← Chapters

မင်းဟာက နည်းလွန်းတယ်

Vol. 22 Ch. 246

မင်းဟာက နည်းလွန်းတယ်

Vol. 22 Ch. 246

ခန်းမထဲတွင်ရှိနေသူများအားလုံးသည် ရှန်းကျီဖုန်း၏ စကားကို သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သာမန်လူတစ်ယောက်ကို ရှုံးနိမ့်ရခြင်းထက် အရှေ့ပိုင်းဒေသကြီး၏ ပါရမီရှင်နံပါတ်တစ်ကို ရှုံးနိမ့်ရခြင်းသည် သူတို့အတွက်များစွာ ဖြေသာပါသည်။

"ငါတို့လို တိုင်းပြည်သေးသေးလေးက ကျင့်ကြံသူတွေက ဒေသကြီးတစ်ခုလုံးရဲ့ ပါရမီရှင်နံပါတ်တစ်ကို ရှုံးနိမ့်တာ ရှက်စရာမဟုတ်ပါဘူး "

"ကြည့်ရတာ သူက သူရဲ့မွေးရပ်မြေဒေသကြီးမှာလည်း နံပါတ်တစ်ဖြစ်ရမယ် ၊ သူက ဒေသကြီးနှစ်ခုလုံးမှာတောင် နံပါတ်တစ်ဖြစ်နေမှတော့ ငါတို့ရှုံးတာ ဘာဆန်းတော့မှာလဲ"

ရှုံးနိမ့်သွားကြသော စိတ်ဝိညာဥ်အဆင့်အဘိုးကြီးများက အရှက်ပြေရာပြေကြောင်း အာသာဖြေစကားများဖြင့် အချင်းချင်းချွေးသိပ်နေကြသည်။

ထိုအချိန်တွင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အသံတစ်သံသည် ခန်းမထဲသို့ လွင့်ပျံလာခဲ့သည်။

“သူ့ရဲ့ အစွမ်းက အတော်အသင့် လက်ခံနိုင်စရာရှိပေမဲ့လို့ အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်စာရင်းမှာ ပထမနေရာကို ရဖို့အကြောင်း ပြောနေတာဆိုရင်တော့ သူရမှာမဟုတ်သေးဘူး။”

ခန်းမထဲတွင် ကျိယွမ် ပေါ်လာခဲ့သည်။ သူသည် တောက်ပသော သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏မျက်နှာက ထူးခြားစွာ ချောမောနေကာ၊ သူ၏ အရှိန်အဝါသည် လောကီထက်လွန်ကဲသော အရှင်သခင်တစ်ပါးကဲ့သို့ ဖြစ်နေသည်။

သူ့ကို မြင်လိုက်ရသူတိုင်းသည် ကြောက်ရွံ့ရိုသေမှု သို့မဟုတ် အခြားသော ရှုပ်ထွေးသည့် ခံစားချက်များကို အလိုလိုခံစားမိသွား၏။

ကျန်းလင်းစုပင်လျှင် ကျိယွမ်ကို အနည်းငယ် ပို၍ ကြည့်မိသွားသည်။ ယနေ့တွင် သူသည် သေသေချာချာဝတ်စားပြင်ဆင်ထားပုံရပြီး၊ အထူးပင် ဆွဲဆောင်မှုရှိနေ၏။ သူ၏ ရုပ်ရည်နှင့် ဆွဲဆောင်မှုကြောင့် သူမ၏ နှလုံးခုန်နှုန်းများ မြန်လာကာ မျက်နှာလေးများ နီမြန်းသွားရသည်။

သို့သော် ကျိယွမ်၏လက်ထဲတွင် ကိုင်ထားသောအရာကို မြင်သောအခါမှာတော့ ကျန်းလင်းစု၏ ရင်ခုန်နှုန်းလေးများ ပျက်စီးသွားရရှာသည်။

အစ်ကိုကြီးကတော့ လုပ်ပြီ။

အကြောင်းမှာ ကျိယွမ်၏ လက်ထဲ၌ ကြိုးတစ်ချောင်းကို ကိုင်ထားပြီး၊ ထိုကြိုး၏ အခြားတစ်ဖက်တွင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားသော မီးဖိုချောင်သုံးဓားမတိုတစ်လက်ကို ချည်နှောင်ထားခြင်းကြောင့်ဖြစ်သည်။

သူက ကြက်သွန်လှီးဓားကို ခွေးလုပ်ပြီး ခေါ်လာပြန်ပြီ။ဒီလောက်ဧည့်သည်တွေ အများကြီးရှေ့မှာကို။

ရှန်ကွမ်းဂိုဏ်းမှ အခြားအကြီးအကဲများသည်လည်း အနည်းငယ်မျက်နာပူသွားကြ၏။

“ဂါရဝပြုပါတယ် စီနီယာအစ်ကိုကြီး ကျိယွမ်။”

“မတွေ့ရတာ ရက်နည်းနည်း ကြာသွားပြီ၊ စီနီယာအစ်ကိုကြီး ကျိယွမ်ကတော့ အရင်အတိုင်း အထင်ကြီးစရာ ကောင်းနေတုန်းပါပဲ။”

ဆေးနတ်ဘုရားတောင်ထိပ်မှ ကျူးကော့မြောင်က သူ၏ ခံစားချက်များကို ဖုံးကွယ်ရင်း ပြောလိုက်သည်။

နောက်ဆုံးအကြိမ် ကျူးကော့မြောင် ကျိယွမ်နှင့် တွေ့ခဲ့စဉ်က ဆေးလုံးဖော်စပ်နည်းကို တိုးတက်အောင် ပြုလုပ်ရန်အတွက် သူက အကြံဉာဏ် တောင်းခဲ့ဖူးသည်။ ထိုစဉ်က သူသည် ကျိယွမ်ကို ‘ဂျူနီယာညီလေး’ ဟု ခေါ်ခဲ့သည်။

ထို့နောက်တွင် သူသည် လျှို့ဝှက်နယ်မြေတစ်ခုသို့ သွားရောက်ကာ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး၊ အခြေတည်အဆင့် အလယ်အလတ်သို့ တက်လှမ်းကာ အောင်ပွဲခံ၍ ပြန်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် ကျိယွမ်က စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိသွား၏။ ဤသတင်းကို ကြားလိုက်ရသောအခါကဆိုလျှင် ကျူးကော့မြောင်မှာ ဆွံ့အသွားခဲ့သည်။

အခြားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည်လည်း သူတို့၏ အကြည့်များကို ကျိယွမ်ထံသို့ လွှဲပြောင်းလိုက်ကြပြီး၊ သူတို့၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ကွဲပြားနေကြသည်။

“ဂါရဝပြုပါတယ် အရှင်သခင် ကျိယွမ်။”

“ဒီနေ့ ငါတို့ရဲ့သာ့ရှန်းပြည်ကြီးမှာ ဒီလို ထူးချွန်ထက်မြက်တဲ့သူတွေ စုဝေးမိမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။”

“သိပ်မကြာခင်မှာ ကျိယွမ်ဟာ ဒုတိယမြောက်ရှန်းဝူရှန်း ဖြစ်လာတော့မှာပဲ။”

“အရှင်သခင်ကျိယွမ်က ငယ်ရွယ်တဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ သူဟာ အနာဂတ်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိမှာ သေချာပါတယ်။”

အခမ်းအနားသို့ ရောက်လာကြသော ကျင့်ကြံသူများသည် ထုံးစံအတိုင်း အခမ်းအနားရှင်ကို ဝိုင်းဝန်းမြှောက်ပင့်ကြတော့သည်။

သို့သော် ကျိယွမ်က သူတို့အား လက်ကာပြ၏။

“အနာဂတ်အကြောင်း ပြောစရာမလိုပါဘူး၊ ကျွန်တော်က အခုလောလောဆယ်မှာကို ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိထားပြီးသားပါ။”

အဘိုးကြီးများက အနာဂတ်မှာ ကြီးကျယ်သော အောင်မြင်မှု ရလိမ့်မည်ဟု ပြောခြင်းမှာ သူ့အတွက် စော်ကားခံရသကဲ့သို့ ခံစားရသည်။

ကျိယွမ်အား ရှေ့ဆုံးမှမြှောက်ပင့်ပြောခဲ့သော ဘုန်းတော်ကြီးဝူထျန်းမှာ အံ့အားသင့်သွားပြီး နေရခက်စွာဖြင့် ရယ်မောလိုက်သည်။

ထိုအချိန်တွင် ရှန်းကျီဖုန်းက ကျိယွမ်ကို ကြည့်ကာ သူမဘဝင်မကျဖြစ်နေသည်ကို မေးလိုက်၏။

“အရှင်သခင် ကျိယွမ်က ကျွန်မတို့အရှင်သခင်ရှန်းကို အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်စာရင်းမှာ ဘာကြောင့် ပထမနေရာ မရနိုင်ဘူးလို့ ပြောရတာလဲ။”

ရှန်းကျီဖုန်း၏ မျက်လုံးထဲတွင် အထက်ဘုံမှ ဆင်းသက်လာသော ရှန်းဝူရှန်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။

အောက်ဘုံမှ မည်သည့်အဆင့်တူကျင့်ကြံသူက သူမ၏သခင်နှင့် ယှဉ်နိုင်မည်နည်း။

ယင်နတ်ဘုရားအဆင့်ကျင့်ကြံသူများပင်လျှင် သူမ၏သခင်ကို ရိုသေမှု ပြသကြရသည်။

အခြားသူများသည်လည်း ကျိယွမ်က အဘယ်ကြောင့် ဤကဲ့သို့ ပြောရသနည်းဟု သိချင်စိတ်ဖြင့် ကြည့်နေကြသည်။

သူက ခုလိုပြောလိုက်တာ ရှန်းဝူရှန်းကို စော်ကားမိမှာကို မကြောက်ဘူးလား။

ရှန်းဝူရှန်း၏ နောက်ခံသည် သိသိသာသာထူးခြားလှပြီး နောက်ကွယ်တွင် ယင်နတ်ဘုရားတစ်ပါးပင် ရှိနေနိုင်သည်။ သူ၏ အဆင့်အတန်းသည် ကျိယွမ်ထက် နိမ့်ကျသူ လုံးဝမ​ဖြစ်နိုင်ပေ။

“ဘာဖြစ်လို့လဲဆိုတော့... အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းမှာငါလည်း ပါဝင်ယှဉ်ပြိုင်ခဲ့လို့ပဲ။”

ကျိယွမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း၊ မိန့်ခွန်းကြီးတစ်ခု ပြောတော့မည့်အလား ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ငါက သိပ်ပြီး ပါရမီမရှိပေမဲ့လည်း၊ ဖြတ်လမ်းလိုက်တဲ့နည်းလမ်းတစ်ခုကို သုံးပြီးတော့ အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းမှာ ပထမနေရာကို ရယူနိုင်ခဲ့တယ်"

"ဟမ်.."

လူတိုင်းသည် ခေတ္တမျှ မှင်တက်သွားကြပြီးနောက် အံ့အားသင့်ခြင်း သို့မဟုတ် ရှုပ်ထွေးခြင်းများ ဖြစ်သွားကြသည်။

အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ ပထမ။

ဖြတ်လမ်းနည်းကို သုံးပြီးလား။

ခန်းမထဲရှိ အဘိုးကြီးများအချင်းချင်း သဘောပေါက်သလို ကြည့်​မိကြ၏။

ယခုတော့ သေချာသွားပြီ ဖြစ်သည်။သွေးဝတ်စုံမဟာမိတ်အဖွဲ့ခေါင်းဆောင် သွေးဝတ်စုံဓားနတ်ဘုရားသည် ကျိယွမ်၏ ဖခင်အရင်းဖြစ်ရမည်။ သို့မဟုတ်ပါက သူသည် အရှေ့ပိုင်းဒေသ၏ ပထမနေရာကို မည်သို့ဖြတ်လမ်းနည်းလမ်းဖြင့် ရရှိနိုင်မည်နည်း။

ရှန်းကျီဖုန်း၏ မျက်လုံးများထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“တကယ်လို့ အဲဒီလိုဆိုရင်တော့ အရှင်သခင် ရှန်းက အရှေ့ပိုင်းဒေသရဲ့ ပထမနေရာကို မရနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့... သူက သာ့ရှန်းပြည်ကြီးရဲ့ နံပါတ်တစ် စိတ်ဝိညာဥ်အဆင့်ဘွဲ့ကိုတော့ ရယူနိုင်တယ် မဟုတ်လား။”

ရှန်းကျီဖုန်းသည် ကျိယွမ်ကို အဓိပ္ပာယ်ဖော်မရသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူမသည် ရှန်းဝူရှန်း၏ အမာခံပရိသတ်တစ်ဦးကဲ့သို့ ဖြစ်နေပြီး၊ သူမ၏ အိုင်ဒေါ ‘ကိုကို’ ကို ကမ္ဘာပေါ်တွင် နံပါတ်တစ် ဖြစ်စေချင်နေ၏။

“စိတ်မကောင်းပါဘူး၊ သာ့ရှန်းပြည်ကြီးရဲ့ နံပါတ်တစ် စိတ်ဝိညာဥ်အဆင့်ဘွဲ့ကိုလည်း တစ်ယောက်ယောက်က ယူသွားပြီးသားဖြစ်နေတယ် "

"ဘာ..."

ရှန်းကျိဖုန်းက လက်မခံနိုင်စွာ အော်ဟစ်လိုက်၏။ ခန်းမထဲတွင် တစ်တိုင်းပြည်လုံးမှ စိတ်ဝိညာဥ်အဆင့်များ အားလုံးလိုလိုရောက်ရှိနေပြီး သူတို့အားလုံးကလည်း ရှန်းဝူရှန်းကိုရှုံးနိမ့်သွားကြပြီဖြစ်သည်။

"သူက ဘယ်သူလဲ"

ကျိယွမ်က မတတ်သာသလိုသက်ပြင်းချ၏။

" အဲဒါကတော့ ငါပဲ ”

သူက ကြွားဝါနေသောအမူအယာမရှိဘဲ နှိမ့်ချစွာ ပြောလိုက်သည်။

သူသည် နှိမ့်ချရမည့်အချိန်တွင် နှိမ့်ချတတ်ပြီး၊ ရဲရင့်ရမည့်အချိန်တွင် ရဲရင့်တတ်သူ ဖြစ်သည်ဟု သူ့ကိုယ်သူ ခံစားရ၏။

သူ၏ စိတ်ဝိညာဥ်သည် ယခုအချိန်တွင် သာမန်ပင် ရှိနေသေးပြီး ယန်နတ်ဘုရားကို မသတ်နိုင်သေးသော်လည်း၊ သူ၏ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းမှာ အတိုင်းအဆမရှိ ကြီးမားသည်။ အထူးသဖြင့် သူ၏ စိတ်ဝိညာဥ်များ အပြည့်အဝ နိုးထလာပါက ယန်နတ်ဘုရားအဆင့်သို့ လမ်းစဖောက်ပေးနိုင်မှာ သေချာ၏။

ထို့ကြောင့် သူသည် လက်ရှိတွင် သာမန်ဟု ထင်ရသော်လည်း၊ အနာဂတ်မှာ တောက်ပနေပြီးသားဖြစ်သည်။ သာ့ရှန်းပြည်ကြီး၏ နံပါတ်တစ် စိတ်ဝိညာဥ်အဆင့်ဟု ခေါ်ဆိုရန် လုံးဝလုံလောက်၏။

သဘာဝကျစွာပင် ကျိယွမ်သည် ဤဘွဲ့ကို အခြားသူ တစ်ဦးတစ်ယောက်ကိုမျှ မပေးလိုပေ။

ခန်းမထဲရှိကျင့်ကြံသူများမှာ မှင်တက်သွားကြသည်။

ကန်းဖူလူက ရပ်ကြည့်မနေနိုင်တော့ဘဲ လျင်မြန်စွာပင် အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။

“စီနီယာညီလေး... ဒီရှန်းဝူရှန်းက တော်တော်လေး ခက်ခဲတဲ့ ပြိုင်ဘက်နော်။ သူက အခုလေးတင် ဒီမှာရှိတဲ့ စိတ်ဝိညာဥ်အဆင့် ၃၃ ယောက်လုံးကို အနိုင်ယူလိုက်တာ။”

ကျိယွမ်သည် အချိန်ပြည့် ဂိမ်းဆော့ခြင်းတွင် အာရုံရောက်နေသဖြင့် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိမည်စိုး၍ သူက သတိပေးခြင်း ဖြစ်သည်။

“အို... သူ့မှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ၊ ဒါပေမဲ့ သိပ်တော့ မဟုတ်ပါဘူး။”

ကျိယွမ်က အသံလှိုင်းဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကြောင့် သူ၏ နောက်လိုက်များအားလုံးသည် အမှန်တကယ် ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်လာခဲ့ကြသည်။

ကျူးရှီကျုံးပင်လျှင် အဆင့်များကို ကျော်လွန်၍ စိန်ခေါ်နိုင်ပြီး ယင်နတ်ဘုရားအဆင့်ထက် များစွာသာလွန်နေ၏။

အကယ်၍ ရှန်းဝူရှန်းသည် ယင်နတ်ဘုရားအဆင့်သို့ ရောက်သွားလျှင်တောင် ကျူးရှီကျုံးကို ယှဉ်နိုင်မည် မဟုတ်ပေ။

ရှန်းဝူရှန်းအနေဖြင့် ကျိယွမ်၏ စိတ်ဝိညာဥ်တစ်ခုကိုပင် မယှဉ်နိုင်ပါက၊ ထိုသူကို သာ့ရှန်းပြည်ကြီး၏ နံပါတ်တစ်စိတ်ဝိညာဥ်အဆင့်ဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။

ထိုအချိန်တွင် ရှန်းဝူရှန်းကတော့ တစ်ချိန်လုံးတိတ်ဆိတ်နေ၏။ သူ၏အကြည့်များသည် ကျိယွမ်အပေါ်သို့ ကျရောက်နေပြီး ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်လျှက်ရှိသည်။

သူသည် စိတ်ရင်းထဲတွင်ပင် တိုက်ခိုက်ခြင်းကို ရူးသွပ်သူတစ်ဦး ဖြစ်သည်။

“ဒါဆို မင်းက သန်မာတယ်ပေါ့။”

ရှန်းဝူရှန်းက စိတ်လှုပ်ရှားစွာဖြင့် ကျိယွမ်ကို ကြည့်ကာ မေးလိုက်သည်။

“သာမန်ပါပဲ၊ ကမ္ဘာပေါ်မှာတော့ တတိယပေါ့။”

ကျိယွမ်က ပျင်းရိစွာ ပြန်ဖြေ၏။ သူသည် နှိမ့်ချနေခြင်း ဖြစ်သည်။

“မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင်၊ ဒီဆေးလုံးပုလင်းက မင်းအပိုင်ပဲ။”

ရှန်းဝူရှန်းက ‘ခုနစ်ပါးညီညွတ် နတ်ဘုရားအားဖြည့်ဆေး’ ကို ထပ်မံ၍ ကမ်းလှမ်းလိုက်သည်။

ထိုနေရာရှိ ကျင့်ကြံသူများအားလုံးသည် အသက်ကို အောင့်ထားကြပြီး သူတို့၏ မျက်လုံးများထဲတွင် လောဘရိပ်များ ပြည့်နှက်နေသည်။ သူတို့သည်လည်း ထိုဆေးလုံးပုလင်းကို လိုချင်ကြသော်လည်း ရှန်းဝူရှန်းကို လုံးဝ မယှဉ်နိုင်ခဲ့ကြပေ။

ကျိယွမ်က ထိုဆေးလုံးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သမ်းဝေလိုက်သည်။

“ငါက အဲဒီဆေးလုံးတွေကို စိတ်မဝင်စားဘူး၊ မင်းကို အနိုင်ယူဖို့လည်း စိတ်မပါဘူး။”

ရှန်းဝူရှန်းမှာ ခေတ္တမျှ ဆွံ့အသွားရသည်။ ဤသည်မှာ သူ၏ဘဝတွင် ‘ခုနစ်ပါးညီညွှတ် နတ်ဘုရားအားဖြည့်ဆေး’ ကို စိတ်မဝင်စားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။

ရှန်းကျီဖုန်းက လှောင်ပြုံးပြုံးရင်း ဘေးမှဆွ၏။

“ဒါမှမဟုတ် ရှင်က မတိုက်ရဲတာများလား။”

အခြားသော ကျင့်ကြံသူများသည်လည်း နောက်ထပ် ဘာဖြစ်လာမည်ကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။

ကျိယွမ်သည် ရှန်းဝူရှန်းကို ယှဉ်နိုင်လိမ့်မည်မဟုတ်ဟုတော့ သူတို့ယူဆနေကြသည်။ အဘယ်ကြောင့်ဆိုသော် ရှန်းဝူရှန်း အစောပိုင်းက ပြသခဲ့သောခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်သည်။

ကျိယွမ်သည် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးပေ။ သူ၏အသက်အရွယ်အရ တိုးတက်မှုနှုန်းမှာ အံ့ဩစရာ ကောင်းလှသော်လည်း၊ သူ၏ အစွမ်းမှာ ရှန်းဝူရှန်းကို အမှန်တကယ် ယှဉ်နိုင်ပါမည်လော။

ရှန်းဝူရှန်း၏ အဆင့်အတန်းနှင့် နောက်ခံသည်လည်း ကျိယွမ်ထက် မနိမ့်ကျပေ။

“သူက ငါ့ရဲ့မျှော်လင့်ခြင်းလမင်းမှမဟုတ်တာ၊၊တိုက်ရမှာ ပျင်းစရာကြီး"

ရှန်းကျီဖုန်းက ဆွေ့ဆွေ့ခုန်နေသော်လည်း ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

သူသည် များသောအားဖြင့် အကြောင်းရင်း သုံးခုကြောင့် တိုက်ခိုက်လေ့ရှိသည်။ ပထမမှာ သူ၏မျှော်လင့်ခြင်းလမင်းကို ရှင်းထုတ်ပြီး အကျိုးကျေးဇူး ရယူရန်၊ ဒုတိယမှာ သူ၏ စိတ်အခြေအနေပေါ် မူတည်၍ (သူကိုယ်တိုင်ပင် မည်သည့်အချိန်တွင် တိုက်ခိုက်မည်ကို မသိပါ)၊ တတိယမှာ သူ၏ အရည်အချင်းကို ပြသလို၍ ဖြစ်သည်။

" မျှော်လင့်ခြင်းလမင်း ...အဲဒါက ဘာလဲ။ မင်းရဲ့ မျှော်လင့်ခြင်းလမင်း ဖြစ်လာဖို့အတွက် ဘာသတ်မှတ်ချက်တွေ လိုသလဲ။”

ရှန်းဝူရှန်းက မေးလိုက်သည်။

သူသည် ကန်းလန်နယ်မြေသို့ ထိုက်တန်သော ပြိုင်ဘက်များကို ရှာဖွေရန် လာခဲ့ခြင်း ဖြစ်၏။ တရားမျှတသော တိုက်ပွဲများကို အမြဲရှာဖွေပြီး သူ၏ ကိုယ်ပိုင်လမ်းစဉ်နှင့် နတ်ဘုရားစွမ်းအားများကိုမြှင့်တင်လိုသူ တစ်ဦးအနေဖြင့် သူသည် မည်သည့် စတေးမှုကိုမဆို ပြုလုပ်ရန် ဆန္ဒရှိသည်။

ယခင်ကဆိုလျှင် အခြားနယ်မြေတစ်ခုသို့ ဆင်းသက်စဉ်က အမျိုးသမီး စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦး၏ တောင်းဆိုချက်အရ သူမနှင့်အတူ တောရကျောင်းတစ်ခုတွင် နှစ်ပေါင်း ၅၀ ကြာ အတူတူ နေထိုင်ပေးခဲ့ဖူးသည်။ သူသည် သူမနှင့်အတူ ဂီတတူရိယာများ တီးခတ်ပြီး ဓားအတတ်များကို လေ့ကျင့်ကာ နတ်ဘုရားမောင်နှံကဲ့သို့ နေထိုင်ခဲ့၏။

ထိုသို့ နှစ်ပေါင်း ၅၀ ကြာအတူနေပြီးနောက်မှသာ သူသည် သူမနှင့် တိုက်ခိုက်ခွင့် ရခဲ့သည်။ သို့သော် သူမသည် သူ၏ တိုက်ကွက် သုံးကွက်ကိုပင် မခံနိုင်ဘဲ ကျရှုံးခဲ့သဖြင့် သူ စိတ်ပျက်ခဲ့ရသည်။

ထိုစဉ်က သူသည် ခေါင်းကိုခါယမ်းရင်း ထိုလှပသော အမျိုးသမီးကျင့်ကြံသူကို “သိပ်ပျော့လွန်းတယ်” ဟု ပြောခဲ့သည်။ ထို့နောက်တွင် ငိုယိုကာ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် တောင်းပန်နေသော သူမကို ဂရုမစိုက်ဘဲ ထွက်ခွာခဲ့၏။

သူမက အကြိမ်ကြိမ်တောင်းပန်ခဲ့သော်လည်း ရှန်းဝူရှန်းသည် အားနည်းသူများကို တိုက်ခိုက်ရန် စိတ်မဝင်စားသဖြင့် “အဆပေါင်း တစ်ရာလောက် ပိုသန်မာလာမှ ငါနဲ့ ပြန်လာတိုက်ပါ။” ဟုသာ နှုတ်ဆက်ပြီး ထားခဲ့သည်။

ယခု ကျိယွမ်နှင့် တွေ့သောအခါ သူ၏စိတ်ဝင်စားမှုများ ပြန်လည်တက်ကြွလာ၏။ကျိယွမ်၏ ကျင့်ကြံမှုအဆင့်ကို ရှန်းဝူရှန်း ခန့်မှန်း၍မရ ဖြစ်​နေသောကြောင့်ပင်။

သူက ထူးခြားတယ် ၊ ငါ့ပြိုင်ဘက် ဖြစ်လာနိုင်မလား သိချင်လာပြီ။

လိုအပ်ပါက သူသည် ကျိယွမ်နှင့်အတူ နှစ်ပေါင်း ၅၀ ကြာ တောထွက်၍ နေထိုင်ရန်ပင် ဆန္ဒရှိနေသည်။

“မင်းက အဘိုးကြီးမဟုတ်တဲ့အတွက် ငါ့ရဲ့မျှော်လင့်ခြင်းလမင်း ဖြစ်မလာနိုင်ဘူး။”

ကျိယွမ်က ခေါင်းခါလိုက်သည်။

“ဒါပေမဲ့... မင်းက ‘ကောင်းကင်အဆင့်’ ကျင့်စဉ်တစ်ခု ပေးနိုင်မယ်ဆိုရင်တော့ ငါ မင်းနဲ့ ယှဉ်ပြိုင်ဖို့ စဉ်းစားပေးပါ့မယ်။”

ကောင်းကင်အဆင့် ကျင့်စဉ်များသည် အလွန်တရာ ရှားပါးလှသည်။ များသောအားဖြင့် ယင်နတ်ဘုရားတစ်ပါးတွင်သာ ထိုကျင့်စဉ်မျိုး ရှိတတ်ပြီး၊ ရှိခဲ့လျှင်ပင် အဆင့်နိမ့်သည့် အမျိုးအစားသာ ဖြစ်နိုင်သည်။

ကျိယွမ်သည် မြင့်တက်ခြင်းနန်းဆောင် တစ်ခုလုံးကို ပြောင်စင်အောင် ရှာဖွေခဲ့သော်လည်း ထိပ်တန်း ကောင်းကင်အဆင့် ကျင့်စဉ်လေး တစ်ခုကိုမျှ မတွေ့ခဲ့ရပေ။

“ဒါက လွယ်ပါတယ်။”

ရှန်းဝူရှန်းက ထိုသို့ပြောရင်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

“ဒါက ငါ တိုက်တိုက်ဆိုင်ဆိုင် ရထားတာပါ။”

သူသည် ထိုကောင်းကင်အဆင့် ကျင့်စဉ်ကို သာမန်ဟင်းသီးဟင်းရွက်တစ်ခုကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ကမ်းလှမ်းလိုက်သည်။

“ငါ ကြည့်ပါရစေဦး။”

ပျင်းရိနေသော ကျိယွမ်၏ မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့သည်။

ကမ္ဘာ့စည်းမျဉ်းများ မတူညီသောကြောင့် ကျိယွမ်သည် အခြားကမ္ဘာမှ ကျင့်စဉ်များကို အသုံးပြု၍ ကျိယွမ်ကျမ်းကို ပြည့်စုံအောင် မပြုလုပ်နိုင်သေးပေ။

ထို့အတူ သူ၏ရှေ့မှ ရှန်းဝူရှန်းသည်လည်း ကန်းလန်နယ်မြေမှ မဟုတ်သည်ကို သူ၏မျက်လုံးများက သိထားပြီးသားဖြစ်၏။

သူ့ရဲ့နည်းစနစ်က သုံးလို့ရပါ့မလား။

ရှန်းဝူရှန်းသည် ကောင်းကင်အဆင့်နည်းစနစ်ကို ကျိယွမ်ထံသို့ တွေဝေခြင်းမရှိဘဲ ပေးအပ်လိုက်သည်။

ထိုနေရာရှိ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ မနာလိုစိတ်ဖြင့် ကြည့်နေရုံမှအပ မတတ်နိုင်ကြပေ။ သူတို့ ကျင့်ကြံနေသော ကျင့်စဉ်များမှာ များသောအားဖြင့် ကျောက်စိမ်းအဆင့်များသာ ဖြစ်ကြပြီး၊ တစ်ခါတစ်ရံမှသာ တွေ့ရတတ်သော ‘နက်နဲအဆင့်ကျင့်စဉ်တစ်ခုအတွက်ပင် သာ့ရှန်းပြည်ကြီးတွင် သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ပွားတတ်သည်။

ယခုမူ သူတို့သည် ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုကို မျက်မြင်တွေ့နေရခြင်း ဖြစ်၏။

ကံမကောင်းသည်မှာ ထိုကျင့်စဉ်ကို ပိုင်ဆိုင်ထားသူမှာ အလွန်ပင် အစွမ်းထက်နေခြင်းပင် ။ သူတို့၏ စိတ်ထဲတွင် လောဘစိတ်များ ပြည့်နှက်နေသော်လည်း မည်သူမျှ မလှုပ်ရှားရဲကြပေ။

“အင်း... ဒီနည်းစနစ်က မဆိုးဘူးပဲ။”

ကျိယွမ်က အံ့ဩစွာ ပြောလိုက်သည်။

ရှန်းဝူရှန်း ပေးသော ကောင်းကင်အဆင့် ကျင့်စဉ်သည် ကန်းလန်နယ်မြေမှ မဟုတ်သော်လည်း ကျိယွမ်ကျမ်းကို ပြုပြင်မွမ်းမံရန်အတွက် အသုံးပြုနိုင်နေသည်ကို သူသိလိုက်ရ၏။

ကျိယွမ် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ထိုကျင့်စဉ်ကို ကန်းလန်နယ်မြေရှိ ကျင့်ကြံသူများက ကျင့်ကြံ၍ မရသော်လည်း ကျိယွမ်အတွက်မူ ကိုးကားစရာအဖြစ် အသုံးဝင်သည်။ သူကိုယ်တိုင် ကျင့်ကြံ၍ မရသော်လည်း ကိစ္စမရှိပေ။

“မင်းဆီမှာ ဒီလိုနည်းစနစ်မျိုးတွေ နောက်ထပ် ရှိသေးလား။”

ကျိယွမ်က နည်းစနစ်ကိုသိမ်းလိုက်ရင်းမှ အခြားသော ဖြစ်နိုင်ခြေများကို စဉ်းစားလာသည်။

အကယ်၍ ရှန်းဝူရှန်းလာခဲ့သောကမ္ဘာတွင် ဤကဲ့သို့သော နည်းစနစ်များဖြင့် ပြည့်နှက်နေပါက ထိုကမ္ဘာကို ဂိမ်းထဲကလို သိမ်းပိုက်ပြီး နည်းစနစ်များအားလုံးကို ‘ချေးယူ’ လိုက်လျှင် မကောင်းပေလော။

“အများကြီး ရှိတာပေါ့။”

ရှန်းဝူရှန်းက၏ အကြည့်များက ပိုမို ပြင်းထန်လာကာ ပြောလိုက်၏။ကျိယွမ်က တိုက်ခိုက်ရန်သဘောတူလိုက်သဖြင့် သူအလွန်ကျေနပ်သွားသည်။

“မင်း အဲဒါတွေကို လိုချင်တာလား။”

“ဒါပေါ့။”

ရှန်းဝူရှန်း၏ အကြည့်ထဲတွင် တစ်ခုခု ထူးဆန်းနေသည်ကို ကျိယွမ် ခံစားမိသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

“မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ငါ နောက်ထပ် ငါးခု ထပ်ပေးမယ်။”

ရှန်းဝူရှန်းက ရက်ရောစွာ ကမ်းလှမ်းလိုက်သည်။

"ဟေ..တကယ်ကြီးလား "

ကျိယွမ် အလွန် စိတ်လှုပ်ရှားသွားလေသည်။

ကောင်းကင်အဆင့်ကျင့်စဉ် ငါးခုဆိုလျှင် ဤလူသည် အတော်ပင် ချမ်းသာသူ ဖြစ်ရမည်။ ယနေ့မနက်တွင် သူ၏ ဘယ်ဘက်မျက်ခုံးက ဘာကြောင့် လှုပ်နေသည်ကို သူ အခုမှ နားလည်သွား၏။ ဤသည်မှာ လာဘ်ကောင်းမည့် နိမိတ်ပင် မဟုတ်ပါလား။

“ဒါဆို ငါ မင်းကို အနိုင်ယူလိုက်ရင်ကော ဘာရမှာလဲ။”

ကျိယွမ်၏ မျက်လုံးများမှာ အရောင်တောက်လာသည်။သူက ပန်းကန်ထဲမှ ငါးဟင်းလောက်နှင့်မကျေနပ်နိုင်ပါ အိုးထဲကဟင်းများကိုပါ သိမ်းချင်သူဖြစ်၏။

“မင်း ငါ့ကို အနိုင်ယူရင် ငါ့မှာရှိတဲ့ နည်းစနစ်တွေ အကုန်လုံး၊ ငါ့ရဲ့ အဓိက ကျင့်စဉ်နဲ့ နတ်ဘုရားအဆင့် နည်းစနစ်အထိပါ မင်းအပိုင် ဖြစ်စေရမယ်။”

ရှန်းဝူရှန်း၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

“နတ်ဘုရားအဆင့်လား။”

ကျိယွမ် အလွန့်အလွန်စိတ်လှုပ်ရှားသွားသည်။

သူသည် ထိပ်တန်း ကောင်းကင်အဆင့် နည်းစနစ်ကိုပင် သေသေချာချာမမြင်ဖူးသေးပေ။ယခုက နတ်ဘုရားအဆင့်တဲ့ ။

“အေးလေ...ငါ မင်းကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး။ တကယ်လို့ မင်းက ငါ့ကို အနိုင်ရခဲ့ရင် မင်းရဲ့ နတ်ဘုရားအဆင့်နည်းစနစ်ကို အခမဲ့ အဆင့်မြှင့်တင်ပြီး ပြုပြင်ပေးမယ်။”

ကျိယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူသည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူရခြင်းကို မနှစ်သက်ပေ။

သူ အနိုင်ရလျှင် ဆုလာဘ်များ ရရှိမည်ဆိုပါက ရှန်းဝူရှန်း အနိုင်ရလျှင်လည်း တစ်ခုခု ရသင့်သည်ဟု သူ ယူဆသည်။

မနီးမဝေးတွင်ရှိသော ကျန်းလင်းစုမှာမူ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူမက “ဆရာတူ အစ်ကိုကြီး၊ အစ်ကိုကြီးက အခမဲ့ အဆင့်မြှင့်ပေးဖို့ ကမ်းလှမ်းနေတာ မဟုတ်ပါဘူး၊ ရှန်ဝူရှန်းရဲ့ နတ်ဘုရားနည်းစနစ်ကို မျက်စိကျနေတာ သိသာနေတာပဲ။” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

သို့သော် ကျိုယွမ်ကိုတော့ အခြားတစ်မျိုးထုတ်ပြောလိုက်၏။

“ဆရာတူအစ်ကိုကြီး... ကံကောင်းပါစေ၊ သတိလည်း ထားဦးနော်။”

သူမသည် ‘ကံကောင်းပါစေ’ ဟူသော စကားစုကို ကျိယွမ်ထံမှ သင်ယူထားခြင်း ဖြစ်၏။

“ကျေးဇူးပဲ ညီမလေး။”

ကျိယွမ်က ယဉ်ကျေးစွာ တုန့်ပြန်၏။

ရှန်းကျီဖုန်းမှာမူ ယခုအခါ ဂုဏ်ယူဝင့်ကြွားနေပြီ ဖြစ်သည်။

“သိပ်မကြာခင်မှာပဲ စစ်မှန်တဲ့ အစွမ်းဆိုတာ ဘာလဲဆိုတာကို ရှင်သိရတော့မှာပါ။”

ခန်းမထဲမှ ကျင့်ကြံသူ အများစုမှာလည်း ရှန်းကျီဖုန်း၏ ခံစားချက်အတိုင်းပင် ရှန်းဝူရှန်း၏ အောင်ပွဲမှာ သေချာနေပြီဟု ယူဆနေကြသည်။

သူတို့က လောလောလတ်လတ် ခံထားဖူးသူများဖြစ်သောကြောင့် ရှန်းဝူရှန်း၏ ကြောက်စရာခွန်အားကို သေသေချာချာသိနေ၏။

ကျန်းလင်းစုမှာ ထိုသူများ၏ မျက်နှာထားများကို ဆက်၍ သည်းမခံနိုင်တော့ပေ။

"အလကား လူတွေပဲ"

သူမက ရှောင်ယင်ဘက်သို့ လှည့်ကာ အဖော်ခေါ်လိုက်သည်။

“ဆရာတူအစ်ကိုကြီးအတွက် အတူတူ အားပေးကြရအောင်။”

ယခုအချိန်တွင် အခြားမည်သူကမျှ ဆရာတူအစ်ကိုကြီးကို အားမပေးကြချေ။ ယနေ့သည် သူ၏ စိတ်ဝိညာဥ်အဆင့် တက်လှမ်းခြင်း အခမ်းအနားဖြစ်သဖြင့် အခမ်းအနားပိုင်ရှင်သည် အထီးကျန်မနေသင့်ပါ။

ထို့ကြောင့် ရှောင်ယင်နှင့်ကျန်းလင်းစုတို့သည် ကျိယွမ်အတွက် အရေးပေါ် ဖန်းဂဲလ်လေးများ ဖြစ်လာကြတော့သည်။

ထိုအချိန်တွင် ကျိယွမ်သည် ရှန်းဝူရှန်းကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“မင်းကို အရင်တိုက်ခိုက်ဖို့ ငါ အခွင့်အရေး ပေးမယ်။ မဟုတ်ရင် ငါ အရင်တိုက်လိုက်ရတာနဲ့ မင်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”

ရှန်းဝူရှန်းသည် ချမ်းသာသော ပြိုင်ဘက်တစ်ဦး ဖြစ်သဖြင့် ကျိယွမ်က သူ့ကို ဆိုးဆိုးဝါးဝါးကြီး မပြုမူလိုပေ။ ထို့ကြောင့် မျက်နှာသာ အနည်းငယ် ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“မောက်မာလိုက်တာ။”

သူမ၏ အိုင်ဒေါကိုကိုအား ထိခိုက်လာသဖြင့် ရှန်းကျီဖုန်းက မအောင့်နိုင်ဘဲ အော်ဟစ်လိုက်သည်။

အခြားသော ကျင့်ကြံသူများကလည်း ထိုသို့ပင် ခံစားရသော်လည်း ကျိယွမ်ကို စော်ကားမိမည် စိုးသဖြင့် သူတို့၏ သဘောထားများကို ထုတ်မပြောကြပေ။

နတ်ဘုရားများ တိုက်ခိုက်နေချိန်တွင် အနားမှာရှိနေပါက ငြိမ်ငြိမ်နေခြင်းကသာ အကောင်းဆုံး ဖြစ်သည်။

“လာစမ်းပါ၊ ငါ့ရဲ့ ခွန်အားတွေကို မင်း ဘယ်လောက်အထိ ထုတ်သုံးခိုင်းနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။”

ရှန်းဝူရှန်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ခုသည် လေထုထဲတွင် ပျံ့နှံ့သွားသည်။ ယခုတစ်ကြိမ် သူ ထုတ်ဖော်လိုက်သော ခွန်အားမှာ အစောပိုင်းက စိတ်ဝိညာဥ်အဆင့် ၃၀ ကျော်ကို ရင်ဆိုင်ခဲ့စဉ်ကထက်ပင် ပိုမို ပြင်းထန်နေ၏။

"ကျား..."

ပြင်းထန်သော တိုက်ကွက်တစ်ခုသည် ကျိယွမ်ထံသို့ ဦးတည်သွားသော်လည်း ကျိယွမ်မှာမူ ဘာကိုမျှ သတိမထားမိသည့်အလား သူ၏နေရာတွင် ခြေမလှုပ် လက်မလှုပ် ဘာဆိုဘာမှမလှုပ်ဘဲ အေးအေးဆေးဆေး ရပ်နေဆဲပင်။

“သွားပြီ ..အကုန်ပြီးသွားပြီ။”

ဘေးမှကျင့်ကြံသူအားလုံးက တစ်ပြိုင်နက်တည်း တွေးလိုက်ကြသည်။ ကျိယွမ်သည် တုံ့ပြန်ခြင်း မရှိသည့်အပြင် ခုခံရန်ပင် မပြင်ဆင်ခဲ့ပေ။

ရှန်ကွမ်းဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် စိုးရိမ်တကြီးဖြင့် ကြားဝင်တားဆီးရန် ပျံတက်သွားသည်။ သို့သော် သူ မမီတော့ပေ၊ သူ၏ အရှိန်မှာ လုံလောက်စွာ မမြန်ဆန်ခဲ့ပါ။

ရှန်းဝူရှန်း၏ တိုက်ကွက်သည် အလွန်မြန်ဆန်စွာဖြင့် ကျိယွမ်၏အပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။

" ဝုန်း..."

သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ ကျိယွမ်သည် မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ပါ ။ သူသည် လုံးဝကို ထိခိုက်ခြင်း မရှိပေ။

ထိုအချိန်မှာပင် အလွန်ပျင်းရိသော အသံတစ်သံ ထွက်ပေါ်လာ၏။

“အမှန်အတိုင်း ပြောရရင်၊ ဒီလောက် အားနည်းတဲ့ စိတ်ဝိညာဥ်အဆင့်လေးတွေကို ငါကိုယ်တိုင် ရင်မဆိုင်ရတာ တော်တော်ကြာပြီ။”

ခန်းမထဲရှိ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအားလုံးကတော့ မျက်လုံးများပြူးနေဆဲဖြစ်ပြီး သူ၏စကားကို အရေးမလုပ်နိုင်ခဲ့ပါ။

ရှန်းဝူရှန်း၏အစွမ်းကို လူတိုင်း မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုကဲ့သို့သော တိုက်ကွက်မျိုးသည် မည်သည့် စိတ်ဝိညာဥ်ကျင့်ကြံသူကိုမဆို သေစေနိုင်၏။ သို့သော် ကျိယွမ်ကိုမူ အစင်းရာလေးတစ်ခုမျှပင် မထင်ကျန်စေခဲ့ပေ။

“ကျိယွမ်က ဒီလောက်တောင် သန်မာတာလား။”

“သူက စိတ်ဝိညာဥ်အဆင့်ကို ရောက်တာ မကြာသေးဘူးလေ ”

“သူက သန်မာပေမဲ့ အရှင်သခင်ရှန်းထက်တော့ အများကြီး ပိုမသန်မာနိုင်ပါဘူး။”

“မင်း တကယ် သန်မာတာပဲ။”

ရှန်းဝူရှန်းသည် နောက်သို့မဆုတ်သည့်အပြင် ကံကြမ္မာအရ ပြိုင်ဘက်ကောင်းတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

“ငါ မင်းကို အနိုင်ယူပြီးရင် ငါ့ရဲ့စိတ်ဝိညာဥ်လမ်းစဉ်မှာ အထွတ်အထိပ်ကို ရောက်သွားပြီး ခရမ်းရောင်နန်းတော်အဆင့်ကို တည်ဆောက်နိုင်တော့မယ်။ ဒီတစ်ခေါက်မှာ ဒီလောက်အထိ ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။”

ရှန်းဝူရှန်းက အလွန်ကျေနပ်စွာ မှတိချကိချ၏။ကန်းလန်ကမ္ဘာသို့လာရသော ခရီးမှာ ထိုက်တန်သွားလေပြီ။

“မင်းရဲ့ ခရမ်းရောင်နန်းတော်ကို စောစောစီးစီး တည်ဆောက်ထားဖို့ ငါ အကြံပေးချင်ပါတယ်။ ငါ့ကို အနိုင်ယူပြီးမှ ဆောက်မယ်ဆိုတာကတော့.....”

ကျိယွမ်က ပြုံးကာ ခေါင်းယမ်းပြီးမှ ဆက်ပြော၏။

"အဝေးကြီး လိုပါသေးတယ် "

စကားဆုံးသည်နှင့် သူသည် ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ရှန်းဝူရှန်ဆီသို့ လေကို ခပ်ဖွဖွလေး မှုတ်ထုတ်လိုက်သည်။

ချက်ချင်းပင် ရှန်းဝူရှန်း၏မျက်နှာမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။

ပြင်းထန်သော လေပြင်းကြီးတစ်ခုသည် သူ့ထံသို့ တိုးဝင်လာခဲ့သောကြောင့်ပင်။

ကျိယွမ်သည် လေကို အသာအယာ မှုတ်ထုတ်လိုက်ရုံသာ ဖြစ်ပုံရသော်လည်း၊ ရှန်းဝူရှန်းအတွက်မူ ထိုလေသည် သူ၏ ကိုယ်ပိုင် နတ်ဘုရားစွမ်းအားထက်ပင် ပိုမို ပြင်းထန်နေသည်ဟု ခံစားရသည်။

“နတ်ဘုရားသတ် ပျက်သုဉ်းခြင်းနည်းစနစ်”

ရှန်းဝူရှန်းက ဟိန်းဟောက်ရင်း သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ ဤတိုက်ကွက်သည် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကိုပင် ပွဲချင်းပြီးသတ်ဖြတ်နိုင်သည်။

သို့သော် ကျိယွမ်၏ သာမန် လေမှုတ်ထုတ်မှုရှေ့တွင်မူ ၎င်းမှာ လေဆင်နှာမောင်းကို ဟိန်းဟောက်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့သည်။

ရလဒ်ကတော့ ရှန်းဝူရှန်းမှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထိုလေသည် အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းအားတစ်ခုကဲ့သို့ သူ့ကို ထိုနေရာတွင်ပင် ဖိနှိပ်ပစ်လေ၏။

ခန်းမထဲမှ ကျင့်ကြံသူအားလုံးမှာ ဆွံ့အသွားရသည်။

သူတို့သည် လောကကြီးဇောက်ထိုးဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။

“ဒီလို နည်းစနစ်မျိုးက...”

မယုံနိုင်သူများက မျက်လုံးများကိုပင် ပွတ်လိုက်မိကြသည်။ ငါတို့ အတီးခံထားရလို့များ ဂယောင်ခြောက်ခြားတွေ မြင်နေတာလား။

“ဒါက နတ်ဘုရားစွမ်းအားလည်း မဟုတ်ဘဲနဲ့ ဘာကြောင့် ဒီလောက် အစွမ်းထက်နေရတာလဲ။”

စိတ်ဝိညာဥ်အဆင့်တစ်ယောက်သည် နတ်ဘုရားစွမ်းအားကို အသုံးမပြုနိုင်သေးပါ ၊ ကျိယွမ်သည် စိတ်ဝိညာဥ်အဆင့်ဖြစ်သောကြောင့် နတ်ဘုရားစွမ်းအား မရှိသေးပေ။

ကျူမြောလွင့်တောင်တန်းဂိုဏ်းချုပ်ကြီးက ပထမဆုံးသတိပြန်ဝင်လာခဲ့သည်။ ဓားကျင့်ကြံသူများသည် အခြားသူများထက် သာလွန်နေသည်ဆိုသော အချက်မှာ ငြင်းမရပေ။

သူက တိုးညင်းစွာ သက်ပြင်းချ၏။

“အင်း...သာ့ရှန်းပြည်ကြီးရဲ့ ကောင်းကင်ယံကတော့ တကယ်ကို ပြောင်းလဲတော့မှာပဲ။”

ရှန်းကျီဖုန်းမှာတော့ လုံးဝ မှင်တက်သွားပြီး မယုံကြည်နိုင်သော မျက်နှာဖြင့် ငေးကြောင်နေသည်။

“ဒါ ..ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ကျန်းလင်းစုသည် တိုက်ပွဲပြီးပြီးချင်းတွင် အံ့ဩကာကြောင်ငေးသွားသော်လည်း ချက်ချင်းသတိဝင်လာပြီး ဝမ်းသာအားရ လက်ဝှေ့ယမ်းလိုက်သည်။

“ဆရာတူ အစ်ကိုကြီး၊ အစ်ကိုကြီးက တကယ့်ကို အံ့ဩစရာပဲ။”

သူမ၏ဘေးမှရှောင်ယင်သည်လည်း ငေးကြောင်နေရာမှ ကျန်းလင်းစုနှင့်အတူ ဝမ်းသာအားရအော်ဟစ်လိုက်သည်။

နတ်ဆိုးရမက်ဂိုဏ်း သန်မာလာတော့ရောဘာဖြစ်လဲ ၊ ငါတို့ရှန်ကွမ်းမှာလည်း စီနီယာကျိယွမ်ရှိတာပဲ။

ခန်းမထဲတွင်ရှိနေသော ကျင့်ကြံသူများ၏ အကြည့်များမှာလည်း ပြောင်းလဲသွားကြသည်။

ထိုအချိန်တွင် ရှန်းဝူရှန်းသည် ခေါင်းကိုငုံ့ထားပြီး သူ၏အမူအယာက အလွန်ရှုပ်ထွေးနေ၏။

“ငါ ရှုံးသွားပြီ... ငါ ရှုံးသွားပြီ...”

သူက တိုးတိုးလေး ရေရွတ်နေသော်လည်း အဘယ်ကြောင့် သူ ရှုံးနိမ့်သွားသည်ကိုတော့ သူကိုယ်တိုင် နားမလည်နိုင် ဖြစ်နေသည်။

အဓိပ္ပါယ်ကင်းမဲ့စွာ ရှုံးနိမ့်သွားခြင်း​ဖြစ်၏။

အနှစ်သာရမရှိပေ ၊ တိုက်ပွဲဟုပင် မခေါ်နိုင်ပါ ။

ကျိယွမ်၏ ရိုးရှင်းသော လေမှုတ်ထုတ်မှုကိုပင် သူက အဘယ်ကြောင့် မခံနိုင်ရသနည်း။

အနည်းငယ်ကြာမှ ရှန်းဝူရှန်းက ခေါင်းမော့လာပြီး ကျိယွမ်ကို စိုက်ကြည့်လိုက်သည်။

“ငါတို့နှစ်ယောက်လုံးက စိတ်ဝိညာဥ်အဆင့်တွေပဲလေ။ ဘာဖြစ်လို့... မင်းက ဒီလောက်အထိ သန်မာနေရတာလဲ။”

ကျိယွမ်က အေးအေးဆေးဆေး ပြုံးလိုက်ပြီး ..

“ဘာဖြစ်လို့လဲဆိုတော့... မင်းရဲ့စိတ်ဝိညာဥ် အရေအတွက်က နည်းလွန်းလို့ပဲ။”

---------------------

All Chapters