← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း ( ၁၂၉ ) – ပစ္စုပ္ပန်ကို မြတ်နိုးပါ

ကုဟွိုင်အန်း မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို မည်သူမျှ မသိကြသော်လည်း နောက်တစ်နေ့မှာ ရှန်းတန်ကို ရှန်းလန်အား သွားခေါ်လို့ရပြီဆိုတဲ့ မက်ဆေ့ခ်ျကို ရရှိခဲ့သည်။

သူမ ရှန်းမိသားစုရဲ့ အိမ်တံခါးဝရောက်တော့ အစ်မလန်က ရှန်းမိသားစုကနေ အခုလေးတင် လွှတ်ပေးလိုက်တာနဲ့ ကြုံခဲ့ရသည်။

ရှန်းတန်က ရှန်းလန်ထံသို့ ပြေးသွားခဲ့သည်၊ "အစ်မလန်၊ အဆင်ပြေရဲ့လား။ သူတို့ အစ်မကို အနိုင်ကျင့်သေးလား။"

ရှန်းလန်က ခေါင်းခါလိုက်သည်၊ "မကျင့်ပါဘူး။"

အခန်းထဲမှာ ပိတ်လှောင်ထားတာထက် ဘာမှ မပိုဘူး။

သူမ ငယ်ငယ်တုန်းက အမှောင်ခန်းလေးထဲမှာ ပိတ်လှောင်ခံရတာကို အရမ်းကြောက်ခဲ့ပေမဲ့ အခုတော့ သူမ ကြီးလာပြီမို့ အဲဒါနဲ့ သူ့ကို ထိန်းချုပ်တာက အသုံးမဝင်တော့ပေ။

အိမ်တော်ထိန်း၏ မျက်နှာ အမူအရာမှာ ဒေါသကို မြိုသိပ်ထားသလိုမျိုး အခြေအနေ သိပ်မဟန်ပုံရသည်။

သူက ရှန်းတန်ကို အိမ်ရှေ့တံခါးဝအထိ ပို့ပေးပြီး စကားဆိုလာခဲ့သည်။ "သခင်မလေး၊ ချမ်းသာကြွယ်ဝပြီး ဂုဏ်ရှိန်ရှိတဲ့ဘဝကို မနေဘဲ ဘာလို့ ဒီလိုခက်ခဲတဲ့ဘဝမှာပဲ နေထိုင်ဖို့ ဘာဖြစ်လို့ အတင်းအကြပ် လုပ်နေရတာလဲ။"

"ကျွန်မက ဒုက္ခခံရတာကိုပဲ ကြိုက်တယ်။" ရှန်းတန် ပြန်ဖြေလိုက်သည်။

"ဟမ့်၊ စကားပုံတစ်ခုရှိတယ်၊ 'တောင်ကို အားကိုးရင် တောင်ပြိုမယ်၊ လူကို အားကိုးရင် လူထွက်ပြေးမယ်' တဲ့။ မင်းရဲ့ တောင်က အမြဲရှိနေနိုင်ပါစေလို့ မျှော်လင့်ပါတယ်။"

ရှန်းတန်က စကားဖြတ်ပြောလိုက်သည်၊ "စိတ်မပူပါနဲ့၊ ရှင် သေသွားရင်တောင် သူက ပြိုလဲမှာ မဟုတ်ဘူး။"

အိမ်တော်ထိန်းမှာ သူ့ရဲ့ မုတ်ဆိတ်မွေးများပင် ထောင်လုမတတ် အရမ်းဒေါသထွက်သွားပြီး သူ့အကြည့်တွေက စူးရဲသွားသည်။

သူက တကယ် ဆူပူလိုက်ချင်ပေမဲ့ ကုမိသားစုကို စော်ကားမိမှာ စိုးရိမ်တာကြောင့် အံကြိတ်ပြီး ဒီလိုအရှက်တကွဲဖြစ်မှုကို မြိုချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

"ဟားဟား၊ မစ္စရှန်းက ကျီစယ်နေတာပဲ။"

"ကျွန်မ မနောက်ပါဘူး၊ အမှန်တရားကို ပြောနေတာ။ ရှင့်ကို ကြည့်ရတာ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်တော့ ရှိနေလောက်ပြီ။ ဒီလို အသက်ကြီးတဲ့အထိ အိမ်တော်ထိန်းအနေနဲ့ အလုပ်လုပ်နေရတာ၊ ကျွတ် ကျွတ်၊ အရမ်းပင်ပန်းမှာပဲနော်။"

အိမ်တော်ထိန်း : "..."

"ဟမ့်၊ အပြောကတော့ ထက်ရှနေတာပဲ။"

"အင်း၊ ရှင့်ထက်တော့ နည်းနည်း ပိုထက်တယ်။ ရှင့်ရဲ့ သွားတွေက သွားတုတွေ ဖြစ်ရမယ် မဟုတ်လား။"

အိမ်တော်ထိန်း : အား....။

ဒီပါးစပ်ကို တကယ်ပဲ ချုပ်ပစ်ချင်လိုက်တာ။ ဒီကောင်မလေးက ရုပ်လေး ချောရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး အပြောကြမ်းနေရတာလဲ။

သူ ဆက်ပြောနေရင် ဒေါသနဲ့ သေသွားမှာကို စိုးရိမ်တာကြောင့် အလျင်အမြန် လှည့်ထွက်သွားခဲ့သည်။

ရှန်းတန်က သူ့ကျောပြင်ကိုကြည့်ပြီး မျက်နှာရှုံ့မဲ့ပြလိုက်သည်။

သူမကို သက်ကြီးရွယ်အိုတွေအား မလေးစားဘူးလို့ မပြောပါနဲ့၊ သူမ ဒီလိုလူမျိုးကို မလေးစားနိုင်ရုံပဲရှိတာပါနော်။

သူ့ရုပ်ရည်ကို ကြည့်ပြီး အကဲဖြတ်ရသလောက် သူက လူကောင်း မဟုတ်နိုင်ဘူး။

ရှန်းတန်က ဒါကို ထုတ်ပြောလိုက်သောအခါ ရှန်းလန် သူမကို ခဏတာမျှ အံ့အားသင့်စွာ ကြည့်လိုက်သည်၊ "နင်က မျက်နှာကိုကြည့်ပြီး ဟောနိုင်တာလား။"

"မဟုတ်ပါဘူး၊ ခံစားကြည့်မိတာပါ။ အစ်မလန်၊ သူက လူဆိုးရဲ့ လက်ပါးစေလိုမျိုး မထင်ဘူးလား။"

ရှန်းလန်က ရယ်ချင်စိတ်ကို ထိန်းထားရင်း ခေါင်းညိတ်လိုက်သည်၊ "မှန်တယ်၊ သူက လူကောင်း မဟုတ်ဘူး။"

သူမ ငယ်ငယ်ကတည်းက အိမ်က ထွက်ခဲ့သော်လည်း အတွင်းသတင်းအချို့ကိုတော့ သူမ သိနေတုန်းပင် ဖြစ်သည်။ အဆိုပါ အိမ်တော်ထိန်း၏ လက်ဟာ သွေးများဖြင့် စွန်းထင်းနေခဲ့သည်။

သို့သော် အချိန်က အရမ်းကြာမြင့်ခဲ့ပြီဖြစ်ပြီး သက်သေအထောက်အထား မရှိသည့်အတွက် ကိစ္စက မပြီးပြတ်ဘဲ ကျန်ခဲ့ရုံသာ ရှိသည်။

ဒီအကြောင်းကို ကြားတော့ ရှန်းတန် မျက်မှောင်ကြုတ်သွားသည်။ "ဒါဆို သူ အရင်က အစ်မကို အနိုင်ကျင့်ခဲ့ဖူးတာလား။"

အိမ်တော်ထိန်းမှာ သူမကို "သခင်မလေး"ဟု ခေါ်ဆိုနေသော်လည်း တကယ်တမ်းတော့ မည်သည့် လေးစားမှုမှ မပြသသလို အစ်မလန်ကိုလည်း ရက်စက်စွာ ပြုမူသည်ကို သူမ အစောပိုင်းက သတိထားမိခဲ့သည်။

ရှန်းလန်က တစ်ခုခုကို ပြန်စဉ်းစားမိပုံရသည်။ သူမ၏ မျက်နှာက အလွန်ရှုံ့မဲ့သွားသော်လည်း ပြုံးပြီး ခေါင်းခါလိုက်သည်၊ "အားလုံး အတိတ်က ကိစ္စတွေပါ။"

တကယ်တော့ သူမ ငယ်ငယ်က အိမ်တော်ထိန်းနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။

သူမ၏ မိဘများက သူမကို သိပ်ဂရုမစိုက်ပေ။ သူမ၏ အဖေက အလုပ်များနေခဲ့ပြီး သူမ၏ အမေက ဈေးဝယ်ထွက်တာနဲ့ အလုပ်များနေတဲ့အချိန်မှာ သူမဟာ အိမ်တော်ထိန်းနှင့်သာ အိမ်မှာ နေခဲ့ရသည်။

အဲဒီတုန်းက သူမ သူ့ကို သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့ တကယ် လေးစားခဲ့သည်။

သူ သူမအပေါ် ဆိုးညစ်တဲ့ လုပ်ရပ်တွေ မလုပ်ခင်အထိပေါ့…

ရှန်းလန်က မျက်တောင်ခတ်လိုက်ကာ အတွေးထဲကနေ လက်တွေ့ဘ၀ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကံကောင်းစွာဖြင့် အဲဒါတွေအားလုံး အတိတ်က ကိစ္စတွေ ဖြစ်ပြီး သူမ လုံးဝ အတိတ်ကနေ ရုန်းထွက်ကာ ရှေ့ဆက်နိုင်ခဲ့ပြီဖြစ်သည်။

သို့သော် သူမ ဒီအဘိုးကြီးကို အလွှတ်ပေးမည်တော့ မဟုတ်ပေ၊ သူ့ကို အရင် ခဏတာမျှ ပျော်ရွှင်ခွင့်ပေးလိုက်ဦးမည်။

ရှန်းတန်က အစ်မလန် တစ်ခုခုကို ဖုံးကွယ်ထားသည်ကို အာရုံခံမိသော်လည်း အသေးစိတ်ကိုတော့ မေးမြန်းခြင်း မရှိခဲ့ပေ။ သူမရဲ့ မျက်နှာအမူအရာကို ကြည့်ရတာတော့ ကောင်းတဲ့ကိစ္စ မဟုတ်သည်မှာ သေချာသည်။

သူမက ရှန်းလန်ကို ပွေ့ဖက်လိုက်သည်၊ "အခုတော့ ပြီးသွားပါပြီ၊ အားလုံး အတိတ်က ကိစ္စတွေပါပဲ။ နောင်ကျရင် သူတို့ အစ်မကို ထပ်ပြီး အနိုင်ကျင့်ရဲရင် ကျွန်မ သူတို့ကို ရိုက်ပစ်မယ်။"

ရှန်းတန်က သူမ၏ စိတ်ထဲတွင် ပျော့ညံ့စွာ ထပ်ပြောလိုက်သည်၊ "ကျွန်မ မနိုင်ရင် ကုဟွိုင်အန်းကို အကူအညီတောင်းမယ်။"

သူမက “ကျား၏ စွမ်းအားကို ချေးငှားသော မြေခွေး” နည်းဗျူဟာကို ကောင်းကောင်း သိနားလည်သည်။ ဘာပဲဖြစ်ဖြစ် ခွန်အားသုံးပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးစရာမှ မလိုဘဲလေ၊ အဟမ်း...။

ရှန်းတန်က ရှန်းလန်ကို အိမ်ပြန်ပို့ပြီး ထွက်ခွာတော့မလို့ရှိသေး ရှန်းလန်က သူမကို ဆွဲထားလိုက်သည်။

"အစ်မရဲ့ ရည်းစားနဲ့ တွေ့ချင်လား။"

"အဲဒါ အဆင်ပြေပါ့မလား။"

"ဘာလို့ မပြေရမှာလဲ။"

ရှန်းလန်ဟာ ရှန်းတန်နှင့် မတွေ့ခင်အထိ ရင်းနှီးတဲ့ သူငယ်ချင်း အနည်းငယ်သာ ရှိခဲ့တာမို့ သူမရဲ့ အားနည်းချက်ကို သူမကို ပြသဖို့ စိတ်မရှိခဲ့ပေ။

ရှန်းတန်သည် ရှန်းလန်၏ အနောက်ကို လိုက်သွားတော့ ကိုမာဝင်နေသူတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ခဲ့ရသည်။

ရှန်းတန်သည် သတိမေ့နေတဲ့သူတွေဟာ အိပ်ရာထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေလိမ့်မယ်ဟု ထင်မြင်ယူဆခဲ့ဖူးသည်။ နောက်ပိုင်းမှာတော့ သိပ္ပံဆောင်းပါးအချို့ကို မတော်တဆ တွေ့လိုက်ရပြီး သတိမေ့နေတဲ့သူတွေဟာ လှုပ်ရှားနိုင်တယ်၊ ရယ်မောနိုင်တယ်၊ စားသောက်နိုင်တယ်၊ ဆီးသွားနိုင်တယ်၊ မစင်စွန့်နိုင်တယ်၊ သူတို့မှာ ကိုယ်ပိုင်အသိပဲ မရှိတာလို့ ရှင်းပြထားတာကို ဖတ်လိုက်ရတော့ ရှန်းတန် စိတ်မကောင်းဖြစ်မိသည်။

အခုတော့ အစ်မလန်ရဲ့ ရည်းစားကို ပထမဆုံး မြင်တွေ့လိုက်ရတဲ့အခါမှာတော့ သူမမှာ သပ်ရပ်တဲ့ ဆံပင်တိုလေးနဲ့ အရမ်း လှပပြီး အစ်မလန်နဲ့ လိုက်ဖက်ပေသည်။

သူမ အစ်မလန်ကို မြင်တော့ သူမ၏ နှုတ်ခမ်းတွေက အသာလေး ကွေးညွှတ်သွားပြီး ပြုံးလာခဲ့သည်။

ရှန်းလန်က လျှောက်သွားပြီး သူမရဲ့ ပါးကို နမ်းလိုက်သည်၊ "ကျွန်မ မရှိနေတုန်း ကျွန်မကို လွမ်းနေခဲ့လားဟင်။"

မည်သည့် အဖြေမှ ပြန်မရခြင်းက မထူးဆန်းပေ။

များသောအားဖြင့် ဤနေရာတွင် အဆင့်မြင့် ပြုစုစောင့်ရှောက်သူများ ရှိတတ်သော်လည်း အစ်မလန်ကတော့ သူမရဲ့ ရည်းစားကို သူမကိုယ်တိုင် ဂရုစိုက်ရတာကို ပိုနှစ်သက်သည်။

ရှန်းတန်သည် ရှန်းလန်တစ်ယောက် သူမရဲ့ ရည်းစားကို မျက်နှာသစ်၊ သွားတိုက်၊ အဝတ်အစားလဲ၊ အစာကျွေးနေတာတွေကို ကြည့်ရင်း သူမရဲ့ မျက်လုံးများ ပူလာခဲ့သည်။

ဤအရာသည် ကျား၊မ မခွဲခြားဘဲ စစ်မှန်သော အချစ် ဖြစ်ကောင်းဖြစ်နိုင်သည်။

"အစ်မက မွေးရာပါ လိင်တူချစ်သူ မဟုတ်ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် လိင်တူတစ်ယောက်ကို ချစ်မိသွားတာလေ။" ရှန်းလန်က ပြောလိုက်သည်။

သူမက ရှန်းတန်ကို ကြည့်ပြီး "မတော်တဆမှုတွေနဲ့ မနက်ဖြန်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ဒါကြောင့် မင်းရဲ့ ချစ်ရသူနဲ့အတူရှိနေတဲ့ ပစ္စုပ္ပန်နေ့ရက်တိုင်းကို တန်ဖိုးထားနိုင်မယ်လို့ မျှော်လင့်တယ်။"

ရှန်းတန်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူမနှင့် အစ်မလန် ရင်းနှီးသော်လည်း သူမ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကိုတော့ မပြောနိုင်သေးပေ။

"ညီမတို့ အခြေအနေတွေက အစ်မနဲ့ နည်းနည်း ကွာခြားတယ်။"

ရှန်းလန်၏ လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားကာ "ဟုတ်တယ်၊ မတူဘူး။" ဟု ပြောလာခဲ့သည်။

ရှန်းတန်က ဖြစ်ပျက်နေတာကို သဘောပေါက်ပြီး ချက်ချင်း ရှင်းပြသည်၊ "အစ်မလန်၊ ညီမက တခြား အဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး။ ညီမ ပြောချင်တာက ကုဟွိုင်အန်းနဲ့ ညီမက…"

"ရှင်းပြစရာမလိုဘူး၊ အစ်မ နားလည်တယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက် ပျော်ရွှင်နိုင်စေဖို့ ကျွန်မ ဆက်ပြီး မျှော်လင့်ပါတယ်။ အစ်မ သူ့ကို သိလာတာ နှစ်အတော်ကြာပြီ၊ သူ ဒီလိုမျိုး အလေးအနက်ထားတာကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။"

ရှန်းတန်က ခေါင်းညိတ်လိုက်သည်။ "သူ ပြန်လာရင် ညီမ သူ့ကို ခွင့်လွှတ်ပေးလိုက်မယ်။"

သူမရဲ့ အတွင်းစိတ်ကို ဖတ်ရှုတာပဲလေ၊ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး၊ နည်းနည်းလေး ရှက်ဖို့ကောင်းတာပဲရှိတာ။

ရှန်းတန်သည် သူမ၏ စိုးရိမ်မှုကို လျစ်လျူရှုရန် အပြင်းအထန် ကြိုးစားသော်လည်း အသုံးမဝင်ပေ။

သူမ၏ အတွင်းစိတ်ကို ဖတ်ရှုနိုင်တာက အရမ်းကြောက်ဖို့ကောင်းတယ်၊ ဘူးဟူးဟူး…။

ရှန်းတန်သည် ကုဟွိုင်အန်းတစ်ယောက် ဆရာသခင်ကို ရှာတွေ့ပြီး ဒီပြဿနာကို လုံးဝ ဖြေရှင်းနိုင်ပါစေလို့ပဲ မျှော်လင့်နိုင်တော့သည်။

ညနေစောင်းမှ ရှန်းတန် အိမ်ပြန်ရောက်တော့ တစ်မိသားစုလုံးက ဆိုဖာပေါ်မှာ ထိုင်ပြီး သူမကို စောင့်နေတာကို တွေ့လိုက်ရသည်။

ရှန်းတန်သည် ချက်ချင်း ထွက်ပြေးချင်တဲ့ စိတ်ဆန္ဒ ပေါ်လာသည်။ သူမ ဂရုတစိုက် ပြန်စဉ်းစားကြည့်သောအခါ သူမ ဘာအမှားမှ မလုပ်မိဘူးဆိုတာ သေချာနေသည်။

သူမရဲ့ ဦးလေး ညင်သာစွာ ချောင်းဟန့်လိုက်သည်၊ "တန်တန်၊ ဘာလို့ အခုမှ ပြန်လာတာလဲ။"

"သူငယ်ချင်းအိမ် သွားလည်နေတာပါ။"

“ဪ...၊ လမ်းမှာ ဘာမှ မဖြစ်ခဲ့ဘူး မဟုတ်လား။"

"ဘာမှ မဖြစ်ခဲ့ပါဘူး" ရှန်းတန်က နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားသည်။ သူမ လမ်းမှာ တကယ်ပဲ ဘာမှ မကြုံခဲ့ဘူး။

သူမ၏ ဦးလေးက စကားတွေအား ဝေ့လည်ကြောင်ပတ် ပြောနေတာကို မြင်တော့ သူမ၏ အဒေါ်က စိတ်မရှည်တော့ဘဲ တိုက်ရိုက်မေးလိုက်သည်၊ "တန်တန်၊ ဒုတိယသခင်လေးကျိုးကို နင် သိလား။"

ရှန်းတန်သည် အရင်ဆုံး ရှန်းယွီကို ကြည့်လိုက်သည်။ သူလည်း စိတ်ရှုပ်ထွေးနေတာကို မြင်တော့ သူမရဲ့ နှလုံးသား ခဏတာမျှ တင်းကျပ်သွားသည်။

"သိတယ်၊ တောင်းပန်ပါတယ်၊ ကျွန်မ…"

သူမရဲ့ အဒေါ်က သိသိသာသာ ခေါင်းညိတ်လိုက်သည်၊ "သူ့အမေက မင်းနဲ့ တွေ့ချင်နေတယ်။"

ရှန်းတန်သည် သူမ၏ စကားတစ်ဝက်မှာပင် ရပ်တန့်သွားသည်။ "ဟင်...။"

ဒုတိယသခင်လေးကျိုးရဲ့ အမေက သူမနဲ့ တွေ့ချင်နေတာလား။

အခန်း ( ၁၃၀ ) – ငါ့သားကို ဆုံးမပေးပါ

ရှန်းတန်ကို မပြောနဲ့ဦး၊ ရှန်းယွီပင် ဒီစကားကိုကြားတော့ အံ့အားသင့်သွားသည်။

ယုတ္တိကျကျပြောရမယ်ဆိုရင် ဒုတိယသခင်လေးကျိုးက သူ့အမေဆီ တကယ်ပဲ သွားတိုင်လိုက်တာလား။

သူတို့နှစ်ယောက်စလုံးမှာ သိသာထင်ရှားသော အပြစ်ရှိသည့် မျက်နှာအမူအရာများ ရှိနေသဖြင့် ရှန်းပေါ်ယွမ်က သူတို့ကို မျက်လုံးမှေးပြီး ကြည့်လာခဲ့သည်။ "ဘာဖြစ်လို့လဲ၊ မင်းတို့ ငါတို့ကို ဘာတွေ ဖုံးကွယ်ထားတာလဲ။"

ရှန်းတန်နှင့် ရှန်းယွီ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း တစ်ယောက်ရဲ့ လျှို့ဝှက်အချက်ပြမှုက ဘာကို ဆိုလိုလဲ ဆိုတာကို ဘယ်သူမှ နားမလည်ခဲ့ကြပေ။

"အင်း..." ရှန်းတန် တုံ့ဆိုင်းနေသည်။

"မရှိပါဘူး" ရှန်းယွီ ခိုင်မာစွာ ဖြတ်ပြောလိုက်သည်။

ရှန်းပေါ်ယွမ်က မျက်ခုံးပင့်လိုက်သည်၊ "ဟမ်။"

ရှန်းတန်နှင့် ရှန်းယွီတို့ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး ချက်ချင်း စကားပြောင်းလိုက်သည်၊ "မရှိပါဘူး၊ ဘာမှ မရှိဘူး။"

"ဟုတ်တယ်၊ ရှိတယ်။"

ရှန်းတန် : "..."

ဒါက လုံးဝ ရှုပ်ထွေးသွားပြီ။ သူတို့ ဒီလောက် စည်းချက်မညီတာ တကယ် ရှားပါးတယ်။

ရှန်းယွီသည် သူ့မျက်နှာကို ချက်ချင်းဖုံးကွယ်လိုက်ပြီး သူတို့ ပြဿနာတကယ်တက်ပြီဆိုတာ နားလည်လိုက်သည်။

သူတို့ ရိုးသားစွာ ဝန်ခံဖို့တောင် မလုပ်နိုင်ခင်မှာ ရှန်းပေါ်ယွမ်က သူ့ခါးပတ်ကို ဆွဲယူပြီး ရိုက်နှက်တော့မလို့ပြင်နေခဲ့ပြီ။

အဒေါ်ရှန်း ဘေးနားမှာ ရပ်နေပြီး ရှန်းယွီရဲ့ တောင်းပန်တဲ့ အကြည့်ကို လျစ်လျူရှုကာ မျက်နှာလွှဲထားသည်။

"အိုး၊ ဒါဆို မင်းအစ်မကို ပျက်စီးအောင် လုပ်တာ မင်းအပြစ်ပဲပေါ့။ ငါ မင်းကို သူ့ကို ကာကွယ်ဖို့ ပြောတာ၊ လမ်းမှားပို့ဖို့ မဟုတ်ဘူး။"

ရှန်းပေါ်ယွမ် ရိုက်တော့မလို့ရှိသေး၊ ရှန်းတန်က လက်လှမ်းပြီး ပိတ်ဆို့လိုက်သည်။

ကြာပွတ်က သိပ်မလေးသော်လည်း သိပ်လည်း မပေါ့ပေ။ ရှန်းတန်ရဲ့ လက်မောင်းသေးသေးလေးအား ချက်ချင်း နီရဲသွားစေသည်။

သူမ ဘာမှတောင် မလုပ်ရသေး၊ သို့သော် ရှန်းမိသားစုကတော့ စိုးရိမ်လို့ သေတော့မလိုပင်။

ဒေါ်လေးရှန်းက ဦးလေးရှန်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ရှန်းတန်ရဲ့ လက်မောင်းကို မှုတ်ပေးသည်၊ "အရမ်းနာသွားလား။"

ထို့နောက် သူမက စကားပြောနေစဉ်တွင် ရှန်းပေါ်ယွမ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်၊ “ရှင် လူတစ်ယောက်ကိုတောင် ကောင်းကောင်း မရိုက်တတ်ဘူးလား။ ရှင် လက်ရေးလှရေးတာကလွဲလို့ တခြား ဘာလုပ်တတ်သေးလဲ။"

အခုတော့ ရှန်းပေါ်ယွမ်က အပြစ်ရှိသလို ခံစားရသည်။

"ကိုယ် မမျှော်လင့်ထားဘူး..."

“ရှင် အခုထိ အသံထွက်ရဲသေးတာလား။"

ရှန်းပေါ်ယွမ်အား စကားပြောပြီးနောက် ဒေါ်လေးရှန်းက သူ့အကြည့်ကို ရှန်းယွီဆီ လှည့်လိုက်သည်၊ "ဘာလို့ အဲဒီမှာ ရပ်နေတာလဲ၊ ဆေးသွားယူချေ။"

"အိုး၊ ဟုတ်တယ်၊ ဟုတ်တယ်။"

"ရပါတယ်။ လုံးဝ မနာပါဘူး။"

ရှန်းတန် စကားပြောပြီးသည်နှင့် ဒေါ်လေးရှန်း သူမ၏ လက်ကို တိတ်တဆိတ် လိမ်ဆွဲလိုက်သည်၊ "ကလေးမလေး၊ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ဒါက အရမ်းနာလိမ့်မယ်။"

ရှန်းတန် မျက်တောင်ခတ်လိုက်ပြီး ဒေါ်လေးရှန်းရဲ့ အချက်ပြမှုကို ရရှိလိုက်တာကြောင့် သူမ စကားကို ပြောင်းလိုက်သည်၊ "အင်း၊ နည်းနည်းတော့ နာတယ်၊ ဒါပေမဲ့ သည်းခံနိုင်ပါတယ်..."

တစ်ဖက်တွင် သူမ၏ ဦးလေး ရှန်းပေါ်ယွမ်က စိတ်မကောင်းဖြစ်သွားပြီး အရင်က ကိစ္စကို လုံးဝ မေ့သွားသည်။ အခုတော့ သ့်ကိုယ်သူပဲ အပြစ်တင်ပြီး စိတ်မကောင်းဖြစ်နေသည်။

ရှန်းယွီ ဆေးယူပြီး ပြန်လာတော့ ရှန်းတန်ရဲ့ ပြောစကားကို ကြားပြီး စိတ်မကောင်းဖြစ်သွားသည်၊ "အစ်မတန်တန်၊ အစ်မ ကျွန်တော့်ကို ကာကွယ်စရာ မလိုဘူး။ ကျွန်တော် သူ့ရိုက်တာ ခံနေကျပဲ။"

"ခံနေကျ" ဆိုတဲ့ စကားလုံး သုံးလုံးက စိတ်ထိခိုက်စရာတွေ အများကြီးကို ဖော်ပြနေသည်။

သူတို့ဘေးမှာ ရပ်နေတဲ့ ရှန်းပေါ်ယွမ်က စိတ်မချမ်းမသာဖြစ်လာပြီး ချက်ချင်း ရှင်းပြသည်၊ "သူ ပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို မင်း နားမထောင်နဲ့ တန်တန်။ အဲ့ကောင်စုတ်လေးကို ငယ်ငယ်ကတည်းက ရိုက်ဖူးတာဆယ်ကြိမ်တောင် မပြည့်ဘူး။ သူပြောတာကို မယုံနဲ့။"

ရှန်းတန်သည် ဘာက အမှန်၊ ဘာက အမှားလဲဆိုတာ ခွဲခြားမသိနိုင်တော့ ဒေါ်လေးရှန်းကို ကြည့်လိုက်ရာ သူမရဲ့ မျက်နှာ အမူအရာကလည်း အံ့အားသင့်နေသည်။

"ဘာ...၊ ရှင် ရှန်းယွီကို နေ့တိုင်း မရိုက်ဘူးလား။"

ရှန်းပေါ်ယွမ် သူ့လက်ထဲက ခါးပတ်ကို မြှောက်လိုက်သည်၊ "အဲဒီကောင်စုတ်လေး၊ ငါ့အကြောင်း နေရာတိုင်းမှာ ပုံပြင်တွေ ထွင်ပြောနေတာ။"

သူ့မှာ တခြားသူတွေက သူ့အကြောင်း ဘယ်လိုတွေးနေမလဲဆိုတာတောင် မစဉ်းစားရဲဖြစ်နေသည်။

ရှန်းတန် နည်းနည်း စိုးရိမ်သော်လည်း ဒေါ်လေးရှန်းက သူမကို ဆွဲပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်ရင်း "စိတ်မပူနဲ့၊ အဲ့ကောင်စုတ်လေးက အသားမာတာကြောင့် ရိုက်လို့ သေမှာ မဟုတ်ဘူး။"

ရှန်းတန် တိတ်ဆိတ်သွားသည်၊ "..."

တကယ်တော့ သူက ရိုက်လို့ သေမှာ မဟုတ်ဘူး။

ရှန်းပေါ်ယွမ်က ရှန်းယွီကို နောက်ကနေ လိုက်ဖမ်းနေပြီး ရှန်းယွီက ရှေ့ကနေ မျောက်လို ခုန်ပေါက်ပြေးလွှားနေတာကို ကြည့်ပြီး သူ့ရဲ့ မျိုးစိတ်အစစ်က မျောက်များလားလို့ သံသယဖြစ်စေသည်။

နောက်ဆုံးတော့ ရှန်းယွီက သူ့ရဲ့ ငယ်ရွယ်မှုကြောင့် အနိုင်ရခဲ့သည်။

ရှန်းပေါ်ယွမ်က အသက်ကြီးပြီဖြစ်ရာ ကြာကြာ မပြေးနိုင်ဘဲ မောပန်းနွမ်းနယ်ကာ ပြင်းထန်စွာ မောဟိုက်လာသည်။

"မင်း... မင်း ကောင်စုတ်လေး..." ရှန်းပေါ်ယွမ်က မောဟိုက်ရင်း ပြောသည်။

ရှန်းယွီလည်း ပင်ပန်းနွမ်းနယ်နေသည်။ "ကျွန်တော့်ကို မဆူပါနဲ့၊ အဖေ ရုတ်တရက် သတိလစ်သွားမှာ စိုးရိမ်မိတယ်။"

ရှန်းတန်က စိတ်ထဲကနေ တွေးလိုက်သည်၊ သူ့ကို ရိုက်တာ မတရားဘူးလို့ မခံစားရဘူး။

ဒီအဖြစ်အပျက်ပြီးနောက် ရှန်းပေါ်ယွမ်က အစောပိုင်းက ဖြစ်ပျက်ခဲ့တာကို မေ့သွားခဲ့ပေမဲ့ ဒေါ်လေးရှန်းကတော့ မှတ်မိနေတုန်းပင်။

သူမ တိုးတိုးလေး ပြောသည်၊ "တန်တန်၊ မင်းနဲ့ ဒုတိယသခင်လေးကျိုး ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒေါ်လေးက မင်းရဲ့ ကိုယ်ရေးကိုယ်တာကို မစပ်စုပါဘူး။ သူ့အမေက မင်းနဲ့ တွေ့ချင်နေတာပဲ၊ အဲ့တာကိုပဲ ဒေါ်လေး စိုးရိမ်တယ်။"

"သူ့အမေက အရမ်း အင်အားကြီးတာလား။"

ဒေါ်လေးရှန်း မျက်လုံးတွေ လေးစားစွာဖြင့် လင်းလက်သွားသည်၊ "သူမက တကယ်ကို အင်အားကြီးတယ်။ သူမ အိမ်ထောင်ကျ ကံမကောင်းဘဲ ဒီလို မကောင်းတဲ့ သားတစ်ယောက်ကို မွေးခဲ့တာပဲ။ သူ့မှာ တခြား အမွေဆက်ခံမဲ့သူ မရှိဘူး။"

ရှန်းတန်က သဘောတူစွာ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ကျိုးကျင်းက တကယ်ပဲ အသုံးမကျဘူး။ သူ့အမေက ကျိုးကျင်းလို အသုံးမကျတဲ့ သားတစ်ယောက်ကို မွေးလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်ထားမှာ မဟုတ်ဘူး။

ရှန်းတန် အစောပိုင်းက ဖြစ်ပျက်ခဲ့တာကို အသေးစိတ် ရှင်းပြပြီးနောက် ညင်သာစွာ တောင်းပန်သည်၊ "တောင်းပန်ပါတယ်၊ အဲဒီတုန်းက ကျွန်မ အရမ်း စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့ပြီး မိသားစုအတွက် မစဉ်းစားမိခဲ့ဘူး။"

ဒေါ်လေးရှန်းက သက်ပြင်းချလိုက်သည်။ "အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုဘူး။ မင်း ဒီကိစ္စမှာ မှန်ကန်စွာ လုပ်ဆောင်ခဲ့တာ။ မင်း မသိပေမဲ့ ဒုတိယသခင်လေးကျိုးက လူကောင်း မဟုတ်ဘူး။ သူက မိန်းကလေးပေါင်းများစွာကို မြှူဆွယ်ခဲ့တယ်။ ဖြစ်နိုင်တာက မင်းက သူ့ကို ဒေါသထွက်စေပြီး မောင်းထုတ်ခဲ့တဲ့ ပထမဆုံးလူ ဖြစ်လို့ သူ့အမေက စိတ်ဝင်စားပြီး မင်းနဲ့ တွေ့ချင်တာ ဖြစ်လိမ့်မယ်။"

ရှန်းတန် သက်ပြင်းချလိုက်သည်၊ "အဲ့တာကြောင့်ဖြစ်မယ်လို့ပဲ မျှော်လင့်ပါတယ်။"

သူမတို့ တွေ့ဆုံရမဲ့နေရာက ဘားတစ်ခုဆိုတော့ ရှန်းတန် အံ့အားသင့်သွားသည်။

သူမ ဝင်ပေါက်ရောက်သည်နှင့် တစ်ယောက်ယောက်က သူမကို သီးသန့်ခန်းတစ်ခုဆီ ခေါ်သွားသည်။

အခန်းထဲ ဝင်သွားပြီးနောက် ရှန်းတန်က မီးကဲ့သို့ နီရဲနေသော နှုတ်ခမ်းနီဆိုးထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ နေရာမှား ရောက်သွားတယ်လို့ ထင်ပြီး ချက်ချင်း တောင်းပန်လိုက်သည်၊ "တောင်းပန်ပါတယ်၊ ကျွန်မ နေရာမှားပြီး ရောက်လာပုံပဲ။"

ထိုအမျိုးသမီးက ပြုံးပြီး လျှောက်လာကာ လက်ကမ်းပေးသည်၊ "မမှားပါဘူး၊ မင်း မမှားပါဘူး။ မစ္စရှန်း၊ ကျွန်မက ကျိုးကျင်းရဲ့ အမေပါ။"

ကျိုးကျင်းက ဒုတိယသခင်လေးကျိုး ဖြစ်သည်။

ရှန်းတန် ခဏတာမျှ အံ့အားသင့်သွားပြီးမှ လက်ကမ်းပေးသည်၊ "မင်းက အရမ်း နုပျိုတာပဲ။"

စိတ်ရင်းမှန်ဖြင့် ချီးမွမ်းခြင်းကို မည်သည့်အမျိုးသမီးမှ မခုခံနိုင်ပေ။

"တကယ်လား။"

"တကယ်၊ ကျွန်မထက် နှစ်အနည်းငယ်သာ ကြီးတဲ့ အစ်မကြီးတစ်ယောက်လိုပဲ။ ကျိုးကျင်းနဲ့ လုံးဝ မတူဘူး။" ရှန်းတန်က စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

ကျိုးကျင်းက တော်တော် ချောပေမဲ့ သူ့အမေနဲ့ နှိုင်းယှဉ်ရင် ညနဲ့ နေ့လို ကွာခြားတယ်။ မသိရင် ကမ္ဘာခြားနေသလိုပဲ။

"ဟင်း... ဟင်း...၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်တာပါ။ ထိုင်ပါ။"

မဒမ်ကျိုးက ဝိုင်နီတစ်ပုလင်း ဖွင့်ပြီး ရှန်းတန်အတွက် တစ်ဖန်ခွက် လောင်းထည့်ကာ တွန်းပေးလိုက်သည်၊ "နည်းနည်း သောက်မလား။"

ရှန်းတန်က မငြင်းဘဲ တစ်ငုံ သောက်လိုက်သည်။ ချိုပြီး အရသာရှိသည်။

သူမ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ တစ်ကျိုက်တည်း သောက်ချလိုက်သည်။

ထို့နောက် ဝိုင်ပုလင်းကို ကြည့်ရင်း မကျေနပ်ပုံရသည်။

မဒမ်ကျိုးက သူမကို နောက်တစ်ခွက် လောင်းပေးသည်၊ "ဖြည်းဖြည်း သောက်ပါ၊ ဒီဝိုင်က ပြင်းတယ်။"

ဒီတစ်ခါတော့ ရှန်းတန် နည်းနည်းလေးပဲ သောက်လိုက်သည်။

"ကျွန်မနဲ့ ဘာလို့ တွေ့ချင်တယ်ဆိုတာ ကျွန်မ အခုထိ မသိရသေးဘူး..."

"မင်းနဲ့ ထိပ်တိုက်တွေ့တော့ ငါ့သား ပါးစပ်ပိတ်သွားတယ်လို့ ကြားတယ်။ မင်းက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်ခဲ့တယ်။ အခု မင်းကို တွေ့လိုက်ရတော့ မင်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။"

ရှန်းတန်က မသက်မသာ ပြုံးလိုက်သည်။

"အဲဒီတုန်းက ကျွန်မ နည်းနည်းတော့ စိတ်ပါသွားခဲ့တာ..."

"ဒါပေမဲ့ ဒီတစ်ခါ ကျွန်မ အကူအညီ တစ်ခု တောင်းစရာ ရှိတယ်။"

"ဘာများလဲ။"

မဒမ်ကျိုးက ဝိုင်ခွက်ကို ချပြီး ပြောလိုက်သည်။ "ကျွန်မ သားကို ထိန်းချုပ်ပေးဖို့ မင်းကို လိုချင်တယ်။"

ရှန်းတန် အံ့အားသင့်သွားသည်။ သူမ နားကြားမှားတာ ဖြစ်ရမယ်လို့ ထင်မိသည်။

"မင်း နားမကြားမှားပါဘူး။ မင်း သူ့ကို တာဝန်ယူစေချင်တာ။ သူ့ရဲ့ ဆိုးဝါးတဲ့ နာမည်ဆိုးကို မင်း ကောင်းကောင်း သိတယ်။ သူ လူတော်တစ်ယောက် ဖြစ်လာမယ်လို့ ကျွန်မ မမျှော်လင့်ဘူး၊ ဒါပေမဲ့ သူ နေရာတိုင်းမှာ ကျွန်မကို အရှက်မခွဲတော့ဖို့ မျှော်လင့်ပါတယ်။"

ရှန်းတန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မယုံနိုင်စွာ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြသည်၊ "ကျွန်မလား၊ သူ့ကို ထိန်းချုပ်ရမှာလား။"

"ဟုတ်တယ်။ မင်းက ဒီနှစ်ပေါင်းများစွာအတွင်းမှာ သူ့ကို နည်းနည်းလေး ကြောက်စေတဲ့ ပထမဆုံးလူပဲ။"

ရှန်းတန် စိတ်ထဲကနေ တွေးလိုက်သည်၊ အဲဒါက ရှင်တို့နှစ်ယောက် သိပ်မတွေ့ကြလို့ပါ။

နောက်ဆုံးတော့ ဒါဟာ သူမရဲ့ အပြောထက်မြက်မှုကြောင့်ပဲ မဟုတ်လား။ ကမ္ဘာမှာ သူ့လို တခြားသူတွေကို ဆူပူကြိမ်းမောင်းနိုင်တဲ့သူတွေ အများကြီး ရှိနေပါသေးသည်။

ရှန်းတန် ဘာတွေ တွေးနေလဲဆိုတာကို မဒမ်ကျိုးက ခန့်မှန်းမိပုံရသည်။ မဒမ်ကျိုး ပြုံးပြီး "မင်းရဲ့ နောက်ခံသမိုင်းကို မင်းရဲ့ ခွင့်ပြုချက်မပါဘဲ စစ်ဆေးမိတာ တောင်းပန်ပါတယ်။ အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် မင်းက အသင့်တော်ဆုံးလို့ ကျွန်မ ယုံကြည်တယ်။"

ရှန်းတန် နည်းနည်းတော့ စိတ်မချမ်းမသာဖြစ်မိသည်။ စုံစမ်းပြီးမှ ခွင့်တောင်းတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။

သူမ ငြင်းဆန်တော့မလို့ရှိသေး မဒမ်ကျိုးက "သန်းနှစ်ဆယ်"ဟု ပြောသည်။

"ကိစ္စပြီးရင် မင်းကို သန်းနှစ်ဆယ် ပေးမယ်။"

ရှန်းတန်ရဲ့ ပြတ်ပြတ်သားသား ငြင်းဆန်လိုမှုသည် ချက်ချင်းဆိုသလို တုံ့ဆိုင်းသွားသည်။

"ကျွန်မ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ။"

"ဒါဆို ငါးသန်းပဲ ရလိမ့်မယ်။"

ရှန်းတန် ရုတ်တရက် ရေငတ်သလို ခံစားရတယ်။

ချမ်းသာတဲ့သူဌေးတွေက ဒီလိုပဲလား။ ငါးသန်းကို "နည်းတယ်" လို့ ပြောကြတာလား။

ကျန်နေတဲ့ ဝိုင်နီတွေကို တစ်ကျိုက်တည်း မော့ချပြီးနောက် သူမ ပြောလိုက်သည်၊ "ကျွန်မ သဘောတူတယ်။"

ရယ်စရာပဲ၊ ဒါမျိုးကို အရူးတွေပဲ ငြင်းလိမ့်မယ်။

သူမမှာ ပိုက်ဆံရှိနေပေမဲ့ ပိုပြီး ပိုက်ဆံရမယ်ဆိုရင် ဘယ်သူက ငြင်းမှာလဲ။

"ဒါပေမဲ့၊ ကျွန်မရဲ့ နည်းလမ်းတွေက နည်းနည်းတော့... ခင်ဗျား ဒေါသမထွက်ရဘူးနော်။"

"မင်း သူ့ကို ကြိုက်သလို ဆူပူကြိမ်းမောင်း၊ ရိုက်နှက်လို့ရတယ်။ သူ မင်းကို အနိုင်ကျင့်ရဲရင် ငါ့ကို လာရှာ။"

ထိုကဲ့သို့ စိတ်ချရသော အာမခံချက်ဖြင့် ရှန်းတန် လုံးဝ စိတ်အေးသွားသည်။

ဟဲဟဲဟဲ၊ ဒုတိယသခင်လေးကျိုး၊ ငါ လာပြီ။

…

All Chapters