အခန်း (၁၁+၁၂)
Vol. 2 Ch. 11+12
အခန်း (၁၁) - နောက်ထပ် ရမ်းကားရဲရင်၊ ချက်ချင်း အသေသတ်ပစ်မယ်။
ဓားငွေ့အင်များသည် မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များ၊ မိုးမခရွက်များအလား လေထဲတွင် လွင့်ပျံလျက် လေထုကို ထိုးခွင်းပြီး ပြိုင်ဘက်ဆီ ဦးတည်လွှမ်းခြုံသွားတော့သည်။
ချွင်ကနဲ အသံများနှင့်အတူ ယန်ဝူက သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်ရာ ဓားသွားမှ အေးစက်စက် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ကောင်းကင်အပြည့် လွှမ်းနေသော ဓားငွေ့အင်များကို တားဆီးရန် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။
ချက်ချင်းပင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓားရှည်ဖြင့် လေထုကို ပိုင်းဖြတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တောနက်ထဲမှ ခုန်ထွက်လာသော သားရဲတစ်ကောင်ကဲ့သို့ လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်ဟန် ဆောင်နေသည်။
ဘေးလူများမှာ ယန်ဝူ၏ လှုပ်ရှားမှုကို အရိပ်သာ မြင်လိုက်ကြပြီး မကြာမီ သူသည် စုချန်ရှေ့သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံချိန်တွင် မီးပွားများ လွင့်စင်လာပြီး ဓားငွေ့အင်များ ရိုက်ခတ်သွားကြသည်။
"သိပ်သန်မာတာပဲ။"
"ဒီယန်ဝူက မှော်စွမ်းအင် အရာမှာ တော်တော်လေး နက်ရှိုင်းတယ်၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်း သတ္တမအဆင့်တောင် ရောက်နေလောက်ပြီ။"
"ဒီကောင်က ယန်မိသားစုက ပျိုးထောင်ထားတဲ့ ပါရမီရှင်ကွ။ သူက ဂိုဏ်းထဲမဝင်ခင်ကတည်းက အခြေခံစွမ်းရည်ရှိပြီးသား၊ သူ့ကျင့်ကြံမှုက အပြင်ဂိုဏ်းက ထိပ်တန်း ကျွမ်းကျင်သူ ၁၀၀ နဲ့ ယှဉ်ရင်တောင် မနိမ့်ဘူး။ သူ့ဓားသိုင်းကလည်း အရမ်းမြန်တယ်။ စုချန်ကတော့ သူ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။"
ကြည့်ရှုသူများမှာ အံ့သြမှင်သက်နေကြသည်။
ယန်ဝူ၏ အင်အားက သူတို့ကို တုန်လှုပ်စေသည်။ စုချန်တွင် ပါရမီအချို့ ရှိသော်လည်း လူမှားပြိုင်မိသွားပြီး အဆုံးတွင် အကြီးအကျယ် ခံစားရပေတော့မည်။
"ဒီလောက် နည်းတဲ့ စွမ်းရည်လေးနဲ့၊ မင်းက အာခံရဲသေးတယ်ပေါ့။မင်းက တကယ် မိုက်မဲတာပဲ။"
ယန်ဝူက လှောင်ပြောင်လိုက်ပြီး သူ့တိုက်ခိုက်မှုက ပိုမို ကြမ်းတမ်းလာသည်။
သူ့လက်မောင်းများက ပုံမှန်မဟုတ်ဘဲ ရှည်လျားနေပြီး ဓားရှည်နှင့် ပေါင်းစပ်လိုက်သောအခါ လှံတစ်လက်ကဲ့သို့ ဖြစ်နေသည်။ သူ၏ တိုက်ခိုက်မှု အကွာအဝေးသည် သာမန်ဓားသမားများထက် ပိုဝေးသဖြင့် စုချန်မှာ သူ့ဒဏ်ကို အတော်လေး ခံနေရသည်။
သူ့သိုင်းကွက်ကလည်း တောင်ပေါ်က မျောက်အိုကြီးတစ်ကောင်လို ထူးဆန်းနေသည်။
သူ့အမြန်နှုန်း၊ ပေါ့ပါးမှုနှင့် ဝဲပျံနေသော လက်တံရှည်များကြောင့် စုချန်မှာ အနားကပ်ရန် မဖြစ်နိုင်သလောက် ဖြစ်နေပြီး၊ ဓားငွေ့အင်များကလည်း ပြိုင်ဘက်၏ ဓားအကာအကွယ်ကို မဖောက်ထွင်းနိုင်ပေ။
ခဏတာမျှ စုချန်ဘက်က ခံစစ်အနေအထား ဖြစ်နေရသည်။
"သိပ်ကောင်းတဲ့ ထုံးပီဓားသိုင်းကွက်ပဲ။ ညီနောင်ယန်၊ ခင်ဗျားတူလေးက တော်တော် စွမ်းရည်ရှိသားပဲ။"
တောင်ကုန်းပေါ်ရှိ အပြင်ဂိုဏ်း တာဝန်ခံက အံ့သြစွာ ရေရွတ်လိုက်သည်။
ယန်ယွီရှင်းက ပြုံး၍ ပြောလိုက်သည်။ "ရှောင်ဝူက ဒီမျိုးဆက် ယန်မိသားစုရဲ့ အတော်ဆုံး ပါရမီရှင်ပဲ။ သူက ငယ်ငယ်ကတည်းက 'မျောက်ဖြူသိုင်း' နဲ့ 'ထုံးပီဓားသိုင်း' ကို လေ့ကျင့်ခဲ့တာ။ အခုမှ ဂိုဏ်းထဲဝင်ကာစ ဆိုပေမယ့် သူ့အင်အားက အပြင်ဂိုဏ်းသား ထိပ်ဆုံး ၁၀ ယောက်စာရင်း ဝင်နိုင်တဲ့ အင်အားရှိတယ်။ စုချန်ကို ရှင်းပစ်နိုင်ဖို့က သေချာသလောက်ပဲ။ ပြီးတော့ ဒါက ဂိုဏ်းစည်းကမ်းတွေနဲ့လည်း ကိုက်ညီတယ်။ ယွဲ့လျိုရွှမ်က သီးသန့်ကျင့်ကြံနေတုန်းဆိုတော့ သူသိရင်တောင် ငါတို့ကို အပြစ်တင်လို့မ ရတော့ဘူး။"
"ဟုတ်တယ်။ စုချန်ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး ရှုတောင်ကနေ မောင်းထုတ်ရမယ်။ ဒါဆို နတ်မိမယ်ယွဲ့နဲ့ စေ့စပ်ထားတာလည်း အလိုလို ပျက်သွားလိမ့်မယ်။ သခင်လေးယွီလည်း သဘောကျပြီး ငါတို့ ယန်မိသားစုကို ဆုပါချလိမ့်မယ်...။"
သူတို့နှစ်ဦး အားတက်သရော ပြောဆိုနေကြဆဲပင်။
ရုတ်တရက် အောက်ဘက်မှ အာမေဋိတ်သံအချို့ ထွက်ပေါ်လာသည်။
သူတို့နှစ်ဦး အမြန်လှမ်းကြည့်လိုက်ရာ မြေပြင်မှ အခြေအနေမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး တိုက်စစ်နှင့် ခံစစ်နေရာများ ပြောင်းပြန် ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
စုချန်က 'ခုနစ်စဉ်ကြယ် ခြေကွက်' ကို နင်းကာ လျှပ်စီးကဲ့သို့ လျင်မြန်ပေါ့ပါးစွာ ရွေ့လျားလိုက်သည်။ သူ့အမြန်နှုန်း ရုတ်တရက် မြင့်တက်လာပြီး ထက်ရှသော ဓားငွေ့အင်များက ဒီရေကဲ့သို့ တက်လာကာ ယန်ဝူကိုပင် ခြေလှမ်းဆုတ်စေခဲ့သောကြောင့် ယန်ဝူ နားမလည်နိုင် ဖြစ်သွားသည်။
ပြိုင်ဘက်၏ ကျင့်ကြံမှုက သူ့ထက်နိမ့်သော်လည်း ဓားငွေ့အင်က အလွန်ပြင်းထန်ကာ အကြိမ်တစ်ထောင် တူနဲ့ထုလုပ်ထားသော ဓားကဲ့သို့ ဖော်ပြမရနိုင်သော ရက်စက်ကြမ်းကြုတ်သည့် သွေးဆာနေဟန် အငွေ့အသက်များ ပါဝင်နေသည်။
ထိုအရာက သူဖန်တီးထားသော ဓားအလင်းတန်းများ အားလုံးကို ဆုတ်ဖြဲဖျက်ဆီးပစ်လိုက်သည်။
စုချန်၏ ခန္ဓာကိုယ်ထဲရှိ ဓားငွေ့အင်များသည် ဓားသင်္ချိုင်းမှ မိစ္ဆာဓားအငွေ့အသက်များကို သန့်စင်ရယူထားခြင်းဖြစ်ကြောင်း၊ ထိုအငွေ့အသက်များ၏ ရက်စက်မှုကို စုချန်ကိုယ်ထဲတွင် ပမာဏ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားကြောင်း သူ မသိလိုက်ပေ။
၎င်းက သာမန်မှော်ဓားငွေ့အင်များထက် ပိုမို လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသည်။
အားကုန်ထုတ်ကာ တိုက်ခိုက်လိုက်သည်နှင့် တစ်ဖက်လူ၏ ဓားအရှိန်အဝါကို ချက်ချင်း ဖိနှိပ်လိုက်နိုင်၏။
မိမိရှေ့မှလူမှာ မည်မျှ အင်အားကြီးကြောင်း စုချန် သိသောကြောင့် သူသည် ညှာတာခြင်းမရှိဘဲ ဓားသိုင်းကွက်များကို တစ်ခုပြီးတစ်ခု ဆက်တိုက် ထုတ်သုံးလိုက်သည်။
' လရောင်ဖမ်း ခုနစ်စဉ်ကြယ်'၊ 'မိုးမခရွက် ဓားငွေ့အင်'၊ ပြီးနောက် 'သက်တံ့ပျံ' သိုင်းကွက်များဖြင့် ပြိုင်ဘက်၏ အကာအကွယ် မှော်စွမ်းအင်ကို အတင်းထိုးဖောက်ကာ အသက်ရှူပေါက်ကို တည့်တည့် ချိန်ရွယ်လိုက်သည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် ယန်ဝူ၏ မျက်နှာပျက်သွားသည်။ ဓားဖြင့်ကာရန် အလျင်အမြန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဓားအလင်းတန်းက လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး သူ့မျက်ခုံးဆီသို့ တိုးဝင်လာသည်။ သေခြင်း၏ အငွေ့အသက်ကို ပထမဆုံးအကြိမ်အဖြစ် သူ အင်အားကြီးစွာ ခံစားလိုက်ရသည်။ သူ အံကြိတ်လိုက်စဥ် ဝတ်ဆင်ထားသော ဝတ်ရုံများက ဖောင်းပွလာပြီး ဂါထာအင်းကွက်များ လင်းလက်လာကာ အလင်းအကာအကွယ်တစ်ခု ဖြစ်ပေါ်လာပြီး သေစေနိုင်သော ဓားချက်ကို ကပ်သီးလေး တားဆီးလိုက်နိုင်သည်။
"အကာအကွယ် မှော်ပစ္စည်းပါလား။"
စုချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
သူ့ဓားချက်က ပြိုင်ဘက်ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်၊ သို့မဟုတ် သေတောင်သေသွားနိုင်သည်။
မထင်မှတ်ထားသည်မှာ ယန်ဝူ၏ အတွင်းဝတ်ရုံသည် သာမန်လူများ မပိုင်ဆိုင်နိုင်သော အကာအကွယ် မှော်ပစ္စည်းတစ်ခု ဖြစ်နေခြင်းပင်။
ချွင်ကနဲ အသံနှင့်အတူ စုချန်၏ ဓားချက်က သုံးလက်မခန့် ဝင်ရောက်ပြီးနောက် ဆက်မတိုးနိုင်တော့ပဲ ရပ်တန့်သွားသည်။
ယန်ဝူ ညည်းညူလိုက်သည်။ ဓားသွားကို တားဆီးနိုင်သော်လည်း ဓားငွေ့အင်အချို့က သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ ပြင်းထန်သော ဓားအရှိန်အဝါကြောင့် ချက်ချင်း ထိခိုက်သွားပြီး သူ့မျက်နှာ ဖြူဖျော့သွားကာ မှော်စွမ်းအင်များ ကမောက်ကမ ဖြစ်ကုန်သည်။
သူ အားနည်းနေတုန်း အခွင့်ကောင်းယူပြီး သတ်ပစ်ရမယ်။
အကာအကွယ် မှော်ပစ္စည်း ရှိတော့ရော ဘာဖြစ်သလဲ?
စုချန်၏ မျက်လုံးများ ချက်ချင်း စူးရှသွားသည်။ အခွင့်အရေးကို လက်မလွတ်ဘဲ သူက ထပ်မံ ဖိတိုက်လိုက်သည်။ ယခုအချိန်တွင် ယန်ဝူမှာ ဓားငွေ့အင်ဒဏ်ကြောင့် ဒဏ်ရာရနေပြီး ဓားသိုင်းကွက်များ ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။ စုချန်၏ တိုက်ခိုက်မှုကို လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။ သူ့ခန္ဓာကိုယ်မှာ ဓားငွေ့အင်များကြောင့် စုတ်ပြတ်သပ်ကာ ရှုံးနိမ့်လုနီးပါးဖြစ်နေသည့်အပြင် ပြင်းထန်စွာ ဒဏ်ရာရပြီး သေဆုံးတော့မည့် အခြေအနေသို့ပင် အချိန်မရွေး ရောက်သွားနိုင်နေသည်။
တောင်ကုန်းပေါ်တွင် ရပ်ကြည့်နေသော ယန်ယွီရှင်းမှာ လက်ပိုက်မနေနိုင်တော့ပေ။
ဒါက ယန်မိသားစုရဲ့ အလားအလာကောင်းတဲ့ မျိုးဆက်သွေးသားလေ။
သူ ချက်ချင်းပင် လေပေါ်သို့ ခုန်တက်လိုက်ပြီး သူ့နောက်တွင် နတ်ဘုရားအခြေတည်အဆင့် အင်းမန္တန်တစ်ခု ပေါ်လာကာ သူ့လက်ကိုမြှောက်၍ လေထဲမှ ရိုက်ချလိုက်သည်။
အားကောင်းသော မှော်စွမ်းအင်များ စုဝေးလာပြီး ရေတံခွန်ကဲ့သို့ တလဟော စီးဆင်းလာတော့သည်။ ပတ်ဝန်းကျင် လေထုမှာ အေးခဲသွားသကဲ့သို့ ခံစားရပြီး စုချန်လည်း အသက်ရှူကြပ်သွားသည်။ မှော်စွမ်းအင် တန်းကြီးက တောင်တစ်လုံးကဲ့သို့ ပြိုကျလာပြီး သူရှိနေဆဲ နေရာမှ တစ်လက်မမျှပင် ရွေ့မရအောင် ဖိနှိပ်ထားသည်။
"ရိုင်းစိုင်းလိုက်တာ။ ဂိုဏ်းတူချင်း ဓားပြိုင်တာကို ဒီလောက် ရက်စက်ရလား၊ မင်းစိတ်ဓာတ်က သိပ်ယုတ်မာတာပဲ။"
ယန်ယွီရှင်းက ခုန်ဆင်းလိုက်ပြီး ယန်ဝူကို အနောက်တွင် ကာကွယ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူတို့က အပြင်ဂိုဏ်း တာဝန်ခံဆိုသော ရာထူးကို သုံးပြီး ပြိုင်ပွဲထဲ ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်နေကြသည်။
ဒါကို ကြားလိုက်ရတော့ စုချန် ဒေါသထွက်လွန်း၍ ပြက်ရယ်ပြုချင်မိသွားသည်။
ယန်ဝူက အစကတည်းက စတင်စိန်ခေါ်ခဲ့ပြီး ရက်ရက်စက်စက် တိုက်ခိုက်တုန်းက ဘာမှမပြောဘဲ၊ အခု ရှုံးခါနီးမှ သူတို့က ဝင်ပါလာသည်။
ဒီ ယန်ယွီရှင်းက သူ့ကို တမင်သက်သက် ပစ်မှတ်ထားနေခြင်းသာ ဖြစ်သည်။
သူ့ကို ဓားသင်္ချိုင်းသို့ ပို့ဆောင်ရန် အတင်းအကျပ် လုပ်ခဲ့သူမှာလည်း ဒီလူပင်။
သို့သော် တစ်ဖက်လူက အပြင်ဂိုဏ်း တာဝန်ခံဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်နေသဖြင့် စုချန် ဒေါသထွက်သော်လည်း ဘာမှမတတ်နိုင်ပေ။
ထိုအချိန်မှာပင် ဓားသင်္ချိုင်း နက်ရှိုင်းရာမှ ပြိုးပြက်သော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ကောင်းကင်ကို ဖြိုခွင်းသွားသော လျှပ်စီးတန်းကြီး ပမာပင်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါတစ်ခု ကျဆင်းလာသည်။
ရှိသမျှလူအားလုံး ထိုဓားအရှိန်အဝါကြောင့် မျက်နှာဖြူဖျော့သွားကြသည်။
ယန်ဝူမှာ သွေးအန်ပြီး နေရာတွင်ပင် မေ့လဲသွားသည်။ ယန်ယွီရှင်းမှာလည်း တောင့်ခဲသွားပြီး သူ့မှော်စွမ်းအင်များမှာ ကြွပ်ကြွပ်ရွရွ လေမုန့်ချပ်ကဲ့သို့ ထိလိုက်သည်နှင့် ကြေမွသွားသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး သူ့တာအိုစွမ်းအင် ရေးရေးလေး ပေါ်လာသော်လည်း မျက်စိတစ်မှိတ်အတွင်းပင် ပြန်လည် ဖိနှိပ်ခံလိုက်ရသည်။
သူ အာခေါင်ခြောက်သွားပြီး ဒူးထောက်ကျသွားကာ မျက်နှာတစ်ခုလုံး သွေးမရှိပဲ ဖြူဖျော့နေသည်။
အနီးနားတွင် ရပ်နေသော အခြားအကြီးအကဲတစ်ဦးမှာလည်း အတူတူ ဖိနှိပ်ခံလိုက်ရသည်။
သို့သော် သူက ဒဏ်ရာ သိပ်မပြင်းပေ။ သူ့မျက်နှာတွင် ကြောက်ရွံ့မှုများ အပြည့်ဖြစ်ပေါ်နေပြီး ဓားသင်္ချိုင်းဘက်သို့ အမြန် ဦးညွှတ်လိုက်သည်။ "အကြီးအကဲ စိတ်လျှော့ပြီး ခွင့်လွှတ်ပေးပါ။ “
"ဓားရွေးချယ်ပွဲကို နှောင့်ယှက်ပြီး ဓားသင်္ချိုင်းစောင့်ကို စော်ကားရဲတာလား၊ မင်းတို့ မျက်လုံးထဲ ငါသေပြီ ထင်နေတာလား။"
အသံမှာ အိုမင်းသော်လည်း မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသည်။
"ကျွန်တော်တို့ မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူးခင်ဗျာ။ ကျွန်တော်တို့ မိုက်မဲမိလို့ အကြီးအကဲ ကို စော်ကားမိတာပါ၊ ခွင့်လွှတ်ပေးပါ။”
ထိုအသံကို ကြားလိုက်ရသဖြင့် ယန်ယွီရှင်းမှာ ကြောက်လန့်တကြားဖြင့် အကြိမ်ကြိမ် ဦးညွှတ်နေတော့သည်။
ကံကောင်းသည်မှာ အဘိုးအိုကျိုးက သူ့ကို သတ်ရန် ဆန္ဒမရှိပေ။
"ထွက်သွားကြစမ်း! ဓားသင်္ချိုင်းမှာ နောက်တစ်ခါ လာရမ်းကားရဲရင်၊ ချက်ချင်း အသေသတ်ပစ်မယ်။"
စကားဆုံးသည်နှင့် ကြောက်မက်ဖွယ် ဓားအရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။
ယန်ယွီရှင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ့လူများကို ခေါ်ကာ ထွက်ပြေးလေတော့သည်။
သို့သော် သူ့မျက်လုံးထဲတွင် အငြိုးအတေးများ ပိုမို နက်ရှိုင်းလာသည်။
"ဓားသင်္ချိုင်းစောင့်က လူမြင်ကွင်းကနေ ပျောက်နေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အရင်တုန်းက အားနည်းတဲ့ ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားတွေကို သူ ဂရုမစိုက်ခဲ့ဘူး။ အခုကျမှ စုချန်ဘက်က ရပ်တည်ပေးတယ်ပေါ့။ ဘက်လိုက်တဲ့လူပဲ။"
သူ အဘိုးအိုကျိုးကို မမုန်းရဲပေ။
သို့သော် ထိုကိစ္စအတွက် စုချန်ကိုသာ အပြစ်တင်နေမိတော့သည်။
ဓားသင်္ချိုင်းမှာ လှုပ်ရှားလို့ မရရင် တခြားနေရာမှာ အခွင့်အရေး ထပ်ရှာရပေမည်။
အပိုင်း ၁၂
အခန်း (၁၂) - ရွှေရောင် ဓားမြောင်လေး
"အကြီးအကဲရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။"
ဓားသင်္ချိုင်းထဲတွင် စုချန်က ရိုသေလေးစားစွာ ဦးညွှတ်ရင်းဆိုလိုက်သည်။
ယန်ယွီရှင်းက မည်သို့ပင်ဆိုစေကာမူ အခြေတည်အဆင့် ကျင့်ကြံသူ အပြင်ဂိုဏ်း တာဝန်ခံတစ်ဦး ဖြစ်နေသည်။ အကယ်၍ ယနေ့ အဘိုးအိုကျိုးသာ ဝင်မပါခဲ့လျှင် စုချန်အနေဖြင့် သူ့ကို တကယ်ပင် ယှဉ်နိုင်ခဲ့မည် မဟုတ်ပေ။
တစ်ဖက်လူကသာ အကြောင်းပြချက်ရှာပြီး အမှန်တရားကို လိုသလို ပုံဖျက်လိုက်လျှင် သူ့မှာ ပြန်လည်ခုခံနိုင်စွမ်းပင် ရှိမည်မဟုတ်။
အဘိုးအိုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဓားသင်္ချိုင်းထဲ ရောက်နေပြီဆိုတော့ မင်းက ငါ့ရဲ့ ဓားသင်္ချိုင်းစောင့် တပည့်ပဲ။ အပြင်မှာ မင်းဘာလုပ်ခဲ့သလဲဆိုတာ ငါမထိန်းချုပ်နိုင်ပေမယ့်၊ ဒီနေရာမှာ ရှိနေသရွေ့တော့ ဘယ်သူမှ မင်းကို အန္တရာယ် မပြုစေရဘူး။"
ထိုစကားကို ကြားလိုက်ရသဖြင့် စုချန် စိတ်သက်သာရာ ရသွားသည်။
အဘိုးအိုကျိုးက ရှုတောင်ဂိုဏ်းတွင် သာမာန်မဟုတ်သော ရာထူးနေရာတစ်ခု ရှိနေပုံရသည်။
ဒီလို အင်အားကြီးတဲ့ ပုဂ္ဂိုလ်ကိုသာ မြဲမြဲကပ်ထားနိုင်ရင်၊ အနည်းဆုံးတော့ ဓားသင်္ချိုင်းထဲမှာ ဘယ်သူမှ သူ့ကို အနိုင်မကျင့်နိုင်တော့ဘူး။
ဓားသင်္ချိုင်းအပြင်ဘက်က ကိစ္စများအတွက်တော့ အဘိုးအိုကျိုး ဝင်ပါ၍မရတော့။ မိမိခြေထောက်ပေါ် ရပ်တည်နိုင်ရန် မိမိအရည်အချင်းကိုသာ အားကိုးရတော့မည်။
"ကဲ... ဒီလို အသေးအဖွဲ ကိစ္စလေးတွေနဲ့ စိတ်အနှောင့်အယှက် မဖြစ်စေနဲ့။ မင်း ဒီနေ့ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ရလို့ မှော်စွမ်းအင်တွေ ကုန်ခမ်းနေပြီ။ မိစ္ဆာဓားအငွေ့အသက်ရဲ့ ရိုက်ခတ်မှုကို ခံနိုင်မှာ မဟုတ်ဘူး။ သွား နားလိုက်ဦး၊ ပြီးမှ ဓားသန့်စင်ခြင်း ပြန်လုပ်ပေါ့။"
"ဟုတ်ကဲ့ပါ အကြီးအကဲကျိုး။"
စုချန် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး ဓားသင်္ချိုင်းမှ ထွက်ကာ သူ့အခန်းသို့ ပြန်လာခဲ့ပြီးနောက် လေးလေးနက်နက် စတင်ကျင့်ကြံလေသည်။
ယန်ဝူ ပေါ်လာခြင်းက အစသာရှိသေးကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။
ယွီထျန်းယန်မှာ နောက်လိုက်အများအပြား ရှိသည်။ သူ့ကိုသာ အငြိုးအတေး ထားလိုက်လျှင် ပြဿနာလာရှာမည့်သူများ နေ့စဉ် တန်းစီနေမည်ဖြစ်ပြီး၊ ပြိုင်ဘက်များကလည်း တစ်ယောက်ထက်တစ်ယောက် ပိုမို သန်မာလာပေလိမ့်မည်။
ရှုတောင်တွင် ခြေကုပ်ယူနိုင်ရန် သူ့ကျင့်ကြံမှုအဆင့် မြန်မြန်တိုးတက်အောင် အချိန်လု ကျင့်ကြံရမည်။ သူက ဓားသင်္ချိုင်းထဲတွင် ငကြောက် တစ်ယောက်လို ထာဝရ ပုန်းအောင်းနေနိုင်မည် မဟုတ်ပေ။ ဒါက စုချန်၏ ပုံစံမဟုတ်ဘူးလေ။
မကြာမီ သူ့ကို ပစ်မှတ်ထားကာ မကောင်းကြံကြသူများ တန်ရာတန်ကြေး ပြန်ပေးဆပ်ရ ပေမည်။
မာနကြီးပြီး ရာထူးအာဏာနဲ့ နိုင်စားတတ်သော ယွီထျန်းယန် အပါအဝင်ပေါ့။
စုချန် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လိုက်ပြီး စိတ်ကို ငြိမ်သက်စေရန် ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ ထို့နောက် သူဝယ်ထားသော ရွှမ်ဟွမ်ဆေးလုံး ကို မျိုချလိုက်သည်။
နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ် အနှံ့ စီးဆင်းသွားပြီး အသက်စွမ်းအင်အဖြစ် ပြောင်းလဲကာ သူ့ တန်ထျန်းအတွင်းအားကြော အတွင်းသို့ နက်ရှိုင်းစွာ စီးဝင်သွားသည်။
သေးငယ်သော ဓားအမြုတေလေးက အနည်းငယ် တုန်ခါသွားပြီး ဆေးအဆီအနှစ်အားလုံးကို စုပ်ယူလိုက်ရာ အမြုတေ၏ ပုံသဏ္ဍာန်မှာ ပိုမို ရှင်းလင်း ခိုင်မာလာသည်။
၎င်းသည် လက်ချောင်းအရွယ်အစားရှိသော ရွှေရောင်ဓားမြောင်လေး တစ်လက်အဖြစ် ပြောင်းလဲသွားပြီး တန်ထျန်း အတွင်းအားကြော ထဲတွင် ဝဲပျံကခုန်နေရင်း ခန္ဓာကိုယ်ထဲရှိ ဓားငွေ့အင်များကို မိုးခြိမ်းသံကဲ့သို့ မြည်ဟီးလာအောင် အဆက်မပြတ် လှုံ့ဆော်ပေးနေသည်။
စုချန်သည် အားကောင်းသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို အတွင်းမှ အပြင်သို့ ဆေးကြောသန့်စင်ပေးနေသည်ကို ခံစားလိုက်ရသည်။ သူ့ကြွက်သားများနှင့် အရိုးများကို ပိုမို သန်မာစေပြီး အရေပြားပေါ်တွင် သတ္တုရောင် ရေးရေးလေးပင် ပေါ်လာသည်။
ရက်ပေါင်းများစွာ ပျိုးထောင်ပြီးနောက်တွင် သူ့မွေးရာပါ ဓားအမြုတေမှာ ပထမဆုံးအကြိမ်အဖြစ် အသွင်ပြောင်းလဲမှု စတင်လာပြီဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲရှိ ဓားအမြုတေကို လှုပ်ရှားကြည့်ရန် ကြိုးစားလိုက်ရာ လက်မောင်းရှိ သွေးကြောများ စူးရှနာကျင်သွားသည်ကို ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ရွှေရောင် ဓားလေးတစ်လက် သူ့လက်ဖဝါးပေါ်တွင် ပေါ်လာပြီး သူ့လက်ညှိုးဖြင့် ညွှန်ပြရာအတိုင်း လေကိုခွင်းလျက် ပျံထွက်သွားသည်။
ရွှေရောင်အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားသည်။
အဝေးရှိ ကျောက်နံရံမှာ တို့ဟူးပျော့ပျော့လေးကဲ့သို့ အပေါက်ဖောက်ခံလိုက်ရသည်။
ကျောက်နံရံပေါ်တွင် ရေးထိုးထားသော ကာကွယ်ရေး ဂါထာအစီအရင်များမှာ အာနိသင်မဲ့သွားပြီး တိုက်ရိုက်ပင် ထိုးဖောက်ခံလိုက်ရသည်။
ဓားသင်္ချိုင်းရှိ အတားအစီးအင်း အနည်းငယ် တောင်မှ ပွင့်လုနီးပါး ဖြစ်သွားသည်။
စုချန် မျက်နှာပျက်သွားပြီး ရွှေရောင်ဓားလေးကို အလျင်အမြန် ပြန်ခေါ်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ့ ဓားငွေ့အင်နှင့် မှော်စွမ်းအင် အများစု ကုန်ခမ်းသွားသည်။
"ဒီ ဓားအမြုတေက မွေးရာပါ ဓားပျံ လိုမျိုး ပြင်ပလောကကိုလည်း စေခိုင်းလို့ ရတာပဲ! ဓားပျံစီးပြီး ရန်သူကို အဝေးကနေ သတ်ဖြတ်နိုင်တာက အခြေတည်အဆင့် ဓားကျင့်ကြံသူတွေမှ တတ်မြောက်နိုင်တဲ့ ပညာရပ်လေ။"
စုချန် ဝမ်းသာအားရ ဖြစ်သွားသည်။
ဒီ ဓားအမြုတေက သူ့ရဲ့ ဓားအမြုတေရှင် ခန္ဓာကိုယ်ရဲ့ ပြယုဂ်အမှတ်အသားဖြစ်ပြီး သူတစ်ယောက်တည်းသာ ပိုင်ဆိုင်သော ထူးခြားသည့် နည်းစနစ်တစ်ခု ဖြစ်သည်။
အပြင်သို့ စေခိုင်းလိုက်သောအခါ အလွန်လျင်မြန်ပြီး အစီအရင် မှော်အတားအဆီးများကိုပင် ဖောက်ထွင်းနိုင်သဖြင့် ၎င်းသည် သက်ရှိတော်တော်များများကို သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာနိုင်သည်။
ရုတ်တရက် တိုက်ခိုက်လိုက်လျှင် အခြေတည်အဆင့် ကျင့်ကြံသူတောင်မှ အကြီးအကျယ် ထိခိုက်ခံရနိုင်သည်။
ဆိုးသည်မှာ အသုံးပြုလိုက်တိုင်း သူကိုယ်တိုင်လည်း စွမ်းအင် အများအပြား ကုန်ဆုံးသွားခြင်းပင်။
ထို့အပြင် ဓားအမြုတေမှာ အပြည့်အဝ မဖွဲ့စည်းရသေးသဖြင့် အလွန် ကျိုးပဲ့လွယ်နေသေးသည်။ ဖမ်းဆီးခံရခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်း ကြုံတွေ့ရပါက အမြုတေတွင် သေစေလောက်သည့် ထိုးနှက်ချက် ဖြစ်လာနိုင်သည်။
ထို့ကြောင့် မဖြစ်မနေ လိုအပ်မှသာ သုံးသင့်ပြီး ပေါ့ပေါ့တန်တန် ထုတ်မသုံးသင့်ပေ။
ငါ့အသက်ရှင်သန်ရေးအတွက် ဝှက်ဖဲအနေနဲ့ပဲ ထားလိုက်မယ်။
ဓားကျင့်ကြံခြင်း နည်းစနစ်များဖြင့် ဖြည်းဖြည်းချင်း ပျိုးထောင်သွားမှသာလျှင် ဓားအမြုတေ ကြီးထွားလာပြီး ဓားအမြုတေရှင် ခန္ဓာကိုယ်၏ အောင်မြင်ရေး အလားအလာကို အပြည့်အဝ ယူဆောင်နိုင်လိမ့်မည်။
ထိုအချိန်ကျလျှင် ခန္ဓာကိုယ်ကို ဖျက်ဆီးမရအောင် လေ့ကျင့်နိုင်မည် ဖြစ်ပြီး၊ ဓားပျံ ငွေ့အင်ကို သန့်စင်၍ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်ပေလိမ့်မည်။
အတွင်းနှင့်အပြင် သဟဇာတ ဖြစ်သွားသောအခါ မည်သူမျှ မိမိကို ယှဉ်နိုင်မည်မဟုတ်တော့ပေ။
ခဏတာ လေ့ကျင့်ပြီးနောက် စုချန် နောက်ထပ် ရွှမ်ဟွမ်ဆေးလုံး တစ်လုံးကို သောက်လိုက်ရာ လန်းဆန်းတက်ကြွသွားသည်။ ထို့နောက် သူ ထိုင်ရာမှထကာ ဓားသန့်စင်ခြင်း စတင်ရန် ဓားသင်္ချိုင်းထဲသို့ ဝင်ရောက်လိုက်သည်။
သူ့ကျင့်ကြံမှု တိုးတက်လာပြီ ဖြစ်သဖြင့် ဒုတိယအဆင့် သာမာန်ဓားများကိုပါ စတင် သန့်စင်နိုင်ပြီ ဖြစ်သည်။
ဒီနေရာမှ ဓားများက ပိုမို ထက်ရှပြီး ဓားအရှိန်အဝါများကလည်း ပိုမို ပြင်းထန်သည်။ သဘာဝကျစွာပင် ဓားသန့်စင်ခြင်း လေ့ကျင့်ခြင်းက အကျိုးကျေးဇူး ပိုများစေသည်။
စုချန် ဒုတိယထပ်သို့ တက်သွားပြီး လေးလံသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်ရာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
【ဓားအမည် : သေနာပတိ 】
【ဓားသခင် : ရှန်းလုံ 】
...
တချိန်တည်းမှာပင် ရှုတောင် ချင်းယန်တောင်ထိပ် ခြေရင်းရှိ ဂိုဏ်းသားတစ်ဦး၏ ဂူသင်္ချိုင်းအရှေ့၌။
ယန်ယွီရှင်း ရောက်ရှိလာပြီး ဂူရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်။
ခဏကြာတော့ ဂူဝတွင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ရေတံခွန် ကျဆင်းနေသော နေရာမှာ အလိုအလျောက် ကွဲအက်သွားကာ လူတစ်ယောက် ပျံထွက်လာသည်။
သူက အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး စူးရှသော မျက်ခုံးများ၊ တောက်ပသော မျက်လုံးများနှင့်အတူ ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည်။ ခါးတွင် ရှုတောင်ဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသား အမှတ်အသားဖြစ်သော ကျောက်စိမ်းဖြူ ဓားတံဆိပ်ကို ချိတ်ဆွဲထားသည်။
ထိုလူမှာ ယန်မိသားစု၏ သခင်လေး ယန်ယွင်ဖေး ပင် ဖြစ်သည်။
သူသည် ယွီထျန်းယန်၏ နောက်လိုက် အများအပြားထဲမှ တစ်ဦးလည်း ဖြစ်သည်။
"အသုံးမကျလိုက်တာ။ ဓားသင်္ချိုင်းစောင့် ကောင်လေးတစ်ယောက်ကိုတောင် မနိုင်ဘူး။ မင်းကို ဆက်ထားနေလို့ ဘာထူးမှာလဲ။"
သခင်လေး၏ စွပ်စွဲမှုကို ယန်ယွီရှင်း မငြင်းရဲပေ။ သခင်လေး ဆူပူပြီးသည်နှင့် သူက သတိထားပြီး ပြောလိုက်သည်။ "ဒီအဘိုးကြီးရဲ့ အမှားပါ။ မူလက သူ့ကို ဓားသင်္ချိုင်းထဲမှာ သူ့ဘာသာသူ ဒုက္ခိတဖြစ်သွားအောင် ထားခဲ့ဖို့ ရည်ရွယ်ခဲ့တာ၊ ဒါပေမဲ့ ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့မိဘူး...။"
"ထားလိုက်တော့၊ ဒါက တကယ်တမ်း မင်းအပြစ်တော့ မဟုတ်ပါဘူး။ ယွဲ့လျိုရွှမ် ကိုယ်တိုင် ဆင်းလာပြီး သူ့ကို ဆေးပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကြည့်ရတာ သူတို့ စေ့စပ်ထားတာက အတည်ပဲ ဖြစ်လောက်တယ်။"
ဖြစ်ကြောင်းကုန်စင် ကြားပြီးနောက် ယန်ယွင်ဖေး ခေါင်းခါလိုက်သည်။
ယန်မိသားစုမှာ ရှုတောင်ဂိုဏ်းသို့ ဝင်ရန် နှစ်စဉ် နေရာတစ်နေရာ၊ နှစ်နေရာသာ ရပြီး အများစုမှာ အားကိုးမရပေ။ ယန်ယွီရှင်းမှာမူ အပြင်ဂိုဏ်း တာဝန်ခံ ဖြစ်လာခဲ့သည်အထိဖြစ်ရာ သူ၏ စွမ်းရည်ရှိသော လက်ထောက်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။
ယခုတစ်ခေါက် လှုပ်ရှားခဲ့သော ယန်ဝူမှာလည်း သူ့ဝမ်းကွဲညီ ဖြစ်သည်။ သူ့တွင် ပါရမီရှိပြီး အနာဂတ်တွင် အတွင်းစည်းဂိုဏ်း သို့ တိုးမြှင့်ခံရရန်အထိ မျှော်မှန်းထားသည်။
ထို့ကြောင့် ယန်ယွင်ဖေး သူတို့ကို သိပ်ပြီး ပြင်းပြင်းထန်ထန် အပြစ်မတင်တော့ပေ။
"စုချန်က ယွဲ့လျိုရွှမ်ရဲ့ အကူအညီကြောင့်သာ ဓားသင်္ချိုင်းထဲမှာ အသက်ရှင်နိုင်နေတာ။ ရှောင်ဝူကို သူ နိုင်ခဲ့တာကလည်း ဓားသင်္ချိုင်းထဲက မိစ္ဆာဓားအငွေ့အသက်ကို အသုံးချခဲ့လို့ပဲ။ ကြည့်ရတာ အင်အားကြီးသလို ထင်ရပေမယ့် တကယ်တမ်းတော့ သူ့သက်တမ်းကို တိုစေလိမ့်မယ်။ မထင်မှတ်တာက သူ အဘိုးကြီးကျိုးရဲ့ အကာအကွယ်ကို ရသွားတာပဲ၊ အဲ့ဒါက ပြဿနာပဲ...။"
"ဓားသင်္ချိုင်းစောင့်က ဂိုဏ်းထဲမှာ သာမာန်မဟုတ်တဲ့ အဆင့်အတန်း ရှိတယ်။ အတွင်းစည်း ဂိုဏ်းသားအစစ်တွေတောင် သူ့ကို မစော်ကားရဲဘူး။ အဘိုးကြီးကျိုး သဘောကျတာ ခံရရင် သူက အနာဂတ်မှာ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်တယ်။"
ထိုသို့ တွေးလိုက်ပြီး ယန်ယွင်ဖေးက ပြောလိုက်သည်။ "ရှောင်ဝူကို ဆေးဝါးအချို့ ပေးပြီး သေချာ ပြန်ကုသခိုင်းထားလိုက်။ သူက ပါရမီရှိတယ်၊ အနာဂတ်မှာ သေချာပေါက် ကိစ္စကြီးတွေ လုပ်နိုင်လိမ့်မယ်။ ယာယီ ရှုံးနိမ့်မှုလောက်နဲ့ စိတ်ဓာတ်မကျစေနဲ့။ ပြီးတော့ လူတချို့လွှတ်ပြီး ဓားသင်္ချိုင်းကို စောင့်ကြည့်ခိုင်းထား။ စုချန် အပြင်ကို ထွက်လာတာနဲ့ ငါ့ဆီ ချက်ချင်း လာသတင်းပို့။"
ယန်ယွီရှင်း အံ့သြစွာ မေးလိုက်သည်။ "သခင်လေး ကိုယ်တိုင် လှုပ်ရှားဖို့ ရည်ရွယ်ထားတာလား။"
"ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို ဖမ်းရင်တောင် အင်အားအကုန်သုံးပြီး ဖမ်းတတ်တယ်။ ဒီကောင်လေး အချိန်တိုအတွင်းမှာ အမြန်တိုးတက်လာတာက ယွဲ့လျိုရွှမ် အကူအညီကြောင့် ဆိုပေမယ့်၊ သူ့မှာလည်း ကိုယ်ပိုင် စွမ်းရည်တွေ ရှိကောင်းရှိလိမ့်မယ်။ သူ့ကို ဒီအတိုင်း ဆက်ထားရင် ကြာလာရင် ခြိမ်းခြောက်မှု အကြီးကြီး ဖြစ်လာလိမ့်မယ်။ တတ်နိုင်သမျှ မြန်မြန် ရှင်းပစ်တာ အကောင်းဆုံးပဲ။"
"ဒါပေမဲ့ သခင်လေးက အတွင်းစည်းဂိုဏ်းသားလေ။ စုချန်ကို သွားတိုက်ခိုက်ရင် လူတွေက အားနည်းသူကို အနိုင်ကျင့်တယ်လို့ ဝေဖန်ကြလိမ့်မယ်၊ နတ်မိမယ်ယွဲ့ကို ရှင်းပြရလည်း ခက်လိမ့်မယ်။"
"ကိစ္စမရှိဘူး။ ဒီကိစ္စသာ အောင်မြင်သွားရင် ဂိုဏ်းတူအစ်ကိုယွီက ငါတို့ ယန်မိသားစုရဲ့ သစ္စာရှိမှုကို မြင်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ယွဲ့လျိုရွှမ်ကို စော်ကားမိလည်း ကိစ္စမရှိတော့ဘူး။"