အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း ( ၁၄၇ ) – ‘ယောက်ဖ’
အခန်းကို သန့်ရှင်းရေးလုပ်ထားပြီး ဖုန်မှုန့်တစ်စက်မျှမရှိဘဲ သပ်သပ်ရပ်ရပ် ဖြစ်နေသည်။
ရှန်းတန် သေချာကြည့်လိုက်ရာ သူမ နောက်ဆုံးထားခဲ့စဉ်ကအတိုင်းပင်၊ မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိသလောက်ပင်။
ယခင်က သူမသည် အတွင်းစိတ်ဖတ်ရှုနိုင်သည့်စွမ်းရည်ကို လက်မခံနိုင်ဘဲ ကုဟွိုင်အန်း ရှေ့တွင် ကိုယ်လုံးတီးဖြစ်နေသကဲ့သို့ သူမ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိသလို ခံစားခဲ့ရသည်။
ယခုတော့ သူမ ထိုအရာက အဆင်ပြေသည်ဟု ခံစားရသည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာတော့ ဖြေရှင်းနည်း ရှိနေပြီပင်။
သို့သော်…
ရှန်းတန်သည် အတွင်းစိတ်ဖတ်ရှုနိုင်သည့်စွမ်းရည်ကို ပိတ်ရန်အတွက် "ထိုအရာ" ကို လုပ်ဆောင်ရမည်ကို လက်မခံနိုင်ခဲ့ပေ။ ပထမအကြိမ်က လှပတယ်၊ သို့သော် ဤထူးဆန်းသည့် အကြောင်းပြချက်ကြောင့် ထိုအရာ ဖြစ်ပျက်ရမည်ကို သူမ မလိုချင်ခဲ့ပေ။
သူမ ထိုအကြောင်းကို မပြောခဲ့သလို ကုဟွိုင်အန်းကလည်း မပြောခဲ့ပေ။ လူနှစ်ဦးသည် ဤကိစ္စကို တိတ်ဆိတ်စွာ လျစ်လျူရှုထားသကဲ့သို့ပင်။
အတွင်းစိတ်ဖတ်ရှုနိုင်သည့်စွမ်းရည်ကို တွေးမိတော့ ရှန်းတန်သည် အခြားအရာတစ်ခုကို သတိရသွားသည်။ သူမ ကုဟွိုင်အန်းကို မျက်လုံးကျဉ်း၍ ကြည့်ကာ "ဒါနဲ့ ကျွန်မ ရှင့်ကို မေးချင်တာ တစ်ခု ရှိတယ်"ဟု ပြောလိုက်သည်။
"ဘာကိုလဲ။"
"ရှင်က ပြန်လည်မွေးဖွားလာတဲ့သူလား။"
ကုဟွိုင်အန်း ခေါင်းညိတ်သည်၊ "ဟုတ်တယ်။"
သူ့ရဲ့ ပွင့်လင်းတဲ့ အဖြေကြောင့် ရှန်းတန် ခဏတာမျှ အံ့အားသင့်သွားသည်၊ "ဘာ...၊ ရှင် ဒီအတိုင်း ကျွန်မကို ပြောပြလိုက်တာလား။"
ကုဟွိုင်အန်းသည် ရှန်းတန်၏ ဆံပင်ကို ပွတ်သပ်ပြီး ညင်သာစွာ ပြောသည်၊ "မင်းကို မပြောနိုင်တာ ဘာမှ မရှိဘူး။ မင်းကို ဒီအကြောင်းပြောဖို့ အရင်ကတည်းက တွေးထားခဲ့တာ၊ ဒါပေမဲ့ အခွင့်မကြုံခဲ့ဘူး။ အတွင်းစိတ်ဖတ်ရှုနိုင်တာ တစ်ခုတည်းနဲ့တင် မင်း ကိုယ့်ဆီက ဝေးသွားခဲ့တယ်၊ ပြန်လည်မွေးဖွားလာတာကိုသာ ပြောလိုက်ရင် မင်း ကိုယ့်ကို ထားသွားမှာကို ကြောက်ခဲ့တယ်။"
ရှန်းတန်သည် တကယ်တမ်းတော့ ဒါကို သိပ်ဂရုမစိုက်ခဲ့ပါ။ သူမ အရင်ဘဝက သူ့အကျိုးပေးအတိုင်း ခံခဲ့ရတာပါ၊ သူမရဲ့ သေဆုံးမှုက ကြေကွဲစရာကောင်းခဲ့ပေမဲ့ ဇာတ်ကြောင်းအတိုင်း လိုက်နာရန် အတင်းအကြပ် ခိုင်းစေခံရသည့် အကြောင်းကို ရှင်းပြပြီးနောက် သူမ ကုဟွိုင်အန်းကို ထပ်မေးခဲ့သည်၊ "ရှင်ရော အဲဒီလို ခံစားချက်မျိုး ရှိလား။"
ကုဟွိုင်အန်းက ခေါင်းညိတ်သည်၊ "ကိုယ်လည်း ရှိတယ်။ တစ်ခါတလေ ကိုယ် တကယ် မလုပ်ချင်ဘူး၊ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရဘူး။ ကိုယ့်မှာ စိတ်ရောဂါရှိနေလားလို့တောင် သံသယဝင်ပြီး ဆေးရုံမှာ သွားစစ်ခဲ့ဖူးတယ်။"
ဒါကို ကြားရတာ ရယ်စရာကောင်းတယ်လို့ထင်ရပေမဲ့ ကိုယ်တိုင် ကြုံတွေ့ဖူးသူများသာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့ မရတာ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို သိကြသည်။
ရှန်းတန်သည် ကုဟွိုင်အန်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး ပြောလိုက်သည်၊ "အခုတော့ အဆင်ပြေသွားပြီ။ နောင်ဆိုရင် ဘယ်သူမှ ကျွန်မတို့ကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။"
"ဟုတ်တယ်၊ မင်းနဲ့ ပြန်တွေ့ရတာကိုလည်း အရမ်း ဝမ်းသာတယ်။"
ရှန်းတန်နှင့် မတွေ့ခဲ့ဘူးဆိုရင် ကုဟွိုင်အန်းဟာ ဒီဘဝမှာ တစ်ယောက်တည်း အသက်ကြီးသွားမှာ သေချာသည်။
မဟုတ်ရင် ချစ်သူတစ်ဦး ရှိခြင်း၊ တစ်စုံတစ်ယောက်ဆီက ချစ်မြတ်နိုးတာ ခံရခြင်းက ဘယ်လိုခံစားရလဲဆိုတာကို သူ ဘယ်တော့မှ နားလည်နိုင်ခဲ့မှာ မဟုတ်ဘူး။
ရှန်းတန်က ကျယ်လောင်စွာ မပြောခဲ့ပေမဲ့ သူတို့နှစ်ဦးလုံးက တစ်ဦးကိုတစ်ဦး တကယ်ချစ်ကြတာကို ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။
"ဗိုက်ဆာလား။"
"နည်းနည်း။"
"ထိုင်ဦး၊ ကိုယ် မင်းအတွက် ချက်ပေးမယ်။"
"ကျွန်မလည်း ကူပေးမယ်။"
ချစ်သူစုံတွဲများအတွက် ဘာပဲလုပ်လုပ် အတူတူရှိနေသရွေ့ အလွန်ပျော်ရွှင်ကြရမည်။
ရှန်းတန်သည် ကူညီလုပ်ကိုင်ပေးဖို့ တာဝန်ယူပြီး ကုဟွိုင်အန်းကတော့ မီးဖိုချောင်ဝတ်ခါးစည်းအင်္ကျီကို ဝတ်ဆင်ကာ ချက်ပြုတ်တော့သည်။
ညနက်နေပြီဖြစ်သောကြောင့် အစာကြေရန် ခက်ခဲမည်ကိုစိုး၍ အဆီများသော အစားအစာများကို သူ မချက်ပြုတ်ခဲ့ပေ။
ကုဟွိုင်အန်းသည် စတိတ်အသား နှစ်ချပ်ကို ဒယ်အိုးထဲတွင် ရိုးရိုးလေး ကြော်ကာ ဟင်းရွက်များဖြင့် အလှဆင်လိုက်သည်။ အမြင်နဲ့တင် အလွန် စားချင်စဖွယ် ကောင်းနေသည်။
ကြည့်လိုက်ရုံနှင့်ပင် ရှန်းတန် ပို၍ပင် ဆာလောင်လာသည်။
ကုဟွိုင်အန်းက ဖယောင်းတိုင်အချို့ ထွန်းလိုက်သည်။ မှိန်ပြပြ ဖယောင်းတိုင်မီးရောင်က ရိုမန်းတစ်ဆန်သော လေထုကို ဖန်တီးပေးသည်။
သူက စတိတ်အသားကို ရှန်းတန်အတွက် လှီးဖြတ်ပေးပြီးမှ ရှေ့တွန်းပေးလိုက်သည်၊ "မြည်းကြည့်ပါဦး၊ မင်းကြိုက် မကြိုက်"
"ရှင် ဘာပဲလုပ်လုပ် အရသာရှိမှာ သေချာတယ်။"
သူမ တစ်ကိုက် စားကြည့်တော့ မျှော်လင့်ထားသည့်အတိုင်းပင်။ အရသာက ကြယ်ငါးပွင့်ဟိုတယ်များထက် မနိမ့်ကျပေ။
ရှန်းတန်သည် ထမင်းစားပြီးနောက် ပါးစပ်သုတ်ရင်း "ကောင်းပြီ၊ ကျွန်မ အိမ်ပြန်သင့်ပြီ" ဟု ပြောလိုက်သည်။
ကုဟွိုင်အန်း အနည်းငယ် အံ့သြသွားသည်၊ "မင်း ဒီမှာ မနေဘူးလား။"
ရှန်းတန်က ပြုံးပြီး "ကျွန်မ ဒီမှာ မနေတော့ဘူး။ ကျွန်မ အိမ်ပြန်ချင်တယ်" ဟု ပြောလိုက်သည်။
ယခင်က သူမသည် ရှန်းမိသားစုနှင့် နေထိုင်ရသည်ကို အမြဲလိုလို မသက်မသာ ခံစားခဲ့ရပြီး တခြားသူ၏ ဆွေမျိုးများကို လုယူထားသလို ခံစားခဲ့ရသည်။
ယခု သူမတို့သည် သူမ၏ တကယ့်မိသားစုဖြစ်သည်ကို သိလိုက်ရသောအခါ ရှန်းတန်တစ်ယောက် အလွန်ပျော်ရွှင်သွားသည်။
လွန်ခဲ့သည့်တစ်လအတွင်း သူတို့ အလွန်အမင်း သဟဇာတဖြစ်စွာ နေထိုင်ခဲ့ကြသည်။ သူမ အခုတော့ အိမ်ကနေ မခွဲခွာချင်သေးပေ။
ကုဟွိုင်အန်းသည် အနည်းငယ် စိတ်ပျက်သွားမိသော်လည်း သူ အတင်းအကြပ် မတိုက်တွန်းခဲ့ပေ။
"ကိုယ် ပြန်လိုက်ပို့ပေးမယ်။"
"မလိုပါဘူး၊ ကိုယ့်ဘာသာကိုယ် ကားမောင်းပြန်လို့ရတယ်။"
"ဒီလိုဆို ကိုယ် စိတ်မချရဘူး။"
ရှန်းတန်သည် ကုဟွိုင်အန်းကို မယှဉ်နိုင်သောကြောင့် သူ့ကို ရှန်းမိသားစုအိမ်သို့ ပြန်လိုက်ပို့စေခဲ့ရသည်။
ကားသံကြားတော့ ရှန်းယွီက ဖုန်းချပြီး အိမ်ထဲကနေ ပြေးထွက်လာသည်။
ကုဟွိုင်အန်းကို မြင်တော့ သူ့နှာခေါင်းကို မကျေမနပ် ရှုံ့မဲ့လိုက်သည်။
"အစ်မ၊ အခုမှ ပြန်လာတာလား။ တစ်စုံတစ်ယောက်က ပြန်မလာခိုင်းလို့လား။"
ရှန်းတန်က သူ့နဖူးကို လက်ညှိုးနဲ့ တွန်းထုတ်လိုက်သည်၊ "အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။"
ရှန်းယွီ အရမ်း မပျော်မရွှင်ဖြစ်နေသည်၊ "အစ်မ၊ အခုကစပြီး ကျွန်တော်ပဲ ကားမောင်းပို့ပေးမယ်။ တချို့လူတွေမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမှာကို ကျွန်တော် ကြောက်တယ်။"
ကုဟွိုင်အန်း : "......"
ဒါက သူ့ယောက်ဖဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး သူ သည်းခံလိုက်သည်။
"မင်း မိုက်ကယ်ကို ကြိုက်တယ်လို့ ကြားတယ်။"
ရှန်းယွီ လည်ပင်းကို ဆန့်ထုတ်ပြီး "ကြိုက်တော့ ဘာဖြစ်လဲ" ဟု ပြောသည်။
"တိုက်ဆိုင်လိုက်တာ။ ငါက သူနဲ့ ဝီချက်မှာ သူငယ်ချင်း ဖြစ်နေတယ်။"
ဒီစကားက ရှန်းယွီကို ဒေါသထွက်စေသည်။ ဒီလူက သူ့ကို ရည်ရွယ်ချက်ရှိရှိ လာပြီး ကြွားဝါနေတာလား။
"မင်း သူနဲ့ သူငယ်ချင်းဖြစ်နေလည်း ဘာမှ မထူးဘူး။"
ရှန်းယွီကတော့ ဝန်ခံဖို့ ငြင်းဆန်နေသော်လည်း ဒီအချိန်မှာ သူ့ရင်ထဲ အလွန်ချဉ်တူးတူး ခံစားနေရသည်။
"ယောက်ဖလို့ခေါ်ရင် မင်းကို အဆက်အသွယ် လုပ်ပေးမယ်။"
ရှန်းယွီက သူ့ပါးစပ်ထဲက တံတွေးကို မသိမသာ မြိုချလိုက်သည်၊ "တကယ်လား။"
ရှန်းယွီ၏ မျက်နှာအမူအရာကို မြင်တော့ ကုဟွိုင်အန်း ကျယ်လောင်စွာ ရယ်မောမိတော့မလို ဖြစ်သွားသည်။
သူက တကယ်ပဲ ရှန်းတန်ရဲ့ မောင်ပင်။ သူတို့ရဲ့ မျက်နှာအမူအရာလေးတွေက တူလွန်းလှသည်။
"ယောက်ျားတစ်ယောက်က သူ့စကားအတိုင်း ကတိတည်တယ်။"
ရှန်းယွီက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်၊ "ယောက်ဖ။"
ရှန်းတန် : "......"
"မင်းက ဘက်ပြောင်းသွားပြီလား၊ အရင်က တစ်ယူသန်ဆန်ခဲ့တဲ့ သဘောထားတွေကရော ဘာဖြစ်သွားတာလဲ။"
ဘယ်သူက နေ့တိုင်း သူမကို ကွာရှင်းခိုင်းနေခဲ့သလဲ။
ရှန်းယွီ သတိမထားမိစွာ ပြုံးသည်၊"အစ်မ၊ ကျွန်တော်က ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက မိုက်ကယ်ရဲ့ သူငယ်ချင်းလေ။"
ရှန်းတန် သူ့စကားတွေက ရင်းနှီးနေသလို ခံစားရသည်။
နေပါဦး... ဒါက သူမကိုယ်တိုင် မကြာခဏ ပြောနေကျစကားတွေ မဟုတ်ဘူးလား။
သူ မခေါ်ချင်ပေမယ့် တစ်ဖက်လူက သူ့ကို ကမ်းလှမ်းတာ အရမ်းများလွန်းနေတယ်။
ရှန်းတန်က ရုတ်တရက် မသက်မသာ ခံစားရသည်။ သူမ ကုဟွိုင်အန်းကို "အဟမ်း၊ ညဥ့်နက်နေပြီ။ ရှင် ပြန်တဲ့လမ်းမှာ သတိထားသွားဦး" ဟု ပြောလိုက်သည်။
"ကောင်းပြီ၊ မနက်ဖြန် တွေ့မယ်။"
"မနက်ဖြန်တွေ့မယ်။"
ရှန်းယွီသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း အိမ်ထဲဝင်ပြီးနောက် ကုဟွိုင်အန်းရဲ့ ဝီချက်အကောင့် သူ့ဆီမှာ မရှိသေးဘူးဆိုတာ ရုတ်တရက် သတိရလိုက်တော့ ချက်ချင်းဆိုသလို ညှိုးကျသွားသည်။
"အစ်မ အစ်မ၊ ကုဟွိုင်အန်းရဲ့ ဝီချက်ကို ပို့ပေးပါဦး။"
ရှန်းတန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "အခု သူ့ကို ကုဟွိုင်အန်းလို့ ပြန်ခေါ်နေပြီလား၊ ယောက်ဖဆိုတာက ဘာဖြစ်သွားတာလဲ။"
သူဟာ တကယ် မျက်နှာပြောင်တိုက်ပြီး လူတွေကို မသိကျိုးကျွန်ပြုတတ်တာပဲ။
***
အခန်း ( ၁၄၈ ) – “ယောင်္ကျားတစ်ယောက်မှာ အကြောင်းပြချက်ရှိရမယ်”
ရှန်းတန်သည် ကုဟွိုင်အန်း၏ ဝီချက်ကို ရှန်းယွီထံသို့ တိုက်ရိုက် ပို့ပေးလိုက်သည်။
ထိုနှစ်ဦး ဘာတွေပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း နောက်တစ်နေ့မှစ၍ ရှန်းတန် သတိထားမိသည်မှာ ရှန်းယွီ၏ ကုဟွိုင်အန်း အပေါ် ထားရှိသည့် သဘောထားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ယခင်ကလို အထင်အမြင်သေးသည့် အကြည့်မျိုး မရှိတော့ပေ။
သိပ်စဉ်းစားနေစရာ မလို၊ ကုဟွိုင်အန်းသည် ရှန်းယွီကို ငြင်းပယ်မရသော အကျိုးအမြတ်အချို့ ပေးခဲ့သည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေ ရှန်းယွီမှာ ဤကဏ္ဍတွင် သူမနှင့် အလွန်တူနေသည်ကိုး ဟုတွေးမိသည်။
တစ်ဖက်တွင်မူ သူမ အရင်က ရိုက်ကူးခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များ ထုတ်လွှင့်ပြသနေပြီဖြစ်သည်။
ရှန်းတန် ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်ရာ အကောင်းမြင်သုံးသပ်ချက်များ အတော်များများကို တွေ့ရပြီး သူမအား ရုပ်ရည်လှရုံသက်သက်ဟု ဝေဖန်သည့် ပြင်းထန်သော ဝေဖန်မှုများ မရှိတော့ပေ။
ပရိသတ်များမှာ အလွန်ပျော်ရွှင်နေကြပြီး ယခင်ကလို ဝေဖန်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းမရှိတော့ဘဲ ထူးဆန်းစွာ နှိမ့်ချသောသဘောထားဖြင့် တုံ့ပြန်နေကြသည်ကို ရှန်းတန် နည်းနည်း မသက်မသာ ခံစားရသည်။
[ဒါတွေက ရှန်းတန်ရဲ့ ပရိသတ်တွေ ဟုတ်သေးရဲ့လား၊ တစ်ခုခုတော့ မမှန်ဘူးထင်တယ်။]
[ဘာဖြစ်လဲ၊ နည်းနည်းပါးပါး အထိုးအကြိတ်ခံရမှ သက်တောင့်သက်သာ ဖြစ်မလား။]
[ဟုတ်တယ်၊ အခုမှ စိတ်သက်သာရာ ရတော့တယ်။]
[...သူတို့ ဘာဖြစ်နေကြတာလဲ။]
ဤဝေ့ပေါ်မှတ်ချက်များကို မြင်တွေ့ရသောအခါ ရှန်းတန်၏ မျက်နှာအမူအရာမှာ အတော်လေး ရှုပ်ထွေးသွားသည်။
ကောင်းပြီ၊ သူမ ဝေဖန်ခံရတာကို ကျင့်သားရသွားကြပြီလား။
တစ်ရက်လောက် မဝေဖန်ခံရရင် မနေနိုင်တော့ပေ။
သူမ၏ မှတ်ချက်များကို ထပ်မံ ကြည့်ရှုလိုက်ရာ သူမကို အမြဲတစေ ပစ်မှတ်ထားနေသည့် မုန်းတီးသူများ ရှိနေဆဲဖြစ်သည်။
သို့သော် သူမ၏ အတိတ်က တရားစွဲဆိုမှု အတွေ့အကြုံများကြောင့် ထိုသူများမှာ ကျိန်ဆဲကြသော်လည်း အလွန်အကျွံ မလုပ်ရဲကြတော့ပေ။
ချီးကျူးမှုများစွာကြားတွင် ထိုကြောက်တတ်သော မုန်းတီးသူများမှာ သနားစဖွယ် ဖြစ်နေသည်။
ရှန်းတန်သည်ပင် သူတို့ကို အနည်းငယ် သနားစိတ်ဝင်မိသည်။
'ရှန်းတန် ဒီနေ့ အနားယူတော့မလား'
အမည်အားဖြင့် မုန်းတီးသူတစ်ဦးမှာ နေ့တိုင်း ပုံမှန်အတိုင်း အလုပ်ဆင်းပြီး ပရိသတ်များထက်ပင် သူမကို ပိုမိုမြှုပ်နှံပြီး ထောက်ခံနေခဲ့သည်။
ရှန်းတန်၏ နာမည်သည် ရေပန်းစားသော ရှာဖွေမှုတွင် နေရာယူထားပြီး မသိနားမလည်သူများက သူမ ဝယ်ထားသည်ဟု ထင်မြင်နိုင်ကြသည်။
သို့သော် ဝယ်ယူခြင်းကတော့ မေးခွန်းထုတ်စရာမလို၊ သူမ မတရားသော ငွေကြေးကို ဘယ်လိုများ ဖြုန်းနိုင်ပါ့မလဲ၊ မည်သို့ပင်ဖြစ်စေ သူမ အနားယူရန် စီစဉ်နေသည်မှာ အမှန်ပေ။
ရှန်းတန် ရေပန်းစားနေသည်ဟု ဆိုနိုင်ပေသည်။
အမျိုးမျိုးသော ထောက်ခံမှုများနှင့် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ လာရောက်ကမ်းလှမ်းခဲ့ကြရာ ဖေးခယ့်စုန့်သည် စာရွက်စာတမ်းပုံတစ်ပုံကို ယူလာပြီး ရှန်းတန်၏ စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ကြည့်လိုက်၊ ဒါတွေက ငါ ကောင်းတယ်လို့ ထင်တဲ့ဟာတွေ။"
ရှန်းတန်သည် နှာခေါင်းကို တို့ထိကာ အနည်းငယ် လှန်လှောကြည့်ပြီး တိုးတိုးလေး မေးသည်၊ "ဒါတွေအားလုံးကို ထောက်ခံလို့ရမလား။"
ဖေးခယ့်စုန့်က မျက်မှောင်ကြုတ်သွားသည်၊ "အားလုံးကိုလား။"
"ဟုတ်တယ်။ ကျွန်မ ရှင့်ကို အရင်ကလည်း ပြောဖူးတယ်၊ ကျွန်မ အနားယူဖို့ စီစဉ်နေတာ။"
"မင်း အခုချိန်ကျမှ အနားယူတော့မယ်။ မင်း ရူးနေတာလား ငါပဲ ရူးနေတာလား။"
ရှန်းတန်သည် သူမ၏ ရင်ဘတ်ကို ဖုံးအုပ်ပြီး ဒရမ်မာဆန်စွာ ပြောသည်၊ "ကျွန်မ မလိုချင်ပါဘူး၊ ဒါပေမဲ့ ဒီလောက,က အရမ်းကြောက်စရာကောင်းတယ်၊ ကျွန်မရဲ့ နုနယ်တဲ့ နှလုံးသားလေး မခံနိုင်ဘူး။"
ဖေးခယ့်စုန့်သည် မလှုပ်မယှက်ရှိနေပြီး "ပွင့်ပွင့်လင်းလင်း ပြော" ဟု ဆိုသည်။
"ကျွန်မ အေးအေးဆေးဆေး နေချင်တာပါ။"
ဖေးခယ့်စုန့်သည် မျက်မှန်ကို နှာခေါင်းပေါ် ပင့်တင်ရင်း မေးသည်၊ "မင်း ကိုယ်ဝန်ရှိနေလား။"
"မရှိဘူး။"
"ဒါဆို ကိုယ်ဝန်ယူဖို့ စီစဉ်နေတာလား။"
ရှန်းတန်မှာ ပြောစရာစကား ကင်းမဲ့သွားသည်၊ "မဟုတ်ဘူး၊ ဘာလို့ အဲဒီအကြောင်း မေးတာလဲ။"
"နှစ်ခုစလုံး မဟုတ်ရင် မင်း ဦးနှောက် အကြော်ခံထားရတာ သေချာတယ်။"
ရှန်းတန် : "..."
"ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ၊ ဘာလို့ ကိုယ်ရေးကိုယ်တာတွေပါ လာထိခိုက်ရတာလဲ။"
"မင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်မလုပ်ဘူး၊ အနားယူဖို့ စီစဉ်နေပြီလား။"
"ဟုတ်တယ်။"
ရှန်းတန် မနေ့ညက စစ်ဆေးခဲ့သည့် သူမ၏ ဘဏ်အကောင့်ထဲမှ လက်ကျန်ငွေပမာဏကို ပြန်တွေးမိလိုက်ရာ ငွေများလွန်း၍ အိပ်မက်မက်နေသည်ဟု ထင်ရပြီး အတိုးကို စားရုံဖြင့်ပင် အတော်လေး သက်တောင့်သက်သာ ရှိနေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမ ပေါ့ပေါ့ဆဆ မသုံးစွဲပါကပေါ့။
ရှန်းတန်သည် လူအများ အလုပ်လုပ်ရခြင်းမှာ ပိုက်ဆံမရှိလို့ဟု အမြဲခံစားရပြီး သူမ အလုပ်လုပ်ရတာ မကြိုက်သည့်အတွက် ဘာလို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ခိုင်းစေရမှာလဲဟု တွေးမိသည်။
ဖေးခယ့်စုန့်သည် သက်ပြင်းရှည်ကြီး ချပြီး စိုးရိမ်မှုအပြည့်ဖြင့် လေးလေးနက်နက် ပြောသည်၊
"တန်တန်၊ မင်း တကယ် ဘာတွေးနေလဲဆိုတာ ငါမသိဘူး။ မင်းကို အလုပ်လုပ်ဖို့ ငါ အတင်းအကြပ် တိုက်တွန်းနေတာ မဟုတ်ဘူး၊ ဒါပေမဲ့ လူတိုင်းမှာ အလုပ်အကိုင် တစ်ခု လိုအပ်တယ်။ မင်း ဖျော်ဖြေရေးလုပ်ငန်းကနေ တကယ်ထွက်ဖို့ ဆုံးဖြတ်ထားရင် ကောင်းပြီ၊ ဒါပေမဲ့ မင်း တကယ်ပျော်ရွှင်တဲ့ အရာတစ်ခုကို ရှာတွေ့စေချင်တယ်၊ တစ်နေ့ပြီးတစ်နေ့ အိမ်မှာ ဘာရည်ရွယ်ချက်မှ မရှိဘဲ ပျင်းရိစွာ အချိန်ဖြုန်းနေတာမျိုး မဖြစ်စေချင်ဘူး။"
သူမ၏ စကားများမှာ ရိုးသားပြီး စေတနာပါလှသည်။
ရှန်းတန်သည် ခဏတာမျှ ပြန်စဉ်းစားကြည့်ပြီး သူမ နှစ်သက်သည့် သီးခြားအလုပ်အကိုင်မျိုး မရှိသည်ကို သတိပြုမိသည်။
အခြားအလုပ်အကိုင်များနှင့် နှိုင်းယှဉ်ပါက အမျိုးသမီး နာမည်ကျော်တစ်ဦး ဖြစ်ရခြင်းက ပိုမို လွတ်လပ်သည်ဟု ထင်ရသည်။
"ကျွန်မ စဉ်းစားကြည့်ပါဦးမယ်..." ဟု သူမ ပြန်ဖြေသည်။
"ဖြည်းဖြည်းချင်း စဉ်းစားပါ၊ အလျင်လိုစရာမလိုဘူး။ မင်းရဲ့ ဆုံးဖြတ်ချက်က ကောင်းကောင်း စဉ်းစားထားတဲ့ ဆုံးဖြတ်ချက် ဖြစ်စေချင်တယ်၊ လောပြီး လုပ်တာမျိုး မဖြစ်စေချင်ဘူး" ဟု ဖေးခယ့်စုန့်က နားလည်မှုဖြင့် ပြန်ဖြေသည်။
ထိုသို့ပြောပြီးသည်နှင့် ဖေးခယ့်စုန့်သည် folder တစ်ခုကို ထုတ်ယူကာ ရှန်းတန်၏ ရှေ့တွင် ချလိုက်သည်၊
"ဒီမှာ၊ ဒါက မင်းအရင်က လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ပဲ။ကလေးတွေရဲ့ ရသစုံရှိုးက မကြာခင် ရိုက်ကူးတော့မယ်။ ဒါပေမဲ့ ဒီတစ်ခါမှာ ကြိုတင်ရိုက်ကူးရေးကနေ တိုက်ရိုက်ထုတ်လွှင့်မှု အဖြစ် ပြောင်းလဲသွားတယ်။ မင်း ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ဦး။"
ရှန်းတန်သည် မျက်ခုံးပင့်ကာ အံ့သြသွားသည်။ ဒါရိုက်တာက တကယ်ကို မထင်မှတ်ထားတာတွေ လုပ်တတ်လေသည်။
အခြား ရသစုံရှိုးများက နားလည်နိုင်သေးသည်။ ပါဝင်သူအားလုံး လူကြီးများဖြစ်ပြီး သူတို့၏ အခန်းကဏ္ဍများကို သရုပ်ဆောင်နိုင်ကြသည်။ သို့သော် ကလေးများမှာ မတူပေ။ သူတို့သည် ဟန်ဆောင်ခြင်းကို နားမလည်ဘဲ အမြဲတမ်း သူတို့စိတ်ထဲရှိရာကို ပြောတတ်ကြသည်။ ထို့အပြင် အင်တာနက်အသုံးပြုသူများ၏ အသေးစိတ် ခွဲခြမ်းစိတ်ဖြာတတ်သည့် သဘောထားနှင့် ပေါင်းစပ်လိုက်လျှင် ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်သည်။
"ဒါ အကြံကောင်းလားဆိုတာ မသေချာဘူး..." ဟု ရှန်းတန်က သူမ၏ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုသည်။ သူမသည် အန်းရန်နှင့် ဝူယန်ကို ယုံကြည်သော်လည်း မလိုအပ်သော အန္တရာယ်များကို မယူလိုပေ။
"ဒီအကြောင်း သူတို့နဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမယ်" ဟု သူမ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ သူမ တစ်ယောက်တည်း ဤသို့သော ဆုံးဖြတ်ချက်ကို ချ၍ မရပေ။
"ကောင်းပြီ၊ မင်း သင့်တော်သလို ကိုင်တွယ်ပါ" ဟု ဖေးခယ့်စုန့်က ပြောပြီး ထပ်မပြောတော့ပေ။ အချို့အရာများမှာ မပြောဘဲ ထားခြင်းက ပိုကောင်းသည်။
ခဏစဉ်းစားပြီးနောက် ရှန်းတန်သည် folderကို သူ့အိတ်ထဲထည့်လိုက်ပြီး အိမ်ပြန်ရောက်မှ ဆွေးနွေးရန် ရည်ရွယ်ထားသည်။
အဆောက်အဦးမှ ထွက်ခွာလိုက်သည်နှင့် ဒုတိယသခင်လေးကျိုးဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး သူ့ကို အရေးတကြီး လိုအပ်နေကြောင်း ပြောသည်။
"ဘာဖြစ်တာလဲ" ဟု သူမ ပြန်မေးမိသည်။
"ကျွန်တော် ဒဏ်ရာရသွားတယ်။"
"ဒဏ်ရာရရင် ( ၉၁၁ ) ကို ခေါ်လေ၊ ဘာလို့ ကျွန်မကို ခေါ်တာလဲ။"
"ရှန်းတန်၊ မင်း နှလုံးသား မရှိတာလား၊ ဘာလဲ။"
"အိုး…၊ ရှင် မိသွားပြီ။"
ရှန်းတန်သည် ထိုသို့ပြောလိုက်သော်လည်း ကားကို လှည့်ကာ ကျိုးကျင်း၏ အိမ်သို့ ဦးတည်သွားသည်။ ဖုန်းထဲတွင် သူ့အသံက ခိုင်မာနေသော်လည်း သူမ စွန့်စား၍ မရပေ။
လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုမရှိသောကြောင့် ရှန်းတန်သည် ကျိုးအိမ်သို့ အမြန်ရောက်ရှိသွားသည်။
တံခါးက ဖွင့်ထားပြီး ခြံဝင်းမှာ စစ်ဖြစ်ထားသကဲ့သို့ ရှုပ်ပွနေသည်။ ဈေးကြီးသော ပန်းများနှင့် အပင်များမှာ မြေကြီးပေါ်တွင် ညှိုးနွမ်းစွာ လဲကျနေသည်ကို မြင်တော့ ရှန်းတန်၏ ရင်ထဲ နာကျင်သွားသည်။
ဒါတွေအားလုံး ပိုက်ဆံတွေပဲ။
"ဒုတိယသခင်လေးကျိုး။"
"ဒုတိယသခင်လေးကျိုး။"
"ကျိုးကျင်း ရှိလား။"
ရှန်းတန်သည် ခဏကြာအောင် ခေါ်သော်လည်း တုံ့ပြန်မှုမရှိပေ။ သူ ဘာများဖြစ်သွားတာလဲဟု စိုးရိမ်လာသည်။
"ကျွန်တော် ဒီမှာပါ။"
ကျိုးကျင်းသည် ခြေတစ်ပေါင်ကျိုးဖြင့် လှေကားပေါ်မှ ခုန်ဆင်းလာသည်။ သူ့မျက်နှာမှာ ပွန်းပဲ့ဖူးယောင်နေပြီး အတော်လေး ကြောက်စရာကောင်းသည်။
"ဟေး၊ မင်း ဘာဖြစ်တာလဲ။"
"ပြောရရင် ရှည်တယ်။"
"ဒါဆို တိုတိုပြော။"
ကျိုးကျင်း : "..."
"ဘာမှ မဟုတ်ပါဘူး၊ လူတချို့ အိမ်မှားပြီး အကြွေးလာတောင်းတာ။"
ရှန်းတန်သည် သူ့မျက်နှာကို ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်သည်၊ "ဒါဆို မင်းခြေထောက်က..."
ကျိုးကျင်းသည် နေရခက်စွာ ပြုံးလိုက်ရာ မတော်တဆ ဒဏ်ရာကို ဆွဲမိပြီး ပြင်းထန်စွာ သက်ပြင်းရှိုက်မိသွားသည်။
"လှေကားပေါ်က မတော်တဆ ပြုတ်ကျတာ။"
သူ ကြောက်ခဲ့တယ်ဆိုတာကို ဝန်မခံချင်ခဲ့ဘူး။ အဲဒီလူတွေက ကြောက်စရာကောင်းပြီး သူ့အသက်ကို လာယူတာလို့ သူထင်ခဲ့တာ။
ရှန်းတန် : …
ခဏတာတော့ သူမ ဘာပြောရမှန်း မသိတော့ပေ။
နှစ်ဦးစလုံးမှာ ပြဿနာတွေ ရှိနေသည်။
"သွားကြစို့။"
ထိုစကားဖြင့် သူမ လှည့်ကာ ဦးဆောင်သွားသည်။
"ဘယ်ကိုသွားမလဲ။"
"ဆေးရုံကို။"
"ကျွန်တော် မသွားချင်ဘူး။"
"တကယ် မသွားဘူးလား။"
"အင်း။"
"ကောင်းပြီ၊ ဒါဆို ကျွန်မ ပြန်တော့မယ်။"
ရှန်းတန်က နောက်လှည့်မကြည့်စတမ်း ထွက်သွားသည်ကို ကျိုးကျင်း ကြည့်နေသည်။
"နေပါဦး၊ မင်း တကယ်သွားတော့မှာလား။"
ရှန်းတန်သည် သူမ၏ နာရီကို ငုံ့ကြည့်လိုက်သည်၊ "အစ်ကိုကြီး၊ ကျွန်မ သွားစရာရှိတယ်။"
ကျိုးကျင်း ခဏစဉ်းစားပြီး လက်ကို ရှန်းတန် ဘက် ဆန့်တန်းသည်၊ "ဒါဆို ကျွန်တော့်ကို ဆေးရုံကို ကူညီပို့ပေးပါဦး။"
ရှန်းတန် လှည့်ထွက်သွားတော့မလို ပြုနေသည်ကို မြင်တော့ သူ အလျင်အမြန် စကားပြောင်းသည်၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် သွားမယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် သွားနိုင်တယ်။"