← Chapters

အဋ္ဌမအဆင့်ကို အပိုင်းပိုင်းဖြတ်လိုက်သောဓား

Vol. 31 Ch. 309

အဋ္ဌမအဆင့်ကို အပိုင်းပိုင်းဖြတ်လိုက်သောဓား

Vol. 31 Ch. 309

“ဓားကျောင်းတော်ဘိုးဘေး... ရှင်က ကျွန်မတို့ မြင့်မြတ်နယ်မြေရဲ့ အကြီးအကဲ ၇ယောက်ကို သတ်ခဲ့တယ်။ အခု အေးအေးဆေးဆေးပဲ ယောင်ချီ မြင့်မြတ်နယ်မြေကို လိုက်ခဲ့မယ်ဆိုရင် ဝေဒနာ သိပ်မခံစားရအောင် လုပ်ပေးနိုင်တယ်။ မဟုတ်ရင်တော့...” သူတော်စင် ချုံးဟွာက သူ၏ ပလွေကို နှုတ်ခမ်းဆီသို့ မြှောက်လိုက်ပြီး မျက်ဝန်းများထဲ သတ်ဖြတ်လိုသော အလင်းတန်းများ လက်ခနဲ ပေါ်လာကာ သူ၏ လေသံမှာလည်း သိသိသာသာ ခြိမ်းခြောက်နေတော့သည်။

ချန်ဟွိုက်အန် ဘာမှပြန်မပြောဘဲ ဓားကို ရင်ခွင်ထဲပိုက်ကာ ငြိမ်သက်စွာ ရပ်နေမြဲ ရပ်နေသည်။

သူတော်စင် ချုံးဟွာ၏ သတ်ဖြတ်လိုသော အရှိန်အဝါများရှေ့တွင် သူက လေထဲရှိ စိမ်းလန်းသော ထိုင်ပင်တစ်ပင်ကဲ့သို့ပင် တည်ငြိမ်နေပြီး သူကို လုံးဝ မလှုပ်မယှက်ဘဲ စိုက်ကြည့်နေသည်။

လင်းရှီးတောင်ကြားအထက်ရှိ ကောင်းကင်ယံမှာ ပို၍ မှောင်မိုက် အုံ့မှိုင်းလာသည်။ ရုတ်တရက် တိုက်ခတ်လာသော လေပြင်းကြောင့် တောင်ကြားရှိ မက်မွန်ပင်များမှာ သိမ့်သိမ့်တုန် သွားတော့သည်။

ပွင့်သစ်စ ပန်းလေးများမှာ သစ်ရွက်များအောက်တွင် ကွယ်ဝှက်နေကြသော်လည်း မြေပြင်ပေါ်ရှိ ကြွေကျနေသော ပန်းပွင့်ဖတ်လေးများမှာမူ လေထဲသို့ လွင့်ပါးသွားပြီး ရောင်စုံမုန်တိုင်းတစ်ခု အဖြစ် ဝဲပျံနေကြသည်။

သူတော်စင်ချုံးဟွာ၏ စိတ်ရှည်နိုင်စွမ်းမှာ အဆုံးစွန်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူက ဓားကျောင်းတော်ဘိုးဘေး၏အဖြေကို ဆက်မစောင့်တော့ဘဲ အေးစက်သော ပလွေဝတွင် နှုတ်ခမ်းကို တေ့ကာ အသာအယာ မှုတ်လိုက်တော့သည်။

ဝူး...

ပလွေသံမှာ သာယာနာပျော်ဖွယ် မရှိဘဲ စစ်တလင်းမှ သေမင်းတမန် ခေါင်းလောင်းသံနှင့် ပိုတူနေသည်...

ခဏချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး သွေးကဲ့သို့ နီရဲသွားတော့သည်။

တိမ်တိုက်များထဲမှ ချပ်ဝတ်တန်ဆာဝတ်ထားသော အလောင်းကောင်များစွာက စုတ်ပြတ်သတ် နေသော်လည်း လက်နက်များကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ သွေးစွန်းသော စစ်တပ်ကြီး တစ်ခုအဖြစ် ချန်ဟွိုက်အန်ဆီသို့ ဒီရေလှိုင်းကဲ့သို့ ဟိန်းဟောက်၍ ပြေးဝင်လာကြ၏။

ထိုထောင်သောင်းချီသော စစ်တပ်ကြီး၏ အထက်တွင် အတိုင်းအဆမရှိသော သတ်ဖြတ်လိုသော အရှိန်အဝါများမှာ လျင်မြန်စွာ လည်ပတ်နေသော မြှားတိုများအဖြစ်သို့ ကူးပြောင်းသွားကြသည်။

ထိုမြှားတစ်စင်းမှာ ငှက်အုပ်တစ်ခုကို ဖြတ်သန်းသွားရာ ငှက်များမှာ မြှားနှင့် မထိတွေ့ရ သေးခင်မှာပင် ဖုန်မှုန့်များအဖြစ် လွင့်စင်ပျက်စီးသွားကြသည်။

လင်းရှီးတောင်ကြားမှ တပည့်များမှာ ဓားသခင် ချန်ဟွိုက်အန်က ကူညီရန် ရောက်လာသည်ကို သိကြသည်။

၎င်းတို့သည် ဂိုဏ်းအကာအကွယ် အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး ချန်ဟွိုက်အန်ကို ကာကွယ်ပေးကာ တိုက်ခိုက်မှုအချို့ကို ခုခံပေးနိုင်ရန် မျှော်လင့်နေကြသည်။

သို့သော် နားကွဲလုမတတ် ဟိန်းသံကြီးတစ်ခုနှင့်အတူ...

ဘုန်း...

အစီအရင်မှာ တိုက်ခိုက်ခံရသည်နှင့် တစ်စက္ကန့်ပင် မခံဘဲ အစိတ်စိတ်အမွှာမွှာ ကွဲအက်၍ သွားတော့သည်။

တောင်တန်းများအတွင်း ဝှက်ထားသော အစီအရင်အမြုတေအားလုံး ပျက်စီးသွားပြီး မြှုပ်နှံထားသော ဝိညာဉ်ကျောက်တုံးများမှာလည်း အစအနများအဖြစ် ပေါက်ကွဲထွက်ကုန်သည်။

သတ်ဖြတ်လိုသော မြှားများ ဖြစ်ပေါ်လာသည့် အချိန်မှစ၍၊ ကာကွယ်ရေးအစီအရင် ပျက်စီး၍ သွားခြင်းနှင့် သွေးစွန်းသော စစ်တပ်ကြီး ရောက်ရှိလာခြင်းအထိ...

ချန်ဟွိုက်အန်၏ အမူအရာမှာ လုံးဝ ပြောင်းလဲခြင်း မရှိပေ။

ကမ္ဘာငယ်လေးထဲတွင်မူ ချန်ဟွိုက်အန်၏ နောက်ကျောဘက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော ရေငွေ့ဖြင့် ပြုလုပ်ထားသည့် ပုံရိပ်တစ်ခုကို အားလုံးက မြင်တွေ့ နေရသည်။

ထိုပုံရိပ်ယောင်မှာ တင်ပလ္လင်ခွေ ထိုင်နေပြီး ဓားကို ဒူးပေါ်တင်ထားကာ မျက်လုံးများကို အသာအယာ မှိတ်ထားသဖြင့် ငိုက်မြည်းနေသည့်အလား ထင်ရသည်။

ရုတ်တရက် ချန်ဟွိုက်အန် ပတ်ဝန်းကျင်ရှိ ငြိမ်သက်နေသော လေထုမှာ သက်ဝင် လှုပ်ရှားလာသည်။ သူ၏ မီးခိုးရောင် ဆံပင်ရှည်များမှာ သူ၏ အနက်ရောင် ဝတ်ရုံပေါ်တွင် စမ်းရေ စီးသကဲ့သို့ လွင့်မျောနေသည်။

“ငါ တစ်ခါက ရှင်းလင်နဲ့အတူ အေးအေးလူလူ အရက်သောက်ခဲ့တယ်၊ ငါ့ရဲ့ ဓားကို ဆွဲထုတ်ပြီး ဒူးပေါ်တင်ပြီး အနားယူခဲ့တယ်...”

ဝေးလံကာ ဆန်းကြယ်သော အသံတစ်သံ ကောင်းကင်ယံမှ လွင့်ပျံ့လာ၏။

ချန်ဟွိုက်အန်၏ ခါးမှ ဓားနှင့် သူ့နောက်ကွယ်ရှိ ပုံရိပ်ယောင်၏ ဓားတို့မှာ တပြိုင်နက် တုန်ခါလာကြသည်။

ဓားသွားများမှာ ၎င်းတို့၏ ဓားအိမ်များကို အပြင်းအထန် ရိုက်ခတ်နေကြပြီး၊ သွေးနီရောင် အလင်းတန်း မှိန်မှိန်လေးများမှာ ဓားများ ဆွဲထုတ်ခံရဖို့ မစောင့်နိုင်တော့သည့်အလား ယိုစိမ့်၍ ထွက်ပေါ်လာသည်။

သွေးဆာလောင်မှုမှာ လက်တွေ့ဆုပ်ကိုင်၍ ရနိုင်လောက်အောင်ပင် ထင်ရှားလှသည်။

ပလွေသံနှင့်အတူ သွေးစွန်းသော စစ်တပ်ကြီး ကပ်ပါလာချိန်မှာပင်...

ချွမ်း...

ကြေးခွံနက်ဓားနှင့် ပုံရိပ်ယောင်၏ အရှေ့မှ ဓားတို့မှာ တပြိုင်နက်တည်း ဆွဲထုတ်ခြင်း ခံလိုက်ရသည်။

ဓားသွားနှစ်စင်းမှာ တစ်စင်းတည်းအဖြစ် ပေါင်းစပ်သွားပြီး တောက်ပလှသော နှင်းဖြူရောင် ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်...

ဓားအလင်းတန်းမှာ စစ်တပ်နှင့် ထိပ်တိုက်တွေ့သွားပြီး ၎င်းတို့ကို ရပ်တန့်သွားစေကာ ရေခဲပေါ်သို့ ချော်ရည်များ လောင်းချလိုက်သကဲ့သို့ အရည်ပျော်သွားစေသည်။

သူတော်စင် ချုံးဟွာမှာ ချန်ဟွိုက်အန်က တိုက်ခိုက်မှုကို ခုခံနိုင်သည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ သူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ပလွေကို ပို၍မြန်မြန်နှင့် ပို၍ အသည်းအသန် မှုတ်တော့သည်။

သို့သော် နောက်ကျသွားလေပြီ။

ဓားအလင်းတန်းမှာ သွေးစွန်းသော စစ်တပ်ကြီးကို ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ထိုးဖောက်၍ သွားခဲ့သည်။

နောက်ဆုံးတွင် တိုက်ကွက်တစ်ခုလုံးကို ဖောက်သွားပြီး သွေးနီရောင် ကောင်းကင်ယံတွင်ပင် ငွေဖြူရောင် အစင်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

၎င်းမှာ ကောင်းကင်ကြီးကိုပင် ဓားတစ်ချက်တည်းနှင့် ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။ သွေးနီရောင် ကန့်လန့်ကာကြီးမှာ ဓားချီကြောင့် ပြုတ်ကျသွားပြီး နောက်ကွယ်ရှိ တကယ့်ကောင်းကင်ယံကို ပြန်လည် မြင်တွေ့လာရသည်။

ချန်ဟွိုက်အန်မှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သော်လည်း သူ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်မှာမူ အနည်းငယ် လိမ်တွန့်နေပြီး ကမ္ဘာငယ်လေးတစ်ခု၏ ပုံရိပ်ယောင် ပေါ်ထွက်လာသည်။

“ဟင်းလင်းပြင်ပေါင်းစည်းခြင်း... အဋ္ဌမအဆင့်...”

သူတော်စင် ချုံးဟွာ၏ အသံမှာ တိုးဝင်သွားပြီး မျက်လုံးသူငယ်အိမ်များ တုန်ရီသွားသည်။

သူကိုယ်တိုင်မှာလည်း ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်တွင် ရှိနေသူ ဖြစ်ပြီး အထွတ်အထိပ်အဆင့်တွင် ဖြစ်သည်။

သို့သော် သူက ချန်ဟွိုက်အန်အပေါ် ကြောက်ရွံ့ခြင်းထက် ဇဝေဇဝါဖြစ်မှုနှင့် တုန်လှုပ်မှုကိုသာ ပိုမိုခံစားနေရသည်။ ထိုဓားကျောင်းတော်ဘိုးဘေးက မည်ကဲ့သို့ ပဉ္စမအဆင့်မှ အဋ္ဌမအဆင့်သို့ ထိုမျှ လျင်မြန်စွာ ခုန်တက်နိုင်ရသနည်း။

လူတစ်ယောက်က တကယ်ပင် ထိုမျှမြန်မြန် ကျင့်ကြံနိုင်သည်လား။

လုံးဝ မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် အဖြေတစ်ခုသာ ရှိတော့သည်။ သူက တကယ့်အစွမ်းကို အစကတည်းက ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဓားကျောင်းတော်ဘိုးဘေး... ရှင့်ရဲ့ တကယ့်ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ။”

တစ်ဖက်မှ အနက်ရောင်ဝတ်စုံနှင့် လူမှာ မည်သည့်အဖြေမှ မပေးပေ။ ထိုမေးခွန်းမှာ အဖြေပေးရန် မထိုက်တန်ဟု သူ ယူဆပုံရသည်။

သူ့နောက်ကွယ်ရှိ ရေငွေ့ဖြင့် ပြုလုပ်ထားသော ဓားကျင့်ကြံသူ ပုံရိပ်ယောင်မှာ မတ်တတ် ရပ်လိုက်ပြီး ဓားကို လက်တွင်ကိုင်ကာ၊ ညာခြေကို နောက်သို့ဆုတ်၊ ကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။ ဓားဆွဲထုတ်ရန် အသင့်အနေအထားပင်။

သူတော်စင် ချုံးဟွာ သတိကြီးစွာ ထားလိုက်သည်။ သူက အသက်ကယ် ရတနာအားလုံးကို အသက်သွင်းလိုက်ပြီး ရှေ့တွင် ကာကွယ်ရေးအလွှာများစွာကို ခေါ်ယူလိုက်သည်။

အဆင့်တူချင်းကို အဘယ်ကြောင့် ထိုမျှ သတိထားနေရသနည်း သူ မသိပေ။ သို့သော် သူ၏ အလိုလိုသိစိတ်က ထိုသို့လုပ်ရန် အော်ဟစ်နေ၏။

မဟုတ်လျှင်တော့...

သူ သေရပေလိမ့်မည်။

“ခြေလှမ်းဆယ်လှမ်းအတွင်း လူတစ်ယောက်ကို သတ်ဖြတ်ဖို့...”

ထိုဆန်းကြယ်သောအသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ချန်ဟွိုက်အန် ခြေတစ်လှမ်း လှမ်းလိုက်သည်။ နောက်တစ်ခဏမှာပင် သူတော်စင် ချုံးဟွာ၏ နောက်ကျော ၃လံခန့် အကွာတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ဆွဲထုတ်ထားသော အနက်ရောင်ကြေးခွံဓားကို လက်တွင် ကိုင်ထားပြီး ဓားဖျားမှာ အသာအယာ တုန်ခါနေ၏။ ရေငွေ့ပုံရိပ်ယောင်မှာမူ မူလနေရာမှာပင် ရှိနေပြီး ဓားကို ဆွဲထုတ်ထားပြီးသား ဖြစ်သည်။

သူတော်စင်ချုံးဟွာမှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ဇဝေဇဝါ ဖြစ်နေ၏။

ဒီလူ ခုနက တိုက်ခိုက်လိုက်တာလား။

ဂျောက်...

သူ၏ နားထဲတွင် ပြတ်သားသော အသံတစ်ခု မြည်ဟည်းသွားသည်။

ကွဲအက်နေသော ပုံဆောင်ခဲ အပိုင်းအစများ သူ၏ ပုခုံးပေါ်သို့ ကြွေကျလာ၏။

ထိုအခါမှသာ သူတော်စင် ချုံးဟွာ သတိထားမိလိုက်သည်။ ကာကွယ်ရေးအစီအရင်များ ရေးထွင်းထားသော သူ၏ အသက်ကယ် နားတောင်းများမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားလေပြီ။

သူ အံ့အားသင့်စွာ မော့ကြည့်လိုက်သောအခါ သူ ပြင်ဆင်ထားသော ကာကွယ်ရေးအလွှာ အားလုံး ငွေဖြူရောင် ဓားရာများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

နောက်တစ်စက္ကန့်မှာပင် ၎င်းတို့ အားလုံး ပျက်စီးသွားတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ နောက်ကျောဘက်မှ အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

“...မိုင်ပေါင်း တစ်ထောင်တိုင်တိုင် ခြေရာမကျန်စေနဲ့။”

နောက်ဆုံးစကားလုံး ဆုံးသည်နှင့် ရေငွေ့ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားတော့သည်။

ချွမ်း...

ကောင်းကင်ယံမှ ဓားအလင်းတန်း တစ်ခု ဆင်းသက်လာသည်။

တစ်ခဏတွင် နေဝင်ချိန် အလင်းရောင်များကြားတွင် ဝဲပျံနေပြီး၊ နောက်တစ်ခဏတွင်မူ သူတော်စင် ချုံးဟွာ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဓားချီ၏ အသံမှာ ဓားသွားများကဲ့သို့ စူးရှနေရာမှ မိုးကြိုးပစ်သံလို ဟိန်းဟောက်သံသို့ ပြောင်းလဲ၍ သွားသည်။

ခုခံမှဖြစ်မယ်...

အသက်အန္တရာယ် ကြုံနေရသည့် အချိန်တွင်...

အသက်ရှင်လိုစိတ် ပြင်းပြမှုကြောင့် သူတော်စင် ချုံးဟွာက အသက်စည်းနှောင်ရတနာဖြစ်သော ကျောက်စိမ်းပလွေကို မြှောက်လိုက်သည်။

စူးရှသော ပလွေသံများ ထွက်ပေါ်လာပြီး မမြင်နိုင်သော ထူထဲသည့် ပိုက်ကွန်များအဖြစ် ပြောင်းလဲကာ ဓားအလင်းတန်းကို ပိတ်ဆို့ရန် ကြိုးစားသည်။

သို့သော် ဓားအလင်းတန်းမှာ အလွယ်တကူပင် ဖောက်ထွက်သွား၏။

လေပြေလေးကဲ့သို့ ရေကဲ့သို့ ထိတွေ့ရသည်မှာ နူးညံ့သော်လည်း လုံးဝကို ထိုးဖောက်နိုင်စွမ်း ရှိသည်။

ဂွက်...

သူ၏ အသက်စည်းနှောင်ရတနာ ပလွေမှာ ထိတွေ့လိုက်သည်နှင့် ကျိုးပဲ့သွားတော့သည်။

ဓားအလင်းတန်းမှာ သူ၏ နဖူးကို ဖောက်ထွက်သွားပြီး ပဲစေ့ခန့်ရှိသော သွေးပေါက်ငယ်တစ်ခု ချန်ထားခဲ့သည်။

အရှိန်မလျော့ဘဲ ထိုဓားအလင်းတန်းက ထွက်ပြေးနေကြသော ယောင်ချီမှ အမျိုးသမီး ကျင့်ကြံသူတိုင်းကို ပုတီးသီသကဲ့သို့ တသီတတန်းကြီး ဖောက်ထွက်သွားပြီး ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားတော့သည်။

သူတော်စင် ချုံးဟွာမှာ တောင့်တောင့်ကြီး ရပ်နေမိသည်။

သူ၏ ရုပ်ခန္ဓာမှာ တစ်လက်မချင်းစီ ပျက်စီးလာ၏။

တောက်ပသော ရွှေရောင်ဝိညာဉ်တစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပြီး အဂ္ဂိရတ်ဂိုဏ်းရှိရာ အရပ်သို့ ဦးတည်၍ လျင်မြန်စွာ ပျံသန်းသွားသည်။

ထိုတိုက်ခိုက်မှု တစ်ချက်တည်းကပင် သူ၏ ဝိညာဉ်ကို ဒဏ်ရာရရှိစေခဲ့ပြီ ဖြစ်သည်။

အေးစက်သော ဓားအသိမှာ ပုပ်နေသော အသားထဲမှ လောက်ကောင်များကဲ့သို့ သူ့ကို ကပ်တွယ်နေပြီး သူ၏ အနှစ်သာရကို စုပ်ယူနေသည်။

သူက အင်အားဖြည့်တင်းရန် ယောင်ချီ မြင့်မြတ်နယ်မြေသို့ ပြန်မသွားနိုင်တော့ပေ။

သူ ယခု လုပ်နိုင်တာက အဂ္ဂိရတ်ဂိုဏ်းနားမှာရှိ သူတော်စင် ဟုန်လျန်ကို သွားရှာပြီး သူမှတစ်ဆင့် သူတော်စင် ယွိယောင်ထံသို့ အကူအညီတောင်းခံသည့် သတင်းပို့ရန်သာ ရှိတော့သည်။

ထိုဓားကျောင်းတော်ဘိုးဘေးက ကြောက်မက်ဖွယ် ကောင်းလှသည်။

မှန်ပေသည်။ သူ၏ ကျင့်ကြံခြင်းမှာ ကမ္ဘာငယ်လေးများထဲတွင် အတော်ဆုံး မဟုတ်သော်လည်း ဓားတစ်ချက်တည်းနှင့် သူ၏ အစွမ်းကို ထိုမျှ အလွယ်တကူ ဖြိုခွဲနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

ဒါက အဆင့်တူချင်းရှိတဲ့ ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းလား။

သူတော်စင် ချုံးဟွာ အံကြိတ်လိုက်မိသည်။

ကျန်းယိပိုင် သေဆုံးသွားလျှင် ဓားကျင့်ကြံသူများ အစွမ်းအထက်ဆုံး ဖြစ်သည်ဆိုသည့် ဒဏ္ဍာရီမှာလည်း သူနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်ဟု သူ ထင်ခဲ့သည်။

နောက်ထပ် ဓားကိုင်ထားသည့် ဘီလူးတစ်ကောင် ထပ်မံ ပေါ်ထွက်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့။

…

ချန်ဟွိုက်အန်က ထွက်ပြေးသွားသော သူတော်စင် ချုံးဟွာနောက် ချက်ချင်း လိုက်မဖမ်းသေးပေ။

သူ့တွင် ကိုင်တွယ်ဖြေရှင်းရမည့် ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။

မမျှော်လင့်ထားသော ကိစ္စရပ်များ ဖြစ်လာခဲ့လျှင် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ပင်။

...

All Chapters