← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း။ ၁၂၅

နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးက ရွှီရန်ကို တညီတညွတ်တည်း ကြည့်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ရယ်မောလိုက်ကြတော့သည်။

လျိုယန်က အားရပါးရ ရယ်မောရင်း "ဒီကောင်လေးကတော့... မင်းက ဘာလို့ ဒီနက်နဲသောမျက်လုံးကို စိတ်ဝင်စားနေရတာလဲ"

"အမှန်အတိုင်း ပြောရရင် အဲဒီမျက်လုံးက ပျံလေလေ ပိုမြန်လာလေလေပဲ။ တကယ်လို့ လမ်းမှာ တခြားနတ်ဘုရားတစ်ပါးပါးနဲ့ တွေ့ရင် အဲဒီနတ်ဘုရားက သူ့ကို သိမ်းသွားလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ ငါတို့ ဘယ်လိုမှ မှီမှာမဟုတ်တော့ဘူး..."

"ပြီးတော့ ငါတို့ကလည်း သူ့နောက်ကို လိုက်ဖို့ အစီအစဉ်မရှိဘူးလေ။ လိုက်ရတာက အရမ်းအန္တရာယ်များလွန်းတယ်"

ရင့်ကျက်သောအလှပိုင်ရှင် ရှောင်ရွှယ်က လူစားထိုး စက္ကူရုပ်၏လမ်းကို ပိတ်ရပ်လိုက်ရင်း "ဟေ့... ဟေ့... မင်းက ထွက်သွားဖို့ ပြင်နေတာလား ထူးဆန်းလိုက်တာ ငါတို့က မင်းနဲ့ သဘောတူညီချက် မရသေးဘူးလေ။"

"နတ်ဘုရားအဆင့် သတ္တဝါတွေနဲ့ တိုက်ရတာက ပင်ပန်းလွန်းတယ်။ ငါတို့က အေးအေးဆေးဆေး အနားယူပြီး အိပ်ချင်နေတာ ဟုတ်တယ်မလား အားလုံးပဲ"

လင်းဖုန်းက ချောင်းနှစ်ချက်ဟန့်ကာ "မင်းက အဲဒီမျက်လုံးအကြောင်း ကြားကတည်းက တည်ငြိမ်မှု ပျက်နေတာပဲ။ ဘာလို့ ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲ"

ရွှီရန်: "..."

စကားမပြောချင်တော့ဘူး... ဘယ်သူမဆို ဒီလိုဖြစ်မှာပဲလေ။ တခြားလူတွေအတွက် နက်နဲသောမျက်လုံးက ဖျက်ဆီးလို့မရတဲ့အရာ တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းတဲ့အရာ ဖြစ်နေပေမဲ့...

ငါ့အတွက်တော့ အဲဒါက နတ်ဘုရားအနှစ်သာရဖြစ်ပြီး နတ်ဘုရားအဆင့် အရင်းအမြစ်တစ်ခုပဲ။

၎င်းသည် နောင်တစ်ချိန်တွင် သူ၏ အမြုတေအရိုးကို ပြိုးထောင်ရန်အတွက် တိုက်ရိုက်ပတ်သက်နေသည်။

အကယ်၍ ဒါကို လက်လွတ်ခံလိုက်ရလျှင် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။

နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးကို စည်းရုံးနိုင်ရန်အတွက် ရွှီရန်မှာ အမှန်တရား၏ တချို့အစိတ်အပိုင်းကို ဖွင့်ပြောပြရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"ဒီလိုပါ... ကျွန်တော်က ခေါင်းပြတ်တစ္ဆေတွေရဲ့ နတ်ဘုရားအတတ်ကို နှိမ်နင်းနိုင်ရုံတင်မကဘူး။ အဲဒီ နက်နဲသောမျက်လုံးကိုလည်း ဖျက်ဆီးပစ်နိုင်စွမ်းရှိတယ်။ ဒါကို ဦးလေး ယဲ့ဖျင်က အာမခံနိုင်ပါတယ်"

ယဲ့ဖျင်: "..."

သူက ခပ်တည်တည်ဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် ငါ အာမခံတယ်"

ထိုစကားအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး သင်္ချိုင်းကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ အံ့သြတုန်လှုပ်နေသော အကြည့်များသည် လူစားထိုး စက္ကူရုပ် ရွှီရန်ထံသို့ တစ်လှည့် ယဲ့ဖျင်ထံသို့ တစ်လှည့် ထို့နောက် ရွှီရန်ထံသို့ တစ်လှည့် အကြိမ်ကြိမ် ရောက်ရှိလာကြသည်။

ဒါကို ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုလို့ ခေါ်ရမလား။

ဒါမှမဟုတ် ပါရမီရှင်လူငယ်လေးက အတွေ့အကြုံမရှိသေးလို့ အဲဒီမျက်လုံးရဲ့ ကြောက်မက်

ဖွယ်ကောင်းပုံကို မသိဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာလား။

တကယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာဆိုရင်တောင်... ယဲ့ဖျင်လို လူမျိုးကတော့ ဒီလိုအမှားမျိုး လုပ်မှာမဟုတ်ဘူး မဟုတ်လား။

နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံး သံသယဝင်နေကြသည်။ သူတို့၏ စိတ်ထဲတွင်တော့ နက်နဲသောမျက်လုံး ကို ဖျက်ဆီးပစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောကိစ္စဟုသာ မှတ်ယူထားကြသည်။

သို့သော်လည်း သူတို့သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေသည့် လူစားထိုးစက္ကူရုပ် ရွှီရန်ကို ကြည့်ရင်း သူတို့၏ လူငယ်ဘဝ အမှတ်တရများကို ပြန်လည် မြင်ယောင်လာကြတော့သည်။

မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခြင်းပင်။

ထိုစဉ်က သူတို့ကိုယ်တိုင်လည်း လောကကြီးကို ပြောင်းလဲပစ်မည်ဟူသော စိတ်ဓာတ်ဖြင့် ကြောက်ရွံ့ခြင်းကင်းသည့် လူငယ်များ ဖြစ်ခဲ့ဖူးသည်။

ယခုအခါတွင်မူ သူတို့သည် ရန်ငြိုးဖွဲ့နတ်ဘုရားများ၊ နတ်ဘုရားအဆင့် သလင်းကျောက်သားရဲများနှင့် တစ္ဆေသရဲများ၏ မသေနိုင်သော သဘာဝကို နားလည်သွားကြပြီဖြစ်သည်။ ထိုအမှန်တရားက သူတို့ကို ရိုက်ချိုးထားသကဲ့သို့ ရှိနေသော်လည်း...

သူတို့၏ မျိုးဆက်သစ်လူငယ်လေး၏ ယုံကြည်ချက်နှင့် ပြတ်သားမှုကို မြင်လိုက်ရသောအခါ သူတို့၏ ပင်ကိုယ်ဗီဇအရ ကာကွယ်ပေးလိုစိတ်နှင့် အားပေးလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

လင်းဖုန်းသည် အခြားသူများကို ဝေ့ကြည့်လိုက်ရာ အားလုံးက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြနေကြသည်။

"အားလုံးက စမ်းကြည့်ဖို့ သဘောတူကြပုံပဲ။ ဒါဆို သွားကြတာပေါ့... ဒီကောင်လေးကို တစ်

ချက်လောက် အစွမ်းပြခွင့် ပေးလိုက်ကြရအောင်"

ရင့်ကျက်သောအလှပိုင်ရှင် ရှောင်ရွှယ်က "မင်း မအောင်မြင်ရင်တောင် ကိစ္စမရှိပါဘူး။ ရှစ်နှစ်သားနဲ့ ခေါင်းပြတ်တစ္ဆေ တစ်သောင်းကို သတ်နိုင်ခဲ့တဲ့ ကောင်လေးပဲ။ မင်း အရွယ်ရောက်လာတဲ့အခါ နတ်ဘုရားသတ်တပ်ဖွဲ့ကို ဦးဆောင်ပြီးတော့ အဲဒီ နတ်ဘုရားအဆင့် သတ္တဝါတွေကို ရှင်လျက်နဲ့ ငရဲရောက်အောင် အမြစ်ပြတ်သတ်ပစ်နိုင်မှာပါ။ အဲဒါကတင် တကယ့်ကို ကျေနပ်စရာကြီးပဲ"

လျိုယန်ကလည်း ကြိုတင်အားပေးလိုက်သည်။

"ဟုတ်တယ် သူတို့ကို တစ်ကြိမ်လောက် သတ်နိုင်ပြီး စွမ်းအင်တွေ ဆွဲထုတ်ပစ်လိုက်ရင်ကိုပဲ သူတို့ ပြန်နာလန်ထူဖို့ ဆယ်နှစ်လောက် ကြာသွားလိမ့်မယ်"

ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ့မှာ နတ်ဘုရားများ၏ ဆည်းဆာအောင်မြင်မှုမှတ်တမ်း ရှိနေသည်မှာ ကံကောင်းလှသည်။

ဘာပဲဖြစ်ဖြစ် နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံး သဘောတူသွားပြီ။

အကယ်၍ အဲဒီ နက်နဲသောမျက်လုံးကို မှီအောင် လိုက်နိုင်ခဲ့လျှင် နတ်ဘုရားအနှစ်သာရ တစ်စက်ဖြစ်စေ၊ နှစ်စက်ဖြစ်စေ ရိတ်သိမ်းနိုင်မည်မှာ သေချာသည်။ တစ်စက်တည်း ရလျှင်ပင် ကြီးမားသော အမြတ်အစွန်းဖြစ်သည်။

သို့သော်လည်း... မထွက်ခွာမီ ရွှီရန်သည် ထုံးစံအတိုင်း သတိကြီးစွာဖြင့် "အရင်ဆုံး တစ်ခုတော့ အတည်ပြုချင်ပါတယ်။ အဲဒီအနီးအနားမှာ တခြား အန္တရာယ်ရှိတဲ့ နတ်ဘုရားအဆင့် သတ္တဝါတွေ ပုန်းအောင်းမနေဘူးဆိုတာ သေချာရဲ့လား"

နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လင်းဖုန်းက "တကယ်ကို သတိကြီးတာပဲ။ စိတ်လောနေတာ သိသာပေမဲ့ ဘေးကင်းဖို့အတွက် ထပ်ခါတလဲလဲ အတည်ပြုနေသေးတယ်..."

"ဒီလိုပြောရမှာပေါ့... အနည်းဆုံးတော့ အခုနက ငါတို့ဟိုမှာ တိုက်နေတုန်းက တခြားနတ်ဘုရားတွေ ဝင်မနှောင့်ယှက်ခဲ့ဘူး။ ပြီးတော့ စိတ်ချပါ ငါတို့ရဲ့ မီးတောက်အကျဉ်းထောင်တပ်ဖွဲ့နဲ့ ဝိညာဉ်သန့်စင်တပ်ဖွဲ့က နတ်ဘုရားသတ်တပ်ဖွဲ့တွေထဲမှာ အဆင့် ၁၁ နဲ့ ၁၃ ရှိတဲ့ အဖွဲ့တွေပါနတ်ဘုရားတစ်ပါးနဲ့ တွေ့ရင်တောင် အဲဒါက ထူးဆန်းယန္တရား သားရဲမျိုး မဟုတ်သရွေ့ မင်းကို ဘေးကင်းအောင် ငါတို့ ကာကွယ်ပေးနိုင်ပါတယ်"

မီးတောက်အကျဉ်းထောင်တပ်ဖွဲ့ ခေါင်းဆောင် လျိုယန်က ရွှီရန် ကို အထင်ကြီးလေးစားစွာ ကြည့်ရင်း "မင်း ငါတို့ရဲ့ အသုံးအနှုန်းတွေကို နားမလည်တာ ဖြစ်နိုင်တယ်။ ငါတို့ ယန္တရားသားရဲ လို့ ခေါ်တဲ့အကောင်တွေက ခေါင်းပြတ်တစ္ဆေလို သတ္တဝါမျိုးတွေကို ပြောတာ။ သူတို့မှာ ထူးခြားတဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်တွေ ရှိတယ်။ အဲဒါတွေကို အဖြေမရှာနိုင်ဘဲ သူတို့ရဲ့ ပင်မခန္ဓာကို ရှာမတွေ့ဘူးဆိုရင်... မင်း အဆုံးမရှိ ကစားခံနေရမှာပဲ"

"ယန္တရားသားရဲတွေက အထူးဆန်းဆုံးနဲ့ အစက်ဆုပ်ရွံရှာစရာ အကောင်းဆုံး အမျိုးအစားတွေပဲ။ သူတို့က မွေးရာပါ ကောင်းချီးပေးခံရသလိုမျိုး ဖြစ်နေလို့ နတ်ဘုရားအဆင့် ရောက်ဖို့ အရမ်းလွယ်တယ်။ ယန္တရားသားရဲ အသစ်တစ်ကောင် ပေါ်လာတိုင်း လူသားတွေဘက်က အကြီးအကျယ် ပေးဆပ်ကြရတယ်..."

"ဒါပေမဲ့ အခုနက ခေါင်းပြတ်တစ္ဆေကတော့ တကယ်ကို ကံဆိုးတာပဲ။ သူ့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို ထုတ်ပြခါစပဲ ရှိသေးတယ်။ မင်းရဲ့ လက်ချက်နဲ့ အမြစ်ပြတ်သွားတာကိုး"

လျိုယန်က ပြောရင်းနှင့်ပင် မရယ်ဘဲ မနေနိုင်တော့ပေ။ သူတို့အရင်က ကြုံခဲ့ဖူးသည့် ယန္တရားသားရဲများသည် အလွန်ထူးဆန်းခြင်း မရှိသော်လည်း သူတို့မှာ အပြင်းအထန် ဒဏ်ရာရပြီး အသက်လု ထွက်ပြေးခဲ့ရဖူးသည်။

ဒီတစ်ကြိမ် ခေါင်းပြတ်တစ္ဆေနှင့် တွေ့ချိန်တွင်လည်း ထပ်ပြီး ဒုက္ခရောက်ဦးမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွှီရန်က တတိယခံစစ်လိုင်းတွင် သောင်းကျန်းလိုက်သဖြင့် ခေါင်းပြတ်တစ္ဆေ၏ စွမ်းအင်များ ထရမ်းသွားပြီး အားနည်းချက်များ ပေါ်ထွက်လာခဲ့ရသည်။

ဝန်ခံရမည်ဆိုလျှင်... ဒါက သူတို့အတွက် အလွယ်ကူဆုံး တိုက်ပွဲပင်ါ

မီးတောက်အကျဉ်းထောင်တပ်ဖွဲ့ မှ ရင့်ကျက်သောအမျိုးသမီး ရှောင်ရွှယ်က ဖြည့်စွက်

ပြောသည်။

"နောက်တစ်ခု ထပ်ပြောရရင်..."

"ပုံမှန်အားဖြင့် ယန္တရားသားရဲတွေက အလွယ်တကူ တိုက်စစ်ဆင်လေ့ မရှိဘူး။ တခြား နတ်ဘုရားအဆင့် သတ္တဝါတွေနဲ့ ယှဉ်ရင် ယန္တရားသားရဲတွေရဲ့ ပင်မခန္ဓာက ပိုပြီး အားနည်းတတ်တယ်။ သူတို့ရဲ့ အစွမ်းက ကြီးထွားနှုန်း မြန်တာမှာ ရှိတာ။ ဒါကြောင့် သူတို့က အဆင့်မြင့် နတ်ဘုရားတွေ ဖြစ်လာဖို့အတွက် နောက်တန်းမှာ ပုန်းအောင်းပြီး ကြီးထွားဖို့ကိုပဲ အာရုံစိုက်လေ့ရှိတယ်"

"ဘေးကင်းဇုန်ကို တိုက်ခိုက်ဖို့ကိုတော့ သာမန်နတ်ဘုရားတွေကိုပဲ လွှတ်လိုက်တာ။ ဒါတောင်မှ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာအတွင်းမှာ လူသားတွေဟာ ယန္တရားသားရဲ ၄၂၇ ကောင်နဲ့ ကြုံခဲ့ရပြီး ယွဲ့နယ်ပယ် စွမ်းအားရှင် ၂၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ကြတယ်။ တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ..."

ရွှီရန် စဉ်းစားလိုက်သည်။

"အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကလည်း ယန္တရားသားရဲ အမျိုးအစားပဲလား"

လင်းဖုန်းက အခိုင်အမာ ခေါင်းညိတ်ပြသည်။

"ဟုတ်တယ် ပြီးတော့ တကယ်ကို ထူးဆန်းတဲ့ ယန္တရားသားရဲ အမျိုးအစားပဲ"

အခန်း။ ၁၂၆

"အော်... မင်းက အိပ်မက်ဆိုး ကလဲ့စားချေမိခင်နဲ့ ကြုံခဲ့ဖူးတာပဲ။ အဲဒီသတ္တဝါကို နှိမ်နင်းခဲ့တဲ့ မှတ်တမ်းဖိုင်တွဲကို လျှို့ဝှက်အဆင့်အတန်းအနေနဲ့ ပိတ်သိမ်းထားတယ်လို့ ကြားတယ်။ ငါတို့ကြည့်ချင်ရင်တောင် နောက်ထပ်ဆယ်နှစ်လောက် စောင့်ရဦးမှာပဲ"

ရွှီရန် မျက်ခုံးပင့်လိုက်မိသည်။ ဝန်ခံရလျှင် ဤအချက်အလက်မှာ တကယ့်ကို အဆင့်မြင့်လျှို့ဝှက်ချက်ဖြစ်နေသည်။

ကြည့်ရတာ ရန်ငြိုးဖွဲ့နတ်ဘုရားတွေ၊ နတ်ဘုရားအဆင့် သားရဲတွေနဲ့ တစ္ဆေတွေတောင် ငါ့ရဲ့စွမ်းရည်အစစ်အမှန်ကို သိမှာမဟုတ်ဘူး။

ဒါဆိုရင် သူတို့က ငါ့ကိုသီးသန့် ရည်ရွယ်ချက်ရှိရှိ လာတိုက်ခိုက်ဖို့ မလွယ်ဘူး...

ဒါ့အပြင် အခုရှိနေတဲ့ လုံခြုံရေးကလည်း တကယ့်ကို အမြင့်ဆုံးအဆင့်မှာရှိနေသည်အဆင့် ၁၁ နဲ့ ၁၃ ရှိတဲ့ နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့ရယ်၊ ဦးလေး ယဲ့ဖျင်၊ ဦးလေး လီဝေ၊ အန်တီ ချိုက်မြောင် နဲ့ ဦးလေး ဖူလင်... ချက်ချင်းသတ်နိုင်တဲ့ ယန္တရားသားရဲမျိုးနဲ့သာ မတွေ့ရင်ပေါ့။

တကယ်လို့ နတ်ဘုရားတစ်ပါးပါးနဲ့ တွေ့ရင်တောင် အခွင့်အရေးယူပြီး နတ်ဘုရားသတ်ပွဲ ဆင်နွှဲလို့ရသေးတယ်။

တကယ်လို့ ယန္တရားသားရဲနဲ့ တိုးခဲ့ရင်တောင် ငါ့မှာ ကိုယ်ပျောက်အတတ်၊ ကိုယ်လက်အင်္ဂါပြန်ပေါက်တဲ့စွမ်းရည်နဲ့ လူစားထိုးပြောင်းလဲခြင်းနှစ်ခုတောင် ရှိနေသေးတာပဲ...

ခြုံပြောရရင်ငါ့ကိုသတ်ဖို့ဆိုတာ မလွယ်ပါဘူး။

သူ၏ ဝှက်ဖဲများကို ပြန်တွေးရင်း လူစားထိုးစက္ကူရုပ် ရွှီရန်က ဘေးကင်းဇုန်အပြင်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

"ဒါဆိုရင် သွားကြစို့ အဲဒီ နက်နဲသောမျက်လုံးကို လွတ်မသွားစေနဲ့"

လင်းဖုန်းက ခေါင်းညိတ်ပြသည်။

"ကောင်းပြီ မင်းဖျက်ဆီးနိုင်မနိုင်ကတော့ တစ်ပိုင်းပေါ့။ မင်းက ဒီလောက်တောင်းဆိုနေမှတော့ ငါတို့ မင်းနောက် လိုက်ခဲ့ပေးပါ့မယ်"

ပြောပြီးသည်နှင့် သူသည် ညစ်ညမ်းဇုန်ဘက်သို့ မျက်နှာမူလိုက်ရာ သူ၏ရွှေရောင်လေကာအင်္ကျီမှာ တလွင့်လွင့် ဖြစ်သွားသည်။

"မင်းကို ငါချီပြီး ခေါ်သွားပေးရမလား မင်းရဲ့အရှိန်နဲ့ဆိုရင်တော့ လမ်းမှာ ငါတို့ရဲ့ ခြေရာတောင် မှီမှာမဟုတ်ဘူး..."

"ရတာပေါ့ ကျေးဇူးပဲ ဦးလေးဖုန်း"

ရွှီရန်က လေသံပြတ်ပြတ်ဖြင့်ပင် သဘောတူလိုက်တော့သည်။

လူစားထိုး စက္ကူရုပ်ကတော့ ဦးလေး ယဲ့ဖျင်ကို ချီခိုင်းလိုက်သည်။

ရွှီရန်သည် လူအများရှေ့တွင် သူ၏ မိုးကြိုးခြေလှမ်းသုံးထောင်အတတ်ကို ထုတ်မပြချင်ပေ။ သူ့သဘာဝအရ လူကြားထဲတွင် ကြွားဝါရသည်ကို ဝါသနာမပါသောကြောင့်ပင်။

၎င်းအတတ်ကို အထွတ်အထိပ်အထိ အသုံးပြုပါက အလွန်မြန်သောအရှိန်ကို ရရှိနိုင်

သော်လည်း သူ၏ သွေးအင်အားမှာ ၃၀,၀၀၀ ကျော်သာ ရှိသေးသည်။ ယွဲ့နယ်ပယ်စွမ်းအားရှင်တစ်ဦး၏ အရှိန်ကို လိုက်မှီရန် ထိုအတတ်ကို သုံးမည်ဆိုပါက စွမ်းအင်ကုန်ဆုံးမှု အလွန်များပြားလိမ့်မည်။ စက္ကန့် ၆၀ အတွင်းမှာပင် သူ၏ စွမ်းအင်များ ခမ်းခြောက်သွားနိုင်ခြေ ရှိသည်။

နတ်ဘုရားသတ်တပ်ဖွဲ့ ခေါင်းဆောင်၏ ကျောပေါ်တွင် အသာလေးလိုက်ပါရင်း သွေးအင်အားကို ချွေတာနိုင်လျှင် ဘာကြောင့် မလုပ်ဘဲ နေမှာလဲ။

"ကျွန်တော့်ကို ချီရတာ ပင်ပန်းနေဦးမယ်။ ကျွန်တော်က နည်းနည်းတော့ လေးတယ်နော်"

လင်းဖုန်းက ခေါင်းညိတ်ပြသည်။

"ကောင်လေး... မင်းက တကယ်ကို လေးတာပဲ။ မင်းရဲ့ အရိုးသိပ်သည်းဆက သာမန်လူတွေထက် အဆပေါင်းများစွာ ပိုများနေတာပဲ။ မင်း ဘယ်လိုများ ကျင့်ကြံထားတာလဲ"

ရွှီရန်: "ကျွန်တော်လည်း မသိဘူး"

လင်းဖုန်းက ခပ်အေးအေး ပြုံးလိုက်ရင်း "ရပါတယ် ငါ့ကို မြဲမြဲကိုင်ထား အခု စထွက်ကြမယ်"

"နတ်ဘုရားတစ်ပါးပါးက အဲဒီ နက်နဲသောမျက်လုံးကို အရင်ဦးအောင် လာမသိမ်းသွားဖို့ပဲ ဆုတောင်းကြတာပေါ့"

ရွှီရန် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

"ဟုတ်ကဲ့... အသိမ်းမခံရဖို့ မျှော်လင့်ရတာပဲ..."

လျိုယန်: "သွားကြစို့"

ထိုစကားအဆုံးတွင် စွမ်းအားရှင် ၁၉ ဦးမှာ လျှပ်စီးလက်သည့်အရှိန်ဖြင့် နက်နဲသောမျက်လုံး ထွက်ပြေးသွားသည့် ဘက်သို့ အပြင်းအထန် လိုက်လံတိုက်ခိုက်ကြတော့သည်။

နားထဲတွင် တိုးဝှေ့တိုက်ခတ်နေသည့် လေတိုးသံများကို နားထောင်ရင်း ရွှီရန်၏ နှုတ်ခမ်းအစုံတွင် အပြုံးတစ်ခု ပေါ်လာသည်။

နက်နဲသောမျက်လုံး... ဟဲဟဲ... နတ်ဘုရားအနှစ်သာရ ရေ... ငါလာပြီဟေ့။

"အင်း..."

"ယွဲ့နယ်ပယ်စွမ်းအားရှင်တစ်ယောက်ရဲ့ အရှိန်က တကယ့်ကို မြန်တာပဲ။ တတိယအဆင့်

စွမ်းအားကို ပိုင်ဆိုင်ထားတာဆိုတော့... ငါ့ရဲ့ မိုးကြိုးခြေလှမ်းသုံးထောင်ကို အထွတ်အထိပ်အထိ သုံးရင်တောင် သူတို့ရဲ့အရှိန်ကို ခဏပဲ မှီနိုင်မှာ။ အဲဒါကလည်း စက္ကန့် ၆၀ ပဲ ခံမယ်။ စက္ကန့် ၆၀ ပြည့်တာနဲ့ ငါ့ရဲ့ သွေးကြောထဲက သွေးအင်အားတွေ အကုန်ခမ်းသွားလိမ့်မယ်"

"ဒါကတောင် ငါ့ရဲ့ မိုးကြိုးခြေလှမ်းသုံးထောင်က သွေးအင်အား ကုန်ဆုံးမှု သိပ်မများလို့ တော်သေးတာ..."

"နောင်မှာ ယွဲ့နယ်ပယ်က ပြိုင်ဘက်တွေနဲ့ တွေ့ရင်တော့ စွမ်းအင်ပြဿနာကို အထူးသတိထားရမယ်။ တကယ်တော့ ငါ့ထက် အများကြီး အစွမ်းထက်တဲ့ သတ္တဝါတွေကို သွားမစတာ အကောင်းဆုံးပဲ"

"ဒါပေမဲ့ တကယ်လို့ ကံဆိုးပြီး တွေ့ခဲ့ရင်ရော ဥပမာ ယွဲ့နယ်ပယ် စွမ်းအားရှင်တစ်ယောက်က ငါ့နောက်ကို လိုက်နေရင် ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမလဲ"

"အင်း..."

လောကအမြင်နှင့် ကြိုတင်ပြင်ဆင်မှုမှာလည်း ပညာရပ်တစ်ခုပင်။ လင်းဖုန်း၏ ကျောပေါ်တွင် လိုက်ပါနေစဉ်မှာပင် ရွှီရန်သည် နည်းဗျူဟာများကို စဉ်းစားနေမိသည်။ ယခုကတည်းက ကြိုတွေးထားမှသာ တိုက်ပွဲအတွင်းတွင် တုံ့ပြန်မှုများ လျင်မြန်ပေလိမ့်မည်။

"နည်းနည်းလောက် ထပ်ပြီး အရှိန်တင်လိုက်ရအောင်"

"ဒီနက်နဲသောမျက်လုံးက အတော်လေး မြန်မြန် ပျံနေတာဗျ"

"ကောင်းပြီလေ"

လင်းဖုန်းသည် မြေပြင်ကို အရှိန်ဖြင့် ဆောင့်နင်းလိုက်ပြီး သူ၏ အမြင့်ဆုံး အရှိန်ကို ထုတ်လိုက်တော့သည်။ နားထဲတွင် တိုးဝှေ့နေသော လေတိုးသံမှာ တစ္ဆေများ အူဟောက်သံနှင့်ပင် တူလှတော့သည်။

ယခုအခါ သူတို့သည် ဒုတိယအဆင့် ညစ်ညမ်းဇုန်၏ အတွင်းပိုင်းဒေသသို့ ဝင်ရောက်လာကြပြီဖြစ်သည်။ ပတ်ဝန်းကျင် ကမ္ဘာကြီးမှာလည်း ခြောက်ကပ်ပြီး မီးခိုးရောင် သန်းနေကာ နေရာအနှံ့တွင် ညစ်ညမ်းမှုများနှင့် ညစ်ပတ်သော ဓာတ်ငွေ့များ ဖုံးလွှမ်းနေသည်။ ထို့ပြင် တစ္ဆေမျိုးနွယ်စုများနှင့် သလင်းကျောက်သားရဲ အုပ်စုများကိုလည်း ခဏခဏ တွေ့မြင်နေရတော့သည်။

ယခုရောက်ရှိနေသည့် နေရာမှာ ယခင်နေရာထက် ပို၍ အန္တရာယ်များလှသည်။ သာမန် ကျင့်ကြံသူများအတွက်မူ ဤနေရာရှိ ညစ်ညမ်းသောလေကို ရှူမိရုံနှင့်ပင် အသက်အန္တရာယ် ရှိနိုင်သည်။

သို့သော်လည်း အဖွဲ့သားများသည် ထိုအရာများကို လျစ်လျူရှုထားပြီး နက်ဲသောမျက်လုံး နောက်ကိုသာ အာရုံစိုက် လိုက်လံနေကြသည်။

နာရီဝက်ခန့်ကြာအောင် သူတို့သည် လေအဟုန်ဖြင့် ပြေးလွှားခဲ့ကြသည်။ နောက်ဆုံးတွင် ဒုတိယအဆင့် ညစ်ညမ်းဇုန်၏ ဗဟိုချက်ဒေသသို့ ရောက်ရှိလာခဲ့ကြတော့သည်။

ဤနေရာ၏ မြင်ကွင်းမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ထူးဆန်းသော ခရမ်းရောင်တောအုပ်များ၊ မြက်ခင်းပြင်များ၊ ကန်များနှင့် မြစ်များရှိပြီး ရေထဲတွင် အမည်းရောင် အမှုန်အမွှားများမှာ ပိုးမွှားတစ်မျိုးကဲ့သို့ ပွက်ပွက်ထနေသည်။ ရှေးဟောင်းသစ်ပင်ကြီးများ၏ သွားများကဲ့သို့ စိပ်နေသော သစ်ရွက်များမှာ ညစ်ညမ်းမှုများကို စုပ်ယူလိုက်၊ ပြန်ထုတ်လိုက် လုပ်နေကြ၏။

နီရဲသော မျက်လုံးများစွာ ဖုံးလွှမ်းနေသည့် နွယ်ပင်များမှာ သစ်ပင်ကြီးများကို ရစ်ပတ်ထားကြသည်။ ရွှံ့နွံအိုင်များထဲတွင် စိမ်နေသော ကြီးမားလှသည့် အလောင်းကောင်ကြီးများမှာ ပုပ်ပွနံစော်နေပြီး စိမ်းပုပ်ပုပ်နှင့် ခရမ်းရောင် အဆိပ်ငွေ့များကို ထုတ်လွှတ်နေသည်။

လင်းဖုန်း: "ရွှီရန်... အသက်အောင့်ထားဖို့ မမေ့နဲ့။ ပြီးတော့ မင်းရဲ့ သွေးအင်အားမီးအိမ်ထွန်းညှိခြင်းအတတ်ကို အသက်သွင်းထားပါ။ ဟိုအကောင်က မသေသေးဘူး။ သူက လူတွေရဲ့ အတွင်းကလီစာတွေကို ပုပ်ဆွေးသွားစေနိုင်တဲ့ အဆိပ်ငွေ့တွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်နေတာ"

ရွှီရန်က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ပြင်ဆင်ထားပြီးသားပါ"

သူသည် မူကြိုကျောင်းစာကြည့်တိုက်ရှိ စာအုပ်ပေါင်း ၆၀,၀၀၀ ကျော်ကို ဖတ်ရှုထားပြီးသူ ဖြစ်သည်။ သူ၏ အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုကြောင့် သားရဲများ၏ သဘောသဘာဝကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။

လင်းဖုန်း: "ကောင်းပြီ"

ယဲ့ဖျင်: "နီးနေပြီ ရွံစရာကောင်းတဲ့ အငွေ့အသက်ကို ငါခံစားနေရတယ်"

ရွှီရန်၏ မျက်လုံးများ တောက်ပသွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ မှီသွားခြင်းမှာ တကယ့်ကို ကံကောင်းခြင်းပင်။ သူအကြောက်ဆုံးမှာ နတ်ဘုရားတစ်ပါးပါး ရုတ်တရက် ပေါ်လာပြီး ထိုမျက်လုံးကို သိမ်းသွားမည်ကိုပင်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ၂၂၃ မှတ် ရှိသော ကံတရားကောင်းချီးမှာ တိတ်တဆိတ် အလုပ်လုပ်ပေးခဲ့ပုံရသည်။

"ကဲ... ရိတ်သိမ်းရမယ့်အချိန် ရောက်ပြီ"

ငါးမိနစ်ခန့် အရှိန်ပြင်းပြင်း ထပ်မံပြေးပြီးနောက် သူတို့၏ ပစ်မှတ်မှာ ရှေ့တွင် ပေါ်လာတော့သည်။

ဟင်းလင်းပြင်ကို တွန့်လိမ်စေပြီး အမြင်အာရုံကို ပုံပျက်သွားစေကာ ဝိညာဉ်စွမ်းအားများကို ကမောက်ကမဖြစ်စေသည့် နက်နဲသောမျက်လုံး မှာ ရှေ့မှ အပြင်းအထန် ပျံသန်းနေသည်။

လျိုယန်: "ဒုတိယအဆင့် ညစ်ညမ်းဇုန်ရဲ့ ဗဟိုကို ရောက်လာတော့ သူ့အရှိန်က ပိုမြန်လာတာပဲ။ ကံကောင်းလို့ တခြားနတ်ဘုရားတွေနဲ့ မတွေ့တာ မဟုတ်ရင်တော့ အလုခံလိုက်ရမှာ သေချာတယ်"

"ဟဲဟဲ... ငါတို့ လာရကျိုးနပ်သွားပြီ"

လင်းဖုန်းက သတိကြီးစွာဖြင့် "အားလုံး သတိထားကြ အခု ငါတို့က ညစ်ညမ်းဇုန်ရဲ့ အလယ်ဗဟိုမှာ ရှိနေတာ။ အထူးအဆင့် သားရဲတွေ ပုန်းအောင်းနေနိုင်တယ်"

ပြောရင်းနှင့်ပင် အဖွဲ့သားများသည် အရှိန်မြှင့်ကာ အနီးအနားရှိ ရန်ငြိုးဖွဲ့သားရဲများကို အသာလေး ရှင်းထုတ်လိုက်ပြီး မျက်လုံး၏အနားသို့ ဆင်းသက်လိုက်ကြသည်။

လျိုယန်: "ကောင်လေး... နက်နဲသောမျက်လုံးက မင်းရှေ့မှာ ရှိနေပြီ။ ဒါကို ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားလဲ"

All Chapters