ဓားဟူသည် စိတ်ဝိညာဉ်ရှိသော လက်နက်ဖြစ်သည်။ မှီတွယ်စရာ လူရှိလျှင် ဓားရှိမည်၊ လူသေလျှင်ကား ဓားသည်မသေသော်ငြား ချိပ်ပိတ်မြှုပ်နှံခံရမည်သာ ဖြစ်သည်။ ရှုတောင် ရှိ ဓားသင်္ချိုင်းအတွင်းတွင် ဤသို့မြှုပ်နှံထားသော ဓားပျံပေါင်း တစ်သိန်းရှစ်ထောင်၏ နာနာကျည်းကျည်း သခင်တမ်းချင်းများသည် နေ့စဉ်ညစဉ် ပဲ့တင်ထပ်နေပြီး ၎င်းတို့၏ ဓားငွေ့စွမ်းအင်များမှာလည်း သွေးဆာသော အ,မင်္ဂလာ အငွေ့အသက်များက တရိပ်ရိပ်တိုးလို့ရှိကြသည်။ ဓားသင်္ချိုင်းမှ ထွက်ပေါ်လာသော အဆိုပါ အ,မင်္ဂလာအငွေ့အသက်များထံ ကျင့်ကြံသူဖြစ်ခဲ့လျှင် အတွင်းအားကို ဝါးမျိုခံရနိုင်ပြီး ဇီဝိန်ကိုပင် ချုပ်ငြိမ်းစေနိုင်စွမ်းရှိသကဲ့သို့ စိတ်အာရုံကိုလည်း ပျံ့လွင့်ယိုယွင်းစေနိုင်ခြင်းတို့ကြောင့် သာမန်လူများမှာမူ ယင်းသင်္ချိုင်းအကြောင်း ကြားလိုက်ရုံဖြင့် သွေးအပျက်ပျက် ရှိတတ်ကြသည်။ သို့သော် မွေးရာပါ ဓားအမြုတေရှင် စုချန်သည်ကား ထိုဓားတို့၏ သွေးဆာသော အငွေ့အသက်များကို ဝါးမျိုစုပ်ယူနိုင်ပြီး မိမိ၏ ကိုယ်ပိုင် စွမ်းအင်အငွေ့အသက်အဖြစ် ပြောင်းလဲနိုင်သည်။ ထို့အပြင် သူသည် နတ်ဘုရားအဆင့် ဓားငွေ့များကို သန့်စင်နေစဉ်မှာပင် ထိပ်တန်းသိုင်းပညာရပ်များအပေါ် ဉာဏ်အလင်းပွင့်ကာ နားလည်သဘောပေါက်နိုင်စွမ်း ရှိလေရာ သူ၏စွမ်းအားတို့မှာ အချိန်နှင့်အမျှ ဆထက်တမ်းပိုး တိုးလေလေဖြစ်သည်။ ချုံလော်ဓားကို သူသန့်စင်ပြီးနောက် မိစ္ဆာဓား နှလုံးသားကို နားလည်သဘောပေါက်ကာ၊ သံသရာစက်ဝန်းကို ဖြတ်တောက်၍ မသေမျိုးဖြစ်လာကာ ကံတရား၏ အနှောင်အဖွဲ့မှ ရုန်းထွက်နိုင်ခဲ့သည်။ တုန်းဟွမ် ဓားကို သန့်စင်ပြီးနောက်တွင်မူ ကောင်းကင်နှလုံးသား ဓားအလိုဆန္ဒ ကို နားလည်သဘောပေါက်သွားကာ ငါ့သဘောဟာ ကောင်းကင်သဘော၊ ငါ့အလိုဟာ ကောင်းကင်အလို ဆိုကာ သုံးလောကတစ်ခွင် သူကြွေးကြော်ခဲ့သည်။ ကျူးရှန် ဓားကို သန့်စင်ပြီးနောက်တွင်တော့ ကျူးရှန်ဓားဗျူဟာကို နားလည်သဘောပေါက်ကာ၊ သူ့ဓားဖြင့် ကောင်းကင်တံခါးကို ဖွင့်လှစ်လိုက်သည်နှင့် မသေမျိုးများသည် မိုးစက်ပေါက်များသဖွယ် မြေကမ္ဘာပေါ် နတ်သက်ကြွေကုန်ကြတော့သည်။ ... ဓားသိုင်းကို ကျင့်ကြံ၊၊ ဓားငွေ့အင်ကို စုစည်းပြီး ဓားအသိကို ဉာဏ်အလင်းဖွင့်ရင်း… နှစ်ပေါင်းတစ်ရာ ကြာမြင့်သောအခါ ကမ္ဘာကြီးသည် ဖရိုဖရဲဖြစ်ကာ မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာကြသည်။ ထိုအခါ မရေမတွက်နိုင်သော ရှုတောင် ဂိုဏ်းသားများသည် ဓားသင်္ချိုင်းရှေ့တွင် ဒူးထောက်ကာ ဤသို့ ဟစ်အော်တောင်းဆိုကြလေတော့သည်။ "ဘိုးဘေးကြီး... ကျေးဇူးပြုပြီး တောင်ပေါ်မှဆင်းကာ မိစ္ဆာများကို နှိမ်နင်းပေးတော်မူလှည့်ပါ..."

