ငါ့ရဲ့ ကျောထောက်နောက်ခံကလည်း တောင့်တင်းပါတယ်ဟ
Vol. 22 Ch. 253
သီးသန့်ခန်း၏ တံခါးမှာ ကြမ်းတမ်းစွာ တွန်းဖွင့်ခံလိုက်ရလေသည်။
ချက်ချင်းလိုလိုပင် ရန်လိုသော အမူအရာများဖြင့် ကျင့်ကြံသူ ငါးဦးသည် အခန်းအတွင်းသို့ ပိုင်စိုးပိုင်နင်း တန်းစီဝင်လာကြ၏။ ၎င်းတို့ကို ဦးဆောင်လာသူမှာ အကြီးအကဲရှန့်ယွန်းနှင့် စကားပြောနေခဲ့သော လက်ထောက်တာဝန်ခံဖြစ်ပြီး သူ၏ မျက်နှာပေးမှာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား တည်ငြိမ်နေလေသည်။
သူ စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ဧကရာဇ်လေးပါထဲမှ ကျိယွမ်က ကြားဖြတ်ပြောလိုက်၏။
"ဒီလူတွေက စီးပွားရေးလုပ်တာ တော်တော်ညံ့တာပဲ။ အနည်းဆုံးတော့ ငါတို့ ပိုက်ဆံတွေ အကုန်သုံးပြီး ဂျီဒီပီ (GDP) မြှင့်တင်ပေးတာကို စောင့်ပြီးမှ ပြဿနာရှာသင့်တာ။ အခုလိုမျိုး အလောတကြီး လုပ်တာကတော့ အလုပ်ကြီးအကိုင်ကြီး လုပ်မယ့်သူတွေရဲ့ ပုံစံမဟုတ်ဘူး"
ယခုလေးတင် တစ်စုံတစ်ယောက်ကပြဿနာလာရှာနိုင်ကြောင်း သူတို့ ဆွေးနွေးနေခဲ့ကြခြင်းဖြစ်ပြီး ယခုတော့ တကယ်ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လက်ထောက်တာဝန်ခံမှာ ကျိယွမ်၏ စကားများကို နားမလည်သဖြင့် ခေတ္တမျှ ကြောင်အ သွား၏။
သို့သော် သူကချက်ချင်းပင် လေသံအေးအေးဖြင့် ရှင်းပြလိုက်သည်။
"ဝမ့်ရှန်းမျှော်စင်က အဖိုးတန် ရတနာတစ်ခုဖြစ်တဲ့ 'လက်ရာမြောက် ရေနွေးအိုး' ပျောက်ဆုံးသွားတယ်။ အဲ့ဒါကို ခိုးယူသွားတာ မင်းတို့ပဲလို့ ဝန်ထမ်းတစ်ယောက်က မြင်လိုက်တယ်တဲ့။ ဒါကြောင့် ငါတို့နဲ့အတူ လိုက်ခဲ့ပေးဖို့ တောင်းဆိုပါတယ်"
ကျိယွမ်က သူ၏နှာခေါင်းကို စိတ်မချသလို ပွတ်လိုက်ရင်းမှ တာဝန်ခံအား တားမြစ်လိုက်သည်။
"ခင်ဗျား စကားဆက်မပြောတာ ကောင်းမယ်။ ခင်ဗျား စကားပြောလိုက်တိုင်း ကျုပ်နှာခေါင်းက ပိုရှည်လာသလို ခံစားနေရလို့ ၊ ဆက်ပြီးမထိန်းနိုင်ရင် ကျုပ်ရဲ့ခန့်ညားတဲ့ ရုပ်ရည်ကို ထိခိုက်သွားနိုင်တယ်ဗျ"
လက်ထောက်တာဝန်ခံမှာ အကြောင်းအရာနှင့် မသက်ဆိုင်သော စကားများကြောင့် စိတ်ပျက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူငယ်ပြောသော စကားများက လူအများနားမလည်သလို အရေးလည်းမပါပေ။
သူက ဆက်မပြောတော့ဘဲ စိတ်မရှည်သလို လက်ဝေ့ယမ်းလိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်နေသော ဝန်ထမ်းတစ်ဦး ဝင်လာလေသည်။
ထိုဝန်ထမ်းသည် အခန်းထဲသို့ ရောက်သည်နှင့် ကျိယွမ်နှင့် ဆိုးသွမ်းအင်မော်တယ်တို့ကို လက်ညှိုးထိုးကာ ချကိချင်းစွပ်စွဲတော့သည်။
"ဝာာဝန်ခံ... သူတို့ပါပဲ။ သူတို့ လက်ရာမြောက် ရေနွေးအိုးကို ခိုးသွားတာ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်လိုက်တာပါ"
ထိုအချိန်တွင် သီးသန့်ခန်း၏ တံခါးမှာ ပွင့်နေသဖြင့် အပြင်ဘက်ရှိ ကျင့်ကြံသူများသည် အတွင်းမှ စကားသံများကို ကြားနေရလေသည်။ မည်သည့်နေရာတွင်မဆို လူတို့သည် အခြားသူများ၏အရှုပ်ထုပ်များနှင့် ကောလာဟလများကို စိတ်ဝင်စားတတ်ကြသည်မှာ လူသားဓမ္မတာပင် ဖြစ်၏။
"သူတို့က ဝမ့်ရှန်းမျှော်စင်ရဲ့ ရတနာဖြစ်တဲ့ လက်ရာမြောက် ရေနွေးအိုးကို တကယ်ပဲ ခိုးရဲကြတာလား"
"တကယ့်ကို သတ္တိရှိတာပဲ"
"နေပါဦး... အဲ့ဒါ ဖုန်းရှဲ့ မဟုတ်လား။ သူက ကျင့်ကြံရာကနေ ထွက်လာပြီပဲ"
"ဖုန်းရှဲ့အနေအထားနဲ့ ရေနွေးအိုးကို ခိုးပါ့မလား ၊ ဒါက... တစ်ခုခုတော့ သံသယဖြစ်စရာကောင်းနေပြီ"
အပြင်ဘက်တွင် လူများစုရုံးလာကြပြီး အခြေအနေကို ပွဲကြည့်သလို စောင့်ကြည့်နေကြကုန်၏။
၎င်းတို့အထဲမှ ဝတ်စုံစိမ်းနှင့် လူတစ်ယောက်မှာ စိုးရိမ်ပူပန်သော မျက်နှာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး အဓိကအချက်ကို ထောက်ပြလိုက်သည်။
"ဝမ့်ရှန်းမျှော်စင်က ဖုန်းနန်းတော်ရဲ့ ပိုင်ဆိုင်မှုပဲ။ ဖုန်းရှဲ့က ဖုန်းနန်းတော်ရဲ့ရန်သူ ၊ ဒါက... ရိုးရိုးရှင်းရှင်းကိစ္စ မဟုတ်တော့ဘူး"
"ယဲ့ဟဲ... မင်းပြောချင်တာက ဒီလူတွေရဲ့ ပစ်မှတ်က ဖုန်းရှဲ့ ဖြစ်နေတာလား"
အခြားလူများကလည်း ထိုအချက်ကို သဘောပေါက်သွားကြတော့သည်။
"ဟုတ်တယ်။ ဖုန်းနန်းတော်က တစ်နေ့ထက်တစ်နေ့ ပိုပြီး အနိုင်ကျင့် ဗိုလ်ကျလာတာပဲ။
" ဖုန်းကျွင်းကလည်း အရှင်သခင်ဟောင်းရဲ့ မျိုးဆက်တစ်ယောက်ပဲလေ... ဒါတောင်မှ..."
ယဲ့ဟဲက မကျေမနပ် ပြန်ဖြေလေသည်။
ဖုန်းထျန်းနယ်မြေအတွင်းတွင် လျှို့ဝှက်သော အားပြိုင်မှုများစွာ ရှိနေ၏။ ဖုန်းနန်းတော်မှ လူများသည် ဝမ်ဖုန်းတောင်ကုန်းမှ တပည့်များကို အမြဲလိုလို ဖိနှိပ်ရန် ကြိုးစားလေ့ရှိကြသည်။ ယဲ့ဟဲ၏ဂိုဏ်းမှာ ဝမ်ဖုန်းတောင်ကုန်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသဖြင့် ဖုန်းနနိးတော်ကို သဘောမကျကြပေ။
ယခုအခါ ဖုန်းရှဲ့ ပစ်မှတ်ထားခံနေရသည်ကို မြင်သောအခါ အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းနေကြောင်း သူ နားလည်လိုက်လေသည်။
သီးသန့်ခန်းထဲ၌မူ မီးလျှံဧကရာဇ်၏ မျက်လုံးများမှာ ဒေါသကြောင့် တောက်လောင်နေခဲ့သည်။
"မင်းတို့က လူတစ်ယောက်ကို ဆွဲခေါ်လာပြီး ငါ့ညီအစ်ကို နှစ်ယောက်က ရေနွေးအိုး ခိုးပါတယ်လို့ ပြောခိုင်းရုံနဲ့ အဲ့ဒါက သက်သေ ဖြစ်သွားရောလား"
သူက ဒေါသတကြီးဟိန်းဟောက်လိုက်၏။
လက်ထောက်တာဝန်ခံကတော့ တည်ငြိမ်နေဆဲပင်။အရာအားလုံးက သူ၏ထိန်းချုပ်မှုအတွင်း၌သာ ရှိသည်မဟုတ်ပါလား ။
"ဒီကျင့်ကြံသူ နှစ်ယောက်ရဲ့ အပြုအမူက သံသယဖြစ်စရာ ကောင်းတယ်။ အပြစ်မရှိကြောင်း သက်သေပြချင်ရင် မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို အစစ်ဆေးခံဖို့ လွှဲပေးရမယ်"
သူက အမိန့်ပေးသလို ယတိပြတ်ပြောလေသည်။
"အပြစ်မရှိကြောင်းကို အခုလိုတစ်ဖတ်သတ် သက်သေပြခိုင်းတာက လုံးဝ ယုတ္တိမရှိဘူး"
မီးလျှံဧကရာဇ်က တာဝန်ခံကို စိုက်ကြည့်ရင်းမှ အေးစက်စွာ ဆိုသည်။ ပြဿနာတစ်ခုခု တက်လာမည်ကို ကြိုတင်ခန့်မှန်းထားသော်လည်း ယခုလို ရင်ဆိုင်ရသောအခါ သူ အလွန်ခံပြင်းမိလေ၏။
"မင်းရဲ့ အပြစ်ကင်းစင်မှုကို သက်သေမပြရင် နာမည်က ဘယ်လိုလုပ် သန့်ရှင်းမှာလဲ"
လှောင်ပြောင်သံတစ်ခု တံခါးဝမှ ထွက်ပေါ်လာပြီး အကြီးအကဲ ရှန့်ယွန်း ဝင်လာသည်။
"ငါ ဒီနေ့ ဝမ့်ရှန်းမျှော်စင်ကို သူငယ်ချင်းတွေနဲ့ တွေ့ဖို့ လာခဲ့တာ။ ဒါပေမဲ့ (၉) ထပ်က အခန်းတွေ အကုန်ပြည့်နေတယ်။ ကံကောင်းချင်တော့ ဖုန်းရှဲ့... မင်းရဲ့ သူငယ်ချင်းတွေက လက်ရာမြောက် ရေနွေးအိုးကို ခိုးယူလိုက်လို့ ငါ့အတွက် အခန်းလွတ်သွားတာပေါ့။ အဲ့ဒါကြောင့် မင်းကို ငါ တကယ် ကျေးဇူးတင်ရမယ်"
ရှန့်ယွန်းက ပြောရင်းမှ ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်သည်။
"ငါ့အတွက် အခန်းဖယ်ပေးတဲ့ ဆုကြေးအနေနဲ့ ဒီဝိညာဉ်ကျောက်တုံးကို ယူလိုက်စမ်း"
အကြီးအကဲ ရှန့်ယွန်းသည် သူတစ်ပါးကို နှိမ်ချဆက်ဆံရာတွင် ကျွမ်းကျင်သူ ဖြစ်ပသည်။
"မလိုအပ်တဲ့ ဒုက္ခတွေ မရောက်ချင်ရင် အမြန်ဆုံး ဝန်ခံလိုက်တာ ကောင်းမယ်။ မဟုတ်ရင်... မင်းတို့ရဲ့ ဂိုဏ်းတွေပါ ဒီကိစ္စမှာ ပါလာရင် အခြေအနေက ရိုးရှင်းမှာ မဟုတ်တော့ဘူး"
သူက မောက်မာစွာ ဆက်ပြောလေသည်။
ကျင့်ကြံခြင်းလောကတွင် အင်အားမှာ အဓိက ဖြစ်ပါသည်။ ကွေးယွန်းတိုက်ကြီးတွင်ဆိုလျှင် အလင်းနန်းတော်အနေဖြင့် အချို့သော ယင်နတ်ဘုရားဂိုဏ်းများကို ကြောက်ရွံ့နိုင်သော်လည်း၊ ဖုန်းထျန်းနယ်မြေတွင်မူ ဖုန်းနန်းတော်သည် မည်သူ့ကိုမျှ ကြောက်စရာ မလိုပေ။ ရှန့်ယွန်းသည် သူ့ထက် အားသာသူများကို ဖားယားပြီး အားနည်းသူများကို အနိုင်ကျင့်တတ်သော လူစားမျိုး ဖြစ်လေသည်။
လက်ထောက်တာဝန်ခံကလည်း ခေါင်းညိတ်၏။
"မင်းတို့နှစ်ယောက် ဝန်ခံပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ်ဆိုရင်တော့ မင်းတို့ရဲ့ ဂိုဏ်းတွေကို အမှုပတ်စေမှာ မဟုတ်ဘူး"
သူက ထပ်လောင်းသတိပေး၏။
ထိုစဉ် အပြင်မှရပ်ကြည့်နေသော ယဲ့ဟဲက ရှေ့သို့ လျင်မြန်စွာ တက်လာ၏။
"သူတို့ အခန်းထဲကို ဝင်လာပြီးကတည်းက အပြင်ကို ပြန်မထွက်သွားတာကို ကျွန်တော် သက်သေခံနိုင်ပါတယ်။ ဒါဟာ နားလည်မှုလွဲတာပဲ ဖြစ်ရမယ်"
သူက ပဋိပက္ခထဲသို့ ရုတ်တရက် ကြားဝင်ပြောဆိုလိုက်လေသည်။
ယဲ့ဟဲ၏ လုပ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။
"ယဲ့ဟဲ... မင်း ဘာတွေ ပြောနေလဲဆိုတာ သိရဲ့လား"
အကြီးအကဲ ရှန့်ယွန်းက သဘောမကျစွာ မျက်ခုံးပင့်ကာ မေးလိုက်သည်။ဒီကောင်က ဘာလာရှုပ်နေတာလဲ ။
"ကျွန်တော်က အမှန်တရားကိုပဲ ပြောတာပါ"
ယဲ့ဟဲကလည်း ဆုံးဖြတ်ထားဟန်ဖြင့် ခိုင်ခိုင်မာမာ ရပ်တည်၏။ မီးလျှံဧကရာဇ်သည် ယဲ့ဟဲကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ့ဘက်မှ ရပ်တည်ပေးသူမှာ စစ်မှန်သော မိတ်ဆွေပင် ဖြစ်၏။
လက်ထောက်တာဝန်ခံက လက်မခံပေ။
"ပိလော့ဂိုဏ်းက ဝမ်ဖုန်းတောင်ကုန်းနဲ့ အမြဲ ဆက်ဆံရေးကောင်းခဲ့တာပဲ။ ဒါကြောင့် ယဲ့ဟဲ... မင်းရဲ့ စကားကို ယုံလို့မရဘူး။ ငါ့ဝန်ထမ်း ပြောတာကိုပဲ ငါ ပိုယုံတယ်"
"မင်းတို့တွေ တော်တော်လွန်လာပြီ။ ဖုန်းနန်းတော်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ ဖျက်ဆီးနေတာပဲ"
ယဲ့ဟဲက တာဝန်ခံ၏စကားကို ပြန်လည် ချေပလေသည်။
ထိုနေရာရှိ ကျင့်ကြံသူများကလည်း ယခုပြဿနာ အခြေအတင် ငြင်းခုံနေကြစဉ် ကျိယွမ်၏ မျက်လုံးများမှာ ဝမ်းသာအားရဖြင့် တောက်ပလာသည်။
"အော်... ခင်ဗျားတို့က ဖုန်းနန်းတော်ကလား"
ရှန့်ယွန်းက အံ့အားသင့်သွားသော်လည်း အထက်စီးလေသံဖြင့် ကျိယွမ်အားဟောက်လိုက်၏။
"ငါတို့က ဖုန်းနန်းတော်ကမှန်း သိရင် ဘာလို့ အခုထိ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်သေးတာလဲ"
ကျိယွမ်က ဒေါသထွက်မသွားပါ ၊ သူက ရှန့်ယွန်းအား ချိုသာစွာပင် ပြုံးပြလိုက်သေးသည်။
"ဒါတွေက နားလည်မှုလွဲတာပါ။ တကယ်တော့... ကျွန်တော်ကိုယ်တိုင်ကလည်း ဖုန်းနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ဝက်လောက် ဖြစ်နေတာပဲလေ ၊ အချင်းချင်းတွေကို ဘာလို ရန်ဖြစ်နေမှာလဲ ၊ မဟုတ်ဘူးလား "
သူ၏ အတည်ပေါက်စကားကြောင့် ရှန့်ယွန်းနှင့် လက်ထောက်တာဝန်ခံတို့မှာ တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာ ကြည့်လိုက်ကြလေသည်။
"မင်းက ဖုန်းနန်းတော်နဲ့ ပတ်သက်တယ် ဟုတ်လား"
ရှန့်ယွန်းက စဉ်းစားကြည့်သော်လည်း ကျိယွမ်နှင့် ရုပ်ချင်းတူသော ဖုန်းနန်းတော်သား တစ်ယောက်မျှ မရှိပေ။ ဒီကောင်လောက်ချောတဲ့ကောင် ငါ့တို့နန်းတော်မှ မရှိပါဘူး ၊ ရှိနေရင် လူသိများမှာပေါ့ ။
ကျိယွမ်က အေးအေးဆေးဆေး စကားဆက်ပြောသည်။
"ခင်ဗျားတို့က ဖုန်းနန်းတော်မှာ ဩဇာရှိတဲ့ပုံပဲ။ ခင်ဗျားတို့ရဲ့ ကျောထောက်နောက်ခံက ဘယ်သူလဲဆိုတာ ပြောပြပါလား"
သူက လှောင်ပြောင်သလို မေးလိုက်၏။
"ငါ့အဖေက ဖုန်းနန်းတော်ရဲ့ အကြီးအကဲ ရှန့်ရှန်းပဲ။ အခု ငါ့မှာ သစ္စာဖောက်တွေကို ရှင်းထုတ်ပိုင်ခွင့် ရှိပြီလား"
ရှန့်ယွန်းက ဂုဏ်ယူစွာပြောလိုက်သည်။ယင်နတ်ဘုရားအဆင့်ရှိသောဖခင်၏
ကျောထောက်နောက်ခံကြောင့်
သူအနေနှင့် သွားလေရာ မျက်နှာသာပေးခံရစမြဲပင်။
"အကြီးအကဲ တစ်ယောက်ရဲ့ သားဖြစ်ရုံနဲ့ ဒီလောက် မောက်မာနေတာလား။ ဒါဆို ကျွန်တော် ဘယ်သူလဲဆိုတာရော ခင်ဗျား သိလား"
ကျိယွမ်က မာန်အပြည့်ဖြင့် မေးလိုက်သောအခါ ရှန့်ယွန်းပင် ခေတ္တ တွန့်ဆုတ်သွားလေသည်။ သူက တစ်စုံတစ်ယောက်သော အကြီးအကဲ၏ တရားမဝင် သားများလားဟု တွေးတောမိသော်လည်း သူ သိပ်မကြောက်ပေ။
"ပြောစမ်းပါဦး ..မင်းရဲ့ ကျောထောက်နောက်ခံက ဘယ်သူလဲဆိုတာ ငါ သိချင်သားပဲ"
ရှန့်ယွန်းက ခနဲ့လိုက်သည်။
ဘေးနားရှိ လူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။
"တကယ်လို့ သူက အကြီးအကဲ တစ်ယောက်ရဲ့ သားဖြစ်နေရင်တောင် ဖုန်းရှဲ့နဲ့ ပေါင်းနေတာဆိုတော့ သူ့အတွက် ဖုန်းနန်းတော်မှာ ရှင်သန်ဖို့ မလွယ်ဘူး"
ကျိယွမ်က သက်ပြင်းချ၏။
"ကျွန်တော် ပြောလိုက်ရင် ခင်ဗျားတို့ ကြောက်သွားမှာ စိုးလို့ပါ"
ထို့နောက် သူက မီးလျှံဧကရာဇ်ကို မေးမြန်းလိုက်သည်။
"ဖုန်းနန်းတော်က ချင်းဟုန်မြို့မှာ ရှိတာလား"
မီးလျှံဧကရာဇ်က ခေါင်းညိတ်ပြ၏။
ကျိယွမ်၏ မေးခွန်းကြောင့် ဘေးနားရှိ ကျင့်ကြံသူများ တဟာဟား ရယ်မောကြတော့သည်။
ဖုန်းနန်းတော် ဘယ်မှာရှိမှန်းတောင် မသိဘဲ ဖုန်းနန်းတော်ကပါဟု ပြောနေသည် မဟုတ်ပါလား။
ငါတို့က အဟုတ်မှတ်လို့ကွာ။
ဒီကောင်တော်တော် မျက်နှာပြောင်တာပဲ။
ကျိယွမ်က သူ့အားလှောင်ပြောင်နေသူများကို ကြည့်ကာ မတတ်သာသလို ခေါင်းယမ်း၏။
ထိုအခိုက်မှာပင် သူ၏အကြည့်များက စူးခနဲလက်သွားကာ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။
ချက်ချင်းဆိုသလိုပင် လေထုထဲတွင် သွေးညှိနံ့များ ဖုံးလွှမ်းသွားပြီး ကောင်းကင်ကို ဖောက်ထွင်းမည့် အသံတစ်ခုမှာ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားတော့သည်။
"မဟာအုပ်စိုးရှင်စံပယ်... မင်း ငါ့ကို စိတ်ဝင်စားနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခု သွေးဝတ်စုံဓားနတ်ဘုရားငါ ကိုယ်တိုင် ဝမ့်ရှန်းမျှော်စင်ကို ရောက်နေပြီ။ မင်း ငါ့ကို ထွက်မတွေ့တော့ဘူးလား"
ကျိယွမ်၏ အသံမှာ မိုးကြိုးသံအလား ချင်းဟုန်မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားလေသည်။
မြို့အတွင်းရှိ ကျင့်ကြံသူများသာမက သာမန်လူများပင် ထိုအသံကို ကြားလိုက်ရ၏။
"ဘာ... သွေးဝတ်စုံဓားနတ်ဘုရားလား"
"အဲ့ဒီ သတ်ဖြတ်ခြင်း နတ်ဘုရားကြီး ရောက်နေတာလား"
"သေစမ်း ဘယ်သူ့ကိုလာသတ်တာလဲ မသိဘူး "
ထိုအသံကြောင့် ချင်းဟုန်မြို့အတွင်းရှိ နေရာအနှံ့အပြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ ဖုန်းနန်းတော်အတွင်း၌ရှိနေကြသော အကြီးအကဲများလည်း ထိတ်လန့်သွားကြ၏။
တစ်နေ့နေ့တွင် သွေးဝတ်စုံဓားနတ်ဘုရား ရောက်လာနိုင်မည်ဟု သူတို့ မျှော်လင့်ထားသော်လည်း ယခုလို လူသိရှင်ကြား အော်ဟစ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။
ဝမ့်ရှန်းမျှော်စင်အတွင်းရှိ ကျင့်ကြံသူအားလုံးကတော့ ဆွံ့အသွားကြသည်။
အထူးသဖြင့် အကြီးအကဲ ရှန့်ယွန်း၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားလေသည်။
"မင်းက... သွေးဝတ်စုံဓားနတ်ဘုရားလား"
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အရှေ့ပိုင်းဒေသ၏ အရှင်သခင်၊ သတ်ဖြတ်ခြင်းနတ်ဘုရားကြီးက ယခုလို ချောမောသောလူငယ်လေး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သွေးဝတ်စုံဓားနတ်ဘုရား၏ အကြောင်းကို ဖုန်းထျန်းနယ်မြေတွင် မသိသူ မရှိသလောက်ပင်။ အကြောင်းမှာ မဟာအုပ်စိုးရှင်စံပယ်ကိုယ်တိုင်က သူမ၏ နှလုံးသားသည် သွေးဝတ်စုံဓားနတ်ဘုရားထံတွင် ရှိသည်ဟု လူသိရှင်ကြား ပြောဆိုခဲ့ဖူးသောကြောင့်ဖြစ်လေ၏။
ယခုအခါ ဝမ့်ရှန်းမျှော်စင်ရှိ ကျင့်ကြံသူများ၏ မျက်နှာပေးမှာ အလွန်ပြောင်းလဲသွားတော့သည်။
"သူက သွေးဝတ်စုံဓားနတ်ဘုရားပဲ"
"တကယ့်ကို ခန့်ညားတဲ့သူပဲ။ ဒါကြောင့် အရှင်မစပယ်က စွဲလမ်းနေတာကိုး"
အကြီးအကဲ ရှန့်ယွန်း၏ ခြေထောက်များမှာ ထိန်းမရအောင် တုန်ယင်နေပြီး လက်ထောက်တာဝန်ခံမှာလည်း နေစရာမရှိအောင် ချွေးပြန်နေသည်။
သွေးဝတ်စုံဓားနတ်ဘုရားသည် မည်သူ့ကိုမျှ မျက်နှာမထောက်ဘဲ သတ်ဖြတ်တတ်သူ ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိနေကြသည် မဟုတ်ပါလား။
အကြီးအကဲ ရှန့်ယွန်းသည် တစ်ဖက်လူတွင် ကျောထောက်နောက်ခံ ရှိမည်ဟု ထင်ထားသော်လည်း ယခုကဲ့သို့ မဟာအရှင်မ ကိုယ်တိုင် ကျောထောက်နောက်ခံ ပေးထားသူ ဖြစ်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ပေ။
ပို၍ဆိုးသည်မှာ ထိုသူကိုယ်တိုင်က သတ်ဖြတ်ခြင်းနတ်ဘုရားကြီး ဖြစ်နေခြင်းပင်။
"နားလည်မှုလွဲတာပါ... အားလုံးက နားလည်မှုလွဲတာပါ"
သူက ထိတ်လန့်နေသော မျက်နှာဖြင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတော့သည်။
--------------------