ထပ်ပြီးတော့ ရေစက်ပါပြန်ပြီ
Vol. 31 Ch. 308
ဓားကျောင်းတော်ဘိုးဘေး၏ ကျင့်ကြံမှုမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ဆဋ္ဌမအဆင့်ကို ကျော်လွန်ကာ အရှိန်အဝါများ လျင်မြန်စွာ မြင့်တက်လာသည်ကို လူတိုင်း စောင့်ကြည့် နေကြသည်။
ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် လိမ်တွန့်ကာ အက်ကွဲသံများပင် ထွက်ပေါ်လာတော့သည်။
“ဒါ ဘယ်လိုကျင့်ကြံမှုအဆင့်မျိုးလဲ...”
“ပြောရခက်တယ်၊ ဒါပေမဲ့ ဒီအရှိန်အဝါအရဆိုရင် အနည်းဆုံးတော့ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် လောက်မှာ ရှိနေမှာ...”
“ဘိုးဘေးဆိုတဲ့အတိုင်း... တကယ့်ကို အံ့မခန်းပါပဲ...”
ထိုအသက်ရှူကြပ်စေသော ဖိအားမှာ ဆယ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့သည်။
ထို့နောက် ချန်ဟွိုက်အန်၏မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး အဋ္ဌမအဆင့်ကို ပိတ်လိုက်ကာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမအဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။
အမှန်စင်စစ်တော့ ထိုငှားရမ်းထားသော အဆင့်များကို ထိန်းသိမ်းထားရခြင်းမှာ မသက်သာလှပ။ အဋ္ဌမအဆင့်အတွက် တစ်မိနစ်လျှင် သိန်း၃၀၀၀နှင့် ဝိညာဉ်ပုံဆောင်ခဲ ၃၀ ပေးရသည်။ သတ္တမအဆင့်ဆိုလျှင် သိန်း၂၀၀၀၊ ဆဋ္ဌမအဆင့်ဆိုလျှင် သိန်း၁၅၀၀နှင့် ပဉ္စမအဆင့်မှာပင် တစ်မိနစ်လျှင် သိန်း ၈၀၀ခန့် လောင်ကျွမ်းနေသည်။
စိတ်ဝင်စားစရာ အချက်တစ်ခုမှာ သူ အခြေခံအုတ်မြစ်အဆင့် ရောက်ရှိပြီးကတည်းက သူ၏ ပုံသေအဆင့်ဖြစ်သော ပထမအဆင့်အတွက် ထိန်းသိမ်းခမှာ တစ်မိနစ်လျှင် ၁၀သိန်းမှ ၅ သိန်းသို့ လျော့ကျသွားခဲ့သည်။ ပဉ္စမအဆင့်အောက်ရှိ အဆင့်များအတွက် ကုန်ကျစရိတ်များမှာလည်း အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားသည်။ ထိုအချက်မှာ သူ၏ တကယ့်ကျင့်ကြံမှု မြင့်တက် လာလေလေ၊ ထိုချင်းယွန်ဘုံရှိ ကိုယ်ပွားခန္ဓာကို ထိန်းသိမ်းရသည့် ကုန်ကျစရိတ်မှာလည်း လျော့နည်းလာလေလေ ဖြစ်မည်ဟု ဆိုလိုပုံရသည်။
မဟုတ်လျှင်တော့ ထိုနှုန်းအတိုင်းဆိုလျှင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပင် ဖြစ်နေပါစေဦးတော့၊ သူ၏ စိတ်ဝိညဉ်ချီစွမ်းအင် လောင်ကျွမ်းမှုကို လိုက်မီနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆယ်စက္ကန့်လောက် ကြွားလိုက်ရသည်နှင့်ပင် လုံလောက်နေလေပြီ။
တကယ့်တိုက်ပွဲအတွက်သာ အစွမ်းများကို ချွေတာထားခြင်းက ပိုကောင်းလိမ့်မည်။ ယခုတော့ ဟန်ရေးပြခြင်းကို ရပ်လိုက်ရအောင်ပါ။
“ဘိုးဘေးရဲ့ အရှိန်အဝါက ဘာလို့ ရုတ်တရက်ကြီး ပြန်အားနည်းသွားတာလဲ။”
ဇဝေဇဝါဖြစ်နေသော အသံအချို့ တိုးတိုးလေး ထွက်ပေါ်လာ၏။
“မင်းတို့ နားမလည်ပါဘူး။ ဘိုးဘေးက သူ့ရဲ့ အရှိန်အဝါကြောင့် ငါတို့ကို ထိခိုက်မှာစိုးလို့ အားလျှော့လိုက်တာကွ... အဲဒါ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်လေ။ သူသာ အစွမ်းအကုန်သုံးပြီး လျှောက်သွားနေရင် ဓားကျောင်းတော်ကြီးတောင် ပြိုကျသွားနိုင်တယ်...”
“ဪ... အဲလိုကိုး...” ကျင့်ကြံသူ အများအပြားမှာ မျက်ရည်ကျမတတ် စိတ်လှုပ်ရှား သွားကြသည်။ “ဘိုးဘေးက ငါတို့အတွက် တကယ်ကို ငဲ့ညှာပေးတာပဲ...”
ချန်ဟွိုက်အန်၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ခိုတွဲနေ၏။
တကယ့်ကို သဘောကျစရာပဲ။ ပညာရှိတွေက ငါပြောစရာမလိုဘဲ အကြောင်းပြချက်တွေ ရှာပေးနေကြတယ်။
“စကားတွေ အပိုပြောမနေနဲ့တော့။ အပြင်မှာ လင်းရှီးတောင်ကြား ရောက်နေပြီ။ ဒီသခင် အရင်သွားပြီး ရှင်းလိုက်ဦးမယ်။”
သူက လက်ချောင်းနှစ်ချောင်းကို ဓားကဲ့သို့ စုလိုက်ပြီး ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်း တစ်ခုကို ပိုင်းဖြတ်လိုက်သည်။ ထို့နောက် စုဝေးနေကြသော ကျင့်ကြံသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဘယ်သူ လိုက်ကြည့်ချင်သေးလဲ။”
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းခါလိုက်ကြသည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် တိုက်ပွဲကို ကြည့်ရှုခြင်းမှာ ကျင့်ကြံမှုအတွက် ထိုးထွင်း သိမြင်မှုကို မြင့်တက်စေနိုင်သော်လည်း အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်လည်း ရှိနေသည် မဟုတ်ပါလား။
“ဒါဆိုလည်း ဒီကနေပဲ ကြည့်ကြတော့။”
ချန်ဟွိုက်အန် လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ကြီးမားသော သလင်းကျောက်ကြေးမုံ တစ်ခု ပေါ်လာသည်။ ထိုမှန်ချပ်ထဲတွင် လင်းရှီးတောင်ကြား၏ မြင်ကွင်းကို တိုက်ရိုက်ပြသနေပြီး မည်းမှောင်နေသော တိမ်တိုက်များနှင့် ပုံရိပ်အချို့ကို ဝေဝေဝါးဝါး မြင်နေရသည်။
သူက ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ လှမ်းဝင်လိုက်ရာ ကြေးမုံထဲတွင် သူ၏ပုံရိပ် ချက်ချင်း ပေါ်လာတော့သည်။
သူသည် တစ်ချိန်က တိုက်ရိုက်ထုတ်လွှင့်ခြင်းကို အနည်းငယ် လေ့လာခဲ့ဖူးသဖြင့် အကောင်းဆုံး ကင်မရာရှုထောင့်ကို မည်သို့ရှာရမည်ကို ကောင်းကောင်းသိသည်။ ရှေ့တွင် ဖြစ်ပျက်နေသော အခြေအနေကိုလည်း ပြသနိုင်သလို၊ သူ၏ အဆမတန် ခန့်ညားသော ဘေးတိုက်ပုံရိပ်နှင့်အတူ လေထဲတွင် ဝေ့ယမ်းနေသည့် နှင်းဖြူရောင် ဆံပင်များကိုပါ မြင်ရသည့် ထောင့်မျိုးကို ရွေးချယ်လိုက်သည်။
ပြီးပြည့်စုံသွားလေပြီ။
၎င်းက ကြည့်နေသော ဂိုဏ်းသားတိုင်းကို ဆွဲဆောင်နိုင်မည်မှာ သေချာသည်။
...
လင်းရှီးတောင်ကြား၏ ဂိုဏ်းအကာအကွယ် အစီအရင် အပြင်ဘက်၌။
အတွင်းမှ မည်သူမျှ ထွက်မလာသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ပလွေနတ်မိမယ်ဟု လူသိများသော သူတော်စင် ချုံးဟွာက စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးနေလေပြီ။
“ယွန်ပိုင်ယွီ... နင့်ကို ငါ နောက်ထပ် သုံးစက္ကန့်ပဲ အချိန်ပေးမယ်။”
“အဲဒီအချိန်အထိ ထွက်မလာရင်တော့ လင်းရှီးတောင်ကြား တောင်တံခါးကို ဖျက်ဆီးပစ်တာ ငါ့ကို အပြစ်မတင်နဲ့...”
တောင်ကြားအတွင်းရှိ အမျိုးသမီးကျင့်ကြံသူများမှာ သူတို့၏ ကျင့်ကြံဆောင် အသီးသီးတွင် တုန်တုန်ရီရီဖြင့် ပုန်းအောင်းနေကြသည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ၏ ဖိအားမှာ တောင်ကြားတစ်ခုလုံးကို လွှမ်းမိုးထား၏။ စိတ်ဝိညဉ်ချီစွမ်းအင်များ ကြွယ်ဝသင့်သော နေရာမှာ အခုတော့ သေလုမတတ် တိတ်ဆိတ်နေသည်။ လေထုမှာ ထူထဲကာ စေးကပ်နေပြီး စိတ်ဝိညဉ်ချီစွမ်းအင် စီးဆင်းမှုပင် ရပ်တန့်နေသကဲ့သို့ ခံစားရသည်။
“သုံး...”
ချုံးဟွာက ခါးမှ ပလွေရှည်ကို ဆွဲထုတ်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် ဝိညာဉ် အလင်းတန်းများ တောက်ပလာပြီး အရှိန်အဝါမှာ နောက်ထပ်တစ်ဆင့် မြင့်တက်လာသည်။ သူ၏ နောက်ကျောတွင် ဝေဝေဝါးဝါး ပုံရိပ်ယောင်တစ်ခု ပေါ်လာတော့သည်။
“နှစ်...”
သူ၏ အကြည့်များက လင်းရှီးတောင်ကြားဆီသို့ စိုက်ကြည့်နေသည်။
ပလွေကို သူ၏ နှုတ်ခမ်းဆီသို့ ပင့်တင်လိုက်ပြီး မှုတ်ရန် အသင့်ပြင်လိုက်သည်။
“တစ်...”
သူ၏ နောက်ကျောဘက်မှ အေးစက်ကာ ပြုံးယောင်သန်းနေသော အသံတစ်သံ ထွက်ပေါ်၍ လာသည်။
“ဘယ်သူလဲ...” ချုံးဟွာ အမှန်တကယ်ပင် ထိတ်လန့်သွားပြီး မျက်နှာဖြူလျော့သွားသည်။ သူ အော်လိုက်သည်နှင့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ တစ်စုံတစ်ယောက် သူ့နောက်သို့ မည်သည့်အသံမျှ မထွက်ဘဲ ကပ်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို မည်သို့ ကျင့်ကြံမှုအဆင့်မျိုးမှ လုပ်နိုင်သနည်း။
သူ လှည့်ကြည့်လိုက်ရာ တိမ်တိုက်များအထက်တွင် ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
ထိုလူ ခြေတစ်လှမ်း လှမ်းလိုက်ရာ...
ရုတ်တရက်ဆိုသလို သူ၏ ရှေ့တည့်တည့်တွင် ရောက်ရှိလာတော့သည်။
မင်ရည်ကဲ့သို့ နက်မှောင်သော ဝတ်ရုံ၊ နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်၊ ခါးတွင်လည်း မြွှာနှစ်လက်ကို ချိတ်ဆွဲထား၏။
ထိုသူ၏ ခန့်ညားလွန်းသော မျက်နှာက နှစ်ပေါင်းထောင်ချီကြာ တည်ငြိမ်နေခဲ့သည့် ချုံးဟွာ၏ တာအိုစိတ်နှလုံးကိုပင် မငြိမ်မသက် ဖြစ်သွားစေသည်။
ထိုသူမှာ မည်သူဖြစ်ကြောင်းမှာ ထင်ရှားလှသည်။
သူကတော့ တခြားသူမဟုတ်၊ လျို့ဝှက်ဆန်းကြယ်လှသော ဓားကျောင်းတော်ဘိုးဘေး ချန်ဟွိုက်အန်ပင် ဖြစ်လေသည်။
“ဒါဆို ရှင်က... ဓားကျောင်းတော်ဘိုးဘေး ချန်ဟွိုက်အန်ပေါ့။” ချုံးဟွာ၏ စိတ်ထဲတွင် အံ့သြမှုနှင့် ဝမ်းသာမှုတို့ ရောယှက်နေသည်။
ဝမ်းသာရခြင်းမှာ သူ အသည်းအသန် ရှာဖွေနေရသည့် ပစ်မှတ်ကို အလွယ်တကူ ရှာတွေ့ လိုက်သောကြောင့် ဖြစ်သည်။
အံ့သြရခြင်းမှာ သူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမအဆင့်သာ ပြသထားသော်လည်း သူ၏ နောက်သို့ မည်သည့်သတိပေးချက်မျှ မရှိဘဲ ရောက်လာနိုင်ခဲ့သောကြောင့် ဖြစ်သည်။
တခြား မည်သည့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကိုမဆို မိုင်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ အကွာကတည်းက သူ အာရုံခံနိုင်ခဲ့မည်မှာ သေချာသည်။
သို့သော်လည်း ချုံးဟွာ တုန်လှုပ်မသွားပေ။
ဓားကျောင်းတော်ဘိုးဘေး၏ ကျင့်ကြံမှုမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် ဝန်းကျင်မှာသာ ရှိကြောင်း အားလုံးက သိထားကြပြီး၊ သူ၏ အဋ္ဌမအဆင့်နှင့် ယှဉ်လျှင် အလှမ်းဝေးလှသည်။ သူက ဓားကျောင်းတော်ဘိုးဘေးကို လက်ချောင်းတစ်ချက် တွန်းလိုက်ရုံနှင့်တင် နှိမ်နင်းနိုင်လိမ့်မည်ဟု ထင်နေသည်။
သူတော်စင် ယွိယောင်က သူနှင့် သူတော်စင် ဟုန်လျန်တို့ကို ရွေးချယ်ခဲ့ခြင်းမှာလည်း လင်းရှီးတောင်ကြားဂိုဏ်းချုပ်နှင့် အဂ္ဂိရတ်ဂိုဏ်းချုပ်တို့ကို အလွယ်တကူ ထိန်းချုပ်နိုင်ရန် ဖြစ်သည်။
မှန်ပေသည်။ ချန်ဟွိုက်အန်၏ ပဉ္စမအဆင့်ကျင့်ကြံမှုမှာ ကိုယ်ပွားခန္ဓာတစ်ခုမျှသာဖြစ်ပြီး သူ၏ တကယ့်ကိုယ်ထည်မှာ ခန့်မှန်းရခက်လောက်အောင် အစွမ်းထက်သည်ဟု ကောလာဟလများ ရှိခဲ့သော်လည်း သူကတော့ မယုံကြည်ပေ။
ဘာလို့လဲ ဟုတ်လား။
ဘာလို့လဲဆိုတော့ ဓားကျောင်းတော်မှာ ယောင်ချီရော၊ ဖန်ကျင်း မြင့်မြတ်နယ်မြေမှာပါ ရန်သူတွေ ရှိနေလို့ပဲ။ တကယ်လို့ ချန်ဟွိုက်အန်က တကယ်ပဲ မဟာအဆင့်တက်လှမ်းခြင်း ကျင့်ကြံသူသာ ဖြစ်ခဲ့ရင် ဘာလို့ ပုန်းရှောင်နေမှာလဲ။ သူ ချက်ချင်းပဲ စစ်ကြေညာမှာပေါ့။
ထို့ကြောင့် ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဉ္စမအဆင့်မှာ သူ၏ တကယ့်ကိုယ်ထည် ဖြစ်ရမည်၊
၎င်းက အမှန်ဆိုရင်တော့ သူ ထိုမျှလျင်မြန်စွာ အဆင့်တက်လာနိုင်စရာ အကြောင်းမရှိပေ။
“ဒီသခင်က ဓားကျောင်းတော်ဘိုးဘေးပဲ...” ချန်ဟွိုက်အန်က ကြင်နာစွာ ပြုံးလျက် ပြောလိုက်သည်။ “ဒီနေ့ လမ်းလျှောက်ဖို့ အပြင်ထွက်လာတာ... ယောင်ချီက နတ်သမီးတစ်ပါးနဲ့ ဆုံမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ တကယ်ပဲ ထပ်ပြီးတော့ ရေစက်ပါပြန်ပြီ...”
“ရေစက်” ဆိုသည့် စကားလုံးက ချုံးဟွာကို သိပ်ပြီး မလှုပ်ခတ်စေပေ။
သို့သော်လည်း ကမ္ဘာငယ်လေးထဲတွင်တော့ ဓားကျောင်းတော်ဂိုဏ်းချုပ် စုချီနျန်က ရုတ်တရက် သူ့ပေါင်သူပုတ်ကာ တဟားဟား ရယ်မောလိုက်တော့သည်။ “ဟားဟားဟား... ဒါပဲ။ ချုံးဟွာတော့ အလုပ်ခံရတော့မယ်...”
“ဂိုဏ်းချုပ်စု၊ ဘာလို့ အဲလိုပြောရတာလဲ။” ဓားဂိုဏ်းချုပ်က စူးစမ်းစွာ မေးလိုက်သည်။ “သူ့စကားက တော်တော်လေး ယဉ်ကျေးပုံရပါတယ်။ ညှိနှိုင်းဖို့ ကြိုးစားနေသလိုပဲ။”
“အော်မီတော်ဖော်...” ဇန်ဂိုဏ်းချုပ် ဖန်းကျိက လက်အုပ်ချီရင်း ဆိုသည်။ “ချုံးဟွာက အစွမ်းထက်တယ်။ စီနီယာချန်ဟာ ပဋိပက္ခကို ရှောင်ချင်လို့ နေမှာပါ။ မတိုက်ခိုက်ဘဲနဲ့ ရန်သူကို နှိမ်နင်းနိုင်တာက အမြင့်ဆုံး နည်းဗျူဟာပဲ မဟုတ်ဘူးလား။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလို လုံးဝမဟုတ်ဘူး...” စုချီနျန်က ခေါင်းကို တတွင်တွင်ခါရင်း ရှင်းပြဖို့ ပြင်လိုက်စဉ်မှာပင်...
တစ်စုံတစ်ယောက်က ကြားဖြတ်ပြောလိုက်သည်။ “ဟဲဟဲ။ အဲဒါကို ကျွန်တော် သိတယ်...”
အဂ္ဂိရတ်ဂိုဏ်းချုပ်က ယပ်တောင်ကို ဖျပ်ခနဲ ပိတ်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် မောက်မာစွာ ပြောလိုက်သည်။
“ခင်ဗျားတို့ နားမလည်ကြဘူး။ ဘိုးဘေးက တစ်ခုခုနဲ့ ရေစက်ပါတယ်လို့ ပြောပြီဆိုရင် အဲဒီအရာက ကံဆိုးမိုးမှောင်ကျတော့မှာပဲ။”
“ဥပမာဆိုရင် တစ်ခါက သူက ကျွန်တော့်ရဲ့ ဆေးဖိုအိုးနဲ့ ရေစက်ပါတယ်လို့ ပြောခဲ့ဖူးတယ်။ ပြီးတော့ သူက အဲဒါကို... အင်း... ခဏ ငှားသွားလိုက်တာပဲ။”
“အင်း... ကျွန်မတို့ လင်းရှီးတောင်ကြားလည်း အတူတူပါပဲ။” ယွန်ပိုင်ယွီက သက်ပြင်းချရင်း ခေါင်းညိတ်လိုက်သည်။ “အရင်အခေါက်က သူ လင်းရှီးတောင်ကြားနဲ့ ရေစက်ပါတယ်လို့ ပြောပြီး လက်ကို မြှောက်လိုက်ရုံနဲ့ တောင်တံခါးကို အလယ်ကနေ ပိုင်းဖြတ်ပစ်လိုက်တာ။ အခုထိ တောင်ကြား တစ်ခုလုံးမှာ ဓားရာကြီး ကျန်နေတုန်းပဲ။”
“တော်မီတော်ဖော်... ဒါကို သူက ရေစက်လို့ ခေါ်တာကိုး...” ဘုန်းတော်ကြီး ဖန်းကျိက နှုတ်ခမ်းသပ်လိုက်မိသည်။ ဇန်ဂိုဏ်းက ရေစက်အကြောင်း ပြောရသည်ကို ဝါသနာပါသော်လည်း ဓားသခင်ချန်နှင့် ယှဉ်လျှင်တော့ ကလေးကစားစရာသာ ဖြစ်သွားပေလိမ့်မည်။
စုဝေးနေသော ကျင့်ကြံသူ အားလုံးမှာ ဆွံ့အသွားကြ၏။
တစ်ချိန်တည်းမှာပင် ကြေးမုံထဲရှိ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အင်အားကြီးပုဂ္ဂိုလ် နှစ်ဦးကြားက တင်းမာမှုမှာ ဓားသွားပေါ် လမ်းလျှောက်နေရသကဲ့သို့ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
....