အခန်း (၇+၈)
Vol. 1 Ch. 7+8
အခန်း (၇) - ဓားရွေးချယ်ရန် စိန်ခေါ်ခြင်း
ဝုန်း!
သူ့ခန္ဓာကိုယ်အတွင်းရှိ ဓားငွေ့အင်များသည် တောင်တန်းတို့ရဲ့ မာန်ဟိန်းသံနှသ့် ပင်လယ်လှိုင်းတို့ရဲ့ ပဲ့တင်ရိုက်ခတ်သံတို့ပမာ လှုပ်ရှားအားပြိုင်နေသည်။
နှစ်နာရီ ကြာပြီးနောက်... စုချန် မျက်လုံးဖွင့်လိုက်ရာ သူ၏ အကြည့်များသည် ဓားသွားတစ်လက်ကဲ့သို့ စူးရှနေသည်။
သူ့ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ တောက်ပနေပြီး ဓားအလင်းရောင် မှိန်မှိန်လေးများ ထွက်ပေါ်နေသည်။
[မတရားမှုကို မြင်ခြင်း] ဓားမှ မိစ္ဆာအငွေ့အသက် အားလုံးကို သူ စုပ်ယူသန့်စင်ပြီးသွားပြီ ဖြစ်သည်။ ထို ကြီးမားသော စွမ်းအင်အကူအညီဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထပ်မံ တိုးတက်သွားခဲ့သည်။
ထိုနေ့တာဝန်များအပြီးတွင် စုချန်တစ်ယောက် 'ချီသန့်စင်ခြင်း စတုတ္ထအဆင့်' သို့ပင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ။
ရက်အနည်းငယ်အတွင်းမှာပင် သူသည် ချီသန့်စင်ခြင်း ပထမအဆင့်မှ စတုတ္ထအဆင့်သို့ ဆက်တိုက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒီအရှိန်အဟုန်က ကြောက်ခမန်းလိလိပင်။
သို့သော် ဤမျှများပြားသော မိစ္ဆာဓားအငွေ့အသက်များကို စုပ်ယူလိုက်ခြင်းသည် သူ့ခန္ဓာကိုယ်အပေါ် ဝန်ထုတ်ဝန်ပိုး တော်တော်လေး ဖြစ်စေသည်။
စုချန်သည် 'ကျောက်စိမ်းနှင်းစက် ဆေးလုံး' တစ်လုံးကို အမြန်မျိုချလိုက်ပြီး ဆေးစွမ်းအကူအညီဖြင့် နေသာထိုင်သာ ရှိသွားသည်။
ထို့နောက် သူ ခေါင်းငုံ့ပြီး လက်ထဲရှိ သံဓားကြီးကို ကြည့်ကာ အတွေးနယ်ချဲ့နေမိသည်။
ဓားအရည်အသွေး ညံ့ဖျင်းသော်လည်း ဓားနတ်ဘုရား၏ လက်ထဲတွင် နှစ်ပေါင်းများစွာ ပျိုးထောင်ခံခဲ့ရသည့် ဓားဖြစ်ရာ ဒီဓားသင်္ချိုင်းထဲတွင် ဖုန်တက်ခံပြီး မထားသင့်ပေ။
ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားတစ်ဦး အနေဖြင့် သူ့တွင် အချိန်မရွေး ဓားရွေးချယ်ခွင့် သို့မဟုတ် ဓားလဲလှယ်ခွင့် ရှိသည်။
ဒါက ဂိုဏ်းမှ ဓားစောင့်ဂိုဏ်းသားများအား ပေးထားသော အခွင့်အရေး တစ်ခုဖြစ်သည်။
စုချန်သည် လက်ရှိအချိန်ထိ ဓားရွေးချယ်ခြင်း မပြုရသေးပေ။ နေ့စဉ် ဓားသိုင်းလေ့ကျင့်ရာတွင် ဓားသင်္ချိုင်းထဲမှ အဆင်ပြေရာ ရိုးရိုးဓားတစ်လက်ကို ကောက်ယူပြီး ယာယီ သုံးစွဲနေခြင်း ဖြစ်သည်။
ဒါပေမဲ့ 'ဓားသိုင်းကျင့်စဉ်’ ကိုတော့ ဒီလိုမျိုး မရေမရာ ကျင့်ကြံနေ၍ မရနိုင်ပေ။
ဒါကြောင့် သူသည် ဒီ [မတရားမှုကို မြင်ခြင်း] ဓားကို ရွေးချယ်သင့် မသင့် စဉ်းစားနေခြင်း ဖြစ်သည်။
ထိုအချိန်တွင်...
ရုတ်တရက် သူ၏ လက်ထဲရှိ သံဓားကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ တစ်စုံတစ်ခု၏ လှုံ့ဆော်မှုကို ခံလိုက်ရသကဲ့သို့ပင်။
ချက်ချင်းဆိုသလိုပင် သူ့နောက်ကျောဘက်မှ အေးစက်သော အငွေ့အသက်တစ်ခု တိုက်ခိုက်လာသည်။
သူ့မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး မွေးရာပါ ဓားအမြုတေမှာလည်း တုန်ခါသွားသည်။ အေးစက်ပြီး စူးရှသော မိစ္ဆာအငွေ့အသက်တစ်ခု ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော်လည်း ကံကောင်းစွာပင် အချိန်မီ ချေဖျက်လိုက်နိုင်သဖြင့် ဒဏ်ရာမရလိုက်ပေ။
"ဟားဟား... ထင်ထားတဲ့အတိုင်းပဲ၊ ရှင်က သာမန်မဟုတ်ဘူးပဲ။ အရင်လာစောင့်ခဲ့တဲ့ အသုံးမကျတဲ့ကောင်တွေထက် အများကြီး ပိုသန်မာတယ်"
ကလေးသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
စုချန် လန့်သွားသည်။
ဒီအသံကို သူ ကောင်းကောင်း မှတ်မိနေသည်။ ပြဿနာက အခုချိန်သည် နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေခြင်းပင်။
သူ အံ့သြစွာဖြင့် နောက်လှည့်ကြည့်လိုက်သော်လည်း ဓားသင်္ချိုင်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေပြီး အနီရောင် ဝတ်စုံနှင့် ကောင်မလေးကို အရိပ်အယောင်မျှပင် မတွေ့ရပေ။
သို့သော် သူမ၏ အသံက သူ့နား,နားကပ်ပြောနေသလိုမျိုး ပီပီသသကို ကြားနေရသည်။
ဒီခံစားမှုက သူ့ကို အတော်လေး နေရခက်စေသည်။ ကျောချမ်းသလိုလို ခံစားနေရသည်။
အနီရောင် ဝတ်စုံနှင့် ကောင်မလေးသည် ဓားသင်္ချိုင်းအတွင်းရှိ မိစ္ဆာဓားအငွေ့အသက်များ စုစည်းပြီး ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်တစ်ခုခု ဖြစ်လောက်သည်ဟု စုချန် ခန့်မှန်းမိသည်။ ဒီလို ပုံသဏ္ဌာန်ပေါ်အောင် စုစည်းနိုင်သော မိစ္ဆာဓားဝိညာဉ် ဆိုသည်မှာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ သူ မတွေးကြည့်ရဲပေ။
ထို့ကြောင့် စုချန် မကြားချင်ယောင်ဆောင်ပြီး ဓားကို ကောက်ကာ လစ်ထွက်ရန် ပြင်လိုက်သည်။
"ဟေး... ဘာလို့ ကျွန်မကို လျစ်လျူရှုနေတာလဲ။ သိပ်ရက်စက်တာပဲ..."
အသံက ထပ်ထွက်လာပြန်သည်။
"မပြေးပါနဲ့... ကျွန်မ လူမစားပါဘူး။ အခုက နေ့ခင်းကြောင်တောင်ကြီးလေ... ကျွန်မ ကိုယ်ထင်တောင် မပြနိုင်ပါဘူး"
စုချန် ဆက်ပြီး လျစ်လျူရှုထားလိုက်သည်။
"ကဲပါ... ရှင်က ဒီသံချောင်းကျိုးကြီးနဲ့ တကယ် မလိုက်ဖက်ပါဘူး။ ဒါက ဓားနတ်ဘုရားရဲ့ ဓားဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကူချန်ချင်း ကိုယ်တိုင်က သန်မာလွန်းလို့သာ ဒီဓားက အစွမ်းထက်နေတာပါ။ သူသာ ကိုင်ရင် သစ်ကိုင်းခြောက်လေး ဖြစ်နေရင်တောင် အရေးမကြီးဘူး။ ပြီးတော့ ကူချန်ချင်းက မသေသေးဘူးလေ..."
ဒီစကားကြားတော့ စုချန် အနည်းငယ် တွေဝေသွားသည်။
ဒီ [မတရားမှုကို မြင်ခြင်း] ဓားက တခြား ပိုင်ရှင်မဲ့ဓားတွေနဲ့ မတူဘူး။ သူ့ပိုင်ရှင်က သက်ရှိထင်ရှား ရှိနေသေးတယ်။
ဓားနတ်ဘုရားရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ ဒီဓားကို မလိုအပ်တော့ဘူး ဆိုပေမယ့်...
စုချန် နောက်ထပ် တစ်ချက်ကိုပါ ထည့်သွင်းစဉ်းစားရမည်။
"ဟုတ်တယ်... ဒီသံချောင်းကျိုးကြီးက ဘာများ ကောင်းနေလို့လဲ။ ကျွန်မ ရှေ့ရောက်ရင် အသက်တောင် ပြင်းပြင်း မရှူရဲဘူး! ကြွားတာတော့ မဟုတ်ဘူးနော်... ဒီဓားသင်္ချိုင်းထဲက ဓားပေါင်း တစ်သိန်းရှစ်ထောင်စလုံးက ကျွန်မ မျက်လုံးထဲမှာတော့ သံတိုသံစတွေပါပဲ!"
ကောင်မလေးက မာန်တက်စွာ ပြောလိုက်သည်။ သူမ၏ အသံတွင် မြှူဆွယ်လိုသည့် သဘောများ ပါဝင်နေသည်။
"အစ်ကိုကြီး... ရှင့်ရဲ့ ပါရမီက ထူးခြားလွန်းတယ်။ ရှင်က အနာဂါတ်မှာ ကြီးကျယ်မြင့်မြတ်မယ့်လူ ဖြစ်လာမှာ။ သာမာန်ဓားတစ်လက်က ရှင်နဲ့ ဘယ်လိုလုပ် လိုက်ဖက်မှာလဲ။ ဓားသင်္ချိုင်းရဲ့ အတွင်းပိုင်းကို လာပြီး ကျွန်မကို လာရှာပါ... ကျွန်မကမှ ရှင်နဲ့ ဖူးစာပါတဲ့သူပါ..။."
တောက်! ငါ့ကို ဓားသင်္ချိုင်း အတွင်းပိုင်းထဲ ရောက်အောင် ညာခေါ်နေတာပဲ။
ပြီးတော့ ဘာ... ဖူးစာပါတဲ့သူ ဟုတ်လား?
စုချန် သူမ၏ သေးကွေးကွေး ပုံစံလေးကို ပြန်မြင်ယောင်မိပြီး ကြက်သီးပင် ထသွားသည်။ သူက နှာဘူးမှ မဟုတ်တာ.. ဓားလိုလို ကလေးလိုလိုအပေါ်မှာတော့ ပိုလို့တောင် စိတ်မဝင်စားသေး..။
"မင်းပြောတာ မှန်ချင်မှန်မယ်... ဒါပေမဲ့ စိတ်မကောင်းပါဘူးကွာ... ငါ မင်းကို မယုံဘူး။"
စုချန် ခေါင်းခါလိုက်သည်။
အနီရောင် ဝတ်စုံနှင့် ကောင်မလေးက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။
သူမ လက်လျှော့လိုက်ရတော့သည်။
ဘာပဲဖြစ်ဖြစ် စုချန် ဓားသင်္ချိုင်းထဲမှာ ရှိနေသမျှ ကာလပါတ်လုံး နောက်ပိုင်း အခွင့်အရေးတွေ အများကြီး ရှိဦးမှာပဲလေ။ လောစရာ မလိုပါဘူး။
"လူတွေ ဘယ်ရောက်ကုန်ပြီလဲဟ... အကုန် သေကုန်ကြပြီလား။"
"စုချန်... ထွက်ခဲ့စမ်း!"
ဆူညံသံများနှင့်အတူ အပြင်ဂိုဏ်းသား ဝတ်စုံ ဝတ်ဆင်ထားသော လူအုပ်စု ဝင်ရောက်လာကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ထွားကျိုင်းသန်မာပြီး အသားမည်းမည်းနှင့် လူတစ်ယောက် ဖြစ်သည်။ ကြမ်းတမ်းသော အရှိန်အဝါများက အတားအဆီးမရှိ ထွက်ပေါ်နေသည်။
သူ့နောက်တွင်တော့ မေးစေ့ချွန်ချွန် မျောက်မျက်နှာနှင့် လူတစ်ယောက် ပါလာသည်။ သူကား စုချန် ခြောက်လှန့်လိုက်သဖြင့် ဘောင်းဘီထဲ သေးထွက်ကျလုနီးပါး ဖြစ်သွားခဲ့ရသော 'ချန်ကျင်းဟွေ့' ပင် ဖြစ်သည်။
စုချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ဒီကောင် ပြန်လာရဲသေးတယ်ပေါ့?
ပြီးခဲ့တဲ့ သင်ခန်းစာက မလောက်သေးဘူးနဲ့ တူတယ်။
"အစ်ကိုကြီး... သူပဲ... သူက စုချန်ပဲ။ အစ်ကိုကြီး... ကျွန်တော့်အတွက် တရားမျှတမှု ရအောင် လုပ်ပေးပါဦး..."
"တော်စမ်း... အသုံးမကျတဲ့ကောင်"
အသားမည်းမည်း လူထွားကြီးက စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်သည်။ သူ၏ ကြေးခေါင်းလောင်းကဲ့သို့ ပြူးကျယ်သော မျက်လုံးကြီးများဖြင့် စုချန်ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ "ကောင်လေး... မင်း ငါဘယ်သူလဲ သိလား? အပြင်ဂိုဏ်းသားတွေထဲမှာ ငါ့နာမည် 'ဝက်ဝံကြမ်း' ချန်ကျင်းရှုံ ဆို မသိတဲ့သူ မရှိဘူးကွ။ မင်းက ငါ့ညီကို ရိုက်လိုက်တယ်ဆိုတော့...ငါ့မျက်နှာဘယ်သွားထားမလဲ။ကဲ..ပြော ဒီကိစ္စကို ဘယ်လို ရှင်းကြမလဲ?"
ဝက်ဝံကြမ်း?
ဈေးပေါလိုက်တဲ့ နာမည်ပြောင်။
စုချန် စိတ်ထဲကနေ မဲ့လိုက်သော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "ချန်ကျင်းဟွေ့က ဓားသင်္ချိုင်းထဲ ကျူးကျော်ဝင်ရောက်လာလို့ ဂိုဏ်းစည်းကမ်းအရ ဆုံးမလိုက်တာ။ အဲ့ဒါတောင် ငါက ညှာပေးထားသေးတယ်။ အခု မင်းကပါ ဓားသင်္ချိုင်းထဲမှာ လာပြီး ပြဿနာ ရှာချင်နေတာလား?"
"ကောင်လေး... မင်းက ဘာတွေ မောက်မာနေတာလဲ?"
"ဓားသင်္ချိုင်း အပို့ခံရလောက်အောင်ကို အသုံးမကျတဲ့ကောင်ကများ... ကိုယ့်ကိုယ်ကိုယ် အရေးပါတဲ့လူလို့ ထင်နေတာလား?"
စုချန်က မနှိမ့်ချသလို ကြောက်ရွံ့နေခြင်းလည်းမရှိဘဲ တုံ့ပြန်လိုက်သည်ကို မြင်သောအခါ ထိုလူအုပ်စု ဒေါသထွက်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူ ချန်ကျင်းရှုံ ကတော့ အလွန် တည်ငြိမ်နေသည်။
သူက ကြမ်းတမ်းပုံ ပေါက်သော်လည်း အရူးတော့ မဟုတ်ပေ။
လွန်ခဲ့သော နှစ်များအတွင်း ဓားစောင့်ဂိုဏ်းသားများ အားနည်းကြသဖြင့် ပြင်ပလူများက ဓားသင်္ချိုင်းကို အထင်သေးကြသည်။
သို့သော် တကယ်တမ်းကျတော့ ဓားသင်္ချိုင်းသည် ရှုတောင်၏ 'တားမြစ်နယ်မြေ' နှင့် အရေးပါသော နေရာတစ်ခု ဖြစ်နေဆဲပင်။ ကျူးကျော်ဝင်ရောက်ရဲသူ မည်သူမဆို မခံနိုင်လောက်သော ပြင်းထန်သည့် အပြစ်ဒဏ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဓားစောင့်ဂိုဏ်းသား တစ်ယောက်ကို အနိုင်ကျင့်ခြင်းက အခြေအနေပေါ်မူတည်ပြီး လက်ခံနိုင်ဖွယ် ရှိသော်လည်း ဓားသင်္ချိုင်း၏ စည်းကမ်းများကိုတော့ ပေါ်တင် ချိုးဖောက်၍ မရပေ။
သို့မဟုတ်ပါက တကယ့် ဓားစောင့်အကြီးအကဲသာ သိသွားလျှင် နောက်ဆက်တွဲ အကျိုးဆက်များကို တွေးရဲစရာပင် မရှိ။
"မင်းတို့ကောင်တွေ ပါးစပ်ပိတ်ထားကြ!"
ချန်ကျင်းရှုံ တခြားလူများကို တားလိုက်ပြီး စုချန်ဘက်သို့ လှည့်ကာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ကောင်လေး... မင်း သတ္တိရှိသားပဲ။ ဒါပေမဲ့ ဒီနေ့ ငါတို့လာတာ ပြဿနာရှာဖို့ မဟုတ်ဘူး။ ငါက ဓားရွေးဖို့ လာတာ။ ပြဿနာ မရှိဘူး မဟုတ်လား?"
ဓားရွေးဖို့?
သူ့စကားကြောင့် လူတိုင်း ကြောင်အသွားကြသည်။
'အစ်ကိုကြီး... ဒီနေ့ ငါတို့လာတာ ပြဿနာရှာပြီး စုချန်ကို ပညာပေးဖို့ မဟုတ်ဘူးလား?'
ဘာလို့ အခုကျမှ ဓားရွေးဖို့ စဉ်းစားနေရတာလဲ?
စုချန်လည်း နားမလည်နိုင် ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင် ဘာအကွက်တွေ ဆင်နေတာလဲ။
ရှုတောင် ဓားသင်္ချိုင်းထဲက ဓားပျံ ပေါင်း တစ်သိန်းရှစ်ထောင် ဆိုတာ အလှပြထားတာ သက်သက်တော့ မဟုတ်ဘူးလေ။
ဂိုဏ်းသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမယ် ဆိုရင် ကိုယ်ပိုင်လက်နက် အနေနဲ့ တစ်လက် ရွေးချယ်လျှောက်ထားခွင့် ရကြသည်။
ဒါက ဓားရွေးချယ်ခြင်းပင်။
"ဓားရွေးချယ်လို့ ရတာပေါ့။ ခင်ဗျားမှာ ဓားရွေးခွင့် ရှိမရှိ အတည်ပြုနိုင်အောင် ဂိုဏ်းသား သစ်သားပြားကို အရင်ပြပါ။"
"ဓားရွေးခွင့် အရည်အချင်းလား? ဟားဟား... ငါက အခု အဲ့ဒီ အရည်အချင်းကို ရအောင် လာယူတာလေ။’
ချန်ကျင်းရှုံ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရှုတောင် ဂိုဏ်းစည်းကမ်းအရ... လုံလောက်တဲ့ 'ကုသိုလ်မှတ်' စုဆောင်းထားတဲ့ ဘယ်ဂိုဏ်းသားမဆို ဓားသင်္ချိုင်းထဲ ဝင်ပြီး ဓားရွေးခွင့်နဲ့ လဲလှယ်လို့ ရတယ်။ ဒါ့အပြင် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်... ဓားစောင့်ဂိုဏ်းသား တစ်ယောက်ကို စိန်ခေါ်ပြီး အနိုင်ယူနိုင်ရင်လည်း ရတယ်...။"
"သြော်... မင်းရဲ့ အကြံက အဲ့ဒါကိုး။"
စုချန် သဘောပေါက်သွားပြီ။
ရှုတောင် ဂိုဏ်းသားများအနေဖြင့် ဓားသင်္ချိုင်းထဲ ဝင်ပြီး ဓားရွေးရန် နည်းလမ်း နှစ်ခုသာ ရှိသည်။
ပထမတစ်ခုက ကုသိုလ်မှတ်နှင့် 'ကူညီထောက်ပံ့မှု အမှတ်' များ စုဆောင်းခြင်း၊ သို့မဟုတ် ဂိုဏ်းမှ ဆုလာဘ်များ ရယူခြင်းဖြင့် ဓားရွေးခွင့် ရရှိနိုင်သည်။
ဒုတိယတစ်ခုက ဓားစောင့်ဂိုဏ်းသား တစ်ဦးကို စိန်ခေါ်ပြီး အနိုင်ယူခြင်းဖြင့် ဓားရွေးခွင့် အခွင့်အရေး ရယူနိုင်သည်။
သို့သော် လွန်ခဲ့သော နှစ်များအတွင်း ဓားသင်္ချိုင်းသို့ ရောက်ရှိလာသော ဓားစောင့်ဂိုဏ်းသားများသည် အားနည်းသူများ သို့မဟုတ် သက်တမ်းတိုသူများသာ ဖြစ်ကြသဖြင့် ဓားသင်္ချိုင်းသည် စိန်ခေါ်မှုများကို လက်မခံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သာမာန် ဂိုဏ်းသားများ ဆိုလျှင် ဤစည်းကမ်းရှိသည်ကိုပင် သတိမရကြတော့ပေ။
ဒါပေမဲ့ ဒီစည်းကမ်းက ဂိုဏ်းမှတ်တမ်းတွေထဲမှာတော့ တကယ်တမ်း ပယ်ဖျက်ထားခြင်း မရှိသေးပေ။
ချန်ကျင်းရှုံက ဒီစည်းကမ်းကို ထုတ်ပြောလာတယ် ဆိုတော့ အခြေအမြစ် ရှိတာ သေချာသည်။
"ဟေ... ဓားစောင့်ဂိုဏ်းသားကို စိန်ခေါ်ပြီး ဓားရွေးခွင့် ယူလို့ရတယ် ဟုတ်လား? ငါတို့ တခါမှ မကြားဖူးပါလား။"
"ဟားဟား... ဓားသင်္ချိုင်းက ဓားစောင့်တွေက အကုန်လုံး အသုံးမကျတဲ့ကောင်တွေချည်းပဲ မဟုတ်လား။ ဒါဆိုရင်တော့ ငါတို့လည်း စမ်းကြည့်လို့ ရတာပေါ့။"
"အစ်ကိုကြီးရှုံက တကယ် ဗဟုသုတ စုံတာပဲ... ဒီလို စည်းကမ်းမျိုးတွေတောင် သိနေတယ်။"
ချန်ကျင်းရှုံနှင့်အတူ ပါလာသော အပြင်ဂိုဏ်းသားများ အံ့သြစွာပင် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
စုချန် စိတ်ထဲတွင် အခြေအနေ မကောင်းမှန်း သိလိုက်သည်။
ဓားသင်္ချိုင်းကို စိန်ခေါ်သည့် စည်းကမ်းသည် မကြာသေးမီ နှစ်များအတွင်း လူသိနည်းခဲ့သည်။ ချန်ကျင်းရှုံကို တစ်ယောက်ယောက်က နောက်ကွယ်မှ လမ်းညွှန်ပေးထားခြင်း ဖြစ်လောက်သည်။
ယွီထျန်းယန် လား... ဒါမှမဟုတ် သူ့ရဲ့ အတွင်းဂိုဏ်းက နောက်လိုက်တပည့်တွေလား?
စုချန် ခေါင်းလှည့်ပြီး ဓားသင်္ချိုင်း အပေါ်ထပ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
အကြီးအကဲ ကျိုး ပေါ်မလာသေးပေ။ ဒီကိစ္စကို ဝင်မပါချင်သည့် ပုံပင်။ ဘယ်လို ဖြေရှင်းမလဲ ဆိုတာက သူ့ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေသည်။
တိုက်မလား... ငြင်းမလား?
တကယ်တော့ သူသည် ယခင် ဓားစောင့်ဂိုဏ်းသားများကဲ့သို့ပင် စိန်ခေါ်မှုကို ငြင်းပယ်ပြီး ဒီပြဿနာကို ရှောင်ရှားနိုင်သည်။
ဒါပေမဲ့ အဲ့ဒီလိုလုပ်ရင် ဒီကောင်တွေက ပိုပြီး အတင့်ရဲလာကြလိမ့်မည်။ ခဏခဏ လာရှုပ်နေကြရင် သူ ဘယ်လိုလုပ် အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့မှာလဲ။
ဓားသင်္ချိုင်းမှာ စောင့်ရမှတော့ အားနည်းတဲ့ ဓားစောင့်တစ်ယောက် ဖြစ်စရာလိုလို့လား?
ဓားသမားဆိုသည်မှာ ရဲရင့်ပြတ်သားရမည်။ အခက်အခဲများကို ထိပ်တိုက် ရင်ဆိုင်နိုင်ရမည်။
သူက အခုလေးတင် အဆင့်တက်ထားတာ ဆိုတော့ လက်ယားနေတာနဲ့ အတော်ပဲ။ ဒီ ချန်ကျင်းရှုံ ဆိုတဲ့ကောင်က အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ 'လေ့ကျင့်ရေး ပစ်မှတ်' ပဲ မဟုတ်လား။
လေ့ကျင့်ဖို့ အခွင့်အရေးကောင်းပဲ။
ဒီလို တွေးလိုက်ပြီးနောက် စုချန်သည် သူ့ဘေးနားရှိ [မတရားမှုကို မြင်ခြင်း] ဓားကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"မင်း ဓားစောင့်ဂိုဏ်းသားကို စိန်ခေါ်လို့ ရပါတယ်။ ဒါပေမဲ့ စည်းကမ်းအရ... အရင်ဆုံး 'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး' ၁၀ တုံး အဖိုးအခ ပေးဆောင်ရမယ်။"
အပိုင်း ၈
အခန်း (၈) - ဘယ်သူရှိသေးလဲ?
ဓားစောင့်ဂိုဏ်းသားကို စိန်ခေါ်ရာတွင် စိန်ခေါ်ကြေး ပေးဆောင်ရမည်။
ထိုသို့ မဟုတ်ပါက မည်သူမဆို လာရောက် စိန်ခေါ်နေမည် ဖြစ်ပြီး ဓားစောင့်ဂိုဏ်းသားများမှာ တခြားအလုပ်မလုပ်ရဘဲ သူတို့ကို ဧည့်ခံနေရရုံနှင့်ပင် အချိန်ကုန်သွားပေလိမ့်မည်။
'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး' ၁၀ တုံး ဆိုသည်မှာ 'ဓားပျံ’ တစ်လက်၏ တန်ဖိုးနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။
ဓားသင်္ချိုင်းထဲက သာမန်ဓားတစ်လက် ဆိုလျှင်ပင် အပြင်လောကသို့ ရောက်သွားပါက ဝိညာဉ်ကျောက်တုံး ၁၀၀ အထက် တန်ကြေးရှိပြီး ဝယ်ချင်တိုင်းပင် ဝယ်၍ ရနိုင်မည် မဟုတ်။
သို့သော် သာမာန် ဂိုဏ်းသား တစ်ယောက်အနေဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆိုသည်မှာ မနည်းသော ပမာဏ ဖြစ်သည်။
သူတို့၏ လစဉ်ကြေး နှစ်လစာနှင့် ညီမျှသည်။
ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် မယုံကြည်ပါက အလွယ်တကူ စမ်းသပ်ခြင်း မပြုနိုင်ပေ။
ချန်ကျင်းရှုံ တစ်ယောက် နှမြောသွားသလို ခံစားလိုက်ရသည်။
သူသည် အပြင်ဂိုဏ်းသား ထိပ်တန်း အယောက်တစ်ရာ စာရင်းဝင် ဖြစ်သဖြင့် လစဉ် ဝင်ငွေ မဆိုးလှသော်လည်း ကုန်ကျစရိတ်များကလည်း များပြားလှသည်။ ဂိုဏ်းတူ အထက်လူကြီးများကို ဂါရဝပြု လက်ဆောင်ပေးရခြင်း၊ အောက်ခြေ ဂိုဏ်းသားများနှင့် မိတ်ဖွဲ့ရခြင်း၊ နောက်လိုက် ညီငယ်များကို ကျွေးမွေးရခြင်း အပြင် ကိုယ်ပိုင် ကျင့်ကြံခြင်း အတွက်ပါ သုံးစွဲရသည်။
ဒီ ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆိုသည်မှာ သူ့အတွက်လည်း ပမာဏ မနည်းလှပေ။
ညီဖြစ်သူအတွက် ဒေါသဖြေပေးရုံ သက်သက်ဆိုလျှင် ဒီလောက်ထိ လုပ်စရာ မလို။
ဒါပေမဲ့ အထက်က ဂိုဏ်းတူ အစ်ကိုကြီး တစ်ယောက်ရဲ့ ညွှန်ကြားချက်ကလည်း ရှိနေသည်လေ။ စုချန်ကို မသန်မစွမ်းဖြစ်အောင် လုပ်ပြီး ရှုတောင်ကနေ မောင်းထုတ်ပစ်ရမည်တဲ့။
ဂိုဏ်းစည်းကမ်းကို မချိုးဖောက်ဘဲ ဒီကိစ္စ အောင်မြင်ဖို့ဆိုရင် စိန်ခေါ်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
"ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆိုလည်း ၁၀ တုံးပေါ့ကွာ။ စိန်ခေါ်ပွဲမှာ အနိုင်ရရင် ဓားပျံအသစ်တစ်လက် ရွေးလို့ရမယ့်အပြင် နောက်ပိုင်းကျရင် ဂိုဏ်းတူ အစ်ကိုကြီးဆီက ဆုလာဘ်လည်း ရဦးမှာပဲ။ ဘယ်လိုကြည့်ကြည့် ငါကတော့ ရှုံးစရာ မရှိပါဘူး။"
ဒီလို တွေးလိုက်ပြီး ချန်ကျင်းရှုံသည် ရက်ရက်ရောရောပင် 'သိုလှောင်အိတ်’ ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။
စုချန် လှမ်းဖမ်းလိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးသည် သူ့လက်ထဲသို့ ရောက်ရှိလာပြီး ဝိညာဉ်စွမ်းအင် ငွေ့ငွေ့လေးများကို ထုတ်လွှတ်နေသည်။
သူ့စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်သွားသည်။
ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံခြင်းလောက ၏ အဓိက ငွေကြေးဖြစ်ပြီး ပစ္စည်းအများအပြားကို ဝယ်ယူနိုင်သည်။
ဓားစောင့်ဂိုဏ်းသား တစ်ယောက်အနေဖြင့် သူ့လစဉ်ကြေးက ၁၀ တုံးသာ ရသည်။
ဒီလို ကြည့်မယ်ဆိုရင် ဓားရွေးချယ်ပွဲ စိန်ခေါ်မှုတွေကို လက်ခံတာက ပိုက်ဆံရှာဖို့ နည်းလမ်းကောင်း တစ်ခုပဲ မဟုတ်လား?
"စိန်ခေါ်မှုကို လက်ခံပြီးပြီ ဆိုတော့... စကြတာပေါ့!"
ချန်ကျင်းရှုံ၏ မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။
"စိန်ခေါ်ပွဲဆိုတာ အသက်အသေအရှင်ကို ကံတရားကပဲ ဆုံးဖြတ်ပေးတာ... သင်္ချိုင်းစောင့်လေး... မင်း ကံကောင်းပါစေလို့ ဆုတောင်းထားလိုက်တော့။"
သူ၏ အရှိန်အဝါ သည် ချက်ချင်းပင် ကြမ်းတမ်းလာပြီး မြေဓာတ်ခံမှော်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားရာ ကျောက်သား ချပ်ဝတ်တန်ဆာ ထူထူထဲထဲ ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သွားသည်။
သူ လက်သီးဖြင့် ထိုးလိုက်ရာ ကြီးမားသော ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ စွမ်းအင်များ လိမ့်တက်လာပြီး အရှိန်အဟုန်မှာ ကြောက်ခမန်းလိလိပင်။
"ကောင်းတယ်! အစ်ကိုကြီးရှုံက သိပ်သန်မာတာပဲ!"
"ဒီကောင်လေးကို မှတ်လောက်သားလောက်အောင် ရိုက်နှက်ပစ်လိုက်... အပြင်ဂိုဏ်းသား ထိပ်တန်း အယောက်တစ်ရာဝင် တစ်ယောက်ရဲ့ တန်ဖိုးကို သိသွားပါစေ။!"
ချန်ကျင်းဟွေ့ နှင့် တခြားလူများက ထိုမြင်ကွင်းကို ကြည့်ပြီး ကျယ်လောင်စွာ အားပေးနေကြသည်။
"ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်!"
စုချန်၏ မျက်နှာထား အနည်းငယ် တည်ကြည်သွားသည်။
ဒီ ချန်ကျင်းရှုံက ချန်ကျင်းဟွေ့လို လူပျော့ မဟုတ်ဘူးပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ဘူး။ မြေဓာတ် မှော်စွမ်းအင်ကို ကျင့်ကြံထားပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းကာ အင်အားသုံး ဖိနှိပ်သည့် လမ်းစဉ်ကို လိုက်ပုံရသည်။
စုချန်က မအ,ပါဘူး။ သူ့ရဲ့ မွေးရာပါ အမြုတေက အမြင့်ဆုံး စွမ်းရည်ကို မရောက်သေးဘူးလေ။
သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ပြိုင်ဘက်ထက် နိမ့်ကျနေသေးတော့ ထိပ်တိုက် ဘယ်ရင်ဆိုင်ပါ့မလဲ။
ထို့ကြောင့် ခြေဖျားလေးဖြင့် မြေကြီးကို အသာတို့လိုက်ပြီး ခန္ဓာကိုယ်ကို လေပေါ်သို့ မြှောက်လိုက်သည်။ ကြယ်အလင်းရောင် မှိန်မှိန်လေးများ ထွက်ပေါ်လာပြီး ‘’မြောက်ဘက် ခုနစ်စဉ်ကြယ် ခြေကွက်' ဖြင့် ရွေ့လျားလိုက်ရာ ချန်ကျင်းရှုံ၏ ပြင်းထန်လေးလံသော တိုက်ခိုက်မှုများ အားလုံး လွဲချော်သွားလေသည်။
ဒါက ချန်ကျင်းရှုံကို ဒေါသထွက်စေပြီး အကြိမ်ကြိမ် ကြုံးဝါးနေမိစေသည်။
စုချန်သည် အကွာအဝေး တစ်ခုယူလိုက်ပြီး သူ့လက်ဝါးမှ ဓားငွေ့စွမ်းအားများသည် မိုးမခရွက်များကဲ့သို့ ထက်မြက်စူးရှစွာဖြင့် စတင်ပစ်ခတ်တိုက်ခိုက်လိုက်သည်။
ပြိုင်ဘက်၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်သား ချပ်ဝတ်တန်ဆာများ အက်ကွဲသွားပြီး ကျောက်စများ လွင့်စင်သွားသည်အထိ ဖြစ်သွားသည်။
"သတ္တိမရှိတဲ့ကောင်! မင်းက ပုန်းပြီး လက်သီးပုန်းပဲ ပစ်တတ်တာလား?"
ချန်ကျင်းရှုံသည် တစ်ချိန်လုံး အဝေးမှ လှည့်ပတ်တိုက်ခိုက် ခံနေရသဖြင့် ယခုအခါ ဒေါသအကြီးအကျယ် ထွက်နေပြီ ဖြစ်သည်။ သူ ငေါက်ငမ်းလိုက်ပြီး လက်ဝါးမှလည်း မှော်စွမ်းအင်များကို စုစည်းကာ ကြီးမားသော ကျောက်ဓားကြီး တစ်လက် ဖန်တီးလိုက်သည်။
ထိုဓားကြီးကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများ တိုက်ခတ်လာပြီး ဧရာမ လေရဟတ်ကြီး တစ်ခုကဲ့သို့ ဖြစ်သွားရာ သဲမှုန့် ဖုန်မှုန့်တို့က မြင်ကွင်းထဲ တလကြမ်း ဝင်ရောက်လာကြသည်။
ကွင်းပြင်၏ မြေမျက်နှာသွင်ပြင် ကန့်သတ်ချက်ကြောင့် ယခုအခါ စုချန်မှာ ထောင့်ကပ်သွားပြီး ပုန်းရှောင်စရာ နေရာမရှိတော့ပေ။
သို့သော် သူ မထိတ်လန့်ပေ။
သူ အဝေးကနေ ရှောင်တိမ်း တိုက်ခိုက်နေခြင်းမှာ ပြိုင်ဘက်ကို ကြောက်၍ မဟုတ်ဘဲ မိမိခွန်အားကို တတ်နိုင်သမျှ ချွေတာပြီး အဆုံးအဖြတ်ပေးနိုင်မည့် ဓားချက်တစ်ချက်သာ ထုတ်နိုင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။
"အခုပဲ။”
စုချန် မျက်လုံးများ စူးရှသွားပြီး အခွင့်ကောင်းကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။
ယခုအချိန်တွင် ချန်ကျင်းရှုံသည် စုချန် ထွက်ပြေးမရအောင် ပိတ်ဆို့ရန်အတွက် နေရာကျယ် တိုက်ခိုက်မှု ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ကြည့်ရတာ ကြမ်းတမ်းပုံ ပေါ်သော်လည်း တကယ်တမ်းတွင် တိုက်ခိုက်သူဘက်က ဟာကွက်များ ပိုများလာသည်။
စုချန်သည် အသင့်ပြင်ထားသော [မတရားမှုကို မြင်ခြင်း] ဓားကို 'ချွင်' ခနဲ အသံမြည်အောင် ဆွဲထုတ်လိုက်သည်။
အဝါရောင်အဆင့် အလယ်အလတ်တန်းစား ဓားသိုင်းစဉ်ထဲမှ 'ဓားဆွဲထုတ် ပိုင်းဖြတ်ခြင်း'သိုင်းကွက်ကို သူထုတ်သုံးလိုက်သည်။
ဒါက [ကျားလိုက်ခြင်း] ဟု အမည်ရသော ဓားတစ်လက်မှ သူ နားလည်သင်ယူခဲ့သော ဓားသိုင်းတစ်မျိုးဖြစ်သည်။
ကြည်လင်ပြတ်သားသော သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး မီးပွားစ များ လွင့်စင်သွားသည်။
ဓားထိပ်ဖျားသည် လေရဟတ် တိုက်ကွက်၏ ဟာကွက်ကြားမှ တိကျစွာ ထိုးဖောက်ဝင်ရောက်သွားပြီး ကျောက်ဓားကြီး၏ ကိုယ်ထည်ကို ရိုက်ခတ်လိုက်သည်။ ထက်မြက်သော ဓားငွေ့ အင် ပေါက်ကွဲထွက်လာပြီး ချန်ကျင်းရှုံ၏ တိုက်စစ်သည် ရုတ်တရက် ရပ်တန့်သွားသလို ဖြစ်သွားသည်။
သူ အော်ဟစ်လိုက်မိပြီး လက်မနှင့် လက်ညှိုးကြား ကျားပါးစပ်နေရာမှာ စုတ်ပြဲသွားသော နာကျင်မှုကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် အေးစက်သော အလင်းတန်းတစ်ခုသည် လျှပ်စီးပမာ လျင်မြန်စွာ သူ့ထံ တိုးဝင်လာပြီး သူ ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်ခင် ပခုံးဆီမှာလည်း စူးရှသော နာကျင်မှု ရောက်ရှိလာကာ သွေးများ ဖြာခနဲပင် ပန်းထွက်သွားလေသည်။
ချန်ကျင်းရှုံ အော်ဟစ်ကာ လဲကျသွားပြီး ဖြစ်ပုံမှာ ညာဘက်လက်မောင်းကို ဓားအလင်းတန်းက ထိုးဖောက်သွားခြင်း ဖြစ်ဟန်တူသည်။ လက်ဖဝါးမှ ပုခုံးအထိ အရိုးများနှင့် သွေးကြောများသည် ဓားငွေ့စွမ်းအားကြောင့် ထိခိုက်သွားပြီး မျက်နှာဖြူဖျော့စွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားလေသည်။
"စိန်ခေါ်မှု ကျရှုံးတယ်"
စုချန် ဓားကို ပြန်သိမ်းလိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။
နေရာမှာ ရှိနေသူ အားလုံးသည် ထိုကျမှ အသိပြန်ဝင်လာကြပြီး ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်နေကြသည်။
စောစောက ချန်ကျင်းရှုံက အသာစီး ရနေတာလေ... ဘယ်လိုလုပ် မျက်တောင်တခတ် အတွင်းမှာ ရှုံးသွားရတာလဲ?
ဒီ စုချန်ရဲ့ ကျင့်ကြံခြင်းအဆင့်က သာမန်ပါပဲ။
ဒါပေမဲ့ သူ့ရဲ့ ဓားသိုင်းကတော့ ကြောက်ဖို့ ကောင်းလွန်းတယ်။
လှုပ်ရှားမှုတိုင်း၊ ဟန်ပန်တိုင်းက နှစ်ပေါင်းများစွာ လေ့ကျင့်ထားသလိုမျိုး ဖြစ်နေပြီး တိုက်ခိုက်လိုက်တာနဲ့ အသက်အန္တရာယ် ရှိတဲ့နေရာကို တန်းပြီး ချိန်ရွယ်နိုင်တယ်။
စောစောကသာ စုချန် တမင်တကာ လက်မဝက်လောက် လမ်းကြောင်း မလွှဲပေးလိုက်ရင် ချန်ကျင်းရှုံ တစ်ယောက် အသေကောင် ဖြစ်နေလောက်ပြီ။
"ဘယ်သူ တိုက်ချင်သေးလဲ?"
စုချန် ဓားကို ကိုင်လျက် မတ်မတ်ရပ်နေပြီး ရှိနေသူ အားလုံးကို အေးစက်စွာ ဝေ့ကြည့်ရင်း မေးလိုက်သည်။
ချန်ကျင်းဟွေ့ တုန်လှုပ်သွားပြီး အကြည့်ချင်းပင် မဆုံရဲတော့ပေ။ တခြားလူများလည်း ခေါင်းလွှဲသွားကြသည်။
လာနောက်နေတာလားကွာ... အစ်ကိုကြီးရှုံ တောင် ရှုံးသွားတာ။ ငါတို့ရဲ့ မပြောပလောက်တဲ့ ကျင့်ကြံခြင်းအဆင့်လေးနဲ့ ဘယ်လိုလုပ် စိန်ခေါ်တိုက်ရဲမှာလဲ?
စင်ပေါ်တက် စိန်ခေါ်ပြီး ပိုက်ဆံသွားလှူရမှာလား?
"သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."ဟု ပြောရင်း မြေပြင်ပေါ်မှ ချန်ကျင်းရှုံသည် ပုခုံးမှ သွေးကြောများကို ပိတ်လိုက်ပြီး အံကြိတ်ကာ မတ်တတ်ရပ်လိုက်သည်။ သူ့မျက်နှာတွင် ခံစားချက်ပေါင်းစုံ ရောပြွန်းနေသည်။
သူက ကြမ်းတမ်းပုံ ပေါက်ပေမယ့် အရူးတော့ မဟုတ်ပါဘူး။
စောစောက စုချန်ရဲ့ ဓားချက်သာ လက်မဝက်လောက် လွှဲမပေးသွားရင် သူသေနေလောက်ပြီ။
ဒါပေမဲ့ အရေးကြီးတဲ့ အချိန်မှာ စုချန်က ထိန်းလိုက်ပြီး သူ့အသက်ကို မယူဘဲ လက်မောင်းတစ်ဖက်ကိုပဲ ဒဏ်ရာရစေခဲ့တယ်။ ဒါက သက်ညှာပေးတာ မဟုတ်ရင် ဘာဖြစ်မလဲ?
"ဒါက ဓားရွေးဖို့ စိန်ခေါ်ပွဲ သက်သက်ပဲလေ... အသက်အသေအရှင် တိုက်ပွဲမှ မဟုတ်တာ။ ငါက မင်းကို ဘာကိစ္စ သတ်ရမှာလဲ?"
စုချန် ခေါင်းခါလိုက်သည်။
မူလကတော့ သူလည်း အခွင့်အရေးယူပြီး တစ်ဖက်လူကို သတ်ပစ်ဖို့ စဉ်းစားခဲ့သေးသည်။ ဒါမှ မသမာသူတွေ လန့်သွားပြီး နောက်တစ်ခါ လာမရှုပ်ရဲကြအောင်ပေါ့။
ဒါပေမဲ့ ပြန်တွေးကြည့်တော့ ဒီ ချန်ညီအစ်ကိုတွေက နယ်ရုပ်လေးတွေ သက်သက်ပဲလေ။
သူ့ကို သတ်လိုက်ရုံနဲ့ ယွီထျန်းယန်ရဲ့ နောက်လိုက်တွေက ကြောက်သွားမှာမှ မဟုတ်တာ။
လာမယ့်ဘေးကတော့ ပြေးလို့လွတ်မှာ မဟုတ်ဘူး။
ဓားရွေးပွဲ စိန်ခေါ်မှုမှာ လူသတ်လိုက်တာက ကောင်းတဲ့ကိစ္စမှ မဟုတ်တာ။ နောက်ဆိုရင် ဘယ်သူကများ ဓားသင်္ချိုင်းကိုလာပြီး ဓားရွေးရဲကြတော့မှာလဲ?
သူက ဒီအခွင့်အရေးကို သုံးပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာချင်သေးတယ်လေ။
"အခြား စိန်ခေါ်မယ့်လူ မရှိတော့ရင် ပြန်ကြတော့။ နောက်တစ်ခါ ထပ်လာချင်ရင်လည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး လုံလောက်အောင် ယူလာဖို့တော့ မမေ့နဲ့"
စုချန် လက်ကာပြပြီး ပြောလိုက်သည်။
အားလုံး၏ မျက်နှာများမှာ ပျက်ယွင်းနေကြသည်။ ချန်ကျင်းဟွေ့လည်း လက်စားချေဖို့ အကြောင်း မပြောရဲတော့ဘဲ သူ့အစ်ကိုကို တွဲပြီး ထွက်ခွာသွားကြသည်။
မထွက်ခွာခင် ချန်ကျင်းရှုံ ရပ်တန့်လိုက်ပြီး အကြာကြီး တွေဝေနေပြီးမှ ပြောလိုက်သည်။ "မင်းက အတွင်းစည်း အမွေခံဂိုဏ်းသား တစ်ယောက်နဲ့ ပြဿနာ ဖြစ်ထားတာဆိုတော့ ရှေ့လျှောက် မင်းဘဝက ခက်ခဲတော့မှာ သေချာတယ်။ တစ်ယောက်ယောက်က မင်းနဲ့ ယွဲ့လျိုရွှမ်းတို့ရဲ့ စေ့စပ်ပွဲအကြောင်း တမင် သတင်းဖြန့်နေတယ်။ နောက်ပိုင်း မင်း ပြဿနာတွေ ပြတ်မှာကို မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...။"
သူ့ရဲ့ အဆင့်အတန်းနဲ့ ရပ်တည်မှုအရ ဒီလောက်ပဲ သတိပေးနိုင်ပါသည်။
စုချန် သူ့ကို မသတ်ဘဲ အသက်ချမ်းသာပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါတော့။
"ထင်တဲ့အတိုင်းပဲ... ယွီထျန်းယန်ရဲ့ လက်အောက်ငယ်သားတွေက မြှောက်ပင့်ပေးလိုက်တာပေါ့?"
စုချန် တိတ်ဆိတ်စွာ တွေးတောနေမိသည်။
ယွဲ့လျိုရွှမ်း ဆိုတဲ့ မိန်းမက တကယ်ကို ပြဿနာတွေ အများကြီး သယ်လာပေးတာပဲ။
ဒါပေမဲ့ သူမ ပေးလိုက်တဲ့ ကျောက်စိမ်းနှင်းစက် ဆေးလုံးကို တွေးလိုက်မိတော့ စိတ်သက်သာရာ ရသွားသည်။
သူမရဲ့ သီးသန့်ကျင့်ကြံခြင်းကရော ဘယ်လို အခြေအနေ ရှိနေပြီလဲ မသိဘူး။
"ပြဿနာ ဆိုတာကတော့ ရှိစမြဲပဲလေ။ စစ်သည်လာရင် ရင်ဆိုင်တားမယ်၊ ရေစီးလာရင် တာတမံနဲ့ ကာမယ်။ ငါ လုပ်နိုင်တာကတော့ ကိုယ့်ခွန်အားကို တတ်နိုင်သမျှ တိုးတက်အောင် လုပ်ဖို့ပဲ။ သူမရဲ့ အကာအကွယ်ကို တသက်လုံး မှီခိုနေလို့မှ မရတာ။"
စဉ်းစားရင်းနှင့် စုချန်သည် [မတရားမှုကို မြင်ခြင်း] ဓားကို ယူပြီး သူ့အခန်းဆီသို့ ပြန်သွားလိုက်သည်။
'ဓားသိုင်း ကျင့်စဉ်’ ကို သူ သေချာ စတင် ကျင့်ကြံရတော့မည် ဖြစ်သည်။
ထိုအချိန်တွင်... ဓားသင်္ချိုင်း ထိပ်ဆုံးရှိ မိစ္ဆာအငွေ့အသက် ဝဲဂယက်ကြီး အတွင်း၌...
အဘိုးအိုကျိုးသည် အစမှ အဆုံးတိုင် အဖြစ်အပျက် အားလုံးကို မြင်တွေ့လိုက်ရပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
စုချန်၏ စွမ်းဆောင်ရည်သည် သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။
မူလကတော့ စုချန်သည် ယခင် ဓားစောင့်ဂိုဏ်းသားများ လိုပင် ကြောက်လန့်ပြီး ဆုတ်ခွာသွားလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။
ဒါပေမဲ့ မထင်မှတ်ထားဘဲ စုချန်က စိန်ခေါ်မှုကို လက်ခံခဲ့ရုံသာမက ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။ ပြီးတော့ နောက်ဆုံးမှာ အနိုင်ယူခဲ့ပေမယ့် မသတ်ဘဲ ညှာတာတဲ့ စိတ်ဓာတ်ကိုပါ ပြသခဲ့သည်။
ဟိုအိမ်ကခွေးနဲ့ ဒီအိမ်ကခွေး ရှူးတိုက် ကိုက်သတ်ရင်း ဇာတ်တူသားစား နေကြတဲ့ ဒီလို ကျင့်ကြံခြင်းလောကမှာ သူ့လိုစိတ်ဓာတ်မျိုးက ရှားပါးသည်။
"ငါမှတ်မိသလောက် ဒီကောင်လေး စရောက်တုန်းက 'ချီသန့်စင်ခြင်း ပထမအဆင့်' ပဲ ရှိသေးတာ... ရက်ပိုင်းလေးပဲ ရှိသေးတယ်၊ ကျင့်ကြံခြင်းအဆင့်က ဒီလောက် မြန်မြန် တိုးတက်လာတယ်ပေါ့။ ကြည့်ရတာ သူက တကယ်ကို ထူးခြားတဲ့ အရည်အသွေး ရှိပုံရတယ်။ ဓားသင်္ချိုင်းကို ရောက်လာတာက သူ့အတွက်တော့ ကံဆိုးမိုးမှောင်ကျတာ မဟုတ်ဘဲ ကောင်းချီးတစ်ခု ဖြစ်နေသလိုပဲ...။"
သည်လိုဖြင့် အဘိုးအိုကျိုး အတွေးထဲနစ်နေလေသည်။
သူကား အိုမင်းနေပြီ။ ခန္ဓာကိုယ်ကလည်း တစ်နှစ်ထက် တစ်နှစ် အားနည်းလာသည်။ ဓားသင်္ချိုင်းကို ဖိနှိပ်ထိန်းချုပ်ထားရသည့် အတွက် ဒီဘဝမှာ နောက်ထပ် အဆင့်တက်ဖို့ အခွင့်အရေး မရှိတော့ပေ။
သူ့မီးစာကုန်ပြီး ဆီခမ်းမယ့်နေ့ကတော့ အနှေးနဲ့အမြန် ရောက်လာမှာပဲ။
ဓားသင်္ချိုင်း အနေနဲ့လည်း... တကယ့် ဓားစောင့် မျိုးဆက်သစ် တစ်ယောက်ကို ပျိုးထောင်ဖို့ စဉ်းစားသင့်နေပြီ ထင်တယ်။