← Chapters

အခန်း (၁၇+၁၈)

Vol. 2 Ch. 17+18

အခန်း (၁၇+၁၈)

Vol. 2 Ch. 17+18

အခန်း (၁၇) - သေနာပတိ သံချပ်ကာချွတ်ခြင်း

ယန်ယွီရှင်း၏ ကျင့်ကြံခြင်း နည်းစနစ်မှာ 'တောင်ရွှေ့ကျမ်း' ဟု ခေါ်ပြီး၊ မြေကြီးဓာတ် မှော်စွမ်းအင်ဖြစ်ကာ တောင်တစ်လုံးကဲ့သို့ လေးလံသည်။

အခြေတည်အဆင့် ရောက်ပြီးနောက် ဖြစ်ပေါ်လာသော နတ်ဘုရားအခြေတည်အင်း ကို တောင်သားအထပ်တစ်ထောင် ဟု ခေါ်ဆိုသည်။ ၎င်းသည် မြေကြီးဓာတ် ကျင့်ကြံခြင်း နည်းစနစ်များတွင် အတွေ့ရများသော ပုံစံတစ်ခုဖြစ်ပြီး အားကောင်း၍ လေးလံကာ တိုက်စစ်နှင့် ခံစစ် စွမ်းရည် နှစ်မျိုးလုံး ပါရှိသည်။

ယခုအချိန်တွင် သူ စတင်လှုပ်ရှားလိုက်ရာ မှော်စွမ်းအင်များ တိုးပွားလာပြီး တောင်ကြီးတစ်လုံးကို မ,၍ ဖိချလိုက်သကဲ့သို့ ရှိသည်။

စုချန်သည် ယခင်က တစ်ဖက်လူ၏ နည်းလမ်းကို မြင်တွေ့ခဲ့ဖူးသော်လည်း၊ ထိုစဉ်က အကြီးအကဲကျိုး၏ ဓားအရှိန်အဝါက တားဆီးပေးခဲ့သဖြင့် ဖိအားကို သိပ်မခံစားခဲ့ရပေ။ ယခု တစ်ယောက်တည်း ရင်ဆိုင်ရသောအခါမှ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သဘောပေါက်လိုက်သည်။

တောင်ပုံသဏ္ဍာန် လက်ဝါးရာကြီး မကျရောက်သေးမီမှာပင် ပတ်ဝန်းကျင် လေထုမှာ ဖိနှိပ်ခံရပြီး ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ်မှာ အကျဉ်းချခံထားရသကဲ့သို့ တောင့်ခဲသွားသည်။

လက်ဝါးရာကြီး ကျလာသည်နှင့်အမျှ စုချန်၏ ခန္ဓာကိုယ်အတွင်း ဓားငွေ့အင်များ ပြင်းထန်စွာ လှုပ်ရှားလာပြီး သူ့အရေပြားပေါ်တွင် သတ္တုရောင် ရေးရေးလေး ပေါ်လာသည်။

ဝုန်း!

ပေါင်တစ်ထောင်မျှ လေးလံသော သံဓားက လေကိုခွင်းလျက် ပိုင်းဖြတ်လိုက်သည်။ ၎င်းသည် ' သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း' ၏ ဒုတိယ သိုင်းကွက်ဖြစ်ပြီး ယင်းစွမ်းအားက ကောင်းကင်ကို ထိုးဖောက်မတတ်ပင်။

မြင်သာထင်သာရှိသော ဓားငွေ့အင် တစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားပြီး ကြီးမားသော တောင်ပုံသဏ္ဍာန် လက်ဝါးကြီးကို နားကွဲလုမတတ် အသံကြီးနှင့် ရိုက်ခတ်လိုက်သည်။ မှော်စွမ်းအင် လှိုင်းလုံးများကြောင့် ဈေးတန်းရှိ ဂိုဏ်းသားအများအပြား လန့်သွားပြီး အံ့သြတကြီး လှည့်ကြည့်ကြသည်။

လူအများအပြား စုဝေးလာသည်ကို မြင်လိုက်ရသဖြင့် ယန်ယွီရှင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ဒီကိစ္စက စုံစမ်းစစ်ဆေးမှုကို ခံနိုင်ရည်မရှိပေ။ ဒါက စုချန်ကို ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။ အကယ်၍ ဆူညံမှု သိပ်များသွားပြီး ဂိုဏ်းက သေချာ စုံစမ်းစစ်ဆေးလာပါက သူတို့ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။

'လေနက် သူရဲကောင်း' သုံးဦး၏ နောက်ခံမှာလည်း စစ်ဆေးခံနိုင်မည် မဟုတ်။

သူ့မျက်လုံးများ ချက်ချင်း အေးစက်သွားပြီး လက်သင်္ကေတ တစ်ခု လုပ်လိုက်သည်။ အညိုရောင် ဓားအလင်းတန်း တစ်ခု သူ့လက်အင်္ကျီစ ထဲမှ ပျံထွက်လာသည် ဤကား ဓားထိန်းချုပ်ခြင်း နည်းစနစ် ပင်။

ရွှမ်း!

ထက်ရှသော ဓားငွေ့အင်က တည့်တည့် တိုးဝင်လာပြီး မြေကြီးဝါရောင် ဓားအလင်းတန်းက လေထဲတွင် ကြီးထွားလာကာ ဓားတောင်ကြီး တစ်ခု ပြိုကျလာသကဲ့သို့ ဖြစ်သွားသည်။

စုချန် သူ့လက်မောင်း ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ ကာကွယ်ရန် သူ အစွမ်းကုန် ကြိုးစားပြီး ဓားကို ဝှေ့ယမ်းလိုက်သော်လည်း ဓားပျံ၏ ရိုက်ခတ်မှုနှင့် ဖိနှိပ်အားကို မတားဆီးနိုင်ပေ။

အခြေတည်အဆင့် ကျင့်ကြံသူ၏ မှော်စွမ်းအင်သည် ချီသန့်စင်ခြင်း ကျင့်ကြံသူထက် အဆပေါင်းများစွာ သာလွန်သည်။

သာမန် ဓားသိုင်းကွက်များဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများကို ယှဉ်နိုင်မည် မဟုတ်ကြောင်း စုချန် ကောင်းကောင်း သိသည်။

ကံမကောင်းသည်မှာ သူလက်ရှိ ပိုင်ဆိုင်ထားသော နည်းလမ်းများက နည်းပါးလွန်းပြီး အကန့်အသတ် ရှိနေသည်။ သူဝှက်ထားသော ရွှေရောင် ဓားသွယ်လေးမှလွဲ၍ အခြား နည်းလမ်းမရှိ။ သို့သော် ဓားအမြုတေမှာ အလွန် ကျိုးပဲ့လွယ်သဖြင့် စောစောစီးစီး ထုတ်မပြချင်သေးပေ။

"ဟုတ်ပြီ... ဓားအရှိန်အဝါ ။ ဓားသင်္ချိုင်းတုန်းက အကြီးအကဲကျိုးက ဒီလူကို ဓားအရှိန်အဝါနဲ့ ဖိနှိပ်ခဲ့တာ။ ငါ့မှာ အကြီးအကဲကျိုးရဲ့ ကမ္ဘာမြေကို တုန်ခါစေနိုင်တဲ့ ကျင့်ကြံနှစ် မရှိပေမယ့်၊ ' သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း' ရဲ့ နောက်ဆုံး ဓားကွက်နဲ့ ဓားအရှိန်အဝါကို စုစည်းနိုင်ရင် အန္တရာယ်ကနေ လွတ်မြောက်နိုင်ကောင်းပါတယ်။"

ထိုသို့ တွေးလိုက်ပြီး စုချန် ဆက်မပြေးတော့ပေ။

သူ လှည့်လိုက်ပြီး တိုးဝင်လာသော မြေကြီးဝါရောင် ဓားတောင်ကြီးကို ရင်ဆိုင်လိုက်သည်။ သူ၏ ဓားငွေ့အင်များလည်း အဆက်မပြတ် စုစည်းလာသည်။

သူ မျက်လုံးမှိတ်လိုက်ပြီး သေနာပတိ မသေဆုံးခင် ခံစားခဲ့ရသော စိတ်အခြေအနေကို ပြန်လည် ခံစားလိုက်သည်။ တဖြည်းဖြည်းနှင့် ရဲရင့်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု သူထံမှ ထွက်ပေါ်လာပြီး လက်ထဲမှ သံဓားက စိတ်လှုပ်ရှားနေသကဲ့သို့ တုန်ခါမြည်ဟီးလာသည်။

"သေသည်အထိ တိုက်ခိုက်မယ်၊ ငါ့မှာ တိုက်ခိုက်ခြင်းကလွဲလို့ အသက်ရှင်ဖို့ အခြားအကြောင်း မရှိတော့ဘူး။"

"' သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း' ရဲ့ နောက်ဆုံး ဓားချက် ' သေနာပတိ သံချပ်ကာချွတ်ခြင်း' က ဒီလို သေသေရှင်ရှင် တိုက်ခိုက်မယ့် သတ္တိမျိုး လိုအပ်တာပဲ။”

စုချန် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

အရင်က သူသည် ဤနောက်ဆုံး ဓားချက်၏ အဓိပ္ပာယ်အမှန်ကို နားမလည်ခဲ့သဖြင့် ထုတ်သုံးရန် ခက်ခဲခဲ့သည်။

ယခု အခြေတည်အဆင့် ကျွမ်းကျင်သူ၏ ဖိအားပေးမှု အကူအညီဖြင့် သူသည် နောက်ဆုံးတွင် ဓားကွက် အလိုဆန္ဒ ၏ တံခါးဝကို ထိတွေ့နိုင်ခဲ့ပြီ။

အစ်—

သူ မျက်လုံးဖွင့်လိုက်သည်နှင့် စွမ်းအားတစ်ခု ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး သူ့ဘေးတွင် ဝိုင်းအုံနေသော စည်းကမ်းထိန်းသိမ်းရေး ဂိုဏ်းသားများ မျက်နှာပျက်ကာ ယိုင်နဲ့နဲ့နှင့် နောက်ဆုတ်သွားကြသည်။

ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ လွှမ်းခြုံထားပြီး စုချန်က ဓားကို ဝှေ့ယမ်းလိုက်ရာ ခမ်းနားထည်ဝါသော ဓားငွေ့အင် တစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် ဓားတောင်ကြီးကို ကြမ်းတမ်းစွာ ဝင်ဆောင့်လိုက်သည်။

ချက်ချင်းပင် မြေကြီးများ ပြိုပျက်ပြီး ကျောက်တုံးများ လေထဲတွင် ပြန့်ကျဲသွားသည်။ မူလက တုံးနေသော သံဓားသည် ထောပတ်တုံးထဲသို့ မီးရဲနေသော သံချောင်း ထိုးထည့်လိုက်သကဲ့သို့ ဓားတောင်ကြီးကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။ ချွင်ကနဲ အသံနှင့်အတူ အဝါညိုရောင် ဓားအလင်းတန်းမှာ ယိုင်နဲ့သွားပြီး ပြိုကျလာသည်။ ယန်ယွီရှင်း မျက်နှာ ချက်ချင်း ဖြူဖျော့သွားပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာသည်။

အခြေတည်အဆင့် ကျင့်ကြံသူ၏ ဓားပျံကို သူတို့၏ စိတ် အာရုံ ဖြင့် ထိန်းချုပ်ထားပြီး အရှိန်အဝါချင်း ဆက်စပ်နေသည်။

အကယ်၍ ဓားပျံ ပြင်းထန်စွာ ထိခိုက်သွားပါက အသုံးပြုသူလည်း ဒဏ်ရာရမည် ဖြစ်သည်။ မွေးရာပါ ကိုယ်တွင်း ဓားပျံမျိုး သာ ဖြစ်ပါက အမြုတေပါ ထိခိုက်သွားနိုင်သည်။

"ဓားအရှိန်အဝါ ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

"သာမန် ချီသန့်စင်ခြင်း ကျင့်ကြံသူက ဘယ်လိုလုပ် ဓားအရှိန်အဝါ ကို စုစည်းနိုင်မှာလဲ?"

ယန်ယွီရှင်း မျက်လုံးများ ပြူးကျယ်သွားပြီး အဝေးရှိ ယန်ယွင်ဖေးမှာလည်း အလွန်အံ့သြသွားကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်မိသည်အထိ။

အခြား စည်းကမ်းထိန်းသိမ်းရေး ဂိုဏ်းသားများနှင့် ကြည့်ရှုသူများမှာလည်း အံ့သြမှင်သက်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ဓားအရှိန်အဝါ…ဒါက အတွင်းစည်းဂိုဏ်းသား အများစုတောင် မတတ်မြောက်နိုင်တဲ့ နည်းစနစ်လေ။

ဒီ စုချန်က တကယ်ပဲ ဒီလိုပါရမီမျိုး ရှိနေတာလား?

"ဟားဟားဟား.. သိပ်ကောင်းတာပဲ.."

ဤအချိန်တွင် စုချန် ဓားချက်တစ်ချက် ထုတ်ဖော်လိုက်ရာ သူ့တိုက်ခိုက်လိုစိတ် ပိုမို ပြင်းထန်လာသည်။

စစ်မြေပြင်မှ စစ်နတ်ဘုရားတစ်ပါး အသွင်ပြောင်းသွားသကဲ့သို့ သံချပ်ကာချွတ်ပြီး အရပ်မျက်နှာ အနှံ့ တိုက်ခိုက်တော့မည့်ဟန် ရှိသည်။ သူ့အရှိန်အဟုန်က ဆက်လက် မြင့်တက်နေပြီး ယန်ယွီရှင်း ရှိရာဘက်သို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ပြန်မတိုက်ဘဲ အတိုက်ခံနေရခြင်းမှာ သူ့ပုံစံမဟုတ်။

ဒီခွေးအိုကြီးက အကြိမ်ကြိမ် ပြဿနာ လာရှာနေတာ။ ဒီတစ်ခါတော့ သူ့ကို ဒုက္ခိတဖြစ်သွားအောင် ရိုက်သတ်ပစ်ရမယ်။

"သတ်ပစ်"

စုချန်သည် စိတ်ရိုင်းဝင်နေသော မိစ္ဆာဘုရင်တစ်ပါးကဲ့သို့ ယန်ယွီရှင်းနောက်သို့ လိုက်ကာ ဓားချက် နှစ်ချက် ဆက်တိုက် ထုတ်လိုက်သည်။ ဓားချက်တိုင်းတွင် ပြင်းထန်ပြီး တားဆီးမရနိုင်သော စွမ်းအင်များ ပါဝင်နေသည်။ သူသည် နောက်မဆုတ်ဘဲ သေမင်းတံခါးဝသို့ တိုးဝင်နေသည်။

အခြား ဂိုဏ်းသားများ ရှေ့မတိုးရဲကြပေ။

ယန်ယွီရှင်းတွင် ကျင့်ကြံမှုအဆင့်အရ အားသာချက် အများအပြား ရှိသော်လည်း၊ စုချန်၏ ကြောက်ရွံ့ခြင်းမရှိသော အကြည့်ကြောင့် ချက်ချင်း စိတ်ဓာတ်ကျသွားပြီး ရင်ထဲတွင် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသည်။

ဓားသိုင်း၏ စွမ်းအားသည် လူတို့၏ စိတ်ကို ဦးစွာ ဖမ်းစားပြီးမှ အရှိန်အဟုန်ဖြင့် လွှမ်းမိုးဖိနှိပ်ခြင်းတွင် တည်ရှိသည်။

သူသည် အခြေတည်အဆင့် ရောက်နေသော်လည်း ဓားအရှိန်အဝါ၏ ဖိအားကို ခံနိုင်ရည်ရှိသော စိတ်စွမ်းအားမှာမူ မရှိ‌သေးသည့်အတွက် သူ့စွမ်းရည် အပြည့်အဝ မထုတ်နိုင်တော့။ ဓားချက်တစ်ချက်ကို မှော်စွမ်းအင်ဖြင့် မနည်း ကာကွယ်လိုက်ပြီးနောက် သူ ပိုမို ကြောက်ရွံ့လာကာ နောက်သို့ ဆက်တိုက် ဆုတ်ခွာလိုက်ရသည်။ ထို့နောက် စုချန်၏ ဓားချက် ရင်ဘတ်ကို ထိမှန်သွားပြီး သွေးအန်ကာ နောက်သို့ လွင့်စင်သွားသည်။

သူ့တွင် နက်ရှိုင်းသော မှော်စွမ်းအင်နှင့် အကာအကွယ် ဝတ်ရုံများသာ မရှိပါက ဤဓားချက်သည် သူ့အသက်ကို နှုတ်ယူသွားလောက်သည်။

"လွန်လွန်းနေပြီ။ စုချန်၊ မင်း တော်တော် ရဲတင်းပါလား ။ မင်းက လူသတ်တယ်၊ ဓားပြတိုက်တယ်၊ ဂိုဏ်းစည်းကမ်းကို ချိုးဖောက်တယ်၊ အခု အပြင်ဂိုဏ်း တာဝန်ခံကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့။ မင်း တကယ် ဥပဒေ မဲ့ နေတာပဲ။"

စုချန်၏ ကြမ်းတမ်းမှုကို မြင်လိုက်ရသဖြင့် ယန်ယွန်ဖေး ထိုင်မနေနိုင်တော့ပေ။

သူ ချက်ချင်း အော်ငေါက်လိုက်ရာ ရေခဲစွမ်းအင်များ ပြင်းထန်စွာ လှုပ်ရှားလာသည်။ နှင်းခဲများဖြင့် ပြုလုပ်ထားသော ကြေးမုံပြင်တစ်ခု သူ့နောက်တွင် ပေါ်လာပြီး တစ်ခဏအတွင်း လေပြင်းများ တိုက်ခတ်ကာ နှင်းပွင့်များ လွင့်ပျံလာပြီး ထိုးဖောက်ဝင်ရောက်လာသော အအေးဒဏ်က လူတိုင်း၏ ခန္ဓာကိုယ်ကို တောင့်ခဲသွားစေသည်။

ကြောက်မက်ဖွယ် ရေခဲဓားသွား တစ်လက် လျှပ်စီးကဲ့သို့ ပျံထွက်လာသည်။

ထိုးဖောက်ဝင်ရောက်လာသော အအေးဓာတ်ကြောင့် စုချန် လက်နှင့် ခြေထောက်များ အေးခဲသွားသည်။ နှစ်ဦးစလုံး အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ယန်ယွင်ဖေး၏ အင်အားသည် မှော်စွမ်းအင် သိပ်သည်းဆနှင့် အမြုတေ စွမ်းအား နှစ်ခုစလုံးတွင် ယန်ယွီရှင်းထက် ဆယ်ဆမက သာလွန်သည်။

ယခုအချိန်တွင် သူ့တိုက်ခိုက်မှုက ပတ်ဝန်းကျင်ရှိ ဓားအရှိန်အဝါကိုပင် အေးခဲသွားစေသကဲ့သို့ ရှိသည်။

စုချန်မှာ ဓားအရှိန်အဝါကို ယခုမှ စတင် စုစည်းနိုင်ခါစ ဖြစ်ပြီး အစပျိုးအဆင့်သာ ရှိသေးသဖြင့် သိပ်မသန်မာသေးသောကြောင့် ဖြစ်သည်။ သူသည် ယန်ယွီရှင်းကဲ့သို့ အသုံးမကျသူကိုသာ အနိုင်ကျင့်နိုင်မည်။ သို့သော် စစ်မှန်သော အခြေတည်အဆင့် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရသောအခါ ချက်ချင်းပင် အားနည်းသွားပြီး မယှဉ်နိုင် ဖြစ်သွားသည်။

စုချန် တိုးဝင်လာသော ဓားအလင်းတန်းကို တားဆီးရန် အစွမ်းကုန် ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။ အေးစက်သော အအေးဓာတ်က အဆက်မပြတ် စိမ့်ဝင်လာပြီး သူ့သွေးများကိုပင် အေးခဲသွားစေမတတ် ဖြစ်နေသည်။

"နောက်ဆုံး ဝှက်ဖဲကို သုံးမှ ရတော့မယ် ထင်တယ်"

စုချန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ့ တန်ထျန်း သွေးကြော ထဲရှိ ရွှေရောင်ဓားလေးမှာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ။ အခွင့်အရေး တစ်ခုသာ လိုသည်၊ ရသည်နှင့် တပြိုင်နက် ယန်ယွင်ဖေးကို အရင်ဆုံး သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားရမည်။

သို့သော် ထိုအချိန်တွင် သာယာနာပျော်ဖွယ်ကောင်းသော စောင်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

မှော်စွမ်းအင်များ ပါဝင်သော အသံလှိုင်းများသည် ရှိသမျှလူတိုင်း၏ နားထဲတွင် ပြတ်သားကြည်လင်ပြီး သာယာနေကာ မည်သည့် မသက်မသာဖြစ်မှုကိုမျှ မခံစားရပေ။ သို့သော် ထိုနေရာရှိ နှင်းခဲများ ရုတ်တရက် အက်ကွဲကြေမွသွားသည်။

ချက်ချင်းဆိုသလိုပင် လရောင် ပန်းပွင့်ဖတ်များ ကြွေကျလာပြီး ကျော့ရှင်းလှပသော ပုံရိပ်အချို့ ပျံဆင်းလာသည်။

အဖွဲ့ကို ဦးဆောင်လာသူမှာ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် သိက္ခာအပြည့်နှင့် ကျက်သရေရှိကာ လက်ထဲတွင် ဇီသာ တူရိယာကို ပိုက်ထားသည်။ နတ်သမီးတစ်ပါးကဲ့သို့ ကျော့ရှင်းစွာ ရပ်နေပြီး စုချန်ကို သူမနောက်တွင် မသိမသာ ကာကွယ်ပေးထားလိုက်သည်။

အပိုင်း ၁၈

အခန်း (၁၈) - မင်းကို ကောင်းကင်ဘုံ ပြစ်ဒဏ်ပေးစင်မြင့်မှာ စောင့်နေမယ်။

"ကျောက်စိမ်းတောင်ထွတ်က ချင်းလန်ပါလား။"

"အတွင်းစည်းဂိုဏ်း အဆင့်သတ်မှတ်ချက် ၁၂ နေရာမှာရှိတဲ့ နတ်မိမယ် ယောင်ချင် လား?"

"သိပ်လှတာပဲ။တော်တော်လေး ကျက်သရေရှိတယ်။ ကျောက်စိမ်းတောင်ထွတ်က နတ်မိမယ် အကုန်လုံး ဒီလိုချည်းပဲလား။"

"ဂိုဏ်းတူအစ်မ ချင်းလန်က ဘာလို့ ဒီကို ရောက်နေတာလဲ။ ကြည့်ရတာ စုချန်ကို လာကာကွယ်ပေးတာ ထင်တယ်။ ဂိုဏ်းတူအစ်မ ယွဲ့ရဲ့ အမိန့်ကြောင့် ဖြစ်လောက်တယ်။ အတွင်းစည်းဂိုဏ်းသားတွေ အချင်းချင်း တိုက်ကြခိုက်ကြတာ စိတ်ဝင်စားဖို့ ကောင်းတော့မယ်"

ရောက်ရှိလာသော အမျိုးသမီး ဂိုဏ်းသားများကို မြင်သောအခါ လူတိုင်း တိတ်တဆိတ် အံ့သြနေကြသည်။

စုချန်လည်း အံ့အားသင့်သွားသည်။ ကျောက်စိမ်းတောင်ထွတ်မှ လူများ တကယ် ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဒါလည်း ကောင်းပါတယ်။

တကယ်လို့ သူ့ကို နောက်ဆုံးဝှက်ဖဲ ထုတ်သုံးအောင် အတင်းအကျပ် ဖိအားပေးခဲ့လျှင် ယန်ယွင်ဖေးကို သတ်နိုင်ချေ ရှိသော်လည်း၊ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် အလွန်ခက်ခဲပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် အတွင်းစည်းဂိုဏ်းသား ဆိုသည်မှာ သာမာန်မဟုတ်သော အဆင့်အတန်းရှိပြီး၊ မည်သည့်အကြောင်းကြောင့် သတ်ဖြတ်သည်ဖြစ်စေ ဂိုဏ်းက စုံစမ်းစစ်ဆေးပြီး အပြစ်ပေးမည်မှာ သေချာသည်။

ထိုအချိန်ကျလျှင် အကြီးအကဲကျိုးပင် သူ့ကို ကာကွယ်ပေးနိုင်ချင်မှ ပေးနိုင်မည်။

"ချင်းလန်။ မင်း ဘာသဘောလဲ"

မလှမ်းမကမ်းတွင် ရပ်နေသော ယန်ယွင်ဖေး၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေသည်။

ဒီနေ့ စုချန်ကို ရှင်းပစ်ဖို့အတွက် သူ နှစ်ပေါင်းများစွာ မွေးမြူထားသော ကျင့်ကြံသူ သုံးဦးကို စတေးပြီး အစွမ်းကုန် ကြိုးစားခဲ့ရသည်။

အောင်မြင်မှုက လက်တစ်ကမ်းမှာ ရှိနေပြီ။

ကျောက်စိမ်းတောင်ထွတ်မှ လူများက စုချန်ကို ကာကွယ်ရန် ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။

ဒါက ယွဲ့လျိုရွှမ် သီးသန့်ကျင့်ကြံခြင်း မပြုလုပ်မီ ညွှန်ကြားပြီး အမိန့်ပေးခဲ့ခြင်း ဖြစ်ရမည်။

"ယန်ယွင်ဖေး၊ နဂါးနှင့် ကျား အဆင့်သတ်မှတ်ချက် မှာ မင်းအဆင့် သိပ်မမြင့်ပေမယ့်၊ အတွင်းစည်းဂိုဏ်းသား တစ်ယောက်ပဲလေ။ ဂိုဏ်းထဲဝင်ကာစ ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားလေး တစ်ယောက်ကို ရှင်းပစ်ဖို့ ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးရတာ၊ သတင်းထွက်သွားရင် အရှက်ကွဲမှာ မကြောက်ဘူးလား။ ဒါမှမဟုတ် ယွီထျန်းယန် မျက်နှာရဖို့အတွက် အရှက်တရားကိုပါ စွန့်လွှတ်လိုက်ပြီလား။"

ချင်းလန်က ဇီသာတူရိယာကို ကိုင်ထားရင်း ထပ်တလဲလဲ လှောင်ပြောင်လိုက်သည်။

သူမ၏ စကားများက ထက်မြက်ပြီး ယန်ယွင်ဖေးကို လုံးဝ မျက်နှာသာ မပေးပေ။

ထိုစကားကို ကြားသောအခါ ယန်ယွင်ဖေး ဒေါသတကြီး အံကြိတ်လိုက်သော်လည်း တိုက်ရိုက် ပြန်လည်ချေပရန် နည်းလမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် အတွင်းစည်းဂိုဏ်းသားများကြားတွင် သူ့အဆင့်မှာ တကယ်ပင် မမြင့်မားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် စစ်မှန်သော သွန်သင်မှုများ ရရှိပြီး အဆင့်တက်နိုင်ရန် မျှော်လင့်ချက်ဖြင့် ယွီထျန်းယန်ကို ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားနေရခြင်း ဖြစ်သည်။

လူရှေ့သူရှေ့တွင် ဒီလို အပြောခံရခြင်းမှာ တကယ်ပင် အရှက်ရစရာ ကောင်းလှသည်။

ကျောက်စိမ်းတောင်ထွတ်မှ လူများ ရောက်လာပြီဖြစ်၍ ယနေ့ အစီအစဉ် အောင်မြင်ရန် မဖြစ်နိုင်တော့။ သို့သော် ယန်ယွင်ဖေးက ဒီအတိုင်း အလွယ်တကူ လက်မလျှော့ချင်သဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ "မင်း ထမင်းကို စားချင်သလို စားလို့ရတယ်၊ စကားကိုတော့ ပြောချင်သလို ရမ်းမပြောနဲ့။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက ဒီ စုချန်က ပစ္စည်းလုဖို့ လူသတ်ခဲ့တာ၊ ဂိုဏ်းဈေးတန်း စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာ ရှင်းနေတာပဲ။ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က သူ့ကို ဂိုဏ်းစည်းကမ်းအရ ဖမ်းဆီးခဲ့ပေမယ့် သူက ပြန်လည်ခုခံပြီး တာဝန်ကျ အကြီးအကဲကိုတောင် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ အတွင်းစည်းဂိုဏ်းသား တစ်ယောက်အနေနဲ့ ဒီလို သစ္စာဖောက်မျိုးကို မြင်နေရလျက်နဲ့ လက်ပိုက်ကြည့်မနေနိုင်ဘူး။"

"ချင်းလန်၊ မင်းက ယွဲ့လျိုရွှမ်ရဲ့ အမိန့်ကြောင့် ဒီလူကို လာကာကွယ်ပေးတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ သူက ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ကောင်။ မင်းက ဒီလို လူယုတ်မာမျိုးကို ကာကွယ်ပေးဦးမှာလား။"

"ပါးစပ်ပိတ်ထားစမ်း။ ဂိုဏ်းတူအစ်မ ယွဲ့ရဲ့ နာမည်ကို ခေါ်ဖို့ မင်းမှာ အရည်အချင်း ရှိလို့လား။ မင်းက အမွေခံဂိုဏ်းသား ကို မလေးမစား လုပ်ရဲတာ။ ပြစ်ဒဏ်ပေးဆောင် ကို သွားပြီး မင်းရဲ့ ပြစ်ဒဏ်ကို သွားခံယူ။"

"မင်း..."

ယန်ယွင်ဖေး ဒေါသထွက်လွန်း၍ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မျက်လုံးပြူးကာ စိုက်ကြည့်နေသော်လည်း ဘာမှမတတ်နိုင် ဖြစ်နေသည်။

ထိုအချိန်တွင် ချင်းလန်က ဆက်ပြောသည်။ "သေသွားတဲ့ သုံးယောက်အကြောင်း ငါ စုံစမ်းပြီးပြီ။ သူတို့က 'လေနက် သူရဲကောင်း သုံးဦး' လို့ နာမည်ကြီးတဲ့ နာမည်ပျက် ကျင့်ကြံသူတွေပဲ။ ဒီလို လူဆိုးလူမိုက်တွေက ငါတို့ ရှုတောင် ဂိုဏ်းဈေးတန်းထဲ ဘယ်လို လုပ်ပြီး တိတ်တဆိတ် ခိုးဝင်လာကြတာလဲ။ စုချန်က သူတို့ကို သတ်ပြီး ဂိုဏ်းအတွက် ဘေးအန္တရာယ်ကို ရှင်းပေးလိုက်တာ၊ ဒါက ကုသိုလ်ရတဲ့ အလုပ်ပဲ! ဒီကိစ္စကြောင့် စုချန်ကို လူသတ်မှုနဲ့ အပြစ်ပေးဖို့ မင်း ကြိုးစားနေမယ် ဆိုရင်တော့၊ မင်းနဲ့ ဒီလူသုံးယောက် ဘယ်လို ပတ်သက်မှု ရှိသလဲဆိုတာ ငါ သံသယဝင်စရာ အကြောင်းရှိသွားပြီ။"

ထိုစကားကို ကြားသောအခါ ယန်ယွင်ဖေး မျက်နှာပျက်သွားသည်။

ချင်းလန်က ထိုလူသုံးဦး၏ အထောက်အထားကို ဒီလောက်မြန်မြန် ရှာဖွေတွေ့ရှိပြီး နာမည်ဂုဏ်ပုဒ်ပါ သိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ယန်မိသားစုသည် 'လေနက် သူရဲကောင်း သုံးဦး' နှင့် ပူးပေါင်းဆောင်ရွက်မှု အများအပြား ရှိပြီး၊ သူတို့၏ ဆက်ဆံရေးမှာ လူသိခံလို့မဖြစ်ပေ။

အကယ်၍ ဒီကိစ္စက ဂိုဏ်းအဆင့်အထိ ရောက်သွားပါက၊ နောက်ဆက်တွဲ အကျိုးဆက်များကို မှန်းဆ၍ပင် ရမည်မဟုတ်။

"တောက်…ဒီကောင်လေး ကံကောင်းလွန်းတယ်။ ကျောက်စိမ်းတောင်ထွတ်က လူတွေ နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာရင် ကိစ္စပြတ်နေပြီ။ ဒီအသုံးမကျတဲ့ ကောင်တွေ အရည်အချင်း မရှိလို့ ဖြစ်ရတာ၊ စုချန် တစ်ယောက်တည်းကို ဖမ်းဖို့ ဒီလောက်ကြာနေရတယ်လို့..."

ယန်ယွင်ဖေး စိတ်ပျက်သွားသည်။

အပေါ်ယံတွင်မူ သူ အပြုံးတစ်ခုကို အတင်းလုပ်ယူလိုက်ပြီး ပြောလိုက်သည်။ "ငါ သဘောပေါက်ပါပြီ။ ဒီကိစ္စမှာ ငါ ပေါ့လျော့မိသွားတယ်။ သူတို့က သူခိုးကျင့်ကြံသူတွေ ဖြစ်နေမှတော့ သေသင့်တာပေါ့။ ကြည့်ရတာ ဒီကိစ္စက နားလည်မှု လွဲသွားတာပဲ။ အခု ရှင်းသွားပြီဆိုတော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြစို့။"

သူစကားပြောရင်း စုချန်ကို နောက်တစ်ကြိမ် ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။

သို့သော် ချင်းလန်က သူ့ကို အလကား လွှတ်ပေးရန် ဆန္ဒမရှိပေ။ သူမက ဇီသာကြိုးများကို ညင်သာစွာ တီးခတ်လိုက်ရာ ဇီသာသံစဉ်မှ ဖြစ်ပေါ်လာသော ကြည်လင်သည့် ကြိုးတစ်ချောင်း ပျံထွက်သွားပြီး မလှမ်းမကမ်းရှိ ယန်ယွီရှင်းကို တိုက်ရိုက် ချည်နှောင်လိုက်သည်။

"ချင်းလန်၊ မင်း သိပ်လွန်မလာနဲ့နော်။"

"မင်း သွားချင်ရင် သွားလို့ရတယ်။ ဒါပေမဲ့ သူခိုးကျင့်ကြံသူတွေကို ဈေးတန်းထဲ ခိုးဝင်ခွင့်ပြုတာက တာဝန်ဝတ္တရား ပျက်ကွက်မှု ကြီးကြီးမားမားပဲ။ ဒီလူက အပြင်ဂိုဏ်း တာဝန်ခံ ဖြစ်နေပါလျက်နဲ့ သူခိုးကျင့်ကြံသူတွေကို ဝင်ခွင့်ပေးခဲ့တာက သူတို့နဲ့ ပူးပေါင်းကြံစည်တယ်ဆိုတာ ထင်ရှားတယ်။ ငါ သူ့ကို ဖမ်းပြီး အပြစ်ပေးဖို့ ဂိုဏ်းကို လွှဲအပ်ရမယ်။"

ထိုစကားကို ကြားသောအခါ ယန်ယွီရှင်း ကြောက်လွန်း၍ ဆီး ပင်ထွက်ကျမတတ် ဖြစ်သွားသည်။

နှစ်တွေတစ်လျှောက် သူသည် ယန်ယွင်ဖေးအတွက် မကောင်းမှု ဒုစရိုက်များစွာ လုပ်ပေးခဲ့သည်။ ပုံမှန်အတိုင်း ဘယ်သူမှ မစစ်ဆေးလျှင် ကိစ္စမရှိသော်လည်း၊ စုံစမ်းစစ်ဆေးမှုသာ ပြုလုပ်ပါက ဒီကိစ္စ တစ်ခုတည်း ရှိမည်မဟုတ်။

ပြစ်ဒဏ်ပေးဆောင် သို့ ရောက်သွားပါက သူ သေချာပေါက် သေရပေလိမ့်မည်။

ထို့ကြောင့် သူက ယန်ယွင်ဖေးကို အကူအညီတောင်းရန် အမြန် တောင်းပန်လိုက်သည်။ "သခင်လေး၊ ကျွန်တော့်ကို ကယ်ပါဦး..။."

"ပါးစပ်ပိတ်ထား။"

ယန်ယွင်ဖေးက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အဓိပ္ပာယ်မရှိတာတွေ မပြောရန် သတိပေးလိုက်သည်။ ထို့နောက် အံကြိတ်ပြီး ချင်းလန်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်း ဒီလောက်အထိ လုပ်ချင်နေတာလား။"

"ဒီကိစ္စ အစကတည်းက စခဲ့တာ မင်းလေ၊ ဒါကြောင့် မင်း တန်ရာတန်ကြေးပြန်ပေးဆပ်ရမယ်။ ဘာလဲ၊ မင်း သူ့ကို ကာကွယ်ပေးချင်လို့လား။ ဒါဆို ငါတို့ ပြစ်ဒဏ်ပေးဆောင် ကို အတူတူ သွားကြတာပေါ့။"

"မင်း--"

ယန်ယွင်ဖေး စကားမပြောနိုင် ဖြစ်သွားပြန်သည်။

ဒီတစ်ခါတော့ သူ တကယ် အကြီးအကျယ် ရှုပ်မိသွားပြီ။ စုချန်ကို မရှင်းထုတ်နိုင်ရုံသာမက၊ သူ့လူ အများအပြားကိုပါ ဆုံးရှုံးလိုက်ရသည်။

ယခုအချိန်တွင် ချင်းလန်ကို ထိပ်တိုက်ရင်ဆိုင်၍ မရနိုင်ကြောင်း သူသိသည်။ သူ နိုင်မည်မဟုတ်သလို၊ သူ့အကြောင်းပြချက်များကလည်း ခိုင်လုံမှု မရှိပေ။

ဒါပေမဲ့ ယန်ယွီရှင်းကို ဒီအတိုင်း ပစ်ထားလိုက်ရင် နောင်ကျ ဘယ်သူက ငါ့ကို ကူညီတော့မှာလဲ?

ထို့ကြောင့် သူက နာကျည်းစွာဖြင့်သာ ပြောနိုင်တော့သည်။ "ဒီကိစ္စကို ငါ ဂိုဏ်းတူအစ်ကိုကြီး ထျန်းယန် ဆီ အမှန်အတိုင်း တိုင်ကြားမယ်။"

"ကြိုက်သလိုလုပ်.."

ချင်းလန်က ယွီထျန်းယန်ကို မကြောက်ပေ။ သူမသည် ယွဲ့လျိုရွှမ်၏ ယုံကြည်စိတ်ချရသူ ဖြစ်ပြီး အတွင်းစည်းဂိုဏ်း၏ နဂါးနှင့် ကျား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။ ယွီထျန်းယန်တောင် သူမကို အလွယ်တကူ မထိရဲပေ။

"ဒီ စုချန်က တကယ် ကံကောင်းတာပဲ။ ကျောက်စိမ်းတောင်ထွတ်ဆိုတဲ့ သစ်ကိုင်းမြင့်ကြီးပေါ် တက်နိုင်သွားတယ်။ မဟုတ်ရင် ဒီနေ့ သူ လွတ်ဖို့ ခက်လိမ့်မယ်။"

"ကျောက်စိမ်းတောင်ထွတ်က ဂိုဏ်းတူအစ်မက တကယ် လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ။"

"ကြည့်ရတာ ယန်ယွင်ဖေး ဒီနေ့ အသံတိတ်ပြီး ခံလိုက်ရတော့မယ် ထင်တယ်။"

လူအုပ်ကြီးက တီးတိုး ပြောဆိုနေကြသည်။

"ခဏလေး နေပါဦး။"

ကိစ္စပြီးပြီဟု လူတိုင်း ထင်နေကြချိန်တွင်၊ ယခုအချိန်အထိ တိတ်ဆိတ်နေသော စုချန်က စကားပြောလာသည်။

ဒါကိုမြင်တော့ ချင်းလန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

သူမက ယန်ယွင်ဖေးကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ကိစ္စက ပြီးပြည့်စုံစွာ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဒီအချိန်ကျမှ သူက ဘာလို့ ထ ပြော ရတာလဲ?

စုချန်က သူမ ဘာတွေးနေမှန်း မသိပေမယ့် သူ့ရင်ထဲမှာလည်း မပေါက်ကွဲရသေးတဲ့ ဒေါသတွေ အများကြီး ရှိနေသလို ခံစားရတယ်။

အစမှ အဆုံးထိ သူကသာ အပစ်မှတ်ခံခဲ့ရသူ ဖြစ်သည်။ သူ့မှာ ဝှက်ဖဲအချို့သာ မရှိခဲ့လျှင်၊ လွန်ခဲ့သော အချိန်ကတည်းက ဒီလူအုပ်စု၏ အမဲဖြတ်ဝါးမြိုခြင်းကို ခံလိုက်ရပြီးလောက်ပြီ။

ကျောက်စိမ်းတောင်ထွတ်မှ လူများ ရောက်လာခြင်းက တစ်ဖက်လူကို ယာယီ နောက်ဆုတ်သွားစေသော်လည်း၊ ယန်ယွင်ဖေးက အစမှ အဆုံးထိ သူ့ကို တောင်းပန်စကား မဆိုခဲ့သလို၊ ဘယ်သူကမှ သူ့ခံစားချက်နှင့် သဘောထားကို ဂရုမစိုက်ကြပေ။

ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး။

သူ့ဒေါသကို သူကိုယ်တိုင် ထုတ်ဖော်ရမည်။

"ယန်ယွင်ဖေး ဟုတ်လား? မင်းက ယွီထျန်းယန်ဆီမှာ မျက်နှာရဖို့အတွက် ငါ့ကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့တယ်။ ငါ မှတ်ထားလိုက်မယ်။"

"ဟေ?"

ယန်ယွင်ဖေးမှာ ယခုအချိန်တွင် ဒေါသအလွန်ထွက်နေပြီး စုချန်၏ စကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ ရယ်ချင်သွားသည်။

ငါက ကျောက်စိမ်းတောင်ထွတ် နဲ့ ချင်းလန် ကို မယှဉ်နိုင်တာ ထားပါတော့၊ မင်းကိုတော့ ငါ ရှင်းပစ်လို့ ရသေးတယ်လေ?

စုချန်သာ ဒီအချိန်မှာ ငကြောက် တစ်ယောက်လို ငြိမ်နေလိုက်လျှင် ပြဿနာမရှိသော်လည်း၊ သူက ထွက်လာပြီး ရန်စရဲသေးသည်။

"မင်း မှတ်ထားတော့ရော ဘာဖြစ်သလဲ။ ဘာလဲ၊ မင်း ငါ့ကို ချချင်လို့လား။ တကယ်လို့ ချချင်တယ်ဆိုရင် ပိုတောင် ကောင်းသေးတယ်။ မင်းကို ငါ့လက်နဲ့ သတ်ပစ်ရတာ ငါ ဝန်မလေးဘူး။”

"မင်းက မင်းရဲ့ အခြေတည်အဆင့် ကျင့်ကြံမှုကို အားကိုးနေတာပဲ။ တစ်နေ့ကုန် အဲ့ဒီ ယုတ်မာတဲ့ လှည့်ကွက်တွေကို ထုတ်သုံးနေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ?"

စုချန် ခေါင်းခါလိုက်သည်။ သူ မအပါဘူး၊ ဒီအချိန်မှာ ယန်ယွင်ဖေးကို သွားတိုက်ခိုက်မှာ မဟုတ်ဘူး။

သူက အားနည်းလွန်းသေးတယ်။

သူ အေးအေးဆေးဆေး ကျင့်ကြံဖို့ အချိန်လိုတယ်။

ဒီကာလအတွင်း ယန်ယွင်ဖေး သူ့ကို ထပ်မတိုက်ခိုက်အောင် တားဆီးထားဖို့ လိုသည်။

ကျောက်စိမ်းတောင်ထွတ်မှ လူများက ၂၄ နာရီလုံး သူ့ကို ကာကွယ်မပေးနိုင်သလို၊ သူကလည်း ဓားသင်္ချိုင်းထဲတွင် ထာဝရ ပုန်းအောင်းမနေနိုင်ပေ။

ထို့ကြောင့် အချိန်ဆွဲရန် နည်းလမ်းတစ်ခု စဉ်းစားရမည်။

"သုံးလအတွင်း၊ ငါ သေချာပေါက် အခြေတည်အဆင့်ကို ရောက်အောင် လုပ်မယ်။ အဲဒီအချိန်ကျရင်၊ ငါ မင်းကို ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်မှာ စောင့်နေမယ်။ ငါတို့ ရှင်းစရာရှိတာ ရှင်းကြတာပေါ့။ မင်း လာရဲလား။"

All Chapters