ယောင်ချီမှ ရန်သူများ
Vol. 31 Ch. 306+307
ယောင်ချီ မြင့်မြတ်နယ်မြေ၊ အကျဉ်းထောင်။
“ဒါကြောင့်ကိုး။ ငါ တကယ်လိုအပ်နေတာက တခြားပါဝင်ပစ္စည်းတွေရဲ့ အနံ့ကို ဖုံးကွယ်နိုင်တဲ့ ဒီလို အရောင်မရှိ၊ အနံ့မရှိတဲ့ အမှုန့်တွေပဲ။”
တန်ယွင်က အဆင့်နိမ့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး တစ်သုတ်ကို ဖော်စပ်ရန် အခုလေးတင် ကြိုးပမ်းကြည့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုဆေးသုတ်မှာ မူလဆေး၏ အာနိသင်နှင့် ပြောင်းပြန်ဖြစ်နေသည်။ ကုသပေးနိုင်စွမ်း မရှိရုံသာမက လက်ရှိ အခြေခံအုတ်မြစ် ပျက်စီးမှုကိုပင် ပိုမိုဆိုးရွားစေသည်။ အခြေခံအုတ်မြစ် ပျက်စီးခြင်းမရှိသော ကျင့်ကြံသူများအတွက်မူ ထိုဆေးလုံးမှာ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။
သူ၏ မူလရည်ရွယ်ချက်မှာ အခြေခံအုတ်မြစ်ကို ခွဲခြားမှုမရှိဘဲ ဖျက်ဆီးပစ်မည့် အဆိပ်ဆေးလုံး ဖန်တီးရန်ပင်။
သို့သော် သူတော်စင် ယွိယောင်သည် အန္တိမဝိညာဉ်ခန္ဓာငါးပါးကို ဝင်ရန်အတွက် ကိုယ်ထည် တစ်ခုကို ရှာတွေ့ထားပြီးဖြစ်ကြောင်း သူ ကြားသိခဲ့ရသည်။
ဆိုလိုသည်မှာ ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးများထဲမှ တစ်လုံးမှာ ထိုကိုယ်ထည်အတွက် ဖြစ်ရပေမည်။
သူတော်စင် ယွိယောင်သည် အင်မော်တယ်တံခါးကို ချိုးဖျက်ရန်အတွက် ချင်းယွန်ဘုံ၏ ပါရမီအရှိဆုံး ခန္ဓာကိုယ်ကို သိမ်းပိုက်လိုသည်ဖြစ်ရာ ထိုကိုယ်ထည်၏ ဒန်တျန်အပေါ် တောင်းဆိုချက်များမှာ အလွန်မြင့်မားပေလိမ့်မည်။
ထို့ကြောင့် တန်ယွင်က ဆေးလုံး၏ ဖျက်ဆီးမှုနယ်ပယ်ကို လျှော့ချရန် ရွေးချယ်လိုက်သည်။ ပျက်စီးစေသော အာနိသင်ကို အခြေခံအုတ်မြစ် အားနည်းနေသူများ၊ သူတော်စင် ယွိယောင် ကဲ့သို့သောသူများကိုသာ ပစ်မှတ်ထားစေရန်ဖြစ်သည်။
ထိုသို့ ပစ်မှတ်ကို ကျဉ်းမြောင်းလိုက်ခြင်းဖြင့် လိုအပ်သော အရန်ပစ္စည်း အရေအတွက် လျော့သွားပြီး ဖော်စပ်မှု ခက်ခဲမှုမှာလည်း ကျဆင်းသွားသည်။
နောက်တစ်ဆင့်မှာ ဝေလုံအစပ်ချောင်းမှ အခြေခံပါဝင်ပစ္စည်းအချို့ကို ပေါင်းစပ်ထည့်သွင်းကာ ဖြည့်စွက်ပစ္စည်းများ၏ အနံ့ကို လုံးဝဖုံးကွယ်လိုက်ခြင်းပင်။ ရလဒ်မှာ သူ့ရှေ့တွင် ရှိနေသော ဆေးလုံးများပင် ဖြစ်သည်။
“ဒီဆေးလုံးအသစ်က ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးနဲ့ ဆန့်ကျင်ဘက် အာနိသင် ရှိနေတော့ နာမည်တူပေးထားလို့ မဖြစ်ဘူး။ ဘာလို့ ခေါ်ရမလဲ။” တန်ယွင်က သူ့ဘာသာ ရေရွတ်ရင်း ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။
၎င်းက ချက်ချင်းပင် အရည်ပျော်သွားပြီး အရသာမှာ ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးနှင့် ခွဲခြားမရနိုင်အောင် တူညီလှသည်။
သူ၏ ကိုယ်ပိုင်ဒန်တျန်နှင့် သွေးကြောမျှင်များမှာ နဂိုအတိုင်း ကောင်းမွန်နေသဖြင့် ထိုဆေးလုံးက အန္တရာယ်လည်း မပေးသလို၊ အကျိုးလည်း မပြုပေ။
မည်သည်မှ မစားလိုက်ရသလိုပင်။
“မဟုတ်သေးဘူး။ ဒါက မလုံလောက်သေးဘူး။ သူတော်စင် ယွိယောင်က အရမ်းကို သံသယ များတဲ့သူ။ တစ်ယောက်ယောက်နဲ့ စမ်းသပ်ကြည့်ရင် ဘယ်လိုလုပ်မလဲ...”
တန်ယွင် သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး မျက်လုံးများကို မှေးလိုက်သည်။
သူက အန္တိမအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး တစ်လုံးတည်းကိုသာ အရင်ဆုံး ဖော်စပ်မည်။ တစ်လုံးတည်းသာ။
ထိုသို့ဖြင့် သူတော်စင် ယွိယောင်အနေဖြင့် ထိုဆေးလုံးကို ထုတ်လုပ်ရန် အလွန်ခက်ခဲသည်ဟု ယူဆကာ စမ်းသပ်ရန်အတွက် ပေါ့ပေါ့ဆဆ အသုံးမပြုရဲတော့ပေ။
၎င်းနှင့်အတူ တန်ယွင်က မည်သည့် ပြုပြင်မွမ်းမံမှုမျှ မလုပ်ထားသော အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဆေးလုံး တစ်ဒါဇန်ခန့်ကို ပြင်ဆင်ထားမည် ဖြစ်သည်။
အကြောင်းမှာ သူတော်စင် ယွိယောင်သည် ဆေးလုံးများကို စမ်းသပ်နိုင်သောကြောင့်ပင်။
အကျဉ်းထောင်ထဲတွင် ရှိနေသော်လည်း သူတော်စင် ယွိယောင်၏ ထုံးစံကို တန်ယွင်က တစ်စွန်းတစ်စ ကြားဖူးသည်။ သူက အင်မော်တယ် ဖြစ်ရေးနှင့် ပတ်သက်လာလျှင် အစွန်းရောက်အောင် ဂရုစိုက်တတ်သူ ဖြစ်သည်။ သူက ဆေးလုံးများကို ကိုယ်တိုင် စမ်းသပ်ရုံသာမက သာမန်ကျင့်ကြံသူများနှင့် ဒန်တျန်ပျက်စီးနေသူများကိုပါ တိုက်ကျွေး၍ စမ်းသပ်လေ့ရှိသည်။
ဒန်တျန် ပျက်စီးနေသော ကျင့်ကြံသူများကို သူ မည်သို့ ရှာသနည်း။
ယောင်ချီ၏ အကျဉ်းထောင်ထဲတွင် ထိုသို့သောလူများဖြင့် ပြည့်နှက်နေလေသည်။
“ဒီဆေးလုံးကို “အင်မော်တယ်အဆက်ဖြတ်ဆေးလုံး”လို့ ခေါ်မယ်။”
တန်ယွင်၏ နှုတ်ခမ်းများမှာ လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။
အင်မော်တယ်ဖြစ်ရန် အိပ်မက်မက်နေသူများ အခွင့်အရေးကို ထာဝရ ဆုံးရှုံးပါစေ။
အင်မော်တယ်အဆက်ဖြတ်ဆေးဆိုသည့် နာမည်က ကွက်တိပင်။
...
“ဂိုဏ်းချုပ်ကျိုး... ငါတို့ကြားမှာ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး။”
ချန်ဟွိုက်အန်က နွေးထွေးစွာ ပြုံးလိုက်ပြီး ထိတ်လန့်လွန်း၍ မျက်နှာဖြူလျော့နေသော ကျိုးရွှမ်ကျိကို အသာအယာ ထူပေးလိုက်သည်။
တကယ့်ကို သဘောကျစရာပဲ။ အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာနေပြီ။
အဂ္ဂိရတ်ဂိုဏ်းနှင့် လင်းရှီးတောင်ကြားမှတစ်ဆင့် အစပ်ချောင်းများကို ပျံ့နှံ့စေခြင်းမှာ ဓားကျောင်းတော်အတွက် ပိုက်ဆံရှာရန် သက်သက်မဟုတ်ပေ။
ချန်ဟွိုက်အန်တွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခု၊ လျို့ဝှက်ချက်တစ်ခု ရှိနေသေးသည်။
လင်းရှီးတောင်ကြားနှင့် အဂ္ဂိရတ်ဂိုဏ်းကို သူ၏ ရည်မှန်းချက်ထဲသို့ အပြီးအပိုင် ဆွဲသွင်းရန်ပင်။
အမှန်တကယ်တော့ လင်းရှီးတောင်ကြား၏ ဂိုဏ်းချုပ် ယွန်ပိုင်ယွီမှာမူ သူ၏ ဦးဆောင်မှုကို လိုက်နာရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
သို့သော် ချန်ဟွိုက်အန်က စကားသက်သက်ကို မယုံကြည်ပေ။ စကားဆိုသည်မှာ တန်ဖိုးနည်း၏။
တကယ့်သြဇာဆိုသည်မှာ အကျိုးစီးပွားနှင့် ဖိအားမှ လာခြင်းဖြစ်သည်။
ထိုဂိုဏ်းနှစ်ခုအပြင် ချင်းယွန်ဘုံရှိ အခြားဂိုဏ်းအားလုံးမှာလည်း သူ၏ပစ်မှတ်များပင်။
အရာအားလုံးမှာ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ အစပ်ချောင်းများသည် ဓားကျောင်းတော်၏ ထုတ်ကုန်များဖြစ်ပြီး အဂ္ဂိရတ်ဂိုဏ်းနှင့် လင်းရှီးတောင်ကြားမှတစ်ဆင့် ဖြန့်ဖြူးခြင်းဖြစ်ကြောင်း သူ တမင်တကာ သတင်းလွှင့်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ယောင်ချီမြင့်မြတ်နယ်မြေက ယခုအခါ ဂိုဏ်းနှစ်ခုလုံးကို အပြစ်တင်နေပြီဖြစ်သည်။
သူ ခန့်မှန်းသည်မှာ မှန်မည်ဆိုလျှင် လင်းရှီးတောင်ကြား တပည့်တစ်ဦးမှာလည်း သူတို့ထံသို့ ယောင်ချီက ဝိုင်းထားပြီဖြစ်ကြောင်း သတင်းဖြင့် မကြာမီ ရောက်ရှိလာတော့မည်။
[ ၁၀၊ ၉၊ ၈... ]
ချန်ဟွိုက်အန် စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေသည်။
[ ၇၊ ၆... ၅...]
အတိအကျပင်။
လင်းရှီးတောင်ကြားမှ အမျိုးသမီးကျင့်ကြံသူတစ်ဦး ယိုင်တိယိုင်တိုင် ဝင်လာပြီး ယွန်ပိုင်ယွီ၏ ရှေ့တွင် ဒူးထောက်လဲကျကာ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ်... သတင်းဆိုးပါ။ အခုပဲ သတင်းရပါတယ်။ ကျွန်မတို့ လင်းရှီးတောင်ကြားကို ယောင်ချီ မြင့်မြတ်နယ်မြေက ဝိုင်းထားပါပြီ။ သူတို့က ဂိုဏ်းချုပ်ကို အခုချက်ချင်း မျက်နှာချင်းဆိုင် တွေ့ချင်တယ်လို့ တောင်းဆိုနေပါတယ်...”
ချန်ဟွိုက်အန် မျက်လုံးကို အနည်းငယ် စေ့လိုက်၏။
အကောင်းဆုံးပဲ။
အရာအားလုံးက ဇာတ်တိုက်ထားသလိုပင်။ ယွန်ပိုင်ယွီမှာ ခဏတာ ကြောင်သွားပြီးနောက် ချန်ဟွိုက်အန်ကို အကူအညီတောင်းသော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။
ယောင်ချီ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အင်အားကြီး ပုဂ္ဂိုလ်များကို ရင်ဆိုင်ရာတွင် ဓားကျောင်းတော်ဘိုးဘေးသာလျှင် တောင့်ခံနိုင်သည့် အစွမ်းရှိသည် မဟုတ်ပါလား။
“စီနီယာ...”
ယွန်ပိုင်ယွီ စကားမဆုံးခင်မှာပင် ချန်ဟွိုက်အန်က မတ်တတ်ရပ်လိုက်ပြီး လက်ကို ပြတ်သားစွာ ဝှေ့ယမ်းလိုက်ကာ သူ၏ မျက်နှာမှာ တည်ကြည်သွားသည်။
“ဂိုဏ်းချုပ်ယွီ... ဘာမှ ဆက်မပြောပါနဲ့တော့။ ယောင်ချီမြင့်မြတ်နယ်မြေဟာ အတော်လေးကို မောက်မာစော်ကားပြီး တခြားဂိုဏ်းက တပည့်တွေကိုတောင် နှိပ်စက်တဲ့ ရာဇဝင်ရှိတယ်။ မင်းနဲ့ ဂိုဏ်းချုပ်ကျိုး နှစ်ယောက်လုံးဟာ ဓားကျောင်းတော်ရဲ့ မဟာမိတ်တွေပဲ။ အခု ငါ့ရဲ့ မဟာမိတ်တွေ အန္တရာယ်ကြုံနေချိန်မှာ ငါက ဓားကျောင်းတော်ဘိုးဘေး တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ...”
မိုရှုမိန်က ထိုစကားကို ကြားသောအခါ မျက်လုံးမှေးလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ တကယ့်ကို ပါးနပ်တဲ့ အကွက်ပဲ။
သူ၏ စကားမှာ တရားမျှတမှု ရှိလှသော်လည်း အဂ္ဂိရတ်ဂိုဏ်းနှင့် လင်းရှီးတောင်ကြားကို ဓားကျောင်းတော်၏ အုပ်စုထဲသို့ လူသိရှင်ကြား ဆွဲသွင်းလိုက်ခြင်းပင်။
ထို့ပြင် အခြားဂိုဏ်းများနှင့် အင်အားစုငယ်များကိုလည်း သတင်းစကားတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
ဓားကျောင်းတော်သည် မိမိလူကို မိမိ ကာကွယ်သည်။
သေချာသည်မှာ ထိုစကားက ရည်ရွယ်ထားသည့် အကျိုးသက်ရောက်မှု ရှိမရှိ ဆိုသည်မှာ ထိုဓားကျောင်းတော်ဘိုးဘေးက ယောင်ချီ၏ အင်အားစုများကို တကယ် ကိုင်တွယ်နိုင်မနိုင် အပေါ်တွင် မူတည်ပေလိမ့်မည်။
“ယောင်ချီကနေ လာတဲ့သူတွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို မင်းတို့တွေ သိလား။” ချန်ဟွိုက်အန်၏ အကြည့်မှာ သတင်းလာပို့သော တပည့်နှစ်ဦးထံသို့ ကျရောက်သွားသည်။
၎င်းမှာ သူတို့အတွက် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ရိုက်မေးမြန်းမှုကို ပထမဆုံးအကြိမ် ခံရခြင်းဖြစ်သည်။ သာမန်လူတစ်ယောက် မဟုတ်ဘဲ ကျော်ကြားလှသည့် ဓားကျောင်းတော်ဘိုးဘေး ကိုယ်တိုင်ပင်။
အခြေခံအုတ်မြစ်အဆင့် တပည့်နှစ်ဦး အလွန်တုန်လှုပ်နေသဖြင့် ကြောင်တောင်တောင်ဖြင့်သာ ရပ်နေမိကြသည်။
“ဘာစောင့်နေတာလဲ။ ဘိုးဘေး မေးတာကို ဖြေကြလေ...” ကျိုးရွှမ်ကျိက အလျင်အမြန် အော်ပြောလိုက်သည်။
“ဘိုးဘေး...” အဂ္ဂိရတ်ဂိုဏ်းတပည့်မှာ ဒူးထောက်လိုက်ပြီး ထစ်ထစ်အအဖြင့် ပြောသည်။ “ဒီတပည့်ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းလို့ သူတို့ရဲ့ အဆင့်ကို မသိနိုင်ပါဘူး။ မီးတောက် ကြာပန်းပေါ်မှာ ရပ်နေတဲ့ အနီရောင်ဝတ် အဘွားအို တစ်ယောက်ကိုပဲ မြင်ခဲ့ရပါတယ်။ သူ့ရဲ့ မှော်လက်နက်က မီးလျှံတွေ ရစ်ပတ်နေတဲ့ ယပ်တောင်တစ်ခုလို့ ထင်ရပါတယ်။”
လူအုပ်ကြီး၏ အမူအရာများ ပြောင်းလဲသွား၏။
ဂိုဏ်းချုပ်များနှင့် အကြီးအကဲများက ယောင်ချီ၏ ထင်ရှားသော ပုဂ္ဂိုလ်များကို သိကြသည်။
“ဒါ ယောင်ချီရဲ့ အကြီးအကဲချုပ်တွေထဲက တစ်ယောက်ဖြစ်တဲ့ သူတော်စင် ဟုန်လျန် ဖြစ်မယ်။” ကျိုးရွှမ်ကျိက မျက်လုံးပြူးကာ ထိတ်လန့်တကြား ပြောလိုက်သည်။ “သူက ဟင်းလင်းပြင် ပေါင်းစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ်မှာ ရှိနေတာ။ ယောင်ချီက သူ့လိုလူမျိုးကို လွှတ်လိုက်တယ်ဆိုမှတော့ ကျွန်တော်တို့ ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။”
သတ္တမအဆင့် အထွတ်အထိပ်။
ချန်ဟွိုက်အန် နှာခေါင်းရှုံ့လိုက်သည်။ လမ်းဘေးက ဘော့စ်တစ်ကောင်ပါပဲ။
သူက လင်းရှီးတောင်ကြား တပည့်ဘက်သို့ လှည့်လိုက်သည်။ “မင်းတို့ဘက်ကကော။ ဘယ်သူ လာတာလဲ။”
“ဘိုးဘေး၊ တိမ်တိုက်တွေပေါ်မှာ ရပ်နေတဲ့ ပုံရိပ်အချို့ကို မြင်ခဲ့ရပါတယ်။ သူတို့ကို ဦးဆောင် လာတာက အဝါနုရောင် ဝတ်စုံဝတ် အမျိုးသမီး ကျင့်ကြံသူတစ်ဦးပါ။ သူရဲ့ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ဒါပေမဲ့ သူက ရောင်စုံတိမ်တိုက်တွေပေါ် ရပ်နေပြီး သူ့ဘေးမှာ သမင်ဖြူတစ်ကောင် ရှိပါတယ်။ သူရဲ့ လက်နက်ကတော့ ပလွေရှည်တစ်ချော်း ထင်တယ်။”
“သမင်ဖြူနဲ့ပလွေ...” ယွန်ပိုင်ယွီက ခါးသီးသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
“ဒါ ယောင်ချီရဲ့ ချုံးယင်ကျောင်းတော် အကြီးအကဲ ပလွေနတ်မိမယ် ဖြစ်ရမယ်။ သူရဲ့ အဆင့်က သူတော်စင် ဟုန်လျန်နဲ့ တန်းတူပေမဲ့ ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀ကတည်းက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်ကို ရောက်နေတာ...”
“ဒါဆို အခု ငါတို့က သတ္တမအဆင့် အထွတ်အထိပ်တစ်ယောက်နဲ့ အဋ္ဌမအဆင့်အတု တစ်ယောက်ကို ရင်ဆိုင်ရမှာပေါ့။”
ချန်ဟွိုက်အန် ရှေ့သို့ နှစ်လှမ်း တက်လိုက်သည်။ သူ၏ ငွေပြာရောင် ဆံပင်များမှာ လေထဲတွင် ဝေ့ယမ်းနေပြီး ဝတ်ရုံမှာလည်း ပြင်းထန်သော ဓားစွမ်းအင်များဖြင့် တုန်ခါနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ဆဋ္ဌမအဆင့် ကျင့်ကြံမှုမှာ လေထဲသို့ ပေါက်ကွဲထွက်လာတော့သည်။
“အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်...” ကျိုးရွှမ်ကျိက စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း နံရံကို အားပြုမှီလိုက်သည်။ “စီနီယာ... ဒါကို လက်လျှော့လိုက်ရင် ကောင်းမလား။ ကျွန်တော်တို့ သူတို့ အဆင့်က လူတွေကို မယှဉ်နိုင်ဘူး။ ပြီးတော့လည်း... ယောင်ချီက ရန်လာစတာ ဟုတ်ချင်မှ ဟုတ်မှာ...”
“မိုက်မဲပြီးတော့ အကောင်းမြင်လွန်းတဲ့ အတွေးပဲ။ မင်းကိုယ်တိုင်ကော အဲဒါကို ယုံလို့လား။” ချန်ဟွိုက်အန်၏ မျက်ဝန်းများမှာ အေးစက်သောအလင်းများဖြင့် တောက်ပနေပြီး လှောင်ပြုံး ပြုံးလိုက်သည်။
“ဟဲဟဲ။ သတ္တမအဆင့်နဲ့ အဋ္ဌမအဆင့် နှစ်ယောက်တည်းကိုတင် မင်းတို့က စိတ်ဓာတ် ကျနေပြီလား။”
“ဒါဆိုလည်း ကောင်းပြီလေ…”
လူတိုင်းက ဇဝေဇဝါဖြင့် စိုက်ကြည့်နေကြသည်။
ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။
ထို့နောက် သူ၏အရှိန်အဝါများမှာ မြင့်တက်လာပြီး ၎င်းကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။
“ဒီသခင်က... အခုပဲ အဆင့်တက်တော့မယ်...”
....