ကတိတည်ခြင်း
Vol. 22 Ch. 247
ကျိယွမ်၏ အဖြေကြောင့် ခန်းမထဲတွင်ရှိနေသူအားလုံး ၊ အထူးသဖြင့် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ အူကြောင်ကြောင်ဖြစ်ကုန်သည်။
စိတ်ဝိညာဥ်အရေအတွက် နည်းလို့ဆိုတာက ဘာစကားလဲ။
လူတိုင်းမှာ စိတ်ဝိညာဥ်တစ်ခုစီပဲရှိတာလေ ၊ နည်းတယ် များတယ် ရှိမလား။
ရှန်ကွမ်းဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများမှာလည်း တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်နေကြသည်။
မလှမ်းမကမ်းတွင် ဝမ်းသာနေသော ကျန်းလင်းစုသည် သူမ၏ လက်မောင်းစဖြင့် မျက်နှာလေးကိုအုပ်လိုက်၏။
"ဆရာတူအစ်ကိုကြီးက ဖောက်လာပြန်ပြီဟယ် "
သူမက ရှောင်ယင်အား လေသံတိုးတိုးဖြင့် အားကိုးရာမဲ့စွာ ပြောရှာသည်။
သူမ၏အစ်ကိုကြီးသည် အခြားအရာအားလုံးတွင် တော်သော်လည်း၊ တစ်ခါတစ်ရံတွင်မူ ယခုကဲ့သို့ စိတ်ဖောက်ပြန်တတ်သည့် ဝေဒနာရှိ၏။
စိတ်ဝိညာဥ်အဆင့်များမလောက်ငဟု ဆိုခြင်းမှာ ဘာကိုဆိုလိုသနည်း။
ထိုအချိန်တွင် ကျူမြောလွင့်တောင်သခင် ကွမ်းကျန့်က သူ၏မုတ်ဆိတ်ကိုသပ်ရင်း မှတ်ချကိချ၏။
"အရှင်သခင်ကျိယွမ်.. မင်းရဲ့စကားတွေက တော်တော်လေး အံ့ဩဖို့ကောင်းနေတယ်"
"ငါတို့ကျင့်ကြံသူတွေက ကွဲအက်သွားတဲ့ အမြုတေကနေ စိတ်ဝိညာဥ်တစ်ခုပဲ ဖြစ်တည်လာနိုင်တာလေ။ ဘယ်လိုလုပ် နည်းတယ် များတယ် ရှိနိုင်မှာလဲ၊ နှစ်ခုမှ မရှိတာ"
သခင်မချားထုန်ကလည်း ဇဝေဇဝါဖြစ်စွာ မေးခွန်းထုတ်သည်။
ရှန်းကျီဖုန်းကတော့ မျက်နှာအမူအရာမှာ ပျက်ယွင်းနေသော်လည်း ပြန်လည်ချေပရန် စကားလုံးမရှာနိုင်ဖြစ်နေသည်။
အမှန်တွင် သူမ ချေပစရာမလိုပါ ။ ခန်းမထဲမှ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအများစုမှာ ကျိယွမ်၏ စကားအပေါ် အားလုံးသံသယရှိနေကြသည်။ မယုံကြည်ဟုပြောလျှင် ပိုမှန်ပေမည်။
အကြောင်းမှာ အမြုတေတစ်ခုမှ စိတ်ဝိညာဥ်တစ်ခုသာ ဖြစ်တည်နိုင်သည်ဟူသော အယူအဆမှာ "တစ်ခုနှင့်တစ်ခုပေါင်းလျှင် နှစ်ခုရသည်" ဟူသော အချက်ကဲ့သို့ပင် လူတိုင်းလက်ခံထားသော အမှန်တရားဖြစ်သောကြောင့် ဖြစ်သည်။
ယခုကျိယွမ်က တစ်ခု နှင့် တစ်ခု ပေါင်းလျှင် သုံးခုရသည်ဟု ပြောလာသောအခါ သဘာဝအတိုင်း မည်သူမှ လက်မခံပါ။
မျိုးစေ့တစ်စေဟာ အပင်တစ်ပင်ပဲ ပေါက်မှာပေါ့.. ဒါက သဘာဝပဲကို ။
လူတိုင်းက စိတ်ပျက်လက်ပျက်ခေါင်းခါကြ၏။ ကျိစယ်တောင်တပည့် ကျိယွမ်မှာ ဥပါဒါန်သွေးမျိုးဆက်ပီပီ အလွန်နားလည်ရ ခက်လှပြီး မကြာခဏစိတ်ဖောက်ပြန်သောစကားများပြောတတ်သည်မှာ သဘာဝပင်။
ဒီကောင် ဦးနှောက်မမှန်ဘူးဆိုတာ သူခွေးလုပ်ပြီး ကြိုးချည်ဆွဲလာတဲ့ ကြက်သွန်လှီးဓားက သက်သေပဲကိုး။
သို့သော် ရှန်းဝူရှန်းကတော့ ကျိယွမ်၏ စကားကို ကြားပြီးနောက် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ တွေးနေ၏။
"စိတ်ဝိညာဥ်တွေ နည်းနေတယ် ၊ မလောက်ဘူးတဲ့လား"
သူ့ကိုယ်သူ တတွတ်တွတ်ရေရွတ်နေသည်။
သူ၏ နားလည်မှုအရ စိတ်ဝိညာဥ်တစ်ခုသာလျှင် ပေါင်းစည်းဖြစ်တည်နိုင်သည်ဟု သိထားသည်။
ထိုစိတ်ဝိညာဥ်သည် ကွဲအက်သွားသော အမြုတေမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီးအမြုတေတစ်ခုသည် စိတ်ဝိညာဥ်တစ်ခုကိုသာ ပေးစွမ်းနိုင်၏။
အကယ်၍ တစ်စုံတစ်ယောက်က အတင်းအကျပ် နှစ်ခုဖြစ်အောင် ကြိုးစားခဲ့လျှင်ပင်၊ အမြုတေ၏ အားအင်များကို အားနည်းသော အစိတ်အပိုင်းနှစ်ခုအဖြစ် ခွဲဝေလိုက်သလို ဖြစ်သွားရုံသာရှိပေလိမ့်မည် ။ ပို၍ သန်မာလာစရာမရှိပါ ။
ပို၍ပင် အားနည်းသွားမည် မဟုတ်ပါလား။
ရှန်းဝူရှန်းက ကျိယွမ်ကို ကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"စိတ်ဝိညာ်ဆိုတာ အမြုတေကနေ လာတာလေ။ မင်းက နှစ်ခုဖြစ်အောင် လုပ်နိုင်ရင်တောင် အထွေအထူးပိုကောင်းလာပါ့မလား"
ရှန်းဝူရှန်းသည် အမှန်တကယ် သိလိုစိတ်ဖြင့် ရိုးသားစွာ မေးမြန်းခြင်းလည်း ဖြစ်သည်။
သူ၏မေးခွန်းကြောင့် အခြားသူများမှာ ရှန်းဝူရှန်းအား နားမလည်နိုင်သလိုကြည့်ကြသည်။
ဒီရှန်းမျိုးရိုးက ကျိယွမ်ရဲ့သွေးမျိုးဆက်ပြဿနာကို သိပုံမရဘူး ၊ ဒါကြောင့် အမှန်ထင်ပြီး မေးနေတာပဲ။
ယခုကိစ္စကို ဆွေးနွေးနေခြင်းက မည်သို့မှ အကျိုးမရှိနိုင်ပါ ။ကျိယွမ်ထံမှ ပေါက်ကရစကားများသာ ထွက်လာပေလိမ့်မည်။
ရှန်းကျီဖုန်း၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲနေပြီး ရှန်းဝူရှန်းကို သတိပေးရန် ပြင်သော်လည်း နောက်ဆုံးတွင် သူမ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။
ရှန်းဝူရှန်းဒေါသထွက်သွားအောင် သူမ မလုပ်ဝံ့ပါ။
"မင်းပြောတာ မှန်ပါတယ်။ လူအများစုက ဒီလိုပဲ တွေးကြတာပဲ။ ဒါပေမဲ့ စစ်မှန်တဲ့ ပါရမီရှင်တွေပဲ နောက်ထပ် လမ်းစဉ်သစ်တစ်ခုကို ရှာတွေ့နိုင်ကြတာ။ အဖြေက ရိုးရိုးလေးပဲ။ စိတ်ဝိညာဥ်တစ်ခု ဖြစ်တည်ဖို့အတွက် မင်းရဲ့ အမြုတေကို ခွဲမပစ်နဲ့ပေါ့ ။ အမြုတေကို သူ့လမ်းသူသွားခိုင်းပြီး စိတ်ဝိညာဥ်ကိုလည်း သူ့လမ်းသူ သွားခိုင်းလိုက်ပေါ့။ မတူညီတဲ့ လမ်းစဉ်နှစ်ခုပေမဲ့ နှစ်ခုလုံးက ရောမမြို့ကို ရောက်တာပဲ"
ကျိယွမ်က အံ့ဩသူရဲ ထူးကဲသောပညာရှိ စကားကို ဆိုသည်။ သူသုံးနှုန်းလိုက်သော "ရောမ" ဟူသော စကားလုံးမှာ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ကို ဆောင်နေပြီး အလွန်နက်နဲသော အဓိပ္ပာယ်ရှိသယောင် ထင်ရစေသည်။
ခန်းမထဲရှိကျင့်ကြံသူများပင် မျက်မှောင်ကြုတ်သွားကြပြီး ကျိယွမ်၏ စကားထဲမှ နက်နဲသော အဓိပ္ပာယ်ကို နားလည်ရန် ကြိုးစားမိကြ၏။
အမြုတေက တကယ်ပဲ ကိုယ်ပိုင်လမ်းစဉ်အတိုင်း သွားနိုင်တာလား။
စိတ်ဝိညာဥ်ကရော အမြုတေမပါဘဲ ဖြစ်ပေါ်လာပါ့မလား ။
ယခုကိစ္စက ကြက်ဥနှင့်ကြက်ပေါက်ပြဿနာဖြစ်နေ၏။
အမြုတေဟူသောကြက်ဥကိုခွဲမှသာ ကြက်
ပေါက်စနှင့်တူသော စိတ်ဝိညာဥ်ထွက်လာမည် မဟုတ်ပါလား။
ရှန်းဝူရှန်းလည်း မျက်မှောင်ကြုတ်လျက် ထိုအတွေးအခေါ်ကို အလေးအနက် စဉ်းစားနေသည်။
ထိုစဉ် သည်းမခံနိုင်တော့သော ရှန်းကျီဖုန်းက ကြားဖြတ်၍ အော်ဟစ်မိတော့သည်။
"ပေါက်ကရတွေ... ဒီကမ္ဘာမှာ အဲဒီလို လမ်းစဉ်မျိုး ဘယ်လိုလုပ် ရှိမှာလဲ။ သခင်.. သူ့လှည့်ကွက်ထဲ မဝင်ပါနဲ့"
ကျိယွမ်သည် ကျင့်ကြံသူများကို တမင်သက်သက် လှည့်စားရန်အတွက် အဓိပ္ပာယ်မရှိသည်များကို လျှောက်ပြောနေခြင်းဖြစ်သည်ဟု သူမ အခိုင်အမာ ယုံကြည်၏။
ကျိယွမ်၏စကားကို နားယောင်မိသွားသော ကျင့်ကြံသူ အများအပြားကလည်း သတိပြန်ဝင်လာပြီး သူမ၏ သံသယကို လက်ခံလိုက်ကြသည်။
သူလုပ်တာနဲ့ ငါတို့တောင်လမ်းမှားတော့မလို့ ။
ကျိယွမ်၏အယူအဆက အလွန်ပင် ထူးဆန်းလွန်းပြီး နားလည်ရန် ခက်ခဲလွန်းနေသည်။
လူတို့၏ စွဲမြဲနေသော ယုံကြည်ချက်များကို ပြောင်းလဲရန်မှာ အလွန်ပင် ခက်ခဲသဖြင့် အပြောင်းအလဲအသစ်တစ်ခုကို အလိုလိုငြင်းပယ်ကြသည်မှာ သဘာဝပင်။
၎င်းသည် ကမ္ဘာမြေပေါ်ရှိ လူတစ်ဦးအား "ကမ္ဘာကြီးက ပြားနေတာ" ဟု သွားပြောသကဲ့သို့ ဖြစ်နေပြီး လူအများစုက ယုံကြည်ကြမည် မဟုတ်ပေ။
"နင်ပြောတာအမှန်ဆိုရင် နင့်မှာစိတ်ဝိညာဥ်
နှစ်ခုရှိတယ်ဆိုတာ ပြနိုင်လား"
ရှန်းကျီဖုန်းက ယုံကြည်ချက်ပြင်းထန်စွာစိန်ခေါ်လိုက်သည်။ကျိယွမ်၏ လုပ်ကြံစကားများကို ချေဖြတ်ရန်မှာ လွယ်ကူလှ၏။
ကျိယွမ်က ပခုံးတွန့်၏။
"ငါ့ရဲ့ စိတ်ဝိညာဥ်တွေကို နင့်ကို ဘာလို့ ပြရမှာလဲ"
သူသည် ကြွားဝါရန်အတွက် စိတ်ဝိညာဥ်အခမ်းအနားကို ကျင်းပနေခြင်း ဖြစ်သော်လည်း၊ မိမိအလိုအလျောက် ကြွားခြင်းနှင့် အတင်းအကျပ် ခိုင်းစေခံရခြင်းမှာ ကွာခြားလှသည်။
ရှန်းကျီဖုန်းသည် ခဏတာ မှင်တက်သွားပြီးနောက် လက်မလျှော့ဘဲ ထပ်ပြောလိုက်သည်။
"ကျောက်စိမ်းအဆင့် ကျင့်စဉ်ဆယ်ခု"
သူမက တန်ကြေးတစ်ခုဖြင့်ကမ်းလှမ်းသည်။
သို့သော် ကျိယွမ်က ဘာမှမထူးခြားသကဲ့သို့
ပုခုံးတွန့်ပြန်သည်။
" ကောင်းပြီလေ၊ ဒါဆို စိတ်ဝိညာဥ်အတွက်အဆင့်မြင့် ကျင့်စဉ်တစ်ခု"
သူမက ဇွဲမလျှော့ဘဲ ထပ်မံဖြည့်စွက်သည်။ သူမ၏ အိုင်ဒေါကိုကိုအား ကျိယွမ်၏ မဟုတ်မမှန်အယူအဆများထဲမှ ဆွဲထုတ်နိုင်လျှင် ထိုအရာက ထိုက်တန်၏။
ကျိယွမ်က သူမအား ဆက်ကနဲကြည့်သည်။
ဒါကမှ နည်းနည်း ဟန်ကျသေးတယ်။
သို့သော် ကျိယွမ်သည် ရှန်းဝူရှန်းနှင့် လောင်းကြေးထပ်ထားသည်ကို သတိရသွား၏။
" တကယ်လို့ ငါ့မှာ စိတ်ဝိညာဥ် နှစ်ခု တကယ်ရှိနေရင် ဘာဖြစ်မလဲ"
သူက ထပ်မံမေးမြန်းကာ အကျိုးအမြတ် ပိုရရန် ကြိုးစားသည်။
"တကယ်ရှိရင် ကျွန်မ ရှင့်ကို ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးမယ် ၊ မရှိရင်တော့ ရှင်က ကျွန်မသခင်လေးရဲ့ လေ့ကျင့်ဖော်အဖြစ် ဆယ်နှစ် တာဝန်ထမ်းဆောင်ရမယ်"
ရှန်းကျီဖုန်းက ကြေညာသည်။ သူမသည် ရှန်းဝူရှန်း၏ အမာခံနောက်လိုက်တစ်ဦးပီပီ အမြဲတမ်း ရှေ့က ရပ်တည်ပေးသူဖြစ်ချင်၏။
"ဒီသဘောတူညီချက်ကို မကြိုက်ဘူး၊ ငါက ဝိညာဉ်ကျောက်တုံးတွေကို စိတ်မဝင်စားဘူး"
ကျိယွမ်က ချက်ချင်းငြင်းပယ်သည်။ သူသည် ဝိညာဉ်ကျောက်တုံးများကို စိတ်မဝင်စားတော့သည့် အဆင့်သို့ ရောက်နေလေပြီ။
သူသည် ဂျက်မားကဲ့သို့ပင် "ငွေကြေးဆိုတာ ငါ့အတွက် စိတ်ဝင်စားစရာ မဟုတ်ဘူး" ဟု ပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နည်းစနစ်များကသာလျှင် သူ၏ အာရုံကို ဖမ်းစားနိုင်၏။
ရှန်းကျီဖုန်းမှာ အံကြိတ်လိုက်သည်။ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူမ ပို၍ ကမ်းလှမ်းနိုင်ပါသည်။ သို့သော် ဂိုဏ်း၏ အရင်းအမြစ်များကိုမူ သူမ မလောင်းရဲပေ။
သူမ ခဏတာ စဉ်းစားပြီးနောက် အံကိုတင်းတင်းကြိတ်ကာ စိန်ခေါ်လိုက်သည်။
"ရှင့်မှာ စိတ်ဝိညာဥ်နှစ်ခုရှိရင် ကျွန်မ ဘုန်းကြီးဝူတျန်းရဲ့ ဖိနပ်ကို စားပြမယ်"
ကျိယွမ်၏ မျက်လုံးများမှာ တောက်ပသွားသည်။
ဒါကမှ ပျော်စရာကောင်းမှာပဲ။
များသောအားဖြင့် ကျိယွမ်သည် အခြားသူများကို ဒုက္ခပေးကာ မိမိအကျိုးရှိအောင် လုပ်တတ်သော်လည်း၊ ရှန်းကျီဖုန်းက ဘုန်းကြီးဝူတျန်း၏ ဖိနပ်ကို စားခြင်းမှာမူ သူ့အတွက် ဘာမှအကျိုးမရှိဘဲ အခြားသူကိုဒုက္ခပေးခြင်းသပ်သပ်သာ ဖြစ်သည်။
သို့သော် ထိုအချက်ကိုပင် ကျိယွမ်က သဘောကျနေသည်။
"သဘောတူတယ်"
ကျိယွမ်က အားရပါးရသဘောတူလိုက်၏။
ဘေးတွင်ရှိနေသော စိတ်ဝိညာဥ်အကြောင်းကောင်းကောင်းသိထားကြသည့် ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။
ဘုန်းကြီးဝူထျန်းကိုယ်တိုင်ပင်လျှင် ဤကိစ္စထဲသို့ သူ့အားဆွဲသွင်းခံရမည်ဟု မမျှော်လင့်ထားခဲ့ပါ။
သူက မကန့်ကွက်သည့်အပြင် မျက်တောင်တခတ်ခတ်ဖြင့် ကျိယွမ်ကို ကြည့်ကာ တိုက်တွန်း၏။
"အရှင်သခင်ကျိယွမ်... အဲဒီစိတ်ဝိညာဥ်နှစ်ခုကို မြန်မြန်သာ ပြလိုက်ပါတော့"
သူသည် အခြားသူများနှင့်မတူဘဲ ကျိယွမ်တွင် စိတ်ဝိညာဥ်နှစ်ခု အမှန်တကယ် ရှိနေစေရန် အထူးပင် ဆုတောင်းနေမိသည်။
သို့မှသာ သူ၏ ဖိနပ်များက အသုံးတည့်မည့်နေရာ ရပေတော့မည်။
အားလုံးသိကြသည်မှာ ဘုန်းကြီးဝူထျန်းသည် ဖိနပ် ဘယ်တော့မှ မစီးပါ၊ သို့သော် သူတို့မသိကြသည်မှာ ထိုသို့ မစီးခြင်းတွင်လည်း အကြောင်းရင်း ရှိသည်ဆိုတာကိုပင်။
ဘုန်းကြီးဝူထျန်းတွင် အလွန်တန်ဖိုးရှိသော ရတနာဖိနပ်တစ်စုံ ရှိပြီး ၎င်းက ပျံသန်းသည့် အရှိန်ကိုပင် အဆမတန် မြှင့်တင်ပေးနိုင်သည်။
ထိုဖိနပ်သည် ဘုန်းကြီးဝူထျန်း၏ အနှစ်သက်ဆုံးရတနာများထဲမှ တစ်ခုလည်း ဖြစ်၏။
တစ်ခါက သူသည် အလွန်စွမ်းအားကြီးသော တာအိုအတက်တစ်ခု ဖြစ်သည့် ခြေထောက်ကျင့်စဉ်ကို လေ့ကျင့်ခဲ့သည်။ သို့သော် လေ့ကျင့်စဉ်အတွင်း တစ်ခုခု မှားယွင်းသွားပြီး သူ၏ ခြေထောက်များမှာ အလွန်အမင်း နံစော်ပြီး ပုပ်သိုးသွားခဲ့သည်။
ထိုအနံ့မှာ သာမန်အနံ့ မဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး၏အပုပ်နံ့ ဖြစ်၏ ။ရလဒ်အနေဖြင့်
သူစီးထားသော၏ ရတနာဖိနပ်များမှာလည်း ထိုအနံ့များ စွဲကပ်သွားပြီး ရေမြောင်းထဲမှ ကြွက်သေနံ့ သို့မဟုတ် လမ်းဘေးမှ မြွေသေပုပ်နံ့ကဲ့သို့ နံစော်နေတော့သည်။
ထိုကျင့်စဉ်ကြောင့်ပင် ဘုန်းကြီးဝူထျန်းသည် ဖိနပ်ကို ထပ်မစီးနိုင်တော့ဘဲ အနံ့မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော် သူသည် ထိုဖိနပ်များကို ပြန်ရောင်းရန်ဆိုသော မျှော်လင့်ချက်ဖြင့် အမြဲသိမ်းထားခဲ့သည်။
ကံဆိုးစွာပင် ဝိညာဉ်ကျောက်တုံး နှစ်သောင်းဖြင့် ဈေးလျှော့ရောင်းလျှင်ပင် မည်သည့် ကျင့်ကြံသူမှ ဝယ်ယူလိုခြင်း မရှိကြပေ။
အကြောင်းမှာ ထိုဖိနပ်များက အခုထိအော်ဂလီဆန်အောင် နံနေသောကြောင့် ဖြစ်၏။
ဘုန်းကြီးဝူထျန်းက ရှန်းကျိဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် သတိပေးလိုက်သည်။
"ဂိုဏ်းချုပ်ရှန်... ကျုပ်ဖိနပ်ကို စားချင်ရင် အရင်ဆုံး ဝိညာဉ်ကျောက်တုံး နှစ်သောင်း တော့ ပေးရမယ်နော်"
ရှန်းကျိဖုန်းကလက်ခံလိုက်သဖြင့် ဝူထျန်းက ကျိယွမ်ကို နိုင်စေချင်နေခြင်းပင်။
ကျိယွမ် နိုင်မှသာ သူ၏ရတနာဖိနပ်အစုံကို အပြတ်ရှင်းနိုင်မည် မဟုတ်ပါလား။
သူသည်တွေးရင်းမှ ပို၍သေချာစေရန် သီးသန့် အိတ်တစ်ခုထဲမှ ဖိနပ်နှစ်ဖက်ကို ထုတ်လိုက်၏။
ချက်ချင်းဆိုသလိုပင် အလွန်ဆိုးရွားသော အပုပ်နံ့တစ်ခုသည် ခန်းမ လေထုထဲသို့ ပျံ့နှံ့သွားသည်။
"ဘုန်းကြီး ဝူထျန်း .. အဲဒါတွေကို ပြန်သိမ်းစမ်း"
"ဘာနံ့ကြီးလဲ.."
"အော့..."
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် ထိုအနံ့ကို မခံနိုင်ကြတော့ပေ။
မလှမ်းမကမ်းတွင်ရပ်နေသော ကျိယွမ်က ပြုံးလျက် ချီးမွမ်းသည်။
"ကျင့်ကြံခြင်းလောကက တကယ်ကောင်းတာပဲ။ လူတွေက ဖိနပ်စားမယ်လို့ လောင်းကြေးထပ်ရင် တကယ်စားကြတယ်"
အမှန်စင်စစ် သူ၏ယခင်ဘဝကမ္ဘာမြေပေါ်တွင်မူ လောင်းကြေးထပ်ပြီးလျှင် လေလုံးထွားကာ ရှောင်ပြေးသူများစွာ ရှိ၏။
အကယ်၍ ကျိယွမ်သာ ထိုလူများနှင့် တွေ့လျှင်၊ ထိုလူများကို ရှန်ကျီဖုန်းကဲ့သို့ ကတိတည်ပြီး ယုံကြည်ထိုက်သူများ ဖြစ်အောင် ဆုံးမပေးမည် ဖြစ်သည်။
ကျိယွန်ကအေးအေးဆေးဆေးဖြစ်နေသော်လည်း ကန်းဖူလူက မနေနိင်စွာ အော်ဟစ်လေသည်။
"ညီလေးမြန်မြန်လုပ်ပါတော့ ငါတို့မခံနိုင်တော့ဘူး "
သူသာမဟုတ် ခန်းမအဝင်ဝမှ ကျန်းလင်းစုတို့ပင် မခံစားနိုင်ရှာကြပါ။
"သေချာကြည့်ထားကြ... ဒါ ငါ့ရဲ့ စိတ်ဝိညာဥ် နှစ်ခုပဲ"
ကျိယွမ်တွင် စိတ်ဝိညာဥ်များစွာရှိရာ နှစ်ခုကို ပြသခြင်းမှာ သူ့အတွက် ဘာမှ မခဲယဉ်းပေ။
ထို့အပြင် ယခုတစ်ကြိမ်မှာ သူ၏ညီမလေး ကျန်းလင်းစုကို ကုသရန်အတွက် စိတ်ဝိညာဥ်များကို တပိုင်းတစ နိုးထစေပြီး အလုပ်လုပ်ခိုင်းရသော အခြေအနေမျိုးနှင့် မတူပေ။ ယခုက ထုတ်ပြရုံသပ်သပ်ပင် ။
ချက်ချင်းဆိုသလို အလင်းတန်းနှစ်ခုက ဖျတ်ခနဲ ပေါ်လာ၏။
ကျိယွမ်၏ ဘေးပတ်လည်တွင် ကလေးငယ်ပုံသဏ္ဍာန်ရှိသော ကြည်လင်တောက်ပသည့် စိတ်ဝိညာဥ်နှစ်ခု ဝဲပျံနေသည်ကို အားလုံးမြင်လိုက်ရသည်။
စိတ်ဝိညာဥ်တစ်ခုစီမှ ရှေးဟောင်းကျပြီး တည်ငြိမ်လှသော အရှိန်အဝါများ ထွက်ပေါ်နေကာ အလွန်ကြီးမားသော စွမ်းအားများကို ဖုံးကွယ်ထားသကဲ့သို့ ရှိ၏။
ခန်းမထဲရှိ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတိုင်းမှာ အလွန်အမင်းအန္တရာယ်ရှိသော ခံစားချက်ကြီးကို ရုတ်တရက်ခံစားလိုက်ကြရသည်။
သူတို့၏ ခန္ဓာကိုယ်များပင် အနည်းငယ် တုန်ယင်သွားကြ၏။ သို့သော် သူတို့မှာ အံ့ဩလွန်း၍ အသက်ပင် ရှူဖို့ မေ့နေကြသည်။
"စိတ်ဝိညာဥ်.. နှစ်ခုတောင်လား"
"တကယ်ပဲ နှစ်ခုကြီးပေါ့"
"ဟားဟား... ငါ့ဖိနပ်တွေ နောက်ဆုံးတော့ ရောင်းထွက်ပြီဟေ့"
ဂိုဏ်းချုပ်ကြီးကုမူပင် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးသွားသည်။ ကျင့်ကြံသူတစ်ဦးတွင် စိတ်ဝိညာဥ်နှစ်ခု အမှန်တကယ် ရှိနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ဤကမ္ဘာတွင် စိတ်ဝိညာဥ်နှစ်ခုရှိသည့်သူမျိုး မည်သို့ ရှိနိုင်မည်နည်း။
ဤအချက်သည် အသက် နှစ်ဆယ်ဖြင့် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ခြင်းထက်ပင် ပို၍ မယုံနိုင်စရာ ကောင်းနေ၏။။
"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး"
ရှန်းကျီဖုန်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူမ၏ မျက်လုံးများမှ ကြောက်မက်ဖွယ် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။
ကျိယွမ်၏ စိတ်ဝိညာဥ်များမှာ မျက်လှည့်တစ်ခုသာ ဖြစ်လိမ့်မည်ဟု တွေးကာ သူမ၏ မျက်စိအမြင်ကျင့်စဉ်ဖြင့် ထိုးဖောက်ကြည့်ရန် ကြိုးစားလိုက်၏။
သို့သော် သူမ၏ ကျင့်စဉ်ဖြင့် ကြည့်သည့်တိုင် စိတ်ဝိညာဥ်နှစ်ခုကို မြင်နေရဆဲ ဖြစ်သည်။
ရှန်းဝူရှန်းသည် ထိုစိတ်ဝိညာဥ်များကို စိုက်ကြည့်နေပြီး သူ၏ အကြည့်များထဲတွင် အလင်းတန်းပေါင်းများစွာ လှုပ်ခတ်နေသည်။
သူမြင်တွေ့နေရသည်မှာ အခြားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများ မြင်နိုင်သည်ထက် များစွာသာလွန်သည်။
"ဒါတွေက တကယ်ကြီးစိတ်ဝိညာဥ်တွေပဲ..."
"အရေးကြီးတာက ၊ ဒီစိတ်ဝိညာဥ်တွေ ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲ"
သူလုံးဝ နားမလည်နိုင်ဖြစ်နေသည်။ ဤစိတ်ဝိညာဥ်များနှင့် ရင်ဆိုင်ရခြင်းမှာ စိတ်ဝိညာဥ်အဆင့်များနှင့် ရင်ဆိုင်ရသလိုမဟုတ်ဘဲ ကြောက်မက်ဖွယ် ယင်နတ်ဘုရားများနှင့် ရင်ဆိုင်နေရသကဲ့သို့ သူခံစားရသည်။
သူ၏ ဆရာမှာ ကောင်းကင်ဘုံကို ဖြတ်သန်းသွားလာနိုင်ပြီး ဒဏ္ဍာရီအဖြစ် ကိုးကွယ်ခံရသော အဆင့်မြင့်ယင်နတ်ဘုရား တစ်ပါး ဖြစ်၏။
သို့သော် သူ၏ ဆရာက ပေးသော ခံစားချက်မှာပင် ကျိယွမ်၏ စိတ်ဝိညာဥ်များက ပေးသည့် ခံစားချက်လောက် မပြင်းထန်ပေ။
ဒါက လုံးဝကို စိတ်ကူးယဉ်လို့တောင် မရတဲ့ အရာပဲ။
"ကဲ... ငါ့ရဲ့ စိတ်ဝိညာဥ်နှစ်ခုကိုလည်း မြင်ပြီးပြီဆိုတော့၊ ဘုန်းကြီးဝူထျန်းရဲ့ ဖိနပ်ကို စားဖို့ အချိန်တန်ပြီ မဟုတ်လား"
ကျိယွမ်က ရှန်းကျိဖုန်း ပြုံးလျက် မေးလိုက်သည်။
သူသည် မိမိအတွက် အကျိုးမရှိသော်လည်း သူတစ်ပါးကို ဒုက္ခပေးရသည်အား အလွန် သဘောကျ၏။
ရှန်းကျီဖုန်း၏ မျက်နှာမှာတော့ အမူအယာများစွာပြောင်းလျက် အကြိမ်ကြိမ် ပျက်ယွင်းနေသည်။
ထိုအချိန်တွင် ရှန်းဝူရှန်းက သူမအား တညိငြိမ်စွာ စကားဆို၏။
"ပြောပြီးသား ကတိဆိုတာ ရွှေထက်တန်ဖိုးရှိတယ်။ တကယ်လို့ နင့်ရဲ့ ကတိကို မတည်နိုင်ဘူးဆိုရင်၊ ဒီဘဝမှာ ဘယ်တော့မှ ငါ့ကိုကတိမပေးနဲ့တော့"
တွေဝေနေသော ရှန်းကျီဖုန်းသည် ခေါင်းငုံ့သွားပြီး တိုးညင်းစွာ လိုက်လိုက်သည်။
"အရှင်..အရှင်ပြောတာ မှန်ပါတယ်"
ထို့နောက် သူမသည် ဂဏာမငြိမ်ဖြစ်နေသော ဘုန်းကြီးဝူထျန်းထံသို့ လှည့်လိုက်၏။
"ရှင့်ဖိနပ်ကို သုံးဖို့ ဝိညာဉ်ကျောက်တုံး နှစ်သောင်း"
ဘုန်းကြီးဝုထျန်းသည် ဝမ်းသာအားရဖြင့် နံစော်နေသော ဖိနပ်နှစ်ဖက်ကို ရှန်ကျီဖုန်းထံ ကမ်းပေးသည်။
"ဂိုဏ်းချုပ်ရှန်း... ကျုပ်ဖိနပ်တွေက အနံ့တော့ နည်းနည်း ပြင်းတယ်၊ ဒါပေမဲ့ အသားကတော့ ကောင်းတယ်ဗျ။ ရွှေရေစင်သစ်မြတ်နဲ့ သံသရာပိုးသားတွေသုံးပြီး လုပ်ထားတာဆိုတော့ ချိုချိုစပ်စပ်လေး ဖြစ်မှာပါ"
ရှန်းကျီဖုန်းသည် တိတ်ဆိတ်စွာဖြင့် ဖိနပ်ကို လှမ်းယူလိုက်၏။ သို့သော် ထိုအပုပ်နံ့ကြောင့် ချက်ချင်း ပျို့အန်ချင်စိတ် ပေါ်လာသည်။
သို့သော် သူမသည် အံကိုကြိတ်ကာ မျက်လုံးစုံမှိတ်ပြီး ထိုဖိနပ်ကို ကိုက်လိုက်တော့သည်။
"အော့.."
"---"
ဘေးမှကြည့်နေသူများသည် စိတ်ဝင်တစား ကြည့်နေကြသော်လည်း မည်သူမှ ဗြောင်ကျကျ မလှောင်ရဲကြပေ။
အကြောင်းမှာ ရှန်ကျီဖုန်းသည် နတ်ဆိုးရမက်၏ ဂိုဏ်းချုပ်ဖြစ်သောကြောင့်ပင်။
အားလုံးသည် ကြည့်နေရင်းမှ သူမအစား ပျို့တက်လာသောခံစားချက်များကို ဇွတ်ဖိနှိပ်နေရ၏။
ထိုအချိန်တွင် ကျိယွမ်က လက်ခုပ်တီးလိုကိသည်။
"မဆိုးဘူး။ ကတိလည်း တည်တယ်၊ ပြတ်ပြတ်သားသားလည်း ရှိတယ်။ ကမ္ဘာပေါ်က လူတွေထက် အများကြီး သာတယ်"
ကျိယွမ်သည် ၂၁ ရာစုကမ္ဘာမြေသို့ ပြန်ခွင့်ရလျှင် ထိုအရပ်မှ ယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
လေလုံးထွားပြီး ကတိမတည်သူအားလုံးကို ရှန်းကျီဖုန်းကဲ့သို့ အမှန်တကယ် ကတိတည်သူများ ဖြစ်အောင် လုပ်ပေးရပေလိမ့်မည်။
ရှန်းကျီဖုန်းသည် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ကျိယွမ်ကို မကြည့်ချင်သဖြင့် တစ်ဖက်သို့ လှည့်သွားသည်။
သူမ၏ မျက်နှာအမူအရာမှာ အလွန်ရှုံ့မဲ့နေပြီး အသက်ကို အောင့်ထားရရှာသည်။
အကယ်၍ ရှန်းဝူရှန်းသာ ဤနေရာတွင် ရှိမနေပါက၊ သူမသည် ချက်ချင်း ထွက်ပြေးသွားပြီး သူမ၏ ဗိုက်ကို ခွဲကာ စားထားသော ဖိနပ်အစအနများကို ထုတ်ပစ်မိမှာ သေချာ၏။
ယခုအခါ သူမ အသက်ရှူလိုက်တိုင်း အပုပ်နံ့များ ထွက်နေသဖြင့် သူမခမျာ စကားပင် မပြောရဲတော့ပေ။
"ရှန်းဝူရှန်း...နည်းစနစ်တွေရော"
ကျိယွမ်က ရှန်းဝူရှန်းဘက်သို့ လှည့်ကာ မေးသည်။
သူ၏လောင်းကြေးနိုင်ခဲ့ပြီဖြစ်ရာ ရှးန်ဝူရှန်းတွင် ရှိသမျှ ကျင့်စဉ်အားလုံးကို သူ ရရှိရမည် ဖြစ်သည်။
ရှန်းဝူရှန်းကလည်း ပွင့်လင်းသူဖြစ်ရာ ဝေဝေဝါးဝါး လုပ်မနေပေ။
"ဒါတွေက ငါ့ဆီမှာ ရှိသမျှ နည်းစနစ်တွေပဲ။"
"နတ်ဘုရားအဆင့်နည်းစနစ်ကိုတော့ ခဏစောင့်ပါဦး။"
သူသည် ပြောပြောဆိုဆိုဖြင့် ဗလာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ သူကျင့်ကြံသောကျင့်စဉ်ကို ထိုထဲသို့ ကူးယူလိုက်သည်။
"ဒီနတ်ဘုရားအဆင့်နည်းစနစ်ရဲ့ နာမည်က 'အနန္တ ပရမ်းပတာ ဖျက်ဆီးခြင်း အတတ်'လို့ ခေါ်တယ်။ ဒါကို တခြားသူတွေကို မဝေမျှဖို့ မျှော်လင့်ပါတယ်"
ထို့နောက် သူကသိုလှောင်အိတ်ကို ကျိယွမ်ထံသို့ ကမ်းပေးလိုက်သည်။
အိတ်ထဲတွင် နတ်ဘုရားအဆင့်ကျင့်စဉ် တစ်ခု၊ ကောင်းကင်အဆင့်ကျင့်စဉ် ဆယ့်လေးခုနှင့် နက်နဲသောအဆင့်ကျင့်စဉ် သုံးခု ပါရှိ၏။
ကျောက်စိမ်းအဆင့်ကျင့်စဉ်များမပါခြင်းမှာ ရှန်ဝူရှန်းတွင် တစ်ခုမှ မရှိသောကြောင့်ပင်။
သိုလှောင်အိတ်ထဲကို ကြည့်လိုက်သောအခါ ကျိယွမ်မှာ အလွန် ဝမ်းသာသွားသည်။
"စိတ်မပူပါနဲ့၊ မင်းပေးတဲ့ ကျင့်စဉ်တွေကို ငါကလွဲလို့ ဘယ်သူမှ မမြင်စေရဘူး"
ဤနည်းစနစ်များသည် ကျိယွမ်ကျမ်းထဲသို့ ပေါင်းထည့်ခြင်း ခံရတော့မည် ဖြစ်သောကြောင့် အခြားသူများမြင်ရန် မဖြစ်နိုင်ပါ။
သူ့အတွက် ဝိညာဉ်ကျောက်တုံးများ မလိုအပ်သော်လည်း နည်းစနစ်များကတော့ အမြဲတမ်းလိုအပ်နေဆဲပင်။
"ဒီကမိတ်ဆွေ. မင်း တကယ်ပဲ နည်းစနစ်တွေ လိုအပ်နေတာလား"
ရှန်းဝူရှန်းက ကျိယွမ်ကို ကြည့်ကာ မေးသည်။ရှန်းဝူရှန်းသည် ကျိယွမ်အပေါ် အမှန်တကယ်ပင် လေးစားအားကျစိတ်များ ဖြစ်ပေါ်နေ၏။
အထက်ဘုံရှိ ဖူထုတောင်မှ သူတော်စင် သားတော်ပင်လျှင် စိတ်ဝိညာဥ်အဆင့်တွင် ကျိယွမ်၏တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထိုသူတော်စင်သားတော်မှာ ယန်နတ်ဘုရား တစ်ပါး၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ထိုနတ်ဘုရား ကိုယ်တိုင် သင်ကြားပေးထားသူ ဖြစ်သလို ဖူထုတောင်ဂိုဏ်း၏ အရေးပါဆုံးမျိုးဆက်လည်းဖြစ်သည်။
သို့သော် ဝမ်းနည်းစရာမှာ သူသည် အဆင့်နိမ့်အောက်ကမ္ဘာမှ ကျင့်ကြံသူကိုပင် မမီနိုင်ခြင်းပင်။
ထိုအရာကိုသာ သိသွားပါက သွေးများပင် အန်သွားနိုင်၏။
ရှန်းဝူရှန်း၏ အမြင်အရပြောရလျှင် ကီယွမ်၏ ထူးခြားသောပါရမီသည် အထက်ကမ္ဘာ၌ ရှိနေလျှင်ပင် အထူးခြားဆုံး ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်ပေလိမ့်မည်။
"လိုအပ်တာပေါ့။ ဘာလဲ... မင်းမှာ ပိုရနိုင်မယ့် နည်းလမ်းရှိလို့လား"
ကျိယွမ်က မျှော်လင့်တကြီး မေးသည်။
"ရနိုင်ပါတယ်... ဒါပေမဲ့ မလွယ်ဘူး"
ရှန်းဝူရှန်းက အတန်ကြာ စဉ်းစားပြီးမှ ဖြေ၏။
"ဒီလိုလုပ်ရအောင်... တကယ်လို့ မင်း ငါ့ကို နောက်ထပ် နတ်ဘုရားအဆင့် ကျင့်စဉ်တစ်ခု ရအောင် လုပ်ပေးနိုင်ရင်၊ မင်းရဲ့ အခုနည်းစနစ်ကို ငါ အလကား ပြင်ပေးမယ်။ အဲဒါရဲ့ စွမ်းအားကို အနည်းဆုံး နှစ်ဆလောက် တိုးအောင် လုပ်ပေးမယ်။ ဘယ်လိုလဲ"
ကျိယွမ်က ချက်ချင်း ကမ်းလှမ်းလိုက်သည်။အခွင့်အရေးဆိုသည်မှာ ရတုန်းအမိဖမ်းရန်လို၏။ ရှန်းဝူရှန်း၏နောက်ခံသည် သာမန်ဟုတ်ပေ။
ရှန်းဝူရှန်းက ဘာကိုစဥ်းစားနေမှန်းမသိဘဲ တွေဝေနေသဖြင့် ကျိယွမ်က ထပ်တွနိးလိုက်၏။
"မင်း ငါ့ကို ကောင်းကင်အဆင့် ကျင့်စဉ်တွေ ပိုရအောင် လုပ်ပေးနိုင်ရင်၊ မင်းကို ငါ ကိုယ်တိုင် လမ်းညွှန်ပေးမယ်ကွာ။ စိတ်ဝိညာဥ်အဆင့်လမ်းစဉ်မှာ မင်း အခုထက် ပိုမြင့်တဲ့ အဆင့်ကို ရောက်အောင် ငါ ကူညီပေးနိုင်တယ်။"
ထိုစကားကို ကြားသောအခါ ရှန်းဝူရှန်းက အားတက်သရောမေးလိုက်သည်။
"အဲဒါဆို ငါ့ရဲ့စိတ်ဝိညာဥ်ကလည်း မင်းဟာလို သန်မာလာမှာလား "
မည်သူမှ မသိသော်လည်း ကျိယွမ်၏စိတ်ဝိညာဥ်များသည် အဆင့်မြင့်ယင်နတ်ဘုရားများထက်ပင် ပြင်းထန်ကြောင်း သူသိလေသည်။ ထို့သို့သော ခွန်အားမျိုး ရလာပါက ၊ သူအနေနှင့် အထက်ဘုံမှပါရမီရှင်ဆိုသူများကို ပါးဖြတ်ရိုက်နိုင်လိမ့်မည် မဟုတ်ပါလား။
"သေချာတာပေါ့ ..ဒါပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဥ်တွေကတော့ တစ်မူထူးခြားတယ်၊ မင်းရဲ့စိတ်ဝိညာဥ်က အဲဒီလောက်မထူးခြားပေမဲ့... တိုးတက်ဖို့ နေရာ အများကြီး ကျန်ပါသေးတယ်"
ကျိယွမ်၏ စွမ်းအားများ ကြီးထွားလာသည်နှင့်အမျှ သူ၏ အမြင်မှာလည်း ပို၍ စူးရှလာသည်။
သူသည် ဖန်ထုန်လောကတွင် ရှိစဉ်က ယင်နတ်ဘုရားဖြစ်ခဲ့ဖူးသောကြောင့် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးကို လမ်းညွှန်ပေးခြင်းမှာ သူ့အတွက် အလွန် သေးငယ်သော ကိစ္စဟုပင် ဆိုနိုင်၏။
ရှန်းဝူရှန်းသည် ကျိယွမ်၏စကားကို အသေအချာ နားထောင်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"သဘောတူတယ်"
သူသည် ကျိယွမ်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ ထိုကဲ့သို့ ပါရမီရှင်တစ်ဦးသည် သူ့ကို လှည့်စားရန် အကြောင်းမရှိပေ။
သို့သော် သူ၏ နတ်ဘုရားအဆင့်နည်းစနစ်ကို တိုးတက်စေရန် ပြင်ဆင်ပေးမည် ဆိုသည်ကိုမူ ရှန်းဝူရှန်း လုံးဝ မယုံကြည်နိုင်သေးပေ။ နတ်ဘုရားအဆင့် ကျင့်စဉ်ဟူသည် ယန်နတ်ဘုရားတစ်ပါးက ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက ၎င်းကို မည်သို့ တိုးတက်အောင် လုပ်နိုင်မည်နည်း။
အားမနာတမ်းပြောရလျှင် ကျိယွမ်ကြိုးစားမည်ဆိုပါက နည်းစနစ်သည် ပိုကောင်းလာဖို့ထက် ပိုဆိုးသွားဖို့သာ များသည်။
သို့သော် ရှန်းဝူရှန်းသည် ကျင့်ကြံရာတွင်တော့ ကျိယွမ်၏ လမ်းညွှန်မှုက သူ့အားတိုးတက်စေမည်ကိုတော့ ယုံကြည်၏။
"ဒါဆို ကတိဖြစ်သွားပြီ"
ကျိယွမ်က စိတ်အားထက်သန်စွာ သဘောတူလိုက်သည်။
ထိုအချိန်တွင် ရွှင်ပျသော အသံလေးတစ်ခု က ခန်းမထဲတွင် ရုတ်တရက် လွင့်ပျံလာ၏။
"ဖေဖေက ကျန့်ကျွင်းကို မဖိတ်ဘဲ ဒီမှာ ထမင်းစားနေတာလား"
အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် လေထဲတွင် ဝဲပျံရင်း လူအများကြား၌ ပေါ်လာသည်။ သူမ၏ မျက်လုံးလေးများမှာ ပျော်ရွှင်မှုကြောင့် တောက်ပနေ၏။
"ဘယ်သူလေးလဲ"
ခန်းမထဲရှိကျင့်ကြံသူများသည် ထိုမိန်းကလေး၏ ရုတ်တရက် ပေါ်လာမှုကြောင့် အံ့ဩသွားကြသော်လည်း ပို၍ထူးဆန်းသည်မှာ သူမ၏ ကျင့်ကြံမှု အဆင့်ကိုလည်း ခန့်မှန်း၍ မရခြင်းပင်။
လေထဲမှာရုတ်တရက်ပေါ်လာနိုင်တယ်ဆိုတော့ ကျင့်ကြံသူမှန်း သိသာတယ်။
ဒါပေမဲ့ ဒီကလေးမလေးရဲ့ ကျင့်ကြံဆင့်ကို ငါတို့ဘာလို့မမြင်တာလဲ။
ဖိနပ်စားထားရ၍ ပျို့အန်ချင်နေသော ရှန်းကျီဖုန်း၏ မျက်လုံးများမှာ မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် ပြူးကျယ်သွားသည်။
ဤမိန်းကလေးမှာ ယင်နတ်ဘုရား တစ်ပါး ဖြစ်ကြောင်း သူမ သိထားပြီသားပင်။
ယခု ထိုယင်နတ်ဘုရားက ကျိယွမ်ကို "ဖေဖေ" ဟု ခေါ်နေသည်လား။
ဘာတွေ ဖြစ်ကုန်တာလဲ။
ရှန်းဝူရှန်းလည်း ခဏတာ မှင်တက်သွားသည်။
ယခုမှ သူ နားလည်သွားပုံရသည်။
ကျိယွမ်သည် အဘယ့်ကြောင့် ဤမျှ စွမ်းအားကြီးနေရသည်မှာ မဆန်းတော့ပေ။
သူသည် လနတ်သမီးတစ်ပါး၏ ခင်ပွန်း ဖြစ်နေခြင်းကြောင့်ပင် ၊ လနတ်သမီးသည် လနတ်ဘုရားနန်းတော်၏ အမွေဆက်ခံသူများထဲမှ တစ်ဦး ဖြစ်သည်။
သူမ၏ အဆင့်အတန်းမှာ ဖူတုတောင်မှ သူတော်စင် သားတော်ထက်ပင် ပို၍ မြင့်မား၏။
လနတ်သမီးသည် ကန်းလန်လောကသို့ လာရောက်လည်ပတ်ရင်း ကျိယွမ်နှင့် ကလေးရခဲ့ကာ၊ ထို့နောက်မှ အထက်ကမ္ဘာသို့ ပြန်သွားခြင်း ဖြစ်နိုင်ပေသည်။
သို့သော် ကျိယွမ်ကတော့ ကန်းလန်လောက၏ ကန့်သတ်ချက်များကြောင့် အထက်ကမ္ဘာသို့ မတက်လှမ်းနိုင်ဘဲ ကျန်ရစ်ခဲ့ပုံရ၏။
ထိုသို့ဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ ဖြစ်သည်။
ကျိယွမ်ကဲ့သို့ စစ်မှန်သော ပါရမီရှင်တစ်ဦးသာလျှင် အထက်ဘုံမှ လနတ်သမီးတစ်ပါး၏ နှလုံးသားကို ဖမ်းစားနိုင်မည် မဟုတ်ပါလား။
လနတ်ဘုရား နန်းတော်မှ လနတ်သမီးများသည် ချစ်ခြင်းမေတ္တာနှင့် ဝေးကွာကြသော်လည်း၊ တစ်ကြိမ် ချစ်မိလျှင်မူ... တစ်သက်လုံး ထိုလူတစ်ယောက်တည်းအပေါ်တွင်သာ သစ္စာရှိတတ်ကြသည်။
"ဒါက ငါ့သမီး ကျိကျန့်ကျွင်းပါ"
ကျိယွမ်က နဝေတိမ်တောင် ကြောင်နေသောစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို မိတ်ဆက်ပေးသည်။
ခန်းမထဲရှိကျင့်ကြံသူများမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။
ကျိယွမ်က အသက် နှစ်ဆယ်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ သမီးရှိနေရတာလဲ။
ထိုအချိန်တွင် ကျိကျန့်ကျွင်းက ကျိယွမ်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းစကား တစ်ခု ပေးပို့လိုက်သည်။
သူမ၏ မျက်လုံးလေးများမှာ တောက်ပသော အပြုံးများဖြင့် ပြည့်နှက်နေပ၏။
"ဖေဖေ... ဖေဖေ့ရှေ့က လူက... အထက်ကမ္ဘာက လာတာပဲ"
------------------