← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း။ ၁၃၅

လင်းဖုန်းက “ကျင့်ကြံမှုအဆင့်တူညီမယ်ဆိုရင် အာနိသင်က ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ သူ ပုံတူကူးသွားတာက လွန်ခဲ့တဲ့ နှစ်နှစ်ကလေ။ အခုဆိုရင် သူ အဲဒီစွမ်းရည်တွေကို အတော်လေး ပြည့်စုံအောင် ပြုပြင်ပြီးလောက်ပြီလို့ ထင်တယ်။ မဟုတ်ဘူးလား သူ့ရဲ့ အမြုတေအရိုးက ပိုမြင့်တဲ့အဆင့်ကို ရောက်သွားပြီလို့လည်း သတင်းကြားတယ်။ ပုံတူကူးပြီးရင် ပြန်လည်ပြင်ဆင်ပြီး ပိုပြီးပြည့်စုံအောင် လုပ်နိုင်စွမ်းရှိတယ်လေ” ဟု ရှင်းပြသည်။

ယဲ့ဖျင်မှာလည်း ထိုအမြုတေအရိုး၏ စွမ်းဆောင်ရည်ကို ကြားရသောအခါ အံ့ဩမှုကို မအောင့်နိုင်ဘဲ “ဒါဆို သူ စုစုပေါင်း ပုံတူကူးထားတဲ့ နတ်ဘုရားအတတ်က ဘယ်နှစ်ခုရှိလဲ ကန့်သတ်ချက်ရော ရှိလား” ဟု သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ရှောင်ရွှယ်က “ငါတို့ သိထားသလောက်တော့ သူ ပုံတူကူးထားတဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ် ပေါင်း ၂၅ ခု ရှိပြီ” ဟု ဖြေကြားသည်။

ယဲ့ဖျင်က “နတ်ဘုရားအတတ် ၂၅ ခုဆိုတာ သာမန်ကိစ္စမဟုတ်ဘူး။ အရာရာကို တတ်ကျွမ်းနေတဲ့ ပုဂ္ဂိုလ်မျိုးပဲ” ဟု ပြောရင်း “ဒါပေမဲ့ ရွှီရန်လေး ကိုယ်တိုင်ဖန်တီးထားတဲ့ ပညာရပ်တွေကလည်း သူ့ထက် မနည်းနိုင်ဘူး မဟုတ်လား” ဟု ရွှီရန်ဘက်သို့ လှည့်၍ စကားနှိုက်လိုက်သည်။

ရွှီရန်က မျက်စောင်းထိုးကြည့်ကာ “ဦးလေးယဲ့... ကျွန်တော့်ဆီက စကားနှိုက်ဖို့ မကြိုးစားပါနဲ့ ကျွန်တော့်မှာ မန္တန်အနည်းအကျဉ်းပဲ ရှိတာပါ။ တကယ်ကို အများကြီးမရှိပါဘူး” ဟု ငြင်းပြောလိုက်သည်။

ယဲ့ဖျင်က သက်ပြင်းတစ်ချက်ချလျက် “တော်လိုက်တဲ့ ကောင်လေး ငါသိသားပဲ မင်းဆီမှာ ရှိတာတွေက သူ့ထက် မနည်းတာ သေချာတယ်။ ငါ့စကားထဲက ထောင်ချောက်ကိုတောင် မင်းက ရိပ်မိနေပြီဆိုတော့ ဒါက လျှို့ဝှက်ထားဖို့ တကယ်ရည်ရွယ်ထားတာပဲ” ဟု ပြောလိုက်သည်။

ရွှီရန်က ပုခုံးတွန့်ပြကာ “မဟုတ်ပါဘူးဆို... လျှောက်မပြောပါနဲ့။ ကျွန်တော့်ကို အထင်ကြီးမလွန်းကြပါနဲ့ဦး။ ကျွန်တော်က အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်ပဲ ရှိသေးတာပါ” ဟု အေးဆေးစွာ တုံ့ပြန်လိုက်သည်။

သို့သော် ရွှီရန်၏ ထိုကဲ့သို့သော သဘောထားကြောင့် နတ်ဘုရားသတ်တပ်ဖွဲ့နှစ်ဖွဲ့လုံးမှာ အံ့အားသင့်သွားကြပြီး “မဖြစ်နိုင်တာ... ယဲ့ဖျင် မင်း တကယ်ပြောနေတာလား” ဟု မေးကြတော့သည်။

ယဲ့ဖျင်က ချောင်းနှစ်ချက်ဟန့်ကာ “ဟမ်း... ဟမ်း... နောက်တာပါဗျာ...” ဟု ပြောသော်လည်း လင်းဖုန်းကမူ ယဲ့ဖျင်နှင့် ရွှီရန်ကို သံသယဖြင့် တစ်လှည့်စီကြည့်ကာ တစ်ဖန်ပြန်၍ ဆင်ခြင်

သုံးသပ်တော့သည်။

“ငါ ခုနက ပြောခဲ့သလိုပဲဉာဏ်အလင်းပွင့်မှု အမြုတေအရိုးက ကိုယ်ပျောက်အတတ်လိုမျိုး စူပါမန္တန်တွေကို ဆက်တိုက်ဖန်တီးနိုင်စွမ်း ရှိတယ်။ သူက ဒီလောက် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားနေတာ ဘယ်လိုလုပ်ပြီး ပညာရပ်တစ်ခုတည်းပဲ ဖန်တီးထားမှာလဲ”

လင်းဖုန်းက ဆက်လက်၍ “မနေ့က ဟိုထူးဆန်းတဲ့ မျက်လုံးကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတဲ့ ဓားချက်ကလည်း ကိုယ်တိုင်ဖန်တီးထားတဲ့ နည်းပညာတစ်ခုပဲ မဟုတ်လား” ဟု မေးမြန်းလိုက်သည်။

သူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရွှီရန်ကို အကဲခတ်လျက် “ငါ ပြန်ပြီး သေသေချာချာ စဉ်းစားကြည့်တယ်။ မင်း ဓားကို ကိုင်တွယ်တဲ့ပုံစံက အရမ်းကို ယုံကြည်မှုရှိနေတယ်။ အဲဒီဓားသိုင်းက ရန်သူကို အဝေးကနေတင် ပိုင်းဖြတ်နိုင်စွမ်း ရှိပုံရတယ်။ တကယ်ကို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ဓားသိုင်းပညာပဲ” ဟု ပြောလိုက်သည်။

“ဓားသိုင်းရှိတယ်ဆိုမှတော့ ကိုယ်ခံပညာနဲ့ အမြန်နှုန်းမြှင့်တဲ့ အတတ်တွေလည်း ရှိဦးမှာပဲကာကွယ်ရေးအတတ်တောင် ပါနိုင်သေးတယ်။ ဒီတော့ တစ်နည်းအားဖြင့် ပြောရရင် မင်းက ပုံရိပ်ယောင် အရှင်သခင်နဲ့ အရမ်းဆင်တူတယ်။ မင်းက ဖန်တီးတယ် သူကတော့ ပုံတူကူးတယ်”

“သူ့ရဲ့ နတ်ဘုရားအတတ် အရေအတွက်က လောလောဆယ် မင်းထက် များနေနိုင်ပေမဲ့ မင်းရဲ့ စက္ကူရုပ်တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ တကယ်ကို အံ့မခန်းပဲ။ ငါ့အထင်တော့ ပုံရိပ်ယောင် အရှင်သခင်က သူ့ရဲ့ ဝှက်ဖဲတွေ အကုန်ထုတ်သုံးရင်တောင် မင်းရဲ့ စက္ကူရုပ်တပ်မတော်ကို အနိုင်ရဖို့ မလွယ်ဘူး” ဟု သုံးသပ်ပြသည်။

ရွှီရန်က နွေးထွေးစွာ ပြုံးပြရင်း “ဒါကတော့ ဦးလေးတို့ အထင်ကြီးလွန်းတာပါ... ဒါပေမဲ့ နိဂုံးချုပ်ရရင်တော့ မှန်သင့်သလောက် မှန်ပါတယ်။ ကျွန်တော့်ရဲ့ စက္ကူရုပ်တပ်မတော်က ချန်ပီယံဆုရဖို့အတွက် လုံလောက်ပါတယ်” ဟု နှိမ့်ချစွာ ပြောလိုက်သည်။

ရှောင်ရွှယ်ကမူ အရှုံးမပေးလိုသေးဘဲ “ဒါဆိုရင် မင်းဆီမှာ ငါတို့ကို သင်ပေးလို့ရမယ့် ရိုးရှင်းပြီး လွယ်ကူတဲ့ ကိုယ်ပိုင်အတတ်တွေ မရှိတော့ဘူးလား ဒါမှမဟုတ် ကိုယ်ပျောက်အတတ်ကို ပိုပြီး လွယ်ကူအောင် ပြင်ဆင်ပေးလို့ရော မရဘူးလား” ဟု ထပ်မံ မေးမြန်းသည်။

ရွှီရန်က ခေါင်းခါပြလျက် “မရှိတော့ဘူးဗျ။ ဓားသိုင်းရဲ့ ရှုပ်ထွေးမှုက ကိုယ်ပျောက်အတတ်

ထက်တောင် ပိုမြင့်သေးတယ်။ ဦးလေးတို့ သေချာပေါက် သင်ယူနိုင်မှာ မဟုတ်ဘူး။ သွေးအင်အား ကျင့်စဉ်ကလည်း... အင်း... အတူတူပါပဲ အရမ်းရှုပ်ထွေးတယ်။ ကိုယ်ပျောက်အတတ်ကို ရိုးရှင်းအောင် လုပ်ဖို့ဆိုတာကလည်း လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ...” ဟု ပွင့်လင်းစွာ ပြောလိုက်သည်။

လျိုယန်က သက်ပြင်းချလိုက်ရင်း “ဟူး... ထားလိုက်ပါတော့ ပြန်ပြီး အိပ်ကြရအောင်။ မနက်ဖြန် သတ္တမမြောက် ဘေးကင်းဇုန်ကို သွားတဲ့အခါ မင်း သလင်းကျောက်သားရဲတွေကို အမဲလိုက်နိုင်ဖို့ ငါတို့ ကာကွယ်ပေးမယ်” ဟု ပြောလိုက်သည်။

ရွှီရန်: “ဟုတ်ကဲ့။ ကျွန်တော်လည်း စောစောအိပ်မှဖြစ်မယ်။ အရပ်ရှည်လာဖို့ လိုသေးတယ်လေ”

သူသည် သူ၏အရပ်ကို ၁.၆ မီတာတွင်ပင် မရပ်တန့်စေလိုဘဲ အနည်းဆုံး နောက်ထပ် ၂၀ စင်တီမီတာခန့် ထပ်တိုးကာ ၁.၈ မီတာ အထိ ရှည်လာရန် မျှော်လင့်ထားသည်။

...

တစ်ညတာ အချိန်ကာလသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွှီရန်နိုးလာပြီး ကိုယ်လက်သန့်စင်ကာ နံနက် ၈ နာရီအထိ နေ့စဉ်ပြုလုပ်မြဲဖြစ်သော ပြင်းထန်သည့် လေ့ကျင့်ခန်းများကို ဆက်တိုက်လုပ်ဆောင်သည်။ ၎င်းနောက်မှသာ မီးတောက်အကျဉ်းထောင်နှင့် ဝိညာဉ်သန့်စင်တပ်ဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

“ကလေးတစ်ယောက်က နံနက် ၆ နာရီမှာ ထတာလား ပြီးတော့ နှစ်နာရီတောင် ပြင်းပြင်းထန်ထန် ကျင့်ကြံနေတာလား”

“ရွှီရန်... မင်းအရွယ်နဲ့တော့ ဒါက နည်းနည်း ပြင်းထန်လွန်းနေပြီနော်”

ရွှီရန်ကမူ ဘာမှမထူးခြားသလိုပင် “ဟုတ်လို့လား ဒါက သိပ်မများပါဘူး... ကျွန်တော်တို့ မူကြိုကျောင်းက ကလေးတွေအားလုံး ဒီလောက်ထိ ကြိုးစားကြတာပဲ” ဟု ပြန်ပြောလိုက်သည်။

လင်းဖုန်းက ရုတ်တရက် ထူးဆန်းသောအမူအရာဖြင့် “ဒါက မင်းစတင်လိုက်တဲ့ လေ့ကျင့်မှုပုံစံဖြစ်နေလို့လား” ဟု မေးရာ လျှို့ဝှက်ချက် ပေါက်ကြားသွားသော ရွှီရန်က အနေခက်စွာ ပြုံးလျက် “တကယ့် ဝီရိယရှင်တွေအတွက်တော့ ဘယ်အရာကမှ အတားအဆီး မဖြစ်နိုင်ပါဘူး။ နည်းနည်းလောက် ပိုပြီး ကြိုးစားထားတာက စစ်မြေပြင်မှာ အသက်ရှင်ဖို့ အခွင့်အရေး ပိုများစေတာပေါ့” ဟု တုံ့ပြန်လိုက်တော့သည်။

နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များမှာမူ ဆွံ့အလျက်သာ ရှိနေတော့သည်။ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး၏ ပါးစပ်မှ ထိုကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု သူတို့ လုံးဝမထင်မှတ်ထားခဲ့ကြချေ။

သူတို့ ၈ နှစ်သားအရွယ်တုန်းကမူ အလွန်ပင် ကစားမက်ခဲ့ကြသည်။ ကျောင်းအုပ်ကြီးနှင့် ဆရာသမားများ၏ ဆုံးမပဲ့ပြင်မှုသာမရှိပါက တစ်နေကုန် အငြိုးတေးဖြင့် ဆော့ကစားနေကြမည့သူများ ဖြစ်သည်။ ထိုစဉ်က ကျင့်ကြံခြင်း ဆိုသည်မှာ သူတို့အတွက် အဝေးကြီးရှိနေခဲ့သည့် အရာတစ်ခုသာ ဖြစ်သည်။

ယခုအချိန်တွင် ထိုစဉ်က ပို၍ မကြိုးစားခဲ့မိလေခြင်းဟု နောင်တ အနည်းငယ်ရမိသော်လည်းတစ်ဖက်တွင်မူ ပျော်ရွှင်စရာကောင်းသော ကလေးဘဝကို ပိုင်ဆိုင်ခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများနှင့် စစ်ပွဲဒဏ်ရာများမှ ကင်းဝေးခဲ့ရသည်ကို ဝမ်းမြောက်မိကြပြန်သည်။

လင်းဖုန်းက ရွှီရန်၏ ပုခုံးကို ပုတ်ရင်း “ကောင်လေး... အနားယူသင့်တဲ့အချိန်မှာ အနားယူပါဦး။ မင်းက အရမ်းကို တင်းကြပ်လွန်းနေပြီ။ ကလေးဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကို ပိုင်ဆိုင်သင့်တာပေါ့” ဟု ဖျောင်းဖျသည်။

ရွှီရန်ကမူ ဘာမှမပြောဘဲ ပုခုံးသာ တွန့်ပြလိုက်သည်။

ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို ဦးလေးတို့ စိတ်တောင် ကူးကြည့်နိုင်မှာ မဟုတ်ပါဘူး...

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသော ဝီရိယဘုရင်အတွက်မူ နေ့စဉ်နှင့်အမျှ တိုးတက်မှုများ ရရှိနေခြင်းမှာ အလွန်ပင် ပြည့်စုံအားရစရာ ကောင်းလှသည်။ ရွှေရောင်တာဝန်များကို ပြီးမြောက်အောင်မြင်တိုင်း ရရှိလာသော အောင်မြင်မှုအရသာမှာ ဘာနဲ့မှမတူပေ။

သူ၏ ကောင်းချီးမင်္ဂလာအမှတ်မှာ ၃ မှ ၂၂၃ အထိ တိုးတက်လာသည်ကို ကြည့်ရင်း...

အသက် ၈ နှစ်အရွယ်မှာပင် သွေးအင်အားမှာ ၃၃,၀၀၀ အထိ ရောက်ရှိသွားသည်ကို မြင်ရရင်း...

မန္တန်စွမ်းရည်များ၏ တိုးတက်မှုမှာ နေ့စဉ် အမှတ် ၁၀၀ နှုန်းဖြင့် တိုးလာပြီး တတိယအဆင့်မှ စတုတ္ထအဆင့်ဆီသို့ ဦးတည်နေသည်ကို စောင့်ကြည့်ရင်း...

သူ၏ စိတ်အခြေအနေမှာ ပျော်ရွှင်နေရုံတင်မကဘဲ ပြည့်စုံလွန်းနေသည်ဟု ဆိုရပေလိမ့်မည်။

တစ်ခုတည်းသော အားနည်းချက်မှာ ကြက်သွေးနီရောင် အမြုတေအရိုးကို ကံစမ်းမဲနှိုက်နိုင်

ရန်အတွက် ကောင်းချီးမင်္ဂလာအမှတ် ၈၀ လိုအပ်နေသေးခြင်းပင်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြက်သွေးနီရောင် ရတနာများမှာလည်း ထူထပ်သော မြူနှင်းများအောက်တွင် ဖုံးကွယ်နေဆဲဖြစ်ရာ ၎င်းတို့၏ စွမ်းဆောင်ရည်ကို ယခုထက်ထိ သူ မသိရသေးချေ။

“သတ္တမမြောက် ဘေးကင်းဇုန်ရောက်ရင် ဒီမြူနှင်းတွေကို ခွင်းနိုင်မယ့် သဲလွန်စအချို့ တွေ့နိုင်ဖို့ မျှော်လင့်ရတာပဲ”

“ဒါမှမဟုတ်... ကောင်းချီးအမှတ် ၈၀ ပေးမယ့် ရွှေရောင်အောင်မြင်မှု တာဝန်တစ်ခုခု ပေါ်လာရင်တော့ ဟို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ပြိုင်ဘက်ကင်းတဲ့ အမြုတေအရိုးကို ငါ နှိုက်နိုင်ပြီပေါ့"

အမှန်အတိုင်း ပြောရလျှင် ထိုအမြုတေအရိုး၏ ဖော်ပြချက်ကို ဖတ်လိုက်ရကတည်းက ရွှီရန်

သည် နေ့ရောညပါ တွေးတောနေမိသည်အထိ စွဲလမ်းနေခဲ့ခြင်းပင်။

အခန်း။ ၁၃၆

အမှန်အတိုင်း ဝန်ခံရလျှင် သူကိုယ်တိုင်ပင် ထိုအရာကို စိတ်ကူးကြည့်၍ မရနိုင်ပေ။

လောကတွင် အမြုတေအရိုးအမျိုးအစားပေါင်းများစွာ ရှိနေသည်ဥပမာအားဖြင့် အချိန်

အမြုတေအရိုး၊ ထောင်သောင်းသော မိုးကြိုးသန့်စင်မှု၊ ပုံရိပ်ယောင် အရှင်သခင်၊ အနုစိတ်သော အသွင်တစ်သောင်း၊ သတ္တုထိန်းချုပ်ခြင်း၊ ရုပ်သေးထိန်းချုပ်ခြင်း၊ လက်ရှစ်

ဖက်ပါ နတ်ဘုရားဝိညာဉ်၊ သီးခြားမီးတောက်အကျဉ်းထောင်၊ စွမ်းအားချွတ်ယွင်းမှုနှင့် အလင်းကွင်းဆက် အစရှိသဖြင့် အမျိုးအမည်ပေါင်း ရာနှင့်ချီ၍ ရှိနေခြင်းဖြစ်သည်။

ဤမျှများပြားလှသော အမျိုးအစားများထဲမှ ဘယ်သူက မှန်ကန်အောင် ခန့်မှန်းနိုင်မှာလဲ။

သို့သော် ရွှီရန်အသေအချာ အတည်ပြုနိုင်သော အချက်တစ်ခုရှိသည်။ ၎င်းမှာ သူသည် သာမန်ရိုးကျ ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးကို နှိုက်မိလိမ့်မည်မဟုတ်ခြင်းပင်။ သူ၌ နတ်ဘုရားအဆင့် စွမ်းရည်ဖြစ်သော အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုရှိနှင့်ပြီးသားဖြစ်ရာ စာအုပ်များဖတ်ရုံဖြင့် အသိဉာဏ်အလင်းပွင့်ခြင်း အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင် စတုတ္ထအဆင့်ဖြစ်သော မဟာတာအို၏ မူလအစကို တိုက်ရိုက်ဖတ်ရှုခြင်းသို့ ရောက်ရှိသွားမည်ဖြစ်ရာ...

အဆိုပါစွမ်းရည်မှာ ကောင်းကင်ဘုံ၏ စည်းမျဉ်းများကိုပင် ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်သော်လည်း ရွှီရန်၏ အတွင်းစိတ်ခံစားမှုအရမူ ၎င်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ရန် မလုံလောက်သေးချေ။

“အခုချက်ချင်းသာ ကြက်သွေးနီရောင် အမြုတေအရိုးကို နှိုက်ယူလိုက်ချင်တော့တာပဲ။ ဒါက အမြုတေအရိုးတွေထဲမှာမှ ထိပ်တန်းစူပါမော်ဒယ်လိုမျိုး အရာပဲ။ အဲဒီအချိန်ကျရင် ဘယ်လိုမျိုး ခမ်းနားတဲ့ မြင်ကွင်းတွေ ဖြစ်လာမလဲ။ ဒါကို ရပြီးသွားရင် ငါ ဘယ်လောက်တောင် သန်မာလာမလဲ။ နတ်ဘုရားအနှစ်သာရတွေရဲ့ ပေါင်းစပ်မှုကရော ငါ့ကို ဘယ်လို တိုးတက်ပြောင်းလဲမှုတွေ ယူဆောင်လာပေးမလဲ...”

ရွှီရန်သည် ကြိုတင်တွေးတောရင်း အံ့ဩမှင်သက်နေမိသည်။

နှမြောစရာကောင်းသည်မှာ သူ၏ ကောင်းချီးမင်္ဂလာအမှတ်မှာ ၃၀၀ ကျော်အထိ မပြည့်သေးခြင်းပင်...

ရွှေရောင်အောင်မြင်မှုတစ်ခုဖြစ်သော လူငယ်အရှင်သခင်ထံမှ ကောင်းချီးကို ရယူရန် လိုအပ်နေသေးသည်။

“ဒါဆိုရင် ရွှေရောင်အောင်မြင်မှု အသစ်တစ်ခု ထပ်ပေါ်လာအောင် ငါ ဘာလုပ်ရမလဲ”

ရွှီရန်က ခေါင်းခါလိုက်သည်။

ယခုအချိန်တွင် ပြီးမြောက်ရန် စောင့်ဆိုင်းနေသော ရွှေရောင်အောင်မြင်မှု တာဝန်တစ်ခု ရှိနှင့်နေပြီးသားဖြစ်ရာ တာဝန်အသစ်တစ်ခု ထပ်မံပေါ်ပေါက်လာရန် အခွင့်အလမ်းမှာ အလွန်နည်းပါးနေမည်ကို သူ ကောင်းကောင်းသိရှိထားသည်။

ရွှေရောင်အောင်မြင်မှုတာဝန်များကို ထပ်မံရရှိရန်မှာ လမ်းဘေးတွင် အလွယ်တကူ ကောက်ရနိုင်သည့် အရာများ မဟုတ်သည်မှာ အမှန်ပင်။

ထားလိုက်ပါတော့လေ...

ဤအရာအတွက် အချိန်ကုန်ခံ စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုပေ။ ယခု သူပိုင်ဆိုင်ထားသော မန္တန်စွမ်းရည်များမှာပင် လွန်စွာ အစွမ်းထက်နေပြီ ဖြစ်သည်။ အမြုတေအရိုးအတွက်လည်း အလောတကြီး ဖြစ်နေရန် မလိုအပ်ချေ။

နောက်ထပ် ၃၂၅ ရက် ကြာပြီးနောက်တွင် အဖြေမှန်မှာ သူ့အလိုလို ပေါ်ပေါက်လာမည်သာ ဖြစ်သည်။

ရွှီရန်က သဘောထားကြီးစွာ ပြုံးလိုက်ပြီးနောက် သူ့အား စိတ်ရင်းဖြင့် ဖျောင်းဖျနေသော ဦးလေးလင်းဖုန်းကို မော့ကြည့်လိုက်သည်။ သူ၏ မျက်နှာသွင်ပြင်မှာ နွေးထွေးတောက်ပသွားပြီး မြင်ရသူအပေါင်းကို စိတ်ချမ်းမြေ့စရာ ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။

“တကယ်တော့ လူတစ်ယောက်စီရဲ့ ပျော်ရွှင်မှုက မတူကြဘူး ဦးလေးယဲ့့။ ကျွန်တော့်ကို သွားပြီး ဆော့ကစားခိုင်းရင် ပျော်မှာမဟုတ်ဘူး။ အဲဒီအစား နေ့စဉ် ပြင်းပြင်းထန်ထန် ကြိုးစားပြီး တိုးတက်မှုတွေ ရနေတာကမှ ကျွန်တော့်ကို ပိုပြီး ကြည်နူးလန်းဆန်းစေတာပါ”

လူသားတစ်ဦးအတွက် အမြင့်မြတ်ဆုံးသော ပျော်ရွှင်မှုမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းရှိခြင်းပင်။

ရွှီရန်သည် တင်းကြပ်သော စည်းကမ်းများဖြင့် နေထိုင်ရခြင်းကို အားမလိုအားမရ မဖြစ်

သည့်အပြင် အတွင်းရော အပြင်ပါ ပြီးပြည့်စုံနေသည်ဟုပင် ခံစားနေရသည်။

ယဲ့ဖျင်ကလည်း ဝင်ရောက်ထောက်ခံကာ “ဟုတ်တယ် သူတကယ် ပျော်နေတာ။ ငါ သက်သေခံနိုင်တယ်။ ဒီကောင်က နေ့တိုင်း သူ့ကိုယ်သူ အစွမ်းကုန် မတွန်းအားပေးရရင်ကို နေလို့မထိုင်လို့ ဖြစ်နေတာ။ မင်းတို့က သူ မပျော်ဘူးလို့ ထင်နေတာက စူပါပါရမီရှင်တစ်ယောက်ရဲ့ စိတ်ဓာတ်ကို နားမလည်နိုင်လို့ပဲ။ ကိုယ်ပျောက်အတတ်ကို သင်ရုံနဲ့တင် ခေါင်းကွဲမတတ် ခံစားရတဲ့ မင်းတို့က ဘယ်လိုလုပ် နားလည်နိုင်မှာလဲ” ဟု ပြောလိုက်သည်။

သဋက ဆက်လက်၍ “သူ ကိုယ်ပျောက်အတတ်ကို ဖန်တီးနိုင်လိုက်တဲ့အချိန်မှာ ခံစားရတဲ့ ပျော်ရွှင်မှုဟာ ဖန်ဆင်းရှင်က ကမ္ဘာကြီးကို ဖန်ဆင်းလိုက်သလိုမျိုးပဲ။ အဲဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှု အရသာကို မင်းတို့ရော ကိုယ်ချင်းစာကြည့်နိုင်ရဲ့လား” ဟု မေးခွန်းထုတ်လိုက်ရာ လင်းဖုန်းမှာ ဆွံ့အသွားတော့သည်။

လင်းဖုန်းမှာ ယဲ့ဖျင်၏ ဆင်ခြေဆင်လက်များမှာ အလွန်ပင် ခိုင်မာလွန်းလှသဖြင့် ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရတော့သည်။

သို့သော် ယဲ့ဖျင်၏ အောင်နိုင်သူလေသံနှင့် လှောင်ပြောင်လိုသော အမူအရာမှာမူ တကယ့်ကို ရင်ဘတ်အောင့်ချင်စရာ ကောင်းလှသည်။ လျိုယန်က စိတ်ပျက်လက်ပျက်ဖြင့် “ယဲ့ဖျင်ရာ... မင်းလည်း မလွယ်ပါဘူး။ ငါတို့ကို လှောင်ဖို့ အခွင့်အရေးရတုန်း အမိအရကို သုံးတော့တာပဲ” ဟု ပြောလိုက်သည်။

ယဲ့ဖျင်က ပုခုံးတွန့်ပြရင်း “ကံတရားဆိုတာ အမြဲပြောင်းလဲနေတာပဲလေ။ အသာစီးရတုန်း မလှောင်ရင် အောက်ကျနောက်ကျဖြစ်တဲ့အထိ စောင့်နေရမှာလား ဒါပေမဲ့... ငါကတော့ အမြဲတမ်း အသာစီးရနေဦးမယ့်ပုံပဲ” ဟု ပြောကာ ရွှီရန်ဘက်သို့ ခပ်တည်တည်ဖြင့် လှည့်ကြည့်လိုက်သည်။

သူသည် ဟန်ဆောင်ပန်ဆောင်ဖြင့် သက်ပြင်းချပြနေသော်လည်း နှုတ်ခမ်းထောင့်မှ အပြုံးမှာမူ AK ရိုင်ဖယ်ထက်ပင် ထိန်းချုပ်ရ ခက်ခဲနေပုံရသည်။

“ငါ ဘာတတ်နိုင်မှာလဲ ဘဝရဲ့ အခွင့်အရေးတွေက မျှော်လင့်မထားတဲ့ဘက်ကို ကွေ့သွားတတ်တာပဲ။ ဒဏ်ရာကြောင့် နတ်ဘုရားသတ်တပ်ဖွဲ့ကနေ အနားယူခဲ့ရပေမဲ့ တစ်ပိုင်းတစ်စနတ်ဘုရား မူကြိုကျောင်း မှာတော့ နတ်ဘုရားအဆင့်ရှိတဲ့ ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးပိုင်ရှင်လေးရယ်၊ သူနဲ့ယှဉ်ရင် အနည်းငယ်တော့ အားနည်းပေမဲ့ တကယ့်ပါရမီရှင်တွေဖြစ်တဲ့ ကောင်းကင်ဘုံပြစ်ဒဏ်ခတ်သူနဲ့ အချိန်အမြုတေအရိုးပိုင်ရှင်လေးတွေကိုပါ ရခဲ့တာပဲလေ...”

“အဲဒီကလေးတွေအားလုံးက ကိုယ်ပျောက်အတတ်ကို တတ်မြောက်သွားကြပြီ... ဟူး ဒါက ဘုရားသခင်က ငါ့အတွက် ပြတင်းပေါက်တစ်ခု ပိတ်လိုက်ပေမဲ့ အဲဒီအစား ဗီလာအိမ်ကြီးတစ်လုံး ဆောက်ပေးလိုက်သလိုမျိုး မဟုတ်ဘူးလား”

ယဲ့ဖျင်သည် ရယ်ရွှန်းမောဖွယ် အပြုံးကြီးဖြင့် ကြွားဝါနေရာ သူ၏ မာန်မာနများမှာ တကယ့်မီးလျှံများအလား ထွက်ပေါ်နေတော့သည်။ အဖွဲ့ဝင်များအားလုံးမှာ မျက်လုံးအပြူးသားဖြင့်

“ဘာ... မင်းတို့ ကျင့်ကျိုးပြည်နယ်က မူကြိုကျောင်းမှာ ကိုယ်ပျောက်အတတ်ကို တတ်မြောက်ထားတဲ့ စူပါပါရမီရှင် နှစ်ယောက်တောင် ရှိတယ် ဟုတ်လား”

“နှစ်ယောက်တောင်လား”

“တကယ်လား ငါတော့ လုံးဝမယုံနိုင်ဘူး”

ယဲ့ဖျင်က ပုခုံးတွန့်ပြရင်း “မင်းတို့ မယုံလည်း ကိစ္စမရှိပါဘူး။ ငါကတော့ ယုံကြည်ပြီးသားပဲ။ နောက်တစ်နှစ်ကြာလို့ ရွေးချယ်ပွဲကျရင်တော့ မင်းတို့ မယုံချင်လည်း ယုံရတော့မှာပဲ” ဟု စိန်ခေါ်စရာမလိုသော လေသံဖြင့် ပြောလိုက်သည်။

နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့မှ အဖွဲ့ဝင် တစ်ဆယ့်လေးဦးစလုံး ခဏမျှ တိတ်ဆိတ်သွားကြသည်။ သူတို့သည် ယဲ့ဖျင်၏ စရိုက်ကို ကောင်းစွာသိကြ၏။ အကယ်၍ သူသာ အသေအချာ မသိထားပါက ဤမျှအထိ ရဲရဲတင်းတင်း ကြွားဝါလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် အမှန်တရားမှာ ကျင့်ကျိုးပြည်နယ်၏ မူကြိုကျောင်းတွင် ထိပ်တန်းစူပါပါရမီရှင် နှစ်ဦး ကျန်ရှိနေသေးသည်ဟူသော အချက်ပင်။

လျိုယန်က အသက်ကို ပြင်းပြင်းရှူလိုက်ရင်း “ငါက ငါ့မျိုးဆက်မှာ ဒုတိယအဆင့်ရှိတဲ့သူ ဖြစ်ခဲ့တာတောင် ဒီအတတ်ကို မတတ်ခဲ့ဘူး... ဒါပေမဲ့ မင်းရဲ့ကျောင်းက ကလေးနှစ်ယောက်က တတ်တယ်ဆိုတော့... သူတို့တွေက ဘယ်လို အမြုတေအရိုးမျိုးတွေကို ပိုင်ဆိုင်ထားလို့လဲ” ဟု သိလိုစိတ်ဖြင့် မေးမြန်းသည်။

လင်းဖုန်းက ဝင်ရောက်၍ “တစ်ယောက်ကတော့ အချိန်အမြုတေအရိုး မဟုတ်ဘူးလား ကောင်မလေးတစ်ယောက်လို့ ငါမှတ်မိတယ်။ ယဲ့ဖျင်က အဲဒီကလေးမလေးကို ကာကွယ်ဖို့အတွက် ကျင့်ကျိုးကို ပြန်သွားဖို့ ရည်ရွယ်ထားတာလေ...”

“နောက်တစ်ယောက်ဖြစ်တဲ့ ကောင်းကင်ဘုံပြစ်ဒဏ်ခတ်သူနဲ့ ပတ်သက်လို့တော့ သတင်းအချက်အလက် သိပ်မရှိဘူး။ အဲဒီကလေးရဲ့ အခြေအနေက ဘယ်လိုလဲ”

ရှောင်ရွှယ်ကလည်း ယဲ့ဖျင်နားသို့ တိုးကပ်သွားပြီး “ငါတို့ကို ကြိုပြောပြပါဦး။ နောက်ဆုံးတော့လည်း သူတို့ရဲ့ သတင်းအချက်အလက်တွေကို ငါတို့ သိလာရမှာပဲလေ” ဟု ပြောလိုက်သည်။

နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များအကြားတွင် သတင်းအချက်အလက်များကို အထူးဆက်သွယ်ရေးစနစ်ဖြင့် အမြဲမျှဝေလေ့ရှိကြသည်။ အကယ်၍ အားနည်းသော တပ်ဖွဲ့တစ်ခုသည် အကျပ်အတည်းနှင့် ကြုံတွေ့ရပါက ပို၍အဆင့်မြင့်သော တပ်ဖွဲ့များက သွားရောက်ကူညီရမည်မှာ သူတို့၏ တာဝန်နှင့် ကျင့်ဝတ်ပင်။

မူလက မီးတောက်အကျဉ်းထောင်နှင့် ဝိညာဉ်သန့်စင်အဖွဲ့တို့သည် ရွှီရန်ကိုသာ စိတ်ဝင်စားခဲ့ကြသော်လည်း ယခုအခါ ယဲ့ဖျင်၏ ကြွားဝါမှုကြောင့် ကျန်ရှိနေသော ပါရမီရှင်များအပေါ်တွင်လည်း သိလိုစိတ်များ ပြင်းပြလာကြတော့သည်။

အားဟောင်က “ဟေ့... ယဲ့ဖျင် ကောင်းကင်ဘုံပြစ်ဒဏ်ခတ်သူရဲ့ အခြေအနေက ဘာလဲဆိုတာ ပြောစမ်းပါဦး” ဟု ထပ်မံမေးမြန်းသော်လည်း ယဲ့ဖျင်ကမူ လေသံပြောင်းလိုက်ကာ

“စကားတွေ အများကြီး ပြောမနေနဲ့တော့။ ရွှီရန်လေး သလင်းကျောက်သားရဲတွေကို သတ်နိုင်ဖို့ အရင်သွားကူကြရအောင်” ဟု လမ်းလွှဲလိုက်သည်။

လျိုယန်က “မင်း... ဒီကောင်လေးကတော့” ဟု စိတ်တိုတိုဖြင့် အော်လိုက်သော်လည်း လင်းဖုန်းကမူ “ထားလိုက်ပါတော့ သူ့ထောင်ချောက်ထဲ မဝင်နဲ့။ သူ မပြောရင်လည်း ငါတို့ကျောင်းက ကျောင်းအုပ်ကြီးကို မေးလို့ရတာပဲ”

“အဆိုးဆုံးအနေနဲ့ ငါတို့ကျောင်းအုပ်ကို မေးကြည့်မယ်။ ကျောင်းအုပ်ကလည်း ရွေးချယ်ပွဲ မစခင်မှာ သတင်းအချက်အလက်တွေ အကုန်စုဆောင်းထားမှာပဲလေ”

All Chapters