ အများကြီး မမေးပါနဲ့ဦး။ ကျွန်တော့်ကို အဲဒီမျက်လုံးနောက် လိုက်နိုင်အောင် အရင် ခေါ်သွားပေးကြပါ"
ပြောနေစဉ်မှာပင် ရွှီရန်၏ ပုံရိပ်မှာ လှုပ်ခတ်သွားပြီး ကိုယ်ပျောက်အခြေအနေသို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
ရွှီရန်၏ ကိုယ်ပျောက်အတတ်ကို မြင်လိုက်ရသောအခါ နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံး အာရုံစိုက်ပြီး ရှာဖွေကြည့်ကြသော်လည်း ရွှီရန် ရှိနေသည့်နေရာကို လုံးဝ ရှာမတွေ့နိုင်ကြချေ။
သူတို့အားလုံး မှင်တက်သွားကြသည်။
"ဒါ ဘာကြီးလဲ ကိုယ်ပျောက်အတတ်လား ကောင်းကင်ဘုံပေး နတ်ဘုရားအတတ် လား"
လျိုယန်က ယဲ့ဖျင်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။
"သူ့ရဲ့ နတ်ဘုရားအတတ်က တစ္ဆေတွေကို နှိမ်နင်းနိုင်တဲ့ ရုပ်သေးရုပ်တွေ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ကိုယ်ပျောက်နိုင်ရတာလဲ"
ယဲ့ဖျင်: "အင်း... ပြောရရင်တော့ သူက ဉာဏ်အလင်းပွင့် အမြုတေအရိုးပိုင်ရှင်လေ။ ဒါကြောင့် သူ့မှာ အတွေးအခေါ်တွေ အများကြီးရှိတယ်။ တွေးခေါ်ပုံကလည်း အရမ်းကျယ်ပြန့်တယ်။ ငယ်ငယ်လေးနဲ့တင် သူကိုယ်တိုင် ဒီကိုယ်ပျောက်စွမ်းရည်ကို တီထွင်ခဲ့တာပေါ့။ ဒါပေမဲ့ သာမန်လူတွေတော့ ဒါကို လိုက်မသင်နိုင်ကြဘူး။ ကျွန်တော်ကိုယ်တိုင်တောင် မတတ်ဘူးလေ။ မူကြိုကျောင်းက ပါရမီရှင်ကလေး နှစ်ယောက်လောက်တော့ ဒါကို သင်ယူနိုင်ခဲ့ပေမဲ့ သူ့လောက်တော့ လုံးဝ သဲလွန်စမကျန်အောင် မပုန်းနိုင်ကြပါဘူး"
"တစ္ဆေတွေကို နှိမ်နင်းနိုင်တဲ့ ရုပ်သေးရုပ်ကတော့ သူ့ရဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ် ဖြစ်တဲ့ပေါ့"
ဒီရှင်းပြချက်ကို ကြားပြီးနောက် နတ်ဘုရားသတ်တပ်ဖွဲ့ဝင် နှစ်ဖွဲ့စလုံး ပို၍ပင် အံ့အားသင့်သွားကြသည်။
အထူးသဖြင့် လီဝေ၊ ဖူလင် နှင့် ချိုက်မြောင်တို့မှာ ပို၍ပင် တုန်လှုပ်သွားကြသည်။
"ဉာဏ်အလင်းပွင့် အမြုတေအရိုး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်ပျောက်အတတ် ဒါကတော့ တကယ်ကို မယုံနိုင်စရာပဲ။ ဒီကိုယ်ပျောက်အတတ်က ကောင်းကင်ဘုံပေး နတ်ဘုရားအတတ် တစ်ခုနဲ့တောင် တန်းတူနေပြီ မဟုတ်လား"
လင်းဖုန်းသည် လေကို ပြင်းပြင်းရှူသွင်းပြီး ပြန်ထုတ်လိုက်သည်။ နတ်ဘုရားသတ်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် စွမ်းအင်ဆွဲထုတ်ခြင်းဟူသော နတ်ဘုရားအတတ်ကို ပိုင်ဆိုင်ထားပြီး ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ဦးဖြစ်သည်။ သို့သော်လည်း ရွှီရန်၏ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းကို မြင်သောအခါ သူပင် ဆွံ့အသွားရသည်။
"ကိုယ်ပိုင် နတ်ဘုရားအတတ် တစ်ခုကို ဖန်တီးနိုင်တယ် ဟုတ်လား မင်းကိုတော့ ငါ ပြိုင်ဘက်ကင်းလို့ပဲ ခေါ်ရတော့မယ်"
လျိုယန်က တစ်ခုခုကို သတိပြုမိသွားသည်။
"နေပါဦး... ဉာဏ်အလင်းပွင့် အမြုတေအရိုး ရှိပြီး ကိုယ်ပျောက်အတတ်ကို ဖန်တီးနိုင်တယ်ဆိုရင် တခြားစွမ်းရည်တွေကိုလည်း ထပ်ပြီး ဖန်တီးနိုင်တယ်ဆိုတဲ့ သဘောလား"
ရွှီရန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူတို့၏ စကားဝိုင်းကို ထပ်မံဖြတ်ပြောလိုက်သည်။
"ဒီမှာ... အံ့သြနေတာတွေ ခဏရပ်ပြီး လမ်းပြပေးကြပါဦး အရေးကြီးနေလို့ပါ မြန်မြန် မြန်မြန်"
သူ့မှာ နတ်ဘုရားများ၏ ဆည်းဆာဆိုသည့် ရွှေနီရောင် အောင်မြင်မှုမှတ်တမ်းရှိနေသည်။ ထို့ကြောင့် သူ့အတွက်မူ ထိုယုတ်မာသောမျက်လုံးဆိုသည်မှာ နတ်ဘုရားအနှစ်သာရနှင့် အတူတူပင်။
နတ်ဘုရားအနှစ်သာရ ဆိုသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ထူးခြားသည့် အမြုတေအရိုးကို ပြိုးထောင်ပေးနိုင်သည့် နတ်ဘုရားအဆင့် ရတနာတစ်ခုပင်။ ဤကဲ့သို့သော အခွင့်အရေးမျိုးနှင့် ကြုံလာရမှတော့ သူ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ။
အားလုံးက "..."
လျိုယန်က လက်နှစ်ဖက်ကို ဘေးသို့ကားပြရင်း လက်လျှော့လိုက်သည့်အမူအရာဖြင့် "ဒါပေမဲ့ အဲဒီမျက်လုံးကို ဘာလို့ ဒီလောက် အသည်းအသန် လိုက်ရှာနေရတာလဲ။ ဘယ်သူမှလည်း အဲဒါကို တားလို့မရဘူးလေ... အဲဒါက နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုပဲ။ ငါတို့ကတော့ အဲဒီမျက်လုံးထက် မင်းကို ပိုပြီး စိတ်ဝင်စားနေတာ"
ရွှီရန်က လူစားထိုး စက္ကူရုပ်တစ်ရုပ်ကို ထုတ်လိုက်ရင်း "မဟုတ်ဘူး ကျွန်တော်က အဲဒီမျက်လုံးကို ပိုစိတ်ဝင်စားတာ။ ကျွန်တော့်ကို အဲဒီနက်နဲသောမျက်လုံးဆီ အရင်ခေါ်သွားပေးပါ။ ပြန်ရောက်လာရင် ကျွန်တော် မင်းတို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်"
"ဒါနဲ့... အဲဒီမျက်လုံးက ဘယ်လောက်မြန်လဲ အခုလိုက်ရင် မှီဦးမလား ဝါးတားတားနဲ့ အချိန်ကုန် လူပန်းတာမျိုးတော့ မဖြစ်ချင်ဘူးနော်"
"အော်... အနီးအနားမှာ တခြား နတ်ဘုရားအဆင့် သားရဲတွေတော့ ထပ်မရှိနိုင်တော့ဘူး မဟုတ်လား။ အပြင်မှာ အန္တရာယ် ဘယ်လောက်ရှိလဲ"