အခန်း (၁+၂)
Vol. 1 Ch. 1+2
အခန်း (၁) - မွေးရာပါ ဓားအမြုတေရှင်
"စုချန်... ဓားသင်္ချိုင်းစောင့်ရှောက်သူအဖြစ် တာဝန်ကျသည်..."
ဂိုဏ်းအပြင်စည်း အုပ်ချုပ်သူ အကြီးအကဲ ၏ ကြေညာသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကွင်းပြင်ထဲရှိ ဂိုဏ်းသားသစ်အားလုံး၏ အကြည့်များသည် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးထံသို့ ရောက်ရှိသွားကြသည်။
တချို့က သနားကြသလို၊ တချို့ကတော့ သူတစ်ပါး ဒုက္ခရောက်သည်ကို ကြည့်ပြီး ကျေနပ်နေကြသည်။
ဓားသင်္ချိုင်းဆိုသည်မှာ စောင့်ရှောက်ဖို့ဝေးစွ..လူနေလို့ပင် ရပါရဲ့လား။
အဲ့ဒီနေရာမှာ သခင်ဖြစ်သူများ တိုက်ပွဲတွင် ကျဆုံးပြီးနောက် ကျန်ရစ်ခဲ့သည့် ဓားပျံပေါင်း တစ်သိန်းရှစ်ထောင်ကို မြှုပ်နှံထားသည်ဟု ဆိုကြသည်။ ထိုဓားများသည် နေ့ညမပြတ် ငိုကြွေးမြည်တမ်းနေကြပြီး ၎င်းတို့၏ ဓားငွေ့အင်များမှာ အ,မင်္ဂလာ "မိစ္ဆာအငွေ့အသက်" များအဖြစ် ပြောင်းလဲနေတတ်သည့်နေရာပင်။
သားစဉ်မြေးဆက် ဓားစောင့်ဂိုဏ်းသားများသည် ထို မိစ္ဆာဓားအငွေ့အသက်များကြောင့် ဒဏ်ရာရရှိခဲ့ကြဖူးသည်။ သက်တမ်းတိုရုံသာဆို ကံကောင်းခြင်းလို့ပြောနိုင်ပြီး၊ ကံဆိုးလျှင်တော့ ရုတ်တရက်ချက်ချင်းပင် သေဆုံးသွားနိုင်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဓားသင်္ချိုင်းသည် ရှုတောင် ၏ အန္တရာယ်အရှိဆုံး နေရာတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် အကြောင်းမသိသေးသော ဂိုဏ်းသားသစ် အနည်းငယ်ကလွဲလျှင် ထိုနေရာသို့ သွားချင်ကြသူမရှိပေ။
သိုင်းပါရမီညံ့ဖျင်းသူများ၊ သို့မဟုတ် တစ်စုံတစ်ယောက်နှင့် ပြဿနာတက်ပြီး ကံဆိုးမိုးမှောင်ကျသူများကိုသာ ဓားသင်္ချိုင်းသို့ ပို့လေ့ရှိကြသည်။
"ဒီ စုချန်က 'အဆင့်မြင့် ဝိညာဉ်ရှင်’ မဟုတ်လား... ဘာလို့ သူ့ကို ဓားသင်္ချိုင်းပို့လိုက်ရတာလဲ"
"သူ အကြီးပိုင်း တစ်ယောက်ယောက်နဲ့ ပြဿနာတက်ထားတာ နေမှာပေါ့..."
"ငါကြားမိတာတော့.. 'အတွင်းစည်းဂိုဏ်းသား' တစ်ယောက်က ပြောတာပဲ... စုချန်က 'မသိတတ်မရိုသေလို့' ဆိုပြီးလေ... အဲ့ဒါကြောင့် သူ့ကို လေ့ကျင့်ပေးတဲ့ သဘောနဲ့ ဓားသင်္ချိုင်းကို ပို့လိုက်တာတဲ့... ဒါပေမဲ့ တကယ်တမ်းကျတော့..."
"အံ့ရော... သူက သာမန် 'အောက်ခြေ ဂိုဏ်းသား' လေးပဲဟာကို... ဘယ်လိုလုပ်ပြီး အဆင့်မြင့် အတွင်းစည်း ဂိုဏ်းသားလို အမြင့်ပိုင်းတစ်ယောက်နဲ့ ပြဿနာသွားဖြစ်ရတာလဲ"
"သေချာတော့ မသိဘူး... ကောလာဟလတွေအရတော့ လန်ယွဲ့ နတ်မိမယ် နဲ့ ပတ်သက်နေတယ် ပြောတာပဲ..."
"လန်ယွဲ့ နတ်မိမယ် ဟုတ်လား... ရှုတောင်ရဲ့ အလှဆုံး အတွင်းစည်း အမွေခံဂိုဏ်းသားလေ... ဘုရားရေ... စုချန်က ဘယ်လိုလုပ်ပြီး သူနဲ့ပါ သွားပတ်သက်နေရပြန်တာလဲ"
"သနားစရာ ကောင်လေးပါပဲကွာ... ဓားသင်္ချိုင်းလို နေရာမျိုးမှာဆိုတော့ စုချန်တစ်ယောက် အသက်ကြာကြာ ရှင်ပါ့မလားပဲ..."
လူတိုင်းက စိတ်ဝင်တစား ဆွေးနွေးနေကြသည်။
စုချန်သည် လူအုပ်ကြားထဲတွင် ရပ်နေရင်း သူ၏ မျက်နှာထားမှာ တည်ငြိမ်လျက်ရှိကာ ဂိုဏ်းတာဝန်ချသစ်သားပြား ကို လှမ်းယူလိုက်သည်။ ထို့နောက် လူတိုင်း၏ သနားသည့် အကြည့်များအောက်တွင်ပင် ဓားသင်္ချိုင်းရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
"ယွီထျန်းယန်... အတွင်းစည်း ဂိုဏ်းသား ဆိုတာ တကယ်ကိုပဲ ရာထူးနဲ့ အာဏာ ကြီးမားတာပဲ... ပေါ့ပေါ့ပါးပါး စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ အောက်ခြေက ဂိုဏ်းသားတွေရဲ့ အသက်အသေအရှင်ကို ဆုံးဖြတ်နိုင်တယ်..."
စုချန်သည် လက်ထဲရှိ ဓားပုံစံ ထွင်းထုထားသော သစ်သားပြားကို ငုံ့ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
သူသည် ဤကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာသည်မှာ မကြာသေးပေ။
ယွီထျန်းယန် ဆိုသူကိုလည်း လုံးဝ မသိချေ။
သူ ပစ်မှတ်ထားခံရခြင်းမှာ လန်ယွဲ့ နတ်မိမယ် 'ယွဲ့လျိုရွှမ်း' နှင့် လက်ထပ်ရန် စေ့စပ်ကြောင်းလမ်းထားမှု ရှိနေသောကြောင့်သာ ဖြစ်သည်။
"ငါက နေမင်း၊ သူက လမင်း... ငါတို့က နတ်ဖတ်တဲ့ စုံတွဲတွေပဲ။ မင်းက သူနဲ့ မတန်ဘူး။ သွား... ယွဲ့လျိုရွှမ်းဆီသွားပြီး စေ့စပ်မှုကို ဖျက်သိမ်းပေးဖို့ ပြောချေ... ဒါဆိုရင် မင်းကို ချင်းယန်တောင်ထွတ်ထဲ ဝင်ခွင့်ပေးမယ်..."
ဒါက ယွီထျန်းယန် သူ့ကို ပထမဆုံး ပြောခဲ့သည့် စကားဖြစ်သည်။
အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သလိုမျိုး မောက်မာသည့် အမူအရာ။ အမိန့်ပေးသလိုမျိုး၊ ဖြစ်ကိုဖြစ်ရမည်ဆိုသည့် ပုံစံမျိုး။
စုချန် သူ့အချိုးကို မကြိုက်ပေ။
ဒါကြောင့် သူ ငြင်းပယ်ခဲ့သည်။
ယွီထျန်းယန်သည် သူ၏ ရာထူးဂုဏ်ရှိန်ကို အားကိုးပြီး ဂိုဏ်းထဲ ယခုမှစဝင်သည့် အောက်ခြေသိမ်း ဂိုဏ်းသားလေး တစ်ယောက်ကို ကိုယ်တိုင် အရေးလုပ် ဖြေရှင်းရန် သိက္ခာကျသည်ဟု ယူဆပုံရသည်။ ထို့ကြောင့် "မသိတတ်မရိုသေ" ဟူသော မှတ်ချက်စကား ပါးပါးလေးသာ ချန်ထားရစ်ခဲ့သည်။
အောက်လက်ငယ်သားများက ထိုစကား၏ သဘောကို အလိုလို နားလည်ကြသည်။
အတွင်းစည်း အမွေခံဂိုဏ်းသားတစ်ယောက်၏ လက်ချောင်းကြားမှ လွတ်ကျလာသည့် သဲတစ်ပွင့်သည်ပင် သာမန် အောက်ခြေသိမ်း ဂိုဏ်းသားတစ်ယောက်အတွက်တော့ ကြီးမားသည့် တောင်ကြီးတစ်လုံး ပမာပင်။
ထို့ကြောင့် ဂိုဏ်းပြင်အုပ်ချုပ်သူသည် စုချန်အား ဓားသင်္ချိုင်းကို စောင့်ရှောက်ရန် တာဝန်ချပေးလိုက်ခြင်း ဖြစ်သည်။
ထိုနေရာသည် ကြမ်းတမ်းပြီး အန္တရာယ်များ၏။ အကယ်၍ စုချန်သာ သည်းမခံနိုင်ပါက ရှုတောင်မှ သူ့သဘောနှင့်သူ ဆင်းသွားလိမ့်မည်။ အကယ်၍ ခေါင်းမာပြီး ဆက်နေမည် ဆိုလျှင်လည်း အသက်ကြာကြာ ရှင်နိုင်မည် မဟုတ်ပေ။
"ဒါ ဘယ်လို အခြေအနေကြီးလဲကွာ... ငါဖြင့် အဲ့ဒီ ယွဲ့လျိုရွှမ်း ဆိုတာ ဘယ်လိုပုံစံလဲတောင် မသိဘူး..."
စုချန် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
"အရင်ဆုံး ဓားသင်္ချိုင်းကို သွားကြည့်တာပေါ့။ တကယ်ပဲ အန္တရာယ်များတဲ့ နေရာဖြစ်နေရင် လစ်ထွက်ဖို့ အခွင့်အရေး ရှာရမယ်။ သိက္ခာက အရေးမကြီးဘူး၊ ကိုယ့်အသက်ကသာ အရေးကြီးတာ"
မကြာမီမှာပင် ဓားသင်္ချိုင်း တည်ရှိရာ အနောက်ဘက် တောင်ကုန်းသို့ သူရောက်ရှိလာခဲ့သည်။
ဤတောင်ထွတ်သည် ဓားသွားတစ်လက်ကဲ့သို့ မတ်စောက်ပြီး သစ်ပင်ပန်းမန် ဟူ၍ မရှိ၊ ကျေးငှက်တိရစ္ဆာန်များလည်း မရှိချေ။
တောင်စောင်းတွင် ဆောက်လုပ်ထားသော ဇရပ်ဆောင် တစ်ခုတည်းသာ ရှိသည်။
တံခါးအပြင်ဘက်တွင် ရပ်လိုက်သည်နှင့် ပြင်းထန်သော မိစ္ဆာဓားအငွေ့အသက်များ တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး အပ်နှင့် ထိုးဆွသကဲ့သို့ အရေပြားများပင် ကျိန်းစပ်သွားသည်။
"တကယ်ကို အန္တရာယ်များတဲ့ နေရာပဲ... ဒီလောက် ပြင်းထန်တဲ့ မိစ္ဆာဓားအငွေ့အသက်တွေ ရှိနေမှတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် ကျင့်ကြံခြင်းအဆင့် မရှိဘဲနဲ့ ခဏလေးနေမိရင်တောင် တကိုယ်လုံး နေရခက်လာမှာ... ရေရှည်နေဖို့ ဆိုတာကတော့ ဝေလာဝေးပဲ..."
စုချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
ထိုစဉ် သူ့ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။
သူ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ 'တန်ထျန်း စွမ်းအင်ပင်လယ်' ထဲမှ အားပြင်းသော စုပ်ယူမှုတစ်ခု ပေါ်ထွက်လာပြီး လေထုထဲတွင် ပျံ့လွင့်နေသည့် မိစ္ဆာဓားအငွေ့အသက် တစ်မျှင်ကို အလိုအလျောက် စုပ်ယူလိုက်လေသည်။
စုချန် သူ၏ သွေးကြောများထဲထိတိုင် စူးရှသော နာကျင်မှုကို အနည်းငယ် ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် တန်ထျန်း စွမ်းအင်ပင်လယ်ထဲ၌ မှော်စွမ်းအင် အငွေ့အသက်ရေးရေး ပေါ်လာတော့သည်!
"ဒါက... မွေးရာပါ ဓားအမြုတေခန္ဓာ လား?"
စုချန် အံ့သြဝမ်းသာဖြင့် မျက်လုံးပြူးသွားသည်။
ဝိညာဉ်ကူးပြောင်းလာမှုကြောင့် သူ့ခန္ဓာကိုယ်တွင် အံ့ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်ကို သူတွေ့ရှိလိုက်ရသည်။
လူတစ်သန်းတွင် တစ်ယောက်သာ ဖြစ်တတ်သော မွေးရာပါ ဓားအမြုတေရှင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။
'မွေးရာပါ' ဆိုသည်မှာ အဘယ်နည်း။
ကောင်းကင်နှင့် မြေကြီး၏ မျက်နှာသာပေးမှုကို ခံရကာ မွေးဖွားလာခြင်းပင်။
ဤပါရမီမျိုး ရှိသူတိုင်းသည် မည်သည့် ဓားသိုင်းပညာကိုမဆို လျင်မြန်စွာ ကျင့်ကြံ အောင်မြင်နိုင်သည်။ မည်သည့် ဓားသိုင်းကိုမဆို မျက်စိတစ်မှိတ်အတွင်း ချက်ချင်း တတ်မြောက်နိုင်သည်။
ဒါက မွေးရာပါ ဓားနတ်ဘုရားတစ်ပါး၏ ပါရမီမျိုးပင်။
ဒါတင်မကသေး၊ မွေးရာပါ ဓားအမြုတေသည် ဓားအမျိုးမျိုး၏ စွမ်းအင်ငွေ့ များကို စုပ်ယူနိုင်ပြီး ကိုယ်ပိုင်သန့်စင်သော ဓားငွေ့ဓားလျှံ မှော်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။
ထို့ကြောင့် စုချန်သည် ဤ မိစ္ဆာဓားအငွေ့အသက်များ၏ ဒုက္ခပေးမှုကို မခံရသည့်အပြင် အကျိုးကျေးဇူးကိုပါ ရရှိနေခြင်း ဖြစ်သည်။
"ဟားဟား... ဒါ သိပ်ကောင်းတာပဲ။ ဓားသင်္ချိုင်းက တခြားသူတွေအတွက် အန္တရာယ်များတဲ့ နေရာဆိုပေမယ့် ငါ့အတွက်တော့ ကျင့်ကြံခြင်း ပြုလုပ်ဖို့ အကောင်းဆုံး အောင်မြေပဲ!"
စုချန် အလွန် ဝမ်းသာသွားသည်။
ယွီထျန်းယန် ကိုပင် ကျေးဇူးတင်ချင်စိတ် ပေါက်သွားသည်။ အကယ်၍ ထိုလူသာ သူ့ကို ဓားသင်္ချိုင်းသို့ မပို့လိုက်ပါက မွေးရာပါ ဓားအမြုတေကို ရှိမှန်းပင် သူ သိလိုက်မည် မဟုတ်ပေ။
"နေရာကောင်း... တကယ့် နေရာကောင်းပဲ။ အပြင်ဘက် ပတ်ဝန်းကျင်မှာ ခြေချရုံနဲ့တောင် ဒီလောက် သိပ်သည်းတဲ့ မိစ္ဆာဓားအငွေ့အသက်တွေ ရှိနေတာ... ငါသာ ဒီမှာ ကျင့်ကြံမယ်ဆိုရင် အားစိုက်ထုတ်မှု တစ်ဝက်လောက်နဲ့ ရလဒ် နှစ်ဆ ထွက်မှာ သေချာတယ်။ ငါ ဒီမှာ နေကို နေရမယ်။”
စုချန် ဆုံးဖြတ်ချက် ချလိုက်ပြီး ဓားသင်္ချိုင်း၏ တံခါးမ,ကြီးကို တွန်းဖွင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ပိုမို ကြမ်းတမ်းပြင်းထန်သော မိစ္ဆာဓားအငွေ့အသက်များ အလုံးအရင်းနှင့် တိုးထွက်လာတော့သည်။
ကြိုတင်ပြင်ဆင်ထားသော်လည်း ထိုစွမ်းအင် လှိုင်း ရိုက်ခတ်မှုကြောင့် မျက်နှာများ ဖြူဖျော့သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်အထိ ယိုင်သွားကာ မနည်း ပြန်ထိန်းလိုက်ရသည်။
တောင်၏ အတွင်းပိုင်းသည် ကောင်းကင်အလင်းပေါက်ကဲ့သို့ အခေါင်းပေါက် ဖြစ်နေသည်ကို သူမြင်လိုက်ရသည်။
ရှည်လျားသော ဓားများသည် တောင်နံရံများတွင် စိုက်ဝင်နေပြီး နေရာလပ်မကျန်အောင် ပြည့်နှက်နေကာ စက်ဝိုင်းပုံစံ အထပ်ထပ် စီတန်းလျက်ရှိသည်။ စူးရှထက်မြက်သော အရှိန်အဝါများကိုလည်း အဆက်မပြတ် ထုတ်လွှတ်နေကြသည်။
အပေါ်ပိုင်းသို့ မြင့်လေလေ၊ ဓားငွေ့ တို့မှာ ပိုမို ပြင်းထန်လေလေပင်။
စုချန်သည် အမြင့်ဆုံးနေရာသို့ မော့ကြည့်လိုက်ရာ ဓားမှအလင်းတန်းများသည် နေမင်းပမာ မျက်စိကိုပင် စူးရှသွားစေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ခန္ဓာကိုယ်ကို ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် မျက်လုံးများကို အမြန်မှိတ်လိုက်ရသည်။
"ဝိညာဉ်ဓားတွေရဲ့ ထက်မြက်မှုကို တည့်တည့် သွားမကြည့်နဲ့... မသေချင်ရင် ရိုးရိုးသားသား နေတာ အကောင်းဆုံးပဲ"
အက်ကွဲကွဲ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
စုချန် အနည်းငယ် လန့်ဖျပ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော မီးခိုးရောင် ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး သူ၏ အနောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
လုံးဝ တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။
ထိုလူသည် အလွန်အိုမင်းပုံရပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေကာ အရေပြားများမှာလည်း သေခါနီး သစ်ပင်အိုကြီးကဲ့သို့ တွန့်လိပ် ခြောက်သွေ့နေသည်။ သို့သော် သူ၏ မျက်လုံးများကမူ ဓားသွားများပမာ တောက်ပပြီး စူးရှနေသည်။
"ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်ရှိုင်းနေပြီ။”
စုချန် တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ဦးညွှတ်အရိုအသေ ပေးလိုက်သည်။
သူ၏ ဂိုဏ်းတာဝန်ချ သစ်သားပြားကို ပြသပြီး လာရသည့် ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် အဘိုးအိုသည် သူ့ကို သေချာပြန်လည် အကဲခတ်ကြည့်ရှုလိုက်ရာ အနည်းငယ် အံ့သြသွားပုံရသည်။
"ကောင်လေး... မင်း လူတစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်လာတယ် မလား"
"အာ... အဘိုး၊ ဘယ်လိုလုပ် သိတာလဲခင်ဗျ"
"အဆင့်မြင့် ဝိညာဥ်ရှင် တစ်ယောက်အနေနဲ့ အပြင်ဂိုဏ်းသား ဖြစ်ဖို့ လုံလောက်တာထက် ပိုနေပြီ... အောက်ခြေသိမ်း အလုပ်ကြမ်း လုပ်ဖို့ အပို့ခံရစရာ အကြောင်းမရှိသလို၊ ဓားသင်္ချိုင်းကို ပို့ခံရဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်"
အဘိုးအို ခေါင်းခါလိုက်သည်။
ကျင့်ကြံသူတစ်ဦး၏ ပါရမီကို ဝိညာဉ်အရင်းအမြစ်၏ အရည်အသွေးဖြင့် ဆုံးဖြတ်လေ့ရှိပြီး အနိမ့်အဆင့်၊ အလယ်အဆင့်၊ အဆင့်မြင့်၊ ထိပ်တန်းအဆင့် နှင့် ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် ဟူ၍ ခွဲခြားထားသည်။
ဝိညာဉ်အရင်းအမြစ် ကောင်းလေလေ၊ ကျင့်ကြံခြင်း အရှိန်အဟုန် မြန်ဆန်လေလေဖြစ်ပြီး အနာဂတ် အလားအလာလည်း ပိုမို ကြီးမားလေလေ ဖြစ်သည်။
အဆင့်မြင့် ဝိညာဉ်အဆင့် ဆိုသည်မှာ ပါရမီကောင်းသည်ဟု သတ်မှတ်နိုင်သည်။
ဓားသင်္ချိုင်းသည် ကြမ်းတမ်းပြီး အန္တရာယ်များသည့် နေရာဖြစ်သဖြင့် သာမန် ဂိုဏ်းသားများ လာချင်ကြသည် မဟုတ်။
ပါရမီညံ့ဖျင်းသူများမှလွဲ၍ လူတစ်ယောက်ယောက်နှင့် ပြဿနာတက်ထားသည့် ကံဆိုးသူများကိုသာ ဤနေရာသို့ ပြည်နှင်ဒဏ် ပေးလေ့ရှိသည်။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ဒီလိုကိစ္စများကို သူ မကြာခဏ မြင်တွေ့နေရသဖြင့် မထူးဆန်းတော့ပေ။
"မင်း ဘယ်သူနဲ့ ပြဿနာတက်ခဲ့လဲ ဆိုတာ ငါဂရုမစိုက်ဘူး။ ဓားသင်္ချိုင်းကို ရောက်လာမှတော့ ကိုယ့်နေရာမှာကိုယ် အတည်တကျနေပြီး အလုပ်ကိုပဲ လုပ်။ ဒီမှာဆိုရင် ဘယ်သူကမှ မင်းကို လာပြီး ဒုက္ခပေးမှာကို ပူစရာမလိုဘူး။ ဒါပေမဲ့ မင်း အသက်ဆက်ရှင်နိုင် မရှင်နိုင် ဆိုတာကတော့ မင်းရဲ့ အရည်အချင်းအပေါ်ပဲ မူတည်လိမ့်မယ်..."
အဘိုးအိုက ပြောပြီးသည်နှင့် သစ်သားပြားကို သူ့ထံသို့ ပြန်ပစ်ပေးလိုက်ပြီး ဓားသင်္ချိုင်း၏ စည်းကမ်းချက်များကို ပြောပြလေတော့သည်။
အပိုင်း ၂
အခန်း (၂) - ရှင်ဘုရင်ကို လုပ်ကြံခြင်း။
ဓားသင်္ချိုင်း၏ စည်းကမ်းများမှာ တကယ်တမ်းတော့ များများစားစား မရှိပေ။
တစ်ခုတည်းသာ - "ရိုးရိုးသားသားနေဖို့"။
အတွင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းသော ဓားအချို့ ရှိနေသည်။ အကယ်၍ မတော်တဆ သွားထိမိပါက မိမိအသက် အန္တရာယ်ရှိနိုင်သည်။
ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားတစ်ယောက်၏ အလုပ်သည် အမှန်တကယ်တော့ ရိုးရှင်းပါသည်။
ဓားရွေးရန် လာရောက်သော ဂိုဏ်းသားများကို လက်ခံတွေ့ဆုံခြင်းနှင့် နေရာကို စောင့်ကြပ်ခြင်းအပြင်၊ အဓိက အလုပ်မှာ ဓားများကို ဆေးကြောသန့်စင်ပေးပြီး ဓားများအပေါ်ရှိ မိစ္ဆာဓားအငွေ့အသက်များကို တတ်နိုင်သမျှ ဖိနှိပ်ထားရန် ဖြစ်သည်။
'ဓားသန့်စင်ခြင်း' ဆိုသည်မှာ ရှင်းရှင်းပြောရလျှင် အထူးစီရင်ထားသော "အင်းကွက်ပါအဝတ်" ကို အသုံးပြုပြီး ဓားများကို ပွတ်တိုက်ပေးခြင်းပင်။
ဤလုပ်ငန်းစဉ်သည် အလွန် အန္တရာယ်များလှသည်။
အကယ်၍ ကျင့်ကြံခြင်းအဆင့် မလုံလောက်ပါက မိစ္ဆာဓားအငွေ့အသက်များ၏ တိုက်ခိုက်ခြင်းကို ခံရကာ ဒဏ်ရာရရှိလိမ့်မည်။
ဒဏ်ရာ အသေးစားဆိုလျှင် သွေးကြောများနှင့် အတွင်းကလီစာများ ထိခိုက်ကာ သက်တမ်းတိုစေတတ်ပြီး၊ ဒဏ်ရာ အကြီးစားဆိုလျှင်တော့ 'ချီလမ်းကြောင်းလွဲဖောက်ပြန်ခြင်း' ဖြစ်ကာ ရုတ်တရက် သေဆုံးသွားနိုင်သည်။
ဒါက အန္တရာယ်များသည့် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားများ၏ ပျမ်းမျှ သက်တမ်းသည် နှစ် ၃၀ ထက် မကျော်လွန်ခဲ့ပေ။
ဒါတောင်မှ ထူးကဲသော ခွန်အားရှိသည့် လူအနည်းငယ်ကြောင့် ပျမ်းမျှနှုန်း အနည်းငယ် ကြာနေရခြင်းသာ ဖြစ်သည်။ လက်ရှိနှစ်များအတွင်း စေလွှတ်ခြင်းခံရသူ အများစုမှာ အားနည်းကြသဖြင့် ပို၍ပင် မြန်မြန် သေဆုံးကြရသည်။
လူအများစုသည် အလွန်ဆုံး လအနည်းငယ်သာ ခံနိုင်သည်။
သို့သော် ဤတာဝန်ကို တစ်ယောက်ယောက်ကတော့ လုပ်ကိုလုပ်ရမည်။ အကယ်၍ မည်သူမျှ ဓားများကို မသန့်စင်ပါက ဓားသင်္ချိုင်းအတွင်းရှိ မိစ္ဆာဓားအငွေ့အသက်များသည် ပိုမိုလေးလံလာပြီး နောက်ဆုံးတွင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဂိုဏ်းသည် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားများအား အလွန်ရက်ရောသော ခံစားခွင့်များ ပေးထားသည်။
လစဉ်ကြေး ဝိညာဉ်ကျောက်တုံး ၁၀ တုံး ရရှိမည့်အပြင်
တစ်နှစ် တာဝန်ထမ်းဆောင်ပြီးပါက အပြင်ဂိုဏ်းသား နှင့် တန်းတူ ခံစားခွင့် ရရှိမည်။
သုံးနှစ် ပြည့်ပါက အတွင်းဂိုဏ်းသား အဖြစ် တိုက်ရိုက် ရာထူးတိုးပေးမည်။
အကယ်၍ ဆယ်နှစ်အထိ ကြံ့ကြံ့ခံနိုင်ပါက အတွင်းစည်း အကြီးအကဲ တစ်ဦးနှင့် တန်းတူ ဂုဏ်ပုဒ်ကို ရရှိမည်ဖြစ်ပြီး ၎င်းတို့၏ ရာထူးမှာ အတွင်းစည်း အမွေခံဂိုဏ်းသားများ နှင့် ဂိုဏ်းချုပ် တို့၏ အောက်၌သာ ရှိတော့မည် ဖြစ်သည်။
"သာမန်လူတစ်ယောက်က ဒီနေရာမှာ ဆယ်နှစ်လောက် နေနိုင်ဖို့ဆိုရင် အနည်းဆုံးတော့ 'ရွှေအမြုတေအဆင့်' လောက် ရှိမှ ရမှာ... အဲ့ဒီအဆင့် ရောက်ရင်တောင်မှ အတွင်းစည်း အမွေခံဂိုဏ်းသား တစ်ယောက်ကို မယှဉ်နိုင်သေးဘူးလား"
စုချန် စိတ်ထဲ အံ့သြသွားသည်။
ယွီထျန်းယန်၏ ရာထူးအဆင့်အတန်း ဘယ်လောက်မြင့်မားကြောင်း သူ ယခုမှ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။
စကားတစ်ခွန်းတည်းနှင့် သူ့ကံကြမ္မာကို ဆုံးဖြတ်နိုင်ခြင်းမှာ မထူးဆန်းတော့ပေ။
သို့သော် ငါ့မှာ အခု မွေးရာပါ ဓားအမြုတေ ရှိနေပြီ။ ဒီနေရာမှာ နေလေ ငါ ပိုသန်မာလာလေပဲ ဖြစ်မှာ။
မကြာခင်မှာ ငါ သူ့ကို ကျော်တက်နိုင်မှာပါ။
ဒါနဲ့ စကားမစပ်... ငါ မတွေ့ဖူးသေးတဲ့ ငါနဲ့စေ့စပ်ထားသူကလည်း အတွင်းစည်း အမွေခံဂိုဏ်းသား တစ်ယောက်ပဲ မဟုတ်လား။
အခု ငါ့ရှေ့က အကြီးအကဲကျိုး ဆိုရင်ကော... ဓားသင်္ချိုင်းမှာ ဘယ်လောက်ကြာကြာ နေခဲ့ပြီးပြီများလဲ။
သူ့ပုံစံက ခန့်မှန်းရခက်လွန်းတယ်။
"ဓားသင်္ချိုင်းမှာ ဓားပေါင်း တစ်သိန်းရှစ်ထောင် ရှိပြီး အလွှာကိုးလွှာ ခွဲထားတယ်။ အောက်ဆုံး သုံးလွှာက ' သေမျိုးလက်စွဲ ဓား' တွေ၊ အလယ် သုံးလွှာက 'မှော်ဝင် ဓား' တွေနဲ့ အပေါ်ဆုံး သုံးလွှာကတော့ 'ဝိညာဉ်ရှင် ဓား' တွေ ရှိတယ်..."
အကြီးအကဲ ကျိုးက လမ်းလျှောက်ရင်း ရှင်းပြသည်။
စုချိန် သေချာ နားထောင်ပြီးနောက် ဤဓားများ၏ အဆင့်အတန်း ကို အကြမ်းဖျင်း နားလည်လိုက်သည်။
' သေမျိုးလက်စွဲဓား' များသည် ခိုင်ခံ့ပြီး ထက်မြက်ကြသည်။ တစ်ခါတစ်ရံတွင် ထူးခြားသော ဂုဏ်သတ္တိများနှင့် အသေးစား ဂါထာစွမ်းအင် အချို့ ပါဝင်တတ်သော်လည်း သာမန် သံသတ္တုဘောင်အတွင်းမှာသာ ရှိနေသေးသည်။
ဤဓားအမျိုးအစားသည် ဓားသင်္ချိုင်းတွင် အရေအတွက် အများဆုံးဖြစ်သည်။
'မှော်ဝင် ဓား' များကမူ မှော်စွမ်းအင်များဖြင့် သန့်စင်ထားသော 'မှော်ရတနာ ဓားပျံ’များ ဖြစ်ပြီး ပြီးပြည့်စုံသော တိုက်ကွက်ဗျူဟာများ ရေးထိုးပါရှိကာ အရေအတွက်အားဖြင့် အတော်အတန် နည်းပါးသည်။
'ဝိညာဉ်ရှင် ဓား' များကမူ ပို၍ပင် စွမ်းအားကြီးမားသည်။
၎င်းတို့သည် မယုံကြည်နိုင်လောက်အောင် ထူးခြားဆန်းပြားသော 'မြင့်မြတ်စွမ်းရည်များ' ကို ပိုင်ဆိုင်ထားတတ်ပြီး 'ဝိညာဉ်ရတနာ' ဟု လူသိများကာ တန်ဖိုးဖြတ်မရနိုင်ပေ။
စောစောက စုချန် မြင်တွေ့ခဲ့ရသော မျက်စိကျိန်းလောက်သည့် ဓားအလင်းတန်းသည် ဝိညာဉ်ရှင်ဓားတစ်လက်မှ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်ရှင် ဓားများထက် ပိုမြင့်သည့် 'တာအို ဓား' နှင့် ‘ဝိဇ္ဇာ ဓား' များလည်း ရှိသေးသည်။
ဓားသင်္ချိုင်းထဲတွင် ထိုအဆင့်ရှိသော ရတနာများ ရှိမရှိကိုတော့ စုချန်လည်း မသိရသေးပေ။
"မင်းက ဂိုဏ်းထဲဝင်ကာစပဲ ရှိသေးတယ်... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း 'ချီသန့်စင်ခြင်း ပထမအဆင့်' ပဲ ရှိသေးတာ။ ငါက မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး... အရင်ဆုံး အောက်ဆုံး သုံးလွှာက သေမျိုးလက်စွဲ ဓားတွေကိုပဲ တာဝန်ယူ သန့်စင်ပေးရမယ်။ မင်းရဲ့ စွမ်းရည်အပေါ် မူတည်ပြီး တစ်နေ့ကို တတ်နိုင်သလောက် သန့်စင်ပေးပေါ့။ သုံးနှစ်အတွင်းမှာ... ထားလိုက်ပါလေ... မင်း အဲ့ဒီလောက်ထိ အသက်ရှင်ရင်တော့ ဆက်ပြောကြတာပေါ့"
"လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ ကျိုး... ကျွန်တော် မှတ်သားထားပါ့မယ်"
"ဇရပ်ဆောင်ရဲ့ ဘေးခန်းမမှာ အခန်းလွတ်တွေရှိတယ်... နေဖို့ ကိုယ့်ဘာသာ ရှာပြင်လိုက်။ စည်းကမ်းတွေလည်း ပြောပြီးပြီ။ တစ်ယောက်ယောက် ဓားလာရွေးရင် ဂိုဏ်းစည်းကမ်းအတိုင်းသာ လုပ်လိုက်။ ထူးခြားတဲ့ ကိစ္စမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့"
အကြီးအကဲ ကျိုး ပြောပြီးသည်နှင့် လှည့်ထွက်သွားပြီး ဓားသင်္ချိုင်း၏ အတွင်းပိုင်းနက်နက်သို့ ဝင်ရောက်သွားလေသည်။
ဒီအဘိုးကြီးက နည်းနည်း တစ်သီးတသန့် နေတတ်တဲ့ပုံပဲ။
စုချန် သိပ်အာရုံမစိုက်တော့ပေ။ ဘာပဲပြောပြော ဓားသင်္ချိုင်းက ဓားစောင့်ဂိုဏ်းသားတွေက ခဏခဏ လူလဲနေကျပဲဟာ။
အကြီးအကဲ ကျိုး မျက်လုံးထဲမှာတော့ သူကလည်း အသက်ကြာကြာရှင်မယ့် ကောင်လေး မဟုတ်ဘူးလို့ မြင်နေမှာပဲလေ။ ဒါကြောင့် စည်းကမ်းလောက်ပဲ ရှင်းပြပြီး စကားအများကြီး ပြောမနေတော့တာ ဖြစ်မယ်။
"ဓားသန့်စင်တာ ဟုတ်လား... စမ်းကြည့်ရအောင်"
စုချန် ထရပ်လိုက်ပြီး အကြီးအကဲ ကျိုး ပေးခဲ့သော ဓားသန့်စင်ရသည့် အင်းကွက်အဝတ်ကို ကောက်ယူကာ အပြင်ဘက်ဆုံး အတန်းသို့ သွားရောက်လိုက်သည်။ ထို့နောက် ဓားလက်ကိုင်ရိုး တစ်ခုကို လှမ်းကိုင်လိုက်သည်။
ညင်သာစွာ ဆွဲလိုက်ရုံဖြင့် ကျောက်နံရံထဲမှ ဓားကို ဆွဲထုတ်လိုက်နိုင်လေသည်။
ဒါက သေးငယ်သော ဓားတိုလေး တစ်လက်ဖြစ်သည်။
အရှည် သုံးပေတောင် မပြည့်ပေ။ ထိတွေ့လိုက်သည်နှင့် အေးစက်နေပြီး ဓားသွားသည် လက်တစ်ချောင်းစာသာ ကျယ်သည်။ အလယ်တွင် သွေးစီးကြောင်းငယ်တစ်ခု ပါရှိပြီး ဘေးနှစ်ဖက်တွင် ငါးကြေးခွံသဏ္ဌာန် တိမ်တိုက်ပုံစံများ ထူထပ်စွာ ပါရှိကာ အရိုးခိုက်မတတ် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ဓားအမည် - ငါးနဂါး
ဓားသခင် - အမည်မသိ
စုချန် ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်နှင့် ရုတ်တရက် သတင်းအချက်အလက် အချို့ သူ့ထံ ဝင်ရောက်လာသည်။
ဓားအမည်နှင့် မူလပိုင်ရှင်၏ ဇာစ်မြစ်များ အပါအဝင်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ဓားကိုယ်ထည်မှ စူးရှသော မိစ္ဆာဓားအငွေ့အသက် တစ်မျှင် ထွက်ပေါ်လာသည်။
စုချန် မျက်လုံးများ ဝေဝါးသွားပြီး စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲ ရောက်သွားသလိုပင်။
ညအချိန်၊ မိုးက သည်းထန်စွာ ရွာသွန်းနေသည်။
ခမ်းနားထည်ဝါပြီး တည်ငြိမ်ခန့်ညားသော ခန်းမဆောင်ကြီး တစ်ခုထဲတွင် သံချပ်ကာဝတ် စစ်သည်များသည် တိုက်ကွက်ပုံစံ စီတန်းရပ်နေကြသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များ က ကြက်သီးထဖွယ် ကောင်းလှပြီး ကျောက်ပြားများပေါ်သို့ သွေးစက်ကျသံများသာ ကြားနေရသည်။
စုချန်သည် ယခု ထီးနန်းပလ္လင်ပေါ်တွင် ထိုင်နေပြီး အောက်ဘက်ရှိ အနက်ရောင် ဝတ်စုံဝတ် ဓားသမားကို ငုံ့ကြည့်နေသည့်ဟန်ပင်။
ဆယ်လှမ်းအကွာ။
ရုတ်တရက် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
အနက်ရောင်ဝတ် ဓားသမား၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာပြီး ငွေရောင်အလင်းတန်း တစ်ချက်သည် သူ၏ လက်ကြားထဲမှ ဖြာထွက်လာကာ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်လာတော့သည်။
စုချန် တစ်ဖက်လူ၏ မျက်နှာကိုပင် သေချာမြင်လိုက်ရခြင်း မရှိ။
သူ့မျက်လုံးထဲတွင် ထို တမဟုတ်ချင်း လင်းလက်သွားသော ဓားအလင်းတန်းကိုသာ မြင်လိုက်ရသည်။ အေးစက်လွန်းလှသည်... ဓားချက်တစ်ချက်တည်းနှင့် အသေကောင် ဖြစ်သွားစေနိုင်သည်။
"မြန်လိုက်တဲ့ ဓားချက်!"
သူ မျက်လုံးဖွင့်လိုက်သည်။
စိတ်ကူးယဉ် ပုံရိပ်များ ပျောက်ကွယ်သွားပြီး၊ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော မိစ္ဆာဓားအငွေ့အသက် လေးမှာမူ 'မွေးရာပါ ဓားအမြုတေ’ ၏ စုပ်ယူခြင်းကို ခံလိုက်ရကာ သူ၏ ကိုယ်ပိုင် မှော်စွမ်းအင်အဖြစ် ပြောင်းလဲသွားလေပြီ။
သူ၏ ဝတ်ရုံစများ လွင့်ပျံနေပြီး ဆံနွယ်မျှင်များလည်း လေတွင် ဝဲနေကာ ခန္ဓာကိုယ်ပတ်လည်တွင် ဓားငွေ့အင် ခပ်ရေးရေး လှည့်ပတ်နေသည်။
"ငါ တစ်ဆင့်တက်သွားပြီ ထင်တယ်?"
စုချန် ခေတ္တမျှ ကြောင်အသွားသော်လည်း ခန္ဓာကိုယ်ထဲရှိ သန့်စင်သော ဓားငွေ့အင်ကို ခံစားမိလိုက်သောအခါ သူ့မျက်နှာပေါ်တွင် ဝမ်းသာသည့် အမူအရာများ အလိုအလျောက် ပေါ်လာတော့သည်။
ငါ အခု ချီသန့်စင်ခြင်း ဒုတိယအဆင့်ပဲ။
ကျင့်ကြံခြင်း လမ်းစဉ်ကို အဓိက နယ်ပယ်ကြီး ၈ ခု ခွဲခြားထားသည် - ချီသန့်စင်ခြင်းအဆင့်၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ၊ ရွှေအမြုတေအဆင့် ၊ ဝိညာဉ်အခြေတည်အဆင့် ၊ ဝိညာဉ်အသွင်ပြောင်းအဆင့် ၊ ဗလာကျင်းသိမ်းသွင်းအဆင့် ၊ မဟာယာနအဆင့် နှင့် မိုးကြိုးကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် တို့ ဖြစ်ကြသည်။
ထိုအထဲမှ ချီသန့်စင်ခြင်းသည် ပထမဆုံး အဆင့်ဖြစ်ပြီး အလွှာ ၉ ခု ထပ်မံခွဲခြားထားသည်။
ယင်းအဆင့်သည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင် ကို သန့်စင်ပြီး ကိုယ်ပိုင်မှော်စွမ်းအင်အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။
ဓားသန့်စင်ခြင်းဖြင့် ဓားထဲရှိ မိစ္ဆာဓားအငွေ့အသက်များကို စုပ်ယူခြင်းမှာ အလုပ်ဖြစ်နိုင်မည်ဟု စုချန် မူလက မထင်မှတ်ထားခဲ့ပေ။ အခုတော့ ပုံမှန် တရားထိုင် ကျင့်ကြံခြင်းထက်ပင် ဒီနည်းလမ်းက သူ့အတွက် ပို၍ လျင်မြန်နေသေးသည်။
ဒါတင်မကသေး။
စိတ်ကူးယဉ် ပုံရိပ်ထဲတွင် မြင်ခဲ့ရသော အံ့သြဖွယ် ဓားသိုင်းကွက်သည်လည်း သူ၏ စိတ်ထဲတွင် ပင်ကိုယ်သိစိတ်ကဲ့သို့ စွဲမြဲ ကျန်ရစ်နေသည်။
"ချင်မင်းဆက် လုပ်ကြံခြင်း ... 'အဝါရောင်အဆင့်' အလယ်အလတ်တန်းစား ဓားသိုင်း ပါလား..."
"သတ်ဖြတ်ခြင်းဖြင့် အသက်ရှင်ရပ်တည်သော ယန်နိုင်ငံ မှ စစ်သည်တစ်ဦး... ရှင်ဘုရင်ကို လုပ်ကြံရန် ခန်းမဆောင် အတွင်းသို့ ဆယ်လှမ်းအကွာအထိ ဝင်ရောက်ခဲ့သည်..."
ထိုစိတ်ကူးယဉ် ပုံရိပ်ထဲမှ ဓားသိုင်းကွက်သည် ဤ 'ငါးနဂါး' ဓား၏ မူလပိုင်ရှင် အကျွမ်းကျင်ဆုံးသော ဓားသိုင်းပညာနှင့် အထူးသိုင်းကွက်ပင် ဖြစ်သည်။
ဓားကွက် အဆင့်အတန်း သိပ်မမြင့်လှသော်လည်း...
ဒါက သတ်ဖြတ်ဖို့ သီးသန့် ဖန်တီးထားသည့် ဓားသိုင်းဖြစ်သည်။
ရိုးရှင်းသည်၊ တဲ့တိုးဆန်သည်၊ ထက်မြက်သည်၊ အရေးကြီးသော အချက်များကို တိုက်ရိုက် ထိုးနှက်နိုင်သည်။
ဤဓားကို ဆွဲထုတ်လိုက်သည်နှင့် သွေးမြေကျမှာ သေချာသည်။
ဆယ်လှမ်းအကွာအဝေးအတွင်းရှိ ဘုရင်တစ်ပါးကိုပင် လုပ်ကြံသတ်ဖြတ်နိုင်သည်။
" 'ချင်မင်းဆက် လုပ်ကြံခြင်း' ... မိုက်လိုက်တာ။ ငါ နားလည်ပြီ... မွေးရာပါ ဓားအမြုတေက မိစ္ဆာဓားအငွေ့အသက်တွေကို စုပ်ယူပေးနိုင်ရုံသာမက၊ ကျန်ရစ်နေတဲ့ အငွေ့အသက်တွေကနေတဆင့် မူလပိုင်ရှင်ရဲ့ အထူးဓားသိုင်းတွေနဲ့ တိုက်ကွက်တွေကိုပါ နားလည်သဘောပေါက်ပြီး သင်ယူစေနိုင်တာပဲ..."
စောစောက စိတ်ကူးယဉ် ပုံရိပ်ထဲမှ ဓားချက်ကို စုချန် ပြန်တွေးလိုက်သည်။
အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားသကဲ့သို့ သူ၏ လက်ထဲရှိ ငါးနဂါး ဓားသည် လျှပ်စီးလက်သလို ရုတ်တရက် ထိုးထွက်သွားပြီး မူလ ဓားအိမ်ပေါက် ကျောက်သားနံရံထဲသို့ တိကျစွာ ပြန်လည် ဝင်ရောက်သွားသည်။
"သိပ်ကောင်းတယ်"
စုချန် ကျေနပ်စွာဖြင့် ခေါင်းမော့လိုက်ပြီး သူ့ပတ်ပတ်လည်တွင် လင်းလက်နေသော ဓားရောင်များကို ဝေ့ဝဲကြည့်လိုက်သည်။
ဤ ဓားသင်္ချိုင်းရှိ ဓားပျံပေါင်း တစ်သိန်းရှစ်ထောင်သည် သူ့အတွက် သီးသန့် ပြင်ဆင်ထားသော ရှားပါးရတနာများ သဖွယ်ပင် ဖြစ်နေတော့သည်။
အကယ်၍ သူသာ ဤဓားများ အားလုံးကို တစ်ကြိမ်စီ သန့်စင်လိုက်နိုင်မည် ဆိုပါက...
ရရှိလာမည့် မိစ္ဆာဓားအငွေ့အသက်များက သူ့ကျင့်ကြံခြင်းအဆင့်ကို ကြောက်ခမန်းလိလိ အဆင့်ထိ ရောက်ရှိသွားစေလိမ့်မည်။
ထို့အပြင် ဓားများထဲတွင် ပါဝင်သော ဓားသိုင်းများနှင့် အထူးတိုက်ကွက်များကိုပါ ပေါင်းစပ်လိုက်လျှင်...
ထိုအချိန်ကျလျှင် သူသည် ဓားပေါင်း တစ်သိန်းကျော်၏ စွမ်းအင်များကို စုစည်းပြီး သိုင်းကွက်များကိုပါ အလိုရှိသလို စေ့စပ်သေချာစွာ ပေါင်းစပ်နိုင်မည်ဖြစ်ရာ စွမ်းအားမှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်တော့ပေ။
"ဆက်ပြီး သန့်စင်ကြတာပေါ့။"
စုချန် ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။
ရှေ့သို့ တိုးကာ ဒုတိယမြောက် ဓားတစ်လက်ကို ဆက်လက် ဆွဲထုတ်လိုက်သည်။
ကြက်သွေးရောင် မိစ္ဆာအငွေ့အသက် တစ်ခုသည် လေထုကို ထိုးခွင်းကာ ပျံထွက်လာသည်။
ဓားအမည် - ပျံသန်းသက်တံ့
ဓားသခင် - လီယွင်ဖေး
...
စုချန် ဓားများကို ဆေးကြောသန့်စင်နေချိန်တွင် ရှူတောင်၏ 'ချင်းယန်တောင်ထွတ်' ပေါ်၌ ကမ္ဘာမြေကြီး တုန်ဟီးသွားလောက်သည့် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လရောင်ကဲ့သို့ ဖြူဖွေးသော ဓားငွေ့ တစ်ခုသည်လည်း ကောင်းကင်ယံကို ပိုင်းဖြတ် ထောင်တက်သွားသည်။
ချင်းယန်တောင်ထွတ်ပေါ်ရှိ သစ်ပင်ပန်းမန်များသည် ရေခဲရိုက်ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ညှိုးနွမ်း ရိရော်သွားကြသည်။ ရေခဲမှုန်သားဖြင့် ထွင်းထုထားသကဲ့သို့ လရောင်သစ်ပင်ကြီး တစ်ပင်သည် ရုတ်ခြည်း ကြီးထွားလာပြီး အရိုးခိုက်မတတ် အေးစက်သော အငွေ့အသက်များ ပျံ့နှံ့သွားကာ ခန်းမဆောင်ကြီး တစ်ခုလုံးကို အအေးဓာတ် ဖုံးလွှမ်းလုနီးပါး ဖြစ်သွားသည်။
ချင်းယန်တောင်ထွတ်မှ ဂိုဏ်းသားအများအပြား ထိခိုက်မှု ရှိကြကာ ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့ကုန်ကြသည်။
ထိုစဉ် ထပ်မံ၍ အစိမ်းရောင် အလင်းလုံးကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး နေမင်းကြီးသဖွယ် ပြောင်းလဲကာ အေးစက်သော အငွေ့အသက်များကို မနည်း တားဆီးလိုက်ရသည်။
ယွီထျန်းယန်၏ အသံသည် အဆိုပါ တောက်လောင်နေသော နေမင်းကြီး၏ အတွင်းပိုင်းမှ ထွက်ပေါ်လို့လာသည်။
"လျိုရွှမ်း... ဘာကိစ္စနဲ့ ဒီလောက်တောင် သွေးဆိုးနေရတာလဲ"
"ဟွန့်!"
သူမ၏ အဖြေစကားကတော့ နောက်ထပ် ဓားငွေ့ တစ်ချက်သာ ဖြစ်လေသည်။