မင်း ငါ့ကို ဒီလောက်တောင် ချစ်နေမှတော့
Vol. 22 Ch. 254
"ဒါက အထင်လွဲတာ မဟုတ်ဘူး။"
ကျိယွမ်သည် မျက်ဝန်းထဲတွင် စနောက်ချင်သောအရိပ်အယောင်များပေါ်လာပြီး သဘောကျစွာ ရယ်မောလိုက်၏။
သူ၏ အပြုံးမှာ ဖော်ရွေလှသည်ဟု ထင်ရသော်လည်း အကြီးအကဲရှန်းယွန်အဖို့မူ ထိုအပြုံးသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေပြီး၊ သွေးဝတ်စုံဓားနတ်ဘုရားက မိမိ၏ အသက်ကို စက္ကန့်ပိုင်းအတွင်း နှုတ်ယူတော့မည့်အတိုင်း ခံစားနေရသည်။
ထိုစဉ် နတ်ဘုရားမတစ်ပါး၏ အသံကဲ့သို့ ကြည်လင်လှသော အသံတစ်သံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာခဲ့သည်။
"သွေးဝတ်စုံဓားနတ်ဘုရား... ရှင်က ချင်းဟုန်မြို့ကို လာတာတောင် ကျွန်မကို အကြောင်းမကြားဘူးပဲ။ သိရင် ဖုန်းနန်းတော်မှာ ရှင့်အတွက် ခမ်းနားတဲ့ ကြိုဆိုပွဲတစ်ခု ပြင်ဆင်ထားမှာပေါ့။"
လူတိုင်း ထိတ်လန့်တကြားလှည့်ကြည့်လိုက်ကြသောအခါ မျက်နှာတွင် ပုဝါပါးအုပ်ထားပြီး နဝမမြောက်ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ မြင့်မြတ်စင်ကြယ်လှသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
သူမသည် ရောင်စုံအလင်းတန်းများ ဝန်းရံလျက် လှပနွဲ့နှောင်းစွာ လျှောက်လှမ်းလာရာ လူတိုင်း၏ အာရုံမှာ သူမထံသို့သာ ရောက်ရှိသွားတော့သည်။
"အရှင်မစံပယ်ကို ဂါရဝပြုပါတယ်"
"နန်းတော်သခင်ကို ဂါရဝပြုပါတယ်"
ကျင့်ကြံသူအားလုံး အရိုအသေပေးလိုက်ကြ၏။ အရှင်မစံပယ်သည် ဖုန်းထျန်းနယ်မြေတွင် ဂုဏ်အရှိဆုံး အမျိုးသမီးဖြစ်ပြီး၊ ထိုနယ်မြေတွင် အင်အားအကြီးဆုံးဖြစ်သောဖုန်းနန်းတော်၏ ခေါင်းဆောင်လည်း ဖြစ်၏။မည်သူက အရိုအသေမပေးဘဲ နေဝံ့မည်နည်း။
အကြီးအကဲရှန်းယွန်၏ နဖူးမှ အေးစက်သောချွေးစေးများ စီးကျလာ၏။ အရှင်မကိုယ်တိုင် ရောက်ရှိလာခြင်းကြောင့် ရှေ့တွင်ရှိနေသော လူငယ်မှာ သွေးဝတ်စုံဓားနတ်ဘုရားအစစ်အမှန်ဖြစ်ကြောင်း သံသယဝင်စရာ မလိုတော့ပေ။
ကျိယွမ်သည် လှပသောအရှင်မစံပယ်ကို တစ်ချက်ကြည့်လိုက်ပြီး ပျင်းရိစွာ ပြောလိုက်၏။
"ဒီလူတွေက ငါ့ကို ဝမ်ရှန်းမျှော်စင်ကနေ ရေနွေးအိုး ခိုးပါတယ်ဆိုပြီး စွပ်စွဲကြတယ်။ ပြီးတော့ အပြစ်ပေးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ပြောနေကြတာ။ ပုံမှန်ဆိုရင်တော့ ငါ့စိတ်နဲ့ သူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မှာပဲ။ ဒါပေမဲ့ မင်းနဲ့ငါ့ကြားက ရှုပ်ထွေးတဲ့ ပတ်သက်မှုကို ထောက်ထားပြီး မင်းကို မျက်နှာနာလို့ စောင့်နေတာ။"
ထိုစကားကို ကြားသောအခါ ရှန်းယွန်သည် မိမိအသက်ကလေး ဘေးကင်းနိုင်ဦးမည်ဟု မျှော်လင့်ချက် အလင်းတန်းကလေး မြင်လိုက်ရ၏။ သို့သော် ကျိယွမ်၏ နောက်ဆက်တွဲ စကားများက ထိုမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။
"အဲ့ဒါကြောင့် မင်းကို ဒီကို ခေါ်လိုက်တာ... သူတို့ကို ငါသတ်တာကို ကိုယ်တိုင် မျက်မြင်သက်သေ အဖြစ် ကြည့်ရအောင်လို့လေ။"
သွေးရောင်အလင်းတန်းတစ်ခုသည် လေထုထဲသို့ ရုတ်တရက် ဖြတ်သန်းသွား၏။
မောက်မာလှသော ရှန်းယွန်နှင့် ဝမ်ရှန်းမျှော်စင်၏ လက်ထောက်တို့သည် သွေးရောင်လွှမ်းသော ဓားချက်အောက်တွင် ခန္ဓာကိုယ်များ နှစ်ပိုင်းပြတ်သွားကြတော့သည်။
ကျိယွမ်သည် သူ၏လက်ကို ခါထုတ်လိုက်ပြီး အရှင်မစံပယ်ကို ကြည့်ကာ ပြောလိုက်၏။
"မင်းက ငါ့ကို ဒီလောက်တောင် ချစ်နေမှတော့ မင်းကိုယ်စား အမှိုက်တွေကို ရှင်းပေးတာကို စိတ်ရှိမှာ မဟုတ်ဘူး မဟုတ်လား"
ကျိယွမ်၏ ရုတ်တရက် လုပ်ဆောင်ချက်ကြောင့် ကျင့်ကြံသူအားလုံး ထိတ်လန့်သွားကြ၏။ အရှင်မစံပယ်ရှိနေပါလျက် သူမ၏ လက်အောက်ငယ်သားများကို သူမရှေ့တွင်ပင် သတ်ဖြတ်လိုက်ခြင်းသည် သူမ၏ အရှိန်အဝါကို လုံးဝ အလေးမထားကြောင်း ပြသလိုက်ခြင်းပင် မဟုတ်ပါလား။
သွေးဝတ်စုံဓားနတ်ဘုရား ပီသလှပါပေတယ်။
အံ့သြစရာကောင်းစွာပင် အရှင်မစံပယ်သည် ဒေါသထွက်ခြင်း မရှိဘဲ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။
" သူတို့က ရှင့်ကို စော်ကားခဲ့တာပဲ။ ရှင်က မသတ်ရင်လည်း ကျွန်မကိုယ်တိုင်ပဲ သတ်ပစ်လိုက်မှာပါ"
သူမ၏ အသံက နူးညံ့ပြီး အလွန်အလိုလိုက်သော အငွေ့အသက်များပင် ပါဝင်နေ၏။
ထိုစကားကို ကြားရသော ကျင့်ကြံသူများသည် သွေးဝတ်စုံဓားနတ်ဘုရားကို မနာလိုဖြစ်သွားကြ၏။ မိမိလက်အောက်ငယ်သားကို ရှေ့တင်သတ်သော်လည်း စိတ်မဆိုးသည့်အပြင် နူးညံ့စွာ ပြောဆိုနေခြင်းမှာ စစ်မှန်သော အချစ်ပင် ဖြစ်ရမည်ဟု သူတို့ ထင်မှတ်လိုက်ကြသည်။
"ငါ မင်းကို အထင်လွဲခဲ့ပုံရတယ်။ သတင်းတွေ ပြောကြသလို မင်းက ငါ့ကို တကယ်ကြီး ချစ်နေတာပဲ"
ကျိယွမ်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
အရှင်မစံပယ်က သာယာစွာ ပြုံးရယ်လိုက်သည်။
"ပြိုင်ဘက်ကင်းချောမောတဲ့ရုပ်ရည်နဲ့ အစွမ်းထက်တဲ့ ရှင့်လိုလူမျိုးကို ကျွန်မက မစွဲလန်းဘဲ နေနိုင်မလား"
သူမ ပြန်ပြောရင်း ကျိယွမ်၏ လက်မောင်းကို ထိတွေ့ရန် သိမ်မွေ့စွာလက်လှမ်းလိုက်၏။
"ကျွန်မနဲ့အတူ ဖုန်းနန်းတော်ကို လိုက်ခဲ့ပါလား"
"မလိုက်ပါဘူး"
ကျိယွမ်က သူမ၏ လက်ကို အားမနာစွာ ခါထုတ်လိုက်ပြီး..
"ကျား မ ဆိုတာ ခပ်ခွာခွာ နေရမယ်လေ။ ငါ က မင်းနဲ့ တွဲဖို့ သဘောမတူရသေးဘူး... ဒါကြောင့် ငါ့ကို မထိပါနဲ့"
သူက ပြတ်သားစွာဆိုလိုက်၏။
အရှင်မစံပယ်၏ လှပသောမျက်နှာပေါ်တွင် အံ့သြသွားဟန် တစ်ချက်ပေါ်သွားသော်လည်း ချက်ချင်းပြန်ပြုံးပြသည်။
"ဒါဆို ရှင်က ချင်းဟုန်မြို့ကို ဘာကိစ္စနဲ့ လာခဲ့တာလဲ"
"ချင်းဟုန်မြို့မှာ ငါ့ကို တိတ်တခိုး ချစ်နေတဲ့ အလှပဂေးလေး တစ်ယောက်ရှိတယ်လို့ ကြားလို့လေ။ သူက ငါ့ကို မတွေ့ရလို့ ညတိုင်း ငိုပြီး အိပ်ရတယ်ဆိုပဲ။ စိတ်မကောင်းဖြစ်လွန်းလို့ သူ့ဆီ လာကြည့်တာ... လွမ်းနာကျပြီး ဖျားနေလားလို့ပေါ့"
ကျိယွမ်က ရှက်ရွံ့ခြင်းမရှိဘဲ ဗြောင်လိမ်ညာလိုက်၏။ဆိုးသွမ်းအင်မောတယ်မှာ ဗြောင်လိမ်ဗြောင်စားလုပ်နေသော ဒဏ္ဍာရီလာဓားနတ်ဘုရားကြီးကို ကြည့်ကာ ပြောစရာစကားများ ပျောက်ဆုံးသွားလေသည်။
မဟာအုပ်စိုးရှင်စံပယ်၏ နာမည်ကို ဝိညာဥ်သင်္ဘောပေါ်ရောက်မှသာ ကျိယွမ်ကြားဖူးကြောင်း သူသာအသိဆုံးမဟုတ်ပါလား။
ကျိယွမ်ကတော့ ဂရုမစိုက်ပါ ။ အရှင်မစံပယ်က သူ့ကို ချစ်မြတ်နိုးကြောင်း ကောလာဟလများ ဖြန့်ထားသဖြင့် သူကလည်း ဇာတ်လမ်းကို ပိုပြီး ချဲ့ကားလိုက်ခြင်းသာ ဖြစ်သည်။
"စံပယ်လေး.. မင်း ငါ့ကို ဒီလောက်တောင် ချစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ငါ... တကယ်ပဲ စိတ်လှုပ်ရှားမိတယ်"
ကျိယွမ်က စပယ်လေးဆိုသော စကားလုံးကို တမင်တကာ အသံနိမ့်၍ ခေါ်လိုက်၏။
အခြားကျင့်ကြံသူများသည် ကျိယွမ်၏ စကားကို ကြားသောအခါ ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားကြရသည်။ သွေးဝတ်စုံ ဓားနတ်ဘုရား၏ ဒဏ္ဍာရီလာလူသတ်နတ်ဘုရားဟူသော ဂုဏ်သတင်းကြောင့် မည်သူမျှတော့ ပွင့်ပွင့်လင်းလင်း မရယ်ရဲကြပါ။
အရှင်မစံပယ်ကမူ ငွေခေါင်းလောင်းသံလေးများကဲ့သို့ သာယာစွာ ရယ်မောလိုက်ရာ သူမ၏ဖွံ့ထွားသော ခန္ဓကိုယ်လေးပင် သိမ့်သိမ့်တုန်သွား၏။
"ကျွန်မ ရှင့်ကို သဘောကျမိတာ မဆန်းပါဘူး၊ ရှင်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"
ကျိယွမ်ကလည်း စွဲဆောင်မှုရှိစွာ ပြုံးပြသည်။
"စံပယ်လေး... မင်း ငါ့ကို အရမ်းချစ်နေမှတော့ ငါလည်း အခုဒီကို ရောက်နေပြီပဲ။ ငါ့ကို မင်းရဲ့ အချစ်တွေကို ဘယ်တော့ ဖွင့်ပြောမှာလဲ"
ကျိယွမ်၏ စကားကြောင့် လူတိုင်း ဆွံ့အသွားကြ၏။
"ဖွင့်ပြောမှာလား"
"အရှင်မစံပယ်က သွေးဝတ်စုံဓားနတ်ဘုရားကို ဝန်ခံစကား ပြောမှာလား"
အရှင်မစံပယ်၏ လှပသောအပြုံးမှာ တောင့်ခဲသွား၏။
"အရှင်... ရှင် နောက်ပြောင်နေတာ မဟုတ်လား"
ကျိယွမ်က ခန့်ညားစွာခေါင်းခါပြီး လေးနက်စွာဆိုသည်။
"ငါ ဘယ်တော့မှ နောက်လေ့မရှိဘူး။ မင်းက ငါ့ကို ချစ်တယ်ဆိုရင် ဝန်ခံစကား ပြောဖို့ ဝန်လေးနေတာတော့ မဟုတ်ဘူး မှတ်လား"
ကျိယွမ်က ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဖိအားပေးလိုက်၏။သူက ဆွဲဆောင်မှုကိုသာမက မြင့်မားသော EQ ကိုပင်သုံးကာ စံပယ်အားတိုက်စစ်ဆင်နေတော့သည်။
အရှင်မစံပယ်က ပြုံးနေသော်လည်း ဘာမှ ပြန်မပြောပေ။
ကျိယွမ်က လက်မလျှော့ပါ။
"ဒါပေမဲ့ မင်းက နည်းနည်းလေးပဲ လှတာ။ ငါတို့ ရွာမှာဆိုရင် လင်မရနိုင်တဲ့ မိန်းကလေးမျိုးပဲ။ တကယ်လို့ မင်းက ငါ့ကို ဝန်ခံချင်တယ်ဆိုရင် တကယ်စိတ်ရင်းရှိတာ ပြရမယ်။ ဥပမာ - ဒဏ္ဍာရီလာရတနာကို လက်ဆောင်ပေးတာမျိုးပေါ့။ အဲ့ဒါဆိုရင်တော့ မင်းရဲ့ ဝန်ခံချက်ကို ငါစဉ်းစားပေးနိုင်တယ်"
ဘေးမှ ကြည့်နေသူများမှာ အသက်ရှူပင် မှားသွားကြတော့သည်။
နတ်ဘုရားမတစ်ပါးကဲ့သို့ လှပသောအရှင်မစံပယ်ကို 'ရွာက လင်မရနိုင်သည့် မိန်းကလေး' ဟု ပြောရုံသာမက၊ တန်ဖိုးမဖြတ်နိုင်သော ဒဏ္ဍာရီလာ ရတနာကိုပါ တောင်းဆိုနေသဖြင့် ကျိယွမ်ကို မမြင်ဖူးသူလို ကြည့်နေမိကြသည်။
ကြောက်စရာကောင်းလွန်းတဲ့ သွေးဝတ်စုံဓားနတ်ဘုရားက နည်းနည်းတော့လွဲနေသလိုပဲလို့ ဘာလို့များ ခံစားနေမိပါလိမ့်။
သို့သော် မည်သူမှတော့ မဝေဖန်ရဲကြပါ ။ နေရင်းထိုင်ရင်း ခေါင်းမပြတ်ချင်ကြပေ ။ နှစ်ယောက်လုံးက သူတို့ဝေဖန်နိုင်သော အဆင့်အတန်းများ မဟုတ်သောကြောင့်ပင်။
အရှင်မစံပယ်၏ မျက်ဝန်းများ နက်ရှိုင်းသွားပြီး အဖြစ်မှန်ကိုရှင်းပြသည်။
"အဲ့ဒီ ရတနာက ကျွန်မဖခင် ချန်ထားခဲ့တဲ့ အမွေပါ။ ကျွန်မရဲ့ ခင်ပွန်းဖြစ်လာမယ့်သူ တစ်ယောက်တည်းပဲ အဲ့ဒါကို သုံးစွဲခွင့်ရှိမှာပါ"
ထိုအခါ ကျိယွမ်က သက်ပြင်းချလိုက်ပြီး ရင်နာစွာ ရေရွတ်၏။
"မင်းက ငါ့ကို အဲ့လောက်ထိ မချစ်သေးဘူးပဲ။ ငါ့လို ဒဏ္ဍာရီလာဓားနတ်ဘုရားတစ်ပါးတောင် မော်တော်ဆိုင်ကယ် ပတ်စီးနေတဲ့ လူမိုက်တစ်ယောက်လောက်တောင် တန်ဖိုးမရှိပါလား။ အဲ့ဒီလူမိုက်တွေက မိန်းကလေးတွေကို ရူးသွပ်စေနိုင်ပေမဲ့ ၊ မင်းကတော့... လူကြီးတွေ ချန်ထားခဲ့တဲ့ အမွေလေးတစ်ခုတောင် ပေးဖို့ မလိုလားဘူး"
၂၁ရာစု ကမ္ဘာမှာဆိုလျှင် ရုပ်ခံရှိသော ခပ်ဆိုးတိုးမိုက်မိုက်လူငယ်များက မျိုးရိုးမြင့်သခင်မလေးများ၏ အသည်းနှလုံးများကို သိမ်းပိုက်နိုင်ကြစမြဲပင် ။ သခင်မလေးများက ချစ်သူလူမိုက်များအတွက် အလွန်အမ်းကြသည် မဟုတ်ပါလား။
"အရှင်က စနောက်နေပြန်ပြီ"
အရှင်မစံပယ်က လေသံပျော့ပျော့ဖြင့် ပြန်ပြော၏။
"ကျွန်မ ရှင့်ကို အထူးတလည် စွဲလန်းပေမဲ့ ကျွန်မရဲ့ အိမ်ထောင်ရေးက ကျွန်မ ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ မရပါဘူး။ ကျွန်မဖခင် မကွယ်လွန်ခင်က ကျွန်မအတွက် အသက်စွန့်ဝံ့သူကိုပဲ လက်ထပ်ပြီး ရတနာကို ဝေမျှပေးဖို့ မှာခဲ့တာမို့ပါ"
သူမက အလွန်အခက်တွေ့နေပုံရပြီး ကျိယွမ်အား တက်နိုင်သမျှရှင်းပြနေ၏။
"မင်းအဖေက ခေါင်းမာတဲ့ လူကြီးပဲ။ သူ့စကားတွေ နားမထောင်ပါနဲ့"
ကျိယွမ်က ပခုံးတွန့်ကာ ဆိုလိုက်၏။သူက ဆိုင်ကယ်သူရဲများလောက်ပင် အစွမ်းရှိပုံမရသည်ကို လက်မခံနိုင်ပါ။
"ဖခင်ရဲ့ ဆန္ဒကို ကျွန်မ မလွန်ဆန်နိုင်ပါဘူး။ ကျွန်မတို့ ကံမပါဘူး ထင်ပါတယ်"
အရှင်မစံပယ်က သနားစရာကောင်းသော အမူအရာဖြင့် သက်ပြင်းချ၏။
"ဒါက မင်း ငါ့ကို အလုံအလောက် မချစ်ဘူးဆိုတာ ပြတာပဲ။ ဒါဆိုရင်လည်း သွားနိုင်ပါပြီ"
ကျိယွမ်က အသည်းမာစွာ အေးစက်စက် ဆိုလိုက်၏။
နောက်ဆုံးတွင် အရှင်မစံပယ်က မတတ်သာသောအပြုံးမျိုးဖြင့် ကျိယွမ်အား နက်ရှိုင်းစွာကြည့်သည်။
"အရှင် အားတဲ့အခါ ဖုန်းနန်းတော်ကို လာလည်ပါဦး။ ဒဏ္ဍာရီလာ ရတနာကို မပေးနိုင်ပေမဲ့ တခြား ပေးနိုင်တာတွေ ရှိပါသေးတယ်"
ထိုမျှသာပြောကာ ပျောက်ကွယ်သွားတော့သည်။
အခန်းထဲတွင် ကျိယွမ်တို့နှင့် အခြားသူများသာကျန်ခဲ့၏။
ကျိယွမ်က ထူးထူးခြားခြားခံစားရပုံမရှိဘဲ ယဲ့ဟယ်ကို ကြည့်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
"ညီအစ်ကို... ခုနက ကျွန်တော့်ဘက်က ကူပြောပေးတာ ကျေးဇူးတင်ပါတယ်"
သူက နူးညံ့စွာ ဆိုလိုက်ရာ ယဲ့ဟဲမှာ ဂုဏ်ယူဝမ်းမြောက်သွားတော့သည်။သွေးဝတ်စုံဓားနတ်ဘုရားကပင် သူ့အားကျေးဇူးတင်နေရပြီ မဟုတ်ပါလား။
"အရှင်မစံပယ်ကို သတိထားပါ၊ သူက ထင်သလောက် မရိုးရှင်းပါဘူး"
ယဲ့ဟဲက ထိုသို့သတိပေးကာ ထွက်ခွာသွား၏။
မီးလျှံဧကရာဇ်ကလည်း သဘောတူစွာ ခေါင်းညိတ်သည်။
"ကျိယွမ်... မင်း သတိထားသင့်တယ်။ သူက မြင်နေရသလို မရိုးရှင်းဘူး"
သူက စိတ်မချစွာ ထပ်လောင်း သတိပေးလိုက်၏။
ကျိယွမ်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း လက်ကာပြသည်။
"စိတ်မပူပါနဲ့၊ သူက ငါ့ကို တကယ် ချစ်နေတာပါ။ သူက ငါ့ခန္ဓာကိုယ်ကို လိုချင်နေတာလေ... ပြောရရင် ဒါက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုပဲ"
သူ၏မထင်မှတ်သော စကားကြောင့် အခြားသူများမှာ အံ့အားသင့်သွားကြ၏။
"သူက နင့်ကို စိတ်နဲ့ နှောင့်ယှက်နေတာပေါ့ ဟုတ်လား"
တစ်ချိန်လုံးထိုင်ကြည့်နေသော ရေခဲတောင်သခင်မက ယခုမှ စကားဝင်ပြောလေသည်။ သူမသည် ကျိယွမ်က မဟာအုပ်စိုးရှင်အားမည်သို့ ဖြေရှင်းသည်ကို ပရိတ်သတ်လုပ်နေခဲ့ခြင်းပင် ။ ထိုသူသည် အမှန်တကယ်ပင် နှလုံးသားရှိပုံမရပေ ။ ရုပ်ရည်အရသော်လည်းကောင်း ဂုဏ်သိက္ခာအရသော်လည်းကောင်း အမြင့်ဆုံးရှိနေသော စံပယ်ကိုပင် ကစားစရာလို သတ်မှတ်ထားပုံရ၏။
"စိတ်နဲ့ နှောင့်ယှက်တာကလည်း နှောင့်ယှက်တာ မဟုတ်ဘူးလား ၊ ကျွန်တော်သာ သူ့ကို လက်ပူးလက်ကျပ် မိရင် အဲ့ဒီ ဒဏ္ဍာရီလာ ရတနာက ကျွန်တော့်လက်ထဲ ရောက်နေလောက်ပြီ"
ကျိယွမ်က နှမြောတသစွာ ဆိုလိုက်၏။
"ဒဏ္ဍာရီလာရတနာကို လူအများကြီးက မျက်စိကျနေကြတာ။ အဲ့ဒါက အဆင့် ၇ ရောက်ရှိနေတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးရဲ့ အမွေအနှစ် ဖြစ်နေလို့ပဲ။ အဲ့ဒီရတနာကြောင့် ပြီးခဲ့တဲ့ နှစ်ထောင်ချီအတွင်းမှာ ကျင့်ကြံသူ အများကြီး အသက်ဆုံးရှုံးခဲ့ရတယ်"
မီးလျှံဧကရာဇ်က ကျိယွမ်အားမပေါ့ဆစေရန် သေသေချာချာ ရှင်းပြနေရသည်။
"ဒါဆိုရင် ငါက အဲဒီလူတွေနဲ့ ပူးပေါင်းပြီး ရတနာကို လုယူရမှာလား ၊မဟုတ်သေးပါဘူး... သူက ငါ့ကို နှောင့်ယှက်ရုံပဲ ရှိသေးတာ၊ သေသင့်တဲ့ အပြစ်တော့ မဟုတ်ဘူး။ ငါလို လူတော်တစ်ယောက်အတွက်က ကိုယ်ကျင့်တရားပိုင်းမှာ အစွန်းရောက်နေရတာ တကယ်ကို ခက်ခဲပါလား"
ကျိယွမ် အလွန်စိတ်ပျက်နေသလို ညည်းတွားလိုက်တော့သည်။သူက စံပယ်အား သတ်ပြီး ပစ္စည်းလုရန် သင့်တော်သောအကြောင်းပြချက်မရှိသဖြင့် အခက်တွေ့နေခြင်းပင်။ ထိုသို့လုပ်ရန် သူ၏ကိုယ်ကျင့်တရားက ခွင့်မပြုပေ။
မီးလျှံဧကရာဇ်က ကျိယွမ်ကို ကြည့်ကာ ခေတ္တစဥ်းစားနေ၏ ။ပြီးမှ ..
"မင်းအတွက် နည်းလမ်းတစ်ခုတော့ ရှိတယ်။ မင်းလိုချင်တဲ့ နည်းစနစ်တွေကို စုဆောင်းပေးဖို့ အဖွဲ့အစည်းတစ်ခုခု တည်ထောင်မလား"
ကျိယွမ်က ခေါင်းခါ၏။
"ဒါပေမဲ့ ငါက ဆင်းရဲတယ်လေ။ နည်းစနစ်တွေအကုန် ဝယ်ဖို့ ပိုက်ဆံမရှိဘူး"
မည်သူကမှနည်းစနစ်များကို အလကားပေးမည်မဟုတ်ပါ ။ နည်းစနစ်ရှာဖွေသော အဖွဲ့အစည်းများက အခြားစီးပွားရေးအဖွဲ့အစည်းများလို ဝင်ငွေကောင်းသော လုပ်ငန်းမဟုတ်ပေ ။ ၄င်းက ဝင်ငွေထက် ထွက်ငွေက အဆမတန်များ၏။ တော်ရုံအခြေခံအုတ်မြစ်ဖြင့် မည်သူက ရေရှည်တတ်နိုင်မည်နည်း။
မီးလျှံဧကရာဇ် အဓိပ္ပါယ်ပါပါ ပြုံးသည်။
"အဲ့ဒါက လွယ်ပါတယ်။ ငါတို့က အကုန်လိုက်ဝယ်နေစရာ မလိုပါဘူး ၊ 'မျှဝေ' ယူလို့ ရတာပဲ"
---------------