← Chapters

အခန်း (၉+၁၀)

Vol. 1 Ch. 9+10

အခန်း (၉+၁၀)

Vol. 1 Ch. 9+10

အခန်း (၉) - မွေးရာပါ ဓားအမြုတေ

ဓားသင်္ချိုင်းတွင် ချန်ကျင်းရှုံ စိန်ခေါ်ခဲ့သည့် သတင်းသည် နောက်ကွယ်မှ ကြိုးကိုင်သူများကြောင့် အပြင်ဂိုဏ်းသားများကြားတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

တချို့က စုချန်၏ အင်အားကို အံ့သြနေကြသည်။ အားကောင်းမောင်းသန် ချန်ကျင်းရှုံကိုပင် အနိုင်ယူလိုက်နိုင်သည် မဟုတ်လား။

တချို့ကတော့ ချန်ကျင်းရှုံသည် နာမည်ကြီးရုံသာ ရှိပြီး တကယ့်လက်တွေ့တွင် အားနည်းလွန်းသည်ဟု ထင်မြင်ကြသည်။

လက်ရှိ ဓားစောင့်ဂိုဏ်းသားသည် ဓားရွေးချယ်ပွဲ စိန်ခေါ်မှုကို လက်ခံရဲမှတော့ လူအများအပြား စမ်းသပ်ချင်လာကြသည်။

ဘာပဲပြောပြော ဂိုဏ်းအတွက် ကောင်းမှုကုသိုလ် လုပ်ရင်း အမှတ်စုပြီး ဓားရွေးခွင့်ရဖို့ဆိုတာ မလွယ်ကူလှ။

ယင်းနှင့် ယှဉ်လိုက်လျှင် ဂိုဏ်းထဲဝင်ကာစ ဓားစောင့်ဂိုဏ်းသား တစ်ယောက်ကို အနိုင်ယူဖို့ဆိုတာ အများကြီး ပိုလွယ်ကူမည်မှာ သေချာသည်။

ခဏတာ အတွင်းမှာပင် လူအများအပြား လက်ပိုက်ဖြုတ်ကာ ဓားသင်္ချိုင်းတွင် သူတို့၏ အရည်အချင်းကို စမ်းသပ်ရန် အဆင်သင့် ဖြစ်နေကြသည်။

စုချန်ကတော့ ဒီအကြောင်းတွေကို လောလောဆယ် မသိသေးပေ။

သူသည် အခန်းထဲတွင် တင်ပျဉ်ခွေထိုင်လျက် [မတရားမှုကို မြင်ခြင်း] ဓားကို ပေါင်ပေါ်တွင် တင်ထားသည်။

ထို့နောက် ‘ဓားသိုင်းကျင့်စဉ်’နှင့် စိတ်ဝိညာဉ် ကျင့်စဉ်ကို လှည့်ပတ်ကာ ပညာနွှေးနေလိုက်သည်။

သူ၏ သွေးနှင့် ချီစွမ်းအင် အငွေ့အသက် တစ်မျှင်သည် ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သံဓားကြီးထဲသို့ တိုးဝင်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူ့၏ မွေးရာပါ ဓားအမြုတေသည် သွေးနံ့ရသော ငါးမန်းတစ်ကောင်ကဲ့သို့ ရုတ်တရက် တုန်ခါသွားပြန်သည်။

ထို သွေးနှင့် ချီစွမ်းအင် အငွေ့အသက်ကို ချက်ချင်းပင် ပြန်လည် ဆွဲယူ ဝါးမျိုလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ စွမ်းအင်‌ကြော နက်ရှိုင်းသော တစ်နေရာတွင် ဝေ‌ဝေဝါးဝါး ရွှေရောင် ဓားအရိပ်တစ်ခု စုစည်းပုံ‌ပေါ်လာသည်။

'ဓားသိုင်းကျင့်စဉ်’ လည်ပတ်နေသည်နှင့်အမျှ ထိုခန္ဓာကိုယ်တွင်းရှိ ဓားအရိပ်သည် တဖြည်းဖြည်း ကြည်လင်ပြတ်သားလာပြီး ရုပ်လုံးအသွင်သို့ ပြောင်းလဲလာသည်။

"ဒါ ဘာဖြစ်တာလဲ?"

စုချန် ကြောင်အသွားသည်။

စိတ်ကူးယဉ် ပုံရိပ်ထဲတွင် ကူချန်ချင်း ကျင့်ကြံခဲ့စဉ်က ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။

ဒါသည် သူ့၏ မွေးရာပါ ဓားအမြု‌တေကြောင့် ဖြစ်လောက်သည်။

"ငါ့မှာ မွေးရာပါ ဓားအမြုတေ ရှိနေတဲ့အတွက် 'ဓားသိုင်းကျင့်စဉ်’ ကို ကျင့်ကြံတဲ့အခါ ပြင်ပဓားကို မပျိုးထောင်ရဘဲ ငါ့ခန္ဓာကိုယ်ကို ဓားအဖြစ်တိုက်ရိုက် ပျိုးထောင်လို့ ရနေတာလား? စွမ်းအင်‌ကြောထဲက ဓားအရိပ်က မွေးရာပါ ဓားအမြုတေရှင်အဖြစ် ဖန်တီးပေးလိုက်တဲ့ 'မွေးရာပါ ဓားအမြုတေ' များလား?"

ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ စုချန် တစ်စုံတစ်ခုကို နားလည်လိုက်သည်။

ဒါ သိပ်ကောင်းတာပဲ။

'ဓားသိုင်းကျင့်စဉ်'က ကောင်းမွန်သော်လည်း ကျင့်ရသည့် ဓားသည် နောက်ဆုံးတွင် ပြင်ပအရာဝတ္ထုသာ ဖြစ်သည်။

အကယ်၍ ကိုယ့်ခန္ဓာကိုယ်ကိုသာ ဓားအဖြစ် တိုက်ရိုက် ပျိုးထောင်နိုင်မည် ဆိုပါက သူသည် ဆိုဖွယ်ရာမရှိ ပိုမို စွမ်းအားကြီးလာမည်မှာ အသေအချာပင်။

ဒီ မွေးရာပါ ဓားအမြုတေ ဖြစ်ပေါ်လာသည်နှင့် စုချန်၏ ခန္ဓာကိုယ်ထဲရှိ ဓားငွေ့စွမ်းအားများသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို သန့်စင်တိုးပွားလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

အကယ်၍ ယခုစွမ်းအင်ဖြင့် ဓားသိုင်းကွက်များကို တွဲဖက်ကျင့်သုံးလိုက်ပါက တိုက်ခိုက်ရေးစွမ်းရည်များ အလွန်အမင်းပင် တိုးတက်လာလိမ့်မည်။

ဒါတင်မကသေး၊ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံသည်လည်း အများကြီး တိုးတက်လာပုံရသည်။

အသား၊ အကြော၊ အရိုးများသည် မီးဖိုထဲတွင် သံကို အထပ်ထပ် ထုနှက်နေသကဲ့သို့ အညစ်အကြေးများ စွန့်ထုတ်ကာ အခေါက်တိုင်းမှာ ပိုမို ကြံ့ခိုင်လာပြီး အစွမ်းထက်လာသည်။

သူ၏ သွေးကြောများနှင့် စွမ်းအင်‌ကြောလည်း ကျယ်ပြန့်ခိုင်မာလာသည်။

"သိပ်ကောင်းတယ်။'ဓားသိုင်းကျင့်စဉ်' နဲ့ 'မွေးရာပါ ဓားအမြုတေ’ ပေါင်းစပ်လိုက်တာက တကယ့်ကို ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပဲ။”

စုချန် အလွန် ဝမ်းသာသွားသည်။

ကောင်းကင်အဆင့်ရှိ စိတ်ဝိညာဉ် ကျင့်စဉ် ဆိုတဲ့အတိုင်း တကယ်ကို နာမည်နဲ့လိုက်အောင် စွမ်းတာပဲ။

ထို့အပြင် ဤ ဓားသိုင်းကျင့်စဉ်၏ အကြီးမားဆုံး ဝိသေသမှာ ကြီးထွားနိုင်မှု စွမ်းအားပင်။

ဓားသိုင်းကို ကြာကြာ ကျင့်ကြံလေလေ စွမ်းအား ပိုကြီးမားတိုးပွားလေလေ ဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင်‌ဆိုလျှင်တော့... ဓားအမြုတေကို ကြာကြာ ပျိုးထောင်လေလေ၊ သူ့ခန္ဓာကိုယ် ပိုမို အစွမ်းထက်သန်မာလေလေ ဖြစ်လာလိမ့်မည်။ ဒီလိုသာဆို တစ်နေ့တွင် သူ့ခန္ဓာကိုယ်ကို 'မှော်ဝင်ရတနာ' ၊ 'ဝိညာဉ်ရတနာ' ၊ သို့မဟုတ် 'နတ်ဘုရားခန္ဓာ' နှင့် ယှဉ်နိုင်သည့်အထိ ပျိုးထောင်နိုင်လိမ့်မည်။

ခန္ဓာကိုယ်ထဲရှိ ဓားအမြုတေသည်လည်း အဆက်မပြတ် ကြီးထွားလာမည်ဖြစ်ပြီး ဓားငွေ့ စွမ်းအားများကို မပြတ်မြှင့်တင်ပေးလိမ့်မည်။

အနာဂတ်တွင် ထူးခြားသော 'မြင့်မြတ်နတ်စွမ်းရည်' အချို့ကိုပင် ကျင့်ကြံနိုင်လောက်သည်။

ဒါက ပြင်ပ‌လောကရဲ့ လက်စွဲတော်ဓားတစ်လက်ကို ရိုးရိုးလေး ပျိုးထောင်တာထက် အများကြီး ပိုမိုက်တယ်။

သို့သော်... ပေးဆပ်ရမည်ကလည်း ပိုများသည်။

ယခု စိန်ခေါ်ပွဲ ခဏလေး အတွင်းမှာပင် စုချန်သည် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရပြီး သွေးနှင့် စွမ်းအင်များ အကြီးအကျယ် ကုန်ခမ်းသွားသည်။

သူ မပေါ့ဆရဲတော့ဘဲ 'ကျောက်စိမ်းနှင်းစက် ဆေးလုံး' နောက်တစ်လုံးကို အမြန်ထုတ်ပြီး မျိုချလိုက်သည်။

ထိုအခါမှသာ သူ့၏ 'မူလစွမ်းအင်' အနေအထားသို့ တဖြည်းဖြည်း ပြန်လည် ပြည့်ဝလာသည်။

ကျောက်စိမ်းနှင်းစက် ဆေးလုံးသည် အတွင်းအား စွမ်းအင်အုတ်မြစ်ကို ခိုင်မာစေပြီး မူလအတွင်းအားကို ပျိုးထောင်ပေးရာ အာနိသင် အလွန် ထက်မြက်သည်။ မူလက စုချန်သည် တစ်နေ့လျှင် တစ်လုံး သောက်ရုံဖြင့် ခန္ဓာကိုယ် ခွန်အား ပြည့်ဝနေသော်လည်း ယခုအခါ ‘ဓားသိုင်းကျင့်စဉ်’ ကို ကျင့်ကြံရန်အတွက် ဆေးပမာဏ တိုးမြှင့်ရတော့မည်။

ကံကောင်းစွာပင် ဒီဆေးလုံးက အဆင့်အလွန်မြင့်သဖြင့် အများအပြား သောက်သုံးလျှင်လည်း ဘေးထွက်ဆိုးကျိုး ရှိမည် မဟုတ်ပေ။

နောက်တစ်နေ့တွင်...

စုချန်သည် ‘ဓားသိုင်းကျင့်စဉ်’ ကို အခြေခံ တတ်မြောက်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီး စွမ်းအင်ကြောထဲရှိ ဓားအမြုတေသည်လည်း အကြမ်းဖျင်း ရုပ်လုံးရုပ်သွင်ပေါ်လာပြီ ဖြစ်သည်။

စိန်ခေါ်ပွဲအပြီး နေ့ရက်များတွင် ပုံမှန်အတိုင်းပင် သူ ဓားသင်္ချိုင်းသို့ ပြန်သွားပြီး ဓားများကို ဆက်လက် သန့်စင်သည်။

မွေးရာပါ ဓားအမြုတေ ပါရှိလာသဖြင့် မိစ္ဆာဓားအငွေ့အသက် စုပ်ယူနိုင်မှု နှုန်းသည် သိသိသာသာကို မြင့်တက်လာသည်။

မူလက သူသည် တစ်နေ့လျှင် သာမန်ဓား ၄ လက်မှ မိစ္ဆာအငွေ့အသက်ကိုသာ အများဆုံး စုပ်ယူနိုင်သော်လည်း ယခုအခါ ၇ လက်အထိ တိုးလာသည်။

စွမ်းဆောင်ရည် အများကြီး တိုးတက်လာခြင်း ဖြစ်သည်။

ထိုသို့ဖြင့် စုချန်သည် နေ့စဉ် ဓားသန့်စင်ခြင်း၊ မိစ္ဆာဓားအငွေ့အသက် စုပ်ယူခြင်း၊ ဆေးလုံး သောက်သုံးခြင်းနှင့် ဓားသိုင်းကျင့်စဥ်' စသည့် ကျင့်ကြံခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ သူ့အင်အားသည် အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

မကြာမီမှာပင် သူသည် 'ချီသန့်စင်ခြင်း ပဉ္စမအဆင့်' သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ထိုအချိန်တွင် ယွဲ့လျိုရွှမ်း ပေးထားသော ကျောက်စိမ်းနှင်းစက် ဆေးလုံးများ ကုန်ခါနီး ဖြစ်နေပြီ။

ဆေးလုံး အကူအညီ မပါဘဲနှင့်ဆိုလျှင် 'ဓားသိုင်းကျင့်စဉ်’ ကျင့်ကြံမှုသည် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

ကံကောင်းစွာပင် စုချန်လက်ထဲ၌ ဝိညာဉ်ကျောက်တုံး အချို့ ရှိနေသေးသဖြင့် အချိန်ယူကာ ဂိုဏ်း ဈေးတန်း သို့ သွားရောက်ပြီး 'ခန္ဓာကိုယ် သန့်စင်ဆေးလုံး' များ ဝယ်ယူရန် စီစဉ်ထားလိုက်သည်။

ကျောက်စိမ်းနှင်းစက် ဆေးလုံး အဆင့်မျိုးကိုတော့ သေချာပေါက် ဝယ်ယူ၍ ရနိုင်မည် မဟုတ်ပေ။

လက်ရှိ ဈေးကွက်တွင် အတွေ့ရ အများဆုံး ခန္ဓာကိုယ် သန့်စင်ဆေးလုံးများမှာ 'ကျားရိုး ဆေးလုံး' နှင့် 'ရွှမ်ဟွမ် ဆေးလုံး' တို့ ဖြစ်ကြသည်။

ပထမတစ်ခုသည် 'ယာအို သားရဲ' များ၏ အသားနှင့် သွေးများဖြင့် ဖော်စပ်ထားပြီး အာနိသင် ထိရောက်ကာ ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်စေသော်လည်း ဈေးကြီးသည်။ တစ်လုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရသည်။

ရွှမ်ဟွမ် ဆေးလုံး ကတော့ ဝိညာဉ်ဆေးပင်နှင့် အပင်များဖြင့် ဖော်စပ်ထားသည်။ ဆေးအာနိသင် နူးညံ့ပြီး သွေးနှင့် ခန္ဓာကိုယ် ခွန်အားကို ဖြည်းဖြည်းချင်း ပျိုးထောင်ပေးသည့် အမျိုးအစား ဖြစ်သည်။

စုချန်၏ လိုအပ်ချက်နှင့် ကွက်တိပင်။

ထို့အပြင် ဈေးနှုန်းလည်း အများကြီး သက်သာသည်။ ဝိညာဉ်ကျောက်တုံး တစ်တုံးလျှင် သုံးလုံး ရသည်။

စုချိန်သည် ရွှမ်ဟွမ် ဆေးလုံး ၃၀ ကို တခါတည်း ဝယ်လိုက်ရာ မကြာသေးမီကမှ ရရှိထားသော ဝိညာဉ်ကျောက်တုံး ၁၀ တုံးသည် ချက်ချင်း ကုန်သွားတော့သည်။

ဒီဆေးလုံးတွေနဲ့ ဘယ်နှစ်ရက်လောက် ကျင့်ကြံလို့ ရမလဲဆိုတာ သူ တွေးပူမိသည်။

"ကြားတာတော့ လိမ်းကျံရတဲ့ ခန္ဓာကိုယ် သန့်စင်ဆေးရည် တချို့ ရှိသေးတယ်တဲ့... အဲဒါတွေက ခန္ဓာကိုယ်ကို ပျိုးထောင်ရာမှာ ပိုထိရောက်တယ် ဆိုပဲ။ ဒါပေမဲ့ ကံဆိုးတာက ဈေးကြီးလွန်းတယ်။ ကုန်ကြမ်းပစ္စည်းတွေကတင် ဝိညာဉ်ကျောက်တုံး ဆယ်ချီ ရာချီ ပေးရတာ... ငါ ဘယ်တတ်နိုင်မှာလဲ...။"

စုချန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

စာပေပညာရှင်တွေက ဆင်းရဲပြီး စစ်သည်တွေက ချမ်းသာတယ်လို့ ပြောစမှတ် ရှိပေမယ့်... ကျင့်ကြံသူဖြစ်ဖို့ကတော့ ငွေလမ်းခင်းမှရတာပဲ။

သူသည် ကျင့်ကြံသူ မိသားစုငယ်လေး တစ်ခုမှ ဆင်းသက်လာသော်လည်း လက်ရှိတွင် သူ့မိသားစု အခြေအနေ သိပ်မကောင်းလှပေ။ သူ့ကို ရှုတောင်သို့ ပို့လိုက်ခြင်းကပင် သူတို့၏ အစွမ်းကုန် ကြိုးစားအားထုတ်မှု ဖြစ်သည်။

မိသားစုဆီက ဝိညာဉ်ကျောက်တုံး တောင်းဖို့ဆိုတာ မဖြစ်နိုင်သည့် ကိစ္စပင်။

ပိုက်ဆံရှာဖို့ နည်းလမ်းကို ကိုယ့်ဘာသာ ရှာမှ ဖြစ်မယ်။

"ဒါနဲ့ စကားမစပ်... အိမ်ကနေ စာမလာတာ တစ်လကျော်နေပြီ။ အခု စုမိသားစု ဘယ်လို အခြေအနေ ရှိလဲ မသိဘူး"

စုမိသားစုနှင့် ပတ်သက်ပြီး စုချန်သည် ယခင် ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များမှတဆင့်သာ အနည်းငယ် သိရှိထားသည်။

သူ့အပေါ် အရမ်းကောင်းသည့် အဒေါ်တစ်ယောက် ရှိသေးမှန်း သူသိသည်။

သူ့မိဘများက စောစောစီးစီး ဆုံးပါးသွားကြပြီး ပျောက်ချင်းမလှ ပျောက်သွားကြသည်။ သူ့အဒေါ်က သူ့ကို ကျွေးမွေးစောင့်ရှောက်ပြီး ရှုတောင်သို့ ပညာသင်ရန်နှင့် ကျင့်ကြံရန် ပို့လွှတ်ခဲ့ခြင်း ဖြစ်သည်။

"ငါ ကျင့်ကြံခြင်း အောင်မြင်သွားရင် စုမိသားစုဆီ ပြန်ပြီး အဒေါ့်ကျေးဇူးကို ဆပ်ရမယ်"

စဉ်းစားရင်းနှင့် စုချန် ဓားသင်္ချိုင်းသို့ ပြန်ရောက်လာခဲ့သည်။

အဝေးကနေ လှမ်းကြည့်လိုက်ရာ ရှုတောင် ဂိုဏ်းသား တစ်ဒါဇင်ကျော်လောက် တောင်တံခါးဝရှေ့တွင် စုဝေးနေကြပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ ဟိုကြည့်ဒီကြည့် လုပ်နေကြသည်။

တစ်ယောက်ယောက်က သူ့ဝတ်စုံကို မြင်လိုက်တဲ့ အချိန်အထိပေါ့။

"လာပြီဟေ့... လာပြီ။စုချန် ပြန်လာပြီ!"

"ဟားဟား... ဒီလောက်ကြာကြာ စောင့်နေရတာ... နောက်ဆုံးတော့ ဇာတ်လိုက်ကျော်ကြီး ရောက်လာပြီပဲ။ စုချန်... ငါတို့ ဓားရွေးဖို့ လာကြတာ။။”

"ဓားရွေးပွဲ စိန်ခေါ်မှုကို မင်း လက်မခံရဲဘဲ မနေပါဘူးနော်?"

ဘုရားရေ... ဓားရွေးဖို့ စိန်ခေါ်တဲ့လူတွေ ဒီလောက်တောင် များတာလား?

ဟဲဟဲ... ဒါတွေ အကုန်လုံးက အိမ်တိုင်ရာရောက် လာပို့တဲ့ အသပြာထုပ်တွေချည်းပဲ!

စုချန် ရောက်ရှိနေသော ဂိုဏ်းသားများကို ဝေ့ကြည့်လိုက်သည်။ တော်သေးတာပေါ့... သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ သိပ်မမြင့်ကြဘူး။

ဘာပဲပြောပြော လူတိုင်းက ဓားရွေးပွဲ စိန်ခေါ်မှုကို လာလုပ်ကြတာမှ မဟုတ်တာ။

အတွင်းစည်း ဂိုဏ်းသားတွေနဲ့ ထိပ်တန်း အပြင်ဂိုဏ်းသား ပါရမီရှင်တချို့က ဂိုဏ်းရဲ့ တန်ဖိုးထားမှုကို ခံရပြီးသားမို့လို့ ဓားရွေးခွင့် ရပြီးသားလေ။ ဒီနည်းလမ်းကို သုံးစရာ မလိုဘူး။

ထိပ်ဆုံး ၁၀ ယောက် စာရင်းမဝင်တဲ့ အပြင်ဂိုဏ်းသားတွေလောက်ပဲ ဒီနည်းလမ်းနဲ့ ဓားရွေးဖို့ လိုအပ်ကြတာ။

ဒါကြောင့် စုချန် သိပ်မပူပါဘူး။

သူ့ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ချန်ကျင်းရှုံ လို ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရတာ သေချာပေါက် နိုင်မှာပါ။

ဒါပေမဲ့...

ဓားရွေးခွင့် ရပြီးသား ဖြစ်ပေမယ့် တမင်သက်သက် လာစိန်ခေါ်ပြီး အခွင့်အရေးယူ တိုက်ခိုက်မယ့် အရှက်မရှိတဲ့ လူတချို့ ရှိနေနိုင်တာကိုလည်း သူ ထည့်တွက်ထားရမယ်။

တကယ်လို့ ကိုယ့်ထက် အများကြီး သာလွန်တဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့ရင်တော့ စုချန် လုံးဝ မိုက်ရူးရဲဆန်မှာ မဟုတ်ဘူး။ တိုက်ရိုက် ငြင်းပယ်လိုက်မှာပဲ။

ဘာပဲပြောပြော ဓားရွေးပွဲ စိန်ခေါ်မှုကို လက်ခံမခံ ဆိုတာက သူ့သဘောပဲလေ။

"ကဲ... ခင်ဗျားတို့ အကုန်လုံး ဓားရွေးဖို့ စိန်ခေါ်ချင်ကြတာ မလား? ဒီဘက်လာခဲ့... ပိုက်ဆံရှင်းပြီး တန်းစီထားကြ။"

အပိုင်း ၁၀

အခန်း (၁၀) - မင်းကိစ္စ မဟုတ်ဘူး

"ရွှမ်း....."

လေထုကို ခွဲပြီး စူးရှသော ဓားငွေ့စွမ်းအင်တစ်ခု ပြေးထွက်သွားသည်။

ချက်ချင်းဆိုသလိုပင် လူတစ်ယောက် နောက်သို့ လွင့်စဉ်သွားသည်။

ထိုဂိုဏ်းသား၏ မျက်နှာသည် ဖြူဖျော့နေပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ မချိတင်ကဲဖြင့် ပြောလိုက်သည်။ "ကျွန်တော်... အရှုံးပေးပါတယ်။”

ဓားသင်္ချိုင်း၏ ရှေ့တွင် စုချန်သည် ဓားကို ကိုင်လျက် မတ်မတ်ရပ်နေသည်။ သူ နောက်ထပ် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ရရှိလိုက်ပြန်ပြီ။

သူ ခေါင်းလှည့်လိုက်ပြီး ရှိနေသူ အားလုံးကို ဝေ့ကြည့်လိုက်သည်။

"နောက်ထပ် ဓားရွေးဖို့ စိန်ခေါ်ချင်တဲ့သူ ဘယ်သူရှိသေးလဲ?"

ဒီအချိန်မှာတော့ လူတိုင်း တိတ်ဆိတ်သွားကြသည်။

ဓားစောင့်ဂိုဏ်းသား အသစ်က ဓားရွေးပွဲ စိန်ခေါ်မှုကို လက်ခံနေတယ်လို့ ကြားတာနဲ့ အခွင့်အရေးရမလား ဆိုပြီး သူတို့အားလုံး စိတ်လှုပ်ရှားစွာ ပြေးလာခဲ့ကြတာ ဖြစ်သည်။

သို့သော် စုချန်၏ အင်အားက သူတို့ ထင်ထားသည်ထက် အများကြီး ပိုမို သန်မာနေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

အစကတည်းက အခုထိ လူ ၄ ယောက် ဆက်တိုက် စိန်ခေါ်ပြီးပြီ... အားလုံး ရှုံးနိမ့်သွားကြသည်။

ဒီ စုချန်ရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်တမ်းကျတော့ သိပ်မမြင့်လှပါဘူး။

ဒါပေမဲ့ သူ့ရဲ့ မှော်စွမ်းအင်က အလွန် သန့်စင်နေပြီး ဓားငွေ့စွမ်းအင် စီးဆင်းမှုကလည်း လွတ်လပ်ပေါ့ပါးလွန်းသည်။ ပြီးတော့ သူက ဓားသိုင်းကွက် အမျိုးမျိုးနဲ့ နည်းစနစ်တွေကို ကျွမ်းကျင်ပိုင်နိုင်ပုံရသည်။ အဝေးပစ်၊ အနီးကပ်တိုက်ခိုက်ခြင်း၊ ပေါက်ကွဲအားပြင်းခြင်းနှင့် ကိုယ်ဖော့ပညာ... ဘက်စုံတော်ပြီး သိသာထင်ရှားတဲ့ အားနည်းချက်ဟူ၍ မရှိသလောက်ပင်။

ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း ထင်ထားတာထက် ပိုသန်မာနေသည်။ တိုက်ပွဲတွေ ဆက်တိုက် တိုက်နေတာတောင် မောပန်းတဲ့ အရိပ်အယောင် မပြသေးပေ။

အဲ့ဒီတော့မှ လူတိုင်း သဘောပေါက်လိုက်ကြသည်။ ဓားရွေးဖို့ စိန်ခေါ်ခြင်း ဆိုတာ သူတို့ ထင်သလောက် မလွယ်ကူပါလား ဆိုတာကိုပေါ့။

"အပြင်ဂိုဏ်းသား 'ကျန့်ယုံ'... ဓားရွေးဖို့ စိန်ခေါ်ချင်ပါတယ်။ ဉာဏ်အလင်းပွင့်အောင် လမ်းညွှန်ပြသပေးပါဦ။!"

ထိုအချိန်တွင် ပိန်ပါးသော လူငယ်တစ်ဦး ရှေ့ထွက်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

ဒါကို ကြားလိုက်ရတော့ ရှိနေသူ အားလုံးက ဝမ်းသာအားရ အော်ဟစ် အားပေးလိုက်ကြသည်။

ဒီ ကျန့်ယုံ ဆိုသူက မနှစ်က ကျင်းပတဲ့ အပြင်ဂိုဏ်းသား သိုင်းပြိုင်ပွဲမှာ အဆင့် ၄၈ ချိတ်ထားသူ ဖြစ်ပြီး 'သရဲလက်' ဟု နာမည်ပြောင် ရထားသူ ဖြစ်ပြီး သူ့ခွန်အားက မသေးလှကြောင်း သိသာသည်။

စုချန်က ရရှိထားသော ဝိညာဉ်ကျောက်တုံးများကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

စကားအများကြီး ပြောမနေတော့ဘဲ လက်ကိုမြှောက်ကာ ဓားချက်တစ်ချက် ထုတ်လိုက်သည်။ ချက်ချင်းပင် အားကောင်းသော စွမ်းအင်များ ကွင်းပြင်ထဲတွင် လှိုင်းထန်သွားပြီး လေထဲတွင် လွင့်နေသော မိုးမခရွက်များကဲ့သို့ ဓားငွေ့များက ပြိုင်ဘက်ထံသို့ တဟာန်ထိုး တိုးဝင်သွားသည်။

ကျန့်ယုံက ဒါကိုမြင်တော့ ညာသံပေးလိုက်ပြီး လက်ချောင်းငါးချောင်းကို ကွေးကာ သရဲလက်သည်းကဲ့သို့ စူးရှထက်မြက်သော အစွမ်းဖြင့် ဝင်ရောက်လာသော ဓားငွေ့စွမ်းအင်များကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ခြင်းဖြင့် တုံ့ပြန်လိုက်သည်။

ထို့နောက် ခြေကို ဆောင့်နင်းလိုက်ပြီး တစ္ဆေအရိပ်တစ်ခုပမာ လျင်မြန်သော အရှိန်ဖြင့် စုချန်ထံသို့ ပြေးဝင်သွားပြီး‌နောက် သူတို့နှစ်ယောက် မီးကုန်ယမ်းကုန် တိုက်ပွဲ ဖြစ်ပွားကြတော့သည်။

"ဒီ စုချန်က... သူ့ခွန်အားတွေ ဒီလောက်တောင် တိုးတက်လာရသလား?"

အဝေးတစ်နေရာရှိ တောင်ကုန်းစောင်းတွင်။

အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော အပြင်ဂိုဏ်းအုပ်ချုပ်သူ နှစ်ဦးသည် ထိုမြင်ကွင်းကို အဝေးမှ လှမ်းကြည့်နေကြပြီး နှစ်ယောက်စလုံး မျက်မှောင်အနည်းငယ် ကြုတ်နေကြသည်။

ဒီနှစ်ယောက်က စုချန်ကို ဓားသင်္ချိုင်းဆီ ပို့လိုက်သော အုပ်ချုပ်သူများပင် ဖြစ်သည်။

ခေါင်းဆောင်ဖြစ်သူ၏ မျိုးရိုးနာမည်မှာ 'ယန်' ဖြစ်သည်။

သူ့ဘွဲ့နာမည်က အပြင်ဂိုဏ်းအုပ်ချုပ်သူ ယန် ဖြစ်ပြီး ယွီမိသားစု၏ လက်အောက်ခံ မိသားစုဖြစ်သော 'ရှီးလျန်နယ်ခံ ယန်မိသားစု' မှ ဆင်းသက်လာသူ ဖြစ်သည်။

ထိုနေ့က စုချန် ယွီထျန်းယန်ကို အာခံခဲ့စဉ်က အုပ်ချုပ်သူ ယန် လည်း ရှိနေခဲ့သည်။

ယွီထျန်းယန်က မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူ ဖြစ်ရာ စုချန်ကို မျက်လုံးထဲတောင် မထည့်သလို၊ ကိုယ်တိုင် အဆင့်ကျ,ခံပြီး ဝင်တိုက်ခိုက်မှာလည်း မဟုတ်ပေ။

ဒါပေမဲ့ သူတို့လို အောက်လက်ငယ်သားတွေကတော့ အထက်လူကြီးရဲ့ သဘောထားကို အရိပ်ဖမ်းအကဲခတ်တတ်ရမည်လေ။

ထို့ကြောင့် ယန်မိသားစု သခင်လေး၏ ညွှန်ကြားချက်အရ အုပ်ချုပ်သူ ယန်သည် နောက်ကွယ်မှ ကြိုးကိုင်ပြီး မူလက ပါရမီအခံ သိပ်မဆိုးလှသော စုချန်ကို အန္တရာယ်များသည့် ဓားသင်္ချိုင်းဆီသို့ ပို့လိုက်ခြင်း ဖြစ်သည်။

သူ့ရဲ့ မူလရည်ရွယ်ချက်က စုချန်ကို ဒုက္ခခံဖိနှိပ်ထားရန် ဖြစ်သည်။

အကယ်၍ စုချန်သာ ဓားသင်္ချိုင်းက မိစ္ဆာဓားအငွေ့အသက်ကို ခံနိုင်ရည်မရှိရင် ရှုတောင်ကနေ အလိုလိုပင် သူ့သဘောနဲ့သူ ထွက်သွားလိမ့်မည်။

အတင်းဆက်နေမယ် ဆိုရင်တောင်မှ မိစ္ဆာဓားအငွေ့အသက်ကြောင့် ဒဏ်ရာရပြီး ကျင့်ကြံဖို့ မပြောနဲ့ အသက်ရှင်ဖို့တောင် မလွယ်ကူတော့ပေ။

ဒီနည်းအားဖြင့် ယွဲ့လျိုရွှမ်းနဲ့ စေ့စပ်ပွဲကလည်း အလိုလို ပျက်သွားမှာ ဖြစ်သည်။

သို့သော် သူတို့ မထင်မှတ်ထားသည်မှာ စုချန်က ထွက်မသွားရုံသာမက ဓားသင်္ချိုင်းတွင် အခြေကျနေခြင်း ဖြစ်သည်။

မိစ္ဆာဓားအငွေ့အသက်ကြောင့် ထိခိုက်ပုံ မရသည့်အပြင် သူ့ခွန်အားတွေကပါ သိသိသာသာ တိုးတက်လာခဲ့သည်။

ဒါက သူတို့ရဲ့ စီစဉ်ထားမှုနဲ့ တခြားစီ ဖြစ်ပြီး ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်နေသည်။

"ယွဲ့လျိုရွှမ်းကြောင့် ဖြစ်ရမယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က သူမ သီးသန့်ကျင့်ကြံခြင်းကနေ ထွက်လာပြီး ဓားသင်္ချိုင်းကို သွားခဲ့တယ်လေ။ ကြည့်ရတာ စုချန် ဓားသင်္ချိုင်းမှာ ခြေကုပ်ရနေတာက သူမ ပေးခဲ့တဲ့ ဆေးလုံးတွေကြောင့် ဖြစ်လောက်တယ်။"

"လန်ယွဲ့ နတ်မိမယ်က စုချန်ကို တော်တော် သဘောကျပုံရတယ်... စေ့စပ်ပွဲကိစ္စက တကယ် ဖြစ်နိုင်တယ်။ ဒီ စုချန်ကို မြန်မြန်ဖယ်ရှားပစ်မှပဲ ဖြစ်မယ်။"

အုပ်ချုပ်သူ ယန် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

သူ့ဘေးနားမှ အခြား အုပ်ချုပ်သူ တစ်ဦးက အခက်တွေ့စွာဖြင့် ပြောသည်။ "ယွဲ့လျိုရွှမ်းက သီးသန့်ကျင့်ကြံရာက ထွက်လာပြီး ချင်းယန်တောင်ထွတ်ကို ဓားနဲ့ခုတ်ခဲ့ပြီးပြီလေ... သူမရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲ။ တကယ်လို့ စုချန်ကို တစ်ခုခု လုပ်မယ်ဆိုရင်တောင် အကြောင်းပြချက် ခိုင်လုံမှ ဖြစ်မယ်။ မဟုတ်ရင် ယွီကျွယ်တောင်ထွတ်ကို ရှင်းပြဖို့ ခက်လိမ့်မယ်။"

"ဟွန့်... ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားနဲ့ကျုပ်က အပြင်ဂိုဏ်းအုပ်ချုပ်သူတွေပဲ... ဂိုဏ်းသားတစ်ယောက်လောက်ကို ကိုင်တွယ်ဖို့က လွယ်ပါတယ်။"

အုပ်ချုပ်သူ ယန်က ရယ်မောလိုက်ပြီး အောက်ဘက်သို့ လက်ညှိုးထိုးပြသည်။ "စိတ်မပူပါနဲ့... ကျွန်တော် အကုန် စီစဉ်ပြီးသားပါ။"

သူ စကားပြောနေစဉ်မှာပင် ဓားငွေ့စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

စုချန် ဓားကို ထုတ်ယုလိုက်ရာ သိပ်သည်းလှသော ဓားငွေ့အင်များသည် လေဆင်နှာမောင်းသဖွယ် စုစည်းသွားပြီး မိုးမခရွက်များပါ လွင့်ပျံလာသည်။ ကျန့်ယုံ ညည်းတွားလိုက်ပြီး သူ့ခန္ဓာကိုယ် နောက်သို့ လွင့်ထွက်သွားသည်။

သူ့ရင်ဘတ်ပေါ်တွင် သွေးစို့နေသော ဓားရာတိမ်တိမ်လေး အချို့ ကျန်ရစ်ခဲ့သည်။

"ကျွန်တော့် အရည်အချင်း ညံ့ဖျင်းလို့ပါ... အရှုံးပေးပါတယ်။"

ကျန့်ယုံ သက်ပြင်းချလိုက်သည်။

သူ့ရဲ့ ကိုယ်ဖော့ပညာကို အားကိုးပြီး အနီးကပ် ဝင်တိုက်ရင် အသာစီးရမယ်လို့ သူထင်ထားခဲ့သော်လည်း စုချန်ရဲ့ ခြေကွက်တွေက သူ့ထက် ပိုပြီး ဆန်းကြယ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူက တစ်ဖက်လူရဲ့ အင်္ကျီစကိုတောင် မထိနိုင်ခဲ့။

အဲ့ဒီအစား သူသာ ဒဏ်ရာတွေ ဆက်တိုက် ရနေခဲ့သည်။

အကယ်၍ ဒါသာ အသက်အသေအရှင် တိုက်ပွဲဆိုရင် သူ လူသေပင် ဖြစ်နေလောက်ပြီ။

" 'သရဲလက်' တောင် ရှုံးသွားတာလား?"

"ကြမ်းလိုက်တာ။ ဒီ စုချန်က ထိပ်တန်း အယောက်တစ်ရာဝင်ထဲက နှစ်ယောက်ကိုတောင် အနိုင်ယူလိုက်နိုင်ပြီ။ စိန်ခေါ်မှုကို လက်ခံရဲတာ မဆန်းပါဘူး။"

"ကြမ်းတော့ရော ဘာလုပ်ရမှာလဲ? သူက ဓားသင်္ချိုင်းကို အပို့ခံထားရတဲ့ကောင်ပဲ။ ကြားတာတော့ ဓားသင်္ချိုင်းထဲက မိစ္ဆာအငွေ့အသက်တွေက ကျင့်ကြံသူရဲ့ အတွင်းအားအုတ်မြစ်ကို ပျက်စီးစေတယ်တဲ့။ တချို့လူတွေက အစပိုင်းမှာတော့ မိစ္ဆာအငွေ့အသက်ကို သုံးပြီး စွမ်းအားပြနိုင်ပေမယ့် နောက်ပိုင်းကျရင် အသက်ရှင်ဖို့ ခက်သွားတတ်တယ်...။"

"သူက သူ့ရဲ့ သက်တမ်းကို အကျိုးအ‌ကြောင်းမသိပဲ ဖြုန်းနေတာပဲ။"

လူတိုင်း စိတ်ဝင်တစား ဆွေးနွေးနေကြသည်။

သူတို့ ဘာတွေးတွေး စုချန် ဂရုမစိုက်ပါ။ လက်ထဲက ဝိညာဉ်ကျောက်တုံး ၅၀ ကို ကြည့်ပြီး သူ အလွန် ပျော်ရွှင်နေသည်။

ပိုက်ဆံရှာရတာ မြန်လိုက်တာ။

ဝိညာဉ်ကျောက်တုံး ၅၀ တောင်... ကိုယ့်ဘာသာ ရှာရင် ဘယ်နှစ်လလောက်ကြာမလဲ မသိဘူး။

'မွေးရာပါ ဓားအမြုတေ' က သူ့ရဲ့ ခန္ဓာကိုယ် အရည်အသွေးကို အများကြီး မြှင့်တင်ပေးထားသဖြင့် တိုက်ပွဲ ၅ ပွဲ ဆက်တိုက် တိုက်ပြီးတာတောင် မောပန်းသည့် အရိပ်အယောင် မပြသေးပေ။

ထို့ကြောင့် သူ ဆက်မေးလိုက်သည်။ "နောက်ထပ် ဓားရွေးဖို့ စိန်ခေါ်ချင်တဲ့သူဘယ်သူရှိသေးလဲ? တက်လာခဲ့"

"ငါ ရွေးမယ်။"

ထိုစဉ် လူရိပ်တစ်ခု ပျံဝဲထွက်လာပြီး ကွင်းပြင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။

အသက် ၂၀ ဝန်းကျင်ခန့် ရှိမည့် ထိုလူသစ်သည် ထွားကျိုင်းသန်မာပြီး လက်မောင်းများက ပုံမှန်ထက် ပိုရှည်နေသည်။ မျက်လုံးများက ကြမ်းတမ်းပြီး စူးရှသည်။

" 'ယန်ဝူ' ပဲ…သူက ဘာလို့ ဒီရောက်နေတာလဲ?"

"ဒီနှစ်မှ ဂိုဏ်းထဲဝင်ခွင့်ရတဲ့ ယန်မိသားစုက ပါရမီရှင် မဟုတ်လား?"

"ဒါပေမဲ့ ငါကြားတာ သူက 'ဓားရှည်သိုင်း' ကို အဓိကထား ကျင့်ကြံတာဆို... ဘာလို့ ဒီကိုလာပြီး ဓားပျံ ရွေးဖို့ လာစိန်ခေါ်ရတာလဲ? သူလာတာ တခြားကိစ္စ ရှိလို့ နေမှာပဲ။”

ရှိနေသူ အားလုံး အနည်းငယ် အံ့သြသွားကြသည်။

ရှုတောင် ဂိုဏ်းသားတိုင်း ဓားသိုင်း ကျင့်ကြံကြသည် မဟုတ်။

တခြား လက်နက်များကို ကျွမ်းကျင်သူများ သို့မဟုတ် ဂါထာမန္တန် ကို အထူးပြု ကျင့်ကြံသူများလည်း ရှိကြသည်။

စုချန်လည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ဘူး။ ပြီးတော့ သူ့ဆီကနေ သားရဲတစ်ကောင်လို ကြမ်းတမ်းတဲ့ အရှိန်အဝါမျိုး ထွက်နေတယ်။ တခြား သာမန် ဂိုဏ်းသားတွေနဲ့ လုံးဝ မတူဘူး။

"မင်းက စုချန် လား? အတွင်းစည်း အမွေခံဂိုဏ်းသားကိုတောင် အာခံရဲတယ် ဆိုလို့... မင်းမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်များ ပါနေသလားလို့... တကယ်တမ်းကျတော့လည်း သာမန်လူပါပဲလား။"

ယန်ဝူ၏ မျက်လုံးများက အေးစက်ပြီး စူးရှနေသည်။

သူ့မျက်နှာထားက အထင်သေးမှုများ အပြည့်။

စကားစလိုက်ကတည်းက ပြဿနာရှာဖို့ လာမှန်း သိသာနေသည်။

စုချန် သူ့ကို စကားနိုင်လုနေရမှာ ပျင်းတာကြောင့် ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်သည်။

"ငါ ဘယ်သူလဲ ဆိုတာ မင်းကိစ္စ မဟုတ်ဘူး။ ဓားရွေးဖို့ စိန်ခေါ်ချင်ရင် ပိုက်ဆံရှင်း။ မရှင်းရင်လည်း ထွက်သွား။"

"မင်း..."

သူ ဒီလောက်ထိ ခေါင်းမာပြီး ပြတ်သားလိမ့်မည်ဟု ယန်ဝူ ထင်မထားခဲ့သဖြင့် ဒေါသကြောင့် မျက်နှာကြီး နီရဲတက်သွားသည်။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ။ တော်ကြာ ငါ့ဓားရှည်အောက်မှာ မင်း သေလုမျောပါး အော်ဟစ်နေရတဲ့ အချိန်ကျရင်လည်း မင်းရဲ့ အရှုံးပေးသံတွေက အခုလိုပဲ မာကျောနေပါစေလို့ မျှော်လင့်တယ်။"

ယန်ဝူ ဒေါသထွက်သွားသည်။ ပြောပြောဆိုဆိုနှင့် လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်ရာ မှော်စွမ်းအင်များ ဖုံးအုပ်ထားသော ဝိညာဉ်ကျောက်တုံး ၁၀ တုံးသည် လေထုကို ခွင်းလျက် ပစ်ခတ်ဝင်ရောက်လာသည်။

သူက ဝိညာဉ်ကျောက်တုံးများကို လက်နက်ပုန်း အဖြစ် အသုံးပြုပြီး စုချန်၏ မျက်နှာကို ချိန်ရွယ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

စုချန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ လက်ကိုမြှောက်ပြီး အင်္ကျီလက်စကို ခါလိုက်ရာ ဝင်ရောက်လာသော ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို ကြားဖြတ် ဖမ်းယူလိုက်သည်။ ဓားငွေ့များ လှိုင်းထန်သွားပြီး ကျောက်တုံးများ၏ အရှိန်အဟုန်ကို ချေဖျက်လိုက်သလို သူ့မျက်လုံးထဲတွင်လည်း အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဒီလူက ရန်လိုတဲ့ ပုံစံနဲ့ ဝင်လာကတည်းက ဓားရွေးဖို့ စိန်ခေါ်ရုံ သက်သက် မဟုတ်မှန်း သိသာသည်။

ဒါဆိုမှတော့ သူလည်း လက်စလက်န ထိန်းထားစရာ မလိုတော့ဘူး။

ချက်ချင်းဆိုသလိုပင် သူ၏ ဓားရှည်ကို ခါလိုက်ရာ ထက်မြက်သော ဓားငွေ့အင်များသည် မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များ၊ မိုးမခရွက်များအလား လေထဲတွင် လွင့်ပျံလျက် လေထုကို ထိုးခွင်းပြီး ပြိုင်ဘက်ဆီ ဦးတည်လွှမ်းခြုံသွားတော့သည်။

All Chapters