အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း ( ၁၄၉ ) – ‘မင်း ကိုယ့်ကို မုန်းလား’
ရှန်းတန်သည် သတိကြီးကြီးဖြင့် ခြေလှမ်းကို နှေးကွေးလိုက်သော်လည်း ကျိုးကျင်းကို ထောက်ပံ့ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
မကြာသေးခင်က သူတို့နှစ်ဦး အတော်လေး အဆင်ပြေခဲ့ကြသော်လည်း ရှန်းတန်သည် သူ အစ်မလန်ကို ပထမဆုံးအကြိမ် ဆက်ဆံပုံကို မမေ့ခဲ့ပေ။
ထို့အပြင် ကျိုးကျင်းက သူမကို သဘောကျနေသည်ဟု သူမ ခံစားရသည်။
ဟုတ်ပါသည်။ ကျိုးကျင်း ထိုအကြောင်းကို တစ်ခါမျှ မပြောခဲ့ဖူးပါ။ ဤသည်မှာ ရှန်းတန်၏ ခံစားချက်သာ ဖြစ်ပြီး သူမ၏ မှားယွင်းသော ယူဆချက် ဖြစ်နိုင်သည်။
ကမ္ဘာပေါ်ရှိ အကြီးမားဆုံး မှားယွင်းသော ယူဆချက် သုံးခုအနက်မှ တစ်ခုမှာ တစ်စုံတစ်ယောက်က သင့်ကို သဘောကျနေသည်ဟု သံသယဝင်ခြင်းပင် ဖြစ်သည်ဟု ဆိုရိုးစကား ရှိသည်။
ရှန်းတန်က သိပ်ပြီး ကိုယ့်ကိုယ်ကိုယ် မြှောက်တတ်သူ မဟုတ်သော်လည်း ကျိုးကျင်းသည် သူမကို နေ့တိုင်း စာတိုများ ပို့ကာ အရာရာကို ဝေမျှချင်စိတ် ပြင်းပြနေပုံရသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လျန်အစ်မ၏ မျက်နှာနှင့် ပိုက်ဆံ မရှိခဲ့လျှင် သူမသည် သူ့ကို contact list တွင်ပင် ထားချင်မည် မဟုတ်ပေ၊ အပြန်အလှန် ဆက်ဆံရန်ဆိုလျှင် ပို၍ဝေးပင်။
ကျိုးကျင်းသည် ရှေ့ခန်းတွင် ထိုင်လိုသော်လည်း ရှန်းတန်က တံခါးပေါ်တွင် လက်တင်၍ "နောက်ခန်းမှာ ထိုင်ပါ” ဟု ပြောသည်။
ကျိုးကျင်းက စနောက်သလို ပြောသည်၊ "ဘာလဲ၊ ရှေ့ခန်းက တစ်ယောက်ယောက်အတွက် နေရာကြိုယူထားလို့ ကျွန်တော် မထိုင်ရဘူးလား။"
"ဟုတ်တယ်။"
ကျိုးကျင်း၏ မျက်နှာပေါ်က အပြုံးကို ထိန်းမထားနိုင်တော့သလောက် ဖြစ်သွားပြီး ရှန်းတန်သည် ထိုသို့ အမှန်တကယ် ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"မဖြစ်နိုင်တာ။ ဒါက ရှေ့ခန်းပဲကို။ သူက အဲဒီလောက် နှမြောတတ်တာလား ကျွန်တော်သာဆိုရင် ခင်ဗျားကို ဒီလို ခက်ခဲအောင် ဘယ်တော့မှ မလုပ်ဘူး။”
သူ၏ စကားများက ရွံစရာကောင်းနေသည်။
ရှန်းတန်က ချောင်းအနည်းငယ် ဟန့်ကာ “မခက်ပါဘူး။ နောက်ခန်းမှာပဲ ထိုင်လိုက်ပါ" ဟု ပြောလိုက်သည်။
ဟုတ်ပါတယ်၊ သူမက အကြောင်းပြချက် ပေးရုံသက်သက်ပါ။ ကုဟွိုင်အန်းက အဲဒီလို လူမျိုး မဟုတ်ပေ။
ရှန်းတန် မသေချာစွာ ထပ်စဉ်းစားသည်၊ ကုဟွိုင်အန်းက အဲဒီလို လူမျိုး မဟုတ်သင့်ဘူး၊ ဟုတ်တယ်မလား… ဟု တွေးမိသည်။
ကျိုးကျင်းသည် သူ့နှုတ်ခမ်းကို မပျော်မရွှင် စူလိုက်ပြီး နောက်ခန်းတွင် ထိုင်သည်။
လမ်းတစ်လျှောက်လုံး သူသည် အချိန်အခါအလိုက် စကားစတင်ပြောသော်လည်း ရှန်းတန်ကတော့ အတိုချုပ်သာ ပြန်ဖြေသည်။ ဘယ်သူမဆို ဘာဖြစ်နေလဲဆိုတာ မြင်နိုင်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျိုးကျင်းက တိုးလျစွာ မေးသည်၊ "ရှန်းတန်၊ ခင်ဗျား ကျွန်တော့်ကို မကြိုက်ဘူးလား။"
ရှန်းတန်က သူ့ကို နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်ရင်း "ဟင်၊ ဘာလို့ အဲလို မေးတာလဲ" ဟု ဆိုသည်။
"ခင်ဗျား ကျွန်တော့်ကို တကယ် စကားပြောချင်ပုံ မရလို့ပါ။"
"ကျွန်မ မင်းကို မုန်းတာ မဟုတ်ဘူး၊ ဒါပေမဲ့ ကြိုက်လည်း မကြိုက်ဘူး။"
"ဘာလို့လဲ"
ကျိုးကျင်းမှာ သူ့ရင်ထဲ နာကျင်သွားသလို ခံစားရသည်။
သူတို့ သိတာ ဒီလောက် အချိန်ကြာပြီဆိုတော့ သူတို့ အနည်းဆုံးတော့ သူငယ်ချင်းများ ဖြစ်နေပြီဟု ထင်ခဲ့သည်။
ရှန်းတန်က ပြုံးသည်၊ "ကျွန်မတို့ ပထမဆုံး တွေ့ခဲ့ကြတုန်းက အချိန်ကို မှတ်မိသေးလား။"
ကျိုးကျင်းက ထိတ်လန့်တကြား ရှင်းပြသည်၊ "အဲဒီအချိန်ကကြောင့်လား။ ကျွန်တော် အဲဒီတုန်းက ဒေါသတကြီးနဲ့ စကားကို ပေါ့ဆစွာ ပြောခဲ့တာကို ဝန်ခံပါတယ်။ အဲဒါက ခင်ဗျားကို ကျွန်တော် မကောင်းတဲ့သူလို့ ထင်စေခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါက ဘာလို့လဲဆိုတော့…"
ရှန်းတန်က သူ့ကို ကြားဖြတ်ပြောသည်၊ "ကျိုးကျင်း၊ ရှင် ကျွန်မ ဘာကို ဆိုလိုတယ်ဆိုတာ နားမလည်ဘူးထင်တယ်။ အစ်မလန်က ကျွန်မ သူငယ်ချင်း၊ ဒါကြောင့် ရှင် သူ့ကို ဆက်ဆံပုံက အရမ်းမသင့်လျော်ဘူးလို့ ကျွန်မ ခံစားရတယ်။"
"ကျွန်တော် သူ့ကို တောင်းပန်လို့ရပါတယ်။"
ရှန်းတန်၏ မျက်နှာအမူအရာက မထီမဲ့မြင် ဖြစ်နေသည်၊ "ဒါ ရှင် ကျွန်မကို ပြောစရာမလိုဘူး၊ သူ့ကို ပြောရမှာလေ။"
အလိမ္မာဆုံး မဟုတ်သော်လည်း ကျိုးကျင်းသည် ရှန်းတန်၏ သဘောထားမှ တစ်ခုခုကို နားလည်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် အတိတ်က သူ၏ အင်အားကြီးမားသော မိသားစုနောက်ခံကို အားကိုးပြီး အလွန်အမင်း မရိုးသားခဲ့သည့်အတွက် အနည်းငယ် နောင်တရမိသည်။
ကားထဲတွင် တိတ်ဆိတ်သွားပြီး နှစ်ဦးစလုံး ထပ်မံ စကားမပြောကြတော့ပေ။ လေထုမှာ အနည်းငယ် အေးစက်သွားသည်။
ခဏအကြာတွင် ကျိုးကျင်းက တိုးလျိုးသောအသံဖြင့် မေးသည်၊ "...ကျွန်တော့်မှာ အခွင့်အရေး ရှိသေးလား။"
ထိုစကားလုံးများတွင် အဓိပ္ပာယ်နှစ်မျိုးရှိပြီး နှစ်ဦးစလုံး နားလည်ကြသည်။
"စိတ်မကောင်းပါဘူး..."
ကျိုးကျင်းသည် မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် ငိုချင်လာသည်။
သူဟာ အရင်ကလည်း ငြင်းပယ်ခံခဲ့ရဖူးပြီး လူအများက သူ့အမေမျက်နှာနဲ့ သူ့ကို ခင်မင်ရင်းနှီးကြပေမယ့် သူ့နောက်ကွယ်မှာ သူ့ကို အထင်တသေးပြောဆိုတတ်ဆိုတာကို သူသိသည်။
ဒါပေမယ့် သူ ဂရုမစိုက်ခဲ့ဘူး။
အခုတော့ သူ့ရင်ဘတ်မှာ ရုတ်တရက် နာကျင်လာပြီး မျက်လုံးတွေ ပူလာကာ ငိုချင်စိတ်တွေ ဖြစ်လာခဲ့သည်။
ရှန်းတန်လိုလူနဲ့ သူ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပေမယ့် သူ နောက်ကျသွားခဲ့ပြီ၊ သူမရဲ့ နှလုံးသားထဲကို ဝင်ဖို့ အခွင့်အရေး မရှိတော့ဘူး။
မကြာခင်မှာပဲ သူတို့ ဆေးရုံသို့ ရောက်ရှိပြီး ကားရပ်သွားသည်။
ကားပေါ်မှ ဆင်းပြီးနောက် ကျိုးကျင်းသည် သူ့နှုတ်ခမ်းကို အနည်းငယ် ကွေးညွတ်ကာ "ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံမှုက အဲဒီလောက် မသာယာ မဖြစ်ခဲ့ရင် ကျွန်တော် အခွင့်အရေး ရှိမှာလား" ဟု မေးသည်။
ရှန်းတန်သည် ကျိုးကျင်း ငိုချတော့မလိုဖြစ်နေသည်ကို မြင်သည်။
ယခုအချိန်တွင် သူ့ကို နှစ်သိမ့်ရန် ကြင်နာသော လိမ်ညာမှုကို ပြောသင့်သည် ဖြစ်သော်လည်း ရှန်းတန် မလိမ်ချင်ခဲ့ပေ။
"စိတ်မကောင်းပါဘူး..."
ကျိုးကျင်း၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားသည်။ သူ တုန်ယင်စွာဖြင့် "ကောင်းပါပြီ၊ ကျွန်တော် ခင်ဗျားကို တကယ်ဒုက္ခပေးမိခဲ့ပြီ” ဟု ညှစ်ထုတ်ပြောလိုက်သည်။
သူ တုန်ယင်စွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှန်းတန်သည် သူမ အလွန် ရက်စက်ခဲ့ပြီလားဟု ဆင်ခြင်မိသည်။
သို့သော် သူမသည် သူမကို သဘောကျနိုင်သည့်သူများကို အမြဲတမ်း ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး မည်သည့်အခွင့်အရေးမျှ မပေးခဲ့ပေ။
ကျိုးကျင်း ဆေးရုံထဲဝင်သွားသည်အထိ ရှန်းတန် ကားမောင်းမထွက်ခွာသေးပေ။
အပြန်လမ်းတွင် သူမသည် ရင်ထဲ အနည်းငယ် လေးလံနေသည်ဟု ခံစားရသည်။
အစ်မထောင်ကို မတွေ့ရမချင်း သူမ စိတ်မချမ်းသာခဲ့ပေ။
"အစ်မထောင်"
အစ်မထောင်သည် ကွာစေ့ကိုက်ရင်း တီဗီဇာတ်လမ်းတွဲများ ကြည့်နေခဲ့သည်။ အသံကြားတော့ သူမ၏ ကွာစေ့များ ကြမ်းပြင်ပေါ်သို့ ဖိတ်ကျသွားသည်။
သူမ ရှန်းတန်ဆီ အလျင်အမြန်ပြေးလာပြီး သူမ၏ လက်များကို ဆုပ်ကိုင်ကာ အပေါ်အောက် ကြည့်ရှုပြီးမှ ပြောသည်၊ "အိုး မဒမ်၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ မင်းပုံစံက...အင်း၊ ကိုယ်အလေးချိန် တိုးလာပုံရတယ်..."
ရှန်းတန်က ပြုံးရခက်ခက်ဖြင့်သာ ပြုံးလိုက်သည်။
သူမ ခါးပေါ်က အသားတွေကို တိတ်တိတ်လေး ညှစ်ကြည့်လိုက်သည်။ သူမ တကယ်ပဲ ကိုယ်အလေးချိန် တက်လာပုံရသည်။
ဒီရက်ပိုင်း ရှန်းမိသားစုမှာ နေထိုင်ရင်း သူမရဲ့ အဒေါ်နဲ့ ဦးလေးက နေ့တိုင်း သူမအတွက် အရသာရှိတဲ့ အစားအစာအသစ်တွေ လုပ်ပေးခဲ့ကြသည်။ ရလဒ်အနေဖြင့် သူမ မရည်ရွယ်ဘဲ ကိုယ်အလေးချိန် အနည်းငယ် တက်လာခဲ့သည်။
"အဟမ်း၊ အစ်မထောင်၊ ကျွန်မ အစ်မကို အရမ်းလွမ်းနေတာ။"
"ဟုတ်တယ်၊ မင်း ငါ့ကို အရမ်းလွမ်းလို့ တစ်နေ့ကို သုံးနပ်ပဲ စားခဲ့တာပဲဖြစ်မယ်။"
ရှန်းတန်က ရယ်ပြသည်။
အစ်မထောင်သည် သူမ ဒီကမ္ဘာကို ရောက်လာကတည်းက သိကျွမ်းတာ အကြာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သူမ အစ်မထောင်အပေါ် အထူးခံစားချက် ရှိသည်။
ရှန်းတန် ဘယ်ညာ ကြည့်ပြီး "ဦးလေးဟယ့် ဘယ်ရောက်နေလဲ၊ ဘာလို့ အိမ်မှာ မရှိတာလဲ" ဟု မေးသည်။
"သူ အပြင်ထွက်ပြီး ရင်ပြင်အက သွားကတယ်။"
"ရင်ပြင်...အကလား" ဘယ်လိုတွေးတွေး ရင်ပြင်အကနဲ့ ဦးလေးဟယ့်က လုံးဝ တွဲဖက်လို့ မရဘူး။
"မင်းလည်း ထူးဆန်းတယ်လို့ ခံစားရတယ်မလား၊ တစ်ခုခုတော့ မသင်္ကာစရာပဲ။"
ခဏကြာ အတင်းအဖျင်း ပြောဆိုပြီးနောက် ခြံထဲမှ ကားသံကို သူတို့ ကြားလိုက်ရသည်။
ရှန်းတန် ထွက်ကြည့်လိုက်ရာ ကုဟွိုင်အန်း တကယ်ပင် ရောက်ရှိနေသည်။
"ဘာလို့ ဒီနေ့ အလုပ်စောစောဆင်းတာလဲ။"
"ကိုယ် အလုပ် တစ်စိတ်တစ်ပိုင်းကို လွှဲပေးလိုက်ပြီ၊ နောင်ဆို မင်းကို အချိန်ပိုပေးနိုင်အောင်လို့လေ။"
"ရှင် ဒါကို အရင်ကတည်းက လုပ်ခဲ့သင့်တာ။ ရှင်က သံနဲ့လုပ်ထားတာမှ မဟုတ်တာ။ နေ့တိုင်း ဘယ်လိုလုပ်ပြီး အချိန်ပို အမြဲ လုပ်နိုင်မှာလဲ။"
သူမ ဆေးရုံတက်နေတုန်းတောင် နေ့တိုင်း အလုပ်တွေကိုင်တွယ်ခဲ့တာကို ရှန်းတန် မပြောချင်တော့ပေ။ သူ ဘယ်လိုများ ဒီလောက် အလုပ်များနိုင်တာလဲဆိုတာ သူမ တကယ် မသိနိုင်ပေ။
ကုဟွိုင်အန်း အိတ်ကပ်ထဲမှ သေတ္တာသေးသေးလေးတစ်လုံးကို ထုတ်ယူလိုက်သည်၊ "ဒါ မင်းအတွက်၊ ကြိုက်မကြိုက် ကြည့်လိုက်ဦး။"
ရှန်းတန် ဖွင့်ကြည့်လိုက်ရာ ပန်းရောင်စိန်များဖြင့် ပြောင်ပြောင်လက်လက် တောက်ပနေသော ဆွဲကြိုးတစ်ကုံး ဖြစ်သည်။
ရှန်းတန် ချက်ချင်း သဘောကျသွားသည်၊ "ဘာလို့ ရုတ်တရက် ကျွန်မကို ဒါ ပေးဖို့ စဉ်းစားတာလဲ။"
"မြင်လိုက်တော့ မင်းနဲ့ အရမ်းလိုက်တယ်လို့ ခံစားရလို့ ဝယ်လိုက်တာ။"
"ကိုယ် ဝတ်ပေးမယ်။"
ရှန်းတန် လှည့်၍ ခေါင်းအနည်းငယ် ငုံ့လိုက်ရာ သူမ၏ ဖြူဖွေးသော လည်ပင်း ပေါ်လာသည်။
ကုဟွိုင်အန်း တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ကို ရုပ်သိမ်းကာ ဆွဲကြိုးဝတ်ဆင်ရာတွင် အာရုံစိုက်သည်။
လည်ပင်းပေါ်က အေးမြတဲ့ ခံစားချက်ကို ခံစားမိတော့ ရှန်းတန် ဖုန်းကို ထုတ်ပြီး ဓာတ်ပုံရိုက်လိုက်သည်။ ဆွဲကြိုးက အရမ်းလှနေတာပဲ။
"ကျေးဇူးပါ ကုဟွိုင်အန်း၊ ကျွန်မ အရမ်းကြိုက်တယ်။"
"မင်း ကြိုက်ရင် ရပြီ။"
ရှန်းတန် မျက်လုံးများ တောက်ပလာသည်၊ "မျက်လုံးမှိတ်ထား။ ကျွန်မလည်း ရှင့်အတွက် လက်ဆောင် ရှိတယ်။"
ကုဟွိုင်အန်းက နာခံစွာဖြင့် မျက်လုံးမှိတ်လိုက်ရာ ပတ်ဝန်းကျင် ချက်ချင်း တိတ်ဆိတ်သွားသည်။ ရှန်းတန်၏ အသံပင် ပျောက်ကွယ်သွားသည်။
သူ ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားသည်။
သူ စကားပြောတော့မလို ပြုစဉ် သင်းပျံ့သော ချိုမြိန်သည့်ရနံ့တစ်ခု နီးကပ်လာပြီး နူးညံ့သောအရာတစ်ခုက သူ့နှုတ်ခမ်းကို ထိတွေ့လာခဲ့သည်။
ကုဟွိုင်အန်းမှာ တအံ့တဩ ဖြစ်သွားသည်။
***
အခန်း ( ၁၅၀ ) – “မင်း မကြိုက်တာရှိလား။”
ရှန်းတန်သည် ကုဟွိုင်အန်းကို အကြိမ်ပေါင်းများစွာ နမ်းခဲ့ဖူးသော်လည်း သူမသည် ထိုအရာတွင် ကျွမ်းကျင်ခြင်း မရှိသေးပေ။
သူမသည် ကုဟွိုင်အန်း၏ နှုတ်ခမ်းများပေါ်တွင် မကျွမ်းကျင်စွာ လူးလှိမ့်နေပြီး သူ့ပါးစပ်ကို မည်သို့ ဖွင့်ရမည်ကို မသိခဲ့ပေ။
နောက်ဆုံးတွင် ကုဟွိုင်အန်းကပင် တုံ့ပြန်သည့် အနေအထားမှ တက်ကြွသော အနေအထားသို့ ပြောင်းလဲကာ တိုက်ရိုက် ထိုးစစ်ဆင်လိုက်သည်။
ရှန်းတန်က ကောင်းစွာ အသက်မရှူနိုင်တော့ပဲ သူ့ကို နှစ်ကြိမ်မျှ တွန်းဖယ်လိုက်ရာ ကုဟွိုင်အန်းမှာ ရင်ဘတ်တွင် နှစ်ချက် ထိုးခံရသလို ခံစားခဒ့ရသည်။
သူသည် ရှန်းတန်၏ လက်ကို ဆုပ်ကိုင်ထားပြီး သူ၏ လှုပ်ရှားမှုများမှာ ပိုမိုပြင်းထန်လာသည်။
"အွတ်…"
ရှန်းတန်မှာ ဒေါသထွက်သွားသည်။ ဒီလူ ခွေးဖြစ်ရမည်၊ သေချာပေါက် ခွေးပင်ဖြစ်သည်။
["တော်ပြီ၊ တော်ပြီ။"]
["ကုဟွိုင်အန်း၊ နောက်ဆုတ်။"]
["ကျွန်မ အသက်ရှူလို့ မရတော့ဘူး။"]
["ရှင် ကျွန်မ အသံကို ကြားရတယ်ဆိုတာ သိတယ်၊ မကြားချင်ယောင်ဆောင်မနေနဲ့။"]
သို့သော် ကုဟွိုင်အန်းသည် သူမ၏ အတွင်းစိတ်အတွေးများကို လုံးဝ ဂရုမစိုက်သကဲ့သို့ပင်၊ ဆုံးရှုံးခဲ့သော အချိန်များကို ပြန်လည်ဖြည့်ဆည်းချင်သကဲ့သို့ ပြင်းပြစွာ ဆက်လက် နမ်းရှိုက်နေသည်။
သူတို့ နောက်ဆုံး သဘောထားကွဲလွဲခဲ့သည့်အချိန်မှစ၍ ယခုအချိန်အထိ နက်ရှိုင်းသော အနမ်းကို မဖလှယ်ရသေးပေ။
["ကျွန်မ သုံးအထိ ရေနေပြီ။"]
ကုဟွိုင်အန်းက ခဏရပ်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။
ရှန်းတန်၏ ပြောင်လက်ပြီး နီမြန်းနေသော နှုတ်ခမ်းများကို ကြည့်ကာ သူ၏ လည်စေ့ပင် ခုန်နေခဲ့သည်။ သူ့မျက်လုံးများမှာ ကြယ်တာရာစုံ ကောင်းကင်နှင့် ကျယ်ပြန့်သော ပင်လယ်ကဲ့သို့ ပို၍ပင် နက်ရှိုင်းလာပြီး လူတစ်ယောက်ကို နစ်မြုပ်စေနိုင်သကဲ့သို့ပင်။
သူက ညင်သာစွာ တိုးတိုးလေး ခေါ်လိုက်သည်၊ "တန်တန်..."
ရှန်းတန် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်သည်။
"ရှင် ဒီလို ဆက်လုပ်နေမယ်ဆိုရင် နောက်တစ်ခါ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။"
ကုဟွိုင်အန်း၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်၊ "ဒါဆို တန်တန်၊ နောက်တစ်ခါ ရှိဦးမှာပေါ့။"
ထိုစဉ် အစ်မထောင်က ချောင်းဟန့်လိုက်သည်။
"မဒမ်၊ သခင်လေး၊ နမ်းလို့ ပြီးပြီလား။"
ထိုမေးခွန်းကြောင့် ရှန်းတန်သည် ထိုနေရာတွင်ပင် ခြေချောင်းများဖြင့် မြေကြီးတူးချင်စိတ် ပေါက်သွားသည်။
သူမသည် အစ်မထောင် ဤနေရာ၌ ရှိနေသည်အား လုံးဝ မေ့သွားခဲ့သည်။
မဟုတ်ဘူး၊ အစ်မထောင်၊ အစ်မ လက်ချောင်းတွေကြားကနေ အကုန်မြင်နေရတယ်မလား။
ကုဟွိုင်အန်း သက်ပြင်းချလိုက်သည်၊ အနည်းငယ် အကူအညီမဲ့စွာဖြင့် "အစ်မထောင်" ဟု ခေါ်လိုက်သည်။
အစ်မထောင်သည် ရှန်းတန် ရှက်တတ်သည်အား သိသည်။ သို့တိုင် သူမ မေးလိုက်သည်။
အစ်မထောင်က သူ့နှုတ်ခမ်းရှေ့ လက်ညှိုးဖြင့် ထိကာ "ကောင်းပြီ၊ နောက်တစ်ခါ မပြောတော့ပါဘူး" ဟု ပြောသည်။
"ဪ၊ ဒါနဲ့ ကျွန်မ အန်းရန်နဲ့ ဝူယန်တို့ကို သူတို့နဲ့အတူ ရသစုံရှိုး အတူသွားပြီး တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ကတိပေးထားတယ်။ သူတို့ ပါဝင်ချင်သေးလား မသိဘူး။"
"ကိုယ် မနက်ဖြန် မေးကြည့်မယ်။"
ရှန်းတန်က မျက်တောင်ခတ်ရင်း ပြောသည်၊ "ဒီည မေးလို့မရဘူးလား။"
သူမသည် အရေးကိစ္စများကို မနက်ဖြန်အထိ ရွှေ့ဆိုင်းရသည်ကို အကျင့်မရှိပေ။ ကုဟွိုင်အန်းက အများအားဖြင့် ဒီလို မဟုတ်ဘူး မဟုတ်လား။ ဒီည သူ အလုပ်များနေတာလား။
ကုဟွိုင်အန်းက ရှင်းပြလိုက်သည်၊ "ဒီည မင်းနဲ့ အချိန်ဖြုန်းချင်လို့ပါ။"
ရှန်းတန်၏ မျက်နှာ ရဲတက်သွားသည်။ ဒီလူကတော့လေ…
တစ်ဖက်လူသည် သူမ၏ အတွင်းစိတ်အတွေးတွေကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုနိုင်သည်ဆိုသည်အား တွေးမိသောအခါ ရှန်းတန်သည် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် အများကြီး မတွေးမိအောင် လုပ်သည်။ အဲဒါက ရှက်စရာကောင်းလွန်းလှသည်။
"အဟမ်း၊ ကျွန်မတို့ နေ့တိုင်း အချိန်ရှိနေတာပဲ၊ ဘာလို့ သူတို့ရဲ့ သဘောထားကို ဒီည မမေးရမှာလဲ။ ကျွန်မလည်း သူတို့ကို လွမ်းတယ်။"
ကမ္ဘာပေါ်ရှိကလေးများအားလုံး အန်းရန်နဲ့ ဝူယန်လို လိမ်မာမယ်ဆိုရင် ရှန်းတန်သည် ကလေး ပိုယူဖို့၊ နှစ်ယောက်ပင် ပိုယူစေကာမူ သူမ စိတ်ထဲထားမည် မဟုတ်ပေ။
မိသားစုမေတ္တာ နည်းပါးခဲ့သောကြောင့် ရှန်းတန်သည် အိမ်၌ လူများများရှိချင်တာ ဖြစ်နိုင်သည်။
ဆိုးသော ကလေး ရှိလာမည်သာ ကြောက်၏။
သို့သော် သူတို့နှစ်ဦးလုံးသည် မဆင်မခြင်လုပ်သူများ မဟုတ်ကြပါ။ သူတို့၌ ဆိုးသော ကလေး ရှိမလာသင့်ပေ။... ရှန်းတန်သည် ကုဟွိုင်အန်းအား သံသယဖြင့် ကြည့်သည်။
ကုဟွိုင်အန်း သက်ပြင်းချလိုက်ပေသည်။
"တန်တန်၊ အလွန်အကျွံ မတွေးနဲ့တော့။"
ရှန်းတန် အပြုံးတစ်ဝက်ပေါ်အောင်သာ ပြုံးလိုက်ရင်း "အင်းပါ၊ ဟုတ်ပါပြီ။"
"ဒါဆို သူတို့ကို တစ်ယောက်ယောက် ခေါ်လာခိုင်းလိုက်မယ်။"
"အတူတူ သွားခေါ်ကြစို့။"
ထိုသို့ပြောပြီးနောက် ရှန်းတန်သည် အစ်မထောင်ကို ကြည့်ပြီး သူမ၏ လက်မောင်းကို ချစ်ခင်စွာ ပတ်ကာ ညင်သာစွာ လှုပ်ခါရင်း "အစ်မထောင်၊ ဒီည ဟင်းနှစ်ခွက် ပိုချက်ဖို့ အနှောင့်အယှက်ပေးချင်လို့ပါ။"
"ဘာအနှောင့်အယှက်လဲ။ မင်း နေ့တိုင်း ပြန်လာပြီး စားတာကို ငါ သဘောကျပါတယ်"ဟု အစ်မထောင် ပြန်ဖြေသည်။
ဒီကြီးမားတဲ့ ဗီလာကြီးက နေ့တိုင်း ဗလာဖြစ်နေတာ၊ သူမအဖို့ ပျင်းလွန်းလို့ သေတော့မတတ်ပင် ဖြစ်သည်။
"ချိုချဉ်နံရိုးကြော်၊ ကိုကာကိုလာ ကြက်တောင်ပံ၊ နာနတ်သီး ချိုချဉ်ဝက်သား လိုချင်တယ်။"
"ကောင်းပြီ၊ ကောင်းပြီ၊ အားလုံး ချက်ပေးမယ်"ဟု အစ်မထောင် ပြုံးရွှင်စွာ ပြောသည်။
ရှန်းတန်သည် ကုမိသားစု၏ အိမ်ဟောင်းသို့ မရောက်တာ ကြာပြီဖြစ်သည်။ အကြီးအကဲများ တစ်ခုခု သတိထားမိပြီလားဟု သူမ စဉ်းစားမိသည်။
သူမ ရင်ထဲတွင် အနည်းငယ် စိုးရိမ်စိတ်ဝင်နေသော်ငြား ကုဟွိုင်အန်းသည် သူမ၏ လက်အား စိတ်ချလက်ချ ဆုပ်ကိုင်လိုက်သည်။
"မကြောက်ပါနဲ့။"
"ရှင့်လက်ကို ပြန်ရုပ်လိုက်ရင် ကျွန်မ မကြောက်တော့ဘူး။"
ဒါက အမှန်ပြောခြင်း ဖြစ်သည်။ အဘယ်သူသည် လက်တစ်ဖက်တည်းနှင့် ကားမောင်းမည်နည်း။ သူမ အခုထိ မသေချင်သေးပေ။
ကုဟွိုင်အန်း : "..."
သူ မှားနေသည်အား သူ သိသည်။ ဤသည်မှာ မကောင်းသော စံနမူနာပင်၊ လုံးဝ မလိုက်နာသင့်ပေ။
လမ်းတစ်ဝက်ရောက်မှ ရှန်းတန်သည် သူမ ဘာမှ မဝယ်ခဲ့မိသည်ကို ရုတ်တရက် သတိရလိုက်သည်။ လက်ဗလာနဲ့ သွားတာ မသင့်တော်ဘူး မဟုတ်လား။
ကုဟွိုင်အန်း လက်လှမ်းလိုက်ပြီးမှ စတီယာရင်ဘီးဆီသို့ ပြန်ရုပ်လိုက်သည်။
"မစိုးရိမ်ပါနဲ့၊ သူတို့မှာ အကုန်ရှိတယ်။"
"ယဉ်ကျေးမှုက ယဉ်ကျေးမှုပါ။ သူတို့မှာ ရှိတာက သူတို့ဟာ၊ ကျွန်မ ဝယ်တာက ကျွန်မဟာ။ ဒါ့အပြင် ဒီကို မလာတာ ကြာပြီ၊ လက်ဗလာနဲ့ သွားတာက တကယ်မကောင်းဘူး။"
"ဒီအတိုင်း သွားတာလည်း ကောင်းပါတယ်။"
ကုဟွိုင်အန်း မပြောခဲ့သည့်အရာက သူ့အစ်မ ကုချင်အန်းက သူတို့ လက်ထပ်မည့် သဘောတူညီချက်အကြောင်း ဖော်ထုတ်ပြောကြားခဲ့ပြီး ယခုအခါ မိသားစုက သူသည် ဇနီးမယားမရပါပဲ တစ်ယောက်တည်း ရှိနေမည်အား စိုးရိမ်နေကြသည်။
မကြာခင်တွင် သူတို့ ကုမိသားစု၏ အိမ်ဟောင်းသို့ ရောက်ရှိလာသည်။
အစ်မထောင်သည် အိမ်ဟောင်းမှ လူများကို တိတ်တိတ်လေး အသိပေးထားသည်လားဟု ရှန်းတန် စဉ်းစားမိသည်။ သူတို့ရောက်သည်နှင့် တစ်ပြိုင်နက် အိမ်တော်ထိန်းက ကြိုဆိုနေခဲ့သည်။
ကုဟွိုင်အန်းသည် ရှန်းတန်၏ လက်ကို ဆုပ်ကိုင်ရင်း ကားပေါ်က ဆင်းလာသည်။
"ဦးလေးဟယ့်၊ အမေ၊ အဖေတို့ နားနေပြီလား"ဟု ကုဟွိုင်အန်း မေးသည်။
"မနားသေးဘူး၊ မင်းတို့ကို စောင့်နေကြတယ်"ဟု ဦးလေးဟယ့်မှ ပြန်ဖြေခဲ့သည်။
ဒီစကားကြားသောအခါ ရှန်းတန် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။
ရှန်းတန်သည် ကုဟွိုင်အန်း၏ ဖခင်က သူမအား မည်မျှ မကြိုက်ခဲ့သည်ဆိုသည်အား မှတ်မိသည်။ အရင်က သူမ ဂရုမစိုက်ခဲ့ပေ။ အကြောင်းက သူတို့နှစ်ဦးလုံး ဟန်ဆောင်နေကြတာမို့လို့ဖြစ်သည်။ သို့သော် ယခု သူ့နဲ့ တစ်သက်တာ အတူတူနေဖို့ သူမအား သူ့မိသားစုသည် မည်သို့ ထင်မြင်မည်ဆိုသည်အား အလိုအလျောက် ဂရုစိုက်မိသည်။
[ဘာလုပ်ရမလဲ။]
[သူ ကျွန်မကို တိုက်ရိုက်ကန်ထုတ်လိုက်မှာလား။]
[အရမ်း စိတ်လှုပ်ရှားနေတယ်...]
ရှန်းတန်၏ အဖိုးကုအပေါ် အထင်အမြင်သည် သိပ်မကောင်းခဲ့ဘူးဟု ဆိုနိုင်သည်။
ကုဟွိုင်အန်းသည် သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"မကြောက်ပါနဲ့၊ ကိုယ် ဒီမှာရှိတယ်။"
"မကြောက်ပါဘူး"ဟု ရှန်းတန်မှ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ပြောလိုက်သည်။
ကုဟွိုင်အန်းက ဖွဖွလေး ရယ်သည်။ သူမ၏ အတွင်းစိတ်အတွေးများကို သူ မကြားခဲ့လျှင် သူ ယုံကြည်ခဲ့မိပေလိမ့်မည်။
သူတို့ ဝင်လိုက်သည်နှင့် အဖိုးကု၏ နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည်။
ရှန်းတန်က ခဏတာ ရပ်တန့်သွားပြီးနောက် အနည်းငယ် တောင့်တင်းစွာ ဝင်သွားသည်။
"ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီလား"ဟု အဖိုးကုက ပြောသည်။
"အဖေ"
အဖွားကုလည်း အဖိုးကုကို စိုက်ကြည့်သည်။
"ကောင်းကောင်းမွန်မွန် ပြောစရာ မရှိရင် ပါးစပ်ပိတ်ထား။"
သူမ ထရပ်ပြီး ပြုံးလျက် ချဉ်းကပ်လာကာ ရှန်းတန်၏ လက်ကို ဆွဲကိုင်သည်။
"ကလေးလိမ္မာလေး၊ မတွေ့ရတာ ကြာပြီ။ မင်း မကြာသေးခင်က ဘယ်လိုနေလဲ။"
"တော်တော်လေး ကောင်းပါတယ်။"
"အရင်က မင်းဆီ လာလည်ချင်ခဲ့တာ၊ ဒါပေမဲ့ အရမ်း ရဲတင်းသွားမှာ စိုးရိမ်ခဲ့တယ်။ ဒါနဲ့ မကြာသေးခင်က လက်ဝတ်ရတနာတချို့ တွေ့ခဲ့တာ မင်းနဲ့ လိုက်ဖက်မယ်လို့ ထင်လို့ အကုန်ဝယ်ခဲ့တယ်။ လာ၊ သွားကြည့်ရအောင်။"
ရှန်းတန် ငြင်းဆန်ရန် မစောင့်ဘဲ သူမကို အပေါ်ထပ်သို့ ဆွဲခေါ်သွားသည်။
သူတို့နှစ်ဦးသည် ဒုတိယထပ်ရှိ အဝတ်လဲခန်းသို့ ရောက်ရှိလာရာ အရွယ်အစားအရဆိုလျှင် ရှန်းတန်၏ အရင်ဘဝက အခန်းထက် နှစ်ဆကျော် ပိုကြီးသည်။
ထိုအခန်းသည် အမျိုးမျိုးသော ပွဲတက်ဝတ်စုံများ၊ ဖိနပ်များ၊ လက်ဆွဲအိတ်များနှင့် လက်ဝတ်ရတနာများဖြင့် ပြည့်နှက်နေပြီး ပြခန်းတစ်ခုနှင့် တူနေသည်။
ဘာလို့ ပြခန်းလို့ ခေါ်ရတာလဲ။
အကြောင်းက ထိုလက်ဝတ်ရတနာများအားလုံးသည် အလွန်တရာ ဈေးကြီးသောကြောင့်ဖြစ်သည်။ ရှန်းတန်သည် ၎င်းတို့၏ တန်ဖိုးကို နားမလည်သော်လည်း ကျောက်မျက်ရတနာများ၏ အရွယ်အစားကို ကြည့်ရုံဖြင့် တန်ဖိုးရှိသည်ကို သိသည်။
ရှန်းတန်မှာ အံ့အားသင့်စွာ မွန်းကြပ်မိတော့မတတ်ပင်။
အဖွားကုသည် ရှန်းတန်ကို ဗီဒိုတစ်လုံးဆီ ခေါ်သွားပြီး လက်ဝတ်ရတနာဘူး တစ်ဘူးကို ထုတ်ယူလိုက်သည်။ ၎င်းတွင် အမျိုးမျိုးသော လှပသော အဆင်တန်ဆာများ ပါဝင်ပြီး အလင်းရောင်အောက်တွင် တောက်ပနေသည်။
"ငါ အသက်ကြီးလာပြီ၊ အခုခေတ် မင်းတို့ လူငယ်တွေ ဘာကြိုက်လဲဆိုတာ မသိတော့ဘူး။ ကြည့်လိုက်ပါဦး၊ မင်း မကြိုက်တာ ဘာရှိလဲဆိုတာ။"
ရှန်းတန်က မျက်တောင်ခတ်ကာ ရှုပ်ထွေးသွားသည်။ ပုံမှန်အားဖြင့် သူမ ကြိုက်တာ ရှိလားလို့ မေးသင့်တယ် မဟုတ်လား။
"အားလုံး လှပါတယ်"ဟု ရှန်းတန် ပုံမှန်ပြောသည်။ သူတို့ တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
"ဒါဆို ဒါတွေ အကုန်ယူသွား။"
ရှန်းတန်က တစ်ဖန် တောင့်ခဲသွားသည်။ ဘူးထဲတွင် လက်ဝတ်ရတနာ ဒါဇင်များစွာ ရှိသည်။ ဒါတွေအားလုံး သူမအတွက်လား။
အဖွားကုက ပြုံးပြီး ဘူးကို ရှန်းတန်၏ လက်ထဲ ထည့်ပေးသည်။
"ယူသွားပါ၊ ယူသွားပါ။"
"ဒါတွေက အရမ်း တန်ဖိုးရှိလွန်းတယ်၊ ကျွန်မ လက်မခံနိုင်ဘူး။"
ရှန်းတန်သည် သူမ လက်ထဲတွင် တန်ချိန်များစွာ လေးနေသလို ခံစားရသည်။ မထိုက်တန်ဘူးဆိုသည့် ခံစားချက်အား သူမ ဖယ်ရှားလို့မရပေ။
"လိမ္မာတဲ့ကလေး၊ ဒါတွေက မင်းအတွက်ပဲ။ ဈေးမကြီးပါဘူး၊ ပြီးတော့ မှန်ကန်တဲ့သူက ဝတ်မှသာ တကယ် တောက်ပလိမ့်မယ်။"
ရှန်းတန် ငြင်းဆန်မှာကို ကြောက်သောကြောင့် အဖွားကုသည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒါနဲ့ မင်းနဲ့ ဟွိုင်အန်းက..."
ရှန်းတန်သည် ရင်ခုန်သံ တဒိတ်ဒိတ် မြန်လာသည်။