အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁) - ပိုပြီး အားကောင်းတဲ့ ပါရမီ
'မိစ္ဆာဖမ်း မျှော်စင်' တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ရှုတောင် အပြင်ဂိုဏ်း တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မူလက လူတိုင်းသည် စုချန်နှင့် ထော်ဘယန် တို့၏ လောင်းကြေးကြောင့် အပျော်လာကြည့်ကြခြင်း ဖြစ်သည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်များက လူတိုင်း ထင်မှတ်ထားသည်ထက် ကျော်လွန်နေသည်။ စုချန်သည် အပြင်ဂိုဏ်း အဆင့် ၇ နေရာက ဟန်ဖုန်းကို သေလုမတတ် ရိုက်နှက်ခဲ့ပြီး ဒုက္ခိတ ဖြစ်စေခဲ့သည်။
ဒါက ချက်ချင်း ဂယက်ရိုက်သွားစေသည်။
ရှုတောင် အပြင်ဂိုဏ်းသား တစ်သိန်းကျော်ထဲတွင် ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်သူများသည် စစ်မှန်သော ထိပ်တန်း ပါရမီရှင်များ ဖြစ်ပြီး အလားအလာရှိသော အတွင်းစည်းဂိုဏ်းသားများ ဖြစ်ကြသည်။
ဒီလိုလူက "နာမည်မရှိ" ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားတစ်ယောက်ရဲ့ လက်ချက်နဲ့ ဒုက္ခိတ ဖြစ်သွားရတယ်တဲ့လား?
မှန်ပါသည်၊ စုချန် နာမည်က ယွီထျန်းယန်ကို စော်ကားမိတာနဲ့ ယွဲ့လျိုရွှမ်နဲ့ စေ့စပ်ထားတာကြောင့် လူအများအပြား ကြားဖူးကြပေမယ့်၊ တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ သူက အရေးမပါတဲ့ လူတစ်ယောက်ပဲ၊ ဘယ်သူမှ သူ့ကို အလေးအနက် မထားကြပါဘူး။
ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။
ဂိုဏ်းထဲဝင်ပြီးကတည်းက စုချန် ရရှိခဲ့သော အောင်မြင်မှု မှတ်တမ်းများကိုလည်း စိတ်ဝင်စားသူ အချို့က တူးဖော်လာကြသည်။
ချန်ညီအစ်ကိုများ၊ ထို့နောက် ယန်ချီ နှင့် အခြားသူများ၊ အပြင်ဂိုဏ်း တာဝန်ခံများနှင့် ရင်ဆိုင်ခဲ့ရစဉ်ကလည်း အရှုံးမပေးခဲ့ရသလို၊ အတွင်းစည်းဂိုဏ်းသား ယန်ယွင်ဖေးနှင့် ရင်ဆိုင်ရစဉ်ကလည်း ထိခိုက်မှု မရှိခဲ့ပေ။
ယခု အပြင်ဂိုဏ်း အဆင့် ၇ ကျွမ်းကျင်သူကို အနိုင်ယူလိုက်ပြန်ပြီ။
ဒီကောင်က ဘယ်တုန်းကမှ မရှုံးဖူးဘူး။
သူ့ကျင့်ကြံမှုအဆင့်ကလည်း မြင့်သထက် မြင့်လာနေသည်။
သူက သုံးလအတွင်း အခြေတည်အဆင့်ကို ရောက်အောင် လုပ်မယ်၊ ပြီးရင် ယန်ယွင်ဖေးနဲ့ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်မှာ သေသေရှင်ရှင် တိုက်မယ်လို့ ကြွားလုံးထုတ်ခဲ့ဖူးတယ်။ ဒီကိစ္စက တစ်ဂိုဏ်းလုံး ပျံ့နှံ့နေပြီး၊ အဲဒီတုန်းက လူတိုင်းက သူ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်လို့ ထင်ခဲ့ကြတာ။
အခု ပြန်ကြည့်လိုက်တော့၊ တကယ်ပဲ အဓိပ္ပါယ် ရှိနေတာများလား?
မကြာမီ သတင်းက ယန်ယွင်ဖေး နားသို့ ရောက်ရှိသွားသည်။
ပြီးခဲ့သော ဈေးတန်းကိစ္စတွင် ယန်ယွီရှင်း ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီး ဇာတိသို့ ပြန်ပို့ခံလိုက်ရသည်။ 'လေနက် သူရဲကောင်း သုံးဦး' ကိစ္စလည်း ပြန်လည် ပေါ်ပေါက်လာသဖြင့် ယန်မိသားစု အပြစ်တင် ခံလိုက်ရသည်။
ကံကောင်းသည်မှာ စီနီယာအစ်ကိုကြီး ယွီထျန်းယန်က ဒီကိစ္စကို သိပြီးနောက် သူ့ကို သီးသန့် ဆင့်ခေါ်တွေ့ဆုံခဲ့သည်။
အားပေးမှု အနေဖြင့် ဆေးလုံးများနှင့် ကျင့်ကြံခြင်း နည်းစနစ်များစွာ ချီးမြှင့်ခဲ့သည်။
"ဟန်ဖုန်း ဆိုတဲ့ကောင်ကို ငါမြင်ဖူးတယ်၊ သူက တော်တော် သန်မာတယ်။ စုချန်က သူ့ကို ဘယ်လိုလုပ် နိုင်သွားတာလဲ"
ယန်ယွင်ဖေး မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်စိတ် အနည်းငယ် ဝင်လာသည်။
စုချန်ရဲ့ တိုးတက်မှုက မြန်ဆန်လွန်းတယ်။
နောက်ဆုံးအကြိမ် တွေ့တုန်းက သူသည် 'လေနက် သူရဲကောင်း သုံးဦး' ၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး မနည်း ပြန်လည် ခုခံခဲ့ရသည်။ ယခုမူ ဟန်ဖုန်း ကဲ့သို့သော ကျွမ်းကျင်သူကို အနိုင်ယူနိုင်နေပြီ။ သူ့အင်အား တိုးတက်လာမှု အမြန်နှုန်းမှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင်ပင်။
ဒီအတိုင်း ဆက်သွားရင်၊ သူ တကယ်ပဲ သုံးလအတွင်း အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားနိုင်မလား?
"မဖြစ်နိုင်ဘူး။ အခြေတည်အဆင့် ရောက်ဖို့ ခက်ခဲမှုက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားတယ်။ သူက ချီသန့်စင်ခြင်း နဝမအဆင့် ရောက်နေရင်တောင်၊ သုံးလအတွင်း အခြေတည်အဆင့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းဖို့ ခက်ခဲလိမ့်မယ်။"
ယန်ယွင်ဖေး ခေါင်းခါလိုက်ပြီး သူ အစိုးရိမ်လွန်နေကြောင်း သဘောပေါက်လိုက်သည်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စပြီးနောက် သူ စုချန်ကို အရင်လို အထင်မသေးတော့ပေ။
"သူ့အင်အားကို စမ်းသပ်ဖို့ လူတစ်ယောက်လောက် လွှတ်တာ အကောင်းဆုံးပဲ၊ ဒါမှ ရန်သူ့အခြေအနေကို သိပြီး မမျှော်လင့်ဘဲ ခံရတာမျိုး မဖြစ်မှာ။"
ထိုသို့ တွေးလိုက်ပြီး ယန်ယွင်ဖေး မတ်တပ်ရပ်ကာ ဂိုဏ်းသားတစ်ဦးကို ခေါ်ပြီး ယန်ဝူကို လာတွေ့ခိုင်းလိုက်သည်။
...
တစ်ချိန်တည်းမှာပင် ဓားသင်္ချိုင်း၌။
စုချန် ပြန်ရောက်ပြီးနောက် အကြီးအကဲကျိုးထံ တန်းသွားပြီး 'မိစ္ဆာဖမ်း မျှော်စင်' တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်သည်။
နားထောင်ပြီးနောက် အကြီးအကဲကျိုးက သူ့ကို အပြစ်မပေးသော်လည်း မကျေမနပ် ပြောလိုက်သည်။ "မင်း ဓားဆန္ဒကို သဘောပေါက်ထားလျက်နဲ့ သူ ထွက်ပြေး လွတ်မြောက်သွားသေးတယ်ပေါ့? ဒါက မင်း အလုံအလောက် မရက်စက်သေးဘူး ဆိုတာ ပြသနေတာပဲ။ အခွင့်အရေးကို အသုံးမချနိုင်ဘဲ သူ့ကို အသက်ကယ် ဂါထာစက္ကူ သုံးခွင့် ပေးလိုက်တယ်။ တကယ်လို့ အပြင်မှာ တစ်ယောက်ယောက်နဲ့ သေရေးရှင်ရေး တိုက်ခိုက်နေရရင် ဘာဖြစ်သွားမလဲ ဆိုတာ စဉ်းစားကြည့်။"
ဟန်ဖုန်းကို မသတ်ခဲ့သည့်အတွက် အကြီးအကဲကျိုး ဒေါသထွက်လိမ့်မည်ဟု စုချန် ထင်မထားခဲ့ပေ။
ဒါက သူမျှော်လင့်ထားတာထက် ကျော်လွန်နေသည်။
"ဓားသမား တစ်ယောက်က ဓားဆွဲထုတ်ဖို့ တွန့်ဆုတ်မနေရဘူး၊ ဆွဲထုတ်ပြီးရင်လည်း သနားညှာတာဖို့မလိုဘူး။ နောက်နောင် ဒီလို အခြေအနေမျိုး ကြုံလာရင် စိတ်မပျော့နဲ့၊ လိုအပ်ရင် သတ်ပစ်။"
"ဟုတ်ကဲ့ပါ။"
စုချန် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် အကြီးအကဲကျိုးက ဆက်ပြောသည်။ "မင်းက ဓားထွင်း ကျောက်စာတိုင်ကနေ ထိုးထွင်းသိမြင်မှု ရရှိပြီး ဓားသိုင်းပညာကို ဒီလောက်မြန်မြန် တတ်မြောက်နိုင်တာက မင်းရဲ့ ပါရမီ ထူးကဲကြောင်း ပြသနေတယ်။ ဓားသင်္ချိုင်းမှာ မင်းလို ပါရမီရှင်မျိုး မရောက်တာ နှစ်ပေါင်းများစွာ ကြာပြီ။ ကြိုးကြိုးစားစား ကျင့်ကြံပါ၊ အနာဂတ်မှာ ဓားသင်္ချိုင်းကို စောင့်ရှောက်ရမယ့် တာဝန်ကြီးက မင်းပခုံးပေါ် ကျရောက်လာနိုင်တယ်...။"
စကားပြောနေရင်း ကျောက်စိမ်းပြားတစ်ခု ပျံထွက်လာပြီး စုချန် လက်ထဲသို့ ကျရောက်လာသည်။
"ဒီထဲမှာ ငါ့ရဲ့ ဓားသိုင်းပညာနဲ့ ပတ်သက်တဲ့ ပညာဗဟုသုတ တစ်ချို့ကို မှတ်တမ်းတင်ထားတယ်။ အားတဲ့အချိန် ဖတ်ကြည့်ပါ၊ မင်းအတွက် အထောက်အကူ ဖြစ်နိုင်တယ်။"
ဓားသခင်ရဲ့ ဓားသိုင်းပညာ မှတ်စုများ..
ဒါ ပိုက်ဆံနဲ့ ဝယ်မရနိုင်တဲ့ အရာပဲ။
စုချန် အလွန် ဝမ်းသာသွားသည်။
အကြီးအကဲကျိုးသည် ရှုတောင် ဓားနတ်ဘုရားနှင့် ယှဉ်နိုင်သူ တစ်ဦး ဖြစ်သည်။ သူ့မျက်နှာသာ ရမှသာ ဓားသင်္ချိုင်းတွင် စစ်မှန်စွာ ရပ်တည်နိုင်မည် ဖြစ်သည်။
သူ ချက်ချင်း လက်အုပ်ချီပြီး ကျေးဇူးတင်လိုက်သည်။
အကြီးအကဲကျိုးက လက်ကာပြပြီး မှာကြားလိုက်သည်။ "ဂိုဏ်းချုပ်က ငါ့ကို 'မသေမျိုး နန်းတော်' ဆီ အရေးပေါ် ဆင့်ခေါ်လိုက်တယ်၊ ကိစ္စကြီးကြီးမားမား တစ်ခုခု ဖြစ်လို့ နေမှာ။ ငါ ဓားသင်္ချိုင်းမှာ ခဏလောက် ရှိမှာ မဟုတ်ဘူး၊ ဒီနေရာက ကိစ္စအားလုံး မင်းကို လွှဲခဲ့မယ်။ အပေါ်ထပ်က ဝိညာဉ်ဓားတွေကို စိတ်ပူစရာ မလိုဘူး၊ ပုံမှန်အတိုင်း ဓားသန့်စင်ခြင်း ဆက်လုပ်ပြီး အောက်ထပ်တွေကိုပဲ စောင့်ကြည့်ထားပါ။"
"တပည့် နားလည်ပါပြီ။"
စုချန် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
အကြီးအကဲကျိုးကို ဖိတ်ခေါ်ရလောက်အောင် ဘာကိစ္စများ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သူ စိတ်ဝင်စားမိသည်။
ရှုတောင် ဓားသင်္ချိုင်းစောင့်များသည် အထူးနေရာတစ်ခု ရယူထားကြပြီး၊ ပုံမှန် အခြေအနေများတွင် ဓားသင်္ချိုင်းကို စောင့်ကြပ်ရန်သာ လိုအပ်သည်။
ဂိုဏ်းကို ခြိမ်းခြောက်လာနိုင်သော သေရေးရှင်ရေး ကိစ္စမျိုး မဟုတ်လျှင် သူ့ကို အသိပေးလေ့ မရှိပေ။
သို့သော် ဤကိစ္စများသည် ယခု သူနှင့် မသက်ဆိုင်ပေ။ မိုးပြိုရင် ဒေါက်တိုင်ကြီးတွေက ခံထားလိမ့်မယ်။ သူက ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး အင်အား တိုးတက်အောင် လုပ်ကာ၊ အမြန်ဆုံး အခြေတည်အဆင့် ရောက်အောင် ကြိုးစားရမည်။
အခန်းသို့ ပြန်ရောက်သောအခါ စုချန် ဒီခရီးစဉ်မှ ရရှိလာသည်များကို စာရင်းပြုစုလိုက်သည်။
ထော်ဘယန်ထံမှ အနိုင်ရခဲ့သော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ သည် မနည်းလှသော ပမာဏဖြစ်ပြီး၊ မကြာမီကာလအတွင်း ကျင့်ကြံခြင်းအတွက် လုံလောက်သည်။
ထို့အပြင် စုချန်သည် အဆိပ်ငွေ့ လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာသားရဲ အမြုတေ အမြောက်အမြားနှင့် ပစ္စည်းမျိုးစုံ၊ မိစ္ဆာသားရဲ သွေးအဆီအနှစ် အချို့ကိုလည်း စုဆောင်းရရှိခဲ့သည်။ ၎င်းတို့ အားလုံးကို ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည် ဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။
အဆင့် ၃ မိစ္ဆာသားရဲ အမြုတေသည် တန်ဖိုးရှိပြီး၊ 'ခုနစ်ရွက် လင်ဇီးမြက်' မှာလည်း ထိုနည်းတူပင်။
ဤဆေးဖက်ဝင် အပင်များသည် ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများနှင့် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝပြီး၊ တိုက်ရိုက် စားသုံးနိုင်သော်လည်း ဆေးလုံးအဖြစ် ဖော်စပ်လိုက်ပါက အာနိသင် ပိုကောင်းမည်မှာ သေချာသည်။
ထို့ကြောင့် စုချန်က သိမ်းထားပြီး သူ့ညီမဝမ်းကွဲ စုလုံကို အကူအညီတောင်းကာ ဆေးလုံးဖော်စပ်ခိုင်းရန် စီစဉ်ထားသည်။ ဤနည်းဖြင့် ဆေးပင်၏ တန်ဖိုးကို အမြင့်ဆုံး အသုံးချနိုင်ပြီး အခြေခံကို ခိုင်မာစေကာ ကျင့်ကြံမှုကို တိုးတက်စေနိုင်မည် ဖြစ်သည်။
"ဒီ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေက သိမ်းထားဖို့ မလွယ်ဘူး၊ အမြန်ဆုံး သုံးပစ်တာ အကောင်းဆုံးပဲ"
တွေးတောနေရင်း စုချန် ဈေးတန်းသို့ ထွက်သွားပြီး ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည် ဆေးနည်းသစ် တစ်ခု ဝယ်ယူကာ 'ကျားရိုး ဆေးလုံး' များကိုလည်း ဖြည့်တင်းလိုက်သည်။
ဒါက ရွှမ်ဟွမ်ဆေးလုံးထက် ပိုကောင်းသော ခန္ဓာကိုယ်ကြံ့ခိုင်ဆေးလုံး ဖြစ်ပြီး ဈေးမပေါပေ။
သို့သော် မိစ္ဆာသားရဲ သွေးအဆီအနှစ်များနှင့် တွဲဖက်သုံးစွဲပါက ခန္ဓာကိုယ် သန့်စင်ရာတွင် ပိုမို ထိရောက်သည်။
သုံးရက် ကြာပြီးနောက်။
စုချန် သီးသန့်ကျင့်ကြံရာမှ ထွက်လာသောအခါ သူ့အသွင်အပြင် တစ်ခုလုံး အနည်းငယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။
ယခု သူ့ခန္ဓာကိုယ်သည် သန်မာထွားကြိုင်းပြီး၊ အရပ်အနည်းငယ် ရှည်လာကာ သွယ်လျလာသည်။ အရိုးများ သန်မာပြီး ကြွက်သားများ ကျစ်လျစ်ကာ၊ အရေပြားပေါ်ရှိ တောက်ပမှုမှာ ပိုမို စူးရှလာသည်။ ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ ခေါင်းမှ ခြေအထိ ထက်ရှသော ခံစားမှုကို ပေးစွမ်းနေသည်။
ထို့အပြင် ဓားသိုင်းပညာကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက သူ့အား ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါကို ပေးစွမ်းသည်။ မိစ္ဆာသားရဲ သွေးအဆီအနှစ်များဖြင့် သန့်စင်ပြီးနောက် ဤရိုင်းစိုင်းသော စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဤလုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်ထဲရှိ ဓားအမြုတေမှာလည်း ပိုမို ခိုင်မာလာပြီး၊ ဓားငွေ့အင်များ ပိုမို သန့်စင်လာကာ အတွင်းမှ အပြင်သို့ အားဖြည့်ပေးနေသည်။
သူ့သန်မာသော ရုပ်ခန္ဓာကိုယ်ဖြင့် စုချန်သည် နေ့စဉ် မကောင်းဆိုးဝါး စွမ်းအင် ပိုမို စုပ်ယူနိုင်လာပြီး၊ ကျင့်ကြံမှု အမြန်နှုန်းမှာလည်း ပိုမို မြန်ဆန်လာသည်။
သို့သော် ဤလုပ်ငန်းစဉ်အတွင်း စုချန် မမျှော်လင့်ထားသော အရာတစ်ခုကို တွေ့ရှိလိုက်သည်။
သူ့ခန္ဓာကိုယ်သည် ဓားငွေ့အင် တစ်မျိုးတည်း မဟုတ်ဘဲ အခြားအရာများကိုပါ စုပ်ယူနိုင်စွမ်း ရှိပုံရသည်။
မိစ္ဆာသားရဲ သွေးအဆီအနှစ်နှင့် အမြုတေများ အတွင်းရှိ ကြမ်းတမ်းသော စွမ်းအင်များကိုပါ ဝါးမြိုနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ လန့်သွားသည်။
မိစ္ဆာသားရဲ အမြုတေ အတွင်းရှိ ဝိညာဉ်စွမ်းအင်သည် အလွန် ကြမ်းတမ်းပြီး ယေဘုယျအားဖြင့် ကျင့်ကြံသူများ သန့်စင်၍ မရနိုင်ပေ။ မိစ္ဆာစွမ်းအင်နှင့် အညစ်အကြေးများကို ဖယ်ရှားရန် ဆေးဖော်စပ်ခြင်းဖြင့် သန့်စင်ရမည် သို့မဟုတ် စွမ်းအင်အရင်းအမြစ် အဖြစ် တိုက်ရိုက် အသုံးပြုကာ မှော်ပစ္စည်းများတွင် မြှုပ်နှံရမည် ဖြစ်သည်။
မိစ္ဆာသားရဲ အမြုတေမှ စွမ်းအားကို တိုက်ရိုက် စုပ်ယူနိုင်သူ ဟူ၍ တစ်ခါမှ မကြားဖူးပေ။
ဒဏ္ဍာရီများအရ မိစ္ဆာဂိုဏ်းများမှ ကျင့်ကြံသူများတွင် အလားတူ နည်းလမ်းများ ရှိကြသော်လည်း၊ ဘေးထွက်ဆိုးကျိုးများ ရှိတတ်ပြီး လူတစ်ပိုင်းတိရစ္ဆာန်တစ်ပိုင်း ပုံစံမျိုး ဖြစ်သွားကာ စိတ်ဖောက်ပြန်ခြင်းများ ဖြစ်ပေါ်စေတတ်သည်။
သို့သော် စုချန် ထိုသို့ မခံစားရပေ။
သူ့ခန္ဓာကိုယ်က အလိုအလျောက် သန့်စင်ပေးပြီး အန္တရာယ်ရှိသော အပိုင်းများကို ဖြိုခွဲကာ အနှစ်သာရ အရှိဆုံး ဝိညာဉ်စွမ်းအင်ကိုသာ ချန်ထားပေးသည်။ ဓားငွေ့အင်ကို စုပ်ယူသကဲ့သို့ အကျိုးသက်ရောက်မှု အတူတူပင်။
ဘာတွေ ဖြစ်နေတာလဲ?
အရိုးဖြူဓား နှင့် ကြုံတွေ့စဉ်က သူ့ခန္ဓာကိုယ် နက်ရှိုင်းရာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ပုံရိပ်များကို စုချန် ပြန်လည် သတိရမိသည်။ ၎င်းတို့မှာ ခဏတာမျှသာ ဖြစ်သော်လည်း သူ ကောင်းကောင်း မှတ်မိနေသည်။
ထိုအချိန်ကတည်းက သူ့ပါရမီ ထူးခြားနေကြောင်း သံသယ ဝင်ခဲ့သည်။
ယခု သေချာ ပြန်စဉ်းစားကြည့်သောအခါ၊ အဆိပ်ငွေ့ လျှို့ဝှက်နယ်မြေထဲရှိ အဆိပ်ငွေ့များက သူ့ကို အန္တရာယ် မပေးနိုင်ကြောင်း၊ ထိုအဆိပ်ငွေ့များကို ဝါးမြိုစုပ်ယူချင်စိတ်ပင် ဖြစ်ပေါ်ခဲ့ကြောင်း ဝေဝါးဝါး ခံစားမိလိုက်သည်။
သို့သော် ထိုစဉ်က အသက်ကို အလောင်းအစားမလုပ်လိုသဖြင့် လက်တွေ့ မစမ်းသပ်ခဲ့ပေ။
အခုကြည့်ရတာ ငါ့ပါရမီက ဓားအမြုတေရှင် ခန္ဓာကိုယ် တစ်ခုတည်း မဟုတ်ပုံပဲ။
သေရေးရှင်ရေး အခိုက်အတန့်မှသာ ပေါ်လာတတ်သော ကြောက်မက်ဖွယ် ပုံရိပ်များအပြင်၊ မကောင်းဆိုးဝါး စွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့် အဆိပ်ငွေ့ အမျိုးမျိုးကိုပါ စုပ်ယူနိုင်စွမ်း ရှိနေသည်။
ဒါက ဘယ်လို မွေးရာပါ ခန္ဓာကိုယ်မျိုးလဲ?
စုချန် နားမလည်နိုင် ဖြစ်နေသည်။
ဒါပေမဲ့ ဒါက မကောင်းတဲ့အရာတော့ မဟုတ်ဘူး။
မိစ္ဆာသားရဲ အမြုတေကို တိုက်ရိုက် စုပ်ယူနိုင်ခြင်းက သူ့ကျင့်ကြံမှု အမြန်နှုန်းကို သေချာပေါက် တိုးတက်စေလိမ့်မည်။
ထို့ကြောင့် စုချန်သည် ဓားသန့်စင်ခြင်းအပြင် နေ့စဉ် အဆင့်နိမ့် မိစ္ဆာသားရဲ အမြုတေ တစ်လုံး၊ နှစ်လုံးကို သန့်စင်စုပ်ယူရန် ကြိုးစားလေသည်။
သူ့ကျင့်ကြံမှုအဆင့် တကယ် လျင်မြန်စွာ တိုးတက်လာသည်။
ပြီးတော့ ဘာ ဝေဒနာမှ မခံစားရဘူး။
ဒါက သူ့စိတ်ကို တဖြည်းဖြည်း သက်သာရာ ရစေသည်။
ရက်အနည်းငယ် ကြာပြီးနောက် စုချန်၏ ကျင့်ကြံမှုအဆင့် ပိုမို တိုးတက်လာပြီး ချီသန့်စင်ခြင်း နဝမအဆင့်သို့ ရောက်ရန် သိပ်မလိုတော့ပေ။
သူ ဈေးတန်းသို့ သွားပြီး ပိုက်ဆံအမြောက်အမြား သုံးကာ အဆင့်နိမ့် မှော်ဝင် ဆေးပေါင်းဖို တစ်လုံး ဝယ်ယူလိုက်သည်။ ထို့နောက် 'ခုနစ်ရွက် လင်ဇီးမြက်' ကို ယူဆောင်ပြီး ဆေးဖော်စပ်ရေး ခန်းမသို့ သွားကာ သူ့ညီမဝမ်းကွဲ စုလုံကို ရှာဖွေလေသည်။
တွေ့ဆုံလိုက်ရသောအခါ သူ့ညီမဝမ်းကွဲ၏ မျက်လုံးတစ်ဝိုက်တွင် အညိုအမည်းစွဲနေသော ဒဏ်ရာအချို့ကို တွေ့လိုက်ရသည်၊ သူမ အရိုက်ခံထားရသည်မှာ အသိသာကြီးပင်။
အခန်း (၃၂) - တန်ခိုးကြီး ဝိညာဉ်ဆေးလုံး
"ဘာဖြစ်တာလဲ?"
စုချန်၏ မျက်နှာထား ရုတ်ခြည်း မည်းမှောင်သွားပြီး မေးလိုက်သည်။
မည်သို့ပင် ဖြစ်စေကာမူ စုလုံသည် သူ့ညီမဝမ်းကွဲ ဖြစ်ပြီး၊ သူမ အနိုင်ကျင့်ခံရပါက စုချန် လုံးဝ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
"ဘာမှ မဖြစ်ပါဘူး အစ်ကိုကြီး။ ညီမ ခြေချော်လဲသွားတာပါ"
စုလုံက အပြုံးတစ်ခု အတင်းလုပ်ယူပြီး ပြန်ဖြေလိုက်သော်လည်း၊ သူမ၏ မျက်လုံးများက အကြည့်လွှဲနေသည်။
စုချန် သူ့ညီမဝမ်းကွဲ အကြောင်း ကောင်းကောင်း သိသည်။ သူ့မှတ်ဉာဏ်ထဲတွင် သူမသည် အကောင်းမြင်တတ်သူ တစ်ဦးအဖြစ် ထင်ရသော်လည်း၊ ရင်ထဲတွင်မူ ကာကွယ်ပေးသူ မရှိသလို ခံစားနေရတတ်သည်။ မည်သို့သော နစ်နာမှုမျိုး ခံစားရပါစေ၊ သူမသည် အများအားဖြင့် ကိုယ့်ဖာသာ ဖြေရှင်းလေ့ရှိပြီး တခြားသူများကို ဒုက္ခမပေးလိုပေ။
ဒါက ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့အဖေ ဆုံးသွားတာနဲ့လည်း သက်ဆိုင်သည်။ ငယ်ငယ်ကတည်းက သူမသည် သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို စိုးရိမ်ပြီး၊ အမုန်းခံရမည်ကို ကြောက်သဖြင့် မိဘရင်ကျိုးလုမတတ် လိမ္မာရေးခြား ရှိတတ်သည်။
"ဘာဖြစ်ခဲ့တာလဲ? ဆေးဖော်စပ်ရေး ခန်းမက လူတွေ အနိုင်ကျင့်ကြတာလား? ငါက မင်းအစ်ကိုကြီးလေ၊ ငါတို့ ဘယ်နေရာ ရောက်ရောက် ငါမင်းကို ကာကွယ်ပေးမယ်၊ မကြောက်ပါနဲ့...။"
ထိုစကားကို ကြားသောအခါ စုလုံ မျက်ရည်ဝဲလာပြီး အလွန် စိတ်လှုပ်ရှားသွားသည်။
သို့သော် သူမ လုံးဝ ဖွင့်မပြောဘဲ၊ ခေါင်းကို ခါယမ်းကာ ကိုယ့်ဖာသာ ချော်လဲသည်ဟုသာ ဇွတ်ငြင်းနေသည်။
"အစ်ကိုကြီး၊ ဒီဆေးပေါင်းဖိုက သိပ်လှတာပဲ၊ ညီမအတွက် လက်ဆောင်လား။"
သူမက စုချန် ကိုင်ထားသော ဆေးပေါင်းဖိုကို လက်ညှိုးထိုးပြပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
စုချန် သူမကို အတင်းအကျပ် ပြောခိုင်း၍ မရနိုင်သဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒီဆေးပေါင်းဖို နာမည်က ‘'သစ်သားပြာ ဆေးပေါင်းဖို' လို့ ခေါ်တယ်။ ဆေးဖော်စပ်ဖို့အတွက် အဆင့်နိမ့် မှော်ပစ္စည်း တစ်ခုပဲ။ ဆေးလုံးဖော်စပ်ချင်ရင် သင့်တော်တဲ့ ကိရိယာ လိုတယ်။ ဆေးပေါင်းဖို ကောင်းကောင်းက မင်းရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု နှုန်းကို အများကြီး တိုးတက်စေနိုင်တယ်"
"ဟင်? အဆင့်နိမ့် မှော်ပစ္စည်း ဆိုတော့၊ တော်တော် ဈေးကြီးမှာပဲနော်?"
"ကိစ္စမရှိပါဘူး၊ ဓားပျံ တစ်လက်ထက်တော့ သက်သာပါတယ်။ စိတ်မပူပါနဲ့၊ ငါ အခုလေးတင် ငတုံးတစ်ကောင်ဆီကနေ ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော် ရထားတာ၊ ပိုက်ဆံ မပြတ်ပါဘူး။"
စုချန် ပြုံး၍ ပြောလိုက်သည်။
သူ သိပ်မချမ်းသာသော်လည်း၊ သူ့ညီမဝမ်းကွဲ ရှေ့တွင် မျက်နှာပျက်မခံနိုင်ပေ။ ထို့အပြင် သူသည် စုလုံ၏ အကူအညီဖြင့် ဆေးလုံးဖော်စပ်ရန် လိုအပ်နေသဖြင့်၊ သူမအား ဆေးပေါင်းဖို ကောင်းကောင်း တစ်လုံး ဝယ်ပေးရန် လိုအပ်သည်။
"ငါ 'မိစ္ဆာဖမ်း မျှော်စင်' လျှို့ဝှက်နယ်မြေ ကနေ ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးဝါးတချို့ ရလာတယ်။ အဲဒါတွေကို အခြေခံခိုင်မာစေပြီး စွမ်းအင်ဖြည့်တင်းပေးတဲ့ ဆေးလုံး ဖော်စပ်ပေးစေချင်တယ်။ သင့်တော်တာ ရှိမရှိ ကြည့်ပေးပါဦး..။."
စုချန် စကားပြောရင်း 'ခုနစ်ရွက် လင်ဇီးမြက်'၊ အဆင့် ၃ မိစ္ဆာအမြုတေ နှစ်ခုနှင့် လမ်းတစ်လျှောက် ကောက်ယူခဲ့သော ဆေးဖော်စပ် ပစ္စည်းအချို့ကို ထုတ်ပေးလိုက်သည်။
"ခုနစ်ရွက် လင်ဇီးမြက်... ပွင့်နေပြီဆိုတော့ တော်တော် ရှားပါးတဲ့ ပစ္စည်းပဲ။ အဆင့် ၃ မိစ္ဆာအမြုတေလည်း ပါတယ်ဆိုတော့၊ ‘တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' ဖော်စပ်ဖို့ အကောင်းဆုံးပဲ"
စုလုံသည် ဆေးဖော်စပ်ရာတွင် ပါရမီ အလွန်ပါပြီး၊ ဤကာလအတွင်း ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့သည်။
ထို့ကြောင့် ဤပစ္စည်းများကို အသုံးပြုပြီး အကောင်းဆုံး ဖော်စပ်နည်းကို လျင်မြန်စွာ ဆုံးဖြတ်နိုင်ခဲ့သည်။ ‘တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' သည် ပထမအဆင့် အရည်အသွေးမြင့် ဆေးလုံး ဖြစ်သည်။ သောက်သုံးပြီးနောက် အခြေခံကို ခိုင်မာစေပြီး မှော်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်ရုံသာမက၊ ကျင့်ကြံမှုအဆင့်ကိုလည်း အဆင့်ငယ် တစ်ဆင့် တက်သွားစေနိုင်သည်။
သို့သော် ၎င်းသည် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများအတွက်သာ ထိရောက်ပြီး၊ လူတစ်ဦးလျှင် တစ်သက်လုံးတွင် ဆေးလုံးတစ်လုံးသာ သောက်သုံးနိုင်သည်။
"ဒီ ‘တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' ကိုသာ ဖော်စပ်နိုင်ရင်၊ ငါ့အတွက် အနည်းဆုံး ကျင့်ကြံချိန် လဝက်လောက် သက်သာသွားလိမ့်မယ်။ ဒါဆိုရင် ချီသန့်စင်ခြင်း နဝမအဆင့် ကို တိုက်ရိုက် ရောက်သွားနိုင်ပြီး အခြေတည်အဆင့် အကြောင်း ဆက်စဉ်းစားလို့ ရပြီ။"
စုချန် အလွန် မျှော်လင့်နေသည်။
သို့သော် စုလုံတွင် ဒီလို ဆေးလုံးမျိုး ဖော်စပ်နိုင်စွမ်း ရှိမရှိ သူ စိုးရိမ်မိသည်။
ဘာပဲဖြစ်ဖြစ် ပထမအဆင့် အရည်အသွေးမြင့် ဆေးလုံး ဆိုသည်မှာ ဆေးဖော်စပ်ရေး အလုပ်သင်တိုင်း လုပ်နိုင်သော အရာမဟုတ်ပေ။
"ညီမ ‘တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' ကို တစ်ခါမှ မဖော်စပ်ဖူးဘူး။ ဒါပေမဲ့ ညီမရဲ့ ဝိညာဉ်အမြစ် ပါရမီက ဆေးဖော်စပ်နိုင်စွမ်းကို အများကြီး အထောက်အကူပြုတော့၊ နည်းနည်း ကြိုးစားလိုက်ရင် အောင်မြင်နိုင်လောက်တယ်။ ဒါပေမဲ့ ကျရှုံးနိုင်ချေလည်း ရှိတယ်။ အစ်ကိုကြီး... ဒီပစ္စည်းတွေက ရခဲတာမို့လို့၊ အတွေ့အကြုံရှိတဲ့ သူတစ်ယောက်ယောက်ကို ရှာပြီး ဖော်စပ်ခိုင်းတာ ပိုကောင်းမယ် ထင်တယ်။ ညီမတို့ ဆေးဖော်စပ်ရေး ခန်းမက စီနီယာအစ်မ ပိုင်လု..."
"မလိုပါဘူး၊ မင်း လုပ်နိုင်ပါတယ်။ ငါ မင်းကို ယုံတယ်။ ပြီးတော့ ကျရှုံးသွားရင်လည်း ကိစ္စမရှိဘူး။ မင်းအတွက် အတွေ့အကြုံ ရတယ်လို့ပဲ သဘောထားလိုက်။ ဖိအား မထားနဲ့။"
စုချန် သူ့ညီမဝမ်းကွဲကို ယုံကြည်နေဆဲ ဖြစ်သည်။
ဒါ့အပြင် ကိုယ်ပိုင် ကျွမ်းကျင် ဆေးပညာရှင် တစ်ယောက်ကို မွေးထုတ်ဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှု မရှိဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
‘တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' လို ပထမအဆင့် ဆေးလုံးမျိုးနဲ့တောင် သူမကို လက်တွေ့ မစမ်းသပ်ခိုင်းရဲရင်၊ သူမရဲ့ ဆေးဖော်စပ်မှု စွမ်းရည် ဘယ်လို တိုးတက်လာမှာလဲ?
စွမ်းအားကြီးသော ဆေးပညာရှင်တိုင်းကို ဝိညာဉ်ကျောက်တုံးများနှင့် ပစ္စည်းအမြောက်အမြား အကုန်အကျခံပြီး ပျိုးထောင်ပေးရတာချည်းပဲ။
"ကောင်းပါပြီ"
စုလုံလည်း ပြတ်သားသူ ဖြစ်သည်။ သူမအစ်ကိုကြီးက သူမကို ယုံကြည်မှတော့၊ သူမ အကောင်းဆုံး ကြိုးစားရ ပေမည်။
ဆေးပေါင်းဖိုနှင့် ပစ္စည်းများကို ညီမဝမ်းကွဲထံ ပေးပြီးနောက်၊ စုချန် ချက်ချင်း မပြန်သေးပေ။ စုလုံ ဆေးဖော်စပ်ရေး ခန်းမတွင် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့်၊ သူမကို ဆေးဖော်စပ်ရာတွင် ကူညီပေးမည်ဟု ပြောလိုက်သည်။
ကောင်မလေးက အများကြီး မစဉ်းစားဘဲ အလွန် ပျော်ရွှင်သွားကာ စုချန်ကို ဆေးဖော်စပ်ခန်းထဲ ခေါ်သွားပြီး၊ နေရာယူကာ ဆေးလုံး စတင်ဖော်စပ်လေသည်။
ဆေးဖော်စပ်ခြင်းသည် တကယ်တမ်းတွင် အလွန် ပျင်းစရာကောင်းပြီး ငြီးငွေ့ဖွယ်ကောင်းသော လုပ်ငန်းစဉ် ဖြစ်သည်။
ပစ္စည်းများ ပြင်ဆင်ခြင်း၊ အချိုးအစား တိကျစွာ လိုက်နာခြင်း၊ ဆေးဖက်ဝင် အပင်အမျိုးမျိုးကို သန့်စင်ခြင်းနှင့် အဆီအနှစ် ထုတ်ယူခြင်း၊ ပြီးလျှင် အပူချိန် ထိန်းညှိခြင်း...
ကျင့်ကြံသူ တော်တော်များများက ဒီအရာတွေကို နည်းနည်းပါးပါးတော့ လေ့လာထားကြသည်။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်း လမ်းစဉ်မှာ ကျွမ်းကျင်မှုတွေ အများကြီး ရှိပြီး၊ ပိုတတ်ထားတာ ဘယ်တော့မှ မမှားဘူးလေ။
သို့သော် ဤအရာကို အထူးပြုရန်အတွက် အချိန်နှင့် ကြိုးစားအားထုတ်မှု အများကြီး လိုအပ်သည်။
စုချန်မှာ နေ့စဉ် လုပ်စရာတွေ သိပ်များနေသည်။ ဓားသန့်စင်ခြင်း၊ ဓားသိုင်းလေ့ကျင့်ခြင်း၊ ဓားမွေးမြူခြင်း၊ ခန္ဓာကိုယ် သန့်စင်ခြင်း...
အခုအချိန်မှာ အဲဒီကိစ္စတွေအတွက် စိတ်ပူနေဖို့ အချိန်မရှိဘူး။
အနာဂတ်မှာ အစီအရင်များ၊ ဂါထာစက္ကူများ နှင့် သားရဲထိန်းကျောင်းခြင်း ကဲ့သို့သော အခြား နည်းလမ်းများကို လေ့လာကောင်း လေ့လာနိုင်သည်။ သို့သော် အများစုမှာ တိုက်ခိုက်နိုင်စွမ်းကို တိုက်ရိုက် မြှင့်တင်ပေးသော အမျိုးအစားများ ဖြစ်သည်။
ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း ကဲ့သို့သော အရာများအတွက်မူ မိမိအား ကူညီပေးနိုင်မည့် ရင်းနှီးသူ အချို့ကို ပျိုးထောင်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။
ဒါက သူ့စွမ်းအင်ကို သက်သာစေနိုင်သည်။
စုလုံသည် ဆေးဖော်စပ်ခြင်းကို လေ့လာသည်မှာ မကြာသေးသော်လည်း၊ ဒီနယ်ပယ်တွင် တကယ် ပါရမီ ပါသည်။ အစပိုင်းတွင် အနည်းငယ် ပြာယာခတ်နေသော်လည်း၊ ဆေးလုံးစုစည်းခြင်းနှင့် မီးအပူချိန် ထိန်းညှိခြင်း အဆင့်သို့ ရောက်သောအခါ ချက်ချင်း တည်ငြိမ်သွားသည်။
သူမ၏ ဝိညာဉ်အမြစ်သည် သစ်သားနှင့် မီး ဗီဇပြောင်း အမျိုးအစား ဖြစ်သဖြင့်၊ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများကို သန့်စင်ခြင်းနှင့် အပူချိန် ထိန်းညှိခြင်းတို့တွင် ထူးခြားသော ကျွမ်းကျင်မှု ရှိသည်။
ဝိညာဉ်မီးတောက်သည် ဆေးပေါင်းဖိုထဲတွင် တဖျပ်ဖျပ် လှုပ်ရှားနေပြီး၊ ဆေးရနံ့များ လှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာသည်။
ဒီဆေးလုံးတစ်သုတ်သည် အရေးအကြီးဆုံး သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
စုလုံသည် မှော်စွမ်းအင် ထည့်သွင်းခြင်းနှင့် မီးအပူချိန် ထိန်းညှိခြင်းအပေါ် အပြည့်အဝ အာရုံစိုက်ထားပြီး၊ အနည်းငယ်မျှပင် အာရုံလွင့်မခံရဲပေ။
သို့သော် ဒီအချိန်မှာပဲ...
ဝုန်းကနဲ အသံနှင့်အတူ ဆေးဖော်စပ်ခန်း တံခါး ပွင့်ထွက်သွားသည်။
ဆေးဖော်စပ်ရေး ခန်းမ ဝတ်ရုံများ ဝတ်ဆင်ထားသော အမျိုးသမီး အချို့ ရန်လိုစွာ ဝင်ရောက်လာကြသည်။ ခေါင်းဆောင်လုပ်သူမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး၊ မျက်နှာထား တင်းကာ၊ အနည်းငယ် ယုတ်မာသော အသွင်အပြင် ရှိသည်။ မျက်နှာပေါ်တွင် တင်းတိပ်များ ရှိပြီး မျက်လုံးများတွင် ကြမ်းတမ်းသော အကြည့်များ ရှိနေသည်။
"စုလုံ၊ ဘယ်သူက နင့်ကို ဆေးဖော်စပ်ခန်းထဲ ဝင်ခွင့်ပေးလိုက်တာလဲ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ငါနင့်ကို သင်ခန်းစာ ပေးထားတာ မမှတ်သေးဘူးလား။"
"ကောင်မစုတ်လေး၊ နင် အမှတ်မရှိသေးဘူးပေါ့။"
ထိုလူအုပ်စုက အော်ဟစ်ဆူပူ ကြိမ်းမောင်းနေကြသည်။
သူတို့အသံ ကြားလိုက်ရသောအခါ စုလုံ၏ မျက်နှာ သွေးဆုတ်ဖြူဖျော့သွားပြီး၊ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားကာ သူမ ထိန်းချုပ်ထားသော မီးတောက်များ မတည်မငြိမ် ဖြစ်သွားသည်။
ဒီအတိုင်း ဆက်သွားရင် အောင်မြင်ခါနီး ဖြစ်နေတဲ့ ‘တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' ပြာဖြစ်သွားလိမ့်မယ်။
"မကြောက်နဲ့၊ ငါရှိနေသရွေ့ ဘယ်သူမှ မင်းကို မထိခိုက်စေရဘူး။ ဆေးဖော်စပ်တာကိုပဲ အာရုံစိုက်ထား၊ ကျန်တာ ဘာမှ စိတ်မပူနဲ့။"
စုချန်၏ အသံ သူမ နား,နားကပ်ပြီး ထွက်ပေါ်လာသည်။
ထိုစကားကို ကြားသောအခါ စုလုံ စိတ်သက်သာရာ ရသွားပုံရသည်။ သူမ မျက်နှာ အရောင်အသွေး သိပ်မကောင်းသေးသော်လည်း၊ မီးတောက်များကို တဖြည်းဖြည်း ပြန်လည် တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
"မင်းတို့က ဘယ်သူတွေလဲ? စုလုံကို အနိုင်ကျင့်တာ မင်းတို့လား။"
စုချန် သူ့ဒေါသကို မြိုသိပ်ပြီး မေးလိုက်သည်။
ထိုလူများက ထိုအခါမှ သူ့ကို သတိထားမိပုံရပြီး၊ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒီ ကလေကချေ ကောင်က ဘယ်က ရောက်လာတာလဲ။ ဆေးဖော်စပ်ရေး ခန်းမလို အရေးကြီးတဲ့ နေရာကို စိတ်ကြိုက် ဝင်ထွက်လို့ ရမယ် ထင်နေတာလား။ ထွက်သွားစမ်း၊ မဟုတ်ရင် ငါတို့ကို အပြစ်မတင်နဲ့။"
အမလေး၊ ဆေးဖော်စပ်ရေး ခန်းမက ဂိုဏ်းသားတွေ အကုန်လုံး ဒီလောက် မာနကြီးကြတာလား?
အပြင်ဂိုဏ်းသားတွေအတွက် မသေမျိုးလမ်းစဉ် ကျင့်ကြံရတာ မလွယ်ကူသလို၊ ဆေးလုံးတွေကို အားကိုးရလေ့ရှိတယ်။ သဘာဝကျကျ သူတို့က ဒီဆေးပညာရှင်တွေကို အရမ်း လေးစားကြတယ်။ ကြာလာတော့ ဒါက သူတို့ကို မာနကြီးလာစေတာပဲ။
ထိုအချိန်တွင် အမျိုးသမီး တစ်ဦးက သူ့ကို မှတ်မိသွားပုံရပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဂိုဏ်းတူအစ်မ လျို၊ သူက စုချန် ပါ..."
"အော်? မင်းက စုချန် ကိုး။ ဒီကောင်မ လိုပဲ မင်းလည်း စိတ်ပျက်စရာ ကောင်းတာ မဆန်းပါဘူး။"
ခေါင်းဆောင် အမျိုးသမီးက အကြိမ်ကြိမ် လှောင်ပြောင်လိုက်ပြီး သူမ မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။
"မင်းက လူကြီးသူမတွေကို မလေးစားဘူး၊ အမွေခံ ဂိုဏ်းသားတွေကို ပြန်ပြောရဲတယ်၊ အတွင်းစည်းက ဂိုဏ်းတူအစ်ကိုကြီး ယန် ကိုတောင် စိန်ခေါ်ရဲတဲ့ သတ္တိ ရှိသေးတယ်။ ငါတို့က သည်းမခံနိုင်လို့ မင်းကို နည်းနည်း ဆဲလိုက်တာ။ ဟို စုလုံ ဆိုတဲ့ ကောင်မစုတ်က ထွက်ပြီး ကာကွယ်ပေးနေလို့ ငါတို့ သင်ခန်းစာ ပေးလိုက်တာ။ ဘာလဲ၊ မင်းက သူ့ဘက်က ရပ်တည်ပေးချင်လို့လား။"
"ဟွန့်၊ ငါပြောပြမယ်၊ ငါတို့ ဂိုဏ်းတူအစ်မလျို က ဂိုဏ်းတူအစ်ကိုကြီး ကျောက်ဝူကျိ ရဲ့ တာအိုလက်တွဲဖော် နော်။ မင်း သူ့ကို စော်ကားလို့ရမယ် ထင်နေလား။"
သူတို့ ပြောလေလေ၊ မာနပိုကြီးလေလေ ဖြစ်သည်။
စုချန် သူတို့ ဟောင်နေတာကို နားထောင်ရတာ ပျင်းလာပြီ။ ဘာ ကျောက်ဝူကျိ လဲ? ယွီထျန်းယန် တို့ ယန်ယွင်ဖေး တို့နဲ့ ယှဉ်ရင် ဘာမို့လို့လဲ?
မင်းတို့ ငါ့ကို လာရှုပ်ရင်၊ ငါ မျက်နှာသာ ပေးနေမှာ မဟုတ်ဘူး။
ဒီမိန်းမတွေနဲ့ စကားအများကြီး ပြောနေရတာက စုလုံကို အနိုင်ကျင့်ခဲ့တာ သူတို့ ဟုတ်မဟုတ် သေချာအောင် လုပ်ချင်ရုံ သက်သက်သာ။
အခု သေချာသွားပြီ ဆိုတော့၊ သူတို့ ဒီနေရာမှာ ဆက်ပြီး ဆူညံနေတာ၊ ဆေးဖော်စပ်တာကို နှောင့်ယှက်နေတာမျိုး လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။
ထို့ကြောင့် စုချန် မှော်စွမ်းအင်ကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး၊ လက်ကိုမြှောက်ကာ တဖက်လူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ဖြန်း!