← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း ( ၁၂၇ ) – တန်ရှန်းရှန်း

ရှန်းတန်သည် စိတ်အနှောင့်အယှက်ပေးရာတွင် ပြိုင်ဘက်မရှိဟု ပြောရပေမည်။

မစ္စတာကျိုးသည် အလွန်ဒေါသထွက်နေသဖြင့် အံကြိတ်မတတ်ပင်၊ သူသည် အကြမ်းဖက်ရန် ပြင်နေသည်။

သို့သော် သူ အကြမ်းဖက်လျှင်ပင် ရှန်းတန် မကြောက်ပေ။ သူ၏အားနည်းသော ခန္ဓာကိုယ်ဖြင့် သူမသည် သူ့လိုလူ ဆယ်ယောက်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် ဖြုတ်ချနိုင်သည်။

"မင်း ဘယ်ကလဲ၊ ငါ ဘယ်သူလဲဆိုတာ မင်းသိလား" မစ္စတာကျိုးသည် ရှန်းတန်ကို အပေါ်အောက် ကြည့်လိုက်ပြီး "အခု တောင်းပန်ရင်တောင် အချိန်မီသေးတယ်။ မဟုတ်ရင်..."

"မဟုတ်ရင် ဘာဖြစ်လဲ။ အိမ်ပြန်ပြီး ရှင့်အဖေကို ကျွန်မကို သတ်ခိုင်းမလို့လား။"

မစ္စတာကျိုး : "..."

ဒီလူက သူ တွေ့ဖူးသမျှ တခြားသူတွေနဲ့ ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ။

သူ့မိသားစုက တော်တော်လေး နာမည်ကြီးသေးတာကို၊ ဘယ်လိုလုပ်ပြီး သူ့ကို မကြောက်တဲ့သူ ရှိနိုင်တာလဲ။

"ဟမ့်၊ မင်းကို ငါမှတ်ထားမယ်။ မင်း နာမည် ဘယ်လိုခေါ်လဲ။"

ရှန်းတန်က သူမ၏ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး "လူတစ်ယောက်ရဲ့ နာမည်က မိဘတွေပေးတာ၊ ကျွန်မကို တန်ရှန်းရှန်းလို့ ခေါ်နိုင်တယ်။"

ရှန်းလန် ရယ်မောသံကို မြိုသိပ်လိုက်သည်။

တန်ရှန်းရှန်း၊ ရှန်းတန်၊ ဖွီး...။

မျိုးရိုးနာမည်က တန်,လား။

မစ္စတာကျိုး ဘယ်လိုပဲ စဉ်းစားစဉ်းစား သူမ ဘယ်တန်မိသားစုကလဲဆိုတာကို ရှာမတွေ့နိုင်ခဲ့ပေ။

ဒီစကားဝိုင်းကို ဆက်ပြောနေရင် သူ့ကို ပိုပြီး အရှက်ကွဲစေမှာပဲလို့ သူခံစားမိသည်။ ဒါကြောင့် မစ္စတာကျိုးက ရှန်းတန်နဲ့ ရှန်းလန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး "ကောင်းပြီ၊ တော်တော်လေး ကောင်းတယ်။ မင်းတို့စောင့်နေ"ဟု ပြောသည်။

"သွားလေ၊ ကျွန်မ ရှင့်ကို ဒီမှာပဲ စောင့်နေမယ်။ ရှင့်မိဘတွေကို မြန်မြန်လေး သွားရှာဖို့ မမေ့နဲ့။"

ရှန်းလန် အသံထွက် ရယ်မောလုနီးပါး ဖြစ်သွားသည်။ ရှန်းတန်ရဲ့ လျှာစောင်းထက်မှုက လူတွေကို တကယ် ချစ်စေပြီး တကယ်လည်း မုန်းတီးစေသည်။

ရှန်းလန် စနောက်ဟန်ဖြင့် ပြောလိုက်သည်၊ "မစ္စတာကျိုးက လူကြီးပဲ၊ မိဘတွေကို သွားတိုင်မှာ မဟုတ်ဘူး။ ဒါက ဖြစ်နိုင်ပါ့မလား။"

မစ္စတာကျိုး : "..."

သူ တကယ်ပဲ သူ့မိဘတွေကို တိုင်ပြောချင်တယ်။

"ဟားဟား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

သူ့အတွေးတွေကို မြင်သွားတာ နည်းနည်းတော့ ရှက်စရာပဲ။ သူသည် နှစ်ယောက်ကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီးမှ ထွက်သွားသည်။

ရှန်းတန် စိတ်မကောင်းဖြစ်သွားသည်၊ "အစ်မလန်၊ အစ်မတို့ မိသားစုက ဘယ်လိုလုပ်ပြီး သူ့လိုလူနဲ့ အစ်မကို စေ့စပ်ဖို့ စီစဉ်ရတာလဲ။"

အရင်ဆုံး စေ့စပ်ထားတယ်ဆိုတာက မှားယွင်းမှု ဖြစ်သည်။ အထူးသဖြင့် အစ်မလန်တွင် ရည်းစားရှိနှင့်ပြီးသားဖြစ်ရာ သူ့မိဘတွေကို သူမကို လှည့်ဖြားပြီး အိမ်ပြန်ခေါ်ကာ အသုံးမကျသောလူတစ်ဦးနှင့် လက်ထပ်ပေးခြင်းသည် တကယ်ကို ရွံစရာကောင်းသည်။

ရှန်းတန်သည် အစ်မလန် အခု ဘယ်လိုခံစားနေရမယ်ဆိုတာကို မတွေးကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ရှန်းလန်သည် ရှန်းတန်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်၊ "အစ်မကို စိတ်မပူပါနဲ့။ အစ်မ သူတို့နဲ့ အဆက်အသွယ်ဖြတ်ခဲ့တာ ကြာပါပြီ။ အခုတစ်ခေါက် အမေက ဖျားနေတယ်လို့ လိမ်ညာပြီး အစ်မကို လှည့်စားမယ်လို့ မထင်ထားခဲ့ဘူး..."

"စိတ်ချပါ၊ အစ်မ ဒီကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး။"

ရှန်းတန် ခေါင်းကို ခိုင်မာစွာ ငြိမ့်လိုက်သည်၊ "မှန်တယ်။ ဒီကို ဘယ်တော့မှ ပြန်မလာနဲ့တော့။"

နှစ်ယောက်သား တစ်ဖက်တွင် ပျော်ရွှင်စွာ စကားပြောနေကြစဉ် ရှန်းယွီမှာတော့ လူတွေကို စောင့်နေရင်း တစ်နေရာတည်းတွင် အချိန်အတော်ကြာ ရပ်နေခဲ့ရာ ခြေထောက်များပင် ထုံကျဉ်နေပြီ။

သူ ထွက်သွားချင်သော်လည်း ရှန်းတန် ပြန်လာသည့်အခါ သူ့ကို ရှာမတွေ့မှာစိုးသောကြောင့် အရူးတစ်ယောက်လို ဆက်ရပ်နေခဲ့သည်။

သူသည် ရှန်းတန် ပြန်လာသည်အထိ ဆက်ရပ်နေခဲ့သည်။

ရှန်းယွီ စိတ်မကောင်းစွာဖြင့် "အစ်မတန်တန်၊ ကျွန်တော့်ကို မေ့သွားတာလား"ဟု ညည်းညူမိသည်။

ရှန်းတန် ညင်သာစွာ ချောင်းဟန့်လိုက်သည်။ သူမ တကယ်ပဲ သူ့ကို မေ့သွားခဲ့တာ။

ဒါပေမဲ့ သူမ ဒါကို ဝန်ခံနိုင်မလား၊ သေချာပေါက် မဟုတ်ဘူးပေါ့။

သူမက ဖြောင့်မတ်စွာ ပြောပြလိုက်သည်၊ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ခုနတုန်းက အစ်မကို စိတ်အနှောင့်အယှက်ပေးတဲ့ လူတစ်ယောက်နဲ့ ကြုံနေမိလို့ နည်းနည်း ကြာသွားတာပါ။"

အင်း၊ ဒါက လုံးဝ လိမ်တာတော့ မဟုတ်ဘူး၊ သူမ အဲဒီလူကို အချိန်ခဏလေးအတွင်း ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့တယ်ဆိုတာကိုပဲ ဖုံးကွယ်ထားခဲ့မိတာပါ။

ရှန်းယွီ ချက်ချင်းပင် အဖြစ်အပျက်ကို မေ့သွားသည်။ "အစ်မတန်တန်၊ ဘယ်သူလဲ။ သူ အစ်မကို အနိုင်ကျင့်တာလား၊ ကျွန်တော် သွားရိုက်ပေးမယ်။"

"မျိုးရိုးနာမည် ကျိုးနဲ့ ယောက်ျားတစ်ယောက်။" ရှန်းလန်သည် ရှန်းတန်ကို ကြည့်ပြီး "သူက မစ္စတာကျိုးပဲ" ဟု ပြောလိုက်သည်။

ရှန်းယွီ ချက်ချင်း စိတ်ပျက်သွားသည်၊ “ဟင့်အင်း၊ ကျွန်တော် သူ့ကို မနိုင်ဘူး။"

"သူ အရမ်း အင်အားကြီးတာလား။"

"သူ အင်အားကြီးတာ မဟုတ်ဘူး၊ သူ့အမေက အင်အားကြီးတာ။"

ရှန်းယွီက ဘေးဘယ်ညာ ကြည့်လိုက်ပြီးမှ သူ့အသံကို နိမ့်လိုက်သည်၊ "သူ့အဖေက ပိုက်ဆံရှိတာ လူတိုင်း သိပေမဲ့ တကယ်တမ်းကြတော့ အဲဒါတွေ အကုန်လုံး သူ့အမေဆီကလေ။ သူ့အမေဘက်က အဘိုးက မှောင်ခိုဈေးကွက်ကို ချုပ်ကိုင်ထားတယ်။ သူ့အမေက လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ သမီးပဲ။"

ရှန်းတန်သည် အနည်းငယ် စိုးရိမ်သွားသည်၊ "ကျွန်မ သူ့ကို အရမ်းဆိုးဆိုးဝါးဝါး စော်ကားခဲ့မိတာတော့ မဟုတ်လောက်ပါဘူးနော်။ မိသားစုကိုတော့ ဒုက္ခမပေးလောက်ဘူးမလား။"

"သူ့အမေက မဆင်မခြင်လုပ်တဲ့သူ မဟုတ်ဘူး။ ယေဘုယျအားဖြင့် သူက အရင် ဒေါသထွက်အောင် လုပ်ခဲ့တာဆိုရင် ပြဿနာမရှိဘူး။"

ထိုအခါမှ ရှန်းတန် စိတ်အေးသွားသည်။

"ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ကို နာမည်အတု ပေးလိုက်တာပဲလေ။"

တစ်ဖက်လူရဲ့ ခွန်အားကို မသိဘဲ နာမည်အစစ်ပေးတာက မိုက်မဲရာရောက်မှာပဲ။

ရှန်းလန် ပြုံးလိုက်သည်၊ "စိတ်မပူပါနဲ့၊ ကျွန်မ သူ့အမေကို သိတယ်။ သူက တကယ့် လူကောင်းပဲ။ သူက မိဘတွေကို မပြောဘူးလို့ ပြောထားတာဆိုတော့ လုံးဝ မပြောပါဘူး၊ အဲဒီလိုမျိုး မျက်နှာပျက်ခံမှာ မဟုတ်ဘူး။"

ဒီသူဌေးသား ခေတ်ပညာတတ် လူငယ်တွေမှာ အားသာချက် တစ်ခု ရှိတယ်၊ အများစုက ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်ကြတော့ သူတို့ ပြောတဲ့စကားကို များသောအားဖြင့် လိုက်နာတတ်ကြတယ်။

ရှန်းတန် လုံးဝ စိတ်ချသွားခဲ့သည်။

ထိုလူသည် နာမည်ကောင်း၊ မျက်နှာကောင်း ရဖို့ အလွန်အမင်း ဂရုစိုက်တတ်သော လူမျိုး ဖြစ်တယ်ဆိုတာ သိသာထင်ရှားသည်။

ထိုအခါမှ ရှန်းယွီသည် ရှန်းတန်နှင့် ရှန်းလန်တို့ အတော်လေး ရင်းနှီးပုံရသည်ကို သတိပြုမိသည်။

"အစ်မတို့နှစ်ယောက်... သိကြတာလား။"

ရှန်းတန်သည် ရှန်းလန်၏ လက်မောင်းကို ဖက်တွယ်ရင်း ပြောလိုက်သည်၊ "ဟုတ်တယ်၊ အစ်မလန်က တကယ်တော့ အစ်မရဲ့ အစ်မ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

ရှန်းယွီသည် ရှန်းလန်နှင့် သိပ်ရင်းနှီးမှုမရှိသော်လည်း သူမ၏ အတိတ်ကိုတော့ သိသည်။ ရှန်းမိသားစုဝင် မည်သူမျှ မသိသူ မရှိဟု ပြောနိုင်သည်။

ရိုးရိုးသားသားပြောရလျှင် ရှန်းယွီသည် သူမကို စိတ်ထဲကနေ အတော်လေး လေးစားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီလို ကြွယ်ဝချမ်းသာမှုနဲ့ အာဏာကို လူတိုင်း မစွန့်လွှတ်နိုင်ပေ။

"အစ်မလန်၊ ဒါဆို အစ်မ ဒီတစ်ခါ ပြန်လာတာက..."

ရှန်းတန် ရှန်းယွီရဲ့ ခေါင်းကို ခေါက်လိုက်ကာ "ဘာလို့ ဒီလောက် စကားများနေရတာလဲ။"

"အခုတော့ တခြား ဘာမှ မရှိတော့ဘူးထင်တယ်။ သွားလို့ရပြီလား၊ ကျွန်မ နည်းနည်း ဗိုက်ဆာလာပြီ။" ရှန်းတန် သူ့ဗိုက်ကို ပွတ်သပ်လိုက်သည်။

အလုပ်ပြီးကတည်းက သူမ အဝတ်စားလဲပြီး ဒီကို တန်းလာခဲ့တာ။ စားဖို့ ဆိုတာ မပြောနဲ့ဦး၊ ဘာမှတောင် မသောက်ရသေးဘူး။

ဒီမှာ မစားနိုင်တာ မဟုတ်ပေမဲ့ သူမကို မသက်မသာဖြစ်စေသည်။ အဲ့အစား မစားဘဲ နေတာက ပိုကောင်းပေလိမ့်မည်။

ဟုတ်ပါသည်၊ အရေးအကြီးဆုံး အကြောင်းပြချက်ကတော့ မစ္စတာကျိုးနဲ့ ထပ်မကြုံချင်လို့ပါ။

ရှန်းယွီ ခေါင်းညိတ်လိုက်သည်၊ "ဒါဆို ကျွန်တော် အမေကို သွားပြောလိုက်ဦးမယ်။"

"ကောင်းပြီ။"

ရှန်းတန်နှင့် ရှန်းလန်တို့ ခြံထဲက ဥယျာဉ်ငယ်လေးဆီသွားပြီး စောင့်နေကြသည်။

မကြာခင်မှာပဲ သူတို့ အိမ်တော်ထိန်းက အနက်ရောင်ဝတ်အမျိုးသားအချို့ကို တိုက်ရိုက် ဦးဆောင်လာသည်ကို တွေ့လိုက်ရသည်။

ရှန်းတန်သည် သူတို့က သူမနှင့် ရှန်းလန် အတွက် ရောက်လာကြပြီး မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေသည်ဟု ထူးဆန်းစွာ ခံစားမိသည်။

သူမ ရှေ့သို့ ခြေတစ်လှမ်း တိုးပြီး ရှန်းလန်ကို သူမနောက်တွင် ကာကွယ်လိုက်သည်။

မျှော်လင့်ထားသလိုပဲ၊ ထိုအိမ်တော်ထိန်းမှာ သူတို့ရှေ့ တည့်တည့် ရပ်လာခဲ့သည်။

"သခင်မလေး"

ရှန်းလန်က သူ့ကို ဂရုမစိုက်ပေ။

"ကျေးဇူးပြုပြီး…"

သူ ထိုသို့ပြောပြီးသည်နှင့် အိမ်တော်ထိန်းနောက်မှ အမျိုးသားများက တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးလာကြသည်။

ရှန်းတန် အံ့အားသင့်သွားသည်။ ဒါက ဘာလဲ၊ နေ့ခင်းကြောင်တောင် ရန်ဖြစ်ချင်နေတာလား။

အိုး... နိုး...၊ သူတို့က ပြန်ပေးဆွဲချင်နေပုံပဲ။

အခန်း ( ၁၂၈ ) – သူ ရေချိုးနေတယ်

ရှန်းလန် အလွန်ဒေါသထွက်သွားသည်၊ "မင်းတို့ လုပ်နေတာ တရားမဝင်ဘူး။"

"သခင်မလေး၊ ဒီလောက် ခေါင်းမမာပါနဲ့။" အိမ်တော်ထိန်းက နာခံမှု မရှိသော ကလေးတစ်ဦးကို ကြည့်နေသော ကိုယ်ကျင့်တရားမြင့်မားသော လူကြီးတစ်ဦးပမာ သက်ပြင်းရှိုက်လိုက်သည်။

ကိုယ်ကျင့်တရား မြင့်မားသော လူတဲ့လား၊ ဟူး။

ရှန်းတန်က သူမ၏ ခွန်အားအကုန်သုံးကာ ထိုးကြိတ်ကန်ကျောက်လိုက်သည်။ ဘယ်လက်သီး၊ ညာလက်သီးများဖြင့် အစ်မလန်ကို ကာကွယ်လိုသည့် စိတ်ဓာတ်က သူမကို အားဖြည့်ပေးနေသောကြောင့် မကြာမီမှာပင် ထိုလူများကို ရိုက်နှက်ချေမှုန်းနိုင်ခဲ့သည်။

သို့သော် သူတို့ ဒဏ်ရာရရှိခဲ့လျှင်ပင် အိမ်တော်ထိန်းက ရပ်ခိုင်းမှသာ ရပ်ကြမည်ဖြစ်သည်။

ဒီလိုသာ အချိန်ဆက်ဆွဲနေမယ်ဆိူလျှင် ရှန်းတန်တစ်ယောက် နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်သွားလိမ့်မည်ဖြစ်သည်။

ရှန်းလန် မျက်လုံးများကို မှိတ်လိုက်သည်။ "သူတို့ကို ရပ်ခိုင်းလိုက်ပါတော့၊ ကျွန်မ ပြန်လိုက်ခဲ့မယ်။"

"အစ်မလန်။"

"အစ်မ သူနဲ့ ပြန်လိုက်သွားလို့ မဖြစ်ဘူး။"

သူမသာ ထိုသခင်လေး မစ္စတာကျိုးနှင့် လက်ထပ်လိုက်ရမည်ဆိုပါက သူမ၏ ဘဝ ပျက်စီးသွားစေနိုင်သည်။

ရှန်းလန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏ မိသားစုက သူမကို ဒီလို ပြန်ပေးဆွဲဖို့ လူတွေ စေလွှတ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ ဒါဟာ အယောင်ဆောင်မှုအားလုံးကို ဆွဲဖြဲပစ်လိုက်တာနဲ့ အတူတူပင်။

သူတို့ကြားမှာ ချစ်ခြင်းမေတ္တာ မရှိတော့ရင်တောင် ရှန်းလန်က ဒီလိုနည်းလမ်းတွေကို အသုံးပြုလိမ့်မယ်လို့ မထင်ထားခဲ့မိပေ။

သူမသည် ရှန်းတန်ကို စိတ်ချစေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ရှေ့သို့ တိုးလိုက်သည်။ "အခု ရပ်လိုက်တော့။"

အိမ်တော်ထိန်းက ပြုံးကာ ပြောလိုက်သည်၊ "မှန်ပါတယ်၊ ပညာရှိဆိုတာက ဘယ်အချိန် ရပ်တန့်သင့်တယ် ဆိုတာကို သိထားရမယ်။ သခင်မလေး၊ ဒီဘက် ကြွပါခင်ဗျာ။"

ရှန်းလန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းတက်သွားသည်။ ရှန်းတန်က သူမ၏ အနောက်သို့ လိုက်သွားချင်သော်လည်း လူအများက ပိတ်ဆို့ထားသည်။

ရှန်းတန်သည် ကိုယ်ခံပညာ အချို့ကို သေချာ မသင်ယူခဲ့မိတာကို ဒေါသထွက်မိသလို နောင်တလည်း ရမိသည်။ သူမ၏ ခွန်အားအားလုံးကို အလဟဿ ဖြစ်စေခဲ့သည်။

သူမ အစ်မလန်ကို ကယ်တင်ရမည်။

ထိုလူများ အဝေးကို ထွက်သွားပြီးတာနဲ့ လူအုပ်စုလည်း ကွဲသွားခဲ့သည်။

ရှန်းတန်သည် ရှန်းယွီကို ရှာပြီး အစ်မလန်၏ မိသားစုအကြောင်း အသေးစိတ်ကို သိရှိလိုခဲ့သည်။

ဒီအကြောင်းကို ကြားသောအခါ ရှန်းယွီ၏ မျက်မှောင်ကြုတ်သွားပြီး ပျော်ရွှင်ပုံမရပေ။

"ပြောရ အရမ်း ခက်ခဲလား။"

"တော်တော်လေး ခက်ခဲတယ်။ အစ်မကို အစောပိုင်းက ပြောဖို့ မေ့သွားတာ၊ အစ်မလန်က ရှန်းမိသားစု ပင်မအိမ်တော်ရဲ့ သမီးပါ။ သူ့အဖေက အစောပိုင်းကတည်းက မကောင်းမှုတွေ လုပ်ခဲ့တာ၊ ဒါပေမဲ့ သူက အာဏာရှိတဲ့ လူကြီးပိုင်းတွေနဲ့ အဆက်အသွယ်ရှိတဲ့အတွက် ဘယ်သူမှ သက်သေရှာမတွေ့ခဲ့ဘူး။"

ရှန်းတန်ရဲ့ နှလုံးသား နစ်မြုပ်သွားခဲ့သည်။

ဒါ မကောင်းဘူး။ အစ်မလန်ကို ကုန်ပစ္စည်း တစ်ခုလို အိမ်ထောင်ပြုပေးလိုက်တာကိုပဲ သူမ ထိုင်ကြည့်နေသင့်လား။

သူမ အဲဒါကို လက်မခံနိုင်ဘူး။

ရှန်းတန် သူမရဲ့ ဖုန်းကို ယူလိုက်သည်။ သူမ စဉ်းစားမိတဲ့ တစ်ဦးတည်းသောသူက ကုဟွိုင်အန်းပဲ။

သို့သော် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက အနည်းငယ် အဆင်မပြေဖြစ်နေပြီး သူ့ကို အကူအညီတောင်းဖို့ သူမ အနည်းငယ် ရှက်ရွံ့မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူကလွဲပြီး တခြား ဘယ်သူ့ကို ရှာရမှန်း သူမ တကယ် မသိဘူး။

ခဏတာ တုံ့ဆိုင်းပြီးနောက် အစ်မလန်ရဲ့ လုံခြုံရေးက ပိုအရေးကြီးနေတုန်းပင် ဖြစ်နေသည်။

ရှန်းတန် ဝီချက်ကို ဖွင့်လိုက်ပြီး ကုဟွိုင်အန်းရဲ့ ပရိုဖိုင်ကို ရှာကာ မက်ဆေ့ခ်ျပို့လိုက်သည် : [ရှိလား၊ ကျွန်မ အကူအညီ တစ်ခုလိုအပ်လို့။]

သူမ အကြာကြီး စောင့်နေတာတောင် စာမပြန်လာတော့ ရှန်းတန်သည် စိတ်မရှည်တော့ဘဲ ဒေါသတကြီးဖြစ်လာသည်။

သူ အလုပ်များနေမှာပါလို့ သူမ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

မကြာခင်မှာပဲ သူမ ဖုန်းမြည်လာသည်။ ရှန်းတန် မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာ ချက်ချင်း တောင့်တင်းသွားသည်။

ဖုန်းဖန်သားပြင်ပေါ်တွင် ရေးထားသည်မှာ [တောင်းပန်ပါတယ်၊ သူ ရေချိုးနေပါတယ်။ သူ့ကို ခဏနေမှ ပြန်ခေါ်ဖို့ ပြောလိုက်ပါ့မယ်။]

ရှန်းတန် မျက်လုံးလေး မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း ခဏတာ ထိတ်လန့်သွားသည်။

သူမ ဂရုတစိုက် ကြည့်လိုက်သည်၊ တကယ်ပဲ ကုဟွိုင်အန်းရဲ့ ဝီချက်ပဲ။

သူမ ရေးလက်စစာများကို ရိုက်လိုက်၊ ဖျက်လိုက် လုပ်ပြီးမှ အားလုံးကို ဖျက်ပစ်လိုက်သည်။

ရှန်းယွီသည် ရှန်းတန်၏ မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို သတိထားမိပြီး အလွန်အမင်း စိုးရိမ်လာသည်။ "အစ်မတန်တန်၊ အဆင်ပြေရဲ့လား။"

ရှန်းတန် ရင်ဘတ်ကို ဖမ်းဆုပ်လိုက်သည်။ အရမ်းနာကျင်တယ်။ မျက်ရည်တွေ ဘယ်အချိန်မဆို ကျတော့မလို မျက်လုံးတွေ ပူစပ်လာတယ်။

သူမ ခေါင်းကို နောက်သို့ ပစ်လှန်လိုက်ပြီး ငိုချင်စိတ်ကို အတင်း ထိန်းချုပ်ကာ ခေါင်းခါလိုက်သည်၊ "အဆင်ပြေပါတယ်။"

ရှန်းယွီ ပိုလို့ပင် စိုးရိမ်လာသည်။

အစ်မ လုံးဝ အဆင်မပြေပါဘူး။

သူ ဖုန်းမျက်နှာပြင်ကို ခိုးကြည့်လိုက်ရာ မက်ဆေ့ခ်ျကိုလည်း မြင်လိုက်ရသည်။

ကောင်းပြီ ကုဟွိုင်အန်း။ အစ်မ ထွက်လာတာနဲ့ မင်းက ကောင်မလေးအသစ် ရှာနေပြီပေါ့လေ။ ဒါတောင် မင်းက ငါ့အစ်မနဲ့ ပြန်ပေါင်းချင်နေသေးတာလား။ အိပ်မက်မက်နေလိုက်တော့။

"အစ်မတန်တန်၊ ခြေသုံးချောင်းပါတဲ့ ဖားတွေက ရှားပေမဲ့ ခြေနှစ်ချောင်းရှိတဲ့ ယောက်ျားတွေကတော့ နေရာအနှံ့ ရှိတယ်။ စိတ်မပူပါနဲ့၊ အဲဒီအမှိုက် ရည်းစားဟောင်းထက် သာတဲ့ ယောက်ျားကောင်း ဆယ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက် ကျွန်တော် ရှာပေးမယ်။"

သူတို့က အရည်အချင်းမှာ မယှဉ်နိုင်ရင်တောင် အရေအတွက်မှာတော့ ယှဉ်နိုင်လောက်တယ်မလား။ ဒါ့အပြင် ကုဟွိုင်အန်းက အသက်သုံးဆယ်ကျော်နေပြီ၊ အသက်ငယ်တဲ့ ယောက်ျားလေးတွေနဲ့ ငယ်ရွယ်ပြီး ခွန်အားကြီးတဲ့ ယောက်ျားလေးတွေကတော့ လူကြိုက်များနေတာပဲ။ အဲဒီအဘိုးကြီးက အခုထိ စွမ်းနိုင်သေးလား ဆိုတာ ဘယ်သူသိမှာလဲ။

ရှန်းတန်သည် အပြုံးတစ်ပွင့်ကို ကြိုးစားပြီး ပြုံးပြလိုက်သော်လည်း ငိုနေသည်ထက် ပိုဆိုးရွားနေသည်။

ထိုစဉ် ရှန်းတန်၏ ဝီချက်က အသံထပ်မြည်လာသည်။ ရှန်းတန်သည် မျက်လွှာချပြီး စာကို စစ်ကြည့်လိုက်တော့ အံ့အားသင့်သွားပြန်သည်။

[ကုဟွိုင်အန်း : တန်တန်၊ ကိုယ့်သူငယ်ချင်း အဲဒီမက်ဆေ့ခ်ျကို အရင် ပို့လိုက်တာ။ ဘာကိစ္စရှိလို့လဲ။]

ထို့နောက် ဗီဒီယိုတစ်ခု ထပ်ရောက်လာသည်။ အခန်းထဲကို ရိုက်ပြထားပြီး ခေါင်းပြောင်နေတဲ့ ယောက်ျားတစ်ယောက် ကင်မရာကို ပြုံးပြနေတာကလွဲလို့ ဘာမှ မရှိဘူး။

ရှန်းတန် : "......"

ဒီတော့ သူမ ဘာမဟုတ်တာကို ဝမ်းနည်းနေခဲ့တာလား။

ရှန်းယွီလည်း ဗီဒီယိုကို မြင်ပြီး ဒေါသထွက်သွားသည်။

"အဲဒီလူက ရူးနေတာလား။ သူက နားလည်မှုလွဲအောင် တမင်လုပ်နေတာပဲ။"

ရှန်းတန်က ဒါကို လုံးဝ သဘောတူသည်။

စကားပြောမှတ်တမ်းကို ဂရုတစိုက်ကြည့်လိုက်တော့ ထိုသူက တကယ်တမ်း ဘာမှ မသင့်လျော်တာ မပို့ခဲ့ပေ။ သူတို့ကပဲ အဆိုးဆုံးကို ကြိုတင်တွေးခဲ့မိခြင်း ဖြစ်သည်။

ဒရာမာဇာတ်လမ်းတွဲတွေ အရမ်းဖတ်ခဲ့မိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှန်းတန်ရဲ့ ပထမဆုံးအတွေးက ကုဟွိုင်အန်း တခြားမိန်းကလေးတစ်ယောက်နဲ့ အတူရှိနေတာပဲ…

အဲဒီအခါမှ သူမရဲ့ စိတ်လုံခြုံမှုကင်းမဲ့ခြင်းနဲ့ ကုဟွိုင်အန်း အပေါ် ထားရှိတဲ့ ယုံကြည်မှု နည်းပါးခြင်းတို့ကို သဘောပေါက်သွားတော့သည်။

ရှန်းတန် သူမကိုယ်သူမ တစ်စက္ကန့်မျှ စိတ်ထဲကနေ ဆူပူကြိမ်းမောင်းလိုက်သည်။

လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီးနောက် ရှန်းတန်က အစ်မလန်ရဲ့ အခြေအနေကို အလျင်အမြန် ရှင်းပြလိုက်သည်။

ကုဟွိုင်အန်း ချက်ချင်း ဖုန်းခေါ်လာခဲ့သည်။

"စိတ်မပူပါနဲ့ တန်တန်၊ ကိုယ် ဒါကို ဖြေရှင်းပေးမယ်။"

"ကောင်းပြီ၊ ကျေးဇူးပါ။"

"ကိုယ်တို့အချင်းချင်း ဒီလောက် ယဉ်ကျေးနေဖို့ မလိုဘူး။ အိုး ဒါနဲ့၊ ကိုယ့်သူငယ်ချင်းကြောင့် ခုနက နားလည်မှုမလွဲသွားဘူးမလား။"

ရှန်းတန်က အပြစ်ရှိသလို နှာခေါင်းကို ပွတ်သပ်လိုက်သည်။ "မလွဲပါဘူး၊ ရှင်က အဲဒီလိုလူမျိုး မဟုတ်ဘူး ဆိုတာ ကျွန်မ သိပါတယ်။"

တစ်ဖက်က ကုဟွိုင်အန်းရဲ့ အသံ မဟုတ်တဲ့ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

ရှန်းတန်၏ မျက်နှာ ချက်ချင်း နီမြန်းသွားသည်။

ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်လဲ။

ကုဟွိုင်အန်းသည် ခြေလှမ်း အနည်းငယ် လှမ်းပြီးမှ တုံ့ဆိုင်းစွာ မေးလိုက်သည်၊ "တန်တန်၊ မင်း အခုတလော ဘယ်လိုနေလဲ။"

သူ တကယ်မေးချင်တာက သူ့ကို လွမ်းရဲ့လား ဆိုတာကိုပါပဲ။ ဒါပေမဲ့ မကြားချင်တဲ့ အဖြေကို ရမှာစိုးလို့ ရပ်တန့်လိုက်တာပင်။

ရှန်းတန်က ခဏတုံ့ဆိုင်းနေပြီး ပြန်မဖြေဘဲ "အဲဒီမှော်ဆရာကို ခြေရာခံမိပြီလား"ဟု ပြန်မေးလိုက်သည်။

"တန်တန်၊ ဆရာသခင်ပါ၊ မှော်ဆရာ မဟုတ်ဘူး။"

ကုဟွိုင်အန်း စကားပြောပြီးသည်နှင့် ဖုန်းထဲကနေ ရယ်သံများ ထပ်ထွက်လာသည်။

ရှန်းတန် : "......"

ဟာ၊ King of Glory အရမ်းဆော့တာက သူမကို အစကတည်းက လူညံ့ဖြစ်စေခဲ့တာပဲ။

ရှန်းတန်သည် သူမ၏ ဂုဏ်သိက္ခာကို ကယ်တင်ရန် ကြိုးစားလိုက်သည်၊ "အဟမ်း၊ ဘာပဲဖြစ်ဖြစ် အနီးစပ်ဆုံး တူညီတာပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီလို စွမ်းရည်ရှိတဲ့ ဆရာသခင်တွေကလည်း သာမန်လူတွေမှ မဟုတ်တာ။"

"မှန်တယ်၊ တန်တန် ပြောတာ မှန်တယ်။" ကုဟွိုင်အန်းရဲ့ သဘောတူတဲ့ စကားလုံးတွေထဲမှာ ရယ်သံသဲ့သဲ့လေး ပါနေပြီး ရှန်းတန်ကတော့ မသိချင်ယောင်ဆောင်နေခဲ့သည်။

ကံကောင်းစွာနဲ့ အကွာအဝေးကြောင့် အနေအထားက သိပ်ပြီး အနေရခက်မနေခဲ့ပေ။

သူမရဲ့ ခြေချောင်းတွေတောင် ရှက်လွန်းလို့ ကွေးနေပြီ။

တကယ့်ကို ဒီလို ခြေချောင်း အေရိုးဗစ် လေ့ကျင့်ခန်းတွေက ပင်ပန်းလိုက်တာ။

တစ်ဖက်တွင် ရှန်းယွီကတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ကြည်နူးနေတဲ့ စကားလုံးတွေကို နားမထောင်ချင်တော့သဖြင့် ထွက်သွားသည်။ သို့သော် ရှန်းတန်နှင့် ကုဟွိုင်အန်းတို့ပြောနေတဲ့ စကားဝိုင်းရဲ့ အစိတ်အပိုင်းလေးတွေ သူ့နားထဲ ဝင်လာနေတုန်းပဲ။

သူ့အစ်မရဲ့ အသံက ကုဟွိုင်အန်းနဲ့ စကားပြောတဲ့အခါ မသိစိတ်ကနေ ပိုပြီး နူးညံ့သွားတာကို သူ သတိထားမိသည်။

တောက်စ်၊ မိန်းမတွေများ။ မချစ်ဘူး မကြိုက်ဘူးလို့ ပြောနေပေမဲ့ စိတ်ထဲကတော့ သေအောင် ချစ်နေလိုက်တာများ။

ရှန်းယွီက ကျွတ်စ်သပ်လိုက်သည်။ ကံကောင်းစွာဖြင့် ဒီနေ့ နားလည်မှုလွဲမှားတာကို ဖြေရှင်းနိုင်ခဲ့သည်။ မဟုတ်လျှင် ကုဟွိုင်အန်းက အစ်မတန်တန်အပေါ် တကယ် အမှားလုပ်ခဲ့ရင် သူ ကုဟွိုင်အန်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။

ရှန်းမိသားစုမှာ အာဏာ သိပ်မရှိသော်လည်း သူတို့က အရာရာကို ပိုပြီး လျှို့ဝှက်စွာ ကိုင်တွယ်နိုင်တုန်းပင် ဖြစ်သည်။

အိတ်နဲ့ ထည့်ရိုက်တာက အပြစ်ပေးနည်းလမ်းအဖြစ် အလုပ်လုပ်တုန်းပဲ၊ ဟမ့်...။ သူ တစ်ယောက်ချင်းစီကို ရှင်းပစ်မယ်။

All Chapters