← Chapters

အခန်း (၃+၄)

Vol. 1 Ch. 3+4

အခန်း (၃+၄)

Vol. 1 Ch. 3+4

အခန်း (၃) - သတိပေးချက် သုံးကြိမ်

ဓားသင်္ချိုင်းအတွင်း။

စုချန်သည် ပုံစံဆန်းဆန်း ဓားရှည်တစ်လက်ကို ကိုင်ထားသည်။

ဓားကိုယ်ထည်ပေါ်တွင် ခုနစ်စဉ်ကြယ်ပုံ ထွင်းထုထားပြီး နူးညံ့သိမ်မွေ့သော ကြယ်ရောင်များကို ထုတ်လွှတ်နေသည်။

ကြမ်းတမ်းသော မိစ္ဆာဓားအငွေ့အသက်များသည် သူ့ပတ်လည်တွင် ဝဲပျံနေသော်လည်း သူ့၏ မွေးရာပါ ဓားအိမ်ကမူ အဆက်မပြတ် စုပ်ယူ သန့်စင်လျက်ရှိသည်။

ရွှမ်း... ရွှမ်း...

မိစ္ဆာဓားအငွေ့အသက်ကြောင့် ဖြစ်ပေါ်လာသော စိတ်ကူးယဉ်ပုံရိပ်ထဲတွင် မြားမိုးများ ရွာသွန်းနေသည်။

စုချန်သည် သူ့ကိုယ်သူ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဓားသမားတစ်ယောက် အဖြစ် မြင်ယောင်နေပြီး သူ့ရှေ့တွင် မြားပစ်သမားများစွာက တပ်ဖွဲ့ပုံစံဖြင့် နေရာယူထားကြသည်။

မြားမိုးများ တရစပ် ကျရောက်လာသည်။

ရုတ်တရက် သူ လှုပ်ရှားလိုက်သည်။

ခြေလှမ်းများ ရွေ့လျားလိုက်သည်နှင့် ကြယ်အလင်းစက်လေးများ လက်ခနဲ ဖြစ်သွားပြီး သူ့တကိုယ်လုံးသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသဖွယ် ခံစားလိုက်ရသည်။

မြားများသည် သူ့ဘေးမှ တရွှမ်းရွှမ်း အစင်းပေါင်းများစွာ ဖြတ်သန်းသွားသော်လည်း တစ်စင်းမှ သူ့ကို မထိခိုက်ပေ။

သူသည် သွက်လက်သော နဂါးတစ်ကောင်ကဲ့သို့ မြားမိုးများကြားမှ တိုးဝင်ရှောင်တိမ်းပြီး ရန်သူ့တပ်ဖွဲ့၏ ဗဟိုချက်မသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ စစ်သည်အများအပြား ကြွေးကြော်ကာ ဝင်ရောက်တိုက်ခိုက်သော်လည်း သူ့ခြေလှမ်းများကိုကား တားဆီးနိုင်ခြင်း မရှိပေ။

ဓားမြှောက်လိုက်သည်နှင့် သွေးများ ဖျန်းခနဲ လွင့်စင်သွားပြီး ရန်သူ့ခေါင်းတစ်လုံးသည် အလံတိုင်ထိပ်တွင် စိုက်ဝင်သွားတော့သည်။

"သေချာ ကျွမ်းကျင်လိုက်တဲ့ ခြေကွက်ပဲ! ထောင်ချီတဲ့ စစ်တပ်ကြားထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး စစ်သူကြီးကို သတ်၊ အလံကို သိမ်းနိုင်တယ် ဆိုတော့...!"

စုချန် မျက်လုံးဖွင့်လိုက်ပြီး လေးစားအားကျစွာဖြင့် ရေရွတ်လိုက်သည်။

ဒီ ‘ခုနစ်စဉ်ကြယ် ဓား' ပိုင်ရှင်၏ ဓားသိုင်းပညာသည် သာမန်ကာလျှံကာသာ ရှိသော်လည်း...

သူ၏ ကိုယ်ဖော့ပညာ မှာမူ အလွန် သေချာကျွမ်းကျင်လှသည့် အနေအထားတစ်ခုမှာရှိနေပေသည်။

" 'လမင်းဖမ်း ခုနစ်စဉ်ကြယ်တန်း'သိုင်းကွက်နဲ့ .... 'အဝါရောင်အဆင့်' အဆင့်မြင့် ကိုယ်ဖော့ပညာပဲ... မဆိုးဘူး။”

စုချန် စိတ်ကူး ပုံရိပ်ထဲမှ ခံစားမှုကို ပြန်လည်အမှတ်ရလိုက်ပြီး ခြေလှမ်းများ စတင်ရွေ့လျားကြည့်ရာ 'မြောက်ဘက် ခုနစ်စဉ်ကြယ်' တည်နေရာများအတိုင်း တစ်ထပ်တည်း ဖြစ်လို့နေသည်။

သူ့ခြေလှမ်းများက နဂိုထက်ပင် ပိုမို မြန်ဆန်လာသည်။

ရွှမ်းခနဲ မြည်သံနှင့်အတူ လေးကိုင်းမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား သူ့တကိုယ်လုံး ပြေးထွက်သွားသည်။

နံရံကို တိုက်မိလုနီးပါး ဖြစ်သွားသော်ငြား ကံကောင်းစွာပင် ဤကိုယ်ဖော့ပညာသည် အလွန် လျင်မြန်ပေါ့ပါးလှသဖြင့် ခြေဖျားဖြင့် နံရံကို အသာတို့လိုက်ရုံဖြင့် ဦးတည်ချက်ပြောင်းကာ မူလနေရာသို့ ပြန်ရောက်ရှိသွားသည်။

"သိပ်ကောင်းတဲ့ ခြေကွက်ပဲ ခုနက 'ချင်မင်းဆက် လုပ်ကြံခြင်း' ဓားသိုင်းနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် ဘယ်သူမှ အလွယ် ခုခံတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး!"

စုချန် ကျေနပ်အားရစွာ ပြုံးလိုက်သည်။

သူသည် သေမျိုးလက်စွဲ ဓား လေးလက်ကို သန့်စင်ပြီးဖြစ်ရာ ခန္ဓာကိုယ်ထဲရှိ ဓားငွေ့အင်များ မှာလည်း ပိုမို နက်ရှိုင်းလာပြီ ဖြစ်သည်။

"ကဲ…နောက်တစ်လက်"

သန့်စင်ပြီးသား ခုနစ်စဉ်ကြယ် ဓားကို မူလနေရာတွင် ပြန်ထားလိုက်ပြီး စုချန် ဆက်လက် သန့်စင်ရေး လုပ်ဖို့ပြင်လိုက်သည်။ ဒီနေ့ချင်းပင် ချီသန့်စင်ခြင်း တတိယအဆင့် သို့ တရှိန်ထိုး ရောက်ရှိသွားရန် သူ မျှော်လင့်ထားသည်။

သို့သော် ပြောမပြတတ်လောက်အောင် ပင်ပန်းနွမ်းနယ်မှုကို သူ ခံစားလိုက်ရသည်။

ခန္ဓာကိုယ်ထဲရှိ သွေးကြောများလည်း ပေါက်ထွက်တော့မယ့်အလား စူးရှနာကျင်လာသည်။

ဒါသည် တစ်ကြိမ်တည်းနှင့် မိစ္ဆာဓားအငွေ့အသက်များကို အလွန်အကျွံ စုပ်ယူလိုက်သောကြောင့် ဖြစ်ပြီး ခန္ဓာကိုယ်၏ ခံနိုင်ရည် အကန့်အသတ်ကို ကျော်လွန်သွားခြင်း ဖြစ်နိုင်သည်။

ဒီအတိုင်းဆက်လုပ်ပါက မိမိကိုယ်ကို အရင်ထိခိုက်စေနိုင်သည်။

"မိစ္ဆာဓားအငွေ့အသက် စုပ်ယူတာက အကန့်အသတ်မရှိ လုပ်လို့ရတာ မဟုတ်ဘူးပဲ။ များလွန်းရင်လည်း မကောင်းဘူး... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ဦးမယ်"

စုချန် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

သူ ပြန်သွားပြီး ကောင်းကောင်း အနားယူကာ အားအင်ပြန်ဖြည့်ပြီးမှ မနက်ဖြန်ကျမှ ဓားများကို ဆက်လက် သန့်စင်ပေးရန် စီစဉ်လိုက်သည်။

သို့သော် ထိုအချိန်တွင်...

ဓားသင်္ချိုင်း၏ အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

စုချန် လှည့်ကြည့်လိုက်ရာ မျက်နှာချောင်ကျကျနှင့် အသားအရေ ညိုညစ်ညစ် လူငယ်တစ်ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူ့နောက်တွင် အောက်ခြေသိမ်း ဂိုဏ်းသားအချို့လည်း ပါလာသည်။

"ချန်ကျင်းဟွေ့ .. ဒီကောင် ဘာလို့ ဓားသင်္ချိုင်းကို ရောက်လာတာလဲ။ ကံဆိုးလိုက်တာကွာ"

စုချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

သူ့ရှေ့က လူသည် သူ ဝိညာဉ်ကူးပြောင်းလာပြီးစက တွေ့ဆုံခဲ့ရသည့် သခင်လေး တစ်ယောက်ဖြစ်သည်။ ဂိုဏ်းဝင်ခွင့် စစ်ဆေးပွဲ တွင် ထိုလူသည် မိသားစု နောက်ခံကို အားကိုးပြီး ဗိုလ်ကျစိုးမိုးခဲ့သည်။

စုချန် သည်းမခံနိုင်သဖြင့် တာဝန်ခံ ဂိုဏ်းအကြီးအကဲထံ တိုင်ကြားခဲ့သည်။

ထိုကိစ္စကြောင့် ချန်ကျင်းဟွေ့ အပြစ်ပေးခံရပြီး သတိပေးခံခဲ့ရသည်။ သို့သော် မထင်မှတ်ထားဘဲ ဂိုဏ်းထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်လာနိုင်ခဲ့သည်။

အပြင်ဂိုဏ်းသား ဝတ်စုံကိုပင် ဝတ်ဆင်ထားလိုက်သေးသည်။

ဂိုဏ်းထဲတွင် သူ့အဆက်အသွယ်နှင့် ကျောထောက်နောက်ခံ အတန်အသင့် ရှိပုံရသည်။

"ဟားဟား... စုချန်၊ ငါတို့ ဒီနေရာမှာ ပြန်တွေ့မယ်လို့ မထင်ထားဘူး မဟုတ်လား"

ချန်ကျင်းဟွေ့၏ မျက်နှာတွင် လှောင်ပြောင်လိုစိတ်များ အပြည့်ဖြစ်နေသည်။

သူ၏ အစ်ကိုဖြစ်သူ အဆက်အသွယ်ဖြင့် အပြစ်ပေးခံရခြင်းမှ လျော့ပေါ့ခဲ့ရုံသာမက ရှုတောင်၏ အပြင်ဂိုဏ်းသား တစ်ဦးအဖြစ် တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နဂါးဂိတ်တံခါးကို ဖြတ်ကျော်လာသည်ဟုပင် ပြောနိုင်သည်။

စုချန် ကတော့ အတွင်းစည်း အမွေခံဂိုဏ်းသားနှင့် ပြဿနာတက်ပြီး အန္တရာယ်များကာ လူသူကင်းမဲ့သည့် ဓားသင်္ချိုင်းသို့ အဆင့်ချခံလိုက်ရသည်။

သတင်းကြားကြားချင်း သူ မစောင့်နိုင်တော့ဘဲ ဒီနေရာသို့ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။ စုချန်ကို အရှက်ခွဲပြီး လက်စားချေရန် အတွက်ပင်။

သူ့ဉာဏ်နီဉာဏ်နက်များကို စုချန် ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

သူ့ကို မျက်လုံးထဲ ထည့်မထားခြင်းသက်သက်သာ။

စုချန် တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဓားသင်္ချိုင်းဆိုတာ အရေးကြီးတဲ့ နေရာတစ်ခု... ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တားမြစ်ထားတယ်။ ဓားရွေးချင်ရင် ဂိုဏ်းသား သစ်သားပြားကို ထုတ်ပြပါ။ မဟုတ်ရင်တော့ ထွက်သွားပါ"

"တောက်! ဒီနေရာမှာ ဓားစောင့်ဘဝရောက်နေတာတောင် မင်းက မောက်မာရဲသေးတယ်ပေါ့လေ?"

ချန်ကျင်းဟွေ့ ဒေါသထွက်သွားသည်။

စုချန်၏ အမြဲတမ်း လူကြီးလူကောင်းဆန်ပြီး သိက္ခာရှိသလို နေတတ်သည့် ပုံစံကို သူ အမုန်းဆုံးပင်။

"မင်း... သေချာကြည့်ထားစမ်းပါ၊ ငါက အခု အပြင်ဂိုဏ်းသား ဖြစ်နေပြီ။ မင်းက ဓားစောင့်ရတဲ့ အောက်ခြေသိမ်း ကောင်အဆင့်ပဲ ရှိသေးတာ။ အဆင့်အတန်း ခွဲခြားသိမြင်တတ်ဖို့ လိုမယ်ထင်တယ်?"

စုချန် သူ့ကို လျစ်လျူရှုလိုက်ပြီး အဘိုးအိုကျိုး ပြောပြထားသည့် စည်းကမ်းအတိုင်း ထပ်ပြောလိုက်သည်။

"ဓားရွေးချင်ရင် ဂိုဏ်းသား သစ်သားပြားကို ထုတ်ပြပါ။ မဟုတ်ရင်တော့ ထွက်သွားပါ။ ဒါ ဒုတိယ အကြိမ် သတိပေးတာပါ"

"ခွေးကောင်! မင်း ဦးနှောက်များ ပျက်နေလား ဟမ်? မင်းကိုယ်မင်း အရေးပါတဲ့လူလို့ ထင်နေတာလား? ပြီးခဲ့တဲ့ တစ်ခေါက်က တာဝန်ခံ အကြီးအကဲသာ မရှိရင် မင်းကို ငါ အပြတ်ရှင်းပစ်ပြီးပြီ!"

စုချန် သူ့စကားကို လုံးဝ လျစ်လျူရှုလိုက်လိမ့်မည်ဟု ချန်ကျင်းဟွေ့ ထင်မထားခဲ့ပေ။

ဒါက လေကို ထိုးနေရသလို ခံစားစေသည်။ သူ အခုလေးတင် စုဆောင်းလာခဲ့သည့် နောက်လိုက် ညီငယ်များကလည်း အခြေအနေကို စောင့်ကြည့်နေကြသည်ဖြစ်ရာ…

"ကဲ... အခု ချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း။ ဒါဆိုရင်တော့ ငါ စဉ်းစားပေးကောင်း စဉ်းစားပေးနိုင်..."

"တတိယ အကြိမ် သတိပေးတာပါ။"

စုချန် အေးစက်စွာ စကားဖြတ်ပြောလိုက်သည်။

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ပုံရိပ်သည် လျှပ်စီးပမာ ဖြစ်သွားသည်။ ချန်ကျင်းဟွေ့နှင့် တခြားလူများသည် မျက်စိရှေ့တွင် ဝေဝါးသွားသလို ခံစားလိုက်ရပြီး လှစ်ခနဲ ပုံရိပ်ယောင်များသာ မြင်လိုက်ရသည်။

နောက်တစ်ခဏတွင်...

ချန်ကျင်းဟွေ့၏ မျက်ခုံးနှစ်ခုကြားမှ စူးရှသော နာကျင်မှုကို ခံစားနေရပြီး စုချန်၏ လက်ချောင်းထိပ်တွင် ရစ်ဖွဲ့လာသော ခပ်ထက်ထက် ဓား‌ငွေ့စွမ်းအင် သည် သူ့နဖူးထံ ကျရောက်ထိကပ်ထားခြင်းကြောင့် သွေးများ တလဟော စီးကျလာတော့သည်။

ချန်ကျင်းဟွေ့ မိုးကြိုးပစ်ခံလိုက်ရသလို တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ နှလုံးသည်းပွတ်ထိ အေးခဲသွားပြီး ဦးနှောက်များ ဗလာဖြစ်သွားကာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လို့နေသည်။ ခဏအကြာမှ အော်သံတစ်ချက် ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားကာ အဆိုးဆုံးမှာ သူ၏ပေါင်ကြားထဲတွင်လည်း စိုရွှဲပေကျံနေပြီ ဖြစ်သည်။

ထိုခဏတာ အချိန်လေးတွင် သူ သေမင်းနှင့်ထိက်တိုက်တွေ့နေမိမှန်း တကယ်ကို ခံစားလိုက်ရသည်။

စုချန်၏ လက်ညှိုးတစ်ချောင်းတည်းနှင့် သူဤသို့ အနိုင်ယူခံလိုက်ရခြင်း ပင်။

"ရှီး....."

သူနှင့်အတူ ပါလာသော အောက်ခြေသိမ်း ဂိုဏ်းသားများသည် ထိုကျမှ သတိဝင်လာကြပြီး အားလုံး ပြိုင်တူ အသက်ရှူမှား သွားကြသည်။

မြန်လိုက်တာ။

အစွမ်းထက်လိုက်တဲ့ ဓားငွေ့ စွမ်းအင်။

စုချန် ဘယ်လို တိုက်ခိုက်လိုက်မှန်းတောင် သူတို့ မမြင်လိုက်ရပေ။

ဒီလို ဓားသိုင်းမျိုးနဲ့ ခပ်ဆင်ဆင်သိုင်းကွက်မျိုးပင် သူတို့ဘဝမှာ တစ်ခါမှ မမြင်ဖူးကြပေ။

အပြင်ဂိုဏ်းသား တစ်ယောက်ကို ချက်ချင်း အနိုင်ယူလိုက်နိုင်သည်ထိ... သူ ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းသတ္တိရှိရတာလဲ?

"ငါ့လက်ထဲမှာ ဓားမပါလို့ မင်းကံကောင်းတယ် မှတ်... မဟုတ်ရင် မင်း အခုလောက်ဆို အသေကောင် ဖြစ်နေပြီ။ အကြောင်းပြချက်မရှိဘဲ ဓားသင်္ချိုင်းထဲ ကျူးကျော်ဝင်ရောက်တယ်... သတိပေးချက် ၃ ကြိမ် ပေးတာလည်း နားမထောင်ဘူး... ဂိုဏ်းစည်းကမ်းအရဆို ငါ မင်းကို တန်းသတ်လို့ရတယ်!"

စုချန် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ပထမဆုံး အကြိမ် ကျူးလွန်တာမို့လို့ သတိပေးတဲ့အနေနဲ့ အသေးစား အပြစ်ပေးလိုက်တာ။ နောက်တစ်ခါ ဓားသင်္ချိုင်းထဲမှာ ရိုင်းရိုင်းစိုင်းစိုင်း လာလုပ်ရဲရင် ဂိုဏ်းသားချင်း သံယောဇဉ် မငဲ့ဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့။ ထွက်သွား!"

ချန်ကျင်းဟွေ့ သတိမဝင်သေးဘဲ ကြမ်းပြင်ပေါ်တွင် ကြောင်တောင်တောင် ထိုင်နေဆဲ။

သူခေါ်လာသည့် ဉာဏ်ကောင်းသော နောက်လိုက်များက သူ့ကို အမြန်တွဲထူပြီး အသက်လုနေရသကဲ့သို့ ထွက်ပြေးသွားကြလေသည်။

"ဒီကောင်လေး... စိတ်ဝင်စားစရာပဲ"

ဓားသင်္ချိုင်း၏ နက်ရှိုင်းသော အတွင်းပိုင်း ချောင်ထဲမှ အဘိုးအိုကျိုး မျက်လုံးဖွင့်လိုက်သည်။

သူ့ပတ်လည်ရှိ ရှည်လျားသော ဓားသုံးလက်သည် ကြီးမားသော ဓားဗျူဟာတပ်မတစ်ခု ဖွဲ့စည်းထားသကဲ့သို့ပင် တောက်ပနေသည်။ သူသည် ထို ဓားဗျူဟာတပ် အလယ်တွင် ထိုင်နေပြီး အပြင်ဘက်တွင် ဖြစ်ပျက်သမျှ အရာအားလုံးကို အပြည့်အဝ သိရှိနေသည်။

အရင်ရောက်ဖူးသည့် ဓားစောင့်ဂိုဏ်းသားများသည် အားနည်းလွန်းသဖြင့် လူအများက ဓားသင်္ချိုင်း၏ စည်းကမ်းများကို မေ့လျော့လုနီးပါး ဖြစ်နေကြသည်။

ဒီလောက် ပြတ်သားတဲ့ လူမျိုး တွေ့ရခဲသည်။

ဒီကောင်လေးက ဓားသင်္ချိုင်းနဲ့ အတော်လေး အံဝင်ခွင်ကျ ဖြစ်ပုံရသည်။ ရက်နည်းနည်းလောက် ပိုပြီး အသက်ရှင်နိုင်ပါစေဟု သူ မျှော်လင့်မိသည်။

"ဒါပေမဲ့ ဒီကောင်လေးဆီမှာ ပြဿနာတွေ အတော်များများ ပါလာပုံရတယ်... နောက်ပိုင်း ဓားသင်္ချိုင်းက သိပ်အေးချမ်းတော့မှာ မဟုတ်ဘူးပဲ"

အပြင်ဘက်ကို လှမ်းကြည့်ရင်း သူ ပြောလိုက်သည်။

အပြင်ဘက်တွင် တောက်ပသော လရောင်က ဖုံးလွှမ်းထားပြီး လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား ဝတ်ရုံဖြူလွှာနှင့် မိန်းမလှတစ်ယောက် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

" 'ယွီကျွယ် တောင်ထွတ်' က ကောင်မလေးပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ 'ရွှေအမြုတေ ဖြစ်တည်ခြင်း နောက်ဆုံးအဆင့်' ကို ရောက်နေပြီ။ နောက်ထပ် နှစ်နည်းနည်းလောက်ဆိုရင် ဒီအဘိုးကြီးကိုတောင် ကျော်တက်သွားလောက်တယ်။"

အဘိုးအိုကျိုး စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ သူ့‌ ဘေးပတ်လည်ရှိ 'တာအို ဓား' သုံးလက်သည် သူ၏ စိတ်အခြေအနေ ပြောင်းလဲမှုကို အာရုံခံမိသကဲ့သို့ အနည်းငယ် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဓားအငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြသည်။

နှင်းကဲ့သို့ ဖြူဖွေးသော ဓားရှည်တစ်လက်သည် အပြင်းထန်ဆုံး တုန်ခါနေပြီး ချုပ်နှောင်ထားခြင်းမှ ရုန်းထွက်ကာ သူ့သခင်ကို လိုက်ရှာရန် ပျံသန်းထွက်သွားချင်နေသကဲ့သို့ပင်!

"မင်းရဲ့ အချိန် မကျသေးဘူး... ငြိမ်ငြိမ်နေစမ်း။”

အဘိုးအိုကျိုး လက်ပြန်နှင့် ရိုက်ချလိုက်ရာ ထိုဓားရှည်သည် အနိုင်ကျင့်ခံရသော ကလေးတစ်ယောက်လို တဝီဝီ မြည်တမ်းသံ ပေးလိုက်လေတော့သည်။

အပိုင်း ၄

အခန်း (၄) - ယောကျ်ားတစ်ယောက်၏ မာန

အေးလိုက်တာ...။

စုချန်သည် မကြုံစဖူး အေးစက်မှုကို ကျောရိုးထဲမှပင် ခံစားလိုက်ရသည်။

ရေခဲနှင့် ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုထဲတွင် အဝတ်ဗလာဖြင့် ထီးထီးရပ်နေရသကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ မိစ္ဆာဓားအငွေ့အသက်များပင် အေးခဲသွားပြီး စွမ်းအင်စီးဆင်းမှု အနည်းငယ် နှေးကွေးသွားသလို ဖြစ်သွားသည်။

တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် ဓားသင်္ချိုင်း၏ အထက်ဘက်ရှိ ချောက်ကမ်းပါးဆီသို့ သူ မော့ကြည့်လိုက်မိသည်။

ထိုနေရာတွင်... အလွန်လှပပြီး အေးမြသော လရောင်ကို သူ မြင်လိုက်ရသည်။

လရောင်အောက်တွင် ရပ်နေသော မိန်းမပျိုလေးသည် အေးစက်တည်ငြိမ်ပြီး လှပလွန်းလှသည်။ မြင့်မြတ်ပြီး ဖြူစင်သည်။ သူမ၏ ဝတ်စုံသည် လ,ရောင်ကို ပိတ်,အုပ် ချုပ်ကာ ရရှိလာသော အထည်စဖြင့် ရက်လုပ်ထားသကဲ့သို့ပင်။ သူမသည် ခြေဗလာဖြင့် ရပ်နေပြီး ဖွေးဥနေသော ခြေချောင်းလေးများသည် သလင်းကျောက် ပုလဲလုံးလေးများကဲ့သို့ တောက်ပနေသည်။

"လှလိုက်တဲ့ ခြေထောက်လေးတွေ။”

သူ မနေနိုင်ဘဲ နောက်ထပ်တစ်ခါ ထပ်ကြည့်မိပြန်သည်။

ကမ်းပါးထိပ်မှ မိန်းမပျိုသည် သူ့အကြည့်ကို သတိထားမိပုံရသည်။ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်သွားသည့် အရိပ်အယောင် ပေါ်လာသည်။

ဘယ်သူကမှ သူမကို ဒီလို ရိုင်းပျတဲ့ အကြည့်မျိုးနဲ့ မကြည့်ရဲခဲ့ဖူးပေ။

ဒီလူက တကယ်ကို သတ္တိကောင်းလွန်းသည်။

သို့သော် မကြာမီ သူ အကြည့်လွှဲလိုက်သည်။

သူသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်အရိုအသေပြုလိုက်ပြီး "အတွင်းစည်း အမွေခံဂိုဏ်းသား တစ်ယောက် ရောက်လာလိမ့်မယ်လို့ မသိခဲ့ပါဘူး... မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်။ ဂါရဝပြုတာကို လက်ခံပေးပါ။ ဂိုဏ်းတူ အစ်မ ယွဲ့..."

"ရှင် ကျွန်မကို သိတယ်လား"

ယွဲ့လျိုရွှမ်း အနည်းငယ် အံ့သြသွားသည်။

စုချန် ခေါင်းခါလိုက်သည်။ "ကျွန်တော် အရင်က မမြင်ဖူးပါဘူး။ ဒါပေမဲ့ ဂိုဏ်းတူ အစ်မရဲ့ အရှိန်အဝါက ထူးခြားလွန်းပါတယ်။ ကောင်းကင်ယံက လမင်းလိုပဲ... တောက်ပပြီး ထည်ဝါလွန်းတယ်။ ရှုတောင်က ဂိုဏ်းသားပေါင်း သောင်းချီတဲ့အထဲမှာ ဂိုဏ်းတူ အစ်မကလွဲရင် ဘယ်သူကများ ဒီလောက်ထိ ကျက်သရေမျိုး ရှိနိုင်ဦးမှာလဲ"

မြှောက်ပင့်ပြောဆိုခြင်းသည် အမြဲတမ်း ထိရောက်စမြဲပင်။

ကျင့်ကြံရေး နတ်မိမယ် ဖြစ်နေရင်တောင်မှ ချီးကျူးစကားကို ကြားချင်ကြသည်သာ။

စုချန်က ထိုစကားများကို အလေးအနက်ထားပြီး ပြောခြင်းဖြစ်သည်။ အရာတစ်ခုကို အတည်အတံ့ ခွဲခြမ်းစိတ်ဖြာနေသလိုမျိုး ပြောခြင်းဖြစ်ပြီး ဖားယားလိုသည့် ရည်ရွယ်ချက် မပါပေ။ အနည်းဆုံးတော့ ယွဲ့လျိုရွှမ်း နားထဲတွင် ထိုစကားက ရိုင်းစိုင်းပုံ မပေါက်ပေ။

သူမ အနည်းငယ် ရယ်ချင်စိတ်ပင် ပေါက်သွားသည်။

သို့သော် ပြင်ပလူများရှေ့တွင် အမြဲတမ်း အေးစက်စက် နေလေ့ရှိသောကြောင့် နှုတ်ခမ်းထောင့်စွန်းများကို အမြန်ပြန်ထိန်းလိုက်ပြီး နှာခေါင်းရှုံ့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ရှင်က ဒီလောက် စကားတတ်တဲ့လူ ဖြစ်နေမယ်လို့ မထင်ထားမိဘူး။"

"အချစ်အကြောင်း နားမလည်တဲ့ တုံးတိုက်တိုက်ကျားကိုက်ကိုက် ဆိုတာမျိုးထက်စာရင်တော့ ပိုကောင်းပါတယ်... မဟုတ်ဘူးလား။”

စုချန် ပြုံးရင်း ပြောလိုက်သည်။

ကိုယ့်ရှေ့က လူသည် ယွဲ့လျိုရွှမ်း… ကိုယ်နဲ့စေ့စပ်ထားသူမှန်း သိလိုက်ရသည့်အတွက် သူ သိပ်ပြီး မကြောက်တော့ပေ။

တခြား အတွင်းစည်း အမွေခံဂိုဏ်းသား တစ်ယောက်ယောက်သာ ဆိုလျှင်တော့ သူ ဒီလောက် ပေါ့ပေါ့ပါးပါး နေရဲမည် မဟုတ်။

"ဟွန်း... သူက တော်တော်လှတာပဲ။ ပထမဆုံး မြင်ရတဲ့ အမြင်အရတော့ မဆိုးဘူး။"

စုချန် သူ့ဘာသာ တွေးနေလိုက်သည်။

သူက မိန်းမလှလှလေးတွေကို ကြိုက်တတ်သည့် အပေါ်ယံလူသား‌ တွေထဲက တစ်ယောက်ဆိုတာ သူဝန်ခံပါသည်။

ရုပ်ရည် သက်သက်ကိုပဲ ကြည့်မယ်ဆိုရင် ယွဲ့လျိုရွှမ်းက လုံးဝ ပြီးပြည့်စုံသည်။ သူမ၏ အေးစက်စက် နိုင်သော အရှိန်အဝါလေးနဲ့ဆိုတော့... ရှီး...။

ဒါပေမဲ့ ဒါက စိတ်ကူးယဉ်လို့ပဲ ရတာပါ။

လက်ရှိအချိန်မှာ ယွဲ့လျိုရွှမ်းက သာမန် ဓားစောင့်ဂိုဏ်းသားလေး ဖြစ်တဲ့ သူ့ကို ဘယ်လိုလုပ် အထင်ကြီးနိုင်မှာလဲ။

"ဟို... အောက်ကို အရင် ဆင်းလာလို့ မရဘူးလားဗျ... ဒီလိုမျိုး မော့ကြည့်နေရတာ ကျွန်တော် ဇာတ်ညောင်းနေပြီ..."

ယွဲ့လျိုရွှမ်း သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ဘာမှပြန်မပြောပေ။

ထို့နောက် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်မနဲ့ ယွီထျန်းယန်နဲ့ ဘာမှ မပတ်သက်ပါဘူး။ စေ့စပ်ထားတဲ့ ကိစ္စကြောင့် ကျွန်မအပေါ် မကျေနပ်တာကို ရှင့်အပေါ် ပုံချလိုက်မယ်လို့ တကယ် မထင်ထားဘူး။ အရင်တုန်းက ကျွန်မ သီးသန့်ကျင့်ကြံခြင်းဝင်နေတာမို့လို့ ရှင် ဂိုဏ်းထဲ ရောက်နေတာကို မသိလိုက်ဘူး။ ဒါကြောင့် မကာကွယ်ပေးနိုင်ပဲ ရှင် ဓားသင်္ချိုင်းကို ရောက်သွားရတာ..."

သူမ၏ စကားက ရှင်းပြချက် တစ်ခုလိုပင်။

စုချန် အဓိပ္ပာယ်အချို့ကို ကောက်ချက်ချလိုက်မိသည်။ ယွဲ့လျိုရွှမ်းက ဒီစေ့စပ်ပွဲကို သိပ်ပြီး ကန့်ကွက်ပုံ မရဘူးလား?

ဒါက သူ့ကို အနည်းငယ် အံ့သြသွားစေသည်။

နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ငါ့ရဲ့ အဖေဆိုတဲ့လူက ဒီလက်ထပ်ပွဲ ဖြစ်မြောက်အောင် ဘယ်လိုများ စီစဉ်ပေးခဲ့တာပါလိမ့်။

သူ အတွေးလွန်နေစဉ်မှာပင် ယွဲ့လျိုရွှမ်းက ဆက်ပြောသည်။ "ဓားသင်္ချိုင်းက မိစ္ဆာအငွေ့အသက်တွေ အရမ်းများလွန်းတယ်။ သာမန်လူတွေ နေထိုင်ကျင့်ကြံဖို့ မသင့်တော်ဘူး။ အခု ကျွန်မနဲ့အတူ လိုက်ခဲ့ပါ။ ကျွန်မတို့ ယွီကျွယ်တောင်ထွတ် က အမျိုးသား ဂိုဏ်းသားတွေကို လက်မခံပေမယ့် ရှင့်အတွက် နေရာကောင်းတစ်ခု စီစဉ်ပေးလို့ ရလောက်ပါတယ်..."

သူမနဲ့ လိုက်သွားရမယ်…?

စုချန် အတွေးထဲမှာပင် ခေါင်းခါလိုက်သည်။

သူ့အတွက် သီးသန့် အချိန်ပေးပြီး လာခေါ်သည့် ယွဲ့လျိုရွှမ်းကို ကျေးဇူးတင်သော်လည်း...

ဒီဓားသင်္ချိုင်းက သူ့အတွက်တော့ 'ကျင့်ကြံခြင်း ရတနာ‌ အောင်မြေ' ဖြစ်နေသည်လေ။

ဒီနေရာကို စွန့်ခွာဖို့ သူ ဘယ်လိုလုပ် ဆန္ဒရှိပါ့မလဲ။

"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူ အစ်မ... ဒါပေမဲ့ ကျွန်တော်ကတော့ ဓားသင်္ချိုင်းက မဆိုးဘူးလို့ ထင်တယ်။ အနည်းဆုံးတော့ ဆိတ်ငြိမ်အေးဆေးတယ်။ ကျွန်တော်က ဓား‌ရေးကျင့်ကြံရတာကို သဘောကျတော့ ဒီနေရာက ကျွန်တော်နဲ့ အရမ်းကို ကိုက်ညီပါတယ်။"

"မိစ္ဆာဓားအငွေ့အသက်တွေက ရှင့်ခန္ဓာကိုယ်ကို ကြာရင် ဒုက္ခပေးလိမ့်မယ်။ ရှင့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဒီမှာ ဆက်နေရင် အသက်အန္တရာယ်ပါ ရှိလာနိုင်တယ်။"

"ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ ကျင့်ကြံခြင်းကနေပဲ ကြီးထွားချင်တယ်။ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းအောင်းပြီး တစ်သက်လုံး အကာအကွယ်ယူနေရမယ် ဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်လေ...။"

စုချန် အနေဖြင့် မွေးရာပါ ဓားအမြုတေ အကြောင်းကို ပေါ့ပေါ့ဆဆ ထုတ်ပြော၍ မဖြစ်ပေ။

ဒါကြောင့် တစ်ခြား ဆီလျော်ရာ အကြောင်းပြချက်ကိုပဲ ပေးလိုက်ရသည်။

တကယ်တမ်းကျတော့ သူက ယွဲ့လျိုရွှမ်းရဲ့ ထောက်ပံ့မှုကို ယူပြီး ဇိမ်ကျကျ နေချင်တာပါ။

ကံဆိုးစွာနဲ့ သူ့ပါရမီက အဲ့ဒီလိုနေဖို့ ခွင့်မပြုတာကိုး။

"ဟွန်း... ဒါက ယောကျ်ားမာန ပေါ့လေ?"

ယွဲ့လျိုရွှမ်း နှာခေါင်းရှုံ့လိုက်သည်။

သို့သော် သူမ၏ စိတ်ထဲတွင်တော့ သူ့ကို အနည်းငယ် အမှတ်ပေးမိသွားသည်။ ရည်မှန်းချက် မရှိသော ယောကျ်ားတစ်ယောက်ကို ဘယ်မိန်းမကမှ သဘောကျမည် မဟုတ်။

သူမ အမြင်တွင် စုချန်၏ လက်ရှိ ရည်မှန်းချက်က ယုံကြည်မှု လွန်ကဲနေသည် ဟု ထင်ရသော်လည်းပေါ့။

မူလက သူမ၏ အစီအစဉ်မှာ စုချန်ကို ဓားသင်္ချိုင်းမှ ကယ်ထုတ်ပြီး ကျင့်ကြံရန် နေရာကောင်းတစ်ခု စီစဉ်ပေးကာ စွမ်းအင်အရင်းအမြစ်များ ထောက်ပံ့ပေးရန် ဖြစ်သည်။

ဒါပေမဲ့ စုချန်က ခေါင်းမာနေမှတော့ သူမလည်း အတင်းအကျပ် မလုပ်လိုတော့ပေ။

"ရှင့်သဘောပါပဲ"

ပြောပြီးသည်နှင့် ယွဲ့လျိုရွှမ်း လက်ကို မြှောက်လိုက်ရာ အဖြူရောင် ကျောက်စိမ်း ပုလင်းလေး တစ်လုံးသည် စုချန်၏ လက်ထဲသို့ ကျရောက်လာသည်။

"အထဲမှာ ကျွန်မ ကိုယ်တိုင် ဖော်စပ်ထားတဲ့ 'ကျောက်စိမ်းနှင်းစက် ဆေးလုံး' ပါတယ်။ အဲဒါက ရှင့်ရဲ့ အတွင်းအားအုတ်မြစ်ကို ခိုင်မာစေပြီး ကျင့်ကြံခြင်းကို မြန်မြန်တိုးတက်စေသလို ဒီနေရာက မိစ္ဆာဓားအငွေ့အသက်တွေကို အထိုက်အလျောက် ခုခံနိုင်အောင် ကူညီပေးလိမ့်မယ်။"

ကျောက်စိမ်းနှင်းစက် ဆေးလုံး?

ဒါက ယွီကျွယ်တောင်ထွတ်ရဲ့ သီးသန့် ဝိညာဉ်ဆေးလုံး ဖြစ်ပြီး ပိုက်ဆံရှိရင်တောင် ဝယ်မရသည့် ပစ္စည်းကောင်း တစ်ခုဖြစ်သည်။

စုချန်သည် လက်ရှိတွင် ခန္ဓာကိုယ် ကန့်သတ်ချက်ကြောင့် တစ်နေ့လျှင် မိစ္ဆာဓားအငွေ့အသက် ပမာဏ အနည်းငယ်ကိုသာ စုပ်ယူနိုင်သေးသည်။ အကယ်၍ အတွင်းအားအုတ်မြစ်နှင့် ခန္ဓာကိုယ်ကို သန်မာစေမည့် ဆေးလုံးများ ရှိပါက ကျင့်ကြံခြင်း အရှိန်အဟုန်သည် ယနေ့ထက် အများကြီး ပိုမြန်လာလိမ့်မည်။

ဒါကြောင့် သူ မငြင်းတော့ဘဲ ဆေးပုလင်းနှင့် ယွဲ့လျိုရွှမ်း၏ စေတနာကို လက်ခံလိုက်သည်။

"ကျွန်မ ချင်းယန်တောင်ထွတ်ကို သွားခဲ့ပြီးပြီ။ ယွီထျန်းယန်က ခေါင်းမာပေမယ့် မာနအရမ်းကြီးတယ်။ ရှင့်လို ဂိုဏ်းသားအငယ်တစ်ယောက်ကို ဒုက္ခပေးဖို့ နောက်တစ်ခါ ထပ်ပြီး သူ့လက် အပေခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ နောက်လိုက်တွေ အများကြီးရှိတယ်... မျက်နှာလိုမျက်နှာရ လုပ်ချင်တဲ့ကောင်တွေက ဉာဏ်ဆင်ပြီး ရှင့်ကို ပြဿနာ လာရှုပ်ကြလိမ့်မယ်..."

"ကျွန်တော် သိပါတယ်။"

စုချန် ခေါင်းညိတ်လိုက်သည်။

ယွဲ့လျိုရွှမ်းက တောက်ပလွန်းသည်။ သူမကို လေးစားအားကျတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိသည်။

ယွီထျန်းယန်က အဲ့ဒီအထဲက တစ်ယောက်သာ ဖြစ်သည်။

ဒီစေ့စပ်ပွဲ ရှိနေသမျှ ကာလပတ်လုံး နောက်ပိုင်းတွင် သူသည် လူအများ၏ စောင့်ကြည့်ခြင်းနှင့် ပစ်မှတ်ထားခြင်းကို ခံရဦးမည်သာ။

မူလက စုချန်သည် အခွင့်အရေးရှာပြီး ယွဲ့လျိုရွှမ်းနှင့် စေ့စပ်ပွဲကို ဦးအောင် ဖျက်သိမ်းပေးလိုက်ရန် စိတ်ကူးထားသည်။ ဒါမှ လူတိုင်း စိတ်သက်သာရာရပြီး ဘယ်သူမှ စောင့်ကြည့်မနေတော့ဘဲ သူ့အတွက် အေးအေးဆေးဆေး ကျင့်ကြံနိုင်မည်လေ။

ဒါပေမဲ့ ဒီနေ့ သူမကို တွေ့ပြီးတဲ့နောက် စိတ်ပြောင်းသွားသည်။

တစ်ခါမှ မမြင်ဖူးသည့် လူနှစ်ယောက် ဖြစ်သော်လည်း ယွဲ့လျိုရွှမ်း ကိုယ်တိုင် ဒီနေရာထိ လာရောက်ပြီး သူ့လုံခြုံရေးကို စိတ်ပူပေးကာ ဆေးလုံးများ ပေးသည်အထိ ကြင်နာမှု ပြသခဲ့သည်။

ပြီးတော့ သူမက အရမ်းလှတာကိုး။

စုချန်က သာမန် ယောကျ်ားလေး တစ်ယောက်ပါ။ သူမအပေါ် မကောင်းမြင်စိတ် ထားဖို့ဆိုတာ ခက်ခဲလွန်းသည်။

အခုချိန်မှာ နက်နဲတဲ့ သံယောဇဉ် မရှိသေးရင်တောင်မှ အနည်းဆုံးတော့ ဆက်လက် မိတ်ဖြစ်ဆွေဖြစ် ပေါင်းသင်းဆက်ဆံ သွားလို့ ရသည်လေ။

ယွဲ့လျိုရွှမ်း ဘက်ကလည်း ဒီလို သဘောထားမျိုး ရှိပုံရသည်။

ထို့ကြောင့် သူတို့နှစ်ယောက်လုံး နားလည်မှုဖြင့် စေ့စပ်ပွဲအကြောင်း ထုတ်မပြောဘဲ ရှောင်ဖယ်လိုက်ကြသည်။

လက်ရှိတွင် စုချန်၏ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသေးသည်။ ဒီစေ့စပ်ပွဲကြောင့် သူ ပစ်မှတ်ထားခံရနိုင်သော်လည်း တစ်ဖက်တွင်လည်း ဒါက အကာအကွယ် တစ်ခု ဖြစ်နေပြန်သည်။

ယွဲ့လျိုရွှမ်း ချင်းယန်တောင်ထွတ်ကို သွားပြီး ဓားချက်တစ်ချက် ထုတ်လိုက်ခြင်းသည် ကြေညာချက် တစ်ခုပင်။

နောင်တွင် အခြားသူများက စုချန်ကို လုပ်ကြံချင်လျှင်တောင်မှ ယွဲ့လျိုရွှမ်း၏ နောက်ဆက်တွဲအပြစ်ပေးမှုကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပြီး အရမ်းကြီး လွန်လွန်ကျွံကျွံ လုပ်ရဲကြမည် မဟုတ်ပေ။

"ကျွန်မ 'ဝိညာဉ်အခြေတည် အဆင့်' ကို တက်လှမ်းဖို့အတွက် မကြာခင် သီးသန့်ကျင့်ကြံခြင်း ပြန်ဝင်ရတော့မယ်။ လတိုင်း ကျောက်စိမ်းနှင်းစက် ဆေးလုံး လာပို့ပေးဖို့ လူလွှတ်လိုက်မယ်။ ဒါပေမဲ့ ဒီအရာက မိစ္ဆာဓားအငွေ့အသက် အန္တရာယ်ကနေ အပြည့်အဝတော့ မကာကွယ်ပေးနိုင်ဘူး။ တကယ်လို့ ခံနိုင်ရည် မရှိတော့ရင် အတင်း ဇွတ်မလုပ်ပါနဲ့"

ခဏလောက် စဉ်းစားပြီးနောက် ယွဲ့လျိုရွှမ်း ထပ်မံ မှာကြားလိုက်သည်။ "ရှင် မဖြေရှင်းနိုင်တဲ့ ကိစ္စ တစ်ခုခု ကြုံလာရင် ယွီကျွယ်တောင်ထွတ်ကို လာပြီး အကူအညီ တောင်းလို့ရတယ်။ ကူညီမယ့်လူ အမြဲ ရှိပါလိမ့်မယ်"

ပြောပြီးသည်နှင့် သူမ စုချန်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ရှင်... အကောင်းဆုံး ကြိုးစားပါ"

ထို့နောက် လေထဲသို့ ပျံတက်သွားပြီး လရောင်များကြားထဲတွင် လွင့်မျော ပျောက်ကွယ်သွားတော့သည်။

စုချန် သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း အနည်းငယ် ညောင်းကိုက်နေသော လည်ပင်းကို လှည့်လိုက်သည်။

"ဒီမိန်းမက အပြစ်ပြောစရာမရှိအောင်ကို ဘက်ပေါင်းစုံကနေ ကောင်းပါတယ်။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ ငါက အမြင့်‌နေရာက ပြောနေရရင် ပိုကောင်းမယ်..."

All Chapters