အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း။ ၁၅၅
"ကျွန်တော့်ဆိုလိုရင်းက သားရဲလှောင်အိမ်ဆီ သွားနေဖို့ မလိုဘူးလို့ ပြောတာပါ။ လှောင်အိမ်ထဲမှာ ဘာများ ထူးခြားမှာမို့လို့လဲ။ သံတိုင်တွေနောက်ကွယ်မှာဆိုရင် သလင်းကျောက်သားရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရန်လိုမှုတွေက ဖိနှိပ်ခံထားရတာကြောင့် တကယ့် သေရေးရှင်ရေး တိုက်ပွဲတစ်ခုရဲ့ တင်းမာမှုနဲ့ လက်တွေ့ဆန်မှုမျိုး ရှိမှာမဟုတ်ဘူး"
"တိုက်ခိုက်ရေးကွင်းထဲမှာပဲ တိုက်ခိုက်တာက အကောင်းဆုံးပဲ။ မင်းဘာလိုအပ်လဲသာ ပြော အုပ်ချုပ်ရေးမှူးက မင်းရဲ့တောင်းဆိုချက်မှန်သမျှကို ဖြည့်ဆည်းပေးလိမ့်မယ်"
လင်းဖုန်းက ခပ်ဖွဖွ ပြုံးလိုက်၏။
ထူးကဲပါရမီရှင်တစ်ဦး၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ရန်အတွက် အရင်းအမြစ် အနည်းငယ် သုံးစွဲရခြင်းမှာ ဘာမျှ အရေးမပါပေ။ သလင်းကျောက်သားရဲများကိုသာ ပစ်ထည့်ပေးလိုက်ရုံပင်။ ဤတိုက်ခိုက်ရေးကွင်းကို စူပါဂိတ်အနီးတွင် တည်ဆောက်ထားခြင်းဖြစ်သဖြင့် ယနေ့ သလင်းကျောက်သားရဲများ အားလုံး ကုန်သွားလျှင်ပင် သုံးရက်အတွင်း ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်သည်။
ထို့ပြင် သူတို့သည် ယွဲ့အဆင့်ရှိ ရန်ငြိုးဖွဲ့သားရဲများ၊ သရဲတစ္ဆေများသို့မဟုတ် သလင်းကျောက်သားရဲများ မဟုတ်ကြချေ။ ထိုကဲ့သို့ အထူးအဆင့်မြင့် သတ္တဝါကြီးများမှာသာ တကယ့်ကို တန်ဖိုးကြီးမားလှခြင်း ဖြစ်သည်။ သွေးစွမ်းအား ငါးသောင်းမျှသာရှိသော သားရဲငယ်လေးများမှာမူ သာမန် အသုံးအဆောင်ပစ္စည်းများထက် မပိုပါချေ။ ယွဲ့အဆင့် သားရဲများပင်လျှင် ဖမ်းဆီးရ ပိုမိုခက်ခဲသော အသုံးအဆောင်ပစ္စည်းများသာ ဖြစ်ကြသည်။
ဦးလေးလင်းဖုန်း၏ စကားကို နားထောင်ပြီးနောက် ရွှီရန်က အလေးအနက် ခေါင်းညိတ်လိုက်သည်။ ဦးလေးလင်းဖုန်း ပြောသည်မှာ အဓိပ္ပာယ်ရှိပေ၏။ လှောင်အိမ်အတွင်း စမ်းသပ်မှုမှ ရရှိသော အချက်အလက်နှင့် သွေးဆာနေသည့် တိုက်ခိုက်ရေးကွင်းအတွင်း တိုက်ပွဲမှ ရရှိသော အချက်အလက်တို့မှာ တကယ့်ကို ကွာခြားလှသည်။ လှောင်အိမ်အတွင်း ပိတ်လှောင်ခံထားရချိန်တွင် ၎င်းတို့သည် အပြင်ဘက်မှ လူသားများကို လှည့်ကြည့်ချင်မှ ကြည့်မည်ဖြစ်ပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်လာရန်မှာ ပို၍ပင် ခဲယဉ်းလှသည်။ သို့သော် တိုက်ခိုက်ရေးကွင်းအတွင်းသို့ ရောက်ရှိသွားချိန်၌မူ လူသားတစ်ဦးကို မြင်လိုက်ရသည်နှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုစိတ်များမှာ ပိုမိုပြင်းထန်လာမည် ဖြစ်သည်။
"အဲဒီလိုဆိုရင်တော့... သွေးစွမ်းအား ငါးသိန်းရှိတဲ့ သလင်းကျောက်သားရဲ ဆယ်ကောင်လောက် လွှတ်ပေးပါ..."
"ကျွန်တော် ဆယ်ကောင်နဲ့ တိုက်ချင်တယ်"
ဟင်...
လူတိုင်း အနည်းငယ် ဆွံ့အသွားကြသည်။
သွေးစွမ်းအား နှစ်သိန်းရှိသည့် သလင်းကျောက်သားရဲ တစ်ကောင်မှသည် သွေးစွမ်းအား ငါးသိန်းရှိသည့် သားရဲ ဆယ်ကောင်အထိ ခုန်တက်သွားခြင်းမှာ အဆင့်ကျော်လွန်းရာ မရောက်နေဘူးလား။
ရွှီရန်တွင် မည်မျှပင် နည်းလမ်းများစွာရှိစေကာမူ မည်မျှပင် ဝှက်ဖဲများ ကိုင်ဆောင်ထားပါစေ သွေးစွမ်းအား ငါးသိန်းရှိသော သလင်းကျောက်သားရဲများကို ယှဉ်နိုင်ရန် မလွယ်ကူလှပေ။ ၎င်းတို့ကို တစ်ပြိုင်နက်တည်း ဆယ်ကောင် ရင်ဆိုင်ရမည်ဆိုပါက ပို၍ပင် ခဲယဉ်းပေလိမ့်မည်။
ရှောင်ရွှယ်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ဖုံးလွှမ်းသွားကာ "သွေးစွမ်းအား ငါးသိန်းနဲ့ နှစ်
သိန်းကြားက ကွာဟချက်ဟာ ချောက်ကမ်းပါးကြီးတစ်ခုလိုပဲ အလှမ်းဝေးလှတယ်။ ဆယ်ကောင်တောင် တစ်ပြိုင်တည်း တိုက်ခိုက်မယ်ဆိုတာ တကယ်ကို အန္တရာယ်များလွန်းတယ်။ မြန်မြန်... သူ့ကို ဝိုင်းတားကြပါဦး" ဟု ပြောလိုက်၏။
ရွှီရန်၏ စက္ကူအရုပ်များရှိ စွမ်းရည်နှင့် စစ်မြေပြင်ရှိ သူ၏ လုပ်ဆောင်ချက်များအရ ရွှီရန်၏ အမြင့်ဆုံး ဖျက်ဆီးနိုင်စွမ်းမှာ သွေးစွမ်းအား နှစ်သိန်းဝန်းကျင်သာ ရှိသင့်သည်။
ယခုမူ သူသည် သွေးစွမ်းအား ငါးသိန်းရှိသည့် သလင်းကျောက်သားရဲ ဆယ်ကောင်ကိုသတ်ရန် ရုတ်ချည်းပင် ရည်မှန်းလိုက်သည်။
ဤသည်မှာ ခြေလှမ်းအလွန်ကျဲလွန်းလှပြီး မိမိမတတ်နိုင်သည့်အရာကို အတင်းအဓမ္မ ကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှောင်ရွှယ်၏ စိုးရိမ်ပူပန်မှုများကို ရွှီရန်က ဂရုမထားဘဲ တိုက်ခိုက်ရေးကွင်းအတွင်း ခုန်ပေါက်ကာ ကြွက်သားများကို ဖြေလျော့လိုက်ရင်း "အန္တရာယ်မရှိပါဘူး ကျွန်တော့်ကိုယ်ကျွန်တော် ဘေးကင်းအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အလုံအလောက် ရှိပါတယ်" ဟု ဆိုလိုက်၏။
လင်းဖုန်းကလည်း လှမ်းအော်ပြောလိုက်သည်။
"မင်းကို အထောက်အကူပြုဖို့ မင်းနောက်မှာ ဒိုင်းကာစွမ်းရည်ရှင် တစ်ယောက်လောက် ထားပေးရမလား။ မင်းကို ဒီအတိုင်းကြည့်နေရတာ ငါတို့ စိတ်မအေးနိုင်လို့ပါ"
ရွှီရန်က လက်ကာပြလိုက်ပြီး "မလိုပါဘူး။ ကျွန်တော့်နောက်မှာ ယွဲ့အဆင့်ရှိတဲ့ ဒိုင်းကာစွမ်းရည်ရှင်တစ်ယောက်သာ ရှိနေရင် သလင်းကျောက်သားရဲတွေက သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ သတ်ဖြတ်လိုစိတ်တွေကို ထုတ်ဖော်တော့မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ယုံကြည်မှုမျိုးစေ့ရဲ့ အစွမ်းအကန့်အသတ်ကို စမ်းသပ်လို့ မရတော့ဘူးလေ"
လင်းဖုန်းမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဒါဆိုရင်တော့ မင်းကို ကာကွယ်ပေးရမယ့် ခက်ခဲမှုက ဆယ်ဆလောက် တိုးသွားပြီ။ မင်း အန္တရာယ်ရှိ မရှိကို ငါတို့ ဘယ်လိုမျိုး သတ်မှတ်ရတော့မှာလဲ" ဟု ပြောလိုက်သည်။
သံသယဖြစ်ဖွယ် မရှိပေ။
ဤကလေးငယ်သည် သူတို့အား စိန်ခေါ်မှုတစ်ရပ်ကို ချပြလိုက်ခြင်းပင်။
ရွှီရန်က နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။
ထိုအချိန်တွင် လင်းဖုန်း၏ ဘေးနား၌ ကိုယ်စားလှယ်စက္ကူရုပ် တစ်ရုပ်သည် လေထဲတွင် ဝဲပျံလာပြီး “မစိုးရိမ်ကြပါနဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ကျွန်တော့်ကို ကယ်ဖို့ အောက်ကို ခုန်ဆင်းလာစရာ မလိုပါဘူး။ ကျွန်တော် ချက်ချင်းပဲ ကိုယ်စားလှယ်စနစ်ကို အသက်သွင်းပြီး ပွဲကြည့်စင်ပေါ်ကို ပြန်ရောက်လာမှာပါ”
“သွေးစွမ်းအား ငါးသိန်းရှိတဲ့ သလင်းကျောက်သားရဲ ဆယ်ကောင်ကို ကျွန်တော် မအနိုင်ယူနိုင်တာ မှန်ပေမဲ့ သူတို့ကလည်း ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိကြပါဘူး”
နတ်ဘုရားသတ်အဖွဲ့မှ အဖွဲ့ဝင် တစ်ဆယ့်လေးဦးစလုံးသည် အတန်ကြာအောင် တိတ်ဆိတ်သွားကြပြီး ယဲ့ဖျင်ကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
အစကတည်းကပင် ယဲ့ဖျင်သည် သူတို့ကိုသာ စိုးရိမ်ထိတ်လန့်ခွင့်ပေးထားပြီး သူကိုယ်တိုင်မှာမူ အေးဆေးတည်ငြိမ်သော အမူအရာရှိနေခဲ့သည်။
“ရွှီရန်ရဲ့ အသက်ဘေးက လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို မင်း ကြိုသိနေတာလား”
ယဲ့ဖျင်က တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ခေါင်းညိတ်ပြကာ “သိတာပေါ့” ဟု ဖြေလိုက်သည်။
လျိုယန်က “တောက်... ဒါဆိုလည်း စောစောက ပြောပါလားဗျာ” ဟု ရေရွတ်လိုက်၏။
ယဲ့ဖျင်က လက်ဝါးနှစ်ဖက်ကို ဖြန့်ပြရင်း “သူ့ဘာသာ ဆန္ဒရှိလို့ မပြောပြသရွေ့ သူ ဘာတွေလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်က ဘယ်လိုလုပ် ထုတ်ပြောလို့ ရမှာလဲ။ နောက်ပြီး သူ့မှာ ဝှက်ဖဲတွေ အများကြီးရှိတာ။ လူတစ်ယောက်နဲ့ တွေ့တိုင်း တစ်ခုချင်းစီ လိုက်ရှင်းပြနေရအောင် ကျွန်တော်က စားသောက်ဆိုင်က ဟင်းစာရင်း ဖတ်ပြနေတာမှ မဟုတ်တာ။ လူရွှင်တော်လည်း မဟုတ်ဘူးလေ”
လျိုယန်မှာ ပြန်လည်ချေပရန် စကားမဲ့သွားပြီး “အေးပါကွာ... မင်းပြောတာလည်း ဟုတ်ပါပြီ” ဟုသာ ဆိုလိုက်ရတော့သည်။
ရှောင်ရွှယ်က "အင်း... ကိုယ်ပွားတစ်ခုလို အသက်ဘေးက လွတ်မြောက်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုမှတော့ ငါတို့ စိတ်အေးရပြီပေါ့" ဟု ပြောလိုက်သည်။
ထိုအခါမှသာ လူတိုင်းမှာ စိုးရိမ်စိတ်များ လျော့ကျသွားကြတော့သည်။
အခြားတစ်ဖက်တွင်မူ တိုက်ခိုက်ရေးကွင်း အုပ်ချုပ်ရေးမှူးမှာ အပြေးအလွှား ရောက်ရှိလာပြီး "လူကြီးမင်းတို့... သွေးစွမ်းအား ငါးသိန်းရှိတဲ့ သလင်းကျောက်သားရဲ ဆယ်ကောင်ကို တကယ်ပဲ လွှတ်ပေးရမှာလားခင်ဗျာ။ ဒီပါရမီရှင်လေးရဲ့ အစွမ်းက သွေးစွမ်းအား နှစ်သိန်းလောက်ပဲ ရှိပုံရတာမို့ တစ်ခုခုဖြစ်သွားရင်..."
လင်းဖုန်းက "ဒါ မင်းနဲ့မဆိုင်ပါဘူး။ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ တာဝန်ယူတယ်။ မင်းလုပ်ရမှာက သွေးစွမ်းအား ငါးသိန်းရှိတဲ့ သလင်းကျောက်သားရဲ ဆယ်ကောင်ကို ကွင်းထဲ လွှတ်ပေးဖို့ပဲ" ဟု ပြတ်သားစွာ ဆိုလိုက်၏။
အုပ်ချုပ်ရေးမှူးမှာ တစ်စုံတစ်ခု ပြောလိုသော်လည်း တွေဝေသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"သွေးစွမ်းအား ငါးသိန်းရှိတဲ့ လူမျက်နှာအပြာရောင်ဝက်ဝံဆယ်ကောင် လွှတ်ပေးလိုက်"
အမိန့်ပေးပြီးနောက် မိနစ်အနည်းငယ်အကြာတွင် သံတံခါးကြီးမှာ မြည်ဟည်းလျက် ပွင့်သွားပြီး လျှို့ဝှက်ဆန်းကြယ်လှသော လူမျက်နှာအပြာရောင်ဝက်ဝံ ဆယ်ကောင်မှာ အရူးအလား ပြေးထွက်လာကြတော့သည်။
၎င်းတို့မှာ အမြင့် လေးမီတာခန့်ရှိပြီး တစ်ကိုယ်လုံးတွင် ချပ်ဝတ်များ ဖုံးလွှမ်းထားကာ ကိုယ်အထက်ပိုင်းမှာ မည်းပြာရောင် သန်းနေသည်။ ၎င်းမှာ ၎င်းတို့၏ သွေးစွမ်းအားမှာ ငါးသိန်းအထိ ရောက်ရှိနေကြောင်း ပြသနေခြင်းပင်။
၎င်းတို့၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်နှင့် အတွင်းမှ လှည့်ပတ်စီးဆင်းနေသည့် သွေးစွမ်းအားတို့ကို မြင်ရုံမျှဖြင့် သာမန်ကျင့်ကြံသူတစ်ဦးမှာ ကြောက်ရွံ့တုန်လှုပ်သွားကာ တိုက်ခိုက်လိုစိတ်ပင် ပျောက်ဆုံးသွားပေလိမ့်မည်။
သာ၍ပင် ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းတို့တွင် လူသားမျက်နှာဟု ထင်မှတ်ရသည့် ထူးဆန်းသော မျက်နှာနှစ်ခုစီ ပါရှိနေခြင်းပင်။ ထိုမျက်နှာများမှာ လူသားအရေခွံကို ခွာယူ၍ မျက်နှာဖုံးလုပ်ထားသကဲ့သို့ ဝက်ဝံ၏ နှာခေါင်းဘေးတစ်ဖက်တစ်ချက်စီတွင် ကပ်နေကြသည်။ ထို့ကြောင့် ထိုမျက်နှာနှစ်ခုမှာ ရှုံ့တွနေပြီး မျက်လုံး ရှစ်လုံးစီ ပါရှိကြ၏။ ဝက်ဝံ၏ ပါးစပ်မှာ ရှေ့သို့ ငေါထွက်နေကာ အစွယ်များမှာ လွှသွားကဲ့သို့ ရှိနေသဖြင့် ဖော်ပြမတတ်အောင်ပင် ထူးဆန်းကြောက်မက်ဖွယ် ကောင်းလှသည်။
ရွှီရန်က မျက်မှောင်ကြုတ်လိုက်မိ၏။
အမှန်အတိုင်း ဆိုရလျှင် ဤကဲ့သို့သော သတ္တဝါမျိုးမှာ စိတ်ပိုင်းဆိုင်ရာကိုပင် မသက်မသာ ဖြစ်စေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ၎င်းတို့၏ စိတ်အခြေအနေမှာ အချိန်အတော်ကြာအောင် ဖိနှိပ်ခံထားရပုံပေါ်ပြီး အလွန်အမင်း မွန်းကြပ်နေပုံရသည်။ နီရဲနေသော မျက်လုံး ရှစ်လုံးမှာ ပုံပျက်ပန်းပျက် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး လူသားကလေးတစ်ဦးကို မြင်လိုက်ရသည့်အခါ ပိုမို၍ပင် ကြမ်းကြုတ်လာကြသည်။
"ဝူးးးး"
"ဝူးးး"
လူမျက်နှာအပြာရောင် သားရဲကြီးများမှာ တောတောင်တစ်ခုလုံး တုန်ဟည်းသွားမတတ် ဟိန်းဟောက်လိုက်ကြပြီး ကုန်တင်ကားတစ်စီး၏ အရှိန်မျိုးဖြင့် ရွှီရန်ထံသို့ ပြေးဝင်လာကြတော့သည်။ ၎င်းတို့၏ ခြေဖဝါးများမှ ခြေသည်းများ ထွက်ပေါ်လာပြီး အေးစက်စက် အလင်းရောင်များပင် ဟပ်နေသည်။
အခန်း။ ၁၅၆
၎င်းတို့သည် တစ်ကြိမ်တစ်ခါ ဖမ်းဆီးခံရပြီးသည်နှင့် သေခြင်းတရားဟူသော လမ်းတစ်ခုသာ ရှိတော့ကြောင်း ကောင်းစွာ သိရှိထားကြသည်။
ထို့ကြောင့် ယခုအခါ အသက်ရှင်နေသော လူသားတစ်ဦးကို မြင်လိုက်ရသည့်အခါ ၎င်းတို့၌ အတွေးတစ်ခုသာ ရှိတော့သည် ဒီအပယ်ခံ လူသားကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကာ သူတို့နှင့်အတူ ငရဲသို့ ဆွဲခေါ်သွားမည် ဟူ၍ပင်။
ဤရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်မှာ ဆယ်ဆခန့် ပိုမိုအားကောင်းလာပြီးနောက် သာ၍ပင် ရူးသွပ်လာတော့သည်။ ၎င်းတို့၏ မျက်ဝန်းများထဲတွင် ထင်ဟပ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ရွှီရန်ပင်လျှင် လက်တွေ့ခံစားနေရသည်။
"ဟုတ်ပြီ... ဒီအခြေအနေက တကယ့်ကို ပြည့်စုံလွန်းတယ်။ လက်တွေ့လည်း ဆန်တယ်"
ပြင်းထန်လှသော အသက်အန္တရာယ် စိုးရိမ်မှုက ရွှီရန်၏ သွေးများကို ဆူပွက်လာစေသည်။
စဉ်းစားနေစရာပင် မလိုချေ။ သွေးစွမ်းအား ငါးသိန်းရှိသော သလင်းကျောက်သားရဲတစ်ကောင်ကို သူ အနိုင်ယူနိုင်စွမ်း မရှိပေ။ သူ၏ အကန့်အသတ်မှာ သွေးစွမ်းအား နှစ်
သိန်းရှိသော ဝံပုလွေပြေးသားရဲသာ။
သို့သော် သူသည် ရှောင်တိမ်းရန် အစီအစဉ်မရှိဘဲ မျက်မှောင်ကိုသာ အနည်းငယ် ကြုတ်ထားလိုက်သည်။
မူလကတည်းက သူသည် စမ်းသပ်နေခြင်းသာ ဖြစ်ရာ...
"လာစမ်းပါ... မင်းတို့ရဲ့ ယုံကြည်မှုကို ဒီထက်ပိုပြီး မြှင့်တင်စမ်းပါ။ ဒီထက်ပိုပြီး ကြမ်းကြုတ်စမ်းပါ"
ရွှီရန်၏ မျက်နှာသွင်ပြင်မှာ တောက်ပလာသည်။
ယုံကြည်မှုမျိုးစေ့ များသည် လျင်မြန်စွာပင် စုစည်းလာတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှီရန်၏ လက်ထိပ်တွင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည်။ သူက ခပ်ဖွဖွလေး တောက်လိုက်ရာ ထိုရွှေရောင်အလင်းစက်သည် အလယ်တည့်တည့်ရှိ လူမျက်နှာအပြာရောင်ဝက်ဝံ ၏ မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်မတ်မတ် ထိမှန်သွားပြီး ၎င်း၏ စိတ်အစဉ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
အလယ်ရှိ ထိုဝက်ဝံကြီးမှာ အကြမ်းကြုတ်ဆုံးနှင့် အသတ်ဖြတ်လိုဆုံး ဖြစ်သော်လည်း ယုံကြည်မှုမျိုးစေ့၏ ကျူးကျော်မှုကို ခံလိုက်ရပြီးနောက် ၎င်း၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ အေးစက်တုန်လှုပ်ဖွယ် ခံစားချက်တစ်ခုကြောင့် ၎င်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာကြီးနှင့် ရင်ဆိုင်နေရသည်ဟု မှားယွင်းစွာ ထင်မှတ်သွားမိသည်။
၎င်းသည် ထိတ်လန့်တုန်လှုပ်သွားကာ မြေပြင်ပေါ်တွင် အရှိန်ကို အရေးပေါ် ရပ်တန့်လိုက်၏။
အခြားသော ဝက်ဝံကြီးများမှာမူ ဇဝေဇဝါ ဖြစ်သွားကြသည်။
၎င်းတို့မှာ ခဏမျှ တုံ့ဆိုင်းသွားကြသော်လည်း မကြာမီမှာပင် အလယ်ရှိ ဝက်ဝံကြီးသည် ၎င်း၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖယ်ရှားပစ်ကာ ရွှီရန်ထံသို့ ပိုမိုကြမ်းကြုတ်စွာ ပြေးဝင်တိုက်ခိုက်တော့သည်။
ထက်မြက်လှသော ခြေသည်းများက တိုက်ခိုက်ရေးကွင်းအတွင်းရှိ ရွှီရန်၏ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်လိုက်သည်။
“ဖျောက်”
စက္ကူစများမှာ မြေပြင်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
ရွှီရန်မှာမူ ပွဲကြည့်စင်ပေါ်တွင် ဒဏ်ရာအနာတရ လုံးဝမရှိဘဲ ပြန်လည်ပေါ်ပေါက်လာသည်။ သူ၏ သွေးကြောများအတွင်းရှိ သွေးစွမ်းအား ငါးပုံတစ်ပုံခန့် လျော့နည်းသွားသည်မှအပ အားလုံး ပုံမှန်ပင်။
“ကဲ... စမ်းသပ်မှု ပြီးပါပြီ သူတို့ကို ပြန်ဖမ်းလိုက်လို့ ရပါပြီ”
အုပ်ချုပ်ရေးမှူးက ခေါင်းညိတ်ပြကာ တိုက်ခိုက်ရေးကွင်းထဲသို့ ခုန်ဆင်းသွားသည်။ ထို့နောက် ဝက်ဝံကြီးတစ်ကောင်ချင်းစီကို လက်သီးဖြင့် ထိုးနှက်နှိမ်နင်းကာ သံလှောင်အိမ်ထဲသို့ ပြန်လည်ဆွဲခေါ်သွားလေတော့သည်။
လင်းဖုန်းက ရွှီရန်ကို အံ့အားသင့်စွာ စေ့စေ့ကြည့်နေမိသည်။
ဤကလေး၏ ကိုယ်စားလှယ်စက္ကူရုပ် စွမ်းရည်မှာ သူမြင်ဖူးသမျှ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်များထက်ပင် ပိုမိုပြည့်စုံနေသည်။
တကယ့်ကို ကြောက်စရာကောင်းသည့် ပါရမီရှင်တစ်ဦးပင်။
"အစွမ်းကုန် စမ်းသပ်မှုရဲ့ ရလဒ်က သွေးစွမ်းအား ငါးသိန်းအထိပဲလား"
ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ပြီး "ဟုတ်ပါတယ် သွေးစွမ်းအား ငါးသိန်းထက် ကျော်လွန်သွားရင် သလင်းကျောက်သားရဲတွေက တစ်စက္ကန့်လောက်ပဲ ကြောက်ရွံ့သွားပြီး အဲဒီကြောက်စိတ်ကို ပြန်ပြီး ဖိနှိပ်လိုက်ကြတယ်။ တစ်ခါ ဖိနှိပ်ပြီးသွားပြီဆိုရင် သူတို့က ပိုပြီးတော့တောင် ကြမ်းကြုတ်လာပြီး ဒေါသတကြီး ဖြစ်လာကြတယ်..."
ယဲ့ဖျင်က အလွန်အမင်း ချီးကျူးစကား ပြောလိုက်သည်။
"သွေးစွမ်းအား ငါးသိန်းရှိတဲ့ သားရဲကို ရင်ဆိုင်နေရချိန်မှာတောင် တစ်စက္ကန့်လောက် ကြောက်သွားအောင် လုပ်နိုင်တာကတင် တကယ့်ကို ကြောက်စရာကောင်းလှပါပြီ။ ကိုယ့်ထက် သွေးစွမ်းအား အဆပေါင်းရာချီ သာလွန်တဲ့ ရန်သူကို ကြောက်စိတ်ဝင်အောင် လုပ်နိုင်
တယ်ဆိုတော့... မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခက စစ်မြေပြင်မှာ ငါတို့ကို ဘာကြောင့် ချက်ချင်းဆိုသလို မာယာတွေထဲ နှစ်မြှုပ်ပစ်နိုင်လဲဆိုတာ မဆန်းတော့ဘူး။ ဒါက တကယ့်ကို ကောင်းကင်ဘုံပေးစွမ်းရည်ပဲ"
လျိုယန်က ရွှီရန်၏ ပုခုံးကို ပုတ်ရင်း ရှုပ်ထွေးသော အမူအရာ လေသံတို့ဖြင့် "ပိုပြီး ကြောက်
စရာကောင်းတာက ဒီကလေးပဲ။ မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခနဲ့ တစ်ကြိမ်လေးပဲ ဆုံတွေ့ရသေးတာကို အဲဒီစွမ်းရည်ရဲ့ အနှစ်သာရတစ်စိတ်တစ်ပိုင်းကို ခိုးယူနိုင်ခဲ့တယ်။ သံသယဖြစ်စရာမလိုဘဲ မင်းဟာ လူသားတွေထဲမှာ အတော်ဆုံး ပါရမီရှင်ပဲ"
" မှန်သားရိပ် အရှင်သခင်ရဲ့ တုပနိုင်စွမ်းကတောင် ငါတို့ကို မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်တွေကို အပြည့်အဝ ဖွင့်ချပေးထားဖို့ လိုတယ်။ အနည်းငယ် ခုခံလိုက်တာနဲ့ သူ တုပလို့ မရတော့ဘူး။ ဒါကြောင့် မှန်သားရိပ် အရှင်သခင်ဟာ ရန်ငြိုးဖွဲ့နတ်ဘုရား တွေ၊ သရဲတွေ ဒါမှမဟုတ် သလင်းကျောက်သားရဲတွေရဲ့ မွေးရာပါ စွမ်းရည်တွေကို တုပလို့ မရဘူး။ ဒါပေမဲ့ မင်းကတော့ အဲဒါတွေကို သင်ယူနိုင်တယ်"
"တကယ့်ကို ထိတ်လန့်စရာပဲ"
ရှောင်ရွှယ်က ရွှီရန်ကို စူးစမ်းစွာ ကြည့်ရင်း "ဒါဆိုရင် မင်းက ရန်သူကို သူတို့ရဲ့ ဦးခေါင်းတွေ သွေးအိုင်ထဲမှာ ပေါက်ကွဲသွားပြီလို့ ထင်သွားအောင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ လုပ်
နိုင်ပြီပေါ့ ဆိုလိုတာက မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခရဲ့ မွေးရာပါ စွမ်းရည်တွေကို မင်း အကုန်သင်ယူနိုင်ပြီလား"
ရွှီရန်က ပြတ်သားစွာ ငြင်းပြောလိုက်သည်။
"အဲဒါတော့ ကျွန်တော် တကယ် မလုပ်နိုင်သေးပါဘူး"
"မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခရဲ့ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်တွေက အရမ်းကို ရှုပ်ထွေးလှပြီး အခြေခံအရိုးအဆစ်ရဲ့ ထောက်ပံ့မှုလည်း လိုအပ်ပါတယ်။ ကျွန်တော်ကတော့ နည်းစနစ်လေးတစ်ခုကိုပဲ သင်ယူနိုင်ခဲ့တာပါ"
အားဟောင်က အားရပါးရ ရယ်မောလိုက်ရင်း "မောင်လေးရာ... မင်းက နှိမ့်ချလွန်းလှပါတယ်။ ငါသာ မင်းအရွယ်မှာ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်နဲ့ တစ်ခါတည်း ဆုံရုံနဲ့ အဲဒီစွမ်းရည်ရဲ့ တစ်စိတ်တစ်ပိုင်းကို သင်ယူနိုင်ခဲ့မယ်ဆိုရင် ကောင်းကင်အထိ ရောက်အောင် ကြွားနေမိမှာ"
လူတိုင်းက သူ့ကို အလေးအနက် ရိုသေလေးစားသွားကြသည်။ ရွှီရန်သည် အသက်ငယ်သော်လည်း သူပြသခဲ့သည့် အလားအလာမှာ လူသားမျိုးနွယ်စုတွင် အားအကောင်းဆုံး ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
နောင်တစ်ချိန်တွင် သူဦးဆောင်မည့် နတ်ဘုရားသတ်အဖွဲ့ သည် လူသားသမိုင်းတွင် အင်အားအကြီးဆုံးအဖွဲ့ ဖြစ်လာမည်မှာ ဧကန်မုချပင်။
တကယ့်ကို ထိတ်လန့်စရာပဲ။
ဒါက သိမြင်နားလည်မှု အခြေခံအရိုးအဆစ်ရဲ့ အစွမ်းလား။
လင်းဖုန်းက ရွှီရန်၏ ခေါင်းကို အသာအယာပုတ်ရင်း "မင်း အခု စိုးရိမ်ရမှာက... မင်းက အရမ်း အစွမ်းထက်လွန်းနေတော့ ရန်ငြိုးဖွဲ့နတ်ဘုရားတွေ၊ နတ်ဘုရားအဆင့် သရဲတွေနဲ့ သလင်းကျောက်သားရဲတွေက မင်းကို သတ်ဖို့ ဝိုင်းပြီး ပူးပေါင်းလာကြလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကစပြီး ပိုပြီးတော့ သတိထားရမယ်။ မင်းရဲ့ ဝှက်ဖဲတွေကို အကုန်မထုတ်ပြဘဲ ချန်ထားဖို့ လိုတယ်"
"အရင်က မင်းလုပ်ခဲ့တဲ့ ပုံစံက မှန်ပါတယ်။ ငါတို့ကို ရင်ဆိုင်ရချိန်မှာတောင် မင်းရဲ့ စွမ်းအားအစစ်အမှန်ကို အများကြီး ထုတ်မပြပါနဲ့"
ယခုအချိန်မှစ၍ လင်းဖုန်းမှာ ပိုမိုစိုးရိမ်ပူပန်လာတော့သည်။
ဤကလေးသည် ရန်ငြိုးဖွဲ့နတ်ဘုရား ကိုယ်တိုင် တိုက်ရိုက် လာရောက်တိုက်ခိုက်ရလောက်
အောင်ပင် အစွမ်းထက်နေ၏။
ရွှီရန်က တောက်ပစွာ ပြုံးလိုက်ပြီး "နားလည်ပါပြီ။ ကျွန်တော် အန္တရာယ်ရှိတာတွေကို မလုပ်ပါဘူး"
လင်းဖုန်းက ခေါင်းညိတ်ပြကာ "မင်း အန္တရာယ်မရှာဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါတို့ အဓိက ကြောက်တာက အဲဒီ နတ်ဘုရားအဆင့် သားရဲတွေက မင်းကို ချောင်းမြောင်းတိုက်ခိုက်မှာကိုပဲ"
"ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ပိုရှိလာအောင် ငါတို့ရဲ့ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်တွေကို မလေ့လာချင်ဘူးလား။ တကယ်လို့ မင်းသာ သင်ယူနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ"
လျိုယန်ကလည်း စိတ်အားထက်သန်စွာ ထောက်ခံလိုက်သည်။
"ဟုတ်တယ် လေ့လာကြည့်တာပဲ ဘာမှ အရှုံးမရှိပါဘူး"
"ငါ့အထင်တော့ မင်းက မှန်သားရိပ် အရှင်သခင်ရဲ့ အဆင့်မြင့်ဗားရှင်းတစ်ခုလိုပဲ။ သူမက ပုံတူကူးနိုင်သလို မင်းကလည်း အမြန်ဆုံး သင်ယူနိုင်စွမ်း ရှိတယ်လေ"
ရှောင်ရွှယ်ကလည်း အခိုင်အမာ အကြံပြုလာသည်။
"မင်းက ကိုယ်ပျောက်စွမ်းရည်နဲ့ စူပါပေါက်ကွဲအားပါသောဓားချက်ကို ကိုယ်တိုင်ဖန်တီးနိုင်ခဲ့ပြီး မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခရဲ့ နည်းဗျူဟာတွေကိုတောင် ခိုးယူနိုင်ခဲ့တယ်ဆိုရင် မင်းရဲ့ သိမြင်နိုင်စွမ်းနဲ့ ငါတို့ရဲ့ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်တွေကိုလည်း သင်ယူနိုင်မှာပါ။ တကယ်လို့ မင်းသာ ကောင်းကင်ဘုံပေးစွမ်းရည် အမျိုးတစ်ရာလောက်ကို တတ်မြောက်သွားရင် အဲဒီနိယာမတွေအားလုံးကို ပေါင်းစပ်ပြီး ပိုမိုအစွမ်းထက်တဲ့ နည်းစနစ်သစ်တွေကို ဖန်တီးနိုင်မှာပဲ"
ရှောင်ရွှယ်၏ စိတ်ကူးယဉ်မှုများမှာ အရှိန်တက်လာတော့သည်။
ရွှီရန်မှာ မနေနိုင်တော့ဘဲ "ကျွန်တော် အခုလောလောဆယ် အဲဒီလောက်ထိ မစွမ်းသေးပါဘူး... အဲဒီလောက်အထိ အပင်ပန်းခံနေစရာ မလိုပါဘူး" ဟု ဆိုလိုက်၏။
သူက စမ်းသပ်ကြည့်ချင်စိတ် မရှိခြင်းတော့ မဟုတ်ပေ။
အမှန်တကယ်တော့ သူ စမ်းသပ်ပြီးသား ဖြစ်သည်။
နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း မှာ ကျူယွီဟန်၊ ပျန့်ယွဲ့၊ ပေ့ကျင်ချိုးနဲ့ ကျူးကော့ဟွမ်ကျင်း တို့ကို နေ့တိုင်း သင်ကြားပေးနေတာက အလကားလို့ မင်းတို့ ထင်နေတာလား။