အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း။ ၁၂၉
လျိုယန်သည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး အလယ်အလတ်အဆင့် တစ္ဆေ ၆ ကောင်ကို စက္ကန့်ပိုင်းအတွင်း အပြတ်ရှင်းပစ်လိုက်သည်။
ရွှီရန်: "ကျေးဇူးပဲ ဦးလေး"
သူပြောပြီးသည်နှင့် သူ၏ စက္ကူရုပ်တပ်မတော်မှာ ဝုန်းခနဲ ပြေးထွက်သွားပြီး တစ္ဆေများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ကုတ်ခြစ်ခြင်း၊ ရိုက်နှက်ခြင်း၊ ကိုက်ခဲခြင်း၊ ဓားဖြင့်ခုတ်ခြင်းနှင့် တူဖြင့်ထုခြင်းတို့ကို တရစပ် ပြုလုပ်တော့သည်။
စက္ကူရုပ်တပ်မတော်၏ တစ္ဆေများကို ကိုင်တွယ်ပုံမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးချုပ်ကိုင်မှု ရှိလှသည်။ သွေးအင်အား ၁ သိန်းရှိသော တစ္ဆေများမှာ စက္ကူရုပ်များ၏လက်ထဲတွင် အပိုင်းပိုင်းပြတ်ကာ အစအနမကျန် ပျောက်ကွယ်သွားကြရသည်။
ချိုက်မြောင်၏ မျက်ခုံးများ တလှုပ်လှုပ် တုန်လာသည်။
"ဒါကို ဒုတိယအကြိမ် ပြန်ကြည့်နေတာတောင်မှ ဒီအရွယ်နဲ့ ဒီလောက်ဖျက်အားပြင်းတဲ့ စွမ်းရည်ရှိနေတာဟာ တကယ့်ကို အံ့ဖွယ်ပဲလို့ ခံစားရတုန်းပဲ"
"ဒါကြောင့်လည်း ယဲ့ဖျင်က... ငါ့တူလေးက ဒီနှစ် နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ပွဲမှာ ချန်ပီယံဖြစ်ဖို့ သေချာပေါက် ကံပါလာတာလို့ ပြောတာကိုး"
လီဝေက မေးစေ့ကို ပွတ်ရင်း စဉ်းစားနေသည်။
"စက္ကူရုပ်တပ်မတော်မှာ အားနည်းချက်သာ မရှိဘူးဆိုရင် ချန်ပီယံဖြစ်ဖို့ကတော့ အသေအချာပဲ။ ဒါပေမဲ့ သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက ဝိညာဉ်သန့်စင် မိုးကြိုးတစ်ထောင်လို့ ငါထင်တယ်။ မိုးကြိုးရဲ့ တိုက်ခိုက်မှုစွမ်းအားက အရမ်းကို ကြောက်စရာကောင်းတာလေ"
"ငါတို့တွေ သူ့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုခု စဉ်းစားပေးလို့ ရမလား"
ဖူလင်: "ဒါကတော့ ငါ့တူလေးကိုပဲ မေးကြည့်ရမှာပေါ့။ တူလေး... မင်းရဲ့ စက္ကူရုပ်တွေက မိုးကြိုးကို ကြောက်လား"
ရွှီရန်: "ကျွန်တော် မိုးကြိုးတစ်ထောင်နဲ့တော့ စမ်းမကြည့်ရသေးဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ စက္ကူရုပ်တွေ မရှိရင်တောင် ကျွန်တော့်မှာ တခြားနည်းလမ်းတွေ ရှိပါသေးတယ်"
ချိုက်မြောင်က လူစားထိုးစက္ကူရုပ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဒီလောက်တောင် ယုံကြည်ချက် ရှိတာလား"
ရွှီရန်က ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့။ အမှန်အတိုင်းပြောရရင် ကျွန်တော့်ရဲ့ ပန်းတိုင်က ရွေးချယ်ပွဲမှာ ချန်ပီယံဖြစ်ဖို့တောင် မဟုတ်ပါဘူး။ ချန်ပီယံဆု ရသွားတာကတော့ ဘေးထွက်ရလဒ် အနေနဲ့ ပါလာတာမျိုးပဲ ဖြစ်မှာပါ"
အားလုံး: "..."
နေပါဦး... သူ အခု ဘာပြောလိုက်တာလဲ။
တကယ်ကို ကြောက်စရာကောင်းလိုက်တာ။
ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်းမှာ အင်အားအကောင်းဆုံး မူကြိုကျောင်းသားတွေရဲ့ အသုတ်ဖြစ်နိုင်တယ်။ ဒါကို သူက ချန်ပီယံဖြစ်တာက အမှတ်မထင်ပါလာမယ့် ကိစ္စတစ်ခုလို့ ပြောနေတာလား။
ဒါက ကြွားဝါလွန်းတယ်လို့ ထင်ရပေမဲ့ သူ အခုပြသခဲ့တဲ့ စွမ်းရည်တွေအရ ဆိုရင်တော့ သူက တခြားသူတွေထက် အလှမ်းကွာဝေးတဲ့ အဆင့်တစ်ခုမှာ တကယ်ရောက်နေတာ ဖြစ်နိုင်ပါတယ်။
ချိုက်မြောင်က အနေခက်စွာဖြင့် "အဲ... တူလေးရယ် သတိတော့ ထားရဦးမယ်နော်။ မထင်မှတ်ထားတဲ့ အမှားအယွင်းမျိုးကြောင့် ဆုံးရှုံးမသွားစေနဲ့ဦး။ ချန်ပီယံဆုကို သေချာပေါက် ရအောင်ယူရမယ်"
ရွှီရန်က စက္ကူရုပ်တပ်မတော်ကို ပြန်ရုပ်သိမ်းလိုက်ရင်း "ကျွန်တော်က တကယ့်ကို နှိမ့်ချတတ်တဲ့သူပါ... အင်း... ကဲ နောက်ထပ်ပစ်မှတ်ဆီကို ဆက်သွားကြရအောင်"
နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးမှ အဖွဲ့ဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"ငါတို့ တော်တော်မြန်မြန် သတ်နိုင်ခဲ့တာပဲ ၁၀ မိနစ်တောင် မပြည့်ဘူး အားလုံး ပြီးသွားပြီ"
"သွေးအင်အား ၁ သိန်းရှိတဲ့ တစ္ဆေတွေက မင်းရှေ့မှာ ဒီလောက်အထိ နုနယ်လိမ့်မယ်လို့ မထင်ထားဘူး"
ရွှီရန်က နှိမ့်ချစွာဖြင့် "ဒါက ခေါင်းပြတ်တစ္ဆေက ကျွန်တော့်ကို အတွေ့အကြုံတွေ ပေးသွားလို့ပါ။ သူသာ မရှိရင် ကျွန်တော် စမ်းသပ်မှုကို မပြီးခင် စက္ကူရုပ်တပ်မတော်ကို အဆင့်မြှင့်ဖို့အတွက် ညစ်ညမ်းဇုန်ထဲမှာ တစ္ဆေတစ်သောင်းကို အရင်သတ်နေရဦးမှာ"
လင်းဖုန်းက တဟားဟား ရယ်မောလိုက်သည်။
"ဒါဆိုရင် ခေါင်းပြတ်တစ္ဆေ က သူ့အသက်ကို ပေးသွားရုံတင်မကဘဲ အနာဂတ်ရဲ့ အရှင်သခင်ကြီးအတွက် အတွေ့အကြုံတွေပါ ပေးသွားတာပေါ့လေ"
အားလုံးက ဝိုင်းရယ်ကြတော့သည်။ ရွှီရန်လည်း လိုက်ပြုံးမိသည်။ အမှန်ပင် ထိုကံဆိုးရှာသော ခေါင်းပြတ်တစ္ဆေ မှာ အတွေ့အကြုံ ပေးရုံတင်မကဘဲ အရေးကြီးဆုံးက သူ့ကိုယ်သူ စတေးပြီး နတ်ဘုရားအနှစ်သာရသုံးစက်ကိုပါ ပေးအပ်သွားခဲ့ခြင်းပင်။
ယခုဆိုလျှင် ရွှီရန်၏လက်ထဲတွင် နတ်ဘုရားအနှစ်သာရ စုစုပေါင်း လေးစက် ရှိနေပြီဖြစ်သည်။ သူ ရွှေနီရောင် အမြုတေအရိုးကို ရရှိသည်နှင့် ချက်ချင်းပင် စွမ်းအင်သွင်းယူမှုကို အပြီးသတ်
နိုင်တော့မည်ဟု ခန့်မှန်းရသည်။ ရန်သူဖြစ်ပါလျက်နှင့် သူ့အတွက် ဤကဲ့သို့ အနစ်နာခံသွားပေးသည့်အတွက် ရွှီရန်မှာ မျက်ရည်ကျလုမတတ်ပင် ကျေးဇူးတင်နေမိသည်။
လျိုယန်: "နောက်ထပ် ပစ်မှတ်ဆီ သွားကြစို့။ သွေးအင်အား ၁ သိန်းကျော်ရှိတဲ့ တစ္ဆေတစ်သောင်းကို သတ်ဖို့ဆိုတာ ငါတို့ အမြန်ဆုံး အရှိန်နဲ့သွားရင်တောင် နှစ်ရက် သုံးရက်တော့ ကြာဦးမှာပဲ"
"အရေးပေါ် တာဝန်တွေ ပေါ်လာပြီး ငါတို့ ထွက်သွားရတာမျိုး မဖြစ်ခင် မြန်မြန်အပြီးသတ်တာ ပိုကောင်းမယ်"
ရှောင်ရွှယ်: "ဟုတ်တယ် ငါတို့ဆီကို ထူးခြားတဲ့ တာဝန်တစ်ခုခု ရောက်လာလို့ ယဲ့ဖျင်တို့ အဖွဲ့ပဲ ကျန်ခဲ့ရမယ်ဆိုရင် ဒါလောက် ဘေးကင်းမှာ မဟုတ်တော့ဘူး"
ယဲ့ဖျင်၊ လီဝေ၊ ချိုက်မြောင်၊ ဖူလင်: "..."
လေးယောက်သား အနေခက်စွာဖြင့် တိတ်ဆိတ်သွားကြသည်။
"မင်းတို့ ပြောချင်တာက ငါတို့က အားနည်းတယ်လို့ ဆိုလိုတာလား"
လင်းဖုန်းက အားရပါးရ ရယ်လိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါတို့က အဲဒီလို မဆိုလိုပါဘူး။ မင်းတို့ရဲ့ ဖိအားတွေကို ဝေမျှပေးချင်တဲ့ သဘောပါပဲ"
ယဲ့ဖျင်: "ဘာပဲဖြစ်ဖြစ် အားဖုန်းကတော့ စကားပြောတတ်သားပဲ"
လျိုယန်: " ကောင်းပြီ နောက်ထပ် ပစ်မှတ်က အနားမှာတင် ရှိတယ်။ အဲဒီမှာ သားရဲအကောင်ရေ ၄၀၀ ပဲ ရှိတယ်..."
"ကြည့်ရတာ ငါတို့ မြန်မြန် လှုပ်ရှားဖို့ လိုမယ် ထင်တယ်"
နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များမှာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်ကြသည်။
ဒုတိယအဆင့် ညစ်ညမ်းဇုန်၏ ဗဟိုချက်အတွင်း ရွှီရန် နှင့်အတူ သူတို့ အရှိန်ပြင်းပြင်း လှုပ်ရှားနေကြသည်။
ဒုတိယပစ်မှတ်နေရာ သွေးအင်အား ၁ သိန်းစီရှိသော တစ္ဆေသတ္တဝါ ၄၀၀...
တတိယပစ်မှတ်နေရာ သွေးအင်အား ၁ သိန်းစီရှိသော တစ္ဆေသတ္တဝါ ၆၀၀...
တတိယအသုတ်ကို ရှင်းလင်းပြီးနောက်။
လျိုယန် တစ်ယောက် ဇဝေဇဝါဖြစ်လာသည်။
"ငါ မင်းရဲ့ စက္ကူရုပ်တပ်မတော်ကို စောင့်ကြည့်နေတာ တိုက်ခိုက်ရေးစွမ်းရည် တက်လာတာမျိုး မတွေ့ရဘူး။ ဘာလို့ ဒီလောက်အများကြီး သတ်နေရတာလဲ"
ရွှီရန်က ရိုးရှင်းစွာပင် "ပိုသန်မာလာဖို့ပါ" ဟု ပြန်ဖြေလိုက်သည်။
ရှောင်ရွှယ်က "မင်းက တိုက်ပွဲဝင်စွမ်းရည်တွေကို မြှင့်တင်နေတာလား ဒါပေမဲ့ မင်းကိုယ်တိုင်တောင် တစ်ချက်မှ မလှုပ်ရှားရသေးဘူးလေ"
လူစားထိုး ရွှီရန်က ပုခုံးတွန့်ပြရင်း "ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်"
ရှောင်ရွှယ်က ထပ်မေးရန် ပြင်လိုက်သော်လည်း လျိုယန်က လက်မြှောက်ကာ တားလိုက်သည်။
"အရမ်းကြီး ထပ်မမေးနဲ့တော့။ ဒီကောင်လေးက အပြည့်အဝ မကြီးထွားသေးဘူး။ မင်းဘယ်လောက်ပဲ စပ်စုချင်နေပါစေ အောင့်ထားလိုက်ပါ။ သူ့ရဲ့ ဝှက်ဖဲတွေ ပေါက်ကြားကုန်ရင် မကောင်းဘူး"
ရှောင်ရွှယ်က နှုတ်ခမ်းဆူလိုက်ကာ "အင်းပါ... အင်းပါ။ ဆက်သတ်ကြတာပေါ့။ ဒီကောင်လေး တစ္ဆေတွေကို သတ်နေတာ ကြည့်ရတာလည်း တစ်မျိုးတော့ အရသာရှိသားပဲ"
ရွှီရန်: "..."
နေ့တစ်ဝက်ကျော် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ရွှီရန်၏ သတ်ဖြတ်လိုစိတ် တောက်လောင်ခြင်း တိုးတက်မှုမှာ ၄,၅၀၀ မှတ်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ပန်းတိုင်ဖြစ်သော ၁၀,၀၀၀ ပြည့်ရန် တစ်ဝက်ကျော် လိုသေးသည်။ အမှန်စင်စစ် တစ္ဆေများကို သတ်ဖြတ်ရသည်မှာ လွယ်ကူသော်လည်း နေရာတစ်ခုနှင့်တစ်ခု သွားလာရန် အချိန်ပေးရခြင်း ဖြစ်သည်။ ဒုတိယအဆင့် ညစ်ညမ်းဇုန်အတွင်း သားရဲများ စုဝေးရာနေရာတစ်ခုကို ရှာရန် မိနစ် ၂၀ ခန့် အချိန်ယူရလေ့ရှိသည်။
ညနေ ၅ နာရီခန့်တွင် နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံး ခရီးကို ရပ်နားလိုက်ကြသည်။
"မနက်ဖြန်မှပဲ အပြီးသတ်နိုင်တော့မယ်။ ညမမှောင်ခင် ဘေးကင်းဇုန်ကို ပြန်ရမယ်။ ညဘက်ဆိုရင် သားရဲတွေရဲ့ စွမ်းရည်က အဆမတန် တက်လာတတ်တယ်။ ကင်းလှည့်နေတဲ့ ယန္တရားသားရဲတွေနဲ့ တိုးရင် ပိုဆိုးသွားလိမ့်မယ်"
ရွှီရန်က ခေါင်းညိတ်လိုက်သည်။
"ဘေးကင်းဖို့က အဓိကပါပဲ"
ပြောပြောဆိုဆိုဖြင့် သူသည် လင်းဖုန်း၏ ကျောပေါ်သို့ ကျည်ဆန်ရထားစီးသကဲ့သို့ ခုန်တက်လိုက်သည်။
မိနစ် ၄၅ ကြာပြီးနောက် အဖွဲ့သားများသည် အရှိန်ဖြင့် ပြန်လာခဲ့ကြရာ နံပါတ် ၆ ဘေးကင်းဇုန်၏ အပျက်အစီးများဆီသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ကျင့်ကြံသူများသည် မြို့ပြင်တံတိုင်းများကို ပြန်လည်တည်ဆောက်နေကြပြီ ဖြစ်သည်။
"အခုတော့ ဘေးကင်းသွားပြီ"
ရွှီရန်သည် ကိုယ်ပျောက်အခြေအနေကို ဖျက်သိမ်းလိုက်သည်။ ဤအချိန်တွင် သူ၏ ချောမောသော မျက်နှာထက်၌ အပြုံးများ ပြည့်နှက်နေပြီး မျက်လုံးများမှာလည်း တက်ကြွရွှင်လန်းနေကာ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
"ဦးလေးတို့ အဒေါ်တို့အားလုံးကို ကျေးဇူးတင်ပါတယ်"
လျိုယန်က မျက်ခုံးပင့်လိုက်ရင်း "တကယ်ကို သတိကြီးတာပဲ။ လူစားထိုးရုပ်ကို အာရုံလွှဲဖို့ သုံးပြီး ကိုယ်တိုင်က ကိုယ်ပျောက်ပြီး ပုန်းနေတာပဲ။ ဒီလူစားထိုးရုပ်က မင်းအတွက် တစ်ကြိမ်တော့ အသေခံပေးနိုင်မှာပေါ့ ဟုတ်တယ်မလား"
ရွှီရန်က တဟဲဟဲ ရယ်မောရင်း ပုခုံးတွန့်ပြလိုက်သည်။ အမှန်မှာ နှစ်ကြိမ် ဖြစ်သော်လည်း သူက တစ်ကြိမ်ဟုသာ သဘောတူ ဝန်ခံလိုက်သည်။
လင်းဖုန်းက ခပ်အေးအေး နှာမှုတ်လိုက်ကာ "သူ့လို ပါရမီရှင်မျိုးက ဒီလောက်တော့ သတိကြီးကြီး ထားရမှာပေါ့"
အခန်း။ ၁၃၀
"သူသာ အဆင်ခြင်မဲ့ပြီး ဇွတ်တိုးတတ်တဲ့သူမျိုးဆိုရင် ယန္တရားသားရဲတွေနဲ့တွေ့တဲ့အခါ ပေါ့ဆမိပြီး ဒုက္ခရောက်မှာကို ငါစိုးရိမ်မိမှာပဲ။ ဒါပေမဲ့ အခုလိုမျိုး သတိကြီးကြီးထားတာကို ကြည့်ခြင်းအားဖြင့် ဟွာရှဲ့ပြည်နယ်ရဲ့ အနာဂတ်ဟာ တောက်ပနေတယ်လို့ ပြောလို့ရတာပေါ့"
ရွှီရန်က လက်နှစ်ဖက်ကို ဘေးသို့ဖြန့်လိုက်ရင်း "ကျွန်တော်လည်း စိုးရိမ်မိတာပါပဲ။ စာအုပ်တွေထဲမှာ ယန္တရားသားရဲတွေအကြောင်း မှတ်တမ်းတင်ထားတာက အရမ်းကို နည်းလွန်းတယ်။ အဲဒါက သူတို့နဲ့ တိုးခဲ့ရင် ကိုယ့်ရဲ့ လက်တန်းတုံ့ပြန်နိုင်စွမ်းကို တကယ့်ကို စမ်းသပ်ခံရမှာပဲလေ"
လျိုယန်က သက်ပြင်းချလိုက်သည်။
"ဒါကတော့ တတ်နိုင်ဘူးပေါ့... ယန္တရားသားရဲနဲ့ တွေ့ပြီဆိုရင် အသက်ရှင်ဖို့ ခဲယဉ်းတယ်။ မင်း အသက်ရှင်လျက် ပြန်လာနိုင်ရင်တောင်မှ မင်းရလာတဲ့ သတင်းအချက်အလက်တွေက တိကျချင်မှ တိကျမှာ..."
ရွှီရန်: "ဟုတ်ကဲ့။ ဒါကြောင့်လည်း ကျွန်တော်တို့ သတိထားနေရတာပေါ့"
လင်းဖုန်း: "ကောင်းတယ် ဒီအတိုင်းပဲ ဆက်လုပ်သွား။ မင်း ဘေးကင်းကင်းနဲ့ ကြီးထွားလာဖို့ လိုတယ်"
ဘုရင်မတစ်ပါးကဲ့သို့ အရှိန်အဝါရှိသော ရှောင်ရွှယ်က သူမ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်
ရင်း "အရင်ဆုံး စားစရာ တစ်ခုခု မှာကြရအောင် ငါတော့ ဗိုက်အရမ်းဆာနေပြီ။ စားပွဲမှာ ထိုင်ရင်းမှပဲ ဆက်ပြောကြတာပေါ့"
"သွားကြစို့"
နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များသည် ကောင်းကင်ယံသို့ ပျံတက်သွားကြရာ သူတို့၏ မီးတောက်လေကာအင်္ကျီ များနှင့် ရွှေရောင်လေကာအင်္ကျီများမှာ လင်းလက်တောက်ပနေတော့သည်။ ရွှီရန်နှင့် ယဲ့ဖျင်တို့ကလည်း သူတို့နောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။
လမ်းမပေါ်တွင်မူ ကျင့်ကြံသူ အများအပြားမှာ အံ့သြတကြီးဖြင့် မော့ကြည့်နေကြသည်။ ဘေးကင်းဇုန်အတွင်း ပျံသန်းခြင်းကို တားမြစ်ထားသော်လည်း နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များနှင့် သူတို့၏ ယူနီဖောင်းဝတ်ဆင်ထားသူများသာ လွတ်လပ်စွာ ပျံသန်းခွင့်ရှိခြင်းဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် ခေါင်းပေါ်မှ ပျံသန်းသွားပြီဆိုလျှင် သူတို့သည် အထူးချွန်ဆုံးသော စွမ်းအားရှင်များဖြစ်ကြောင်း အားလုံးက သိကြသည်။
ပိန်ပိန်ရှည်ရှည် အမျိုးသားတစ်ဦးက "ဟော... ဟိုမှာ မီးတောက်အကျဉ်းထောင်တပ်ဖွဲ့နဲ့ ဝိညာဉ်သန့်စင်တပ်ဖွဲ့ပဲ"
မျက်နှာဖောင်းဖောင်းနှင့် ကတုံးဆံတောက်လူငယ်တစ်ဦးက "ဒီနေ့ တစ်နေကုန် သောင်းကျန်းနေတဲ့ ရွံစရာကောင်းတဲ့ ခေါင်းပြတ်တစ္ဆေကြီးကို နှိမ်နင်းခဲ့တာ သူတို့ပဲဖြစ်မှာ"
မျက်နှာလေးထောင့်စပ်စပ်နှင့် မုတ်ဆိတ်ထူထူ အမျိုးသားတစ်ဦးက ကြွားဝါနေသည်။
"ငါ အဲဒီမှာ ရှိနေတာကွ ဒီနေ့တိုက်ပွဲက ၁၁:၂၀ မှာ စခဲ့တာ ၁၁:၃၀ မှာ အဲဒီကောင်ကို အပြတ်သတ်နိုင်ခဲ့တယ်။ ဒါက ယန္တရားနတ်ဘုရားသတ်ပွဲ သမိုင်းမှာ အမြန်ဆုံး စံချိန်တင်သွားတာပဲ"
ဝက်ဝံကြီးဟု အမည်ပြောင်ပေးထားသော ခြေအိတ်အမည်းရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကလည်း "ဒါက သတင်းကြီးဖြစ်နေပြီလေ။ ငါဆိုရင် ဒီသူရဲကောင်းတွေကို တစ်ချက်လောက် မြင်ရနိုးနဲ့ သီးသန့်ကို ပြေးလာခဲ့တာ"
ကျင့်ကြံသူများကြားတွင် စိတ်လှုပ်ရှားမှုများ ပွက်လောရိုက်နေပြီး တစ်မြို့လုံး ဟိုးဟိုးကျော် ဖြစ်သွားတော့သည်။
ဝက်ဝံကြီး: "ဟိုမှာ မျက်နှာဖုံးတပ်ထားတဲ့ ကောင်လေး သူ့လက်တွေကို ကြည့်ရတာ အသားက နုနုလေးပဲ။ အသက် ၁၅ နှစ်ထက် မပိုလောက်ဘူး... သူကပဲ စက္ကူရုပ်တပ်မတော်ကို တစ်ဦးတည်း ကွပ်ကဲနေတဲ့ တောက်ပတဲ့ကြယ်လေးလား"
မုတ်ဆိတ်ထူထူနှင့် အမျိုးသား: "ဟုတ်တယ် ငါ အဲဒီနေရာမှာ ကိုယ်တိုင်ရှိနေခဲ့တာ။ သူ့နာမည်ကို ဘယ်သူမှမသိကြဘူး။ ကြားရသလောက်တော့ သူက ကျင့်ကျိုးက စူပါပါရမီရှင်တစ်ယောက်တဲ့။ အဲဒီတုန်းက သူလုပ်ပြသွားတာတွေက တကယ်ကို အံ့မခန်းပဲ။ ဒီလို မြင်ကွင်းမျိုးကို ကိုယ်တိုင်မြင်ခဲ့ရတာ ငါ့ဘဝတစ်လျှောက်လုံး ကြွားလို့ရပြီ ဟားဟား"
မျက်မှန်နှင့် အားနည်းပုံရသော အမျိုးသားတစ်ဦးက ဝင်ပြောသည်။
"တစ်ချို့က ခန့်မှန်းနေကြတာတော့ သူက အမြန်ဆုံးသတ်နိုင်တဲ့ စံချိန်အတွက် အဓိကကျတဲ့သူတဲ့။ သူကပဲ သူ့ရဲ့ဓားချက်တွေနဲ့ ခေါင်းပြတ်တစ္ဆေ အပွားပေါင်း တစ်သောင်းကို စနစ်တကျ အမြစ်ပြတ်အောင် သတ်ပေးခဲ့လို့ နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးက အားနည်းချက်ကို ရှာတွေ့သွားတာ..."
ဝက်ဝံကြီး: "ဟူးဒီလို စူပါပါရမီရှင်မျိုးဆိုရင် ကိုယ်ပိုင် နတ်ဘုရားသတ်တပ်ဖွဲ့ ရှိသင့်တာ မဟုတ်ဘူးလား ဘာလို့ သူ့တစ်ယောက်တည်းပဲ မြင်နေရတာလဲ"
မုတ်ဆိတ်ထူထူနှင့် အမျိုးသား: "သူက အခုမှ နာမည်ကြီးလာတာ ဖြစ်မှာပေါ့။ ဒါမှမဟုတ် သူက နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရဲ့ အတန်းသစ်ကတော့ မဟုတ်နိုင်ပါဘူးလေ
အသက် ဆယ်နှစ်၊ တစ်ဆယ့်တစ်နှစ်နဲ့ တပ်မတော်ကြီးကို ကွပ်ကဲပြီး သွေးအင်အား ၆၀,၀၀၀ ကျော်ရှိတဲ့ တစ္ဆေတစ်ကောင်ကို အမှုန့်လုပ်ဖို့ဆိုတာ... နာရီဝက်အတွင်း အကောင်တစ်သောင်းကို နှစ်ပိုင်းပိုင်းပစ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား လုံးဝ မဖြစ်နိုင်ဘူး။
သူက အသက် ၁၅ နှစ် ဒါမှမဟုတ် ၁၆ နှစ်ဝန်းကျင်လောက်ရှိတဲ့ စူပါပါရမီရှင် ဖြစ်ဖို့များတယ်။ အခုမှ တစ္ဆေတွေကို နှိမ်နင်းနိုင်တဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ကို ရှာဖွေတွေ့ရှိသွားတာ ဖြစ်မှာပါ"
မျက်မှန်နှင့် အမျိုးသား: "ငါကတော့ ဒါက လုံးဝ ဖြစ်နိုင်တယ်လို့ ထင်တယ်။ ဒီမနက် တိုက်ပွဲတုန်းက ယဲ့ဖျင်က ဒီကောင်လေးဘေးမှာ ရှိနေပြီး ကာကွယ်ပေးနေတာလေ။
ငါရထားတဲ့ သတင်းအရဆိုရင် ယဲ့ဖျင်က ကျင့်ကျိုးပြည်နယ်က နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို ပြန်သွားတာ။ သူစောင့်ရှောက်ပေးနေတဲ့ ကောင်လေးကလည်း အဲဒီကျောင်းက ဖြစ်ဖို့များတယ်။ ဒါကြောင့် အဲဒီကောင်လေးက အသက် ၁၀ နှစ်ပဲရှိဦးမယ်။ ပြီးတော့ ၄၉ ကြိမ်မြောက် နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ပွဲမှာ ဝင်ပြိုင်မယ့်သူလို့ ငါထင်တယ်"
မုတ်ဆိတ်ထူထူနှင့် အမျိုးသား: "တော်စမ်းပါကွာ ဆယ်နှစ်သားကလေးက ဘယ်လိုလုပ် တပ်မတော်ကို တစ်ဦးတည်း ကွပ်ကဲပြီး သွေးအင်အား ၆၀,၀၀၀ ကျော်ရှိတဲ့ ခေါင်းပြတ်တစ္ဆေ တစ်သောင်းကို သတ်နိုင်မှာလဲ မင်းက စွမ်းအားရှင်တွေအကြောင်း ပိုသိတာလား။ ငါက ပိုသိတာလား။
ငါကိုယ်တိုင် အဲဒီနေရာမှာ ရှိနေခဲ့တာလေ။ မင်းထက်တော့ ငါက ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ခဲ့ရမှာပေါ့"
မျက်မှန်နှင့် အမျိုးသား: "ဟဲဟဲ မင်းဘာသိလို့လဲ ငါပြောတာပဲ မှန်တာပါ"
ယဲ့ဖျင်: "သူတို့ မင်းအကြောင်း ဆွေးနွေးနေကြတာပဲ"
ရွှီရန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း "ဒီစက္ကူခေါက်မျက်နှာဖုံးကို အမြဲတပ်ထားတာ တော်သေးတာပေါ့။ မဟုတ်ရင် ငါ့ဓာတ်ပုံသာ အွန်လိုင်းပေါ် ရောက်သွားရင် လူသိများတဲ့သူ ဖြစ်သွားလိမ့်မယ်။ အဲဒါက ငါ့ရဲ့ ပုန်းလျှိုးကွယ်လျှိုး နည်းဗျူဟာတွေအတွက် မကောင်းဘူး"
ယဲ့ဖျင်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။
ကျန်ရှိသူအားလုံး: "..."
ဒီလောက်အထိ ပါးနပ်တဲ့ စိတ်ဓာတ်မျိုးလား။ ဒါက ကိုယ်ပျောက်အတတ်ကို တီထွင်လိုက်ရတဲ့ တကယ့်ရည်ရွယ်ချက်လား။
တကယ်ကို လည်လွန်းတယ်။
သို့သော်လည်း တစ်ပါးမျိုးနွယ်စုဝင်များနှင့် တိုက်ခိုက်ရသည့် စစ်မြေပြင်တွင် ဤကဲ့သို့သော ပါးနပ်မှုမျိုးကသာ လူတစ်ယောက်ကို အသက်အရှည်ဆုံး ရှင်သန်စေနိုင်ပြီး ရန်သူအတွက် အန္တရာယ်အရှိဆုံး ဖြစ်စေသည်။
ဤနေရာသည် နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များအတွက် သီးသန့် အစားအသောက် အလုပ်အကျွေးပြုသော နေရာဖြစ်သည်။ တိုက်ပွဲများသည် အလွန်ပင် ပင်ပန်းနွမ်းနယ်စေသဖြင့် ဤနေရာမှ အစားအစာများသည် သူတို့၏ ပင်ပန်းမှုများကို လျင်မြန်စွာ ပြေပျောက်စေပြီး စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။
စားပွဲတွင် ထိုင်လိုက်သည်နှင့် မေးခွန်းပေါင်းများစွာ မေးရန် ပြင်ဆင်ထားကြသော နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များသည် စိတ်အေးလက်အေး ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်ကုန်ကြတော့သည်။
ခဏအကြာတွင် အရသာရှိသော ဟင်းလျာများကို လာရောက်ချပေးသဖြင့် ရွှီရန်နှင့် အခြားသူများက သူတို့ကို တစ်ယောက်ချင်းစီ လိုက်နှိုးကြရသည်။ အစားစားပြီးသည့်တိုင်အောင် သူတို့သည် အလွန်ပင် ပင်ပန်းနေကြဆဲပင်။
ရွှီရန်: "မြန်မြန် သွားနားကြပါတော့ မနက်ဖြန် နိုးလာမှပဲ ဆက်ပြောကြတာပေါ့"
နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့မှ အဖွဲ့ဝင် ၁၄ ဦးစလုံးက ခေါင်းညိတ်ပြကြသည်။
"ငါတို့ တိုက်ပွဲသုံးပွဲ ဆက်တိုက် တိုက်ခဲ့ရတာဆိုတော့... တစ်ရေးလောက် အိပ်လိုက်ဦးမယ်။ မနက်ဖြန်ကျရင် မင်းကို တစ္ဆေလိုက်လံနှိမ်နင်းဖို့ ခေါ်သွားပေးမယ်"
ရွှီရန်: "ဟုတ်ကဲ့ပါ"
တစ်ညလုံး မည်သည့်စကားမျှ မပြောဖြစ်ဘဲ တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
နောက်တစ်နေ့ ရောက်သော် မနက် ၈ နာရီတိတိတွင်...
နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များသည် အိပ်ရာမှ ဝုန်းခနဲ ထကြကာ အလျင်အမြန်ပင် မျက်နှာသစ် သန့်စင်ကြပြီးနောက် ရွှီရန်ကို လာရောက်ရှာဖွေကြတော့သည်။ ထိုအချိန်တွင် ရွှီရန်သည် သူ၏ အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုစွမ်းရည်ကို ပြန်လည်လေ့ကျင့်နေဆဲပင်။
လျိုယန်: "သွားလို့ရပြီဟေ့ ၈ နာရီရှိပြီ။ ဒီနေ့တော့ မင်းရဲ့ လေ့ကျင့်ရေးတာဝန်ကို သေချာပေါက် ပြီးအောင် ငါတို့ ဝိုင်းကူပေးမယ်"
ရွှီရန်က ကျေးဇူးတင်စွာဖြင့် ပြုံးလိုက်သည်။
"တကယ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဦးလေးတို့ရဲ့ ကာကွယ်ပေးမှုကြောင့် ကျွန်တော် တကယ်ကို စိတ်အေးလက်အေး ရှိရပါတယ်"
လင်းဖုန်း: "ကဲ... ထွက်ကြစို့ ဒီနေ့တော့ ဒုတိယအဆင့် ညစ်ညမ်းဇုန်ရဲ့ ဗဟိုနားနီးနီးအထိ သွားပြီး ရှင်းထုတ်ကြမယ်"
ထိုသို့ဖြင့်... သူတို့အဖွဲ့သည် မနက် ၈ နာရီတွင် ထွက်ခွာလာခဲ့ကြရာ မနက် ၁၀ နာရီခွဲတွင် ဒုတိယအဆင့် ညစ်ညမ်းဇုန်၏ ဗဟိုနားသို့ ရောက်ရှိလာခဲ့သည်။
ပစ်မှတ်များကို လိုက်လံရှာဖွေကြသည်။ နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များသည် ရွှီရန် ကိုင်တွယ်ရန် ခက်ခဲသော အင်အားကြီးတစ္ဆေများကို နှိမ်နင်းပေးကြပြီး ကျန်ရှိသမျှကိုမူ ရွှီရန် တစ်ယောက်တည်း ရှင်းလင်းရန် ချန်ထားပေးကြသည်။
ညနေ ၄ နာရီ ရောက်သောအခါ... တာဝန်မှာ ပြီးဆုံးသွား၏
[တာဝန်ပြီးမြောက်ခြင်း အောင်မြင်မှု]
[ဂုဏ်ယူပါသည် ရွှေရောင်အောင်မြင်မှုမှတ်တမ်း သတ်ဖြတ်လိုစိတ် တောက်လောင်ခြင်း၏ တိုးတက်မှုမှာ ၁၀,၀၀၀ / ၁၀,၀၀၀ သို့ ရောက်ရှိသွားပါပြီ။ အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိသွားသဖြင့် တာဝန်ပြီးဆုံးပါပြီ...]
[တာဝန်ဆုလာဘ်: သတ်ဖြတ်ခြင်းနှလုံးသားတစ်ခု]
[သတ်ဖြတ်ခြင်းနှလုံးသား: သတ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသမျှသော ဆိုးကျိုးသက်ရောက်မှုအားလုံးကို ဤနှလုံးသားအတွင်း၌သာ ထိန်းချုပ်ထားမည်ဖြစ်ပြီး သင့်အပေါ်၌ အနည်းငယ်မျှ သက်ရောက်မှုရှိမည်မဟုတ်ပါ]
[သတ်ဖြတ်ခြင်းနှလုံးသားအတွင်း၌ အပျက်သဘောဆောင်သော ခံစားချက်များ လုံလောက်စွာ စုဆောင်းမိသွားသောအခါ ပျက်စီးခြင်းမီးတောက်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ၎င်းသည် သင့်ခန္ဓာကိုယ်ကို သန့်စင်ပေးကာ နိဗ္ဗာန်ရောက်သကဲ့သို့ အသွင်ကူးပြောင်းမှုမျိုးကို ဖြစ်ပေါ်စေပါလိမ့်မည်]
[သတ်ဖြတ်ခြင်းနှလုံးသားကို ရယူလိုပါသလား ဟုတ် / မဟုတ်]
"နောက်ဆုံးတော့ ရခဲ့ပြီ။ သတ်ဖြတ်ခြင်းနှလုံးသားနဲ့ ပျက်စီးခြင်းမီးတောက်..."
ရွှီရန်သည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။ ကိုယ်ခံပညာနှင့် တိုက်ခိုက်ရေးစွမ်းအားများနှင့် ယှဉ်လျှင် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အမြဲတမ်း အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။ သို့သော် ယခုအချိန်မှစ၍ သူ၏ ခန္ဓာကိုယ်သည်လည်း ပြိုင်ဘက်ကင်းသော လမ်းစဉ်ပေါ်သို့ စတင်တက်လှမ်းနိုင်တော့မည်ဖြစ်သည်။
၎င်းသည် အလွန်ပင် ခက်ခဲကြမ်းတမ်းသော လမ်းစဉ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် ရွှီရန်အဖို့မှာမူ စိန်ခေါ်မှုများလေ ပို၍ပင် သဘောကျလေပင်။