အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း။ ၁၂၇
သူတို့အားလုံးသည် လူစားထိုးစက္ကူရုပ် ရွှီရန်ကို ကြည့်လိုက်ကြသော်လည်း စက္ကူရုပ်မှာ တိတ်ဆိတ်နေဆဲပင်။
ကိုယ်ပျောက်နေသော အခြေအနေနှင့်ပင် ရွှီရန်သည် လင်းဖုန်း၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ၏ ကိုယ်ပျောက်အတတ်မှာ လုံးဝ ပျယ်ပြယ်သွားခြင်း မရှိသေးချေ။
[အထူးပေါက်ကွဲအားပါသော ဓားချက်]
ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည့် သတ္တုသံမှာ ပြတ်သားပြီး ကျွမ်းကျင်လှသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် ဝင့်ကြွားလှသည်ကို အားလုံး ကြားလိုက်ရသည်။ ထို့နောက် လေထုကို ဖြတ်သန်းသွားသည့် အရှိန်ပြင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့အားလုံးသည် နက်နဲသောမျက်လုံးဆီသို့ အာရုံစိုက်ကာ လှမ်းကြည့်လိုက်ကြပြီး ကောင်းမွန်သော ရလဒ်တစ်ခု ထွက်ပေါ်လာတော့မည်ဟု မျှော်လင့်နေကြ၏...
သို့သော်လည်း... ဓားချက်အပြီးတွင် မည်သည့်အရာမျှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပေ။
သာမန်လေပြေအေးလေး တစ်ချက်ကဲ့သို့သော စွမ်းအင်အနည်းငယ်သာ နက်နဲသောမျက်လုံး ဆီသို့ လွင့်မြောသွားသည်...
အားလုံးမှာ အံ့အားသင့်သွားကြပြီး ၎င်းမှာ မည်ကဲ့သို့သော တိုက်ကွက်မျိုးဖြစ်သည်ကို လုံးဝ နားမလည်နိုင်တော့ချေ။ ရွှီရန်က ကိုယ်ပျောက်နေသော်လည်း သူ၏ တိုက်ခိုက်မှုအသေးစိတ်ကို သူတို့ ခံစားနိုင်သည်။ သို့သော် ၎င်းမှာ သာမန် ဓားချက်တစ်ချက်ထက် မပိုခဲ့ပေ။
ထို့အပြင် အဝေးမှနေ၍ လွှဲလိုက်သော ဓားချက်ဖြစ်သဖြင့် ဓားသွားမှာ နက်နဲသောမျက်လုံး ကို ထိပင်မထိခဲ့ချေ။
မည်သည့် ထိခိုက်မှုမျှ မရှိခဲ့သလို နက်နဲသောမျက်လုံးမှာလည်း အကောင်းအတိုင်း ရှိနေဆဲပင်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ဒီလိုမဖြစ်သင့်ဘူး မဟုတ်လား။
ဘေးကင်းဇုန်ထဲတုန်းကတော့ ဒီကလေးလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အပြည့်ရှိနေခဲ့ပြီး နက်နဲသောမျက်လုံး လွတ်သွားမှာကိုတောင် အသည်းအသန် ကြောက်နေခဲ့တာလေ။
ဒါပေမဲ့ အခုနက ဓားချက်ကတော့... သူပြခဲ့တဲ့ ယုံကြည်ချက်တွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။
စွမ်းအားရှင် ၁၈ ယောက်မှာ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ခဏတာ ဇဝေဇဝါဖြစ်သွားသော်လည်း သူတို့သည် အလျင်အမြန်ပင် စိတ်ကိုပြန်ထိန်းလိုက်ကြသည်။ ရှုံးနိမ့်သွားသည်မှာ ပြဿနာမဟုတ်ပေ။ မည်သူကများ အမြဲတမ်းအောင်မြင်ရမည်ဟု သတ်မှတ်ထားမှာလဲ။
ယွဲ့နယ်ပယ်၏ ထိပ်သီးကျင့်ကြံသူများဖြစ်ကြသော သူတို့ပင်လျှင် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ဖူးကြသည်။ ရှစ်နှစ်သားအရွယ် ကလေးတစ်ယောက်အပေါ်မှာတော့ သူတို့ ရက်ရက်စက်စက် မဆက်ဆံလိုကြချေ။
ယခုအချိန်တွင် သူတို့၏စိတ်ထဲ၌ ရွှီရန် အရှက်မရစေရန်အတွက် နှစ်သိမ့်စကားများကိုပင် ကြိုတင်စဉ်းစားထားကြပြီးဖြစ်သည်။ တကယ့်ကို မြင့်မားလှသော စာနာနားလည်မှုပင်။
မီးတောက်အကျဉ်းထောင်နှင့် ဝိညာဉ်သန့်စင် နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များမှာ ရွှီရန်၏ ကြိုးစားမှုသည် ကျရှုံးသွားပြီဟုသာ ယူဆထားကြသည်။ သို့သော် ယဲ့ဖျင် တစ်ဦးတည်းသာ တည်ငြိမ်နေဆဲပင်။
သူသည် အထူးပေါက်ကွဲအားပါသော ဓားချက်၏ အနှစ်သာရကို သိရှိထားသည်။ ဤဓားကွက်မှာ အလွန်ပင် ထူးဆန်းလှပြီး ပစ်မှတ်ကို မထိသယောင်ထင်ရသော်လည်း အမှန်စင်စစ်
တွင်မူ ထိုနက်နဲသောမျက်လုံးမှာ မကြာမီပင် အက်ကွဲလာတော့မည်ဖြစ်ကြောင်း သူသိနေသည်။
"ခဏလောက် စောင့်ကြည့်လိုက်ဦး... စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒါက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မှာ"
ယဲ့ဖျင်က အလေးအနက်ထားကာ ပြောလိုက်ရင်း နက်နဲသောမျက်လုံး ဆီသို့ အကြည့်မခွာဘဲ စိုက်ကြည့်နေသည်။
အားလုံးက မျက်လုံး၏အနားသို့ ချဉ်းကပ်သွားချိန်တွင် ထိုမျက်လုံးအိမ်ကြီးမှာ အားလုံးကို ပြန်လည်စိုက်ကြည့်ကာ ရူးသွပ်စွာ လှည့်ပတ်နေတော့သည်။ လှောင်ပြောင်သရော်သည့် အဓိပ္ပာယ်ဆောင်သော ထူးဆန်းသည့် အလင်းတန်းများမှာ မျက်လုံးထဲမှ ထွက်ပေါ်လာ၏။
၎င်းသည် မည်သူ့ကိုမျှ မကြောက်ရွံ့ဘဲ မည်သူမျှ သူ့ကို မည်သို့မျှ မလုပ်နိုင်ကြောင်း ယုံကြည်မှုအပြည့်နှင့် အတားအဆီးမဲ့ နေနေခြင်းဖြစ်သည်။ ၎င်းတွင် အကာအကွယ်ခွံ မရှိတော့သည့်တိုင်အောင် အလွန်ပင် မာနကြီးပြီး ရူးသွပ်ဖွယ်ကောင်းနေဆဲပင်။ တကယ်လို့သာ ၎င်းမှာ ခန္ဓာကိုယ်သာရှိနေခဲ့လျှင် အားလုံး၏မျက်နှာရှေ့သို့ ခုန်တက်ကာ တံတွေးနှင့်ပင် လာထွေးသွားမည့်ပုံစံမျိုးပင်။
ထိုမျက်လုံး၏ လှောင်ပြောင်မှုကို ခံစားလိုက်ရသောအခါ လျိုယန်၏ ဒေါသမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
"တောက် သောက်ခွေးမသား တစ်နေ့နေ့တော့ မင်းကို အမှုန့်ဖြစ်အောင် ချေဖျက်ပစ်မယ့် နည်းလမ်းကို ငါတို့ ရှာတွေ့မှာကွ"
မီးတောက်အကျဉ်းထောင်တပ်ဖွဲ့ ဝင်များမှာလည်း လျိုယန် ကဲ့သို့ပင် စိတ်တိုတတ်ကြသူများဖြစ်ရာ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားကြပြီး တညီတညွတ်တည်း တံတွေးထွေးကာ ကျိန်ဆဲလိုက်ကြတော့သည်။
"ဒီကောင်စုတ်က ငါတို့ကို ရယ်ရဲသေးတယ်။ ငါ့အပူတွေကို သူ့အပေါ်မှာ ပစ်ထုတ်ပြီး ဖြေဖျောက်ဦးမှ"
ပြောပြောဆိုဆိုဖြင့် မီးတောက်အကျဉ်းထောင်တပ်ဖွဲ့ မှ အလှပိုင်ရှင် ရှောင်ရွှယ်သည် သူမ၏လက်မောင်းကို မြှောက်လိုက်ပြီး အပြာရောင်မီးတောက်လေဆာဖြင့် မိနစ်အနည်းငယ်ခန့် ထပ်မံပစ်ခတ်ရန် ပြင်လိုက်သည်။
သို့သော်လည်း ရွှီရန် ဓားတစ်ချက် လွှဲလိုက်ပြီးနောက် တစ်စက္ကန့်အကြာတွင်...
နက်နဲသောမျက်လုံးမှာ နှလုံးခုန်သံကဲ့သို့ ရုတ်တရက် နှစ်ချက်မျှ တုန်ခါသွားပြီး ချက်ချင်းပင် ပွလာလိုက် ပြန်ကျုံ့သွားလိုက် ဖြစ်သွားသည်။ ထိုတုန်ခါမှုမှာ အလွန်ပင် ထူးဆန်းလှပြီး ဒုတ်... ဒုတ်... ဆိုသည့် နှလုံးခုန်သံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
သူတို့အားလုံး မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်ကြသည်။
ထိုအခါတွင် ရူးသွပ်စွာ လည်ပတ်ရင်း လှောင်ပြောင်နေသော နက်နဲသောမျက်လုံးကြီးမှာ ရုတ်ချည်းပင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရ၏။
၎င်း၏ တားဆီး၍မရသော နတ်ဘုရားစည်းမျဉ်းများမှာ အတင်းအဓမ္မ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားခြင်းပင်။ ထိုခဏ၌ မျက်လုံး၏ ရဲတင်းမှု၊ မောက်မာမှုနှင့် လှောင်ပြောင်သရော်မှုအားလုံးမှာ အချိန်ရပ်သွားသကဲ့သို့ပင်။
ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုမှ စွမ်းအားတစ်ခုက ၎င်းကို ထိုနေရာတွင်တင် ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။
ထို့နောက် ဝဲဂယက်တစ်ခုကဲ့သို့ လည်ပတ်နေသော ထိုမျက်လုံးမျက်နှာပြင်ပေါ်တွင် ရေတွက်၍မရနိုင်သော အက်ကြောင်းများမှာ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ အက်ကြောင်းများမှာ တစ်ခုနှင့်တစ်ခု နီးကပ်လွန်းလှပြီး အလွန်ပင် များပြားလှ၏။
"ခရက်"
"ခရက်"
ကြွေထည်ပစ္စည်းများ အက်ကွဲသွားသည့်အသံကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသော၊ ပြတ်သားလှသော အသံများမှာ တဆက်တည်း ထွက်ပေါ်လာသည်။ တစ်ကြိမ်မျှ စတင်အက်ကွဲသွားပြီးနောက်တွင်မူ ပြန်လည်ကုစားရန် လုံးဝ မဖြစ်နိုင်တော့ချေ။
အမှန်ပင်...
တကယ်လို့ နတ်ဘုရားများ၏ ဆည်းဆာဆိုသည့် အောင်မြင်မှုမှတ်တမ်းသာ မရှိခဲ့လျှင် ထိုမျက်လုံးမှာ ပြန်လည် နာလန်ထူနိုင်စွမ်း ရှိကောင်းရှိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ
နတ်ဘုရားများ၏ ဆည်းဆာသည် ဓားပြတစ်ဦးကဲ့သို့ပင် ထို နက်နဲသောမျက်လုံးထံမှ စွမ်းအား
များကို ရက်ရက်စက်စက် ဆွဲထုတ်ယူလိုက်ပြီး အရောင်အသွေးစုံလင်သော နတ်ဘုရားအနှစ်သာရသုံးစက်အဖြစ် ပေါင်းစည်းပစ်လိုက်သည်။
“တကယ်ကို နတ်ဘုရားအနှစ်သာရ သုံးစက်တောင်လား”
“ဝါး”
“တကယ့်ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာပဲ။ တစ်စက်လောက်ပဲ ရမယ်လို့ ထင်ထားတာ။ အရဲစွန့်ပြီး ခန့်မှန်းရင်တောင် နှစ်စက်ပေါ့။ အခုတော့ သုံးစက်တောင်ရတယ်ဆိုတော့ ဒီ ခေါင်းပြတ်တစ္ဆေက နတ်ဘုရားအဆင့်မှာ ရှိနေတာ အတော်ကြာခဲ့ပုံပဲ”
“မဆိုးဘူး မဆိုးဘူး... ဒါက အိပ်မက်ဆိုး ကလဲ့စားချေမိခင်သုံးကောင်ကို သတ်လိုက်ရတာနဲ့ အလားတူပဲ”
ရွှီရန် စိတ်ထဲမှ အကြီးအကျယ် ဝမ်းသာနေမိသည်။ နတ်ဘုရားအနှစ်သာရ သုံးစက် မျှော်လင့်ထားတာထက် ပိုရလိုက်သဖြင့် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပင်။
“ချောက်”
ရွှီရန်သည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် သတိကြီးစွာဖြင့် လင်းဖုန်း၏ အခြားတစ်ဖက်သို့ နေရာရွှေ့လိုက်သည်။
ထို့နောက် လူစားထိုးစက္ကူရုပ် ရွှီရန်က နွေးထွေးသော အပြုံးဖြင့် အားလုံးကို ကြည့်ကာ “တာဝန်ပြီးဆုံးပါပြီ။ သူတို့အနေနဲ့ ဒီလို ကောင်းကင်ဘုံပေး နတ်ဘုရားအတတ် မျိုးကို ထပ်ပြီး ပုံတူမကူးနိုင်သရွေ့တော့ ခေါင်းပြတ်တစ္ဆေတွေ ထပ်ပေါ်လာမှာ မဟုတ်တော့ပါဘူး"
ရှိနေသမျှ ယွဲ့နယ်ပယ် စွမ်းအားရှင်အားလုံးမှာ ဆွံ့အလျက် “...”
“သူ တကယ် လုပ်နိုင်ခဲ့တာပဲ...”
လူသားမျိုးနွယ်ကို နှစ်ပေါင်းနှစ်ရာနီးပါး ဒုက္ခပေးခဲ့တဲ့ အဲဒီကြောက်စရာကောင်းတဲ့ မျက်လုံးကြီးကို သူက ဓားတစ်ချက်တည်းနဲ့ ချေမှုန်းပစ်လိုက်တာလား။ သူ့အတွင်းမှာရှိတဲ့ ယုတ်မာတဲ့ စွမ်းအားတွေအားလုံး အမြစ်ပြတ်သွားပြီလား။
အနီးအနားမှာရှိနေသူအားလုံးဟာ နတ်ဘုရားတစ်ပါး၏ နိဂုံးကို အထင်အရှား ခံစားလိုက်ရသည်။ ထိုမျက်လုံးကြီးမှာ ဖုန်မှုန့်များအဖြစ် ကြေမွသွားပြီး ၎င်း၏ စွမ်းအင်များမှာလည်း လုံးဝဥဿုံ ဆွဲထုတ်ဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်သည်။
ယခုအချိန်တွင် လူတိုင်းမှာ ကျောက်ရုပ်များကဲ့သို့ မှင်တက်နေကြရသည်။
“...”
လင်းဖုန်း၏ မျက်လုံးများ တုန်ယင်နေပြီး မျက်နှာအမူအရာမှာလည်း ပြောမပြနိုင်အောင် ရှုပ်ထွေးနေသည်။ သူ၏ရင်ထဲတွင် ပြောစရာစကားများစွာ ရှိနေသော်လည်း ဤအချိန်၌ စကားတစ်လုံးမှပင် ထွက်မလာနိုင်ချေ။ လျိုယန်၏ မျက်လုံးများမှာလည်း ပြူးကျယ်နေပြီး ကိုယ်ကို ရှေ့သို့ ကိုင်းလျက် အံ့သြနေမိသည်။ ကျန်တဲ့သူတွေလည်း ထို့အတူပင်...
သူတို့၏ စိတ်ခံစားချက်များမှာ အလွန်ပင် နက်နဲရှုပ်ထွေးလှသည်။ ၎င်းမှာ ရွှီရန် မွေးကတည်းက မြင်ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံး စိတ်ခံစားချက်ပင် နှစ်ပေါင်းများစွာ စုပြုံနေခဲ့သော အမှောင်ထုကြီးကို မိုးသည်းထန်စွာ ရွာသွန်းပြီး ဆေးကြောပစ်လိုက်သကဲ့သို့လည်းကောင်း မျှော်လင့်ချက်မဲ့ခြင်းများကြောင့် အသက်ရှူကျပ်နေသူတစ်ဦး ရုတ်တရက် လေဝဝရှူလိုက်ရပြီး အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့လည်းကောင်း ခံစားနေကြရရှာသည်။
အခန်း။ ၁၂၈
ဤရှုပ်ထွေးလှသော စိတ်ခံစားချက်များသည် ဝမ်းနည်းကြေကွဲမှုကြားမှ အားမာန်ပါသော ရုန်းကန်မှုများ၊ ရင်နင့်ဖွယ်ရာ နောင်တများနှင့် ပူဆွေးမှုများဖြင့် ရောယှက်နေသည်။
ချို၊ ချဉ်၊ ဖန်၊ ခါး... သူတို့၏ဘဝ ပထမတစ်ဝက်သည် ပူပင်ကြောင့်ကြကင်းခဲ့သော်လည်း ဒုတိယတစ်ဝက်မှာမူ တိုက်ပွဲများ၊ စစ်မက်များကြားတွင်သာ ကျင်လည်ခဲ့ရသည်။ လူသားတို့ခံစားရသမျှ ဒုက္ခအရပ်ရပ်ကို ကြုံတွေ့ခဲ့ရသော်လည်း ဤကဲ့သို့သော ရှင်သန်မှုမျိုးကိုပင် သူတို့ ကျင့်သားရနေခဲ့ကြသည်။
ရှင်ကွဲကွဲခြင်း၊ သေကွဲကွဲခြင်း၊ ထာဝရနှုတ်ဆက်ခြင်း... ရဲဘော်ရဲဘက်တို့၏ ရည်မှန်းချက်များ မအောင်မြင်သေးမီမှာပင် သူတို့၏ရုပ်အလောင်းများမှာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲခဲ့ရသည်။ ကျန်ရစ်သူများမှာမူ ပိုမိုများပြားလှသော မျှော်လင့်ချက်များကို ပုခုံးပေါ်ထမ်းတင်ကာ အံကြိတ်ရင်း ဆက်လက်တိုက်ပွဲဝင်နေကြရသည်။
ယခုအချိန်တွင် ရှိနေသော ၁၉ ဦးထဲမှ ရွှီရန်မှတစ်ပါး ကျန်ရှိသူအားလုံးမှာ ရှုပ်ထွေးလှသော စိတ်ခံစားချက်များဖြင့် လူသားကျောက်ရုပ်ကြီးများအလား တည်ရှိနေကြသည်။
သူတို့သည် တိတ်ဆိတ်စွာ ရပ်နေကြသော်လည်း သူတို့၏လည်ချောင်းများမှာမူ စကားလုံးများ ထွက်မလာနိုင်ဘဲ လှုပ်ရှားနေကြသည်။ သူတို့၏မျက်စိရှေ့တွင် အတိတ်က ပုံရိပ်ပေါင်းများစွာမှာ တရိပ်ရိပ် ပေါ်လာတော့သည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ရဲဘော်ရဲဘက်တို့၏ အပိုင်းပိုင်းပြတ်နေသော ရုပ်အလောင်းများကို ခြောက်ကပ်လှသော ဘေးကင်းဇုန်ဆီသို့ ပင်ပန်းကြီးစွာ ပြန်လည်သယ်ဆောင်လာခဲ့ရသည့် မရေတွက်နိုင်သော နေ့ရက်များ...
အကြိမ်ပေါင်းများစွာ ရဲဘော်ရဲဘက်တို့၏ အလောင်းကိုပင် ပြန်လည်မရရှိခဲ့သဖြင့် သူတို့အတွက် အထိမ်းအမှတ် ဂူဗလာများကိုသာ တည်ဆောက်ပေးခဲ့ရသည့် အဖြစ်အပျက်များ...
သူတို့၏ကိုယ်ပေါ်က ဒဏ်ရာများပင် မကျက်သေးသော်လည်း ကျဆုံးသွားသော ရဲဘော်တို့၏ မိသားစုများထံမှ မျက်ရည်များနှင့် အကြည့်များကို ရင်ဆိုင်ခဲ့ရသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ခံစားနေရချိန်တွင်ပင် သူတို့၏နှလုံးသားမှာလည်း စုတ်ပြတ်သတ်နေခဲ့ရသည်။
မူကြိုအရွယ်ကတည်းက အတူတူဆော့ကစား၊ အတူတူနေထိုင်ခဲ့ကြသည့် ငယ်သူငယ်ချင်းများမှာ တစ်ဖြည်းဖြည်းနှင့် သက်ရှိထင်ရှားရှိသူ နည်းပါးလာခဲ့သည်။
ပထမဆုံး သုံးနှစ်အတွင်းမှာတော့ အတူတူအရက်သောက်၊ အတူတူရယ်မောရင်း အတန်းဖော်အားလုံး တက်ကြွလန်းဆန်းခဲ့ကြသည်။
ဒုတိယမြောက် သုံးနှစ်အတွင်းမှာတော့ တစ်ချို့သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြပြီး သူတို့ထိုင်ခဲ့တဲ့ ခုံတန်းလျားတွေဟာ ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့သည်။
ခြောက်နှစ်မြောက် သုံးနှစ်တာကာလသို့ ရောက်ရှိချိန်မှာတော့ အတူတူဆုံတွေ့ဖို့ လက်တစ်ဆုပ်စာလူလောက်သာ ကျန်ရှိတော့သည်။
ရွှီရန် လုပ်ဆောင်လိုက်သည့် ဤအောင်မြင်မှုသည် သူတို့၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အပူတပြင်း တိုက်ပွဲဝင်မှုများအတွက် အကြီးမားဆုံးသော ဆုလာဘ်ပင်။ မပျက်စီးနိုင်သော နတ်ဘုရားမျက်လုံးကို ဖျက်ဆီးလိုက်ခြင်းဖြင့် လူသားမျိုးနွယ်သည် အမြဲတမ်း ခံစစ်အနေအထားမှာပဲ ရှိမနေတော့ကြောင်း သူ သက်သေပြလိုက်ပြီဖြစ်သည်။
လေးလံထိုင်းမှိုင်းသော ဝမ်းနည်းမှုရိပ်က သူတို့အားလုံးကို လွှမ်းခြုံထားသည်။
"ဒီဝမ်းနည်းမှုက တကယ်ကို ပြင်းထန်လွန်းတယ်။ ရိုးတွင်းခြင်ဆီထဲအထိ ထွင်းထုထားသလိုပဲ။ ငါကိုယ်တိုင် မကြုံဖူးခဲ့ပေမဲ့တောင် မသိမသာ မျက်ရည်ကျချင်လာမိတယ်"
ရွှီရန်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူတို့ကို အနှောင့်အယှက်မဖြစ်စေရန် စကားတစ်လုံးမှ မဟဘဲ နေလိုက်သည်။ သူတို့ ရင်ထဲတွင် ပိတ်လှောင်ထားသော ခံစားချက်များကို ဖြေဖျောက်ရန်နှင့် ထုတ်လွှတ်ရန် အချိန်တစ်ခု လိုအပ်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် လျိုယန် ဝတ်ဆင်ထားသော မီးတောက်လေကာအင်္ကျီမှာ ရုတ်တရက် နီရဲသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူသည် ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် တိုးသွားပြီး နက်နဲသောမျက်လုံး ကြေမွသွားသည့် နေရာသို့ ရောက်လာသည်။
အမြဲတမ်း စိတ်တိုတတ်သည်ဟု လူသိများသော သူသည် ယခုအချိန်တွင်မူ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လူတစ်ခြားစီ ဖြစ်နေသယောင်။
သူသည် ခါးတွင်ချိတ်ထားသော ရေဘူးကိုဖြုတ်၍ အဖုံးကိုဖွင့်ကာ ကိုယ်တိုင်တစ်ငုံ သောက်လိုက်ပြီးနောက် ထိုနေရာပတ်ပတ်လည်တွင် ဝိုင်းပတ်လောင်းချလိုက်သည်။ အရက်နံ့သင်းသော အရည်များသည် ညစ်ပတ်ပေရေနေသော မြေပြင်ထဲသို့ စိမ့်ဝင်သွားတော့သည်။
"ရဲဘော်တို့ သူငယ်ချင်းတို့... ဒါက နတ်ဘုရားအဆင့် ယုတ်မာတဲ့သတ္တဝါကို အမြစ်ပြတ် သတ်ပစ်လိုက်တဲ့ မြေနေရာပဲ။ ကျေးဇူးပြုပြီး ပြန်လာကြည့်ကြပါဦး။ ကျေးဇူးပြုပြီး ပြန်လာပြီးတော့ ဒီအရက်ကို တစ်ခွက်လောက် သောက်သွားကြပါဦး"
သူ၏စကားလုံးများသည် အားမာန်ပါလှပြီး ရင်ထဲကလာသော ခံစားချက်များ ပေါက်ကွဲထွက်လာသည်။
တပ်ဖွဲ့ဝင်များမှာလည်း ရှေ့သို့တစ်ဦးချင်း တိုးလာကြပြီး သူတို့၏ ရေဘူး၊ အရက်ဘူးများထဲမှ ရေနှင့် အရက်များကို မြေပြင်ပေါ်သို့ လောင်းချလိုက်ကြသည်။
လင်းဖုန်းသည် အရက်လောင်းရင်း သူ၏ လည်စလုပ်မှာ အကြိမ်ကြိမ် လှုပ်ရှားနေသည်။
"နောက်ဆုံးတော့... ငါ မင်းတို့ကို အရက်သောက်ဖို့ ဖိတ်ခေါ်ရဲသွားပြီ။ မဟုတ်ရင်တော့ အိပ်မက်ထဲမှာတောင် မင်းတို့ကို ငါ တွေ့ရဲမှာ မဟုတ်ဘူး..."
ရှောင်ရွှယ်မှာမူ မထိန်းနိုင်တော့ဘဲ ငိုရှရှ ဖြစ်နေရှာသည်။
"ဆရာ... တစ်နေ့ကျရင် သမီး ဒီနေရာမှာ ဘေးကင်းဇုန် တစ်ခု တည်ဆောက်မယ်။ ဒီနေရာမှာ ပေ ၃၀၀ မြင့်တဲ့ အထိမ်းအမှတ် ကျောက်တိုင်ကြီးတစ်ခုကို စိုက်ထူပေးမယ်"
"ဟွာရှဲ့ရဲ့ သူရဲကောင်းဝိညာဉ်တို့... အိမ်ပြန်လာကြပါတော့"
လင်းဖုန်းသည် လက်သီးကို တင်းတင်းဆုပ်ကာ ရင်ဘတ်ကို ထုလိုက်ပြီး မြေပြင်ပေါ်တွင် မားမားမတ်မတ် ရပ်လျက် ဟစ်ကြွေးလိုက်သည်။
"သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်မယ့် ဒီအခိုက်အတန့်ကို ကျေးဇူးပြုပြီး သက်သေအဖြစ် ကြည့်ရှုပေးကြပါ"
"ဟွာရှဲ့ရဲ့ သူရဲကောင်းဝိညာဉ်တို့... အိမ်ပြန်လာကြပါတော့"
"ဟွာရှဲ့ရဲ့ သူရဲကောင်းဝိညာဉ်တို့... အိမ်ပြန်လာကြပါတော့"
လူတိုင်းက အားမာန်ပါပါ ဟိန်းဟောက်လိုက်ကြသည်။ ကောင်းကင်ယံမှ မည်းမှောင်နေသော တိမ်တိုက်များနှင့် လွင်ပြင်ထက်တွင် လေအဖြစ် ပြောင်းလဲသွားသော ညစ်ညမ်းမှုများမှာ သူတို့ကို ပြန်လည်အော်ဟစ်နေသကဲ့သို့ပင်။
သူတို့သည် လှိုင်းထနေသော တိမ်မည်းကြီးများကို မော့ကြည့်လိုက်ကြပြီး မျက်လုံးများထဲမှ အနက်ရှိုင်းဆုံး ဝမ်းနည်းမှုများကို အလျင်အမြန်ပင် ဖုံးကွယ်လိုက်ကြသည်။
ထို့နောက် သူတို့သည် လှည့်ကြည့်ကာ လူစားထိုးစက္ကူရုပ် ရွှီရန်ကို ပြုံးပြလိုက်ကြသည်။
"မင်းဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ ပါရမီရှင်ပဲ"
"ငါတို့... နောက်ဆုံးတော့ တကယ့် နတ်ဘုရားသတ်သမားတစ်ယောက်ကို စောင့်မျှော်တွေ့ရှိခဲ့ပြီ"
"ဒါနဲ့ ပြောရဦးမယ်... အခုနက စွမ်းရည်က မင်းကိုယ်တိုင် တီထွင်ထားတာလား ငါတို့ကိုရော သင်ပေးနိုင်မလား ဟိုကိုယ်ပျောက်အတတ်ကို သင်ပေးသလိုမျိုးပေါ့... တကယ်လို့ ငါတို့သာ ဒါကို သင်ယူနိုင်မယ်ဆိုရင်..."
"နေပါဦး... အလောမကြီးပါနဲ့။ လာပါဦး ရွှီရန် လေးရယ်။ အန်တီ့ကို အနမ်းတစ်ချက်လောက် ပေးပါဦး။ အန်တီက ဒီလို ကောင်လေးချောချောလေးတွေကို အနမ်းပေးရတာ အကြိုက်ဆုံးပဲ"
ရွှီရန်အစစ်မှာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
"..."
လျိုယန်: "ဒီကလေးကို မစပါနဲ့ဦး သူက အခုမှ ရှစ်နှစ်ပဲ ရှိသေးတာ။ မင်းက အသက် ငါးဆယ်နီးပါး ရှိနေပြီ။ မင်းကို အဒေါ်လို့တောင် ခေါ်ရမှာ"
"အဲဒီ အဒေါ်စုတ် ပြောတာတွေကို နားမယောင်နဲ့နော်"
"ငါတို့ ဒီနေရာကနေ အရင်ထွက်သွားသင့်တယ်။ တစ်နေရာတည်းမှာ အကြာကြီးနေတာက ပညာရှိရာမကျဘူး။ ဘာလို့လဲဆိုတော့ ဒီနက်နဲသောမျက်လုံး ပျက်စီးသွားတာကို တခြားနတ်ဘုရားတွေ ချက်ချင်းသိသွားမလားဆိုတာ ငါတို့မသိနိုင်လို့ပဲ"
လင်းဖုန်းက ခေါင်းခါပြသည်။
"သေချာပေါက် မသိနိုင်ပါဘူး။ သိတယ်ဆိုရင်လည်း ဒီမျက်လုံးက သူ့ဘာသာသူ အသိုက်ကို ပြန်ပျံနေပါ့မလား။ ပြီးတော့ ရန်ငြိုးဖွဲ့နတ်ဘုရားတွေ၊ နတ်ဘုရားအဆင့် သားရဲတွေနဲ့ တစ္ဆေတွေဟာ ငါတို့ထက်တောင် သေရမှာကို ပိုကြောက်ကြသေးတာ။ တကယ်လို့ နတ်ဘုရားအဆင့် တစ္ဆေတစ်ကောင် ဒီမှာသေသွားတယ်ဆိုရင်တောင် သူတို့သိရင်တောင်မှ လာစစ်ဆေးရဲမှာ မဟုတ်ဘူး"
ပြောရင်းနှင့်ပင် သူသည် လူစားထိုးစက္ကူရုပ် ရွှီရန်ကို ကြည့်လိုက်သည်။ စကားလုံးပေါင်းများစွာ ရှိနေသော်လည်း မည်သို့ဖော်ပြရမည်ကို သူ မသိတော့ချေ။
နောက်ဆုံးတွင် သူ ခဏတာ စဉ်းစားလိုက်ပြီး "အဲ... မင်းမှာ တခြားလေ့ကျင့်စရာ သင်ခန်းစာတွေ ကျန်သေးလား ငါတို့ မင်းနဲ့အတူ လိုက်ခဲ့ပေးလို့ရတယ်နော်"
ဤကဲ့သို့သော ထူးကဲပါရမီရှင်မျိုးအတွက် သူတို့သည် ခေတ္တမျှ သက်တော်စောင့်အဖြစ် တာဝန်ယူပေးရန် အသင့်ရှိနေကြသည်။ နောက်ပြီး မကြာသေးမီက ယုတ်မာသော သတ္တဝါများသည် ကျူးကျော်ရန် အင်အားစုဆောင်းနေပုံရသဖြင့် ပို၍ပင် အန္တရာယ်ရှိနေသည်။
သူတို့ နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးကသာ အကာအကွယ်ပေးထားမည်ဆိုပါက နတ်ဘုရားအဆင့် သားရဲများ လာရောက်တိုက်ခိုက်လျှင်ပင် လုံးဝ အမှားအယွင်းမရှိ ဘေးကင်းပေလိမ့်မည်။
အမှန်စင်စစ် ကာကွယ်ပေးခြင်းမှာ ရှုထောင့်တစ်ခုသာ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ သူတို့သည် ရွှီရန်၏ စွမ်းရည်များကို ပိုမိုလေ့လာလိုကြခြင်းပင်ကိုယ်ပျောက်အတတ်၊ လူစားထိုးစက္ကူရုပ်၊ နက်နဲသောမျက်လုံးကို ချေမှုန်းခြင်း... သူက နောက်ထပ် ဘယ်လိုအံ့သြစရာတွေများ ယူဆောင်လာဦးမှာလဲ။
လူသားဆိုသည်မှာ အမြဲတမ်း စပ်စုတတ်ကြသည်မဟုတ်ပါလား။ နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များလည်း အပါအဝင်ပင် ာ
ရွှီရန်က ဝန်ခံပြောကြားလိုက်သည်။
"ကျွန်တော် သွေးအင်အား ၁ သိန်းကျော်ရှိတဲ့ သားရဲအကောင်ရေ ၁ သောင်းကို သတ်ဖို့ လိုအပ်နေတယ်"
အားလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။
"ဝါး... မင်းရဲ့ လေ့ကျင့်ရေး သင်ခန်းစာက ဒီလောက်တောင် ကြမ်းတာလား"
ရွှီရန်: "ပြိုင်ဘက်ကင်းတဲ့ စွမ်းအားကို ရယူဖို့ဆိုရင်တော့ ကြမ်းမှရမှာပေါ့"
လျိုယန်က မျက်ခုံးပင့်လိုက်ရင်း "ဒါဆို သွားကြစို့ ငါတို့ မင်းအတွက် သားရဲတွေ စုဝေးနေတဲ့နေရာကို ရှာပေးမယ်။ မင်းကတော့ သတ်ဖို့ပဲ တာဝန်ယူလိုက်တော့"
ထိုသို့ဖြင့် ရွှီရန်သည် မကြုံစဖူး ထူးခြားလှသော သက်တော်စောင့် ဝန်ဆောင်မှုကို ရရှိခဲ့တော့သည်။ ဟွာရှဲ့ပြည်နယ်၏ အဆင့် ၁၁ နှင့် ၁၃ ရှိသော နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးက သူ၏ လေ့ကျင့်ရေးတာဝန်ကို အကာအကွယ်ပေးရန် တာဝန်ယူလိုက်ကြခြင်းပင်။ ထို့ပြင် ယွဲ့နယ်ပယ် စွမ်းအားရှင်များဖြစ်ကြသော ယဲ့ဖျင်၊ ချိုက်မြောင်၊ လီဝေ နှင့် ဖူလင်တို့လည်း ပါဝင်နေသေးသည်။
ဤမျှ ခမ်းနားလှသော သက်တော်စောင့်အဖွဲ့ကို မြင်လျှင် နတ်ဘုရားများပင် အဝေးက ရှောင်ကြပေလိမ့်မည်။
"ရွှီရန်... ရှေ့မှာ တစ္ဆေသတ္တဝါတွေ စုဝေးနေတဲ့နေရာ ရှိတယ်။ သွေးအင်အား ၁ သိန်းကျော်ရှိတဲ့ တစ္ဆေ ၅၀၀ နဲ့၊ သွေးအင်အား ၅ သိန်းရှိတဲ့ တစ္ဆေ ၆ ကောင် ရှိတယ်။ ၅ သိန်းတန်တွေကို ငါတို့ ကိုင်တွယ်မယ်။ ကျန်တာတွေကိုတော့ မင်းပဲ ရှင်းလိုက်တော့"