← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း။ ၁၄၁

လင်းဖုန်းမှာ အစကတည်းက ရွှီရန်၏ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ကို နားလည်နိုင်ရန် အမြဲမပြတ် လေ့လာစောင့်ကြည့်ပြီး တွေးတောနေခဲ့သော်လည်း ယခုမူ သူ၏ ဦးနှောက်မှာ အလုပ်များလွန်း၍ အခိုးအလျှံများပင် ထွက်လာတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ရွှီရန်၏ လုပ်ရပ်များမှာ ယုတ္တိဗေဒကို အကြိမ်ကြိမ် ဆန့်ကျင်နေလွန်းလှသည်။

လင်းဖုန်းအနေဖြင့် အမှန်တရားကို ခန့်မှန်းရန်နေနေသာသာ ကောက်ချက်ချရန်ပင် မစွမ်းသာတော့ချေ။

“ဒါက ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ကြောင့်လား ဒါမှမဟုတ် ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးရဲ့ အစွမ်းကြောင့်လား ဒါမှမဟုတ် နှစ်ခုလုံး ပေါင်းစပ်သွားတာလား”

လင်းဖုန်း မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။ အချို့သော ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်များမှာ အလွန်ပင် စွမ်းအားကြီးမားပြီး ရုတ်တရက် အဟုန်ပြင်းစွာ တိုးတက်မှုကို ပေးစွမ်းနိုင်သည်မှာ အမှန်ပင်။

သို့သော် ထိုအရာများမှာ ကျင့်ကြံမှု၏ အလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့်များဖြစ်

သည့် တောင်တန်းနယ်ပယ်နှင့် ယွဲ့နယ်ပယ်စသည်တို့တွင်သာ ဖြစ်လေ့ရှိသည်။

ရွှီရန်၏ အသက်က အသက်ရှစ်နှစ် ပြည့်ရုံသာ ရှိသေးသည်။ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ယခုမှ စတင်ခြေချသူဖြစ်ပြီး သွေးအင်အားမှာ ၆,၀၀၀ ခန့်သာ ရှိသင့်သော လူသစ်တန်းလေးသာ ဖြစ်သည်။ သို့သော် သူ၏ စွမ်းအားတစ်ကြိမ်ခုန်တက်မှုမှာ သွေးအင်အား ၅၀,၀၀၀ အထိ ရှိနေသည်။

လင်းဖုန်း၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေတော့သည်။

လူသားသမိုင်းတစ်လျှောက် အထူးချွန်ဆုံးသော စူပါပါရမီရှင်များပင်လျှင် ရွှီရန်၏ တိုးတက်မှုအရှိန်၏ ဆယ်ပုံတစ်ပုံကိုပင် မမီနိုင်ကြချေ။ အကယ်၍ ရွှီရန်မှာ စက္ကူရုပ်တပ်မတော်ကို အသုံးပြု၍ တိုက်ခိုက်နိုင်စွမ်း ရှိရုံသက်သက်ဆိုပါက လင်းဖုန်းအနေဖြင့် လက်ခံနိုင်သေးသည်။ ရုပ်သေးများကို ထိန်းချုပ်ခြင်းမှာ ကနဦးအဆင့်တွင် အားကောင်းနေတတ်သည်မှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် ရွှီရန်ကိုယ်တိုင် အသုံးပြုသည့် စူပါပေါက်ကွဲအားပါသော ဓားချက်မှာ စက္ကူရုပ်

တပ်မတော်ထက်ပင် ပို၍ အစွမ်းထက်နေသည်မှာ ဘာကြောင့်လဲ။

လင်းဖုန်းမှာ အဖြေရှာမရဘဲ ဝေဝေဝါးဝါး ဖြစ်နေတော့သည်။ ရွှီရန်မှာ ဤပညာရပ်ကို မည်ကဲ့သို့ ကျင့်ကြံခဲ့သည်ကို သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ တွေးတောသော်လည်း မရရှိခဲ့ချေ။

“ထားလိုက်ပါတော့... ဆက်မတွေးတော့ဘူး။ ဆက်တွေးနေရင် ငါ့ဦးနှောက်ဆဲလ်တွေ အလကား ကုန်သွားရုံပဲ ရှိမယ်”

ဆင်ခြင်တုံတရားနှင့် ခွဲခြမ်းစိတ်ဖြာမှုကို အလွန်ဝါသနာပါသော လင်းဖုန်းမှာ သူ၏ကျွမ်းကျင်မှုနယ်ပယ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် အဖြေရှာရန် ကြိုးစားမှုကို လက်လျှော့လိုက်ပြီး ဘာမှမလုပ်ဘဲ အေးဆေးနေခြင်း အခြေအနေသို့ ရောက်ရှိသွားတော့သည်။

သူသည် ပတ်ဝန်းကျင်ကို သတိကြီးစွာ ထားနေစဉ်မှာပင် ကိုယ်ပွားစက္ကူရုပ်ကို အသေအချာ စောင့်ကြည့်နေမိသည်။

“ဘာဖြစ်တာလဲ ငါတို့ပတ်ဝန်းကျင်မှာ အန္တရာယ်တစ်ခုခု ချောင်းမြောင်းနေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ”

“လျိုယန်... မင်းဘက်မှာရော ဘယ်လိုလဲ မင်း စိတ်ထဲမှာ ဂယောက်ဂယက် ဖြစ်နေလား”

လျိုယန်က “မဖြစ်ပါဘူး။ ဘာလဲ... ငါ့အဖွဲ့ကို ခေါ်ပြီး အပြင်ဘက်ကို သွားစစ်ဆေးကြည့်ခိုင်းရမလား” ဟု ပြန်မေးသည်။

အားဟောင်ကလည်း “ငါတို့ရှေ့မှာ နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့တောင် ရှိနေတာပဲ။ နတ်ဘုရားအဆင့် သလင်းကျောက်သားရဲတစ်ကောင် ရောက်လာရင်တောင် စိတ်မအေးစရာ အကြောင်းမရှိပါဘူး။ ဟုတ်တယ်မလား အရမ်း အစွမ်းထက်တဲ့ ယန္တရားမိစ္ဆာမျိုး ရောက်မလာသရွေ့ပေါ့” ဟု ဝင်ပြောသည်။

လင်းဖုန်းက “ဘာဖြစ်လို့လဲဆိုတာတော့ ငါလည်း မသိဘူး။ ခုနကတင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားတာ။ အခုတော့ ပြန်ကောင်းသွားပြီ” ဟု ပြောလိုက်သည်။

ရှောင်ရွှယ်က ခပ်ဖွဖွရယ်မောလျက် “မင်း စိတ်လှုပ်ရှားနေတာနေမှာပါ။ မကြောက်ပါနဲ့ ဒီမှာ နတ်ဘုရားသတ်တပ်ဖွဲ့ လေးဖွဲ့တောင် ရှိတာလေ။ ပြီးတော့ ရွှီရန်လေးကလည်း တကယ့်ကို သတိဝီရိယရှိတဲ့သူ။ ဒီလိုအခြေအနေမျိုးမှာမှ တစ်ခုခုဖြစ်မယ်ဆိုရင်တော့ ငါတို့လည်း မျှော်လင့်ချက် မရှိတော့ပါဘူး” ဟု အားပေးသည်။

လင်းဖုန်းက ပုခုံးတွန့်လိုက်ရင်း “အေးပါ ဟုတ်ပါတယ်။ နတ်ဘုရားသတ်တပ်ဖွဲ့ လေးဖွဲ့တောင် ရှိတာပဲ။ သလင်းကျောက်သားရဲတွေဘက်က ရွှီရန်ကို ပစ်မှတ်ထားတဲ့ ယန္တရားမိစ္ဆာမျိုး ထုတ်မလာသရွေ့တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး”

စကားသာ ပြောနေသော်လည်း လင်းဖုန်း၏ အကြည့်များမှာ ကိုယ်ပွားစက္ကူရုပ်ပေါ်တွင် အလေးအနက် ရှိနေဆဲပင်။

ထိုအချိန်တွင် ရွှီရန်သည် သူ၏ မိုဓားစစ်သူကြီးကို ကြည့်ပြီး ကျေနပ်အားရသည့် အပြုံးမျိုး ပြုံးနေမိသည်။

“ကောင်းပြီ... ဝိညာဉ်အသစ်ကို ပေါင်းစပ်ပြီးနောက်မှာ သွေးအင်အား ၁ သိန်းခွဲက သတ်မှတ်ချက်မျဉ်း ဖြစ်သွားပြီ။ တစ်ချက်တည်းနဲ့ ရန်သူကို အပြတ်ရှင်းနိုင်တယ်”

“နောက်ထပ် လုပ်ဖို့ကျန်တာကတော့ ငါ့ရဲ့ စက္ကူရုပ်တပ်မတော်ကို အင်အားဖြည့်ဖို့အတွက် သင့်တော်တဲ့ ကံဆိုးမိုးမှောင်ကျမယ့် သားရဲတွေကို လိုက်ရှာဖို့ပဲ”

သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း ရွှီရန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ရွှီရန်သည် ကိုယ်ပွားစက္ကူရုပ်၏ အရိပ်နောက်ကွယ်တွင် ရပ်နေရင်း စစ်မြေပြင်ကို အေးအေးလူလူ အကဲခတ်နေသည်။

စက္ကူရုပ်တပ်မတော်ကြီးသည် စစ်မြေပြင်တစ်ခွင်တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရမ်းကားစွာ ထိုးဖောက်တိုက်ခိုက်နေတော့သည်။ သွေးအင်အား ၁ သိန်းရှိသော သလင်းကျောက်သားရဲများနှင့် တွေ့ဆုံသည့်အခါတိုင်း စက္ကူရုပ်တပ်မတော်သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ဝိုင်းဝန်း၍ အနိုင်ယူကာ ချေမှုန်းပစ်သည်။

သို့သော် သွေးအင်အား ၁ သိန်းခွဲရှိသော သလင်းကျောက်သားရဲများနှင့် ရင်ဆိုင်ရလျှင်မူ မိုဓားစစ်သူကြီးက တာဝန်ယူသည်။ ၎င်းသည် လျှပ်တစ်ပြက်ခြေလှမ်းကို အသုံးပြုကာ တောင်တန်ကမ္ဘာမြေကြီး တုန်ဟည်းသွားစေမည့် အရှိန်အဟုန်ဖြင့် ဓားရှည်ကြီးကို မြှောက်

ကိုင်လိုက်ပြီး ရိုးရှင်းလှသော်လည်း လေးလံလှသော ဓားချက်တစ်ချက်တည်းဖြင့် ပြိုင်ဘက်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။

“ဝိညာဉ်ဖမ်းဆီးခြင်း”

ဒုတိယမြောက် ရမ်းကားသော ဝက်ဝံရိုင်းမှာ လဲကျသွားပြန်သည်။

တတိယတစ်ကောင်…

စတုတ္ထတစ်ကောင်…

စက္ကူရုပ်တပ်မတော်အတွက် စစ်မြေပြင်တွင် သင့်တော်သော ဝက်ဝံရိုင်းဝိညာဉ်အလုံအလောက် ရှာတွေ့ရန် ၁၅ မိနစ်သာ ကြာမြင့်ခဲ့သည်။ ယခုအခါ မိုဓားစစ်သူကြီး ၁၅ ဦးစလုံးသည် ဒုတိယမျိုးဆက်ဝိညာဉ်များဖြင့် အသင့်ဖြစ်နေပြီဖြစ်သည်။

၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ တစ်ဝက်ခန့် ခုန်တက်သွားပြီး သွေးအင်အား ၁ သိန်းခွဲရှိသော သလင်းကျောက်သားရဲများကိုပင် တစ်ချက်တည်းဖြင့် အလဲထိုးနိုင်နေပြီဖြစ်သည်။ တကယ့်ကို ခန့်ညားထည်ဝါပြီး ကြည့်ရသည်မှာ အလွန်ပင် အားရကျေနပ်စရာ ကောင်းလှသည်။

မနေ့က ခံစားခဲ့ရသော တစ်ကိုယ်တော်စစ်တပ်ကြီး၏ ဖိအားပေးနိုင်စွမ်းမှာ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ စက္ကူရုပ်တပ်မတော်၏ ပတ်ဝန်းကျင်တွင် သလင်းကျောက်သားရဲ အလောင်းများမှာ မြေပြင်ပေါ်၌ ပြန့်ကျဲနေတော့သည်။ မီတာနှစ်ရာ ပတ်လည်အတွင်းရှိ သလင်းကျောက်သားရဲများမှာ ကြောက်လန့်တုန်ရီနေကြပြီး မနီးရဲကြတော့သဖြင့် ထိုနေရာသည် လေဟာပြင်ကြီးတစ်ခု ဖြစ်သွားတော့သည်။

ရမှတ် +၁၀...

ရမှတ် +၁၀...

ရမှတ် +၁၅...

ရမှတ် +၁၅...

ရွှီရန်၏ အထူးတပ်မှူးတံဆိပ်ပေါ်ရှိ ရမှတ်များမှာ အဟုန်ထိုး တက်လာနေသကဲ့သို့ သူ၏ စက္ကူခေါက်ဝိညာဉ်ချည်နှောင်ခြင်း တိုးတက်မှု အမှတ်များမှာလည်း +၁... +၁... +၁... နှင့် အရူးအမူး တိုးပွားနေတော့သည်။

ရွှီရန်၏ ဘေးနားရှိ တိုက်ပွဲဝင်အဖွဲ့များမှာ ပါးစပ်အဟောင်းသားဖြစ်ကာ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြပြီး နှလုံးသားများမှာလည်း ပြင်းထန်စွာ တုန်လှုပ်နေကြသည်။

“တစ်ကိုယ်တော်စစ်တပ်တစ်ခုက ကိုယ့်ဘေးနားမှာ တိုက်ခိုက်နေတာကို မြင်ရတာ တကယ်ကို တုန်လှုပ်စရာပဲ”

“မနေ့က သတင်းထဲမှာ ကြည့်တုန်းက ဘာမှမခံစားရပေမဲ့ အခုတော့ ငါနားလည်သွားပြီ။ တစ်ကိုယ်တော်စစ်တပ်ဆိုတာ ပတ်ဝန်းကျင် မီတာရာချီအတွင်းမှာ ရန်သူတစ်ယောက်မှ မကျန်တော့ဘဲ အလောင်းတွေပဲ တောင်ပုံရာပုံ ကျန်ခဲ့တာကို ပြောတာပဲ”

“ကြောက်စရာကြီးဗျာ”

“မြေပြင်တစ်ခုလုံး သွေးအိုင်တွေ ဖြစ်ကုန်ပြီ”

အချို့သော ကျင့်ကြံသူများမှာ ကြက်သီးမွေးညင်းများ ထနေကြပြီး အချို့မှာမူ စက္ကူရုပ်

တပ်မတော်မှ ထွက်ပေါ်နေသော ယုတ်မာညစ်ထေးသည့် အငွေ့အသက်ကြောင့် အသက်ရှူပင် မှားနေကြသည်။ အားလုံး၏ တောက်ပသော အကြည့်များမှာ စစ်မြေပြင်ကို သောင်းကျန်းနေသော စူပါကြယ်ပွင့်လေး နောက်သို့ လိုက်ပါနေကြတော့သည်။

သို့သော် ရွှီရန်ကမူ ထိုအရာများကို ဂရုမစိုက်အားချေ။ သူ၏ အာရုံစိုက်မှုမှာ ပိုမိုသန်မာလာစေရန်သာ။

“ဟိုဝက်ဝံပုံသဏ္ဌာန် သလင်းကျောက်သားရဲက တော်တော်မိုက်တာပဲ။ အရပ် ၅ မီတာကျော်

တယ်ဆိုတော့ ငါ့ရဲ့ ဝက်ဝံစက္ကူစစ်သူကြီးအတွက် ဝိညာဉ်ဖမ်းဖို့ အကောင်းဆုံးပဲ”

ရွှီရန်၏ မျက်ဝန်းများမှာ တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်သောအကြည့်မှာ ဧရာမဝက်ဝံ သလင်းကျောက်သားရဲပေါ်သို့ ကျရောက်သွားသည့်အခါ ထိုသားရဲမှာ ရှင်းပြမရနိုင်လောက်အောင် တုန်လှုပ်သွားတော့သည်။

ထူးဆန်းလိုက်တာ... ဘာလို့ မကောင်းတာတစ်ခုခု ဖြစ်တော့မလို ခံစားနေရတာလဲ... ငါ့အတွက် ကံဆိုးမိုးမှောင်ကျတော့မှာလား...

၎င်းသည် စကားမပြောနိုင်သော်လည်း အန္တရာယ်ကို အာရုံခံနိုင်စွမ်း အလွန်ထက်မြက်လှသည်။ ၎င်းသည် မျက်မှောင်ကြုတ်ကာ သလင်းကျောက်သားရဲ အုပ်စုများ၏ နောက်ကွယ်သို့ ဆုတ်ခွာပုန်းကွယ်ရန် ကြိုးစားတော့သည်။ သို့သော် ပုန်းကွယ်နေခြင်းမှာ အချည်းနှီးသာ။

နောက်တစ်ခဏ၌ ၂ မီတာခန့် မြင့်သော မိုဓားစစ်သူကြီးတစ်ဦးက ရှေ့သို့ ပြေးဝင်လာသည်။ ၎င်း၏ အရပ်မှာ ဧရာမဝက်ဝံကြီး၏ ထက်ဝက်ပင် မရှိသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ သံနက်ရောင်ကဲ့သို့ မာကျောကာ ခြေလှမ်းတိုင်းမှာ မြေပြင်ကို တုန်ခါသွားစေသည်။ ၎င်းထံမှ ထွက်ပေါ်နေသော နတ်ဆိုးချီများမှာ မြင်သာရုံမက မီးလျှံများအသွင်ပင် ပြောင်းလဲနေတော့သည်။

၂ မီတာရှည်သော လေးလံလှသည့် ဓားကြီးကို အပေါ်သို့ မြှောက်ကိုင်လိုက်ပြီးနောက် အားကုန်သုံးကာ ပိုင်းချလိုက်တော့သည်။

အခန်း။ ၁၄၂

အကြမ်းဖက်မှု၏ အလှတရားကို အပြည့်အဝ ပုံဖော်ပြလိုက်ခြင်းပင်။

ဧရာမဝက်ဝံ သလင်းကျောက်သားရဲ: "..."

သွားပြီ။ ငါတော့ တကယ့် အညစ်အကြေးကောင်နဲ့ တိုးပြီ။

၎င်းသည် ဆက်လက်ပုန်းကွယ်ရန် ကြိုးစားသော်လည်း လေးလံလှသော ဓားကြီးမှာ အလွန်မင်း မြန်ဆန်သော အရှိန်ဖြင့် ဝေ့ယမ်းလာပြီး ၎င်း၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားတော့သည်။ သလင်းချပ်ဝတ်မှာ ပေါက်ကွဲသွားသော ဖန်အုပ်ဆောင်းတစ်ခုကဲ့သို့ တစစီ ကြေမွသွားပြီး အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။ ချပ်ဝတ်အတွင်း၌မူ ပျက်စီးသွားသော နှလုံးသားမှာ တဆတ်ဆတ် တုန်ခါနေပြီး ပူနွေးသော သွေးများမှာ ပေါက်ထွက်သွားသော ရေအိတ်တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ဒလဟော စီးကျလာတော့သည်။

ဧရာမဝက်ဝံကြီးမှာ နာကျင်စွာ အော်ဟစ်လျက် နောက်သို့ လဲကျသွားရာ

“ဝိညာဉ်ဖမ်းဆီးခြင်း”

ရွှီရန်သည် ဝိညာဉ်ကို ချက်ချင်းပင် ဖမ်းယူလိုက်ပြီး ဝက်ဝံပုံသဏ္ဌာန် စက္ကူရုပ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

“ဟဲဟဲ... မကြာခင်မှာ အဖွဲ့ဝင်အားလုံးကို ဒုတိယမျိုးဆက် ဝိညာဉ်တွေအဖြစ် အဆင့်မြှင့်နိုင်တော့မယ်။ သန်မာလာဖို့ဆိုတာ ကိတ်မုန့်စားရသလောက် လွယ်တာပဲ”

ရွှီရန်၏ အပြုံးမှာ နွေးထွေးနေသော်လည်း ရုတ်တရက် သူ၏ အကြည့်တို့မှာ အေးခဲသွားသည်။

“ဘာလို့ ငါ့ရဲ့ ကိုယ်ပွားကို တစ်ယောက်ယောက်က ချောင်းကြည့်နေသလို ခံစားနေရတာလဲ”

“စစ်မြေပြင်ပတ်ဝန်းကျင်က လူသားကျင့်ကြံသူတွေလား ဒါမှမဟုတ် ပထမကာကွယ်ရေးတန်းက ယွဲ့ကျင့်စဉ်နယ်ပယ်အားကောင်းတဲ့သူတွေလား မဟုတ်ဘူး... မဟုတ်ဘူး... သူတို့ရဲ့ အကြည့်က ချောင်းကြည့်နေတဲ့သူတွေရဲ့ အကြည့်မျိုး မဟုတ်ဘူး။ ဒီချောင်းကြည့်နေတဲ့ အကြည့်က ကြောက်မက်ဖွယ်ကောင်းပြီး တစ္ဆေဆန်တဲ့ ခံစားချက်မျိုး ပေးနေတယ်”

“ဒါပေမဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တော့ မရှိဘူး။ တကယ်လို့ ရှိခဲ့ရင်တောင် သူတို့ ချောင်းကြည့်နေတာက ငါ့ရဲ့ကိုယ်ပွားကိုပဲ ငါ့ရဲ့ ကိုယ်ရင်းကို မဟုတ်ဘူး”

ရွှီရန်က ခေါင်းကို ခပ်ဖွဖွယမ်းလိုက်ပြီး မည်သို့သော အရာက ချောင်းကြည့်နေသည်ကို အတိအကျ သိမြင်နိုင်ရန် စစ်မြေပြင်အလွန်ရှိ ညစ်ညမ်းနယ်မြေဆီသို့ အကြည့်ပို့လိုက်သည်။

ကံမကောင်းစွာဖြင့် သူ၏ အမြင်အာရုံမှာ ဝါဂွမ်းသဲမြူထုကို ထိုးဖောက်နိုင်စွမ်း မရှိသေးချေ။ ထိုမြင်ကွင်း၏ အဆုံးသတ်ကို သူ မမြင်နိုင်ခဲ့ပေ။

ထိုနေရာတွင် ကောင်းကင်ယံတစ်ခုလုံးမှာ ဝါဂွမ်းသဲများဖြင့် ပြည့်နှက်နေပြီး မီးခိုးရောင်သန်းနေသော ညစ်ညမ်းဓာတ်ငွေ့များသည်လည်း သဲမြူထုနှင့် ရောထွေးလျက် အာရုံခံစားမှုများကို ပိတ်ဆို့ထားသည်။ သဲကန္တာရထက်တွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေသည်။

ထိုလေပြင်းများ၏ အကွာအဝေး နှစ်ကီလိုမီတာကျော်တွင် စက္ကူရုပ်တပ်မတော်ကို တကယ်ပင် ထူးဆန်းသော အကြည့်နှစ်စုံက စောင့်ကြည့်နေကြခြင်းပင်။

အက်ရှရှ အသံတစ်ခုက “မင်းလည်း အဲဒီ တစ္ဆေစစ်တပ်ကို ကြည့်နေတာလား” ဟု မေးလိုက်သည်။

ကလေးငယ်တစ်ဦး၏ အသံကဲ့သို့ စူးရှသော်လည်း မာန်တက်ပြီး အေးစက်သော အသံက “အင်း... အလားအလာရှိတဲ့ ရုပ်သေးတစ်ခုပဲ။ ဒါပေမဲ့ နှမြောစရာပဲ... ဒီနေ့တော့ သူက ငါ့လက်ထဲမှာ ကျဆုံးပြီး ငါ့ရဲ့ နတ်ဘုရားဘွဲ့နှင်းသဘင် အတွက် ယဇ်ကောင် ဖြစ်လာရလိမ့်မယ်” ဟု ပြန်ဖြေသည်။

လှိမ့်တက်နေသော ဝါဂွမ်းသဲမြူထုကို ဖောက်ထွင်းကြည့်လိုက်လျှင် သဲလေပွေ၏ ထိပ်ဆုံးတွင် ဧရာမ သဲကန္တာရကင်းမြီးကောက်ကြီးတစ်ကောင် ရပ်နေသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ ဝါဂွမ်းသဲများကြားတွင် ဝေဝေဝါးဝါး မြင်နေရသည်။

၎င်း၏ ကိုယ်အရှည်မှာ ၅ မီတာ အပြည့်ရှိပြီး ဦးခေါင်းပေါ်တွင် ကြီးမားလှသော လူမျက်နှာကြီး တစ်ခု ခပ်နှိပ်ထားသကဲ့သို့ ရှိနေကာ အမူအရာမှာ မောက်မာပြီး အေးစက်လှသည်။

၎င်း၏ ဧရာမ လက်သည်းနှစ်ဖက်စလုံးမှာ တိုက်ပွဲအတွက် သင့်တော်အောင် မျိုးဗီဇပြောင်းလဲထားသည်။ တစ်ဖက်မှာ ပေါင်ချိန်တစ်ထောင်ကျော် လေးလံသော ဓားကြီးတစ်လက်အသွင် ပြောင်းလဲနေပြီး အခြားတစ်ဖက်မှာမူ သလင်းချပ်ဝတ်များ ဖုံးလွှမ်းလျက် သွေးကြောများဖြင့် ပြည့်နှက်နေသော ဧရာမ မျက်လုံးကြီးတစ်လုံးကို ဆုပ်ကိုင်ထားကာ ထိုမျက်လုံးမှာ အရူးအမူး လည်ပတ်နေသည်။

လက်သည်းကြီး နှစ်ခုကြားရှိ ပါးစပ်ပေါက်တွင် ဖြူဖျော့ဖျော့ လူမျက်နှာကြီး ရှိနေသည်။ ထိုမျက်နှာမှာ ကြိတ်ဆုံကျောက်တုံးခန့် ကြီးမားပြီး ပါးရိုးများမှာ သိသိသာသာ ပြူးထွက်နေကာ မျက်တွင်းများမှာလည်း နက်ရှိုင်းလှသည်။ ပါးစပ်ပေါက်မှာ အလွန်ပင် ထူးဆန်းလှပြီး သလင်းချပ်ဝတ်များ ပတ်ထားသော အရိုးမပါသည့် နူးညံ့သော အာရုံခံနှာမောင်း ခြောက်ခုမှာ ပါးစပ်မှ ထွက်ပေါ်လျက် အစာကို ဆွဲယူဝါးစားရန် တလူးလူးတလဲလဲ လှုပ်ရှားနေကြသည်။

၎င်း၏ နောက်ကွယ်တွင်မူ မြွေဟောက်မြီးကဲ့သို့ အမြီးချိတ်ကြီးက ဟိုဟိုဒီဒီ ယိမ်းနွယ်နေသည်။ ထိုအမြီးမှာ စပါးကြီးမြွေတစ်ကောင်ခန့် ထူထဲပြီး အမြီးဖျားရှိ ချိတ်မှ ထူးဆန်းသော အငွေ့အသက်များ ထွက်ပေါ်နေကာ ထိုအမြီးဖျားကို ကြည့်မိသူတိုင်း မလွဲမသွေ အိပ်ငိုက်ခြင်းဝေဒနာကို ခံစားရမည်ပင်။

ဤဧရာမ သဲကန္တာရကင်းမြီးကောက်ကြီးသည် နှစ်ပေါင်းတစ်ရာတိုင်တိုင် တည်ရှိလာခဲ့ခြင်း ဖြစ်သည်။

၎င်းသည် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ယုတ်မာကောက်ကျစ်လှသည်။ ၎င်း၏ စွမ်းရည်များမှာ ဝါဂွမ်းသဲကို ထိန်းချုပ်ခြင်း၊ ဝါဂွမ်းသဲအတွင်း ကိုယ်ပျောက်ခြင်း၊ မျက်လုံးဖြင့် ညစ်ညမ်းစေခြင်းနှင့် အမြီးဖျားဖြင့် ထုံကျင်စေခြင်းတို့ပင်။

ထိုစွမ်းရည်များမှာ နတ်ဘုရားအဆင့် သလင်းကျောက်သားရဲများကြားတွင်ပင် အလွန်ဒုက္ခပေးနိုင်သော အမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရသည်။

နှစ်ပေါင်းတစ်ရာအတွင်းမှာပင် ၎င်း၏လက်ချက်ဖြင့် နတ်ဘုရားသတ်တပ်ဖွဲ့ပေါင်း ၄၄ ဖွဲ့ ထက်မနည်း အမြစ်ပြတ် ချေမှုန်းခြင်း ခံခဲ့ရဖူးသည်။

လူသားမျိုးနွယ်တို့က ၎င်းအား ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခဟု အမည်ပေးထားကြသည်။

ဤကဲ့သို့သော နတ်ဘုရားအဆင့်ရှိ သလင်းကျောက်သားရဲကြီးတစ်ကောင်သည် ဘေးကင်းဇုန်၏ တိုက်ပွဲနယ်မြေအနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာခြင်းမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်ရပ်တစ်ခုပင်။ ၎င်း၏ တည်ရှိမှုကို နတ်ဘုရားသတ်တပ်ဖွဲ့လေးဖွဲ့စလုံးက အာရုံခံနိုင်စွမ်း မရှိခဲ့ကြပေ။

၎င်းသည် စစ်မြေပြင်နှင့် နှစ်ကီလိုမီတာ အကွာအဝေးသို့ မည်သူမျှ မရိပ်မိစေဘဲ ချဉ်းကပ်လာနိုင်ခြင်းမှာ ၎င်း၏ ကျောပေါ်တွင် ရပ်နေသော ခရမ်းပုတ်ရောင် ချပ်ဝတ်ဝတ်ဆင်ထားသည့် ကလေးငယ်မိစ္ဆာကြောင့်ပင်။ ထိုကလေးငယ်မှာ အရပ်ခွဲမီတာခန့်သာရှိ၍ လက်ခြောက်ဖက်၊ ဦးခေါင်းကြီးမားသော ပုံသဏ္ဌာန်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းပုတ်ရောင် သန်းနေသည်။ ၎င်း၏ လက်ခြောက်ဖက်ဖြင့် ဖောက်ထွင်းမြင်ရသော ဖားဥကြီးတစ်လုံးကို အမြတ်တနိုး ပွေ့ပိုက်ထားသည်။

ထိုဖားဥအတွင်း၌ လူသားဦးနှောက်ခွံခန့် ကြီးမားသော ဦးခေါင်းတစ်ခုမှာ အေးချမ်းစွာ အိပ်ပျော်နေသော်လည်း ဦးခေါင်းခွံမရှိသဖြင့် အတွင်းမှ သစ်ကြားသီးအရွယ် ဦးနှောက်တစ်ရှူးများမှာ အပြင်သို့ ထွက်ပေါ်နေသည်။ ထိုဦးနှောက်တစ်ရှူးများ၏ တွန့်လိမ်နေမှုမှာ မြွေများနှင့် လောက်ကောင်များပမာ ရွံရှာဖွယ်ရာ ကောင်းလှသည်။

၎င်းတို့၏ သလင်းချပ်ဝတ် အရောင်အသွေးကို ကြည့်ရှုခြင်းဖြင့် ကျင့်ကြံမှုအဆင့်ကို အကဲဖြတ်နိုင်သည်။

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ၏ ချပ်ဝတ်မှာ ယောင်ချောနေသော သံနက်ရောင်ဖြစ်ပြီး နတ်ဘုရားအဆင့်ကို ကိုယ်စားပြုသည့် ရွှေရောင် မှော်မျက်လုံးပုံစံပေါင်း တစ်ရာကျော် ပြန့်ကျဲနေသည်။ ထိုပုံစံများထံမှ ပြင်းထန်သော ညစ်ညမ်းစွမ်းအင်များ ထွက်ပေါ်နေသည်။

ခရမ်းရောင် ကလေးမိစ္ဆာ၏ ချပ်ဝတ်မှာ ခရမ်းပုတ်ရောင်ဖြစ်ပြီး အနက်ရောင်ဘက်သို့ ကူးပြောင်းလုနီးပါး ဖြစ်နေသဖြင့် ယွဲ့ကျင့်စဉ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေကြောင်း သိရှိနိုင်သည်။

သို့သော်လည်း ၎င်းသည် နတ်ဘုရားအဆင့်ရှိသော ကင်းမြီးကောက်မိစ္ဆာကြီး၏ ကျောပေါ်တွင် ရန်လိုမှုမရှိဘဲ ရပ်တည်နေနိုင်ခြင်းမှာ ၎င်း၏ အဆင့်အတန်းနှင့် အခွင့်အာဏာမှာ တကယ်ကို မြင့်မားလှကြောင်း ဖော်ပြနေသည်။

ဝါဂွမ်းသဲ လေပွေကြီးများ ပြင်းထန်စွာ တိုက်ခတ်နေစဉ် ကင်းမြီးကောက်မိစ္ဆာကြီးထံမှ အက်ကွဲသော အသံကြီး ထွက်ပေါ်လာသည်။

“စွမ်းအားရှင် အုပ်စုတစ်စု ပေါ်ထွက်လာပြီပဲ”

“တစ်ခုခုတော့ ထူးဆန်းနေပြီ... သတ္တမမြောက်ဇုန်မှာတင် နတ်ဘုရားသတ်တပ်ဖွဲ့ လေးဖွဲ့တောင် ရှိနေတာလား။ ငါ မှတ်မိသလောက်ဆိုရင် အဆင့် ၁၁ က မီးငရဲတပ်ဖွဲ့ ရယ်၊ အဆင့် ၁၃ က ဝိညာဉ်သန့်စင်ရေးတပ်ဖွဲ့ ရယ်တောင် ပါနေတာ။ ဒီတပ်ဖွဲ့တွေက နတ်ဘုရားတွေကိုတောင် ရှင်းပစ်နိုင်ခဲ့တဲ့အထိ နာမည်ကြီးတဲ့ မှတ်တမ်းတွေ ရှိတာလေ... အခု ဒီမှာ ဘာတွေဖြစ်နေတာလဲ မသိဘူး”

ခရမ်းရောင် ကလေးမိစ္ဆာကမူ လုံးဝအထင်သေးသော အမူအရာဖြင့် ဖားဥကြီးကို လက်

ခြောက်ဖက်ဖြင့် အသာအယာ ပွတ်သပ်ရင်း “အဲ့ဒါဆိုရင်ရော ဘာဖြစ်လဲ။ အခြားနယ်ပယ်က ကျင့်ကြံသူတွေ ဘယ်လောက်ရှိသေးလို့လဲ” ဟု မေးမြန်းလိုက်သည်။

ကင်းမြီးကောက်မိစ္ဆာက “နတ်ဘုရားသတ်တပ်ဖွဲ့ လေးဖွဲ့အပြင် စစ်မြေပြင်မှာ ယွဲ့ကျင့်စဉ်

နယ်ပယ် ကျင့်ကြံသူ ၁၃ ဦးနဲ့ တောင်တန်းနယ်ပယ် ကျင့်ကြံသူ ၅၀၀ ကျော်ရှိတယ်” ဟု ပြန်ဖြေလိုက်သည်။

ခရမ်းရောင် ကလေးမိစ္ဆာသည် အလွန်အမင်း ဝမ်းသာအားရဖြစ်လျက် “ဟီးဟီး အသွေးအသား ယဇ်ကောင်တွေအများကြီးပဲ။ ယဇ်ပူဇော်ဖို့ အရမ်း ကောင်းတယ်” ဟု ရေရွတ်လိုက်သည်။

ထိုအခါ ကင်းမြီးကောက်မိစ္ဆာက “စုန်းအကြီးအကဲချုပ် မင်းက မင်းရဲ့ နတ်ဘုရားဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီစစ်မြေပြင်ထဲမှာပဲ တိုက်ရိုက် စတင်တော့မလို့လား” ဟု မေးလိုက်သည်။

All Chapters