← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း။ ၁၃၉

၎င်းတို့သည် သံနက်ရောင်ကဲ့သို့ အေးစက်စက်ရှိကာ ကြွက်သားများမှာ ပေါက်ထွက်မတတ် တောင့်တင်းလွန်းလှသည်။ ကိုယ်ဟန်လိုင်းများမှာ ခိုင်မာပြတ်သားကာ မြေပြင်နှင့် ဝေဟင် နှစ်ဖက်ညှပ် စစ်ဗျူဟာကို ဖော်ဆောင်လျက် ပြင်းထန်သော လေပွေလှိုင်းများနှင့်အတူ ဒေါသတကြီး ထိုးစစ်ဆင်သွားကြတော့သည်။

ကောင်းကင်ယံမှ လင်းယုန်များက ထိုးဆင်းလာကြပြီး မြေပြင်တွင် ကျားများနှင့် ကျားသစ်များက ချောင်းမြောင်းနေကြသည်။ မိုဓားစစ်သူကြီးများသည် သူတို့၏ ဖိအားပေးနိုင်စွမ်းရှိသော ဓားရှည်ကြီးများကို မြှောက်ကိုင်လျက် သတ္တုဝိညာဉ်များအသွင် ပြောင်းလဲနေသည့် သလင်းကျောက်သားရဲများဆီသို့ အဟုန်ဖြင့် ပြေးဝင်သွားကြသည်။

"ဟင်... တော်တော်လေးကို ဆူညံသွားတာပဲ ဘယ်သူတွေလဲ"

"မင်း သူတို့ကို မမှတ်မိဘူးလား"

"တကယ်မသိတာပါဆို..."

"မင်း သတင်းတွေ လုံးဝမကြည့်ဘူးထင်တယ်။ မိုဓားစစ်သူကြီးတွေ၊ သံချပ်ကာစစ်သူကြီးတွေ၊ ဝက်ဝံနက်ကြီးတွေနဲ့ ကျားရုပ်တွေလေ။ ဖိအားပေးနိုင်စွမ်းကတော့ အားရစရာပဲ။ ဒါက သတ္တမမြောက်ဇုန်က တစ်ဦးတည်းသော စစ်တပ်ပိုင်ရှင် စူပါကြယ်ပွင့်လေးပဲ"

"မနေ့ညက သတင်းထဲမှာ သူပျံလွှားခေါင်းပြတ်တစ္ဆေတစ်သောင်းကို တစ်ယောက်တည်း သတ်ပစ်လိုက်တာ တွေ့လိုက်တယ်။ လူသားတစ်ယောက်ရဲ့ စွမ်းရည်ထက်တောင် ကျော်လွန်နေပြီ"

"သူ သတ္တမမြောက်ဇုန် တစ်ခုလုံးကိုပါ သောင်းကျန်းပစ်တော့မှာလား"

"သူ ဒီကို ရောက်လာပြီဆိုမှတော့ အကြီးအကျယ် လှုပ်ခတ်သွားတော့မှာပေါ့။ လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ တစ်ကိုယ်တော်စစ်တပ် ဗီဒီယိုကို ကြည့်ရုံနဲ့တင် ငါ့သွေးတွေ ဆူပွက်လာခဲ့တာ"

"ဒီနေ့တော့ ဒီမြင်ကွင်းကို လူကိုယ်တိုင် အနီးကပ် မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ်ကို အားရစရာကြီးဗျာ"

တတိယမြောက် ကာကွယ်ရေးစပ်က ကျင့်ကြံသူများသည် စက္ကူရုပ်တပ်မတော်ဝင်ရောက်လာသည်ကို သတိပြုမိသွားကြပြီး လှမ်းကြည့်လိုက်ရုံနှင့်ပင် သူတို့၏ နှလုံးသားများမှာ ရှင်းပြမရနိုင်အောင် တုန်လှုပ်သွားကြသည်။

တောင်တန်းကြီးများကဲ့သို့ ထည်ဝါလွန်းလှပြီး သံနက်ရောင်ကဲ့သို့ အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကြောင့် လူတိုင်းကို ကြက်သီးထစေသည်။

တိုက်ပွဲဝင်အဖွဲ့အချို့မှာ အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။ ဤတစ်ကိုယ်တော် ရုပ်သေးတပ်မတော်၏ ရှေ့မှောက်တွင် သူတို့၏ အင်အားမှာ အလွန်ပင် သေးငယ်လှသည်ကို သိရှိထားကြခြင်းကြောင့် ဖြစ်သည်။

လမ်းပိတ်ထားခြင်းမှာ အမြော်အမြင်မရှိရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် လူကြီးမင်း၏ စစ်တပ်ကို ယဉ်ကျေးပျူငှာစွာ လမ်းဖွင့်ပေးလိုက်ခြင်းကသာ အကောင်းဆုံးပင်။

“အနီးကပ်တိုက်ပွဲ စတော့မယ် စူပါကြယ်ပွင့်ရဲ့ စစ်တပ်က ပြီးခဲ့တဲ့ရက်တွေက ဒဏ္ဍာရီကို ထပ်ပြီး ဖန်တီးနိုင်ဦးမလား”

ကျင့်ကြံသူများ၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေစဉ်မှာပင်... လေးလံလှသော ဓားကြီး ကျဆင်းလာသည့် “ဒုန်း” ဆိုသော အသံကြီး ထွက်ပေါ်လာသည်။

သွေးအင်အား ၁ သိန်းအထိ ရှိသော တစ်ဝက်တစ်ပျက် မတ်တတ်ရပ်နေသည့် သလင်းကျောက် ဟာယီနာတစ်ကောင်မှာ ခန္ဓာကိုယ်တစ်ခြမ်း ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ချက်ချင်း အသေသတ်လိုက်တာပဲ”

“တစ်ကိုယ်တော်စစ်တပ် အရှင်သခင်ဆိုတာ တကယ်ပဲ ထိုက်တန်ပါပေတယ်”

ရှောင်ရွှယ်က အံ့ဩတကြီးဖြင့် “တစ္ဆေတွေကို နှိမ်နင်းတာဆိုရင်တော့ တစ်မျိုးပေါ့။ သလင်းကျောက်သားရဲတွေကိုကျတော့ ဓားချက်အနည်းငယ် ပိုသုံးရမယ်လို့ ထင်ထားတာ။ အခုတော့ တစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုက်တာပဲ...” ဟု ရေရွတ်မိသည်။

ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် သလင်းကျောက်သားရဲများ၏ ခံစစ်မှာ တစ္ဆေများထက် ပို၍ မာကျောသင့်ပြီး ဓားချက်အနည်းငယ် ခံနိုင်ရည်ရှိသင့်သော်လည်း မိုဓားစစ်သည်က တစ်ချက်တည်းဖြင့်သာ အဆုံးသတ်လိုက်သည်။

ရွှီရန်ကတော့ ခပ်ဖွဖွလေး ပြုံးနေရုံမှအပ ဘာရှင်းပြချက်မှ မပေးခဲ့ပေ။ စက္ကူခေါက်စွမ်းရည်ဆိုသည်မှာ ဤမျှအထိပင် အဓိပ္ပာယ်မရှိလောက်အောင် စွမ်းအားကြီးလှသည်။

အမှန်စင်စစ်... ပျံလွှားခေါင်းပြတ်တစ္ဆေ တစ်သောင်း၏ စွမ်းအင်များကို ဝါးမြိုပြီးနောက်

စက္ကူရုပ်တပ်မတော်၏ အမြင့်ဆုံးစွမ်းအားမှာ အမှတ် ၁ သိန်းခွဲ အထိ ရှိနေပြီဖြစ်သည်။

အကယ်၍ မိုဓားစစ်သူကြီးများ၏ ဝိညာဉ်ပြင်းအားသာ အနည်းငယ် မနိမ့်ပါးနေလျှင် သွေးအင်အား ၁ သိန်းခွဲရှိသော သလင်းကျောက်သားရဲကိုပင် တစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်မည် ဖြစ်သည်။

ယခု ရွှီရန်က သလင်းကျောက်သားရဲများကို လာရောက်သတ်ဖြတ်နေခြင်းမှာ ဝိညာဉ်အသစ်များကို ဖမ်းယူပြီး ၎င်းတို့အား အမြင့်ဆုံးစွမ်းအား ၁ သိန်းခွဲကို အပြည့်အဝ အသုံးချနိုင်စေရန်အတွက် ဝိညာဉ်ပြင်းအားကို မြှင့်တင်ရန်ပင်။

“ဓားစမ်းသပ်မှု အောင်မြင်တယ်”

“နောက်ထပ် တစ်မိနစ်လောက် အကန့်အသတ်ကို ထပ်စမ်းကြည့်ရအောင်...”

ရွှီရန်က စိတ်ထဲမှ ရေရွတ်ရင်း သူ၏ စစ်တပ်ကို စစ်မြေပြင်တစ်ခွင် အရှိန်အဟုန်ဖြင့် ပြေးလွှားရန် အမိန့်ပေးလိုက်သည်။ မကြာမီပင် သင့်တော်သော ပြိုင်ဘက်တစ်ခုကို ရှာတွေ့သွားတော့သည်။

မည်သည့်ခံစားချက်မျှ မရှိသော မိုဓားစစ်သည်သည် ၎င်း၏ လေးလံလှသော ဓားကြီးကို မြှောက်ကိုင်လိုက်သည်။ ယခုအကြိမ် ပြိုင်ဘက်မှာ အရပ် တစ်မီတာခွဲခန့်ရှိသော ပုစွန်ဆိတ်ကြီး တစ်ကောင် ဖြစ်သည်။ ၎င်း၏ ဦးခေါင်းမှာ အပြာရောင်သန်းနေပြီး သွေးအင်အားမှာ အမှတ် ၁ သိန်းခွဲ အထိ ရှိနေကြောင်း ပြသနေသည်။

ထိုစဉ်မှာပင် မိုဓားစစ်သူကြီးများ၏ ခွဲခြားမှုမရှိသော တိုက်စစ်နှင့် ရင်ဆိုင်ရသောအခါ ပုစွန်ဆိတ်ကြီးမှာ ကြောက်လန့်တကြား အော်ဟစ်လျက် ၎င်း၏ သံမဏိကဲ့သို့ မာကျောသော လက်သည်းကလော်ကြီးများကို ကာကွယ်ရေးအတွက် မြှောက်လိုက်သည်။

သံမဏိ လက်သည်းကလော်ကြီးများနှင့် ရွှီရန်၏ ဓားရှည်ကြီးတို့ ထိပ်တိုက်တွေ့ဆုံရာတွင် မီးပွင့်များ နေရာအနှံ့ လွင့်စင်သွားတော့သည်။ ပုစွန်ဆိတ်ကြီးက ၎င်း၏ ခံစစ်ကို ဂုဏ်ယူဟန်ဖြင့် “ဟဲ ဟဲ ဟဲ” ဟု လှောင်ရယ်လိုက်သည်။

“ဟင်”

ဘေးမှ လှမ်းကြည့်နေကြသော တိုက်ပွဲဝင်အဖွဲ့များမှာ အံ့အားသင့်သွားကြပြီး “ဘယ်လိုဖြစ်နိုင်မှာလဲ တစ်ကိုယ်တော်စစ်တပ် အရှင်သခင်က တစ်ချက်တည်းနဲ့ မပိုင်းနိုင်တော့ဘူးလား”

“မဖြစ်နိုင်တာ ဒဏ္ဍာရီက ပျက်စီးသွားပြီလား”

“မဟုတ်ဘူး... မဟုတ်ဘူး ဒါက မတူဘူးလေ။ ငါတို့ရဲ့ နတ်ဘုရားလေးက တစ္ဆေတွေကို နှိမ်နင်းတဲ့နေရာမှာ ပြိုင်ဘက်ကင်းတာ။ သလင်းကျောက်သားရဲတွေကို ချက်ချင်း အသေသတ်ဖို့ဆိုတာကတော့ ပုံမှန်အားဖြင့် ခက်တာပေါ့။ ခုနက သွေးအင်အား ၁ သိန်းရှိတဲ့ သားရဲကိုတော့ တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာပဲ မဟုတ်လား”

ဘေးနားမှ ကြည့်ရှုနေသူအချို့မှာ အံ့အားသင့်နေကြသကဲ့သို့ အချို့ကလည်း မယုံကြည်နိုင်ဘဲ ငြုံခုံနေကြသည်။ ရွှီရန်သည် ယနေ့တွင်လည်း ဒဏ္ဍာရီသစ်တစ်ခုကို ထပ်မံရေးထိုးလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ယခုမူ အရှိန်အဟုန်ဖြင့် ပျက်ကျသွားသကဲ့သို့ ခံစားနေရသဖြင့် အတော်လေး အနေရခက်စရာ ကောင်းနေသည်။

ရွှီရန်၏ စီနီယာတစ်ဦးဖြစ်သူ လင်းဖုန်းက ရွှီရန်၏ ပုခုံးကို ပုတ်လျက် “စိတ်မပျက်ပါနဲ့ကွာ သလင်းကျောက်သားရဲတွေရဲ့ အကြီးမားဆုံး ခွန်အားက သူတို့ရဲ့ ခံစစ်ပဲ။ သူတို့ထဲက ကိုးဆယ်ရာခိုင်နှုန်းလောက်က ခန္ဓာကိုယ်အပြည့် ချပ်ဝတ်တွေနဲ့ ကြီးပြင်းလာကြတာ။ အဲဒါကြောင့်လည်း အစောပိုင်းတုန်းက လူသားမျိုးနွယ်ဟာ မျိုးတုံးလုနီးပါး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပေါ့”

“မင်းရဲ့ စက္ကူရုပ်တပ်မတော်က သွေးအင်အား တစ်သိန်းရှိတဲ့ သားရဲကို တစ်ချက်တည်းနဲ့ ပိုင်းဖြတ်နိုင်တာတင် တကယ်ကို ပြိုင်ဘက်ကင်းနေပါပြီ”

ရွှီရန်က ခေါင်းညိတ်ပြလျက် “ကျွန်တော် နားလည်ပါတယ် သွေးအင်အား တစ်သိန်းခွဲဆိုတာ ကျွန်တော့် စက္ကူရုပ်တပ်မတော်ရဲ့ လက်ရှိ အသေသတ်နိုင်စွမ်း အကန့်အသတ်ပဲ။ ဒါက တစ္ဆေတွေအတွက်လည်း အတူတူပါပဲ” ဟု တည်ငြိမ်စွာ ပြန်လည်ပြောကြားသည်။

သူ၏ ကိုယ်ပိုင်နည်းလမ်းများကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။ ရွှီရန်ကိုယ်တိုင်၌ သွေးအင်အား ၃၃,၀၀၀ မျှသာ ရှိသေးသော်လည်း ၁ သိန်းခွဲအောက် သားရဲများကို အပြတ်ရှင်းနိုင်နေခြင်းမှာ သဘာဝတရားကိုပင် ဆန့်ကျင်နေသည့် စွမ်းအားဟု ဆိုနိုင်သည်။ ယင်းမှာ ခေတ္တခဏ အကန့်အသတ်နှင့် တွေ့ကြုံနေရခြင်းသာ ဖြစ်သဖြင့် စိတ်ပျက်နေစရာ မလိုပေ။ ၎င်းအပြင် သူသည် အချိန်တိုအတွင်း ပိုမိုသန်မာလာနိုင်သေးသည်။

ရွှီရန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ရုတ်တရက် ဉာဏ်အလင်းတစ်ခု လက်ခနဲ ပေါ်လာသည်။

“ငါ့ရဲ့ စူပါပေါက်ကွဲအားပါတဲ့ ဓားချက်က သူ့ရဲ့ ခံစစ်ကို ကျော်ဖြတ်ပြီး အတွင်းကလီစာတွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်နိုင်မလားဆိုတာ သိချင်မိတယ်”

ဤသို့ တွေးတောပြီးသည်နှင့် ရွှီရန်သည် ချက်ချင်း ကိုယ်ဖျောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကိုယ်ပွားရုပ်သေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ကိုယ်ပွားရုပ်သေး၏ အရိပ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ခိုဝင်လိုက်ပြီး အဆိုပါရုပ်သေးကို ဘေးကင်းဇုန်အပြင်ဘက်သို့ ပျံသန်းသွားရန် အမိန့်ပေးလိုက်သည်။

“ဦးလေးဖုန်း၊ ဦးလေးယန်... ကျွန်တော် ရုပ်သေးရဲ့ အရိပ်ထဲမှာ ပုန်းနေပြီး သူ့ရဲ့ အစွမ်းကို ကိုယ်တိုင် သွားစမ်းသပ်ကြည့်မယ်”

“ကောင်းပြီလေ။ စိတ်ချလက်ချသာ သွားပါ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး”

နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံးသည်လည်း လျင်မြန်စွာ တုံ့ပြန်ကြပြီး စစ်မြေပြင်၏ ထောင့်လေးထောင့်ဆီသို့ ခန့်ညားစွာ ပြန့်ထွက်သွားကြသည်။ ကိုယ်ပွားစက္ကူရုပ်သည် စစ်မြေပြင်ကို ဖြတ်ကျော်ပြေးဝင်သွားပြီး စက္ကူရုပ်တပ်မတော်ကလည်း ကိုယ်ပွားရုပ်သေးကို အလယ်တွင်ထား၍ အကာအကွယ်ပေးကာ အမြန်ဆုတ်ခွာလာသည်။

‘ကြောက်သွားတာလား’

တစ်ချက်တည်းနှင့် မသေဘဲ ခံနိုင်ရည်ရှိခဲ့သည့် ပုစွန်ဆိတ်ကြီးသည် လှောင်ပြုံးပြုံးလျက် ဒေါသတကြီးဖြင့် နောက်မှ လိုက်လံတိုက်ခိုက်ပါတော့သည်။ အဆိုပါသားရဲမှာ တကယ့်ကို မာန်တက်နေပုံပင်။

အခန်း။ ၁၄၀

ရွှီရန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်ရင်း “ဒီလောက်အထိ မာန်တက်နေတဲ့ သလင်းကျောက်သားရဲမျိုး ငါပထမဆုံး မြင်ဖူးတာပဲ။ ကောင်းပြီလေ”

စကားအပိုတွေ ပြောမနေတော့ဘဲ မည်သည့်တုံ့ဖြန့်မှုကိုမျှ မဆိုင်းမတွဘဲ သူ၏ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။

“ချွတ်”

ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ကိုယ်ဖျောက်ထားသည့် အခြေအနေဖြင့်ပင် ပုစွန်ဆိတ်ကြီးထံသို့ လျှပ်စီးအလား တိုးဝင်ကာ ပိုင်းချလိုက်တော့သည်။ ဓားချက်တစ်ချက် ဝေ့ယမ်းလိုက်ပြီး စက္ကန့်ပိုင်း၏ တစ်ဆယ့်နှစ်ပုံတစ်ပုံမျှသာ ကြာမြင့်ချိန်တွင်...

လိုက်လံတိုက်ခိုက်နေသော ပုစွန်ဆိတ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်း၏ အပြင်ဘက်မှ သလင်းချပ်ဝတ်မှာ တစ်စက်ကလေးမျှ မကွဲအက်သော်လည်း မျက်လုံးများမှာ သွေးဆုတ်ကာ ပေါက်ထွက်သွားပြီး အတွင်းပိုင်းမှ သွေးများသည် မြွေတစ်ကောင်အလား မြေပြင်ပေါ်သို့ စီးကျလာတော့သည်။

ဤထူးဆန်းသော မြင်ကွင်းကို ကြည့်ပြီး နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။

“ဒီဓားချက်... တစ်ခုခုတော့ မှားနေပြီ”

လျိုယန်က အသက်ကို ပြင်းပြင်းရှူလိုက်ရင်း “ငါကြည့်တာ မှားသွားတာလား။ အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်က သွေးအင်အား ၁ သိန်းခွဲရှိတဲ့ သလင်းကျောက်သားရဲကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်ဟုတ်လား။ ဒါက ယုတ္တိမရှိတာကြီးပဲ”

ရှောင်ရွှယ်ကလည်း “မင်းကြည့်တာ မမှားပါဘူး။ တကယ်ပဲ ယုတ္တိမရှိတာပါ” ဟု ထောက်ခံလိုက်သည်။

လျိုယန်က ဆက်လက်၍ “ဒါက တကယ်ကို မဖြစ်သင့်တာလေ။ သူ့ရဲ့ စက္ကူရုပ်တပ်မတော်က အစွမ်းထက်တာကို ငါနားလည်နိုင်ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် ဓားကိုင်ပြီး တိုက်ခိုက်တာက ပိုတောင် အစွမ်းထက်နေသေးတယ်လား”

“စက္ကူရုပ်တပ်မတော်ပဲ သန်မာတယ်လို့ ငါထင်ထားခဲ့တာ... သူ့မှာ ဒီလိုလှည့်ကွက်ရှိနေမှန်း ဘယ်သူသိမှာလဲ”

ယဲ့ဖျင်မှာလည်း မျက်ခွံများ တလှုပ်လှုပ်တုန်နေပြီး “အမှန်အတိုင်း ပြောရရင်... မင်းတို့ သုံးရက်ပဲ သိတာတင် မဟုတ်ဘူး။ ငါကိုယ်တိုင်လည်း ကျောင်းအုပ်ကြီးနဲ့အတူ သူ့နားမှာ ၅ နှစ်လောက် နေခဲ့တာတောင် သူ ပုစွန်ဆိတ်ကြီးကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”

လင်းဖုန်းကမူ အခြေအနေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ပြီး “ဒီဓားချက်ရဲ့ သဘောတရားက သားရဲရဲ့ အပြင်ဘက်ခံစစ်ကို ကျော်ဖြတ်ပြီး အတွင်းကလီစာတွေကို တိုက်ရိုက် ပိုင်းဖြတ်လိုက်တာပဲ။ ဒါက သလင်းကျောက်သားရဲတွေကို တန်ပြန်ဖို့ သီးသန့်တီထွင်ထားတာပဲ မဟုတ်လား”

လျိုယန်က “ဒါဆို မနေ့ကနဲ့ မနေ့တစ်နေ့က သူ တစ္ဆေတွေကို ရူးသွပ်သလို လိုက်သတ်နေတာတွေက ဒီပညာရပ်အတွက် သုတေသနလုပ်နေတာလား”

“သူ အရင်ကလည်း သလင်းကျောက်သားရဲတွေအကြောင်း လေ့လာခဲ့ဖူးတာလား”

ယဲ့ဖျင်က အတိတ်ကို ပြန်တွေးတောရင်း “ငါမှတ်မိသလောက်တော့ သူ နေ့တိုင်း တိရစ္ဆာန်ရုံကိုသွားပြီး သလင်းကျောက်သားရဲတွေကို အစာကျွေးလေ့ရှိတယ်။ ပြီးတော့ ပထမဆုံးအကြိမ် အပြင်ထွက်တုန်းကလည်း သလင်းကျောက်သားရဲ တော်တော်များများကို သူ နှိမ်နင်းခဲ့ဖူးတယ်” ဟု ပြောလိုက်သည်။

လင်းဖုန်းက ရိပ်မိသွားကာ “ဒါဆို အကုန်လုံးက ဆက်စပ်သွားပြီပေါ့။ သူက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သလင်းကျောက်သားရဲတွေကို တန်ပြန်နိုင်မယ့် နည်းပညာတွေကို သုတေသနလုပ်ပြီး ဖန်တီးနေခဲ့တာပဲ”

လင်းဖုန်း၏ မျက်ဝန်းများထဲတွင် အထူးပင် လေးစားအားကျမှုများ ပေါ်ပေါက်လာပြီး “တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ။ သလင်းကျောက်သားရဲတွေရဲ့ အဂုဏ်ယူရဆုံး ခံစစ်ကို တိုက်ရိုက်ကျော်ဖြတ်ပြီး သူတို့ရဲ့ အတွင်းကလီစာတွေကို ချေမှုန်းပစ်နိုင်တယ်ဆိုတာ... ဒီလိုဖန်တီးနိုင်စွမ်းမျိုးက တကယ့်ကို စိတ်ကူးစိတ်သန်း ကောင်းလွန်းတယ်”

လင်းဖုန်းက ဆက်လက်၍ “ဒီစူပါပေါက်ကွဲအားပါတဲ့ ဓားချက်ရဲ့ သဘောတရားဟာ သလင်းကျောက်သားရဲတွေ နှစ်ပေါင်းထောင်ချီကြာအောင် တည်ဆောက်ခဲ့တဲ့ အကောင်းဆုံး ခံစစ်ယန္တရားကြီးတစ်ခုလုံးကို လှောင်ပြောင်နေသလိုပဲ”

“တကယ်လို့ သလင်းကျောက်သားရဲတွေသာ ဒါကို သိသွားရင် သူတို့တွေ သေချာပေါက် တုန်လှုပ်ချောက်ချားသွားကြလိမ့်မယ်”

အဖွဲ့ဝင်အားလုံးမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း “သူတို့နေရာကနေ တွေးကြည့်ရင်တောင် ဒီလို ထူးဆန်းတဲ့ ဓားချက်မျိုးနဲ့ ရင်ဆိုင်ရတာ တကယ်ကို ကြက်သီးထစရာပဲ” ဟု ပြောကာ နောက်သို့ အနည်းငယ် ဆုတ်လိုက်ကြသည်။

လင်းဖုန်းက တည်ကြည်စွာဖြင့် “အားလုံး သတိဝီရိယရှိကြပါ။ ဒီကလေးကို သေချာစောင့်ရှောက်ပြီး ဘာမှအမှားအယွင်း မရှိစေနဲ့” ဟု အမိန့်ပေးလိုက်ရာ

“ဟုတ်ကဲ့ပါ”

“နားလည်ပါပြီ” ဟု အသီးသီး ပြန်ထူးကြတော့သည်။

ထိုစဉ်မှာပင် နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များသည် အမြင့်ဆုံး သတိဝီရိယရှိနေပြီး အကောင်းဆုံး ကာကွယ်ရေးအကွာအဝေးကို ထိန်းသိမ်းထားကြသည်။

ရွှီရန်သည် ပုစွန်ဆိတ်ကြီး၏ ဝိညာဉ်ကို ထုတ်ယူလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ဘေးသို့ ပစ်ထုတ်လိုက်သည်။

“ဒါက သိပ်ပြီး အသုံးမဝင်လှဘူး။ မိုဓားစစ်သူကြီးနဲ့ ဆင်တူတဲ့ သလင်းကျောက်သားရဲမျိုးကို ရှာပြီး ဝိညာဉ်ချည်နှောင်တာကမှ ပိုကောင်းလိမ့်မယ်”

ဆင်တူသော ဝိညာဉ်များကသာ အပြည့်အဝ တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နိုင်မည်ပင်။ ပုစွန်ဆိတ်ဝိညာဉ်ကို သုံးပြီး မိုဓားစစ်သူကြီး၏ ဓားချက်ကို ထုတ်ဖော်ခိုင်းဖို့ဆိုတာ... ဒါက ရယ်စရာကြီးပဲ မဟုတ်လား။ မျိုးရိုးဗီဇချင်းမှ မတူတာ။

ဤသို့ တွေးတောရင်း ရွှီရန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

မကြာမီပင် သူသည် ပစ်မှတ်အချို့ကို ရှာတွေ့သွားတော့သည်။ ၎င်းမှာ ရမ်းကားသော ဝက်ဝံရိုင်းပင်။ ၎င်းသည် ဝက်ဝံနှင့်တူသော ခြေနှစ်ချောင်းဖြင့် သွားလာသည့် သလင်းကျောက်သားရဲအမျိုးအစား ဖြစ်သည်။ ဗိုက်မှာ ပူထွက်နေပြီး အောက်ပိုင်းခြေထောက်များမှာ သန်မာထွားကြိုင်းလှသည်။ ၎င်း၏ အရေပြားမှာ မိကျောင်းရေပေါ်တွင် သတ္တုရည်လောင်းထားသကဲ့သို့ တောက်ပနေသော ချပ်ဝတ်သဖွယ် မာကျောလှသည်။

၎င်း၏ လက်မောင်းများမှာ မျောက်လွှဲကျော်များကဲ့သို့ပင် အလွန်တရာ ရှည်လျားလှပြီး ဒူးဆစ်အောက်အထိ တွဲလောင်းကျနေသည်။ လက်ဖဝါးများမှာလည်း မျောက်များနှင့် ဆင်တူကာ ၎င်း၏ အပြင်သို့ ထွက်နေသော စွယ်များဖြင့် ပြုလုပ်ထားသည့် လခြမ်းပုံစံ ဓားကွေးနှစ်လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

နီရဲနေသော မျက်လုံးတစ်စုံနှင့်အတူ သတ်ဖြတ်လိုသော အငွေ့အသက်များ အပြည့်ပင်။

“ကောင်းပြီ... မင်းပဲ ဖြစ်ရမယ်”

ရွှီရန်၏ စိတ်ထဲတွင် ရမ်းကားသော ဝက်ဝံရိုင်းနှင့် ပတ်သက်သည့် အချက်အလက်များ ချက်ချင်း ပေါ်လာသည်။ ၎င်းတို့သည် စွယ်တိုက်ပွဲများတွင် ကျွမ်းကျင်သည့် ထူးခြားသော မျိုးစိတ်ဖြစ်ပြီး ၎င်းတို့၏ သွေးသားထဲတွင်ပင် ဓားသိုင်းပညာပါဝင်နေတတ်သည်။ ၎င်းတို့၏ ဧကရာဇ်မှာ နတ်ဘုရားအဆင့်အထိ အစွမ်းထက်ပြီး သူ၏ ဓားသိုင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုကြသည်။

သို့သော် ၎င်းတို့၏ ဧကရာဇ်မှာ ရွှီရန်နှင့် ဘာမှမသက်ဆိုင်ချေ။

သူသည် ဤဝက်ဝံရိုင်း၏ ဝိညာဉ်ကို ဖမ်းယူပြီး မိုဓားစစ်သူကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းရန်သာ ရည်ရွယ်ထားသည်။

ရွှီရန်၏ မျက်လုံးများ တောက်ပသွားသည်။ သူ၏ တစ်ကိုယ်လုံးတွင် မီးလျှံများကဲ့သို့ နီရဲသော အလင်းတန်းများ တောက်လောင်လာသည်။

ဓားကို ဝှေ့ယမ်းလိုက်သောအခါ ဝက်ဝံရိုင်းသည် ကြက်သီးမွေးညင်းများ ထသွားပြီး ချက်ချင်းပင် လှည့်ပြေးတော့သည်။ သို့သော် ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းရောက်ရှိသွားသည့် စူပါပေါက်ကွဲအားပါသော ဓားချက်နှင့် ယှဉ်လျှင် ၎င်း၏ ပြေးနှုန်းမှာ လိပ်နှေးသလို ဖြစ်နေတော့သည်။

၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းများမှာ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်ကုန်ပြီး ခန္ဓာကိုယ်

အပေါက်တိုင်းမှ သွေးများ ပန်းထွက်လာတော့သည်။ ဝက်ဝံရိုင်းသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်မဲ့သော မျက်လုံးများဖြင့် ကြည့်ကာ “စိတ်မကောင်းပါဘူး မင်းလို ကျွမ်းကျင်သူကို အစွမ်းကုန် ထုတ်သုံးခွင့် မပေးနိုင်ခဲ့လို့...”

“ဝိညာဉ်ဖမ်းဆီးခြင်း”

ရွှီရန်သည် အလောင်းရှေ့သို့ ခုန်ဝင်လိုက်သည်။

သူသည် ဝက်ဝံရိုင်း၏ ဝိညာဉ်ကို လက်ဖြင့် ဖမ်းယူလိုက်ပြီးနောက် မိုဓားစစ်သူကြီးအတွင်းရှိ အိုဟောင်းနေသော ဝိညာဉ်ကို ဖယ်ထုတ်ကာ စက္ကူရုပ် ဝိညာဉ်ချည်နှောင်ခြင်းကို အသစ်ပြန်လည် အသုံးပြုပြီး ဝိညာဉ်အသစ်ကို စက္ကူရုပ်အတွင်းသို့ ပေါင်းစပ်လိုက်သည်။

“အရမ်းကောင်းတယ်။ တိုက်ခိုက်မှုစွမ်းအား ၅၀ ရာခိုင်နှုန်း တိုးလာပြီ။ အခုဆိုရင် သွေးအင်အား ၁ သိန်းခွဲရှိတဲ့ သလင်းကျောက်သားရဲကို တစ်ချက်တည်းနဲ့ သတ်နိုင်ပြီ”

စက္ကူရုပ်စစ်သည်တော်များ၏ ဝိညာဉ်အင်အား တိုးတက်လာမှုမှာ သာမန်မျက်စိဖြင့်ပင် အထင်အရှား မြင်တွေ့နေရသည်။

ရွှီရန်က သဘောကျစွာ ပြုံးလိုက်မိသည်။ အကယ်၍ သူသာ နောက်ပိုင်းတွင် ပို၍အဆင့်မြင့်သော ဝိညာဉ်များကို ဖမ်းယူနိုင်ခဲ့လျှင် သူ၏ စက္ကူရုပ်တပ်မတော်သည် ကိုယ်ပိုင်တိုက်ခိုက်ရေး နည်းစနစ်များကိုပါ အသုံးချနိုင်တော့မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ၎င်းတို့မှာ တကယ့်ကို အနှိုင်းမဲ့သွားပေလိမ့်မည်။

အမှန်စင်စစ် ယခုအချိန်တွင် စက္ကူရုပ်တပ်မတော်မှာ ကနဦးအဆင့်တွင်သာ ရှိသေးသော်လည်း ဤအဆင့်မှာပင် အနိုင်မတိုက်နိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်သည်။

ရွှီရန်သည် လက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်လျက် ကိုယ်ပျောက်နေသော အခြေအနေဖြင့် သူ၏စက္ကူရုပ်တပ်မတော်ကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။ သူကိုယ်တိုင် ထပ်မံတိုက်ခိုက်ရန် မလိုအပ်တော့ချေ။ အကြောင်းမှာ ရမ်းကားသော ဝက်ဝံရိုင်း၏ ဝိညာဉ်ကို ရရှိထားသော မိုဓားစစ်သူကြီးသည် ရှေ့ဆက်ရမည့် တာဝန်များအတွက် လုံလောက်သော အစွမ်းရှိနေပြီ ဖြစ်သောကြောင့်ပင်။

ရွှီရန်မျှော်လင့်ထားသည့်အတိုင်းပင် မိုဓားစစ်သူကြီး၏ ကြောက်မက်ဖွယ် ဖိအားများ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ စစ်တပ်ကြီးသည် စစ်မြေပြင်ကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကာ နောက်ထပ် ပုစွန်ဆိတ် သလင်းကျောက်သားရဲ တစ်ကောင်နှင့် ထိပ်တိုက်တိုးလေတော့သည်။

ယခုတစ်ကြိမ်တွင်မူ... လေးလံလှသော ဓားကြီးသည် လေထုကို ဟိန်းဟောက်သံထွက်အောင် ပိုင်းဖြတ်လျက် ပြင်းထန်စွာ ကျဆင်းလာသည်။ ပုစွန်ဆိတ်ကြီးမှာလည်း ၎င်း၏ ကြီးမားသော လက်သည်းကလော်များဖြင့် ပြန်လည်ခုခံရန် ကြိုးစားရှာသည်။

ယခင်က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် အတူတူပင်ဖြစ်သော်လည်း ရလဒ်မှာမူ လုံးဝကွဲပြားသွားခဲ့သည်။

လေးလံလှသော ဓားကြီးသည် ပုစွန်ဆိတ်ကြီး၏ လက်သည်းကလော်များကို အပိုင်းပိုင်းခြေမွပစ်လိုက်ပြီး ၎င်း၏ဦးခေါင်းကိုပါ နှစ်ခြမ်းကွဲသွားအောင် ပိုင်းချလိုက်သည်။ ပုစွန်ဆိတ်ကြီး၏ ပြူးထွက်နေသော မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် အသက်မဲ့သွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အစောပိုင်းက စိတ်ပျက်လက်ပျက် သက်ပြင်းချခဲ့ကြသော ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

“ဒဏ္ဍာရီက မပျက်သေးဘူးဟေ့။ ငါတို့ရဲ့ နတ်ဘုရားလေးက တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်တုန်းပဲ”

တိုက်ပွဲဝင်အဖွဲ့များမှ ကျင့်ကြံသူများသည် မိုဓားစစ်သူကြီးက သွေးစွန်းနေသော ဓားရှည်ကြီးကို ပြန်လည်ရုပ်သိမ်းလိုက်ပုံကို ကြည့်ရင်း ရင်ဘတ်ထဲ တုန်လှုပ်သွားကြသည်။

“တကယ်ပဲ... သွေးအင်အား ၁ သိန်းခွဲရှိတဲ့ ပုစွန်ဆိတ်ကြီးတောင် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပြီ”

“ဒါကြောင့်လည်း သူက တစ်ကိုယ်တော်စစ်တပ် အရှင်သခင် စူပါကြယ်ပွင့် ဖြစ်နေတာပေါ့”

နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များမှာလည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။

“ပိုသန်မာလာတာလား သိသိသာသာကို သန်မာလာတာပဲ”

“ဘာတွေဖြစ်ကုန်တာလဲ တစ်မိနစ်တောင် မပြည့်သေးဘူး။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက် သန်မာသွားရတာလဲ”

လင်းဖုန်းက ယဲ့ဖျင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေတော့သည်။

“ဒါကရော ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးရဲ့ စွမ်းရည်ပဲလား စစ်မြေပြင်မှာ ရန်သူ့ရဲ့ အားနည်းချက်ကို တိုက်ရိုက်ရှာဖွေနိုင်တာလား”

All Chapters