← Chapters

အခန်း (၅+၆)

Vol. 1 Ch. 5+6

အခန်း (၅+၆)

Vol. 1 Ch. 5+6

အခန်း (၅) - သန်းခေါင်ယံ ဓားတေးသွား။

ညအမှောင်ထုသည် လိုက်ကာတစ်ချပ်ပမာ နေရာယူထားပြီး ငွေရောင်လမင်းကြီးမှာ အေးစက်‌နေလျက်ရှိသည်။

ဓားသင်္ချိုင်းသည် တောင်တန်းများကြားတွင် သမိုင်းဝင် အထီးကျန်ဓားတစ်လက်သဖွယ် မားမားမတ်မတ် ရပ်တည်နေသည်။

ကျယ်ဝန်းလှသော ဂိုဏ်းသားအိပ်ဆောင်ကြီးသည် ယခုအခါ ဟာလာဟင်းလင်း ဖြစ်နေသည်။

ခြံဝင်းငယ်လေး တစ်ခုလုံးတွင် စုချန် တစ်ယောက်တည်းသာ နေထိုင်ရသည်။

နေ့ဘက်တွင် အဆင်ပြေသော်လည်း ညဘက်ရောက်သောအခါ အနည်းငယ် ခြောက်ကပ်ပြီး အထီးကျန်ဆန်သလို ခံစားရသည်။

စုချန်ကတော့ ဒါတွေကို ဂရုမစိုက်ပေ။

အခန်းထဲသို့ ပြန်ရောက်သည်နှင့် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို လှည့်ပတ်စေကာ နေ့ဘက်က စုပ်ယူထားသော ဓားငွေ့စွမ်းအားများကို အ,မင်္ဂလာများ ကြေပျက်စေပြီး ကိုယ်ပိုင်အဖြစ် ထပ်မံသန့်စင် စုစည်းလိုက်သည်။

ခန္ဓာကိုယ်ထဲရှိ ဓားငွေ့များ တည်ငြိမ်သွားပြီးနောက် ယွဲ့လျိုရွှမ်း ပေးခဲ့သော ကြွေပုလင်းလေးကို ထုတ်လိုက်သည်။

အဖုံးဖွင့်လိုက်သည်နှင့် ပန်းခွာညိုများ ဖူးပွင့်လာသကဲ့သို့ သင်းပျံ့သော မွှေးရနံ့တစ်ခု ထွက်ပေါ်လာသည်။

အထဲတွင် ပုလဲလုံးလေးများကဲ့သို့သော ဆေးလုံးငယ် အလုံး ၃၀ ပါရှိသည်။

တစ်နေ့တစ်လုံး သောက်မည်ဆိုလျှင် တစ်လစာ အတိအကျပင်။

"အာနိသင်ကို စမ်းကြည့်ရအောင်။"

စုချန်သည် 'ကျောက်စိမ်းနှင်းစက် ဆေးလုံး' တစ်လုံးကို ယူပြီး တိုက်ရိုက် မျိုချလိုက်သည်။

ဆေးလုံး ဗိုက်ထဲရောက်သွားသည်နှင့် အေးမြသော ခံစားမှုတစ်ခုသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ခြေလက်အင်္ဂါများနှင့် အရိုးများထဲအထိ စီးဆင်းသွားသည်။

ပူပြင်းသော နွေရာသီတွင် ရေခဲရေအေးအေး တစ်ခွက် သောက်လိုက်ရသကဲ့သို့ စုချန် တစ်ကိုယ်လုံး လန်းဆန်းသွားသည်။ ချွေးပေါက်များ ပွင့်သွားပြီး သွေးများလည်း ခန္ဓာကိုယ်အနှံ့ လှည့်ပတ် စီးဆင်းသွားတော့သည်။

ဆေးအာနိသင်၏ အားဖြည့်ပေးမှုအောက်တွင် သူ၏ ပင်ပန်းနွမ်းနယ်မှုများ တမဟုတ်ချင်း ပျောက်ကွယ်သွားသည်။

မိစ္ဆာဓားအငွေ့အသက်၏ ရိုက်ခတ်မှုကြောင့် အနည်းငယ် ထိခိုက်ထားသော သွေးကြောများသည်လည်း ဆေးစွမ်းကြောင့် ပြန်လည် ကောင်းမွန်လာသည်။

ထို့အပြင် ယခင်ကထက်ပင် အနည်းငယ် ပိုမို သန်မာလာသကဲ့သို့ ခံစားရသည်။

အတွင်းအားအုတ်မြစ်ကို ခိုင်မာစေပြီး သက်စောင့်ဓာတ်ကို အားဖြည့်ပေးသည်။

ဒီ ကျောက်စိမ်းနှင်းစက် ဆေးလုံး၏ အာနိသင်သည် သူထင်ထားသည်ထက်ပင် ပိုကောင်းနေသည်။

နေ့တိုင်း သောက်သုံးပေးပါက မိစ္ဆာဓားအငွေ့အသက်များကြောင့် ခန္ဓာကိုယ်ပေါ် သက်ရောက်သည့် ဝန်ထုတ်ဝန်ပိုးကို များစွာ လျော့ကျစေနိုင်ပြီး ကျင့်ကြံခြင်း စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေနိုင်သည်။

ထို့အပြင် ရေရှည် သောက်သုံးပါက သွေးကြောများကို နွေးထွေးစေပြီး အားဖြည့်ပေးကာ အတွင်းအားအုတ်မြစ်ကို ပိုမို ခိုင်မာစေနိုင်သည်။

တကယ့်ကို ငွေပေးပြီး ဝယ်လို့မရနိုင်သော ပစ္စည်းကောင်းပင်။

ဘာပဲပြောပြော ဒါက 'ရွှေအမြုတေအဆင့်' ကျွမ်းကျင်သူ ယွဲ့လျိုရွှမ်း ကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးလုံး မဟုတ်လား။ သာမန်လူတွေ ဘယ်လိုလုပ် ခံစားခွင့် ရနိုင်ပါ့မလဲ။

"ငါ အကြွေးကြီးကြီး တင်သွားပြီပဲ။"

စုချန် မတ်တတ်ရပ်လိုက်ရာ လန်းဆန်းတက်ကြွနေသလို ခံစားလိုက်ရသည်။

သူက စောစောစီးစီး အိပ်တတ်သူ မဟုတ်သဖြင့် ဓားသင်္ချိုင်းဘက်သို့ သွားပြီး ခဏလောက် ဆက်လက် ကျင့်ကြံရန် စိတ်ကူးလိုက်သည်။

သို့သော် ဝင်ပေါက်သို့ ရောက်သည်နှင့် အတွင်းဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။

တစ်ယောက်ယောက် သီချင်းဆိုနေသလိုပင်။

သီချင်းသံ အဆိုရှင်သည် ကလေးငယ်တစ်ယောက်၏ အသံကဲ့သို့ ကြည်လင်နေသော်လည်း စာသားများကမူ ကြက်သီးထဖွယ် ကောင်းလှသည်။

"အရိုးဖြူဖြူ သစ်ပင်အိုမှာ... ဆံပင်ဖားလျားနဲ့... အဲ့ဒီအပေါ်မှာ လူရေခွံနဲ့လုပ်ထားတဲ့ စုန်းအိုကြီး တွဲလွဲဆွဲကာထား‌တာပါ...။"

ဒါ ဘယ်လို ငရဲခန်းက ကလေးကဗျာကြီးလဲ?

စုချန်ပင် တုန်လှုပ်သွားသည်။

တံခါးကြားမှတဆင့် ချောင်းကြည့်လိုက်ရာ အမှောင်ထုထဲတွင် ဓားသင်္ချိုင်းကို လင်းလက်စေသော ပိုးစုန်းမီး အလင်းစက်လေးများကို တွေ့လိုက်ရသည်။ ထို့နောက် အနီရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးငယ် တစ်ဦးသည် အတွင်းထဲတွင် ခုန်ဆွခုန်ဆွ လုပ်နေသည်။

သူမသည် ခြောက်နှစ်၊ ခုနစ်နှစ် အရွယ်ခန့်သာ ရှိဦးမည်။ ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက်ခွဲပြီး အပေါ်သို့ ထောင်စည်းထားကာ မျက်နှာဖောင်းဖောင်း၊ ခြေတိုလက်တို အုအုဖောင်းဖောင်းလေးဖြင့် နူးညံ့သိမ်မွေ့သော ကြွေရုပ်လေး တစ်ရုပ်နှင့် တူသည်။

သူမ၏ ခန္ဓာကိုယ်တွင် အလေးချိန် မရှိသကဲ့သို့ပင်။

ဓားသင်္ချိုင်းအတွင်းထဲတွင် ခုန်ပေါက်ပြေးလွှားနေပြီး သူမ၏ ခြေဖျားလေးများက ဓားများအပေါ်သို့ နင်းလိုက်တိုင်း ထိုဓားများမှ အလင်းရောင်များ မှိန်ကျသွားကာ မိစ္ဆာဓားအငွေ့အသက်များပင် နောက်ဆုတ်သွားကြသည်။

မိန်းကလေးကို အလွန်အမင်း ကြောက်ရွံ့နေကြသည့် အလားပင်။

"ဓားသင်္ချိုင်းထဲမှာ ဘယ်လိုလုပ် ဒီလို ထူးဆန်းတဲ့ ကလေးမလေး ရှိနေရတာလဲ။"

စုချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ရုတ်တရက် ပြင်းပြသော ဆန္ဒတစ်ခု သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ ထိုကောင်မလေးကို သူ 'စား' ပစ်ချင်နေသည်။

ဒီအတွေးက သူ့ကို လန့်ဖျပ်သွားစေသည်။

ငါက နှာဘူး ဖြစ်သွားတာလား?

မဟုတ်ဘူး။

ဒါက မွေးရာပါ ဓားအမြုတေရဲ့ ဗီဇတုံ့ပြန်မှုပဲ။

ဒီကောင်မလေးက 'ဓား' တစ်လက်များ ဖြစ်နေမလား?

သူ တွေးနေစဉ်မှာပင် ထိုကောင်မလေးသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ရုတ်တရက် နောက်လှည့်ကြည့်လာသည်။

မိစ္ဆာအငွေ့အသက် လှိုင်းလုံးကြီးတစ်ခု သူ့ဘက်သို့ တိုးဝင်လာပြီး တံခါးကိုပင် တွန်းဖွင့်လိုက်သည်။

"အို... ဓားစောင့်အစ်ကိုကြီး အသစ်တစ်ယောက်ပဲ!"

ကောင်မလေး၏ မျက်လုံးများ အရောင်တောက်သွားပြီး အလွန်အံ့သြ ဝမ်းသာသွားပုံရသည်။ ခြေတစ်လှမ်း,လှမ်းလိုက်ရုံဖြင့် ပေပေါင်းများစွာ ပျံသန်းရောက်ရှိလာပြီး စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်သည်။ "အစ်ကိုကြီး... အထဲဝင်ပြီး သမီးနဲ့ လာကစားပါလား..."

"မကစားနိုင်ပါဘူး။"

စုချန် ခေါင်းခါ ငြင်းပယ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် အမြန်ဆုတ်လိုက်သည်။

သူ အရူးမှ မဟုတ်တာ။

ဒီကောင်မလေးဆီက မိစ္ဆာအငွေ့အသက်တွေက အလုံးအရင်းလိုက် ဖြစ်လုနီးပါး သိပ်သည်းလွန်းနေသည်။ သူမသည် လူလား၊ သရဲလား မသိရသော်လည်း သေချာပေါက် ကိုင်တွယ်ရ လွယ်ကူမည့်သူ မဟုတ်ပေ။

သူ့မှာ မွေးရာပါ ဓားအမြုတေ ရှိရင်တောင်မှ သူမရဲ့ မိစ္ဆာအငွေ့အသက်ကို အခုအချိန် သူခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။

ဒါကြောင့် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။

"အစ်ကိုကြီး... မသွားပါနဲ့!"

ကောင်မလေး စိတ်ပူသွားပုံရကာ အလျင်အမြန် ပြေးလိုက်လာသည်။ သူမ၏ ဝိုင်းစက်သော မျက်လုံးနက်နက်လေးများသည် ချက်ချင်းပင် သွေးရောင် လွှမ်းသွားပြီး ခုန်အုပ်လိုက်သော်လည်း... "ဝုန်း" ခနဲ အသံနှင့်အတူ တံခါးပေါက်ဝကို ဝင်တိုက်မိသွားသည်။

ဓားသင်္ချိုင်း၏ 'အစီအရင်' က သူမကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။ သူမ၏ ပုံရိပ်သည် သွေးရောင် မြူခိုးများအဖြစ် ကွဲကြေမွသွားပြီး မကြာမီ သူမပျောက်ကွယ်သွားတော့သည်။

"ကံကောင်းလို့ ဓားသင်္ချိုင်း အစီအရင် ရှိနေလို့... အဲ့ဒါ ဘာကောင်ကြီးလဲ"

စုချန် တံခါးအပြင်ဘက်တွင် ရပ်နေရင်း တုန်လှုပ်နေဆဲပင်။

ဓားသင်္ချိုင်း၏ အန္တရာယ်များအကြောင်း သူ ပိုမို နက်ရှိုင်းစွာ နားလည်သွားပြီ ဖြစ်သည်။

ထို သွေးပျက်စရာ ကောင်မလေးသည် လူဖြစ်စေ၊ သရဲဖြစ်စေ သေချာပေါက် အလွန် အန္တရာယ်များသည်။ နေ့ဘက်တုန်းက မတွေ့ရသည့်အတွက် သူမ အပြင်မထွက်နိုင်ခြင်း ဖြစ်လောက်သည်။

ညဘက်ကျမှသာ ကိုယ်ထင်ပြနိုင်တာလား?

"ညဘက်တွေဆိုရင် ဓားသင်္ချိုင်းထဲကို ပေါ့ပေါ့ဆဆ ဝင်လို့မဖြစ်တော့ဘူးပဲ။"

စုချန် ခေါင်းခါလိုက်ပြီး ဆက်မနေရဲတော့ပေ။

ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဘီလူးသရဲများ အတွင်းထဲမှ ခုန်ထွက်လာမည်ကို သူ စိုးရိမ်တတ်လာသည်။

ထို့ကြောင့် လိမ္မာပါးနပ်စွာဖြင့် အိပ်ခန်းသို့ပြန်ပြီး အိပ်လိုက်တော့သည်။

နောက်တစ်နေ့တွင် စုချန်သည် အဘိုးအိုကျိုးကို ရှာဖွေပြီး ညက မြင်တွေ့ခဲ့ရသည့် အရာအကြောင်း မေးမြန်းလိုက်သည်။

နားထောင်ပြီးနောက် အဘိုးအိုကျိုးက သိပ်အများကြီး ရှင်းမပြပေ။

ညဘက်တွင် ဓားသင်္ချိုင်းထဲ မဝင်ရန်သာ မှာကြားသည်။ အတွင်းရှိ ဓားအချို့တွင် မိစ္ဆာအငွေ့အသက် များလွန်းသဖြင့် နေ့ဘက်တွင် အဆင်ပြေသော်လည်း ညဘက်တွင်မူ ကိုယ်ထင်ပြကာ ထွက်လာတတ်ကြသည်။

အကယ်၍ မတော်တဆ တွေ့ကြုံမိပါက ကံကောင်းလျှင် ဒဏ်ရာအပြင်းအထန် ရနိုင်ပြီး၊ ကံဆိုးလျှင် သေဆုံးနိုင်သည်။

ယခင်က ဓားစောင့်ဂိုဏ်းသား တစ်ယောက်သည် စူးစမ်းချင်စိတ်ဖြင့် ညဘက်ကြီး ဓားသင်္ချိုင်းထဲ ဝင်ပြေးရာမှ အသတ်ခံလိုက်ရဖူးသည်။

စုချန်ကတော့ ကိုယ့်အသက်နဲ့ရင်းပြီး စမ်းသပ်ရလောက်အောင် မရူးအ,ပေ။

"ဒီကောင်လေးက ဉာဏ်ရှိသားပဲ... 'မိစ္ဆာဓားဝိညာဉ်' နဲ့ တွေ့တာတောင် ဘေးကင်းကင်း ကျန်ခဲ့တယ်...။"

စုချန် ကျောခိုင်းထွက်ခွါသွားသည်ကို ကြည့်ရင်း အဘိုးအိုကျိုး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

ယွီကျွယ်တောင်ထွတ်က ကျောက်စိမ်းနှင်းစက် ဆေးလုံး ဆိုသည်မှာ လူတိုင်း သောက်သုံးနိုင်သည့်အရာ မဟုတ်။ ယွဲ့လျိုရွှမ်းကပါ စောင့်ရှောက်ထားသည် ဆိုတော့ ဒီကောင်လေး ဓားသင်္ချိုင်းမှာ အချိန်အတော်ကြာကြာ အသက်ရှင်နိုင်လောက်သည်။

ဓားသန့်စင်သည့် အလုပ်ကို သူ့အစား ဝိုင်းကူလုပ်ပေးမည့်သူ ရှိလာဖို့ရန် သူ သေချာပေါက် မျှော်လင့်အားထားမိပါသည်။

အပေါ်ဆုံးထပ်က ဓားသုံးလက်က ပိုပိုပြီး ငြိမ်သက်မှု မရှိ ဖြစ်လာလေ သူ့အပေါ် တွင်ဖိအားများစွာ သက်ရောက်လေဖြစ်နေသည့်အပြင် ဓားသင်္ချိုင်း လည်ပတ်မှုကိုပါ သူ ထိန်းသိမ်းနေရသဖြင့် အောက်ခြေရှိ ဓားများကို ဂရုစိုက်ရန် အချိန်မရှိပေ။

" 'နတ်ရေကန်' က လူကြီးတွေကတော့ အေးအေးလူလူ နေနိုင်ကြတာပေါ့လေ... ဟင်း... ဘယ်သူကများ ငါ့ကို ကံပါလာတဲ့ ဓားစောင့်လို့ ပြောခဲ့ပါလိမ့်...။"

...

ဓားသင်္ချိုင်း၏ အောက်ဆုံးအလွှာသို့ ပြန်ရောက်သောအခါ စုချန်သည် အင်းကွက်အဝတ်ကို ထုတ်ယူပြီး နေ့သစ်၏ အလုပ်‌ဟောင်းကို စတင်လိုက်သည်။

ဒါက မိုးမခရွက် ပုံသဏ္ဌာန် ဓားရှည်တစ်လက် ဖြစ်သည်။

ဓားကိုယ်ထည်သည် ပါးလွှာပြီး ရှည်လျားကာ သံ‌အေးဖြင့် သွန်းလုပ်ထားသည်မှာ ထူးခြားနေသည်။ မိုးမခရွက် ပုံစံရှိပြီး ဂါထာစာလုံးများလည်း ရေးထိုးထားသေးသည်။

ဓားအမည် - ဟွေဖုန်း

ဓားသခင် - လျိုဆန်း

စုချန် ဓားရိုးကို ဆုပ်ကိုင်လိုက်ရာ လေပြင်းတစ်ချက်ကဲ့သို့သော မိစ္ဆာအငွေ့အသက် တစ်မျှင် စီးဆင်းလာသည်။

မိုးမခပင်များ လေထဲတွင် ယိမ်းနွဲ့နေသည်ကို သူမြင်ယောင်လိုက်ရသည်။ ဓားသမားတစ်ဦးသည် ဓားကိုကိုင်လျက် ထရပ်လိုက်ပြီး ဓားရောင်နှင့်အပြိုင် မိုးမခရွက်များကဲ့သို့သော ထက်မြက်သည့် လေဓားသွားများသည် လေထုကို ခွင်းလျက် ပစ်ခတ်ထွက်သွားကြသည်...။

" 'မိုးမခရွက် ဓားငွေ့အင်’.... 'အဝါရောင်အဆင့်' အလယ်အလတ်တန်းစား ဓားသိုင်း..."

"ဓားငွေ့စွမ်းအင်ကို လေအဖြစ် စုစည်းပြီး ခြေလှမ်းတစ်ရာ အကွာမှ ရန်သူကို သတ်ဖြတ်ခြင်း..."

ဒါက အဝေးသုံး ဓားသိုင်းကွက် ဖြစ်သည်။

ယင်း၏ စွမ်းအားသည် "ချင်မင်းဆက် လုပ်ကြံခြင်း" လောက် မပြင်းထန်သော်လည်း အဆင်ပြေလွယ်ကူသည့် အားသာချက် ရှိသည်။ ခြေလှမ်းတစ်ရာ အကွာအဝေးရှိ ရန်သူကို ထိခိုက်စေနိုင်သည်။

"ကဲ…နောက်တစ်လက်"

စုချန်သည် ဟွေဖုန်း ဓားကို မူလနေရာတွင် ပြန်ထားလိုက်သည်။

ထိုအချိန်တွင် ဘေးနားရှိ ပုံစံတစ်မျိုး‌လေး ဖြစ်နေသော ဓားရှည်တစ်လက်က သူ့အာရုံကို ဖမ်းစားလိုက်သည်။

ဓားတစ်လက် ဆိုတာထက် သံချောင်းတစ်ချောင်းနှင့် ပို၍ပင်တူနေသည်။

အရှည် ခြောက်ပေ ရှိပြီး လက်နှစ်ချောင်းစာ ကျယ်သည်။ မျက်နှာပြင်မှာ အလွန် ကြမ်းတမ်းပြီး တူထုရာများ ထင်ရှားစွာ ကျန်ရှိနေကာ ဓားသွား၏ ရှေ့ပိုင်း တစ်ဝက်လောက်ကိုသာ သွေးထားသည်။

ဓားရိုး နေရာတွင်လည်း အဝတ်စုတ်များဖြင့် ရိုးရိုးလေး ပတ်စည်းထားသည်။

ဓားများကြားထဲမှ သူတောင်းစားဓား ကဲ့သို့ပင်။ ညစ်နွမ်း စုတ်ပြတ်နေသည်... လမ်းဘေးမှာ ပစ်ထားရင်တောင် ဘယ်သူမှ ဒုတိယအကြိမ် ပြန်ကြည့်မှာ မဟုတ်သော ဓားမျိုး။

သို့သော် ထိုဓားသည် အခြားနေရာတွင်မဟုတ်၊ ရှုတောင် ဓားသင်္ချိုင်းထဲတွင် ရောက်ရှိနေရာ ဘေးပတ်ဝန်းကျင်ရှိ လက်ရာမြောက်ပြီး လှပသော ဓားရှည်များနှင့် ယှဉ်လိုက်လျှင် ဤဓားသည် လုံးလုံးမအပ်စပ်သော နေရာသို့ ရောက်နေသလို ဖြစ်နေတော့သည်။

အပိုင်း ၆

အခန်း (၆) - မတရားမှုကို မြင်ခြင်း

"ဒီဓားက ဘာတွေများ ထူးခြားနေလို့လဲ... သိချင်မိသွားပြီ"

စုချန် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အဝတ်စုတ်များဖြင့် ပတ်ထားသော ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

အနည်းငယ် အားစိုက်ပြီး ဆွဲလိုက်သော်လည်း လုံးဝ မလှုပ်ပေ။

သံချောင်းကျိုးကြီးနှင့်တူသော ဤဓားသည် တော်တော်လေး လေးလံသည်။ သူ၏ကိုယ်တွင်းရှိ စွမ်းအင်ကို လှည့်ပတ်ပြီး အားထပ်ထည့်လိုက်မှသာ အနည်းငယ် လှုပ်ရှားလာသည်။

ထို့နောက် အိပ်ပျော်နေသော ကျားရိုင်းတစ်ကောင်ကို သွားနှိုးလိုက်သကဲ့သို့ တဝီဝီ မြည်တမ်းသံများနှင့်အတူ စူးရှထက်မြက်သော မိစ္ဆာဓားအငွေ့အသက်များ သူ့ထံသို့ တိုးဝင်လာတော့သည်!

ဓားအမည် - မတရားမှုကို မြင်ခြင်း

ဓားသခင် - ကူချန်ချင်း

သာမန် သံ ခြောက် ပိဿာကို ဓားအဖြစ် သွန်းလုပ်ထားခြင်း... ဤလောကတွင် မတရားမှု မရှိသည့်နေရာ ဘယ်မှာ ရှိပါသနည်း။

ဝုန်း…

လှိမ့်တက်လာသော မိစ္ဆာအငွေ့အသက်များသည် ဒီရေလှိုင်းလုံးကြီးများကဲ့သို့ပင်။

ဒီလောက် ပြင်းထန်သော အရှိန်အဝါမျိုးကို စုချန် တစ်ခါမှ မခံစားဖူးပေ။

သာမန် သံချောင်းများဖြင့် သွန်းလုပ်ထားသော ရိုးရိုးဓားတစ်လက် ဆိုတာ ယုံရခက်လွန်းလှသည်။

"ကူချန်ချင်း... ဒီနာမည်က ရင်းနှီးနေသလိုပဲ..."

စုချန် စဉ်းစားရ ခက်သွားသည်။

စိတ်ကူးယဉ် ပုံရိပ်ထဲတွင် ရိုးရိုးတန်းတန်း ဝတ်စားထားသော လူငယ်လေးတစ်ဦး ပေါ်လာသည်။ ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုသာ ရှိပြီး အသားအရေ ညိုညစ်ညစ် ကြမ်းတမ်းတမ်းနှင့် ရိုးအသည့် တောသားလေး တစ်ယောက်နှင့် ပိုတူသည်။

သူ၏ ဆံပင်ရှည်များကို နောက်တွင် စည်းနှောင်ထားပြီး တစ်ကိုယ်လုံးမှာမူ ပြောမပြတတ်သော အရည်အ‌သွေးမျိုးက ပြင်းပြစွာ လွှမ်းမိုးနေသည်။

နံနက်ခင်း နေရောင်ခြည် ထွက်ပေါ်လာချိန်တွင် ထိုလူငယ်လေးသည် ကိုယ်တိုင် ထွင်းထုထားသော သစ်သားဓားလေးကို ကိုင်ကာ ခြံဝင်းထဲတွင် ကစားနေသည်။

သူသည် မည်သည့် ဓားသိုင်းပညာကိုမှ မသင်ကြားဖူးကြောင်း သိသာလှသည်။

ကျင့်ကြံခြင်း အုတ်မြစ်လည်း မရှိပေ။

သူ၏ ဓားကွက်များမှာ ကြမ်းတမ်းပြီး ကြည့်ရသူအဖို့ပင် အဆင်မပြေ ဖြစ်နေသည်။

သို့သော် သူသည် အလွန်ကိုမှ ဓားရေးတွင် စိတ်ပါဝင်စားနေသည်။

"ချန်ချင်း... လက်လျှော့လိုက်စမ်းပါ။ ငါတို့က သာမန်လူတွေ ဖြစ်ဖို့ ကံပါလာပြီးသား။ ဘာကိစ္စ ဓားသမား ဖြစ်ချင်နေရတာလဲ။ မင်းမှာ ဓားဝယ်ဖို့ ပိုက်ဆံတောင် မရှိဘဲနဲ့..."

"ဟေ့ကောင်... တနေ့တနေ့ စိတ်ကူးပဲ ထိုင်ယဉ်မနေနဲ့။ အခုထ... လယ်ထဲမဆင်းရင် ငါတို့တစ်မိသားစုလုံး ငတ်သေကုန်လိမ့်မယ်..."

သူ၏ ဖခင်ဖြစ်သူက ဒေါသတကြီးဖြင့် သစ်သားဓားလေးကို ချိုးပစ်ကာ သူ့အိပ်မက်ကို ဖျက်ဆီးပစ်လိုက်သည်။

သို့သော် သူ လက်မလျှော့ခဲ့ပေ။

လယ်ကွင်းထဲတွင် ပေါက်ပြားကို ကိုင်ထားစဉ် ဓားကြီးတစ်လက်ဟု စိတ်ကူးယဉ်သည်။ ဂျုံခင်းထဲတွင် တံစဉ်ကို ကိုင်ထားစဉ် ဓားတိုတစ်လက်ဟု သဘောထားသည်။ ညဘက် အိပ်ရာဝင်ချိန်တွင် အိပ်ရာခင်းကို ဓားပျော့တစ်လက်အဖြစ် သုံးပြီး လေ့ကျင့်သည်...။ စုချန် ဒီလောက် အသေးစိတ်ကျ ရှည်လျားသော မှတ်ဉာဏ်မြင်ကွင်းမျိုးကို ဓားများမှတစ်ဆင့် တစ်ခါမှ မမြင်ဖူးပေ။

သို့သော် သူ စိတ်မပျက်မိပါ။

စိတ်ကူး ပုံရိပ်ထဲမှ လူငယ်လေးသည် ပင်ပန်းဆင်းရဲသော လယ်လုပ်ငန်းခွင် ဝင်နေရသော်လည်း သူ့လှုပ်ရှားမှုတိုင်းသည် ဓားသိုင်းနှင့် ခွဲခြားမရအောင် ဆက်နွယ်နေသည်ဟု ထင်ရသည်။

အမြဲတမ်း တွေးတောနေသော အရာသည် နောက်ဆုံးတွင် လက်တွေ့ ဖြစ်လာတတ်သည် မဟုတ်လား။

တစ်နေ့နေ့တွင် ဒီလူငယ်လေးသည် အခွင့်အရေး တစ်ခုသာ ရခဲ့လျှင်... နာမည်ကြီး ဂိုဏ်းဝင် တစ်ဦးဦး၏ လမ်းညွှန်မှုကိုသာ ရခဲ့လျှင်... သူ၏ ဘဝ ပြောင်းလဲသွားလိမ့်မည်ဟု စုချန် ယုံကြည်သည်။

ကံဆိုးစွာဖြင့်...။

နောက်ဆုံးတွင် သူသည် နာမည်ကြီး ဂိုဏ်းဝင် ဆိုသူ သင်ကြားဖို့ ပေါ်လာမည့်အရေးကို စောင့်မနေနိုင်တော့ပေ။

ဘယ်အရပ်မှာမှန်း မသိ‌ရသေးသည့် ထိုဆရာအစား ကပ်ဘေးတစ်ခုက ဆိုက်ရောက်လာသည်။

ထိုနေ့တွင် လူငယ်လေးသည် ဝါးခြင်းတောင်းကို လွယ်လျက် ရွာသို့ ပြန်လာရာ ကောင်းကင်မှ ကျဆင်းလာသော မိစ္ဆာမီးလုံးကြီး တစ်ခုကို မြင်လိုက်ရသည်။

ရွာကလေးသည် အလွန် ဆိုးရွားစွာ ပျက်စီးနေပြီး တဲအိမ်များမှာ မီးစွဲလောင်ကျွမ်းနေသည်။ မီးရောင်များကြားတွင် ရုပ်ပျက်ဆင်းပျက် လဲကျသေဆုံးနေသော အလောင်းများမှ လူ၏အသားတို့ လောင်ကျွမ်းနံ့များ ထွက်ပေါ်နေသည်...။

လူငယ်လေး မငိုကြွေးပါ။

သူသည် ဝါးခြင်းတောင်းကို ချလိုက်ပြီး အပျက်အစီးများကြားမှ ပေါက်ပြားများ၊ တံစဉ်များ၊ မီးဖိုချောင်သုံး ဓားများနှင့် သံဒယ်အိုးများကို လိုက်ကောက်ကာ... မီးပုံထဲသို့ ပစ်ထည့်လိုက်သည်။

ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြီးသည် သုံးရက်နှင့် သုံးညတိုင်တိုင် လောင်ကျွမ်းခဲ့သည်။

သံထည်ပစ္စည်းများသည် နီရဲနေသော သံရည်ပူများအဖြစ် အရည်ပျော်သွားကြသည်။ လူငယ်လေးသည် လက်ကို ဆန့်ထုတ်ကာ ထိုသံရည်ပူများကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ အရေပြားများ မီးလောင်ကျွမ်းပြီး သွေးများတွင်တွင် စီးကျနေသော်လည်း သူ ဂရုမစိုက်ပေ။ သူ့ခန္ဓာကိုယ် အတွင်းမှလည်း ဓားငွေ့လျှံများ ရေးရေးမျှ ထွက်ပေါ်လာသည်...။

နောက်ဆုံးတွင် သူသည် ဓားနှင့်ပင် မတူသော ဤသံဓားကြီးကို လက်သီးဖြင့် တချက်ချင်း ထုနှက် ပုံဖော်လိုက်သည်။

ထို့နောက် ဓားကို ထမ်းကာ ရွာထဲမှ ထွက်ခွာလာခဲ့သည်။

မြင်ကွင်းများက တရွေ့ရွေ့ ပြောင်းလဲသွားသည်။ တစ်နှစ်... နှစ်နှစ်... ဆယ်နှစ်...။

နေ့ညမပြတ် သူသည် ဤဓားကို ထမ်းထားပြီး ကိုယ့်အသက်သမျှ တန်ဖိုးထားကာ နေ့စဉ် ကိုယ်တွင်းဓားငွေ့ဖြင့် သွေးပြီး ပြုစုပျိုးထောင်ခဲ့သည်။

မတရားမှုကို တွေ့ပါက ဓားကို ဆွဲထုတ်ကာ သူစီရင်ပေးတတ်သည်။

နောက်ဆုံး တစ်နေ့တွင်...

ကန္တာရမြို့တော် တစ်ခု၌ ခန္ဓာကိုယ် တကိုယ်လုံး မီးတောက်များ လောင်ကျွမ်းနေသော မိစ္ဆာကျင့်ကြံသူ တစ်ဦးနှင့် သူ ဆုံတွေ့ခဲ့သည်။

ဓားချက်တစ်ချက်တည်းဖြင့် ထိုမိစ္ဆာကျင့်ကြံသူ လဲကျသွားပြီး မြို့တော်တစ်ခုလုံး ထက်ခြမ်းကွဲသွားခဲ့သည်...။

စိတ်ကူးယဉ် ပုံရိပ်သည် ထိုနေရာတွင် ရုတ်တရက် ပြီးဆုံးသွားသည်။

သို့သော် စုချန်သည် ထိုနောက်ဆုံး ဓားချက်ကြောင့် တုန်လှုပ်နေဆဲပင်။

ဆယ်နှစ်တိုင်တိုင် ဓားကို ပျိုးထောင်ပြီး ဓားချက်တစ်ချက်တည်းဖြင့် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဒီဓားက ဓားသင်္ချိုင်းထဲ ရောက်နေတာ မဆန်းတော့ပေ။ ဓားရဲ့ဝိညာဉ်စွမ်းအားက အဲ့လောက် မဟုတ်ဘဲ ဓားကို ကိုင်စွဲခဲ့တဲ့ ဝိညာဉ်ရှင်ကသာ စွမ်းအားကြီးမားလွန်းနေတာကိုး။

"ကူချန်ချင်း... ငါ မှတ်မိပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ရှုတောင်ထဲကပဲ၊ ဓားကျိုးတောင်ထွတ်ရဲ့ သတ္တမမြောက် တောင်သခင်... 'ရှုတောင် ဓားနတ်ဘုရား' ပဲ!"

စုချန်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။

ဒီသံချောင်းကြီးက တကယ်တော့ ဓားနတ်ဘုရားရဲ့ ငယ်စဉ်က ကိုယ်ပိုင်ဓား ဖြစ်နေတာပဲ။

နောက်ပိုင်းတွင် ကူချန်ချင်းသည် 'ဝိညာဉ်အခြေတည် အဆင့်' သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး 'စိတ်ဝိညာဉ်ဓား' ကို ကျင့်ကြံနိုင်ခဲ့သဖြင့် ပြင်ပလက်နက်များကို အားကိုးစရာ မလိုတော့ပေ။

ထို့ကြောင့် သူသည် ဤဓားကို ဓားသင်္ချိုင်းတွင် ထားခဲ့ပြီး ရှုတောင် 'နတ်ရေကန်' သို့ သီးသန့်ကျင့်ကြံရန် ကြွမြန်းသွားခဲ့ခြင်းမှာ နှစ်ပေါင်း ၃၀၀ ကြာခဲ့ပြီဖြစ်သည်။

ဓားနတ်ဘုရားသည် နောက်မျိုးဆက်သစ် ဂိုဏ်းသားများထဲမှ တစ်ဦးဦးကို အခွင့်အရေးပေးရန် ရည်ရွယ်ချက်ဖြင့် သူ၏ ကိုယ်ပိုင်ဓားကို ထားခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် သူ့ဓားက ထူးခြားလွန်းသည်။ သာမာန် ဂိုဏ်းသားများသည် ဤဓား၏ ဇာစ်မြစ်ကို မသိကြသဖြင့် သာမာန်သံတုံး အနေဖြင့်သာ သဘောထားခဲ့ကြပြီး နှစ်ပေါင်းများစွာ မည်သူမျှ သတိမထားမိဘဲ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ စုချန်သာ 'မွေးရာပါ ဓားအမြုတေ မရှိခဲ့လျှင် ဒီဓားရဲ့ ထူးခြားမှုကို သိမြင်နိုင်မည် မဟုတ်ပေ။

ရိုးရိုးသားသား ပြောရရင် ဓားက မသန်မာပါဘူး။ သာမာန် သေမျိုးလက်စွဲတော် ဓားတစ်လက်ထက်တောင် ပိုညံ့ပါသေးသည်။

တကယ်တမ်း သန်မာတာက ဓားနတ်ဘုရား ကူချန်ချင်း နှင့် သူ၏ ထူးခြားသော 'ဓားသိုင်းကျင့်စဉ်’ သာ ဖြစ်သည်။

" ‘မတရားမှုကို မြင်ခြင်း’ ဓားကို သန့်စင်ပြီးနောက် ‘’ဓားသိုင်းကျင့်စဉ်' ကို နားလည်သဘောပေါက်ကာ... ကောင်းကင်အဆင့် အနိမ့်တန်းစား စိတ်ဝိညာဉ် ကျင့်စဉ် ....ကို စုချန် ရောက်ရှိသွားခဲ့သည်ဖြစ်ရာ စုချန်ကိုယ်တိုင်လည်း အလွန်ပင် ဝမ်းသာမိသွားသည်။

ကောင်းကင်အဆင့် စိတ်ဝိညာဉ် ကျင့်စဉ်တဲ့လား…

ဓားနတ်ဘုရား ကူချန်ချင်း၏ ဓားသိုင်းကျင့်စဉ်မှာ မမျှော်လင့်ပဲ ကောင်းကင်အဆင့် ရှိသော ကျင့်စဉ်တစ်ခု ဖြစ်နေသည်!

"ငါ့သွေးနဲ့ ဓားကို အစာကျွေးမယ်။ ငါ့အတွင်းအား နဲ့ ဓားကို ပျိုးထောင်မယ်။ ဓားက ငါ့ခန္ဓာကိုယ်ထဲမှာ ကွယ်ဝှက်နေပြီး ငါ့နှလုံးသားနဲ့ ဓားဟာ တစ်သားတည်း ဖြစ်စေရမယ်။ လောကကြီးမှာ မတရားတာတွေ မြင်တွေ့ရတဲ့အခါ ငါ့လက်ထဲက ဓားသွားသံတေး ချိုအေးအေးလေးနဲ့ အဆုံးအဖြတ် ပေးမယ်..."

သိပ်ကောင်းတဲ့ ဓားသိုင်းအပေါ်ထားတဲ့ချစ်စိတ်နဲ့ ကျင့်စဥ်‌ကောင်းပဲ။

ဂိုဏ်းဆရာ ကူချန်ချင်းက တကယ်ကို ဓားနတ်ဘုရား ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်။

ကောင်းကင်အဆင့်ထိ ရှိတဲ့ စိတ်ဝိညာဉ် ဓားသိုင်းကျင့်စဉ်ကို ကိုယ်တိုင် ဖန်တီးနိုင်တယ် ဆိုတော့ သူ့ရဲ့ တာအိုဓားသိုင်းအပေါ် နားလည်သဘောပေါက်နိုင်စွမ်း ကလည်း လောကမှာ ရှားပါးတဲ့ အရာတစ်ခု ဖြစ်မှာ သေချာတယ်။

စုချန် မျက်လုံးဖွင့်လိုက်သည်။

ထိုအချိန်တွင် [မတရားမှုကို မြင်ခြင်း] ဓားမှ ထွက်ပေါ်နေသော မိစ္ဆာအငွေ့အသက်များသည် အနည်းငယ် လျော့နည်းသွားသည်။

သို့သော် လှိုင်းထန်နေဆဲပင်။

စုချန်၏ မွေးရာပါ ဓားအမြုတေသည် မိစ္ဆာစွမ်းအင်ငွေ့တို့ကို အဆက်မပြတ် စုပ်ယူ သန့်စင်နေဆဲ ဖြစ်သည်။

ဓားနတ်ဘုရားကို လွမ်းဆွတ်တမ်းတနေသောကြောင့် ဤဓားသည် နှစ်ပေါင်း ၃၀၀ တိုင်တိုင် ဖုန်မှုန့်များကြားတွင် နစ်မြုပ်နေခဲ့ရပြီး စုဆောင်းလာသော မိစ္ဆာဓားအငွေ့အသက်များသည် အလွန် ပြင်းထန်လွန်းလှသည်။ သာမန်လူဆိုလျှင် ယခုအချိန်လောက်ဆို ခံနိုင်ရည် ရှိတော့မည် မဟုတ်။

သို့သော် စုချန်အတွက်တော့ ဒါက အာဟာရ အပြည့်အဝပါသော စားသောက်ပွဲကြီး တစ်ခုပင်။

ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သူ့ခန္ဓာကိုယ်ထဲရှိ ဓားငွေ့များကို အပြည့်အဝ အသက်သွင်းလိုက်ပြီး မွေးရာပါ ဓားအမြုတေနှင့် ပူးပေါင်းကာ ထိုမိစ္ဆာအငွေ့အသက်များကို အရှိန်မြှင့် စုပ်ယူသန့်စင်လိုက်သည်။

ဝုန်း!

လိမ့်တက်လာသော မိစ္ဆာအငွေ့အသက်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် သွေးကြောများထဲတွင် စူးရှနာကျင်မှုကို အနည်းငယ် ခံစားလိုက်ရပြီး 'တန်ထျန်း စွမ်းအင် ရေကြော’ သည် ပေါက်ကွဲထွက်တော့မတတ် ပြည့်ကြပ်သွားသည်ဟု ခံစားလိုက်ရသည်။

ကံကောင်းစွာပင် မွေးရာပါ အမြုတေ၏ သန့်စင်နိုင်စွမ်းမှာ အလွန် မြန်ဆန်လှသည်။

မိစ္ဆာအငွေ့အသက် အမြောက်အမြားကို သန့်စင်လိုက်နိုင်ပြီး ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်များလည်း ဆက်တိုက် တိုးပွားလာသည်။ ဓားငွေ့များ တဝီဝီ မြည်တမ်းနေသံများကြားတွင် သူသည် 'ချီသန့်စင်ခြင်း တတိယအဆင့်' သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်!

ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုကြောင့် သူ၏ စွမ်းအင်ကြော ပမာဏလည်း အလိုလို ကြီးမားလာသည်။

ခန္ဓာကိုယ် ပေါ့ပါးသွားသည်ဟု ချက်ချင်း ခံစားလိုက်ရပြီး ကျန်ရှိနေသေးသော မိစ္ဆာဓားအငွေ့အသက်များကို အချိန်လုပြီး ဆက်လက် ချေဖျက်လိုက်သည်။

ထိုအချိန်တွင် ဓားသင်္ချိုင်း၏ နက်ရှိုင်းသော အတွင်းပိုင်းတစ်နေရာ၌...

ပွက်ပွက်ဆူနေသော မီးတောင်ချော်ရည်များကဲ့သို့ နီရဲသော အလင်းတန်းကြီး တစ်ခုသည် လွင့်မျောနေသည်။

ဘေးပတ်ဝန်းကျင်ရှိ ဓားရှည်များအားလုံးသည် ထိုအလင်းနီကြီး၏ လွှမ်းခြုံမှုကို ခံထားရပြီး ကူးစက်ခံလိုက်ရသကဲ့သို့ တိုးညှင်းစွာ ငိုကြွေးမြည်တမ်း ကုန်ကြသည်။

အလင်းနီကြီး၏ အလယ်ဗဟိုတွင် ကြက်သွေးရောင် ဓားရှည်တစ်လက် ရှိနေသည်။

ရွှေရောင် သံကြိုးများသည် ဓားကိုယ်ထည်ကို ရစ်ပတ်ထားပြီး ဂါထာစာရွက်အမျိုးမျိုးကို ကပ်ထားကာ ကြီးမားသော အစီအရင်ဖြင့် ချိပ်ပိတ်ခံထားရပုံရှိ‌ပေသည်။

အနီရောင် ဝတ်စုံနှင့် ကောင်မလေးသည် ကျောက်စိမ်းကဲ့သို့ ထွင်းထုထားသော ဓားရိုးပေါ်တွင် ခြေဗလာဖြင့် ရပ်နေလျက်

"ဒီလူသစ်ရဲ့ ခန္ဓာကိုယ်က ပုံမှန် မဟုတ်ဘူးပဲ... စိတ်ဝင်စားစရာ ကောင်းလိုက်တာ..."

ပြောပြီးသည်နှင့် သူမ၏ ပုံရိပ်သည် မီးခိုးငွေ့ကဲ့သို့ လွင့်မျောသွားပြီး စုချန် ရှိရာသို့ ဦးတည်ကာ ပြေးထွက်သွားလေတော့သည်။

All Chapters