အခန်း (၁၅+၁၆)
Vol. 2 Ch. 15+16
အခန်း (၁၅) - အတွင်းစည်းဂိုဏ်းသားတွေက အဲ့လောက်တောင် အရေးပါတယ်လား?
ရှုတောင် ဓားဂိုဏ်းသည် အနောက်တောင်ပိုင်းရှိ အကြီးဆုံးသော မသေမျိုး ကျင့်ကြံရေးဂိုဏ်း ဖြစ်ပြီး ဂိုဏ်းသား သောင်းချီ ရှိသည်။
ဤမျှ လူဦးရေ များပြားသဖြင့် အချို့သော မြို့ငယ်၊ မြို့လတ်များနှင့်ပင် ယှဉ်နိုင်လေသည်။ ဂိုဏ်းသားများ ဆက်သွယ်ရေးနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ဖလှယ်ရ လွယ်ကူစေရန်အတွက် ဂိုဏ်းဈေးတန်းကို ဖန်တီးခဲ့ကြသည်။
ဒါက စုချန်အတွက် ဈေးတန်းသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်ပေ။
ဝိညာဉ်ကျောက်တုံးများ သယ်ဆောင်ကာ ဆိုင်တစ်ဆိုင်သို့ အလွယ်တကူ သွားရောက်ပြီး ရွှမ်ဟွမ်ဆေးလုံးများ အရင်ဝယ်ယူလိုက်သည်။ ထို့နောက် ဆိုင်ရှင်ထံမှ ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည် ဈေးနှုန်းကို မေးမြန်းလိုက်ရာ
"ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည်လား... ဧည့်သည်က ခန္ဓာကိုယ်သန်မာဖို့ ကျင့်ကြံချင်လို့လား"
ဆိုင်ရှင်က အံ့သြသလို မေးလိုက်သည်။ "ဒီရက်ပိုင်း ခန္ဓာကိုယ်သန်မာဖို့ကို အထူးပြုလေ့ကျင့်တဲ့ ကျင့်ကြံသူတွေကလွဲရင် ဒီလိုပစ္စည်းမျိုး ဝယ်လိုအား သိပ်မရှိဘူးဗျ။"
စုချန် ခေါင်းညိတ်လိုက်ရာ ဆိုင်ရှင်က ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး ပြောလိုက်သည်။ "ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည်က ပုံမှန်အားဖြင့် ဖော်စပ်ပြီးတာနဲ့ တန်းသုံးရတာ၊ ကြာကြာ သိမ်းထားဖို့ ခက်တယ်။ ဒါကြောင့် ကျွန်တော်တို့က ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည် အခြေခံ ဆေးနည်းတွေကိုပဲ ရောင်းပေးပြီး လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုတော့ တစ်ခါတည်း တွဲရောင်းပေးလို့ ရပါတယ်။"
"ဒီဆေးနည်းက ဘယ်လောက်ကျလဲ။"
"ကျွန်တော်တို့ဆိုင်မှာ ဆေးနည်း နှစ်မျိုး ရှိတယ်။ တစ်ခုက ဆေးဖက်ဝင် အပင်တွေနဲ့ ဖော်စပ်ထားတဲ့ 'ဆေးဖက်ဝင် ခန္ဓာကိုယ်ကြံ့ခိုင်ဆေးနည်း'၊ ဝိညာဉ်ဆေးပင် အမျိုးမျိုးနဲ့ ဖော်စပ်ထားတာပေါ့။ သူက အာနိသင် ညင်သာပြီး စ လေ့ကျင့်သူတွေနဲ့ ပိုသင့်တော်တယ်။ ခင်ဗျားဝယ်ထားတဲ့ ရွှမ်ဟွမ်ဆေးလုံးနဲ့ တွဲသုံးရင် ပိုထိရောက်တယ်။ နောက်တစ်မျိုးကတော့ မိစ္ဆာသားရဲတွေရဲ့ အဆီအနှစ် သွေးနဲ့ ခန္ဓာကိုယ် အမြုတေ တွေနဲ့ ဖော်စပ်ထားတာ။ သူက ပိုပြင်းထန်ပြီး အာနိသင် ပိုကောင်းတယ်။"
ဒီခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည်အတွက် ဆေးနည်းက ခန္ဓာကိုယ် သွန်းလုပ်ခြင်း ဆေးလုံး နဲ့ ဆင်တူသည်။
အပင်ပစ္စည်းများနှင့် မိစ္ဆာသားရဲ ပစ္စည်းများဟူ၍ နှစ်မျိုးခွဲထားသည်။
နောက်တစ်မျိုးက ပိုထိရောက်သော်လည်း ဈေးကြီးလွန်းသဖြင့် စုချန် မတတ်နိုင်ပေ။
အဆုံးတွင် သူသည် အတော်အတန် ညင်သာသော ဆေးဖက်ဝင် ခန္ဓာကိုယ်ကြံ့ခိုင်ဆေးနည်းကို ရွေးချယ်လိုက်ပြီး လိုအပ်သော ပစ္စည်းကိုမူ ဆေး၁၀ဖုံစာ ဝယ်ယူလိုက်သဖြင့် စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀ကျော် ကျသင့်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဓားရွေးချယ်ပွဲ စိန်ခေါ်မှုမှ သူရှာဖွေထားသော ဝိညာဉ်ကျောက်တုံး အားလုံး ကုန်သွားလေပြီ။
ထိပ်တန်း ဂိုဏ်းသား အချို့ကို အနိုင်ယူပြီးနောက်တွင် သူ့ကို လာရောက်စိန်ခေါ်ပြီး ငွေလာလှူပေးမည့်သူ နည်းပါးသွားသည်။
"မသေမျိုးလမ်းစဉ် ကျင့်ကြံရတာ တကယ် ဈေးကြီးတာပဲ။ ကံကောင်းလို့ ငါက ဓားသင်္ချိုင်းက မကောင်းဆိုးဝါး စွမ်းအင်တွေကို စုပ်ယူနိုင်သေးလို့ တော်သေးတာပေါ့။ တခြားသူတွေထက် အများကြီး ခံသာနေတာ။ မဟုတ်ရင် ဒီပိုက်ဆံ နည်းနည်းလေးနဲ့ ငါ့ကိုယ်ငါ ထောက်ပံ့စားသောက်ဖို့တောင် မလွယ်ဘူး။"
စုချန် သက်ပြင်းချလိုက်သည်။
ဒီပစ္စည်းတွေ ကုန်သွားရင် ပိုက်ဆံရဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှာရဦးမည်။
မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်း ဆိုသည်မှာ နေရာတစ်ခုရှာပြီး သိုမှီးကျင့်ကြံရုံ သက်သက်မဟုတ်ကြောင်း သတိပြုရမည်။ အရင်းအမြစ် အမျိုးမျိုး၏ ပံ့ပိုးမှု မရှိလျှင် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်။ သူသည် ယခု ချီသန့်စင်ခြင်း အဆင့်သာ ရှိသေးသည်။ အခြေတည်အဆင့် ရောက်သွားပါက မှော်လက်နက်များ၊ ဂါထာစက္ကူများ၊ အစီအရင်များ စသည်တို့မှာ ပိုက်ဆံဖြုန်းရမည့် တွင်းပေါက်ကြီးများ ဖြစ်လာပေလိမ့်မည်။
ဆေးဖော်စပ်ခြင်း သည် ပိုက်ဆံရှာရန် နည်းလမ်းကောင်း တစ်ခု ဖြစ်သော်လည်း ကံမကောင်းစွာပင် အချိန်နှင့် လူအင်အား အလွန်ကုန်သည်။
သူ တွေးတောနေစဉ် ရုတ်တရက် ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသည်။
သူ့အရှိန်အဝါက စူးရှပြီး ခန္ဓာကိုယ် တစ်ခုလုံး နှင်းမှုန်များနှင့် ရေခဲများ ဝန်းရံနေသကဲ့သို့ ရှိသည်။ သူဝင်လာသည်နှင့် တပြိုင်နက် အခန်းတစ်ခုလုံး၏ အပူချိန် သိသိသာသာ ကျဆင်းသွားသည်။
တဖက်လူက သူ့အရှိန်အဝါကို ဖုံးကွယ်ရန် လုံးဝ ကြိုးစားခြင်း မရှိဘဲ၊ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦး၏ ဖိနှိပ်နိုင်စွမ်းကို တမင်သက်သက် ထုတ်ဖော်ပြသနေပုံရသည်။ စုချန်သည် ရေးရေးမျှသော ရန်လိုမှုကို အာရုံခံမိပြီး နှင်းဖုံးနေသော ဒေသတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒီလူက ဘယ်သူလဲ?
စုချန် စိတ်ထဲ မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် တဖက်လူက အေးစက်စွာ ပြောလိုက်သည်။ "မင်းက အတွင်းစည်းဂိုဏ်းက ဂိုဏ်းတူအစ်ကိုကြီးကိုတောင် အရိုအသေ မပေးပါလား။ ကောလာဟလတွေအတိုင်းပဲ အထက်အောက် မသိတဲ့ကောင် ဖြစ်နေတာကိုး။ အဲဒီနေ့က ဂိုဏ်းတူအစ်ကိုကြီး ယွီ မင်းကို ဝေဖန်ခဲ့တာ မမှားဘူးပဲ။"
ထိုစကားကို ကြားလိုက်သည်နှင့် စုချန် ချက်ချင်း နားလည်လိုက်သည်။
ယွီထျန်းယန်ရဲ့ လူတွေ ငါ့ဆီ ထပ်ရောက်လာပြန်ပြီလား?
ဘုရားရေ၊ အရင်တုန်းက ယန်ဝူလို အပြင်ဂိုဏ်းသားလောက်ပဲ လွှတ်တာ၊ ဒီတစ်ခါတော့ အခြေတည်အဆင့် ရောက်နေတဲ့ အတွင်းစည်းဂိုဏ်းသား ကို လွှတ်လိုက်တာလား?
ဒါ ငါ့ကို သိပ်အထင်ကြီးလွန်းတာပဲ။
သို့သော် စုချန် ထိတ်လန့်မသွားပေ။
ဂိုဏ်းဈေးတန်းသည် ရှုတောင် ခြေရင်းတွင် ရှိသော်လည်း ဂိုဏ်းစည်းကမ်းများနှင့် သက်ဆိုင်နေဆဲ ဖြစ်သည်။ ဂိုဏ်းစည်းကမ်း မဖောက်ဖျက်သရွေ့ အတွင်းစည်းဂိုဏ်းသား တစ်ဦးအနေဖြင့် သူ့ကို အကြောင်းမဲ့ တိုက်ခိုက်ခွင့် မရှိပေ။
ထို့ကြောင့် တဖက်လူ၏ ခြိမ်းခြောက်မှုကို သူ မကြောက်ဘဲ နှိမ့်ချခြင်း မရှိ၊ မာန်မာန မပါဘဲ ပြန်ပြောလိုက်သည်။ "ကျွန်တော်က ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားပါ၊ အပြင်ဂိုဏ်း စည်းကမ်းနဲ့ မသက်ဆိုင်ပါဘူး။ ဂိုဏ်းဌာနခွဲ စည်းကမ်းအရဆို ကျွန်တော် ခင်ဗျားကို ဦးညွှတ်စရာ မလိုပါဘူး။"
"ဟားဟား၊ မင်း စိတ်ဓာတ်ကျသွားအောင် ဓားသင်္ချိုင်းထဲ ပစ်ထည့်လိုက်တာကို၊ အခု မင်းက ကိုယ့်ကိုယ်ကိုယ် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားလို့ ခေါ်နေပါလား။ ဓားသင်္ချိုင်းထဲ ရောက်တာ ရက်နည်းနည်းပဲ ရှိသေးတယ်၊ မင်း နေရာရပြီလို့ တကယ် ထင်နေတာလား။"
"ဒါဆို ကျွန်တော့်ကို ဓားသင်္ချိုင်း ပို့ခိုင်းလိုက်တာ ခင်ဗျားပေါ့။"
"ဟုတ်တယ်၊ ငါပဲ။ ချန်ကျင်ရှုံး နဲ့ ယန်ဝူကို ဓားရွေးဖို့ လာစိန်ခေါ်ခိုင်းတာလည်း ငါစီစဉ်ခဲ့တာ။ ကံမကောင်းတာက သူတို့နှစ်ယောက်လုံး မအောင်မြင်ခဲ့ဘူး။"
ယန်ယွင်ဖေးက ပေါ်တင်ပဲ ဝန်ခံလိုက်သည်။
သူ့အမြင်တွင် စုချန် သူ့ကို ငြိုးတေးသွားမည်ကို လုံးဝ ဂရုမစိုက်ပေ။
"ငါ့မှာ မင်းနဲ့ ပုဂ္ဂိုလ်ရေး အငြိုးအတေး မရှိဘူး။ တကယ်တော့ မင်းလို အရေးမပါတဲ့ကောင်ကို ငါ ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ဖူးဘူး။ မင်းကို ပစ်မှတ်ထားရတာက မင်းက နေရာမသိတတ်ပဲ ဂိုဏ်းတူအစ်ကိုကြီး ယွီကို ပြန်ခံပြောလို့ပဲ။ သူ့အပေါ်ထားတဲ့ ငါ့သစ္စာရှိမှုနဲ့ စွမ်းရည်ကို သက်သေပြဖို့ လိုတယ်လေ။"
"တကယ်တော့ ငါ မင်းကို ရိုးရိုးရှင်းရှင်းလေး ရှင်းပစ်လို့ ရပါတယ်၊ ဒါပေမဲ့ ကိစ္စတွေကို အရုပ်ဆိုး အကျည်းတန် မဖြစ်စေချင်ဘူး။ ပြီးတော့ ဂိုဏ်းတူအစ်မ ယွဲ့ ကိုလည်း မျက်နှာသာ ပေးချင်လို့ပါ။ သူနဲ့ ဂိုဏ်းတူအစ်ကိုကြီး ယွီက မိုးနဲ့မြေလို လိုက်ဖက်ညီတဲ့ စုံတွဲ၊ နေမင်းနဲ့ လမင်းလို ပြီးပြည့်စုံတယ်။ မင်းက ပုရွက်ဆိတ်လေး တစ်ကောင်ပဲလေ၊ တောက်ပတဲ့ နေမင်းနဲ့ လမင်းကို ဘယ်လို ယှဉ်နိုင်မှာလဲ။ လက်တွေ့ကျကျ တွေးစမ်းပါ။ မင်း ပိုက်ဆံ မလိုဘူးလား။ ရှုတောင်ကနေ ထွက်သွားမယ်၊ ဒါမှမဟုတ် စေ့စပ်ထားတာကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်သိမ်းပေးမယ်ဆိုရင်၊ ငါတို့ ယန်မိသားစုက မင်းရဲ့ အနာဂတ် ကျင့်ကြံမှုအတွက် လိုအပ်တဲ့ အရင်းအမြစ်မှန်သမျှ ထောက်ပံ့ပေးမယ်။"
ယန်ယွင်ဖေးက လက်ကို နောက်ပစ်လျက် ရပ်နေပြီး စုချန်ကို စကားပြောခွင့် မပေးသလောက်ပင်။
သူ့ဘာသာသူ ပြောနေပြီး သူ့ "ပွင့်လင်းမှု" မှာ အံ့သြစရာ ကောင်းလှသည်။
သို့သော် သူက ဖုံးကွယ်မထားသော မထီမဲ့မြင်ပြုမှုကိုလည်း ပြသနေသည်။ ယွီထျန်းယန် ကဲ့သို့ပင် သူသည် စုချန်၏ ခံစားချက်ကို လုံးဝ ဂရုမစိုက်ပေ။ သူ့မောက်မာသော အပြုအမူက အလွန် စိတ်ပျက်စရာ ကောင်းသည်။
ယွဲ့လျိုရွှမ်နဲ့ ငါ ထိုက်တန်လား မထိုက်တန်လား ဆိုတာ ငါတို့နှစ်ယောက် ကိစ္စ။
ယွီထျန်းယန်က သူမကို လုယူဖို့ စိတ်ဆုံးဖြတ်ထားလို့ ဝင်ပါတာ ထားပါတော့၊ ယွီထျန်းယန်ရဲ့ ခွေးပါးဝက်နားလောက်ပဲ ဖြစ်တဲ့ မင်းက ဘာကိစ္စ ဝင်ပြီး အဆင့်အတန်း ခွဲခြားပြနေတာလဲ?
အတွင်းစည်းဂိုဏ်းသားတွေက အဲ့လောက်တောင် အရေးပါတယ်လား?
စုချန် ပိုက်ဆံ လိုသော်လည်း သူ့သိက္ခာကိုတော့ ရောင်းမစားနိုင်ပေ။
ယွီထျန်းယန်နှင့် ရင်ဆိုင်ရစဉ်ကတောင် သူ ခေါင်းမငုံ့ခဲ့ဘူး၊ အခုမှ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ အတွင်းစည်းဂိုဏ်းသား တစ်ယောက်ကို ခေါင်းငုံ့စရာလား။
"ကျွန်တော် ရှုတောင်ကို ကျင့်ကြံဖို့ လာခဲ့တာ၊ ခင်ဗျားစကားတစ်ခွန်းကြောင့် ထွက်မသွားနိုင်ဘူး။ ယွဲ့လျိုရွှမ်နဲ့ စေ့စပ်ထားတာကလည်း ကျွန်တော်တို့ နှစ်ယောက် ကိစ္စပဲ။ ခင်ဗျားမှာ ဝင်စွက်ဖက်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ"
စုချန် ခေါင်းခါလိုက်သည်။
သူက အေးစက်စွာ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ တောက်ပတဲ့ နေမင်းနဲ့ လမင်းနဲ့ ယှဉ်ရင် ကျွန်တော်က ပိုးစုန်းကြူးလေး တစ်ကောင်၊ ဖုန်မှုန့်လေး တစ်စပဲ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ ခင်ဗျားကတော့ ခွေးတစ်ကောင်ထက် မပိုပါဘူး။ ခင်ဗျားက ကျွန်တော့်ထက် ဘယ်နေရာများ မြင့်မြတ်နေလို့လဲ"
"ရိုင်းလိုက်တာ"
ထိုစကားကို ကြားသောအခါ ယန်ယွင်ဖေး မျက်နှာ မည်းမှောင်သွားပြီး အေးစက်သော အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။
သူ့မျက်နှာချင်းဆိုင်တွင် ဒီလို အစော်ကားခံရခြင်းမျိုး သူ တစ်ခါမှ မကြုံဖူးပေ။
သို့သော် စုချန် သူ့ကို မကြောက်ပေ။ သူ့ခန္ဓာကိုယ်ကို ဓားငွေ့အင်များ ဝန်းရံထားပြီး တိုးဝင်လာသော အအေးဓာတ်ကို ခဲယဉ်းစွာ တားဆီးထားသည်။ သူ့မျက်လုံးများက စူးရှနေသည်။ တဖက်လူအနေဖြင့် ဒီနေရာတွင် တိုက်ခိုက်ရဲမည်ဟု သူ မယုံကြည်ပေ။ အတင်းအကျပ် ဝယ်ယူရောင်းချခြင်းနှင့် ပစ္စည်းလုယက်ခြင်းများကို ကာကွယ်ရန် ဂိုဏ်းဈေးတန်းတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။
အကယ်၍ ယန်ယွင်ဖေးက အကျိုးဆက်ကို ဂရုမစိုက်ဘဲ သူ့ကို သတ်ဖြတ်ရန် ကြိုးစားလာပါကလည်း သူက ထိုင်ပြီး အသေခံနေမည် မဟုတ်ပေ။
သူ့ တန်ထျန်းသွေးကြော အတွင်းရှိ ရွှေရောင်ဓားလေးမှာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည်။ မမျှော်လင့်ဘဲ တိုက်ခိုက်လိုက်ပါက အတွင်းစည်းဂိုဏ်းသား တစ်ဦးပင်လျှင် ခံနိုင်ရည် ရှိချင်မှ ရှိ ပေမည်။
နောက်ဆုံးတွင် ယန်ယွင်ဖေးက ဆင်ခြင်တုံတရား လက်ကိုင်ထားလိုက်ပြီး ကိုယ်တိုင် ဝင်မတိုက်ခိုက်တော့ပေ။ သူ့အရှိန်အဝါ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သူ စုချန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ "မင်း တော်တော် သတ္တိရှိတာပဲ။ ဓားသင်္ချိုင်းစောင့် အကြီးအကဲက မင်းကို ကာကွယ်ပေးထားလို့ ငါမင်းကို ဘာမှမလုပ်နိုင်ဘူး ထင်နေလား။ ဒီနေရာက ဓားသင်္ချိုင်း မဟုတ်ဘူး! ငါ မင်းကို အရှင်ထွက်သွားခွင့် ပြုမယ် ထင်နေလား။"
ပြောပြီးသည်နှင့်ပင်..
ဝုန်းကနဲ အသံနှင့်အတူ ဆိုင်တံခါး ပိတ်သွားသည်။
အေးစက်ပြီး စူးရှသော အရှိန်အဝါ အများအပြား အမှောင်ထဲမှ ထွက်ပေါ်လာသည်။
ယန်ယွင်ဖေး ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဘေးနားရှိ ကုလားထိုင်တွင် အေးဆေးစွာ ဝင်ထိုင်လိုက်သည်။ ပုံရိပ်အချို့ ပျံသန်းထွက်ပေါ်လာပြီး စူးရှသော သတ်ဖြတ်လိုစိတ်များက သူတို့ကို လွှမ်းခြုံထားသည်။
အပိုင်း ၁၆
အခန်း (၁၆) - အဖြူကို အမည်း ဖြစ်အောင်လုပ်ခြင်း
ရွှမ်း—
အေးစက်သော ဓားအလင်းတန်း တစ်ခု လေထုကို ဖောက်ထွင်းသွားပြီး စူးရှသော ဓားသွားအလင်းက သူ့မျက်နှာကို ကပ်သီးလေး ဖြတ်သွားသည်။ သတ်ဖြတ်လိုစိတ်က အေးစက်နေပြီး သူ့အရေပြားကိုပင် စူးရှရှ ဖြစ်သွား စေသည်။
စုချန် ဘေးသို့ အမြန်ရှောင်လိုက်သော်လည်း ချက်ချင်းပင် ပုံရိပ်နှစ်ခု သူ့အရှေ့၌ ပေါ်လာပြီး အားကောင်းသော မှော်စွမ်းအင်များ ထုတ်လွှတ်လိုက်ရာ မီးလုံးများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ကို ခြေလှမ်းအနည်းငယ် ဆုတ်ခိုင်းစေသည်။
"သုံးယောက်စလုံးက အနည်းဆုံး ချီသန့်စင်ခြင်း သတ္တမအဆင့် ရှိကြတယ်။ သူတို့ တိုက်ခိုက်ပုံက သန့်ရှင်းပြီး လျင်မြန်တယ်၊ လှုပ်ရှားမှုတိုင်းက အသက်ရှူပေါက်ကို ချိန်ရွယ်ထားတာ။ ကြည့်ရတာ သူတို့က တိုက်ပွဲ အတွေ့အကြုံရင့်တဲ့ ဝါရင့်သမားတွေပဲ။"
စုချန် စိတ်ထဲတွင် အခြေအနေကို အမြန် သုံးသပ်လိုက်သည်။
ဤလူသုံးဦး၏ မှော်စွမ်းအင်မှာ အလွန်ရှုပ်ထွေးနေပြီး ရှုတောင်ဂိုဏ်းသား စစ်စစ်များနှင့် မတူပေ။
ရှင်းနေတာပဲ၊ လမ်းဘေးကျင့်ကြံသူတွေပေါ့။
ထို့အပြင် တိုက်ခိုက်ရေး ကျွမ်းကျင်ပြီး အတွေ့အကြုံ ရင့်ကျက်နေသဖြင့် သူတို့သည် လူသတ်ပစ္စည်းလုခြင်းကို အထူးပြုသော သူခိုးဓားပြ ကျင့်ကြံသူများ ဖြစ်နိုင်ချေ များသည်။
ယန်ယွန်ဖေးက ကောင်းကောင်း ပြင်ဆင်ထားခဲ့တာပဲ။
သူသည် ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ပြီး ဂိုဏ်းသားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ရန် မရဲသည်မှာ သေချာသည်။ သို့သော် သူက ဒီနေရာတွင် ကြိုတင် ချုံခိုတိုက်ခိုက်ရန် အားကောင်းသော ကျင့်ကြံသူ သုံးဦးကို ငှားရမ်းထားသည်။ သူများလက်ကို သုံးပြီး လုပ်ကြံခိုင်းရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
အကယ်၍ သူဒီနေရာတွင် သေသွားခဲ့လျှင်၊ အမှားအမှန်ကို ယန်ယွင်ဖေး၏ ထွက်ဆိုချက်ကသာ အဆုံးအဖြတ်ပေးတော့မည်။
နောက်ပိုင်းတွင် ဂိုဏ်းက စုံစမ်းစစ်ဆေးလျှင်တောင် အပြစ်အားလုံးကို လူသတ်သွားသော လမ်းဘေးကျင့်ကြံသူများအပေါ် ပုံချလိုက်ရုံသာ။
သေသွားပြီဖြစ်သော ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားတစ်ယောက်အတွက်နှင့် အတွင်းစည်းဂိုဏ်းသား တစ်ဦးကို ဘယ်သူက အပြစ်တင်နေတော့မှာလဲ?
"ဒီ ယန်ယွင်ဖေးက အကြံပက်စက်လိုက်တာ! ဂိုဏ်းဈေးတန်းထဲမှာတောင် တကယ် လက်ရဲဇက်ရဲ လုပ်ရဲတယ်ပေါ့။ သူ ငါ့ကို ရှင်းပစ်ဖို့ တကယ် ဆုံးဖြတ်ထားတာပဲ။”
စုချန် မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဆက်လက် တွေးတောနေရန် အချိန်မရှိတော့သဖြင့် သံဓားကို ဆွဲထုတ်လိုက်သည်။
'မတရားမှုကိုမြင်ခြင်း' ဟူသော ဤဓားကို သူ အမြဲဆောင်ထားလေ့ရှိသည်။ ဓားသိုင်း လေ့ကျင့်ရာတွင် ဤဓားကို မသုံးသော်လည်း၊ ၎င်းသည် ယခင် ဓားနတ်ဘုရား၏ ဓားဖြစ်သဖြင့် ကိုင်တွယ်ရသည်မှာ အတော်လေး အဆင်ပြေသည်။
ချွင်ကနဲ အသံနှင့်အတူ။
သံဓားကို ဆွဲထုတ်လိုက်ရာ ရိုးရှင်းပြီး အဆင်တန်ဆာ မပါသော ထူထဲခိုင်ခံ့သည့် ဓားသွားသည် ဓားစွမ်းအင်များ ဖုံးလွှမ်းလျက် ရှေ့သို့ ထိုးဖောက်ထွက်သွားသည်။
ဒေါင်!
ခုတ်ချလာသော ဓားရှည်တစ်လက်ကို စုချန် ပိတ်ဆို့လိုက်ရာ မီးပွားများ လွင့်စင်လာသည်။ ထို့နောက် လက်ကောက်ဝတ်ကို လှည့်လိုက်ရာ စုချန်၏ ဓားက မြွေတစ်ကောင်အလား မိုးပေါ်သို့ လိမ်တက်သွားသည်။ သူ၏ ရုတ်တရက် နည်းဗျူဟာ ပြောင်းလဲမှုကို အံ့အားသင့်သွားသော ကျင့်ကြံသူသည် သူ့လက်ကောက်ဝတ် ဓားထိုးမခံရစေရန် ဓားကို အမြန်လွှတ်ချပြီး နောက်သို့ ဆုတ်ပြေးလိုက်ရသည်။
တချိန်တည်းမှာပင် အခြားလူနှစ်ဦးက ဓားများဖြင့် ဝင်ရောက် တိုက်ခိုက်သော်လည်း စုချန်က ဓားဖြင့် ကာကွယ်လိုက်ပြီး သူတို့၏ မှော်စွမ်းအင်ကို တားဆီးလိုက်သည်။
သူ့ကျင့်ကြံမှုအဆင့်က ပြိုင်ဘက်များထက် နိမ့်သော်လည်း၊ သူ့ ဓားငွေ့အင်က သန့်စင်ပြီး ခွန်အားမှာ လုံးဝ မလျော့နည်းပေ။ ထို့အပြင် ဓားကျင့်ကြံရေး နည်းစနစ်ကြောင့် သူ့ခန္ဓာကိုယ်မှာ ကြေးနီသံမဏိကဲ့သို့ မာကျောသန်မာနေပြီ ဖြစ်သည်။ ထိပ်တိုက် ရင်ဆိုင်ရလျှင် သူက အားနည်းသော ဘက်တွင် မရှိပေ။
သူ့ဓားသိုင်းကွက်များက စုံလင်ပြီး လျင်မြန်ပေါ့ပါးသည်။ တစ်ခါတစ်ရံ ဓားငွေ့အင်များ စီးဆင်းနေသလို၊ တစ်ခါတစ်ရံ လျင်မြန်သော လုပ်ကြံသတ်ဖြတ်မှု ပုံစံမျိုး ဖြစ်သည်။
သူသည် အဆင့်မြင့် ဓားသိုင်းကွက် အတော်များများကို တတ်မြောက်ထားပုံရသည်။
သူ့တိုက်ခိုက်မှုကြောင့် ထိုသုံးယောက် ခေတ္တမျှ ဗျာများသွားကြသည်။
"ဒီကောင်လေးက တကယ် စွမ်းရည်ရှိသားပဲ။ ယန်ဝူ ရှုံးသွားတာ မဆန်းပါဘူး။ သူစွမ်းရည် ရှိလေလေ၊ ရှုတောင်မှာ သူ့ကို ဆက်ထားလို့ မဖြစ်လေလေပဲ။ မဟုတ်ရင် ကြာလာရင် သူက အန္တရာယ်ကောင် ဖြစ်လာလိမ့်မယ်။"
အဝေးမှ ဤမြင်ကွင်းကို ကြည့်နေသော ယန်ယွင်ဖေးမှာ တိတ်တဆိတ် အံ့သြနေမိသော်လည်း၊ စုချန်ကို ရှင်းပစ်ရန် သူ့ဆုံးဖြတ်ချက်မှာမူ ပိုခိုင်မာသွားသည်။
သို့သော် သူ ကိုယ်တိုင် ဝင်မပါလိုသေးပေ။
ဤ 'လေနက် သူရဲကောင်း' သုံးဦးသည် ယန်မိသားစုက တိတ်တဆိတ် မွေးမြူထားသော ကျွမ်းကျင် ဓားပြများ ဖြစ်သည်။ သူတို့သည် နှစ်ပေါင်းများစွာ လုယက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပြီး အတွေ့အကြုံ အလွန်ရင့်ကျက်သည်။
စုချန်တွင် အင်အားအချို့ ရှိကောင်းရှိနိုင်သော်လည်း တကယ့် တိုက်ပွဲ အတွေ့အကြုံ မရှိသဖြင့် သူတို့ကို ယှဉ်နိုင်မည် မဟုတ်သည်မှာ အသေအချာပင်။
အပြန်အလှန် တိုက်ခိုက်ပြီးနောက် ထိုသုံးဦးက စုချန်၏ အင်အားကို တဖြည်းဖြည်း သဘောပေါက်လာပြီး အသာစီး ရလာကြသည်။
သူတို့သည် တိုက်ခိုက်ရေး ကျွမ်းကျင်ပြီး အတွေ့အကြုံရှိကာ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု ကောင်းမွန်သဖြင့် သေစေနိုင်သော တိုက်ကွက်များကို ဆက်တိုက် ထုတ်ဖော်လာကြသည်။ စုချန်၏ တစ်ကိုယ်တော် အင်အားမှာ သူတို့တစ်ဦးချင်းစီထက် မနိမ့်သော်လည်း၊ သူတို့ သုံးဦး ပေါင်းတိုက်လိုက်သောအခါ ချက်ချင်း ခံစစ်အနေအထားသို့ ရောက်သွားသည်။
သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် သန့်စင်သော ဓားငွေ့အင်များသာ မရှိလျှင် ယခုအချိန်၌ သူ တောင့်ခံနိုင်မည် မဟုတ်ပေ။
အဓိက ကတော့ သူ့မှာ သေရေးရှင်ရေး တိုက်ပွဲ အတွေ့အကြုံ အစစ်အမှန် မရှိသေးခြင်းပင်။
ဓားဆိုတာ သတ်ဖြတ်ဖို့ပဲ၊ ဓားရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို တကယ် နားလည်ဖို့ဆိုရင် လက်မှာ သွေးစွန်းကိုစွန်းဖူးရမယ်။
ဓားသိုင်းဆိုတာမျိုးက တံခါးပိတ် ကျင့်ကြံနေရုံနဲ့ တတ်မြောက်နိုင်တဲ့ အရာမဟုတ်ဘူး။
ငါ့ဓားသိုင်းက အများအားဖြင့် ရှေးလူကြီးတွေရဲ့ အတွေ့အကြုံတွေကနေ ရထားတာ။ သိနားလည်မှု အချို့ ရထားပေမယ့်၊ တကယ်တမ်းကျတော့ ငါ့ကိုယ်ပိုင် မဟုတ်သေးသလို အပြည့်အဝ ပေါင်းစပ်နိုင်ခြင်းလည်း မရှိသေးဘူး။
ဒီအားနည်းချက်တွေကို နောက်ပိုင်း သေချာ ပြုပြင်ရမယ်။
ထိုသုံးယောက် နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် စုချန် လက်တွန့်မနေရဲတော့ပေ။ သူ့ ဓားငွေ့အင်များ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်စွာ လှုပ်ရှားလာပြီး သံဓားထဲသို့ စီးဝင်သွားသည်။ ချက်ချင်းပင် သူ့အရှိန်အဝါ ပြောင်းလဲသွားပြီး ဓားသိုင်းကွက်များ ပိုမို ကြမ်းတမ်းပြီး လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိလာသည်!
"ရန်သူတပ်ကို ရှင်းထုတ်ခြင်း။"
' သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း' ၏ ပထမဆုံး သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။
လှိုင်းထနေသော ဓားငွေ့အင်များက ရေစီးကြောင်းကြမ်းကြီးကဲ့သို့ ထိုးထွက်လာသည်။ သံဓားကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာပြီး အခန်းထဲရှိ စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းများကို ချက်ချင်း ကြေမွသွားစေသည်။
လခြမ်းပုံသဏ္ဍာန် ဓားငွေ့အင် လှိုင်းလုံးကြီးက သေမင်းတံစဉ်ကဲ့သို့ အလွန်ထက်ရှစွာ ဖြတ်သန်းသွားသည်။ လမ်းဘေးကျင့်ကြံသူ သုံးဦးမှာ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်နှာပျက်သွားကြပြီး၊ ဓား၏ စွမ်းအားကြောင့် ကြောင်အသွားကာ သူတို့၏ မှော်စွမ်းအင်များမှာ ယခုစုချန်ရှေ့တွင်တော့ စက္ကူကျားကဲ့သို့ အားပျော့သွားသည်။
"ရွှမ်အဆင့် ဓားသိုင်း! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
သူတို့ထဲမှ တစ်ဦး အံ့သြတကြီး အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားငွေ့အင် ဒီရေလှိုင်းကြီးက သူတို့ကို လွှမ်းမိုးသွားသည်။ ပြိုင်တူနီးပါးပင် ထိုသုံးယောက် ညည်းညူပြီး သွေးအန်ကာ၊ ဤကြမ်းတမ်းသော စွမ်းအားက သူတို့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် သွေးရာများ ထင်ကျန်ရစ်ခဲ့သည်။ ထို့နောက် သူတို့ခန္ဓာကိုယ်များ လဲကျသွားသည်။
လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြိုင်ဘက်ကင်းသော အင်အားပါဝင်သည့် ဤဓားချက်သည် သုံးယောက်စလုံးကို ချက်ချင်း သေဆုံးသွားစေသည်။
ဒီလို လွှမ်းမိုးဖိနှိပ်နိုင်သော ဓားငွေ့အင်နှင့် ရင်ဆိုင်ရသောအခါ မည်မျှပင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်ပါစေ အသုံးမဝင်တော့ပေ။ ပကတိ အင်အားနှင့် ရင်ဆိုင်ရသောအခါ သူတို့မှာ ကြေမွသေဆုံးရုံသာ။
စုချန် ဓားချက်တစ်ချက်တည်းဖြင့် လူသုံးယောက်ကို သတ်ဖြတ်လိုက်ပြီးနောက် စိတ်လှုပ်ရှားလာကာ တိုက်ခိုက်လိုစိတ်များ ပိုမို ပြင်းထန်လာသည်။
သူခေါင်းလှည့်ပြီး အဝေးရှိ ယန်ယွင်ဖေးကို စိုက်ကြည့်လိုက်ရာ သူ့ ဓားငွေ့အင်များ ခန္ဓာကိုယ်အတွင်း ပြန်လည် စုစည်းလာသည်။
အတွင်းစည်းဂိုဏ်းသား ဖြစ်တော့ရော ဘာဖြစ်သလဲ၊ အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်တော့ရော ဘာဖြစ်သလဲ?
မင်းက ငါ့ကို သတ်ချင်မှတော့၊ ငါ ရိုင်းပြတယ်လို့ အပြစ်မတင်နဲ့တော့။
ဓားငွေ့အင်များ စုစည်းလာသည်နှင့်အမျှ စုချန် သူသေကိုယ်သေ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ။
သို့သော် ထိုအချိန်တွင် ယန်ယွင်ဖေးက အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။ "ဒါ မင်းရဲ့ ဝှက်ဖဲလား? ရွှမ်အဆင့် ဓားသိုင်းဆိုတာ တကယ် ရှားပါးပါတယ်။ သာမန် ချီသန့်စင်ခြင်း ကျင့်ကြံသူတွေက မင်းကို ဘာမှမလုပ်နိုင်တော့ဘူးပေါ့။ မင်း မာနကြီးတာ မဆန်းပါဘူး။ ဒါပေမဲ့ ငါ ဒီနေ့ ဒီနေရာကို လာတာ ပွဲကြည့်ရုံ သက်သက်လို့ မင်းထင်နေတာလား။"
သူ စကားပြောပြီးသည်နှင့် တံခါးတစ်ခု ပွင့်ထွက်သွားသည်။
တောက်ပသော ဓားအလင်းတန်း ဒါဇင်ကျော် လက်ခနဲ ဖြစ်သွားပြီး၊ လူအုပ်စု တဖွဲဖွဲ ဝင်ရောက်လာကြသည်။
အဖွဲ့ကို ဦးဆောင်လာသူမှာ အပြင်ဂိုဏ်း တာဝန်ခံ ယန်ယွီရှင်း ဖြစ်သည်။
သူ ဝင်လာသည်နှင့် မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို လက်ညှိုးထိုးကာ မာန်လိုက်သည်။ "ရဲတင်းလှချည်လား…လူရမ်းကားကောင်။ ဂိုဏ်းဈေးတန်းထဲမှာ ရန်ဖြစ်ပြီး လူသတ်ရဲတယ်ပေါ့၊ ဒါ ဂိုဏ်းစည်းကမ်းကို ပေါ်တင် ချိုးဖောက်လိုက်တာပဲ။ စည်းကမ်းထိန်းသိမ်းရေး ဂိုဏ်းသားတွေ ရောက်နေပြီ၊ မင်း အဖမ်းမခံသေးဘူးလား။"
အပြင်ဂိုဏ်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့?
ဟာ... သူတို့ ရောက်လာတာ မြန်လိုက်တာ။
စုချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ရှင်းပြသည်။ "ဒီသုံးယောက်က သူခိုးကျင့်ကြံသူတွေ ၊ သူတို့က ကျွန်တော့်ကို သတ်ချင်နေတာ၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံပဲ။”
"လူကသေသွားပြီလေ၊ မင်းပြောချင်ရာ ပြောတိုင်း အမှန်ဖြစ်မယ် ထင်နေလား။"
"ဒီသုံးယောက်က ကျွန်တော်တို့ ဆိုင်က ငှားထားတဲ့ ကုန်သည်တွေပါဗျာ။ မင်းက ပစ္စည်းဝယ်ဖို့ ပိုက်ဆံမရှိလို့ သူတို့ကို သတ်ပြီး ပစ္စည်းလုတာ ရှင်းနေတာပဲ။ ငါပြောတာမဟုတ်ရင် မင်းရဲ့ သိုလှောင်အိတ် ကို ဖွင့်ပြ၊ မင်း အခုလေးတင် ခိုးထားတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ဆေး ပစ္စည်းတွေ အထဲမှာ ရှိသေးတယ်။"
ဆိုင်ရှင်က ရှေ့ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ စုချန် မလှမ်းမကမ်းရှိ ယန်ယွင်ဖေးကို လှည့်ကြည့်လိုက်ရာ၊ သူ့မျက်နှာတွင် အေးစက်သော အပြုံးနှင့် လှောင်ပြောင်သော အကြည့်ကို တွေ့လိုက်ရသည်။
ဒါတွေအားလုံးက သူ့အစီအစဉ်ဆိုတာ ရှင်းနေပြီ။
ပထမဦးစွာ၊ အတွင်းစည်းဂိုဏ်းသား ဆိုသော ဂုဏ်ပုဒ်ကို သုံးပြီး အတင်းအကျပ် အညံ့ခံခိုင်းသည်။ မအောင်မြင်လျှင်တောင်မှ ဒေါသထွက်အောင် ဆွပေးသည်။
ထို့နောက် သူ့လက်အောက်ငယ်သားများကို တိုက်ခိုက်ခိုင်းသည်။ အောင်မြင်ခဲ့လျှင် အပြစ်ကို တိုက်ခိုက်သူများအပေါ် ပုံချလိုက်ရုံဖြင့် သူလွတ်ကင်းသွားမည်။ အကယ်၍ သူတို့ ကျရှုံးခဲ့လျှင်၊ ယခုကဲ့သို့ ယန်ယွီရှင်းနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို ခေါ်လာပြီး ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးခိုင်းမည်။
လှုပ်ရှားမှုတိုင်းက ချိတ်ဆက်နေပြီး အားလုံးက သေစေနိုင်သော ထောင်ချောက်များပင်။
ဒီလူရဲ့ နည်းလမ်းတွေက တကယ် ရက်စက်လွန်းတယ်။ အမှန်တရားကို ပုံဖျက်နိုင်စွမ်း ရှိပြီး သူကိုယ်တိုင် လက်မပါဘဲ ဒုက္ခရောက်အောင် လုပ်နိုင်စွမ်း ရှိသည်။
"စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးလိမ့်မယ်။ အခု လက်နက်ချပြီး ငါနဲ့ လိုက်ခဲ့၊ မဟုတ်ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"
ယန်ယွီရှင်းက ရှေ့တိုးလာပြီး အော်ဟစ်လိုက်သည်။
စုချန် မအပါဘူး။ ယန်ယွီရှင်းက အပြင်ဂိုဏ်း တာဝန်ခံ ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကလည်း သူ့လူတွေချည်းသာ။ သူတို့လက်ထဲ ရောက်သွားရင် ဘာကောင်းကျိုး ရှိမှာလဲ?
နောက်ပိုင်းတွင် ကိုယ့်အပြစ်ကင်းကြောင်း သက်သေပြနိုင်လျှင်တောင်မှ၊ သူတို့က ညစ်ပတ်သော နည်းလမ်းများ သုံးပြီး စစ်ဆေးမေးမြန်းနေစဉ် အတွင်းမှာပင် သေသွားနိုင်သည်၊ သို့မဟုတ် ဒုက္ခိတ ဖြစ်သွားနိုင်သည်။
"ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်းရှာရမယ်။ ဓားသင်္ချိုင်းကို ပြန်ရောက်တာနဲ့ သူတို့ ပြဿနာ လာရှာရဲမှာ မဟုတ်တော့ဘူး။"
အရေးကြီးသော အချိန်တွင် စုချန် အသိစိတ် ကပ်နေပြီး သူ့အားသာချက် ဘယ်နေရာမှာ ရှိသလဲဆိုတာ သိသည်။
ရာထူးနှင့် ဂုဏ်ပုဒ်အရ သူသည် အတွင်းစည်းဂိုဏ်းသားနှင့် အပြင်ဂိုဏ်း တာဝန်ခံ ဖြစ်သော တဖက်လူများကို ယှဉ်နိုင်စွမ်း မရှိပေ။ သူမှန်နေရင်တောင် ငြင်းချက်ထုတ်စရာ နေရာမရှိ။ သို့သော် ဓားသင်္ချိုင်းသို့ ပြန်ရောက်သွားပါက အဲဒီနေရာက သူ့နယ်မြေ ဖြစ်ပြီး အကြီးအကဲကျိုးကလည်း ဒီအတိုင်း လက်ပိုက်ကြည့်နေမည် မဟုတ်။
ငါ ဘာမှ အမှားမလုပ်ထားဘူး၊ စစ်ဆေးမှာကိုလည်း မကြောက်ဘူး။ ဓားသင်္ချိုင်းကို ပြန်ရောက်တာနဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ်။
ထိုသို့ တွေးလိုက်ပြီး စုချန် လက်ကိုမြှောက်ကာ ဓားဖြင့် ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။ လှိုင်းထနေသော ဓားငွေ့အင်များ အရပ်မျက်နှာ အနှံ့ ပြန့်ကျဲသွားပြီး တံခါးဝကို ပိတ်ဆို့ထားသော စည်းကမ်းထိန်းသိမ်းရေး ဂိုဏ်းသားများကို နောက်ဆုတ်သွားစေသည်။ ထို့နောက် 'ခုနစ်စဉ်ကြယ် ခြေကွက်' ကို နင်းကာ လျှပ်စီးကဲ့သို့ ပြေးထွက်လိုက်သည်။
"ပြေးဖို့ ကြိုးစားနေတာလား? အဲ့လောက် မလွယ်ဘူးကွ။"
ယန်ယွီရှင်း မျက်လုံး ကျဉ်းမြောင်းသွားပြီး ယုတ်မာသော အပြုံးဖြင့် လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။ သူ့နောက်တွင် နတ်ဘုရားအခြေတည်အင်း ပေါ်ထွက်လာပြီး မှော်စွမ်းအင်များ တိုးပွားလာကာ ကြီးမားသော ကျောက်လက်ဝါးရာကြီးတစ်ခု ဖိကျလာသည်။