← Chapters

သူပြောတာ အမှန်ပဲလား

Vol. 31 Ch. 303

သူပြောတာ အမှန်ပဲလား

Vol. 31 Ch. 303

အဂ္ဂိရတ်ဂိုဏ်းတပည့် - “...”

ဘာလားဟ။ မေးပါရစေဦး။

ယောင်ချီ မြင့်မြတ်နယ်မြေက အမျိုးသမီးတွေ ဘာဖြစ်နေကြတာလဲ။

အစပ်ချောင်း စားချင်ရင်လည်း အစပ်ချောင်း စားချင်တယ်လို့ပဲ ပြောပါလား။ ဘာလို့ အရေးကြီး ကိစ္စကြီး လုပ်နေတာလဲ။

ငါ့မှာတော့ လိပ်ပြာလွင့်မတတ် ကြောက်သွားရတာ။

အဂ္ဂိရတ်ဂိုဏ်းတပည့်မှာ နောက်ဆုံးမှ သက်ပြင်းချနိုင်တော့ကာ မတ်နေသော ကျောကုန်းကြီး ပြန်လျော့ကျသွားပြီး မတတ်သာတဲ့လေသံဖြင့် ပြောလိုက်သည်။ “ဪ... အစပ်ချောင်း ရှာနေတာလား။ အစောကြီးကတည်းက ပြောပါလား။ ကျွန်တော့်မှာ အသုတ်လိုက် ဝယ်ထားတာ ရှိတယ်၊ နွားမြင်းအရော ရှိတယ်၊ ဝက်သားစပ်စပ် ရှိတယ်၊ ဓားရှည်အသားခြောက် ရှိတယ်၊ အမေတောင်အံ့ဩမယ့်အမဲသားခြောက်... ဘယ်ဟာလိုချင်လဲ။ အလကား ပေးပါ့မယ်...”

ထိုအမျိုးသမီးမှာ လုံးဝ ဇဝေဇဝါဖြစ်သွားပြီး မျက်နှာက အေးစက်လာသည်။ မြေကြီးထဲမှ နွယ်ပင် အချို့ ရုတ်တရက် ထွက်ပေါ်လာပြီး အဂ္ဂိရတ်ဂိုဏ်းတပည့်ကို ချက်ချင်းပင် တင်းတင်းကျပ်ကျပ် တုပ်နှောင်လိုက်တော့သည်။

“နင် ငါ့ကို လာနောက်နေတာလား။” သူက ဟိန်းဟောက်လိုက်သည်။ “ငါက ဝေလုံအစပ်ချောင်း လိုချင်တာလို့ ပြောတယ်လေ။ ဒီနွားမြင်းအရောတွေ၊ ဝက်သားစပ်စပ်တွေ မဟုတ်ဘူး... နင် ပြောနေတာတွေ ငါ တစ်ခုမှ နားမလည်ဘူး...”

“အဟမ်း... အကြမ်းမဖက်ပါနဲ့...” အဂ္ဂိရတ်ဂိုဏ်းတပည့်မှာ ပျာယာခတ်သွားပြီး လည်ပင်းကို ဆန့်ကာ အော်ပြောလိုက်ရသည်။ “အဲဒါတွေ အားလုံးက ဝေလုံအစပ်ချောင်းတွေချည်းပဲဗျ။ မယုံရင် တစ်ထုပ် ဖောက်ပြပါ့မယ်။ ကြည့်လိုက်ပါ...”

ထိုစကားကို ကြားသော် ယောင်ချီတပည့်က သူ မည်သို့သော လှည့်ကွက်သုံးမလဲ ဆိုသည်ကို ကြည့်ရန်အတွက် သူ့ကို လွှတ်ပေးလိုက်၏။

သူက မျက်နှာပျက်ပျက်နှင့် သိုလှောင်လက်စွပ်ထဲတွင် ခဏကြာ မွှေနှောက်ပြီးနောက် အရောင်အသွေး စုံလင်လှသော မုန့်ထုပ်များကို စားပွဲပေါ်သို့ ပုံချလိုက်ရာ အပုံလေးတစ်ခု ဖြစ်သွားတော့သည်။

“ဒီမှာ။ ဒါတွေက ဝေလုံအစပ်ချောင်းတွေပဲ။”

“ငါ့ကို အရူးလုပ်ရတာ အဲဒီလောက်လွယ်မယ် ထင်နေတာလား။” အစိမ်းနုရောင်ဝတ်ထားသော အမျိုးသမီးက လှောင်ပြုံးပြုံးလိုက်ရာ သူ၏မျက်ဝန်းများထဲမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ယိုဖိတ်နေ၏။

သူက စားပွဲပေါ်က မုန့်ထုပ်များကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။ “ငါက ဝိညာဉ်ဆေးပင်ကို မေးနေတာ။ သေချာကြည့်စမ်း။ ဒီလို ရှုပ်ပွနေတဲ့အရာတွေထဲမှာ ဝိညာဉ်ဆေးပင်နဲ့တူတာ တစ်ခုခု ပါလား။ ပြီးတော့ ဒါက ဝေလုံအစပ်ချောင်းတဲ့လား။ ယောင်ချီက တပည့်တွေကို ငတုံးငအတွေလို့ ထင်နေတာလား...”

အဂ္ဂိရတ်ဂိုဏ်းတပည့်မှာ နွယ်ပင်များ၏ ရစ်ပတ်မှုကြောင့် အသက်ရှူကြပ်ပြီး မျက်လုံးများ လန်တက်နေပြီဖြစ်သော်လည်း အားယူကာ ရှင်းပြနေရသည်။

“အဟွတ်... ဟွတ်။ စီနီယာ၊ ဒါ တကယ် ဝေလုံအစပ်ချောင်းပါ။ ဒါက စားစရာပါ။ ဝိညာဉ်ဆေးပင် မဟုတ်ပါဘူး...”

“ဟမ့်... အခုထိ လိမ်ချင်နေတုန်းလား။...” နွယ်ပင်များက ပို၍ပင် တင်းကြပ်သွားသည်။ သူ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဆက်လက် စစ်မေးနေပြန်သည်။ “ပြောစမ်း... ဝေလုံအစပ်ချောင်း အစစ်က တကယ် ဘယ်မှာလဲ...”

ထိုအချိန်တွင် အဂ္ဂိရတ်ဂိုဏ်း တပည့်မှာ လည်ပင်းညှစ်ခံထားရသဖြင့် စကားတစ်လုံးမှ မထွက်နိုင်တော့ပေ။

သူ၏ ကျင့်ကြံခြင်းမှာလည်း ဖိနှိပ်ခံထားရသဖြင့် မခုခံနိုင်ခဲ့ပေ။

သူ အသည်းအသန် ရုန်းကန်နေစဉ် ခြေထောက်က စားပွဲကို မတော်တဆ ကန်မိသွားခဲ့ပြီး အစပ်ချောင်းပုံကြီးမှာ ကြမ်းပြင်ပေါ်သို့ ပြိုကျသွားတော့သည်။

မုန့်ထုပ်တစ်ထုပ်မှာ အမျိုးသမီး၏ ခြေရင်းသို့ လိမ့်ဝင်သွား၏။

သူ မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းကာ ဆွဲဆောင်မှုရှိသော အနံ့ထွက်နေသော ထိုအိတ်ကို ကောက်ယူလိုက်သည်။

အိတ်၏ အလယ်တည့်တည့်တွင် စာလုံးကြီးလေးလုံး ရှိနေသည်။ ဝေလုံအစပ်ချောင်း၊ အောက်နားတွင်တော့ ဝိုင်းဝိုင်းစက်စက် စာလုံးသေးလေး သုံးလုံး ရှိနေ၏။ “နတ်ဆိုးအစပ်။”

“ဒါက တကယ်ပဲ ဝေလုံအစပ်ချောင်းလား။”

သူက သုံးမီတာအကွာတွင် လည်ပင်းညှစ်ခံရမှုကြောင့် မေ့လဲနေသော တပည့်ကို တစ်ချက် ကြည့်လိုက်ပြီး အစပ်ချောင်းပုံကြီးထဲတွင် ထိုင်၍ မွှေနှောက်ရှာဖွေလိုက်သည်။

အားလုံးမှာ “ဝေလုံအစပ်ချောင်း” ဟု ရေးထားသည်မဟုတ်ပေ။ ထူးဆန်းသော အမည်များစွာ ရှိနေသည်။ သို့သော် အမည်က မည်သို့ဖြစ်စေ အိတ်တိုင်း၏ ညာဘက် အပေါ်ထောင့်တွင် ထူးခြားသော အနီရောင်စက်ဝိုင်းလေး ပါရှိပြီး ၎င်းအတွင်း၌ ရွှေရောင်စာလုံး နှစ်လုံးရှိသည်။ ဝေလုံ...

“ဒါဆို... သူပြောတာ အမှန်ပဲလား။ ဝေလုံအစပ်ချောင်းက တကယ်ပဲ ဝိညာဉ်ဆေးပင် မဟုတ်ဘူးပေါ့။”

သူက သံသယနှင့် သဘောပေါက်မှုတို့ ရောယှက်နေသော အမူအရာဖြင့် တိုးတိုးလေး ရေရွတ် လိုက်မိသည်။

ဘာပဲဖြစ်ဖြစ်... ဒါတွေကို အရင်ယူသွားတာ ပိုကောင်းမယ်။

သူတော်စင်ယွိယောင် ရှာနေတဲ့ ဝေလုံအစပ်ချောင်းအစစ် မဟုတ်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ သဲလွန်စအချို့ ရှာတွေ့ခဲ့တယ် မဟုတ်လား။ လက်ဗလာနဲ့ ပြန်သွားရတာထက်စာရင် တော်သေးတယ်။

အနည်းဆုံးတော့... သူတော်စင်ရဲ့ အပြစ်ပေးတာကို မခံရတော့ဘူး မဟုတ်လား။

...

ယောင်ချီ မြင့်မြတ်နယ်မြေ၊ ဇာမဏီနန်းဆောင်...

သူတော်စင် ယွိယောင်သည် ဦးဆောင်သူနေရာတွင် မျက်မှောင်ကြုတ်လျက် ထိုင်နေသည်။ သူ၏ ရှေ့တွင်တော့ သူ စေလွှတ်လိုက်သော အစပ်ချောင်း ရှာပုံတော်ဖွင့်ခဲ့သည့် တပည့်များနှင့် အကြီးအကဲများ ရှိနေကြသည်။

သူ မျက်မှောင်ကြုတ်ရသည့် အကြောင်းရင်းမှာ...

သူ၏ နန်းတော်ထဲတွင် ထူးဆန်းသော အနံ့ဆိုးတစ်ခု လွှမ်းနေသောကြောင့်ပင်။

အစကတော့ ထိုအနံ့က အတော်လေး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး မွှေးပျံ့သည်ဟု ထင်ရသော်လည်း...

ခဏကြာပြီးနောက် လူသားများ၏ တံတွေးနံ့လိုလို အချဉ်နံ့တစ်ခု စွက်လာပြီး... တဖြည်းဖြည်းနှင့် နံစပြုလာသည်။

ထိုအနံ့ဆိုး၏ အရင်းအမြစ်မှာ သူ့အရှေ့ နန်းတော်ကြမ်းပြင်ပေါ်တွင် ပုံထားသော အမည်မသိ အရာဝတ္ထုပုံကြီးပင်။

“နင်တို့က ဒါတွေဟာ ဝေလုံအစပ်ချောင်းတွေလို့ ပြောနေတာလား...”

သူတော်စင် ယွိယောင်၏ မျက်နှာမှာ ပြာနှမ်းနေသည်။

အကယ်၍ ၎င်းတို့ကို လူတစ်ယောက်တည်းကသာ ယူလာသည်ဆိုလျှင် ခွင့်လွှတ်၍ ရကောင်း ရပေလိမ့်မည်။

သို့သော် အဖွဲ့တိုင်းက ၎င်းတို့ကိုသာ ယူလာကြသည်။ မဟုတ်လျှင်လည်း ဘာမှ ပါမလာကြပေ။

“ကျေးဇူးပြုပြီး သေချာစဉ်းစားပေးပါ။ သခင်မ...” အကြီးအကဲတစ်ဦးက ရှေ့သို့ တိုးလာကာ သုံးကြိမ် ဦးညွှတ်ပြီး ရိုသေစွာ ရှင်းပြသည်။

“ကျွန်မတို့ အစကတော့ ဆိတ်သုဉ်းရာဒေသရဲ့ သားရဲတွင်းတွေနားနဲ့ တောင်တန်းတစ်သောင်းရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ အသည်းအသန် ရှာခဲ့ပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ ကျွန်မတို့ နည်းဗျူဟာပြောင်းပြီး ဂိုဏ်းကြီးတွေထဲမှာ လိုက်ရှာခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဒီ ဝေလုံအစပ်ချောင်းတွေက ဂိုဏ်းသားတွေကြားမှာ နာမည်ကြီးနေပြီဆိုတာ သိလိုက်ရပါတယ်။ လူတွေက ဒါကို နွားမြင်းအရော ဒါမှမဟုတ် နမ်းချင်စရာနှုတ်ခမ်း ဆိုပြီးတော့ အိတ်ပေါ်မှာ ရေးထားသမျှ နာမည်တွေနဲ့ပဲ ခေါ်ကြတာပါ။ အဲဒါကြောင့်လည်း ကျွန်မတို့ရဲ့ ထောက်လှမ်းရေး ဌာနက အခုထိ သတိမထားမိခဲ့တာ။ ဒါပေမဲ့ ဒါတွေဟာ တကယ် ဝေလုံအစပ်ချောင်းတွေပါပဲ။”

သူတော်စင် ယွိယောင်က တိတ်ဆိတ်စွာ နားထောင်ပြီးနောက် ငြိမ်ကျသွားသည်။

သူက အစပ်ချောင်းအိတ် တစ်အိတ်ကို ကောက်ယူကာ ဆွဲဖြဲလိုက်ရာ ချက်ချင်းပင် ပြင်းထန်သော အနံ့ဆိုးက ပို၍ စူးရှလာသည်။ အခန်းထဲရှိ လူတိုင်း အလိုလို နှာခေါင်းတရှုံ့ရှုံ့ လုပ်မိသွားကြသည်။

ယောင်ချီတပည့် အချို့ဆိုလျှင် အစပ်ချောင်းကို ကြည့်ပြီး တံတွေးပင် မျိုချလိုက်ကြသည်။

“ဟမ့်၊ တခြားဂိုဏ်းတွေက လုပ်တဲ့ အစားအစာက အဲဒီလောက်တောင် အရသာရှိလို့လား။”

သူတော်စင် ယွိယောင်က သူတို့၏ တုံ့ပြန်မှုများကို သတိပြုမိသွားပြီး အချောင်းတစ်ချောင်းကို ထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်၍ သွားတော့သည်။

ထိုအရသာက... တကယ့်ကို ထူးဆန်းလှသည်။

သူ ဝါးနေရင်း မျက်လုံးများကို မှေးကာ အရသာကို ခံစားနေမိသည်။

နှစ်ပေါင်းထောင်ချီအတွင်း မည်သည့်အစားအစာကမျှ သူ၏ အစာစားချင်စိတ်ကို မနှိုးဆွနိုင်ခဲ့ပေ။

သို့သော် ထိုဝေလုံအစပ်ချောင်း ဆိုသောအရာက တကယ်ကို လုပ်နိုင်ခဲ့သည်။

တခြားကျင့်ကြံသူများက ၎င်းကို သာမန်မုန့်တစ်ခု အလွန်ဆုံး အသစ်အဆန်းတစ်ခုဟူ၍သာ ထင်ကြပေလိမ့်မည်။ သို့သော် သူကတော့ ထိုကဲ့သို့ မမြင်ပေ။

သူ့ကဲ့သို့ မဟာအဆင့်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို လှုပ်ခတ်စေနိုင်သည်ဆိုလျှင်... ထိုအရာက သာမန်တော့ မဟုတ်နိုင်ပေ။

၎င်းက တန်ယွင် ရှာနေသော “ဝိညာဉ်ဆေးပင်” ဖြစ်လိမ့်မည်ဟု သူ စတင်ယုံကြည်လာသည်။

သို့သော် ၎င်းက တကယ်ဟုတ်မဟုတ် တန်ယွင်တစ်ယောက်သာ အတည်ပြုနိုင်ပေလိမ့်မည်။

“ဒီပစ္စည်းက ဘယ်ကနေ စတာလဲ စုံစမ်းပြီးပြီလား။”

သူက လက်ချောင်းများပေါ်မှ လိမ္မော်နီရောင် ဆီများကို ခါထုတ်လိုက်ပြီး ပြင်းထန်သော အစပ်နံ့များကို မှုတ်ထုတ်လိုက်သည်။

“သူတော်စင်ကို တင်ပြပါတယ်။ ဒီအစပ်ချောင်းတွေဟာ မူလက ဓားကျောင်းတော်ကနေ လာတာလို့ ပြောကြပါတယ်၊ နောက်ပိုင်းမှာ လင်းရှီးတောင်ကြားနဲ့ အဂ္ဂိရတ်ဂိုဏ်းက တပည့်တွေကတစ်ဆင့် ပျံ့နှံ့သွားပြီး ချင်းယွန်ဘုံ တစ်ခုလုံးမှာ လျင်မြန်စွာ နာမည်ကြီးလာတာ ဖြစ်ပါတယ်။” အကြီးအကဲတစ်ဦးက ပြန်ဖြေသည်။

“ဪ။ လင်းရှီးတောင်ကြားနဲ့ အဂ္ဂိရတ်ဂိုဏ်း ဟုတ်လား။” သူတော်စင် ယွိယောင်က မျက်မှောင်ကြုတ်ကာ အေးစက်စွာ ရယ်မောလိုက်သည်။

“ဒါဆို သူတို့က ဓားကျောင်းတော် နဲ့ ရင်းနှီးနေကြတာပေါ့။ ဓားကျောင်းတော်ရှိတဲ့ နေရာကိုလည်း သိနိုင်တာပေါ့။ ဟုတ်လား။”

မည်သူမျှ ပြန်မဖြေပေ။ အကြီးအကဲများနှင့် တပည့်များပင်လျှင် လင်းရှီးတောင်ကြားနှင့် အဂ္ဂိရတ်ဂိုဏ်းတို့သည် ဓားကျောင်းတော် သို့မဟုတ် ၎င်း၏ဘိုးဘေး ရှိသည့်နေရာကို တကယ် သိမသိ မသေချာကြပေ။ သို့သော် ထိုအစပ်ချောင်းများ ထိုမျှလျင်မြန်စွာ ပျံ့နှံ့သွားရန်အတွက် ဆက်သွယ်ရေးတံတားတစ်ခုတော့ ရှိရပေမည်။

ထိုတံတားကို ရှာတွေလျှင် ဓားကျောင်းတော်ကိုလည်း ရှာတွေ့နိုင်ပေလိမ့်မည်။

ထိုတိတ်ဆိတ်မှုအတွင်းတွင်တော့ အားလုံးက ထိုအချက်ကို သဘောတူလိုက်ကြသလိုပင်။

“လင်းရှီးတောင်ကြားရဲ့ ဂိုဏ်းချုပ်နဲ့ အဂ္ဂိရတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ငါ့ဆီ ခေါ်လာခဲ့။ ငါ သူတို့ကို ကိုယ်တိုင် စစ်ဆေးမေးမြန်းမယ်။”

သူတော်စင် ယွိယောင်က ဝေလုံအစပ်ချောင်း နောက်ထပ်တစ်အိတ်ကို ဆွဲယူကာ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ဆွဲဖွင့်လိုက်သည်။

ထိုအက်ကွဲကြောင်းမှတစ်ဆင့် ၎င်းက တန်ယွင်ကို ချုပ်နှောင်ထားသည့် အကျဉ်းထောင်နှင့် ချိတ်ဆက်ထားကြောင်း အားလုံးက ဝေဝေဝါးဝါး မြင်လိုက်ရသည်။

သူတော်စင် ယွိယောင်က အက်ကွဲကြောင်းအတွင်းသို့ လှမ်းဝင်သွားပြီး သူ၏ပုံရိပ် ကွယ်ပျောက် သွားကာ အေးစက်သောအသံသာ ခန်းမအတွင်း ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။

“ဒီဝေလုံအစပ်ချောင်းတွေ အားလုံးကို ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲ ပို့ထားလိုက်။ တစ်ယောက်ယောက် ခိုးစားဖို့ ကြိုးစားရဲရင်တော့ အဟမ့်...”

အားလုံးမှာ ရုပ်တုများကဲ့သို့ ဖြစ်သွားကြပြီး ကြမ်းပြင်ကိုသာ စိုက်ကြည့်၍ နေကြတော့သည်။

စိတ်ထဲတွင်တော့ သူတို့အားလုံး သိုလှောင်လက်စွပ်များထဲတွင် အိတ်အချို့ ဝှက်ထားမိသည်မှာ တော်သေးသည်ဟု တွေးကာ ကံကောင်းသည်ဟု မှတ်ယူနေကြသည်။

မဟုတ်လျှင် အားလုံးကို သူတော်စင် ယွိယောင်က သိမ်းသွားတော့မည် မဟုတ်ပါလား။

...

ယောင်ချီ အကျဉ်းထောင်။

သူတော်စင် ယွိယောင်သည် ဆေးအိုးကြီးကို ပွေ့ဖက်ကာ တရားထိုင်နေသော တန်ယွင်၏ ရှေ့သို့ အစပ်ချောင်းတစ်အိတ်ကို ပစ်ချလိုက်သည်။

“ဒါ နင်ပြောတဲ့ ဝိညာဉ်ဆေးပင်လား။ ငါ နင့်အတွက် ရှာပေးခဲ့ပြီ...”

စုတ်ပြဲနေသော အိတ်ထဲမှ အစပ်ချောင်း နှစ်ချောင်း လိမ့်ထွက်လာပြီး တန်ယွင်၏ ခြေရင်းသို့ ကျသွားသည်။

ပြင်းထန်လှသော အနံ့အသက်များက အကျဉ်းထောင်အတွင်းသို့ ချက်ချင်းပင် လွှမ်းမိုး၍ သွားတော့သည်။

တန်ယွင်က ကြမ်းပြင်ပေါ်မှ ဆီရွဲနေပြီး တောက်ပနေသော အမည်မသိ အရာဝတ္ထုနှစ်ခုကို စိုက်ကြည့်လိုက်ပြီးနောက် သူတော်စင် ယွိယောင်ကို မော့ကြည့်လိုက်သည်။

သူ၏အမူအရာမှာ လုံးဝကို မယုံကြည်နိုင်စရာ ဖြစ်သွားရသည်။ အရူးတစ်ယောက်ကို ကြည့်နေ သကဲ့သို့ပင်။

…

…

All Chapters