အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း ( ၁၄၁ ) – “ငါတို့က သဘောတူညီမှုနဲ့ လက်ထပ်ထားတာ”
ရှဲ့ရွှမ်သည် စိတ်ထား အလွန်ရိုးရှင်းသူဖြစ်ပြီး စိတ်ထဲရှိသမျှ အကုန်ဖွင့်ပြောတတ်သည်။ ဤအပြုအမူကြောင့် ရှဲ့ယွမ်မှ သူမ၏ ပါးစပ်ကို ဖုံးထားရလေ့ ရှိသည်။
ရှန်းတန်သည် ရုတ်တရက် ရှဲ့ယွမ်အပေါ် အနည်းငယ် သနားစိတ်ဝင်မိသည်၊ ဤကဲ့သို့ ပါးစပ်ဖွာသော ညီမလေးတစ်ယောက်ရှိခြင်းသည် အတော့်ကို ပင်ပန်းလောက်ပေသည်။
ရှဲ့ရွှမ်သည် နောက်ထပ် စကားအနည်းငယ် ထပ်ပြောပါက မိသားစု၏ ဘဏ်ကတ် လျှို့ဝှက်နံပါတ်ပင်လျှင် ပေါက်ကြားသွားနိုင်သည်ဟု သူမ ခံစားမိသည်။
ဤကဲ့သို့ တွေးမိသောအခါ သူမ နောက်ထပ် မေးရန် အမှန်ပင် စမ်းကြည့်ချင်လာပေသည်။
သို့သော် သူမသည် ဘဏ်ကတ် လျှို့ဝှက်နံပါတ်အား စိတ်ဝင်စားခြင်း မဟုတ်ပေ။
"ရှဲ့ရွှမ်၊ မင်းအစ်ကို ဝမ်းချုပ်နေတာလား" ရှန်းတန်မှ မေးလိုက်ပေသည်။
ရှန်းတန်၏ စကားကို ကြားသောအခါ ရှဲ့ရွှမ် ခဏတာမျှ မှင်သက်သွားသည်၊ "ဝမ်းချုပ်... ဘာဖြစ်တယ်"
"ဝမ်းချုပ်တာ။"
ရှဲ့ယွမ်၏ မျက်နှာ ချက်ချင်း မှောင်ကျသွားသည်၊ "ကျွန်တော် ဝမ်းမချုပ်ဘူး၊ လိပ်ခေါင်းလည်း မရှိဘူး။"
ရှန်းတန်က အံ့အားသင့်စွာဖြင့် သူမ၏ ပါးစပ်ကို ချက်ချင်း ဖုံးလိုက်သည်၊ "ဘယ်လို ရှင့်မှာ လိပ်ခေါင်းရှိတာလား။"
ရှဲ့ရွှမ်သည် ကိစ္စအစအဆုံးအား မသိပေရာ သူ၏ အစ်ကို ရုတ်ချည်း ဤကဲ့သို့ ပြောလိုက်သည်အား ကြားသောအခါ သံသယစိတ်ဖြင့် ကြည့်လိုက်သည်၊ "ကိုကို၊ ကိုကို့မှာ တကယ်ပဲ…"
သူမ စကားမဆုံးခင်မှာပင် ရွံရှာသည့် မျက်နှာထားဖြင့် ခြေနှစ်လှမ်းမျှ နောက်ဆုတ်သွားသည်။
ထို့နောက် သူမ တိုးတိုးလေး ပြောလိုက်သည်၊ "ကိုကို၊ ညီမလေးတို့က ရှက်စိတ်ကြောင့် ဆရာဝန်တွေကို ရှောင်လို့ မရဘူး။ ဆေးရုံရောက်နေပြီဆိုတော့ သေချာအောင် သွားစစ်ဆေးကြည့်သင့်တယ်..."
ရှဲ့ယွမ်: "..."
ရှဲ့ယွမ်က အံတင်းတင်းကြိတ်ပြီး "ငါ မင်းကို ပြောတယ်၊ ငါ ဖျားနေတာ မဟုတ်ဘူး…" ဟု ဆိုလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှင် မဖျားဘူး၊ ကျွန်မ ဝမ်းချုပ်နေတာ၊ လိပ်ခေါင်းရှိနေတာပါ။" ဟု ရှန်းတန်က ပြောလိုက်သည်။
ရှန်းတန်၏ စကားပြောပုံသည် စကားနားမထောင်သော ကလေးတစ်ယောက်အား ချော့မော့နေသကဲ့သို့ပင်။ သူမ၏ စကားလုံးများသည် ရှဲ့ယွမ်ဆီမှာ ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရှိနေသည်ကို ထပ်မံ အတည်ပြုသလို ဖြစ်သွားခဲ့ပေသည်။
ရှဲ့ယွမ်က အလွန်အမင်း ဒေါသထွက်နေပြီး ဤပါးစပ်ဖွာသော အမျိုးသမီးအား သင်ခန်းစာ ပေးချင်နေပေသည်။
ကုဟွိုင်အန်းက ချောင်းအသာဟန့်ပြီး မီးလောင်ရာလေပင့်ကာ "မင်းမှာ ဒီလို ဖုံးကွယ်ထားတဲ့ ရောဂါမျိုး ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ ဒါက ကိစ္စကြီး မဟုတ်ဘူး။ ငါ့ဘေးမှာ နေရာလွတ်လေး ရှိတယ်၊ မင်း ဘယ်လိုလဲ…"
ရှဲ့ယွမ်သည် ချက်ချင်း ထရပ်လိုက်ပေသည်။ သူ ဤအခန်းထဲ၌ ဆက်မနေနိုင်တော့ပေ။
ရှဲ့ယွမ် ထွက်သွားပြီးနောက် ရှဲ့ရွှမ်သည် ရှက်ရွံ့ခြင်း မရှိပါဘဲ အခန်းထဲမှာ ဆက်ထိုင်နေသေးသည်။
ရှဲ့ရွှမ်သည် သူမ၏ ယောက်ျားအပေါ် စိတ်ဝင်စားနေသော်ငြား ရှန်းတန်သည် သူမအား အထူးတလည် မမုန်းတီးပေ။
ဟုတ်ပါ၏။ ရှန်းတန်ဆီမှာ ကြာခိုခံရတာကို ကြိုက်နှစ်သက်သည့် ရောဂါတော့ မရှိပေ။
ရှဲ့ရွှမ်သည် မရင့်ကျက်သေးသော ကလေးတစ်ယောက်နှင့် တူနေသည်။ သူမ၏ ကုဟွိုင်အန််အပေါ် ကြိုက်နှစ်သက်မှုသည် ရိုမန်တစ်ဆန်သော အချစ်မျိုး မဟုတ်ပါဘဲ သူ၏ ရုပ်ရည်အပေါ် အပြစ်ကင်းစင်သော စွဲလမ်းမှုသက်သက်သာ ဖြစ်နိုင်ခြေ များသည်။
ဤသည်မှာ ရှန်းတန်၏ ကိုယ်တိုင် ခန့်မှန်းချက်သက်သက်သာ မဟုတ်ပါဘဲ ထိုသို့ လက္ခဏာများ သိသိသာသာ ရှိနေပေသည်။
အဘယ့်ကြောင့်ဆိုသော် ရှန်းတန်သည် ရှဲ့ရွှမ်မှ သူမအား လျှို့ဝှက်စွာဖြင့် အကြိမ်ပေါင်းများစွာ ကြည့်နေသည်အား သတိပြုမိပေသည်။ သူမ၏ မျက်လုံးများထဲတွင် လေးစားမှု၊ မနာလိုမှုနှင့် အံ့အားသင့်မှုတို့ကဲ့သို့ ရှုပ်ထွေးသော ခံစားချက်များ ပါဝင်နေသည်။
ဟုတ်ပါတယ်၊ အံ့အားသင့်မှုပင်။
ဤသည်မှာ လမ်းပေါ်တွင် တွေ့ခဲ့ဖူးသည့် သူမ၏ ပရိသတ်များရဲ့ မျက်လုံးထဲ၌ မြင်ရသော အကြည့်မျိုးနှင့် တူနေပေသည်။
ရှန်းတန်က သူမ၏ ဗိုက်အား ဖိကိုင်ပြီး တိုးတိုးလေး အော်လိုက်သည်။ ကုဟွိုင်အန်းက ဘာမှ မပြောခင်မှာပင် ရှဲ့ရွှမ်က အလျင်အမြန် မေးလာခဲ့သည်၊ "ဘာဖြစ်တာလဲ။"
"တန်တန်၊ ဘယ်နားက မသက်မသာဖြစ်နေတာလဲ။"
"နည်းနည်း ဗိုက်ဆာသလို ခံစားရတယ်..."
ထိုအခါမှ သူတို့ထဲမှ အနည်းအကျဉ်းသည် ယနေ့ ဘာမှ သိပ်မစားရသေးသည်အား သတိပြုမိကြသည်။
ပိုအရေးကြီးသည်မှာ သူတို့ ရေသည်လည်း မချိုးရသေးခြင်းပင်ဖြစ်သည်။
ရှန်းတန်သည် ရုတ်တရက် သူမ၏ လက်မောင်းအား မြှောက်ကာ သူမကိုယ်သူမ အနံ့ခံကြည့်လိုက်သည်၊ ကံကောင်းစွာဖြင့် အနံ့အသက် မရှိပေ။
ရာသီဥတု အေးနေခြင်းသည် ကောင်းမွန်ပေ၏။ သို့မဟုတ်ပါက သူမ အနံ့ဆိုး ထွက်နေလောက်ပြီ ဖြစ်သည်။
သူမက အညစ်ပတ်ဆုံး အမျိုးသမီး အနုပညာရှင် ဖြစ်လာနိုင်ဖွယ် ရှိသည်။
"ဗိုက်ဆာနေပြီလား၊ ညစာ ဝယ်ကျွေးရမလား။"
ရှဲ့ရွှမ်သည် မျက်လုံး သုံးစုံက သူမကို ကြည့်နေသည်အား မြင်သောအခါ တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်၊ "ဘာလို့ ကျွန်မကို အကုန်လုံး စိုက်ကြည့်နေကြတာလဲ။ ရှင်တို့က ကျွန်မကို တကယ်ပဲ ပိုက်ဆံရှင်းခိုင်းမယ်လို့ မပြောနဲ့နော်။"
"ဟုတ်တယ်၊ ငါ့မှာ ပိုက်ဆံမရှိဘူး။"
ရှန်းတန်သည် သူမ၏ အိတ်ကပ်ထဲ၌ မည်သည့်အရာမှ မပါရှိပဲ လုံးဝ ဧကန် ဗလာကျင်းနေသော သူမ၏ အိတ်ကပ် နှစ်ဖက်အား လှန်ပြရင်း ပြန်ဖြေခဲ့သည်။
"ငါ့မှာ ပိုက်ဆံမရှိရုံတင်မကဘူး၊ ဖုန်းတောင် မရှိဘူး..."
ရှဲ့ရွှမ်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း "ရှင်က အနုပညာရှင် မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီလောက် ဆင်းရဲတာလဲ" ဟု ပြန်မေးသည်။
"မတတ်နိုင်ဘူးလေ။ အခုမှ ပြန်ပေးသမားတွေဆီကနေ ထွက်ပြေးလွတ်မြောက်လာတာ။"
ရှဲ့ရွှမ်၏ မျက်လုံးများတွင် တိမ်းရှောင်လိုစိတ်အချို့ ရှိနေသည်၊ သူမ ဒီကိစ္စကို သိနေပုံရသည်။
"သြော်၊ ဒီလိုကိုး..."
ရှဲ့ရွှမ်သည် ခဏလောက် စဉ်းစားပြီးနောက် သူမ၏ အိတ်ထဲမှ ကတ်တစ်ခုကို ထုတ်ပေးသည်။
"ဒါဆို၊ ဒီကတ်ကို ယူပြီး ဖုန်းတစ်လုံး သွားဝယ်လိုက်။"
ရှန်းတန်သည် ရယ်ချင်စိတ်ကို အောင့်အီးထားရသည်။ ဤမိန်းကလေးသည် အမှန်ပင် ရိုးအပေသော်ငြား ချစ်စရာကောင်းသော ရိုးအမှုမျိုး ဖြစ်ပေသည်။
"ဪ ဟုတ်သား၊ မင်းအစ်ကိုကို ခုနက ဘာတွေ ပြောနေတာလဲ။"
"ဟမ်၊ ဘယ်ဟာကိုလဲ။"
ရှဲ့ရွှမ်က ခေါင်းကုတ်ပြီး စဉ်းစားသော်ငြား မမှတ်မိပေ။ ယနေ့ သူမ အများကြီး ပြောခဲ့သလို ခံစားရသည်။
"မင်းအစ်ကိုကို 'ကိုကို ညီမလေးကို ကူညီပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား' လို့ မေးခဲ့တဲ့ အပိုင်းလေ။"
ရှန်းတန်သည် စူးစမ်းလိုစိတ်ကြောင့် ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းဖြစ်ပြီး ရှဲ့ရွှမ်က တကယ်ပဲ ပြန်ဖြေလာပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မမျှော်လင့်ဘဲ ရှဲ့ရွှမ်က ပြန်ဖြေပေးခဲ့သည်။ အရင်ဆုံး ရှဲ့ရွှမ်သည် ကုဟွိုင်အန်းကို မသိမသာ ခိုးကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောသည်၊ "ဘာမှ မဟုတ်ပါဘူး။ ကျွန်မအစ်ကိုက ရှင့်ကို 'ရှင်းလိုက်မယ်' လို့ ကတိပေးခဲ့တာပါ။"
ရှန်းတန်၏ မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်၊ "ဘာကို 'ရှင်းမယ်' လို့ ဆိုလိုတာလဲ။"
သူမအား သတ်ပစ်ကြတော့မည်လား။
ရှဲ့ရွှမ်သည်လည်း ဤကဲ့သို့ ဖြစ်နိုင်ခြေအား တွေးမိသောအခါ ချက်ချင်း ရှင်းပြလိုက်သည်၊ "ရှင် ဒီကို နောက်ထပ် မလာနိုင်အောင် လုပ်ပေးမယ်လို့ ဆိုလိုချင်တာပါ။"
ရှန်းတန် : "..."
"မေးပါရစေဦး... အဲ့နှစ်ခုကြားမှာ ဘာကွာခြားတာရှိလို့လဲ။"
ရှဲ့ရွှမ်က ရှင်းပြချင်သော်ငြား သူမသည် ကွာခြားမှုအား ဖော်ပြနိုင်ခြင်း မရှိပေ။ နောက်ဆုံးတွင် သူမက တီးတိုးရေရွတ်လိုက်သည်။
"ကျွန်မအစ်ကိုက လူကောင်းတစ်ယောက်ပါ။ သူ့ဆီမှာ ရှင့်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘူး၊ မဟုတ်ရင် သူ မင်းကို ဒီကို ခေါ်လာမှာ မဟုတ်ဘူး။"
ရှန်းတန်သည် ဤအချက်အား သဘောတူခြင်း မရှိသကဲ့သို့ သဘောမတူခြင်းလည်း မရှိပေ။
ရှဲ့ယွမ်သည် လူကောင်းတစ်ယောက်ဟု သူမ ဘယ်လိုမှ မယုံကြည်နိုင်ပေ။
သို့သော် သူ သူမအား ဒီကို ပြန်ခေါ်လာသည်မှာ အမှန်ပင် ဖြစ်သည်။
ထို့နောက် ရှဲ့ရွှမ်သည် မမျှော်လင့်ဘဲ ဗုံးတစ်လုံးကို ကြဲချလိုက်သည်၊ "ဘယ်လိုပဲဖြစ်ဖြစ် ရှင်နဲ့ အစ်ကိုဟွိုင်အန်းက သဘောတူညီချက်နဲ့ပဲ လက်ထပ်ထားခဲ့ကြတာလေ။ ဘာလို့ သူ့ကို လွှတ်ပေးပြီး ကျွန်မနဲ့ အတူနေခွင့် မပေးတာလဲ။"
ရှန်းတန်သည် ကုဟွိုင်အန်းကို အရင် စူးစိုက်ကြည့်လိုက်ပြီးမှ ကုချင်အန်းဆီသို့ အကြည့်ပြောင်းလိုက်သည်။
ဤအခိုက်အတန့်တွင် သူမ၏ ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိသည်။ ဟာ… သွားပြီ၊ ငါတို့ရဲ့ လျှို့ဝှက်ချက် ပေါ်သွားပြီ။
သူတို့ နံဘေးရှိ ကုချင်အန်း၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပင် ပြူးကျယ်သွားခဲ့သည်၊ "ဘာကို သဘောတူညီချက်နဲ့ လက်ထပ်တာလဲ။"
"မ... မရှိပါဘူး... အဲဒီလို သဘောတူညီချက်တွေ ဘာတွေ ဘာမှ မရှိပါဘူး။"
ကုဟွိုင်အန်း မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဘယ်က ကြားလာတာလဲ။"
"လုံးဝ အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ဘယ်လိုသိတယ်ဆိုတာက အရေးမကြီးပါဘူး။"
ကုချင်အန်း၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသော်ငြား သူမနှင့် ရင်းနှီးသူများသည် သူမ ဒေါသထွက်နေကြောင်း သိနိုင်သည်။
သူမသည် အားစိုက်ထုတ်ကာ အပြုံးတစ်ပွင့် အတင်းထုတ်ပြီး "စိတ်မရှိပါနဲ့ မိန်းကလေးရှဲ့၊ ဒါပေမဲ့ ကျွန်မတို့မှာ မိသားစုကိစ္စ ဆွေးနွေးစရာရှိလို့ ခဏလောက် ထွက်သွားပေးလို့ ရမလား"ဟု ပြောလိုက်သည်။
ရှဲ့ရွှမ်သည် တကယ်တော့ ထွက်မသွားချင်သော်ငြား သူတို့အားလုံး၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာများကို မြင်သောအခါ အနည်းငယ် ကြောက်သွားခဲ့သည်။
"ကောင်းပါပြီ..."
ရှဲ့ရွှမ် ထွက်သွားပြီးသည်နှင့် ကုချင်အန်းက တံခါးပိတ်ပြီး ရှန်းတန်နှင့် ကုဟွိုင်အန်းတို့ကို စစ်ဆေးမေးမြန်းတော့မည့် မျက်နှာထားဖြင့် မေးလာခဲ့သည်၊ "ရှင်းပြကြပါဦး၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ။"
ရှန်းတန်က အနေရခက်စွာ ရယ်လိုက်သည်။
"အစ်မ၊ သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ။"
"ဪ၊ လိမ်တာကတော့ မကောင်းဘူးနော်။ ရိုးသားတဲ့ ကလေးတွေကို သန်း ၅၀ ဆုချမယ်။"
သေစမ်း၊ ဘယ်လောက်တောင် ရက်စက်တဲ့ ကျိန်စာလဲ။
ရှန်းတန် ချက်ချင်းပင် စကားပြောင်းလိုက်သည်။ သန်း ၅၀ ကြောင့် လုံးဝ မဟုတ်ပေ။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မတို့ တကယ်ပဲ သဘောတူညီချက်နဲ့ လက်ထပ်ခဲ့ကြတာပါ။"
ကုဟွိုင်အန်း : "..."
"တန်တန်..."
ရှန်းတန်က ဖြောင့်မတ်စွာ ပြောသည်။ "ကုဟွိုင်အန်း၊ သူက ကျွန်မတို့ရဲ့ အစ်မလေ။ ကျွန်မ သူ့ကို လိမ်လည်လှည့်စားဖို့ မလုပ်ချင်ဘူး။"
ကုဟွိုင်အန်း : "..."
ဒါက မင်းရဲ့ စိတ်ထဲက အမှန်တရား မဟုတ်ဘူး။
"ဒါဆို မင်းတို့နှစ်ယောက်ကြားမှာ..."
ကုချင်အန်း အတွက်မူ သူတို့နှစ်ဦးသည် ချစ်ခြင်းမေတ္တာ မရှိဘူးဟု မထင်ရပေ။
ရှန်းတန် ပြန်မဖြေပေ။
ကုဟွိုင်အန်းမှ ရှင်းပြလိုက်သည်။ "ကျွန်တော် သူ့ကို လိုက်နေတာပါ။"
ကုချင်အန်း လျှောက်လာပြီး ကုဟွိုင်အန်း၏ ပခုံးကို ပုတ်လိုက်ပြီး "လုပ်ထား၊ ကြိုးစားချေ။ မင်း မအောင်မြင်ရင် အိမ်ပြန်မလာနဲ့တော့။"
***
အခန်း ( ၁၄၂ ) - အစ်ကိုဟွိုင်အန်း
ကုချင်အန်းသည် အခြားကိစ္စများ ရှိနေသောကြောင့် ကြာကြာမနေနိုင်ခဲ့ပါ။
ရက်ပေါင်းများစွာ အဆက်အသွယ်ပြတ်ပြီးနောက် ကလေးနှစ်ယောက်က သူမကို လွမ်းနေလောက်ပြီဟု သူမ တွေးမိသည်။
ရှန်းတန်လည်း သူမနှင့်အတူ လိုက်သွားချင်သော်လည်း ကုဟွိုင်အန်းက ခွင့်မပြုခဲ့ပေ။
သူ့ပြောပုံအရ ဆေးရုံအခန်းသည် အဆင့်မြင့်အခန်း အမျိုးအစားဖြစ်သောကြောင့် နှစ်ယောက်သား သက်တောင့်သက်သာ နေထိုင်ရန် လုံလောက်သည်ဟု ဆိုသည်။
ကုဟွိုင်အန်း၏ အတွင်းစိတ်ကို ဖတ်ရှုနိုင်စွမ်းက ဆက်လက် အလုပ်လုပ်နေသောကြောင့် ရှန်းတန်မှာ အဝတ်ဗလာဖြစ်နေသကဲ့သို့ အနည်းငယ် မသက်မသာ ခံစားရသည်။
ကုဟွိုင်အန်းက နာကျင်နေပုံရပြီး အသက်ရှုသံ ပြင်းထန်နေသည်။ ရှန်းတန်က စိုးရိမ်ပူပန်သွားကာ "ဘာဖြစ်တာလဲ၊ ဆရာဝန်ခေါ်ပေးရမလား"ဟု မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ဒဏ်ရာက နည်းနည်းနာနေတာပါ။" ကုဟွိုင်အန်းက မျက်မှောင်ကြုတ်ကာ စိတ်ပျက်အားငယ်သည့် လေသံဖြင့် ပြောသည်၊ "ရပါတယ်၊ မင်း သွားပါ၊ ကိုယ် တစ်ယောက်တည်း နေနိုင်ပါတယ်။"
ရှန်းတန် : "..."
ဒီလူကတော့ တကယ့်ကို သူမကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သိနေတာပဲ။
ရှန်းတန်က သက်ပြင်းချပြီး "အဝတ်အစားလဲဖို့ ဘာမှ ယူမလာခဲ့ဘူး"ဟု ပြောလိုက်သည်။
ကုဟွိုင်အန်းက အလျင်အမြန်ပင် "လူလွှတ်ပြီး ယူလာခိုင်းလိုက်မယ်"ဟု ပြောသည်။
ကုဟွိုင်အန်းက သူ့ဖုန်းကို ထုတ်လိုက်သည်ကို မြင်တော့ ရှန်းတန်က မျက်လုံးမှေးကာ "ရှင့်ရဲ့ အရင်ဖုန်းက ဘာဖြစ်သွားတာလဲ" ဟု မေးလိုက်သည်။
"ပျက်သွားတယ်၊ ဘာဖြစ်လို့လဲ။"
ရှန်းတန်သည် သူမ၏ မေးစေ့ကို ပွတ်သပ်ရင်း သူမ အစောပိုင်းက လက်ခံရရှိခဲ့သော ဖုန်းခေါ်ဆိုမှု အကြောင်းအရာ အသေးစိတ်ကို ပြန်ပြောပြသည်။
"သူတို့ ကျွန်မရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုရသွားတယ်လို့ ထင်လဲ။"
"ကိုယ်ရေးကိုယ်တာ အချက်အလက် ပေါက်ကြားမှုတွေက ဒီဘက်ခေတ်မှာ အများကြီးပဲ။ တစ်နေရာရာကနေ ရသွားတာ ဖြစ်နိုင်တယ်။ စိတ်မပူနဲ့၊ ကိုယ် စုံစမ်းခိုင်းလိုက်မယ်။"
"ဒါနဲ့လေ ရှင် ရေချိုးနေတဲ့အကြောင်း ကျွန်မကို မက်ဆေ့ခ်ျပို့ခဲ့တာ မစ်စတာရှဲ့လား"
ရှန်းတန်သည် အဲဒီစာတစ်ကြောင်းတည်းကြောင့် အထင်မှားခဲ့ပြီး အချိန်အကြာကြီး စိတ်ဆိုးခဲ့ရပုံကို သတိရသွားသည်။
"မဟုတ်ဘူး၊ အဲဒီအချိန်တုန်းက သူ့ကို မတွေ့သေးဘူး။ အဲဒီလူက ကိုယ့်ရဲ့ တခြားသူငယ်ချင်းတစ်ယောက်ပါ၊ ဒါပေမဲ့ သူက ခဏပဲ လာလည်တာ၊ အခု ပြန်သွားပြီ။"
"ဪ၊ ဆရာသခင်ကို ရှာတွေ့ပြီလား။"
ကုဟွိုင်အန်း သက်ပြင်းချကာ စိတ်ပျက်အားငယ်မှု မဖုံးကွယ်နိုင်ဘဲ "မတွေ့သေးဘူး၊ ဒါပေမဲ့ လမ်းစတော့ ရနေပြီ"ဟု ပြောသည်။
"ရပါတယ်၊ အလျင်လိုစရာ မလိုဘူး။ ဒီလို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ နေရာက ရှာရခက်လေ့ ရှိတယ်။"
ရေချိုးပြီးနောက် ရှန်းတန်၏ ဖုန်းလည်း ရောက်လာသည်။
သူမ ဖုန်းဖွင့်လိုက်သောအခါ ဝီချက် မက်ဆေ့ခ်ျ ၉၉ ခုကျော် တွေ့ရသည်။
သူမ ဖတ်ကြည့်လိုက်သောအခါ မက်ဆေ့ခ်ျ အပို့အများဆုံးသူမှာ ကျိုးကျင်း ခေါ် ဒုတိယသခင်လေးကျိုး ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရသည်။ အစပိုင်းတွင် ဒေါသထွက်ပြီး ကွန်ပလိန်းတက်နေခဲ့သော်လည်း နောက်ပိုင်းတွင် စိုးရိမ်ပူပန်မှုများ ဖော်ပြလာသည်။
ရှန်းတန် နည်းနည်းတော့ ဝေခွဲမရ ဖြစ်သွားသည်။
ကုဟွိုင်အန်း ဆက်မထိန်းနိုင်တော့ဘဲ သတိကြီးစွာဖြင့် "တန်တန်၊ ကျိုးကျင်း ဆိုတာ ဘယ်သူလဲ"ဟု မေးလိုက်သည်။
ရှန်းတန် မျက်မှောင်ကြုတ်လိုက်သည်။
"ရှင် ကျွန်မ အတွေးတွေကို ထပ်နားထောင်ပြန်ပြီလား။"
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကိုယ်မှ ထိန်းချုပ်လို့ မရတာ..."
ကုဟွိုင်အန်းလည်း ဒီစွမ်းရည်ကို မလိုချင်ပါ၊ ဒါက အလွန်အမင်း ထူးခြားနေသည်။
ရုတ်တရက် ရှန်းတန် ဒီမှာ ဆက်နေခဲ့မိတာကို နောင်တရမိသည်။ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် သူမ ကုဟွိုင်အန်းနဲ့ ဘာမှ ဖုံးကွယ်ထားတာ မရှိဘဲ ပုံမှန်လို ဆက်ဆံနိုင်မည် မဟုတ်ပေ။
ဒီအတွေးပေါ်လာသည်နှင့် ကုဟွိုင်အန်းက အလိုအလျောက် ကြားလိုက်ရပြီး သူ အစောပိုင်းက မေးခဲ့မိတာကို နောင်တရမိသည်။
သို့သော်လည်း ဒီဒုတိယသခင်လေးကျိုးကျင်းက ဘယ်သူလဲဆိုတာကို သူ တကယ်သိချင်နေသည်။
ကုဟွိုင်အန်း သတိကြီးစွာဖြင့် ရှန်းတန်ကို ကြည့်လိုက်သည်။ သူမ ဒေါသထွက် မထွက် သူ မသိပေ။
ရှန်းတန် အနည်းငယ် ကူကယ်ရာမဲ့စွာ ခံစားရပြီး စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။
"ဘာမှ မဟုတ်ပါဘူး၊ ကျွန်မရဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျွန်မ သူ့အမေကို တစ်လလောက် စာသင်ပေးမယ်လို့ကတိပေးခဲ့တာ၊ ဒါပေမဲ့ အဲဒီနောက် ရှင်က မတော်တဆ ဖြစ်ခဲ့တာကိုး..."
"ဒါဆို သူက ကျောင်းသား..."
ကုဟွိုင်အန်း စိတ်သက်သာရာရသွားသည်။ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်ရမည်။ ခြိမ်းခြောက်မှု မရှိသော ကလေးမိုက်လေး တစ်ယောက်ပင် ဖြစ်သည်။
ရှန်းတန်က ကုဟွိုင်အန်း ဘာတွေတွေးနေလဲဆိုတာ မသိဘဲ မက်ဆေ့ခ်ျတွေကို တစ်ခုချင်း ပြန်ဖြေနေသည်။
အစ်မကြီးလျန့်က စိုးရိမ်တကြီး မေးမြန်းထားသောအခါ ရှန်းတန် စိတ်မကောင်းဖြစ်မိသည်။ သူမ တစ်ရက်ပဲ စာသင်ပေးပြီး ပျောက်ကွယ်သွားခြင်းက တာဝန်မဲ့သလို ဖြစ်နေသည်။
ရှန်းတန် ရိုးသားစွာ ရှင်းပြပြီးနောက် ကိစ္စပြီးပြီဟု ထင်ခဲ့သည်။ သို့သော်လည်း သူမကို အံ့အားသင့်စေသည်မှာ အစ်မကြီးလျန့်က ရှန်းတန် ပြန်လာသောအခါ စာဆက်သင်နိုင်သည်ဟု ပြောခြင်းပင်ဖြစ်သည်။
ရှန်းတန် ပျော်ရွှင်သွားသည်။
ဟုတ်ပြီ၊ သူမရဲ့ ပိုက်ဆံတွေ အကုန်လုံး ရှိနေသေးသည်။
သူမ တစ်ညလုံး ကောင်းကောင်း အိပ်ပျော်သွားသည်။
နောက်နေ့တွင် ရှန်းတန် နေမွန်းတည့်သည်အထိ အိပ်ပြီးမှ ထသည်။
သူမ နိုးလာသောအခါ ကုချင်အန်းသည် ဆိုဖာပေါ်တွင် မျက်မှန်တပ်ကာ အလုပ်လုပ်နေသည်မှာ ခဏတာ ရှိနေပြီဖြစ်သည်။
ကုဟွိုင်အန်းလည်း ကုတင်ဘေးနားတွင် ထိုင်ကာ တစ်ခုခု လုပ်နေသည်။
ရှန်းတန် တိတ်တိတ်လေး ချီးကျူးမိသည်။ ဒီမောင်နှမနှစ်ယောက်က တကယ်ကို ကြိုးစားကြတယ်၊ မနက်စောစောကတည်းက အလုပ် စလုပ်နေကြတယ်။
သူမ ကုဟွိုင်အန်း ဘေးနား ဝင်ထိုင်ပြီး "ဒီနေ့ ဘယ်လိုနေသေးလဲ၊ ဆရာဝန် ဆေးပြောင်းပေးလိုက်လား"ဟု မေးသည်။
ကုဟွိုင်အန်း မျက်မှန်ချွတ်ကာ "မဆိုးပါဘူး၊ အများကြီး ပိုကောင်းလာပြီ"ဟု ပြန်ဖြေသည်။
ရှန်းတန် ဂရုတစိုက် ကြည့်လိုက်သည်။ ဒဏ်ရာက ကြောက်စရာကောင်းနေဆဲဖြစ်သည်။
ကုဟွိုင်အန်း၏ ဒဏ်ရာများသည် ပြင်းထန်ပုံရသော်ငြား တကယ်တမ်းတွင် သိပ်မဆိုးလှပေ။ သို့သော် သူသည် လောလောဆယ် လှုပ်ရှားလို့ မရသေးဘဲ ကုတင်ပေါ်မှာ နားနေရသည်။
ရလဒ်အနေဖြင့် ဆရာသခင်ကို ရှာဖွေခြင်းကို ရွှေ့ဆိုင်းထားရသည်။
ခဏတာ တိတ်ဆိတ်စွာ စကားပြောပြီးနောက် ကုဟွိုင်အန်း ရုတ်တရက် အားစိုက်ထုတ်ကာ ထဖို့ ကြိုးစားသည်။
ရှန်းတန် သူ့အား အတင်းပြန်ဖိချပြီး "ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေတာလား"ဟု ဆူသည်။
"ကိုယ် လုပ်နိုင်တယ်။"
"ဘာလုပ်နိုင်တာလဲ။ ရှင်က လူနာပဲ၊ စကားပြောဖို့ အခွင့်အရေးမရှိဘူး။ ဆရာဝန်ခွင့်ပြုမှ လုပ်လို့ ရမယ်။" ဟု ရှန်းတန်က အခိုင်အမာ ပြောလိုက်သည်။
ပန်းသီးအခွံခွာနေသော ကုချင်အန်းက နည်းနည်း ပိုလျှံနေသည်ဟု ခံစားရသည်၊ "မင်းတို့နှစ်ယောက် ဒီမှာ ဒရမ်မာရိုက်နေကြတာလား။"
ရှန်းတန် လက်လှမ်းကာ သူ့လက်မောင်းကို ဖက်ထားသည်။
"ကူပါဦး၊ ကူပါဦး။"
"ရပါတယ်၊ ကျွန်မ ကြည့်နေတယ်။ အစ်မ၊ သူက ခေါင်းမာနေတယ်လို့ မထင်ဘူးလား။ ဒီလို ဒဏ်ရာရထားတာတောင် သူ မရှိရင် ကမ္ဘာကြီး ရပ်သွားမှာလိုမျိုး လုပ်နေတယ်။"
"ဟုတ်တယ်၊ ဒါပေမဲ့ 'ဆရာသခင်' ဆိုတာ ဘာကိုဆိုလိုတာလဲ။" အစ်မကြီးလျန့်မှ အရင်မေးသည်။ "ဒါနဲ့လေ အန်းရန်နဲ့ ဝူယန်တို့ ဘယ်လိုနေလဲ၊ မင်းရဲ့ မိဘတွေ ဒါကို မသိဘူးဟုတ်။"
"မသိပါဘူး၊ သူတို့ သိရင် စိတ်ပူမှာစိုးလို့။"
လူတိုင်းက ဉာဏ်ကောင်းကြသည်။ ကုဟွိုင်အန်းသည် ပြောချင်ပုံမရသည်ကို မြင်သောအခါ ကုချင်အန်းလည်း ဆက်မမေးတော့ပေ။
လူတိုင်းတွင် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိပြီး သူမက တခြားသူတွေရဲ့ လျှို့ဝှက်ချက်တွေကို စပ်စုရသည်အား မကြိုက်ပေ။
သူမအတွက်သည် မိသားစု လုံခြုံ၊ ကျန်းမာ၊ ချမ်းသာနေပါက ကျန်သည်မှာ အရေးမကြီးပေ။
သူမ ပန်းသီးတစ်လုံး ခွာပြီးသည်နှင့် ရှဲ့ရွှမ်၏ စကားသံ တဝါးဝါး ထွက်ပေါ်လာသည်။
သူမ၏ အသံသည် သူမရောက်မလာခင်ကတည်းက ရောက်လာသည်ဟု ပြောနိုင်သည်။
"အစ်ကိုဟွိုင်အန်း~"
ဟုတ်ပေသည်၊ ရှဲ့ရွှမ်က ကုဟွိုင်အန်းကို ဒီလိုပဲ ခေါ်နေတုန်းပါပဲ။
ရှန်းတန်လည်း အတူတူ လိုက်ကာ တိုးတိုးလေး ပြောသည်၊ "အစ်ကိုဟွိုင်အန်း~"
ကုဟွိုင်အန်း : "..."
"ကျွန်မ အသံက ကောင်းတယ်လို့ ထင်လား။"
"ကောင်းတယ်။"
"ဟွန့်၊ မယုံဘူး။"
ရှဲ့ရွှမ် ပျော်ရွှင်စွာ ဝင်လာပြီး ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် ခုန်ဆွခုန်ဆွ လမ်းလျှောက်လာရာ အလွန် ပျော်ရွှင်နေပုံရသည်။
"ဘာဖြစ်တာလဲ၊ ထီပေါက်လို့လား။"
ရှဲ့ရွှမ် ခဏတာမျှ ရပ်တန့်သွားသည်၊ "မဟုတ်ဘူး။"
"ဒါဆို ဘာလို့ ဒီလောက် ပျော်နေတာလဲ။"
ရှဲ့ရွှမ် မျက်လုံးလှန်ပြလိုက်သည်၊ "မင်းက ဒီလောက်ပဲ အပေါ်ယံကိုကြည့်တတ်တာလား၊ ပျော်ဖို့အတွက် ထီပေါက်မှ ဖြစ်မှာလား။"
"ဟုတ်ပါတယ်၊ ကျွန်မက အဲဒီလို သာမန်လူတစ်ယောက်ပဲ။"
"ရှင့်ဘဝမှာ ပိုက်ဆံတစ်ခုတည်းကပဲ အရေးပါတာလား" ရှဲ့ရွှမ်က မေးသည်။
"မဟုတ်ဘူး"ဟု ရှန်းတန် ပြန်ဖြေသည်။
ရှဲ့ရွှမ် တစ်ခုခု ပြောတော့မလိုရှိစဉ် ရှန်းတန်က ဆက်ပြောသည်၊ "ကျွန်မရဲ့ ဘဝမှာ ပိုက်ဆံတောင် မရှိဘူး။"
ရှဲ့ရွှမ် မယုံနိုင်စွာ မျက်တောင်ခတ်ကာ ပါးစပ်ကို ဖုံးလိုက်သည်။
"ကုဟွိုင်အန်းက ရှင့်ကို သုံးစွဲဖို့ ပိုက်ဆံ မပေးဘူးလား။"
ရှဲ့ရွှမ်သည် ရုတ်တရက် အတွေးတစ်ခု ဝင်သွားပြီး သူမ၏ မျက်လုံးများ လင်းလက်လာသည်၊ "ဒါဆို ဒီလိုဆိုရင်ရော၊ ကျွန်မက ရှင့်ကို ပိုက်ဆံပေးမယ်၊ ပြီးတော့ ရှင်က ကျွန်မကို ကုဟွိုင်အန်းကို ပေး။ ဘယ်လိုလဲ။"
ရှန်းတန် မေးစေ့ကို ပွတ်သပ်ရင်း ပြန်မေးသည်၊ "ဘယ်လောက် ပေးမလဲ။"
ကုဟွိုင်အန်းက ဝင်ပြောသည်၊ "..."
ရှဲ့ရွှမ် လက်ညှိုးတစ်ချောင်းထောင်ကာ ခဏတာမျှ စဉ်းစားပြီးနောက် လက်ညှိုး နောက်တစ်ချောင်း ထပ်ထောင်ပြကာ လက်နှစ်ချောင်းကို ကန့်လန့်ဖြတ်ပြီး "တစ်ဆယ်" ပုံစံ ဖန်တီးလိုက်သည်။
ရှန်းတန်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်၊ "ဘီလီယံ တစ်ဆယ်လား။ အိုကေ၊ သဘောတူပြီ။ ရော့ ပတ္တမြား၊ ရော့ နဂါးပဲ။"
ရှဲ့ရွှမ် အံ့အားသင့်သွားသည်၊ "???"
ကုဟွိုင်အန်းက "တန်တန်..." ဟု ခေါ်လိုက်သည်။
သူက အဲဒီမှာ ရှိနေတုန်းပဲ။ သူ့ရှေ့မှာ ဘယ်လိုလုပ် ဒီလို လုပ်ရတာလဲ။
ရှန်းတန် ခေါင်းကို အသာအယာ ပုတ်လိုက်သည်။
"ဪ၊ ဟုတ်သားပဲ၊ ရွှမ်ရွှမ်၊ အပြင်ထွက်ပြီး စကားပြောရအောင်လား။"
ရှန်းတန်ရဲ့ စိတ်အားထက်သန်မှုကြောင့် ရှဲ့ရွှမ် ကြောက်လန့်သွားသည်။ ရှန်းတန်သည် သူမအား ဆွဲခေါ်ဖို့ လက်လှမ်းနေသည်ကို မြင်သောအခါ သူမ အလန့်တကြား နောက်သို့ ခြေလှမ်း နှစ်လှမ်း သုံးလှမ်း ပြန်ဆုတ်လိုက်သည်။
"နေဦး၊ ရှင်က တကယ်ပြောတာလား။ ရှင်က ကုဟွိုင်အန်းကို အရမ်းချစ်တယ် မဟုတ်လား။ ရှင် သူ့ကို တကယ် ရောင်းတော့မှာလား။"
"ဒါပေမဲ့ ကျွန်မက ပိုက်ဆံကို ပိုလိုချင်တယ်။ ဘီလီယံ တစ်ရာ ရနိုင်မလား။ မင်း ဘယ်လောက် ပေးနိုင်မလဲ။" ရှန်းတန်က မေးသည်။
ရှဲ့ရွှမ် နှုတ်ခမ်းကို စေ့လိုက်သည်၊ "ညှိလို့ ရမလား။"
"ရတာပေါ့။"
"တစ်သိန်း။"
"ဘယ်လောက်။"
"တစ်သိန်း။"
ရှန်းတန်သည် သူမ၏ နားရွက်ကို ပြန်ထိကြည့်လိုက်ပြီး သူမ နားကြားမှားမိတယ်လို့ သံသယရှိသွားသည်။
မင်းက ချမ်းသာတဲ့ သခင်မလေးပဲ။ မင်းရဲ့ အိတ်တစ်လုံးတောင် တစ်သိန်းထက် ပိုတန်တယ်။ အခုတော့ လူတစ်ယောက်ကို ဝယ်ဖို့ ဒီလောက် နည်းတဲ့ ပမာဏနဲ့ ကမ်းလှမ်းနေတယ်။
ရှန်းတန်က သတိကြီးစွာ မေးသည်၊ "မင်းရဲ့ မိသားစု ဒေဝါလီခံသွားတာလားဟင်။"
"မင်းရဲ့ မိသားစုသာ ဒေဝါလီခံတာ။"
"ဒါဆို ဘာလို့ နည်းနည်းလေး ပေးတာလဲ။"
ရှဲ့ရွှမ်က အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် ပြောသည်၊ "မနေ့က အိမ်ပြန်တော့ ကျွန်မအစ်ကိုက ကျွန်မရဲ့ နေစရိတ်ကို ဖြတ်တောက်လိုက်တယ်။ ကျွန်မမှာ တစ်သိန်းပဲ ကျန်တော့တယ်။"
ရှန်းတန် : "..."
"ကျွန်မက ကျွန်မရဲ့ ယောက်ျားကို ရောင်းစားတဲ့ လူစားမျိုးလား။ ကုဟွိုင်အန်းနဲ့ ကျွန်မက တကယ်ကို ချစ်ကြတာပါ။ ပိုက်ဆံ ဘယ်လောက်နဲ့မှ သူ့ကို မရောင်းနိုင်ဘူး။ လက်လျှော့လိုက်။"
ထိုနေရာတွင် ရှိနေသူတိုင်း : "..."
အစောပိုင်း၌ သူမပြောခဲ့သော စကားများသာ မရှိခဲ့ပါက သူတို့ တကယ် ယုံသွားနိုင်သည်။