← Chapters

ရှယ်ယာရှင် အစည်းအဝေး

Vol. 31 Ch. 305

ရှယ်ယာရှင် အစည်းအဝေး

Vol. 31 Ch. 305

“အားလုံးပဲ မင်္ဂလာပါ။ ပထမဆုံးအကြိမ် ဓားကျောင်းတော် ကုတုံ အစည်းအဝေးကနေ ကြိုဆိုပါတယ်။”

စုချီနျန်က ချောင်းတစ်ချက်ဟန့်ကာ ဘေးနားရှိ ချန်ဟွိုက်အန်ကို လှည့်ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။

“ဘိုးဘေး... ကျွန်တော် အဲဒီလိုပဲ ပြောရမှာ မဟုတ်လား။”

“ရှယ်ယာရှင်လို့ ခေါ်တာကွ... ကုတုံ မဟုတ်ဘူး” ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားရင်း မျက်လုံးလှန်ကြည့်လိုက်သည်။

သူ စုချီနျန်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြင်ပေးခဲ့ပြီး ဖြစ်သည်။ ထိုဓားကျောင်းတော် ဂိုဏ်းချုပ်က စန္ဒာဖြူ ရည်စား(၁၀၀)ကျော်ကို စကားချိုချို ပြောတတ်ရုံကလွဲလျှင် ဦးနှောက်ထဲ ဘာမှ သိပ်ရှိသည် မဟုတ်ပေ။

သို့သော်လည်း တက်ရောက်လာကြသည့် အမျိုးသမီးကျင့်ကြံသူ ၁၀၀ကျော်ကို ကြည့်ရင်း ချန်ဟွိုက်အန် မအံ့သြဘဲ မနေနိုင်ပေ။

တိုက်ပွဲဝံပလွေကတော့ တကယ်ကို ဟုတ်နေတာပဲ...

တကယ်လို့ ဒီစန္ဒာဖြူ ရှယ်ယာရှင် အငယ်စားလေးတွေသာ မရှိရင် ဝေလုံအစပ်ချောင်းတွေက လင်းရှီးတောင်ကြားနဲ့ အဂ္ဂိရတ်ဂိုဏ်းတို့ ဘယ်လောက်ပဲ ကြော်ငြာကြော်ငြာ၊ ချင်းယွန်ဘုံ တစ်ခုလုံးမှာ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း နာမည်ကြီးလာစရာ အကြောင်းမရှိဘူး။

လင်းရှီးတောင်ကြားနဲ့ အဂ္ဂိရတ်ဂိုဏ်းတို့က ဓားဂိုဏ်းနှင့် ဇန်ဂိုဏ်းလိုမျိုး အင်အားကြီး အဖွဲ့အစည်းများကိုသာ အဓိက ကိုင်တွယ်သည် မဟုတ်ပါလား။

သို့သော် ဂိုဏ်းငယ်လေးများနှင့် လေလွင့်ကျင့်ကြံသူများက ဂိုဏ်းချုပ်စု စန္ဒာဖြူများစွာမှတစ်ဆင့် ချိတ်ဆက်ထားတဲ့ အဆက်အသွယ်များပင်။

သို့သော် လက်ရှိ အမျိုးသမီး၁၀၀ကျော်ကြားက အခြေအနေက... အနည်းငယ် တင်းမာနေသည်။ အထူးသဖြင့် သူတို့ စုချီနျန်ကို ကြည့်နေသော အကြည့်များက သတ်ချင်ဖြတ်ချင်စိတ် အနည်းငယ် ပါနေသယောင်။

“အဟမ်း... ပြီးခဲ့တဲ့ အသုတ်က အစပ်ချောင်းတွေ အကုန်လုံး ရောင်းထွက်သွားလို့ စုစုပေါင်း အမြတ်ငွေ အဆင့်နိမ့် ဝိညာဉ်ပုံဆောင်ခဲ သိန်း၈၀၀လောက် ရရှိခဲ့တယ်။ ဒါတွေဟာ အစပ်ချောင်းတွေအပေါ် ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ထောက်ပံ့မှုတွေကြောင့်ပါ။ ဒီနေ့ အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဈေးကွက်လိုအပ်ချက်ကို အတည်ပြုဖို့နဲ့ ရလာတဲ့ ပစ္စည်းတွေကို ခွဲဝေယူဖို့....”

“အဟမ်း...” ချန်ဟွိုက်အန်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“အမြတ်ဝေစု... အဲဒါကို အမြတ်ဝေစုလို့ ခေါ်တာ...”

“ဪ... ဟုတ်သား၊ ဟုတ်သားပဲ... အမြတ်ဝေစု၊ အမြတ်ဝေစု...” စုချီနျန်က အနေရခက်စွာ လက်ယှက်နှုတ်ဆက်လိုက်ပြီး ရှယ်ယာရှင် အသီးသီးကို ပြုံးပြလိုက်သည်။ “စိတ်မရှိပါနဲ့၊ ပစ္စည်းခွဲဝေယူမယ်ဆိုတဲ့ စကားလုံးက ပါးစပ်မှာ အရိုးစွဲနေလို့ပါ။ အကျင့်ဆိုးကြီး ဖြစ်နေပြီ...”

“အစပ်ချောင်းတွေ ဈေးကွက်ထဲ ရောက်တာ ၄၊၅ရက်လောက် ရှိပြီ။ အားလုံး စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို နားထောင်ကြည့်ရအောင်... ဓားဂိုဏ်းက အရင် စပြောပါလား။”

ဓားဂိုဏ်းချုပ် မတ်တတ်ရပ်လိုက်ပြီး သူ၏ အမူအရာမှာ တည်ကြည်လေးနက်နေသည်။ သူက ဘေးဘယ်ညာရှိ လူများကို နှုတ်ဆက်လိုက်ပြီးနောက် ကြေမွနေသော စက္ကူတစ်ရွက်ကို ထုတ်ကာ တံတွေးတစ်ချက် မျိုချပြီး မာတောင့်တောင့်နှင့် စတင်ဖတ်ကြားတော့သည်။

“လေးစားရပါသော ဓားကျောင်းတော်ဘိုးဘေး၊ ဂုဏ်သရေရှိ ဂိုဏ်းချုပ်ကြီးနှင့် ချစ်ခင်ရပါသော ဂိုဏ်းသူဂိုဏ်းသား အပေါင်းတို့၊ မင်္ဂလာနံနက်ခင်းပါခင်ဗျာ။ ကျွန်တော်က...”

“လိုရင်းပဲ ပြောစမ်း... ဘယ်သူမှ မင်းရဲ့ ဘဝမှတ်တမ်းကို မမေးဘူး...”

ချန်ဟွိုက်အန်က စားပွဲကို ခေါက်ပြီး သက်ပြင်းချလိုက်သည်။

“မင်း မွေးကတည်းက စပြီးတော့ မပြောတာပဲ ကျေးဇူးတင်ရဦးမယ်။”

တခြားဂိုဏ်းချုပ်တစ်ယောက်သာ ထိုကဲ့သို့ ပြောလျှင် ဓားဂိုဏ်းချုပ်က ထိုနေရာတွင်ပင် ပိုင်းဖြတ်ပစ်လိုက်မည်မှာ သေချာသည်။

သို့သော်လည်း ဓားကျောင်းတော်ဘိုးဘေး ဖြစ်နေ၍ သူက တရိုတသေ ခေါင်းတညိတ်ညိတ်နှင့် ပြန်ဖြေရှာသည်။

“တခြားဂိုဏ်းတွေကိုတော့ မသိဘူး။ ဒါပေမဲ့ ဓားဂိုဏ်းမှာတော့ လူကြိုက်အများဆုံး အရသာက မာလာငန်းပါ။ တပည့်တစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သုံးထုပ်လောက် စားကြပါတယ်။ တချို့ဆိုရင် အဲဒီထဲကနေ ဓားအသိကိုတောင် ခံစားရတယ်လို့ ပြောကြတယ်... ကျွန်တော်တို့ နောက်ထပ် ဝိညာဉ်ပုံဆောင်ခဲ ၁၀သန်းဖိုးလောက် မာလာငန်းတွေကို အရန်အဖြစ် ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး တခြားအရသာ အမျိုးအစားတွေလည်း ပိုပြီး ရချင်ပါသေးတယ်။”

ဓားဂိုဏ်းချုပ် ပြောနေစဉ်မှာပင် ချန်ဟွိုက်အန် ဘေးတွင် ထိုင်နေသော လီချင်းရန်က ဘောပင်နှင့် စက္ကူကို အသုံးပြုကာ အလျင်အမြန် မှတ်စုလိုက်ရေးနေ၏။

သူ့နောက်တွင် ရပ်နေသော မိုရှုမိန်မှာမူ စာရွက်ပေါ်တွင် ရေးထားသော စာလုံးများကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။

အကြောင်းမှာ... သူ တစ်လုံးမှ ဖတ်မရ၍ပင်...

လူတွေက ပြောတတ်တယ်။ လက်ရေးက လူကို ဖော်ပြတယ်၊ လူလှရင် လက်ရေးလှတယ်တဲ့။ ဒါပေမဲ့ လီချင်းရန်ရဲ့ အခြေအနေမှာတော့ ပြောင်းပြန်များ ဖြစ်နေတာလား။

“ချင်းရန်၊ အကုန် မှတ်မိရဲ့လား။” ချန်ဟွိုက်အန်က သူ့တပည့်လေးကို လှည့်ကြည့်လိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ...” လီချင်းရန်က တည်ငြိမ်သော မျက်နှာဖြင့် အလေးအနက် ခေါင်းညိတ် ပြလိုက်သည်။

“ဇန်ဂိုဏ်းကကော...”

“ဓားကျောင်းတော်ဘိုးဘေးခင်ဗျာ... ကျွန်တော်နဲ့ ကျွန်တော်တို့ရဲ့ တပည့်တွေက အဲဒီ... ဟို...”

ထိပ်ပြောင်ပြောင်နှင့် ဘုန်းတော်ကြီးမှာ မျက်လုံးလေး ကလည်ကလည်နှင့် စကားပြောရန် အတော်လေး အားယူနေရပုံရသည်။ နောက်ဆုံးတွင်တော့ အရှက်တကွဲနှင့် စကားသုံးလုံးကို အံကြိတ်ကာ ပြောချလိုက်သည်။

“နမ်းချင်စရာနှုတ်ခမ်းမုန့်ပါ။”

အခန်းထဲတွင် ရယ်သံလေးများ ပျံ့လွင့်သွား၏။

ဘုန်းတော်ကြီး၏မျက်နှာမှာ နီမြန်းသွားပြီး လက်အုပ်ချီလိုက်သည်။

“အော်မီတော်‌ဖော်။ ကျွန်တော်တို့ နမ်းချင်စရာနှုတ်ခမ်းကို နောက်ထပ် ဝိညာဉ်ပုံဆောင်ခဲ ၁၀သိန်းဖိုး ထပ်မှာချင်ပါတယ်။ တောင်းဆိုချင်တာ တစ်ခုကတော့... နာမည်လေး ပြောင်းပေးလို့ မရဘူးလား။ အဲဒီနာမည်ကို လူပုံအလယ်မှာ ပြောရတာ နည်းနည်း နိမ့်ကျသလို ခံစားရလို့ပါ။”

“တောင်းဆိုချက်ကို ပယ်ချတယ်။ နမ်းချင်စရာနှုတ်ခမ်းဆိုတာ သူ့ရဲ့ အမှတ်အသားပဲ။ အဲဒါကို ပြောင်းလိုက်ရင် ဆွဲဆောင်မှု ပျောက်သွားလိမ့်မယ်။ အဲဒါ မကြိုက်ရင် အမေတောင်အံ့ဩမယ့် အမဲသားခြောက်ကို စားကြည့်လေ။ မင်းတို့မှာလည်း အမေမှ မရှိကြတာပဲ။”

ချန်ဟွိုက်အန်က လက်ကာပြလိုက်သည်။

“နောက်တစ်ယောက်... နောက်တစ်ယောက်...”

စနောက်သံများကြောင့် အစည်းအဝေးစားပွဲရှိ တင်းမာသော လေထုမှာ စတင်လျော့ပါးလာသည်။

ဂိုဏ်းတစ်ခုချင်းစီ၏ ကိုယ်စားလှယ်များက သူတို့၏ အတွေးအမြင်များကို ပြောကြားကြပြီး လီချင်းရန်က အားလုံးကို အပြင်းအထန် လိုက်မှတ်နေသည်။

ဒေသတစ်ခုချင်းစီတွင် အစပ်ချောင်းနှင့် ပတ်သက်လျှင် ကြိုက်နှစ်သက်သော အရသာချင်း လုံးဝ မတူကြသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် ရာသီဥတုအေးသော မြောက်ပိုင်းတွင် လူများက အလွန်စပ်ပြီး လျှာထုံစေသော အမျိုးအစားများကို နှစ်သက်ကြသည်။

အလယ်ပိုင်းနှင့် အရှေ့ပိုင်းတိုက်များတွင်တော့ အချိုဓာတ်ပါသော အရသာများက လူကြိုက် အများဆုံးဖြစ်သည်။

အနောက်ပိုင်း ကျင့်ကြံသူများကတော့ ငန်ပြီး ဆီရွဲသော အမျိုးအစားများကို ပိုကြိုက်ကြသည်။

ချန်ဟွိုက်အန်က အစပ်ချောင်း ရောင်းအားကို မြှင့်တင်ရန်အတွက် ထိုအချက်အလက်များကို သီးသန့် စုဆောင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သူနှင့် ဓားကျောင်းတော်မှာ လှေတစ်စင်းတည်း စီးနေကြသူများ ဖြစ်သည်။ ဓားကျောင်းတော် ကြီးပွားလျှင် သူလည်း ကြီးပွားပေမည်။

၎င်းမှာ လက်တွေ့ကမ္ဘာတွင် သူလိုအပ်သော ကျောထောက်နောက်ခံပင်။

အစည်းအဝေး၏ ဒုတိယပိုင်းမှာတော့ အမြတ်ဝေစု ခွဲဝေခြင်း ဖြစ်သည်။

အစပ်ချောင်းကို အဓိက ကြော်ငြာပေးသူများမှာ ထိုရှယ်ယာရှင်များ ဖြစ်သဖြင့် အမြတ်ဝေစု အချို့ကို သူတို့ထံ ခွဲဝေပေးခြင်းက တရားမျှတပေသည်။

ဝိညာဉ်ပုံဆောင်ခဲ သောင်းချီ၊ သိန်းချီဆိုသည်မှာ လင်းရှီးတောင်ကြားနှင့် အဂ္ဂိရတ်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများအတွက် ဘာမှမဟုတ်သော်လည်း ဂိုဏ်းငယ်လေးများနှင့် လေလွင့်ကျင့်ကြံသူများ အတွက်မူ မတွေးဝံ့စရာ ချမ်းသာကြွယ်ဝမှုပင်။

အမှန်တကယ်တွင် ၎င်းက စုချီနျန်၏အသက်ကို ကယ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

မူလက သူ၏စန္ဒာဖြူ ၁၀၀ကျော်မှာ အစည်းအဝေးတွင် လက်ပါရန် အသင့်ပြင်ထားကြ၏။

သို့သော် ဝိညာဉ်ပုံဆောင်ခဲများ စတင်ခွဲဝေပေးလိုက်သည်နှင့် ရန်လိုနေသော လေထုက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူတို့ တစ်ယောက်ချင်းစီက သောင်းချီ၊ သိန်းချီတဲ့ အဆင့်နိမ့် ဝိညာဉ်ပုံဆောင်ခဲများကို ရရှိလိုက်သောအခါ ခက်ထန်အေးစက်သော အကြည့်များက ပျော့ပြောင်းသွားကြသည်။

သတ်ချင်ဖြတ်ချင်သော စိတ်များအစား ယခုတော့ စုချီနျန်ကို ချိုသာသော အကြည့်များနှင့် ကြည့်နေကြလေပြီ။

ပိုက်ဆံမရှိသော တိုက်ပွဲဝံပလွေက သေသင့်သော်လည်း ရွှေမိုးရွာပေးနိုင်သော တိုက်ပွဲဝံပလွေကျ ဝံပလွေဘုရင်ပင်...

လေထုက အမြင့်ဆုံးကို ရောက်နေချိန်မှာပင်...

အဂ္ဂိရတ်ဂိုဏ်းတပည့်တစ်ဦးမှာ ပျာယာခတ်နေသော မျက်နှာဖြင့် ဝင်လာသည်။ သူ မဆိုင်းမတွဘဲ အဂ္ဂိရတ်ဂိုဏ်းချုပ် ကျိုးရွှမ်ကျိရှေ့တွင် ဒူးထောက်လျှောတိုက်၍ အလေးပြုလိုက်သည်။

“ဂိုဏ်းချုပ်... ကိစ္စကြီးတစ်ခု ဖြစ်နေပါပြီ...”

တပည့်ဖြစ်သူ၏ အော်သံကြောင့် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။

စားပွဲတစ်ဖက်တွင် ယွန်ပိုင်ယွီမှာလည်း နမိတ်မကောင်းသည့် ခံစားချက်ကြောင့် ရင်တုန်၍ သွားရသည်။

ကျိုးရွှမ်ကျိ၏ ယပ်တောင်ပင် ခေတ္တရပ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ပြော...”

“အခုလေးတင် သတင်းရပါတယ်။ ကျွန်တော်တို့ အဂ္ဂိရတ်ဂိုဏ်းရဲ့ လုပ်ငန်းစုတွေနဲ့ ဌာနချုပ်ကိုပါ ယောင်ချီ မြင့်မြတ်နယ်မြေ က လူတွေ ဝိုင်းထားကြပါတယ်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အကြီးအကဲတစ်ယောက်က ဂိုဏ်းချုပ်ကို အခုချက်ချင်း တွေ့ချင်တယ်လို့ ပြောနေပါတယ်...”

“ဘာပြောတယ်...”

ကျိုးရွှမ်ကျိက ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး ချွေးစေးများ ထွက်လာတော့သည်။

ယခင်ကဆိုလျှင် ယောင်ချီက လာလည်မည်ဆိုသည်မှာ ဝမ်းသာစရာ ဖြစ်ခဲ့သော်လည်း ယခု အချိန်တွင်တော့ သူတို့နာမည်ကို ကြားရုံနှင့်တင် ထိတ်လန့်သွားရသည်။

အကြောင်းမှာ ယောင်ချီက တန်ပိုင်ကို ရှာရန်အတွက် မြို့တစ်မြို့လုံးကို သတ်ဖြတ်ပစ်လုနီးပါး လုပ်ခဲ့ကြောင်းသတင်းကို ကြားထား၍ပင်။

တစ်ခါက စင်ကြယ်လှပါသည်ဆိုသော ယောင်ချီနှင့် ဖန်ကျင်း မြင့်မြတ်နယ်မြေများ၏ ပုံရိပ်က တခြားဂိုဏ်းများ၏ အမြင်တွင် စတင်ပြိုလဲနေပြီ ဖြစ်သည်။

ယခု လိုအပ်နေသည်မှာ... သူတို့၏ ယုတ်မာမှုကို သက်သေပြနိုင်မည့် ခိုင်လုံသော သက်သေ တစ်ခုတည်းသာ။

ဓားကျောင်းတော်နှင့် ပတ်သက်လျှင် သူတို့က စီးပွားဖက်များပင်။

စကားပုံရှိသည်မဟုတ်ပါလား။

ထာဝရရန်သူဆိုတာ မရှိဘူး၊ တူညီတဲ့ အကျိုးစီးပွားဆိုတာပဲ ရှိတယ်။

ဓားကျောင်းတော်က ငါတို့ကို အမြတ်အစွန်းတွေ ပေးနေတာပဲ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ယောက်ကို လက်ခံထားတာက အရေးကြီးလား။ မကြီးဘူး။

အထူးသဖြင့် အဲဒီ“မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ” ဆိုသူက စားပွဲမှာ ထိုင်နေတာလေ။ ကြည့်ရတာ ဘယ်လိုမှ မိစ္ဆာနဲ့မတူတဲ့ မိန်းမလှ ကျင့်ကြံသူတစ်ယောက်ပဲ။

ပြီးတော့ ဓားကျောင်းတော်ဘိုးဘေးလည်း ရှင်းပြပြီးသား။ သူက မိစ္ဆာဓားရဲ့ ကျိန်စာကြောင့်သာ မိစ္ဆာအတတ်တွေကို ကျင့်နေရတာဖြစ်ပြီးတော့ လူဆိုးတစ်ယောက် မဟုတ်ဘူးတဲ့။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဟုတ်လား။ ကံဆိုးတဲ့ သနားစရာ မိန်းကလေးတစ်ယောက်ပဲ။

အစပ်ချောင်းနှင့် ဝိညာဉ်ပုံဆောင်ခဲများအတွက် သူက သနားစရာ လူသားတစ်ဦးသက်သက်ပင်။

တခြားအကြီးအကဲများ မည်သို့တွေးမလဲ သူ ဂရုမစိုက်ဘဲ ကျိုးရွှမ်ကျိက ချန်ဟွိုက်အန်ရှေ့တွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးတိုက်လိုက်သည်။

“ဘိုးဘေး ကျေးဇူးပြုပြီးတော့... ကျွန်တော့်ရဲ့ အဂ္ဂိရတ်ဂိုဏ်းကို ကယ်ပေးပါဦး...

ကျွန်တော် နောက်ထပ် အစပ်ချောင်း ဝိညာဉ်ပုံဆောင်ခဲ သိန်း၅၀၀ဖိုး ထပ်ဝယ်ပါ့မယ်...”

...

All Chapters