← Chapters

အခန်း (၁၉+၂၀)

Vol. 2 Ch. 19+20

အခန်း (၁၉+၂၀)

Vol. 2 Ch. 19+20

အခန်း (၁၉) - သွေးနှင့်‌ရေးသော သဘောတူစာချုပ်။

စုချန်၏ အသံမှာ မကျယ်လောင်သော်လည်း မိုးခြိမ်းသံကဲ့သို့ ဖြစ်နေသည်။

ထိုစကားကို ကြားသောအခါ ရှိသမျှလူအားလုံး အံ့သြမှင်သက်သွားကြသည်။

ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ဆိုသည်မှာ ပြစ်ဒဏ်ပေးဆောင်၏ အထက်တွင်ရှိသော မြင့်မားသော တောင်ထွတ်တစ်ခု ဖြစ်သည်။ မူလက ဂိုဏ်းမှ အကြီးမားဆုံး ရာဇဝတ်သားများကို ကွပ်မျက်သော နေရာဖြစ်ပြီး အလွန် အန္တရာယ်များသည်။

နောက်ပိုင်းတွင် ဂိုဏ်းသားများ အချင်းချင်း သေသည်အထိ တိုက်ခိုက်သော နေရာတစ်ခု ဖြစ်လာသည်။

ရှုတောင်ဂိုဏ်းသား မည်သူမဆို ဖြေရှင်းမရနိုင်သော ရန်ငြိုးများ ရှိခဲ့လျှင်၊ မည်သူက သာလွန်ကြောင်း ဆုံးဖြတ်ရန်နှင့် သေရေးရှင်ရေး ဆုံးဖြတ်ရန်အတွက် ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်သို့ တက်ရောက်ယှဥ်ပြိုင်ရန် သဘောတူညီနိုင်သည်။ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။

ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် သေသည်အထိ တိုက်ခိုက်ရမည် ဖြစ်ပြီး၊ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။

သာမာန် ဂိုဏ်းသားများ အချင်းချင်း ပဋိပက္ခ ဖြစ်လျှင်တောင် ကောင်းကင်ဘုံပြစ်ဒဏ်‌ပေးစင်မြင့်သို့ သွားရဲသူ ရှားပါးလှသည်။

စုချန်က ဘယ်လိုလုပ်ပြီး သွားဖို့စိန်‌ခေါ်ရဲရတာလဲ?

မျက်စိရှိသူတိုင်း ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက ယန်ယွင်ဖေးက စုချန်ကို ပစ်မှတ်ထားပြီး ဖိနှိပ်ဖို့ စီစဉ်ခဲ့တာမှန်း သိကြသည်။

ချင်းလန်သာ အချိန်မီ ရောက်မလာခဲ့လျှင် စုချန် ယခုအချိန်၌ အန္တရာယ် ကြီးကြီးမားမား ကြုံနေရလောက်ပြီ။

ဒီလို အခြေအနေမျိုးမှာ ကျေးဇူးတင်ရမယ့်အစား သူက တစ်ဖက်လူကို စတင်စိန်ခေါ်လိုက်သည်။ ဒါက သေတွင်းတူးနေတာ မဟုတ်ဘူးလား?

သုံးလအတွင်း အခြေတည်အဆင့် ရောက်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်က ဘယ်က ရောက်လာတာလဲ?

"စုချန်၊ မဆင်မခြင် မလုပ်နဲ့။ မင်းက အခုမှ ဂိုဏ်းထဲဝင်ကာစ ရှိသေးတာ။ အခြေတည်အဆင့် ရောက်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ကူသလို၊ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့် ဆိုတာလည်း နောက်ပြောင်စရာ နေရာ မဟုတ်ဘူး။"

ချင်းလန်၏ မျက်နှာထား လေးနက်သွားပြီး အကြံပေးစကား မပြောဘဲ မနေနိုင်တော့ပေ။

"မင်း အကြိမ်ကြိမ် ပစ်မှတ်ထားခံရလို့ ဒေါသထွက်နေတာ ငါသိတယ်။ ဒါပေမဲ့ ကိုယ့်အသက်နဲ့ လောင်းကြေး မထပ်ပါနဲ့။ ဂိုဏ်းတူအစ်မ ယွဲ့က မင်းကို တော်တော် တန်ဖိုးထားတယ်။ သူ သီးသန့်ကျင့်ကြံခြင်း မပြုလုပ်ခင် မင်းကို သေချာ စောင့်ရှောက်ပေးဖို့ ငါ့ကို မှာထားခဲ့တာ။ မင်း တစ်ခုခုဖြစ်သွားရင် ငါသူ့ကို ဘယ်လို ရှင်းပြရမလဲ။"

"ဒီနေ့ ကူညီပေးကြတဲ့ ဂိုဏ်းတူအစ်မတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် သတိရနေမှာပါ။ ဒါပေမဲ့ ကျွန်တော် စိတ်လိုက်မာန်ပါ လုပ်နေတာ မဟုတ်ပါဘူး။"

စုချန် ခေါင်းခါလိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် လူတွေ အများကြီး ရှိနေသဖြင့် သူ အများကြီး ရှင်းမပြနိုင်ပေ။

သို့သော် ချင်းလန်က စေတနာနှင့် ပြောမှန်း သူသိသဖြင့် အလွန် လေးလေးစားစား ပြလိုက်သည်။

သူ့ဆုံးဖြတ်ချက် ခိုင်မာကြောင်း တွေ့လိုက်ရသဖြင့် ချင်းလန် ထပ်မံ ဖျောင်းဖျရန် ကြိုးစားလိုက်သော်လည်း၊ တစ်ဖက်ရှိ ယန်ယွင်ဖေးက ရုတ်တရက် ထရယ်လိုက်သည်။

"မင်းကလား? သုံးလအတွင်း အခြေတည်အဆင့် ရောက်မယ်? ဟားဟားဟား၊ ဒါ ငါကြားဖူးသမျှထဲမှာ အကြီးမားဆုံး ဟာသပဲကွ။ ကောင်လေး၊ အခြေတည်အဆင့် ဆိုတာ ဘာလဲ မင်းသိရဲ့လား။ မသေမျိုးအခြေ ကို တည်တာ၊ လူ့သက်တမ်းကို နှစ်သုံးရာအထိ တိုးမြှင့်တာ၊ သာမာန်လူသား ဘဝကနေ တကယ် လွန်မြောက်သွားတာကွ။ ရှုတောင်ဂိုဏ်းသား သောင်းကျော်ထဲမှာ တစ်သက်လုံး ကြိုးစားလည်း ဒီအဆင့်ကို မတက်နိုင်တာ ဘယ်နှစ်ယောက်တောင်များ ရှိနေကြသလဲ?"

သူ ပြောတာ အပို မဟုတ်ပေ။

ရှုတောင် အပြင်ဂိုဏ်းတွင် ဂိုဏ်းသား တစ်သိန်းကျော် ရှိသော်လည်း အတွင်းစည်းဂိုဏ်းတွင်မူ ထောင်ဂဏန်း အနည်းငယ်သာ ရှိသည်။

သာမာန်လူသားများ မသေမျိုးလမ်းစဉ် ကျင့်ကြံရာတွင် ဝိညာဉ်အမြစ် သို့မဟုတ် ပါရမီ ရှိခြင်းသည် ဝင်ပေါက် တံခါးဝမျှသာ ဖြစ်သည်။ အခြေကို အမှန်တကယ် သွန်းလုပ်ပြီး သက်တမ်းကို ဆွဲဆန့်နိုင်မှသာ စစ်မှန်သော ကျင့်ကြံသူ ဟု သတ်မှတ်နိုင်သည်။

ဒီအဆင့်က လူအများအပြားကို ဒုက္ခပေးခဲ့သော အဆင့်ဖြစ်သည်။

ပါရမီ ညံ့ဖျင်းသူများဆိုလျှင် ဆယ်နှစ်၊ နှစ် နှစ်ဆယ်၊ သို့မဟုတ် တစ်သက်လုံး ကျင့်ကြံလျှင်တောင် မအောင်မြင်နိုင်ပေ။

စုချန်က သုံးလအတွင်း အခြေတည်အဆင့် ရောက်နိုင်သည်ဟု ကြွားလုံးထုတ်နေသည်။ ဒါက မိုက်မဲခြင်း မဟုတ်လျှင် ဘာလဲ?

ယန်ယွင်ဖေး သာမက၊ ရှိသမျှလူ အားလုံးလည်း ထိုစကားကို ကြားသောအခါ မယုံကြည်နိုင်ကြပဲ စုချန်က ဟန်ရေးပြနေခြင်း သက်သက်သာ ဖြစ်သည်ဟု ခံစားရပြီး တိတ်တဆိတ် ခေါင်းခါမိကြသည်။

သုံးလနဲ့ အခြေတည်အဆင့် ရောက်မယ်? မင်းကိုယ်မင်း ယွဲ့လျိုရွှမ် ဒါမှမဟုတ် ယွီထျန်းယန် လို့ ထင်နေတာလား?

ဓားသင်္ချိုင်းထဲ ကျင့်ကြံနေစဉ် စုချန်၏ တိုးတက်မှု မည်မျှ လျင်မြန်ကြောင်း သူတို့ လုံးဝ စိတ်ကူးမကြည့်နိုင်ကြပေ။

အချိန်နှင့် လုံလောက်သော အရင်းအမြစ်များသာ ရှိပါက သုံးလအတွင်း အခြေတည်အဆင့် ရောက်ရှိရန်မှာ လုံးဝ အိပ်မက် မဟုတ်ပေ။

သေချာတာပေါ့။

စုချန် အနေဖြင့် သူတို့ကို ဘာမှ ရှင်းပြစရာ တာဝန်ရှိ‌မနေပါ။

သူ ယန်ယွင်ဖေးကိုသာ အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ "သုံးလအတွင်း ငါ အခြေတည်အဆင့် ရောက်မရောက် ဆိုတာကို မင်း စိတ်ပူစရာ မလိုဘူး။ ငါ မရောက်ရင်တောင် ကောင်းကင်ဘုံပြစ်ဒဏ်‌ပေးစင်မြင့်ကို တက်လာမှာပဲ။ မင်း ငါ့ကို ပြောရမှာက၊ မင်း လာရဲလား မလာရဲဘူးလား ဆိုတာပဲ?"

"ခြိမ်းခြောက်ပြဖို့ ကြိုးစားနေတာ သနားစရာပဲ"

ယန်ယွင်ဖေးက အေးစက်စွာ ရယ်မောလိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည်။ "မင်း ဘာတွေးနေလဲ ငါမသိဘူး မထင်နဲ့။ ငါ မင်းကို ထပ်တိုက်ခိုက်မှာ စိုးရိမ်လို့ ဒီနည်းဗျူဟာကို သုံးပြီး အချိန်ဆွဲဖို့ လုပ်နေတာမလား..။."

စုချန် ပြန်မဖြေပေ။ တစ်ဖက်လူက တကယ် ပါးနပ်ပြီး သူ့အတွေးကို ဖောက်ထွင်းမြင်နေသည်။

ဒါပေမဲ့ ဒါက ပေါ်တင် လုပ်တဲ့ လျှို့ဝှက်ကြံစည်မှု ပဲ။

ဓားသင်္ချိုင်း၏ ကာကွယ်မှုနှင့် ကျောက်စိမ်းတောင်ထွတ်၏ ကြားဝင်စွက်ဖက်မှုကြောင့် ယန်ယွင်ဖေး အနေဖြင့် နောက်ထပ် အခွင့်အရေးရှာရန် ခက်ခဲလိမ့်မည်။

စုချန်သာ ဓားသင်္ချိုင်းထဲတွင် အာရုံစိုက် ပုန်းအောင်းနေသရွေ့ သူ ဘာမှ လုပ်၍မရနိုင်။

ယခု စုချန်က သုံးလအကြာ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်တွင် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရန် ကမ်းလှမ်းလာပြီ ဖြစ်ရာ၊ သူသည် စုချန်ကို လူရှေ့သူရှေ့မှာပင် တရားဝင် ရှင်းထုတ်နိုင်ပြီ ဖြစ်ပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။

ဒါက ယန်ယွင်ဖေးအတွက်လည်း အခွင့်အရေး တစ်ခုပင်။

အဲဒီအချိန်ကျရင် ယွီထျန်းယန် အတွက် သူဘာလုပ်ပေးခဲ့တယ် ဆိုတာ လူတိုင်း သိသွားကြလိမ့်မည်။ စုချန်ကို ဒီလောက် ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးရှင်းရှင်း ရှင်းထုတ်လိုက်သည့်အတွက် ယွဲ့လျိုရွှမ် သီးသန့်ကျင့်ကြံရာမှ ထွက်လာလျှင်တောင် သူ့ကို ဒုက္ခပေးနိုင်တော့မည် မဟုတ်။

သုံးလလောက်ပဲလေ။

စုချန်မှာ အခြေတည်အဆင့် ရောက်နိုင်တဲ့ အရည်အချင်း ရှိမယ်လို့ သူ မယုံကြည်ပေ။

ဒါ့အပြင် သူက ယန်မိသားစု သခင်လေး ဖြစ်ပြီး ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ စုချန်က အခြေတည်အဆင့်ကို ကပျာကယာ တက်လှမ်းနိုင်ခဲ့ရင်ရော ဘာဖြစ်သလဲ?

သူ့ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။

"ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့ ငါသဘောထားကြီးကြီးနဲ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ မင်းဘဝရဲ့ နောက်ဆုံး သုံးလကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါဦး။”

ယန်ယွင်ဖေး စကားပြောရင်း လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ သူ့လက်အင်္ကျီစ ထဲမှ နှင်းခဲဓား သေးသေးလေး တစ်လက် ပျံထွက်လာသည်။ ထို့နောက် သူက လက်ချောင်းထိပ်ကို ဓားဖြင့် လှီးဖြတ်လိုက်သည်။

သွေးများ စီးကျလာပြီး ဓားပေါ်တွင် ခဲသွားကာ မှော်အမှတ်အသား တစ်ခု ဖြစ်ပေါ်လာသည်။

ဒါက စာချုပ်ချုပ်ဆိုတဲ့ နည်းလမ်းပဲ။

စာချုပ် အသက်ဝင်သည်နှင့် တပြိုင်နက် စာချုပ် ကို ဖျက်သိမ်း၍ မရတော့သလို၊ မည်သူမျှလည်း ဝင်ရောက်စွက်ဖက်၍ မရတော့ပေ။

စုချန် နောင်တရချင်ရင်တောင် နောက်ကျသွားပြီ ဖြစ်သည်။

"စုချန်၊ မင်း သတိထားဖို့ လိုတယ်..."

"သတိပေးတာ ကျေးဇူးပါ ဂိုဏ်းတူအစ်မ၊ ကျွန်တော် နားလည်ပါတယ်။"

ချင်းလန်၏ အကြံပေးစကားကို လျစ်လျူရှုပြီး စုချန်လည်း ဓားပေါ်သို့ သွေးစက်ချလိုက်သည်။ သူ့မှော်စွမ်းအင် အမှတ်အသား ပေါ်ပေါက်လာပြီး အလင်းတန်း နှစ်ခု ကောင်းကင်သို့ ထိုးတက်သွားကာ သွေးဓားတစ်လက်အဖြစ် ပေါင်းစပ်သွားပြီးနောက် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။

ဆိုလိုသည်မှာ သူတို့နှစ်ဦးကြားရှိ နှစ်ဦးသဘောတူစာချုပ် သည် တရားဝင် အသက်ဝင်သွားပြီ ဖြစ်သည်။

"ဟားဟား၊ မသိနားမလည်တဲ့ကောင်၊ သုံးလနေရင် ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်မှာ မင်းကို စောင့်နေမယ်။"

စာချုပ် အသက်ဝင်သွားသဖြင့် ယန်ယွင်ဖေး တက်ကြွနေသည်။

ဒီတစ်ခေါက် အကြီးအကျယ် ဆုံးရှုံးလိုက်ရသော်လည်း၊ ဒီအခွင့်အရေးကို အသုံးချနိုင်သရွေ့ စုချန်ကို ရှင်းထုတ်နိုင်ဦးမည် ဖြစ်သည်။ ဒီသတင်းသာ ဂိုဏ်းတူအစ်ကိုကြီး ထျန်းယန် နားသို့ ရောက်သွားပါက သူ့ကို ချီးကျူးပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် သူ့အတွက်နဲ့ ငါက တစ်ဖက်လူနဲ့ ကွပ်မျက်စင်မြင့်အထိ သွားခဲ့တာလေ။

"စုချန်၊ မင်း သိပ်စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်။ ယန်ယွင်ဖေးက အင်အားကြီးတဲ့ ကျင့်ကြံသူ မျိုးနွယ်စုက လာတာ။ အတွင်းစည်းဂိုဏ်း နဂါးနှင့် ကျား အဆင့်သတ်မှတ်ချက်မှာ သူ အဆင့်မမြင့်ပေမယ့်၊ သူ့အင်အားက သာမန် အတွင်းစည်းဂိုဏ်းသားတွေထက် အများကြီး သာလွန်တယ်။ သုံးလအတွင်း မင်း ဘယ်လိုလုပ် အခြေတည်အဆင့် ရောက်နိုင်မှာလဲ။ ရောက်ခဲ့ရင်တောင်မှ မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"

ချင်းလန် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

သူမ တားဆီးရန် ကြိုးစားခဲ့သော်လည်း စုချန်က ဒါ သူ့ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောဆိုကာ သူမတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ပြသခဲ့သည်။

အခုတော့ မြှားလည်း လေးညှို့က ထွက်သွားပြီမို့ သက်ပြင်းချရုံသာ တတ်နိုင်သည်။

"ဂိုဏ်းတူအစ်မ၊ အရမ်း စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော့်အသက်နဲ့ ရင်းပြီး မလုပ်ပါဘူး။"

စုချန် ခေါင်းလှည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ယွီထျန်းယန်မှာ နောက်လိုက်တွေ သိပ်များလွန်းတယ်။ သူ ကိုယ်တိုင် ဘာမှမပြောရင်တောင် ယန်ယွင်ဖေးလို သူ့မျက်နှာရချင်တဲ့ ဂိုဏ်းသားတွေ အများကြီး ရှိနေမှာ သေချာတယ်။ ဘယ်နှစ်ယောက်ကို ကျွန်တော် လိုက်ရှင်းနိုင်မှာလဲ။ ယန်ယွင်ဖေးကို ဓားစာခံ လုပ်ပြီး တစ်ချက်တည်းနဲ့ အကုန်ငြိမ်သွားအောင် လုပ်လိုက်တာ ပိုမကောင်းဘူးလား။”

"အဓိပ္ပာယ် ရှိပေမယ့်၊ သုံးလဆိုတာ နည်းလွန်းမနေဘူးလား။"

"လုံလောက်ပါတယ်။"

စုချန် ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။ ထို့နောက် ဒီနေ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြသရန် ချင်းလန်နှင့် ကျောက်စိမ်းတောင်ထွတ်မှ ဂိုဏ်းတူအစ်မများကို ထပ်မံ ဦးညွှတ်လိုက်သည်။

"ကောင်းပြီလေ။ မင်း ဒီလောက် ယုံကြည်မှု ရှိနေမှတော့ ငါ ဘာမှမပြောတော့ဘူး။ ဂိုဏ်းတူအစ်မကြီး ယွဲ့ သီးသန့်ကျင့်ကြံခြင်း မလုပ်ခင် မင်းကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ ငါ့ကို မှာထားခဲ့တယ်။ တကယ်လို့ တစ်ခုခု လိုအပ်ရင် ကျောက်စိမ်းတောင်ထွတ်ကို လာပြီး ငါ့ကို အချိန်မရွေး လာရှာလို့ ရတယ်။"

စကားပြောရင်း ချင်းလန်က သူမ ကြိုတင် ပြင်ဆင်လာသော ကျောက်စိမ်းနှင်းရည် ဆေး ပုလင်းကို ပေးလိုက်သည်။

သူမ တောင်အောက် ဆင်းလာရသည့် ရည်ရွယ်ချက်မှာ ယွဲ့လျိုရွှမ်က စုချန်အတွက် အရင်ကတည်းက ပြင်ဆင်ပေးထားခဲ့သော ဆေးလုံးများကို လာပေးရန် ဖြစ်သည်။

စုချန် ဟန်ဆောင်ငြင်းဆန်မနေဘဲ ကျေးဇူးတင်စကား ဆိုကာ လက်ဆောင်ကို လက်ခံလိုက်သည်။

ကျောက်စိမ်းနှင်းရည် ဆေးလုံးသည် ရွှမ်ဟွမ်ဆေးလုံးထက် အများကြီး ပိုထိရောက်ပြီး ယခုအချိန်တွင် သူ အရေးတကြီး လိုအပ်နေသော ကျင့်ကြံခြင်း အရင်းအမြစ် ဖြစ်သည်။ သုံးလအတွင်း အခြေတည်အဆင့် ရောက်လိုပါက ၎င်း၏ အကူအညီ မပါဘဲ မဖြစ်နိုင်ပေ။

"စီနီယာအစ်မ လျိုရွှမ်က သီးသန့်ကျင့်ကြံနေတုန်းပဲလား။"

"အင်း... ဂိုဏ်းတူအစ်မက ဒီတစ်ခေါက် မူလဝိညာဉ်အဆင့် ကို တက်ဖို့ ကြိုးစားနေတာ။ ခဏလောက်တော့ ထွက်လာဦးမှာ မဟုတ်ဘူး။"

စုချန် ခေါင်းညိတ်လိုက်ပြီး အခြားသူများကို နှုတ်ဆက်ကာ ဓားသင်္ချိုင်းသို့ ပြန်ရန် လှည့်ထွက်လိုက်သည်။

"ဂိုဏ်းတူအစ်မ၊ ဒီ စုချန်က တော်တော် မဆင်မခြင် လုပ်တတ်ပုံရတယ်။ ဂိုဏ်းတူအစ်မ ယွဲ့က သူ့ကို ဘယ်လိုလုပ် သဘောကျသွားတာလဲ။"

ကျောက်စိမ်းတောင်ထွတ်မှ အမျိုးသမီး ဂိုဏ်းသားတစ်ဦးက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချင်းလန် သူမကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဂိုဏ်းတူအစ်မရဲ့ ကိစ္စကို မင်းက အတင်းပြောရဲလား။ ဒီလူက ရည်မှန်းချက်ကြီးပြီး အားနည်းတဲ့သူ မဟုတ်ဘူး။ သုံးလအတွင်း သူ တကယ် တစ်ခုခု လုပ်ပြနိုင်ပါစေလို့ မျှော်လင့်ကြတာပေါ့၊ မဟုတ်ရင် ငါတို့ ဂိုဏ်းတူအစ်မကို ပေးစရာ ဖြေရှင်းချက် ကောင်းကောင်း ရှိမှာ မဟုတ်ဘူး..။”

အပိုင်း ၂၀

အခန်း (၂၀) - ဓားရာပါ ကျောက်စာတိုင်

စုချန်က ယန်ယွင်‌ဖေးကို စိန်ခေါ်လိုက်သည့် သတင်းသည် ရှုတောင် တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

လူတိုင်းက ထိုသတင်းကို ဟာသတစ်ခုအဖြစ်သာ သဘောထားပြီး ရယ်မောလိုက်ကြသည်။

"သုံးလအတွင်း အခြေတည်အဆင့်ကို ရောက်မယ်တဲ့လား? တော်တော် ကြွားလုံးထုတ်ရဲတာပဲ။"

သူတို့သည် တကယ်ပင် မိုက်မဲပြီး မာနကြီးကြသည်။

အကယ်၍ စုချန်က သုံးလအကြာတွင် ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်သို့ တက်ရောက်ရဲပါက၊ သေချာပေါက် သေရပေလိမ့်မည်။

ရလဒ်အနေဖြင့် ယန်ယွင်ဖေးကို ယွီထျန်းယန်က ကိုယ်တိုင် ဆင့်ခေါ်ခဲ့ပြီး ချင်းယန်တောင်ထိပ် ရှိ ပင်မခန်းမဆောင်သို့ တက်ရောက်ကာ တစ်စုံတစ်ခုကို ဆွေးနွေးခဲ့ကြသည်။

ဤအချိန်တွင် စုချန်သည် ဓားသင်္ချိုင်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ယန်ယွင်ဖေးကို စိန်ခေါ်ခဲ့ခြင်းမှာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် မဟုတ်ဘဲ၊ သေချာ စဉ်းစားပြီးမှ လုပ်ခဲ့ခြင်း ဖြစ်သည်။

ယန်မိသားစုသည် သူ့ကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သည်။ စုချန်တွင်လည်း ဒေါသရှိပြီး သူတို့ စိတ်ကြိုက် ခြယ်လှယ်ကစားခြင်းကို ခံနေမည် မဟုတ်ပေ။

ထို့အပြင် ယန်ယွင်ဖေးက သူ့ဂုဏ်သိက္ခာကို နှိမ့်ချပြီး ဝင်ပါလာမှတော့၊ နောက်တစ်ကြိမ် ပြဿနာ မရှာဘူးလို့ အာမခံနိုင်စရာ အကြောင်းမရှိ။ သူခိုးကို အချိန်တိုင်း သတိထား စောင့်ကြည့်နေဖို့ဆိုတာလည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် သူတို့ကို စာချုပ်နှင့် စိန်ခေါ်ပြီး မိမိကိုယ်တိုင် ကျင့်ကြံရန် အချိန်ဆွဲထားခြင်းက ပိုကောင်းပေလိမ့်မည်။

သုံးလဆိုသည်မှာ အခြားသူများအတွက် တိုတောင်းသော အချိန် ဖြစ်နိုင်သော်လည်း၊ စုချန်ကမူ အလွန် ယုံကြည်မှု ရှိသည်။

ဒီသုံးလအတွင်း သူ သေချာပေါက် အခြေတည်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မည်။

ငါ ယန်ယွင်ဖေးကို မျှမျှတတနဲ့ တရားနည်းလမ်းကျကျ အနိုင်ယူပြီး ငါ့ဒေါသတွေကို ပေါက်ကွဲပစ်မှရမယ်။ ယွီထျန်းယန်ရဲ့ တခြား လက်အောက်ငယ်သားတွေကိုလည်း သိအောင် လုပ်ပြရမယ်။... ငါ စုချန်က ဘယ်သူမဆို နင်းခြေလို့ရတဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာကိုပေါ့။

"အချိန်က နည်းပြီး လုပ်စရာတွေက များနေတယ်၊ ဝီရိယရှိရှိ ကျင့်ကြံမှဖြစ်တော့မယ်။"

စုချန် အခန်းထဲသို့ ပြန်လာပြီး သစ်သား ရေစည်ပိုင်းကြီး တစ်ခုကို ယူကာ၊ ဆေးနည်းအတိုင်း ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည်ကို ဖော်စပ်လိုက်သည်။

အစိမ်းဖျော့ရောင် ဆေးရည်သည် သစ်ပင်များနှင့် ဆေးဖက်ဝင် အပင်များ၏ ရနံ့ကို ထုတ်လွှတ်နေသည်။

စုချန် အဝတ်အစားများကို ချွတ်ပြီး ဆေးရည်ထဲသို့ ဝင်စိမ်လိုက်သည်။ ဆေးအာနိသင်များက သူ့ချွေးပေါက်များမှတဆင့် စိမ့်ဝင်လာပြီး သွေးနှင့် ချီစွမ်းအင်များကို လှုပ်ရှားလာအောင် လှုံ့ဆော်ပေးနေသည်ကို ခံစားလိုက်ရသည်။

တွေဝေမနေဘဲ သူ မျက်လုံးမှိတ်လိုက်ပြီး သူ့အစွမ်းအစ အားလုံးကို ဓားပျိုးခြင်း နည်းစနစ် ပေါ်တွင် အာရုံစိုက်လိုက်သည်။

အသက်စွမ်းအင် အမြောက်အမြားက တန်ထျန်း အတွင်းအားကြော ထဲသို့ အဆက်မပြတ် စီးဝင်သွားပြီး ဓားအမြုတေအတွက် အာဟာရအဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်ဓားလေးက ပျော်ရွှင်စွာ မြည်သံပေး လိုက်ပြီး အနည်းငယ် တုန်ခါသွားသည်။ တုန်ခါမှု တစ်ကြိမ် ဖြစ်တိုင်း တန်ထျန်း သွေးကြော အတွင်းရှိ ဓားငွေ့အင်နှင့် မှော်စွမ်းအင်များ ပိုမို သန့်စင်လာသည်။

နေ့တစ်ဝက် ကြာပြီးနောက်။

ရေစည်ပိုင်းထဲရှိ ဆေးရည်များ ကြည်လင်သွားသည်။

အာဟာရဓာတ် အားလုံးကို ခန္ဓာကိုယ်က စုပ်ယူလိုက်ပြီ ဖြစ်သည်။

စုချန် လန်းဆန်းတက်ကြွသွားသည်။ သူ့ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ သတ္တုရောင် တောက်ပမှုမှာ ပိုမို စူးရှလာပြီး၊ အသားနှင့် အရေပြားများမှာ သံမဏိ ကိုယ်ထည်အဖြစ် သွန်းလုပ်ထားသကဲ့သို့ မာကျောခိုင်ခံ့နေသည်။

သူ့လက်ဖဝါး အစွန်းတွင် ဓားသွားကဲ့သို့ ထက်ရှသော အစွန်းတစ်ခု မသိမသာ ပေါ်နေပြီး၊ လက်ချောင်းထိပ်လေးနှင့် အသာအယာ ထိလိုက်သည်နှင့် အေးစက်သော ဓားအရိပ်အယောင်ကို တွေ့ရသည်။

ဓားပျိုးခြင်း နည်းစနစ်သည် ခန္ဓာကိုယ်အတွင်းရှိ ဓားအမြုတေကို ပျိုးထောင်ပေးရုံသာမက၊ ရုပ်ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးသည်။ ယခုဆိုလျှင် သူ့ရုပ်ခန္ဓာကိုယ်သည် ကိုယ်ကာယ နည်းစနစ်များကို အထူးပြုလေ့ကျင့်သော ကိုယ်ကာယ ကျင့်ကြံသူ အများအပြားနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။

ဆက်လက် ကျင့်ကြံသွားပါက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဓားအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

ဓားသိုင်း၏ စွမ်းအားလည်း အဆပေါင်းများစွာ တိုးတက်လာပေလိမ့်မည်။

"ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည်ရဲ့ အာနိသင်က တကယ် ထူးခြားတာပဲ။ ငါ့ဆီမှာ ရှိတဲ့ ဆေးလုံးတွေနဲ့ ပေါင်းစပ်လိုက်ရင် တစ်ရက်ကို ဓားဆယ်လက်ကျော် သန့်စင်နိုင်တော့မယ်၊ ငါ့ကျင့်ကြံမှု စွမ်းဆောင်ရည်လည်း အများကြီး တက်လာပြီ။"

စုချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဓားသင်္ချိုင်းထဲသို့ ဝင်ကာ ပုံမှန်အတိုင်း ဓားသန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းကို စတင်လိုက်သည်။

တစ်၊ နှစ်၊ သုံး...

ဓားငွေ့အင် အမြောက်အမြားကို ဓားအမြုတေရှင် ခန္ဓာကိုယ်က စုပ်ယူပြီး ကိုယ်ပိုင် ဓားငွေ့အင်နှင့် မှော်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။

သူ့အရှိန်အဝါ ဆက်လက် ကြီးထွားလာသည်။

လက်တွေ့အသုံးဝင်သော ဓားသိုင်းကွက်များနှင့် နည်းစနစ် အများအပြားကိုလည်း သူ သင်ယူခဲ့သည်။

အောက်ခြေအဆင့်ရှိ သာမာန်ဓားတိုင်းတွင် ကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းအားကြီး သိုင်းကွက်များ ပါဝင်နေသည်တော့ မဟုတ်ပေ။ အများစုမှာ အဆင့်နိမ့်မှ အလယ်အလတ်ရှိ အဝါရောင်အဆင့် ဓားသိုင်းကွက်များ သို့မဟုတ် ချီသန့်စင်ခြင်း အဆင့်အတွက် အသုံးဝင်သော ဂါထာ အသေးအဖွဲများသာ ဖြစ်သည်။

စုချန် အားလုံးကို တွေဝေခြင်းမရှိဘဲ လက်ခံလိုက်ပြီး မိမိအခြေခံ ပြည့်စုံစေရန် အားလုံးကို နားလည်သဘောပေါက်အောင် လုပ်ဆောင်ခဲ့သည်။

ယန်မိသားစုနှင့် ကြုံတွေ့ရမှုက သူ့အားနည်းချက် အများအပြားကို သဘောပေါက်စေခဲ့သည်။

ဥပမာအားဖြင့်၊ လက်တွေ့ တိုက်ပွဲအတွေ့အကြုံ နည်းပါးခြင်းနှင့် ရိုးရှင်းလွန်းသော ဓားသိုင်းကွက်များ ရှိနေခြင်း စသည့် ပြဿနာများကို တစ်ခုချင်းစီ ဖြေရှင်းရန် လိုအပ်နေသည်။

အကြောင်းတစ်ခုခုကြောင့် ကလေးမလေးရဲ့ ဓားဝိညာဉ်က ဒီနေ့ သူ့ကို စကားသံဖြင့် လာမနှောင့်ယှက်သဖြင့် စုချန် နေရထိုင်ရ အနည်းငယ် ခက်နေသည်။

ရုတ်တရက် သူလှည့်ကြည့်လိုက်ရာ အကြီးအကဲကျိုး၏ ကုန်းကွနေသော ပုံရိပ်ကို တွေ့လိုက်ရသည်။

"အကြီးအကဲကျိုး ထွက်လာလို့ကိုး။ ဒါကြောင့် ဟိုကလေးမ အသံမထွက်ရဲတာ ဖြစ်မယ်။"

စုချန် ချက်ချင်း သဘောပေါက်လိုက်ပြီး အလျင်အမြန် သွားကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

အကြီးအကဲကျိုးက လှည့်ကြည့်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။ "သုံးလအတွင်း အခြေတည်အဆင့် ရောက်မယ်ဆိုပြီး တော်တော် ယုံကြည်မှု ရှိနေပါလား။"

ကြည့်ရတာ အကြီးအကဲကျိုးက ယန်ယွင်ဖေးနှင့် သူ့အကြောင်း ကြားပြီးသား ဖြစ်ပုံရသည်။

ဒီအဘိုးကြီးက ဓားသင်္ချိုင်းထဲမှာ နေ့တိုင်း တံခါးပိတ် ကျင့်ကြံနေပြီး အပြင်မထွက်ဘူး ဆိုပေမယ့် အထင်သေးလို့မရပါလား။ တကယ်တမ်းကျတော့ သူ့မျက်စိအောက်ကနေ ဘာမှ မလွတ်ဘူးပဲ။ သူသိချင်လား၊ မသိချင်လား ဆိုတာပဲ ကွာခြားတာပဲ။

"ကျွန်တော် အခြေအနေအရ လုပ်လိုက်ရတာပါ။ တကယ်လို့ ဒီစိန်ခေါ်မှုသာ မလုပ်ခဲ့ရင် ယန်ယွင်ဖေးက တခြားအခွင့်အရေး ရှာပြီး လှုပ်ရှားမှာ သေချာတယ်။ ကျွန်တော်က ဓားသင်္ချိုင်းထဲမှာပဲ ထာဝရ ပုန်းအောင်းပြီး အကြီးအကဲရဲ့ ကာကွယ်မှုကို ယူနေလို့ မဖြစ်ဘူး မဟုတ်လား။"

စုချန်က ခါးသက်သက် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ အကြီးအကဲကျိုးက သဘောကျဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "ဓားသမား တစ်ယောက်ဆိုတာ ရဲရင့်ပြီး လုံ့လဝီရိယ ရှိတဲ့ စိတ်ဓာတ် ရှိရမယ်၊ ကွေးညွှတ်မယ့်အစား မာကျောရမယ်၊ ပြီးတော့ နောက်ဆုတ်စရာ အကြောင်းမရှိဘူး။ မင်းမှာ ဒီလိုစိတ်ဓာတ် ရှိတာ ကောင်းတယ်။ ဒါပေမဲ့ သုံးလဆိုတာ တိုတောင်းလွန်းတယ်။ တကယ်လို့ မလုပ်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားထားပြီးပြီလား။"

"ဒီနေ့ကစပြီး သုံးလပြည့်ရင် ကျွန်တော် အခြေတည်အဆင့် ရောက်ရောက် မရောက်ရောက်၊ ကတိအတိုင်း ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်ကို တက်မှာပါ။"

"မင်းမှာ မိစ္ဆာစွမ်းအင်ကို သုံးပြီး ကျင့်ကြံနိုင်တဲ့ နည်းလမ်း ရှိတယ်ဆိုတာ ငါသိပါတယ်၊ ဒါကြောင့်လည်း မင်းအင်အားက ဒီလောက် မြန်မြန် တိုးတက်လာတာကိုး။ အဲဒါက မင်းကို ယုံကြည်မှု ပေးတာလား။"

အကြီးအကဲကျိုးက ပြုံးလိုက်သည်။

စုချန် ပြန်မဖြေရဲပေ။ ဓားအမြုတေရှင် ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မပြောပြချင်သော်လည်း၊ အကြီးအကဲကျိုး၏ ကျင့်ကြံမှုအဆင့်က မြင့်မားလွန်းသဖြင့် လိမ်ညာနေလည်း အပိုသာ ဖြစ်လိမ့်မည်။

ကံကောင်းသည်မှာ တစ်ဖက်လူက ဆက်လက် စစ်ဆေးမေးမြန်းလိုပုံ မရပေ။

"လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။ မင်း မိစ္ဆာ စွမ်းအင်တွေကို ဘယ်လို စုပ်ယူသလဲ ဆိုတာ ငါ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းမှာ ဒီနည်းလမ်း ရှိနေတော့ ဓားသင်္ချိုင်းစောင့် တပည့်အဖြစ် အသင့်တော်ဆုံး ဖြစ်နေတာပေါ့။ ငါက အိုနေပြီ၊ ဒီနေရာကို ဘယ်နှစ်နှစ်လောက် စောင့်ကြပ်နိုင်ဦးမလဲ မသိဘူး၊ ဒါကြောင့် စောစောစီးစီး မသေလိုက်နဲ့။"

"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲကျိုး။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။"

"မင်း ဓားသိုင်းရဲ့ အနှစ်သာရကို သဘောပေါက်သွားတာ ချီးကျူးစရာပါပဲ၊ ဒါပေမဲ့ အဲဒါက အခြေခံ အဆင့်ပဲ ရှိသေးတယ်၊ လုံလောက်ဖို့ လိုသေးတယ်။ သုံးလနေရင် ပြိုင်ပွဲ မှာ အနိုင်ရချင်တယ် ဆိုရင်၊ ကျင့်ကြံမှုအဆင့်အပြင် ဓားသိုင်းစွမ်းရည်ဘက်မှာလည်း ပိုကြိုးစားဖို့ လိုတယ်။"

စကားပြောရင်း အကြီးအကဲကျိုးက ဓားသင်္ချိုင်း၏ နက်ရှိုင်းရာသို့ လက်ညှိုးထိုးပြလိုက်သည်။

သူက ပြောလိုက်သည်။ "အဲဒီထဲမှာ ထိပ်တန်း ဓားသမား တစ်ယောက် ချန်ထားခဲ့တဲ့ ဓားထွင်း ကျောက်စာပြား တစ်ခု ရှိတယ်။ အဲဒီမှာ ဓား‌အား ရဲ့ လက်ကျန်စွမ်းအား အချို့ ကျန်နေသေးတယ်။ မင်း ဓားသန့်စင်ခြင်း မလုပ်တဲ့ အချိန်တွေမှာ သွားပြီး လေ့လာကြည့်လို့ ရတယ်။ အဲဒီကနေ တစ်ခုခု ရမရ ဆိုတာကတော့ မင်း အရည်အချင်းအပေါ်ပဲ မူတည်တယ်။"

ထိုသို့ ပြောပြီးနောက် အကြီးအကဲကျိုး ဆက်မနေတော့ပေ။ မြေကြီးကို ခြေဖျားဖြင့် အသာထိလိုက်ပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဓားသင်္ချိုင်း ထိပ်ဘက်သို့ ပျံတက်သွားသည်။

ဒီနေ့ ဒီစကားတွေကို လာပြောရခြင်းမှာ စုချန်တွင် ပါရမီကောင်း ရှိပြီး ဓားသင်္ချိုင်းတွင် ကျင့်ကြံရန် အလွန် သင့်တော်သည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ စုချန် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားပေးလွန်းပြီး သုံးလအတွင်း အသက်ဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် လမ်းညွှန်မှု အချို့ ပေးခဲ့ခြင်း ဖြစ်သည်။

ဒါက စမ်းသပ်မှု တစ်ခုလည်း ဖြစ်သည်။

အကယ်၍ စုချန်က ထိုဓားရာများမှ ဓားသိုင်းပညာ အချို့ကို အမှန်တကယ် ရရှိနိုင်ပါက၊ သူသည် စစ်မှန်သော ဓားပါရမီရှင် တစ်ဦး ဖြစ်ပြီး မိမိ၏ အရိုက်အရာကို ဆက်ခံရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုနိုင်သည်။

"အကြီးအကဲကျိုးက အပေါ်ယံ အေးစက်သလို ထင်ရပေမယ့်၊ တကယ်တော့ သဘောကောင်းတဲ့ လူတစ်ယောက်ပဲ။"

စုချန် အပေါ်ဘက်တွင် လက်ခနဲ ဖြစ်နေသော ဓားငွေ့အင်များကို ကြည့်ရင်း အကြီးအကဲကျိုးကို ကျေးဇူးတင်‌နေမိသည်။

သူ ဓားသင်္ချိုင်းထဲတွင် နေထိုင် ကျင့်ကြံနေသဖြင့် ကိစ္စအများအပြားကို တစ်ဖက်လူထံမှ ဖုံးကွယ်ထားရန် ခက်ခဲသော်လည်း၊ အကြီးအကဲကျိုးက သူ့လွတ်လပ်ခွင့်ကို လေးစားပြီး အကြံပေးကာ စေတနာပြခဲ့သည်မှာ အလွန် ရှားပါးသော ကိစ္စပင်။

ဓားသင်္ချိုင်းမှာ ဆက်နေချင်ရင်၊ ဓားသင်္ချိုင်းစောင့်ရဲ့ အကူအညီကို မြဲမြဲ တန်ဖိုးထားရမယ်။

"အကြီးအကဲကျိုး ပြောပုံအရ ဆိုရင် သူ ငါ့ကို အထင်ကြီးပုံရတယ်။ ငါသာ ပိုကြီးမားတဲ့ အလားအလာကို ပြသနိုင်ရင် သူ ငါ့ကို သူ့ဆက်ခံသူအဖြစ် ပျိုးထောင်ပေးကောင်း ပေးလိမ့်မယ်။ ဒါဆို ဂိုဏ်းအတွင်းမှာ ငါ့နေရာ ပိုခိုင်မာသွားလိမ့်မယ်။ သူပြောတဲ့ ဓားထွင်း ကျောက်စာပြား ဆိုတာ စမ်းသပ်မှု တစ်မျိုးလို့ ယူဆရမလား?"

တွေးနေတုန်းပဲ ရှိသေးတယ်။

ရုတ်တရက် ကလေးမလေး ဓားဝိညာဉ်၏ အသံ သူ့နားထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။ "အဘိုးကြီးက အစ်ကိုကြီးကို လမ်းညွှန်ပေးဖို့တောင် ဆင်းလာတယ်ပေါ့။ ကြည့်ရတာ သူ အစ်ကိုကြီးကို တော်တော် မျက်စိကျသွားပုံရတယ်။"

"အကြီးအကဲကျိုး ထွက်သွားတာနဲ့ မင်းက မျက်နှာပြရဲပြီပေါ့? သူသိသွားမှာ မကြောက်ဘူးလား။"

ဒီကလေးမက လေလုံးသာထွားပြီး လက်တွေ့မရှိ၊ တကယ်တမ်းကျတော့ အကြီးအကဲကျိုးကို ကြောက်နေမှန်း စုချန် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ အကြီးအကဲကျိုး ပေါ်လာတိုင်း သူမ မျက်နှာမပြရဲပေ။

"ဟွန့်၊ ငါ့အထွတ်အထိပ် အချိန်တုန်းကသာ ဆိုရင် သူ့ကို ကြောက်ပါ့မလား။ ဒါ့အပြင် အဘိုးကြီးက ငါရှိနေတာကို မသိတာ မဟုတ်ဘူး၊ ငါ့ကို ဘာမှမလုပ်နိုင်တာပါ။ ငါကမှ သူ့မျက်နှာကို ထောက်ပြီး ပြဿနာ မဖြစ်အောင် ရှောင်ပေးနေတာ။"

"ဟုတ်လား?"

စုချန် စိတ်ထဲတွင် ရယ်မောလိုက်ပြီး သူမကို ဖွင့်မပြောတော့ဘဲ မေးလိုက်သည်။ "အကြီးအကဲကျိုး ပြောတဲ့ ဓားထွင်း ကျောက်စာပြား အကြောင်း မင်း ဘယ်လောက် သိလဲ။"

"သာမာန် ကျောက်စာပြား တစ်ခုပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အဘိုးကြီးနဲ့ ဓားနတ်ဘုရား ဂူချန်ချင်း တို့ ဒီနေရာမှာ တိုက်ခိုက်ခဲ့ကြပြီး ကျောက်စာပြားပေါ်မှာ ဓားရာ တစ်ခု ချန်ထားခဲ့ကြတယ်။ အဲဒီမှာ ဓားအားရဲ့ လက်ကျန်စွမ်းအား အချို့ ရှိနေတုန်းပဲ။ မင်း နားလည်သဘောပေါက်နိုင်ရင် မင်းရဲ့ အင်အား တကယ် တိုးတက်လာနိုင်တယ်။"

"အကြီးအကဲကျိုးက ဓားနတ်ဘုရားနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်?"

စုချန် အနည်းငယ် အံ့သြသွားသည်။

ကြည့်ရတာ ဓားသင်္ချိုင်းစောင့်က ငါထင်ထားတာထက် အများကြီး ပိုစွမ်းအားကြီးပုံရတယ်။

ဒါက သူ့ကို ဓားထွင်း ကျောက်စာပြား အပေါ် ပိုပြီး စိတ်ဝင်စားလာစေသည်။

သို့သော် ဓားဝိညာဉ်က ကောက်ကျစ်သဖြင့် စုချန် သူမစကားကို လုံးဝ မယုံရဲပေ။ ပြီးခဲ့တဲ့ တစ်ခေါက်က ဒီကောင်မလေး သူ့ကို လှည့်စားခဲ့ဖူးသည်။

ထို့ကြောင့် သူ စိတ်အလောမကြီးဘဲ ခဏလောက် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။

ငါ့ကျင့်ကြံမှုအဆင့် ပိုတိုးတက်လာပြီးမှ အဲဒီထဲဝင်ပြီး ဓားရာတွေကို လေ့လာတော့မယ်။

ကလေးမ ဓားဝိညာဉ်လည်း အခုတလော အများကြီး ပိုလိမ္မာလာပြီး လှည့်ကွက်များ မသုံးတော့ပေ။ တစ်ခါတစ်ရံ မိစ္ဆာ အရှိန်အဝါ ပြင်းထန်သော သာမာန်ဓားများကို ရှာဖွေရာတွင်ပင် စုချန်ကို အကြံပေးလေ့ရှိပြီး သူ့အင်အား အမြန်တိုးတက်စေရန် ကူညီပေးသည်။

ရက်အနည်းငယ် ကြာပြီးနောက် စုချန်၏ ကျင့်ကြံမှုအဆင့် ထပ်မံ တက်သွားပြီး ချီသန့်စင်ခြင်း သတ္တမအဆင့် သို့ ရောက်ရှိသွားသည်။

ဤကာလအတွင်း ရှုတောင် အပြင်ဂိုဏ်းတွင် စမ်းသပ်ပွဲ တစ်ခု ကျင်းပခဲ့ပြီး၊ ပါရမီပြနိုင်သော ဂိုဏ်းသားများစွာ ဓားရွေးချယ်ခွင့် ရရှိကာ ဓားသင်္ချိုင်းသို့ ရောက်ရှိလာကြသည်။

All Chapters