အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း ( ၁၂၃ ) – ကိုယ့်မှာ အခွင့်အရေးရှိဦးမှာလား
စမ်စုန့်ပိုင်နှင့် ဖူကျွင်းရှန့်တို့သည် ပါဝင်ပစ္စည်းအိတ်နှစ်လုံးကို သယ်ဆောင်ရင်း အပေါ်ထပ်သို့ တက်လာကြသည်။
"ဒီလို ရုတ်တရက် ရောက်သွားရင် အစ်ကိုကုက အခန်းအပြင်မှာ သော့ပိတ်ထားခဲ့မယ်လို့ မင်းထင်လား"ဟု ဖူကျွင်းရှန့်က ပြောလိုက်ရာ သူသည် အရင်က လူတစ်ယောက်ကို ဟိုတယ်အခန်းအပြင်ဘက်မှာ ထားခဲ့ဖူးသည်ကို မမေ့သေးသောကြောင့် တုံ့ဆိုင်းနေပုံရသည်။
သို့သော် ထိုကိစ္စတွင် ပါဝင်သူ စမ်စုန့်ပိုင်မှာမူ သိပ်စိတ်မပူပေ။ "အဲဒီလို ဖြစ်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က မရီးနဲ့ အဖော်ပြုဖို့ ရောက်လာတာပဲလေ။"
"မင်း ငွေရှာဖို့ မဟုတ်ဘူးဆိုတာ သေချာလား။"
စမ်စုန့်ပိုင် ချောင်းဟန့်ကာ ဖူကျွင်းရှန့်ကို စိုက်ကြည့်လိုက်သည်။ ဒီကောင်က ပါးစပ်ပိတ်ထားရမဲ့အချိန်ကို တကယ်မသိဘဲ အကုန်ဖွင့်ပြောတတ်တာပဲ။
"ကျွတ်စ်... ကျွတ်စ်၊ ကိုယ်ကျိုးစီးပွားအတွက်နဲ့ ဘာမှမလုပ်ဘဲကိုယ်ချင်းစာတရားကြီး အကြောင်းတွေ လာပြောနေတာ။"
"တော်တော့၊ မရီးက မင်းနဲ့အတူ ပိုက်ဆံမရှာချင်ဘူးလို့ မင်းပြောနိုင်လား။"
ဖူကျွင်းရှန့် တိတ်ဆိတ်သွားသည်။ ကောင်းပြီ၊ သူလည်း အဲဒါကို လိုချင်တာပဲ။
"ဒါပေမဲ့... နောက်ဆုံးတစ်ခါ ငါတို့ အတူတူကစားတုန်းက တစ်ပွဲမှ မနိုင်ခဲ့ဘူးလား။"
"အဲဒါ မင်းကြောင့်" စမ်စုန့်ပိုင်က အပြစ်တင်မခံချင်ပါ။ တကယ်တော့ ကောင်းမွန်တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ အပြစ်ယူသင့်သည် မဟုတ်လား။
ဖူကျွင်းရှန့် တစ်ခုခု ထပ်ပြောတော့မလိုရှိသေး ကုဟွိုင်အန်း အိမ်တံခါးဝသို့ နှစ်ယောက်သား ရောက်ရှိလာကြသည်။ ဘဲလ်ကို ခဏကြာအောင် တီးသော်လည်း မည်သူမျှ လာဖွင့်မပေးသောအခါ…
"ဘယ်သူမှ အိမ်မှာ မရှိဘူးလို့ မင်းထင်လား။"
"ဒါမှမဟုတ် သူတို့ ဒိတ်လုပ်ဖို့ အပြင်ထွက်သွားကြတာလား။"
အချိန်အတော်ကြာ စဉ်းစားပြီး ဘဲလ်ကို ထပ်တီးလိုက်သောအခါ ရုတ်တရက် တံခါပွင့်လာသည်။
ညအချိန်ရောက်နေပြီဖြစ်သော်လည်း အခန်းက မှောင်မိုက်နေသည်။ ကုဟွိုင်အန်းက တံခါးကို နည်းနည်းလေးသာ ဖွင့်ထားပြီး သူ့ကိုယ်သူ အမှောင်ထဲတွင် ဖုံးကွယ်ထားရာ သူ့မျက်နှာကို ကောင်းကောင်း မမြင်ရပေ။
အခန်းထဲမှ ပြင်းထန်သော ဆေးလိပ်နံ့နှင့် အရက်နံ့များ လွင့်ပျံလာပြီး အတော်လေး စူးရှသည်။
စမ်စုန့်ပိုင်နှင့် ဖူကျွင်းရှန့်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်မျိုး ဝင်လာခဲ့သည်။
သူတို့၏ အသံများပင် မသိစိတ်က အလိုလို တိုးသွားသည်။ "အစ်ကိုကု၊ အဆင်ပြေရဲ့လား။"
ကုဟွိုင်အန်း တံခါးကို ပိုကျယ်အောင် ဖွင့်လိုက်သည်။ စင်္ကြံမှ အလင်းရောင် သူ့ပေါ် ကျရောက်သော်လည်း သူ့ပတ်ဝန်းကျင်က မှောင်မိုက်မှုကို မဖယ်ရှားနိုင်ပေ။
သူ့ဆံပင်များ ဖရိုဖရဲဖြစ်ကာ မေးစေ့တွင် မုတ်ဆိတ်မွေးများ ထွက်နေပြီး အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။
"မရီးကရော ဘယ်မှာလဲ။"
စမ်စုန့်ပိုင် စကားဆုံးသည်နှင့် ဖူကျွင်းရှန့်က သူ့ကို ဆွဲလိုက်သည်။ ဒီကောင်က မိုက်မဲသည်ဖြစ်စေ၊ ဉာဏ်ကောင်းသည်ဖြစ်စေ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိ။
အစ်ကိုကု ဒီလိုပုံစံဖြစ်နေပုံထောက်ရင် ခယ်မနဲ့ သေချာပေါက် ပတ်သက်နေတာပဲ။
ကုဟွိုင်အန်း မီးဖွင့်လိုက်သည်။ ကော်ဖီစားပွဲပေါ်တွင် ဆေးလိပ်ပြာများ ပြန့်ကြဲနေပြီး ကြမ်းပြင်ပေါ်တွင် ဘီယာပုလင်းခွံများ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသည်။
နှစ်ယောက်သား အံ့ဩသွားပြီး စကားမပြောနိုင်တော့။ ကုဟွိုင်အန်းကို ဒီလို ယိုယွင်းနေသည်ကို သူတို့ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
နောက်တစ်ချက် ကြည့်လိုက်သောအခါ သူတို့သုံးယောက်မှလွဲ၍ အခန်းက အသံတိတ်နေသည်။ ရှန်းတန် အိမ်မှာ မရှိသည်မှာ ထင်ရှားသည်။
"အစ်ကိုကု၊ ဘာဖြစ်တာလဲ။"
"တန်တန် ထွက်သွားပြီ။" ကုဟွိုင်အန်း ဆိုဖာပေါ် ထိုင်ရင်း နွမ်းနယ်စွာ နဖူးကို ပွတ်သပ်လိုက်သည်။
ဇာတ်လမ်းဖြစ်ခဲ့ရာအစကို အချိန်နောက်ပြန်လှည့်ရမည်ဆိုလျှင်…
ရှန်းတန် တစ်ယောက်တည်း အချိန်လိုချင်ကြောင်း ကြားလိုက်ရသောအခါ ကုဟွိုင်အန်း အလွန်အမင်း စိုးရိမ်လာသည်။ "မင်း အစ်မလန်ဆီမှာပဲ ပြန်နေလို့မရဘူးလား။"
ရှန်းတန် တိတ်ဆိတ်နေသော်လည်း စိတ်ထဲကနေ [မရဘူး]ဟု ပြန်ဖြေသည်။
ကုဟွိုင်အန်း တကယ်ပင် ထိတ်လန့်နေပြီ။ သူမကို ခွင့်လွှတ်ဖို့ တောင်းပန်ရမလား ဒါမှမဟုတ် သူမ တောင်းဆိုတဲ့ အချိန်တစ်ခုကိုပဲ ပေးရမလား သူ မသိတော့ပေ။
"တန်တန်၊ တောင်းပန်ပါတယ်။ ကိုယ် ရှင်းပြလို့ ရပါတယ်။ ကိုယ် အရင်က ဘာမှမပြောခဲ့ဘူးဆိုတာက…"
ရှန်းတန် လက်နှစ်ဖက်ဖြင့် သူ့နားများကို အတင်းအကြပ် ပိတ်လိုက်သည်။ "ကျွန်မ နားမထောင်ချင်ဘူး။ ကျွန်မကို ခဏလောက် တစ်ယောက်တည်း နေခွင့်ပြုလို့ ရမလား။"
ကုဟွိုင်အန်း၏ ပါးစပ် ပွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေပြီး နောက်ဆုံးတွင် "ဟုတ်ကဲ့"ဟုသာ ပြောနိုင်တော့သည်။
မည်မျှကြာမည်ကို မသိ၊ မိနစ်သုံးဆယ် သို့မဟုတ် တစ်နာရီမျှ ကြာပြီးနောက် အခန်းသည် အသံ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
အတွေးလှိုင်း တစ်စုံတစ်ရာမျှ မရှိ။ အခန်းသည် သူတစ်ယောက်တည်း ရှိနေသကဲ့သို့ တိတ်ဆိတ်နေသည်။
မကြာမီ တံခါးခေါက်သံ ကြားရသည်။ မျှော်လင့်ထားသည့် ဧည့်သည် ရောက်လာပြီ။
ကုဟွိုင်အန်း တံခါးဖွင့်လိုက်သည်နှင့် ရှန်းယွီ အလျင်အမြန် ပြေးဝင်လာသည်။ "အစ်မတန်တန်။"
ရှန်းတန်သည် ခရီးဆောင်အိတ်ဖြင့် ထွက်လာသည်။ "ငါရောက်ပြီ။ သွားကြစို့။"
ကုဟွိုင်အန်း ခရီးဆောင်အိတ်ကို လှမ်းယူသော်လည်း ရှန်းတန် သူ့လက်ကို ရှောင်လိုက်သည်။ ရှန်းယွီက အလျင်အမြန် လှမ်းယူလိုက်ပြီး "ကျွန်တော် လုပ်လိုက်မယ်၊ ကျွန်တော် လုပ်လိုက်မယ်"ဟု ပြောလိုက်သည်။
သူက ဤသို့ပြောပြီး ကုဟွိုင်အန်းအား ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကြည့်လိုက်သည်။
"ကိုယ် လိုက်ပို့ပေးမယ်။"
"မလိုပါဘူး။"
ရှန်းတန်နှင့် ရှန်းယွီတို့ ဘေးချင်းကပ်လျှောက်လာကြပြီး ကုဟွိုင်အန်းကတော့ တိတ်ဆိတ်စွာ နောက်က လိုက်လာရာ ကားပါကင်အထိ ရောက်ခဲ့သည်။
ရှန်းတန် ကားတံခါးဖွင့်လိုက်သောအခါ ကုဟွိုင်အန်း တုန်ယင်စွာ မေးလိုက်သည်၊ "တန်တန်၊ ကိုယ့်မှာ အခွင့်အရေး ရှိသေးလား။"
ရှန်းတန် နှုတ်ခမ်းကို စေ့လိုက်သည်။
[ကျွန်မ မသိဘူး...]
သူမ နောက်သို့မလှည့်ဘဲ ကားထဲဝင်ကာ မောင်းထွက်သွားသည်။
ကုဟွိုင်အန်း၏ မျက်လုံးများ နီရဲနေသည်။ သူ နောက်သို့ ခြေနှစ်လှမ်း ယိုင်လဲသွားပြီး နံရံကို မှီလိုက်သည်။
"တန်တန်..."
ကားထဲတွင် ရှန်းတန် နောက်ခန်းတွင်ထိုင်ကာ မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သို့သော် မျက်ရည်များမှာ ကျိုးပြတ်သွားသော ပုလဲကြိုး တစ်ကုံးလို စီးကျလာသည်။
သူမ ပို၍ ထိန်းချုပ်လေလေ၊ ပို၍ပင် နာကျင်ခံစားရလေလေ ဖြစ်သည်။
ရှန်းတန်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေပြီး ငိုရှိုက်သံများက တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။
ငိုရှိုက်သံကို မကြားရသော်လည်း ရင်နင့်ဖွယ် နာကျင်မှုကို ခံစားရသည်။
ရှန်းယွီ အတော်လေး စိုးရိမ်နေသည်။ ရှန်းယွီသည် ကားမောင်းနေရင်း နောက်ကြည့်မှန်ကို ခဏခဏ ကြည့်နေပြီး အသက်ကိုပင် ကောင်းကောင်း မရှူရဲပေ။ ဘာဖြစ်သွားသည်ကို သူ မသိသော်လည်း အစ်မတန်တန်ထံမှ နက်ရှိုင်းသော ဝမ်းနည်းမှုကို ခံစားမိသည်။
ကုဟွိုင်အန်း။
သူသာ အစ်မတန်တန်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လျှင် သူ့ကို ပြန်ပေးဆပ်စေမည်ဟု ရှန်းယွီ စိတ်ထဲမှ ကတိသစ္စာပြုလိုက်သည်။
မကြာမီ ကားရပ်သွားသည်။ ရှန်းတန် မျက်ရည်များကို သုတ်ပြီး ဟန်ဆောင်အပြုံးဖြင့် ပြုံးလိုက်သည်။ "ဒီအကြောင်းကို အဒေါ်နဲ့ ကျန်တဲ့သူတွေကို မပြောပါနဲ့။"
သူမ သူတို့ကို စိတ်မပူစေချင်ပါ။
ရှန်းယွီက သူမ၏ မျက်လုံးများကို လက်ညှိုးထိုးပြသည်။ "ဒါက ကျွန်တော် ပြောဖို့ မလိုဘူးလို့ထင်တယ်။ အစ်မရဲ့ နီရဲပြီး ဖူးယောင်နေတဲ့ မျက်လုံးတွေကို မြင်တာနဲ့ အစ်မ ငိုထားတာ ထင်ရှားတယ်။"
ရှန်းတန် သက်ပြင်းချလိုက်သည်။ "ရတယ်။ နောက်မှ အပေါ်ထပ်ကို တိတ်တိတ်လေး တက်သွားမယ်။ မင်း ငါ့ကို ကြက်ဥ ကူပြုတ်ပေးဦး။"
"ကောင်းပြီ။"
သို့သော် ထိုအစီအစဉ် ပျက်စီးသွားသည်။ နှစ်ယောက်သား ဧည့်ခန်းထဲဝင်လိုက်သည်နှင့် လက်ဖက်ရည်သောက်ရန် အောက်ထပ်ဆင်းလာသော ရှန်းပေါ်ယွမ်နှင့် တည့်တည့်တိုးခဲ့သည်။
ရှန်းတန် : "..."
"တန်တန်၊ မင်း ငိုထားတာလား။"
"ဘာမှမဟုတ်ပါဘူး..."
ရှန်းတန်သည် သူ့ဦးလေးက အသေးစိတ် မေးမြန်းလိမ့်မည်ဟု ထင်ခဲ့သော်လည်း အံ့အားသင့်စွာပင် သူ ဘာမှမပြောတော့ဘဲ သူမကို ဆိုဖာပေါ် ဆွဲခေါ်ကာ ထိုင်စေခဲ့သည်။
"ငိုချင်ရင် ငိုလိုက်ပါ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရင်ထဲမှာ မြိုသိပ်ထားဖို့မလိုဘူးဆိုတာ မှတ်ထားပါ။ ဦးလေးက မင်းရဲ့ ခိုင်မာတဲ့ အားကိုးရာ ဖြစ်ပေးမယ်။"
ရှန်းယွီကလည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်ရောပဲ။"
ရှန်းတန် မျက်ရည်များကြားမှ ပြုံးလိုက်သည်။ ဤကဲ့သို့ မိသားစုမျိုးကို ထိုက်တန်စွာရရှိရန် သူမ ဘာများ လုပ်ခဲ့မိပါသနည်း။
သူမ၏ နှလုံးသားကို ဖုံးအုပ်ထားသော မှောင်မိုက်မှုများ သိသိသာသာ လျော့ပါးသွားခဲ့သည်။
"ကျေးဇူးပါ ဦးလေး။"
"အိုင်~ ဦးလေးတို့က မိသားစုဝင်တွေပဲလေ။ ဒီလို ကျေးဇူးတင်စကားတွေက ဘာအတွက်လဲ။"
ရှန်းယွီ သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
ရှန်းတန် ရယ်မောလိုက်ပြီး သူ့ဆံပင်များကို ဖရိုဖရဲလုပ်လိုက်သည်။ "ပြီးတော့ မောင်လေး ရှန်းယွီလည်း ကျေးဇူးပဲ။"
ရှန်းယွီ ပါးစပ်ပင် နားရွက်တက်ချိတ်မတတ် ပြုံးရွှင်သွားပြီး စိုးရိမ်ပူပန်မှုမရှိဘဲ ပျော်ရွှင်နေသည်။ သူသည် ချမ်းသာသော အိမ်မှ အူကြောင်ကြောင် သခင်လေး တစ်ယောက်လို ပုံစံပေါက်နေသည်။
ရှန်းပေါ်ယွမ်က "အဆင်မပြေဘူးဆိုရင် ဦးလေးကို ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြလို့ရပါတယ်။ ဦးလေးက ဒီလောက် နှစ်ပေါင်းများစွာ နေလာခဲ့ပြီဆိုတော့ အကြံဥာဏ်ပေးနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ရင်မဖွင့်နိုင်ဘူးဆိုရင်လည်း ဘာမှမပြောဘဲ နေလို့ ရတယ်။"
ရှန်းတန် တုံ့ဆိုင်းနေသည်။ အတွင်းစိတ်ကို ဖတ်ရှုနိုင်ခြင်းဆိုသည်မှာ ပြောပြလျှင်ပင် မယုံကြည်နိုင်လောက်သည့် အကြောင်းအရာ ဖြစ်နေသည်။
ထို့အပြင် ကိစ္စတစ်ခုလုံးက အတွင်းစိတ် ဖတ်ရှုနိုင်သည့် စွမ်းရည်နှင့် ပတ်သက်နေပြီး ထိုအကြောင်းကို မဖော်ပြဘဲ သူမ ဘာပြောရမည်ကို မသိပေ။
"ကျွန်မ..."
အခန်း ( ၁၂၄ ) – မရီး၊ မရီးနဲ့ အစ်ကိုကု ရန်ဖြစ်ထားတာလား။
ရှန်းပေါ်ယွမ်က နှစ်သိမ့်ပေးလိုက်သည်၊ "စိတ်မပူပါနဲ့၊ ဖြည်းဖြည်းချင်း စဉ်းစားလို့ ရပါတယ်။ ဒါပေမဲ့ ဦးလေးက အသက်ကြီးပြီဆိုတော့ မင်းတို့ လူငယ်တွေနဲ့ ပြောစရာ ခေါင်းစဉ်တူချင်မှ တူမယ်။ တစ်ခုခုဆို မင်းရဲ့ မောင်လေးနဲ့လည်း ဆွေးနွေးလို့ရတယ်နော်။"
ရှန်းယွီက ခေါင်းကို ဆတ်ခနဲ ငြိမ့်လိုက်သည်မှာ ဆန်ကောက်နေသော ကြက်ကလေးတစ်ကောင်နှင့် တူလှသည်။
"အစ်မတန်တန်၊ စိတ်မပူပါနဲ့။ အစ်မကို ဘယ်သူ အနိုင်ကျင့်ကျင့်၊ ကျွန်တော် ပြန်ထိုးပေးမယ်"ဟု ပြောရင်း သူ့လက်မောင်းသေးသေးလေးများကို ဝှေ့ယမ်းပြလိုက်သည်။
ရှန်းတန် စိတ်ထဲကနေ တွေးလိုက်သည်၊ တကယ်တမ်း တစ်ယောက်ယောက်ကို ရိုက်နှက်ရမယ်ဆိုရင် သူမကပဲ သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
သူ့ရဲ့ ပိန်သွယ်တဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို ကြည့်ရတာ လှုပ်ရှားမှု အနည်းငယ်နဲ့တင် အရိုက်ခံရလိမ့်မည်ဟု သူမ တွက်ဆမိသည်။
သို့သော် သူမ၏ မောင်လေးကို မျက်နှာသာပေးရမည်ဖြစ်သောကြောင့် ရှန်းတန် ပြုံးလိုက်ပြီး အလိုက်တသိ လိုက်လျောကာ ပြောလိုက်သည်၊ "အင်း၊ မနက်ဖြန် တစ်ယောက်ယောက်ကို ရိုက်နှက်ဖို့ နင့်ကို ခေါ်သွားမယ်။"
ရှန်းယွီ လန့်သွားသည်။ "အစ်မတန်တန်၊ အတည်ပြောနေတာ မဟုတ်ပါဘူးနော်။"
"အစ်မက စတာပါ။"
ရှန်းတန် သက်ပြင်းချလိုက်သည်။ သူမ ဘယ်လိုလုပ် ကုဟွိုင်အန်းကို ရိုက်နှက်ရက်မှာလဲ။
သူမ တကယ်ကို အသည်းကွဲ၊ ရင်နာနေဆဲဖြစ်ပြီး စိတ်ထဲမှာ ခါးသီးနေတုန်းပင် ဖြစ်သည်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကုဟွိုင်အန်းရဲ့ အမှားချည်းပဲ မဟုတ်ပါဘူး။ သူ အချိန်အတော်ကြာ သူမဆီက ဖုံးကွယ်ထားခဲ့တာကပဲ သူ့အမှားပါ။
ပြီးတော့ တကယ့်ကို ထူးဆန်းနေတာ…
သူမအရင်က သူ့အပေါ်မှာ ထားခဲ့ဖူးတဲ့ ဆိုးညစ်တဲ့ အတွေးတွေကို သူ အကုန်သိနေပြီလို့ တွေးလိုက်မိတော့ ရှန်းတန် သူ့ခြေချောင်းလေးတွေကို တင်းတင်းကျုံ့မိလိုက်သည်။ သူမ အခု သူ့ကို လုံးဝ မတွေ့ချင်သေးဘူး။
ရှန်းတန်ရဲ့ မျက်နှာမှာ အရောင်အမျိုးမျိုး ပြောင်းလဲနေတာကို မြင်တော့ ရှန်းယွီနဲ့ ရှန်းပေါ်ယွမ်တို့ စကားမပြောဘဲ အချင်းချင်း ကြည့်လိုက်ကြသည်။
ရှန်းပေါ်ယွမ်က ရှန်းယွီရဲ့ ပခုံးကို ပုတ်ပြီး တီးတိုးပြောလိုက်သည်၊ "မင်းအစ်မကို ဂရုစိုက်နော်၊ မဟုတ်ရင် မင်း အရေခွံခွာပစ်မယ်။"
ရှန်းယွီ : "..."
ဖေဖေ လူဆိုးကြီးပဲ။
အခု တူမတစ်ယောက် ရတော့ သူ့သားကိုတောင် မလိုချင်တော့ဘူးလား။
ရှန်းပေါ်ယွမ်က ရှန်းတန် ရှေ့မှာ သူ့ကို ဆူလို့မရဘူးဆိုတာကို အခွင့်ကောင်းယူပြီး သူ့အဖေကို ပြောင်ပြလိုက်သည်။
ရှန်းပေါ်ယွမ် : "..."
ငါ တကယ်ပဲ သူ့အပေါ် အရမ်း လွယ်လွယ်လေး ကိုင်တွယ်ထားမိတာပဲ။
သူ့ကို ဘယ်တော့မှ ရိုက်တော့မှာ မဟုတ်ဘူးလို့ ထင်နေတာလား။
သတိပြန်ဝင်လာသောအခါ ရှန်းတန်က ဦးလေး ထွက်သွားပြီဖြစ်ပြီး ရှန်းယွီမှာ သူ့ဘေးတွင် ငိုက်မျဉ်းနေသည်ကို တွေ့လိုက်သည်။
"အစောကြီးရှိနေတာကို ငိုက်နေပြီလား။"
"မစောတော့ဘူး အစ်မ။ အချိန် ဘယ်လောက်ရှိပြီလဲ ကြည့်ပါဦး။"
ရှန်းတန် ဖုန်းကို ကြည့်လိုက်သောအခါ ညအချိန်ရောက်နေပြီဖြစ်ကြောင်း သတိထားမိသည်။ ဝီချက်မှာ မက်ဆေ့ချ်များစွာ ရှိနေပြီး သူမ ဖွင့်ကြည့်လိုက်သောအခါ ကုဟွိုင်အန်းက မက်ဆေ့ချ်တစ်စောင်သာ ပို့ထားပြီး ကျန်တာတွေကတော့ စမ်စုန့်ပိုင်နှင့် ဖူကျွင်းရှန့်တို့ နှစ်ယောက်ဆီက ဖြစ်သည်။
[ကုဟွိုင်အန်း : တန်တန်၊ ကိုယ် တောင်းပန်ပါတယ်။ ကိုယ် အရင်က ဘာမှမပြောခဲ့တာက ဘယ်လို စကားစရမှန်း မသိလို့ပါ။
အစကတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ပဲ ထင်ခဲ့တာ။ ပြီးတော့ မတော်တဆ မင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မင်း ဒီကမ္ဘာက မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။
ဘယ်တုန်းက စခဲ့လဲဆိုတာ မသိဘူး၊ ဒါပေမဲ့ မင်း ဘယ်လောက် ချစ်စရာကောင်းတယ် ဆိုတာမျိုး ကိုယ်တစ်ယောက်တည်းပဲ သိခွင့်ရတဲ့ အကြောင်းအရာတွေကို သိရကတည်းက မင်းကို ကိုယ် တွယ်တာပြီး ချစ်မိသွားခဲ့ပြီ။
ကိုယ် မင်းကို ပြောပြဖို့ စဉ်းစားခဲ့ဖူးတယ်၊ ဒါပေမဲ့ မင်းသိသွားရင် ကိုယ့်ကို ထားသွားမှာကို ကြောက်တယ်။
နောက်ဆုံးတော့ ကိုယ် ဖုံးကွယ်ထားခဲ့တာကြောင့်ပဲ ဒီနေ့ ဒီလိုဖြစ်လာရတာ။ ကိုယ် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာပါ့မယ်။]
ရှန်းတန် ပြန်မဖြေဘဲ စမ်စုန့်ပိုင်ရဲ့ ဝီချက်ကို ဖွင့်ကြည့်လိုက်သည်။
[မရီး၊ မရီးနဲ့ အစ်ကိုကု ရန်ဖြစ်ထားတာလား။]
[အစ်ကိုကု အရက်တွေ အများကြီး သောက်ထားတယ်။ ဆေးလိပ်တွေလည်း အများကြီး သောက်ထားတယ်။]
ရှန်းတန်ဆီ ပုံတချို့ ဆက်လက် ပို့ထားသည်။
ရှန်းတန် ပုံတွေကို ချဲ့ကြည့်လိုက်သောအခါ ပုလင်း တစ်ဒါဇင်ကျော် တွေ့ရသည်။ ပုံမှန်လို မဟုတ်ဘဲ ပင်ပန်းနွမ်းနယ်နေသော ကုဟွိုင်အန်း၏ ဓာတ်ပုံလည်း ပါဝင်သည်။
ဘယ်လောက်ပဲ အပြင်ပန်း ရုပ်ဆိုးနေပါစေ၊ သူက အရမ်းချောနေတုန်းပဲ။
ဒီလိုတွေးမိတာကို ပြန်သတိထားမိလိုက်သောအခါ ရှန်းတန် ကိုယ့်ကိုယ်ကိုယ် တစ်စက္ကန့်လောက် ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။
ရှန်းတန်ရယ် ရှန်းတန်၊ နင် တကယ့်ကို ရုပ်ရည်ကြည့်ကောင်းတာနဲ့ အယုံလွယ်တတ်သူပဲ။ နင့်ကို ကူညီနိုင်မဲ့သူ ရှိတော့မယ်တောင် မထင်ဘူး။
[မရီး၊ ဘယ်တော့ ပြန်လာမှာလဲ။]
[အိုးမိုင်ဂေါ့၊ အစ်ကိုကုက ဘုန်းကြီးဝတ်ချင်နေပုံရတယ်။ ဘုန်းတော်ကြီးတွေနဲ့ တာအိုဆရာသခင်တွေကို ရှာခိုင်းနေပြီ။]
[မရီး....]
ရှန်းတန်တစ်ယောက် ဒီလူက နတ်ဝင်နေတဲ့ ဘဲတစ်ကောင်လိုပဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက် စကားများနိုင်တာလဲဟု တွေးမိသည်။
ဖူကျွင်းရှန့်ရဲ့ ဝီချက်ကို ဖွင့်ကြည့်လိုက်တော့ စံစုန်ပိုင်ရဲ့ ဟာနဲ့ သိပ်မကွာခြားပေ။
သို့သော် စမ်စုန့်ပိုင်နဲ့ မတူဘဲ သူက ရှန်းတန် ဘယ်တော့ ပြန်လာမလဲလို့ မမေးခဲ့ဘူး။ သူက ကုဟွိုင်အန်း ပြောသမျှကို ဂရုတစိုက် ရေးမှတ်ပြီး သူမကို ပြန်ပို့ပေးခဲ့ကာ "မရီး၊ ကျွန်တော်က မရီးဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်။ အစ်ကိုကု တစ်ခုခု အမှားလုပ်ထားတာ သေချာတယ်။ စိတ်မပူပါနဲ့။ အခုကစပြီး ကျွန်တော်က မရီးရဲ့ အတွင်းလူ ဖြစ်လာပြီး အစ်ကိုကုရဲ့ အသွားအပြန် အကုန်လုံးကို ပြောပြပေးပါ့မယ်။"ဟု ထပ်ပေါင်းပြောခဲ့သည်။
ရှန်းတန် : "..."
ရိုးရိုးသားသားပြောရလျှင် သူ့ကို ယုံကြည်ဖို့ သူမ နည်းနည်း သံသယဖြစ်မိသည်။
ဖူကျွင်းရှန့်က ကုဟွိုင်အန်းကို သူမအကြောင်း အဲဒီလိုမျိုး စကားတွေ ပြောနိုင်ရင် ဘယ်လိုလုပ်မလဲ။
လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။
ခဏစဉ်းစားပြီးနောက် သူမ မက်ဆေ့ချ်တစ်ခု ရိုက်ပြီး ပို့လိုက်သည်။
[ကောင်းပြီ၊ နောက်မှ မင်းနဲ့အတူ ranked match ကစားပေးမယ်။]
[ဖူကျွင်းရှန့် : ကျေးဇူးတင်ပါတယ် မရီး၊ စမ်စုန့်ပိုင် မပါဘဲ တိတ်တိတ်လေး နှစ်ယောက်တည်း ဆော့ကြမယ်။ သူက အများကြီး ညံ့တယ်။ သူသာ မရှိရင် နောက်ဆုံးအကြိမ်ကလို လက်တစ်ဖက်တည်းနဲ့ ကစားရင်တောင် ရှုံးမှာ မဟုတ်ဘူး။]
ရှန်းတန် : "..."
မင်းတို့နှစ်ယောက်ရဲ့ အဆင့် နှစ်ဆင့်က တကယ်တော့ အတူတူပဲ။ ဒါကြောင့် ကိုယ့်အပြစ်ကိုယ်မမြင်ဘဲ သူများကို အပြစ်ပုံချတာ ရပ်လိုက်တော့။
[မျှော်လင့်ချက်ပျောက်ဆုံးနေသော အချစ်မျောက် : ကောင်းပြီ။]
တစ်ဖက်တွင်မူ ရှန်းတန် မျှော်လင့်ထားသည့်အတိုင်း မက်ဆေ့ချ် ပို့ပြီးသည်နှင့် ဖူကျွင်းရှန့်သည် ဝမ်းသာအားရ သူ့ပေါင်ကို ပုတ်ပြီး "ဟားဟားဟား၊ ငါ သိတယ်။ မရီးက ငါ့ကို တကယ်ချစ်တာ"ဟု အော်လိုက်သည်။
သူ ဒီလိုပြောပြီးတာနဲ့ သူ့ပတ်ဝန်းကျင်က အပူချိန် ကျဆင်းသွားတာကို ခံစားလိုက်ရသည်။
သူ ချက်ချင်း စကားပြောင်းလိုက်သည်၊ "ကျွန်တော် ဆိုလိုတာက မရီးက ကျွန်တော့်ကို သူ့မောင်လေးလို တကယ် သဘောထားတယ်လို့ ပြောတာပါ။"
ထိုအခါမှ ကုဟွိုင်အန်း သူ့အကြည့်ကို ရုပ်သိမ်းလိုက်သည်။ သူ မေးမိလိုက်သည်၊ "သူ... ငါ့အကြောင်း ပြောသေးလား။"
ဖူကျွင်းရှန့် ခေါင်းကို အမြန်ခါလိုက်သည်။ "မပြောဘူး။"
သူတို့ဘေးတွင် စမ်စုန့်ပိုင်မှာ မနာလိုစိတ်နှင့် မုန်းတီးစိတ်ဖြင့် စိမ်းကားနေသည်။ သူ့ဖုန်းကို ကြည့်လိုက်သောအခါ မရီး သူ့ကို တကယ်ပြန်မဖြေထားသည်ကို တွေ့လိုက်ရသည်။ သူ သူမကို မကြိုက်တာများလား။
သို့သော် ထိုအချိန်တွင် အီမိုဂျီတစ်ခု ရောက်လာသည်။
စကားလုံးများ မပါသော်လည်း ဒါက ပြန်ဖြေတာပဲ။
စမ်စုန့်ပိုင်လည်း ဆိုဖာ ပတ်ပတ်လည်ကို ပျော်ရွှင်စွာ ပြေးလွှားနေသည်။
"အားးး၊ မရီးက ငါ့ကိုလည်း ပြန်ဖြေပြီ။"
နှစ်ပတ်လောက် ပတ်ပြီးနောက် ကုဟွိုင်အန်း ရှေ့တွင် ရပ်ကာ မေးလိုက်သည်၊ "အစ်ကိုကု၊ မရီး မင်းကိုလည်း ပြန်ဖြေပြီ မဟုတ်လာ။ ဘယ်တော့ ပြန်လာမယ်လို့ သူ ပြောသေးလား။"
ဖူကျွင်းရှန့် : "..."
သူ့စိတ်ထဲ၌ : ဒီကောင်က ဘာလို့ ငါ့ကို မိုက်မဲတယ်လို့ ခေါ်တာလဲ။ ငါ့ထက်တောင် ပိုမိုက်မဲနေတာ မဟုတ်ဘူးလား။
ကုဟွိုင်အန်း လက်က ခဏ ရပ်တန့်သွားသည်။ အကြောင်းပြန်ခြင်းမရှိ၊ ဗလာဖြစ်နေသော မက်ဆေ့ခ်ျကို ကြည့်လိုက်ရာ သူ့နှလုံးသား နစ်မြုပ်သွားသည်။
သို့သော် သူ ရှန်းတန်ဆီကနေ ဘလော့မခံရခြင်းက သတင်းကောင်းဟု မှတ်ယူနိုင်လောက်သည်။
ကုဟွိုင်အန်း ဖုန်းစခရင်ကို ပိတ်ပြီး ထရပ်ကာ ပြောလိုက်သည်၊ "ငါ အခန်းထဲ ပြန်တော့မယ်။ မင်းတို့ ပျော်ပျော်နေကြ။"
သူသည် အတွင်းစိတ်ဖတ်ရှုနိုင်စွမ်းကို မည်သို့ ဖယ်ရှားရမည်ကို သေချာစွာ လေ့လာရမည်။
သူ့မှာ အတွင်းစိတ်ဖတ်ရှုနိုင်ခြင်း ပျောက်ကွယ်မသွားသရွေ့ တန် ပြန်လာမည်မဟုတ်ဟု ခံစားနေရသည်။
ဒါကြောင့် အခုအချိန်မှာ အရေးအကြီးဆုံးကတော့ တစ်နိုင်ငံလုံးမှာ အကျော်ကြားဆုံး ဘုန်းကြီးကျောင်းတွေ၊ တာအိုဘုန်းကြီးကျောင်းတွေနဲ့ ဆရာသခင်တွေကို ရှာဖွေဖို့ပဲ ဖြစ်သည်။
တစ်ဖက်တွင် လက်ထောက်ကန်းသည် ကုမ္ပဏီမှ အချိန်ပိုဆင်းပြီး အပြန်တွင် ဤတောင်းဆိုချက်ကို လက်ခံရရှိခဲ့သည်။
လက်ထောက်ကန်း ကျိန်ဆဲချင်စိတ် ပေါက်လာသည်။ သူ ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ သူ့ဘဝတစ်ဝက်စာလောက် အလွယ်တကူ သုံးစွဲနိုင်သော ငွေပမာဏကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ လုံးဝ စိတ်ငြိမ်သက်ပြီး အေးချမ်းသွားသည်။
[ဟုတ်ကဲ့၊ ဥက္ကဌကု။]
သို့သော် ဘော့စ်ကုသည် ဤအရာများကို ရုတ်တရက် အဘယ်ကြောင့် ရှာဖွေခိုင်းသည်ကို သူ အတော်လေး သိချင်နေသည်။
လိုက်ဖက်ညီမှု ဟောကိန်းထုတ်ခြင်း သို့မဟုတ် တစ်ခုခုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်မလား။
သတင်းကောင်း ရောက်လာတော့မှာလား။
လက်ထောက်ကန်း သူ့မျက်မှန်ကို နှာခေါင်းပေါ် တွန်းတင်ပြီး ပါးစပ်ထောင့်များ ကွေးညွှတ်သွားသည်။ ဒီနေရာမှာ အောင်သွယ်လုပ်သူအနေနဲ့ သူက ဘာကြောင့် စာအိတ်နီ မရတာလဲ။